ထပ်လာဦးမှာလား...
Vol. 8 Ch. 72
လေထုမှာ အနေရခက်သွားပြီး လူတိုင်း၏မျက်နှာအမူအရာများမှာ အလွန်မနှစ်မြို့ဖွယ် ဖြစ်သွားသည်။ ဤလူစုမှာ ကောင်းကင်ဘုံ၏မျက်နှာသာပေးမှုကိုခံထားရသော ပါရမီရှင်များဖြစ်ကြရာ အခြားသူများကိုသာ လှောင်ပြောင်လေ့ရှိပြီး ယခုကဲ့သို့ ပြန်လည်လှောင်ပြောင်ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ထို့အပြင် သူတို့တွင် ပြန်လည်ချေပရန် စကားလုံးလည်းမရှိပေ။ အကယ်၍ သူတို့က အဆင့် ၇ ဝိညာဉ်လက်နက်တစ်ခုကို ထုတ်မပေးနိုင်လျှင် သို့မဟုတ် ကျန်းချန်ကို အလကားမပေးချင်လျှင် နှုတ်ပိတ်နေရုံသာရှိသည်။
“သူမအတွက် ငါလျော်ပေးမယ်...”
ဘေးဘက်ခန်းမထဲမှ ချီချန်း ထွက်လာသည်။ ဝံပုလွေကိုဖမ်းချင်လျှင် သားပေါက်ကိုစတေးရမည် မဟုတ်ပါလား။
ယခုအချိန်တွင် ကျန်းချန်၏ရတနာလက်စွပ်ကို မရရှိသေးသဖြင့် သူတို့အနေဖြင့် ရန်သူလိုဆက်ဆံပြီး လမ်းခွဲ၍မရသေးပေ။ ဤပြဇာတ်ကို ဆက်လက်ကပြရပေဦးမည်။
“သခင်လေး...”
“သခင်လေး... ဘာလို့လဲ...”
လီယဲ့ဟုန်မှာ အမှန်တကယ်ပေးလျော်ရန်မလိုအပ်ဟုခံစားနေရသဖြင့် မကျေမနပ်ဖြစ်နေဆဲပင်။ ချီချန်းက ပြုံး၍လက်ကာပြလိုက်သော်လည်း စိတ်ထဲတွင်မူ သူမကိုလည်ပင်းညှစ်သတ်ချင်နေမိသည်။
တောက်... မင်းကို အစီအစဉ်အတိုင်းပူးပေါင်းဖို့ပြောထားတာလေ၊ ဖျက်ဆီးဖို့ ပြောထားတာ မဟုတ်ဘူး...
သူက လက်စွပ်ကိုတစ်ချက်ပွတ်လိုက်ရာ အတွင်းမှ စိမ်းဖန့်ဖန့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ဝင်းခနဲဖြစ်သွားသည်။ ကြယ်တာရာအလင်းတန်းများဖြာထွက်နေသော သုံးပေခန့်ရှိ ရှေးဟောင်းဓားတစ်လက်မှာ လေထဲတွင်ဝဲပျံနေပြီး ၎င်းမှာ ထူးခြားဆန်းပြားသောပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာလှသည်။
“ဒီဓားရဲ့ အမည်က ဆီးနှင်းလေပြည်လို့ခေါ်တယ်၊ အဆင့် ၇ ဝိညာဉ်ဓားပါပဲ။ ဂိုဏ်းချုပ်ကျန်း ကျေနပ်ရဲ့လား...”
ထိုသို့ပြောနေသော်လည်း သူ၏ရင်ထဲတွင် သွေးစိမ်းရှင်ရှင်ထွက်နေသည်။ ဤဓားမှာ သူ၏ ခန်းမသခင်ဖခင်ကိုယ်တိုင် ချီးမြှင့်ထားသော အမြတ်နိုးဆုံးဓားဖြစ်၏။
သို့သော် သူသည် ကြီးမြတ်သောရည်မှန်းချက်နှင့် အမြော်အမြင်ရှိသူဖြစ်ရာ ပိုမိုကြီးမားသောအရာကို ရရှိရန်အတွက် အရင်းအနှီးလိုအပ်ကြောင်း နားလည်ထားသည်။
ကျန်းချန်မှာမူ အားနာနေမည် မဟုတ်ပေ။ ထိုအဆင့် ၇ ဝိညာဉ်ဓားကို မဆိုင်းမတွပင် လက်ခံလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ သတ်ဖြတ်လိုသောအကြည့်များကိုလည်း သူ လုံးဝ ဂရုမစိုက်ပေ။
“ဆက်မယ်... ဆက်မယ်... အခု ငါခန့်မှန်းရမယ့်အလှည့် ဟုတ်တယ်မလား...”
အမြတ်ထွက်သွားသဖြင့် သူသည် စိတ်ဓာတ်များတက်ကြွနေပြီး သူ၏ညာဘက်ရှိတပည့်ကို စိုက်ကြည့်လိုက်သည်။ ရှုရှင်းက ချီချန်းကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“မှန်ပါတယ် ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီးစပါ...”
ဤတစ်ကြိမ်တွင်မူ သူတို့မစိုးရိမ်ကြတော့ပေ။ ကြိုတင်သိရှိထားခြင်း သို့မဟုတ် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ တစ်ပါးသူ၏လက်စွပ်ထဲမှပစ္စည်းကိုခန့်မှန်းရန် အလွန်ခက်ခဲလှသည်။
အကယ်၍ ကျန်းချန်က အဆင့်မြင့်ပစ္စည်းကိုခန့်မှန်းပြီး မှားသွားပါက သူက ပြန်လျော်ပေးရမည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော့်လက်စွပ်ထဲမှာ အဆင့် ၇ ဝိညာဉ်ဓားတစ်လက် တကယ်ရှိနေတာ၊ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အဲဒီဓားရဲ့ ဂုဏ်သတ္တိကို ခန့်မှန်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်...”
ကျန်းချန်၏နောက်တွင်ရှိသော အတွင်းစည်းတပည့်ကျော် ကျိုးယွမ်ခိုင်က မထီမဲ့မြင်ပြုံးလျက် စိန်ခေါ်သလိုပြောလိုက်သည်။ စည်းကမ်းချက်အရ ပစ္စည်းအမည်ကို တိတိကျကျခန့်မှန်းရန်မလိုသော်လည်း ၎င်း၏ဂုဏ်သတ္တိကိုဖော်ပြရပေမည်။
ကျန်းချန် မှန်အောင်ခန့်မှန်းနိုင်မည်မဟုတ်ကြောင်း သူလုံးဝယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်စွပ်ထဲတွင် အဆင့် ၇ ဝိညာဉ်ဓား မရှိသောကြောင့်ဖြစ်၏။
ဤစကားမှာ လမ်းလွဲအောင်ပြောခြင်းသာ။ မည်သူမျှ ဝိညာဉ်စွမ်းအားဖြင့်မထိတွေ့ဘဲ စိတ်အာရုံတစ်ခုတည်းဖြင့် လက်စွပ်ထဲကိုတိုက်ရိုက်မမြင်နိုင်ပေ။
အကယ်၍ သူက အဆင့် ၇ ဝိညာဉ်ဓားရှိသည်ဟု ခန့်မှန်းလိုက်ပါက သေချာပေါက်မှားမည်ဖြစ်ပြီး သူ့ကို ပြန်လျော်ပေးရပေတော့မည်။
ဒီလူတွေက စိတ်ကစားနည်းတွေ ထပ်သုံးနေပြန်ပြီ၊ မမောကြဘူးလား... ငါ့ကို တကယ်ပဲ အတယ်လို့ထင်နေကြတာလား...
အစ်ကိုကြီးချန်သည်လည်း စိတ်အာရုံဖြင့် လက်စွပ်ထဲကိုတိုက်ရိုက်မမြင်နိုင်သည်မှာအမှန်ပင်၊ ထို့ကြောင့်... သူသည် သိမြင်မှုစွမ်းရည်ကို ပြတ်ပြတ်သားသား အသက်သွင်းလိုက်သည်။
သိမြင်မှုစွမ်းရည်တစ်ခါသုံးလျှင် အမှတ် ၁၀ မှတ်သာကုန်ကျသဖြင့် သုံးနိုင်သည်။
ထို့ကြောင့် ကျိုးယွမ်ခိုင်၏လက်စွပ်မှာ သူ၏ရှေ့တွင် အဝတ်အစားများချွတ်ထားခံရသကဲ့သို့ အထင်းသား ပေါ်လာတော့သည်။
အဆင့် ၅ သိုလှောင်လက်စွပ် - ရမှတ် ၁၀၀
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀,၃၅၇ တုံး - ရမှတ် ၁၀,၃၅၇
အဆင့် ၆ ဟင်းလင်းပြင်ဝိညာဉ်ဆေးလုံး ၈ ပုလင်း - ရမှတ် ၈၀၀
အဆင့် ၆ မီးဓာတ်ဝိညာဉ်ဓားနှစ်လက် - ရမှတ် ၂,၀၀၀
အဆင့် ၆ ရွှေကျောက်တုံးချပ်ဝတ် - ရမှတ် ၁,၀၀၀
အဆင့် ၇ မြကျောက်ပိုးထည်ချပ်ဝတ် - ရမှတ် ၁၀,၀၀၀
အခြားသော အသေးအဖွဲပစ္စည်းများကိုမူ စနစ်က ရမှတ်တွက်ပေးရန်ပင် ပျင်းနေပုံရသည်။
ပစ္စည်းတစ်ခုချင်းစီ၏အောက်တွင် အသေးစိတ်ဖော်ပြချက်များပါဝင်နေပြီး ဂုဏ်သတ္တိများသာမက လုပ်ဆောင်ချက်များနှင့် ထူးခြားချက်များကိုပါ ရှင်းလင်းစွာဖော်ပြထားသည်။
“ဂိုဏ်းချုပ်ကျန်း... အဆင့် ၇ ဝိညာဉ်ဓားရဲ့ ဘယ်လိုဂုဏ်သတ္တိမျိုးကို ခန့်မှန်းဖို့စဉ်းစားထားလဲ...”
“အကယ်၍ ရှုံးမှာကြောက်တယ်ဆိုရင်တော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးလို့ပဲ ခန့်မှန်းလိုက်ပါ၊ ဒါဆိုရင် အများကြီးဆုံးရှုံးမှာမဟုတ်တော့ဘူးလေ...”
ကျိုးယွမ်ခိုင်က သူ့ကိုဆွပေးရန် ဆက်လက်ကြိုးစားနေသည်။
မင်းဆီမှာ အဆင့် ၇ ဝိညာဉ်ဓား တစ်လက်မှမရှိဘဲနဲ့ ဟန်ဆောင်နေရတာမမောဘူးလား...
သို့သော် ဤကောင်၏လက်စွပ်ထဲတွင် အဆင့် ၇ ဝိညာဉ်ချပ်ဝတ်တစ်ခု ပါဝင်နေသည်မှာ အတော်လေး တန်ဖိုးရှိလှသည်။ ထို့ကြောင့် အစ်ကိုကြီးချန်က လူကောင်းတစ်ယောက်အဖြစ် ဆောင်ရွက်ပေးရန် ဆုံးဖြတ်လိုက်သည်။
“မင်းရဲ့လက်စွပ်ထဲမှာ အဆင့် ၇ မြကျောက်ပိုးထည်ချပ်ဝတ်တစ်ခု ရှိနေတယ်...”
သူသည် တစ်ကြိမ်လျှင်ပစ္စည်းတစ်ခုသာခန့်မှန်းနိုင်သည့်အတွက် အနည်းငယ်နှမြောမိ၏။ မဟုတ်လျှင် လက်စွပ်တစ်ခုလုံးပြောင်ရှင်းအောင် သိမ်းကျုံးယူပစ်လိုက်မည်ဖြစ်သည်။
“ဘာပြောလိုက်တာလဲ...”
ကျိုးယွမ်ခိုင်သည် မျက်နှာကို လက်သီးဖြင့်အထိုးခံလိုက်ရသကဲ့သို့ ထိုင်ရာမှ ဝုန်းခနဲထရပ်လိုက်သည်။
သူ့တွင် ဤဝိညာဉ်ချပ်ဝတ်ရှိနေသည်ကို ထိုလူက မည်သို့သိသနည်း။ ဤအဆင့် ၇ ဝိညာဉ်ချပ်ဝတ်မှာ သူ၏အသက်သွေးကြောဖြစ်သလို ယခုနှစ်အတွင်း အဆင့် ၃၀ အတွင်းဝင် အတွင်းစည်းတပည့် ဖြစ်လာစေမည့် သူ၏ဝှက်ဖဲလည်းဖြစ်သည်။
ဤဝတ်စုံကိုရရှိရန် သူ ဆယ်စုနှစ်ချီ၍ ကြိုးပမ်းခဲ့ရပြီး ကွယ်ရာတွင် မည်မျှရုန်းကန်ခဲ့ရသည်ကို မည်သူမျှမသိပေ။ ဤမျှ လွယ်လွယ်ကူကူဖြင့် မည်သို့အဆုံးရှုံးခံနိုင်မည်နည်း။
“မင်း လျှောက်ပြောနေတာပဲ၊ မြကျောက်ဝိညာဉ်ချပ်ဝတ်ဆိုတာ မရှိဘူး။ ပြီးတော့ မင်းက ဘယ်လို ဂုဏ်သတ္တိလဲဆိုတာလည်း မပြောဘူးလေ၊ ရမ်းခန့်မှန်းတာက အတည်မဖြစ်ဘူး...”
အစ်ကိုကြီးချန်က သူ့ကို ချောင်ပိတ်မိနေသော လူအတစ်ယောက်ကိုကြည့်သလို ကြည့်လိုက်သည်။
“ရေနဲ့ သစ်သား နှစ်မျိုးစပ်ဂုဏ်သတ္တိ”
သူက ဘယ်လိုလုပ် ဒီလောက်အထိ တိတိကျကျခန့်မှန်းနိုင်တာလဲ...
ကျိုးယွမ်ခိုင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ရူးမတတ်ဖြစ်ကာ စကားများပင် ထစ်ကုန်တော့သည်။
“မဟုတ်ဘူး... မင်းမှားနေတယ်... မင်း ငါ့ကို အဆင့် ၇ ဝိညာဉ်ချပ်ဝတ် တစ်ခုပြန်လျော်ပေးရမယ်... ဟားဟားဟား...”
“ဝတ်စုံရဲ့ကိုယ်ထည်မှာ အဆင့် ၆ နုပျိုခြင်းအစီအရင်၊ အဆင့် ၆ ဝိညာဉ်စုစည်းခြင်းအစီအရင်နဲ့ အဆင့် ၇ လှိုင်းပြာဝိညာဉ်ကာကွယ်ရေး အစီအရင်တွေလည်း ပါသေးတယ်လေ...”
အသေးစိတ်အချက်အလက်များပါ ထွက်ပေါ်လာသောအခါ ရောက်ရှိနေသူအားလုံးမှာ အံ့အားသင့်ကုန်ကြသည်။
ချီချန်းပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ကျန်းချန်သည် ပါယွန်းခန်းမအတွင်း၌ သူလျှိုများ ရှိနေသလားဟုပင် တိတ်တဆိတ် သံသယဝင်မိသွားသည်။
ကျန်းချန်က သူ့ကိုကြည့်ရန်ပျင်းနေသဖြင့် ရှုရှင်းကိုသာကြည့်လိုက်သည်။
“သူကကန့်ကွက်နေတယ်ဆိုတော့ ဒိုင်လူကြီးအနေနဲ့ တစ်ချက်လောက်စစ်ဆေးပေးဖို့ ဒုက္ခပေးရဦးမယ်...”
မင်းက ဒိုင်လုပ်ချင်လှတာမဟုတ်လား... ကဲ... အခုတော့ မင်းတို့လူအချင်းချင်း ပြန်ဖိနှိပ်ခိုင်းတာက ပိုမကောင်းဘူးလား...
“ဂျူနီယာညီလေးကျိုး... လက်စွပ်ကိုပေးလိုက်ပါ...”
ရှုရှင်းက မျက်နှာပျက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည်လည်း မိမိလူများ အကြီးအကျယ် ဆုံးရှုံးနစ်နာမည်ကို မလိုလားပေ။
သို့သော် ပြဿနာမှာ ကျန်းချန်နှင့် ယခုချက်ချင်း ရန်မစချင်လျှင် ဤပြဇာတ်ကိုဆက်ရပေမည်။ ဂိုဏ်းတွင်း ပြိုင်ပွဲတုန်းက ထိုအဆင့် ၇ ဝိညာဉ်ချပ်ဝတ်ကို သူ မြင်ဖူးသည်။
ကျန်းချန်၏ဖော်ပြချက်မှာ အလွန်တိကျနေသဖြင့် သူသည် သေချာပေါက် ကြိုတင်ပြင်ဆင်လာခြင်းဖြစ်ပေလိမ့်မည်။
ကျိုးယွမ်ခိုင်မှာ သူ၏အသက်သွေးကြောကို ထိုသို့အဆုံးရှုံးမခံနိုင်ပေ။ သူသည် သိုလှောင်လက်စွပ်ကိုဆွဲယူကာ ခန်းမအပြင်ဘက်သို့ ဦးတည်၍ ပျံထွက်သွားတော့သည်။
“ငါမပေးဘူး... မင်းတို့အားလုံးပေါင်းပြီး ငါ့ကိုလိမ်နေကြတာ... ဒါက ဟန်ဆောင်တာပဲလို့ ပြောခဲ့ကြတာလေ...”
ရွှီး...
ဓားအလင်းတန်းတစ်ခုသည် ပိုးထည်စကဲ့သို့ ခန်းမအတွင်း၌ ပေါက်ကွဲထွက်သွားသည်။ နောက်တစ်ခဏတွင် လူရိပ်တစ်ခုလဲကျသွားပြီး မည်သည့်အသံမျှထွက်မလာတော့ပေ။
ချီချန်းက သူ၏ဓားကို အမူအရာမပျက်ပြန်သိမ်းလိုက်ပြီး သူ၏ ရက်စက်သောအကြည့်များဖြင့် လူတိုင်းကိုဝေ့ကြည့်လိုက်သည်။
“သူ့လိုလုပ်မယ့်သူရှိရင် ဘယ်သူ့ကိုမဆို ညှာတာမှာမဟုတ်ဘူး...”
ကျိုးယွမ်ခိုင်က ထွက်ပြေးရုံတင်ဆိုလျှင် ကိစ္စမရှိသော်လည်း ထွက်ပြေးရင်း စကားများလွန်းသဖြင့် အစီအစဉ်ပေါက်ကြားတော့မည့် အခြေအနေဖြစ်သွားသည်။
ချီချန်းအတွက်မူ ၎င်းမှာ သစ္စာဖောက်ခြင်းပင်။ သူသည် သစ္စာဖောက်ကို သေချာပေါက် အသက်ရှင်လျှက်ချန်ထားမည်မဟုတ်ပေ။
ခန်းမအတွင်းရှိလူတိုင်းမှာ တိတ်ဆိတ်သွားပြီး စကားတစ်ခွန်းမျှပင် မပြောရဲကြတော့ပေ။ အတွင်းစည်း တပည့်ကျော်တစ်ယောက် အသတ်ခံရခြင်းမှာ ကြီးမားသောကိစ္စဖြစ်နိုင်သလို သေးငယ်သောကိစ္စလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေ ချီချန်းသည် ခန်းမသခင်၏သားဖြစ်ရာ စုံစမ်းစစ်ဆေးခံရလျှင်ပင် အသေးအဖွဲပြစ်ဒဏ်သာရပေလိမ့်မည်။ သို့သော် သူတို့သာ အသတ်ခံရလျှင် အသက်ဆုံးရှုံးရုံသာ ရှိသည်။
သူက လက်ကိုဆန့်ထုတ်လိုက်ရာ ကျိုးယွမ်ခိုင်၏လက်စွပ်မှာ လေထဲမှတစ်ဆင့် ချီချန်း၏လက်ထဲသို့ ပျံဝင်လာသည်။ အလင်းဖျော့ဖျော့ လင်းလက်သွားပြီးနောက် မြစိမ်းရောင်တောက်ပနေသော ဝိညာဉ်ချပ်ဝတ်တစ်ခု ပေါ်လာတော့သည်။
“ဂိုဏ်းချုပ်ကျန်း... ကျုပ်တို့ ပါယွန်းခန်းမက ရှုံးရင်ပေးနိုင်စွမ်းရှိပါတယ်...”
“ကောင်းတယ်... သခင်လေးချီက တကယ်ကို သဘောထားကြီးတာပဲ...”
အစ်ကိုကြီးချန်က လက်မထောင်ပြကာ ချီးကျူးလိုက်ပြီး ဝိညာဉ်ချပ်ဝတ်ကို ပြုံးပြုံးရွှင်ရွှင်နှင့် သိမ်းလိုက်သည်။ သူ ထပ်ပြီးအမြတ်ထွက်သွားပြန်ပြီ၊ ဒီခရီးက တကယ်ကိုတန်လှသည်။
“ဆက်မယ်... ဆက်မယ်... နောက်တစ်ချီကို မြန်မြန်စကြရအောင်...”
သူသည် စိတ်ဓာတ်များတက်ကြွနေပြီး အားလုံးကိုသိမ်းကျုံးယူရန် ရည်ရွယ်ထားသည်။ ကျိုးယွမ်ခိုင်မှာ ခုလေးတင် အသတ်ခံလိုက်ရသဖြင့် သူ၏နေရာတွင် အစားထိုးဝင်လာသော တပည့်မှာ ကြောက်လန့်တုန်ရီနေတော့သည်။ လီယဲ့ဟုန်မှာမူ စိတ်ဓာတ်ကျနေဆဲပင်။
ချီချန်းသည် လူအုပ်ကြီး၏ ငြင်းဆန်လိုသောအမူအရာများကို မြင်လိုက်ရသဖြင့် ဤကစားပွဲကို ဆက်လုပ်ပါက အချို့လူများ သူ၏အပေါ် သစ္စာပျက်ယွင်းသွားမည်ကို သိလိုက်သည်။ ကျန်းချန်၏ လက်စွပ်မှာ အလွတ်ဖြစ်နေသဖြင့် သူတို့ မည်သို့ပင်ကစားစေကာမူ သူကအမြဲတမ်းနိုင်နေမည်ဖြစ်ရာ ဆက်ကစားနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။
“ဂိုဏ်းချုပ်ကျန်း... အခမ်းအနားအတွက် ခန်းမမဆောင်ကြီးကို သွားဖို့အချိန်တန်ပြီ။ ဒီကစားနည်းလေးကို ဒီမှာတင်ရပ်လိုက်ကြရင်ဘယ်လိုလဲ...”
“အင်း... ကောင်းပါပြီ...”
အစ်ကိုကြီးချန်က အခြားလူများ၏ လက်စွပ်များကို တစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် သူ အားမရသေးပေ။