← Chapters

ပွဲကောင်းတစ်ပွဲ

Vol. 8 Ch. 74

ပွဲကောင်းတစ်ပွဲ

Vol. 8 Ch. 74

အထက်ကောင်းကင်ယံတွင် ပြာလဲ့လဲ့နတ်ဘုရားနန်းတော်ကြီးသည် လေထဲတွင်ဝဲပျံနေသော နန်းဆောင်တစ်ခုကဲ့သို့ အလွန်တရာလက်ရာမြောက်လှပြီး တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။

ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်လှသောဝိညာဉ်စွမ်းအားများသည် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်ဖိနှိပ်လာတော့သည်...

လူကိုယ်တိုင်ရောက်မလာသေးမီမှာပင် ရှေ့ဆက်ရမည့်လမ်းကြောင်းမှာ ပိတ်ဆို့ခြင်းခံလိုက်ရပြီဖြစ်သည်။ မဟာအကြီးအကဲရှုယွမ်ချန် လှုပ်ရှားလိုက်လေပြီ။

ဤလက်စွပ်သည် ချီချန်း၏လက်ထဲသို့ လုံးဝမရောက်ရှိစေရ။ သို့မဟုတ်ပါက လင်ယီအနေဖြင့် ချီချန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။

“ရှုယွမ်ချန်”

ချီချန်းက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“ခွေးအိုကြီး... ဘယ်လိုတောင် ရဲတင်းတာလဲ”

သူ၏အစီအစဉ် အောင်မြင်တော့မည်ဟု အပြည့်အဝမျှော်လင့်ထားခဲ့သော်လည်း ယခုကဲ့သို့ ပြိုင်ဘက်ပေါ်လာလိမ့်မည်ဟု သူ တကယ်မထင်မှတ်ထားခဲ့ပေ။ ရှုယွမ်ချန်သည် ကောင်းကင်ကံကြမ္မာအဆင့် ၄ တွင် ရှိနေသူဖြစ်ရာ ချီချန်းအနေဖြင့် သူနှင့်ယှဉ်နိုင်စွမ်းမရှိပေ။

သူသည် အလျင်အမြန်နောက်ဆုတ်ရန်သာ ကြိုးစားနိုင်သော်လည်း ထိုခဏမှာပင် လင်ယီဘက်တော်သားဖြစ်သော ကောင်းကင်ကံကြမ္မာအဆင့် အကြီးအကဲအချို့က ဘေးဖက်နှင့် နောက်ဖက်မှ စီးနင်းတိုက်ခိုက်လာကြသည်။

အကျပ်အတည်းထဲတွင် ချီချန်းသည် ဘာကိုမျှဂရုမစိုက်တော့ပေ။

“မင်းတို့ ငါ့ကို အတင်းဖိအားပေးတာပဲ”

သူသည် ချက်ချင်းဆုံးဖြတ်ချက်ချကာ လက်စွပ်ထဲတွင် ဘာရှိသလဲဆိုသည်ကို ဂရုမစိုက်တော့ဘဲ သူ၏စိတ်အာရုံဖြင့် အတင်းအကျပ်စူးစမ်းကာ အရာဝတ္ထုတစ်ခုကိုဆွဲထုတ်၍ ပစ်ပေါက်လိုက်တော့သည်...

“အားလုံးပဲ... ငရဲကို သွားကြစမ်း”

“ဟားဟားဟားဟား...”

အစိမ်းရောင်အလင်းများတောက်ပနေသော ကြက်ဥအရွယ်အစားရှိသည့် ရတနာတစ်ခုဖြင့် ပစ်ပေါက်လိုက်သည်ကိုမြင်သောအခါ ရှုယွမ်ချန်နှင့် အခြားအကြီးအကဲများမှာ ထိတ်လန့်လွန်းသဖြင့် ဝိညာဉ်ပင်လွင့်စင်မတတ် ဖြစ်သွားကြတော့သည်။

ကျန်းချန်၏လက်စွပ်ထဲတွင် အဆင့် ၉ ဝိညာဉ်အဆောင်များရှိနေကြောင်း သူတို့အားလုံး သိထား၏။ ဤအရာကို ပစ်ထုတ်လိုက်ခြင်းမှာ တာအိုနန်းတော်အဆင့်ရှိသူတစ်ဦး၏ အားအပြည့်ပါသော တိုက်ခိုက်မှုနှင့် ညီမျှပေသည်။

သူတို့သည် ကောင်းကင်ကံကြမ္မာအဆင့်တွင်ရှိနေကြသော်လည်း ၎င်းကိုတောင့်ခံနိုင်စွမ်းမရှိကြပေ။ အကယ်၍ ကံကောင်းထောက်မစွာ အသက်မသေခဲ့လျှင်ပင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရရှိပေလိမ့်မည်။

“ချီချန်း... မင်းတကယ်ရက်စက်တာပဲ”

ရှုယွမ်ချန်သည် ဆက်လက်၍ဝိုင်းရံမထားနိုင်တော့ဘဲ အပြင်သို့သာ အသည်းအသန် ထွက်ပြေးတော့သည်။ သူ၏နတ်ဘုရားနန်းတော်နှင့် ဝိညာဉ်ချပ်ဝတ်ကို အပြင်းအထန်နှိုးဆွကာ အစွမ်းထက်သောကာကွယ်ရေးတစ်ခုကို ဖန်တီးလိုက်ရ၏။

ချီချန်းက ဤမျှအထိပြတ်သားလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ ပါယွန်းခန်းမ၏ ဗဟိုချက်မတွင် ဤကဲ့သို့ထိန်းချုပ်မရသော အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်သည့်လက်နက်မျိုးကို အသုံးပြုရဲလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။

ဤတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်းတစ်သောင်းခန့် သူတို့နှင့်အတူ မြေမြုပ်ခံရမည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။

ထိုခဏတွင် ရင်ပြင်ရှိထိုင်ခုံများအားလုံး ပြိုလဲကုန်ကြပြီး သစ်သီးများနှင့် အစားအသောက်များမှာလည်း နေရာအနှံ့ပျံ့ကျဲသွားတော့သည်။ လေထုထဲတွင် အော်ဟစ်သံများ ပြည့်နှက်သွားပြီး မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။

ဂလောက်... ဂလောက်...

ကြက်ဥအရွယ်ရတနာကြီးသည် မြေပြင်ပေါ်သို့ကျရောက်သွားပြီးနောက် အကြိမ်အနည်းငယ်လိမ့်သွားကာ နှစ်ခါခန့်ခုန်ပြီးမှ ရပ်တန့်သွားသည်။ လူတိုင်းမှာ ကြောက်လန့်တုန်ရီနေကြသော်လည်း မျှော်လင့်ထားသကဲ့သို့ ကြီးမားသောပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့ပေ။

သေချာကြည့်လိုက်သောအခါ ၎င်းမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ဖြစ်နေတော့သည်။

ဒါက...

ရှုယွမ်ချန်နှင့် အခြားသူများမှာ မိုင်ပေါင်းများစွာဝေးသောနေရာသို့ပင် ထွက်ပြေးသွားကြပြီဖြစ်သည်။

နောက်ပြန်ကြည့်လိုက်သောအခါ သူတို့မှာ လုံးဝဆွံ့အသွားကြတော့သည်။ ဝိညာဉ်ကျောက်တုံးတစ်တုံးတည်းနှင့် သူတို့မှာ အသေအလဲကြောက်လန့်သွားခဲ့ရသည်လား။

ဟားဟားဟား...

အစ်ကိုကြီးချန် ဟားတိုက်ရယ်မောလေတော့သည်။

ဒီလူတွေဘာလုပ်နေကြတာလဲ...

လူတွေအများကြီးနဲ့ ဟာသကားရိုက်နေကြတာလား...

ဖျော်ဖြေရေးအစီအစဉ်လား...

ဒါကလည်း အခမ်းအနားရဲ့တစ်စိတ်တစ်ပိုင်းပဲလား...

အနည်းဆုံးတော့ လူတွေယုံကြည်အောင် ကိရိယာကောင်းကောင်းလေးသုံးပါဦး...

ဝိညာဉ်ကျောက်တုံးတစ်တုံးတည်းနဲ့တော့ နည်းနည်းတော့လွန်လွန်းတယ်မဟုတ်လား...

ချီချန်းသည်လည်း လုံးဝမိန်းမောသွားပြီး သူ၏ဘဝကိုပင် သံသယဝင်လာတော့သည်။ ၎င်းမှာ သူဖြစ်ချင်သော မြင်ကွင်းမဟုတ်ပေ။

အလျင်စလိုလုပ်မိသဖြင့် သူပစ္စည်းမှားကိုင်မိသွားသလော။ (အင်း...)

ဟုတ်တယ်... သေချာပေါက်မှားကိုင်မိတာပဲဖြစ်ရမယ်...

အခြေအနေကိုပြန်လည်ထိန်းသိမ်းရန်အတွက် အဆင့် ၉ ဝိညာဉ်အဆောင်တစ်ခုကိုရှာဖွေရန် သူ၏စိတ်အာရုံကို လက်စွပ်ထဲသို့ အလျင်အမြန်ထပ်မံစေလွှတ်လိုက်သည်။ သို့သော် သူ့တွင်အခွင့်အရေးမရှိတော့ပေ။

ခေတ္တမျှမှင်တက်သွားသော ထိုခဏမှာပင် လက်စွပ်ကိုင်ထားသော သူ၏ညာလက်မောင်းမှာ ဓားအလင်းတန်းတစ်ခု၏ခုတ်ပိုင်းမှုကြောင့် ပြတ်တောက်သွားတော့သည်။ ပြတ်ထွက်သွားသောလက်မှ လက်စွပ်သည်လည်း လွင့်ထွက်သွား၏။

မီးခိုးရောင်ဝတ်စုံဝတ် လူရိပ်တစ်ခုမှာ သူ၏ဘေးမှလျှောခနဲဖြတ်ကျော်သွားပြီး လက်စွပ်ကိုဖမ်းယူကာ ကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်သွားတော့သည်...

“လုကျန့်...”

“မင်းဘယ်လို‌တောင်လုပ်ရဲတာလဲ”

ညာလက်မောင်းပြတ်သွားသဖြင့် သွေးများထွက်နေသောချီချန်းသည် ဒေါသကြောင့် ရူးသွပ်မတတ်ဖြစ်နေပြီး သူ၏မျက်လုံးများမှာလည်း ပေါက်ထွက်တော့မတတ် နီမြန်းနေတော့သည်...

အရေးကြီးသောအချိန်တွင် သူ့ကို နောက်ကျောမှဓားဖြင့်ထိုးကာ လက်စွပ်ကိုလုယူသွားသူမှာ သူအယုံကြည်ရဆုံးသော လုကျန့်ဖြစ်နေ၏။

သို့သော် လုကျန့်ကမူ ချီချန်း၏ဒေါသကို ဂရုမစိုက်ပေ။ သူသည် ချီချန်း၏ထောက်ခံသူဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းမှာ အတိတ်ကသာ။

ထိုစဉ်က သူသည် ပါရမီကုန်ခမ်းနေသော ကောင်းကင်ကံကြမ္မာအဆင့် ၁ ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး ကောင်စီအကြီးအကဲများထဲတွင် အနိမ့်ဆုံးအဆင့်၌ရှိနေခဲ့သဖြင့် သူ၏ဘဝမှာ လမ်းဆုံးနေခဲ့ပြီဖြစ်သည်။

ချီချန်းကိုကူညီပြီး ထိုကောင်လေး ဂိုဏ်းချုပ်ဖြစ်လာခဲ့ပါက သူ၏အဆင့်အတန်း မြင့်မားလာပေလိမ့်မည်။ ၎င်းမှာ သူ၏ဘဝတွင် အကြီးမားဆုံးအလောင်းအစားတစ်ခုဖြစ်ခဲ့သည်။

ယခုမူ သူ၏ဘဝတွင် ဒုတိယမြောက်အကြီးမားဆုံးအလောင်းအစားကို စတင်လိုက်ပြီဖြစ်သည်။

ဤလက်စွပ်ကို... ဘာကြောင့် ချီချန်းအတွက်ပဲ ချန်ထားရမှာလဲ။ သူကိုယ်တိုင် ယူလိုက်လို့မရဘူးလား။

ဤအခွင့်အရေးကိုရရှိခြင်းမှာ ကံကြမ္မာကိုပြောင်းလဲရန် လုံလောက်သည်။ နောင်တွင် တာအိုနန်းတော်အဆင့်သို့ပင် တက်လှမ်းနိုင်ခြင်း ရှိ၊ မရှိ မည်သူသိနိုင်မည်နည်း။

သူသည် အဘယ်ကြောင့် အခြားသူများ၏အကျိုးအတွက် အလုပ်လုပ်ပေးနေရမည်နည်း။ အခြားသူများ၏လက်အောက်တွင်ဆက်နေရန် လိုအပ်ပါဦးမလား။

ဤနေရာတွင်ဆက်နေရန် ရည်ရွယ်ချက်မရှိပေ။ မဟာအကြီးအကဲနှင့် အခြားသူများ ကြောက်လန့်တကြား ထွက်ပြေးသွားကြချိန်တွင် ဝိုင်းရံထားမှု၌ ဟာကွက်တစ်ခုပေါ်လာခဲ့သည်။

သူသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ တောင်တံခါးထွက်ပေါက်သို့ တိုက်ရိုက်ဦးတည်လိုက်၏။ ခေတ္တမျှအထိ မည်သူမျှသတိမပြုမိဘဲ လိုက်လံဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

ဘုန်း

ဝေးကွာသောကောင်းကင်ယံထက်တွင် မီးလုံးကြီးတစ်ခု ရုတ်တရက်ပေါက်ကွဲသွားသည်။ ခရမ်း၊ မီးခိုး၊ အပြာနှင့် ပြာလဲ့လဲ့ အရောင် ၄ မျိုး ရောယှက်နေသော ကြီးမားလှသည့် နတ်ဘုရားနန်းတော်ကြီးသည် တိမ်တိုက်များအထက်မှဆင်းသက်လာပြီး လုကျန့်ကိုရိုက်ချလိုက်တော့သည်။

ကောင်းကင်ယံထက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသောလင်ယီသည် လက်စွပ်ကို မြှောက်ကိုင်ထားပြီး လောကသို့ဆင်းသက်လာသော နတ်သားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေသည်။ နောက်ဆုံးတော့ သူလည်းလှုပ်ရှားလေပြီ။ သူ၏ဝင်ရောက်စွက်ဖက်မှုမှာ အရေးကြီးဆုံးအချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“လင်ယီ...”

တစ်ချက်တည်းနှင့် ရိုက်ချခံလိုက်ရသော လုကျန့်၏မျက်နှာမှာ ခါးသီးလှသည်။ ဤလက်စွပ်သည် သူနှင့် မည်သည့်အခါမှ ထိုက်တန်တော့မည်မဟုတ်ကြောင်း သိလိုက်ရလေပြီ။

လင်ယီသည်လည်း ဤအခွင့်အရေးကိုမျက်စိကျနေမှန်း ကြိုသိခဲ့လျှင် ဤနွံထဲသို့ ခြေစုံပစ်ဝင်ခဲ့မည်မဟုတ်ပေ။

လက်တစ်ဖက်ဆုံးရှုံးသွားသောချီချန်းမှာမူ ရူးသွပ်နေသောသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ဤကဲ့သို့သောအဆုံးသတ်ကို သူလက်မခံနိုင်ပေ။

ကျန်းချန်၏အခွင့်အရေးကိုရရှိရန် သူမည်မျှကြိုးစားခဲ့ရသနည်း။ နောက်ဆုံးတွင် အခြားသူတစ်ဦး၏ လုယူခြင်းကိုခံလိုက်ရသလော။

သို့သော် သူပျံတက်လိုက်သည်နှင့် ပြန်လည်ရောက်ရှိလာသော ရှုယွမ်ချန်နှင့် အခြားသူများ၏တားဆီးခြင်းကို ခံလိုက်ရသည်။ သူသည် လင်ယီ၏အနားသို့ပင် မကပ်နိုင်ခဲ့ပေ။

“ချီချန်း... မင်းပေးတဲ့အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်”

လက်စွပ်ကိုရရှိသွားသောလင်ယီမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်တွင် ခန်းမသခင်ပင်လျှင် သူ၏ခြေဖဝါးအောက်ရောက်နေသကဲ့သို့ ခံစားနေရသည်။

ဤကြီးမားလှသောအခွင့်အရေးနှင့် သူ၏ပါရမီတို့ပေါင်းစပ်လိုက်ပါက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန်မလိုတော့ဟု သူ ခံစားရသည်။ သူ၏ တောက်ပမှုများမှာ ယခုအခါ အပြည့်အဝ ပွင့်လန်းလာတော့မည်...

နောက်တစ်ခဏတွင်မူ သူ၏အပြုံးများမှာ ရုတ်တရက် တောင့်ခဲသွားတော့သည်။

ဘုန်း

မီတာထောင်ချီထူထဲသော ကြီးမားလှသည့်အလင်းတိုင်ကြီးတစ်ခု မြေပြင်မှထိုးထွက်လာပြီး လျှပ်စီးကဲ့သို့မြန်ဆန်လှသောအရှိန်ဖြင့် ရောက်ရှိလာသည်။

လင်ယီမှာ ရှောင်တိမ်းရန်အချိန်မရလိုက်ဘဲ အောက်ဘက်မှတိုက်ရိုက်အပစ်ခံလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ အလင်းတိုင်ကြီး၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ပါယွန်းခန်းမ၏ ဂိုဏ်းစောင့်အစီအရင်ကို အသက်သွင်းလိုက်လေပြီ။

ပုံမှန်အားဖြင့် ဂိုဏ်းစောင့်အစီအရင်ကိုအသက်သွင်းလျှင်ပင် မိမိဂိုဏ်းသားများကို ပြန်လည်တိုက်ခိုက်လေ့မရှိပေ။ သို့သော် အရာရာတိုင်းတွင် ချွင်းချက်ရှိ၏။ ဥပမာအားဖြင့် အစီအရင်၏ဗဟိုချက်ကို လူကိုယ်တိုင်ထိန်းချုပ်နေလျှင်ဖြစ်သည်။

ပါယွန်းခန်းမတွင် ဤသို့လုပ်ဆောင်နိုင်သူ တစ်ဦးတည်းသာရှိသည်၊ ၎င်းမှာ ခန်းမသခင်ချီယွမ်ရှန်းပင်။

ဂိုဏ်းစောင့်အစီအရင်မှာ မည်မျှအရေးကြီးသနည်း။ ဂိုဏ်းချုပ်တစ်ဦးတည်းသာ ၎င်းကို တိုက်ရိုက်ထိန်းချုပ်နိုင်ခွင့်ရှိသည်။

ဤဖြစ်ရပ်များမှာ အလွန်ပင်လျင်မြန်လှသဖြင့် လူများစွာမှာ ဘာဖြစ်သွားမှန်းနားမလည်နိုင်မီ လင်ယီမှာ လဲကျသွားခဲ့ပြီဖြစ်သည်။

သူ၏ အဖြူရောင်ဝတ်စုံမှာ အစီအရင်၏တိုက်ခိုက်မှုကြောင့် အလွယ်တကူပျက်စီးသွား၏။ ပါယွန်းခန်းမ၏ ဂိုဏ်းစောင့်အစီအရင်မှာ တာအိုနန်းတော်အဆင့်ပညာရှင်တစ်ဦးကိုပင် ခေတ္တမျှ တားဆီးထားနိုင်သည်။

ထို့ကြောင့် ကောင်းကင်ကံကြမ္မာအဆင့် ၁ ရှိသူတစ်ဦးကိုတိုက်ခိုက်ရန် အသုံးပြုပါက မည်သို့သော အကျိုးဆက်ရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

လင်ယီသည် ထူးခြားသောပါရမီရှင်ဖြစ်ပြီး သာမန်ကောင်းကင်ကံကြမ္မာအဆင့် ၃ ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်းရှိသော်လည်း အစီအရင်၏ရှေ့တွင်မူ အချည်းနှီးသာ။ အကယ်၍ သူသာ အဆင့် ၈ ဝိညာဉ်ဝတ်စုံကို ဝတ်မထားလျှင်၊ ကောင်းကင်ကံကြမ္မာအဆင့် ၁ သို့ ရောက်မနေလျှင် သို့မဟုတ် သာမန်ထက်ထူးကဲသောခန္ဓာကိုယ်မရှိလျှင် ဤတိုက်ခိုက်မှုတစ်ချက်တည်းနှင့် ပြာဖြစ်သွားပေလိမ့်မည်။

သို့သော်ငြားလည်း သူသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ဝိညာဉ်ဝတ်စုံ၏ အပြင်ဘက်ရှိ အရေပြားများမှာ ပျက်စီးပျောက်ကွယ်သွား၏။

တစ်ကိုယ်လုံးမှာ သွေးများဖြင့်ရွှဲနစ်နေပြီး ထိတ်လန့်ဖွယ်ကောင်းလှကာ ယခင်ကခန့်ညားမှုများမှာ အစအနပင်မကျန်တော့ပေ။

ချီယွမ်ရှန်းမှာ သူ၏မူလနေရာတွင်မရှိတော့ဘဲ ပျက်စီးနေသောနေရာတစ်ခုပေါ်တွင်ရပ်နေကာ လက်စွပ်မှာလည်း သူ၏လက်ထဲသို့ရောက်ရှိနေပြီဖြစ်သည်။

သူ၏ခြေရင်းတွင် သေလုမျောပါးဖြစ်နေသောလင်ယီမှာ ခန္ဓာကိုယ်ကိုတွန့်လိမ်နေပြီး တုန်ရီနေသောလက်များဖြင့် ဆေးလုံးအချို့ထုတ်ယူကာ ပါးစပ်ထဲသို့ရမ်းသမ်းထိုးထည့်နေသော်လည်း သူ၏လည်ချောင်းမှ အဆက်မပြတ်ထွက်နေသောသွေးများကိုမူ မတားဆီးနိုင်ခဲ့ပေ။

သူ့ဘဝတွင် ဤမျှလောက်သနားစရာကောင်းပြီး စိတ်ပျက်ဖွယ်အခြေအနေမျိုး မကြုံခဲ့ဖူးချေ။

လုကျန့်ကိုရိုက်ချလိုက်ခြင်းမှာ သူ၏ဘဝတွင် အမြင့်မားဆုံးနှင့် အတောက်ပဆုံးအချိန်ဖြစ်ခဲ့သည်။ ဘဝ၏အနိမ့်အမြင့်အတက်အကျများမှာ ဤမျှမြန်ဆန်မည်ဟု မည်သူသိနိုင်မည်နည်း။

သူ အမြင့်ဆုံးပျံသန်းလိုက်သည့်ခဏမှာပင် ထာဝရငရဲသို့ ပစ်ချခံလိုက်ရခြင်းဖြစ်သည်။

လက်စွပ်ကိုကိုင်ထားသောချီယွမ်ရှန်းသည် သူ့ကိုတစ်ချက်ကလေးမျှလှည့်မကြည့်ပေ။ ဤလူမှာ သူ၏တပည့်တစ်ဦး မဟုတ်သကဲ့သို့ပင်။

“ပါယွန်းခန်းမမှာ ခန်းမသခင်တစ်ယောက်ရှိနေသေးတယ်ဆိုတာ မင်းတို့အားလုံးမေ့နေကြပြီလား”

All Chapters