← Chapters

ယင်ယန် ဆရာတစ်ဆူဖြစ်လာသော အစ်ကိုကြီးချန်

Vol. 8 Ch. 71

ယင်ယန် ဆရာတစ်ဆူဖြစ်လာသော အစ်ကိုကြီးချန်

Vol. 8 Ch. 71

ကျန်းချန်၏စိတ်ကူးမှာ ရိုးရှင်းသည်။

မင်းတို့ ခန့်မှန်းကြ... မှားသွားရင် ငါ့ကိုပြန်လျော်ရမယ်

တကယ်လို့မှန်သွားရင်လည်း ငါကလေတွေလျော်ပေးလိုက်မှာပေါ့

ဒါက ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရမယ့်ပွဲပဲလေ...

ဒီလိုအမြတ်ထွက်မယ့်အလုပ်မျိုး ဘယ်မှာသွားရှာလို့ရဦးမှာလဲ

“ဂိုဏ်းချုပ်ကျန်း...”

ရှုရှင်းသည် ဤအပြောင်းအလဲကို ချက်ချင်းသဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။

“ဟင်...”

“ဘာလို့ လက်စွပ်ကိုလဲလိုက်တာလဲ...”

“မင်းတို့ရဲ့ လောင်းကစားပွဲမှာ ငါ ဘယ်လက်စွပ်သုံးရမယ်လို့များ သတ်မှတ်ထားလို့လား...”

ကျန်းချန်၏ အပြစ်ကင်းစင်ကာ ကြည်လင်နေသော မျက်လုံးများနှင့် ဆုံလိုက်ရသောအခါ ရှုရှင်းမှာ တံတွေးတစ်ချက်မျိုချလိုက်ရပြီး အံကြိတ်ကာ ခေါင်းခါပြလိုက်ရတော့သည်။

“မဟုတ်ပါဘူး... မသတ်မှတ်ထားပါဘူး။ ကြိုက်တဲ့လက်စွပ် သုံးနိုင်ပါတယ်...”

ဤလက်စွပ်ထဲမှာလည်း အဆင့် ၉ ဝိညာဉ်အဆောင် ပါဝင်နေပါစေဟုသာ သူ ဆုတောင်းနေမိတော့သည်။ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြီးနောက် လက်စွပ်ခန့်မှန်းတမ်းကစားပွဲ စတင်လေတော့သည်။

“စီနီယာအစ်ကို ကျန်း... အစ်ကို့လက်စွပ်ထဲမှာ အဆင့် ၄ ဝိညာဉ်ဓားရှိနေမယ်လို့ ကျွန်တော် ခန့်မှန်းတယ်... ဟုတ်ရဲ့လား...”

ခန့်မှန်းခံရသော စီနီယာအစ်ကိုကျန်းက ဟားဟားတိုက်ရယ်မောလိုက်၏။

“မင်း တကယ်မှန်သွားတာပဲ။ ကဲ... ဒါက မင်းအတွက်လျော်ကြေးပဲ...”

သူသည် လက်စွပ်ကိုတစ်ချက်ပွတ်လိုက်ပြီး မှန်အောင်ခန့်မှန်းနိုင်သော တပည့်ထံသို့ အဆင့် ၄ ဝိညာဉ်ဓားတစ်လက်ကို လွယ်လင့်တကူပင် ပေးလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကသရုပ်ဆောင်နေတာပဲ မဟုတ်ပါလား။ ၎င်းအပြင် အဆင့် ၄ ဝိညာဉ်လက်နက် ဆိုသည်မှာ သူတို့အတွက် ဘာမှမဟုတ်ပေ။

ထို့နောက် သူက နောက်တစ်ယောက်ကို ဆက်လက်ခန့်မှန်းသည်။

“ဂျူနီယာညီမလေးဆုန့်... ညီမလေးရဲ့လက်စွပ်ထဲမှာ အဆင့် ၅ ရေဓာတ်ဝိညာဉ်အဆောင်ရှိမယ်လို့ အစ်ကိုခန့်မှန်းတယ်... ဟုတ်လား...”

ဂျူနီယာညီမလေးဆုန့်က ပါးစပ်ကလေးပိတ်ကာ ပြုံးလိုက်ပြီး

“စီနီယာအစ်ကိုကျန်း... အစ်ကိုခန့်မှန်းတာ မှားသွားပြီ။ ညီမရဲ့လက်စွပ်ထဲမှာ အဲဒါမရှိဘူး...”

ပြောပြီးနောက် သူမသည် ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ အလယ်တွင်ထိုင်နေသော ဒိုင်လူကြီး ရှုရှင်းထံသို့ လက်စွပ်ကိုကမ်းပေးလိုက်၏။ လက်စွပ်ထဲတွင် အဆင့် ၅ ရေဓာတ် ဝိညာဉ်အဆောင် တကယ်မရှိကြောင်းကို ဒိုင်က စစ်ဆေးအတည်ပြုရန်ဖြစ်သည်။

လက်စွပ်ကို ကမ်းပေးလိုက်ချိန်တွင် လူတိုင်းက သူ့ကို တိတ်တဆိတ်ခိုးကြည့်နေကြကြောင်း ကျန်းချန် သတိထားမိလိုက်သည်။

အဲဒါက ဘာကို ဆိုလိုတာလဲ... ငါ့ကို မြင်အောင် ပြနေတာလား။

ငါက စစ်ဆေးတာကို ခွင့်မပြုမှာ စိုးရိမ်နေကြတာလား... ငါ့ကို အထင်သေးလွန်းကြတာပဲ...

“ဂျူနီယာညီမလေးဆုန့်ရဲ့ လက်စွပ်ထဲမှာ အဆင့် ၅ ရေဓာတ် ဝိညာဉ်အဆောင် တကယ်မရှိပါဘူး။ ဂျူနီယာညီလေးကျန်း... မင်း ထပ်ရှုံးပြန်ပြီ...”

“ဟားဟား... ငါ့ကံက တကယ်ပဲညံ့တာပဲ...”

စီနီယာအစ်ကိုကျန်းက အားရပါးရရယ်မောကာ လက်စွပ်ထဲမှ အဆင့် ၅ ဝိညာဉ်အဆောင်တစ်ခုကို ထုတ်ယူပြီး ဂျူနီယာညီမလေးဆုန့်ကို လျော်ပေးလိုက်သည်။

နောက်တွင် ဂျူနီယာညီမလေးဆုန့်က သူမ၏ညာဘက်ဘေးတွင်ရှိသောလူကို ဆက်လက် ခန့်မှန်းရမည် ဖြစ်သည်။

ဤသို့ဖြင့် ကစားပွဲမှာ တစ်ချီပြီးတစ်ချီ လည်ပတ်နေတော့သည်။ ၎င်းမှာ ကျန်းချန်ကို လှည့်စားရန် စုပေါင်းသရုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် သူတို့၏ လောင်းကြေးများမှာ အဆင့် ၄ သို့မဟုတ် ၅ ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်လက်နက်များသာဖြစ်ကြပြီး အခြေအနေမှာ ပေါ့ပေါ့ပါးပါးနှင့် ပျော်စရာ ကောင်းနေသည်။

ဤပစ္စည်းများမှာ ကျီယွဲ့ဂိုဏ်းအတွက် ရတနာများဖြစ်သလို တွမ့်မူမိသားစုအတွက်ပင် အရေးပါသော ပစ္စည်းများ ဖြစ်သော်လည်း ပါယွန်းခန်းမအတွက်မူ တန်ဖိုးမရှိလှပေ။

လူတိုင်းက ကျန်းချန်၏ မျက်နှာအမူအရာနှင့် တုံ့ပြန်မှုများကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူက ကစားပွဲအလယ်တွင် ထွက်ခွာသွားမည်ကို သူတို့အကြောက်ဆုံးပင်။

သို့သော် ခဏမျှစောင့်ကြည့်ပြီးနောက် ဤကောင်လေးမှာ စိတ်အားထက်သန်နေပြီး သူ၏အလှည့်ကိုပင် စောင့်မျှော်နေသယောင်ရှိသည်ကို တွေ့လိုက်ရသည်။

လူတိုင်းက စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်ကြ၏။ သူက ငါတို့ ထောင်ချောက်ထဲ ရောက်နေမှန်းကို သိတောင်မသိသေးဘူး...

မကြာမီ ကျန်းချန်၏ဘယ်ဘက်တွင်ရှိသော လီယဲ့ဟုန်၏အလှည့် ရောက်လာသည်။ သူမကို ကျန်းချန်၏ရှေ့တွင်ထားခြင်းမှာလည်း အစကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ်၏။

ဤအုပ်စုထဲတွင် ရှုရှင်းမှလွဲလျှင် လီယဲ့ဟုန်က ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်သဖြင့် ဤအရေးကြီးသောတာဝန်ကို အရေးပါသူထံသို့ ပေးအပ်ထားခြင်းပင်။

သူမက မျက်မှောင်ကြုတ်ကာ စားပွဲပေါ်ကလက်စွပ်ကို စိုက်ကြည့်နေဟန် သရုပ်ဆောင်လိုက်သည်။

လက်စွပ်တိုင်းတွင် ကန့်သတ်ချက်များရှိသဖြင့် ဝိညာဉ်စွမ်းအားဖြင့်ထိတွေ့ခြင်းမရှိဘဲ အပြင်ဘက်မှ မည်သည့်အရာကိုမျှ မမြင်နိုင်ပေ။ ရုတ်တရက် သူမ ဘာကိုခန့်မှန်းရမှန်း တကယ်မသိဖြစ်သွားသည်။

မူလအစီအစဉ်အရဆိုလျှင် သူမက အဆင့် ၉ ဝိညာဉ်အဆောင် သို့မဟုတ် ဝိညာဉ်လက်နက် တစ်ခုခုကို တိုက်ရိုက်ခန့်မှန်းရမည်ဖြစ်သည်။ အကယ်၍ ကျန်းချန်မှာရှိနေလျှင် သူကလျော်ပေးရမည်။

မရှိလျှင်လည်း ရှုရှင်းကို စစ်ဆေးရန်ပေးရမည်ဖြစ်ရာ လက်စွပ်ကိုရလိုက်သည်နှင့် အစီအစဉ်က ချက်ချင်းအောင်မြင်သွားပေတော့မည်။

သို့သော် ယခု သူကလက်စွပ်ကိုလဲလိုက်သဖြင့် အစီအစဉ်က အကြီးအကျယ်လွဲချော်သွားလေပြီ။

လီယဲ့ဟုန်မှာ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။

ဘေးကင်းအောင် အဆင့် ၃ သို့မဟုတ် ၄ ဝိညာဉ်လက်နက်တစ်ခုခုကိုပဲ ခန့်မှန်းရမလား...

ဒါဆိုရင် ရှုံးသွားလည်း ကိစ္စမရှိဘူးလေ...

သို့သော် သူမ လောဘကြီးလာ၏။

ကျန်းချန်က အဆင့် ၉ ဝိညာဉ်အဆောင်ကိုတောင် ထုတ်ပေးနိုင်သည့်အတွက် သူ လက်စွပ်လဲလိုက်လျှင်ပင် အဆင့် ၇ ဝိညာဉ်လက်နက်တစ်ခုတော့ သေချာပေါက်ရှိပေမည်...

ဤလူကလည်း ဓားသုံးသည်ဟုကြားမိသည်။ သူမတွင်လည်း အဆင့် ၇ ဝိညာဉ်ဓားတစ်လက် လိုနေသည်နှင့်ကွက်တိ။

ဤအခွင့်အရေးကိုသုံးပြီး အမြတ်ထုတ်လိုက်ရင် မကောင်းဘူးလား...

ဤသို့တွေးကာ သူမစွန့်စားရန် ဆုံးဖြတ်လိုက်တော့သည်။

“ဂိုဏ်းချုပ်ကျန်း... ရှင့်ရဲ့လက်စွပ်ထဲမှာ အဆင့် ၇ ဝိညာဉ်ဓားတစ်လက်ရှိနေမယ်လို့ ကျွန်မခန့်မှန်းတယ်... ဟုတ်သလား...”

သူမ၏ မျက်လုံးများမှာတောက်ပနေပြီး ကျန်းချန်၏ရင်ထဲကိုထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေသည်။

ခန်းမအတွင်းရှိ ပေါ့ပါးသောအခြေအနေမှာ ပျောက်ကွယ်သွားပြီး လူတိုင်းက ကျန်းချန်၏အဖြေကို အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြတော့သည်။

“မင်း ခန့်မှန်းတာ မှားသွားပြီ...”

“ဟင်... မယုံဘူး၊ ရှင် ကျွန်မကိုလိမ်နေတာမဟုတ်လား...”

လီယဲ့ဟုန်၏အသံမှာ ကျယ်လောင်လာသည်။

ကျန်းချန်က ဆွံ့အဟန်ဖြင့် ကြည့်ကာ

‘အစ်မ... အစ်မရဲ့လောဘက နည်းနည်းတော့ရုပ်ဆိုးလွန်းနေပြီ’

ဟု စိတ်ထဲမှဆိုလိုက်မိသည်။

“ယုံစရာမရှိတာ ဘာရှိလို့လဲ... ဒီမှာ ဒိုင်လူကြီးရှိနေတာပဲ မဟုတ်လား...”

သူက လက်စွပ်ကို ရှုရှင်းထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

သူက တကယ်ပဲ လက်စွပ်ကို ကမ်းပေးလိုက်တာလား... ဒီလောက်လွယ်လွယ်ကူကူလား...

ထိုအချိန်တွင် ထုံမင်ခန်းမဘေးက ခန်းမငယ်ထဲတွင် တိတ်တဆိတ်စောင့်ကြည့်နေသော ချီချန်းသည် အသက်ရှူသံများ ပြင်းထန်လာသည်။ လက်စွပ်ကို လဲထားတယ်ဆိုပေမဲ့ အဲဒီထဲမှာ ရတနာတွေ ရှိနေနိုင်သေးတာပဲ မဟုတ်လား...

ရှုရှင်းမှာ အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။ သူက လက်စွပ်ကိုကောက်ယူကာ ဝိညာဉ်စွမ်းအားကို ထည့်သွင်းပြီး စူးစမ်းလိုက်ရာ ဆဲတောင်ဆဲလိုက်ချင်စိတ်ပေါက်သွားသည်။

တောက်... ဒါက အလွတ်ကြီးပဲ...

ဤလက်စွပ်ခန့်မှန်းတမ်း ကစားနည်းဆိုသည်မှာ သူတို့လုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး အစက အသေးစိတ်သိပ်မစဉ်းစားခဲ့မိကြပေ။

အစ်ကိုကြီးချန်က ပထမဆုံးအချီမှာတင် မရှုံးနိုင်မည့်လှည့်ကွက်ကို ရှာတွေ့သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

လီယဲ့ဟုန်၏ မျှော်လင့်တကြီး ကြည့်နေသောအကြည့်ကို ဆုံလိုက်သောအခါ ရှုရှင်းမှာ မတတ်သာဘဲ ခေါင်းခါပြလိုက်ရသည်။

“တကယ်ပဲ ဘာမှမရှိဘူး။ ဂျူနီယာညီမလေးလီ... ညီမရှုံးသွားပြီ...”

“ဘာ...”

လီယဲ့ဟုန်မှာ ကံကြမ္မာကိုလက်မခံနိုင်သေးဘဲ ရှုရှင်းထံသို့ တိတ်တဆိတ် အသံလွှင့်ကာ မေးလိုက်သည်

“သေချာရဲ့လား... အထဲမှာ အဆင့် ၇ ဝိညာဉ်ဓား တကယ်မရှိတာလား...”

ရှုရှင်းကလည်း တိတ်တဆိတ် ပြန်ပြောလိုက်သည်

“တကယ် မရှိတာ...”

ဒိုင်လူကြီးက ပူးပေါင်းပြီးလိမ်ညာနေခြင်းမှာ ကစားပွဲ၏တရားမျှတမှုကို အဆုံးစွန်အထိဖျက်ဆီးလိုက်ခြင်းပင်။

သို့သော် သူတို့က အစကတည်းက ထောင်ချောက်ဆင်ရန် ပူးပေါင်းနေကြခြင်းဖြစ်သဖြင့် ဂရုမစိုက်ကြတော့ပေ။

“အထဲမှာဘာရှိလဲ... အကယ်၍ အဆင့် ၉ ဝိညာဉ်လက်နက်တွေနဲ့ အဆောင်တွေသာပြည့်နေမယ်ဆိုရင် ငါတို့ လက်စွပ်ကိုလုပြီး သူ့ကို တိုက်ရိုက်ဖမ်းချုပ်လိုက်မယ်...”

လီယဲ့ဟုန်သည် ကျန်းချန်ကို အဆင့် ၇ ဝိညာဉ်ဓား မလျော်ပေးချင်သဖြင့် ဤကစားပွဲကို ယခုပင် တိုက်ရိုက်အဆုံးသတ်လိုက်ချင်နေသည်။

“သူ့လက်စွပ်ထဲမှာ ဘာမှမရှိဘူး။ သူ့ရဲ့ ရတနာတွေ အားလုံးက သူ့လက်ချောင်းမှာ ဝတ်ထားတဲ့ အခြားလက်စွပ်ထဲမှာ ရှိနေတာဖြစ်ရမယ်။ သခင်လေးကလည်း တကယ့်ရတနာလက်စွပ်ကို မရမချင်း ရန်မစဖို့ အမိန့်ပေးထားတယ်...”

“ဘာမှမရှိဘူး ဟုတ်လား...”

လီယဲ့ဟုန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်လိုက်ရသည်။ သူမ ကျန်းချန်၏ လည်ပင်းကို ဆွဲညှစ်ပြီး

‘ရှင်က ဘာလို့ ဒီလောက်တောင် ယုတ်မာပြီး အရှက်မရှိရတာလဲ’

ဟု အော်ဟစ်လိုက်ချင်မိသည်။

လက်စွပ်ဗလာကြီးနဲ့ ကစားပွဲမှာ လာကစားတယ်...

မင်းက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့တောင်တန်ရဲ့လား...

သို့သော် သူမ ထိုသို့ထုတ်မပြောရဲပေ။ ပြောလိုက်ပါက လက်စွပ်ထဲမှာဘာရှိလဲဆိုတာကို သူမသိနေကြောင်း ဝန်ခံလိုက်သလိုဖြစ်သွားမည်ဖြစ်ပြီး ဒိုင်နှင့်ပူးပေါင်းလိမ်ညာနေသည်မှာ အတည်ဖြစ်သွားပေလိမ့်မည်။

“အစ်မလီ... ကျွန်တော်တို့သဘောတူညီချက်အရ ခန့်မှန်းတာမှားသွားတဲ့အတွက် အဆင့် ၇ ဝိညာဉ်ဓားတစ်လက်နဲ့ ပြန်လျော်ပေးရမယ်မဟုတ်လား...”

ကျန်းချန်မှာ အလွန်ဝမ်းသာနေသည်။ အဆင့် ၇ ဝိညာဉ်ဓားတစ်လက်ကို အလကားရလိုက်ပြီ မဟုတ်ပါလား။

ဖေးရှန်ဂိုဏ်းတွင် ယခုအချိန်၌ ကျိလင်းဟန်တွင်သာ အဆင့် ၉ ဝိညာဉ်ချပ်ဝတ်ရှိပြီး ကျန်သည်မှာ တွမ့်မူမိသားစုထံမှ သိမ်းဆည်းခဲ့သော အဆင့် ၇ သွေးပြောင်းလဲခြင်းဓားသာရှိသည်။

ကျန်သောဝိညာဉ်လက်နက်များမှာ အဆင့် ၇ သို့ မရောက်ကြသေးပေ။ ထို့ကြောင့် ဤအရာမှာ သူ့အတွက် အလွန်ဆွဲဆောင်မှုရှိနေသေးသည်။

သူက လက်ချောင်းများကိုပွတ်ကာ ပြုံးပြုံးကြီးလုပ်နေသည်ကိုမြင်သောအခါ လူတိုင်းမှာ အကြီးအကျယ် စိတ်ဓာတ်ကျသွားကြသည်။ ၎င်းမှာ အမှန်တကယ်ပင် ‘ကြက်ခိုးဖို့ ကြိုးစားရင်း ဆန်အိတ်ပါ ဆုံးရှုံး’ လိုက်ရခြင်းဖြစ်၏။

“ကျွန်မ... ကျွန်မမှာမရှိဘူး...”

လီယဲ့ဟုန် လိမ်နေခြင်းမဟုတ်ပါ။ သူမတွင် အဆင့် ၇ ဝိညာဉ်ဓားမရှိသောကြောင့်သာ စွန့်စားပြီး ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

“လျော်မပေးချင်ဘူးလို့ ပြောတာလား...”

ကျန်းချန်က သူ၏အပြုံးကိုရုပ်သိမ်းလိုက်သည်။

ဤမေးခွန်းကိုကြားလိုက်ရသောအခါ လီယဲ့ဟုန်၏မျက်နှာမှာ ဒေါသကြောင့်ဖြူဖျော့သွားပြီး ဤလူကို အရိုးထဲထိ မုန်းတီးသွားတော့သည်။

သူသည် လူကြီးလူကောင်းမဆန်လှဘဲ လူအများရှေ့တွင် အကြွေးသကဲ့သို့ အတင်းအကျပ် လာတောင်းနေသဖြင့် သူမ၏မျက်နှာမှာ လုံးဝပျက်ယွင်းသွား၏။

သူမသည် ချီချန်း၏အဖွဲ့ဝင်ဖြစ်သော်လည်း အစစ်အမှတ်ပည့်တစ်ယောက်ဖြစ်သဖြင့် အစေခံမဟုတ်ပေ။ အစီအစဉ်အရ ပူးပေါင်းပေးရုံသာဖြစ်ပြီး ဤကဲ့သို့ကြီးမားသောပမာဏ ပေးလျော်ရမည်ကို သူမလက်မခံနိုင်ပေ။

သူမ စိတ်ကိုတင်းလိုက်ပြီး အကြွေးကိုလုံးဝမပေးဘဲနေရန် ဆုံးဖြတ်လိုက်သည်

“ကျွန်မမှာ တကယ်မရှိတာပဲ... ယုံချင်ယုံ မယုံချင်နေ...”

အခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်တော့မည်ကို မြင်သောအခါ သူမ၏ ဂျူနီယာညီအစ်ကို မောင်နှမများကလည်း ကူပြောပေးလာကြသည်။

“ဂိုဏ်းချုပ်ကျန်းက တကယ်ပဲ ဒီလောက်တောင် တွက်ကပ်တတ်တာလား...”

“ဒါက ကစားနည်းတစ်ခုပဲလေ... ဒီလောက်အထိ အတည်ပေါက်ကြီးလုပ်နေဖို့မလိုဘူး မဟုတ်လား...”

“ဂိုဏ်းချုပ်ကျန်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် အဆင့် ၇ ဝိညာဉ်လက်နက်လောက်က ဘာမှ မဟုတ်ပါဘူး... ဘာလို့ အတင်းလုပ်နေတာလဲ...”

“ဒီခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်ဆီကနေ ပစ္စည်းတွေအတင်းလိုက်တောင်းနေတဲ့ လူတွေရှိသေးတာလား... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...”

“ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်ကလည်း ဖြစ်နေသေးတယ်...”

ကျန်းချန် ပြုံးလိုက်သည်။ ဤလူအုပ်စုသည် သူတို့၏ မူလစရိုက်မှန်ဆီသို့ စတင်ဦးတည်လာပြီဖြစ်ရာ တိုးတက်မှုရှိလာသည်ဟုဆိုရမည်။

“မင်းတို့အားလုံးက အဆင့် ၇ ဝိညာဉ်လက်နက်ကို ဘာမှမဟုတ်ဘူးလို့ထင်နေမှတော့... မင်းတို့ပဲ သူမကိုယ်စားလျော်ပေးလိုက်ကြပါလား...”

ခန်းမတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားသည်။

“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... မင်းတို့အားလုံးက အဆင့် ၇ ဝိညာဉ်လက်နက် တစ်ခုတောင် မထုတ်ပေးနိုင်ကြဘူးလား...”

“ပါယွန်းခန်းမက ရှုံးရင်မပေးချင်တဲ့လူတွေကိုပဲမွေးထားတာလား... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...”

အစ်ကိုကြီးချန်သည်လည်း ယင်နှင့်ယန် နယ်ပယ်၏ ဆရာတစ်ဆူဖြစ်နေသည် မဟုတ်ပါလား။

All Chapters