← Chapters

မိုးပြာနဂါးသွေးအဆီအနှစ်

Vol. 8 Ch. 79

မိုးပြာနဂါးသွေးအဆီအနှစ်

Vol. 8 Ch. 79

ရှန်းပါးနှင့် အခြားသူများ အုတ်အော်သောင်းနင်းဖြစ်သွားသည်ကို အပြစ်တင်၍မရနိုင်ပေ...

ဤလောကတွင် ကိုယ်ပျောက်ခြင်းကဲ့သို့နတ်ဘုရားပညာရပ်ရှိလိမ့်မည်ဟု သူတို့ မခန့်မှန်းနိုင်ပေ...

ခန့်မှန်းနိုင်ခဲ့လျှင်ပင် ထိုသို့သောပညာရပ်ကို ကြွားလုံးထုတ်ရန်အတွက် အသုံးပြုလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း...

ဤမျှအဖိုးတန်သော ကိုယ်ပျောက်အတတ်ကို အခြားသူသာဆိုလျှင် အရေးကြီးသော အခိုက်အတန့်များတွင်သာ သေချာပေါက်အသုံးပြုမည်ဖြစ်သည်...

ဥပမာအားဖြင့် တိတ်တဆိတ်တိုက်ခိုက်ခြင်း၊ အငိုက်ဖမ်း၍ တိုက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ခြင်း သို့မဟုတ် အကျပ်အတည်းမှ တိတ်တဆိတ်ထွက်ပြေးခြင်း...

ကံမကောင်းစွာဖြင့် အစ်ကိုကြီးချန်၏ရည်မှန်းချက်မှာ ထိုသူများနှင့်မတူပေ...

ထို့အပြင် ဤပညာရပ်၏ ကြွားလုံးထုတ်မှု အာနိသင်မှာလည်း အမှန်တကယ်အံ့ဩဖွယ်ကောင်းလှသည်...

ရှန်းပါးမှာ မှင်တက်သွားပြီး ခဏတာမျှ ထပ်မံမတိုက်ခိုက်ရဲတော့ပေ...

သို့သော် ချီယွမ်ရှန်းက တုံ့ပြန်မှုအမြန်ဆုံးဖြစ်ပြီး ဂိုဏ်းစောင့်အစီအရင်ကို တိုက်ရိုက်အသက်သွင်းလိုက်သည်...

သို့သော် အချိန်နှောင်းသွားလေပြီ...

အစီအရင်သည် မျှော်လင့်ထားသလို တိုက်ခိုက်ခြင်းမပြုဘဲ ကောင်းကင်ယံမှတုံ့ပြန်မှုကြောင့် တောက်ပသောအနီရောင်သို့ ပြောင်းလဲသွားသည်...

နီရဲနေသောတိမ်တိုက်များမှာ ပိုမိုထင်ရှားလာပြီး ရောက်ရှိနေသူအများအပြားမှာ အခြားအရောင်များကိုပင် ခွဲခြား၍မရတော့ပေ...

"ဒါကဘာလဲ..."

"အစီအရင်က အလိုအလျောက်ပြောင်းလဲသွားတာလား..."

လူအများစုမှာ ဇဝေဇဝါဖြစ်နေကြသော်လည်း ပါယွန်းခန်းမ၏ အဆင့်မြင့်အကြီးအကဲများမှာမူ ဤသည်မှာ သေချာပေါက်ပုံမှန်မဟုတ်ကြောင်း သိကြသည်...

"ဒါ မင်းလုပ်တာလား..."

"မင်း ဘာလုပ်လိုက်တာလဲ..."

အစီအရင်၏ အဓိကထိန်းချုပ်မှုကို လက်ဝယ်ရှိထားသော ချီယွမ်ရှန်းသည် ကျန်းချန်ကိုစိုက်ကြည့်ကာ ပြင်းထန်စွာ မေးခွန်းထုတ်လိုက်သည်...

အာ... ကြွားလုံးထုတ်မည့်အစီအစဉ် ရောက်လာပြီလား...

ကြည့်ရတာ အာနိသင်က မဆိုးဘူးပဲ...

သွေးအဆီအနှစ်တစ်စက်တည်းနဲ့တင် ဒီလောက်ခမ်းနားတဲ့မြင်ကွင်းမျိုး ဖြစ်စေနိုင်တာလား...

သူသည် ခန့်ညားစွာရပ်တန့်လိုက်ပြီး ခေါင်းကိုမော့ကာ ဂုဏ်ယူစွာကြေညာလိုက်သည်...

"ငါက ကောင်းကင်ဘုံကိုယ်စား တရားစီရင်တာပဲ..."

"မင်းကလား..."

ရှန်းပါးမှာ နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ ကိုယ်ရံတော် ၄ ဦးနှင့်အတူ ထပ်မံပြေးဝင်လာသည်...

ပါယွန်းခန်းမ၏ အဆင့်မြင့်လူစုဖြစ်သော ချီယွမ်ရှန်းနှင့် ရှုယွမ်ချန်တို့မှာလည်း ငြိမ်ခံနေမည်မဟုတ်ပေ၊ ဤနီရဲနေသောတိမ်တိုက်မှာ သိသိသာသာပင် ပုံမှန်မဟုတ်လှပေ...

လက်ရှိအရေးကြီးဆုံးကိစ္စမှာ ဤကောင်လေးကို အရင်ဆုံးရှင်းပစ်ရန်ပင်...

သို့သော် မကြာမီမှာပင် လူတိုင်း၏ မက်နှာအမူအရာမှာ ထိတ်လန့်မှုသို့ပြောင်းလဲသွားသည်...

သူတို့၏နတ်ဘုရားနန်းတော်ကို ဆင့်ခေါ်၍မရတော့ကြောင်း သတိပြုမိသွားကြသည်...

၎င်းသည် အားဟွမ်က ဝိညာဉ်စွမ်းအားကိုစုပ်ယူလိုက်သည်နှင့်မတူပေ... သူတို့၏ ဝိညာဉ်စွမ်းအားမှာ ရှိနေဆဲဖြစ်ပြီး ဝိညာဉ်များမှာလည်း အပိတ်ခံထားရခြင်းမရှိ... ပါယွန်းခန်းမပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီသိပ်သည်းဆမှာလည်း ပုံမှန်ပင်ဖြစ်သည်...

သို့သော်လည်း သူတို့သည် နတ်ဘုရားနန်းတော်ကို အသုံးပြု၍မရနိုင်... နတ်ဘုရားနန်းတော်သာမက အခြားသော နတ်ဘုရားလျှို့ဝှက်ပညာရပ်များကိုလည်း အသုံးပြု၍မရတော့ပေ...

ဤနေရာရှိ ကျင့်ကြံသူများမှာ ရှေးဟောင်းမိုးပြာနဂါး၏ အဆင့်အတန်းနှင့်ယှဉ်လျှင် အလွန်ပင် နိမ့်ပါးလွန်းလှသည်... တောင်ကြီးနှင့် ဖုန်မှုန့်ကို နှိုင်းယှဉ်သည်ထက်ပင် ပို၍ကွာခြားလှသည်...

သွေးအဆီအနှစ်တစ်စက်တည်းကပင် ရှန်းပါးနှင့် ချီချန်းတို့ကဲ့သို့သော အဆင့်အတန်းရှိသူများ တောင့်ခံနိုင်သည့်အရာမဟုတ်... သွေးအဆီအနှစ်မှာ မြေပြင်သို့ မသက်ဆင်းသေးသော်လည်း သူတို့ကို ပြင်းထန်စွာဖိနှိပ်ထားပြီးဖြစ်သည်...

ဝိညာဉ်၏အနက်ရှိုင်းဆုံးဆီမှ တုန်ခါမှုကြောင့် သူတို့၏ကိုယ်ပိုင်အစွမ်းများကို ချောမွေ့စွာအသုံးမချနိုင်တော့ပေ...

ရှန်းပါး၊ ချီယွမ်ရှန်းနှင့် အခြားသော အစွမ်းထက်သူများမှာ အကြောများဖောင်းကားလာပြီး ၎င်းကိုဆန့်ကျင်ရန် အော်ဟစ်လိုက်ကြသည်...

သူတို့သည် အရှုံးမပေးချင်ကြသလို အစေခံလည်းမလုပ်လိုကြပေ... ဝိညာဉ်စွမ်းအားများမှာ ထိန်းချုပ်မရဘဲ ပေါက်ကွဲထွက်လာပြီး မြေပြင်တွင် ကြီးမားသောကျင်းကြီးများကို ဖြစ်ပေါ်စေသည်...

ဤခဏတွင် သွေးအဆီအနှစ်မှာ ပါယွန်းခန်းမထက်သို့ တရားဝင်သက်ဆင်းလာတော့သည်...

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှာ ဖိနှိပ်ခံရပြီး နေရာလွဲကုန်သည်၊ ဝိညာဉ်ချီရပ်တန့်သွားပြီး မည်သူမျှခေါင်းမမော့နိုင်ကြတော့ပေ...

မိုးပြာနဂါး၏အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ်တစ်ခုလုံးကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်းရှိ၏... ရောက်ရှိနေသော ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူများမှာ ဆက်လက်မခုခံနိုင်တော့ဘဲ လဲကျကုန်ကြသည်...

ကောင်းကင်ကံကြမ္မာအဆင့်အောက်ရှိသူများမှာမူ ပို၍ပင်ဆိုးရွားလှသည်၊ အများအပြားမှာ ထိုနေရာမှာပင် သွေးအန်ကုန်ကြပြီး ပြင်းထန်သောဖိအားကြောင့် သူတို့၏သွေးကြောများနှင့် အကြောများ ပေါက်ထွက်ကုန်ကြသည်...

"အား..."

"မလုပ်ပါနဲ့..."

ပထမဆုံးသေဆုံးသူများမှာ မူလဖြစ်တည်ခြင်းအဆင့်မှ တပည့်များဖြစ်သည်... သူတို့ မသေဆုံးမီမှာ နာကျင်မှုကို သိပ်မခံစားလိုက်ရပေ...

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ရှေ့တွင် အလောင်းတောင်ပုံ သွေးပင်လယ်ပြင် မြင်ကွင်းကြီးပေါ်လာပြီး ရှေးဟောင်းမိစ္ဆာများစွာကျရှုံးနေသည့် ဝေဝေဝါးဝါးပုံရိပ်များကို မြင်လိုက်ရသည်...

ထိုသွေးအဆီအနှစ်တစ်စက်ထဲတွင်ပါရှိသောအလိုဆန္ဒမှာ သူတို့၏ဝိညာဉ်များကို အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်၏...

သွေးအဆီအနှစ်မှာ ဆက်လက်ဆင်းသက်လာပြီး ပါယွန်းခန်းမမှ အစစ်အမှန်တပည့်တစ်ဦးချင်းစီမှာလည်း မျက်စိ၊ နား၊ နှာခေါင်း စသည့် ဒွာရခုနစ်ပေါက်မှ သွေးများထွက်လာကာ ထူးဆန်းသောအမူအရာများဖြင့် လဲကျသေဆုံးကုန်ကြသည်...

"ကျန်းချန်..."

"မင်းတကယ်ကိုရက်စက်တာပဲ..."

ဘုန်း...

မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများနှင့်အတူ ကောင်းကင်ဆေးနန်းတော်မှ အကြီးအကဲနှစ်ဦးမှာ ခန္ဓာကိုယ်ပေါက်ကွဲကာသေဆုံးသွားသည်...

ထို့နောက် ချီချန်းသည် တစ်ကိုယ်လုံးနီရဲလာပြီး အရေပြားမှသွေးများစိမ့်ထွက်လာသည်... သူသည် ခန်းမအမိုးပေါ်တွင် အစိမ်းရောင်ဝတ်ရုံနှင့် အေးအေးလူလူရပ်နေသော ကျန်းချန်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်၏...

ပါးစပ်ကိုဟကာ တစ်ခုခုပြောချင်ပုံရသော်လည်း အသံထွက်မလာတော့ပေ... ထို့နောက်တွင် သူလည်း လဲကျသွားတော့သည်...

ယခုအခါ ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူ ၃၀ ကျော်သာ ကျန်ရှိတော့သည်... သူတို့သည် တောင့်ခံရန် အသည်းအသန်ကြိုးစားနေကြဆဲဖြစ်သည်...

သူတို့အတွက်မူ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ခံစားနေရပြီး ၎င်းကိုထမ်းထားရန် အားကုန်သုံးနေရ၏... သို့သော် မည်မျှတောင့်ခံပါစေ ဖိအားကြောင့် သူတို့၏ခြေထောက်များမှာ မြေကြီးထဲသို့ ကျွံဝင်သွားတော့သည်...

"ဂိုဏ်းချုပ်ကျန်း..."

အဖြူရောင်လွင့်မျောခန်းမမှ မဟာအကြီးအကဲမှာ ပြိုလဲတော့မည့်ဆဲဆဲတွင် အသည်းအသန် တောင်းပန်လိုက်သည်...

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ၊ အဖြူရောင်လွင့်မျောခန်းမက ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး..."

ဤအချိန်တွင် အသက်ရှင်ရန်မှာ အရာအားလုံးထက်အရေးကြီးသည်...

"ကျွန်တော်တို့ မှားသွားပါတယ်... ကျွန်တော်တို့ကို အသက်ချမ်းသာပေးရင် နောက်ဆို ဂိုဏ်းချုပ်ကျန်းရဲ့နောက်ကို သစ္စာရှိရှိလိုက်ပါ့မယ်..."

သူသည် တိုက်ကွက်ကြီးတစ်ခုကို ထုတ်သုံးလိုက်သည်ဟု ထင်နေကြခြင်းဖြစ်သည်၊ ထိုနဂါးသွေးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်မရှိသည်ကို မသိကြပေ...

မာနကြီးလှသောလင်ယီပင်လျှင် သူ၏မုန်းတီးမှုများကိုထိန်းချုပ်ကာ အပြစ်ကင်းစင်ဟန်ဆောင်လိုက်ရသည်...

"ကျန်းချန်... မင်းငါ့ကိုလွှတ်ပေးရင် ဆရာအဖြစ်ကိုးကွယ်ဖို့အသင့်ပဲ... ခိုင်းတာမှန်သမျှလုပ်ပါ့မယ်..."

အစ်ကိုကြီးချန်မှာ ထိုစကားကိုကြားသောအခါ ရယ်ပင်ရယ်ချင်သွားသည်...

အစ်ကိုကြီးက မင်းကို ဂရုစိုက်မယ် ထင်နေလား...

မင်းရဲ့ သစ္စာဖောက်တတ်တဲ့ သဘာဝကို ထားလိုက်ဦး၊ မင်းရဲ့ပါရမီက ငါ့ရဲ့ရှောင်ဟန်နဲ့ ရှောင်နင်ကိုတောင် မယှဉ်နိုင်ဘူး...

အဖြူရောင်လွင့်မျောခန်းမနဲ့ မီးတိမ်တောင်ထိပ်က ဧည့်သည်တွေနဲ့ ပတ်သက်ရင်လည်း သူတို့ရဲ့ စောစောက မျက်နှာတွေကို သူမေ့မထား...

ကြွားလုံးထုတ်ရတာကို ဝါသနာပါသော်လည်း အစ်ကိုကြီးချန်သည် ရန်သူများအပေါ်တွင် မည်သည့်အခါမျှ စိတ်နှလုံးမပျော့ပြောင်းခဲ့ပေ...

" ခင်ဗျားတို့ကို အခွင့်အရေးပေးခဲ့ပြီးသားပဲ..."

"ဝမ်းနည်းစရာကောင်းတာက ခင်ဗျားတို့ကအသုံးမကျတာပဲ..."

သူသည် စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်... ယခုအချိန်တွင် လူတိုင်းမှာ မျှော်လင့်ချက်ကင်းမဲ့သွားကြလေပြီ...

"မင်း... မိစ္ဆာကောင်..."

"မင်းလည်း ဆိုးဆိုးရွားရွားသေရမှာပဲ..."

"မင်းလည်း တစ်နေ့ကျရင်အသတ်ခံရမှာပဲ၊ ငါတို့ထက်တောင် ပိုပြီးကြောက်စရာကောင်းအောင် သေရပါစေ..."

"ငါတို့ မြေအောက်ကနေစောင့်နေမယ်..."

ကျိန်ဆဲသံများစွာကိုကြားရသောအခါ အစ်ကိုကြီးချန်မှာ ဟားတိုက်ရယ်မောလိုက်တော့သည်...

"ကျေးဇူးပဲ... ကျေးဇူးတင်ပါတယ်..."

အစ်ကိုကြီးက ထိုကျိန်စာများ အမှန်တကယ်ဖြစ်လာပြီး နောက်ထပ် အကြိမ်အနည်းငယ်လောက် သေချင်နေမိသည်...

လုကျန့်သည် သွေးအိုင်ထဲတွင် လဲလျောင်းကာ နောက်ဆုံးထွက်သက်ကို ရှူနေရချိန်တွင် သွေးအဆီအနှစ်၏အလင်းတန်းမှာ ဂိုဏ်းစောင့်အစီအရင်ကိုပါ လုံးဝ လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်...

ကျန်နေသောလူများမှာ ပြင်းထန်သောနေရောင်အောက်တွင်ရှိနေသော ရေခဲများကဲ့သို့ အရည်ပျော်မည့် လက္ခဏာများပြလာကြသည်...

ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြသည်... လင်ယီလည်း ချွင်းချက်မရှိသလို၊ ရှန်းပါးလည်း အတူတူပင်...

ထိုသွေးအဆီအနှစ်တစ်စက်သည် ကျန်းချန်၏လက်ဖဝါးပေါ်သို့ ဆင်းသက်လာသောအခါ ပါယွန်းခန်းမတွင် အသက်ရှင်သူဟူ၍မရှိတော့ပေ...

သူ၏လက်ထဲတွင် အဆက်မပြတ်လိမ့်နေပြီး တောက်ပနေသော မိုးပြာနဂါးသွေးအဆီအနှစ်တစ်စက်ကိုကြည့်ရင်း ကျန်းချန်သည် ၎င်းကို စောစောက နီရဲနေသော တိမ်တိုက်ကြီးနှင့် ဆက်စပ်၍မရချေ...

ဤအစက်လေးတစ်စက်တည်းကတင် ရောက်ရှိနေသူအားလုံးကိုသတ်ပစ်လိုက်တာလား...

ထိတောင်ထိစရာမလိုဘူးလား...

တကယ်ကို အစွမ်းထက်လွန်းလှသည်...

သူသည် ဤရတနာကမည်သည့်အရာဖြစ်သည်ဆိုသည်ကိုသိရန် သိမြင်မှုစွမ်းရည်ကို အသက်သွင်းလိုက်သည်... နောက်တစ်စက္ကန့်တွင် သူသည် သုညများစွာပါဝင်သော ကိန်းဂဏန်းစုကြီးကို မြင်လိုက်ရသဖြင့် မှင်တက်သွားတော့သည်...

မိုးပြာနဂါးသွေးအဆီအနှစ် - အမှတ် ၉,၈၀၀,၀၀၀,၀၀၀

ဒီအရာက တကယ်ပဲအမှတ်ပေါင်း ၉.၈ ဘီလီယံလောက်တန်တာလား...

လာနောက်နေတာလား...

အောက်တွင် ရှည်လျားသောဖော်ပြချက်တစ်ခု ရှိနေသည်...

မိုးပြာနဂါး သွေးအဆီအနှစ်- ရှေးဟောင်းမိုးပြာနဂါး၏ အလိုဆန္ဒနှင့် ပါရမီများကို ဖော်ဆောင်ပေးသော အဓိကသွေးအဆီအနှစ်ပါဝင်သည်...

ပေါင်းစပ်နိုင်သည်- ပေါင်းစပ်ခြင်းဖြင့် မိုးပြာနဂါးသွေးမျိုးဆက်နှင့် ပါရမီအချို့ကို ရရှိမည်...

အဆင့်မြှင့်တင်နိုင်သည်- မိုးပြာနဂါးသွေးအဆီအနှစ်များထပ်မံရရှိပါက သွေးမျိုးဆက်ပါရမီကို ပိုမိုခိုင်မာစေပြီး အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်...

၎င်းသည် လင်းနင်၏ ပုန်းကွယ်နေသောဖီးနစ်သွေးမျိုးဆက်နှင့် အဓိပ္ပာယ်တူပုံရသည်... ကျင့်ကြံခြင်းနယ်ပယ်တွင် လူသစ်တစ်ဦးဖြစ်သဖြင့် မည်သည့်အရာက ပို၍အဆင့်မြင့်သည်ကို သူမသိပေ...

မိုးပြာနဂါးဆိုသည်မှာ ပုန်းကွယ်နေသောဖီးနစ်ထက်ပို၍ ခမ်းနားပုံရသည်မဟုတ်ပါလား...

အစ်ကိုကြီးချန်မှာ တည်ငြိမ်စွာ မနေနိုင်တော့ပေ... စနစ်စာမျက်နှာကိုဖွင့်လိုက်ပြီး မေးခွန်းတစ်ခု မေးရန်အတွက် အမှတ် ၅၀၀ သုံးလိုက်တော့သည်...

All Chapters