အခန်း (၁၂၉)
Vol. 13 Ch. 129
ထို့နောက် ၁၂ ပါး တာအိုစစ်နတ်ဘုရားထွန်ခြစ်သည် အင်မော်တယ်ယွိဟူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ ကာ သူ့အား သွေးမြူတိမ်တိုက်တစ်ခုအဖြစ် တိုက်ရိုက် ခြေမွပစ်လိုက်၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော သက်ရှိများ၏ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာပြီး ငရဲခန်းတစ်ခုသဖွယ် ဖြစ်သွားသည်။ အင်မော်တယ်ယွိဟူရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံလည်း ဤတိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားခဲ့ရပေသည်။
တိုက်ခိုက်မှုသည် သူ၏ နတ်ဘုရားဝိညာဉ်မူလဇစ်မြစ် ကိုပါ ထိခိုက်သွားစေသည်။ ခြေမွခံလိုက်ရသော သွေးမြူတိမ်တိုက်မှာ ရုတ်တရက် ပြန်လည်စုစည်းသွားပြီး အင်မော်တယ်ယွိဟူရှင်း၏ နတ်ဘုရားခန္ဓာကိုယ်အဖြစ် တစ်ဖန် ပြန်လည်ပြောင်းလဲသွားသည်။ သို့သော် ယခုအချိန်တွင်မူ သူသည် အတော်ပင် အခြေအနေဆိုးနေ၏။ တစ်ကိုယ်လုံးရှိ ခရမ်းရောင်နတ်ဘုရားအလင်းတန်းများမှာ အတော်အတန် မှိန်ဖျော့သွားခဲ့ပြီး နတ်ဘုရားစွမ်းအားများစွာ ဆုံးရှုံးသွားကြောင်း ထင်ရှားနေသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤသို့ လွယ်လွယ်ကူကူ သတ်ဖြတ်ခံရမည် မဟုတ်သော်လည်း ဝက်ဘိုးဘေးထျန်းဖုန်းသည် တစ်ချက်တည်းသော တိုက်ကွက်ဖြင့်ပင် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို အလွယ်တကူ ခြေမွပစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ နှစ်ပေါင်းများစွာ ခဲခဲယဉ်းယဉ်းတည်ဆောက်ထားခဲ့သော ဟင်းလင်းပြင်သူတော်စင်ဘုံမှာပင် ငါးပုံတစ်ပုံခန့် ပျက်စီးသွားရ၏။ အင်မော်တယ်ယွိဟူရှင်း၏ စွမ်းအားမှာ အဆမတန် ကျဆင်းသွားပြီး နတ်ဘုရားနယ်ပယ် ပထမအဆင့် အထွတ်အထိပ်မှ ပထမအဆင့် အစောပိုင်းအဆင့်သို့ ရောက်သွားလေသည်။
"ဒါ... ဒါက သိပ်ကြောက်စရာကောင်းတာပဲ"
"ရှေးဟောင်းသူတော်စင်တွေက ဒီလောက်တောင် စွမ်းအားကြီးတာလား"
သူသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်သည်။
အခုလိုတစ်ချက်ထဲဖြင့် သေလုနီးပါးဖြစ်ရခြင်းသည် အင်မော်တယ်ယွိဟူရှင်း၏ ရှေးဟောင်းသူတော်စင်များအပေါ် နားလည်မှုနည်းပါးသောကြောင့် ဖြစ်ပေသည်။ ရှေးဟောင်းခေတ်နှင့် ရှေးဦးခေတ်ကာလများက ရှေးဟောင်းသူတော်စင်များသည် နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်ခဲ့သော တည်ရှိမှုများ ဖြစ်ကြသည်။ မဟာတာအို၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် သူတော်စင်ဖြစ်ခြင်းနှင့် နတ်ဘုရားဖြစ်ခြင်းတို့အကြား ကွာခြားချက်မှာ ကြီးကြီးမားမား မရှိတော့ပေ။
လတ်တလောခေတ်ကာလသည် သက်သောင့်သက်သာလွန်းပြီး ငြိမ်းချမ်းလွန်းသဖြင့် သက်ရှိသတ္တဝါများအကြား ယှဉ်ပြိုင်မှုများသည် ယခင်ခေတ်ကာလများလောက် မပြင်းထန်တော့ပေ။ ထို့ကြောင့် စွမ်းအားနှင့် ဗဟုသုတအမြင်များတွင်လည်း လွဲမှားမှုများစွာ ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့နှင့် ယွိဟူရှင်း လျှင်မြန်စွာ နောက်ဆုတ်နေပြီး နောက်လှည့်၍ အစွမ်းကုန် ထွက်ပြေးရန် ကြံရွယ်လိုက်သည်။ သူ၏ မျက်နှာတွင်ရော စိတ်နှလုံးတွင်ပါ တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ပေ။
အင်မော်တယ်ရှောင်ကျန်းနှင့် သတ်ဖြတ်ခြင်းအရှင်သခင် ပိုင်ဝူကုတို့မှာလည်း လွန်စွာ တုန်လှုပ်သွားကြသည်။ အင်မော်တယ်ယွိဟူရှင်းသည် နှစ်ပေါင်း သန်းချီ ကျော်ကြားလာခဲ့သူဖြစ်ပြီး လတ်တလောခေတ်ကာလတွင် ပေါ်ပေါက်လာသော မျိုးနွယ်စုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ အထိနာခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ရိုက်ချက်တစ်ချက်တည်းဖြင့် သူ၏ သူတော်စင်ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး သူတော်စင်ဘုံတစ်စိတ်တစ်ပိုင်း ပျက်စီးသွားခြင်းက ထိုနှစ်ဦးကို နောက်ဆုတ်ချင်စိတ် ပေါ်ပေါက်လာစေသည်။ နတ်ဘုရားအဆင့်သို့ ရောက်ရှိလာသူတိုင်းသည် နှစ်ပေါင်း သန်းချီ အသက်ရှင်လာခဲ့ကြသူများဖြစ်ပြီး ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။
အစပိုင်းတွင် အမြင်လွဲမှားမှုကြောင့် ရန်သူကို လျှော့တွက်မိခဲ့ခြင်း ဖြစ်နိုင်သည်။သို့သော် ယခု ကျောက်စိမ်းဘူးသီးအင်မော်တယ်၏ အဖြစ်ဆိုးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောအခါ မည်သူကများ အရူးအမူး ဝင်ရောက်တိုက်ခိုက်နေကြဦးမည်နည်း။ အဆိုးဆုံးအခြေအနေတွင် စားဖိုမှူးကမ္ဘာငယ်အတွင်းသို့ ဝက်ဘိုးဘေး ထျန်းဖုန်းကို ဝင်ခွင့်ပြုလိုက်ရုံသာ ရှိသည်။ မိမိတို့၏ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်မှုများကို အလဟဿ အဆုံးရှုံးခံ၍ မဖြစ်ပေ။
သို့ဖြစ်ရာအင်မော်တယ်ရှောင်ကျန်းနှင့် သတ်ဖြတ်ခြင်းအရှင်သခင် ပိုင်ဝူကုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် နားလည်မှု ရရှိသွားကြသည်။ ထို့နောက်တစ်စက္ကန့်မျှ အချိန်မဆွဲဘဲ သီးခြားစီ ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်များကို အသုံးပြုလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ထဲသို့ လျင်မြန်စွာ ထွက်ပြေးသွားကြလေသည်။
သူတို့သည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသကဲ့သို့ အခြေအနေကို ကြည့်၍ ဆုံးဖြတ်တတ်သူများလည်း ဖြစ်ကြ၏။ အစပိုင်းတွင် အထင်သေးခဲ့မိသော်လည်း ယခုအခါ၌မူ မိမိတို့၏ အသက်ကို အချည်းနှီး မစွန့်လွှတ်နိုင်ပါချေ။
ဝက်ဘိုးဘေး ထျန်းဖုန်သည် ထိုနှစ်ဦးကို ဂရုစိုက်ပုံ မရပေ။ထိုနှစ်ဦးသည် သူ့ထက်ပင် ဦးအောင် ထွက်ပြေးသွားကြသဖြင့် အင်မော်တယ်ယွိဟူရှင်းလည်း ဒေါသတကြီး ဆဲရေးတိုင်းထွာမိတော့သည်။
ဂုဏ်သရေရှိ နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြပါလျက် ဤမျှ လျင်မြန်စွာ ထွက်ပြေးကြသည်တဲ့လား။
ကိုယ်ကျင့်တရား ကင်းမဲ့လိုက်ကြတာ။
သူ၏ ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရကာ အစွမ်းကုန် ထွက်ပြေးရန် ပြင်ဆင်လိုက်စဉ်ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ့ကို နောက်တစ်ကြိမ် ချုပ်နှောင်လိုက်ပြန်သည်။ သူ၏ တစ်ကိုယ်လုံး ခဲသွားသကဲ့သို့ ဖြစ်သွားကာလုံးဝ မလှုပ်ရှားနိုင်တော့ချေ။ ဝက်ဘိုးဘေး ထျန်းဖုန်သည် သူ့ကို လွှတ်ပေးရန် ဆန္ဒရှိပုံ မရပေ။
ထို့နောက် အမာရွတ်များဖြင့် ပြည့်နှက်နေသော ဝက်ဘိုးဘေး၏ ဧရာမ လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး အင်မော်တယ်ယွိဟူရှင်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖမ်းဆုပ်လိုက်ကာ မျက်စိရှေ့သို့ ယူဆောင်လိုက်သည်။
“ဟင်း... မင်းလို အတုအယောင်နတ်ဘုရားအဆင့်လေးက လူသားမျိုးနွယ်ရဲ့ ကျွမ်းကျင်သူလို့ အမည်ခံချင်တာလား”
“ကောင်းပြီလေ... မင်းကိုပဲ ငါ့ရဲ့ ပထမဆုံး အမြည်းဟင်းလျာအဖြစ် စားသုံးရမှာပေါ့”
ဝက်ဘိုးဘေး၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာရာ ယွိဟူရှင်း၏ နတ်ဘုရားဝိညာဉ်ပင်တုန်ခါသွားရသည်။ ထို့နောက် ဝက်ဘိုးဘေးသည် ယွိဟူရှင်း၏ ကျောဘက်မှ ခရမ်းရောင်ကျောက်စိမ်းဘူးသီးခြောက်ကို ဆွဲယူလိုက်သည်။ ထိုကျောက်စိမ်းဘူးသီးသည် ဖန်ဆင်းခြင်းအဆင့် ရတနာဖြစ်သည့်အတိုင်း ကိုယ်ပိုင်အသိဉာဏ် ရှိနေသဖြင့် အမျိုးမျိုး ရုန်းကန်နေသော်လည်း ဝက်ဘေးဘိုး၏ လက်ထဲမှ မလွတ်မြောက်နိုင်ပေ။
ထိုစဉ် လူတိုင်း အံ့သြသွားစေမည့် အရာတစ်ခု ဖြစ်ပျက်လာသည်။ ဝက်ဘိုးဘေးသည် ထိုဖန်ဆင်းခြင်းအဆင့် ရတနာကို ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်ပြီး သကြားလုံး စားနေသကဲ့သို့ အသံမြည်အောင် ဝါးစားနေလေတော့သည်။ရံဖန်ရံခါ ပရမ်းပတာစွမ်းအင်များ နှင့် ခရမ်းရောင်နတ်ဘုရားအရှိန်အဝါများ ယိုစိမ့်ထွက်လာသည်။
“ဂျွတ်”
ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျောက်စိမ်းဘူးသီးခြောက်မှာ ကြေမွသွားခဲ့ရသည်။ ဝက်ဘိုးဘေးသည် အလွန်အရသာရှိနေသည့်အလား မျက်မှောင်ကြုတ်ကာ ဖန်ဆင်းခြင်းအဆင့်လက်နက်တစ်ခုကို အစိမ်းလိုက် ဝါးစားနေသောပုံစံမှာ ကြည့်ရသူများကို ကျောချမ်းစေပေသည်။
အင်မော်တယ်ယွိဟူရှင်းမှာ လွန်စွာ ထိတ်လန့်နေပြီး လိပ်ပြာလွင့်မတတ် ခံစားနေရ၏။ သူစစ်မြောင်တာအိုဆရာသခင် ချန်ရစ်ခဲ့သော ဖန်ဆင်းခြင်းအဆင့် ရတနာတစ်ပါးဝါးစားခံလိုက်ရခြင်း ဖြစ်သည်။ကြောက်ရွံ့မှုသည် သူ၏ နှလုံးသားကို လွှမ်းမိုးသွားကာ သူ အသနားခံချင်သော်လည်း တစ်ကိုယ်လုံး ချုပ်နှောင်ခံထားရသဖြင့် စကားပင် ပြောမထွက်တော့ချေ။ ဝက်ဘေးဘိုးသည် နောက်ဆုံး အပိုင်းအစကို မျိုချလိုက်ပြီးနောက် သူ၏ အကြည့်များကို ယွိဟူရှင်းထံသို့ လွှဲပြောင်းလိုက်သည်။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောပေါ်မှ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ မျိုးဆက်သစ်များသည် ရင်တမမ ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် မိမိတို့ လူသားမျိုးနွယ်မှ နတ်ဘုရားတစ်ပါး ဤသို့ အသတ်ခံရတော့မည်ကို မကြည့်ရက်သဖြင့် ဘိုးဘေးဖြစ်သူ ကျုံးရှန်ကို ကယ်ဆယ်ပေးရန် တောင်းဆိုချင်နေကြသည်။
လူသားနတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ဤကဲ့သို့ သနားစရာကောင်းစွာ သေဆုံးသွားရမည်ဆိုပါက အလွန်ပင် ဝမ်းနည်းဖွယ် ကောင်းလှသည်။
သူတို့သည် ဘိုးဘေးကို အကူအညီတောင်းချင်သော်လည်း ဘိုးဘေး၏ အရှိန်အဝါကြောင့် မပြောရဲ ဖြစ်နေကြသည်။ ကျုံးကျဲသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ သတ္တိမွေးကာ ကျုံးရှန်၏ရှေ့သို့ ထွက်လာကာဒူးထောက်လိုက်သည်။
“ဘိုးဘေး... အဲဒီ ခရမ်းရောင်ဝတ်ရုံနဲ့ပုဂ္ဂိုလ်.... မကြာခင်သေတော့မယ်လို့ထင်ပါတယ်”
"အခုချိန်မှာ ကောင်းကင်နှင့်မြေကြီး လှုပ်ရှားပြောင်းလဲနေပြီး မျိုးနွယ်စုတစ်သောင်း ပြန်လည်နိုးထလာချိန်မို့... လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးစီတိုင်းက အရေးပါတဲ့ အင်အားတစ်ခုပါ"
"ဒါကြောင့် ဘိုးဘေးအနေနဲ့..."
ကျုံးကျဲ၏ စကားမဆုံးမီမှာပင် သင်္ဘောအပြင်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြေပြင်မှ ကျောက်တုံးများနှင့် ချော်ရည်များပင် ကောင်းကင်ယံသို့ လွင့်စင်လာရာ ထိုအရာများသည် သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောအပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာလေသည်။ သို့သော်ကံကောင်းထောက်မစွာဖြင့် ကျုံးရှန် ချမှတ်ထားသော ကာကွယ်ရေးအစီအရင်သည် အလွန် ဆန်းကြယ်သဖြင့် ထိုချော်ရည်ပူများကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ အရှိန်အဟုန်များ ငြိမ်သက်သွားသောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအဆင့်ကို တစ်ချက်တည်းဖြင့် ခြေမွခဲ့သော ဝက်ဘိုးဘေးထျန်းဖုန်းမှာ ကျုံးရှန်၏ ရိုက်ချက်ကြောင့် လေထဲလွင့်စင်ထွက်သွားပြီ ဖြစ်သည်။ ထို့နောက်ကျုံးရှန်သည် အင်မော်တယ်ယွိဟူရှင်းကိုဖမ်းလိုက်ပြီး သင်္ဘောပေါ်သို့ ပစ်တင်ပေးလိုက်သည်။
ဝက်ဘိုးဘေး၏ ဧရာမ လက်မောင်းကြီးပေါ်တွင် သွေးများ စီးကျနေပြီး သူသည် မိုင်ပေါင်း တစ်သိန်းခန့် အကွာအထိလွင့်စင်ပြီးမှ အရှိန်ကိုထိန်းနိုင်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများက ကျုံးရှန်ကို စိုက်ကြည့်လိုက်သည်။
"နတ်ဘုရားတစ်ပိုင်းအဆင့်လား..."
"မဖြစ်နိုင်ဘူး"
"မင်းက... ပုံရိပ်ယောင်သူတော်စင် ရဲ့ ဆက်ခံသူလား"
"မင်း ဘယ်သူပဲဖြစ်ဖြစ်... အခု မင်းကို အရင်ဆုံး ဝါးမြိုပစ်ရမယ်"