← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အဓိကအခြေခံကမ္ဘာကြီးတစ်ခု ဖြစ်သည့်အလျောက် ထိပ်တန်းမဟာကမ္ဘာတစ်ခုဖြစ်လည်းသည်။ ဒဏ္ဍာရီလာ ကောင်းကင်ဘုံ၏ ဝင်ပေါက်သည်ပင် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးအတွင်း၌ တည်ရှိလေသည်။ ထို့ကြောင့်ပင် ကမ္ဘာတစ်သောင်း၏ ဇာစ်မြစ်၊ ကမ္ဘာလောက၏ အစပျိုးရာနေရာဟု ကျော်ကြားလှ၏။ ကျယ်ပြောလှသော ဟင်းလင်းပြင်ရှိ ကမ္ဘာကြီးသုံးထောင်ထဲတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် နံပါတ်တစ်နေရာ၌ ရှိနေပေသည်။ ကောင်းကင်တာအိုအောက်ရှိ အဆုံးမဲ့ကံကြမ္မာများနှင့် ကံတရားများကို သိမ်းပိုက်ထားသော နေရာလည်း ဖြစ်သည်။

ငရဲကမ္ဘာကြီးသည်လည်း မူလက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် တန်းတူရည်တူ ရပ်တည်နိုင်ခဲ့သော မဟာကမ္ဘာတစ်ခု ဖြစ်ခဲ့ဖူးပြီး အရွယ်အစားနှင့် အင်အားအရ နှိုင်းယှဉ်လျှင်ပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် သိပ်မကွာခြားလှပေ။

သို့သော်လည်း ရှေးဟောင်းကာလတစ်ခု၌ နဂါးမဲ့နတ်ဘုရားဘုရင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ငရဲကမ္ဘာမှ ကောင်းကင်တာအို၏အထွတ်အထိပ်နတ်ဘုရားများပင်လျှင် ကျဆုံးခဲ့ရလေသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ကံကြမ္မာမှာ ဆုတ်ယုတ်သွားခဲ့ရပြီး ယခုအချိန်တွင် မဟာကမ္ဘာအဆင့်၌ ရှိနေဆဲ ဖြစ်သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားသွားပြီ ဖြစ်သည်။ ထိုမျှမက မျိုးနွယ်စုတစ်သောင်း စစ်ပွဲကြီးပြီးနောက် ဝိညာဉ်မျိုးနွယ်စုများ ဆုတ်ခွာသွားခဲ့သော ထျန်းလင်မဟာကမ္ဘာထက်ပင် အနည်းငယ် နိမ့်ကျနေသေးသည်။

ကျုံးရှန်သည် ရှီးရွှယ်ငရဲအရှင်သခင် ရှီမင်ကို ခေါ်ဆောင်၍ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့သည်။ ဘေးမှလိုက်ပါလာသော ရှီးရွှယ်ငရဲအရှင်သခင်သည် တစ်စုံတစ်ခုကို စဉ်းစားနေပြီးနောက် ရုတ်တရက် စကားဆိုလာ၏။

“သခင်... ကျွန်တော် သိထားသလောက်ဆိုရင် ငရဲကမ္ဘာထဲမှာလည်း ကောင်းကင်ဘုံကို သွားလို့ရတဲ့ လမ်းကြောင်းတစ်ခု ရှိနေပါတယ်”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နဂါးမဲ့နတ်ဘုရားဘုရင်က ကမ္ဘာနှစ်ခုကြားမှာ အတားအဆီးချထားခဲ့တာ‌ကြောင့်”

“အကယ်၍ အထူးခြားဆုံးသော ကံကြမ္မာမျိုး... ဒါမှမဟုတ် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အထွတ်အထိပ်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားမျိုးမရှိရင် အဲ့ဒီအတားအဆီးကို ဘယ်သူမှ ဖောက်ထွက်နိုင်မှာ မဟုတ်ပါဘူး”

ကျုံးရှန်၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။

ငရဲကမ္ဘာအတွင်း ကောင်းကင်ဘုံသို့ သွားနိုင်သော လမ်းကြောင်း ရှိသည်ဟူသော သတင်းကြောင့် သူသည် အံ့ဩခြင်း မရှိပေ။ အမှန်စင်စစ် ဒဏ္ဍာရီလာ ကောင်းကင်ဘုံဆိုသည်မှာ အလွန်ထူးခြားသော ကမ္ဘာငယ်တစ်ခုမျှသာ ဖြစ်သည်။ အဆင့်မြင့်မဟာကမ္ဘာအများစုတွင် ကောင်းကင်ဘုံသို့ သွားနိုင်သော လမ်းကြောင်းများရှိပြီး အချို့က ထင်ရှားသော်လည်း အချို့ကမူ လျှို့ဝှက်တည်ရှိကြသည်ဖြစ်၏။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်လည်း ကောင်းကင်ဘုံသို့ သွားရောက်နိုင်သော လမ်းကြောင်းတစ်ခု အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၌ ရှိပေသည်။ သို့သော် ယင်းလမ်းကြောင်းသည်လည်း အစွမ်းထက်သော အတားအဆီးဖြင့် ပိတ်ဆို့ထားခြင်း ခံရလေသည်။

ရှေးဟောင်းခေတ်နှင့် သမိုင်းမတိုင်မီခေတ်ကာလများတွင် ကောင်းကင်ဘုံဆိုသည်မှာ ရှေးဟောင်းဧကရာဇ်များ၏ ကောင်းကင်နန်းတော် အင်မော်တယ်မင်းဆက်များ တည်ရှိရာနေရာဖြစ်ပြီး သာမန်လောကမှ ကင်းလွတ်နေသော အဆင့်အတန်းတစ်ခု ရှိခဲ့သည်။

ကောင်းကင်ဘုံ၌ ပါဝင်သော အစွမ်းများနှင့် တာအိုနိယာမများသည် အောက်လောကထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမိုပြင်းထန်သည်ဟုသော သတင်းများပင် ရှိလေသည်။ထို့ကြောင့် ကောင်းကင်ဘုံ၌ ကျင့်ကြံပါက နိယာမနယ်ပယ်ကို ကျော်လွန်၍ သူတော်စင်နယ်ပယ်သို့ ရောက်ရှိရန် ပိုမိုလွယ်ကူပေသည်။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှာလည်း ထိုနေရာတွင် ပိုမိုထင်ရှား၏ဟု ဆိုကြသည်။ ရှေးဟောင်းဧကရာဇ်များသည်လည်း ကောင်းကင်ဘုံ၌ နန်းတော်များ တည်ထောင်ကာ ဟင်းလင်းပြင်နှင့် ကမ္ဘာပေါင်းများစွာကို စိုးမိုးခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ငရဲကမ္ဘာမှလွဲ၍ ဝမ်ရှန့်နတ်ဘုရားကုန်း‌မြေတိုက်ကြီးမှ အခြားအဆင့်မြင့်ကမ္ဘာများသို့ သွားနိုင်သော လမ်းကြောင်းများမှာ အစွမ်းထက်လှသော ကမ္ဘာ့အတားအဆီးများကြောင့် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ကမ္ဘာဦးကာလများကဲ့သို့ ကမ္ဘာတစ်ခုနှင့်တစ်ခုအကြား လွယ်လင့်တကူ သွားလာနိုင်ခြင်း မရှိတော့ချေ။

အကယ်၍ ကောင်းကင်ဘုံသို့ ပြန်သွားနိုင်ပါက ရှေးဟောင်းဧကရာဇ်များ၏ ဘုန်းတန်ခိုးကို ပြန်လည် ထူထောင်နိုင်မည် ဖြစ်သကဲ့သို့ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရယူကာ နတ်ဘုရားအဖြစ် ခန့်အပ်ခံရနိုင်ပေသည်။

ထို့ပြင် ကောင်းကင်ဘုံကို ကြားခံအဆင့်တစ်ခုအနေဖြင့် အသုံးပြုကာ အခြားသော ကမ္ဘာများသို့ သွားရောက်၍ နတ်ဘုရားသန္ဓေသားများ ကိန်းဝပ်အမြစ်တွယ်စေနိုင်မည် ဖြစ်သည်။

ကျုံးရှန်ထံမှ မည်သည့်တုံ့ပြန်မှုမှ မတွေ့ရသဖြင့် ရှီးရွှယ်ငရဲအရှင်သခင်က ထပ်မံဖြည့်စွက် ပြောကြားလိုက်သည်။

“ဒါပေမဲ့ သခင်... အဓိကအခြေခံကမ္ဘာတစ်ခုဖြစ်တဲ့ မဟာငရဲကမ္ဘာမှာ ကောင်းကင်တက်လှမ်းမျှော်စင် တစ်ခု ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်”

“မျှော်စင်ထိပ်ကို ရောက်အောင် တက်နိုင်မယ်ဆိုရင် ကောင်းကင်ဘုံဆီ တိုက်ရိုက်ဦးတည်တဲ့ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ရှိနေပါတယ်တဲ့”

ထိုစကားကို ကြားလိုက်ရသောအခါ ကျုံးရှန်၏ စိတ်အစဉ် လှုပ်ရှားသွားသည်။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၁၂ သောင်းပင် မပြည့်သေးသဖြင့် အသက်သန်းချီနေသော မိစ္ဆာအိုကြီးများနှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံ ကွာခြားမှု ရှိနိုင်ပေသည်။

ယခင်က ကောင်းကင်တာအို၏ ကျိန်စာကြောင့် ကံကြမ္မာများ ဆုတ်ယုတ်ခဲ့ရသဖြင့် သူသည် အပြင်မထွက်ဘဲ နေ့စဉ်မှတ်တမ်းတင်သည့်စနစ် ကိုသာ အားကိုးခဲ့ရသည်။ ယခုမူ ကျိန်စာမှာ ပြောင်းလဲမှုများ ရှိလာပြီ ဖြစ်သောကြောင့် သူသည် ဤအခွင့်အရေးကို အသုံးချ၍ အတွေ့အကြုံများ ရှာဖွေကာ မိမိကိုယ်ကိုယ် ပိုမိုသန်မာအောင် ပြုလုပ်နိုင်ပြီဖြစ်သည်။

ကောင်းကင်တက်လှမ်းမျှော်စင်နှင့် ပတ်သက်၍လည်း ကျုံးရှန်သည် ယခင်က ရှေးဟောင်းကျမ်းစာများတွင် ဖတ်ဖူးခဲ့သည်။ ထိုမျှော်စင်သည် ငရဲကမ္ဘာကြီး စတင်ဖြစ်တည်လာစဉ် ကတည်းက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ယင်း၏ မူလအစကိုမူ မည်သူမျှ မသိရှိကြပေ။အဓိကကျသည့်အချက်မှာ မျှော်စင်၏ အထပ်တိုင်းတွင် မျှော်စင်တက်လှမ်းသူ၏ ကျင့်ကြံခြင်းအပေါ်မူတည်၍ ဖိအားပေးသည့်အချက်ဖြစ်သည်။

မျှော်စင်၏အပေါ်ထပ်တိုင်းသည် အောက်ထပ်ထက် ဖိအားနှစ်ဆပိုများပြီး တစ်စုံတစ်ယောက်သာ ထိုဖိအားကို အံတု၍ အထက်သို့ ဆက်တိုက် တက်လှမ်းနိုင်ပါက ဆန်းကြယ်သော စွမ်းအားများ ဆင်းသက်လာကာ တက်လှမ်းသူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို ထူးကဲစွာ အားဖြည့်ပေးမည် ဖြစ်သည်။

သတင်းများအရ ကောင်းကင်တက်လှမ်းမျှော်စင်တွင် အထပ်ပေါင်း ၉,၉၉၉ ထပ် ရှိပြီး အမြင့်ဆုံးအထပ်တွင် ခံစားရမည့် ဖိအားမှာ အဆပေါင်း သန်းချီ၍ ရှိသည်ဟုဖြစ်သည်။သို့သော်လည်း ထိုမျှော်စင် ပေါ်ပေါက်လာသည့် နေ့မှစ၍ ယနေ့တိုင် မည်သူမျှ ထိပ်ဆုံးသို့ မရောက်ဖူးသေးချေ။

မဟာငရဲကမ္ဘာ၏ အမြင့်ဆုံး ခေါင်းဆောင် သုံးဦးဖြစ်သည့် လျန့်ယွီမိစ္ဆာအရှင်၊ ယမမင်းနှင့် အမှောင်နတ်ဘုရားတို့ပင်လျှင် အချို့သော အကြောင်းပြချက်များကြောင့် ထိုမျှော်စင်သို့ တက်ရန် မကြိုးစားခဲ့ကြပေ။ ထိပ်ဆုံးထပ်တွင် ကောင်းကင်ဘုံလမ်းကြောင်း ရှိသည်ဟူသော စကားမှာလည်း လူအများက မျှော်စင်၏ အမည်ကို ကြည့်၍ ခန့်မှန်းထားကြခြင်းသာ ဖြစ်ပေသည်။ အမှန်စင်စစ် မျှော်စင်ထိပ်သို့ တက်လှမ်းရန်မှာ အမြင့်ဆုံးနတ်ဘုရား ဖြစ်လာပြီး ကမ္ဘာ့အတားအဆီးကို ဖောက်ထွက်ရန် ကြိုးစားခြင်းထက်ပင် ပိုမို ခက်ခဲလှသည်။

သို့သော်လည်း ထိုမျှော်စင်သည် ကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံးသော လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်၏။ ယခုအခါတွင်လည်း မဟာငရဲကမ္ဘာအတွင်းရှိ အင်အားစုအသီးသီးသည် ထိုနေရာသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေကြသည်။

ကျုံးရှန် စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ရှီမင်က ဆက်လက် လျှောက်တင်လိုက်၏။

“သခင်... ဒီကောင်းကင်တက်မျှော်စင်က နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ဝင်ပေါက်ဖွင့်တာပါ... အချိန်တွက်ကြည့်မယ်ဆိုရင် နောက်ထပ် ၈ နှစ်ဆိုရင် ဖွင့်တော့မှာပါ”

“အဲ့ဒီအချိန်ကျရင် ငရဲကမ္ဘာအသီးသီးက အင်အားစုကြီးတွေဟာ သူတို့ရဲ့ ပါရမီအရှိဆုံး လူငယ်တွေကို ရွေးချယ်ပြီး ဝင်ခွင့်ရဖို့အတွက် ယှဉ်ပြိုင်ခိုင်းကြပါတယ်”

“သခင် စိတ်ဝင်စားတယ်ဆိုရင် သွားပြီး စမ်းသပ်ကြည့်လို့ ရပါတယ်... ထိပ်ဆုံးကို မရောက်ရင်တောင် သခင်ရဲ့ စွမ်းအားနဲ့ဆိုရင် အကျိုးကျေးဇူး အများကြီး ရမှာပါ”

ရှီမင်၏ အကြည့်များတွင်လည်း မျှော်လင့်ချက်များ ရှိနေသည်ကို ကျုံးရှန်က သတိပြုမိလိုက်သည်။

“မင်းလည်း သွားချင်တာလား”

“နောက်ထပ် ရှစ်နှစ်ကြာရင် မင်းပါ ငါနဲ့အတူ လိုက်ခဲ့ပေါ့”

နတ်ဘုရားသန္ဓေသား၏ ဆက်သွယ်မှုကြောင့် ရှီမင်၏အတွေးများကို ကျုံးရှန် အလွယ်တကူ အာရုံခံနိုင်လေသည်။ ရှီမင်သည် ကျုံးရှန်ကို လုံးဝ ကျိုးနွံသွားပြီ ဖြစ်သဖြင့် ကျုံးရှန်ကလည်း သူ၏ စွမ်းအား တိုးတက်လာသည်ကို လိုလားပေသည်။

သို့သော် ရှီမင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။

“သခင်... ကျွန်တော်က ဒီငရဲနယ်မြေကို ထိန်းချုပ်ထားတဲ့ အရှင်သခင်တစ်ပါး ဖြစ်ပေမဲ့... ရှီးရွှယ်ငရဲထဲမှာ နေပြီး မူလဇစ်မြစ်စွမ်းအားရဲ့ ထောက်ပံ့မှုကို ရယူထားမှသာ နတ်ဘုရားအဆင့် စွမ်းအားကို ပိုင်ဆိုင်နိုင်တာပါ”

“ဒီနေရာကနေ ထွက်သွားလိုက်တာနဲ့ ကျွန်တော့်ရဲ့ စွမ်းအားက သူတော်စင်အဆင့် ၇ လောက်ပဲ ကျန်ပါတော့မယ်”

“ဒုတိယအဆင့် နတ်ဘုရားအဆင့် ကျင့်ကြံ သူတွေနဲ့ စစ်မှန်တဲ့ နတ်ဘုရားတွေ ရှိနေတဲ့ အင်အားစုကြီးတွေကြားမှာ ကျွန်တော်က အရမ်းကို အားနည်းလွန်းပါတယ်... ဝင်ခွင့်ရဖို့တောင် မလွယ်ပါဘူး”

“ဒါပေမဲ့...သခင်ကတော့ ရှီးရွှယ်ငရဲရဲ့ မူလဇစ်မြစ်စွမ်းအားကို စုပ်ယူထားပြီးဖြစ်လို့ ငရဲမျိုးနွယ်စုရဲ့ အငွေ့အသက်အတိုင်း ပြီးပြည့်စုံအောင် ရုပ်ဖျက်ပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်”

All Chapters