← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

“မင်းပြောတာ မှန်တယ်”

“ဒီငရဲကမ္ဘာထဲမှာ အားကြီးသူက အားနည်းသူကို ဝါးမြိုတဲ့ နိယာမဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ထက်တောင် ပိုပြီး ပြင်းထန်ပုံရတာပဲ”

“ကောင်းပြီလေ”

ထိုအချိန်တွင် သူတို့နှစ်ဦးသည် လမ်းကြောင်းမှ ထွက်လာခဲ့ကြပြီး ရှီးရွှယ်မိစ္ဆာနန်းတော်၏ အပေါ်ဆုံးထပ်သို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ ကျုံးရှန်သည် ရှီးရွှယ်ငရဲအရှင်သခင်၏ ပခုံးကို အားပေးသည့်အနေဖြင့် ပုတ်လိုက်၏။

“မင်းက တကယ့်ကို သစ္စာရှိတာပဲ... လောလောဆယ်တော့ ဒီရှီးရွှယ်ငရဲမှာပဲ ဆက်ပြီး ကျင့်ကြံနေလိုက်အုန်း..."

"ငါဆင့်ခေါ်မယ့်အချိန်ကို စောင့်နေလိုက်...”

“ကောင်းကင်တက်လှမ်းမျှော်စင်က ပွင့်ဖို့ နောက်ထပ် ရှစ်နှစ်တောင် လိုသေးတာဆိုတော့ မလောတော့ပါဘူး...”

ကျုံးရှန်၏ ချီးကျူးမှုကို ရရှိလိုက်သောအခါ ရှီမင်မှာ စိတ်ထဲမှ အလွန်အမင်း ဝမ်းသာသွားပြီး စိတ်ဓာတ်များ တက်ကြွသွားသည်။ နောက်တစ်စက္ကန့်တွင် ကျုံးရှန်၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး နန်းတော်အတွင်းမှ ပျောက်ကွယ်သွားလေသည်။

ကျုံးရှန်သည် ရှီးရွှယ်ငရဲ၏ ကမ္ဘာ့မူလဇစ်မြစ်ထဲတွင် နတ်ဘုရားသန္ဓေကို ကိန်းဝပ်အမြစ်တွယ်စေပြီးနောက် ရှီးရွှယ်ငရဲတစ်ခုလုံး၏ ပုံရိပ်ငယ်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ ဒုတိယမြောက် စစ်မှန်သောအတ္တအမှုန် အတွင်းသို့ ဝင်ရောက်ပေါင်းစည်းသွားလေသည်။ သို့ဖြစ်ရာ ကျုံးရှန်သည် ရှီးရွှယ်ငရဲတစ်ခုလုံး၌ ဖြစ်ပျက်နေသမျှကို သူ၏ လက်ဝါးပေါ်တွင် ရှိနေသကဲ့သို့ အထင်အရှား သိရှိနေ၏။ သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ဆန်းစစ်ကြည့်လိုက်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အငွေ့အသက်အနည်းငယ် ပါဝင်နေသည့် ဟင်းလင်းပြင် အက်ကြောင်းတစ်ခုကို အလွယ်တကူပင် ရှာဖွေတွေ့ရှိသွားသည်။

ရှီးရွှယ်ငရဲသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် အတော်ပင် နီးကပ်ပုံရ၏။ အထူးသဖြင့် နဂါးမဲ့နတ်ဘုရားဘုရင်၏ အတားအဆီး အားနည်းလာသည့်ယခုအချိန်တွင် ရှီးရွှယ်ငရဲမှာ ထိခိုက်မှုဒဏ်ကိုပထမဆုံး ခံစားရလေသည်။ အက်ကြောင်းမှာ သိပ်မကြီးမားသေးဘဲ နေရာအနှံ့ ရွှေ့လျားနေသော အက်ကြောင်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာပြီးနောက်တွင်မူ ငရဲမျိုးနွယ်စုများ ဖြတ်သန်းသွားလာနိုင်သည့် အာကာသလမ်းကြောင်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ကျုံးရှန်သည် ဟင်းလင်းပြင်အတွင်း လျင်မြန်စွာ လျှောက်လှမ်းသွားပြီး ထိုအက်ကြောင်းရှေ့တွင်ပေါ်လာသည်။ရှီးရွှယ်ငရဲ၏ ပုံစံငယ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် ကျုံးရှန်သည် ကမ္ဘာနှစ်ခု၏ အငွေ့အသက်များကို အလွန်အမင်း အာရုံခံစားနိုင်စွမ်း ရှိနေကာ ကူးလူးသွားလာနိုင်သော လမ်းကြောင်းများကို အလွယ်တကူ ရှာဖွေနိုင်ခြင်း ဖြစ်ပေသည်။

ကျုံးရှန်သည် ငရဲကမ္ဘာအတွင်း နတ်ဘုရားသန္ဓေသားကို အမြစ်တွယ်စေပြီးဖြစ်ရာ သူ၏ ငရဲခရီးစဉ်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စားဖိုမှူးသူတော်စင်၏ နယ်မြေ ပေါ်ထွက်လာပြီ ဖြစ်ကြောင်း သူအာရုံခံမိလိုက်သောကြောင့်လည်း ဖြစ်သည်။ ရှေးဟောင်းခေတ်ကာလက ချက်ပြုတ်ခြင်းပညာဖြင့် သူတော်စင်ဖြစ်လာခဲ့သော မဟာသူတော်စင်ကြီးတစ်ပါးအနေဖြင့် သူ၏ နယ်မြေတွင် စူးစမ်းလေ့လာထိုက်သော အခွင့်အရေးကောင်းများ ရှိနေမည်မှာ အသေအချာပင်ဖြစ်ရာ လက်လွတ်ခံ၍ မဖြစ်ပါချေ။ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်သောစွမ်းအင်စီး‌ကြောင်းအသွင် ပြောင်းလဲလိုက်ပြီး အက်ကြောင်းမှတစ်ဆင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်လည် ဝင်ရောက်လာလိုက်သည်။ သူ ဖြတ်သန်းသွားပြီးနောက် ထိုအက်ကြောင်းမှာ ပြန်လည် ပျောက်ကွယ်သွားပြီး ရှီးရွှယ်ငရဲ၏ အခြားတစ်နေရာ၌သာ ပြန်လည် ပေါ်ထွက်လာတော့မည် ဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်ရောက်သည့်အခါ သူ၏ အာရုံထဲတွင် ထင်ရှားသော ပစ်မှတ်နှစ်ခု ပေါ်လာ၏။ပထမတစ်ခုမှာ တောင်ဘက်စွန်းဒေသရှိ ထျန်းနန်စီရင်စုနယ်မြေ အတွင်း၌ ဖြစ်သည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော နယ်မြေတစ်ခု ပေါ်ထွက်လာပြီး စားဖိုမှူးသူတော်စင်၏ ထူးခြားသော နိမိတ်များ ကောင်းကင်နှင့် မြေပြင်အကြား ပေါ်ပေါက်နေသည်။ ထိုနိမိတ်များအနက် အထင်ရှားဆုံးပုံရိပ်မှာ မြေကမ္ဘာဒယ်အိုးပင် ဖြစ်သည်။ ကမ္ဘာလောကကြီးကို ဒယ်အိုးအဖြစ် အသုံးပြုကာ သက်ရှိအပေါင်းနှင့် တာအိုနိယာမများကို ချက်ပြုတ်နိုင်ခြင်းမှာ အစားအသောက်ဖြင့် သူတော်စင်ဖြစ်လာသူတို့၏ စံနမူနာပင် ဖြစ်ပေသည်။ အခြားတစ်ခုမှာ နောက်ထပ်နေရာတစ်ခုမှာကား နန်ယန်စီရင်စု အနောက်ဘက်နယ်စပ်ရှိ ထျန်းမြို့တော်ပင် ဖြစ်သည်။ မြို့တော်အပြင်ဘက်တွင် ဟွမ်ရှားမျိုးနွယ်စု နတ်ဘုရားတစ်ပါး၏ အငွေ့အသက်များ ကောင်းကင်ယံသို့ ထိုးတက်နေသည်ကို အာရုံခံမိလိုက်သည်။ ဟွမ်ရှားမျိုးနွယ်စုဝင်များက ဟွမ်ရှားယဇ်ပူဇော်ခြင်းနည်းစနစ်ကို အသုံးပြု၍ ဟွမ်ရှားနတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒပုံရိပ်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။သူတော်စင်နှင့် နတ်ဘုရားများ၏ နယ်မြေများသည် ရာစုနှစ်ချီ ပွင့်လေ့ရှိရာ စူးစမ်းရှာဖွေရန် အလျင်လိုစရာ မလိုပေ။ထို့ကြောင့် ကျုံးရှန်သည် အနောက်ဘက်နယ်စပ်ကို အာရုံစိုက်လိုက်ပြီး ထျန်းမြို့တော်ဆီသို့ ဦးတည်လိုက်လေသည်။

....

ထိုအချိန် ထျန်းကျုံးမြို့ပြင်၌ လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးသည် နဂါးဝိညာဉ်သံကြိုးလေးချောင်း၏ အားဖြည့်ပေးမှုကို ရရှိထားသဖြင့် ချက်ချင်းဆိုသလို ခိုင်ခံ့သွားပြီး လေနတ်ဘုရားမ ရှု ၏ ကိုယ်ပွားကို မြေကြီးအောက်သို့ ပြန်လည်ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။ ကောင်းကင်ကိုပင် ခြေမှုန်းနိုင်သော ထိုတံဆိပ်တုံးကြီးသည် ရှု၏ ခန္ဓာကိုယ်ကို ဖိချကာ သူမ၏ စွမ်းအားများကို တိုက်စားနေလေသည်။ သို့သော် လေးတိုင်စင် အစီအရင်ကို ထိန်းသိမ်းထားရသော ကျူးကျီတို့အဖို့လည်း ဝန်ထုတ်ဝန်ပိုးမှာ မသေးလှဘဲ အဆင့်ကျော်၍ တိုက်ခိုက် နေခြင်းဖြစ်ရာ အစီအရင်သည်စက္ကန့်တိုင်းတွင် စွမ်းအင်အမြောက်အမြားကို ဝါးမြိုနေ ‌၏။ ထိုစဉ် အောက်ခြေမှ အတားအဆီးတစ်ခုနှင့် ရုတ်တရက် တိုးမိသွားပြီး တံဆိပ်တုံးကြီးမှာ ဆက်၍ လည်ပတ်နိုင်ခြင်း မရှိတော့ချေ။

“နတ်ဘုရားရဲ့ ကိုယ်ပွားက တကယ်ပဲ ကိုင်တွယ်ရခက်တာပဲ”

ဧကရာဇ်နန်မင်သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်နှာထားမှာ အလွန်အမင်း လေးနက်သွားသည်။ နတ်ဘုရားတစ်ပါးကို နှိမ်နင်းခြင်းမှာ ကောင်းကင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်ပေသည်။ ထိုသည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ခန့်မှန်းရခက်သော စွမ်းအားများ ရှိနေဆဲဖြစ်သည်။

“အခြေအနေကို ဒီအတိုင်းဆက်ထိန်းထားဖို့မလွယ်ဘူး... ငါတို့ တစ်ခုခု အမြန်လုပ်မှ ဖြစ်မယ်...မဟုတ်ရင် ဒီနေ့ အနောက်ဘက်နယ်စပ်ရှိ လူသားမျိုးနွယ်တို့ သွေးချောင်းစီးကုန်လိမ့်မယ်..."

သူ့စကားပင် မဆုံးသေးမီ တံဆိပ်တုံးကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အောက်ခြေမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ထိုစွမ်းအားမှာ ယခင်ကထက် ဆယ်ဆမျှ ပိုမိုပြင်းထန်လှရာ လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးမှာ လွင့်စင်သွားပြီး နဂါးဝိညာဉ်သံကြိုးများလည်း ပြတ်ထွက်သွားကာ ဧကရာဇ်နန်မင်ထံသို့ ပြန်လည် ရောက်ရှိသွားသည်။

လေးတိုင်စင်တံဆိပ်ကြီး၏ ထောင့်စွန်းတစ်နေရာသည် ကွဲအက်သွားပြီဖြစ်၏။လေးတိုင်စင်နတ်ဘုရားအစီအရင်ဖြင့် ဖွဲ့စည်းထားသော တံဆိပ်တုံးသည် တစ်သားတည်း ပေါင်းစပ်ထားခြင်းဖြစ်ရာ တစ်နေရာ ကွဲအက်သွားသည်နှင့် တစ်ခုလုံး ပြိုကွဲပျက်စီးရန် မဝေးတော့ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ထိုနေရာ၌ အပြာနုရောင် လေနိယာမများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။ ရှု၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်နေပြီး အကြည့်များမှာ အလွန်အမင်း အေးစက်နေ၏။ နတ်ဘုရားတို့သည် ဖိနှိပ်ခြင်းကို မည်သည့်အခါမျှ အရှုံးပေးလိမ့်မည် မဟုတ်ပေ။ သူမ၏ အရှိန်အဝါသည် အလွန်ထူးဆန်းနေကာ သူတော်စင်အဆင့် ၉ကိုပင်ကျော်လွန်သွားပြီဖြစ်ကာ နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသော်လည်း သူမရှေ့ရှိ လူအားလုံးကို ခြေမှုန်းရန်မှာ ပြဿနာမဟုတ်တော့ချေ။ သူမ၏ မျက်ဝန်းထဲတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ခံစားချက်မဲ့သည့်လူသတ်သမားတစ်ဦးသကဲ့သို့ ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ကျူးကျီထံသို့ လျှပ်စီးအလား ပြေးဝင်သွားသည်။

ကျူးကျီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ လည်ပင်းမှ သစ်သားဆွဲပြားကို အသက်သွင်းရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ရှု၏ ခန္ဓာကိုယ်မှာ သူ၏ရှေ့ တစ်လက်မအကွာ၌ ရုတ်တရက် ရပ်တန့်သွားပြီး အေးခဲသွားသကဲ့သို့ ဖြစ်သွားလေသည်။ ထို့နောက်သူမနောက်ရှိ ပြိုကျလုမတတ်ဖြစ်နေသော ဟင်းလင်းပြင်နှင့် လေနိယာမများမှာလည်း တစ်စုံတစ်ခု၏ ထိန်းချုပ်မှုခံရသကဲ့သို့ ငြိမ်သက်သွားလေသည်။

ထိုစဉ် ကောင်းကင်ယံမှ အေးဆေးတည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။

“ငါ့အိမ်က ကြောင်လေး ၊ ဝက်လေးတွေကို အနိုင်ကျင့်ဖို့... ငါ့ဆီက ခွင့်တောင်းပြီးပြီလား”

အဖြူရောင်ဝတ်ရုံ တလွင့်လွင့်ဖြင့် ပုံရိပ်တစ်ခု ကျူးကျီ၏ ဘေးနားတွင် ပေါ်ထွက်လာသည်။

“သခင်”

“သခင်... ရောက်လာပြီပဲ”

ချင်းထျန်းတောင်ထိပ်မှ မိစ္ဆာသူတော်စင်များသည် ဝမ်းသာအားရ ဖြစ်သွားကြပြီးဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ မြို့အတွင်းရှိ ဂိုဏ်းချုပ် ကျုံးချီမင်သည် ကျုံးချီထျန်းကို ဆွဲကာ ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။ ထို့နောက် ထျန်းဂိုဏ်းသားအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် အသံကုန် အော်ဟစ်ပြောကြားလိုက်လေသည်။

"ဒီပုဂ္ဂိုလ်က..ငါတို့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ တည်ထောင်သူဘိုးဘေးပဲ..."

“ဘိုးဘေးကို ဂါရဝပြုကြလော့”

“ဒုံး...”

“ဒုန်း...”

သန်းချီသော ထျန်းဂိုဏ်းသားများသည် ကျုံးရှန်၏ ပုံတူပန်းချီကားကို မြင်ဖူးကြသူများ ဖြစ်ကြရာ ယခုအချိန်တွင် စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားကြပြီး တစ်ညီတစ်ညွတ်တည်း ဒူးထောက်ကာ ရိုသေစွာ ဦးခိုက်လိုက်ကြလေသည်။

ကျုံးရှန်သည် မြို့တော်အတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။ထို့‌နောက် ရှု၏ နတ်ဘုရားကိုယ်ပွားဘက်သို့ လှည့်ကာ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်လျှင် ကျုံးရှန်၏မနှေးလွန်း မမြန်လွန်းသောလက်ညိုးသည် ကိုယ်ပွား၏ မျက်ခုံးနှစ်ခုကြားသို့ ထိသွားသည်။ အေးခဲနေသော ပတ်ဝန်းကျင်တစ်ခုလုံး အမှုန်အမွှားများအဖြစ် ပြိုကွဲသွားပြီး ရှု၏ ကိုယ်ပွားမှာ ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားသည်။ ထိုစဉ် နတ်ဘုရားတစ်ပါး၏ ကံကြမ္မာသက်ရောက်မှုစီးကြောင်းတစ်ခု ဆင်းသက်လာရာ ကျုံးရှန်က လက်တစ်ချက် ဝှေ့ယမ်းပြီး ဖယ်ရှားပစ်လိုက်သည်။

ငရဲကမ္ဘာ၏ မူလဇစ်မြစ်စွမ်းအင်ကို ပေါင်းစည်းထားပြီးဖြစ်ရာ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ရတနာငါးပါးကို အသုံးမပြုလျှင်ပင် နတ်ဘုရားများမှဆင်းသက်လာသော ကံကြမ္မာသက်ရောက်မှုများကို လွယ်ကူစွာဖယ်ရှားနိုင်ပြီဖြစ်၏။

All Chapters