← Chapters

အခန်း (၃၀၂၁-၃၀၂၅)

Vol. 131 Ch. 3021-3025

အခန်း (၃၀၂၁-၃၀၂၅)

Vol. 131 Ch. 3021-3025

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၁)

ဘာသာပြန်သူ_တိမ်တိုက်

နေ့တစ်ဝက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် လီကျောက်တို့သည် ရေနွေးကြမ်းဆိုင်တစ်ဆိုင်၌ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြလေသည်။ သင်းပျံ့လှသည့် ရေနွေးကြမ်း၏ မွှေးရနံ့တို့မှာ တထောင်းထောင်း ထွက်နေသော အငွေ့များနှင့်အတူ လေထဲသို့ တလူလူ လွင့်ပျံနေခဲ့သည်။ သို့သော်ငြား ရန်ကိုင်တို့ နှစ်ဦးစလုံးမှာ ငြိမ်ငြိမ်လေးသာ ရှိနေကြလေ၏။

နေ့တစ်ဝက်ကြာအောင် စောင့်ကြည့်ပြီးသည့် နောက်တွင် နဂါးတစ်ပိုင်းမြို့တော်နှင့် ပတ်သက်၍ အံ့အားသင့်ဖွယ် အကြောင်းအရာများကို ရန်ကိုင်တို့ တွေ့ရှိခဲ့ရသည်။ နဂါးတစ်ပိုင်းမြို့တော်သည် အလွန်ကိုမှ ထူးဆန်းလှ၏။ နဂါးတစ်ပိုင်းမြို့တော်တွင် နဂါးနွယ်ဖွားများစွာ ရှိနေသည့်အချက်ကို ထည့်မတွက်လျှင်ပင် မြို့ထဲ၌ ရှိနေသော ပညာရှင်အရေအတွက်ကပင်လျှင် ကြောက်မခန်းလိလိ များပြားလွန်းလှသည်။ မြို့ထဲ၌ ဖြတ်သွားဖြတ်လာ လုပ်နေကြသော လူတစ်ထောင်အနက် တစ်ယောက်လောက်မှာ ဧကရာဇ်အဆင့် ပညာရှင် ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် မြို့နယ်လူဦးရေမှာ ငါးသိန်းနီးပါးခန့် ရှိသည်။ ထိုငါးသိန်းအနက် ငါးရာ ခြောက်ရာလောက်မှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည်ဟု ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

[ဒီမြို့ထဲမှာ ပညာရှင်တွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ]

ကြယ်တာရာအစုအဝေးထဲ၌ မရေမတွက်နိုင်အောင် များပြားလှသော မြို့များ ရှိကြသည်။ ထိုမြို့များမှာ မြို့ငယ်လေးများသာ ဖြစ်ကြပြီး အချို့မြို့များမှာတော့ အချက်အချာကျသည့် မြို့ကြီးများ ဖြစ်ကြပေသည်။ သို့တိုင် မည်သည့်မြို့မှ ဤနဂါးတစ်ပိုင်းမြို့တော်နှင့် ယှဉ်နိုင်ခြင်း မရှိကြချေ။ ကြယ်တာရာအစုအဝေးထဲရှိ မြို့များ၌ ဧကရာဇ်အဆင့် ပညာရှင် ဆယ်ဦးကျော်လောက်ကို အတူတကွ တွေ့ရမည်ဆိုလျှင်ပင် အတော်လေးကိုမှ အံ့အားသင့်ဖွယ်ရာ ကောင်းနေလေပြီ။ ထိုဆယ်ဦးကျော်သည်ပင်လျှင် မြို့ထဲ၌ ဖြတ်သွားဖြတ်လာ လုပ်နေကြသော ဧကရာဇ်အဆင့် ပညာရှင်များကိုပါ ထည့်တွက်ထားကြခြင်း ဖြစ်လေသည်။ သို့သော်ငြား နဂါးတစ်ပိုင်းမြို့တော်ထဲရှိ ဧကရာဇ်အဆင့် ပညာရှင်အရေအတွက်မှာတော့ ကြောက်မခန်းလိလိကို များပြားလွန်းလှပေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဤကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်က အလွန်ကိုမှ သန့်စင်လွန်းသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောမည်ဆိုလျှင်ပင် စုစုပေါင်းလူအရေအတွက်နှင့် ဧကရာဇ်အဆင့်သို့ ရောက်နေသည့်လူ၏ အချိုးအစားမှာ အလွန်ကိုမှ မြင့်မားလွန်းနေပေသေးသည်။ ရှင်းရှင်းပြောရသော် နေမင်းပြာကျောင်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်းများတွင်ပင်လျှင် ဧကရာဇ်အဆင့် ပညာရှင် ဆယ်ဦးကျော်လောက်သာ ရှိကြပေသည်။ ထိုပမာဏသည် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်အရေအတွက်၏ ဆယ်ပုံတစ်ပုံပင် မရှိပေ။

ထို့အပြင် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နဂါးနွယ်ဖွားများသည် နဂါးတစ်ပိုင်းမြို့တော်ထဲ၌ ပို၍ အဆင့်အတန်း မြင့်မားကြပေသည်။ အဆင့်တူ ကျင့်ကြံသူများထဲတွင် နဂါးနွယ်ဖွားများသည် ခေါင်းဆောင်များ ဖြစ်ကြလေသည်။

နဂါးတစ်ပိုင်းမြို့တော်ထဲရှိ ပညာရှင်များကို အတူတကွ စုပေါင်း၍သာ တိုက်ခိုက်လာခဲ့မည်ဆိုပါက ကြယ်တာရာအစုအဝေးထဲရှိ မည်သည့် ထိပ်တန်းဂိုဏ်းကိုမဆို ရှင်းပစ်နိုင်ပေလိမ့်မည်။ မဟာဧကရာဇ်ဂိုဏ်းများသည်သာ ပြန်လည်ခုခံနိုင်ကြပေလိမ့်မည်။ ဤမြို့တစ်မြို့လုံးသည် ပြိုင်ဘက်ကင်းသည့် စစ်တပ်ကြီးတစ်ခုလုံး ပမာပင်။

သို့သော်ငြား လီကျောက်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး အခြားသော ထူးဆန်းသည့် အချက်တစ်ချက်ကို ထပ်မံရှာတွေ့ခဲ့လေသည်။ ပုံမှန်ထက် ပို၍သန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသော နဂါးနွယ်ဖွားများ၏ အရှိန်အဝါမှာ တည်ငြိမ်ခြင်း မရှိကြသည့် အချက်ပင်။ ထိုလူများ၏ ကျင့်ကြံခြင်းမှာ မည်မျှ မြင့်မားနိမ့်ကျနေစေကာမူ သူတို့၏ပုံစံမှာ အတွင်းဒဏ်ရာများ ရထားသည်အလား ပုံမှန်ထက်ကို ပို၍ အားနည်းနေလေသည်။ ထို့အပြင် ဧကရာဇ်အဆင့်သို့ ရောက်နေသည့် နဂါးနွယ်ဖွားအရေအတွက်မှာ အလွန်ကိုမှ နည်းပါးလွန်းလှသည်။

[ဘာလို့ အဲဒီလို ဖြစ်ရတာလဲ] ရန်ကိုင်နှင့် လီကျောက်တို့ ထိုအချက်ကို နားမလည်နိုင် ဖြစ်နေကြလေသည်။

ယေဘုယျကျကျ ပြောရသော် နဂါးနွယ်ဖွားများသည် နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကျင့်ကြံရာတွင် အခြားသူများထက် ပိုပြီး မြန်ဆန်ကြပေသည်။ လီကျောက်ကို ဥပမာကြည့်နိုင်ပေသည်။ လီကျောက်သည်သာ နဂါးနွယ်ဖွားတစ်ဦး မဟုတ်ခဲ့လျှင် သူ၏ကျင့်ကြံခြင်းမှာ ယခုထက် ပို၍ ခက်ခဲလိမ့်မည်ဖြစ်ကာ ဧကရာဇ်ဒုတိယအဆင့်တွင်ပင် တစ်နေနိုင်ပေသည်။ သို့သော်ငြား နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဧကရာဇ်တတိယအဆင့်သို့ ရောက်ရှိနိုင်ခဲ့၏။

သို့သော်ငြား နဂါးတစ်ပိုင်းမြို့တော်ထဲတွင်တော့ ထိုသို့မဟုတ်သည့်ပုံပင်။ နဂါးတစ်ပိုင်းမြို့တော်ထဲ၌ လူတစ်ဦး၏ နဂါးသွေးမျိုးဆက်မှာ ပို၍ သန့်စင်လေ သူတို့အဖို့ ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ဖို့ရာ ပို၍ ခက်ခဲလေပင်။ ပုံမှန်အားဖြင့် လက်ရှိ ရန်ကိုင်တို့ မြင်တွေ့ရသလောက် နဂါးနွယ်ဖွားများ အမြင့်ဆုံး ရောက်နိုင်သည့်အဆင့်သည် ဧကရာဇ်ဒုတိယအဆင့်သာ ဖြစ်ပြီး အများစုမှာတော့ ဧကရာဇ်ပထမအဆင့်သို့သာ ရောက်နိုင်ကြပေသည်။ သို့သော်ငြား လူသားနှင့် မွန်းစတားမျိုးနွယ်စုဝင်များထဲတွင်တော့ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်အရေအတွက် အတော်များများ ရှိနေကြလေ၏။

ရေနွေးကြမ်းဆိုင်ထဲတွင် အတန်ကြာအောင် နေပြီး အခြားသူများ ပြောနေသည်ကို နားစွင့်နားထောင်နေခဲ့သည့်တိုင် ရန်ကိုင်နှင့် လီကျောက်တို့မှာ အသုံးဝင်လှမည့် သတင်းအချက်အလက် မည်မည်ရရကို ရရှိခဲ့ခြင်း မရှိပေ။ သူတို့နှစ်ဦး သိလိုက်ရသည်မှာတော့ နဂါးနန်းတော်ဟူသည့် နာမည်တစ်ခုသာ ရှိပေသည်။ ထိုနဂါးနန်းတော်ကိုပင်လျှင် ဘယ်ကမှန်းမသိသည့် လူတစ်ဦးမှ အမှတ်မထင် ပြောလိုက်မိခြင်း ဖြစ်ပေသည်။ သို့သော်ငြား ထိုလူသည် သူစကားပြောမှားသွားပြီမှန်း သိလိုက်သောအခါ ချက်ချင်း ခေါင်းစဉ်ပြောင်းသွားသဖြင့် ရန်ကိုင်နှင့် လီကျောက်တို့မှာ ဘာဆိုဘာမျှ မသိဘဲ ကျန်ရစ်ခဲ့ရလေသည်။

နဂါးတစ်ပိုင်းမြို့တော်၊ နဂါးနန်းတော်နှင့် နဂါးနွယ်ဖွား… ထိုအရာအားလုံးသည် ဤနေရာသည် နဂါးကျွန်းဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့လေသည်။ သို့သော်ငြား ဤနဂါးကျွန်းပေါ်တွင် လူအရေအတွက် သိန်းနှင့်ချီကာ ရှိနေသည်ဟူသော အချက်ကိုတော့ ရန်ကိုင်မှာ မယုံကြည်နိုင် ဖြစ်နေရလေ၏။

[နဂါးကျွန်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် လူတွေအများကြီး ရှိနေရတာလဲ]

လီကျောက်မှာလည်း နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ တကယ့်နဂါးကျွန်းနှင့် သူစိတ်ကူးထားသော နဂါးကျွန်းအကြားရှိ ကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလွန်းနေသဖြင့် လီကျောက်မှာ အမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်တို့ နှစ်ဦး တိတ်ဆိတ်ငြိမ်သက်နေကြစဉ် ဆန့်ကျင်ဘက်ဆိုင်ဆီမှ အုတ်အုတ်ကျက်ကျက် အသံများ ထွက်လာခဲ့လေသည်။ ရန်ဖြစ်သံများနှင့်အတူ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် တစ်ခုခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံပါ ထပ်မံထွက်ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် လူတစ်ဦးဟာလည်း ရန်ကိုင်တို့ ရှေ့ဘက်တွင် ရှိနေသော ဆိုင်ထဲမှ လွင့်စင်ထွက်လာခဲ့လေ၏။

ထိုလူမှာ အဝါဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့လေသည်။ ထိုအမျိုးသမီး၏ ဆံပင်များသည် လည်တိုင်အထိကို ဖြာကျနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်တို့ကို ကျောပေးထားသည့်အတွက်ကြောင့် သူမ၏ မျက်နှာကို မမြင်ရချေ။ သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာတော့ အားနည်းခြင်း မရှိ။ ဧကရာဇ်ပထမအဆင့် အရှိန်အဝါ ဖြစ်ပေသည်။

လမ်းပေါ်တွင် သွားလာနေကြသည့် လူများမှာတော့ ထိုအမျိုးသမီး လမ်းပေါ်သို့ ပြုတ်ကျလာသည်ကို မြင်သော် သူမဘေးနားမှ အလျင်စလို ရှောင်ဖယ်သွားကြလေသည်။ အသေးစိတ် အကြောင်းအရင်းကို မသိရသေးခင် အချိန်အထိ မည်သူမျှ ဓားခုတ်ရာ လက်ဝင်မလျှိုလိုကြချေ။ မဟုတ်လျှင် ပြဿနာကို လက်ယက်ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်။

"အမေ" တရှုံ့ရှုံ့ငိုသံနှင့်အတူ ကလေးတစ်ဦး၏အသံ ထွက်လာခဲ့လေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျလာသော အမျိုးသမီးသည် ခက်ခက်ခဲခဲ ကုန်းထ၍ နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်လိုက်ရင်းမှ ရှေ့တည့်တည့်သို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ဒေါသကြောင့်လား ကြောက်ရွံ့မှုကြောင့်လား မသိလေရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ထိန်းမရအောင်ကို တုန်ယင်နေခဲ့လေသည်။

"ဟမ့်" အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ လူတစ်ဦးသည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ဆိုင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုလူ လမ်းလျှောက်နေသည့်နှုန်းမှာ မြန်ဆန်ခြင်း မရှိသလို နှေးကွေးခြင်းလည်း မရှိခဲ့ပေ။ သူ၏လက်ကိုတော့ အနည်းငယ် မြှောက်ထားခဲ့လေ၏။ သူ၏လက်ထဲတွင် ပါလာသည်မှာ အခြားမဟုတ်။ ဆံပင်မှ ဆွဲကိုင်ထားခြင်းခံရသည့် ကလေးမလေးတစ်ဦးသာ ဖြစ်လေသည်။

ထိုကောင်မလေးမှာ အတော်လေး လှပေသည်။ အသက်ကလည်း ငယ်ငယ်လေးသာ ရှိသေးပေ၏။ အများဆုံးမှ ၁၅ ၁၆ လောက်သာ ရှိပေဦးမည်။ လက်ရှိအချိန်တွင် ကောင်မလေး၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး မျက်ရည်စများမှာတော့ ပါးပြင်တစ်လျှောက် စီးကျနေခဲ့လေသည်။ သူမကို ကြည့်ရသည်မှာ အတော်လေးကိုမှ ကြောက်လန့်နေသည့်ပုံပင်။ အထိတ်ထိတ်အလန့်လန့်ဖြင့် ရှေ့တည့်တည့်သို့ လှမ်းကြည့်ရင်းမှ အော်ခေါ်လိုက်လေ၏ "အမေ ကျေးဇူးပြုပြီး သမီးကို ကယ်ပါဦး"

ထိုကောင်မလေး၏ စကားကို နားထောင်ရသလောက် ဤကောင်မလေးသည် အစောပိုင်းက ဆိုင်ထဲမှ လွင့်ထွက်လာသော အမျိုးသမီး၏ သမီးဖြစ်သည့်ပုံပင်။

"သူ့ကို လွှတ်ပေးလိုက်" အမျိုးသမီးက အံကြိတ်၍ ပြန်အော်ပြောလိုက်သည်။ အမျိုးသမီးမှာ ဧကရာဇ်ချီကို လှည့်ပတ်ထား၍ ရှေ့သို့ ပြေးတက်သွားမည့် ပုံစံမျိုး လုပ်ပြနေပါသော်ငြား တကယ်တော့ ပြေးတက်သွားရဲခြင်း မရှိခဲ့ပေ။ အကြောင်းမှာ သူမ၏သမီးကို တစ်ဖက်လူက ဖမ်းထားသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူမသည်သာ မဆင်မခြင် လှုပ်ရှားလိုက်လျှင် သူမ၏သမီး ဒုက္ခရောက်သွားရနိုင်၏။ ထိုအတွက်ကြောင့် သူမ၏စိတ်ထဲ မည်မျှပင် ဒေါသထွက်နေစေကာမူ သည်းခံနေရခြင်း ဖြစ်လေသည်။

ထို့အပြင် သူမသမီးကို ဖမ်းဆီးထားသည့်လူ၏ ကျင့်ကြံခြင်းမှာ သူမထက် ပို၍မြင့်ရုံမက ထိုလူသည် နဂါးနွယ်ဖွားတစ်ဦးလည်း ဖြစ်နေခဲ့ပေသည်။ ထိုအတွက်ကြောင့် သူမအသက်ကို စတေး၍ တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုလူ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်။

"သူ့ကို လွှတ်ပေးရမယ်" ထိုလူသည် အမျိုးသမီးကို ကြည့်၍ အေးစက်စက် အမူအရာဖြင့် အော်ရယ်မောလိုက်ရင်းမှ... "နင် လွှတ်ပေးခိုင်းတိုင်း လွှတ်ပေးရအောင် နင့်ကိုယ်နင် ဘာမှတ်နေတာလဲ"

ထိုသို့ ပြောပြီးသည့်နောက်တွင် ထိုလူသည် ကောင်မလေး၏ ဆံပင်ကို မြင့်မြင့်ကိုင်ထားရင်းမှ ခေါင်းကိုငုံ့၍ ကောင်မလေး၏ ကိုယ်နံ့ကို ရှူရှိုက်လိုက်လေသည်။ ထို့နောက်တွင် စိတ်ဓာတ်တက်ကြွသွားသည့် အမူအရာဖြင့်... "မွှေးလိုက်တာ၊ ဒီလိုကောင်မလေးတွေကိုမှ ငါ ကြိုက်တာ"

ကောင်မလေးမှာတော့ ယခုကဲ့သို့ အဖြစ်မျိုး တစ်ခါမျှ မကြုံဖူးသည့်အလား ထိုလူကြီး သူမအနားသို့ ကပ်လာ၍ နှာခေါင်း တရှုံ့ရှုံ့ လုပ်နေသည်ကို မြင်သော် သူမတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး ပို၍ကျယ်လောင်စွာ အော်ငိုတော့လေသည် "အမေ"

"ရှင် လုပ်ရဲလား" ထိုမြင်ကွင်းကို ကြည့်ရင်း အမျိုးသမီးမှာ ဒေါသ သူပုန်ထသွားခဲ့ပြီး အံကို တင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ "သူ ဘယ်သူ့သမီးလဲဆိုတာကို ရှင် မသိတာလား"

ထိုလူက လှောင်ပြုံးပြုံးလျက်... "ငါ သိတာပေါ့"

ထိုစကားကို ကြားသည့်အခါ အမျိုးသမီး ကြောင်သွားခဲ့လေသည်။ တစ်ဖက်လူက ယခုကဲ့သို့ ပုံစံမျိုး ပြန်ပြောလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ သူမဘက်မှ ဤကောင်မလေး၏ နောက်ခံကို ပြောလိုက်သည့်အခါတွင် ထိုလူ ကြောက်သွားလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ဆန့်ကျင်ဘက်သာ ဖြစ်လာရလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။

ထိုအတွက်ကြောင့် အမျိုးသမီးမှာ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့ရလေ၏။ အခြေအနေသည် သူမဘက်သို့ အလေးမသာတော့မှန်း သိလိုက်လေသည်။ တစ်ဖက်လူသည် သူမအား တမင်သက်သက်ကို ပစ်မှတ်ထားနေခြင်း ဖြစ်လေသည်။ သူမအား ပစ်မှတ်မထားခင် သူမတို့၏ နောက်ခံကိုလည်း သေသေချာချာ စစ်ဆေးခဲ့ရပေလိမ့်မည်။ ထိုအတွက်ကြောင့် ကလေးမလေး၏ နောက်ခံနှင့် ခြိမ်းခြောက်လိုက်သည့်တိုင် အသုံးမဝင်ခြင်း ဖြစ်လေသည်။

ထိုလူက ပြန်ပြောလိုက်၏။ "နင့်လို လူသားတစ်ယောက်ကို အဲဒီလူက ဂရုစိုက်လိမ့်မယ် ထင်နေတာလား၊ ဂရုသာစိုက်မယ်ဆိုရင် နင်တို့နှစ်ယောက်ကို မောင်းထုတ်ခဲ့မှာ မဟုတ်ဘူး"

ထိုလူမှ ထိုကဲ့သို့ ပြောလိုက်ခြင်းနှင့် တပြိုင်နက် အမျိုးသမီး၏ မျက်နှာသည်သာ သုန်မှုန်သွားခဲ့ခြင်း မဟုတ်၊ ဘေးမှ ရပ်ကြည့်နေသည့် လူများမှာလည်း မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့ကြလေသည်။ ကြည့်ရသလောက် သူတို့သည်လည်း အလားတူ အဖြစ်အပျက်မျိုးကို ကြုံခဲ့ရသည့်ပုံပင်။

"ငါပြောတာကို ယုံလိုက်၊ ငါ အခုနေ လူမြင်ကွင်းမှာ သူ့တစ်ကိုယ်လုံးကို ကိုယ်လုံးတီးဖြစ်အောင် ဆွဲချွတ်မယ်ဆိုရင်တောင် ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူး" ထိုလူကြီးသည် သူ၏လက်ကို ကောင်မလေး၏ ပခုံးပေါ်တင်ရင်းမှ ပြောလိုက်လေသည်။

ကောင်မလေး၏ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ မျက်ရည်များသည် မိုးသီးမိုးပေါက်များနှယ် သူမ၏ ပါးပြင်ပေါ်သို့ ထိန်းမရအောင် စီးကျလာခဲ့လေသည်။

ထိုလူ၏စကားကြောင့် သူနှင့် ဆန့်ကျင်ဘက်အရပ်တွင် ရှိနေသော အမျိုးသမီးမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့ပြီး ထအော်လေ၏။ "မလုပ်နဲ့"

သူ၏သမီးသည်သာ ယခုကဲ့သို့ လူမြင်ကွင်းတွင် အရှက်ကွဲခံရမည်ဆိုပါက နောက်တစ်ကြိမ် လူရှေ့သူရှေ့သို့ ဘယ်တော့မှ ထပ်ထွက်ရဲတော့လိမ့်မည် မဟုတ်ချေ။ အခန့်မသင့်လျှင် သူမ၏ သမီးမှာ ကိုယ့်ကိုယ်ကိုယ်ပင် သေကြောင်းကြံစည်သွားနိုင်ပေသည်။ သူမအနေဖြင့် ဤကဲ့သို့သော နေရာဆိုးကြီးတွင် ဆက်၍ အသက်ရှင်နေရခြင်းမှာ သူမ၏သမီးကြောင့်သာ ဖြစ်လေရာ သူမ၏သမီး ထိုကဲ့သို့ ဒုက္ခရောက်သွားမည်ကို သူမအနေဖြင့် မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။

ထိုလူ ပြောလိုက်သည့်စကားသည် ကြည့်နေသည့် လူပေါင်းများစွာကို မျက်မှောင်ကြုတ်သွားစေခဲ့လေသည်။ ထိုလူ၏ လုပ်ရပ်မှာ လွန်လာသည်ဟု တွေးမိသည့်အလား တစ်ယောက်ယောက်က ချက်ချင်း ဝင်ပြောလိုက်လေ၏။ "ဟေ့ ရောင်းရင်း၊ မင်း သူတို့ကို ဒီလောက်တောင် လုပ်စရာလိုလို့လားကွာ၊ သူ မင်းကို ရန်စမိတယ်ဆိုရင်တောင် ဒီလောက်ထိတော့ အရှက်ခွဲစရာ မလိုဘူးလေ"

ထိုလူမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တပြိုင်နက် သူ၏ဘေးနားတွင် ရှိနေသည့်လူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး စကားပြောလိုက်သည့်လူကို အလျင်စလို လှမ်းဆွဲ၍ တိုးတိုးလေး နားနားကပ်ပြောလိုက်လေသည်။ ထိုလူပြောသည်ကို ကြားပြီးသည့်အခါ အစောပိုင်းက စကားဝင်ပြောလိုက်သည့် လူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားခဲ့လေ၏။

ကောင်မလေးကို ဆံပင်မှ ဆွဲကိုင်ထားသည့်လူသည် အစောပိုင်းက စကားပြောလိုက်သည့်လူဘက်သို့ လှည့်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။ "မင်း ခုနတုန်းက ဘာပြောလိုက်တာလဲ၊ ငါ သေချာမကြားလိုက်ရလို့၊ နောက်တစ်ကြိမ်လောက် ထပ်ပြောပေးပါလား"

စကားပြောလိုက်သည့်လူ၏ မျက်နှာမှာတော့ ဖြူလျော့နေခဲ့ပြီး ချက်ချင်းပဲ လက်သီးဆုပ်ကာ ဦးညွတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ဆရာ၊ ကျုပ် စကားမှားသွားလို့ပါ၊ ဆရာ့ကို ရန်စမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"

ကောင်မလေးအား ဆံပင်မှ ဆွဲကိုင်ထားသည့်လူသည် စကားပြောလိုက်သည့်လူအား အတန်ကြာသည်ထိ စိုက်ကြည့်နေပြီးသည့်နောက် ရုတ်တရက် ထအော်ပြောလိုက်လေ၏။ "ထွက်သွားစမ်း"

ထိုစကားကို ကြားလိုက်သည့်အခါ ကောင်းကင်၏ ခွင့်လွှတ်မှုကို ရလိုက်သည့်နှယ် အူယားဖားယား ထွက်ပြေးတော့လေသည်။ သူ့အနေဖြင့် အမျိုးသမီးတို့ မတရားခံနေရသည်ကို မကြည့်ရက်ပါသော်ငြား သူကိုယ်တိုင် အသက်အန္တရာယ် ရှိလာချိန်တွင်တော့ စွန့်စားရဲသည့် သတ္တိမရှိတော့ပေ။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါ ဤဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော နဂါးနွယ်ဖွားသည် အားကောင်းသည့် နောက်ခံကို ပိုင်ဆိုင်ထားရလိမ့်မည်မှန်း သိလိုက်ကြလေသည်။ ထို့ကြောင့်သာ မဟုတ်ပါက တစ်ဖက်လူအား ဤမျှ ကြောက်လန့်သွားအောင် ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

လူအုပ်ကြီးထဲရှိ အချို့သောလူများမှာမူ ထိုလူ၏နောက်ခံ မည်သည့်နေရာမှ လာသလဲဆိုသည်ကို သိကြလေသည်။ ထို့ကြောင့် သက်ပြင်းချ၍သာ သူတို့ဘာသာသူတို့ တွေးလိုက်ကြလေ၏။ [ဒီကောင်မလေးနှစ်ယောက်တော့ သွားပြီ၊ ရှိတဲ့လူတွေ အများကြီးထဲမှာ သူ့ကိုမှ သွားရန်စရတယ်လို့၊ သူတို့ အနာဂတ်တွေကတော့ လွယ်တော့မှာ မဟုတ်ဘူး]

ထိုသို့ ခြိမ်းခြောက်လိုက်ပြီးသည့်နောက်တွင် ကောင်မလေးအား ဆံပင်မှ ကိုင်ထားသည့်လူသည် ကလေးမလေး၏အမေကို ကြည့်၍ ပြောလိုက်လေသည်။ "နင် အခု ဘာလုပ်ရမလဲ သိလား"

ထိုလူ ဘာကိုပြောချင်နေသလဲဆိုသည်ကို အမျိုးသမီး အဘယ်သို့မသိဘဲနေမည်နည်း။ သူမမှာ လက်သီးကို တင်းတင်းဆုပ်ထားလေရာ လက်သည်းများပင်လျှင် သူမအသားထဲသို့ စိုက်ဝင်နေလေသည်။ သို့တိုင် နာကျင်မှုကို မခံစားရ။ သူမရင်ထဲ မုန်းတီးမှုတို့သာ ရှိနေလေသည်။ ထို့နောက် ခေါင်းမော့၍ သူမသမီးအား လှမ်းကြည့်လိုက်၏။ ထို့နောက်တွင် ဝမ်းနည်းစွာပြုံးလျက် ဒူးထောက်ကာ ရှိခိုးသည့် ပုံစံမျိုးဖြင့် တောင်းဆိုလိုက်လေ၏။ "ကျွန်မ ဆရာ တောင်းဆိုတာ ဘာမဆို လုပ်ပေးပါမယ်၊ ကျေးဇူးပြုပြီး ကျွန်မသမီးကို လွှတ်ပေးပါနော်"

ထိုစကားကို ကြားလိုက်သည့်အခါ ကောင်မလေးအား ဆံပင်မှ ကိုင်ထားသည့် လူ၏ နှုတ်ခမ်းက ကွေးတက်သွားခဲ့သည်။ ထိုလူကြီး၏ အကြည့်သည် အမျိုးသမီး၏ တင်ပါးဆုံနေရာတွင် တစ်ခဏတာမျှ ဝဲနေပြီးသည့်နောက် ရုတ်တရက်ဆိုသလို အမျိုးသမီးအား ပြေးကန်ချလိုက်လေသည်။ ကန်ချက်မှာလည်း မသေးလှ။ အမျိုးသမီးမှာ မြေပြင်ထက် လေးငါးပတ်လောက် လိမ့်ထွက်သွားရပြီးနောက်မှသာ ရပ်တန့်သွားခဲ့ရသည်။

"အမေ" ကလေးမလေးမှာ ထိုအချင်းအရာကို မြင်လိုက်ရသည့်အခါ ဝမ်းနည်းတကြီးဖြင့် ထအော်လေသည်။

"နင့်ပါးစပ်ကို ပိတ်ထားစမ်း" ထိုအမျိုးသားသည် ကလေးမလေး၏ မျက်နှာကို ကောက်ရိုက်ချလိုက်ရာ ကောင်မလေး၏ မျက်နှာမှာ တမုဟုတ်ချည်း ဖူးရောင်ကိုင်းသွားခဲ့ရသည်။

ထိုသို့ အရိုက်ခံရပြီးသည့်နောက်တွင် ကောင်မလေးမှာ ဘာမျှ ထပ်မပြောရဲတော့ချေ။ သူမ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေလေ၏။

ထိုအချိန်အတောအတွင်း ထိုလူသည် အမျိုးသမီးအား နောက်တစ်ကြိမ် ထပ်ကန်လေသည်။ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ အမျိုးသမီးဆီသို့ လျှောက်သွားလိုက်ပြီး အမျိုးသမီး၏ ရင်အုံကို သူ၏ခြေထောက်ဖြင့်ပါ နင်းချလိုက်သည်။

အမျိုးသမီး၏ မျက်နှာမှာတော့ နာကျင်မှုကြောင့် ရှုံ့မဲ့နေလေ၏။

သို့တိုင် သူမသမီးဘက်သို့ လှည့်၍ သူမက ပြောလိုက်လေသည်။ "သမီးရဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်"

သူမ၏ လက်ရှိပုံစံကို သူမသမီးအား မမြင်စေလိုပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၂)

ဘာသာပြန်သူ_တိမ်တိုက်

ကလေးအမေ ဖြစ်သည့်အလျောက် သူမ ယခုကဲ့သို့ အနှိပ်စက်ခံနေရသည်ကို သူမသမီးအား မည်သို့များ မြင်စေချင်ပါမည်နည်း။

ကံမကောင်းစွာဖြင့် ကောင်မလေးမှာ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ မျက်လုံးများမှာ ပြူးကျယ်နေပြီး ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေ၏။ တစ်ချိန်တည်းတွင် မျက်ရည်များမှာ သူမ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် ကျဆင်းနေခဲ့လေသည်။ လက်ရှိအဖြစ်အပျက်ကြောင့် ကောင်မလေးမှာ အလွန်တရာမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေရာ စိတ်နှင့်ကိုယ် မကပ်သလို ဖြစ်သွားတော့လေ၏။

"အစောကြီးကတည်းက သဘောတူလိုက်ရင် ပိုပြီးတော့ အဆင်ပြေနေမှာကို" ထိုသို့ ပြောပြီးသည့်နောက်တွင် ထိုလူသည် အမျိုးသမီး၏ ရင်အုံကို တစ်ကြိမ်ပြီးတစ်ကြိမ် တက်နင်းလေသည်။ အရိုးကျိုးသံများ ထွက်ပေါ်လာလေ၏။ သို့တိုင် ထိုအရိုးကျိုးသံများကို မကြားသည့်အလား အမျိုးသမီး၏ ရင်ဘတ်ကို ဖိထားရင်းမှ ခါးကိုကိုင်း၍ ပြောလိုက်လေ၏။ "နင်သာ အစောကြီးကတည်းက သဘောတူလိုက်ရင် အခုလိုမျိုး ခံစားရမှာ မဟုတ်ဘူး"

အမျိုးသမီး၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပါသော်ငြား အသံတစ်ချက်ပင် မထွက်ဘဲ အံကိုသာ တင်းတင်းကြိတ်ထားလေသည်။ တစ်ချိန်တည်းတွင် သူမသမီးဘက်သို့ လှည့်၍ အားတင်းကာ ပြုံးပြလိုက်လေ၏။ သို့သော်ငြား သူမ၏အပြုံးမှာ ငိုယိုနေသည့် မျက်နှာထက်ပင် ပို၍ အရုပ်ဆိုးနေခဲ့ပေသည်။

"ငါ နင့်ကို သဘောကျတာတောင် ဂုဏ်ယူနေသင့်တာ မဟုတ်ဘူးလား၊ ငါ့ကို ငြင်းရဲတယ်ပေါ့ ဟုတ်လား၊ ခွေးမ"

ထိုသို့ ပြောပြီးသည့်နောက် အမျိုးသမီးအား တောက်လျှောက်ကို ထိုင်၍ နှိပ်စက်နေလေ၏။ ခံစားခဲ့ထားရသည့် မကျေနပ်ချက်အားလုံးကို အမျိုးသမီးပေါ်တွင် ဖွင့်ထုတ်နေသည့်အလားပင်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း အမျိုးသမီးအား ဤကဲ့သို့ နှိပ်စက်နေရသည့်အပေါ် အလွန်ကိုမှ နှစ်ခြိုက်နေသည့်ပုံပင်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသော ရန်ကိုင်၏ အကြည့် အနည်းငယ် အေးစက်သွားလေသည်။ ရန်ကိုင်နှင့် လီကျောက်တို့မှာ ထိုမြင်ကွင်းတစ်ခုလုံးကို အစအဆုံး ထိုင်ကြည့်နေသူများ ဖြစ်သည့်အတွက်ကြောင့် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို နားလည်ကြပေသည်။

ဤသည်မှာ ရန်ကိုင်တို့အဖို့ နဂါးမြို့တော်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သလို မြို့ထဲရှိ မည်သူနှင့်မှလည်း ရင်းနှီးခြင်း မရှိပါသော်ငြား ထိုသားအမိနှစ်ယောက် လူမြင်ကွင်း၌ ယခုကဲ့သို့ ဆိုးဆိုးရွားရွား နှိပ်စက်ခံနေရသည်ကို သူ့အနေဖြင့် ဆက်၍ မကြည့်နိုင်တော့ချေ။ ထိုအတွက်ကြောင့် ရန်ကိုင်မှ လှုပ်ရှားတော့မည်အပြု လီကျောက်သည် ဗြုန်းစားကြီး ထရပ်လိုက်လေသည်။ နှိပ်စက်ခံနေရသည့် အမျိုးသမီးကို ကြည့်ရင်း လီကျောက်မှာ အလွန်ကိုမှ ထိတ်လန့်နေလေ၏။ ထို့နောက် သူ၏မျက်လုံးထဲ မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီးသည့်နောက်တွင် ဒေါသတရားတို့သည် သူ၏ရင်ထဲ တလိပ်လိပ် တက်လာတော့လေသည်။

"အခုမှ တောင်းပန်လို့ နောက်ကျသွားပြီ" ထိုလူသည် အမျိုးသမီး၏ ရင်ဘတ်ပေါ်သို့ နင်းထားသော သူ၏ခြေထောက်ကို အားထပ်စိုက်လိုက်ရင်းမှ... "ဒီနေ့ နင်ရော နင့်ရဲ့သမီးရော မလွတ်စေရဘူး၊ နင်တို့နှစ်ယောက်စလုံး ငါ့နောက် လိုက်ခဲ့ရမယ်"

ထိုသို့ ပြောပြီးသည့်နောက် ကောင်မလေး၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်းမှ ကျန်သောတစ်ဖက်ဖြင့် အမျိုးသမီးကို လှမ်းဆွဲယူရန် ကြိုးစားလိုက်လေသည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် လူတစ်ဦးသည် သူ၏အရှေ့သို့ မပြောမဆိုနှင့် ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ အားကောင်းလှသည့် ဧကရာဇ်ဖိအားတစ်ရပ်မှာလည်း ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့ပြီး ထိုလူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေ၏။

ထိုလူမှာ ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မြေပြင်ကို ကန်‌ကျောက်၍ နောက်သို့ ခုန်ဆုတ်လိုက်ရင်းမှ အော်မေးလိုက်လေသည်။ "ဘယ်သူလဲ"

လီကျောက်သည် သူ၏လက်သီးကို တင်းတင်းဆုပ်လျက် ထိုလူ၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်လေသည်။

ထိုလူမှာ ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး ဧကရာဇ်ချီကို အလျင်စလို လှည့်ပတ်၍ တိုးဝင်လာနေသည့် တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်ငြား လက်သီးချက်ထဲတွင် ပါဝင်နေသည့် စွမ်းအားမှာ ရုတ်တရက်ဆိုသလို အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့ပြီး ထိုလူ ဖန်တီးထားသည့် ဧကရာဇ်ချီ အကာအကွယ်ကို ထိုးဖောက်၍ သူ၏နှာခေါင်းတည့်တည့်သို့ တိုးဝင်လာလေသည်။

'ဘုန်း' ဟူသော မြည်သံနှင့်တကွ အရိုးအက်သွားသံနှင့်အတူ ထိုလူမှာ ကြိုးပျက်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေ၏။ သူ၏လက်တစ်ခုလုံးမှာလည်း အားမရှိတော့သလို ဖြစ်သွားကာ ကိုင်ထားသည့် ကလေးမလေးကိုပင်လျှင် လွတ်ကျသွားခဲ့ရလေသည်။

ထို့နောက်တွင်မူ ထိုလူသည် သူ့နောက်ဘက်တွင်ရှိနေသော ဆိုင်တစ်ဆိုင်အား ပြေးဝင်ဆောင့်လေ၏။ ထိုအဖြစ်အပျက်ကြောင့် ဆိုင်နံရံပေါင်းများစွာ ပြိုကျသွားခဲ့ရလေသည်။ နောက်ဆုံး ခက်ခက်ခဲခဲဖြင့် ပြန်ကုန်းထလာပြီးသည့်နောက် ပါးစပ်တွင် ပေနေသည့် သွေးများကို သုတ်လိုက်သည်။ ယခုအချိန်ထိတိုင် သူ၏ခေါင်းတစ်ခုလုံးမှာ မူးဝေနေဆဲပင်။ သူ့နှာခေါင်းအား စမ်းကြည့်၍ အရိုးကျိုးသွားပြီမှန်း သိလိုက်သော် ထိုလူ အတော်ကိုမှ ဒေါသ သူပုန်ထသွားခဲ့လေ၏။ ချက်ချင်း ဆိုင်ထဲမှ ပြေးထွက်လာပြီး လီကျောက်အား စူးရဲစွာ စိုက်ကြည့်၍ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အော်ပြောလိုက်လေသည်။ "ခွေးကောင်"

လီကျောက်ကမူ ထိုလူကို ဂရုစိုက်မနေခဲ့ဘဲ သူယခုလေးတင် ကယ်ခဲ့သော ကလေးမလေးကို ကြည့်၍ မြေပြင်ပေါ်တွင် လဲနေသော အမျိုးသမီးဆီသို့ လှမ်း၍ ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "နင့်အမေကို သွားကူညီပေးလိုက်"

ကောင်မလေးမှာတော့ စိတ်နှင့်ကိုယ် မကပ်သည့်အလား မလှုပ်မယှက်သာ ရှိနေလေသည်။

မြေပြင်ထက်တွင် လဲနေသော အမျိုးသမီးမှာမူ လီကျောက်အား အံ့ဩတကြီးဖြင့် ကြည့်နေလေ၏။ ယခုကဲ့သို့ အချိန်မျိုးတွင် တစ်ယောက်ယောက်က သူမတို့အား ဝင်ကူညီလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ တကယ်တော့ သူမတို့အား နှိပ်စက်နေသည့်လူသည် ရန်စလို့ကောင်းသည့် လူတစ်ဦးမှ မဟုတ်လေဘဲ။ ထိုလူ၏ ကျင့်ကြံခြင်းမှာ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် အမြင့်ဆုံးထဲ ပါဝင်ခြင်း မရှိချေ။ သူ့ထက် အားကောင်းသည့် လူပေါင်းများစွာ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိကြပေသည်။ သို့တိုင် လူတိုင်းမှာ သူ့အား သွားရန်စ၍ မဖြစ်ချေ။ သူ့အား သွားရန်စသည့် လူအများစုမှာ ဆိုးဆိုးရွားရွား အဆုံးသတ်များနှင့် ကြုံကြရလေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ထိုလူ၏ကျင့်ကြံရေးနှင့် ဘာမျှမသက်ဆိုင်။

အမျိုးသမီးမှာ လီကျောက်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင်တော့ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလန့်တကြား ထအော်မိလိုက်လေသည်။ အကြည့်ချင်း ဆုံသွားသည့် အခိုက်တွင် လီကျောက်၏ မျက်လုံးထဲ သနားရိပ်နှင့် အတိတ်ကို လွမ်းဆွတ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့တိုင် အမျိုးသမီးမှာတော့ လီကျောက်ဆီမှ ချက်ချင်း အကြည့်လွှဲဖယ်သွားခဲ့လေသည်။

သူမ၏ တုန့်ပြန်ပုံကို မြင်သော် လီကျောက် သက်ပြင်းသာ ချလိုက်ပြီး ကလေးမလေး၏ ခန္ဓာကိုယ်ကို မသိမသာလေး လက်ဖြင့် တွန်းလိုက်လေသည်။ ထိုအခါမှသာလျှင် ကောင်မလေးမှာလည်း အသိပြန်ဝင်လာခဲ့ပြီး သူမအမေဆီသို့ ပြေးသွားလေသည်။

လီကျောက်၏ မောက်မာဝင့်ကြွားသည့် အမူအရာသည် အစောပိုင်းက လူကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့လေသည်။ လီကျောက်၏ ကျင့်ကြံခြင်းမှာ သူ့ထက်ပိုမြင့်နေမှန်း သိသည့်တိုင် ထိုလူမှာတော့ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ လီကျောက်ကိုပင် မုန်းမုန်းတီးတီး စိုက်ကြည့်၍ ခြိမ်းခြောက် ပြောဆိုလိုက်လေသည်။ "မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့၊ မင်း ဘာကောင်ပဲဖြစ်ဖြစ် သေဖို့သာ ပြင်ထားပေတော့"

"မင်းက ငါ ပြောချင်နေတဲ့ စကားတွေကို ပြောလိုက်တာပဲ" လီကျောက်သည် ထိုလူအား ထူးမခြားနားဟန်ဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။ သို့သော်ငြား သူ၏ လေသံကို နားထောင်ရုံဖြင့် သူ့ရင်ထဲ မည်မျှ ဒေါသထွက်နေကြောင်းကို အတိုင်းသား ခံစားမိနိုင်လေသည်။

ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသော ရန်ကိုင်သည် ထိုအချင်းအရာကို မြင်လိုက်သော် မျက်လုံးမှေးစင်းသွားခဲ့ပြီး သူ၏အရှေ့တွင် ရှိနေသည့် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ငုံမော့ချလိုက်သည်။ ရန်ကိုင်၏ အကြည့်သည် မြေပြင်အထက်တွင် လဲနေသော အမျိုးသမီးနှင့် လီကျောက် အကြားတွင် ကူးကလန်ခတ်နေလေ၏။ ထို့နောက်တွင် တစ်ခုခုအား နားလည်သွားသည့်အလား သူ၏အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

အစောပိုင်းက အမျိုးသမီးအား နှိပ်စက်နေခဲ့သည့်လူမှာတော့ လီကျောက်၏ စကားကို ကြားပြီးသည့်နောက် ယာယီမျှ မှင်တက်သွားခဲ့ပါသော်ငြား ရုတ်တရက်ဆိုသလို ဝါးလုံးကွဲ ထအော်ရယ်မောတော့လေသည်။ "မင်းက တကယ်ကို သတ္တိရှိတဲ့ကောင်ပဲကွ၊ နဂါးတစ်ပိုင်းမြို့တော်ထဲမှာ ဘယ်သူမှ ငါ့ကို အခုလိုမျိုး လာမပြောရဲဘူး"

"အခု ပြောရဲတဲ့လူ ရှိနေပြီလေ" လီကျောက်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ ဒေါသကို အတတ်နိုင်ဆုံး ထိန်းထားခဲ့သည်။ သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ ဤမျှ ဒေါသထွက်ခဲ့ဖူးခြင်း မရှိချေ။ သူ၏ရင်ထဲ မျိုသိပ်ထားရသည့် ဒေါသတို့မှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်နေကာ လီကျောက်မှာ သူ၏ဒေါသ ပွင့်ထွက်မသွားအောင် အတတ်နိုင်ဆုံး ချုပ်တည်းနေခဲ့ရလေသည်။

"မင်း သေချင်နေတာပဲ" လီကျောက်၏ စကားကို ကြားလိုက်ရပြီးသည့်နောက် အမျိုးသမီးတို့အား နှိပ်စက်နေသည့်လူမှာ ပို၍ ဒေါသထွက်သွားခဲ့လေသည်။ သူ၏အရှိန်အဝါမှာ ပို၍ အားကောင်းလာခဲ့ပြီး သူ့လည်တိုင်တစ်လျှောက်တွင် ရှိနေသော နဂါးအကြေးခွံများ၏ အရောင်မှာလည်း ပို၍ ရင့်လာခဲ့သည်။ တစ်ချိန်တည်းတွင် မှိန်‌‌ဖျဖျ နဂါးဖိအားတစ်ရပ်သည် သူ့ဆီမှ ဖြာထွက်လာလေ၏။

ထိုအရှိန်အဝါ ဖြာထွက်လာသည့်အခိုက် အနီးအနားတွင် ရှိနေကြသော နဂါးနွယ်ဖွားများစွာ နေရထိုင်ရ မသက်မသာ ဖြစ်ကုန်ကြလေသည်။ ထိုသို့ ဖြစ်ရသည်မှာ သွေးမျိုးဆက် ဖိနှိပ်ခြင်းကြောင့်သာ ဖြစ်လေသည်။ အမျိုးသမီးအား နှိပ်စက်နေခဲ့သည့်လူ၏ နဂါးသွေးမျိုးဆက်သည် ဤနေရာတွင် ရှိနေသည့် လူအများစုထက် ပို၍ သန့်စင်ပေသည်။ ထို့အပြင် သူ၏ကျင့်ကြံခြင်းမှာလည်း ဧကရာဇ်ဒုတိယအဆင့် ဖြစ်လေ၏။ ထိုအတွက်ကြောင့် သူသည်သာ အားကုန်ထုတ်သုံးမည်ဆိုလျှင် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိနေသော နဂါးနွယ်ဖွားတော်တော်များများ သူ့အား ယှဥ်ပြိုင်နိုင်ကြလိမ့်မည် မဟုတ်ချေ။ နဂါးနွယ်ဖွား မဟုတ်ကြသည့် လူများနှင့် မွန်းစတားများသည်ပင်လျှင် မသက်မသာ ဖြစ်လာကြကာ နောက်သို့ ဆုတ်သွားကြလေ၏။

လီကျောက်မှာမူ အနည်းငယ်မျှပင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခြင်း မရှိဘဲ တောင်တစ်လုံးနှယ် မားမားမတ်မတ်သာ ဆက်၍ ရပ်တည်နေခဲ့လေသည်။

လီကျောက်၏ အကြွင်းမဲ့ တည်ငြိမ်နေသည့် ပုံစံကို မြင်သော် အမျိုးသမီးအား နှိပ်စက်နေခဲ့သည့်လူ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ သူ၏စိတ်ထဲ တစ်ခုခု မှားယွင်းနေပြီဟု ခံစားနေရနေလေပြီ။ လီကျောက်၏ ကိုယ်ထဲတွင်လည်း နဂါးသွေးများ စီးဆင်းနေသည်ကို သိထားသည့်တိုင် ထိုလူအနေဖြင့် ယခုကဲ့သို့ မာနတကြီး ပြုမူနေရဲခြင်းမှာ လီကျောက်၏ သွေးမျိုးဆက်သည် သူလောက် သန့်စင်ခြင်း မရှိဟု ထင်ထားခြင်းအတွက်ကြောင့်ပင်။

သို့သော်ငြား လီကျောက်မှ သူ၏နဂါးဖိအားကို တုံ့ပြန်လာသည့် ပုံစံကို မြင်သော် ထိုလူမှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေ၏ (သူ ဘယ်လိုလုပ်ပြီး ဘာမှ မဖြစ်ရတာလဲ၊ ဘာလို့ သွေးမျိုးဆက် ဖိနှိပ်ခြင်းက အလုပ်မဖြစ်ရတာလဲ၊ မဖြစ်နိုင်ဘူး၊ ဘာလဲ၊ သူ့သွေးမျိုးဆက်က ငါထက်ပိုပြီး အဆင့်မြင့်နေတာလား)

ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် တပြိုင်နက် ထိုလူ၏အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ အစကတည်းက သူ၏ကျင့်ကြံခြင်းမှာ လီကျောက်လောက် မြင့်မားခြင်း မရှိ။ သူ၏ သွေးမျိုးဆက်သည်ပါ လီကျောက်ထက် နိမ့်ကျနေမည်ဆိုလျှင်တော့ သူသည် လီကျောက်၏ ပြိုင်ဘက် လုံးဝဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

လီကျောက်အား သေချာ အနီးကပ်ကြည့်လိုက်ပြီးသည့်နောက် ထိုလူ၏မျက်လုံးထဲ သံသယရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ လီကျောက်အပေါ် သူ၏စိတ်ထဲ သိပ်၍ မရင်းနှီးသလို ခံစားနေခဲ့ရသည်။ သူမှတ်မိသလောက်ဆိုလျှင် လီကျောက်ကဲ့သို့သော လူမျိုးကို တစ်ခါမျှ ဤနဂါးတစ်ပိုင်းမြို့တော်ထဲ တွေ့ခဲ့ဖူးခြင်း မရှိချေ။

နဂါးတစ်ပိုင်းမြို့တော်ထဲတွင် နဂါးနွယ်ဖွားများကို နေရာတိုင်းလိုလို တွေ့ရလိမ့်မည် ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်သို့ ရောက်နေသည့် နဂါးနွယ်ဖွားများမှာမူ များများစားစား မရှိပေ။ နဂါးတစ်ပိုင်းမြို့တော်ထဲ၌ ဧကရာဇ်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူအရေအတွက်ဆို၍ ရာဂဏန်းခန့် ရှိမည်ဖြစ်ပါသော်ငြား ရာဂဏန်းအနက် ၈၀ ရာခိုင်နှုန်းလောက်မှာ လူသားနှင့် မွန်းစတားမျိုးနွယ်စုများမှ လာကြခြင်း ဖြစ်လေသည်။

ထိုအတွက်ကြောင့် သေချာပြန်ကြည့်လိုက်မည်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ရောက်နေသော နဂါးနွယ်ဖွားအရေအတွက်မှာ အယောက်တစ်ရာပင် မပြည့်တော့ကြောင်း တွေ့ရပေလိမ့်မည်။ သို့ဖြစ်လေရာ အမျိုးသမီးအား နှိပ်စက်နေခဲ့သောလူသည် ဧကရာဇ်အဆင့်သို့ ရောက်နေသော နဂါးနွယ်ဖွားအားလုံးနီးပါးကို သိထားပေသည်။ သူ့အနေဖြင့် ထိုလူများနှင့် ရင်းနှီးခြင်း မရှိသည့်တိုင် တစ်ကြိမ်မကတော့ တွေ့ခဲ့ဖူးပေသည်။ တကယ်တော့ သူတို့အားလုံးသည် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် နေနေကြသူများ မဟုတ်ကြပေလော။ တစ်နေ့ မတွေ့ရသည့်တိုင် နောက်တစ်နေ့တော့ တွေ့ကောင်း တွေ့ပေလိမ့်ဦးမည်။ မြို့ကြီးသည် ကြီးလိမ့်မည် ဖြစ်ပါသော်ငြား မြို့ထဲတွင် နှစ်ပေါင်းများစွာကြာအောင် အတူနေလာပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် မတွေ့မိစရာ အကြောင်းမရှိပေ။ သို့သော်ငြား လီကျောက်၏ မျက်နှာကိုမူ သူ တစ်ခါမျှ မမြင်ဖူးခဲ့။ [ဒီလူ ဘယ်ကနေ ရောက်လာတာလဲ၊ သူ့ကျင့်ကြံခြင်းက ဧကရာဇ်တတိယအဆင့်မှာ၊ သူ့ရဲ့ သွေးမျိုးဆက်ကလည်း ငါ့အောက် မနိမ့်ဘူး၊ သူ့လိုလူ ရှိတယ်ဆိုတဲ့အကြောင်း ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ]

လက်ရှိအချိန်တွင်တော့ အမျိုးသမီးတို့အား နှိပ်စက်နေခဲ့သည့်လူမှာ လုံးဝကို ထိတ်လန့်နေခဲ့ရလေပြီ။ အမျိုးသမီးမှာလည်း ထိတ်လန့်နေခဲ့လေ၏။ အလားတူပင် ဘေးမှ ရပ်ကြည့်နေသည့် လူများမှာလည်း ထိတ်လန့်နေပုံရသည်။ အကုန်လုံးမှာ လီကျောက်ကိုသာ ငေးကြောင်ကြည့်နေကြလေ၏။

တစ်ခဏအကြာတွင် အမျိုးသမီးတို့အား နှိပ်စက်နေခဲ့သည့်လူ၏ နဖူးထက်တွင် ချွေးများ ဝေ့သီလာတော့လေသည်။ ရန်မစသင့်သည့်လူကိုမှ သွားရန်စမိလိုက်မိပြီဟု သူ၏စိတ်ထဲ ခံစားနေရလေ၏။

"မင်းလို အမှိုက်ကောင်ကများ" လီကျောက်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် သူ၏စွမ်းအားကို အသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို လီကျောက်ဆီမှ အမျိုးသမီးအား နှိပ်စက်ခဲ့သည့်လူဆီမှ ဖြာထွက်နေသည့် နဂါးဖိအားထက် ပို၍အားကောင်းသည့် နဂါးဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ နဂါးဖိအား ဖြာထွက်လာပြီးနောက် အလန့်တကြား အော်ဟစ်သံများ ဘေးဘီဝဲရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။ "တတိယအဆင့် နဂါးသွေးကြော"

"တကယ်ကြီး တတိယအဆင့် နဂါးသွေးကြောဟ"

"နဂါးတစ်ပိုင်းမြို့တော်ထဲမှာ တတိယအဆင့် နဂါးသွေးကြော ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ရှိနေတာလား"

ထိုစကားသံများကို ကြားသော် လီကျောက် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ၏ နဂါးသွေးမျိုးဆက်မှာ သန့်စင်ခြင်း မရှိမှန်း သိထားပါသော်ငြား သူ၏နဂါးသွေးမျိုးဆက် မည်သည့်အဆင့်တွင် ရှိနေသလဲ ဆိုသည်ကိုတော့ လီကျောက် မသိပေ။ နဂါးကလန်၏ သွေးမျိုးဆက်ကို အဆင့်ခွဲဝေသည့် ပုံစံသည် နဂါးကျွန်းပေါ်ရှိ နဂါးကလန်မှ အရင်းခံလာခြင်း ဖြစ်သည့်အတွက်ကြောင့် အပြင်လူများ မသိကြသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ သို့သော်ငြား လက်ရှိအချိန်တွင် လူများ ပြောနေသည်ကို ကြည့်ရသလောက် နဂါးတစ်ပိုင်းမြို့တော်ထဲရှိ နဂါးနွယ်ဖွားများသည် သွေးမျိုးဆက်အား မည်ကဲ့သို့ အဆင့်ခွဲသလဲ ဆိုသည်ကို သေချာသိထားကြသည့်ပုံပင်။

[ဒီတော့ ငါ့မှာ ရှိနေတာ အဆင့်သုံး နဂါးသွေးကြောပေါ့]

"နဂါးတစ်ပိုင်းမြို့တော်ထဲမှာ ဒီလို နဂါးနွယ်ဖွားတစ်ယောက် ရှိလို့လား"

"ဒီလူ ဘယ်သူလဲ၊ ဘာလို့ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ"

"သူ့စွမ်းအားကို ကြည့်လိုက်၊ သူ့စွမ်းအားက အဆင့်သုံး အမြင့်ဆုံးအဆင့်မှာ ရှိလောက်တယ်"

"ငါတော့ အဲဒီလို မထင်ဘူး၊ အလယ်အလတ်လောက်ပဲနဲ့ တူတယ်"

"တစ်ယောက်ယောက်တော့ ပြဿနာတက်တော့မယ်နဲ့ တူတယ်"

"နောက်မနေစမ်းပါနဲ့ကွာ၊ ဟိုကောင်ရဲ့ နောက်ခံကိုလည်း မင်း မသိတာကျလို့၊ သူ့အနေနဲ့ အဲဒီလူကို မနိုင်နိုင်ပေမဲ့ တကယ်ပြဿနာကို တက်မယ့်လူက ဟိုလူပဲ ဖြစ်ရင် ဖြစ်နေမှာကွ"

အမျိုးသမီးကို နှိပ်စက်နေခဲ့သည့်လူ၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး သူ့စိတ်ထဲတွင်လည်း အဆက်မပြတ် ကျိန်ဆဲနေခဲ့လေသည်။ [ဘာတွေ ဖြစ်နေတာလဲဟ၊ နဂါးတစ်ပိုင်းမြို့တော်ထဲမှာ အဆင့်သုံး အလယ်အလတ်အဆင့် နဂါးသွေးကြောကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ၊ ငါကိုယ်တိုင်တောင် ဒုတိယ အလယ်အလတ်အဆင့် နဂါးသွေးကြောကိုပဲ ပိုင်ဆိုင်ထားတာ၊ ငါ ဒီကောင့်ကို ဘယ်လို တိုက်ခိုက်ရတော့မှာလဲ၊ ငါ့ကျင့်ကြံခြင်းက သူ့ထက် မသာပါဘူးဆိုမှ ငါ့ရဲ့သွေးမျိုးဆက်ကလည်း သူ့လောက် မသန့်စင်နေဘူး၊ ပြဿနာတော့ တက်ပါပြီ]

သူ့အပေါ်သို့ ပြိုဆင်းကျလာသည့် နဂါးဖိအားကြောင့် အမျိုးသမီးအား နှိပ်စက်နေခဲ့သည့်လူ၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။ သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီဆိုလျှင် ကောင်းကောင်းပင် မလှည့်ပတ်တော့နိုင် ဖြစ်နေခဲ့ရလေသည်။ ဆင်းသက်လာနေသည့် နဂါးဖိအားဝယ် သူ၏ရင်အစုံမှာ တဒုန်းဒုန်း ခုန်လာခဲ့ရလေ၏။

ဤသည်မှာ လီကျောက်အဖို့ တစ်ပါးသူအား သွေးမျိုးဆက် ဖိနှိပ်ခြင်းဖြင့် အနိုင်ကျင့်ရသည်မှာ မည်ကဲ့သို့ ခံစားရသလဲဆိုသည်ကို ပထမဦးဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်လေသည်။ ယခင်ကဆိုလျှင် သူကချည်းသာ တောက်လျှောက် ဖိနှိပ်ခံခဲ့ရသူ တစ်ဦးဖြစ်သည်။ ကျူလဲ့နှင့် ကျူချင်းတို့ အရှေ့တွင် သူ့အနေဖြင့် ငြိမ်ကုပ်နေရုံသာ တတ်နိုင်လေသည်။ ယခုအချိန်တွင်တော့ သူ့အနေဖြင့် တစ်ဖက်လူအား အထက်စီးမှ ဖိနှိပ်နိုင်လေပြီ။

လီကျောက်ရင်ထဲမှ ပေါက်ကွဲထွက်လာသော ဒေါသတရားတို့မှာ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ချက်ချင်းပဲ သူ၏လက်ကို မြှောက်၍ အမျိုးသမီးအား နှိပ်စက်ခဲ့သည့်လူအား ရိုက်ချလိုက်လေသည်။ ထိုလူမှာ လီကျောက်၏ လက်ဝါးချက်ကို ခုခံချင်ပါသော်ငြား ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ရှောင်လည်း မရှောင်နိုင်ခဲ့။ ထိုအတွက်ကြောင့် လက်ဝါးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုသာ ရပ်ကြည့်နေရလေ၏။

'ဖြန်း'ဟူသော မြည်သံနှင့်အတူ ထိုလူ၏ ပါးတစ်ခြမ်း ရောင်ကိုင်းထွက်သွားခဲ့ပြီး သွားများကလည်း ကျွတ်ထွက်သွားခဲ့ရသည်။ လေထဲသို့ သုံးလေးငါးပတ်လောက် ချာလပတ်လည် ထွက်ပြီးသည့်နောက်မှသာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားလေ၏။ ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် လီကျောက်၏ လက်ဝါးချက် မည်မျှ အားကောင်းသလဲ ဆိုသည်ကို မြင်တွေ့နိုင်ပေသည်။ ထိုလူအား ပါးရိုက်ပြီးသည့်နောက်တွင် လီကျောက်သည် နောက်သို့ ပြန်လှည့်လိုက်လေ၏။ သူ၏ အေးစက်စက် မျက်နှာထက် နွေးထွေးကြင်နာသည့် အရိပ်အယောင်တို့က အစားထိုး ဝင်ရောက်လာခဲ့ပြီး ကလေးမလေးကို ကြည့်ကာ ပြောလိုက်လေသည်။ "သူ နင့်ကို တစ်ကြိမ်ရိုက်လို့ ငါ နင့်အစား သူ့ကို ပြန်ရိုက်ပေးလိုက်ပြီ၊ နင်အခု ဒေါသပြေသွားပြီလား"

ကလေးမမှာတော့ အထိတ်တလန့် အမူအရာဖြင့် ရှိနေလေ၏။ သူမ လီကျောက်ကို မသိချေ။ သူမ ပို၍ နားမလည်နိုင်သည်မှာ လီကျောက် ဘာကြောင့် သူမအား ကူညီနေရသလဲ ဆိုသည်ကိုပင်။ သူမ သိသည်မှာတော့ သူမ၏အမေကို ထိုလူမှ ထိုင်နှိပ်စက်နေချိန် သူမရင်ထဲ ကြောက်ရွံ့မှုနှင့် ဒေါသတရားတို့အား ခံစားခဲ့ရသည်ကိုပင်။ ထိုအတွက်ကြောင့် သူမတို့အား နှိပ်စက်ခဲ့သည့်လူ ယခုကဲ့သို့ ပြန်အနှိပ်စက်ခံနေရသည်ကို မြင်သော် သူမစိတ်ထဲ ကြိတ်၍ အားရနေခဲ့မိသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကလေးမလေးမှာ လီကျောက်အပေါ် အမြင်ကြည်သွားရလေ၏။ လီကျောက်၏ အမေးကို ကြားသော် ချက်ချင်းပဲ အားတက်သရောဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

လီကျောက်က ပြုံး၍... "မလုံလောက်သေးဘူး ထင်ရင် ငါ သူ့ကို ထပ်ရိုက်လို့ ရသေးတယ်နော်"

ကောင်မလေးသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းခါပြလိုက်လေ၏။

လီကျောက်က ဆက်ပြောလိုက်သည်။ "ကောင်းပြီ ဒါဆိုရင် နင့်အမေ ဒေါသပြေသွားအောင် ငါ ထပ်ကူညီပေးမယ်”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၃)

ဘာသာပြန်သူ_တိမ်တိုက်

နဂါးတစ်ပိုင်းမြို့တော်ထဲရှိ လမ်းမအထက်တွင် လူတိုင်းမှာ တိတ်ဆိတ်နေကုန်ကြလေသည်။

လီကျောက်မှာ အေးစက်စက် အမူအရာဖြင့် အမျိုးသမီးတို့အား နှိပ်စက်နေခဲ့သော လူကြီးဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လာခဲ့လေသည်။

အမျိုးသမီးတို့အား နှိပ်စက်နေခဲ့သော လူသည် လီကျောက်၏ လက်ဝါးချက်ကြောင့် အတော်လေးကိုမှ ခေါင်းမူးဝေနေခဲ့ရလေသည်။ သူ၏ခေါင်း ပြန်ကြည်သွားချိန်တွင်တော့ လီကျောက် သူ့အရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုအတွက်ကြောင့် ရှက်ရှက်ဖြင့် ဒေါသထွက်သွားပြီး ထ၍ ကျိန်ဆဲတော့လေသည်။ "မင်း ဘယ်လိုတောင် ငါ့ကို ရိုက်ရဲတာလဲ"

လီကျောက်သည် ထိုလူကို စိုက်ကြည့်၍ သူ၏လက်ကို ဆတ်ခနဲ ဝှေ့ယမ်းလိုက်လေသည်။ ဖြန်းခနဲ မြည်သံနှင့်အတူ ထိုလူ၏ အခြားပါးတစ်ဖက် ရောင်ကိုင်းတက်လာလေ၏။

သွေးမျိုးဆက်အရ အားမသာသလို ကျင့်ကြံခြင်းကလည်း တစ်ဖက်လူထက် ပို၍ နိမ့်ကျနေသည့်အတွက်ကြောင့် ထိုလူမှာ လီကျောက်၏ ရိုက်ချက်များကို မည်သို့မျှ မခုခံနိုင်ခဲ့ခြင်း မရှိပေ။

"ခွေးသူတောင်းစား၊ မင်း ဘယ်လိုတောင်..."

သူ့စကားအား ဆုံးအောင် မပြောနိုင်သေးခင်မှာပင် လီကျောက်သည် ထိုလူ၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။

"မင်း"

ခွပ်။ နောက်ထပ် လက်သီးတစ်ချက် သူ၏မျက်နှာအား လာမှန်လေ၏။

လူတိုင်းမှာမူ ထိုမြင်ကွင်းကို စိုက်ကြည့်နေရင်း ငြိမ်သက်တိတ်ဆိတ်နေကုန်ကြသလို သူတို့ရင်ထဲလည်း အတော်လေးကိုမှ ထိတ်လန့်နေကြလေသည်။

လီကျောက်မှာ အလွန်ကိုမှ ဒေါသသူပုန်ထနေလေရာ အခြားမည်သူ့ကိုမှ ဂရုစိုက်မနေတော့ဘဲ ထိုလူကိုသာ တရစပ် ထိုးကြိတ်နေတော့သည်။ လီကျောက်၏ တရစပ် ထိုးကြိတ်မှုများကြောင့် ထိုလူမှာ စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

လီကျောက်၏ လုပ်ရပ်မှာ အတော်လေးကိုမှ ရက်စက်လှပါသော်ငြား သူ့အကန့်အသတ် သူ သိပေသည်။ ဤနေရာသည် သူ မရင်းနှီးသည့် နေရာတစ်ခု ဖြစ်ပေသည်။ သူ့အနေဖြင့် အစောပိုင်းက အမျိုးသမီးနှစ်ဦးကို ကူညီပေးချင်ရုံလျှင်ပင် ဤလူကိုတော့ သတ်မပစ်ခဲ့ပေ။ ထိုအတွက်ကြောင့် အမျိုးသမီးတို့အား နှိပ်စက်ခဲ့သော လူသည် အဆက်မပြတ် ထိုးကြိတ်ခံနေရသည့်တိုင် အသက်အန္တရာယ်တော့ မရှိပေ။

"ရောင်းရင်း၊ မင်း သူ့ကို ခွင့်လွှတ်ပေးလိုက်ပါတော့ကွာ၊ ဒီလူက မင်း ရန်စလို့ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူးနော်"

လီကျောက်၏ နားထဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ယောက်သည် သူ့အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောနေခြင်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် လီကျောက်သည်လည်း သူ၏လက်သီးအားကို လျှော့ချလိုက်လေသည်။ ဤလူကို စိတ်ရှိလက်ရှိ ထိုးနှက်ပြီးသည့်နောက် ဒေါသအများစုမှာ ပြေလျော့သွားခဲ့‌လေပြီ။ ထိုအတွက်ကြောင့် လီကျောက်မှာ ယခင်ကလောက် ဒေါသထွက်နေခြင်း မရှိတော့။

အစောပိုင်းက သူ ကယ်လိုက်သည့် အမျိုးသမီးကလည်း ထိုအခါမှ အသိပြန်ဝင်လာခဲ့ပြီး အလန့်တကြား ထအော်လေသည်။ "သူ့ကို မထိုးနဲ့တော့၊ သူ့ကို မထိုးနဲ့တော့ ဆရာ၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့"

အမျိုးသမီးမှာ ထိုလူဘက်မှ ကိုယ်စားဝင် အသနားခံနေခြင်း မဟုတ်။ ထိုလူသည် လူရှေ့သူရှေ့တွင် သူမကို အရှက်ကွဲစေခဲ့သလို သူမနှင့် သူမသမီးကိုလည်း နှိပ်စက်ခဲ့လေသည်။ ထိုသို့ ဖြစ်လေရာ သူမအနေနှင့် ဘာကြောင့်များ ထိုလူဘက်မှ ကိုယ်စားဝင် ပြောပေးရမည်နည်း။ ဖြစ်သာဖြစ်နိုင်လျှင် သူမစိတ်ထဲ ထိုလူကိုပင်လျှင် စိတ်ရှိလက်ရှိ သတ်ပစ်လိုက်ချင်မိပေသည်။ သို့သော်ငြား လီကျောက်သည်သာ ထိုလူအား မတော်တဆ သတ်ပစ်လိုက်မည်ဆိုပါက ဤနေရာမှ အသက်ရှင်လျက် ထွက်သွားဖို့ရာ ခက်ပေလိမ့်မည်။ လီကျောက်ကို သူမ၏ပြဿနာထဲ ဆွဲခေါ်မိလိုက်သည့်အတွက် အပြစ်မကင်းသလို ခံစားရကာ လီကျောက်အား စိုးရိမ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဝင်ပြောလိုက်ခြင်း ဖြစ်ပေသည်။

လီကျောက်သည် ထိုလူအား နောက်ထပ် နှစ်ကြိမ်ခန့် ထပ်ထိုးလိုက်ပြီးနောက် အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေ၏။"အသုံးမဝင်တဲ့ ခွေးစုတ်"

အမျိုးသမီးသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရှေ့သို့ တိုးလာ၍ လီကျောက်၏ လက်မောင်းကို လှမ်းဆွဲထားကာ တောင်းပန်လိုက်လေသည်။ "ဆရာ၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့၊ ကျေးဇူးပြုပြီး သူ့ကို မထိုးပါနဲ့တော့"

လီကျောက်သည်လည်း ထိုအခါမှသာလျှင် ထိုလူ၏ကိုယ်ပေါ်က ထလိုက်ပြီး ထိုလူအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ ခြိမ်းခြောက်ပြောဆိုလိုက်လေသည်။ "ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်၊ နောက်တစ်ကြိမ် ဒါမျိုး လာထပ်ဖြစ်မယ်ဆိုရင်တော့ မင်းအလောင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့သာမှတ်"

လက်ရှိအချိန်တွင် ထိုလူ၏ မျက်နှာတစ်ခုလုံးမှာ ရစရာမရှိအောင် စုတ်ပြတ်နေခဲ့ပြီး သွေးများဖြင့် နီရဲနေခဲ့လေသည်။ လူရှေ့သူရှေ့ ယခုကဲ့သို့ ရိုက်နှက်ခံလိုက်ရသည့်အတွက် ရှက်သွားသည့်အတွက်ကြောင့်လား မသိ ထိုသို့မဟုတ်ဘဲ တကယ်ကြီးများ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့်ကြောင့်လား မသိ ထိုလူသည် လီကျောက်၏ ဆဲရေးတိုင်းထွာ စကားကို ကြားသည့်တိုင် မလှုပ်မယှက်ဖြင့်သာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့လေသည်။

လီကျောက်သည် ထိုလူအား နောက်ဆုံးအကြိမ်အဖြစ် ဆောင့်ကန်လိုက်ပြီးသည့်နောက်တွင် အမျိုးသမီးဘက်သို့ လှည့်၍ ဒွိဟဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်လေ၏။ "နင် အဆင်ပြေလား"

အမျိုးသမီးမှာ လီ‌ကျောက်နှင့် အကြည့်ချင်း မဆုံရဲသည့်အလား ခေါင်းကို ငုံ့ထားခဲ့လေသည်။ လီ‌ကျောက်၏ လက်ကိုလည်း လွှတ်ပေးလိုက်သည်။ သူမကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် အနည်းငယ်မျှသော ဒဏ်ရာလေးသည် သူမအတွက်တော့ ဘာမှ သိပ်၍ မပြောပလောက်ပေ။

"အင်း" လီကျောက် ခေါင်းညိတ်လိုက်လေ၏။

အမျိုးသမီးသည် ခေါင်းကို ငုံ့ထားရင်းမှ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ပြန်ပြောလိုက်သည်။ "အခုလိုမျိုး ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာ၊ ဒါပေမဲ့ ဆရာ မြန်မြန် ထွက်သွားသင့်တယ်နော်၊ နဂါးတစ်ပိုင်းမြို့ထဲမှာ ဆက်မနေသင့်တော့ဘူး"

ထိုစကားကို ကြားသော် လီကျောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤအမျိုးသမီး၏ တုံ့ပြန်မှုအရ ဖြစ်စေ သူမ ပြောသွားသည့် စကားအရ ဖြစ်စေ အစောပိုင်းက သူ့နားထဲသို့ တစ်စုံတစ်ဦးမှ တိုက်ရိုက်ပို့လာသည့် သတင်းစကားအရ ဖြစ်စေအကုန်လုံးသည် အကြောင်းရင်း တစ်ခုတည်းကိုသာ ညွှန်းဆိုနေခဲ့လေသည်။ လီကျောက်မှာလည်း အရူးမဟုတ်လေရာ သူ ရိုက်နှက်ခဲ့သည့်လူသည် ဩဇာအာဏာ ကြီးမားသည့် လူတစ်ယောက် ဖြစ်မှန်းကို မည်သို့များ မသိဘဲ နေပါမည်နည်း။

[ငါတော့ သွားပြီ၊ ပြဿနာတော့ တက်တော့မှာပဲ] လီကျောက် စိတ်ထဲ အနည်းငယ် စိုးရိမ်မိလာခဲ့လေသည်။ သို့တိုင် ထိုအမျိုးသမီး အရှေ့၌ အနည်းငယ်မျှ စိုးရိမ်ပုံ မပြ။ သူ့အား နောက်တစ်ကြိမ် ထပ်ရွေးချယ်ခွင့် ပေးမည်ဆိုလျှင်ပင် ယခုကဲ့သို့ ထပ်လုပ်ဦးမည်သာ။

"ငါ့ကို ဒီပုံစံအတိုင်းပဲ ဆက်ပြီး ခေါ်နေတော့မှာလား" လီကျောက်သည် အမျိုးသမီးကို ကြည့်နေရင်းမှ သက်ပြင်းချလိုက်လေသည်။

အမျိုးသမီး၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့သည်။ သို့သော်ငြား မသိချင်ယောင်ဆောင်၍သာ ဆက်ပြောလိုက်လေ၏။ "ဆရာ ဘာပြောချင်တာလဲ"

"ဟူး" လီကျောက်သည် ခေါင်းတခါခါလုပ်လျက် ထိုအကြောင်းကို ဆက်၍ ပြောမနေတော့ဘဲ ပြန်၍သာ ပြောလိုက်လေသည်။ "ငါ့နောက် လိုက်ခဲ့"

ထိုသို့ ပြောပြီးသည့်နောက် လှည့်ထွက်သွားလေ၏။ အမျိုးသမီးသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူမသမီးကို ခေါ်ကာ လီကျောက် နောက်သို့ လိုက်သွားခဲ့လေသည်။

ရေနွေးကြမ်းဆိုင်ထဲသို့ လမ်းလျှောက်ဝင်လာပြီး ဒုတိယထပ်သို့ တက်လာလိုက်ရာ ရန်ကိုင်မှ သူ့အား ထူးထူးဆန်းဆန်း အပြုံးဖြင့် စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။ ရန်ကိုင်၏ အပြုံးကြောင့် လီကျောက်မှာ ရှက်ရွံ့သွားခဲ့ရလေသည်။ သူ၏ အလောတကြီး လုပ်ရပ်သည် သူ့ကိုယ်သူ အရူးတစ်ယောက် ပုံစံပေါက်သွားစေကြောင်း သဘောပေါက်လိုက်လေသည်။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို မီးနဂါးနန်းတော်၏ နန်းတော်သခင်လည်း ဖြစ်လင့်ကစား ယခုအချိန်တွင်တော့ ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ အလောတကြီး ပြုမူမိလိုက်ပေသည်။

လီကျောက်သည် မည်သည့် အပိုစကားမှ ပြောမနေတော့ဘဲ မူလထိုင်နေသည့် နေရာတွင်သာ သွားထိုင်နေလိုက်လေသည်။ ရန်ကိုင်မှ ရေနွေးကြမ်းခွက်ကို လီကျောက်ရှေ့သို့ တွန်းပေးလိုက်ရာ လီကျောက်မှာ ရေနွေးကြမ်းခွက်ကို ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

ထိုအချိန်အတောအတွင်း သားအမိနှစ်ယောက်မှာတော့ တစ်ဦးဘေးနား တစ်ဦး ယှဉ်တွဲစွာ ရပ်နေကြလေသည်။ သေသေချာချာ ကြည့်ကြည့်မည်ဆိုလျှင် ထိုသားအမိနှစ်ယောက်မှာ အတော်လေးကိုမှ ရုပ်ဆင်လှကြောင်း သတိပြုမိပေလိမ့်မည်။ ထိုနှစ်ဦးစလုံးမှာ အလွန်ကိုမှ လှကြပေသည်။ အမျိုးသမီးသည် ဒဏ်ရာရထားသလို သူမ၏ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေပါသော်ငြား ထိုအရာများသည် သူမ၏ အလှတရားကိုတော့ ပျက်ပြယ်သွားစေခဲ့ခြင်း မရှိပေ။

လီကျောက်သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့သည်။ အလားတူပင် အမျိုးသမီးမှာလည်း ဘာမျှ မပြောခဲ့ဘဲ တိတ်ဆိတ်နေခဲ့လေသည်။ အမှားတစ်ခုခု လုပ်ထားမိသည့်အလား ခေါင်းကို ငုံ့ထားရင်းဖြင့်သာ မတ်တပ်ရပ်နေလေ၏။ က‌လေးမမှာတော့ လီကျောက်နှင့် ရန်ကိုင်တို့အား သေသေချာချာကို စူးစမ်းကြည့်နေလေသည်။

"ထိုင်ကြလေ" ရန်ကိုင်က ထိုနှစ်ဦးကို ပြုံး၍ ပြောလိုက်သည်။

အမျိုးသမီးက ခေါင်းခါ၍ ပြန်ပြောလိုက်၏။ "မလိုပါဘူး ဆရာ၊ ကျွန်မ ဒီအတိုင်း မတ်တပ်ရပ်နေလို့ ရပါတယ်"

ထိုစကားကို ကြားသော် လီကျောက်၏ မျက်နှာကြီး ရဲတက်သွားခဲ့ပြီး နောက်ထပ် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်လေသည်။

အမျိုးသမီးက ဆက်၍ ပြောလိုက်၏။ "ဆရာတို့ နဂါးတစ်ပိုင်းမြို့တော်ထဲကနေ မြန်မြန် ထွက်သွားသင့်တယ်နော်။ ဒီမှာ အကြာကြီး နေလို့ အဆင်မပြေဘူး"

ရန်ကိုင်က ပြန်မေးလိုက်သည်။ "သူက ဘယ်သူလဲ"

အမျိုးသမီးက ပြန်ပြောလိုက်သည်။ "သူက ဘာမှ ဒီလောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက တခြားတစ်ဖက်နဲ့ ဆက်သွယ်လို့ ရတယ်"

အမျိုးသမီးသည် အကြောင်းစုံကို အသေးစိတ် ရှင်းမပြခဲ့ပေ။ မသိလျှင် သူမ ပြောမည့် အကြောင်းအရာများသည် တားမြစ်ထားသည့် အရာများအလားပင်။ ရန်ကိုင်နှင့် လီကျောက်တို့၏ ထူးမခြားနား အမူအရာကို မြင်သော် အမျိုးသမီးမှာ စိုးရိမ်လာခဲ့ပြီး လီကျောက်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ဆရာတို့ မြန်မြန် ထွက်သွားရင် ကောင်းလိမ့်မယ်နော်၊ အခုနေမှ ထွက်မသွားရင် နောက်ကျသွားလိမ့်မယ်"

လီကျောက်သည် အမျိုးသမီးဘက်သို့ လှည့်၍ စိတ်ညစ်ညစ်ဖြင့် ပြန်အော်ပြောလိုက်လေသည်။ "နင် ငါ့ကို ဒီအတိုင်းပဲ ဆက်ပြီးတော့ မသိချင်ယောင်ဆောင်နေဦးမှာလား"

လီကျောက် ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် တပြိုင်နက် အမျိုးသမီးသည် ချက်ချင်း ခေါင်းငုံ့သွားခဲ့ပြီး လီကျောက်အား ဆက်မကြည့်ရဲတော့ချေ။ ကလေးမလေးမှာတော့ မျက်လုံးအပြူးသားဖြင့် သူမ၏အမေကို လှမ်းကြည့်နေလေ၏။ ထို့နောက် လီကျောက်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ "ဦးလေး ကျွန်မအမေကို သိတာလား"

‌

လီကျောက်က နှာခေါင်းရှုံ့လျက်... "မင်းဘာသာမင်း မေးကြည့်လိုက်"

လီကျောက်ကို ကြည့်ရသည်မှာ အနည်းငယ် ဒေါသထွက်နေသည့်ပုံပင်။ သို့သော်ငြား သူကိုယ်တိုင်ပင်လျှင် ဘာကြောင့် စိတ်ပျက်နေရမှန်းကို နားမလည်ခဲ့ပေ။

လီကျောက် ပြောသည့်စကားကို ကြားပြီးသည့်နောက် ကလေးမလေးသည် သူမအမေဘက်သို့ လှည့်၍... "အမေ၊ အမေ ဒီလူကို သိတာလား"

အမျိုးသမီးမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့လေသည်။ သို့သော်ငြား သူမ၏ ပုခုံးသွယ်သွယ်လေးမှာတော့ တဆတ်ဆတ် တုန်ယင်နေ၏။ မျက်ရည်များမှာလည်း ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် ပြိုဆင်းကျနေခဲ့လေသည်။

"အမေ" သူမအမေ ငိုနေသည်ကို မြင်သော် ကလေးမလေး၏ မျက်လုံးများ နီရဲတက်လာခဲ့ပြီး ချက်ချင်းပဲ သူမအမေကို ပွေ့ဖက်လိုက်လေသည်။

"နင် ဘာလို့ ငိုနေတာလဲ၊ နှစ်တွေ ဒီလောက်တောင် ကြာနေပြီ၊ အရင်ကအတိုင်းပါပဲ" လီကျောက် ပြောစရာစကား ပျောက်ရှနေခဲ့သည်။ သူ၏ လေသံ အနည်းငယ် မာသွားသည်ကို ပြန်စဉ်းစားမိလိုက်သော် လီကျောက် စိတ်ထဲ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားခဲ့သည်။ သို့တိုင် သူမအား မည်ကဲ့သို့ နှစ်သိမ့်ပေးရမှန်း မသိ။ ထိုအတွက်ကြောင့် ရန်ကိုင်ဘက်သို့ လှည့်၍သာ အကူအညီ တောင်းရတော့သည်။

ရန်ကိုင်က ပြုံးလျက်... "အစ်မ အရင်ထိုင်လိုက်ပါဦး"

သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပါသော်ငြား ဤအမျိုးသမီးသည် ရန်ကိုင်ထက် အသက်ပိုကြီးပေသည်။ ထိုအတွက်ကြောင့် အစ်မဟု ခေါ်သည်မှာ မှားတော့မမှားပေ။ ထို့အပြင် သူမကို ကြည့်ရသည်မှာ လီကျောက်၏ အသိကျွမ်းဟောင်းတစ်ဦး ဖြစ်သည့်ပုံပင်။ ထိုအတွက်ကြောင့် ရန်ကိုင်အနေဖြင့် လီကျောက်၏ မျက်နှာကို ထောက်ထား၍ သူမအား အနည်းငယ်တော့ ဖော်ရွေပြရပေလိမ့်မည်။ တကယ်တော့ လီကျောက်သည် သူမကို ကယ်ရန်အတွက် ဘာကိုမျှ ဂရုစိုက်မနေခဲ့ဘဲ အစောပိုင်းက လူကိုပင်လျှင် သွားရောက်ထိုးကြိတ်ခဲ့သည် မဟုတ်ပေလော။

ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် လီကျောက်၏ မျက်နှာကြီး ရဲတက်သွားခဲ့လေသည်။ သို့တိုင် လေသံမာမာဖြင့် အမိန့်ပေးလိုက်လေ၏။ "ထိုင်လိုက်လေ ဘာလို့ ရပ်နေသေးတာလဲ၊ မသိတဲ့လူတွေသာဆိုရင် ငါ နင့်ကို အနိုင်ကျင့်နေတယ်လို့ ထင်ကုန်ကြတော့မှာပဲ"

အမျိုးသမီးသည် ဆက်၍သာ ငိုကြွေးနေခဲ့လေသည်။ သို့တိုင် ယခုတစ်ကြိမ်တွင်တော့ သူမ၏သမီးနှင့်အတူ ထိုင်ချလိုက်လေသည်။ မတ်တပ်ရပ်နေပြီး ငိုနေဖို့ရာ သိပ်မသင့်တော်ဟု သူမလည်း တွေးမိသည့်ပုံပင်။ ယခုကဲ့သို့ ငိုနေသည်မှာ သူမ ကြုံတွေ့ခဲ့ရသည့် အရှက်ကွဲမှုကြောင့်လား ထိုသို့မဟုတ်ဘဲ လီကျောက်နှင့် နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်တွေ့ရသည့်အတွက်ကြောင့်လား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

လောလောလတ်လတ် ထိုအမျိုးသမီးနှင့် စကားပြောဖို့ရာ အဆင်မပြေသေးသည်ကို မြင်သော ရန်ကိုင်သည် လီကျောက်ဘက်သို့ လှည့်၍ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးတိတ်တိတ် ပြောလိုက်လေသည်။ "ခင်ဗျား သူ့ကို သိလား"

လီကျောက် လှုပ်ရှားလိုက်စဉ်ကတည်းက ရန်ကိုင်စိတ်ထဲ အနည်းနှင့်အများတော့ ခန့်မှန်းမိပြီးသွားခဲ့လေပြီ။ ထို့အပြင် လီကျောက်၏ စကားအသွားအလာကို ကြည့်ရင်းမှတစ်ဆင့် ဤအမျိုးသမီးသည် လီကျောက်၏ အသိမိတ်ဆွေဟောင်းမှန်း ရန်ကိုင် သေချာသွားရတော့သည်။ သို့သော်ငြား ဤကဲ့သို့သော နဂါးတစ်ပိုင်းမြို့တော်ထဲတွင် လီကျောက်၏ အသိမိတ်ဆွေဟောင်းတစ်ဦးကို လာတွေ့ရသည်မှာ အတော်လေးကိုမှ တိုက်ဆိုင်လွန်းလှသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရလေသည်။

လီကျောက်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ထိုသို့ ခေါင်းငြိမ့်ပြပြီးသည့်နောက် သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားရတော့လေသည်။ အတိတ်မှတ်ဉာဏ်ဟောင်းများသည် သူ၏စိတ်ထဲ စတင်၍ ရစ်သိုင်းလာတော့လေ၏။

ရန်ကိုင်သည် ဘာမျှ ဆက်မမေးနေခဲ့။ တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သွားမေးနေဖို့ရာ အဆင်မပြေပေ။ သူ သိသည်မှာတော့ ဤအမျိုးသမီးနဲ့ လီကျောက်ကြားရှိ ဆက်ဆံရေးမှာ ပုံမှန်မဟုတ်ဟူ၍ပင်။

"နန်းတော်သခင်၊ အိပ်မက်ဂိတ်ဆိုတဲ့ ဂိုဏ်းအကြောင်းကို ကြားဖူးလား" လီကျောက်သည် အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်မေးလိုက်လေသည်။

"အိပ်မက်ဂိတ်" ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ "အင်း၊ ကြားဖူးတယ်"

အိပ်မက်ဂိတ်သည် မြောက်ဘက်နယ်မြေတွင် တည်ရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ သို့သော်ငြား ထိုဂိုဏ်းသည် မီးနဂါးနန်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်းနဲ့ မယှဉ်နိုင်‌ပေ။ အကြောင်းမှာ ထိုဂိုဏ်းတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး မရှိသည့်အတွက်ကြောင့်ပင်။ အိပ်မက်ဂိတ်၏ အားအကောင်းဆုံးသော ပညာရှင်မှာ ဧကရာဇ်ဒုတိယအဆင့်သို့သာ ရောက်ပေသေးသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိုဂိုဏ်း၏ နာမည်ကို ကြားဖူးသည့်တိုင် ဂိုဏ်းအကြောင်းကိုတော့ မသိပါချေ။ လီကျောက်မှ ထိုဂိုဏ်းအကြောင်းကို ပြောလာခဲ့သော် ဤအမျိုးသမီးသည် ထိုအိပ်မက်ဂိတ်ဟူသော ဂိုဏ်းနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်နေပေလိမ့်မည်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့ရသည်။

လီကျောက်က ဆက်၍ ပြောလိုက်သည်။ "အိပ်မက်ဂိတ်ရဲ့ ဂိုဏ်းချုပ် လုချိုက ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲ၊ သူ့ရဲ့ ကျင့်ကြံခြင်းက ဒီလောက် မမြင့်ပေမဲ့ အိပ်မက်ဂိတ်က ရှင်းရှင်းပြောရရင် နှစ်တွေအများကြီး တည်တံ့နိုင်ခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ၊ ဘာလို့ ဒီလို ဖြစ်ရတာလဲဆိုတော့ သူ့မှာ သားသမီးတွေ အများကြီး ရှိလို့ပဲ၊ အဲဒါကြောင့်ပဲ သူ့ရဲ့ ကျင့်ကြံခြင်းက သိပ်မမြင့်ပေမယ့် သူ့အမွေအနှစ်ကို မျိုးဆက်ပြတ်မသွားအောင် လက်ဆင့်ကမ်းသွားနိုင်ခဲ့တာ၊ အဲလို သားသမီးတွေ အများကြီးထဲကမှ သူ့ရဲ့ တတိယကလေးက အရမ်းလည်း ချောတယ်၊ အရမ်းလည်း နာမည်ကျော်တယ်၊ သူ့နာမည်က လုစန်းနျန်လို့ လူတိုင်း သိကြတယ်"

ထိုအခိုက်သို့ အရောက်တွင် လီကျောက်သည် သူ၏ ဘေးနား၌ ငိုရှိုက်နေသော အမျိုးသမီးဘက်သို့ လှမ်းကြည့်လိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ်သုံးရာလောက်ကပေါ့၊ ကျုပ် ဘာသာကျုပ် တစ်ယောက်တည်း လျှောက်သွားနေတုန်း လူရမ်းကားတစ်ဖွဲ့နဲ့ သွားတိုးတယ်လေ၊ အဲကောင်တွေက မဟုတ်တရုတ်တွေ လုပ်နေကြတာ၊ နန်းတော်သခင်ရန်လည်း အဲလိုအဖြစ်အပျက်တွေ တစ်ခါမက ကြုံဖူးတယ်မလား၊ ဒီတော့ အခြေအနေကို ဘာမှ သေသေချာချာ မသိသေးဘဲနဲ့ ဝင်ရှုပ်လို့က သိပ်မကောင်းဘူးလေ၊ ဒီတော့ ကျုပ်လည်း ဒီအတိုင်းပဲ ရပ်ကြည့်နေလိုက်တယ်၊ အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက် ပေါ်လာပြီးတော့ အဲလူတွေကို ဝင်တိုက်ပါရော၊ ဒါပေမဲ့ တိုက်သာတိုက်တာ သူ့ခွန်အားက ဒီလောက်မြင့်တာ မဟုတ်ဘူး၊ တာအိုသခင်တတိယအဆင့်ပဲ ရှိသေးတယ်၊ ဒီတော့ သူကိုယ်တိုင်ပါ ပြဿနာတက်သွားရော၊ နောက်ဆုံးတော့ ကျုပ်လည်း မတတ်သာတော့ဘဲ သူ့ကို ဝင်ကယ်ပေးလိုက်ရတယ်၊ အဲလိုနဲ့ ကျုပ်နဲ့ အဲအမျိုးသမီး ရင်းနှီးသွားတာ၊ အဲဒီအမျိုးသမီးက အိပ်မက်ဂိတ်က လုစန်းနျန်ကလွဲပြီး အခြားမဟုတ်ဘူး၊ နန်းတော်သခင်၊ ကျုပ်ကိုတော့ မရယ်နဲ့နော်၊ ဒါပေမဲ့ သူ့ကို မြင်ပြီးတဲ့နောက်မှာ ကျုပ်ရဲ့ စိတ်ကို ထိန်းလို့မရတော့ဘူးဗျ၊ ဒီတော့ သူ့ကို နည်းနည်းသိလာတာ ကြာလည်းကြာရော၊ သူလည်း ကျုပ်အပေါ် စိတ်ခံစားချက် ဒီလောက် မဆိုးမှန်း သိသွားတယ်၊ ဒါကြောင့် အိပ်မက်ဂိတ်ဆီကို သွားပြီးတော့ သူ့ကို တောင်းရမ်းပါတယ်"

လီကျောက် တဏှာကြီးသည်မှာတော့ အထူးအဆန်း မဟုတ်ပေ။ နဂါးသွေးမျိုးဆက်သည် သူ၏ကိုယ်ထဲ စီးဆင်းနေသည့်အတွက်ကြောင့် သူ့အနေဖြင့် မိန်းမချောလေးများ မြင်လျှင် ရမ္မက်သွေး ကြွတက်သည်မှာ သဘာဝသာ ဖြစ်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၄)

ဘာသာပြန်သူ_တိမ်တိုက်

"လျူချိုက ကျုပ် သွားတောင်းရမ်းတာကို သဘောတူလိုက်တယ်၊ ကျုပ်လည်း အဲဒီကိစ္စကို မနှောင့်နှေးစေချင်တော့တာနဲ့ တစ်လအတွင်းမှာပဲ လက်ထပ်ပွဲကို ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့ ပြဿနာက အဲဒီမှာ စတာပဲ၊ လဝက်လောက် ကြာပြီးတဲ့အချိန်မှာ လျူချိုက ကျုပ်ကို သတင်းပို့လာတယ်၊ လျူစန်းနျန် ပျောက်ပြီတဲ့၊ ကျုပ်လည်း ဒေါသထွက်တာပေါ့၊ ဒီတော့ ဒေါသထွက်ထွက်နဲ့ အိပ်မက်ဂိတ်ကို သွားပြီးတော့ သောင်းကျန်းပစ်လိုက်တယ်၊ နောက်တော့မှပဲ သိလိုက်ရတာက လျူစန်းနျန် ပျောက်သွားတာကို အိပ်မက်ဂိတ်တောင် မသိလိုက်ရဘူးတဲ့၊ သူ ဘယ်ကို ပျောက်လို့ ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဒီတော့ ကျုပ်တို့ မီးနဂါးနန်းတော်နဲ့ အိပ်မက်ဂိတ် ပေါင်းပြီးတော့ လျူစန်းနျန်ကို လိုက်ရှာတယ်၊ ဘယ်လိုမှ ရှာလို့မတွေ့ဘူး" လီကျောက်က မဲ့ပြုံးပြုံးလျက်... "မသိရင် သူက ဒီကြယ်တာရာ အစုအဝေးကြီးထဲကနေ ပျောက်သွားလားတောင် မှတ်ရတယ်၊ အဲဒီကိစ္စက မြောက်ဘက်နယ်မြေမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတာဆိုတော့ မြောက်ဘက်နယ်မြေက လူတိုင်း သိတယ်၊ ရှင်းရှင်းပြောရရင် ကျုပ်အတွက်လည်း ရှက်စရာကိစ္စ တစ်ရပ်ပဲ"

လီကျောက်သည် မီးနဂါးနန်းတော်၏ နန်းတော်သခင်တစ်ပါး ဖြစ်သလို ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ထိုကဲ့သို့သော သတို့သမီး ရုတ်တရက်ကြီး ပျောက်သွားသည့်ကိစ္စသည် သူ့အတွက်တော့ အတော်လေးကိုမှ အရှက်ရစရာ ကောင်းနေလေသည်။

[သူ ဒေါသထွက်ထွက်နဲ့ အိပ်မက်ဂိတ်ကို သွားသောင်းကျန်းတာလည်း ဆန်းတော့ မဆန်းပါဘူးလေ၊ ငါသာ သူ့နေရာမှာဆိုရင်လည်း ငါ့ဒေါသကို ထိန်းနိုင်မှာ မဟုတ်ဘူး]

ထိုအနားသို့ ရောက်သည့်အခိုက် လီကျောက်သည် လျူစန်းနျန်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ယာယီမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်လေ၏။

ထိုသို့ ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ ထိုစဉ်က လီကျောက်နှင့် လျူစန်းနျန်တို့သည် တစ်ဦးကိုတစ်ဦး ချစ်ကြိုက်ခဲ့ခြင်း မဟုတ်ပေလော။ သို့သော်ငြား ထိုစဉ်က သူ ချစ်ကြိုက်ခဲ့ရသော အမျိုးသမီးသည် ယခုအချိန်တွင် သူ့သမီးနှင့်သူ ဖြစ်နေခဲ့လေသည်။ ထိုအတွက်ကြောင့် လီကျောက်မှာ အလွန်ကိုမှ ဝမ်းနည်းမိသွားရလေ၏။ လျူစန်းနျန် ပျောက်သွားခဲ့သည်မှာ နှစ်ပေါင်းသုံးရာကျော် ကြာသွားပြီဖြစ်သည့်တိုင် အချို့သော ခံစားချက်များမှာတော့ အချိန်ကြာသွားသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ထိုစဉ်က လျူစန်းနျန် ဘာကြောင့် ပျောက်သွားခဲ့သလဲ မည်ကဲ့သို့ ပျောက်သွားခဲ့သလဲ ဆိုသည်ကို လီကျောက် မသိချေ။ လျူစန်းနျန် ဤကမ္ဘာငယ်လေးထဲသို့ မည်ကဲ့သို့ ရောက်လာခဲ့သည် ဆိုသည်ကိုလည်း လီကျောက် မသိပေ။ လီကျောက် ပို၍ နားမလည်နိုင် ဖြစ်ရသည်မှာ ထိုကလေးသည် မည်သူ၏ကလေး ဖြစ်သလဲ ဆိုသည်ကိုပင်။

အမျိုးသမီး၏ အသံကို ကြားလိုက်စဉ်က လီကျောက်မှာ ထိုအသံကို ရင်းနှီးနေသလိုလို ခံစားခဲ့ရလေသည်။ အစောပိုင်းက သူ ထိုးကြိတ်လိုက်သည့် အမျိုးသားမှ လျူစန်းနျန်အား ကန်ကျောက်ပစ်လိုက်သည့် အခါမှသာ လျူစန်းနျန် ပက်လက်လန် လဲကျသွားခဲ့ပြီး လီကျောက်မှာလည်း သူမ၏ မျက်နှာကို မြင်သွားရတော့လေသည်။ ထိုအခါ လီကျောက်မှာ ထိတ်လည်းထိတ်လန့် ဒေါသလည်း ထွက်သွားရလေ၏။

သူနှင့် လက်ထပ်ထိမ်းမြားရန် သဘောတူထားခဲ့သော အမျိုးသမီးသည် နှစ်ပေါင်းသုံးရာကျော်ကြာအောင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ကံကောင်း၍ သူမနှင့် နောက်တစ်ကြိမ် ပြန်တွေ့ရချိန်တော့ ထိုအမျိုးသမီးမှာ အခြားသောလူတစ်ဦး၏ ကလေးနှင့် ဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်နှင့် ကြုံလိုက်ရသော မည်သူမဆို ဝမ်းလည်းဝမ်းနည်း ဒေါသလည်း ထွက်မိကြပေလိမ့်မည်။

ရန်ကိုင် ဖြစ်နေသည့်အတွက်ကြောင့်သာလျှင် လီကျောက် ယခုကဲ့သို့ အလုပ်ရှုပ်ခံ၍ ရှင်းပြနေခြင်း ဖြစ်လေသည်။ အခြားလူတစ်ဦးသာ ဆိုလျှင်တော့ သူ့အနေဖြင့် ယခုကဲ့သို့ ရှက်စရာကောင်းသည့် လျှို့ဝှက်ချက်များကို ထုတ်ပြောပြနေလိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူ့အနေဖြင့် ရန်ကိုင့်အရှေ့တွင် အရှက်ကွဲသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။ ထို့ကြောင့် ရန်ကိုင့်အရှေ့၌ အရှက်ကွဲရသည့် ခံစားချက်နှင့် အသားကျနေလေပြီ။

"အစ်ကိုလီ" ထိုစဥ် ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လျူစန်းနျန်မှာ နေရာမှာတင် အငိုရပ်သွားခဲ့လေပြီ။ ယခုအချိန်တွင် မျက်ရည်စများကို သုတ်ရင်းမှ လီကျောက်အား လှမ်းခေါ်လိုက်လေ၏။

သူမ၏ ခေါ်ဝေါ်ပုံကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ တံတွေးသီးပြီး အော်ရယ်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ [အစ်ကိုလီ၊ ဒီလောကကြီးမှာ လီကျောက်ကို အခုလိုခေါ်တဲ့လူ ရှိဦးမယ်လို့ ငါ တကယ် မထင်ထားဘူး၊ ပြီးရင် ခေါ်တဲ့လူကလည်း မိန်းမချောလေး၊ ကောင်းလိုက်တဲ့ ကံပါလားကွ] ကံမကောင်းစွာဖြင့် ယခုအချိန်သည် ရယ်ရမည့်အချိန် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အလျင်စလို ရေနွေးကြမ်းတစ်ခွက်ကို ကောက်ယူ၍ သူ၏ပါးစပ်ရှေ့တွင် ကာထားလိုက်လေသည်။

သူမ၏ အော်ခေါ်သံကို ကြားပြီးသည့်နောက် လီကျောက်၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။ ချက်ချင်းပဲ လျူစန်းနျန်ဘက်သို့ မဖော်ပြနိုင်သည့် ခံစားချက်အစုံဖြင့် လှည့်ကြည့်လိုက်လေသည်။ သို့သော်ငြား သူ၏ပါးစပ်ထဲမှ ထွက်လာသည်မှာတော့ လှောင်ပြောင်ထေ့ငေါ့စကားသာ ဖြစ်လေသည်။"အခုအချိန်ထိ နင် မသိချင်ယောင်ဆောင်နေသေးတာလား"

လျူစန်းနျန်သည် လီကျောက်ကို မော့မကြည့်ခဲ့ဘဲ တိုးတိုးလေးသာ ပြန်ပြောလိုက်သည်။ "အစ်ကိုလီကို တွေ့ဖို့ ရှက်လွန်းနေလို့ပါ၊ အဲဒါကြောင့် အစ်ကိုလီမှန်း သိ‌ပေမဲ့ ဝန်မခံရဲတာပါ"

"ဪ၊ ငါနဲ့ တွေ့ဖို့ ရှက်ရကောင်းမှန်း နင် သိသေးတယ်ပေါ့" လီကျောက်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ လီကျောက်မှာ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့လေသည်။ အစကမူ သူမကို တွေ့သည့်အခိုက် ရင်ထဲ နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသော အရှက်တရားနှင့် ဒေါသကို ဖွင့်ထုတ်လိုခဲ့လေသည်။ သို့သော်ငြား သူမ၏ သနားစဖွယ်ပုံစံကို မြင်ပြီးသည့်နောက် သူပြောရန် ကြံထားသည့် စကားလုံးများမှာ ပါးစပ်ဖျားတွင်သာ ရပ်တန့်သွားခဲ့ရလေသည်။

လျူစန်းနျန်သည် သူမ၏ မျက်လုံးများကို ပွတ်ပြီးသည့်နောက် လီကျောက်အား မော့ကြည့်လာကာ ပြုံး၍ ပြောလိုက်လေသည်။"အစ်ကိုလီကို နောက်တစ်ကြိမ် ပြန်တွေ့ရမယ်လို့ ကျွန်မ တစ်ခါမှ မထင်ထားခဲ့ဘူး"

သူမ၏ မျက်နှာလေးကို မြင်လိုက်သော် လီကျောက်၏ ဒေါသတရားတို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရပြီး အဖြစ်အပျက် အလုံးစုံအတွက် သူမအား သူ့စိတ်ထဲ အပြစ်တင်လိုစိတ် မရှိတော့သလို ခံစားလိုက်ရလေသည်။

"ကျွန်မဘဝမှာ တစ်ယောက်ယောက်ကို အရမ်းကို အားနာမိတယ်ဆိုလို့ရှိရင် အဲဒီလူက အစ်ကိုလီပဲ၊ ဒီတော့ အစ်ကိုလီ ကျွန်မကို ရိုက်ရိုက်၊ ဆူဆူ၊ သတ်သတ် ကျွန်မ ဘာတစ်ခွန်းမှ ပြန်ပြောမှာ မဟုတ်ဘူး၊ ဒါပေမဲ့" ထိုသို့ ပြောနေရင်းမှ လျူစန်းနျန်သည် သူမ၏သမီးအား သနားရိပ်လွှမ်းနေသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

လျူစန်းနျန်၏ စကားကို ကြားသည့်အခါ ကောင်မလေးမှာ ထိတ်လန့်သွားခဲ့ပြီး လီကျောက်အပေါ် အကောင်းမြင်နေသည့် စိတ်ကလေးများပင် ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် သူမအမေရှေ့၌ ခုန်ထွက်ရပ်လျက် လက်မောင်းကို ဖြန့်ထားရင်း သူမ အော်ပြောလိုက်လေသည်။ "သမီးအမေကို အနိုင်မကျင့်နဲ့"

လီကျောက်မှာလည်း ချက်ချင်းကို ပြာယာခက်သွားတော့လေသည်။ စားပွဲခုံကို ဒေါသတကြီးဖြင့် ဆောင့်ယမ်းရင်းမှ ပြန်အော်ပြောလေ၏။ "ငါ ဘယ်တုန်းက သူ့ကို အနိုင်ကျင့်ခဲ့ဖူးလို့လဲ"

ကောင်မလေးက ကြောက်လန့်တကြား ထခုန်လိုက်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းမှ မျက်ရည်များ သူမ၏ ပါးပြင်တစ်လျှောက် စတင် စီးကျလာတော့လေသည်။ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်လည်း သူမလက်ကို ဖြန့်ထားလျက် သူမအမေရှေ့တွင်သာ ဆက်၍ ပိတ်ရပ်ထားခဲ့လေသည်။

"ဒီကောင်မလေးက နင်နဲ့ ဘလို့ ဒီလောက်တူနေရတာလဲ" လီကျောက် ရင်ထဲ အနည်းငယ် ဆွံ့အချင်နေသလို ခံစားရလေသည်။ အစောပိုင်းက သူ၏လေသံမှာ အတော်လေးကိုမှ မာသွားသည့်အတွက်ကြောင့် စိတ်ထဲ တစ်ဖက်ကောင်မလေးအပေါ် အနည်းငယ် အားနာမိသလို စိတ်ထဲလည်း သိပ်၍ အဆင်မပြေ ဖြစ်သွားရလေသည်။

လျူစန်းနျန်သည် သူမသမီး၏ လက်ကို ပြန်ဖိချလျက် နှစ်သိမ့်ပေးလိုက်လေ၏။ "ချင်းအာ၊ ပြဿနာ မရှာနဲ့လေ၊ သမီးရဲ့ ဦးလေးလီက မားမားကို အနိုင်မကျင့်ဘူး"

ကောင်မလေးမှာတော့ သူမအမေပြောသည့် စကားကို သိပ်၍ မယုံချင်ဖြစ်နေလေသည်။ သို့သော်ငြား လီကျောက်၏ အော်ငေါက်ခြင်း ခံရပြီးသည့်နောက် လီကျောက်အား သွား၍ စိန်မခေါ်ရဲတော့ချေ။

လျူစန်းနျန်က ဆက်ပြောလိုက်သည်။ "အစ်ကိုလီ၊ အခု မြန်မြန်ထွက်သွားရင် ကောင်းလိမ့်မယ်နော်၊ အစ်ကိုလီ ခုနတုန်းက ထိုးလိုက်တဲ့လူက အစ်ကိုလီ့ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး၊ အစ်ကိုလီ အခု မသွားလို့ရှိရင် ပြဿနာတက်သွားလိမ့်မယ်"

လီကျောက်က အေးစက်စက် အမူအရာဖြင့် ပြုံးလျက်... "သူ့လို အမှိုက်ကောင်ကလား၊ နောက်တစ်ကြိမ် အဲဒီကောင် ငါ့ကို ပြဿနာရှာရဲကြည့်ပါလား၊ တစ်ခါတည်း တမလွန်ဘဝ ပို့ပစ်လိုက်မယ်"

လီကျောက်ကြီး အပြင်ပန်းတွင်သာ ခေါင်းမာမာ အမူအရာဖြင့် ရှိနေပါသော်ငြား သူ၏ရင်ထဲတွင်တော့ မသက်မသာ ဖြစ်နေရလေသည်။ နဂါးတစ်ပိုင်းမြို့တော်မှာ အလွန်ကိုမှ ထူးဆန်းလွန်းလှသည်။ လျူစန်းနျန်နဲ့ မမှတ်မထင် တွေ့ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ယခုကဲ့သို့ လူအာရုံစိုက်ခံရမည့် ကိစ္စမျိုးကို လုပ်လိမ့်မည် မဟုတ်ချေ။

လျူစန်းနျန်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "အစ်ကိုလီ အားကောင်းမှန်း ကျွန်မ သိတယ်၊ ဒီလိုနေရာမျိုးမှာ ဘယ်လောက် အားကောင်းကောင်းလည်း အသုံးဝင်မှာ မဟုတ်ဘူး၊ အစ်ကိုလီ ရင်ဆိုင်ရမယ့်လူတွေက သာမန်လူတွေ မဟုတ်ဘူး"

သူ၏ရင်ထဲ ထိတ်လန့်တုန်လှုပ်နေသည့်တိုင် လီကျောက်က ပြန်၍ ပြောလိုက်လေသည်။ "အဲဒီတော့ကော ဘာဖြစ်လဲ၊ သူ ဘယ်လိုလူတွေ ခေါ်လာဦးမလဲ ငါ ကြည့်ချင်သေးတယ်" လျူစန်းနျန်က ဆက်ပြောတော့မည့်အပြု ရန်ကိုင်က ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။ "အစ်မစန်းနျန် စိတ်ပူမနေနဲ့၊ အဲလိုကိစ္စတွေက ဘာမှ စိတ်ပူနေစရာ မလိုဘူး၊ အဲဒီကိစ္စအစား ကျုပ်က အစ်မစန်းနျန် ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားလဲဆိုတဲ့ ကိစ္စကိုပဲ ပိုပြီးတော့ စိတ်ဝင်စားနေတယ်"

လီကျောက်သည်လည်း အဖြေကို သိချင်နေမှန်း ရန်ကိုင် သိပေသည်။ ထိုပြဿနာသည် လီကျောက်ရင်ထဲ နှစ်သုံးရာတိုင်တိုင် နစ်ဝင်နေခဲ့သော နှုတ်မရသည့် ဆူးတစ်ချောင်း ဖြစ်ပေသည်။ သို့သော်ငြား လီကျောက်ကို ကြည့်ရသည်မှာ ထိုမေးခွန်းကို မေးရန် တုံ့ဆိုင်းနေသည့်ပုံပင်။ ပို၍ တိတိကျကျ ပြောရလျှင် ထိုမေးခွန်းကို မေးရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်သည် လီကျောက်ကိုယ်စား ဝင်မေးလိုက်ခြင်း ဖြစ်လေသည်။

ရန်ကိုင်၏ အမေးကို ကြားသော် လီကျောက်၏ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်းပဲ ရေနွေးကြမ်းခွက်ကို ကောက်မော့ချလိုက်လေသည်။ အပြင်ပန်းတွင် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားလင့်ကစား ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့် သူ၏လက်များမှာတော့ အနည်းငယ် တုန်ယင်နေလေ၏။

လျူစန်းနျန် ရန်ကိုင်က ထိုမေးခွန်းအား တိုက်ရိုက်ကြီး မေးလာလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ရှက်သွားခဲ့ပြီး ခေါင်းငုံ့လျက် ပြန်ပြောလိုက်လေသည်။ "အဲဒါ ဖြစ်သွားတာ အကြာကြီး ရှိသွားပြီ၊ သေသေချာချာ မမှတ်မိတော့ဘူး"

ထိုအဖြေသည် လီကျောက် လိုချင်နေသည့် အဖြေမျိုး မဟုတ်ချေ။ ထိုအတွက်ကြောင့် လီကျောက်မှာ ဘာကိုမှ ဂရုမစိုက်နေတော့ဘဲ ချက်ချင်း ပြန်အော်ပြောလိုက်လေ၏။ "ဒီတော့ နင် အရင်တုန်းက ငါ့အပေါ် ထုတ်ပြခဲ့တဲ့ ခံစားချက်တွေက အလိမ်အညာတွေ သက်သက်ပဲပေါ့၊ ကောင်းတယ်၊ ကောင်းတယ်"

လီကျောက်မှာ ဝမ်းလည်းဝမ်းနည်းမိသလို မကျေမချမ်းလည်း ဖြစ်မိသည်။ အခြားလူတစ်ဦးသာ သူ့နေရာတွင် ဆိုပါက တည်တည်ငြိမ်ငြိမ် နေနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုစဉ်က လက်ထပ်ပွဲအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း လီကျောက်မှာ ဒေါသအလိပ်လိပ် ထွက်လာပြီး ဤအရှက်မရှိ အမျိုးသမီးကို သေသည်အထိ ရိုက်နှက်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။

"မဟုတ်ဘူး" အမျိုးသမီးက ချက်ချင်း ခေါင်းမော့၍ ပြန်ပြောလာခဲ့သည်။ မျက်ရည်များမှာတော့ သူမ၏ ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာနေ၏။ "အစ်ကိုလီကို ကျွန်မ တကယ်ချစ်တာ၊ အစ်ကိုလီကိုလည်း တကယ် လက်ထပ်ချင်တယ်"

သူမ၏ပုံစံကို မြင်ပြီးသည့်နောက် လီကျောက်မှာ ဆက်၍ ဒေါသမထွက်နိုင်တော့ ဖြစ်သွားခဲ့ရလေသည်။ "အဲဒီတုန်းက ဘာဖြစ်သွားလဲ ငါ သိချင်တယ်"

အမျိုးသမီးက ခေါင်းခါလိုက်သည်။ ထိုအတွက်ကြောင့် ယခုလေးတင် ပျောက်ကွယ်သွားခဲ့ရသော ဒေါသတရားတို့သည် လီကျောက်၏ရင်ထဲ တလိပ်လိပ် တက်လာတော့လေသည်။"ကောင်းပြီလေ၊ မပြောချင်လည်းနေ၊ ငါ နင့်ကို တွန်းအားမပေးဘူး၊ ငါတို့ လုံးဝ မသိချင်ယောင်ပဲ ဆောင်လိုက်တာပေါ့၊ သွားကြရအောင် နန်းတော်သခင်ယန်"

လီကျောက်မှာ လှည့်ထွက်ရန် ပြင်လိုက်သည့်အခိုက် လျူစန်းနျန်သည် လီ‌ကျောက်၏ အင်္ကျီလက်စကို လှမ်းဆွဲထားလိုက်သည်။

"နင် ဘာလိုချင်သေးလို့လဲ" လီကျောက်သည် လျူစန်းနျန်အား အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်သည်။

လျူစန်းနျန်သည် တရှုံ့ရှုံ့ ငိုရှိုက်နေရင်းမှ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။ "အဲဒီတုန်းက ကျွန်မ ပြန်ပေးဆွဲခံလိုက်ရတာ"

ထိုစကားကို ကြားသော် လီကျောက်၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ သို့သော်ငြား ဘာဆိုဘာမျှ ပြန်မပြောခဲ့။ မလှုပ်မယှက်ဖြင့်သာ ရပ်နေလေ၏။

"အဲဒီတုန်းက ကျွန်မတို့ မင်္ဂလာပွဲက သတ်မှတ်ပြီးသွားပြီ၊ ကျွန်မအဖို့ အစ်ကိုလီ ရောက်လာမှာကို ထိုင်စောင့်ရုံပဲ ရှိတော့တာ၊ ဒါပေမဲ့ ဒီအတိုင်း ထိုင်မစောင့်ချင်တော့လို့ အစ်ကိုလီနဲ့ တွေ့ဖို့ဆိုပြီး ခိုးထွက်လာလိုက်တာ၊ အဲဒီမှာပဲ" ထိုအနားသို့ အရောက်တွင် အမျိုးသမီးမှာ ဆက်၍ မပြောနိုင်တော့ချေ။ ထိုစဉ်က မှတ်ဉာဏ်များကို ပြန်စဉ်းစားမိလိုက်သည့်အလား မျက်ရည်များမှာ သူမ၏ ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက်ကို စီးကျလာလေတော့လေ၏။

"မားမား" ကလေးမလေးသည် သူမအမေ၏ ပါးပြင်ထက်ရှိ မျက်ရည်များကို သုတ်ပေးရင်းမှ သူမကိုယ်တိုင်သည်လည်း ငိုတော့လေသည်။ ဤသို့ဖြင့် အမေနှင့်သမီးမှာ နှစ်ယောက်သား အတူ ငိုယိုနေကြတော့လေ၏။

ထိုမြင်ကွင်းကို မြင်သည့်အခါ လီကျောက်က သက်ပြင်းချလျက်... "ထားလိုက်ပါတော့၊ ငိုမနေတော့နဲ့၊ အဲဒီတုန်းက အကြောင်းတွေ ပြန်မပြောကြရအောင်၊ ငါ နည်းနည်း လွန်သွားတယ်"

လျူစန်းနျန်သည် ခေါင်းကို ခါယမ်းရင်းမှ သူမ၏ စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဆက်ပြောလိုက်လေသည်။"အဲဒီတုန်းက ကျွန်မရဲ့ ကျင့်ကြံခြင်းက တာအိုသခင် တတိယအဆင့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ကျွန်မကို ပြန်ပေးဆွဲသွားတဲ့လူရဲ့ ကျင့်ကြံခြင်းက အရမ်းမြင့်လွန်းနေတော့ ဘာမှ ပြန်မလုပ်နိုင်ဘဲ ဒီအတိုင်း ပါသွားတယ်"

နောက်ဘာဆက်ဖြစ်သွားသလဲ ဆိုသည်ကို ရှင်းပြနေစရာ မလိုပေ။ လျူစန်းနျန်မှာ မိန်းမချောလေး တစ်ဦး ဖြစ်လေရာ ပြန်ပေးဆွဲခံရပြီးသည့်နောက် ဘာမျှမဖြစ်ဘဲ ပြန်လွတ်လာနိုင်လိမ့်မည် မဟုတ်ချေ။

ထိုစကားကို ကြားသော် လီကျောက်၏ မျက်နှာ အေးစက်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ "နင့်ကို ပြန်ပေးဆွဲသွားတာ ဘယ်သူလဲ"

လျူစန်းနျန်မှာ ပြန်မဖြေခဲ့ပေ။ ဆက်၍သာ ပြောလိုက်လေ၏။ "ပြန်ပေးဆွဲခံရလည်း ပြီးရော ကျွန်မကို ဒီနဂါးကျွန်းဆီ ခေါ်လာတယ်"

"နဂါးကျွန်း" ထိုစကားကို ကြားသည့်အခါ ရန်ကိုင်နှင့် လီကျောက် နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြပြီး လျူစန်းနျန်အား ကြည့်လျက် ပြိုင်တူ မေးကြလေသည်။ "ဒါက တကယ်ကြီး နဂါးကျွန်းလား"

လျူစန်းနျန်သည်လည်း ရန်ကိုင်တို့အား မော့ကြည့်လာခဲ့လေသည်။ ရန်ကိုင်တို့သည် သူတို့ ရောက်နေသည့်နေရာကို မည်သို့များ မသိရလေသလဲဟု တွေးနေသည့်ပုံပင်။ ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ "ဟုတ်တယ်၊ ဒီနေရာက နဂါးကျွန်းပဲ"

ရန်ကိုင်နှင့် လီကျောက်တို့သည် မျက်စိပျက် မျက်နှာပျက် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ သူမအား မည်သူ ပြန်ပေးဆွဲသွားသလဲ ဆိုသည်ကို လျူစန်းနျန်မှ မပြောခဲ့ပါသော်ငြား သူမ၏အဖြေမှာတော့ သိသာနေခဲ့လေပြီ။ နဂါးကျွန်းဆီသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ၍ ရသူမှာ နဂါးကလန်သားတစ်ဦးမှလွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

လီကျောက်မှာ လက်သီးကို တင်းတင်း ဆုပ်ထားခဲ့လေရာ သူ၏ လက်တစ်ခုလုံး တဆတ်ဆတ်ကို တုန်ယင်လာနေခဲ့ရလေသည်။[ငါ့ကို မပြောချင်တာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ၊ လက်စသတ်တော့ အဲဒီကိစ္စက နဂါးကလန်ရဲ့ လုပ်ရပ် ဖြစ်နေတာကိုး၊ ငါသာ အတင်းတွန်းအားမပေးခဲ့ရင် သူ ဒီအကြောင်းကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး]

[ဒီတော့ အဲတုန်းက သူပျောက်သွားတာက နဂါးကလန်နဲ့ ပတ်သက်နေတာပေါ့] ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယခုကိစ္စသည် အတော်လေးကိုမှ ရှုပ်ထွေးသွားပြီဟု သူ၏စိတ်ထဲ ခံစားနေရလေသည်။

လီကျောက်သည်လည်း အလားတူ ခံစားနေခဲ့ရလေသည်။ ယခုကိစ္စတွင် လျူစန်းနျန်အား ပြန်ပေးဆွဲသွားသည့်လူမှာ အခြားလူတစ်ဦးသာ ဖြစ်နေလျှင်တော့ ကိစ္စမရှိ။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်မည်ဆိုလျှင်ပင် လီကျောက်မှာ သူ၏အသက်ကို စတေးရမည် ဆိုပါလျှင် လျူစန်းနျန်အတွက် ပြန်၍ လက်စားချေပေးပေလိမ့်မည်။ သို့သော်ငြား ထိုကိစ္စ၏ တရားခံမှာ အခြားမဟုတ်ဘဲ နဂါးတစ်ကောင် ဖြစ်နေခဲ့လေသည်။

လီကျောက် ရင်ထဲ ခါးသက်သက်သာ ရယ်မောနေတော့လေသည်။ [ဘာဖြစ်လို့ ငါ ရန်စလို့မရတဲ့ နဂါးကလန်မှ လာဖြစ်နေရတာလဲ]

သွေးမျိုးဆက် ဖိနှိပ်ခြင်းနှင့်ပင်လျှင် လီကျောက်မှာ တစ်ဖက်လူအား ဘာဆိုဘာမျှ လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် လုံးဝကို မျှော်လင့်ချက်မဲ့သွားသည့် ပုံစံမျိုးဖြင့် ထိုင်ခုံပေါ်သို့ ပက်လက်ကြီး လဲကျသွားခဲ့လေ၏။ [ငါ့သတို့သမီး ပြန်ပေးဆွဲခံရပြီး အရှက်ကွဲခံရတယ်၊ အဲဒီကိစ္စကြောင့်လည်း ငါကိုယ်တိုင်လည်း မျက်နှာပျက်ခဲ့ရတယ်၊ အခု ဒီကိစ္စကို အဲလိုဖြစ်သွားအောင် လုပ်ခဲ့တဲ့ တရားခံကို သိနေတာတောင် ငါက ပြန်လက်စားမချေနိုင်ဘူး] လီကျောက် စိတ်ထဲ အလွန်ကိုမှ ကူကယ်ရာမဲ့နေသလို ခံစားနေရလေသည်။

"အစ်မစန်းနျန် ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" ရန်ကိုင်သည် လျူစန်းနျန်ကို မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။ [နဂါးတွေက တဏှာ‌ကြီးတာ သဘာဝပဲ၊ ဒီတော့ သူကလည်း မိန်းမချောလေးဆိုတော့ နဂါးကလန်က တစ်ယောက်ယောက် ပြန်ပေးဆွဲတာ ထူးတော့ မထူးဆန်းဘူး၊ဒါပေမဲ့ နဂါးကလန်က ပြန်ပေးဆွဲသွားတယ်ဆိုရင် ဘယ်လိုလုပ်ပြီး ဒီနဂါးတစ်ပိုင်းမြို့တော်ကို ရောက်နေရတာလဲ]

ရန်ကိုင်သည် ထိုအကြောင်းကို ထိုင်စဉ်းစားနေရင်းမှ လီကျောက်အပေါ်လည်း သနားစိတ်ဝင်နေမိလေသည်။ [သူ့ကို ပြန်ပေးဆွဲသွားတဲ့ အဲဒီနဂါးကလန်က ကောင်ကတော့ တကယ့်ကို ချီးထုပ်ပဲ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်၏ အမေးကို ကြားသော် လီကျောက်သည်လည်း မယုံသင်္ကာ ဖြစ်လာပြီး မျက်မှောင်ကြုတ်ကာ ပြန်၍ မေးလိုက်လေသည်။ "ဟုတ်သားပဲ၊ ငါလည်း အဲဒါကို မေးချင်နေတာ၊ နင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ၊ နင့်ကို ခေါ်သွားတဲ့ကောင်ကရော"

လျုစန်းနျန်သည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက်တွင် တိုးတိုးလေး ပြန်၍ ပြောလိုက်လေသည်။ "ဒီကို ရောက်လာပြီးတဲ့နောက်ပိုင်း ကျွန်မ နဂါးနန်းတော်မှာ အကျဉ်းချထားခံရတယ်၊အဲဒီမှာ နေနေရတဲ့ဘဝနဲ့ ဘာမှမခြားဘူး" ပြောနေရင်းမှ လျုစန်းနျန်၏ အသံမှာ တိုးဝင်လာခဲ့ပြီး ဝမ်းနည်းမှုကြောင့်လား မသိရ။ သူမ၏ ခန္ဓာကိုယ်လေးမှာလည်း တဆတ်ဆတ် တုန်ယင်လာခဲ့လေသည်။ "လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်လောက်တုန်းကပေါ့" ပြောနေရင်းမှ သူမ၏သမီးဆီသို့ ဝမ်းနည်းနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်လျက်... "ချင်းအာကို မွေးလည်းပြီးရော ကျွန်မလည်း နဂါးနန်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်"

ထိုစကားကို ကြားပြီးပြီးချင်း လီကျောက်မှာ ယာယီမျှ မှင်သက်နေခဲ့လေသည်။ ထို့နောက်တွင် ဒေါသမာန်တကြီးဖြင့် စားပွဲကို ဆောင့်ရိုက်ချလိုက်လေ၏။ "အဲဒီ ခွေးသူတောင်းစားကတော့ကွာ"

အလားတူပင် ရန်ကိုင်၏ မျက်နှာမှာလည်း သုန်သုန်မှုန်မှုန် ဖြစ်နေခဲ့လေသည်။ [နဂါးကလန်က တကယ်ကို ချီးထုပ်ပဲကွ၊ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲရုံတင် မကဘူး၊ နှစ်နဲ့ချီအောင် အကျဉ်းလည်း ချထားသေးတယ်၊ သမီးမိန်းကလေး မွေးလိုက်တာနဲ့ တစ်ခါတည်းကို ကန်ထုတ်ပစ်တော့တာပဲ၊ ဒီကောင်တွေ ဂုဏ်သိက္ခာရော မရှိတော့ဘူးလား]

ယခင်ကမူ ရန်ကိုင်သည် နဂါးကလန်နှင့် ပတ်သက်၍ များများစားစား မတွေးခဲ့ဘဲ နဂါးကလန်သည် အလွန်ကိုမှ မောက်မာဝင့်ကြွားသည့် လူများ ဖြစ်ကြသည်ဟုသာ ခံစားမိလေသည်။ ကျူးချင်းနှင့် ကျူးလဲ့တို့ကို ကြည့်လျှင် သိနိုင်ပေသည်။ နှစ်ဦးစလုံးမှာ အလွန်ကိုမှ မောက်မာကြသူများ ဖြစ်ကြပေသည်။ သို့သော်ငြား နဂါးကလန်သည် မောက်မာဝင့်ကြွားခြင်း မရှိပါက သူတို့အား နဂါးကလန်ဟု ခေါ်ဆိုထိုက်ဦးမည်လား။ သို့တိုင် နဂါးကလန်သည် သားရဲပေါင်းများစွာ၏ အရှင်သခင် ဖြစ်နေသလို မောက်မာဝင့်ကြွားသူများ ဖြစ်ကြသည့်တိုင် သူတို့၏ အခြားသော တစ်ဖက်ခြမ်းမှာတော့ ဤမျှ ယုတ်ညံ့နေလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။

"ဒါဆိုရင် ဒီကောင်မလေးက" ရန်ကိုင်သည် ကလေးမလေးအား လှမ်းကြည့်ရင်းမှ မေးလိုက်သည်။

လျုစန်းနျန်မှာ ဘာမျှ ပြန်မပြောခဲ့ဘဲ တိတ်သာ တိတ်နေလေသည်။ သို့သော်ငြား သူမ ပြောချင်နေသည့် အဓိပ္ပါယ်မှာတော့ ရှင်းပေ၏။

"သူက အဲဒီ ခွေးသူတောင်းစားရဲ့ ကလေးမလား၊ သူ့ကိုယ်ထဲမှာ ဟိုခွေးကောင်ရဲ့ သွေးတွေ စီးနေတာလေ၊ ဘယ်လိုလုပ်ပြီး နဂါးနန်းတော်ထဲကနေ ကန်ထုတ်ခံလိုက်ရတာလဲ" လီကျောက် မျက်မှောင်ကြုတ်နေခဲ့လေသည်။ တကယ်တော့ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသော သားရဲတိရစ္ဆာန်များသည်ပင်လျှင် ကိုယ့်၏ကလေးကိုယ် ပြန်မစားကြချေ။ အခြေအနေအရပ်ရပ် မည်သို့ပင် ဖြစ်နေစေကာမူ ကလေးမလေးသည် နဂါးကလန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲ။ ထိုသို့ ဖြစ်လေရာ ကလေးမွေးပြီးပြီးချင်းမှာပင် လျုစန်းနျန်နှင့် သူ့သမီးကို ဘာကြောင့်များ နဂါးနန်းတော်ထဲမှ မောင်းထုတ်ပစ်ခဲ့ရလေသနည်း။

လျုစန်းနျန်က တုန်တုန်ယင်ယင် လေသံဖြင့် ပြန်ပြောလိုက်သည်။ "နဂါးနန်းတော်ရဲ့ စည်းမျဉ်းတွေကြောင့်ပဲ၊ ကျွန်မ ကလေးမမွေးနိုင်သေးလည်း ကိစ္စမရှိဘူး၊ ကလေးမမွေးခင်ရ သေးလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ကလေးမွေးပြီးလို့ အဲဒီကလေးမှာ နဂါးသွေးကြော ပါမလာဘူးဆိုရင် နဂါးနန်းတော်ကနေ မောင်းထုတ်ခံရလိမ့်မယ်၊ ချင်းအာက နဂါးသွေးကြော မပါဘဲ မွေးလာခဲ့တာ"

"ဘယ်လို စည်းမျဉ်းကြီးလဲ" လီကျောက် ဒေါသသူပုန်ထသွားခဲ့ရလေသည်။ [ဒီကလေးတွေ ကိုယ်ထဲမှာ နဂါးသွေးကြော ပါပါ မပါပါ သူတို့တွေက နဂါးကလန်ရဲ့ အသွေးအသားတွေ ဖြစ်နေတုန်းပဲလေ၊ အဲဒါကို ဘယ်လိုလုပ်ပြီးတော့များ ကိုယ့်ကလေးကိုယ် အသုံးမဝင်တဲ့ အမှိုက်လိုမျိုး စွန့်ပစ်ရဲရတာလဲ၊ ဒီကောင်တွေမှာ နည်းနည်းမှ လူစိတ် မရှိတော့ဘူးလား]

"ဒါကတော့ တကယ် လွန်သွားပြီ" ရန်ကိုင်သည်လည်း နဂါးကလန်အပေါ် အတော်လေး မျက်မုန်းကျိုးသွားတော့လေသည်။

သို့သော်ငြား လျုစန်းနျန်က ဝမ်းနည်းစွာ ပြုံးရင်းမှ ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "ဒါက နဂါးကျွန်းပေါ်မှာ အမြဲတမ်း ဖြစ်နေကျ အရာတွေပဲ" ထိုသို့ ပြောပြီးသည့်နောက် အပြင်ဘက်ဆီသို့ လှမ်းကြည့်၍ လမ်းပေါ်တွင် သွားနေသည့် လူများကို လက်ညှိုးထိုးရင်းမှ မေးလိုက်လေသည်။ "ဒီနဂါးတစ်ပိုင်းမြို့တော်ထဲမှာ ရှိနေတဲ့လူတွေ ဘယ်ကနေ ရောက်လာတယ်လို့ ရှင်တို့ ထင်လဲ"

"ဘယ်ကနေ လာတာလဲ" လီကျောက်က ပြန်မေးလိုက်သည်။

လျုစန်းနျန်က ရှင်းပြလိုက်၏။ "အတော်များများက နဂါးနန်းတော်ကနေ မောင်းထုတ်ခံလိုက်ရတဲ့ လူတွေပဲ၊ သူတို့ကိုယ်တိုင်က မောင်းထုတ်မခံရဘူးဆိုရင်တောင်မှ သူတို့ရဲ့ အဖေအမေ အဘိုးအဘွားတွေကတော့ မောင်းထုတ်ခံလိုက်ရတာ သေချာတယ်"

"ဘယ်လို" ရန်ကိုင်နှင့် လီကျောက်တို့ နှစ်ဦးစလုံး မျက်လုံးပြူးသွားခဲ့ကြလေသည်။

"နဂါးကလန်သား အရေအတွက်က အရမ်းနည်းတယ်၊ ပြီးတော့ သူတို့အတွက်ကလည်း ကလေးရဖို့က အရမ်းခက်တယ်၊ နှစ်ပေါင်းတစ်ထောင်လောက် ကြာသွားတာတောင် နဂါးကလန်သား တစ်ဦးက တိုးချင်မှ တိုးလာမှာ၊ ပြီးတော့ နဂါးထီးနဲ့ နဂါးမ အရေအတွက်ကလည်း အချိုးအစား သိပ်မမျှဘူး၊ ဒီတော့ အရွယ်ရောက် နဂါးထီးအများစုက နဂါးကျွန်းကနေ ခွာပြီးတော့ သူတို့ကြိုက်တဲ့ မိန်းမတွေကို လိုက်ရှာတယ်၊ တွေ့တာနဲ့ ပြန်ပေးဆွဲပြီးတော့ နဂါးကျွန်းဆီ ခေါ်လာတယ်၊ ပြီးရင် သူတို့ရဲ့ လိုအင်ဆန္ဒတွေအတွက် အသုံးချရော၊ ဒီလိုနဲ့ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် လာတဲ့အဆုံးမှာတော့ အဲဒီ အမျိုးသမီးတွေလည်း ကိုယ်ဝန်ရလာတာပေါ့၊ ကလေးမွေးပြီးသွားရင် အဲကလေးကို စစ်ဆေးကြည့်တယ်၊ ကလေးမှာ နဂါးသွေးကြော ပါလာတယ်ဆိုရင်တောင်မှ ပါလာတဲ့ နဂါးသွေးကြောက အတိုင်းအတာတစ်ခု ရှိနေမှ လက်ခံတာ၊ မဟုတ်ရင်တော့ နဂါးသွေးကြော ပါလာတယ်ဆိုရင်တောင် နဂါးနန်းတော်ကနေ မောင်းထုတ်ခံရမှာပဲ၊ ဒီလိုနဲ့ပဲ လူသားတွေ၊ သားရဲတွေနဲ့ သွေးမျိုးဆက် မသန့်စင်တဲ့ နဂါးနွယ်ဖွားတွေ နဂါးကျွန်းဆီမှာ ထွက်ပေါ်လာရတာ၊ အဲလိုနဲ့ တဖြည်းဖြည်း အရေအတွက် များလာလည်း များလာရော အဲဒီလူတွေ အကုန်လုံး စုပေါင်းပြီးတော့ နဂါးတစ်ပိုင်းမြို့တော်ကို တည်ထောင်လိုက်တယ်၊ ဒီလိုနဲ့ပဲ နဂါးတစ်ပိုင်းမြို့တော်က ဖြစ်ပေါ်လာရတာ၊ ပြီးတော့ အဲဒီနဂါးတစ်ပိုင်းမြို့တော်ထဲမှာ ရှိနေတဲ့လူတွေက အချင်းချင်း ပြန်ပေါင်းပြီးတော့ နဂါးတစ်ပိုင်းမှာရှိနေတဲ့ လူဦးရေ အရေအတွက်က တဖြည်းဖြည်း များလာရော၊ အဲလိုမျိုး မျိုးဆက်အဆင့်ဆင့် ဖြတ်သန်းလာပြီးတဲ့နောက်မှာပဲ အခုမြင်နေရတဲ့ နဂါးတစ်ပိုင်းမြို့တော်ဆိုတာ ဖြစ်လာခဲ့ရတာ"

လျုစန်းနျန် ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်နှင့် လီကျောက်တို့ နှစ်ဦးစလုံး အတန်ကြာသည့်အထိ စကားမပြောနိုင် ဖြစ်သွားကြလေသည်။

[ဒီတော့ နဂါးတစ်ပိုင်းမြို့တော်က ဒီလို ဖြစ်လာတာပေါ့၊ နဂါးတစ်ပိုင်းမြို့တော်ထဲမှာ ရှိနေတဲ့လူတွေ အကုန်လုံးက နဂါးကလန်ရဲ့ မျိုးဆက်တွေပေါ့]

လျုစန်းနျန်မှာ ရှင်းရှင်းလင်းလင်း ပြောပြီးသွားခဲ့လေပြီ။ နဂါးတစ်ပိုင်းမြို့တော်ထဲရှိ လူအချို့သည် နဂါးနန်းတော်မှ မောင်းထုတ်ခြင်း ခံလိုက်ရသည်။ ထိုလူများမှာ နဂါးထီးများမှ ဖမ်းဆီးလာခဲ့သည့် အမျိုးသမီးများနှင့် သူတို့၏ သားသမီးများ ဖြစ်ကြပေသည်။ ဥပမာပြရသော် လျုစန်းနျန်တို့ သားအမိပင်။ သို့သော်ငြား ထိုအဖွဲ့၏ အရေအတွက်မှာ နည်းပါးလှပေသည်။ ယခု နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိနေသည့် လူအများစုမှာ ထိုလူအနည်းငယ်မှ မျိုးပွားလာခဲ့သော မျိုးဆက်များပင် ဖြစ်ကြလေသည်။

[ဒါကြောင့် ဒီမြို့ကို နဂါးတစ်ပိုင်းမြို့တော်လို့ ပေးထားတာကိုး၊ နဂါးတစ်ပိုင်းမြို့တော်မှာ ရှိနေတဲ့ လူတွေက နဂါးကလန်နဲ့ ပတ်သက်နေမှတော့ ဒီလိုနာမည်ပေးတာလည်း ဆန်းတော့ မဆန်းပါဘူးလေ]

မူလက လီကျောက်သည် သူ့သတို့သမီးလောင်း၏ ဖောက်ပြန်ခြင်း ခံခဲ့ရသည်ဟု ခံစားခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် သူ၏ဒေါသကို မည်သို့မျှ ဖွင့်မထုတ်နိုင်ခဲ့ချေ။ သူမနဲ့ ပြန်တွေ့သည့်တိုင် သူ့ရင်ထဲရှိ ခံစားချက်များကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။ သူ့အနေဖြင့် လျုစန်းနျန် ဘာကြောင့် ပျောက်ကွယ်သွားခဲ့ရသလဲ ဆိုသည့် အကြောင်းအရင်းမျိုးစုံကို မေးမြန်းခဲ့ရခြင်းမှာ အဖြစ်အပျက် အကြောင်းစုံကို အသေအချာ သိလိုသည့်အတွက်ကြောင့်သာ ဖြစ်လေ၏။

သို့သော်ငြား သူမပြောပြသည်ကို နားထောင်ပြီးသည့်နောက် လီကျောက်မှာ လျုစန်းနျန်အပေါ် အပြစ်ပင် မတင်နိုင်တော့ဘဲ သူမအပေါ် သနားစိတ်နှင့် နောင်တသာ ရမိသွားတော့လေသည်။ သူမ ပြန်ပေးဆွဲခံရသည်မှာ လျုစန်းနျန်၏ အပြစ်မဟုတ်။ ထိုစဉ်က သူမ၏ ကျင့်ကြံခြင်းသည် တာအိုသခင် တတိယအဆင့်သာ ရှိသေးလေရာ နဂါးကလန် အဖွဲ့သားတစ်ဦးကို မည်ကဲ့သို့များ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။ ထို့အပြင် သူမ ကြုံခဲ့ရသည့် အဖြစ်အပျက်များမှာလည်း အလွန်ကိုမှ ဝမ်းနည်းဖွယ် ကောင်းလှပေသည်။

လီကျောက် သက်ပြင်းအမောကြီး ချလိုက်လေသည်။ သူမနှင့် ပေါင်းဖက်ရန်အတွက် ရေစက်မပါဟုသာ သူ့ကိုယ်သူ ကြိတ်၍ တွေးလိုက်တော့လေ၏။ ထို့နောက် ကလေးမလေးကို ကြည့်၍ မေးလိုက်လေသည်။ "နင့်ကလေးနာမည် ဘယ်လိုခေါ်လဲ"

လျုစန်းနျန်က ပြန်ပြောလိုက်သည်။ "ယုချင်း၊ လျူယုချင်း"

လီကျောက်က ခေါင်းညိတ်၍ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "နင့်ကို ဒုက္ခရောက်သွားအောင် လုပ်တဲ့ နဂါးရဲ့ နာမည်ကရော ဘာလဲ"

လျုစန်းနျန်က စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။ "အစ်ကိုလီ ဘာလုပ်ချင်လို့လဲ"

"သူ့ကြောင့် ငါ အားလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်ခဲ့တာ၊ အနည်းဆုံးတော့ သူ့နာမည်လေးကိုတောင် ငါ သိခွင့်မရှိဘူးလား"

လျုစန်းနျန်မှာ ခေါင်းသာ ခါနေခဲ့လေသည်။ သူမအား ဒုက္ခပေးသွားသော နဂါး၏ နာမည်ကို မပြောချင်သည်မှာ အသိသာပင်။ သူမသာ ပြောလိုက်၍ လီကျောက်က ထိုနဂါးကို သွားပြဿနာရှာခဲ့လျှင် ဒုက္ခရောက်မည့်လူမှာ ထိုနဂါးမဟုတ်ဘဲ လီကျောက်သာ ဖြစ်သွားရပေလိမ့်မည်။ လီကျောက်၏ အခြေအနေကို သူမ သိပေသည်။ ဤနေရာသည် နဂါးကျွန်းလည်း ဖြစ်နေသေးသည်။ ထိုသို့ ဖြစ်လေရာ လီကျောက်အနေဖြင့် ထိုနဂါးကို မည်သို့များ သွားရန်စနိုင်ပါမည်နည်း။ သူမကြောင့် လီကျောက် ဒုက္ခရောက်မည့်အရေးကို လျုစန်းနျန် မမြင်လိုပေ။

လျုစန်းနျန်၏ လုပ်ပုံကို မြင်ပြီးသည့်နောက် လီကျောက် ဒေါသသူပုန်ထသွားခဲ့ပြီး တစ်ခုခု ပြန်ပြောတော့မည်အပြု မျက်မှောင်ကြုတ်ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ရန်ကိုင်သည်လည်း တစ်ခုခုအား သတိပြုမိသွားသည့်အလား လီကျောက် ကြည့်နေသည့်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။

"နဂါးတစ်ကောင်လား" လီကျောက်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

သူနှင့် ရန်ကိုင်သည် ဤနေရာတွင် နဂါးတစ်ကောင်ကို အချိန်အတန်ကြာသည့်အထိ လိုက်လံရှာနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား နဂါးများနေသည့် နေရာကို ရှာမတွေ့ခဲ့သလို မည်သည့်နဂါးကိုမှလည်း ရှာမတွေ့ခဲ့ပေ။ သို့သော်ငြား သူတို့နှစ်ဦးစလုံး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် နဂါးတစ်ကောင်သည် သူ့ဘာသာသူ သူတို့အရှေ့၌ ပေါ်လာလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ ထိုနဂါး ရောက်မလာစဉ်ကတည်းက အားကောင်းလှသည့် ဖိအားတစ်ရပ်မှာ အဝေးတစ်နေရာဆီမှ ဖြာထွက်လာခဲ့လေသည်။ ထိုကြီးစွာသော ဖိအားအောက်ဝယ် လီကျောက်မှာ သွေးမျိုးဆက် ဖိနှိပ်ခြင်း အာနိသင်ကို တမုဟုတ်ချည်း ခံစားလိုက်ရသည်။ အလားတူပင် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိနေသော နဂါးနွယ်ဖွားများသည်လည်း နဂါးတစ်ကောင် ရောက်လာသည်ကို သတိထားမိလိုက်သည့်အလား လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး လှမ်း၍ ကြည့်လိုက်ကြလေသည်။ မကြာမီတွင် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာခဲ့လေသည်။ ချက်ချင်းဆိုသလို အစိမ်းရောင်နဂါးတစ်ကောင် နဂါးတစ်ပိုင်းမြို့တော် အထက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ နဂါးကြီးသည် နဂါးတစ်ပိုင်းမြို့တော် တစ်ခုလုံးကို ၎င်း၏ ခန္ဓာကိုယ်ကြီးဖြင့် လွှမ်းခြုံထားခဲ့ပြီး အောက်တည့်တည့်သို့ အထက်စီးမှ ငုံ့ကြည့်နေခဲ့လေသည်။

ကောင်းကင်အထက်တွင် ဝဲနေသော နဂါးကြီးကို ကြည့်ရင်း နဂါးတစ်ပိုင်းမြို့တော်ထဲတွင် နေထိုင်နေကြသည့် လူများ ထိတ်လန့်လာကုန်ကြလေသည်။ နဂါးကျွန်းပေါ်တွင် နဂါးကလန်သည် အကြွင်းမဲ့ အာဏာရှင်များ ဖြစ်ကြသည်။ ထို့အပြင် နဂါးကလန်မှ နဂါးတစ်ကောင် နဂါးတစ်ပိုင်းမြို့တော်သို့ လာခဲလှပေသည်။ ယခုကဲ့သို့ နဂါးတစ်ကောင် ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ နဂါးတစ်ပိုင်းမြို့တော်မှ လူများ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။

အစိမ်းရောင်နဂါးသည် လေထဲတွင် အတန်ကြာအောင် ဝဲ‌ေနပြီးသည့်နောက် ရုတ်တရက်ဆိုသလို လူအသွင်သို့ ပြောင်းလိုက်လေသည်။ နဂါးကြီး၏ နေရာတွင် အသက် နှစ်ဆယ် သုံးဆယ်ခန့်ရှိသော တောက်တောက်ပြောင်ပြောင် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ဦး ပေါ်လာခဲ့လေသည်။

ချက်ချင်းဆိုသလို နဂါးတစ်ပိုင်းမြို့တော်ထဲမှ လူတစ်ဦးသည်လည်း ထိုလူဆီသို့ ပျံတက်သွားလေသည်။

ရန်ကိုင်နှင့် လီကျောက်တို့မှာ ထိုမြင်ကွင်းအား အထိတ်တလန့် အမူအရာများဖြင့် ကြည့်နေကြသည်။ အကြောင်းမှာ နဂါးစိမ်းကို သွားတွေ့သည့်လူသည် လီကျောက် ထိုးကြိတ်ခဲ့သည့်လူမှလွဲ၍ အခြားသူ မဟုတ်သည့်အတွက်ကြောင့်ပင်။

လက်ရှိအချိန်တွင် ထိုလူသည် နဂါးစိမ်းအရှေ့၌ ဖားဖားယားယား ပြုံးရင်းမှ တလေးတစားဖြင့် ရပ်နေခဲ့လေသည်။ ထိုလူသည် နဂါးစိမ်းထက် ခေါင်းတစ်လုံးစာမျှ ပိုပုသလို လီကျောက် ထိုးကြိတ်ထားသည့် ဒဏ်ရာများမှာလည်း သက်သာလာခြင်း မရှိသေးချေ။ သူ၏ မျက်နှာမှာ ဖူးရောင်ကိုင်းနေပြီး သွားများမှာလည်း ကျိုးနေခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ပုံစံမှာ တော်တော်လေးကိုမှ မသတီစရာ ကောင်းနေလေ၏။

နဂါးစိမ်းသည် ထိုလူကို ကြည့်လိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်လေသည်။ ထိုလူ မျက်လုံးထဲရှိ အထင်သေးရိပ်တို့မှာတော့ အထင်သားပင်။

"မင်္ဂလာပါ စီနီယာဖုချီ၊ စီနီယာဖုချီ၊ ဘာကြောင့် ရောက်လာလဲဆိုတာကို ကျုပ် သိလို့ ရမလား မသိဘူး" ထိုလူမှာ နဂါးစိမ်းရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် စီနီယာဖုချီဟု ခေါ်ဝေါ်သုံးနှုန်းကာ လိုရင်းကို တန်းမေးလိုက်တော့လေသည်။ သူ့အနေဖြင့် အခြားသော အပိုစကားများကို မေးမနေရဲခဲ့ပေ။ အကြောင်းမှာ နဂါးကလန်အတွက်မူ နဂါးတစ်ပိုင်းမြို့တော်ရှိ လူအားလုံးမှာ ပုရွက်ဆိတ်သဖွယ်သာ ဖြစ်ကြောင်း သိထားသည့်အတွက်ကြောင့်ပင်။ သူသည်သာ အပိုစကားများ ပြောနေမည်ဆိုပါက ဖုချီမှာ သူ့အား အမြင်မကြည် ဖြစ်သွားရနိုင်ပေသည်။

ဖုချီသည် ထိုလူကို ဆက်၍ မကြည့်နေတော့ဘဲ ခေါင်းမော့၍သာ ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ "နဂါးသွေးပန်းတွေ ရေလောင်းဖို့ လိုနေပြီ"

ထိုလူက အလျင်စလို ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကျုပ် နားလည်ပါပြီ၊ အခုချက်ချင်း ပြင်လိုက်ပါမယ်၊ နှစ်ရာဆိုရင် လုံလောက်မလား စီနီယာ"

ဖုချီက ခေါင်းညိတ်လိုက်သည်။ "လုံလောက်တယ်"

"ဒါဆို စီနီယာဖုချီ အရင်ပြန်သွားရင် သွားနှင့်လိုက်ပါ၊ ကျုပ် လူခေါ်ပြီး နဂါးနန်းတော်ဆီ ချက်ချင်း လိုက်လာခဲ့ပါ့မယ်"

ဖုချီက ထပ်၍ ပြောလိုက်သည်။ "သာမန်လူ အယောက် ၅၀၀ ကိုလည်း လိုသေးတယ်"

ဖုချီ၏ စကားကြောင့် ထိုလူမှာ ကြောင်သွားခဲ့ရလေသည်။"သာမန်လူ အယောက် ၅၀၀"

ဖုချီ ဘာကြောင့် ဤကဲ့သို့ တောင်းဆိုလာသလဲ ဆိုသည်ကို ထိုလူ နားမလည်သည့်ပုံပင်။ ယခင်ကဆိုလျှင် နဂါးကလန်မှ နဂါးများသည် နဂါးတစ်ပိုင်းမြို့တော်သို့ နဂါးသွေးပန်းအား ရေလောင်းရန် ကိစ္စကြောင့်သာ လာရောက်ကြပေသည်။ အမြဲတမ်းဆိုသလို နဂါးတစ်ပိုင်းမြို့တော်ဆီမှ နဂါးနွယ်ဖွား အယောက်နှစ်ရာကို ခေါ်၍ နဂါးနန်းတော်တွင် ရှိနေသော နဂါးသွေးပန်းများကို ရေသွားလောင်းပေးရသည်။ သာမန်လူများ လိုအပ်သည့်ကိစ္စမျိုး တစ်ကြိမ်တစ်ခါမှပင် မရှိခဲ့ဖူးပေ။

"ဘာအတွက်လဲ" ထိုလူက ပြန်မေးလိုက်လေသည်။

"မင်း ငါ့ကို လာမေးခွန်းထုတ်နေတာလား" ဖုချီသည် ထိုလူဘက်သို့ စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။

ဖုချီ သူ့အား စူးရဲစွာ စိုက်ကြည့်လာသည်ကို ခံစားမိလိုက်သော် ထိုလူမှာ စတင်၍ ထိတ်လန့်လာတော့လေ၏။ မမေးသင့်သည့် မေးခွန်းကို မေးလိုက်မိမှန်း သဘောပေါက်သွားလေသည်။ နဂါးကလန် ဘာခိုင်းခိုင်း သူ၏အလုပ်သည် နဂါးကလန်မှ ခိုင်းသည့်အလုပ်အတိုင်း လိုက်လုပ်ပေးရန်သာ ဖြစ်လေသည်။ ပြန်မေးခွန်းထုတ်ရန် မဟုတ်။ ထိုအတွက်ကြောင့် ချက်ချင်းပဲ ခေါင်းကို ငုံ့၍ ပြောလိုက်လေသည်။ "မဟုတ်ပါဘူး စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ စီနီယာ၊ ကျုပ် သတိလက်လွတ်ဖြစ်ပြီး မေးလိုက်မိတာပါ"

"ထွက်သွားပေတော့" ထိုသို့ ပြောပြီးသည့်နောက်တွင် ဖုချီသည် မျက်လုံးကို ပြန်မှိတ်လျက် မလှုပ်မယှက်သာ ရပ်နေလေတော့သည်။ ထိုလူသည် စီနီယာဖုချီအား ကျေးဇူးတင်စကား ဆိုပြီးသည့်နောက် နဂါးတစ်ပိုင်းမြို့တော်ထဲသို့ ချက်ချင်း ပြန်ဆင်းလာလေ၏။

ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသော လျုစန်းနျန်၏ မျက်နှာလေး ဖြူလျော့သွားခဲ့ပြီး ချက်ချင်း အလန့်တကြား ထအော်ပြောလေသည်။ "အစ်ကိုလီ ချက်ချင်း ထွက်သွားလိုက်ပေတော့၊ မဟုတ်ရင် ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူးနော်"

သူတို့ဆီသို့ ပြန်တန်းလာနေသော လျုစန်းနျန်အား နှိပ်စက်ခဲ့သည့်လူကို ကြည့်ရင်း လီကျောက်သည် မျက်မှောင်ကြုတ်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "အခုမှတော့ ပြေးလို့ မရတော့ဘူး"

လီကျောက်သည် ထိုလူအား လူမြင်ကွင်းတွင် စိတ်ရှိလက်ရှိ ထိုးကြိတ်ခဲ့ပေသည်။ ထိုအတွက်ကြောင့် တစ်ဖက်လူသည် သူ့အပေါ် အညှိုးထားနေပေလိမ့်မည်။ နဂါးစိမ်း ထိုလူအား ဘာပြောလိုက်သည်ကို လီကျောက် မကြားပါသော်ငြား ထိုလူ၏ မျက်နှာအမူအရာကို ကြည့်ရသလောက် လက်ရှိအခြေအနေမှ သူ့အနေဖြင့် ထွက်ပြေးနိုင်တော့မည် မဟုတ်မှန်း လီကျောက် သိနေခဲ့လေသည်။

[ငါ့ကို အဲလိုလုပ်မလား နောက်တစ်ကြိမ် ထပ်လာမေးရင်တောင် ငါကတော့ လုပ်ဦးမှာပဲ]

လျုစန်းနျန် သူ၏ မျက်စိရှေ့၌ပင် အရှက်ကွဲ နှိပ်စက်ခံနေရသည်ကို လီကျောက်အနေဖြင့် မည်သို့မျှ ရပ်မကြည့်နိုင်ပေ။ ထိုသို့သာ ရပ်ကြည့်နေရမည် ဆိုပါက သူ့ကိုယ်သူ ယောကျ်ားတစ်ယောက်ဟု ခေါ်ထိုက်တော့မည် မဟုတ်ချေ။ သို့သော်ငြား ပြဿနာသည် သူ၏တံခါးကို ဤမျှ မြန်မြန် လာခေါက်လိမ့်မည်ဟု လီကျောက် ထင်ထားခြင်းတော့ မရှိခဲ့ပေ။

ထိုလူသည် အခြားတစ်ဖက်နှင့် ဆက်သွယ်နိုင်သည်ဟု လီကျောက်အား လျုစန်းနျန်မှ ပြောခဲ့လေသည်။ ယခု ကြည့်ရသလောက် သူမ ပြောသည့် အခြားတစ်ဖက်ဆိုသည်မှာ နဂါးကလန်နှင့် နဂါးနန်းတော်ကို ဆိုလိုသည့်ပုံပင်။

All Chapters