← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

“သိပ်ကောင်းတယ်”

“ဒီမိစ္ဆာကောင်က ဂုဏ်သတင်းဆိုးနဲ့ ကျော်ကြားတဲ့ကောင်ပဲ... လူသား ဘယ်နှစ်ယောက်ကို ဝါးမြိုခဲ့လဲ မသိနိုင်ဘူး... သေချာပေါက် သတ်ပစ်သင့်တယ်”

အင်မော်တယ်ရှောင်ကျန်းက ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲမှ ကျောက်စိမ်းပလွေသည် တုန်ခါလာပြီး ရိပ်ခနဲ လှုပ်ရှားသွားကာ သုံးပေအရွယ်အစားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ယမ်းလိုက်လျှင် ကျောက်စိမ်းပလွေ၏ အပေါ်ပိုင်းမှာ ဓားအိမ်တစ်ခုအလား ကျွတ်ထွက်သွားပြီး ကျောက်စိမ်းဓားတစ်လက် ဖြစ်လာသည်။

အခြားလက်တစ်ဖက်ကလည်း ခါးတွင် ချိတ်ဆွဲထားသော အစိမ်းရောင်ဓားကို ဆွဲထုတ်လိုက်လေသည်။ ဓားသွား၏ အလင်းရောင်မှာ အလွန်တောက်ပလှသဖြင့် တစ်လောကလုံးကို ပြင်းထန်သော ဓားစိတ်ဆန္ဒများဖြင့် လွှမ်းမိုးသွားရာ ဓားအလင်းကို ကြည့်ရုံမျှဖြင့်ပင် မျက်လုံးများမှာ ဓားဖြင့် အမွှန်းခံရသကဲ့သို့ နာကျင်မှုကို ခံစားရ၏။

အကယ်၍ ရွေ့ဝူတိသာ ဤနေရာ၌ ရှိနေပါက သူသည် မုချ အံ့သြချီးကျူးမိပေလိမ့်မည်။ အင်မော်တယ်ရှောင်ကျန်းသည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူပီပီ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဓားသူတော်စင်ကမ္ဘာကို တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။ ထိုကမ္ဘာအတွင်း၌ သက်ရှိများစွာ မွေးဖွားလာကြပြီး နေ့ညမပြတ် ဓားပညာကို ကျင့်ကြံနေကြသည်။

ဓားတစ်လက်သည် ကမ္ဘာတစ်ခု၊ ကမ္ဘာတစ်ခုသည် ဓားတစ်လက်။

သူ၏ လက်ထဲတွင် ပလွေတစ်လက်၊ ဓားတစ်လက်ဖြင့် မတူညီသော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်နေ၏။ ထိုလက်နက်များသည် ဖန်ဆင်းခြင်းအဆင့်ရှိသော ရတနာများ ဖြစ်ကြပြီး ဓားသူတော်စင် ခုံကျိုးထံမှ လက်ဆင့်ကမ်းလာသော အနှိုင်းမဲ့ ရတနာနှစ်ပါး ဖြစ်ပုံရသည်။

အခြားတစ်ဖက်ရှိ ပိုင်ဝူကုမှာမူ အလွန်ပင် အေးစက်တည်ငြိမ်နေသည်။ သူသည် မည်သည့် စကားမျှ မဆိုဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး သူ၏ နီမြန်းနေသော မျက်လုံးများဖြင့် ဝက်ဘိုးဘေး ထျန်းဖုန်းကို စိုက်ကြည့်နေသည်။ သူသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သေးသော်လည်း သူ၏ နောက်ကျောဘက်ရှိ သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ သိသိသာသာ ပြင်းထန်လာနေ၏။ သတ်ဖြတ်ခြင်းဖြင့် နတ်ဘုရားဖြစ်လာသူအနေနှင့် သူ၏သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်နေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်ခြင်းကမ္ဘာတွင်လည်း စစ်သည်တော်များမှာ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်တိုက်ခိုက်နေကြပြီး သေဆုံးလိုက် ပြန်လည်မွေးဖွားလာလိုက်ဖြင့် သံသရာလည်နေကြသည်။ လက်ထဲရှိ သွေးရောင်လွှမ်းနေသော လှံရှည်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး စေးပျစ်သော သွေးများဖြင့် လိမ်းကျံထားသကဲ့သို့ ဖြစ်လာသည်။

"မြင့်မြတ်တဲ့ ချင်စစ်သည်တော်တွေ... ထာဝရ တည်တံ့ပါစေ"

တိုးညှင်းသော ရေရွတ်သံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ခဏတာ ပျံ့လွင့်သွားသည်။

ပိုင်ဝူကုရုတ်တရက် ပြုံးလိုက်သည်။

"ဝက်ဘိုးဘေးရဲ့ ဝိညာဉ်ကို... ငါ ယူမယ်"

ပြောပြီးသည်နှင့် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ မိုင်ပေါင်းသောင်းချီ အကွာအဝေးတွင် ပွဲကြည့်နေသော ရွှေရောင်စစ်သင်္ဘောကို မြင်လိုက်ရသည်။ ခုနလေးတင် စစ်သင်္ဘောပေါ်မှ သူ့ကို မသက်မသာဖြစ်စေသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

“စစ်ဘုရင်လား...”

သူ သေချာ အာရုံခံရန် ပြင်ဆင်နေစဉ်မှာပင်အောက်ဘက်ရှိ ဝက်ဘိုးဘေးထျန်းဖုန်း စတင်လှုပ်ရှားလာလေသည်။

ဝက်ဘိုးဘေးသည် ခန္ဓာကိုယ်အရွယ်အစားကို ကျုံ့ထားသော်လည်း သူ၏ အရွယ်အစားမှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနိုင်ဆဲ ဖြစ်၏။ သူက အသာအယာ လှုပ်ရှားလိုက်ရုံမျှဖြင့် ကိုးခွပါထွန်ခြစ်ကြီး သည် လူသုံးဦးထံသို့ ကန့်လန့်ဖြတ် ဝှေ့ယမ်းတိုက်ခိုက်လာသည်။

ရက်စက်ကြမ်းကြုတ်သောတိုက်ကွက် ဖြစ်၏။

ထွန်ခြစ်ကို ဝှေ့ယမ်းလိုက်သောအခါ ထွက်ပေါ်လာသော လေပြင်းမှာပင် မိုင်ပေါင်း တစ်သိန်းပတ်လည်ရှိ သစ်ပင်များနှင့် ကျောက်တုံးများကို လွင့်စင်သွားစေပြီး မြေပြင်ကို ကွင်းပြင်အတိ ဖြစ်သွားစေသည်။ကြီးမားသော ထွန်ခြစ်ကြီးမှာ သူတို့ သုံးဦး၏ မျက်စိထဲတွင် ကြယ်တစ်လုံး ပေါက်ကွဲကျဆင်းလာသကဲ့သို့ ထင်မှတ်ရပေသည်။ လူသားမျိုးနွယ် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဦးမှာ သာမန်လူများ မဟုတ်ကြပေ။

သူတို့သည် သက်ဆိုင်ရာစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ရိပ်ခနဲ လှုပ်ရှားလိုက်လျှင် ထွန်ခြစ်ကြီး၏ အပေါ်ဘက် ကောင်းကင်ယံသို့ ရောက်ရှိသွားကြသည်။ ထို့နောက် သက်တံရောင် အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲကာ ထျန်းဖုန်းဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

တူးရွင်းကြီး မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ မြေပြင်တစ်ခုလုံး အက်ကွဲပျက်စီးသွားပြီး အက်ကြောင်းများကြားမှ ချော်ရည်များ ပန်းထွက်လာသည်။ မိုင်ပေါင်း သန်းချီသော နယ်မြေမှာ တစ်ချက်တည်းဖြင့် ကြေမွသွားရပြီး ထိုနယ်ပယ်အတွင်းရှိ ဂိုဏ်းငယ်လေးများနှင့် တိုင်းပြည်ငယ်လေးများမှာလည်း မရေမတွက်နိုင်အောင် ပျက်စီးသွားရသည်။ သာမန်လူသားများမှာမူ မည်သည်ကိုမျှ သတိမထားမိလိုက်မီမှာပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြရရှာ၏။ အစွမ်းထက်သော ကျွမ်းကျင်သူများ၏ ရှေ့တွင် သာမန်လူသားများမှာ စကြဝဠာထဲမှ ဖုန်မှုန့်လေးများကဲ့သို့ပင် သနားစရာကောင်းလှပေသည်။ ယခု တိုက်ခိုက်မှုတွင် ဝက်ဘိုးဘေး ထျန်းဖုန်းသည် မည်သည့် မိစ္ဆာစွမ်းအား သို့မဟုတ် နတ်ဘုရားစွမ်းအားကိုမျှ အသုံးမပြုခဲ့ဘဲ သူ၏ ခန္ဓာကိုယ် အစွမ်းသက်သက်ဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုတိုက်ကွက်၏ ပြင်းအားမှာပင် လူသားကျွမ်းကျင်သူ သုံးဦး၏ ခန့်မှန်းချက်ထက် ကျော်လွန်နေလေသည်။

"ခရမ်းရောင်ကျောက်စိမ်းဘူးသီး... ပျက်သုဉ်း ဝိညာဉ်သန့်စင်ခြင်း"

ခရမ်းရောင်ဝတ်ရုံနှင့် အင်မော်တယ်ယွိဟူရှင်းသည် သူ၏ မုတ်ဆိတ်ဖြူများကို လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့ပြီး လက်ထဲမှ ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်ကို ထျန်းဖုန်းဆီသို့ ပစ်လွှတ်လိုက်သည်။ ကျောက်စိမ်းဘူးသီးခြောက်မှာ တဖြည်းဖြည်း ကြီးမားလာပြီး ထျန်းဖုန်း၏ ဦးခေါင်းပေါ်သို့ ရောက်သောအခါ ကြယ်ကြီးတစ်လုံးအလား ဖြစ်နေလေသည်။ဘူးသီးအဝမှ ခရမ်းရောင်အလင်းများထွက်လာပြီး မီးခိုးရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ရေတံခွန်ကြီးတစ်ခုကျဆင်းလာသည့်အလား ဝက်ဘိုးဘေး ထျန်းဖုန်းကို ဖုံးလွှမ်းသွားသည်။

ခဏချင်းအတွင်းမှာပင် ထျန်းဖုန်းမှာ မီးခိုးရောင် ပရမ်းပတာစွမ်းအင်များအတွင်း၌ အကျဉ်းကျသွားလေ၏။ သူ့လက်ထဲမှ ထွန်ခြစ်မှာလည်း မြေပြင်ပေါ်ရှိ ချော်ရည်ပူများအတွင်း ပြုတ်ကျသွားသည်။ကျောက်စိမ်းဘူးသီးခြောက်ထဲမှ ပရမ်းပတာစွမ်းအင်များသည် ပိုက်ကွန်တစ်ခုသဖွယ် ဝက်ဘိုးဘေး ထျန်းဖုန်းကို ဆွဲယူကာ အတွင်းသို့ စုပ်ယူရန် ကြိုးစားနေသည်။သို့သော် ဧရာမ ဝက်ဘိုးဘေးကြီးမှာ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ။ သူသည် မီးခိုးရောင် ပရမ်းပတာအငွေ့အသက်များကြားမှ ယွိဟူရှင်းသူတော်ကို ရက်စက်သော အပြုံးဖြင့် စိုက်ကြည့်နေလိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများမှာ မှောင်မိုက်သွားပြီး နက်မှောင်သော သူငယ်အိမ်များအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာသူတော်စင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာ လေးလံလှပြီး ရှေးကျကာ အဆုံးမရှိသကဲ့သို့ ခံစားရစေသည်။ ဝက်ဘိုးဘေး ထျန်းဖုန်းသည် ကောင်းကင်နှင့် မြေကြီး၏ ဘွဲ့ထူးကို ရရှိထားသော ရှေးဟောင်းသူတော်စင် ဖြစ်သည်နှင့်အညီ သူ၏ အရှိန်အဝါတစ်ခုတည်းနှင့်ပင် လူသားနတ်ဘုရား သုံးဦးထက် များစွာ သာလွန်နေသည်။

မကြာမီမှာပင် ထျန်းဖုန်းကို ပိတ်လှောင်ထားသော ပရမ်းပတာစွမ်းအင်များမှာ ပူဖောင်းတစ်ခုအလား လျင်မြန်စွာ ဖောင်းကားလာပြီး နောက်ဆုံးတွင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

ပြင်းထန်လှသော မိစ္ဆာစွမ်းအားများ ပျံ့နှံ့သွားသဖြင့် တောက်ပနေသော နေ့ခင်းဘက် ကောင်းကင်ကြီးမှာ ခဏချင်းအတွင်း မှောင်မိုက်သွားရ၏။ ထျန်းဖုန်းသည် အင်မော်တယ်ယွိဟူရှင်း တုံ့ပြန်ချိန်မရမီမှာပင် လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်သို့ ကျနေသောထွန်ခြစ်မှာ သူ၏လက်ထဲသို့ အလိုအလျောက် ပြန်လည်ရောက်ရှိလာသည်။

ထွန်ခြစ်၏ အနက်ရောင် အပေါ်ယံလွှာများမှာ တစ်စစီ ကွာကျသွားပြီး အတွင်းမှ တောက်ပသော ငွေရောင် ကိုယ်ထည် ထွက်ပေါ်လာလေသည်။ ထို့နောက် ကမ္ဘာဦးကာလ၏ အရှိန်အဝါများဖြစ်သည့် အရပ်ငါးမျက်နှာ ဧကရာဇ်ငါးပါး နှင့် ၁၂ပါးသော တာအိုစစ်နတ်ဘုရားများ၏အရှိန်အဝါများ ထွက်ပေါ်လာရာ ထွန်ခြစ်ကြီး၏ အစွမ်းမှာ ဖန်ဆင်းခြင်းအဆင့် ရတနာများကို ကျော်လွန်သွားပြီး တာအိုနိယာမများပင် တုန်ခါသွားရသည်။

သင်္ဘောဦးတွင် ထိုင်ကာ ပွဲကြည့်နေသော ကျုံးရှန်၏ မျက်လုံးများ တောက်ပသွားသည်။ သို့သော် သူ၏ စိတ်အာရုံဖြင့် အနည်းငယ် စစ်ဆေးကြည့်လိုက်သောအခါ စိတ်ပျက်သွားသော မျက်နှာထား ဖြစ်ပေါ်လာသည်။

"နှမြောစရာပဲ...မဟာတာအိုအဆင့် ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ... အတွင်းပိုင်းမှာ ဒဏ်ရာတွေ သိပ်မများဘူးဆိုရင်... မဟာတာအိုအဆင့် လက်နက်တစ်ခု ဖြစ်လာနိုင်တယ်"

“ဒီထဲမှာ အရပ်ငါးမျက်နှာ ဧကရာဇ်ငါးပါး နဲ့ ၁၂ပါးသော တာအိုစစ်နတ်ဘုရားတွေရဲ့ စွမ်းအားတွေ ပါဝင်နေပြီး... နတ်ဘုရား လောင်ကျွင်း ကိုယ်တိုင် သွန်းလုပ်ပေးထားတဲ့ အစီအရင်တွေလည်း ပါဝင်နေတာမို့ စွမ်းအားက သာမန်မဟုတ်ဘူး”

“ဒီ ဝက်ဘိုးဘေး ထျန်းဖုန်က ရှေးဟောင်းသူတော်စင် ဖြစ်ပေမဲ့ ဟင်းလင်းပြင်စကြဝဠာထဲမှာတုန်းက စားဖိုမှူးသူတော်စင်ကို မယှဉ်နိုင်ခဲ့ဘူး”

“ဒါပေမဲ့ လက်ရှိခေတ်ကာလမှာတော့ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုတစ်ခုလို့ ပြောလို့ရတယ်”

ကျုံးရှန်က အေးအေးဆေးဆေးပင် ချီးကျူးစကား ဆိုလိုက်ပြီးနောက် ၁၂ပါးသော တာအိုစစ်နတ်ဘုရားထွန်ခြစ်ကို စိတ်ဝင်စားမှု လျော့သွားသည်။

ရှေးဟောင်းကာလမှစ၍ ဤကဲ့သို့ နတ်ဘုရားများ တိုက်ပွဲကို မြင်တွေ့ရခဲလှသည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများမှာ များသောအားဖြင့် နှစ်ပေါင်း သန်းချီ၍ တံခါးပိတ် ကျင့်ကြံနေတတ်ကြရာ ဤကဲ့သို့ လူမြင်ကွင်းတွင် လက်တွဲတိုက်ခိုက်ကြသည်မှာ အလွန်ပင် ရှားပါးလှ၏။ ဝက်ဘိုးဘေး ထျန်းဖုန်းက ထွန်ခြစ်၏ စစ်မှန်သော စွမ်းအားကို နှိုးလိုက်သောအခါ တစ်လောကလုံး အရောင်ပြောင်းသွားပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာကာ တိမ်တိုက်များမှာလည်း ဝဲကယက်ကြီးသဖွယ် ဖြစ်ပေါ်လာသည်။ ဝက်ဘိုးဘေး၏ အရှိန်အဝါမှာ တရှိန်ထိုး မြင့်တက်လာပြီး လူသားကျွမ်းကျင်သူ သုံးဦး၏ အရှိန်အဝါကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်လေသည်။

“ဟဲဟဲ...”

ဝက်ဘိုးဘေးက ရယ်လိုက်ရာ သူ၏ မျက်နှာပေါ်မှ ကြီးမားသော အမာရွတ်မှာ သွေးကဲ့သို့ နီရဲလာသည်။ သူသည် အင်မော်တယ်ယွိဟူရှင်းကို စိုက်ကြည့်လျက် သူ၏ ဝိညာဉ်ကို လှမ်း၍ ပိတ်ဆို့လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ရာ နောက်တစ်စက္ကန့်တွင် အင်မော်တယ်ယွိဟူရှင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ယွိဟူရှင်းသူတော်စင်၏ မျက်နှာ ဖြူလျော့သွားပြီး မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။ သူ၏တစ်ကိုယ်လုံးရှိ နတ်ဘုရားစွမ်းအားများသည် ခန္ဓာကိုယ်အတွင်း၌ ဖိနှိပ်ခံလိုက်ရပြီး လုံးဝ လှုပ်ရှားမရတော့ချေ။

All Chapters