အခန်း (၁၂၆)
Vol. 13 Ch. 126
ဘိုးဘေး၏ စကားများသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ မျိုးဆက်သစ် လူငယ်များ၏ စိတ်ဓာတ်ကို အမှန်တကယ်ပင် မြှင့်တင်ပေးလိုက်နိုင်သည်။ ယခင်က သူတို့သည် အမွေအနှစ် ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သည့်အခါ အစွမ်းထက်သော ပညာရှင်များ၏ တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်နေခဲ့ကြ၏။ မိမိတို့၏ ဘိုးဘေးမှာ ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားလှသော်လည်း ပရမ်းပတာ တိုက်ပွဲများအတွင်း လူတိုင်းကို အကာအကွယ် ပေးနိုင်ရန်မှာ ခဲယဉ်းနိုင်သည်ဟု ထင်မှတ်ခဲ့ကြ၏။
သို့သော် ကျပန်းကွဲသွားမည့် အခြေအနေက သူတို့ကို ပိုမို စိတ်သက်သာရာ ရစေသည်။သက်တူရွယ်တူ ပါရမီရှင်များအကြား အားပြိုင်မှုမှာ ပြင်းထန်မည် ဖြစ်သော်လည်း ပါရမီရှင်တိုင်းတွင် အရှုံးမပေးလိုသော စိတ်ဓာတ်များ ရှိကြသဖြင့် ထိုသို့သော ယှဉ်ပြိုင်မှုမျိုးကသာ တိုးတက်မှုကို ပိုမို မြန်ဆန်စေမည် ဖြစ်ရာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ မျိုးဆက်သစ် လူငယ်များ၏ တိုက်ပွဲဝင်လိုစိတ်များ ကောင်းကင်သို့ တိုင်အောင် မြင့်တက်ကုန်ကြ၏။
သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘော သည် မကြာမီမှာပင် ဝင်ပေါက်အနီးသို့ ဆိုက်ရောက်လာသည်။ မိုင်တစ်ထောင်ခန့် ကျယ်ဝန်းသော ဝင်ပေါက်ကြီးမှာ လွင်ပြင်တစ်ခုထက်တွင် ထောင်မတ်နေသည့် မှန်ချပ်ကြီးတစ်ခုအလား ရှိနေပေသည်။ ထိုဝင်ပေါက်၏ တစ်ဖက်ခြမ်းတွင် စားဖိုမှူးကမ္ဘာငယ်၏ ပုံရိပ်ယောင်များ ထင်ဟပ်နေသဖြင့် ကမ္ဘာနှစ်ခု ရောထွေးနေသကဲ့သို့ ခံစားရစေ၏။
ဝင်ပေါက်၏ ပတ်ဝန်းကျင် မိုင်တစ်သိန်းအတွင်း အင်အားစုကြီးများက ပူးပေါင်း၍ ပိတ်ဆို့ထားကြသည်။ အင်အားစုအသီးသီး၏ စခန်းချထားသော တဲနန်းများမှာလည်း ဆယ်ဂဏန်းမက ရှိနေရာ ဤအမွေအနှစ်ကို မည်မျှအထိ အလေးထားကြောင်း သိသာလှပေသည်။ ထိုသည်မှာလည်း မဆန်းပေ။ စားဖိုမှုးကမ္ဘာငယ်အတွင်းရှိ နယ်မြေသို့ ဝင်ရောက်နိုင်သူများမှာ အင်အားစုအသီးသီး၏ အထူးချွန်ဆုံးသော ပါရမီရှင်များနှင့် ပညာရှင်များသာ ဖြစ်ကြ၏။
စားဖိုမှူးကမ္ဘာငယ်သည် ရှေးဟောင်းခေတ်ကာလကတည်းက တည်ရှိခဲ့ပြီး နှစ်ပေါင်း သန်းချီ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အတွင်းပိုင်း ပတ်ဝန်းကျင် အနေအထားသည် ရှေးဟောင်းခေတ်ကာလ အခြေအနေအတိုင်း ရှိနေဆဲ ဖြစ်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့်မူ များစွာ ကွာခြားလှ၏။
ပြင်ပလောကတွင် ကံကြမ္မာများ ဆုတ်ယုတ်မှုနှင့် နတ်မိစ္ဆာများ၏ ကျူးကျော်မှု စသည့် ဖြစ်ရပ်ဆိုးများကြောင့် ကောင်းကင်နှင့်မြေကြီး၏ ရတနာများစွာ ပျောက်ကွယ်ကုန်ကြပြီ ဖြစ်ပြီး ကျန်ရှိနေသေးသော ဆေးဖက်ဝင်အပင်များနှင့် နည်းစနစ်များသည်လည်း ရှေးဟောင်းခေတ်နှင့် ရှေးဦးခေတ်ကာလက အရာများနှင့် ယှဉ်လျှင် အရည်အသွေးများစွာ နိမ့်ကျနေပြီ ဖြစ်သည်။
အရည်အသွေး သက်သက်ဖြင့်ပင် အဆင့်အတန်း တစ်ခုလုံး ကွာခြားနေပေသည်။ စည်းမျဉ်းစည်းကမ်းများ ပြည့်စုံသော ကမ္ဘာငယ်တစ်ခု ဖြစ်သည့်အလျောက် စားဖိုမှူးသူတော်စင်၏ အမွေအနှစ်ကို ဖယ်ထုတ်ထားလျှင်ပင် အတွင်း၌ ရှေးဟောင်းရတနာများစွာ ရှိနေပေလိမ့်မည်။ ထိုအရာများအနက် တစ်ခုခုကိုသာ ရရှိလိုက်ပါက တစ်သက်လုံး အကျိုးကျေးဇူး ခံစားရမည် ဖြစ်၏။
ကျုံးရှန်တို့ ရောက်ရှိလာခြင်းမှာ သိပ်မစောလှပေ။ ပထမအသုတ် အနေဖြင့် စောင့်ဆိုင်းနေသော အင်အားစုများမှာ အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘော ပေါ်ထွက်လာသည်နှင့် ဒါဇင်ပေါင်းများစွာသော စိတ်အာရုံများသည် သူတို့အပေါ်သို့ ကျရောက်လာပြီး ထိုအထဲတွင် သူတော်စင်အဆင့် ပညာရှင်များစွာ ပါဝင်နေသကဲ့သို့ ရှေးဟောင်းအငွေ့အသက် ပါရှိနေသော တည်ရှိမှုအချို့ကိုလည်း ကျုံးရှန်အာရုံခံမိလိုက်သည်။
ဤနေရာသည် လူသားမျိုးနွယ်တို့၏ ဗဟိုချက်ဖြစ်ပြီး စားဖိုမှူးသူတော်စင်မှာလည်း လူသားမျိုးနွယ်၏ ရှေးသူတော်စင် ဖြစ်ပေသည်။ သမိုင်းတစ်လျှောက်တွင် အခြားမျိုးနွယ်စုဝင်အချို့ လူသားသူတော်စင်များ၏ အမွေအနှစ်ကို ရရှိခဲ့ဖူးသည့် ဖြစ်ရပ်မျိုး ရှိခဲ့သော်လည်း ထိုသည်မှာ အလွန်ပင် ရှားပါးလှ၏။ ပုံမှန်အားဖြင့် မျိုးနွယ်တစ်ခု၏ အမွေအနှစ်ကို အခြားမျိုးနွယ်စုများက ဆက်ခံခွင့် မရနိုင်ကြချေ။
သို့သော်လည်း ရှားပါးသော ဖြစ်ရပ်များကို ကာကွယ်ရန်အတွက် နယ်မြေတစ်ခု ပွင့်တိုင်း အင်အားစုများစွာက ဝိုင်းဝန်းစောင့်ကြပ်လေ့ ရှိကြသည်။လူသားမျိုးနွယ်ဝင်များ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရှိသော်လည်း မျိုးနွယ်ခြားများဝင်ရောက်လာသည်ကို တွေ့ရှိပါက ချက်ချင်း သတ်ဖြတ်လေ့ ရှိကြသည်။
ပိုင်ရှင်မဲ့နေသေးသော ဤကဲ့သို့ နယ်မြေများသည် ကောင်းကင်တာအို၏ဂူမွေးမြူရာ သို့မဟုတ် အဆိပ်ပြင်းသတ္တဝါများ မွေးမြူရာကွင်းပြင် သဘောမျိုး ဖြစ်ပြီး ဝင်ရောက်သော ပါရမီရှင် များလေလေ အတွင်းမှ အခွင့်အရေးများ ပိုမို ကြွယ်ဝလေလေ ဖြစ်သည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သူ နည်းပါးပါက အမွေအနှစ်နယ်မြေ၏ ဝင်ပေါက်သည် ပျောက်ကွယ်သွားပြီး နောက်ဆယ်နှစ်အတွင်း အခြားတစ်နေရာ၌ ပြန်လည်ပေါ်ပေါက်လာတတ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဝင်ရောက်သွားသူများသည် ကောင်းကင်တာအိုအတွက် အာဟာရဓာတ်များသဖွယ် ဖြစ်ပြီး ဝင်ရောက်သူများလေ ကောင်းကင်တာအိုအတွက်ပိုအကျိုးရှိလေဖြစ်သည်။
အင်အားစုတစ်ခုက ထိုကဲ့သို့ပိုင်ရှင်မဲ့အမွေအနှစ်နယ်မြေတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြိုးစားပါက အကျိုးမရှိရုံသာမက အများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုပါ ခံရမည်ဖြစ်သည်။ ရှေးဟောင်းဧကရာဇ်များလက်ထက်တွင် အမွေအနှစ်နယ်မြေများ ပေါ်ထွက်လာပါက ဧကရာဇ်သည် တိုင်းပြည်တစ်ဝန်း အမိန့်ထုတ်ပြန်ကာ လူတော်လူကောင်းများကို ရွေးချယ်ပြီး ဝင်ရောက်စေခဲ့သည်။
ထို့ပြင် ဤကဲ့သို့သော ရှေးဟောင်းအမွေအနှစ်နယ်မြေများသည် ကိုယ်ပိုင်ကမ္ဘာ့စည်းမျဉ်းများဖြင့် တည်ရှိနေကြပြီး နဂါးကဲ့သို့ ကံတရားကောင်းမွန်သူ ဖြစ်လျှင်တောင်မှ အမွေအနှစ်ဆက်ခံသူ ဖြစ်လာမည်ဟု အာမခံနိုင်ခြင်း မရှိပေ။ မရေရာသောထိုကံကြမ္မာအကြောင်းတရားများကို အမွေအနှစ်၏မူလပိုင်ရှင်များဖြစ်ကြသော ရှေးဟောင်းသူတော်စင်များနှင့် နတ်ဘုရားများသာ သိရှိကြပေမည်။
သေချာသည့် အချက်တစ်ခုမှာ ဆက်ခံသူ ပေါ်ထွက်လာမှသာ အမွေအနှစ်နယ်မြေ ပွင့်လာခြင်း ဖြစ်ပြီး ဝင်ရောက်သူအများစုသည် ကမ္ဘာငယ်လေးထဲမှ အခြားသော အခွင့်အရေးများကို ရယူရန် ဝင်ရောက်ကြခြင်း ဖြစ်သည်။ ရည်မှန်းချက်ကြီးသော အချို့သူများကမူ ဆက်ခံသူကို အနိုင်ယူပြီး သူ၏ ကံတရားနှင့် အခွင့်အရေးများကို လုယူရန် ကြိုးစားကြသည်။
ကျုံးရှန်သည် သူ၏ နောက်ဘက်သို့ လက်ဝှေ့ယမ်းလိုက်ရာ ကျုံး စာတန်းပါသော ရွှေချည်ထိုး အလံတော်ကြီးမှာ သင်္ဘောဦးတွင် တလွင့်လွင့် လွင့်ပျံလာသည်။ ရှုရင်သည်အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးအသွင် ပြောင်းလဲလိုက်ပြီး သင်္ဘောဦးတွင် ရပ်ကာ အောက်ဘက်သို့ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“နန်ယန်စီရင်စုက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ရောက်ရှိပါပြီ”
ထိုစကားကြောင့် စူးစမ်းနေသော အကြည့်များ လျော့နည်းသွားသည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ဝမ်ရှန့်ကုန်းမြေတိုက်၏ ဂိုဏ်းကြီး ၈၁ ဂိုဏ်းစာရင်းဝင် ဖြစ်သော်လည်း အောက်ဆုံးအဆင့်များတွင်သာ ရပ်တည်နေခြင်း ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးအနေဖြင့် ကြည့်လျှင် အလွန်အမင်း ထင်ရှားလှခြင်း မရှိချေ။ ရွှေရောင်စစ်သင်္ဘောမှာ အနည်းငယ် မျက်စိကျစရာ ဖြစ်နေသော်လည်း လူတိုင်း၏ အာရုံမှာ အမွေအနှစ်နယ်မြေအတွင်း၌သာ ရှိနေသဖြင့် သူတို့အား အထူးတလည် ဂရုမစိုက်ကြတော့ချေ။
သင်္ဘောပေါ်တွင် မိစ္ဆာသူတော်စင်အချို့ ပါဝင်နေသော်လည်း သိပ်အရေးမကြီးပေ။မိစ္ဆာနတ်ဘုရားမဟာကမ္ဘာသည် မဟာငရဲကမ္ဘာနည်းတူ ပိတ်ဆို့ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ပြီ ဖြစ်၏။ ရှေးဟောင်းကာလတွင် မိစ္ဆာမျိုးနွယ်စုများမှာ ကမ္ဘာတစ်ဝက်ခန့်ကို စိုးမိုးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ယင်းတို့မှာ အနှံ့အပြား ကွဲထွက်နေကြပြီး လူသားမျိုးနွယ်နှင့် ခွဲခြား၍မရအောင် နီးကပ်နေကြပြီ ဖြစ်သည်။ အင်မော်တယ်မင်းဆက်များစွာတွင်ပင် မိစ္ဆာမျိုးနွယ်စုများနှင့် ပူးပေါင်းထားခြင်းမျိုး ရှိတတ်ပေသည်။
ဥပမာအားဖြင့် နန်တျန်အင်မော်တယ်မင်းဆက်တွင် အနီရောင်ကျားမျိုးနွယ်စုဝင်များ ရှိနေသကဲ့သို့ပင် ဖြစ်၏။ထိုအထဲမှ အစွမ်းထက်သော ကျားမိစ္ဆာများသည် မင်းဆက်တွင် ရာထူးများ ရယူထားကြပြီး နိယာမနယ်ပယ်သို့ မရောက်သေးသော ကျားများကိုမူ စီးတော်ယာဉ်အဖြစ် အသုံးပြုကြသည်။ ထို့ကြောင့် လူသားအင်အားစုများတွင် မိစ္ဆာသူတော်စင်များ ပါဝင်နေခြင်းမှာ ထူးဆန်းသော ကိစ္စ မဟုတ်ပေ။
ကျုံးရှန်မှာလည်း ထိုအရာများကို ဂရုမစိုက်ပေ။ သူ၏ လက်ရှိ ပြင်ပကျင့်ကြံခြင်း အဆင့်အတန်းမှာ သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ဖြစ်သဖြင့် ဤကဲ့သို့သော ပညာရှင်များ စုဝေးရာနေရာတွင် သာမန်မျှသာ ဖြစ်ပေသည်။ သူ၏ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် နှင့် စစ်မှန်သောအတ္တအမှုန် တို့မှာ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေကြသည်ဖြစ်၏။
သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောဝင်ပေါက်သို့ နီးကပ်လာသည့်အချိန်တွင်အခြားတစ်ဖက်ရှိ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီး တစ်ခု ပေါ်ထွက်လာသည်။ တွင်းနက်ကြီးသည် ဝမ်ရှန့်ကုန်းမြေတိုက် တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား မိုင်သောင်းချီ ကျယ်ဝန်းလှပေသည်။
ဝမ်ရှန့်ကုန်းမြေတိုက်၏ မည်သည့်နေရာမှမဆို ထိုတွင်းနက်ကြီးကို မြင်တွေ့နိုင်သဖြင့် ရှေးဟောင်းပုဂ္ဂိုလ်ကြီးများစွာမှာ မျက်လုံးများ ပွင့်လာကြ၏။ ထိုပုဂ္ဂိုလ်ကြီးများစုံစမ်းစစ်ဆေးမည်ပြင်တုန်းခဏ၌ပင် တွင်းနက်ကြီးထဲမှ စီရင်စုနယ်မြေတစ်ခုစာမျှ ကြီးမားသော ဧရာမ ဝက်ဘီလူးကြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာပြီး ပြင်းထန်သော နတ်ဘုရားအရှိန်အဝါမှာကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထိုသတ္တဝါကြီး၏ မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်ပြီး မျက်လုံးထောင့်တွင် အမာရွတ်တစ်ခု ရှိကာ သူ၏ နားရွက်ကြီးတစ်ဖက်လည်း ပြတ်နေ လေသည်။ ဝက်ခေါင်း လူခန္ဓာကိုယ်နှင့် ဖြစ်ပြီး ဗိုက်ရွှဲကြီးနှင့်ဖြစ်ကာ လက်ထဲတွင် ကိုးခွပါ ထွန်ခြစ်ကို ကိုင်ဆောင်ထားသည်။ ထိုထွန်ခြစ်ပေါ်တွင် ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အမှတ်အသားများ တန်ဆာဆင်ထားသည်။
ဧရာမကိုးခွပါထွန်ခြစ်ကို ကိုင်ဆောင်ထားသော ထိုပုံရိပ်ကြီးသည် လျင်မြန်စွာ ပျံသန်းထွက်ခွာလာပြီး ခန္ဓာကိုယ်ကြီးမားလွန်းသဖြင့် ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ဝင်ပေါက်ရှေ့သို့ ရောက်ရှိလာလေသည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ယှဉ်လိုက်လျှင် မိုင်တစ်ထောင်ကျယ်သော ဝင်ပေါက်ကြီးသည် ပုရွက်ဆိတ်တွင်းလေးတစ်ခုပမာ ဖြစ်နေလေ၏။
သူသည် သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ကျုံ့စေရင်း လက်နှစ်ဖက်ဖြင့် ဝင်ပေါက်ကို ကိုင်ကာ အားကုန်သုံး၍ ဆွဲဖြဲရန် ကြိုးစားလိုက်သည်။
"ဘုရားရေ... အဲ့ဒါ ဝက်ဘိုးဘေး ထျန်းဖုန်း ပဲ"
"ဒဏ္ဍာရီလာ ရှေးဟောင်းမိစ္ဆာနတ်ဘုရား ဝက်ဘိုးဘေး"
"သူလည်း စားဖိုမှူးကမ္ဘာငယ်ထဲ ဝင်မလို့လား"
ထိုနေရာတွင် စခန်းချနေကြသော မရေမတွက်နိုင်သည့် လူသားကျွမ်းကျင်ပညာရှင်များ ထိတ်လန့်တကြား ဖြစ်သွားကြပြီး ကောင်းကင်ပေါ်သို့ ပျံတက်ကာ အဝေးသို့ ထွက်ပြေးကြကုန်၏။ မည်သူမျှ ဆက်၍နေရဲခြင်း မရှိကြတော့ပေ။