အခန်း (၁၂၇)
Vol. 13 Ch. 127
ဝက်ဘိုးဘေး ထျန်းဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများအောက်တွင် လူအများ ထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးသွားချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအချို့ ကောင်းကင်ယံသို့ ထိုးတက်သွားကာ လူသားကျင့်ကြံသူဘိုးဘေးများထွက်ပေါ်လာသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဆံပင်ဖြူဖွေးလျက် ခရမ်းရောင်တာအို ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူ၏ ကျောဘက်တွင် ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်တစ်လုံးကို လွယ်ထားလေသည်။
အင်မော်တယ်ယွိဟူရှင်း
သူသည် နှစ်ပေါင်း သန်းချီ သက်တမ်းရှိပြီဖြစ်သော တံခါးပိတ်ကျင့်ကြံသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ တောင်ဘက်နယ်စပ်ရှိ အင်မော်တယ်ဂိုဏ်းကြီး ၈၁ ဂိုဏ်းစာရင်းတွင် အဆင့် ၂၁ ၌ ရပ်တည်နေသော ရှန့်ရွှီဂိုဏ်းမှ ဖြစ်၏။ ယခုအခါ ယွိဟူရှင်းသူတော်စင်သည် နတ်ဘုရားနယ်ပယ် ပထမအဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ နောက်ကျောမှ ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်သည် အလွန်အမင်း ဆန်းကြယ်လှကာ စကြဝဠာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး ပရမ်းပတာနယ်မြေထဲတွင် မွေးဖွားလာသောရတနာ ဖြစ်ပြီး နှစ်ပေါင်းများစွာ စွမ်းအင်များကို စုပ်ယူထားခဲ့သည်။ ကျောက်စိမ်းဘူးသီးခြောက်အတွင်းတွင် ခရမ်းရောင်အစွန်းရောက် ဝိညာဉ်သန့်စင်မဟာအစီအရင်ပါရှိပြီး အသုံးပြုသူ၏ စွမ်းအားသာ လုံလောက်ပါက နတ်ဘုရားများကိုပင် ထည့်သွင်း၍ အရည်ကျိုပစ်နိုင်စွမ်း ရှိလေသည်။ နတ်ဘုရားတို့၏ ဝိညာဉ်၊ အရိုးနှင့် သွေးတို့ကို အကြိမ်ကြိမ် အဖန်ဖန် ကျိုချက်ပြီးနောက် နှစ်ပေါင်းတစ်ထောင် ကြာသည့်အခါ ခရမ်းရောင် နတ်ဘုရားဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုဆေးလုံးကို စားသုံးပါက သူတော်စင်အဆင့် ၉ ရှိသူများမှာ သူတော်စင်အဆင့်မှ ကျော်လွန်၍ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ဤရတနာမှာ ရှေးဟောင်းကမ္ဘာဦးကာလက လူသားမျိုးနွယ်၏ ဆေးဖက်ဆိုင်ရာ သူတော်စင်ဖြစ်သည့် တာအိုသခင်စီမြောင် အသုံးပြုခဲ့သော ရတနာ ဖြစ်၏။
ထိုသူတော်စင်သည် ဆေးဝါးကျွမ်းကျင်မှုဖြင့် သူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်ပြီး မဟာနတ်ဘုရားရှန်နွန်တည်ဆောက်ခဲ့သော ဆေးပညာ၏အခြေခံအုတ်မြစ်ကို ပိုမိုပြည့်စုံစေခဲ့သည်။ ထို့အပြင် အဖိုးတန်ဆေးကျမ်း နှင့် အဖိုးတန်ဆေးကျမ်း၏ နောက်ဆက်တွဲ ဟူသော အထွတ်အထိပ် ဆေးကျမ်းနှစ်စောင်ကို ချန်ရစ်ထားခဲ့သည်။
ဤဆေးကျမ်းနှစ်စောင်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲပြားသွားခဲ့ပြီး နှောင်းလူများ၏ ပြုပြင်မွမ်းမံမှု၊ ဖြည့်စွက်မှုများကြောင့် ယနေ့ခေတ် ဆေးလုံးပညာရှင်၊ ဆေးပညာရှင်၊ ကုသရေးပညာရှင်၊ အဆိပ်ပညာရှင် စသည်ဖြင့် ကျင့်ကြံသူအများစု မဖြစ်မနေ လေ့လာရသော ကျင့်စဉ်ကျမ်းများ ဖြစ်လာခဲ့သည်။တာအိုသခင် စီမြောင်သည် ဆေးဘက်ဆိုင်ရာလမ်းစဉ်၏ ဘိုးဘေးတစ်ပါးဟု ဆိုရပေမည်။
နောက်ပိုင်း ပေါ်ပေါက်လာသော ဆေးပညာရပ်ဆိုင်ရာ ကျင့်စဉ်အားလုံးသည် စစ်မြောင်တာအိုဆရာသခင်၏ အခြေခံပေါ်တွင်သာ တည်ဆောက်ထားခြင်း ဖြစ်၏။ ရှန်နွန်နတ်ဘုရားမှာမူ ဆေးဝါးအားလုံး၏ ဘိုးဘေးဖြစ်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ စစ်မှန်သော အမွေအနှစ်လမ်းစဉ်သည် ယနေ့တိုင် ပေါ်ထွက်လာခြင်း မရှိသေးဘဲ ကံတရားပါသောသူကို တိတ်ဆိတ်စွာ စောင့်မျှော်နေဆဲ ဖြစ်သည်။ ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်သည် စစ်မြောင်တာအိုဆရာသခင် အသုံးပြုခဲ့သော ရတနာဖြစ်ကာ အင်မော်တယ်ယွိဟူရှင်းသည် သူ၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ရရှိထားသူဖြစ်သည်။
အင်မော်တယ်ယွိဟူရှင်း အပြင် အခြားသော လူသားပညာရှင် နှစ်ဦးလည်း မတူညီသော အရပ်မျက်နှာများမှ ကောင်းကင်ယံသို့ ပျံတက်လာကြသည်။ တစ်ဦးမှာ ကျောက်စိမ်းပလွေကို ကိုင်ဆောင်ထားပြီး ခါးတွင် သုံးပေရှည်သည့် အစိမ်းရောင်ဓား တစ်ချောင်းကို ချိတ်ဆွဲထားသော ခံ့ညားသည့် လူငယ်တစ်ဦး ဖြစ်သည်။ ထိုသူသည် နတ်ဘုရားအဆင့် ပညာရှင် အင်မော်တယ်ရှောင်ကျန်းဖြစ်ပြီး ရှေးဟောင်း ဓားသူတော်စင် ခုံကျိုး၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။
နွေဦးနှင့်ဆောင်းဦး၏ ဓားသူတော်စင် ခုံကျိုး
ခုံကျိုးသည် ရှေးဟောင်းကမ္ဘာဦးကာလအဆုံး၌ ပေါ်ထွက်ခဲ့သော အနှိုင်းမဲ့ ဓားသူတော်စင် ဖြစ်သည်။ သူ၏ အစွမ်းထက်သော ဓားစိတ်ဆန္ဒ သည် ကမ္ဘာတစ်ခုလုံးကို ပင်ဓားအဖြစ်ပြောင်းလဲနိုင်၏။ ထို့အပြင် ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ အပြင်းထန်ဆုံး ဓားချက်ကိုပါ ထုတ်ဖော်နိုင်စွမ်း ရှိလာသည့် အချိန်တွင် ခုံကျိုးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဓားအဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့ဖူး လေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုအကြံအစည်ကို အကောင်အထည်မဖော်မီ မြက်ခင်းပြင် လူရိုင်းမျိုးနွယ်စုမှ မျိုးနွယ်ခြားနတ်ဘုရား ၁၇ ပါး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ မျိုးနွယ်စုတစ်သောင်းစစ်ပွဲအတွင်း ကျဆုံးသွားခဲ့ လေသည်။ခုံကျိုးသည်မျှော်လင့်ချက်မဲ့နေသော အခြေအနေအောက်တွင်ပင် ဒုတိယအဆင့် အသွင်ပြောင်းနတ်ဘုရား ငါးပါးကို သတ်ဖြတ်နိုင်ခဲ့ပြီးမှသာ လူအုပ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်၏။လူသားမျိုးနွယ် ဓားသူတော်စင်လေးပါးအနက် ခုံကျိုးသည် အစောဆုံး ပေါ်ပေါက်ခဲ့သူဖြစ်သော်လည်း ဂုဏ်သတင်း အနည်းဆုံး ဖြစ်သည်။ သို့သော် ရှေးဟောင်းဓားသူတော်စင်တစ်ပါးအနေဖြင့် သူ၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။
ခုံကျိုး၏ အမွေအနှစ်ကို ရရှိထားသောဓားပညာရှင် အင်မော်တယ်ရှောင်ကျန်းသည် ဝမ်ရှန့်ကုန်းမြေတိုက်တွင် အလွန်ကျော်ကြားလှသူ ဖြစ်၏။ မဟာအင်မော်တယ်မင်းဆက်တစ်ခု၏ ကျောထောက်နောက်ခံဖြစ်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်သည်။ တစ်ချိန်က ပျက်စီးခြင်းမြို့တော်ရှိ ဂရိမျိုးနွယ်ခြားများထဲမှ သူရဲကောင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် နှစ်ထောင်ချီကြာအောင် တိုက်ခိုက်ခဲ့ဖူးပြီး နောက်ဆုံးတွင် ထိုသူကို သတ်ဖြတ်နိုင်ခဲ့သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ဓားကျင့်ကြံသူများကြားတွင် သူ့အကြောင်း သီဆိုထားသော ကဗျာတစ်ပုဒ်ပင် ရှိလေသည်။
"ပလွေတစ်လက် ဓားတစ်လက်ဖြင့် တစ်ဘဝလုံး ဖြတ်သန်းလို့၊ နှစ်ပေါင်း သန်းချီကျော်ကြားသော ဂုဏ်သတင်းကို ထမ်းပိုးမယ်"
ဤသည်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ရှောင်ကျန့်၏ ဂုဏ်သတင်း အရှိန်အဝါ ကြီးမားပုံကို ခန့်မှန်းနိုင်ပေသည်။
နောက်ဆုံးတစ်ဦးမှာမူ တည်ကြည်သော မျက်နှာထားရှိပြီး လက်ထဲတွင် သွေးရောင်လွှမ်းနေသော လှံရှည် တစ်စင်းကို ကိုင်ဆောင်ထားသူ ဖြစ်ပေသည်။ သူ၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး နောက်ကျောဘက် ကောင်းကင်ယံတွင် ဝှေ့ယမ်းနေသောလှံရှည်ပုံရိပ်ယောင်တစ်ခု ပေါ်နေ၏။။
တောင်ဘက်နယ်စပ်၏ သတ်ဖြတ်ခြင်းအရှင်သခင် ပိုင်ဝူကု
သူသည် သတ်ဖြတ်ခြင်းနတ်ဘုရား ပိုင်ချီ ၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။ ပိုင်ချီသည် ဧကရာဇ်ယင် လက်အောက်ရှိ နံပါတ်တစ် စစ်သူကြီး ဖြစ်ပြီး သက်ရှိပေါင်း သိန်းသန်းမက သတ်ဖြတ်ခဲ့ရာ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါမှာ အနောက်ဘက် ချူစစ်ဘုရင် ကုန်းယဲ့ယွီ ထက် မလျော့နည်းပေ။ နောက်ပိုင်းတွင် ဧကရာဇ်ယင်နှင့် သဘောထားကွဲလွဲပြီးသေဒဏ်ပေးခြင်း ခံခဲ့ရသည်။
ပိုင်ချီသည် သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်ပြီး ဧကရာဇ်နှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း သခင်ကို ပြန်လှန်တိုက်ခိုက်လိုစိတ်မရှိခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်ပေးသနားသော ဓားဖြင့်ပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့လေသည်။ စစ်ဘုရင် ကုန်းယဲ့ယွီနည်းတူပင် မိမိကိုယ်ကိုယ် သတ်သေခဲ့ခြင်း ဖြစ်သည်။
သတ်ဖြတ်ခြင်းအရှင်သခင် ပိုင်ဝူကုသည် သတ်ဖြတ်ခြင်းနတ်ဘုရားလောက၏ ဆက်ခံသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း သက်တမ်းမှာ နှစ်ပေါင်းတစ်သန်းပင် မပြည့်သေးသော်လည်း သူ၏စွမ်းအားမှာအင်မော်တယ်ယွိဟူရှင် တို့နှင့် တန်းတူ ရပ်တည်နိုင်သည့် အဆင့်၌ ရှိနေပြီဖြစ်၏။
ဤနတ်ဘုရားအဆင့် လူသားပညာရှင် သုံးဦးတို့မှာ နတ်ဘုရားရာထူး မရှိကြသဖြင့် ရှေးဟောင်းနတ်ဘုရားများကို မယှဉ်နိုင်သော်လည်း သူတို့၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။ တစ်ဦးချင်းစီသည် လွန်ခဲ့သောရက်အနည်းငယ်က ယဇ်ပူဇော်ခြင်းအစွမ်းမှပေါ်ထွက်လာသည့် အာမန်ရာ၏ နတ်ဘုရားကိုယ်ပွားကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြပြီး ရှီးရွှယ်ငရဲအရှင်သခင်ထက် များစွာ သာလွန်ပေသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဦးသည် အရပ်မျက်နှာသုံးခုတွင် နေရာယူကာ ကောင်းကင်ယံ၌ ရပ်တန့်လိုက်ပြီး သူတို့၏ အရှိန်အဝါများကို ဝက်ဘိုးဘေး ထျန်းဖုန်းဆီသို့ ပစ်လွှတ်တိုက်ခိုက်လိုက်ကြသည်။
....
မိုင်ပေါင်းသောင်းချီသော အကွာအဝေးမှနေ၍ ကျုံးရှန်သည် စစ်သင်္ဘောကို ရပ်တန့်လိုက်ပြီး အကာအကွယ် အစီအရင်တစ်ခုခင်းကျင်းလိုက်၏။ ထို့နောက် သူသည် သင်္ဘောဦးတွင် အေးဆေးစွာ ထိုင်လိုက်ပြီး ကျူးကျီတို့နှင့် တပည့်များကို လှည့်ပြောလိုက်သည်။
"ကြောင်တောင်တောင် လုပ်မနေကြနဲ့... လာကြ...ပွဲကြည့်ရအောင်"
"အစွမ်းထက်တဲ့သူတွေ ဘယ်လိုတိုက်ခိုက်ကြလဲဆိုတာ များများလေ့လာကြ"
"မင်းတို့ အနာဂတ်အတွက် အများကြီး အကျိုးရှိလိမ့်မယ်"
"နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေရဲ့ လှုပ်ရှားမှုတိုင်းက တာအိုနိယာမတွေကို ဆွဲဆောင်နိုင်တယ်... ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေ ပေါ်လွင်လာတဲ့အခါ ဉာဏ်အလင်းပွင့်ဖို့ ပိုလွယ်ကူလိမ့်မယ်"
ကျုံးရှန်သည် ခပ်ပြုံးပြုံး ပြောဆိုလိုက်ပြီးနောက် သူ၏ ဥယျာဉ်ထဲမှ ခူးဆွတ်လာသော နတ်ဘုရားသစ်သီးများကို ကျူးကျီအား ဝေခိုင်းလိုက်၏။
“သစ်သီးလေးတွေ စားရင်းနဲ့ ပွဲကောင်းကြည့်ကြတာပေါ့”
သူသည် တောက်ပသော နတ်ဘုရားသစ်သီးတစ်လုံးကို မြိန်ရည်ယှက်ရည် ကိုက်စားလိုက်ရင်း ရှေ့ဘက်မှ မြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေတော့သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှလူငယ်များ၏ အဖိုးတန်သစ်သီးများကို ကြည့်ကာ အံ့သြနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ပွဲကို စိတ်ဝင်တစား စတင်ကြည့်ရှုလေတော့သည်။
စားဖိုမှူးကမ္ဘာငယ် ဝင်ပေါက်အနီးတွင် ဝက်ဘိုးဘေး၏ ဆွဲဖြဲမှုကြောင့် မိုင်တစ်ထောင်ရှိသော ဝင်ပေါက်မှာ နှစ်ဆမျှ ကျယ်ပြန့်သွားပြီး ဟင်းလင်းပြင်များ ပြိုကွဲနေသော အသံကြီး ဟိန်းထွက်လာကာ မြေပြင်တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွား၏။
မိုင်တစ်သောင်းပတ်လည်အတွင်း နိယာမနယ်ပယ် အဆင့် ၂၀ အောက် ကျင့်ကြံသူများသည် ထိုအရှိန်အဝါကြောင့် ထိခိုက်ဒဏ်ရာရကာ သွေးအန်ကုန်ကြသည်။ ထျန်းဖုန်း၏ မျက်လုံးထဲတွင် ထွက်ပြေးသွားကြသော လူသားများသည် ပုရွက်ဆိတ်များသာ ဖြစ်ကာ တစ်ချက်ကြည့်ရန်ပင် မထိုက်တန်ပေ။ သို့သော် လူသားမျိုးနွယ် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဦး ပေါ်ထွက်လာပြီး အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်လိုက်သောအခါ သူ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။ သူသည် ဝင်ပေါက်ကို ဆွဲဖြဲနေသော လက်ကို ရပ်တန့်လိုက်ပြီး ထိုသုံးဦးဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် စားဖိုမှူးကမ္ဘာငယ်၏ ဝင်ပေါက်သည် မတည်မငြိမ် ဖြစ်လာသည်။ ကြမ်းတမ်းသော ဟင်းလင်းပြင် လေစီးကြောင်းများသည် ရံဖန်ရံခါ လွတ်ထွက်လာပြီး မြေပြင်ပေါ်တွင် ကြီးမားသော ချိုမ့်ဝှမ်းကြီးများ ဖြစ်ပေါ်စေသည်။ နတ်ဘုရားအဆင့် စွမ်းအားများရှေ့တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အလွန် ကျိုးပဲ့လွယ်သော အရာတစ်ခု ဖြစ်နေပုံရ၏။
"အင်း... ငါ လူသားမျိုးနွယ် ကျွမ်းကျင်သူတွေရဲ့ အသားကို မစားရတာ တော်တော်ကြာပြီပဲ"
ဝက်ဘိုးဘေး ထျန်းဖုန်း ရုတ်တရက် စကားပြောလာပြီး သူ၏ ဓားသွားများကဲ့သို့ ထက်ရှသော သွားများကို ဖော်ပြလိုက်ပြီး ထိုသုံးဦးကို ဆာလောင်မွတ်သိပ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မိုက်ရိုင်းလိုက်တာ"
"သေစမ်း"
"သေလိုက်တော့..."
သုံးဦးစလုံးထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာချေသည်။ ဝက်ဘိုးဘေး၏ အထင်အမြင်သေးမှုက သူတို့အား အလွန်ပင် အမျက်ထွက်စေခဲ့ပြီ ဖြစ်၏။ ဝက်ဘိုးဘေးမှာ ရှေးဟောင်းသူတော်စင် ဖြစ်သော်လည်း ယခင်က စားဖိုမှူးသူတော်စင်၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သဖြင့် သူ၏ စွမ်းအားမှာ များစွာ လျော့နည်းနေပေသည်။ ယခုတွင် သူ၏ စွမ်းအားမှာ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်၌သာရှိတော့သဖြင့် သူတို့ သုံးဦး ပူးပေါင်းပါက ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ယူဆလိုက်ကြသည်။
“ရှောင်ကျန်း... သတ်ဖြတ်ခြင်းအရှင်သခင် ပိုင်...... ငါတို့ သုံးဦး ပူးပေါင်းပြီး ဒီမိစ္ဆာကြီးကို ဒီနေရာမှာတင် သတ်လိုက်ကြရအောင်... ကောင်းကင်နဲ့မြေကြီး သက်ရှိသတ္တဝါတွေအတွက် ကုသိုလ်ကြီးတစ်ခု လုပ်လိုက်ကြတာပေါ့"
ယွိဟူရှင်းသူတော်က ဦးဆောင်၍ ပြောဆိုလိုက်ပြီး သူ၏ ကျောဘက်မှ ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်ကိုလှမ်းယူ လိုက်သည်။