အခန်း (၁၂၅)
Vol. 13 Ch. 125
ကျုံးရှန်၏ ရှေ့မှောက်တွင်
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ လက်ရွေးစင် ဂိုဏ်းသားတစ်ရာသည် စိတ်ဓာတ်တက်ကြွစွာဖြင့် တန်းစီရပ်နေကြသည်။ သူတို့သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ထိပ်တန်း လူငယ်ပါရမီရှင်များဖြစ်ကြပြီး သူတို့အကြားတွင် ကျုံးမျိုးနွယ်ဝင်များသာမက အခြားသော မျိုးရိုးအမည်ရှိသည့် တပည့်များစွာလည်း ပါဝင်ကြ၏။
မျိုးဆက်သစ်ဂိုဏ်းသားတပည့်တို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်အရှား ပေါ်လွင်နေသည်။အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှသူမှာ ဂိုဏ်း၏အပြီးအကဲများက ပုံပြင်ပမာ အမြဲပြောပြလေ့ရှိသည့် ဒဏ္ဍာရီလာ တည်ထောင်သူ ဘိုးဘေး ဖြစ်နေသောကြောင့်ဖြစ်သည်။ လက်ညှိုးတစ် ချောင်းတည်းဖြင့် သူတော်စင်အဆင့် နတ်ဘုရားကိုယ်ပွားကို ခြေမှုန်းနိုင်သည့် အစွမ်းထက်လှသော ဘိုးဘေးနှင့်အတူ ခရီးသွားခွင့်ရခြင်းမှာ ဤလူငယ်တို့အတွက် အတိုင်းထက်အလွန် ဂုဏ်ယူစရာ ဖြစ်ပေသည်။
ကျုံးရှန်သည် ရှေ့မှ လူငယ်တပည့်များကို ကြည့်လိုက်ရာ ထူးခြားသော ပါရမီရှင်များ ပါဝင်သကဲ့သို့ ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်လာသော ဇွဲရှိသည့် လူငယ်များလည်း ပါဝင်လေသည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ပါရမီတစ်ခုတည်းကိုသာ စံနှုန်းအဖြစ် မသတ်မှတ်ပေ။ ပါရမီအနည်းငယ် လိုအပ်နေသော်လည်း အမှန်တကယ် ကြိုးစားအားထုတ်သူ ဖြစ်ပါက အကြီးအကဲများနှင့် ဆရာသမားများက အခွင့်အရေး အမြဲပေးလေ့ရှိသည်။
မိမိကိုယ်ကို ကူညီသူကိုသာ ကောင်းကင်က ကူညီသည်။
ဤဆောင်ပုဒ်သည် ကျုံးရှန် ကိုယ်တိုင် ချမှတ်ခဲ့သော စည်းမျဉ်းများအနက် တစ်ခုပင် ဖြစ်သည်။ သူသည် လူငယ်များကို ကြည့်ကာ ညင်သာသော အပြုံးတစ်ခုကိုပြုံးပြလိုက်သည်။ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ရာ အချိန်ဆွဲနေရန် မလိုတော့ပေ။ သူ၏ ပြန်လည်ထွက်ခွာလာမှုသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့သည်။ လူတိုင်း စိတ်ဓာတ်တက်ကြွနေကြပြီး ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ယခင်ကကဲ့သို့ မည်သူမျှ ဂရုမစိုက်သော ၊ အကာအကွယ်မဲ့နေသော နေရာတစ်ခု မဟုတ်တော့ပေ။
ကျုံးရှန် မတ်တပ်ရပ်လိုက်ပြီး လက်ကို အသာအယာ မြှောက်လိုက်လျှင် သူ၏ ဝတ်ရုံလက်စအတွင်းမှ ရွှေရောင်စစ်သင်္ဘောငယ်တစ်စင်း ပျံထွက်လာသည်။ ယခင်က အသုံးပြုခဲ့သော ကိုးဆင့်ပြောင်းလဲစစ်သင်္ဘော မှာ ဝမ်ချွမ်းလှေနှင့်အတူပါသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ဖန်ဆင်းခြင်းနယ်မြေတစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ကျုံးရှန်၏ လက်ထဲတွင် အဆင့်မြင့် စစ်သင်္ဘောများစွာ ကျန်ရှိနေသေး၏။ ရွှေရောင်စစ်သင်္ဘောငယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် တဖြည်းဖြည်း ကြီးမားလာကာ ပေတစ်ထောင်ခန့်ရှိသော ဧရာမ စစ်သင်္ဘောကြီးအဖြစ် ပြောင်းလဲသွားပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် လူအပေါင်းမှာ ဦးခိုက်လိုစိတ်များ ဖြစ်ပေါ်လာရ၏။ သင်္ဘောတစ်စင်းလုံးမှာ ရွှေရောင်အလင်းများ တောက်ပနေပြီး ကျူးကျော်သူတို့ မထိဝံ့သော သန့်စင်မှုမျိုးပေးစွမ်း နေသည်။ ထူထပ်သိပ်သည်းလွန်းသော ရွှေရောင်အလင်းတန်းများသည် ရွှေရောင်မိုးစက်များအဖြစ် ပြောင်းလဲကာ တဖွဲဖွဲ ကျဆင်းလာသည်။ လူအများသည် ထိုရွှေရောင်မိုးစက်များအောက်တွင် ရေချိုးရင်း အလွန်အမင်း သက်တောင့်သက်သာနှင့် ကြည်နူးမှုကို ခံစားလိုက်ရကာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလျင်မြန်စွာ ပျောက်ကင်းသွားကြသည်။ ထို့အပြင်ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်နှင့် ကာယခွန်အားများလည်း ပြန်လည်ပြည့်ဖြိုးလာကြ၏။ ရွှေရောင်မိုးစက်များအောက်တွင် မကုန်ခန်းနိုင်သော ခွန်အားများကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ခံစားကြရလေသည်။
"သိပ်ကို ထူးခြားဆန်းကြယ်တဲ့ အခြေအနေပဲ"
"ဒါ ဘာစစ်သင်္ဘောလဲ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က ဟုတ်ပုံမရဘူး"
"ဘိုးဘေးရဲ့ စွမ်းရည်က.. ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်စေတာပဲ... သာမန်လူတွေ လိုက်လို့မမီနိုင်ဘူး"
"ဘိုးဘေးဆိုတဲ့အတိုင်းပဲ... လက်တစ်ချက်လှုပ်လိုက်တာနဲ့ ဒီလောက် အစွမ်းထက်တဲ့ စစ်သင်္ဘောကြီး ပေါ်လာတာပါ့လား"
ဤစစ်သင်္ဘောသည်လည်း ကျုံးရှန် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သောတမန်တော်ကမ္ဘာ မှ ဖြစ်ပြီး ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာစွမ်းအားများ ကိန်းဝပ်နေ၏။ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောလောက် မကြီးမားသော်လည်း အဆင့်အတန်းအားဖြင့် မနိမ့်ကျပေ။ သင်္ဘော၏ အရှိန်မှာ သူတော်စင်အဆင့် ၆ ရှိသော ပညာရှင်များထက်ပင် ပိုမိုမြန်ဆန်လှပြီး အစွမ်းကုန် မောင်းနှင်လိုက်ပါက ရွှေရောင်လျှပ်စီးတန်းတစ်ခုအလား လျင်မြန်စွာ သွားလာနိုင်ပေသည်။
သင်္ဘောဦးပိုင်းတွင် လက်ဝါးကပ်တိုင်၌ သံချိတ်ဖြင့် ချိတ်ဆွဲခံထားရသော အတောင်ပံခြောက်ဘက်ပါ တမန်တော်ရုပ်တု တစ်ခု ရှိသည်။ ရန်သူနှင့် တိုက်ခိုက်သောအခါ ထိုရုပ်တုသည် အတောင်ပံခြောက်ဘက်ပါ တမန်တော်အဖြစ် ပြောင်းလဲသွားပြီး သူတော်စင်အဆင့် ၆ အောက် ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ထို့ပြင် သင်္ဘောပေါ်တွင် သူတော်စင်အလင်းအမြောက် ကိုးခု တပ်ဆင်ထားပြီး အဆင့်မြင့် သူတော်စင်သလင်းကျောက်ဖြင့် မောင်းနှင်ရကာ တစ်ချက်ပစ်ခတ်လျှင် သလင်းကျောက် နှစ်တုံး ကုန်ကျလေသည်။ ပစ်ခတ်မှု၏ ပြင်းအားသည် သူတော်စင်အဆင့် ၁ ၏အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှသည်။ ဤစစ်သင်္ဘောသည် စစ်တပ်ကြီးတစ်ခုလုံးကို သယ်ဆောင်၍ တိုက်ခိုက်ရာတွင် ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောလောက် အားမကောင်းသော်လည်း ယခုကဲ့သို့ လူနည်းစုဖြင့် လျင်မြန်စွာ ခရီးသွားရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။
“ကလေးတို့... သင်္ဘောပေါ် တက်ကြ”
"တက်စမ်း..."
ကျုံးရှန်က စကားလုံးတစ်ထောင်မန္တန် ကို အသုံးပြု၍ အမိန့်ပေးလိုက်ရာ ဆန်းကြယ်သော စာလုံးတစ်ခု ထွက်ပေါ်လာပြီး ဖြူစင်သော တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ တိမ်တိုက်သည် တပည့်တစ်ရာလုံးကို အသာအယာ ပင့်မ၍ သင်္ဘောကုန်းပတ်ပေါ်သို့ ပို့ဆောင်ပေးလိုက်၏။ ထိုအချိန်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ယင်ထျန်းလှေများသည်လည်း မြေပြင်တွင်တန်းစီကာဆင်းသက်နေကြသည်။ အကြီးအကဲများနှင့် ဂိုဏ်းသား ဆယ်ပုံတစ်ပုံခန့်ကို ထျန်းဂိုဏ်းမြို့တော်တွင် ချန်ထားရစ်ခဲ့ပြီး ကျန်ရှိသော သူများအားလုံး ဂိုဏ်းသို့ ပြန်လည်ထွက်ခွာကြတော့မည် ဖြစ်သည်။ အရာအားလုံးသည် ကျုံးရှန်၏ အစီအစဉ်အတိုင်း စနစ်တကျ လည်ပတ်နေလေသည်။
ကျုံးရှန်သည် ကျူးကျီ၊ အမည်းကြီးနှင့် အခြားသူများကို မြင့်မြတ်သောသူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောပေါ်သို့ ပျံသန်းရောက်ရှိသွားသည်။ ကျူးကျီက ပဲ့ကိုင်အဖြစ် တာဝန်ယူကာ သင်္ဘောဦးကို လှည့်ပြီးမောင်းနှင်လိုက်လျှင် သင်္ဘောကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ တောင်ဘက်ရှိ ထျန်းနန်စီရင်စု ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။ထျန်းနန်စီရင်စုနှင့် နန်ယန်စီရင်စုသည် သိပ်မဝေးလှပေ။ စီရင်စုနှစ်ခုလုံးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး စီရင်စုနယ်မြေ လေးခုသာ ခြားလေသည်။ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘော၏ အမြန်နှုန်းဖြင့်ဆိုပါက နေ့ဝက်မကြာမီမှာပင် ရောက်ရှိနိုင်မည် ဖြစ်သည်။
စားဖိုမှူးသူတော်စင်နယ်မြေ ပွင့်လာခြင်းသည် ကြီးမားသော လှုပ်ရှားမှု ဖြစ်ရာ များစွာသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများနှင့် အင်အားစုများသည် ကောင်းကင်ကံတရားကို တွက်ချက်ခြင်းဖြင့် ဤသတင်းကို ကြိုတင်သိရှိထားကြပြီး ပြင်ဆင်မှုများ ပြုလုပ်ထားကြလေသည်။ ဟင်းလင်းပြင်အတွင်း ပုန်းအောင်းနေခဲ့သော ဝက်ဘိုးဘေး ထျန်းဖုန်း အပါအဝင် ရှေးဟောင်းအင်အားစုများစွာသည်လည်း ဤအခွင့်အရေးကို အရယူရန် စောင့်ဆိုင်းနေကြသည်။ဤတစ်ကြိမ် စားဖိုမှူးသူတော်စင်နယ်မြေ ဖွင့်လှစ်မှုသည် သေချာပေါက် သွေးချောင်းစီးမည့် ပွဲတစ်ပွဲ ဖြစ်လာပေလိမ့်မည်။ ကောင်းကင်တာအို ပြောင်းလဲပြီးနောက် ပထမဆုံးအကြိမ် ဖြစ်ပေါ်လာသော အကြီးစားလှုပ်ရှားမှုလည်း ဖြစ်ပေသည်။ သို့သော်အခြားအင်အားစုများ၏ အသေးစိတ် ကြိုတင်ပြင်ဆင်မှုများနှင့် ယှဉ်လျှင် ကျုံးရှန်၏ လုပ်ရပ်မှာ အလွန်ပေါ့ပါးလွတ်လပ်သည်ဟု ဆိုရ
ပေမည်။
နေ့ဝက်ခန့်ကြာပြီးနောက် သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘော သည် ဟင်းလင်းပြင်အတွင်းမှ ထိုးထွက်လာလေသည်။ သင်္ဘော၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါသွားရကာ အရှေ့ဘက်ရှိ ကောင်းကင်ယံမှ ထူးခြားသော နိမိတ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ မိုင်ပေါင်းသောင်းချီကြီးမားသော မြေကမ္ဘာဒယ်အိုးကြီး၏ ပုံရိပ်ယောင်မှာ ကောင်းကင်၌ ပေါ်ထွန်းနေသည်။ ဒယ်အိုးအောက်တွင် မီးလျှံများ တောက်လောင်နေပြီး ဒယ်အိုးအတွင်း၌ ကောင်းကင်ယံကို ထိုးဖောက်နိုင်လောက်အောင် ကြီးမားသော ယောက်မကြီးတစ်ချောင်းက ဆန်းကြယ်သော အလင်းရောင်များ တောက်ပနေသည့် ဟင်းလျာများကို အားသွန်ခွန်စိုက် မွှေကြော်နေလေသည်။ ဆီနံ့၊ ဟင်းနံ့များသည် မိုင်ပေါင်းသန်းချီ ပျံ့လွင့်နေကာ ပုံရိပ်ယောင်သာ ဖြစ်သော်လည်း လူများကို မီးဖိုချောင်ထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေပြီး ဟင်းနံ့များကိုပါ ရှူရှိုက်မိစေသည်။ ထိုဟင်းနံ့များထဲတွင် လူတစ်ဦးချင်းစီ၏ မှတ်ဉာဏ်ထဲ၌ ရှိနေသော အရသာအရှိဆုံး ဟင်းပွဲများ ပါဝင်နေသည်။
"ဂလု..."
သင်္ဘောပေါ်ရှိ ထျန်းဂိုဏ်းသားအားလုံးနီးပါး တစ်ပြိုင်နက်တည်း တံတွေးမျိုချမိလိုက်ကြသည်။ ကျူးကျီနှင့် အခြားသူများလည်း မနေနိုင်တော့ပေ။ ကျုံးရှန်သည်လည်း တံတွေးမျိုချသည်အထိ မဖြစ်သော်လည်း သူ၏ ခေါင်းထဲတွင် ယခင်ဘဝက စားခဲ့ဖူးသော အစားအစာများ၏ အမှတ်ရစရာ ပုံရိပ်များဖြစ်သည့် ဝက်သားနီချက်၊ ရေလုံပြုတ်ငါး ၊ ကြက်အစပ်ချက်တို့ ဝေဝါးဝါး ပေါ်လာလေသည်။ ကျုံးရှန်သည် ငရဲမူလဇစ်မြစ်ကို ပေါင်းစည်းထားပြီးဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအားသည် အလွန်သန်မာပြီး ဒုတိယအဆင့် အသွင်ပြောင်းနတ်ဘုရားများနှင့် မတိမ်းမယိမ်း ရှိသော်လည်း ဤဆန်းကြယ်သော နိမိတ်ရှေ့တွင် သူ၏ အာရုံများပင် အနည်းငယ် လှုပ်ရှားသွားရလေသည်။ ရှေးသူတော်စင်တို့၏ စွမ်းအားမှာ အမှန်တကယ်ပင် နတ်ဘုရားများထက်ပင် သာလွန်နိုင်ပေသည်။
“သွားရည်မကျကြနဲ့ဦး... ရှေ့မှာ ရှိနေတာက နိမိတ်တစ်ခုပဲ ရှိသေးတယ်”
“မကြာခင်မှာ.. စားဖိုမှူးသူတော်စင် အမွေအနှစ်နယ်မြေရဲ့ ဝင်ပေါက်ကို ရောက်တော့မယ်"
"လူတိုင်း သတိဝီရိယ ထားကြပါ... အဲ့ဒီထဲကို ဝင်လိုက်တာနဲ့ လူတိုင်းဟာ နေရာအနှံ့ကို ကျပန်း ရောက်သွားကြလိမ့်မယ်”
“ဒါပေမဲ့ မကြောက်ကြနဲ့... အဲ့ဒီနယ်မြေရဲ့ စည်းမျဉ်းတွေအရ မင်းတို့ဟာ အစွမ်းထက်တဲ့ ပညာရှင်တွေနဲ့ တန်းပြီး တိုးမှာမဟုတ်ဘူး...အထဲမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းလို့မရသလို နိယာမတွေကလည်း ဝမ်ရှန့်ကုန်းမြေတိုက်နဲ့ မတူတဲ့အတွက်... လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာကို ရှာဖွေဖို့ အခွင့်အရေး ရှိနေတယ်”
ကျုံးရှန်က တပည့်များကို လမ်းညွှန်ချက် ပေးလိုက်လျှင် သင်္ဘောကြီးမှာ ဧရာမ ဒယ်အိုးကြီးရှိရာအရပ်သို့ ပျံသန်းသွားလေသည်။