အခန်း (၁၂၄)
Vol. 13 Ch. 124
ကျုံးရှန်၏ တိုက်ခိုက်မှုမှာ သပ်ရပ်လှပပြီး အပို လုံးဝမပါရှိချေ။ သူသည် လက်ညှိုးတစ်ချောင်းကိုသာ အသုံးပြု၍ လူအပေါင်းအား အချိန်အတော်ကြာ ဒုက္ခပေးနေသော လေနတ်ဘုရားမ ရှု၏ ကိုယ်ပွားကို ခြေမှုန်းလိုက်ခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်မှာ တစ်ဖန်ပြန်လည်ကြည်လင်သွားပြီး မိုင်ပေါင်းသောင်းချီသော ပတ်ဝန်းကျင်၌ ကျန်ရစ်ခဲ့သည့် မြေကျင်းကြီးများနှင့် ပျက်စီးမှုများကသာ ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေခဲ့၏။
ကျုံးရှန် ရောက်ရှိလာသည်ကို မြင်သောအခါ ကျူးကျီနှင့် အမည်းကြီးတို့အပါအဝင် ချင်းထျန်းတောင်ထိပ်မှ မိစ္ဆာသူတော်စင်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြကုန်သည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအသွင်များကို ရုပ်သိမ်းလိုက်ကြပြီး သုံးလက်မခန့်သာရှိသော ချစ်စရာအရွယ်အကောင်လေးများအဖြစ် ပြောင်းလဲကာ ကျုံးရှန်၏ ဘေးတွင် ဝိုင်းအုံလာကြသည်။ ကျူးကျီသည် အချစ်တော်လေး ဖြစ်သည့်အားလျော်စွာ ကျုံးရှန်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ပွတ်သပ်မှုကို ဇိမ်ခံကာ အလိုလိုက်ခံရမှုကို အပြည့်အဝ ခံယူနေလေ၏။
ဘေးနားရှိ နန်မင်ဧကရာဇ်၏ စိတ်ထဲ၌ အံ့ဩတုန်လှုပ်မှုများ လွှမ်းမိုးနေသည်။ သူတော်စင်အဆင့် ၉ နှင့်ပင် ယှဉ်နိုင်သော နတ်ဘုရားကိုယ်ပွားကို ဤမျှ လွယ်ကူစွာ လက်ညှိုးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခြင်းမှာ အံ့မခန်းပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ကျုံးရှန် စတင်ထင်ရှားကျော်ကြားလာချိန်တွင် သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစဉ်က ကျုံးရှန်သည် ကမ္ဘာလောကတွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သော်လည်း နန်မင်ဧကရာဇ်၏ အမြင်တွင် သူတို့နှစ်ဦးကြား ကွာခြားချက်မှာ ယခုလောက် မကြီးမားခဲ့သေးပေ။ ယခု နှစ်ပေါင်း တစ်သိန်း ကြာမြင့်ပြီးနောက် နန်မင်သည် သူတော်စင်အဆင့် ၆ သို့ ရောက်ရှိလာပြီး သူတော်စင်ဘုံကိုပင် စတင်တည်ဆောက်နေပြီ ဖြစ်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ကျုံးရှန်၏ စွမ်းဆောင်ရည်က သူ့ကို ပိုမို အံ့အားသင့်စေခဲ့ပြန်သည်။
သူသည် ချက်ချင်း လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်လေသည်။
"နန်မင်က တာအိုမိတ်ဆွေကျုံးကို ဂါရဝပြုပါတယ်"
မျိုးဆက်တူအဖြစ် ရည်ညွှန်းခေါ်ဆိုသော်လည်း နန်မင်သည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ထားလေသည်။
ကျုံးရှန်က သဘောကျစွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏။
"နန်တျန်အင်မော်တယ်မင်းဆက်က မဆိုးပါဘူး... ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်"
"ဧကရာဇ်နန်မင်က တကယ့်ကို ပွင့်လင်းဖြောင့်မတ်တဲ့သူတစ်ယောက်ပဲ...လေးစားဖို့ထိုက်တန်ပါပေတယ်"
ထိုသို့ ပြောဆိုပြီးနောက် ကျုံးရှန်သည် ဝတ်ရုံလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြည်လင်သော ကျောက်စိမ်းပုလင်း ၁၀ပုလင်း လေထဲတွင် ပေါ်လာပြီး ပုလင်းတစ်ခုစီ၏ အတွင်း၌ ငါးရောင်ခြည် တောက်ပနေသော ဆေးလုံး ၉၉ လုံးစီ ရှိနေ၏။
နန်မင်၏ မျက်လုံးများမှာ ထိုဆေးလုံးများကို မြင်သည်နှင့် တပြိုင်နက် အရောင်တောက်သွားလေသည်။
“ဒါ... ဒါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ ရှေးဟောင်းခေတ်က တာအိုသီလဆေးလုံး တွေ မဟုတ်လား"
တာအိုသီလဆေးလုံး…
ဤဆေးလုံးသည် ရှေးဟောင်းခေတ်ဧကရာဇ်များက ယင်နှင့်ယန် ကျောက်စိမ်းဗန်းတွင် ပုံရိပ်များ ထွင်းထုကာ နေနှင့်လ၏ အဆီအနှစ်များကို စုစည်း၍ ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကျားဖြူ၊ မြေခွေးစိမ်း၊လိပ်ဝါ၊ မြွေနက်နှင့် လင်းယုန်နီ ဟူသော ရက်စက်ကြမ်းကြုတ်သည့် သားရဲငါးကောင်၏ ဝိညာဉ်များကို အသုံးပြုကာ ပုံသဏ္ဍာန်မဲ့စွမ်းအားကို နှိုးဆွပြီး ဧကရာဇ်၏ အရှိန်အဝါဖြင့် ထိုသားရဲငါးကောင်ကို ကောင်းကင်ယံသို့ ယဇ်ပူဇော်၍ရရှိလာသော တာအိုသီလဆေးလုံးများဖြစ်သည်။
ဤဆေးလုံးသည် ကျင့်ကြံမှု လမ်းစဥ်ကို ဖွင့်ပေးပြီး ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ပေးနိုင်၏။သာမန်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း နိယာမနယ်ပယ်သို့ တက်လှမ်းရန် အခက်အခဲ ဖြစ်နေပါက ဤဆေးလုံးတစ်လုံးကို သောက်သုံးရုံဖြင့် အောင်မြင်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။ ရှေးဟောင်းဧကရာဇ်များ ပျောက်ကွယ်သွားပြီးနောက် ဤဆေးနည်းမှာလည်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ ဆေးတစ်လုံးတည်းဖြင့် နိယာမနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ဖန်တီးပေးနိုင်ခြင်းမှာ အလွန်ပင် တန်ဖိုးကြီးလှသော ရတနာ ဖြစ်ချေသည်။
ကျုံးရှန် လက်ကို တစ်ချက် ဝှေ့ယမ်းကာ ထိုဆေးပုလင်း ၁၀ ပုလင်းကို ဧကရာဇ်နန်မင်ထံသို့ လေအဟုန်ဖြင့် ပို့ဆောင်ပေးလိုက်၏။
"ဒီထဲမှာ တာအိုသီလဆေးလုံး...၉၉၀ ရှိတယ်... ဧကရာဇ် လက်ခံလိုက်ပါ"
"အခုချိန်ကစပြီး...နန်တျန်အင်မော်တယ်မင်းဆက် နဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတို့ မဟာမိတ်တွေအဖြစ် တစ်သားတည်း ရပ်တည်ကြတာပေါ့”
ဧကရာဇ်နန်မင်သည် တုန်လှုပ်အံ့သြသော မျက်နှာထားဖြင့် ဆေးပုလင်း ဆယ်လုံးကို လက်ခံရယူလိုက်ပြီး ကျုံးရှန်ကို လှိုက်လှဲစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
ကျုံးရှန်သည် တည်ငြိမ်အေးချမ်းသော အမူအရာဖြင့် ထျန်းကျုံးမြို့တော်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားလိုက်၏။ သူသည် မြို့တော်၏ ကောင်းကင်ယံထက်တွင် ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်နေကြသော ထျန်းဂိုဏ်းသားများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ခံစားချက်အချို့ ဖြစ်ပေါ်လာသည်။
နှစ်ပေါင်း ၁သိန်း။
နှစ်ပေါင်း တစ်သိန်းတောင် ပြည့်ခဲ့ပြီပဲ။
ဂိုဏ်းသားများဤသို့တစ်စုတစ်စည်းထဲဖြစ်ခဲ့သည်က လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ဖြစ်၏။ ထိုအချိန်က မြောက်ဘက်နယ်စပ်အပြင်ဘက်ရှိ မြက်ခင်းပြင် လူရိုင်းမျိုးနွယ်စုများကို နှိမ်နင်းရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် ခရီးထွက်ခဲ့လေသည်။ ယခုလို ဂိုဏ်သားအားလုံးတစ်စုတစ်စည်းထဲပြန်လည်မြင်တွေ့လိုက်ရသောအခါ တည်ငြိမ်နေသည့် ကျုံးရှန်၏ နှလုံးသားပင် အနည်းငယ် လှုပ်ရှားသွားရသည်။
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ဂိုဏ်းသားအပေါင်း... ဘိုးဘေးကို ဂါရဝပြု ကြိုဆိုပါတယ်"
"ဘိုးဘေး တံခါးပိတ်ရာမှ ပြန်လည်ထွက်ခွာလာခြင်းကို ဂုဏ်ပြုကြိုဆိုပါတယ်"
မျိုးဆက်နှစ်ဆက်မှ ဂိုဏ်းချုပ်များက ဦးဆောင်၍ အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
“မဆိုးဘူး... နှစ်ပေါင်း ၁သိန်းလောက် တောင်ပေါ်က မဆင်းခဲ့ပေမဲ့ ဒီနယ်မြေဟာ ကောင်းကောင်း တိုးတက်လာခဲ့တာပဲ..." "အနည်းဆုံးတော့ ငါ ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို မင်းတို့ မမေ့လျော့ခဲ့ကြဘူး"
ကျုံးရှန်က တိုးညှင်းစွာ ပြောလိုက်သည်။
“စားဖိုမှူးသူတော်စင်ရဲ့ နယ်မြေက ပွင့်နေပြီ... ဒီတစ်ကြိမ်မှာတော့ မြင့်မြတ်နယ်မြေက ထူးချွန်တဲ့ တပည့်၁၀၀ကို ရွေးချယ်ပြီး ငါနဲ့အတူ အဲ့ဒီ ရှေးဟောင်းနယ်မြေထဲကို လိုက်ခဲ့ရမယ်.."
"ဘယ်သူတွေကို ရွေးမယ်ဆိုတာကိုတော့ အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်တွေကပဲ ဆုံးဖြတ်ကြပါ... ငါ ဝင်မစွက်ဖက်ဘူး"
"ကောင်းပြီ...အခုပဲ စလိုက်ကြတော့... ထျန်းမြို့တော်မှာလည်း လူတွေ အများကြီး မထားခဲ့နဲ့"
"တပည့် ၁သိန်းလောက်ပဲ ချန်ထားပြီး ကျန်တဲ့သူတွေကတော့ အလှည့်ကျ လေ့ကျင့်ဖို့ ပြန်ကြပေတော့”
ကျုံးရှန် ပြောဆိုပြီးနောက် မြေပြင်ပေါ်မှ စိုစွတ်သော မြေကြီးတစ်ဆုပ်ကို ကောက်ယူလိုက်၏။ သူ၏ လက်ဖဝါးဖြင့် ထိုမြေကြီးကို နယ်လိုက်ရာ မြေလုံးလေးတစ်လုံး ဖြစ်သွားသည်။ ထိုမြေလုံးကို အောက်သို့ ပစ်ချလိုက်သောအခါ တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်၏ ပုံစံအတိုင်း ရုပ်တုတစ်ခု ဖြစ်သွားလေသည်။ ထိုရုပ်တုသည် မြို့လယ်ရှိ စင်မြင့်ထက်တွင် တရားထိုင်နေသော ပုံစံဖြင့် ထိုင်နေ၏။
“ဒီရုပ်တုက ထျန်းမြို့တော်ကို ၁၀ နှစ်တိတိ စောင့်ရှောက်ပေးပြီး.... မြို့တော်ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်လိမ့်မယ်”
ကျုံးရှန်သည် ဒုတိယမြောက် စစ်မှန်သောအတ္တအမှုန်အမွှားကို လင်းလက်စေပြီး ရှီးရွှယ်ငရဲ၏ မူလဇစ်မြစ်စွမ်းအင်ကို ပေါင်းစည်းထားခဲ့ပြီဖြစ်ရာ ကျုံးရှန်၏ဤရွှံ့ရုပ်တုသည် နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သဲကန္တာရနတ်ဘုရားများ ကိုယ်တိုင် ဆင်းသက်လာလျှင်ပင် တတိယအဆင့်အောက် နတ်ဘုရားများဆိုပါက ခေတ္တခဏ ထိန်းထားနိုင်ရန် ပြဿနာ မရှိပေ။ ထျန်းမြို့တော်ကို စောင့်ရှောက်ရန်မှာ လွယ်ကူလှပေသည်။
ထို့နောက် ကျုံးရှန်သည် ကျုံးချီထျန်း ညီအစ်ကိုနှစ်ဦး၏ ဘေးနားသို့ ဆင်းသက်လိုက်သည်။ သူသည် သစ်သားကုလားထိုင်တစ်လုံးကို ဖန်တီးလိုက်ပြီး သက်တောင့်သက်သာပင် ဝင်ထိုင်လိုက်လေသည်။ရှေးဟောင်းသူတော်စင်များ၏ အမွေအနှစ်နယ်မြေများသည် ပုံမှန်အားဖြင့်ဆယ်နှစ်ခန့်ပွင့်နေတတ်ပြီး ကောင်းကင်တက်လမ်းမျှော်စင် ပွင့်ရန်မှာလည်း ရှစ်နှစ် လိုသေးသဖြင့် သူ အလျင်လိုစရာ မရှိပေ။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ ဂိုဏ်းသားများမှာလည်း အမိန့်တော်အတိုင်း လူရွေးချယ်မှုကို စတင်လိုက်ကြ၏။ ကျုံးရှန်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
“ရှောင်ကျဲ... မင်း ဘိုးဘေးနဲ့အတူ စားဖိုမှူးသူတော်စင်ရဲ့ အမွေအနှစ်နယ်မြေကို လိုက်ခဲ့မလား"
သူသည် လူအုပ်ကြီး၏ နောက်ဘက်တွင် စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်ကာ ပိရှီးကျောက်စာတိုင်ထိန်းသံချပ်ကာကို ဝတ်ဆင်ထားပြီး ခံ့ညားထည်ဝါစွာ ရပ်နေသော ကျုံးကျယ်ကို လက်ယပ်ခေါ်လိုက်၏။
ကျုံးကျယ်သည် ဘိုးဘေးက သူ့နာမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ အလျင်အမြန် ပြေးထွက်လာပြီး ကျုံးရှန်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်လေသည်။
“လိုက်ချင်ပါတယ်ခင်ဗျာ”
ကျုံးရှန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းတယ်... ဒီတစ်ခေါက် စားဖိုမှူးသူတော်စင်နယ်မြေ ပေါ်ထွက်လာတာ အခွင့်အရေးတွေ အများကြီး ရှိတယ်... မင်းရဲ့ ကံကြမ္မာက နဂါးတစ်ကောင်လို အရှိန်အဝါရှိနေတာကြောင့် သေချာပေါက် အကျိုးကျေးဇူးကြီးကြီးမားမား ရလိမ့်မယ်"
"ကဲ... နာမည်စာရင်းသွားပေးလိုက်တော့” အားပေးစကား ပြောကြားပြီးနောက် ကျုံးရှန်က သူ့ကိုထွက်သွားခိုင်းလိုက်သည်။
ထိုစဉ် ဘေးနားရှိ ကျုံးချီမင်မှာ တစ်စုံတစ်ခုကို ပြောလိုသော်လည်း တုံ့ဆိုင်းနေပုံရသည်။ ကျုံးရှန်က ကြည့်လိုက်သောအခါမှ သူသည် သတ္တိမွေး၍ မေးလိုက်၏။
"ဘိုးဘေး... အခု ကောင်းကင်တာအိုက ရှုပ်ထွေးခန့်မှန်းရခက်နေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးမှာ မုန်တိုင်းတွေ ကျရောက်တော့မလို ဖြစ်နေပါပြီ"
"ရှေးဟောင်းအမွေအနှစ်တွေလည်း ပေါ်လာနေပြီဆိုတော့... ယွဲ့အာ ရဲ့ အခြေအနေကော ဘယ်လိုရှိပါသလဲ”
“ယွဲ့အာလေးက နေကောင်းပါတယ်... ဝမ်တောက်ဧကရာဇ်ရဲ့ အမွေအနှစ်က အရမ်းများပြားလွန်းပြီး အလွယ်တကူရနိုင်တာမျိုးမဟုတ်ဘူး...."
"စိတ်ရှည်ရှည်သာ စောင့်နေလိုက်ပါ... အချိန်တန်ရင် ဝမ်တောက်ဧကရာဇ် အမွေအနှစ်နယ်မြေရဲ့ ဝင်ပေါက်အသစ် ပေါ်လာပါလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် ယွဲ့အာက ဧကရီတစ်ပါး ဖြစ်လာနိုင်မယ့် အရည်အချင်းတွေကို ပိုင်ဆိုင်ထားလိမ့်မယ်"
ကျုံးချီမင် စိတ်ထဲတွင် ဘာတွေးနေသည်ကို ကျုံးရှန် သိနေသည်။
ယခုအချိန်၌ ကျုံးထျန်းယွဲ့ သည် ဝမ်တောက်ဧကရာဇ်၏ အမွေအနှစ်နယ်မြေထဲတွင် ပြင်းထန်စွာ လေ့ကျင့်နေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူတော်စင်အရိုးတစ်ရာနှင့် ဝမ်တောက်သူတော်စင်ခန္ဓာတို့၏ ဆန်းကြယ်မှုများ ပေါ်ထွက်လာပေလိမ့်မည်။ ဧကရာဇ်ဘဏ္ဍာတိုက်နှင့် ထာဝရမသေမျိုးနတ်ဘုရားသင်္ချိုင်း ထဲမှ အစောင့်အရှောက်များသည်လည်း တဖြည်းဖြည်း ထွက်ပေါ်လာကြလိမ့်မည်ဖြစ်၏။ ကံတရားနှင့် အခွင့်အရေးအရ ကြည့်မည်ဆိုပါက ကျုံးထျန်းယွဲ့သည် ကျုံးကျဲထက် မနိမ့်ကျပေ။ အနာဂတ်တွင် သူတို့၏ ကျုံးမိသားစုမှ ဧကရီတစ်ပါးနှင့် စစ်ဘုရင်တစ်ပါး ပေါ်ထွက်လာကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို တုန်လှုပ်စေပေလိမ့်မည်။
ကျုံးရှန်၏ စကားကို ကြားလိုက်ရသောအခါ ကျုံးချီမင် စိတ်အေးသွားပြီး အလျင်အမြန် ဦးညွှတ်သည်။ ထို့နောက် လူရွေးချယ်ခြင်းနှင့် စာရင်းသွင်းခြင်းများကို ကူညီလုပ်ဆောင်ပေးရန် ထွက်သွားလိုက်သည်။