အခန်း (၁၃၀)
Vol. 13 Ch. 130
ဝက်ဘိုးဘေး ထျန်းဖုန်း၏ စကားကြောင့် ကျုံးရှန်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ်မျှ ကွေးညွှတ်သွားကာ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသည်က လောကတစ်ခုလုံးကို အုပ်စိုးလိုသော အရှင်သခင်တစ်ဦး၏ ယုံကြည်ချက်အပြည့်ရှိသော အပြုံးမျိုး ဖြစ်ပေသည်။
“ပုံရိပ်ယောင်သူတော်စင် ဆိုတာကိုတော့ ငါ မသိဘူး...”
“ဒါပေမဲ့ ငါ သိထားတဲ့ အချက်တစ်ခုတော့ ရှိတယ်”
ကျုံးရှန်က အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။ ဝက်ဘိုးဘေး ထျန်းဖုန်းသည် သူ၏ လက်ထဲရှိ ၁၂ ပါး တာအိုစစ်နတ်ဘုရားထွန်ခြစ်ကို ပြန်လည်ခေါ်ယူလိုက်ပြီး သူ၏ နက်မှောင်လှသော မျက်လုံးအစုံမှာ မှေးစင်းသွားလျက် ကျုံးရှန်ကို စူးစိုက်ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မိစ္ဆာအရှိန်အဝါများမှာလည်း ပိုမိုပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များကိုပင် တုန်ခါစေသည်။
“ဘာအချက်လဲ...”
ဝက်ဘိုးဘေးက မေးလိုက်သည်။
“စားဖိုမှူးသူတော်စင်က အတိတ်ကာလမှာ မှတ်တမ်းတစ်ခု ချန်ရစ်ခဲ့တယ်လို့ ငါ ကြားဖူးတယ်...”
“ဝက်ဘိုးဘေးရဲ့ နားရွက်တွေက... ချက်ပြုတ်လိုက်ရင် အလွန်ကို အရသာရှိတဲ့ ဟင်းလျာတစ်ပါးဖြစ်လာတယ်တဲ့”
“မင်းရဲ့ ကျန်နေသေးတဲ့ နားရွက်တစ်ဖက်ကိုငါ ဖြတ်ယူပြီး... အရက်နဲ့ မြည်းဖို့အတွက် ဟင်းလျာအဖြစ် လုပ်လိုက်ရင် ကောင်းမယ်လို့ ငါ တွေးနေတာ”
ကျုံးရှန်က ထိုစကားကို အေးအေးလူလူပင် ဆိုလိုက်သည်။ သူ၏ ပုံစံမှာ စျေးထဲတွင် ဟင်းသီးဟင်းရွက် ဝယ်ယူနေသည့် သာမန်လူတစ်ဦးအလား အလွန်ပင် ပေါ့ပါးလွန်းလှ၏။ သူသည် မိမိ၏ ရှေ့မှောက်ရှိ ရှေးဟောင်းမိစ္ဆာကြီးဖြစ်သော ဝက်ဘိုးဘေး ထျန်းဖုန်းကို အသတ်ခံရတော့မည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့သာ သဘောထားနေခြင်း ဖြစ်ပေသည်။
ဤစကားသည် ဝက်ဘိုးဘေး ထျန်းဖုန်းကို အကြီးအကျယ် ဒေါသထွက်သွားစေသည်။ သူသည် ရှေးဟောင်းကာလမှစ၍ နတ်ဘုရားများနှင့်ပင် ရင်ဆိုင်နိုင်ခဲ့သော မိစ္ဆာသူတော်စင်ဖြစ်သည်။ ယခုကဲ့သို့သော အစော်ကားခံရမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
“ငါ့ရဲ့ နားရွက်ကို ဖြတ်ချင်တယ်လို့ဆိုချင်တာလား... မင်းမှာ အဲဒီလောက်အထိ အစွမ်းရှိမရှိ ဆိုတာ ကြည့်ရသေးတာပေါ့”
“မင်းမှာ ဘယ်လိုနောက်ခံပဲ ရှိရှိ... ဒီနေ့...ငါ မင်းကို အစိမ်းလိုက် ဝါးစားပစ်မယ်... မင်းရဲ့ အရိုးတွေကိုပါ ကြိတ်ခြေပစ်မယ်”
“ ဝါးမြိုခံရခြင်းရဲ့ နာကျင်မှုကို..မင်း.. ခံစားစေရမယ်”
ဝက်ဘိုးဘေးက ဒေါသတကြီးဆိုလိုက်ကာ သူ၏ လက်ထဲမှ ထွန်ခြစ်သည် တောက်ပသော ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသော မိစ္ဆာအရှိန်အဝါများ တလိမ့်လိမ့် တက်လာလေသည်။
ကောင်းကင်မြစ် ကိုးစင်း တိုက်ကွက်။
ဝက်ဘိုးဘေးသည် သူ၏ ထွန်ခြစ်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်လျှင် ကိုးခွပါထွန်ခြစ်၏ ထွန်ခြစ်သွားတစ်ခုစီမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်မြစ် ကိုးစင်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုမြစ်ကိုးစင်းသည် ကောင်းကင်ယံတွင် ရစ်ပတ်သွားပြီး မြစ်တစ်ခုစီတွင် မတူညီသော ဖန်ဆင်းခြင်းစွမ်းအားများ ၊ နိယာမများ ကိန်းအောင်းနေ၏။
သို့ဖြစ်ရာ အချို့မြစ်အတွင်း၌ ငါးမိစ္ဆာများနှင့် နဂါးများ ကူးခတ်နေကြပြီး ရေလှိုင်းများမှာ တောင်ကမ္ဘာကို ဖြိုလဲနိုင်စွမ်းရှိကာ အချို့မြစ်၌မူ နတ်ဘုရားချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော ရေတပ်စစ်သည်တော်များက စစ်ချီလာနေကြသည်။ ထို့ပြင်အခြားမြစ်များတွင်လည်း ရွက်တိုင်ထောင်ချီရှိသော စစ်သင်္ဘောကြီးများက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပြေးဝင်လာကြခြင်း ၊ ဧရာမ လိပ်ကြီးများနှင့် မိကျောင်းကြီးများက အော်ဟစ်ဟိန်းဟောက်နေကြခြင်းများရှိနေလေသည်။
အံ့သြစရာအကောင်းဆုံးမှာ မြစ်တစ်စင်း၏ အလယ်၌ ရှေးဟောင်းကာလဖြစ်သည့် ရှေးဟောင်းဧကရာဇ်ခေတ်မှ ကောင်းကင်နန်းတော်၏ ပုံရိပ်ယောင်များ ပါဝင်နေခြင်းဖြစ်သည်။ ထိုသည်က ဝက်ဘိုးဘေး ထျန်းဖုန်းနှင့် ပတ်သက်နေသောမှတ်ဉာဏ်များမှ ဖြစ်လာပုံရသည်။ ထိုမြစ်ကိုးစင်းသည် ကျုံးရှန်ကို ဝိုင်းပတ်ပိတ်ဆို့လိုက်ပြီး ကြီးမားသော အိတ်ကြီးတစ်ခုအလား သူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ဝါးမြိုရန် ကြိုးစားလိုက်သည်။
ဤကောင်းကင်မြစ်ကိုးစင်းသည် ဝက်ဘိုးဘေးက ခေတ်ကာလအမျိုးမျိုးနှင့် ကမ္ဘာအမျိုးမျိုးမှ စုဆောင်းထားခဲ့သော ဆန်းကြယ်သည့် မြစ်များ ဖြစ်ကြသည်။ ရေသည် အရာအားလုံး၏ အရင်းအမြစ် ဖြစ်သကဲ့သို့ ယင်းသည် အဆုံးမရှိသော ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်နိုင်သည်။ ဤတိုက်ကွက်ဖြင့် သူသည် နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်ရှိ ကျွမ်းကျင်သူများကိုပင် အလွယ်တကူ ဖမ်းဆုပ်နိုင်စွမ်း ရှိပေသည်။
ကိုးဂဏန်းသည် အစွန်းရောက်ကိန်းဂဏန်း ဖြစ်၏။ ကိုးခုပေါင်းစည်း၍ တစ်ခုတည်း ဖြစ်စေခြင်း။ မဟာတာအို၏ အရင်းအမြစ်သို့ ပြန်လည်ရောက်ရှိခြင်း။
ဝက်ဘိုးဘေး ထျန်းဖုန်းက ထိုအိတ်ကြီးကို ဆွဲယူရန် လက်လှမ်းလိုက်စဉ်မှာပင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ ဖောက်...”
ရုတ်တရက်ဆိုသလိုပင် လှုပ်ရှားနေသော မြစ်ကိုးစင်းလုံး အေးခဲသွားကာ အချိန်နှင့် ဟင်းလင်းပြင်တို့မှာ တစ်ပြိုင်နက်တည်း ရပ်တန့်သွားသကဲ့သို့ဖြစ်သွား၏။ ထို့နောက် မြစ်ကိုးစင်း၏ အလယ်မှ သေးငယ်လှသော လက်သီးတစ်လုံး ထိုးဖောက်ထွက်လာသည်။ ထိုလက်သီးတွင် မည်သည့် တောက်ပသော နတ်ဘုရားအလင်းမှ မပါဝင်သလို မည်သည့် ထူးခြားသော ဖြစ်စဉ်မျှလည်း မဖြစ်ပေါ်လာချေ။ သို့သော် ထိုလက်သီးသည် ကောင်းကင်မြစ်များကို စက္ကူကဲ့သို့ အလွယ်တကူ ထိုးဖောက်သွားလေသည်။
“ဂျွတ်... ဂျွတ်...”
ထိုမြစ်ကိုးစင်းစလုံးသည် မည်သည့်အရာနှင့် ပြုလုပ်ထားသည် မသိရသော အစိုင်အခဲများအဖြစ် ပြောင်းလဲသွားကာ တစ်စစီပျက်စီးသွားတော့သည်။ ထို့နောက်အပျက်အစီးများသည် ကမ္ဘာဦးမူလ စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားကြ၏။
ဝက်ဘိုးဘေး မှင်တက်သွားကာ မိမိလက်ထဲမှ ထွန်ခြစ်ကို ငုံ့ကြည့်လိုက်သည်။ ၁၂ပါး တာအိုစစ်နတ်ဘုရားများ၏ထွန်ခြစ်မှာ အသွားများမရှိတော့ပေ။ ကိုးခွပါသောထွန်ခြစ်ကြီးသည် အသွားများကျိုးပဲ့သွားပြီး သံတုတ်တစ်ချောင်းအဖြစ်သာကျန်ရစ် တော့၏။
“"ဒါ ဘာနည်းလမ်းလဲ... ငါ တစ်ခါမှ မမြင်ဖူးပါလား"
ကျုံးရှန်က သူ့ကို အဖြေမပေးခဲ့ပေ။ အမှန်စင်စစ်တွင် သူသည် ပထမဆုံးအနေနှင့် ငရဲမူလဇစ်မြစ်ကို ပေါင်းစည်းပြီးနောက်ဒုတိယမြောက် စစ်မှန်သောအတ္တအမှုန်ကို လင်းလက်စေနိုင်ခဲ့သည်။ ကျုံးရှန်သည် နတ်ဘုရားနှစ်ပါး၏ စွမ်းအား ကို ရရှိခဲ့ရုံသာမက နည်းစနစ်သစ်များစွာကိုပါ ပိုင်ဆိုင်ခဲ့ရာ ယခုအခါ သူသည် နတ်ဘုရားနှစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
သူ ယခုအသုံးပြုလိုက်သော နည်းလမ်းမှာ ပုံသဏ္ဍာန် ဖော်ဆောင်ထားသော အရာများကို မူလဇစ်မြစ်အထိ ခြေရာခံလိုက်ပြီး မူလစွမ်းအင်အဖြစ် ပြန်လည်ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သော တိုက်ကွက် ဖြစ်ပါစေ ကျုံးရှန်၏ ရှေ့မှောက်တွင် မူလ စွမ်းအင်အဖြစ် ပြောင်းလဲသွားရရုံသာ ရှိပေမည်။ ယခု ကျုံးရှန်သာ အာမန်ရာ၏ မူလခန္ဓာ၏ စိတ်ဆန္ဒကိုယ်ပွားနှင့် ပြန်လည်တိုက်ခိုက်ရမည်ဆိုပါက သုံးကွက်အတွင်း ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ယခု ဝက်ဘိုးဘေး ထျန်းဖုန်နှင့် ရင်ဆိုင်ရာတွင် အလွန်အမင်း သက်တောင့်သက်သာ ရှိနေခြင်း ဖြစ်သည်။ဝက်ဘိုးဘေး ထျန်းဖုန်းသည် အပြင်ပန်းတွင် အလွန် အစွမ်းထက်နေပုံ ရသော်လည်း ကျုံးရှန်၏ မျက်လုံးထဲတွင်မူ သူသည် အနှစ်သာရ မရှိသော အခွံတစ်ခုမျှသာ ဖြစ်သည်။ သူ၏ သူတော်စင်ဝိညာဉ် အရင်းအမြစ်တွင် ကြီးမားသော ဒဏ်ရာများ ရှိနေပြီး သူ၏ သူတော်စင်ဘုံမှာလည်း ပျက်စီးနေသည်ကို ကျုံးရှန်က သိမြင်ပြီးသားဖြစ်၏။ အတိတ်ကာလက စားဖိုမှူးသူတော်စင်သည် သူ၏ နားရွက်တစ်ဖက်ကို ဖြတ်ရုံသာမက သူ၏ အနှစ်သာရများကိုပါ အပြင်းအထန် ဒဏ်ရာရစေခဲ့ပုံ ရလေသည်။
ကျုံးရှန်သည် ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်အလား အေးဆေးလှသော်လည်း နောက်တစ်စက္ကန့်တွင် ဝက်ဘိုးဘေး၏ ခေါင်းပေါ်သို့ ရောက်ရှိသွားကာ သူ၏ ညာလက်ကို ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ဝက်ဘိုးဘေး၏ ကျန်ရှိနေသော နားရွက်ကြီးဆီသို့ ဝှေ့ယမ်းလိုက်၏။
ဝက်ဘိုးဘေး၏ ကိုယ်ပေါ်တွင် နက်မှောင်သော မိစ္ဆာစွမ်းအား အကာအကွယ်တစ်ခု ပေါ်ထွက်လာသော်လည်း ကျုံးရှန်၏ လက်ဝါးဓားရှေ့တွင်မူ ယင်းသည် လေထုကဲ့သို့ပင် ဘာမှ မဟုတ်တော့ပေ။ လက်ဝါးဓားမှာ မည်သည့် အဟန့်အတားမျှ မရှိဘဲ ထိုအကာအကွယ်ကို ဖြတ်ကျော်ကာ ဝက်ဘိုးဘေး၏ နားရွက်ရင်းသို့ ကျရောက်သွားသည်။
“အား...”
“ငါ့ရဲ့ နားရွက်”
ဝက်ဘိုးဘေး ထျန်းဖုန်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြီးမားလှသော နားရွက်ကြီးမှာ သူ၏ နားရွက်အရင်းမှ ပြတ်ကျသွားပြီး ကျုံးရှန်၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။ ယခုအခါ ဝက်ဘိုးဘေး၏ ခေါင်းပေါ်တွင် နားရွက် တစ်ဖက်မျှ မကျန်တော့ပေ။ ဝက်ဘိုးဘေး၏ နားရွက်သည် သာမန် သွေးသားမဟုတ်ဘဲ သူ၏ သူတော်စင်ဝိညာဉ် အရင်းအမြစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့် ယင်းကို ပြန်လည် ကုသရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်၏။
သူတော်စင်ခန္ဓာကိုယ်သည် အလွန်သန်မာလှသဖြင့် သာမန် ဖန်ဆင်းခြင်းအဆင့် လက်နက်များဖြင့် ဖြတ်တောက်ရန် ခဲယဉ်းလှကာ စားဖိုမှူးသူတော်စင်သည်ပင် အစွမ်းထက်သော မီးဖိုချောင်သုံး ရတနာအစုံအလင်ကို အသုံးပြုပြီး အတော်လေး ကြိုးစားခဲ့မှသာ နားရွက်တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူ၏ စွမ်းအားများ ကျဆင်းနေသည်ဆိုသော်လည်း ဤကဲ့သို့ အသံတိတ် ဖြတ်တောက်ခံလိုက်ရခြင်းက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
ဝက်ဘိုးဘေး ထျန်းဖုန်း၏ မျက်လုံးထဲတွင် ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ကြောက်ရွံ့မှုများ လွှမ်းမိုးလာသည်။ သူသည် ကျုံးရှန်ကို ငေးကြည့်လျက် တုန်ရင်နေသော အသံဖြင့် မေးလိုက်သည်။
“မင်း... မင်းက ဘယ်သူလဲ...”
“နတ်ဘုရားနယ်ပယ် တတိယအဆင့်ရှိတဲ့ စစ်မှန်တဲ့ နတ်ဘုရားတွေပဲ ငါ့ရဲ့ နားရွက်ကို ဒီလောက် အလွယ်တကူ ဖြတ်နိုင်မှာ...”
“ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေက အခုချိန်မှာ ဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နယ်မြေသစ်တွေကို ရှာဖွေနေကြတာ မဟုတ်ဘူးလား...”
ကျုံးရှန်က အနည်းငယ် ပြုံးလိုက်ကာကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသော ဝက်နားရွက်ကြီးကို သိမ်းယူလိုက်သည်။ ကျုံးရှန်က သူ့ကို ပြန်လည် ဖြေကြားခြင်း မပြုပေ။ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လျှင် ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တအမှုန်နှစ်ခုမှာ တောက်ပစွာ လင်းလက်လာလေသည်။
"စကားများမနေနဲ့တော့... ဒီနေ့ စားဖိုမှူးသူတော်စင်နယ်မြေ ဖွင့်လှစ်တဲ့နေရာဟာ မင်းရဲ့ သင်္ချိုင်းမြေ ဖြစ်စေရမယ်"
သူသည် လက်သီးကို ရွယ်လိုက်ကာ ရှေ့သို့ အားကုန် ထိုးနှက်လိုက်သည်။
ထိုသည်မှာ ကျုံးရှန်၏ အစွမ်းထက်လှသော တိုက်ကွက်တစ်ခုဖြစ်သည့် နဂါးမဲ့ နတ်ဘုရားလက်သီးဖြစ်ပေသည်။ လက်သီးတွင် ပါဝင်သော စွမ်းအားမှာ လောကနိယာမအားလုံးကိုပင် ကျော်လွန်နေခဲ့ပြီး ဝက်ဘိုးဘေး ထျန်းဖုန်းကို ခုခံနိုင်စွမ်း လုံးဝ မရှိတော့သကဲ့သို့ ခံစားရစေသည်။ သူ၏ သူတော်စင်ဝိညာဉ်မှာလည်း ထိုလက်သီး၏ အရှိန်အဝါအောက်တွင် တုန်ခါနေ၏။
ဤသည်မှာ သေခြင်းတရား ဆိုက်ရောက်လာတော့မည့် ရှေ့ပြေးနိမိတ် ဖြစ်သည်။ ဤလက်သီးချက်သာ ထိမှန်သွားပါက သူ သေချာပေါက် သေဆုံးရတော့မည်ကို ဝက်ဘိုးဘေး နားလည်လိုက်သည်။ သွေးနှင့်အသား ပြန်လည်ဖွဲ့စည်းခွင့်ပင် ရရှိမည် မဟုတ်တော့ပေ။ သူသည် အံကြိတ်လိုက်ပြီး လက်ထဲမှသံတုတ်ဖြင့်ခုခံလိုက်သည်။
“ဒုန်း”
“ဝုန်း”
အသံနှစ်သံဆက်တိုက် ထွက်ပေါ်လာပြီး ဧရာမ သံတုတ်ကြီးမှာ ကျုံးရှန်၏ လက်သီးချက်ကြောင့် လွင့်စင်ထွက်သွားကာ မိုင်ပေါင်း သန်းချီ အကွာအဝေးရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။ ဝက်ဘိုးဘေး ထျန်းဖုန်းမှာမူ မည်သည့် ဒဏ်ရာမျှ မရရှိဘဲ ရပ်နေခဲ့သည်။ သို့သော်လည်း သူ၏ မျက်ခုံးကြားရှိ နေရာတွင် သေးငယ်သော လက်သီးရာတစ်ခု ထင်ကျန်နေလေသည်။ သူ၏ မျက်လုံးအစုံမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏ အသက်ဝိညာဉ် အရင်းအမြစ်မှာ အတွင်းပိုင်းမှစ၍ တစ်စစီ ပြိုကွဲပျက်စီးသွားတော့သည်။
Thank For Reading.