← Chapters

တရားမျှတသောမင်းသားကြီး

Vol. 8 Ch. 75

တရားမျှတသောမင်းသားကြီး

Vol. 8 Ch. 75

သူ၏အကြည့်များသည် ကောင်စီအကြီးအကဲများနှင့် အစစ်အမှန်တပည့်များအားလုံးကို တစ်ဦးချင်းစီ ဝေ့ကြည့်သွားပြီးနောက် သူ၏သားဖြစ်သူ ချီချန်းထံသို့ရောက်ရှိသွားသည်။ သို့သော် ၎င်းမှာ ခဏတာမျှသာ။

ရှုယွမ်ချန်၊ လုကျန့်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ မည်းမှောင်နေကြသည်။ ချီယွမ်ရှန်း၏ ထိုစကားတစ်ခွန်းတည်းဖြင့် သူတို့အားလုံးနားလည်သွားကြ၏။

အမှန်ပင် ပါယွန်းခန်းမ၏ ခန်းမသခင်သည် အမည်ခံသက်သက်မဟုတ်ကြောင်း သူတို့မေ့လျော့နေခဲ့ကြသည်။

ချီချန်းတွင် သူ၏အဖွဲ့ရှိသည်၊ လင်ယီတွင်လည်း သူ၏နောက်လိုက်များရှိသည်၊ မဟာအကြီးအကဲနှင့် လုကျန့်တို့မှာလည်း အမြစ်တွယ်နေသောတပည့်များ အသီးသီးရှိကြသည်။

သို့သော် ဤပါယွန်းခန်းမတွင် ခန်းမသခင်ထက်ဩဇာညောင်းသူ မည်သူရှိနိုင်ပါသနည်း။ အပေါ်ယံတွင်ဖြစ်စေ၊ ကွယ်ရာတွင်ဖြစ်စေ ထိုကဲ့သို့သောသူမရှိပေ။

ချင်းလန်စီရင်စုတွင် ချီချန်းပြုလုပ်ခဲ့သော လှည့်ကွက်ငယ်လေးများကို သူမသိဘဲမနေပေ။

ဖေးရှန်ဂိုဏ်းသည် ထိုအချိန်ကတည်းက ခန်းမသခင်၏မျက်စိအောက်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်၏။ လင်ယီက ဆုလာဘ်ကို

ကြားဖြတ်လုယူရန် ကြိုးစားခြင်းမှာလည်း သူ၏အကြည့်အောက်မှ မလွတ်မြောက်ခဲ့ပေ။

အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းနေသော ဤမုဆိုးကြီးသည် တစ်ချိန်လုံးတည်ငြိမ်စွာဖြင့် အုပ်စုနှစ်စု၏အားပြိုင်မှုကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

သူ၏အမြင်တွင် ချီချန်းနှင့် လင်ယီတို့၏ အစီအမံများနှင့် လှည့်ကွက်များမှာ မျိုးဆက်သစ်လူငယ်များ၏ ကလေးကစားစရာများသာ။ လက်စွပ်မှာ နောက်ဆုံးတွင် သူ၏လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။

အစ်ကိုကြီးချန်မှာမူ သူရပ်နေသောနေရာမှာပင်ရပ်နေရင်း အခြေအနေကိုနားလည်သွားသော်လည်း တစ်ခုလုံးကိုပြန်ခြုံကြည့်လျှင်မူ အလွန်ထူးဆန်းနေသည်ဟု ခံစားနေရသည်။

ဘာတွေဖြစ်သွားတာလဲ...

ငါကဇာတ်လိုက်လို့ သဘောတူထားကြတာမဟုတ်ဘူးလား...

ဘာလို့ ငါ့ကိုသတ်ဖို့ ဘယ်သူမှမလာကြတာလဲ...

မင်းတို့အချင်းချင်း ဘာလို့ပြန်သတ်နေကြတာလဲ...

ဒီသိုလှောင်လက်စွပ်အတွက်နဲ့လား...

ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေနဲ့ အဝတ်အစားတွေပဲပါတဲ့ ဒီလက်စွပ်ကြောင့်လား...

ပါယွန်းခန်းမက တကယ်ပဲဒီလောက်အထိဆင်းရဲသလား...

ဒီလို သာမန်သိုလှောင်လက်စွပ်တစ်ကွင်းအတွက်နဲ့ အချင်းချင်းရန်ဖြစ်ကြတယ်၊ ဂိုဏ်းစောင့်အစီအရင်ကြီးကိုတောင် အသက်သွင်းပြီး အသေအလဲတိုက်ခိုက်ကြတယ်လား...

ဒီဂိုဏ်းက နှစ်ပေါင်းလေးသောင်းကျော်အောင် ဘယ်လိုများရပ်တည်လာနိုင်တာလဲ၊ အံ့ဩစရာပဲ...

ယခု သူသည် ဘာမှမလုပ်ဘဲရပ်နေရသဖြင့် ဇာတ်ပို့ပင်မဟုတ်တော့ဘဲ နောက်ခံမြင်ကွင်းတစ်ခုလို ဖြစ်နေသည်။ မည်သူမျှ သူ့ကိုဂရုမစိုက်ကြတော့သဖြင့် အနည်းငယ်အနေရခက်လှသည်။

ဖြောင်း... ဖြောင်း... ဖြောင်း

တိတ်ဆိတ်မှုအလယ်တွင် ပထမမင်းသားရှန်းပါး၏ လက်ခုပ်တီးသံမှာ နားဝင်မချိုလှပေ။

“မင်းသားကြီး... ဒါက ကျွန်ုပ်တို့ပါယွန်းခန်းမရဲ့ အတွင်းရေးပါ။ မင်းသားကြီးအနေနဲ့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

ချီယွမ်ရှန်း၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။ ဤကိစ္စကို ပထမမင်းသား သတိထားမိသွားမည်မှာ သူ ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။

“အတွင်းရေး ဟုတ်လား”

ရှန်းပါးသည် သူ၏ရှေ့တွင် ဝဲပျံနေသော်လည်း မျက်လုံးထောင့်မှ ကျန်းချန်ကိုလှမ်းကြည့်လိုက်သည်။

“ငါမှတ်မိတာမှန်ရင် ခင်ဗျားလက်ထဲကလက်စွပ်က ဂိုဏ်းချုပ်ကျန်းရဲ့ပိုင်ဆိုင်မှုမဟုတ်လား... ဘယ်လိုဖြစ်တာလဲ”

“ဘာကိုဆိုလိုတာလဲ”

ဤအချိန်တွင် ချီယွမ်ရှန်းသည် ပထမမင်းသားအား လေးစားဟန်ဆောင်ရန် မဖြစ်နိုင်တော့မှန်းသိသဖြင့် သူ၏လေသံမှာ အလိုအလျောက် အေးစက်သွားတော့သည်။ ရတနာတစ်ခု၏ရှေ့တွင် ကျန်သောအရာများမှာ ဒုတိယဦးစားပေးသာ။

“ဘာကိုဆိုလိုတာလဲ... ဟုတ်လား”

ရှန်းပါးက လက်တစ်ဖက်ကိုမြှောက်၍ ကျန်းချန်ကိုညွှန်ပြလိုက်သည်။ သူ၏လေသံမှာ တရားမျှတမှုအတွက် ဒေါသထွက်နေသယောင်ရှိ၏။

“ခင်ဗျားတို့လို ဂိုဏ်းကြီးတစ်ဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုရဲ့ဂိုဏ်းချုပ်ကို ဒီလိုအနိုင်ကျင့်လုယက်နေတာကို ငါမကြည့်ရက်လို့ပဲ”

ထိုသို့ညွှန်ပြခံလိုက်ရသောအခါ အစ်ကိုကြီးချန်မှာ အနည်းငယ်အားတက်သွားသည်။ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီလား။

ဒါပေမဲ့ သူငယ်ချင်းရာ... ငါ့ကို ဂိုဏ်းငယ်လေးရဲ့ ဂိုဏ်းချုပ်လို့ ခေါ်တာက နည်းနည်းတော့ နှိမ်လွန်းရာ မရောက်ဘူးလား

“ငါသာမမြင်ခဲ့ရင်တော့တစ်မျိုးပေါ့၊ ဒါပေမဲ့ မြင်လိုက်ရတဲ့အတွက်ကြောင့် ဘာမှမဖြစ်သလို ငါမနေနိုင်ဘူး”

သူ၏စကားလုံးများမှာ ဟိန်းထွက်နေပြီး အံ့ဩဖွယ်ကောင်းသော တရားမျှတမှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ်မြင်လိုက်ရပါက သူသည် တရားဥပဒေစိုးမိုးရေးအတွက်ရောက်ရှိလာသူဟု အမှန်ပင်ထင်မိပေလိမ့်မည်။

သို့သော် ရောက်ရှိနေသူများမှာ ကျင့်ကြံခြင်းလောကသို့ အခုမှဝင်ရောက်လာသော အတွေ့အကြုံမရှိသူများမဟုတ်ကြရာ ဤစကားလှလှလေးများဖြင့် အရူးလုပ်၍မရပေ။

ချီယွမ်ရှန်းက အေးစက်စွာရယ်မောလိုက်သည်။

“ဟက်... ရှန်းပါး... မင်းက လက်စွပ်ကို လုချင်ရင်လည်း လုချင်တယ်လို့ပဲပြောစမ်းပါ။ ဘာလို့ ဒီလိုအကြောင်းပြချက်ကောင်းတွေ ရှာနေမှာလဲ”

သူက ငါ့ကို သုံးနှစ်သားလို့ထင်နေတာလား။ လုချင်ရက်နဲ့ ဂုဏ်သိက္ခာရှိတဲ့ အကြောင်းပြချက် ရှာနေတာက ပြည့်တန်ဆာလုပ်ချင်ရက်နဲ့ လှောင်ပြောင်ခံရမှာကြောက်နေသလိုပဲ။

“မင်းကတော့ လက်လွှဲပေးမယ့်ပုံ မပေါ်ဘူးပေါ့”

ရှန်းပါးပြောလိုက်သည်နှင့် သူ၏ကောင်းကင်ကံကြမ္မာအဆင့် ကိုယ်ရံတော် ၄ ဦးမှာ အရပ်လေးမျက်နှာမှ နေရာယူလိုက်ကြပြီး ချီယွမ်ရှန်း၏ထွက်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။

ထိုအတောအတွင်း ပါယွန်းခန်းမ၏အကြီးအကဲများမှာ ဝေခွဲမရဖြစ်နေကြဆဲ။ သူတို့က ချီယွမ်ရှန်းကိုမထောက်ခံချင်၍မဟုတ်ဘဲ ရန်သူ၏အင်အားက ကြီးမားလွန်းနေသောကြောင့်ဖြစ်သည်။

ပထမမင်းသား၏လက်အောက်ရှိ ကိုယ်ရံတော် ၄ ဦးထဲတွင် အားအနည်းဆုံးသူမှာပင် ကောင်းကင်ကံကြမ္မာအဆင့် ၆ ၌ရှိနေပြီး ဤနေရာရှိမည်သူ့ထက်မဆို ပို၍အစွမ်းထက်သည်။ တကယ်တမ်းတိုက်ခိုက်ကြလျှင် အကျိုးဆက်မှာ ခန့်မှန်း၍မရနိုင်ပေ။

“...ဒါက ပါယွန်းခန်းမဆိုတာကို...”

“မင်း မေ့နေပုံရတယ်...”

ချီယွမ်ရှန်းက ခပ်တိုးတိုးရယ်မောလိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် ကြည်လင်သော ဝိညာဉ်သလင်းကျောက်တစ်ခုမှာ ဖြည်းညှင်းစွာလည်ပတ်နေ၏။ ၎င်းမှာ ဂိုဏ်းစောင့်အစီအရင်ကြီးကို ထိန်းချုပ်သည့် ဗဟိုချက်မဖြစ်သည်။

သူသာ ဂိုဏ်းစောင့်အစီအရင်ကြီးကိုအသက်သွင်းလိုက်ပါက... ပထမမင်းသား၏အဖွဲ့မှာ အမှန်တကယ်ဒုက္ခရောက်ပေလိမ့်မည်။ မည်မျှအစွမ်းထက်စေကာမူ သူတို့သည် ကောင်းကင်ကံကြမ္မာအဆင့်မှာပင် ရှိနေသေးသည် မဟုတ်ပါလား။

“ချီယွမ်ရှန်း... မင်း လုပ်ရဲရင်လုပ်ကြည့်လိုက်လေ”

ရှန်းပါး၏လေသံမှာ ရုတ်တရက်စူးရှသွား၏။ ၎င်းမှာ သူ၏ကိုယ်ရံတော်များကို ချက်ချင်းတိုက်ခိုက်ရန် အမိန့်မပေးရသည့် အကြောင်းရင်းလည်းဖြစ်သည်။

ဤနေရာမှာ ပါယွန်းခန်းမဖြစ်သဖြင့် ချီယွမ်ရှန်း၏အိမ်ကွင်းအားသာချက်မှာ အလွန်ပင်ကြီးမားလှသည်။

သူသာ လက်စွပ်အကြောင်းကိုစောစောသိခဲ့ပြီး ပြင်ဆင်ချိန်ရခဲ့လျှင် အခွင့်အရေး ရှိနိုင်ကောင်းရှိပေလိမ့်မည်။

သို့သော် သတင်းရရှိမှုနောက်ကျခဲ့သဖြင့် ယခုအခါ သူ၏အဆင့်အတန်းကိုသုံး၍ ဖိအားပေးရန်သာ ရှိတော့သည်။

“ချီယွမ်ရှန်း... ငါ့ရဲ့ချန်ရှင်းအင်ပါယာကို တာအိုနန်းတော်အဆင့် အရှင်သခင်တွေက စောင့်ရှောက်နေတယ်ဆိုတာ မင်းသိသင့်တယ်”

“ဒီလက်စွပ်ထဲမှာ အဆင့် ၉ ဝိညာဉ်လက်နက်ကိုကျော်လွန်တဲ့ တုနှိုင်းမဲ့ရတနာတစ်ခု မပါဝင်ဘူးဆိုရင်တော့ အဲဒါကိုလက်လွှဲပေးတာက အကောင်းဆုံးရွေးချယ်မှုပဲဖြစ်လိမ့်မယ်”

အဆင့် ၉ ဝိညာဉ်အဆောင်တစ်ခုမှာ တာအိုနန်းတော်အဆင့်ရှိသူတစ်ဦး၏ အားအပြည့်ပါသော တိုက်ခိုက်မှုနှင့်ညီမျှသော်လည်း နောက်ဆုံးတွင်မူ စစ်မှန်သောတာအိုနန်းတော်အဆင့် ပညာရှင်တစ်ဦးကို မယှဉ်နိုင်ပေ။

“ရှန်းပါး... ငါတကယ်မလုပ်ရဲဘူးလို့ မင်းထင်နေတာလား”

ချီယွမ်ရှန်းမှာ ရွေးချယ်စရာနှစ်ခုရှိနေသည်။

၁- လက်စွပ်ကို လွှဲပေးရန်။

၂- အစီအရင်ကိုသုံး၍ ပထမမင်းသား၏ အုပ်စုတစ်ခုလုံးကို ဤနေရာမှာတင်သတ်ပစ်ရန်။

သူသေချာပေါက် လက်လွှဲမပေးချင်ပေ။ သို့သော် ဒုတိယရွေးချယ်မှုတွင် ကြီးမားသောဟာကွက်တစ်ခု ရှိနေသည်။

၎င်းမှာ ဤနေရာတွင် လူအများအပြားရှိနေခြင်းပင်။ ရောက်ရှိနေသူအားလုံးကို နှုတ်မပိတ်နိုင်ပါက ဤသတင်းမှာ ချန်ရှင်းအင်ပါယာသို့ ရောက်ရှိသွားမည်ဖြစ်ပြီး တာအိုနန်းတော်အဆင့်များ ရောက်လာကြပေလိမ့်မည်...

အကယ်၍ ဤလက်စွပ်ထဲတွင် ဝိညာဉ်လက်နက်ထက်သာလွန်သော ရတနာတစ်ခုသာ ပါဝင်နေမည်ဆိုပါက သူသည် အရာအားလုံးကိုရင်း၍ စွန့်စားရပေမည်။

ပါယွန်းခန်းမ၏အခြေခံအုတ်မြစ်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ဝန်လေးမည်မဟုတ်...

ဤတင်းမာမှုများကြားတွင် သူသည်မျှော်လင့်ချက်အပြည့်ဖြင့် ဝိညာဉ်စွမ်းအားကိုသုံး၍ လက်စွပ်၏ကန့်သတ်ချက်ကို ဖောက်ထွင်းကာ အတွင်းမှ ရတနာများကို စစ်ဆေးလိုက်သည်။ နောက်တစ်ခဏတွင် သူ၏မျက်နှာအမူအရာမှာ အလွန်ပင်ထူးဆန်းသွားတော့သည်။

အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်း၊ ဝေခွဲမရဖြစ်ခြင်းနှင့် ဆွံ့အခြင်း...

ဘဝ၏ အနိမ့်အမြင့်များမှာ တကယ်ကို ရင်ခုန်စရာ ကောင်းလှသည်၊ သူ၏ တစ်သက်တာတွင် ဤမျှလောက် ပြင်းထန်သော စိတ်လှုပ်ရှားမှုကို မကြုံခဲ့ဖူးဟု သူခံစားလိုက်ရသည်။

လက်စွပ်အတွင်း၌ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ အဆင့် ၅ ဆေးလုံးပုလင်း ၅၀ နှင့် အဝတ်အစားအနည်းငယ်သာရှိသည်။

အဆင့် ၉ ဝိညာဉ်အဆောင်... မရှိ၊ အဆင့် ၉ ဝိညာဉ်လက်နက်... မရှိ၊ တောက်ပသော ရှားပါးရတနာများလည်း... လုံးဝမရှိ။

ဤအနည်းအကျဉ်းသောပစ္စည်းများမှာ သူ့ကိုယ်ပိုင်ပိုင်ဆိုင်မှု၏ တစ်ရာခိုင်နှုန်းပင်မရှိပေ။ သူသည် ဤအရာအတွက်ကြောင့် အစီအရင်ကိုအသက်သွင်းခဲ့သည်လော။

သားဖြစ်သူ၏ လက်တစ်ဖက်ပြတ်တောက်သွားသည်ကို ကြည့်နေခဲ့မိသလော...

ဂိုဏ်း၏အတော်ဆုံး အစစ်အမှန်တပည့်ကို အစီအရင်ဖြင့်သတ်ခဲ့သည်လော...

ထို့အပြင် ပထမမင်းသားနှင့်ပါ ရန်သူဖြစ်ခဲ့သည်လော...

သူသည် အဝေးတွင်ရှိသည့်ကျန်းချန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ ငရဲမီးကဲ့သို့တောက်လောင်နေပြီး ထိန်းချုပ်မရသောဒေါသများဖြင့် ပြည့်နှက်နေတော့သည်...

ငါ အလိမ်ခံလိုက်ရပြီ...

ဤစဉ်းလဲပြီး ကောက်ကျစ်သောကောင်လေးသည် လက်စွပ်အတုကိုသုံး၍ သူ့ကိုမြှူဆွယ်ခဲ့ပြီး လူတိုင်းကိုအရူးလုပ်ခဲ့ခြင်းဖြစ်သည်။ လက်စွပ်အတုတစ်ကွင်းတည်းနှင့် ပါယွန်းခန်းမကို ပြည်တွင်းစစ်ဖြစ်အောင်လုပ်ခဲ့သည်...

အမှန်တကယ်ကို ရက်စက်လွန်း၏

“မင်း... အော့နှလုံးနာစရာသူခိုးလေး”

အစ်ကိုကြီးချန်မှာ ကျောက်တုံးကိုပင်အရည်ပျော်စေနိုင်သည့် ထိုဒေါသတကြီးအကြည့်ကို ခံစားမိသောအခါ သူကိုယ်သူ တကယ်ကိုအပြစ်ကင်းစင်သူဟု ခံစားလိုက်ရသည်။

“လူကြီးမင်း... ကျွန်တော့်ကို နောက်နေတာလား... ခင်ဗျားက ကျွန်တော့်လက်စွပ်ကိုလုပြီးတော့ အခုကျတော့ ခင်ဗျားအဖေကိုသတ်တဲ့သူလိုမျိုး ဘာလို့လာကြည့်နေရတာလဲ”

“အဲဒါက နည်းနည်းတော့ ယုတ္တိမရှိဘူး မဟုတ်ဘူးလား”

ငါ ဘာမှတောင်မလုပ်ရသေးဘူးလေ

“ချီယွမ်ရှန်း... ငါ မင်းကို သေချာစဉ်းစားဖို့ အကြံပေးချင်တယ်...”

ရှန်းပါးမှာမူ လက်စွပ်ထဲတွင် ရတနာများမရှိကြောင်း မသိသေးပေ၊ သူ၏ အဆင့်အတန်းကို သုံး၍ ဖိအားပေးရန်သာ စဉ်းစားနေဆဲဖြစ်သည်။

ချီယွမ်ရှန်းက လူတိုင်းကိုသတ်ရန် အစီအရင်ကိုအသက်သွင်းမည်လား မသေချာသဖြင့် တာအိုနန်းတော်အဆင့်၏ဂုဏ်သိက္ခာကိုသုံး၍ နှိမ်ထားရန်သာ သူကြိုးစားနေခြင်းဖြစ်သည်။

“ဟင်း...”

ချီယွမ်ရှန်းသည် ရုတ်တရက် အသက်ရာချီအိုမင်းသွားသကဲ့သို့ ဖြစ်သွားသည်။

“မင်း လိုချင်တယ်ဆိုရင်လည်း ယူလိုက်တော့။”

ရောက်ရှိနေသူအားလုံး၏ အံ့ဩခြင်း၊ မနာလိုခြင်းနှင့် ကံစမ်းလိုခြင်း အကြည့်များကြားတွင် သူသည် လက်စွပ်ကို ရှန်းပါးထံသို့ ပစ်ပေးလိုက်တော့သည်။

All Chapters