အခန်း (၃၀၂၆-၃၀၃၀)
Vol. 131 Ch. 3026-3030
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၂၆)
ဘာသာပြန်သူ_တိမ်တိုက်
လီကျောက် ထိုးကြိတ်ခဲ့သည့်လူ သူတို့ဆီသို့ ပျံသန်းလာနေသည်ကို မြင်သော် ရန်ကိုင်က မေးလိုက်လေသည်။ "အဲဒီလူက ဘာထူးခြားနေလို့ နဂါးနန်းတော်နဲ့ အဆက်အသွယ် လုပ်နိုင်ရတာလဲ"
လျုစန်းနျန် သက်ပြင်းချလိုက်လေ၏။ ယခုနေမှတော့ ရန်ကိုင်နှင့် လီကျောက်တို့အဖို့ လွတ်စရာ လမ်းစရှိတော့လိမ့်မည် မဟုတ်မှန်း သူမ သိလိုက်လေသည်။ နဂါးတစ်ကောင် နဂါးတစ်ပိုင်းမြို့တော်အထက်တွင် ရပ်နေလေရာ သူတို့အနေဖြင့် မည်သို့များ ထွက်သွားနိုင်တော့ပါမည်နည်း။ ရန်ကိုင်နှင့် လီကျောက်တို့အား သူမ၏ ပြဿနာထဲသို့ ဆွဲခေါ်မိလိုက်သည့်အပေါ် လျုစန်းနျန် သူမကိုယ်သူမ လိပ်ပြာမလုံသလို ခံစားလိုက်ရလေသည်။ သို့တိုင်း ရန်ကိုင် မေးလာသည်ကို ကြားသော် အလျင်အမြန် ပြန်ပြောလိုက်လေ၏။ "အဲဒီလူကို ယွမ်ဝူလို့ ခေါ်တယ်၊ သူနဲ့ပတ်သက်ပြီးလို့ကတော့ ဘာမှမထူးခြားပါဘူး၊ ဒီအတိုင်း ကံကောင်းသွားရုံပဲ ရှိတာ၊ အဲဒီလို စွမ်းအားကြီးတဲ့သူတွေ အရှေ့မှာဆိုရင် သူက စကားကို ပါးပါးနပ်နပ်နဲ့ ပြောတတ်တယ်လေ၊ ဒါကြောင့်ပဲ နဂါးတစ်ပိုင်းမြို့တော်နဲ့ နဂါးနန်းတော်ကို ဆက်သွယ်ပေးတဲ့ ရာထူးကို သူ ရထားတာ"
"အဲဒီ နဂါးစိမ်းကရော" ရန်ကိုင်သည် လေထဲတွင် ဝဲနေသည့် နဂါးကို လှမ်းကြည့်ရင်းမှ မေးလိုက်သည်။
လျုစန်းနျန်က ပြန်ပြောလိုက်သည်။ "သူ့နာမည်က ဖုချီပဲ၊ အဆင့်ငါး နဂါးတစ်ကောင်"
"သူ့မျိုးရိုးနာမည်က ဖုလား" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ [နဂါးကျွန်းပေါ်မှာရှိတဲ့ နဂါးကလန်သားတွေ အားလုံးရဲ့ မျိုးရိုးနာမည်က ကျု လို့ ငါ ထင်နေခဲ့တာ]
လီကျောက်က ဝင်ပြောလိုက်သည်။ "ပြောကြတာတော့ နဂါးကလန်ထဲမှာ မျိုးရိုးနာမည် နှစ်ခု ရှိတယ်တဲ့၊ ကျု နဲ့ ဖု ပဲတဲ့"
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ "အဆင့်ငါး၊ သာမန်ပါပဲ"
ထိုအခါ လျုစန်းနျန် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား အံ့သြတကြီးဖြင့် ကြည့်လိုက်လေသည်။ [အစ်ကိုလီရဲ့မိတ်ဆွေက ဘယ်လိုလူမျိုးလဲဟ၊ အဆင့်ငါး နဂါးကိုတောင်မှ သာမန်ပါပဲလို့ ဘယ်လိုလုပ်ပြီးတော့ ပြောရဲတာလဲ] နဂါးတစ်ပိုင်းမြို့တော်တွင်ရှိသော အားအကောင်းဆုံးသော နဂါးနွယ်ဖွားသည်ပင်လျှင် အဆင့်နှစ် အဆင့်မြင့် နဂါးသွေးကြောကိုသာ ပိုင်ဆိုင်ထားေပသည်။ သို့သော်ငြား အဆင့်ငါး သွေးသန့်နဂါးတစ်ကောင်နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုသွေးမျိုးဆက်မှာ ဘာမျှမပြောပလောက်တော့ပေ။ နဂါးကလန်နှင့် နဂါးတစ်ပိုင်းမြို့တော်ထဲရှိ နဂါးနွယ်ဖွားများ အကြား ကွာခြားချက်မှာ ဆီနှင့်ရေ အလားပင်။ထို့အတွက်ကြောင့် ရန်ကိုင် ကြွားလုံးထုတ်ကာ ပြောဆိုနေသည်ဟု သူမစိတ်ထဲ ခံစားလိုက်ရလေသည်။
တကယ့် တကယ်တွင်တော့ ရန်ကိုင် အမှန်ကိုသာ ပြောနေခြင်း ဖြစ်လေသည်။ ရန်ကိုင် ကြုံခဲ့ရသည့် နဂါးကလန်သားများမှာ ကျုချင်းနှင့် ကျုလဲ့တို့ ဖြစ်ကြလေသည်။ ကျုချင်းနှင့် ကျုလဲ့တို့ နှစ်ဦးစလုံးမှာ အဆင့်ရှစ် နဂါးသွေးကြောများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြပြီး ကျုချင်းဆိုလျှင် ရန်ကိုင်၏ အကူအညီကြောင့် အဆင့်ကိုး နဂါးတစ်ကောင် ဖြစ်လာခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ အဆင့်ငါး နဂါးတစ်ကောင်လောက်ကို ရန်ကိုင်အနေဖြင့် မည်သို့များ အရေးစိုက်နေပါဦးမည်နည်း။
လျုစန်းနျန်ကိုယ်တိုင် ရှင်းပြမနေလျှင်ပင် ဤနဂါးစိမ်း၏ သွေးမျိုးဆက်မှာ ထိုမျှသန့်စင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။ အကြောင်းမှာ ၎င်း၏ နဂါးအရွယ်အစားကြောင့်ပင်။ ဖုချီ၏ နဂါးအရွယ်အစားသည် ကျုချင်း၏ မီတာ ၂၀၀ ခန့် ရှည်လျားသော နဂါးကြီးနှင့် ယှဥ်လိုက်သော် အတော်လေးကိုမှ သေးငယ်နေခဲ့ပေသည်။
"သူ့လို နဂါးတစ်ကောင်က ဒီကို ဘာလာလုပ်တာလဲ" လီကျောက်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ထိုအခါမှသာ လျုစန်းနျန် အသိပြန်ဝင်လာခဲ့ပြီး ရှင်းပြလိုက်လေသည်။ "နဂါးသွေးပန်းတွေကြောင့် ဖြစ်လောက်တယ်"
"နဂါးသွေးပန်း" ထိုစကားကို ကြားသည့်အခါ လီကျောက်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ "နဂါးတစ်ပိုင်းမြို့တော်ထဲမှာ နဂါးသွေးပန်းတွေ ရှိတာလား"
လျုစန်းနျန် အရှက်ကွဲခံရသည့်ကိစ္စသည် လီကျောက်အား အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေစေခဲ့လေသည်။ သို့သော်ငြား သူရင်ဆိုင်ရမည့် ရန်သူမှာ နဂါးတစ်ကောင် ဖြစ်နေခဲ့သည်။ ကျင့်ကြံခြင်းအရဆိုလျှင်တော့ လီကျောက်သည် တစ်ဖက်နဂါးအပေါ် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိခဲ့။ သို့သော်ငြား သွေးမျိုးဆက်ချင်း ယှဥ်လိုက်မည်ဆိုလျှင်တော့ လီကျောက်သည် တစ်ဖက်လူ၏ ဖိနပ်ကို တိုက်ပေးဖို့ရန်ပင် မထိုက်တန်တော့။
ထိုအကြောင်းကြောင့် လက်စားပြန်ချေလိုပါက သွေးမျိုးဆက်ကို ဦးစွာ မြှင့်တင်ရန် လိုအပ်ပေသည်။ သွေးမျိုးဆက်ကို မြင့်တင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းသည် နဂါးသွေးပန်းများကို အသုံးပြုခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးသွေးပန်းများအကြောင်း လျုစန်းနျန်မှ အစဖော်လာသောအခါ လီကျောက် စိတ်ဝင်စားသွားရခြင်း ဖြစ်လေသည်။ သူသည်သာ နဂါးသွေးပန်းများ၏ အကူအညီဖြင့် သူ၏သွေးမျိုးဆက်ကို မြင့်တင်နိုင်ပြီဆိုပါက လျုစန်းနျန်အား ဒုက္ခရောက်အောင် လုပ်သွားသည့် နဂါးနှင့် ရင်ဆိုင်တွေ့သည့်အခါ ပြန်လည် ယှဥ်ပြိုင်တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့ရာတွင် လျုစန်းနျန်က ခေါင်းခါ၍ ပြန်ပြောလိုက်လေ၏။ "နဂါးတစ်ပိုင်းမြို့တော်ထဲမှာ နဂါးသွေးပန်းတွေ ဘယ်လိုလုပ်ပြီး ရှိမှာလဲ၊ နဂါးသွေးပန်းတွေက နဂါးကလန်ရဲ့ အုတ်မြစ်ပဲ၊ အဲဒါတွေကို နဂါးနန်းတော်မှာပဲ တွေ့နိုင်တယ်"
"ဒါပေမဲ့ နင် အခု ပြောသွားတာက"
လျုစန်းနျန်က ဆက်ပြောလိုက်လေသည်။ "နဂါးသွေးပန်းတွေက နဂါးသွေးနဲ့ ရေလောင်းပြီး ပျိုးထောင်ပေးဖို့ လိုတယ်၊ ဒါပေမဲ့ နဂါးနန်းတော်မှာ နဂါးကလန်သား အရေအတွက်က ဒီလောက်များတာ မဟုတ်ဘူး၊ ဒီတော့ သူတို့သွေးတွေ အကုန်လုံးကို ဖောက်ထုတ်ပြီးတော့ နဂါးသွေးပန်းတွေကို သွားရေလောင်းပေးမယ် ဆိုလို့ရှိရင်တောင် ဘာမှ ဒီလောက်အသုံးမဝင်ဘူး၊ ပြီးတော့ အဲလိုလုပ်တာက သူတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်၊ ထပ်တလဲလဲ လုပ်လာပြီဆိုရင်ပေါ့၊ ဒါကြောင့်ပဲ နဂါးကလန်က သူတို့ ကလန်သားတွေရဲ့ သွေးကိုသုံးပြီးတော့ နဂါးသွေးပန်းတွေကို မစိုက်ပျိုးတာ၊ အဲဒီ နဂါးစိမ်း ဒီမြို့ကို ရောက်လာတယ်ဆိုတာက နဂါးနွယ်ဖွားတွေကို ခေါ်ဖို့ပဲ။၊ နဂါးနွယ်ဖွားတွေရဲ့ သွေးမျိုးဆက်က သိပ်ပြီး မသန့်စင်ဘူးဆိုပေမဲ့ အရေအတွက်ကတော့ များတယ်လေ၊ နဂါးနွယ်ဖွားတွေရဲ့သွေးကို သုံးပြီးတော့ နဂါးသွေးပန်းတွေကို စိုက်ပျိုးတာ အသုံးဝင်တာကိုလည်း သူတို့ ရှာလို့တွေ့ပြီးသွားပြီ"
လျုစန်းနျန် ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်နှင့် လီကျောက်တို့ ချက်ချင်း နားလည်သွားကြလေသည်။
လီကျောက်ကိုယ်တိုင်သည်လည်း နဂါးသွေးပန်းတစ်ပွင့်ကို သူ၏သွေးကိုသုံး၍ စိုက်ပျိုးခဲ့ဖူးပေသည်။
နဂါးနွယ်ဖွား အရေအတွက်မှာ အလွန်ကိုမှ များပြားလှသည်။ ထို့အတွက်ကြောင့် ထိုနဂါးနွယ်ဖွားများကို နဂါးသွေးပန်းများအား ရေလောင်းပေးဖို့ရာ အသုံးပြုနေနိုင်ခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် နဂါးကလန်သည် နဂါးနွယ်ဖွားများကို နဂါးကျွန်းပေါ်တွင် အလကား နေခိုင်းထားခြင်းမဟုတ်။ နဂါးသွေးပန်းများကို ရေလောင်းပေးခိုင်းရန်အတွက် နေခိုင်းထားခြင်း ဖြစ်လေသည်။
ထိုအချက်ကသည်ပင်လျှင် နဂါးတစ်ပိုင်းမြို့တော်ထဲရှိ နဂါးနွယ်ဖွားများ၏ ထူးခြားချက်ကိုလည်း ရှင်းပြသွားခဲ့လေသည်။ ရန်ကိုင်တို့မှာ ကျင့်ကြံခြင်း အဆင့်မြင့်သူများကြား နဂါးနွယ်ဖွားများအား ဘာကြောင့် မတွေ့ရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်ခဲ့ရသည်။ လူသားနှင့် မွန်းစတား မျိုးနွယ်စုများကြားတွင် ဧကရာဇ် တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်ပေါင်းများစွာ ရှိကြပါသော်ငြား ဧကရာဇ် တတိယအဆင့်သို့ ရောက်နေသည့် နဂါးနွယ်ဖွားမှာမူ တစ်ဦးပင် ရှိမနေခဲ့ပေ။ အခုမှသာလျှင် ဘာကြောင့် ထိုသို့ဖြစ်ရသလဲဆိုသည်ကို ရန်ကိုင်တို့ နားလည်သွားခဲ့ရလေသည်။ ကျင့်ကြံခြင်း အဆင့်မြင့်သည့် နဂါးနွယ်ဖွားများမှာ နဂါးသွေးပန်းများကို စိုက်ပျိုးပေးရန်အတွက် နဂါးနန်းတော်ဆီသို့ မကြာခဏ သွားရလေသည်။ အကြိမ်ဖန်ပေါင်းများစွာ သူတို့၏သွေးကို ဖောက်ထုတ်၍ နဂါးသွေးပန်းများအား ပျိုးထောင်ပေးလာခဲ့ရသော သူတို့၏ ကျင့်ကြံခြင်း လျော့ကျမသွားသည်ကပင်လျှင် အံ့သြဖွယ်ရာ ဖြစ်နေပြီ ဖြစ်လေရာ သူတို့၏ ကျင့်ကြံခြင်းမှာ မည်ကဲ့သို့များ တိုးတက်နိုင်ပါဦးမည်နည်း။
လျုစန်းနျန်သည် လီကျောက်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "အစ်ကိုလီ၊ ယွမ်ဝူ အစ်ကိုလီကို ကျိန်းသေ ခေါ်သွားလိမ့်မယ်"
လီကျောက်၏ အမူအရာမှာ လုံးဝကို သုန်မှုန်နေခဲ့လေသည်။ ယွမ်ဝူအား တိုက်ခိုက်စဥ်က သူသည် နဂါးနွယ်ဖွားတစ်ဦး ဖြစ်ကြောင်းကို ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် ယွမ်ဝူအား ကျင့်ကြံခြင်းအရဖြစ်စေ နဂါးသွေးမျိုးဆက်အရဖြစ်စေ ဖိနှိပ်ခဲ့သည်။
ထို့အတွက်ကြောင့် ယွမ်ဝူအနေဖြင့် လီကျောက်အား လုံးဝ အလွတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် နဂါးသွေးပန်းများကို ပျိုးထောင်ပေးရန်အတွက် နဂါးနွယ်ဖွားများကို ခေါ်လာရန် အမိန့်ပေးခံထားရသည့် အခါမျိုးတွင်ပင်။ သူသွားနေသည့် လမ်းကြောင်းကို ကြည့်လျှင်ပင် သိသာပေသည်။ အရင်အချိန်တွင် ယွမ်ဝူသည် လီကျောက် တည့်တည့်သို့ ပျံသန်းလာခြင်း ဖြစ်လေသည်။
လီကျောက်မှာ စတင်၍ စိုးရိမ်လာပြီး အကူအညီတောင်းလို့ ရလိုရငြား ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူသည်သာ နဂါးသွေးပန်းများကို ပျိုးထောင်ပေးရန်အတွက် နဂါးနန်းတော်ဆီသို့ ခေါ်သွားခံရမည်ဆိုပါက အခန့်မသင့်လျှင် သူ့သွေးအကုန်လုံး ဖောက်ထုတ်ခံလိုက်ရနိုင်လေသည်။ ယခုအခြေအနေမျိုးတွင် ရန်ကိုင်သည်သာ သူ့အား ကယ်တင်ပေးနိုင်လေသည်။ အဆင့်ရှစ် နဂါးတစ်ကောင်သည်ပင်လျှင် ရန်ကိုင်ရှေ့တွင် ဘာဆိုဘာမှ မလုပ်နိုင်ခဲ့လေရာ အဆင့်ငါး နဂါးတစ်ကောင်ဆိုရင်တော့ ပြောနေစရာပင် မလိုတော့ပေ။
"အခြေအနေကို အရင်တစ်ချက် စောင့်ကြည့်ကြတာပေါ့" ရန်ကိုင်သည် ရေနွေးကြမ်း တစ်ငုံသောက်လိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။
ရန်ကိုင် သူ့အား ပစ်ထားလိမ့်မည် မဟုတ်မှန်း သိလိုက်သော လီကျောက် စိတ်သက်သာရာ ရသွားခဲ့လေသည်။
အခြေအနေမှာ သူ ထင်ထားသကဲ့သို့ပင်။ ယွမ်ဝူသည် ရေနွေးကြမ်းဆိုင်သို့ တည့်တည့်မတ်မတ် ပျံသန်းလာခဲ့ပြီး ဒုတိယအထပ်သို့ ချက်ချင်း တက်လာခဲ့သည်။ ရောက်လာပြီးနောက်တွင် လီကျောက်အား အကြောက်အလန့် ကင်းကင်းဖြင့် စိုက်ကြည့်လိုက်လေသည်။ ပုံမှန်အခြေအနေမျိုးသာ ဆိုလျှင်တော့ သူ့အနေဖြင့် လီကျောက်အား ယခုကဲ့သို့ လာကြည့်ရဲလိမ့်မည် မဟုတ်။ သို့သော်ငြား ယခုအချိန်တွင် သူ့အား အဆင့်ငါး နဂါးတစ်ကောင်မှ ကျောထောက်နောက်ခံ ပေးထားလေရာ ယွမ်ဝူအနေဖြင့် လီကျောက်အား ဘာကြောင့်များ ကြောက်နေရပါဦးမည်နည်း။ လီကျောက်အနေဖြင့် သူ့ကိုပင်လျှင် တိုက်ခိုက်လာပါစေဟု ဆုတောင်းနေမိပေလေသည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် လီကျောက်အား ပြဿနာရှာဖို့ရန် အခွင့်အရေး ရလေပြီ။
"စီနီယာဖုချီရဲ့ အမိန့်နဲ့ ငါ လာခဲ့တာ၊ နဂါးကလန်ဆီ သွားဖို့ နဂါးနွယ်ဖွား အယောက်နှစ်ရာ လိုတယ်၊ ဒါကြောင့် တာအိုသခင်အဆင့် အထက်မှာရှိနေတဲ့ နဂါးနွယ်ဖွားတွေ အကုန်လုံး အခုချက်ချင်း လာခဲ့ကြ၊ ၁၅ မိနစ်နေလို့မှ မလာဘူးဆိုလို့ရှိရင် ခြွင်းချက်မရှိ အသတ်ခံရမယ်" ယွမ်ဝူက အော်ပြောလိုက်လေသည်။ သူ့အသံမှာ ကျယ်လောင်ခြင်း မရှိပါသော်ငြား နဂါးတစ်ပိုင်းမြို့တော်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် တာအိုသခင်အဆင့် အထက်တွင်ရှိနေကြသော နဂါးနွယ်ဖွားများ ထိတ်လန့်လာကုန်ကြလေသည်။ ပြောစရာမလိုအောင်ပင် ဖုချီ ဘာကြောင့် သူတို့အား နဂါးနန်းတော်ဆီသို့ ခေါ်သွားချင်နေသလဲဆိုသည်ကို သူတို့ သိကြပေသည်။ နဂါးသွေးပန်းများကို နဂါးသွေးဖြင့် ရေလောင်းပေးဖို့ကလွဲပြီး တခြားဘာများ ရှိပါဦးမည်နည်း။ ထိုအလုပ်မှာ ခက်ခဲသလို ဘာအကျိုးအမြတ်မှ မရသည့် အလုပ်တစ်ခုလည်း ဖြစ်ပေသည်။ နဂါးသွေးပန်းများကို နဂါးသွေးဖြင့် ရေလောင်းပေးဖို့ရာ နဂါးနန်းတော်ဆီသို့ ထွက်သွားကြသည့် မည်သည့်နဂါးနွယ်ဖွားမှ အကောင်းအတိုင်း ပြန်မလာနိုင်ကြချေ။ တချို့ဆိုလျှင် ကျင့်ကြံခြင်းအဆင့် လျော့ကျသွားခဲ့ပြီး အဆိုးဆုံး လူများမှာဆိုလျှင် သေပင်သေသွားခဲ့ကြရသည်။
ထိုအတွက်ကြောင့် မည်သူမှ ထိုကဲ့သို့ အကျိုးအမြတ်မရှိသည့် အလုပ်မျိုးကို မလုပ်လိုကြခြင်း ဖြစ်လေသည်။ သို့ရာတွင် ဖုချီသည် နဂါးတစ်ပိုင်းမြို့တော်ပေါ်တွင် ရပ်နေလေရာ မည်သူကများ သူ့အမိန့်ကို လွန်ဆန်ရဲပါမည်နည်း။ သူတို့သည်သာ ဤနေရာမှ ထွက်မသွားနိုင်သရွေ့ နဂါးကလန်မှ ပေးလာသည့် အမိန့်တိုင်းကို တစ်သဝေမတိမ်း နာခံရပေလိမ့်မည်။
ထိုအကြောင်းကြောင့် ယွမ်ဝူ၏ အမိန့်ကို ရပြီးသည့်နောက်တွင် တာအိုသခင်အဆင့်၏ အထက်တွင်ရှိနေကြသော နဂါးနွယ်ဖွားအားလုံး ရေနွေးကြမ်းဆိုင်ဆီသို့ စုဝေးလာကုန်ကြလေသည်။
"မင်းလည်း လာခဲ့" ယွမ်ဝူသည် လီကျောက်အား လက်ညှိုးထိုး၍ လှမ်းခေါ်လိုက်သည်။
လီကျောက်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ယွမ်ဝူ သူ့အား ပစ်မှတ်ထားလိမ့်မည်မှန်း ကြိုသိထားခဲ့ပါသော်ငြား တကယ်ဖြစ်လာချိန်တွင်တော့ လီကျောက် စိတ်ညစ်သွားမည်ဆဲ။ နဂါးစိမ်းကြီး ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက လီကျောက်မှာ ဒေါသထွက်ထွက်နဲ့ ယွမ်ဝူအား သေမတတ် ရိုက်နှက်ပစ်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် နဂါးစိမ်းမှ စောင့်ကြည့်နေသည့်အတွက်ကြောင့် လီကျောက်သည်သာ ယွမ်ဝူအား သွားတိုက်ခိုက်လိုက်မည်ဆိုပါက နဂါးကလန်၏ အာဏာကို စိန်ခေါ်လိုက်သလို ဖြစ်သွားရပေလိမ့်မည်။ လီကျောက်တွင် ထိုကဲ့သို့ လုပ်ရဲသည့် သတ္တိမျိုး ရှိမနေခဲ့ပေ။
"မင်းတို့လည်း လာခဲ့" ယွမ်ဝူသည် ရန်ကိုင်၊ လျုစန်းနျန်နှင့် သူမ၏သမီးကိုပါ လက်ညှိုးထိုး၍ လှမ်းခေါ်လိုက်သည်။
လျုစန်းနျန်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယွမ်ဝူဆိုသည့်လူ ဘာကြံလို့ ကြံနေမှန်း သူ နားမလည်။ [နဂါးနန်းတော်က နဂါးနွယ်ဖွားတွေကိုပဲ ခေါ်နေတာလေ၊ လျုစန်းနျန်၊ သူ့သမီးနဲ့ ငါက နဂါးနွယ်ဖွားမှ မဟုတ်တာ၊ ဘာဖြစ်လို့ ငါတို့ကိုပါ ဆွဲထည့်နေရတာလဲ၊ ဒီကောင် အာဏာရှိတယ်ဆိုပြီးတော့ တမင်သက်သက် ငါတို့ကို လာအနိုင်ကျင့်နေတာ၊ ဒါပေမဲ့ သူ့ပုံစံက အဲလိုလုပ်ရဲတဲ့ပုံလည်း မပေါက်ပါဘူး]
နဂါးစိမ်းသည် မျက်လုံးစုံမှိတ်ထားပါသော်ငြား အောက်ဘက်ရှိ အဖြစ်အပျက်အားလုံးကို သိနေပေသည်။ ယွမ်ဝူသည်သာ သူ့ကို တစ်ဖက်လှည့်နှင့် အသုံးချမည်ဆိုပါက ဖုချီအနေဖြင့် ယွမ်ဝူ၏ လုပ်ရပ်ကို မည်သို့မျှ သည်းခံနေလိမ့်မည် မဟုတ်ချေ။ သူ့အနေဖြင့် ပုရွက်ဆိတ်တမျှ သေးနုပ်လှသည့် ယွမ်ဝူ၏ အသုံးချခြင်းကို ဘာကြောင့်များ ခံရပါမည်နည်း။ နဂါးတစ်ကောင်၏ မာနသည် သူ့အား ထိုကဲ့သို့ လုပ်ခွင့်မပေးချေ။
"ငါ မင်းကိုပြောနေတာကွ၊ နားပင်းနေတာလား" ရန်ကိုင်တို့ တုတ်တုတ်မျှ မလှုပ်သည်ကို မြင်သော် ယွမ်ဝူသည် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင်ပဲ ဖုချီ ရှိနေသည့်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ ယွမ်ဝူမှာ တမင်သက်သက် ပြဿနာဖြစ်အောင် လုပ်နေခြင်းသာ ဖြစ်လေသည်။
ရန်ကိုင်နှင့် အခြားသူများသည်သာ နဂါးကလန်၏ အမိန့်ကို ဆန့်ကျင်လာမည်ဆိုပါက သူ့အနေဖြင့် ထိုလူများကို သတ်ပစ်နိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်၏ လက်ရှိလုပ်ရပ်အပေါ် ဒေါသထွက်နေခြင်းမရှိ။ ထို့အစား ပျော်ပဲပျော်နေပေသေးသည်။
ထိုအချိန်အတောအတွင်း လီကျောက်သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူသည်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။ ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရေနွေးကြမ်း ထိုင်သောက်နေလေသည်။
"ရဲတင်းလိုက်တာ၊ မင်း ဘယ်လိုတောင် နဂါးနန်းတော်ရဲ့ အမိန့်ကို လွန်ဆန်ရဲတာလဲကွ၊ မင်း သေချင်နေတာလား" ယွမ်ဝူမှာ ဒေါသထွက်နေသည့်ပုံ ပေါက်ပါသော်ငြား တကယ့်တကယ်တွင်တော့ ဝမ်းသာပီတိ ဖြစ်နေခြင်း ဖြစ်လေသည်။ [ဆက်လုပ်ထားစမ်း၊ ဆက်ပြီး မောက်မာနေစမ်း၊ မကြာခင် မင်းတို့ အကျိုးဆက်ကို သိရလိမ့်မယ်]
ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသည့် အခြားလူများမှာမူ ရန်ကိုင်တို့အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြလေသည်။ [ဒီကောင်တွေ သေရမှာကို မကြောက်ကြတာလား]
ယွမ်ဝူက ဆက်၍ အော်ပြောနေခဲ့လေသည်။ "ငါ မင်းတို့ကို သတိမပေးလို့ဆိုပြီး လာအပြစ်မတင်နဲ့နော်၊ မင်းတို့ကြောင့် စီနီယာဖုချီရဲ့ကိစ္စ နောက်ကျနေရမယ်ဆိုလို့ရှိရင် မင်းတို့တစ်ကောင်မှ အကျိုးဆက်ကနေ လွတ်မယ်လို့ မထင်နဲ့"
ယွမ်ဝူမှ ထိုကဲ့သို့ ပြောလာသော် ကောင်းကင်ထက်တွင် ဝဲနေသော ဖုချီသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ဒေါသမာန်တကြီးဖြင့် လှမ်းအော်ပြောလေသည်။ "မင်း ဘာတွေ အပိုစကားတွေ ပြောနေသေးတာလဲကွ၊ ငါ ပြောထားတာကို မြန်မြန်လုပ်တော့လေ"
ယွမ်ဝူ ကြောက်လန့်တကြား ထခုန်မိလိုက်ပြီး သူ့မျက်နှာမှာလည်း ဖြူလျော့သွားခဲ့ရလေသည်။ သူ့လုပ်ရပ်သည် ဖုချီအား စိတ်ပျက်သွားစေမိပြီမှန်း နားလည်လိုက်သည်။ ထို့ကြောင့် ရန်ကိုင်အပေါ် ဆက်၍ အနိုင်ကျင့်မနေနိုင်တော့ဘဲ လိုရင်းကို ချက်ချင်းတန်းပြောလိုက်လေသည်။ "စီနီယာဖုချီက နဂါးနန်းတော်ဆီ သာမန်လူ အယောက် ၅၀၀ ကို ခေါ်လာပေးဖို့ အမိန့်ပေးထားတယ်၊ ဒီတော့ ငါ ရွေးလိုက်တဲ့ လူတွေအကုန်လုံး အသင့် ချက်ချင်းပြင်ဆင်ထားပေတော့၊ မဟုတ်လို့ရှိရင် အကုန်လုံး ဆိုးရွားတဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်ရလိမ့်မယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်နှင့် တခြားသူများကို လက်ညှိုးထိုး၍ အမိန့်ပေးလာလေသည်။ "မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း"
ယွမ်ဝူသည် ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသည့် လူအားလုံးကို ရွေးသွားလေသည်။
ယွမ်ဝူ၏ ရွေးချယ်ခြင်း ခံလိုက်ရသည့်နောက် ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသောလူများ မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။
ယခင်ကဆိုလျှင် နဂါးကလန်သည် နဂါးနွယ်ဖွားများကိုသာ လာခေါ်ကြလေသည်။ သူတို့အမြင်တွင် သာမန်လူများသည် သူတို့၏ လိုအင်ဆန္ဒများကို ဖွင့်ထုတ်ရန်မှအပ တခြားမည်သည့်နေရာတွင်မှ အသုံးမဝင်ကြပေ။ ထိုအကြောင်းကြောင့် နဂါးနန်းတော် ဘာကြောင့်များ သာမန်လူအယောက်ငါးရာ ကို ရုတ်တရက်ကြီး လိုချင်လာသလဲဆိုသည်ကို မည်သူမှ နားမလည်နိုင်ကြခြင်း ဖြစ်လေသည်။
လူရွေးခံလိုက်ရသည့် လူများမှာတော့ အလွန်ကိုမှ စိတ်ညစ်နေကြလေသည်။ [အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ရေနွေးကြမ်း လာမသောက်ပါဘူးကွာ] နဂါးနန်းတော်သည် သူတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရသည့် နေရာမဟုတ်ချေ။ နဂါးနန်းတော်သို့ ရောက်သွားပြီးသည့်နောက် သူတို့အနေဖြင့် ထိုနေရာမှ ပြန်မထွက်လာနိုင်သည်မှာပင်လျှင် ဖြစ်နိုင်ပေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်နှင့် အခြားသူများ၏ လက်ချက်လည်း မကင်းပေ။ ရန်ကိုင်သည်သာ ယွမ်ဝူနှင့် ပြဿနာမတက်ခဲ့လျှင် သူတို့သည်လည်း အလကားသက်သက် ဤပြဿနာထဲသို့ ဆွဲထည့်ခံရလိမ့်မည် မဟုတ်။ ထို့ကြောင့် လူပေါင်းများစွာမှာ ရန်ကိုင်နှင့် အခြားသူများအား ဒေါသတကြီး အမူအရာများဖြင့် စိုက်ကြည့်လာကြတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၂၇)
ဘာသာပြန်သူ_တိမ်တိုက်
ရေနွေးကြမ်းဆိုင်ထဲတွင် လူနှစ်ဆယ်ကျော်လောက်သာ ရှိပေသည်။ ထို့အတွက်ကြောင့် ယွမ်ဝူသည် သူခေါ်ရမည့်လူများကို ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် နဂါးတစ်ပိုင်းမြို့တော်ထဲသို့ ဆက်သွားကာ အခြားသူများကို လိုက်လံရှာဖွေလေ၏။
ဖုချီမှ သူ့အား စောင့်ကြည့်နေသည်ဖြစ်လေရာ ယွမ်ဝူမှာ အာဏာပြကာ အချိန်ဖြုန်းမနေရဲတော့ဘဲ ပေးထားသည့်အလုပ်ကို မြန်မြန်ပြီးအောင်သာ ဆောင်ရွက်နေရတော့လေသည်။
“ကျုပ်တို့ ဘာလုပ်ကြမလဲ နန်းတော်သခင်ရန်…” လီကျောက်သည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍မေးလိုက်သည်။ ဖြစ်နိုင်လျှင် သူသည် နဂါးနန်းတော်ဆီသို့ မသွားချင်ပေ။ နဂါးနန်းတော်ဆီသို့ တစ်ခါမှ မရောက်ဖူးပါသော်ငြား ဘာကြောင့်မှန်းမသိ နဂါးနန်းတော်အား အလိုလို ကြောက်နေမိလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကို အားကိုးရုံသာ တတ်နိုင်တော့လေ၏။
ရန်ကိုင်သည် လီကျောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လျက် ပြန်ပြောလိုက်သည်။ “သူတို့ခိုင်းတဲ့အတိုင်းပဲ အရင်လိုက်လုပ်ကြတာပေါ့…”
ရန်ကိုင်သည် ကျုချင်းကိုရှာရန်အတွက် နဂါးကျွန်းဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်ပြီးသည့်တိုင် ကျုချင်း၏သဲလွန်စကို မတွေ့ရသေးပေ။ ကျုချင်းအား မည်သည့်နေရာတွင် သွားရှာလို့ရှာရမှန်းလည်း မသိ။ ထို့အတွက်ကြောင့် ဖုချီသည် ကျုချင်းအား ရှာနိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်လေသည်။ နဂါးများသည် နဂါးနန်းတော်ထဲတွင်သာ နေကြသည့်အတွက်ကြောင့် ကျုချင်းသည်လည်း နဂါးနန်းတော်တွင်သာ ရှိနေလောက်သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည် လက်ရှိအချိန်တွင် နဂါးနန်းတော်ဆီသို့သာ သွားချင်နေမိပေသည်။ ဖုချီတောင်းဆိုလာသည်မှာလည်း သူလိုချင်နေသည့်အရာသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အနည်းငယ်မျှပင် ခုခံ ရန်စကားပြောနေခြင်းမရှိဘဲ ပြောသည့်အတိုင်း လိုက်လုပ်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
လီကျောက်မှာ ရန်ကိုင်၏စကားကို မငြင်းနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် လျူစန်းနျန်နှင့် သူမသမီးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့… ဒီတစ်ကြိမ်တော့ ငါ နင်တို့ကို ဒုက္ခအရောက်မခံနိုင်တော့ဘူး…”
ယွမ်ဝူ၏ရွေးချယ်ခြင်း ခံလိုက်ရသည့်အချိန် လျူစန်းနျန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ နဂါးနန်းတော်သည် သူမအတွက်တော့ အိပ်မက်ဆိုးကြီးပမာ ဖြစ်ပေသည်။ လျူစန်းနျန်သည် နဂါးနန်းတော်တွင် နှစ်ပေါင်းနှစ်ရာကျော်သုံးရာနီးပါး နေခဲ့ပြီး နေ့ရက်တိုင်းမှာ သူမအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပမာပင်။ နောက်ပိုင်း နဂါးကလန်၏ မောင်းထုတ်ခြင်း ခံလိုက်ရပြီးသည့်နောက် လျူစန်းနျန်မှာ အရှက်ကွဲခဲ့ရသည့်တိုင် သူမလိုချင်နေသည့်အရာကို ရရှိခဲ့ရလေသည်။
သို့သော်ငြား ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်တွင် နဂါးနန်းတော်ဆီသို့ နောက်တစ်ကြိမ် ပြန်သွားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် လျူစန်းနျန်မှာ ထိတ်လန့်တုန်လှုပ်လာရမိတော့သည်။ သူမသမီးကိုလည်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိလိုက်၏။ သူမ၏သမီးမှာလည်း သူမအမေ အခြေအနေပြောင်းလဲနေသည်ကို သတိထားမိသည့်အလား ဘာမှပြန်မပြောနေခဲ့ဘဲ သူမ၏အမေကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်လေသည်။
မကြာမီ အရာအားလုံး ပြင်ဆင်လို့ ပြီးသွားခဲ့သည်။ ဤနေရာတွင် စုဝေးနေကြသည့် နဂါးနွယ်ဖွားအရေအတွက်မှာ အယောက်နှစ်ရာကျော်ပေသည်။ သို့သော်ငြား ယွမ်ဝူသည် အတွေ့အကြုံရှိသူတစ်ဦးပီပီ ကျင့်ကြံခြင်းအဆင့်မြင့်၍ ကျန်းမာရေးကောင်းသည့် နဂါးနွယ်ဖွား အယောက်နှစ်ရာကိုသာ ရွေးချယ်ခဲ့ပြီး ကျန်လူများကို ပြန်လွှတ်လိုက်လေ၏။
နဂါးနန်းတော်သို့ မလိုက်ရတော့သည့် နဂါးနွယ်ဖွားများမှာ စိတ်သက်သာရာ ရသွားခဲ့ကြပါသော်ငြား ရွေးချယ်ခံလိုက်ရသည့် နဂါးနွယ်ဖွားများမှာတော့ မျက်နှာကြီး မှုန်ကုပ်နေကြလေသည်။
သာမန်လူငါးရာကိုလည်း တစ်နေရာတည်းတွင် စုဝေးထားခဲ့သည်။
အကုန်လုံး အစီအစဉ်တကျ ဖြစ်သွားပြီးသည့်နောက်တွင် ယွမ်ဝူသည် ဖုချီဆီသို့ ပျံသန်းသွားပြီး တလေးတစားဖြင့်ရပ်လျက် လက်သီးဆုပ်ကာ ပြုံး၍ ပြောလိုက်လေသည်။ “စီနီယာဖုချီ… အကုန်လုံး အဆင်သင့်ဖြစ်ပါပြီ…”
“ဒီကိစ္စ နှောင့်နှေးနေလို့မရတော့ဘူး… ငါ့နောက်လိုက်ခဲ့…” ထိုသို့ပြောပြီးသည့်နောက် ဖုချီသည် ရှေ့မှ ဦးဆောင်ပျံသန်းသွားလေ၏။
ယွမ်ဝူသည် အောက်သို့ပြန်ငုံ့၍ အော်ပြောလိုက်လေသည်။ “မင်းတို့အားလုံး စီစဉ်ပေးထားတဲ့အဖွဲ့အတိုင်း ငါ့နောက်လိုက်လာခဲ့ကြ… မင်းတို့ကြောင့် စီနီယာဖုချီရဲ့ကိစ္စတွေ နှောင့်နှေးသွားရမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်နဲ့ ရင်ဆိုင်ရမှာနော်…”
ဖုချီ ဘာကြောင့် သာမန်လူငါးရာအား လိုချင်နေသလဲဆိုသည်ကို ယွမ်ဝူမသိပေ။ သို့သော်ငြား နဂါးကျွန်းပေါ်တွင် နဂါးကလန်မှပေးလာသည့် အလုပ်တိုင်းသည် ဦးစားပေး ဖြစ်လေသည်။ သူ့အနေဖြင့် ထိုကိစ္စများကို ဖြစ်သလိုသွားလုပ်၍ မရပေ။
ယွမ်ဝူ၏စကားကို ကြားသည့်အခါ အကုန်လုံး၏အမူအယာ လေးနက်သွားခဲ့ကြပြီး ဖုချီနောက်သို့ ပြေးလိုက်သွားကြလေ၏။ ချက်ချင်းဆိုသလို ရာနှင့်ချီသော လူပေါင်းများစွာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကုန်ကြလေသည်။ ထိုလူများထဲ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ပါဝင်နေလေ၏။
လက်ရှိအချိန်တွင် လီကျောက်မှာ ထိုသားအမိနှစ်ယောက်အပေါ် မည်သို့မည်ပုံ ဆက်ဆံလို့ ဆက်ဆံရမှန်း မသိအောင်ကို ဖြစ်နေခဲ့လေသည်။ လျူယုချင်းသည် လျူစန်းနျန်၏သမီး ဖြစ်ပါသော်ငြား သူမသည် နဂါးကလန်မှ နဂါး၏ သမီးလည်း ဖြစ်နေပေသေးသည်။ ထို့အတွက်ကြောင့် သူမ မည်သို့ပင် ရိုးသားပွင့်လင်းကာ ချစ်စဖွယ်ကောင်းနေစေကာမူ လီကျောက်မှာတော့ သူမအား ကောင်းမွန်သည့်အမြင်ဖြင့် မည်သို့မှ ကြည့်မရနိုင် ဖြစ်နေခဲ့ရလေသည်။ သမီးအပေါ် သွားပြီးအပြစ်တင်နေ၍ မရသည့်အတွက်ကြောင့် သူ၏မကျေနပ်ချက်တို့မှာ လျူစန်းနျန်ဆီသို့ ရောက်ရှိသွားခဲ့ရသည်။
တစ်ချိန်တည်းတွင်လည်း ယခုကိစ္စနှင့်ပတ်သက်၍ လျူစန်းနျန်အား သွားအပြစ်တင်နေ၍ မရကြောင်းကိုလည်း သိထားပေသေးသည်။ ထိုစဉ်က လျူစန်းနျန်မှာ လီကျောက်နှင့် တွေ့ချင်သည့်အတွက်ကြောင့် အိပ်မက်ဂိတ်မှ ခိုးထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ မည်သူကများ ထိုကဲ့သို့ ခိုးထွက်လာနေစဉ်အတောအတွင်း လျူစန်းနျန်သည် နဂါးတစ်ကောင်၏ ပြန်ပေးဆွဲခြင်း ခံရလိမ့်မည်ဟု ထင်ထားခဲ့ပါမည်နည်း။
မည်သူမှ ယခုကဲ့သို့ဖြစ်လာလိမ့်မည်မှန်း ကြိုမသိခဲ့သလို လျူစန်းနျန်သည်လည်း ယခုကဲ့သို့ဖြစ်အောင် လုပ်ခဲ့သည်မဟုတ်ပေ။ လျူစန်းနျန်သည်လည်း ယခုကဲ့သို့ဖြစ်လာစေရန်အတွက် ရွေးချယ်ခဲ့ခြင်းမဟုတ်။ ထို့အပြင် လီကျောက်နှင့်ပြန်တွေ့စဉ်က လီကျောက်အပေါ် အပြစ်မကင်းသလို ခံစားမိသည့်အတွက်ကြောင့် လီကျောက်ကို မမှတ်မိချင်ယောင် ဆောင်နေသည်ကိုကြည့်လျှင် သိနိုင်ပေသည်။ ထို့အတွက်ကြောင့် လက်ရှိ လီကျောက်၏ခံစားချက်များမှာ အလွန်ကိုမှ ရှုပ်ထွေးနေသည်ဟု ပြော၍ရပေသည်။ သူ့ခမျာ တောင်တစ်လုံး သူ့အပေါ်သို့ ပြိုဆင်းကျနေသည့်အလား အသက်ကိုပင်လျှင် ကောင်းကောင်းမရှူနိုင် ဖြစ်နေလေသည်။
လီကျောက် မည်ကဲ့သို့ခံစားနေရသလဲဆိုသည်ကို လျူစန်းနျန်လည်း နားလည်ပေသည်။ ထို့အတွက်ကြောင့် မည်သည့်စကားမှ သွားပြောမနေခဲ့ဘဲ တစ်လမ်းလုံး တိတ်တိတ်လေးသာ လိုက်လာခဲ့လေ၏။
ရာနှင့်ချီသော လူပေါင်းများစွာတို့သည် စိတ်မသက်မသာဖြင့် ဖုချီနောက်သို့ လိုက်လာနေကြသည်။ နဂါးနွယ်ဖွားများမှာ နဂါးနန်းတော်သို့ ရောက်ပြီးသည့်နောက် ဘာလုပ်ရမလဲဆိုသည်ကို သိထားကြပါသော်ငြား သာမန်လူအယောက်ငါးရာမှာတော့ ဘာမှမသိကြချေ။ ယခင်က နဂါးကလန်သည် သူတို့အား တစ်ခါမှ နဂါးနန်းတော်ဆီသို့ ခေါ်သွားခဲ့ဖူးခြင်းမရှိ။ ထို့အတွက်ကြောင့် လက်ရှိအဖြစ်အပျက်မှာ အကုန်လုံးအတွက် စိတ်မသက်သာစရာ ဖြစ်နေလေသည်။ အကြောင်းအရင်းအချို့ကြောင့် ယွမ်ဝူနှင့် ရင်းနှီးသည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားသော လူများမှာ ယွမ်ဝူနားသို့ကပ်သွားကာ အကြောင်းအရင်းကို မေးမြန်းကြလေသည်။
သို့သော်ငြား ယွမ်ဝူကရော သူတို့အား ဘာများပြောနိုင်ပါမည်နည်း။ ယွမ်ဝူသည် ဖုချီပေးသည့်အမိန့်အတိုင်း လုပ်နေခြင်းသာ ဖြစ်ပေသည်။ သူကိုယ်တိုင်သည်လည်း ဖုချီမှ သာမန်လူငါးရာအား ဘာကြောင့် လိုအပ်သလဲဆိုသည်ကို မသိပေ။ ထို့အတွက်ကြောင့် ထိုလူများမှမေးလာချိန် ယွမ်ဝူမှာ ဘာမျှပြန်မပြောနိုင် ဖြစ်ခဲ့ရသည်။ သာမန်လူများမှာ ယွမ်ဝူ၏ပုံစံနှင့်ပတ်သက်၍ မကျေနပ်ကြပါသော်ငြား သူတို့တတ်နိုင်သည့်အရာလည်း ဘာမှရှိမနေခဲ့ပေ။
သွားနေစဉ်အတောအတွင်း ရန်ကိုင်သည် လီကျောက်၏လက်ထဲသို့ ဆေးပုလင်းပေါင်းများစွာကို မသိမသာလေး ထည့်ပေးလိုက်လေသည်။ လီကျောက်သည် သူ့သွေးကိုသုံး၍ နဂါးသွေးပန်းများကို ပျိုးထောင်ပေးရမည်ဖြစ်လေရာ သေချာမပြင်ဆင်ထားခဲ့လျှင် သူ့ခွန်အားမှာ ကျိန်းသေ ထိခိုက်သွားရနိုင်ပေသည်။ အနည်းဆုံး ရန်ကိုင်ပေးလာသည့် ဆေးလုံးများ၏ အကူအညီဖြင့်သာဆိုပါ ဤအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်လောက်ပေသည်။
လီကျောက်မှာလည်း ရန်ကိုင်ပေးလာသည့်ဆေးလုံးများကို ငြင်းမနေခဲ့ပဲ တိတ်တဆိတ် လက်ခံထားလိုက်လေသည်။
နဂါးတစ်ပိုင်းမြို့ဆီမှ နေ့ဝက်ကြာအောင် ပျံသန်းထွက်လာပြီးသည့်နောက်တွင် ပူအိုက်စိုစွတ်သည့် ပင်လယ်လေညင်းများ သူတို့၏ပါးပြင်အား ရိုက်ခတ်လာသည်ကို လူတိုင်း ခံစားမိလိုက်ကြသည်။ လှိုင်းလုံးပုတ်သံများမှာလည်း လူတိုင်း၏နားထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့လေသည်။
ရန်ကိုင် လှမ်းမျှော်ကြည့်လိုက်ရာ ကမ်းမမြင် လမ်းမမြင် နိုင်လောက်အောင် ကျယ်ပြောလွန်းလှသော ပင်လယ်ကြီးကို တွေ့လိုက်ရလေသည်။
ဤကမ္ဘာငယ်လေးထဲတွင် ပင်လယ်တစ်ခု ရှိနေသည်ဟူသောအချက်သည် ရန်ကိုင်အား အမှန်တကယ်ကို အံ့အားသင့်သွားစေခဲ့လေသည်။ ကြည့်ရသလောက် ဤကမ္ဘာငယ်လေးသည် ရန်ကိုင်တို့ရောက်ခဲ့ဖူးသော ဒွိလောကကမ္ဘာကြီးထက် အများကြီး ပိုကျယ်သည့်ပုံပင်။ ထို့အပြင် ပင်လယ်ပြင်တွင် ရှိနေသည့် မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ သိပ်သည်းလှပေသည်။ သူတို့အနေဖြင့် ပင်လယ်အနားသို့ ရောက်လေရောက်လေ မိုးမြေစွမ်းအင်များ ပို၍ သိပ်သည်းလာလေပင်။
နောက်ထပ်နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့၏မြင်ကွင်းထဲ ကျွန်းငယ်လေးတစ်ကျွန်း ပေါ်လာခဲ့လေသည်။ ထိုကျွန်းငယ်လေးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်နှင့်လီကျောက်တို့၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားလေ၏။
လျူစန်းနျန်က ချက်ချင်းရှင်းပြလိုက်သည်။ “အဲ့ဒါ နဂါးနန်းတော်ပဲ…”
“နဂါးနန်းတော်က အဲ့ကျွန်းပေါ်မှာ ရှိတာလား…” ရန်ကိုင်က မေးလိုက်သည်။
လျူစန်းနျန်က ခေါင်းခါလိုက်သည်။ ထို့နောက် လီကျောက်အား လှမ်း၍ ကြည့်လိုက်လေသည်။ လီကျောက် သူမအား အာရုံစိုက်မနေကြောင်း တွေ့လိုက်သော် သက်ပြင်းချလျက် ရန်ကိုင်ဘက်သို့လှည့်ကာ ဝမ်းနည်းနေသည့်အမူအယာဖြင့် ပြောလိုက်လေသည်။ “မဟုတ်ဘူး… နဂါးနန်းတော်ဆိုတာ ကျွန်းတွေအများကြီးနဲ့ ဖွဲ့စည်းထားတာ… အဲ့ကျွန်းဆိုတာ နဂါးနန်းတော်ထဲကိုဝင်တဲ့ ဝင်ပေါက်ပဲ ရှိသေးတယ်… တကယ်တော့ နဂါးနန်းတော်ဆိုတာ ကျွန်းတွေအကုန်လုံးကို စုပေါင်းပြီးမှ ခေါ်တဲ့ အခေါ်အဝေါ်ပဲ… နဂါးတစ်ကောင်ချင်းစီမှာ ကိုယ်ပိုင်ကျွန်းတွေရှိပြီးသား… အဲ့နဂါးတွေက အတူတူနေလေ့မရှိကြဘူး…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ အားကောင်းလှသည့်နတ်သားရဲများသည် အတူတကွ နေလေ့မရှိသည့်အကြောင်းကိုတော့ ရန်ကိုင် နားလည်ပေသည်။ ထိုနတ်သားရဲတစ်ကောင်ချင်းစီမှာ အလွန်ကိုမှ အားကောင်းလှလေရာ သူတို့၏ကျင့်ကြံခြင်းအတွက် လိုအပ်သည့် မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ များပြားလှပေသည်။ ထို့အတွက်ကြောင့် တစ်နေရာထဲတွင် အတူတကွ စုဝေးမနေကြသည်မှာ အထူးအဆန်းမဟုတ်။ သူတို့သည်သာ အတူတကွ စုဝေးနေမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းအတွက် အကျိုးရှိတော့လိမ့်မည်မဟုတ်ပေ။
နေမင်းပြာကျောင်းတော်ထဲတွင်ပင်လျှင် အကြီးအကဲတစ်ဦးချင်းစီတိုင်း၌ ကိုယ်ပိုင်တောင်များ ရှိကြပေသည်။ ထိုသို့ဖြစ်လေရာ နဂါးကလန်တွင်လည်း ဘာကြောင့်များ ကိုယ်ပိုင်ကျွန်းများ မရှိဘဲ နေရမည်နည်း။
နဂါးနန်းတော်၏ဝင်ပေါက် ဖြစ်ဟန်တူသည့် ထိုကျွန်းပေါ်တွင်တော့ တစ်စုံတစ်ဦးမှ ရန်ကိုင်တို့အား ရပ်စောင့်နေခဲ့လေသည်။ တဖြည်းဖြည်း နီးကပ်လာပြီးသည့်နောက်တွင် ထိုလူမှာ အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်သာ ရှိသေးမည့်ပုံပေါက်သည့် မိန်းမငယ်လေးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ ထိုကောင်မလေးသည် လျူယုချင်းထက် အများကြီး အသက်ပိုမကြီးပေ။ သို့သော်ငြား သူမ၏တကယ့်အသက်ကိုမူ ရုပ်ရည်ကိုကြည့်၍ သွားဆုံးဖြတ်၍မရ။ နဂါးကလန်သားများ၏ အသက်ကို တိုင်းတာသည့်ပုံစံမှာ လူသားများနှင့် မတူညီကြချေ။ နဂါးတစ်ကောင်အဖို့ နှစ်ပေါင်းရာပေါင်းများစွာ ကြာပြီးသည့်အခါမှသာ အရွယ်ရောက်သည်ဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် သူမ၏ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်ပုံစံကို ကြည့်၍ သူမ၏တကယ့်အသက်ကို သွားဆုံးဖြတ်၍မရ။
ထိုကောင်မလေးသည် ခရမ်းရောင်အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ထားခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ စောင့်ရသည်ကို စိတ်မရှည်ဖြစ်နေသည့်အလား မျက်မှောင်ကြီး ကျုံ့နေလေ၏။ ဖုချီတို့ ရောက်လာသည်ကိုမြင်သော် ချက်ချင်းပဲ လှမ်းအော်ပြောလိုက်လေသည်။ “နင် ဘာတွေ ဒီလောက်ကြာနေတာလဲ… ငါ နင့်ကို စောင့်နေတာ နေ့ဝက်ရှိနေပြီ…”
ဖုချီက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “ခရီးသွားတယ်လာတယ်ဆိုတာ အချိန်တော့ ကြာမှာပဲဟာကို…”
ထိုစဉ် ယွမ်ဝူက ရှေ့သို့တက်၍ တလေးတစားဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာဖုလင်…”
(ဖုကလန်ပဲလား…) ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ထိုကောင်မလေးကို သေသေချာချာ ကြည့်လိုက်လေသည်။ ဘာကြောင့်မှန်းတော့မသိ သူ့စိတ်ထဲ ဤဖုလင်အပေါ် သိပ်၍ အမြင်မကြည်ချေ။
ယွမ်ဝူလုပ်နေသည့်ပုံစံကို ကြည့်ရသလောက် ယွမ်ဝူအနေဖြင့် နဂါးနန်းတော်ထဲသို့ ကြိမ်ဖန်ပေါင်းများစွာ ရောက်ခဲ့ဖူးရပေလိမ့်မည်။ ဖုလင်ကဲ့သို့သော လူမျိုးကိုပင်လျှင် ယခုကဲ့သို့ သွားပြောရဲသည်ကို ကြည့်ပါက နဂါးတစ်ပိုင်းမြို့တော်ထဲတွင် သူ ဘာကြောင့် ထိုမျှ မောက်မာဝံ့ကြွားနေရသလဲဆိုသည်ကို နားလည်နိုင်ပေသည်။
ဖုလင်သည် ယွမ်ဝူအား ကြည့်လိုက်ပြီးသည့်နောက် အထင်အမြင်တသေးဖြင့် “အို… နင်ပါလား….”
ကြည့်ရသလောက် ဖုလင်သည်လည်း ယွမ်ဝူကို သိနေသည့်ပုံပင်။ ယွမ်ဝူစိတ်လှုပ်ရှားသွားပြီး တစ်ခုခုပြောတော့မည်အပြု ဖုလင်က စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်လေသည်။ “ဘာပဲဖြစ်ဖြစ် နင်ရောက်လာပြီဆိုမှတော့ ငါ့နောက်လိုက်ခဲ့ပေတော့… ပန်းတွေက နင်တို့ကို စောင့်နေတယ်…”
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ယွမ်ဝူအပါအဝင် နဂါးနွယ်ဖွားအားလုံး မျက်စိပျက်မျက်နှာပျက် ဖြစ်သွားကုန်ကြလေသည်။ သူတို့အနေဖြင့် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ရှောင်လွှဲ၍ ရလိမ့်မည်မဟုတ်မှန်း ကြိုသိထားပါသော်ငြား တကယ်တမ်းကြုံလာရချိန်တွင်တော့ စိတ်မညစ်ပဲ မနေနိုင်ကြချေ။
ဖုချီသည် လက်နောက်ပစ်ရင်းမှ ပြောလိုက်လေ၏။ “သွားပေတော့ သွေးနှောကောင်တွေ…”
နဂါးနွယ်ဖွားများဆိုသည်မှာ နဂါးတစ်ပိုင်းမြို့တော်ထဲ နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများအား ခေါ်ဝေါ်လေ့ရှိသည့် အသုံးအနှုန်းတစ်မျိုး ဖြစ်ပေသည်။ တကယ့်နဂါးများ၏ ရှေ့တွင်တော့ နဂါးနွယ်ဖွားများမှာ သွေးနှောများထက် မပိုပေ။ သွေးနှောများတင်မဟုတ် မသန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော မိမစစ်ဖမစစ်များ ဖြစ်ကြသည်။ သွေးနှောများသည် နဂါးကလန်သားများမှ သူတို့၏ စိတ်ဆန္ဒရိုင်းများကို ဖွင့်ထုတ်ရန်အတွက် အသုံးပြုရာမှ ဖြစ်ပေါ်လာကြသည့် အသုံးမဝင်သော အမှိုက်များ ဖြစ်ကြလေရာ မည်သည့်နဂါးမှ သွေးနှောများကို ဂရုစိုက်နေခြင်း မရှိကြချေ။
ထိုအကြောင်းကြောင့်ပင်လျှင် လျူစန်းနျန်နှင့် သူမ၏သမီးမှာ နဂါးနန်းတော်ထဲမှ ကန်ထုတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ တကယ်တော့ လျူယုချင်း၏အဖေသည် သွေးသန့်နဂါးတစ်ကောင် မဟုတ်ပေလော။ သို့တိုင် သူမကိုယ်တိုင်သည် အဆင့်မြင့်နဂါးသွေးကြောကို ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့် ဂရုစိုက်ခံခဲ့ရခြင်း မရှိပေ။
လီကျောက်မှာ ရုတ်တရက်ဆိုသလို ဂနာမငြိမ်ဖြစ်လာပြီး ရန်ကိုင်နောက်သို့ တိုးကပ်သွားလေသည်။ နဂါးနန်းတော်သို့ ရောက်ရောက်ချင်း ရန်ကိုင်နှင့် လူကွဲသွားရလိမ့်မည်ဟု သူ့စိတ်ထဲ မျှော်လင့်ထားခြင်း မရှိပေ။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် လီကျောက်၏မျှော်လင့်ချက်မှာ ရန်ကိုင်သာ ဖြစ်လေရာ ရန်ကိုင်နှင့် လူကွဲသွားမည်ဆိုပါက သူ့အနေဖြင့် မည်သူ့ကိုများ သွားအားကိုးရပါဦးမည်နည်း။
ထို့အပြင် လီကျောက်မှာ သူ့ထက်ပို၍ လျူစန်းနျန်ကို စိတ်ပူနေရလေသည်။ သူ့စိတ်ထဲ လျူစန်းနျန်အပေါ် မည်မျှပင် မကျေမနပ် ဖြစ်နေလင့်ကစား ထိုအရာများသည် အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။ ထို့အပြင် အမှန်တရားကိုလည်း လီကျောက် သိပြီးသွားခဲ့ပြီဖြစ်လေရာ လျူစန်းနျန်အပေါ် မည်သို့များ မုန်းရက်တော့ပါမည်နည်း။ လက်ရှိ လီကျောက် မည်သူ့ကို အမုန်းဆုံးလဲ ပြောပါဆိုလျှင် လျူစန်းနျန်အား ခေါ်သွားသည့် နဂါးကလန်သားကိုသာ ပြောရပေလိမ့်မည်။
ရန်ကိုင်သည် လီကျောက်အား ကြည့်၍ ခေါင်းညိတ်ပြလိုက်လေသည်။ ရန်ကိုင် ခေါင်းညိတ်ပြနေသည်ကိုမြင်သော် လျူစန်းနျန်နှင့် သူမသမီး၏ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ပူစရာမလိုတော့မှန်း လီကျောက်သိလိုက်လေသည်။
ယွမ်ဝူက အမြန်ပြောလိုက်လေသည်။ “ဆရာတို့… သာမန်လူတွေကရော…”
“ငါ သူတို့ကို အခြားနေရာမှာ သုံးဖို့ရှိတယ်…” ဖုချီက မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။
ယွမ်ဝူက ချက်ချင်းပဲ ပြောလိုက်လေသည်။ “ဆရာ… ကျုပ် ကျန်နေရစ်ခဲ့ပြီးတော့ သူတို့ကို စောင့်ကြည့်ပေးရမလား… ဆရာသိတဲ့အတိုင်းပဲ ဒီလူတွေက ဟဲ ဟဲ… အချို့က သိပ်ပြီးတော့ ပြောရဆိုရ ကောင်းတဲ့လူတွေ မဟုတ်ဘူးလေ… ဘယ်သူသိမှာလဲ ကျုပ်သာ ဒီမှာနေပေးလို့ရှိရင် သူတို့ကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ထိန်းကျောင်းနိုင်ရင် ထိန်းကျောင်းနိုင်နေမှာပေါ့…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၂၈)
ဘာသာပြန်သူ_တိမ်တိုက်
ယွမ်ဝူအနေဖြင့် ဤသို့ပြောလိုက်ရခြင်းမှာ သူ့အနေဖြင့် သူ့သွေးကိုသုံး၍ နဂါးသွေးပန်းများအား အားဖြည့်ပေးရသည့်အလုပ်ကို မလုပ်လို့သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူ့အနေဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို ယခင်က တစ်ကြိမ်လုပ်ခဲ့ဖူးသည်။ သို့သော်ငြား ထိုသို့လုပ်ပြီးသည့်နောက်တွင် တစ်နှစ်ခန့် အားနည်းသွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤအလုပ်ကို နောက်တစ်ကြိမ် ထပ်မလုပ်လိုခြင်း ဖြစ်ပေသည်။
ဖုချီသည် သူပြောလိုက်သည့်စကားကို မဆိုင်းမတွ ပြန်လည်သဘောတူလာလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။
“ကောင်းပြီလေ… ဒါဆို ငါ သူတို့ကို မင်းလက်ထဲ အပ်ထားလိုက်မယ်… တစ်ခုခုဖြစ်သွားရင်တော့ မင်း တာဝန်ခံရမှာနော်…”
ယွမ်ဝူ ကြောင်သွားခဲ့လေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် “စိတ်ချထားလိုက်ပါ ဆရာ…”
“သွားကြရအောင်…” ဖုလင်က စိတ်မရှည်ဟန်ဖြင့် တိုက်တွန်းလိုက်လေသည်။ ထိုသို့ဖြင့် နဂါးနွယ်ဖွားအယောက်နှစ်ရာသည် ဖုလင်နှင့်အတူ နဂါးသွေးပန်းများ စိုက်ပျိုးထားရာကျွန်းဆီသို့ ပျံသန်းသွားကြရလေ၏။ အတော်များများမှာ မသွားခင် ယွမ်ဝူအား မနာလိုအားကျစွာ လှမ်း၍ ကြည့်လိုက်ကြလေသည်။ ယွမ်ဝူကိုယ်တိုင်မှာ သူ့ကိုယ်သူ အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားနေသည့်ပုံပင်။
ရုတ်တရက်ဆိုသလို ယွမ်ဝူ၏အကြည့်သည် လီကျောက်ဆီသို့ ရောက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် လီကျောက်သည်လည်း ယွမ်ဝူအား ပြန်ကြည့်နေခဲ့သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ယွမ်ဝူ၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။
နဂါးတစ်ပိုင်းမြို့တော်တွင် ယွမ်ဝူမှာ လီကျောက်လက်ချက်ကြောင့် မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းခဲ့ရသလို သွားများလည်း ကျွတ်ထွက်ခဲ့ရသည်။ ထိုစဉ်က လူအများရှေ့တွင် ရိုက်နှက်ခံရခြင်းဖြစ်လေရာ သူ့ခမျာ အတော်လေးကိုမှ မျက်နှာပျက်ခဲ့ရသည်။ ယခုအချိန်တွင်တော့ အခြေအနေမှာ သူ့ဘက်သို့ အလေးသာလာခဲ့လေပြီ။ လီကျောက်မှာ နဂါးသွေးပန်းများကို ပျိုးထောင်ပေးဖို့ရာ ထွက်သွားရပေတော့မည်။ သူကိုယ်တိုင်ကမူ သာမန်လူငါးရာအား စောင့်ကြည့်ရမည့် လွယ်ကူသည့်တာဝန်ကိုသာ ရထားလေသည်။ လီကျောက်၏အဖြစ်နှင့် ယှဉ်လိုက်သော် ယွမ်ဝူမှာ အများကြီး ပိုသက်သက်သာသလို အဆင်လည်းပြေပေသည်။
(မင်းသွေးမျိုးဆက်က ပိုအားကောင်းတော့ရော ဘာဖြစ်လဲ… မင်းရဲ့ကျင့်ကြံခြင်းက ပိုအားကောင်းတော့ရော ဘာဖြစ်လဲ… မင်း နဂါးသွေးပန်းတွေကို အားဖြည့်ပေးဖို့အတွက် မင်းသွေးကို ဖောက်ထုတ်ပေးရသေးတာပဲမလား…)
ထို့အပြင် ထိုသားအမိနှစ်ယောက်မှာ သူ့လက်ထဲသို့ ပြန်ရောက်လာတော့ပေမည်။ ယွမ်ဝူမှာ ထိုနှစ်ဦးအား မည်ကဲ့သို့ နှိပ်စက်လျှင် ကောင်းမလဲ ဆိုသည်ကိုပင် စတင်တွေးတောနေခဲ့လေပြီ။ ထို့အတွက်ကြောင့် သားအမိနှစ်ယောက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် လီကျောက်ဆီသို့ ရန်စလိုသည့်အကြည့်မျိုးဖြင့် ပြန်၍ကြည့်လိုက်လေသည်။ သို့သော်ငြား လီကျောက်မှာတော့ ပမာမခန့်အမူအယာဖြင့်သာ ရှိနေလေသည်။ ယွမ်ဝူ၏ ရန်စလိုသည့်အကြည့်အပေါ် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိ။ ယွမ်ဝူကိုသာ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ထို့အပြင် သူ့အကြည့်ထဲ ယွမ်ဝူ၏လုပ်ရပ်အပေါ် လှောင်ပြောင်လိုသည့် အရိပ်အယောင်များပင် ပါဝင်နေပေသေးသည်။
(ဒီကောင့်ပုံစံက ဘာလဲဟ…) ယွမ်ဝူ၏မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ လီကျောက်မှာ သားအမိနှစ်ယောက်အပေါ် စိတ်ပူနေရမည်ဖြစ်လေရာ ဘာကြောင့်များ သူ့အား ထိုကဲ့သို့သောအကြည့်မျိုးဖြင့် ကြည့်နေလေသနည်း။
ယွမ်ဝူမှာ ထိုအကြောင်းကိုတွေးရင်း မယုံသင်္ကာဖြစ်ကာ မျက်မှောင်ကြီးကို ကျုံ့နေတော့လေ၏။
လီကျောက်အနေဖြင့် လျူစန်းနျန်နှင့် သူမသမီးကို စိတ်ပူနေစရာမလိုပေ။ ရန်ကိုင်ရှိနေပြီဖြစ်လေရာ သူ့အနေဖြင့် စိတ်ပူနေရဦးမည်နည်း။ ယွမ်ဝူ ထိုနှစ်ဦးအား တစ်ခုခုသွားမလုပ်လျှင် သူ့အတွက် အဆင်ပြေပေလိမ့်မည်။ သို့သော်ငြား တစ်ခုခု ဆိုးဆိုးရွားရွား လုပ်လျှင်တော့ ဒုက္ခရောက်မည့်လူမှာ ထိုသားအမိနှစ်ယောက်မဟုတ်ဘဲ ယွမ်ဝူသာ ဖြစ်သွားရပေလိမ့်မည်။ လျူစန်းနျန်နှင့်သူမသမီး ဒုက္ခရောက်နေသည်ကို ရန်ကိုင်ရပ်ကြည့်နေလိမ့်မည်မဟုတ်မှန်း လီကျောက် သေချာသိပေသည်။
မကြာမီ နဂါးနွယ်ဖွားအယောက်နှစ်ရာမှာ ရန်ကိုင်တို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါ ဖုချီသည် ဘာမျှမပြောဘဲ အခြားသောတစ်ဖက်ဆီသို့ ပျံသန်းသွားလေ၏။
ယွမ်ဝူမှာ လီကျောက်၏ ပုံမှန်မဟုတ်သည့် အပြုအမူနှင့်ပတ်သက်၍ စဉ်းစားနေရန် အချိန်မရှိ။ ချက်ချင်းပဲ လူအုပ်ကြီးဘက်သို့လှည့်ကာ အော်ပြောလိုက်လေသည်။ “မြန်မြန်သွားကြမယ်… စီနီယာဖုကို နောက်ကျမနေစေနဲ့…”
လူငါးရာသည်လည်း ဖုချီနောက်သို့ အမြန်ပြေးလိုက်သွားကြလေသည်။ လျူစန်းနျန်နှင့် သူမသမီး ယွမ်ဝူနားမှဖြတ်သွားချိန် ယွမ်ဝူ အေးစက်စက်အမူအယာဖြင့် ပြုံးလိုက်ပြီး လျူစန်းနျန်နားသို့ တိုးကပ်သွားလေသည်။
ယွမ်ဝူ သူမနားသို့ ကပ်လာသည်ကိုမြင်သော် လျူစန်းနျန်တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး သူမမျက်နှာမှာလည်း ဖြူလျော်သွားခဲ့ရသည်။ လီကျောက်မရှိတော့သည့်အတွက်ကြောင့် သူမအနေဖြင့် မည်သူ့ကိုများ အားကိုးရပါမည်နည်း။ ထို့အပြင် ယွမ်ဝူသည် နဂါးကလန်နှင့်လည်း ဆက်သွယ်နိုင်ပေသေးသည်။ သူသည်သာ သူမနှင့် သူမသမီးကို ပြဿနာရှာလာခဲ့မည်ဆိုလျှင် သူမအနေဖြင့် ဘာမျှပြန်မလုပ်နိုင်ချေ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ကြိတ်၍ ကျုံးဝါးလိုက်လေ၏။ (ငါသေရမယ်ဆိုရင်တောင် ငါ့သမီးကို ယွမ်ဝူလက်ထဲ ရောက်စေလို့ မဖြစ်ဘူး…)
သူမသမီးသည် သူမနှင့် ထိုနဂါးကောင် ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် ကလေးတစ်ဦး ဖြစ်သလို နဂါးကလန်သည် သူမသမီးကို မလိုချင်ပါသော်ငြား လျူယုချင်းသည် သူမ၏သွေးသားရင်းချာ ဖြစ်ပေသည်။ သူမအနေဖြင့် နှစ်များစွာကြာအောင် ဒုက္ခအမျိုးမျိုးနှင့် ကြုံခဲ့ရသည့်တိုင် ဆက်၍ အသက်ရှင်နေနိုင်ရခြင်းမှာ သူမ၏သမီးကြောင့်သာ ဖြစ်လေသည်။ သူမသမီးကြောင့်သာ မဟုတ်ပါက လျူစန်းနျန်အနေဖြင့် ကိုယ့်ကိုယ်ကိုသတ်သေလိုက်သည်မှာ အစောကြီးတည်းက ဖြစ်ပြီးနေလောက်ပေပြီ။
လျူစန်းနျန်သည် သူမသမီးကိုကိုင်ရင်း အခြားတစ်ဖက်ဆီသို့ မသိမသာလေး ရွှေ့သွားခဲ့သည်။ ထိုသို့ဖြင့် လျူစန်းနျန်သည် ယွမ်ဝူနှင့် လူချင်းခြားလိုက်တော့လေသည်။ ကံမကောင်းစွာဖြင့် ယွမ်ဝူသည် ယခုကဲ့သို့သော အခွင့်အရေးမျိုးကို မည်ကဲ့သို့များ လက်လွတ်ခံပါမည်နည်း။ လျူစန်းနျန် တိုးသွားသည့်ဘက်ဆီသို့ လိုက်ကပ်ပြီးသည့်နောက် အခြေအနေကို အခွင့်ကောင်းယူကာ လျူစန်းနျန်အပေါ် အသားယူရန် ကြိုးစားတော့လေသည်။ ယွမ်ဝူ သူမနားသို့ တိုးကပ်လာသည်ကို မြင်ပြီးသည့်နောက် လျူစန်းနျန်၏မျက်နှာ ပို၍ကို ဖြူလျော်သွားခဲ့လေ၏။
ယွမ်ဝူသည် မလှုပ်ရှားခင် ရှေ့တည့်တည့်သို့ အရင်ဆုံး လှမ်းကြည့်လိုက်သည်။ ဖုချီသည် နောက်ဘက်အား ဂရုစိုက်မနေဘဲ သူ့ဘာသာသူ တစ်ဦးတည်း ရှေ့မှ ဦးဆောင်ပျံသန်းသွားနေသည်ကိုမြင်သော် ချက်ချင်းပဲ လျူစန်းနျန်၏ ရင်အစုံဆီသို့ လက်လှမ်းလိုက်လေ၏။ သူ့အနေဖြင့် လျူစန်းနျန်အပေါ် ယခုကဲ့သို့ လုပ်ချင်နေသည်မှာ အတော်လေးကို ကြာနေလေပြီ။ ထို့အပြင် လျူစန်းနျန်ကိုယ်တိုင်ကလည်း နဂါးနန်းတော်မှ မောင်းထုတ်ခံရသူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝ လက်လွတ်မခံနိုင်ပေ။
သို့သော်ငြား ယွမ်ဝူမှာ လျူစန်းနျန်ဆီသို့ လက်လှမ်းလိုက်သည့်တိုင် သူ့လက်သည် ဘာကိုမှ မဖမ်းဆုပ်မိဘဲ လေကိုသာ ဖမ်းမိသွားသဖြင့် သူ့မျက်နှာတစ်ခုလုံး သုန်မှုန်သွားခဲ့ရလေသည်။ ချက်ချင်းပဲ ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ လျူစန်းနျန်သည် မည်သည့်အချိန်တည်းကမှန်းမသိ အခြားတစ်ဖက်သို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် အပြာရင့်ရင့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးသည် သူနှင့် သားအမိနှစ်ယောက်ကြားတွင် လာရပ်နေလေသည်။
ယွမ်ဝူမှာ လျူစန်းနျန်အပေါ် အပြည့်အဝ အာရုံစိုက်ထားသည့်အတွက်ကြောင့် ဤလူငယ်လေး မည်သည့်အချိန်တည်းက သူ့နားသို့ ရောက်လာလို့ ရောက်လာမှန်းကိုပင် သတိမထားမိလိုက်ချေ။ ခေါင်းမော့၍ ကြည့်လိုက်သည့်နောက် ထိုလူငယ်လေးသည် သူ့အား အေးစက်စက်အကြည့်ဖြင့် ပြန်စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။
(ဒီကောင် တမင်တကာ လုပ်နေတာလား…) ယွမ်ဝူ ဒေါသထွက်လာတော့လေသည်။ သူသည် နဂါးကလန်နှင့် ဆက်သွယ်နိုင်သည့်အတွက်ကြောင့် နဂါးတစ်ပိုင်းမြို့တော်ထဲရှိ သူ့အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်မားပေသည်။ လူသားဖြစ်စေ၊ မွန်းစတားဖြစ်စေ၊ နဂါးနွယ်ဖွားများဖြစ်စေ၊ သူ့ထက် ပို၍အားကောင်းကြသည့် ကျင့်ကြံသူများဖြစ်စေ သူ့အား လေးစားသမှု ပြုရပေသည်။
အစောပိုင်းက နဂါးတစ်ပိုင်းမြို့တော်ထဲ၌ သူကြုံခဲ့ရသည့် အဖြစ်အပျက်သည် ယွမ်ဝူအား အကြီးအကျယ် ဒေါသူပုန်ထသွားစေခဲ့သလို သူ့ပုံရိပ်ကိုလည်း ကျဆင်းစေခဲ့ရသည်။ သို့သော်ငြား လီကျောက်ကဲ့သို့ပင် သူ့အပေါ် မလေးမစားလုပ်ရဲသည့် အခြားလူများ ထပ်ရှိနေလိမ့်ဦးမည်ဟု ယွမ်ဝူ မထင်ထားခဲ့ပေ။ ယွမ်ဝူသည် ထိုလူအား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေ၏။ “မင်းပဲ…”
ရန်ကိုင်သည် လီကျောက်နှင့် စားပွဲတစ်ဝိုင်းထဲတွင် အတူထိုင်နေသည့် လူငယ်လေးမှန်း ယွမ်ဝူသိပေသည်။ နှစ်ဦးသား အတူထိုင်နေပုံကိုကြည့်ရသလောက် ရန်ကိုင်သည် လီကျောက်နှင့် ရင်းနှီးနေရပေလိမ့်မည်။
(ဘာလဲ… နဂါးနွယ်ဖွားမရှိတော့ မင်းက ဝင်ကာကွယ်ပေးနေတာပေါ့… မင်းရဲ့ ကျင့်ကြံခြင်းလောက်လေးနဲ့ အဲ့နှစ်ယောက်ကို ကာကွယ်ပေးနိုင်မှာလား…) ယွမ်ဝူမှာ ရန်ကိုင်ကို သိပ်၍ အမှုမထားပေ။ သူသည် ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အဆင့်နှစ် အဆင့်မြင့်နဂါးသွေးကြောကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ လက်ရှိယွမ်ဝူသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူတစ်ဦး ဖြစ်လေသည်။ မနိုင်လျှင်ပင် အနည်းဆုံးတော့ သူ့အနေဖြင့် ထွက်ပြေးနိုင်ပေသေးသည်။
ယခင်က ရန်ကိုင်သည် အနည်းငယ်မျှပင် လှုပ်ရှားခဲ့ခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်၏ကျင့်ကြံခြင်း မည်သည့်အဆင့်ကို ရောက်နေသလဲဆိုသည်ကို ယွမ်ဝူ သတိမပြုမိခဲ့ပေ။ သို့သော်ငြား ယခုကဲ့သို့ ပျံသန်းနေသည့်နောက်တွင် ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါသည် သူ့ခွန်အား မည်သည့်အဆင့်တွင်ရှိနေကြောင်းကို အတိုင်းသား ဖော်ပြနေလေသည်။
(ဧကရာဇ်ပထမအဆင့်… ဧကရာဇ်ပထမအဆင့်လေးနဲ့ ငါ့ကို လာဆန့်ကျင်နေတယ် ဟုတ်လား… မင်းက တကယ့်ကောင်ပဲကွ…) ယွမ်ဝူ ဒေါသူပုန်ထသွားတော့လေသည်။ (ဒီခွေးကောင်လေးက လာအထင်သေးနေတာပဲ…)
ယွမ်ဝူသည် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရန်ကိုင်အား လှမ်း၍ ပြောလိုက်လေသည်။ “ခွေးကောင်လေး… မင်းက တကယ်ရဲတာပဲကွ… မင်း ငါ့ကို လာနှောင့်ယှက်ရဲတယ်ပေါ့ ဟုတ်လား…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်က အမြဲတမ်း အခုလိုပဲ ရဲတာလေ…”
ရန်ကိုင်စကားကြောင့် ယွမ်ဝူ အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် သူ့အပေါ် ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ အစကမူ ရန်ကိုင်သည် လီကျောက်နှင့် သူ့ကြားရှိ ခင်မင်မှုကြောင့် ထိုသားအမိအား ဝင်ကာကွယ်ပေးနေသည်ဟု ထင်ခဲ့လေသည်။ ထိုသို့သာဆိုလျှင်တော့ သူ့အနေဖြင့် တစ်ဖက်လူအား ဖြဲခြောက်ကာ မောင်းထုတ်လိုက်ရုံပင်။ သို့သော်ငြား သူ့ဘက်မှ ခြိမ်းခြောက်နေသည့်တိုင် တစ်ဖက်လူသည် အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိဘဲ သူ့ကိုပင် ပမာမခန့်အမူအယာဖြင့် ပြန်ပြောလာလိမ့်မည်ဟု ထင်ထားခြင်းမရှိခဲ့ပေ။ (ဒီကောင်က ငါ့ကို လာဆန့်ကျင်နေတာပဲကွ…)
ထို့အတွက်ကြောင့် ယွမ်ဝူမှာ ရန်ကိုင်အား ကြိတ်မုန်းသွားခဲ့ပြီး ရန်ကိုင်အား ဒုက္ခလှလှနှင့်တွေ့အောင် လုပ်ပေးရမည်ဟု စိတ်ထဲ ကြိတ်၍ ကြုံးဝါးလိုက်လေသည်။ (ဧကရာဇ်ပထမအဆင့်မှာပဲရှိသေးတဲ့ လူသားတစ်ကောင်ကများ ငါ့ရှေ့မှာ လာပြီး ဇောင်းကြွရဲတယ်… ဖုချီ ရှေ့ဆုံးမှာ ရှိနေလို့ပေါ့ကွာ… မဟုတ်ရင် ဒီခွေးကောင်လေးကို တစ်ခါတည်း မှတ်လောက်သားလောက်အောင် ရိုက်ပစ်လိုက်ပြီ…)
ယွမ်ဝူက အေးစက်စက်အမူအယာဖြင့် လှောင်ပြုံးပြုံးလျက် “ကောင်းတယ် ကောင်းတယ်… မင်းပြောတဲ့စကား မင်းမမေ့နဲ့နော်… နောက်ကျမှ လာပြီးတော့ နောင်တရမပြနဲ့…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “စိတ်မပူနဲ့… ကျုပ်လုပ်ရပ်နဲ့ပတ်သက်ပြီး ကျုပ် ဘယ်တုန်းကမှ နောင်တမရဖူးဘူး…”
(လုပ်ထားဦးပေါ့ကွာ…) ယွမ်ဝူ၏မျက်နှာကြီးမှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည်။ နဂါးတစ်ပိုင်းမြို့တော်ထဲရှိ မည်သူမျှ သူ့အား ယခုကဲ့သို့ ပြန်မပြောရဲကြ။ ယခုအချိန်တွင်တော့ ရန်ကိုင်သည် သူ့ရှေ့တွင် မောက်မာနေရုံမက ရန်ကိုင်လုပ်ပြနေသည့်ပုံစံမှာလည်း “ငါအခုလိုပြောနေတယ်ဆိုရင်တောင် မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ…” ဟူသော ပုံစံမျိုးဖြင့် ဖြစ်နေလေရာ ယွမ်ဝူမှာ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေ၏။
ထို့ကြောင့် ယွမ်ဝူသည် အံကိုတင်းတင်းကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ဖုချီ ရှေ့မှာရှိနေလို့ ငါ မင်းကို ဘာမှမလုပ်ရဲဘူးများ မှတ်နေတာလား… အဲ့လိုဆိုရင်တော့ မင်းမှားသွားပြီကွ…”
“အဲ့ဒါဆိုလုပ်လေ…” ရန်ကိုင်က ယွမ်ဝူအား ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား လုပ်ချင်တယ်ဆိုလုပ်လေ… ကျုပ် ပြန်မတိုက်ဘူးလို့ ကတိပေးတယ်…”
ယွမ်ဝူ ဆွံ့အသွားတော့လေသည်။ ကံမကောင်းစွာဖြင့် ဖုချီ ရှေ့တွင်ရှိနေသည့်အတွက်ကြောင့် သူ့ခမျာ မလှုပ်ရှားရဲခဲ့ပေ။ သူသာ အကြောင်းအရင်း ခိုင်ခိုင်လုံလုံမရှိဘဲ ပြဿနာရှာမည်ဆိုပါက ဖုချီ သူ့အား အရင်ဦးစွာ အပြစ်ပေးပေလိမ့်မည်။ ယွမ်ဝူသည် နဂါးကလန်သားများနှင့် နဂါးတစ်ပိုင်းမြို့တော်ကြား ဆက်သွယ်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဖုချီ သူ့အပေါ် ညှာတာနေလိမ့်မည်ဟု ယွမ်ဝူမထင်ချေ။ နဂါးကလန်သားများသည် အခြားမည်သူကိုမှ ဂရုမစိုက်သည့်လူများ ဖြစ်သည်။ ထို့အတွက်ကြောင့် ယွမ်ဝူသာ ဖုချီအား အလုပ်ရှုပ်အောင် သွားလုပ်မည်ဆိုပါက အခန့်မသင့်လျှင် အသတ်ပင် ခံရနိုင်ပေသည်။
ထိုအချက်ကို ယွမ်ဝူသည် ကောင်းစွာနားလည်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့အား ရန်စနေသည်ကိုမြင်သော် သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသူပုန်ထနေသည့်တိုင် မလှုပ်ရှားရဲခဲ့ဘဲ ခြိမ်းသာ ခြိမ်းခြောက်နိုင်ခဲ့လေ၏။ “ခွေးကောင်လေး… ငါ မင်းကို ကျိန်းသေ မှတ်ထားမယ်… ကျွန်းပေါ်ရောက်တော့မှ မင်းနဲ့ငါ တွေ့ပြီသာမှတ်…”
“စောက်သုံးမကျတဲ့ကောင်…” ရန်ကိုင်သည် ယွမ်ဝူအား အေးစက်စက်အမူအယာဖြင့် ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။
ရန်ကိုင်၏စကားကိုကြားသော် ယွမ်ဝူ ကြောင်သွားခဲ့လေသည်။ “မင်း ဘာပြောလိုက်တာ…”
ရန်ကိုင်သည် အစောပိုင်းက ပြောလိုက်သည့်စကားကိုပင်လျှင် ဖြည်းဖြည်းချင်း တစ်လုံးချင်း ပြန်ပြောလိုက်လေသည်။ ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ယွမ်ဝူမှာ ဆွေ့ဆွေ့ခုန်သွားတော့လေသည်။
ထိုအခိုက်အတန့်မှာပင် လူတစ်ဦးသည် ရန်ကိုင်နှင့် ယွမ်ဝူကြား ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူသည် ယွမ်ဝူအား လက်သီးဆုပ်ပြ၍ ပြုံးကာ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် စကားလှမ်းပြောလိုက်လေ၏။
ရန်ကိုင်နှင့် ယွမ်ဝူကြား ပေါ်လာသည့်လူမှာ အခြားမဟုတ် မျောက်မျက်နှာနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးသာ ဖြစ်လေသည်။ သက်လတ်ပိုင်းလူကြီး၏ပုံစံမှာ အတော်လေးကိုမှ ကြည့်ရအဆင်မပြေပါသော်ငြား သူ့ကျင့်ကြံခြင်းမှာတော့ အားနည်းခြင်းမရှိ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေလေပြီ။ ထို့အပြင် ထိုလူကြီးသည် ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးလည်း ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသည့် မွန်းစတားချီများမှာ သူ မည်သည့်မျိုးနွယ်စုမှလာကြောင်းကို အတိုင်းသား ဖော်ပြနေခဲ့သည်။ သို့သော်ငြား ထိုမွန်းစတားချီများသည် အလွန်ကိုမှ သန့်စင်နေခြင်းတော့မရှိပေ။
ဤကဲ့သို့သောအခြေအနေမျိုးကို နဂါးတစ်ပိုင်းမြို့တော်ထဲ၌ နေရာအနှံ့တွင် မြင်တွေ့နိုင်ပေသည်။ နဂါးကလန်သားများသည် အလွန်ကိုမှ တဏှာကြီးကြသလို နဂါးထီးနှင့် နဂါးမအရေအတွက်မှာလည်း အချိုးအစား မျှတခြင်းမရှိ။ ထို့အတွက်ကြောင့် နဂါးကလန်သားများသည် လူသားမျိုးနွယ်မှ အမျိုးသမီးများကိုသာလျှင် ပစ်မှတ်ထားကြခြင်းမဟုတ်။ မွန်းစတားမျိုးနွယ်မှ အမများကိုလည်း ပစ်မှတ်ထားကြပေသည်။ ထိုသို့ဖြင့် နဂါးတစ်ပိုင်းမြို့တော်ထဲတွင် လူသားများသာလျှင်မဟုတ် မွန်းစတားမျိုးနွယ်မှ ပညာရှင်များလည်း ရှိနေရခြင်းပင်။
ယွမ်ဝူနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ ဆက်သွယ်နေစဉ် ထိုလူသည် ရန်ကိုင်အား မသိမသာလေး မျက်စိမှိတ်ပြလိုက်လေသည်။
ထိုမျောက်မျက်နှာနှင့်လူ၏ လုပ်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင် အော်ရယ်လုမတတ် ဖြစ်သွားခဲ့သည်။ ဤမွန်းစတားတစ်ပိုင်းသည် အရုပ်ဆိုးပါသော်ငြား စိတ်ထားမှာမူ ကောင်းပေသည်။
ထိုလူသည် ရန်ကိုင်နှင့် ယွမ်ဝူတို့ ပြဿနာတက်နေသည်ကို သတိထားမိခဲ့ပြီး လာရောက်ဖျန်ဖြေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင် သူ့အကူအညီကို မလိုမှန်းကိုတော့ သူမသိချေ။ ယွမ်ဝူသည် ရန်ကိုင်အား လုံးဝ အရေးမစိုက်သကဲ့သို့ပင် ရန်ကိုင်သည်လည်း ယွမ်ဝူကို လုံးဝအရေးမစိုက်ခဲ့ပေ။
သို့တိုင် ထိုလူ၏လုပ်ရပ်သည် ရန်ကိုင်အား ထိုလူအပေါ် အမြင်ကြည်သွားစေခဲ့ပြီး လူတစ်ဦး၏အတွင်းစိတ်ကို ရုပ်ရည်ကိုကြည့်ခြင်းဖြင့် ဆုံးဖြတ်၍မရကြောင်းကိုလည်း ရန်ကိုင်အား ထပ်မံသတိပေးသွားခဲ့လေသည်။
ပုံမှန်အားဖြင့် ဤမွန်းစတားတစ်ပိုင်း၏မျက်နှာသည် မြင်လိုက်သည့်မည်သူမဆို ဤလူသည် ဉာဏ်နီဉာဏ်နက်များကာ ကောက်ကျစ်သည့်လူတစ်ဦး ဖြစ်သည်ဟု ထင်သွားစေနိုင်ပေသည်။ ထို့အပြင် လမ်းပေါ်တွင်သာ ဤကဲ့သို့သောလူမျိုးကို တွေ့လိုက်ရမည်ဆိုပါက ချက်ချင်း ခပ်ဝေးဝေးသို့ ရှောင်သွားကြပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၂၉)
ဘာသာပြန်သူ_တိမ်တိုက်
မျောက်မျက်နှာနှင့် မွန်စတားတစ်ပိုင်းသည် ဤကဲ့သို့သော ကြင်နာတတ်သည့်လူတစ်ဦး ဖြစ်လိမ့်မည်ဟု ရန်ကိုင် မည်သို့များ ထင်ထားခဲ့ပါမည်နည်း။ ရန်ကိုင်နှင့် သိကျွမ်းခြင်း မရှိသည့်တိုင် ထိုလူသည် စွန့်စွန့်စားစားဖြင့် လာရောက် ရန်ကိုင်အား ကူညီပေးခဲ့သည်။ တကယ့်တကယ်ဆိုလျှင် သူ၏လုပ်ရပ်သည် ယွမ်ဝူအား အလွယ်တကူ ဒေါသထွက်သွားစေနိုင်ပေသည်။ လက်ရှိအခြေအနေအရ ယွမ်ဝူနှင့် ရန်ကိုင်အကြား ဝင်ပါလိုက်၍ သူ့အတွက် အကျိုးများရှိမှာ မို့လို့နည်း။
ထို့အတွက်ကြောင့် ထိုလူ၏လုပ်ရပ်သည် ထိုလူ့အပေါ် ရန်ကိုင်၏ အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။ သို့သော်ငြား ထူးတော့ထူးဆန်းသည်ဟု ပြော၍ရသည်။ ထိုလူသည် ရန်ကိုင်နှင့် ယွမ်ဝူအကြား ဝင်ရောက်နှောက်ယှက်လာခဲ့လေသည်။ ထိုလူ ယွမ်ဝူအား ဘာတွေပြောလို့ ပြောနေမှန်း သူ မသိပါသော်ငြား ထိုလူမှာ ယွမ်ဝူ၏ လုပ်ရပ်နှင့်ပတ်သက်၍ စိတ်ပျက်သွားခြင်း မရှိရုံသာမက ထိုလူပြောသည်ကိုပင် သေသေချာချာ နားစိုက်ထောင်နေခဲ့လေသည်။ ကြည့်ရသလောက် ထိုလူ၏ ဖားယားနေသည့် မျက်နှာမှာ ယွမ်ဝူအတွက် တော်တော်လေးကိုမှ မျက်စိပဒသာ ဖြစ်သည့်ပုံပင်။
ယွမ်ဝူသည် ရန်ကိုင်၊ လျုစန်းနျန်နှင့် သူမသမီးတို့အား ခရီးတစ်လျှောက်လုံး ဆက်၍ မနှောင့်ယှက်တော့ပေ။
ရန်ကိုင်သည် အဝေးသို့ လှမ်းမျှော်ကြည့်ရင်းမှ မျက်လုံးမှေးစင်းနေခဲ့သည်။ ကျူချင်းကို ရှာနိုင်ရန်အတွက် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်ရင် ကောင်းမလားဟုပင် စဉ်းစားနေခဲ့လေသည်။ တကယ်တော့ သူနှင့် ကျူချင်းမှာ လင်နှင့်မယား ဖြစ်နေကြပြီ မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ကျူချင်းအား လာရှာသည်မှာ သဘာဝသာ ဖြစ်ပေသည်။ ထို့အပြင် သူ့ထံ၌ နဂါးကျွန်း တံဆိပ်ပြားလည်း ရှိနေပေသေးသည်။
သို့ရာတွင် ဖုလင်နှင့် ဖုချီတို့ကို တွေ့ပြီးသည့်နောက် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်သည်မှာ ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ဟု သူ့စိတ်ထဲ ခံစားလိုက်ရသည်။ ထိုသို့ လုပ်လိုက်ပါက သူ့အနေဖြင့် ကျူချင်းကို မတွေ့ရုံသာမက မမျှော်လင့်ထားသော ပြဿနာများနှင့်ပင် ရင်ဆိုင်ရနိုင်သည်ဟု ခံစားနေခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် မီးစင်ကြည့်က၍ အခွင့်အလမ်းကို စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်တော့လေ၏။ [ဘယ်လိုပဲဖြစ်ဖြစ် ကျူချင်းကိုတော့ အရင်ဆုံး ရှာရမယ်]
ညအချိန်သို့ ရောက်လာခဲ့လေပြီ။ လေပြေလေညင်းလေးများ တိုက်ခတ်နေခဲ့ပြီး ကောင်းကင်တစ်ခုလုံးမှာ တလက်လက် တောက်ပနေသော ကြယ်လေးများဖြင့် ပြည့်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ကျွန်းတစ်ကျွန်းသည် အားလုံး၏ မြင်ကွင်းထဲ ပေါ်လာကြလေသည်။ အတော်လေး ဝေးနေသေးသည့်အတွက်ကြောင့် ကျွန်းပုံစံကို အသေအချာ မမြင်ရပါသော်ငြား ကျွန်း၏ အရွယ်အစားမှာတော့ မသေးလှပေ။ ထို့အပြင် ကျွန်းပေါ်ရှိ မိုးမြေစွမ်းအင်မှာလည်း အလွန်တရာကိုမှ သိပ်သည်းသန့်စင်လွန်းလှပေ၏။
ရန်ကိုင်သည် ထိုကျွန်းကို အတန်ကြာအောင် လေ့လာကြည့်ေနပြီးသည့်နောက် သူ့စိတ်ထဲ အံ့အားသင့်သွားရလေသည်။ နဂါးနန်းတော်တွင် ဤမျှကောင်းမွန်သည့် ကျွန်းတစ်ကျွန်း ရှိနေလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ [ငါ တွေ့တဲ့ နဂါးတွေအကုန်လုံး ဧကရာဇ်အဆင့်အောက်ကို မရောက်တာ ဆန်းတော့ မဆန်းတော့ပါဘူးလေ]
ဖုချီနှင့် ဖုလင်တို့၏ ကိုယ်ထဲရှိ နဂါးသွေးကြောများကို ဖယ်ထုတ်ထားလိုက်မည် ဆိုလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းခွန်အားသည် လူသားဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်သေးသည်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ နဂါးကလန်သည် နတ်သားရဲများ ဖြစ်ကြသည် မဟုတ်ပေလော။ ထို့အပြင် ဤမျှ မိုးမြေစွမ်းအင် သိပ်သည်းသန့်စင်လှသော ကျွန်းများကို အပိုင်စား ရထားလေရာ ထိုမျှ အားမကောင်းနေမှသာလျှင် ထူးဆန်းပေလိမ့်မည်။
"အမေ" လျူယုချင်း၏ အသံ အနီးနားဆီမှ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ လျုစန်းနျန်မှာ ဘာကြောင့်မှန်းမသိ ထိန်းမရအောင် တုန်ယင်နေခဲ့ပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားခဲ့သည်။ သူမ၏ မျက်နှာမှာလည်း သွေးမရှိတော့သည့်အလား လုံးဝကို ဖြူစွတ်နေလေ၏။
သူမအမေ၏ ပုံမှန်မဟုတ်သည့်ပုံကို မြင်သော် လျူယုချင်းက စိုးရိမ်တကြီးဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။ "အမေ၊ ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး" လျုစန်းနျန် ခေါင်းခါလိုက်လေသည်။
"အမေ တစ်နေရာရာမှာ မသက်မသာ ဖြစ်နေလို့လား၊ အမေ့ခန္ဓာကိုယ် ဘာလို့ ဒီလောက် အေးနေရတာလဲ"
"ဘာမှမဖြစ်ဘူး၊ ဒီတိုင်းပဲ လေတိုက်နေလို့ပါ၊ သမီး စိတ်ပူစရာ မလိုဘူး" ထိုသို့ပြောပြီးသည့်နောက်တွင် လျုစန်းနျန်သည် သူမသမီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေသည်။
လျူယုချင်းမှာ သူမအမေအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား သူမအမေစကားကို ယုံရန်သာ ဆုံးဖြတ်လိုက်လေသည်။ လျုစန်းနျန် ဘာကြောင့် ဤမျှ တုန်တုန်ယင်ယင် ဖြစ်နေလဲဆိုသည်ကို သူမ နားမလည်။ အချိန်ကြာလာသည်နှင့်အမျှ သူမခန္ဓာကိုယ် တုန်ယင်နေသည်မှာ ပိုပို၍ သိသာလာခဲ့လေသည်။
ရန်ကိုင်သည်လည်း ထိုအချက်ကို သတိထားမိလိုက်သည်။ လျုစန်းနျန်၏ ရှင်းပြချက်မှာ အကြောင်းပြချက် တစ်ခုခုသာ ဖြစ်မှန်း သိသာလွန်းလှသည်။ သူမ၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေပြီဖြစ်လေရာ လေအေးလေး တိုက်ရုံဖြင့် ဘာကြောင့်များ ဤမျှ တုန်တုန်ယင်ယင် ဖြစ်နေရပါမည်နည်း။သူမစကားကို လျူယုချင်းကဲ့သို့သော ဘာမှမသိသေးသည့် ကလေးတစ်ဦးသာလျှင် ယုံချင်ယုံပေလိမ့်မည်။
လျူစန်းနျန်ကို သေသေချာချာ ကြည့်နေပြီးသည့်နောက် ရန်ကိုင်သည် အဝေးတစ်နေရာတွင် ရှိနေသော ကျွန်းဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။ သူမ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်းတော့ နားလည်သွားခဲ့လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က လျုစန်းနျန်ကို နဂါးတစ်ကောင်မှ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် နဂါးကျွန်းသို့ ခေါ်လာပြီး ကျွန်းတစ်ကျွန်းတွင် နှစ်ပေါင်းနှစ်ရာကျော် သုံးရာနီးပါး အကျဉ်းချထားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှသာလျှင် လျုစန်းနျန်အနေဖြင့် ထိုကျွန်းဆီမှ ပြန်လည် မောင်းထုတ်ခံခဲ့ရခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် နဂါးကလန်မှ သူမအား အကျဉ်းချထားခဲ့သည့် နေရာသည် သူမအတွက်တော့ အိပ်မက်ဆိုးကြီး ဖြစ်ရပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ရန်ကိုင်တို့သည် ကျွန်းပေါင်းများစွာနှင့် ကြုံခဲ့ရပေသည်။ သို့တိုင် လျုစန်းနျန်မှာတော့ ဘာမျှ သိပ်၍ မဖြစ်ခဲ့။ သို့သော်ငြား အခုသူတို့၏ မြင်ကွင်းထဲတွင် ရှိနေသော ကျွန်းဆီသို့ ရောက်လာချိန်တွင်တော့ လျုစန်းနျန်၏ တုံ့ပြန်ပုံမှာ အလွန်ကိုမှ ထူးဆန်းလာတော့လေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ တစ်ချက်သာ ရှိပေလိမ့်မည်။ ထိုကျွန်းသည် လျုစန်းနျန်အား နှစ်ပေါင်း နှစ်ရာကျော် သုံးရာနီးပါး အကျဉ်းချထားခဲ့သည့် ကျွန်းဖြစ်သည့်အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။
နှစ်နှစ်ကျော်မက ကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား သူမ၏ အိပ်မက်ဆိုးများ ဝေ့သီနေသည့် နေရာအား မြင်လိုက်ရသည့် အချိန်တွင် လျုစန်းနျန်၏ အတိတ်မှ နာကျင်စရာ မှတ်ဉာဏ်များ ပြန်လည် နိုးထလာရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်လိမ့်မည်။ သူမ၏ စိတ်ခံစားချက်များမှာ ကသောင်းကနင်း ဖြစ်လာခဲ့လေရာ လျုစန်းနျန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် မပျံသန်းနိုင်တော့ချေ။ တစ်ခါတစ်ရံ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရာ လျူယုချင်းမှာ ကြောက်လန့်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်သွားရလေ၏။
ရန်ကိုင်သည် သူ၏ ဧကရာဇ်ချီဖြင့် ထိုသားအမိနှစ်ယောက်ကို လွှမ်းခြုံပေးထားလိုက်လေသည်။ ထိုအခါမှသာလျှင် လျုစန်းနျန်မှာ ကောင်းကောင်းမွန်မွန် ပျံသန်းနိုင်တော့လေ၏။
"ကျေးဇူး အများကြီး တင်ပါတယ်" လျုစန်းနျန်က ကျေးဇူးတင်သည့် အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ "လီကျောက်က ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်လက်ထဲ အပ်သွားတာ၊ ဒီတော့ ကျုပ်ဘက်က ဂရုစိုက်ပေးရမှာပေါ့၊ အများကြီး စိတ်ပူမနေနဲ့"
လျုစန်းနျန်ကြီး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ပြန်၍မေးလိုက်လေသည်။ "အခုချိန်အထိ မောင်လေးရဲ့ နာမည်ကို အစ်မ မမေးရသေးဘူးနော်"
"ရန်ကိုင်" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
လျုစန်းနျန်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည်။ "မောင်လေးရန်ပေါ့၊ မောင်လေးရန်က အစ်ကိုလီနဲ့ ရင်းနှီးတာလား"
ရန်ကိုင်က ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း၊ အရမ်းရင်းနှီးတယ်၊ သွေးသောက်ညီအစ်ကိုတွေလိုပဲ၊ အဲဒါကြောင့်မလို့ သူ့ကိစ္စက ကျုပ်ကိစ္စပဲလို့ ပြောတာ၊ ဒီလောက်ကြီး အားနာနေစရာ မလိုဘူး အစ်မလျူ"
မည်သည့်အချိန်တွင် မည်ကဲ့သို့သော စကားကို ပြောရမည်မှန်း ရန်ကိုင် သိပေသည်။ လျုစန်းနျန်မှာ လီကျောက်အား အလွန်ကိုမှ ချစ်သည်။ နှစ်ရာပေါင်းများစွာ ကြာသွားသည့်တိုင် သူမ၏ အချစ်မှာ ပျောက်ကွယ်သွားခြင်း မရှိပေ။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် လျုစန်းနျန် အရှေ့တွင် လီကျောက်ကို အရှက်ခွဲ၍တော့ မဖြစ်။ လီကျောက်သည် သူ့အပေါ် အကြွေးအများကြီး တင်နေသလို သူ့ကြောင့်လည်း ဒုက္ခလှလှနဲ့ တွေ့ခဲ့ရသည်ဟု သွားေပြာ၍ မရပေ။ ထို့အပြင် ယခုကဲ့သို့ ပြောလိုက်ခြင်းသည် သူ့အသား ပဲ့ပါသွားသည်မှ မဟုတ်လေဘဲ။
ထိုစကားကို ကြားသော် လျုစန်းနျန်က ပြုံး၍... "အကိုလီရဲ့ ကိုယ်ထဲမှာ နဂါးသွေးတွေ စီးဆင်းနေတယ် ဆိုပေမဲ့ သူက ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ၊ မတရားမှုနဲ့ တွေ့ရင် သိပ်ပြီးတော့ ငြိမ်ခံနေလေ့ မရှိဘူး၊ ပြီးတော့ အခြားသူတွေ အပေါ်လည်း ကြင်နာတတ်တယ်"
ထိုအကြောင်းများကို ပြောနေရင်းမှ လျုစန်းနျန်သည် အတိတ်က အကြောင်းအရာ တစ်ခုခုကို ပြန်စဉ်းစားမိသွားသည့်အလား သူမ၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ထိုအကြောင်းများကို တွေးနေရင်းမှ လက်ရှိအခြေအနေပေါ် သိပ်၍ အာရုံမစိုက်မိသွားသလို ဖြစ်သွားခဲ့လေရာ လျုစန်းနျန်၏ စိတ်အခြေအနေမှာလည်း အတော်လေးကိုမှ ကောင်းမွန်လာရလေ၏။ သူမ၏ ခန္ဓာကိုယ်မှလည်း ယခင်ကလောက် တုန်ယင်နေခြင်း မရှိတော့ချေ။
လျုစန်းနျန် ပြောသည်ကို နားထောင်ရင်း ရန်ကိုင်မှာတော့ ပြောစရာစကား ပျောက်ရှနေခဲ့ရလေသည်။ [လီကျောက်လိုလူမျိုးက ဒီလောက်တောင် ချီးကျူးထိုက်တယ်ပေါ့၊ အချစ်က လူကို စုံလုံးကန်းစေတယ် ဆိုတာ အမှန်ပါပဲလား၊ လီကျောက်လိုလူမျိုးကိုတောင် ပြီးပြည့်စုံနေတယ်လို့ ထင်နေသေးတယ်၊ လီကျောက်ရဲ့ ချေးကိုတောင် နှင်းဆီပန်းတွေလို မွှေးတယ်လို့ ပြောမယ်ဆိုတာ ငါ အာမခံတယ်၊ လီကျောက်သာ သူပြောတဲ့အတိုင်း ဖြစ်မယ်ဆိုရင် ထက်ကောင်းကင် နန်းတော်ဆီကို ကျိယင်နဲ့အတူ လာတုန်းက ငါ့ကို တောက်လျှောက်လိုက်ပြီးတော့ ပြဿနာရှာနေမှာ မဟုတ်ဘူး၊ အဲတုန်းက လီကျောက်ပုံစံက တော်တော်ကြီးကို ကြင်နာတာကိုး၊ အဲဒီနေရာမှာတင် တစ်ခါတည်း သေအောင် ထမရိုက်မိအောင် ငါ့ကိုယ်ငါ တော်တော် စိတ်ထိန်းထားခဲ့ရတာ၊ ဘယ်ကသာ ရိုးသားဖြောင့်မတ်ပြီး ကြင်နာတတ်ရမှာလဲ၊ အပိုတွေ]
သို့သော်ငြား ရန်ကိုင်သည် ထိုစကားများကို သူ၏စိတ်ထဲတွင်သာ ပြောနေခြင်း ဖြစ်ပေသည်။ အပြင်ပန်းတွင်တော့ လျုစန်းနျန် ပြောသည့်အတိုင်း အလိုက်သင့် လိုက်ပြောပေးလိုက်လေ၏။ "ဟုတ်တယ် အစ်မလျူရေ၊ ရောင်းရင်းလီနဲ့ ကျုပ်သိတာ မကြာသေးပေမဲ့ သူက တကယ်ကို ကြင်နာတတ်တယ်၊ ပြီးရင် ကျုပ်ရဲ့ မိတ်ဆွေကောင်း တစ်ယောက်လို့လည်း ပြောလို့ရတယ်၊ ရှင်းရှင်းပြောရရင် သူ ကျုပ်ကို ကူညီပေးခဲ့တာတွေ တော်တော်များတယ်"
လီကျောက် ရန်ကိုင်အား ကူညီပေးခဲ့သည်မှာ တကယ်အမှန် ဖြစ်ပေသည်။ ကျူချင်းအား ရှာရာတွင်ဖြစ်စေ နဂါးကျွန်းသို့ လာရာတွင်ဖြစ်စေ လီကျောက်မှာ သူ့အား အမှန်တကယ်ကို ကူညီပေးခဲ့သည်။ ဤသည်မှာ ရန်ကိုင် ငြင်း၍မရသည့် အချက်တစ်ခု ဖြစ်၏။
လျုစန်းနျန်က ပြုံး၍... "သူက အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျတဲ့ လူတွေကို ဖိနှိပ်ပြီးတော့ အားနည်းတဲ့ လူတွေကို ကူညီပေးတာ၊ အဲလိုမျိုး မလုပ်ခဲ့ဘူးဆိုရင် ကျွန်မ သေသွားခဲ့တာ ကြာပြီ၊ ဒီနေ့အချိန်အထိတောင် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး"
ရန်ကိုင်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ လျုစန်းနျန်သည် သူ့ကိုပါ ရည်ရွယ်၍ ပြောနေခြင်း ဖြစ်မှန်း ရန်ကိုင် သိပေသည်။ သူမ ထိုသို့ပြောသည်မှာလည်း အဆန်းတော့ မဟုတ်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ဧကရာဇ်ပထမအဆင့်တွင်သာ ရှိနေသေးပြီး လီကျောက်မှာမူ ဧကရာဇ် တတိယအဆင့်တွင် ရှိနေပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်သည် လီကျောက်ဆီမှ အကူအညီများ ရယူခဲ့သည် ဆိုပါက လီကျောက်သည် အားနည်းသူကို ကူညီပေးလိုက်ခြင်း ဖြစ်ပေ၏။ ဤသည်မှာ လူအများစု နားလည်သဘောပေါက်သည့် ပုံစံမျိုး ဖြစ်ပေသည်။ လျုစန်းနျန်က ဤကဲ့သို့ လက်ခံယုံကြည်ထားသည့် အတွက်ကြောင့် ရန်ကိုင်လည်း အလုပ်ရှုပ်ခံ၍ သွားရှင်းပြမနေတော့ပေ။
ရန်ကိုင်နှင့် အတန်ကြာအောင် စကားပြောနေပြီးသည့်နောက်တွင် လျုစန်းနျန်၏ စိတ်အခြေအနေမှာ သိသိသာသာကို တည်ငြိမ်သွားခဲ့လေသည်။ ရန်ကိုင် အရှေ့တွင် ယခင်ကကဲ့သို့ နေရထိုင်ရ အဆင်မပြေ ဖြစ်နေခြင်းမျိုး မရှိတော့ပေ။ သူမနှင့် ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ အတူတူသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် အရှေ့တွင် နေရသည်မှာ သူမအဖို့ ပို၍ အဆင်ပြေသလို ခံစားရသည်။ လီကျောက် အရှေ့တွင်တော့ သူမမှာ ရှက်လည်းရှက် ကြောက်လည်းကြောက်သလို ဖြစ်နေရ၏။
[သနားစရာပဲ] ရန်ကိုင် စိတ်ထဲ သက်ပြင်းချလိုက်လေသည်။
ရန်ကိုင်တို့ နှစ်ဦး စကားပြောနေစဉ် အတောအတွင်း လျုစန်းနျန်မှာ သူမပါးစပ်ကို ရုတ်တရက် ကောက်ပိတ်လိုက်ပြီး စကားတစ်ခွန်းပင် မပြောတော့ပေ။ တစ်ချိန်တည်းတွင် သူမ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်လာတော့လေသည်။
ရန်ကိုင် ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်ရာ အနည်းငယ် ဆွံ့အသွားသလို ဖြစ်သွားခဲ့လေ၏။ အကြောင်းမှာ ဖုချီသည် ထိုကျွန်းတည့်တည့်ဆီသို့ ပျံသန်းသွားနေသည့် အတွက်ကြောင့်ပင်။
[ဒါက တိုက်ဆိုင်လွန်းမနေဘူးလားဟ] ဤပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော ကျွန်းပေါင်းများစွာ ရှိကြပေသည်။ ထို့အပြင် နဂါးကလန်မှ နဂါးတစ်ကောင်ချင်းစီသည် ကျွန်းတစ်ကျွန်းဆီကို အပိုင်စားယူ၍ နေနေကြခြင်း ဖြစ်လေသည်။ ဖုချီ သွားနေသည့်ကျွန်းသည် လျုစန်းနျန်အား အကျဉ်းချထားခဲ့သည့် ကျွန်းဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်း မရှိပေ။
သူမ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို သိထားသည့်အလျောက် ရန်ကိုင်မှာ ဤအတိုင်း ရပ်ကြည့်နေ၍ မဖြစ်ပေ။ ထို့ကြောင့် လျုစန်းနျန်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးလေး လှမ်းပြောလိုက်လေ၏ “အစ်မလျူ၊ ကျွန်းပေါ်ရောက်ရင် ကျုပ်နောက်ကနေ မခွာနဲ့နော်၊ ကျုပ်နောက်ကနေ ကပ်လိုက်လာခဲ့”
ရန်ကိုင် ပြောသည်ကို ကြားမကြားတော့ မသိရ။ လျုစန်းနျန်သည် စကားတစ်ခွန်းပင် ပြန်မပြောခဲ့ပေ။ ကျွန်းဆီသို့ နီးလာသည်နှင့်အမျှ သူမ၏ တုံ့ပြန်မှုမှာ ပိုပို၍ ဆိုးရွားလာခဲ့ရသည်။
နောက်ဆုံးတွင် ဖုချီ အနောက်သို့ လိုက်လာနေသော ရန်ကိုင်တို့အဖွဲ့မှာ ကျွန်းပေါ်သို့ ခြေချမိလိုက်လေသည်။ ရန်ကိုင် ထင်သည်မှာလည်း မှန်ပေသည်။ ဖုချီသည် ဤကျွန်းဆီသို့ ဦးတည်နေခဲ့ခြင်း ဖြစ်လေသည်။
ဤကျွန်းပေါ်တွင် နဂါးတစ်ကောင် နေနေရပေလိမ့်မည်။ အကြောင်းမှာ ကျွန်းပေါ်၌ နန်းတော်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့်ပင်။ ညအချိန်သို့ ရောက်နေပြီ ဖြစ်ပါသော်ငြား နန်းတော်များဆီမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များမှာတော့ မီးရှူးတန်ဆောင်ပမာ တလက်လက် တောက်ပနေပေသည်။
ကျွန်းပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် ဖုချီသည် ယွမ်ဝူအား လက်ယပ်ခေါ်လိုက်လေသည်။ ယွမ်ဝူလည်း ဖုချီဆီသို့ အမြန်သွားလိုက်ပြီး တလေးတစားဖြင့် ဦးညွှတ်လိုက်သည်။ ထို့နောက် ဖုချီသည် ယွမ်ဝူအား ပြောစရာရှိသည့် စကားများကို ပြောပြီး သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်လေ၏။ ယွမ်ဝူမှာတော့ အတော်လေးကိုမှ ပြဿနာဖြစ်နေသည့်ပုံပင်။ သို့သော်ငြား ဖုချီသည် ယွမ်ဝူ ဘာဖြစ်ဖြစ် ဂရုစိုက်မနေခဲ့ဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး နဂါးစိမ်း အသွင်သို့ ပြန်ပြောင်းလိုက်လေသည်။ ထို့ေနာက် ပင်လယ်ထဲသို့ ထိုးဆင်းသွားကာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
"စီနီယာ ဖုချီ၊ စီနီယာ ဖုချီ" ယွမ်ဝူက လှမ်းအော်ခေါ်လိုက်သည်။
"အခုတာဝန်ကို တစ်လအတွင်း မပြီးရင် မင်းတို့အားလုံး သေရလိမ့်မယ်" ပင်လယ်နက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည့် နဂါး၏ အသံကြောင့် လူတိုင်း အမူအရာ ပြောင်းလဲသွားခဲ့ရလေသည်။ သူတို့အား ဤနေရာသို့ ဘာကြောင့် ခေါ်လာမှန်း မည်သူမျှ မသိကြ။ ထိုသို့ဖြစ်လေရာ ထိုခြိမ်းခြောက်စကားကို ကြားပြီးသည့်နောက် မည်သူကများ တည်တည်ငြိမ်ငြိမ် နေနိုင်တော့ပါမည်နည်း။
[တစ်လ၊ တစ်လဆိုတာ ဘာကိုပြောတာလဲ၊ အဲဒီတစ်လအတွင်းမှာ ငါတို့က ဘာလုပ်ရမှာလဲ] မည်သူမျှ မသိကြချေ။ အကုန်လုံးမှာ တိတ်သာတိတ်နေကြလေ၏။ တစ်ခဏအကြာတွင် တိတ်ဆိတ်နေသော လူအုပ်ကြီးဆီမှ ကျွတ်ကျွတ်ညံများ ထွက်ပေါ်လာတော့လေသည်။
ဖုချီ သွားပြီဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိကြတော့ဘဲ ချက်ချင်းပဲ ယွမ်ဝူ အနားသို့ ပြေးကပ်သွားလေသည်။
"ရောင်းရင်းယွမ်၊ နဂါးကလန်က ဘာလို့ ငါတို့ကို ဒီနေရာအထိ ခေါ်လာတာလဲ၊ သူတို့ ဘာလိုချင်နေတာလဲ"
"ဟုတ်တယ် ရောင်းရင်းယွမ်၊ နဂါးကလန်က ငါတို့ကို ဘာလုပ်စေချင်နေတာလဲ"
"ပြီးတော့ သူပြောသွားတဲ့ တစ်လဆိုတာကရော ဘာကြီးလဲ"
"ရောင်းရင်းယွမ် မင်း တစ်ခုခု သိထားတယ်မလား၊ သိတယ်ဆိုရင် မြန်မြန် ပြောပြလေကွာ"
"ရောင်းရင်းယွမ် မင်း ငါတို့ကို မပြောဘဲ နေလို့တော့ မရဘူးနော်၊ ငါတို့အားလုံး တစ်လေှထဲ စီးနေရတဲ့ လူတွေ"
"ဟုတ်တယ် နဂါးကလန် ပေးတဲ့ တာဝန်ကိုသာ မပြီးရင် အကျိုးဆက် ငါတို့အားလုံး သေရမှာကွ"
လူအုပ်ကြီးမှာ ယွမ်ဝူအား အဆက်မပြတ်ကို မေးခွန်းပေါင်းများစွာဖြင့် တရစပ် ထိုးနှက်တော့လေသည်။ သူတို့အနေဖြင့် ဤကဲ့သို့ ဖြစ်နေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ယခုကိစ္စသည် သူတို့၏ သေရေးရှင်ရေးနဲ့ ပတ်သက်နေလေရာ မည်သူက တည်တည်ငြိမ်ငြိမ် နေနိုင်ပါမည်နည်း။ ဖုချီသည် တစ်လဟု ပြောသွားသည့်အတွက်ကြောင့် ထိုတစ်လအတွင်းသာ သူပေးသည့် တာဝန်ကို ပြီးအောင် မလုပ်နိုင်လျှင် ဤနေရာတွင် ရှိနေသည့် လူငါးရာ မဆိုထားနှင့် ထိုနဂါးကလန်သည် ဒေါသထွက်ထွက်ဖြင့် လူငါးထောင် ပင်လျှင် သတ်ပစ်နိုင်ပေသည်။
ယွမ်ဝူ၏ မျက်နှာကြီးမှာလည်း ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေ၏။ [အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ငါဘာသာငါ နဂါးသွေးပန်းတွေကို ရေလောင်းပေးဖို့ပဲ လိုက်သွားလိုက်ပါတယ်ကွာ၊ အခုတော့များ ပြဿနာကို တက်လို့၊ ဒီကိစ္စက နဂါးသွေးပန်းတွေကို ရေလောင်းပေးရတာထက်ကို ပိုရှုပ်နေသေးတယ်၊ ငါ့ဘဝကြီးက ဘာလို့များ ဒီလောက်တောင် ခက်ခဲနေရတာလဲကွာ]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၀)
ဘာသာပြန်သူ_တိမ်တိုက်
သူ့ဘေးနားတွင် ကျွတ်ကျွတ်ညံအောင် ဆူညံနေသည့် လူအုပ်ကြီးကို ကြည့်ရင်း အဆုံးတွင် ယွမ်ဝူမှာ သည်းမခံနိုင်တော့ဘဲ ထအော်လေသည်။ "မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်းကွာ"
ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားခဲ့လေသည်။ ယွမ်ဝူသည် လူအုပ်ကြီးအား အေးစက်စက် အမူအရာဖြင့် ဝေ့ကြည့်လျက် အံကြိတ်ကာ ပြောလိုက်လေ၏။ "ငါလည်း အကြမ်းဖျင်းလောက်ပဲ သိရသေးတာ၊ သေသေချာချာ အသေးစိတ် သိရသေးတာ မဟုတ်ဘူး၊ ငါသေချာသိမှ ရှင်းပြပေးမယ် ဟုတ်ပြီလား"
ထိုသို့ပြောပြီးသည့်နောက်တွင် ဖုချီ ပေးသည့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။ လူတိုင်းမှာမူ ယွမ်ဝူ၏ မျက်နှာထားကိုသာ သေချာ အကဲခတ်နေကြလေ၏။ ယွမ်ဝူ၏ မျက်နှာအမူအရာမှာ အံ့အားသင့်သွားလိုက်၊ ဝမ်းသာအားရ ဖြစ်သွားလိုက်၊ ထို့နောက် တစ်ဖန် ပြန်လည် သုန်မှုန်သွားလိုက် ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ အကြိမ်အခါပေါင်းများစွာ ပြောင်းလဲနေပြီးသည့်နောက်တွင် အဆုံး၌ သူ၏အမူအရာသည် မူလပုံစံအတိုင်း ခါးသက်သက် အမူအရာသို့သာ ပြန်ပြောင်းသွားခဲ့လေသည်။
ယွမ်ဝူသည် သူ၏လက်ကို ဝှေ့ရမ်း၍ တိရစ္ဆာန်အရေပြားနှင့် ဆင်တူသည့် အရာတစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်လေသည်။ ထို့နောက် တိရစ္ဆာန်အရေပြားပေါ်ရှိ အရာကို မြင်လိုက်သည့်အခါ ယွမ်ဝူ အံ့အားသင့်သွားလေသည်။
ယွမ်ဝူ၏ အနားတွင် ရှိနေကြသော ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း ယွမ်ဝူ ထုတ်ယူလာလိုက်သည့် တိရစ္ဆာန်အရေပြားကို အနီးကပ် စစ်ဆေးကြည့်လိုက်ရာ တိရစ္ဆာန်အရေပြားပေါ်ရှိ အရာကို မြင်ပြီးသည့်နောက် အားလုံး၏ အမူအရာ ပြောင်းလဲသွားကုန်ကြလေသည်။
"ဘာကြီးလဲ"
"နန်းတော်တစ်လုံးလားလို့"
"နည်းနည်းနောနော နန်းတော်ကြီးလား"
"နန်းတော်ကို ဆောက်ရင်သုံးရမယ့် ပစ္စည်းတွေကိုတောင် အသေးစိတ် ရေးထားပါလားဟ"
"ဘာလဲကွ ငါတို့ကို နန်းတော်ဆောက်ဖို့ ခေါ်လာတာလား"
"မဖြစ်နိုင်ဘူး နဂါးကလန်က ဘာဖြစ်လို့ နန်းတော်တစ်လုံး လိုချင်ရမှာလဲ၊ နဂါးကလန် အဲလိုမျိုး လိုတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးပါဘူး"
"တကယ်ကို မယုံနိုင်စရာပါလားကွာ၊ ဒီနန်းတော်သာ တကယ်ကြီး ဖြစ်လာမယ်ဆိုရင် ကြယ်တာရာ အစုအဝေးထဲမှာ ဒီလိုမျိုး နန်းတော်မျိုး နောက်ထပ်တစ်လုံး ရှိနိုင်တော့မှာ မဟုတ်ဘူး"
"ရွှေစိမ်း၊ ခရမ်းကြေးနီ၊ ရေခဲနှင်းကျောက်စိမ်း၊ ကောင်းကင်ဥက္ကာသလင်းခဲ၊ ဟ... ဒါတွေက ဧကရာဇ်အဆင့် မှော်ရတနာတွေကို လုပ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေ မဟုတ်ဘူးလား၊ ငါတို့ အဲဒါတွေကို သုံးပြီး တကယ်ကြီး နန်းတော်ဆောက်ရမှာလား၊ ဒါက နည်းနည်း ပိုလွန်းမနေဘူးလားလို့"
တိရစ္ဆာန်အရေပြားပေါ်တွင် ရေးထားသည့် အကြောင်းအရာများကို မြင်ပြီးသည့်နောက် ဧကရာဇ်အဆင့် ပညာရှင်များ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
အပြင်ဘက်ပိုင်းတွင် ရှိနေသည့် တိရစ္ဆာန်အရေပြားပေါ်၌ ရေးထားသော အကြောင်းအရာများကို မမြင်နိုင်သော လူများမှာမူ ရှေ့တွင်ရှိနေသော လူများ ပြောနေသည်ကို ကြားပြီးသည့်နောက် မျက်လုံးပြူးသွားကုန်ကြလေသည်။ အကုန်လုံးမှာ တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြလေ၏။
ရွှေစိမ်း၊ ခရမ်းကြေးနီ၊ ရေခဲနှင်းကျောက်စိမ်းနှင့် ကောင်းကင်ဥက္ကာသလင်းခဲ။ ထိုစကားလုံး တစ်လုံးချင်းစီတိုင်းသည် သူတို့နားထဲ မိုးချိန်းသံပမာ မြည်ဟီးသွားခဲ့လေသည်။
သူတို့အားလုံးသည် နဂါးကျွန်းပေါ်ရှိ နဂါးတစ်ပိုင်းမြို့တော်ထဲတွင်သာ နေနေကြပြီး အပြင်လောကကြီးနှင့် ဆက်သွယ်ခြင်း မရှိပါသော်ငြား အပြင်လောကကြီး အကြောင်းကို မသိသူများတော့ မဟုတ်ကြပေ။ နဂါးတစ်ပိုင်းမြို့တော်ထဲ၌ ပန်းပဲပညာရှင်များ၊ ဆေးပညာရှင်များ ရှိကြပြီး ထိုပညာရှင်များမှာလည်း သူတို့ လိုအပ်သည့် အရာများကို ပိုင်ဆိုင်ထားကြပေသည်။ ရှင်းရှင်းပြောရသော် နဂါးကျွန်းပေါ်တွင် ကျင့်ကြံရေး အရင်းအမြစ်များကို ရှာတွေ့ရန် မခက်ခဲလှပေ။ ထို့အတွက်ကြောင့် သူတို့သည်သာ နဂါးကလန်၏ အကျိုးအမြတ်များကို သွားရောက်ရန်မစဘဲ ဤကမ္ဘာငယ်လေးထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုပစ္စည်းများ မည်သို့သော အရာကို ဆိုလိုမှန်း ထိုလူများ သိနေကြခြင်း ဖြစ်လေသည်။
ထိုအရာများသည် အလွန်ကိုမှ ရှားပါးလှသော ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြပြီး အလွန်ကိုမှလည်း ဈေးကြီးလှပေသည်။ ထို့အပြင် ရှာရလည်း ခက်လှ၏။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်သာ ထိုပစ္စည်းများကို ရလိုက်မည်ဆိုပါက ထိုပစ္စည်းများကို သူတို့၏ အဖိုးတန် မှော်ရတနာအား မြှင့်တင်ရာတွင်သာ အသုံးပြုကြလိမ့်မည်။
သို့သော်ငြား နဂါးကလန်ကမူ ထိုပစ္စည်းများကို သုံး၍ နန်းတော်တစ်လုံး ဆောက်ချင်နေသည်။ မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်ရလေသနည်း။ သူတို့မှာ ကြားနေရသည့် အရာကိုပင်လျှင် မယုံကြည်သလို ဖြစ်ချင်နေကြသည်။
ထို့အတွက်ကြောင့် လူတိုင်း၏ အကြည့်သည် ချက်ချင်းဆိုသလို ယွမ်ဝူဆီသို့ ရောက်ရှိလာကြလေသည်။ ယွမ်ဝူ ရှင်းပြလာမည်ကို အကုန်လုံး စောင့်မျှော်နေကြသည်။
ရန်ကိုင်သည်ပင်လျှင် အံ့အားသင့်နေရလေ၏။ [ဒါဆိုရင်တော့ ဒီနဂါးကလန်က တကယ်ကို ပိုလွန်းသွားပြီ၊ မဟာဧကရာဇ်တွေတောင် ဒီလိုမျိုး မတတ်နိုင်ဘူး၊ နဂါးကလန်က တကယ်ကြီး တတ်နိုင်တာလား]
ထိုအချိန်အတောအတွင်း ယွမ်ဝူသည် တိရစ္ဆာန်အရေပြားကို သေသေချာချာ စစ်ဆေးကြည့်နေလေသည်။ အတန်ကြာအောင် စစ်ဆေးပြီးနောက် တိရစ္ဆာန်အရေပြားကို ပြန်သိမ်း၍ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်သည် ရန်ကိုင်ဆီတွင် တစ်ခဏမျှ ဝဲနေပြီးသည့်နောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ "အခု နဂါးကလန်က ငါတို့ကို အရမ်းခက်ခဲတဲ့ တာဝန်တစ်ခု ပေးလာပြီ"
ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံသွားလေသည်။
"မဖြစ်နိုင်ဘူး"
"ငါတို့ တကယ်ကြီး နန်းတော်တစ်လုံး ဆောက်ရမှာလား"
"အဲဒီပစ္စည်းတွေနဲ့လေ"
"နန်းတော်ဆောက်ရတာက ကိစ္စမရှိဘူး၊ လူအများကြီးနဲ့ဆိုတော့ ခဏလေးနဲ့ ပြီးရင် ပြီးနိုင်တယ်၊ ဒါပေမယ့် ပြဿနာက အဲဒီပစ္စည်းတွေပဲ"
"ဟုတ်တယ် အဲဒီပစ္စည်းတွေကို ငါတို့ ဘယ်မှာသွားရှာရမှာလဲ၊ အဲဒီပစ္စည်းတွေ မရှိဘဲနဲ့ နန်းတော်ကိုရော ဘယ်လို ဆောက်ရမှာလဲ၊ နဂါးကလန်က ငါတို့ကို သတ်ပစ်ချင်နေလို့ တမင်သက်သက် အကြောင်းရင်း ရှာနေတာလား"
"ရှူး၊ တိုးတိုး၊ မင်းစကားကို ကြည့်ပြော၊ ဒီနဂါးနန်းတော်က နေရာတိုင်းမှာ နားတွေချည်းပဲ"
ယွမ်ဝူ၏ အမူအရာမှာလည်း သုန်မှုန်နေခဲ့လေသည်။ လူအုပ်ကြီးတစ်ခုလုံး စကားပြောလို့ ပြီးသွားမည့် အချိန်ထိ စောင့်နေပြီးသည့်နောက်မှသာ ပြန်ပြောလိုက်သည်။ "မင်းတို့ပြောတာ အမှန်ပဲ၊ နဂါးကလန်က ငါတို့ကို နန်းတော်တစ်လုံး ဆောက်စေချင်နေတာ၊ ပြီးတော့ အဲဒီနန်းတော်က သာမန်နန်းတော်လေး မဟုတ်ဘူး၊ ငါသိသလောက်ဆိုရင်တော့ ဒီနန်းတော်က စတုရန်းမီတာပေါင်း သိန်းနဲ့ချီတယ်"
သက်ပြင်းရှိုက်သံများ လူအုပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့လေသည်။[စတုရန်းမီတာ သိန်းနဲ့ချီတယ်၊ ဒီကျွန်းတောင် ဘယ်လောက်ကြီးလို့လဲ၊ နန်းတော်နဲ့တင် စတုရန်းမီတာ သိန်းနဲ့ချီနေပြီဆိုတော့ ကျွန်းရဲ့ ဆယ်ပုံတစ်ပုံလောက်စာ ရှိနေပြီပေါ့]
အစကမူ သူတို့တွင် လူအင်အား အလုံအလောက် ရှိသည်ဟု ထင်ခဲ့လေသည်။ နန်းတော်တစ်လုံး ဆောက်ရမည် ဆိုလျှင်ပင် ထိုနန်းတော်၏ အရွယ်အစားမှာ မည်မျှများ ကြီးမှာမို့လို့နည်း။ သို့သော်ငြား တကယ်တမ်း ကြားလိုက်ရချိန် ထိုအရာသည် နန်းတော်မဟုတ်မှန်း လူတိုင်း သိသွားကြလေသည်။ နန်းတော်ဟုပင် မခေါ်ထိုက်။ ထိုအစား မြို့တစ်မြို့ဟုသာ ခေါ်ရပေတော့မည်။
ယွမ်ဝူသည် ကျွန်းအလယ်ကို လက်ညှိုးထိုးပြရင်းမှ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "နန်းတော်ကို အဲဒီမှာ ဆောက်မှာ၊ နဂါးကလန်က ငါတို့ကို အကုန်လုံး စီစဉ်ပေးပြီးသွားပြီ၊ ငါတို့က သူတို့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဖို့ပဲ ရှိတာ"
လူအုပ်ကြီး နောက်တစ်ကြိမ် ကျွတ်ကျွတ်ညံလာတော့မည့် အရိပ်အယောင်များ ပြလာသည်ကို မြင်သော် ယွမ်ဝူက ချက်ချင်းပဲ ဆက်ပြောလိုက်သည်။ "မင်းတို့တွေ ဘာကို စိတ်ပူနေလဲ ငါသိတယ်၊ နန်းတော်ဆောက်ဖို့ ပစ္စည်းမရှိတာကို မလား၊ စိတ်မပူနဲ့ ပစ္စည်းတွေကိုတော့ နဂါးကလန်က ငါတို့အတွက် အကုန် အဆင်သင့် ပြင်ထားပေးပြီးသွားပြီ" ထိုနောက် သူ၏ လက်ထဲတွင် ကိုင်ထားသည့် သိုလှောင်လက်စွပ်ကို မြှောက်ပြ၍... "အဲဒီပစ္စည်းတွေ အကုန်လုံး ဒီ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတယ်"
ထိုစကားကို ကြားလိုက်ပြီးနောက် လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် စိတ်သက်သာရာ ရသွားကုန်ကြလေ၏။
"အိုး၊ နဂါးကလန်က အကုန် သေချာ ပြင်ဆင်ထားတာပဲ၊ ငါကတော့ ငါတို့ဘာသာ ငါတို့ လိုက်ရှာရတော့မှာလားဆိုပြီး စိတ်ပူနေရတာ"
"ဟုတ်တယ် ဟုတ်တယ်၊ ငါတို့သာ နန်းတော်ဆောက်ဖို့ ပစ္စည်းတွေကို ကိုယ့်ဘာသာကို လိုက်ရှာရမယ်ဆိုရင် နန်းတော်ကို ဆောက်မနေတော့ဘူး၊ ကိုယ့်ဘာသာကိုပဲ သတ်သေလိုက်တော့မယ်"
"အဲဒီလိုမှပေါ့၊ မဟုတ်ရင် ဒီနန်းတော်ကြီးကို တစ်လအတွင်း ဘယ်လို ဆောက်ရမှာလဲ၊ ပြောသာပြောတာ နဂါးကလန်က တကယ်ကို ချမ်းသာတာပဲကွ၊ ကောလဟာလတွေက ချဲ့ကားပြောထားတာ မဟုတ်ဘူးပဲ"
"ဟုတ်တယ် အဲဒီပစ္စည်းတွေ သုံးပြီး နန်းတော်တစ်လုံး ဆောက်မယ်တဲ့၊ တကယ်ကို မယုံနိုင်စရာကြီး၊ ကျွတ်၊ နဂါးကလန်က တကယ်ကို အသုံးအဖြုန်း ကြီးတာပဲကွ၊ ငါသာ အဲဒီပစ္စည်းလေး နည်းနည်းလောက် ရလိုက်မယ်ဆိုရင်…"
"စိတ်ကူးမနေနဲ့၊ မင်းက အဲဒီ သိုလှောင်လက်စွပ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကို သွားခိုးချင်နေတာလား၊ တစ်ယောက်ယောက်သာ မင်း အဲလိုလုပ်လိုက်တဲ့ အကြောင်းကြားသွားရင် မင်း ဘယ်လို သေလို့ သေမှန်းတောင် သိသွားရမှာ မဟုတ်ဘူးနော်"
"အဲဒါတော့လည်း ဟုတ်သား ဟဲဟဲ၊ ဒီအတိုင်းပဲ ပြောကြည့်တာပါကွာ၊ မင်းကလည်း"
လူအုပ်ကြီးတစ်ခုလုံး စိတ်သက်သာရာ ရသွားသည့် အချိန်မှာပဲ ယွမ်ဝူက အေးစက်စက် အမူအရာဖြင့် ပြုံးလျက်... "ငါ မင်းတို့ကို စိတ်ညစ်အောင် လုပ်တာတော့ မဟုတ်ဘူး၊ ဒီ သိုလှောင်လက်စွပ်ထဲမှာ ငါတို့ လိုအပ်တဲ့ ပစ္စည်းတွေကို နဂါးကလန်က ပြင်ဆင်ပေးထားတယ် ဆိုပေမဲ့ ဒီပစ္စည်းနဲ့တင် မလုံလောက်သေးဘူး၊ ကျန်တဲ့ ပစ္စည်းတွေကို ငါတို့ဘာသာ ငါတို့ ထပ်ရှာရဦးမယ်"
"ဘယ်လို" ယွမ်ဝူ၏ စကားကြောင့် လူအုပ်ကြီး နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်ေလသည်။ ယခုလေးတင် တည်ငြိမ်စပြုလာသော သူတို့၏ စိတ်ခံစားချက်များမှာ စတင်၍ ကသောင်းကနင်း ဖြစ်လာတော့လေ၏။ [သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေက မလုံလောက်သေးဘူး ဟုတ်လား၊ ငါတို့ဘာသာ ငါတို့ ထပ်ရှာရမယ်၊ အဲဒီလောက် အဖိုးတန်တဲ့ ပစ္စည်းတွေကို ငါတို့ ဘယ်မှာသွားရှာရမှာလဲဟ]
ယွမ်ဝူက နောက်တစ်ကြိမ် နှစ်သိမ့်ပေးလိုက်လေသည်။ "စိတ်မပူနဲ့ ဒီနဂါးနန်းတော်ထဲမှာ အဲဒီပစ္စည်းတွေ သီးသန့်ထွက်တဲ့ ကျွန်းတွေ ရှိတယ်၊ ငါတို့အနေနဲ့ အဲဒီကျွန်းတွေဆီ သွားပြီး ပစ္စည်း သွားရှာရုံပဲ"
ထိုအခါမှသာလျှင် လူအုပ်ကြီး နောက်တစ်ကြိမ် စိတ်သက်သာရာ ရသွားကြပြန်သည်။ ထိုသို့ဆိုလျှင်တော့ အဆင်ပြေလေပြီ။ နဂါးကလန်သည် ထိုပစ္စည်းများကို သူတို့အား ကိုယ့်ဘာသာကို လိုက်ရှာခိုင်းမည်ကို လူတိုင်း စိုးရိမ်နေကြခြင်း ဖြစ်လေသည်။ ထိုပစ္စည်းများမှာ အလွန်ကိုမှ ရှားပါးကြလေရာ မည်သို့များ အလွယ်တကူ ရှာတွေ့နိုင်ပါမည်နည်း။ သို့သော်ငြား နဂါးနန်းတော်ထဲတွင် ထိုပစ္စည်းများ အထူးတလည် ထွက်ရှိသည့် ကျွန်းများ ရှိနေသေးကြောင်း ကြားသိလိုက်ရသည့်နောက် လူအုပ်ကြီးမှာ ထိုမျှ စိတ်ပူမနေတော့ချေ။
သို့သော်ငြား သူတို့စိတ်ထဲတွင်တော့ ယွမ်ဝူအား အံကြိတ်ကာ ကျိန်ဆဲ အပြစ်တင်နေမိလေ၏။ [ဒီခွေးသူတောင်းစား ငါတို့ကို တမင်သက်သက် လုပ်နေတာ၊ ပြောစရာရှိ အစကတည်းက အကုန် ပြောလိုက်ပါလား၊ မပြောဘူး]
"ယွမ်ဝူ၊ နဂါးကလန်က ငါတို့ကို အခုလိုမျိုး နန်းတော် ဘာလို့ ဆောက်စေချင်လဲ ဆိုတာကို သိလို့ရမလား"တစ်ယောက်ယောက်က ရုတ်တရက် ကောက်မေးလိုက်သည်။
ထိုလူ မေးလိုက်သည့် မေးခွန်းသည် လူတိုင်း သိနေချင်သည့် မေးခွန်းတစ်ခုလည်း ဖြစ်ပေသည်။ သူတို့သည် နဂါးကျွန်းပေါ်တွင် နဂါးများနှင့် အတူတကွ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ သို့သော်ငြား ထိုအချိန်အတောအတွင်း နဂါးများသည် သူတို့ဆီသို့ ယခုကဲ့သို့သော နန်းတော်တစ်လုံး ဆောက်ရန်ဟူသည့် အကြောင်းမျိုးကြောင့် ရောက်လာခဲ့ဖူးခြင်း မရှိချေ။ နဂါးများ သူတို့ဆီသို့ လာခဲ့ဖူးသည့်တိုင် နဂါးများ လာရသည့် အကြောင်းရင်းမှာ နဂါးသွေးပန်းကို ရေလောင်းပေးမည့် ကိစ္စကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် နဂါးများမှ သူတို့အား ရုတ်တရက်ကြီး နန်းတော်တစ်လုံး ဆောက်ပေးရန် အမိန့်ပေးလာသည့်အခါ လူတိုင်းမှာ ထူးထူးဆန်းဆန်း ဖြစ်နေကြရလေသည်။ နဂါးကလန်သည် မည်သည့်အချိန်ကများ ဤကဲ့သို့သော အပြင်အဆင်များကို တတ်နိုင်သွားရလေသနည်း။
ထို့အပြင် နဂါးများ ဆောက်ခိုင်းထားသည့် နန်းတော်၏ အရွယ်အစားကို ကြည့်ရသလောက် ထိုနန်းတော်သည် သာမန်နဂါးတစ်ကောင် နေမည့် နန်းတော်မျိုး မဟုတ်ပေ။ နဂါးကလန်၏ အကြီးအကဲတစ်ဦး နေမည့် နန်းတော်ပုံစံမျိုးပင် ပေါက်နေပေသေးသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ထိုနန်းတော်အား နဂါးကလန် စိတ်ကျေနပ်အောင် မဆောက်ပေးနိုင်ပါက ဤနေရာတွင် ရှိနေသော လူငါးရာစလုံး သေသွားကြရနိုင်ပေသည်။
"ငါလည်း သိချင်နေတာ" ယွမ်ဝူက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်သည်။ ယနေ့တွင် သူ အလွန်ကိုမှ စိတ်ညစ်ခဲ့ရသည်။ ပထမဦးစွာ လူရှေ့သူရှေ့၌ အရှက်ကွဲခဲ့ရသည်။ ထို့နောက်တွင် ဤမျှ ခက်ခဲလာသော တာဝန်တစ်ခုကိုလည်း ပေးခြင်းခံခဲ့ရ၏။ သူ့ရင်ထဲ ပလုံစီထနေသည့် ဒေါသတရားတို့မှာ ရေဆူမှတ်သို့ ရောက်နေခဲ့လေသည်။ လက်ရှိအချိန်တွင် သူ၏ စိတ်ထဲ မျိုသိပ်ထားရသည့် မကျေနပ်ချက် အားလုံးကို ဖွင့်ထုတ်ပစ်နိုင်မည့် အရာတစ်ခုကိုသာ ရှာချင်မိတော့သည်။
အစောပိုင်းက မေးခွန်းမေးလိုက်သည့် လူသည် လူသားမျိုးနွယ်စုမှ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ယွမ်ဝူ၏ ပြန်လည် အော်ငေါက်ခံရခြင်း ခံလိုက်ရပြီးနောက် တောင်းတောင်းပန်ပန်ဖြင့်သာ ရယ်မောလျက် ဘာမျှ ထပ်မပြောနေတော့ပေ။ ဤကမ္ဘာငယ်လေးထဲတွင် ယွမ်ဝူသည် သူ့ထက် ကျင့်ကြံခြင်း အဆင့်နိမ့်သည့်တိုင် ယွမ်ဝူနှင့် သွားပြဿနာ မဖြစ်ရဲပေ။
လူသားများနှင့် မွန်စတားမျိုးနွယ်စုဝင်များ သာလျှင်မဟုတ်။ နဂါးနွယ်ဖွားများသည်ပင်လျှင် ယွမ်ဝူအား သတိထားကြရသည်။ ယွမ်ဝူကို သွားရန်စလိုက်၍ သူတို့အတွက် ဘာမျှ အကျိုးမရှိချေ။ အထူးသဖြင့် ယွမ်ဝူမှ နဂါးကလန်နှင့် နဂါးတစ်ပိုင်း မြို့တော်ကြား အဆက်အသွယ် လုပ်ပေးရသည့် တာဝန်မျိုးကို ယူထားချိန်တွင်ပင်။
ယွမ်ဝူသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ပြောလိုက်လေသည်။ "အခုအချိန်တွေက လွယ်တာ မဟုတ်ဘူး၊ ငါ ဘာမှ ထပ်ပြောမနေတော့ဘူး၊ ဒီတော့ မင်းတို့အားလုံးလည်း သိမယ်လို့ ငါထင်တယ်၊ ငါတို့ ဒီနန်းတော်ကို တစ်လအတွင်း ပြီးဖို့ဆိုရင် လုံးဝကို ရုန်းကန်ပြီး ကြိုးစားမှ ရမှာ"
ယွမ်ဝူ အပိုစကားများကို လျှောက်ပြောနေခြင်း မဟုတ်ချေ။ သူတို့အနေဖြင့် ဤနေရာတွင် ရှိနေသော လူငါးရာဖြင့် စတုရန်းမီတာ တစ်သိန်းခန့် ကျယ်ဝန်းသော နန်းတော်တစ်လုံးကို တစ်လအတွင်း ဆောက်နိုင်ပေသည်။ သူတို့အားလုံးသည် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပေရာ ဘာကြောင့်များ ထိုကဲ့သို့သော နန်းတော်တစ်လုံးကို တစ်လအတွင်း မဆောက်နိုင်ရပါမည်နည်း။
တကယ့်ပြဿနာမှာ ဆောက်ရမည့် နန်းတော်မဟုတ်။ ထိုနန်းတော်ကို ဆောက်ရာတွင် အသုံးပြုရမည့် ပစ္စည်းများသာ ဖြစ်ကြလေသည်။ ပစ္စည်းများသည် သာမန်ပစ္စည်းများပင်လျှင် မဟုတ်ဘဲ အလွန်ကိုမှ အဖိုးတန်လှသော ဧကရာဇ်အဆင့် ပစ္စည်းများ ဖြစ်ကြကာ ပစ္စည်းတစ်ခုချင်းစီသည် အလွန်ကိုမှလည်း မာကျောလှပေသေးသည်။ ထိုပစ္စည်းများကို ရှာရန်အတွက် လူအင်အား အလွန်အကျွံ လိုအပ်သလို ပစ္စည်းများကို ရလာခဲ့ပါကလည်း လိုအပ်သော ပုံသဏ္ဍာန် အမျိုးမျိုးသို့ ပုံသွင်းနိုင်ရန်အတွက် အချိန်ယူရပေဦးမည်။
ထိုအကြောင်းကြောင့်ပင်လျှင် ယခုတာဝန် မည်မျှ ခက်ခဲကြောင်းကို လူတိုင်း နားလည်ထားကြခြင်း ဖြစ်လေသည်။ အကုန်လုံးမှာ စကားတစ်ခုမျှပင် ပြန်မပြောနိုင်တော့ဘဲ မှုန်ကုပ်ကုပ် အမူအရာဖြင့်သာ ရှိနေကြလေ၏။ လူအုပ်ကြီးထဲ အေးအေးဆေးဆေးပင် ရှိနေသည့်လူဆို၍ ရန်ကိုင်တစ်ဦးသာ ရှိပေသည်။ ရန်ကိုင်သည် သူ့အား ပေးအပ်လာသည့် တာဝန်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ လှည့်ပတ် စူးစမ်းကြည့်နေခဲ့လေသည်။ ရန်ကိုင်သည် နန်းတော်ဆောက်ရန်အတွက် နဂါးကျွန်းဆီသို့ လာခဲ့ခြင်းမဟုတ်။ ကျူချင်းကို ရှာရန်အတွက် နဂါးကျွန်းဆီသို့ လာခဲ့ခြင်း ဖြစ်လေသည်။ ကျူချင်းကိုသာ ရှာတွေ့နိုင်မည် ဆိုလျှင် သူ့အနေဖြင့် တခြားကိစ္စများကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ရုတ်တရက်ဆိုသလို ရန်ကိုင်ဆီသို့ အကြည့်တစ်စုံ ရောက်ရှိလာခဲ့လေသည်။ ရန်ကိုင်လည်း ထိုအကြည့်သို့ ပြန်လှည့်ကြည့်လိုက်ရာ မျောက်မျက်နှာနှင့်လူက သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ အကြည့်ချင်း ဆုံသွားသည့် အခိုက် ထိုလူသည် ရန်ကိုင်အား အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
ထိုလူသည် သူနှင့် ယွမ်ဝူအကြားရှိ ပြဿနာကို ဝင်ရောက်ဖြန်ဖြေပေးသူ တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်မှာ ထိုလူအပေါ် အတော်လေးကိုမှ အထင်အမြင် ကောင်းပေသည်။ ထို့အတွက်ကြောင့် ထိုလူမှ သူ့အား ခေါင်းညိတ်ပြနေသည်ကို မြင်သော် ရန်ကိုင်ကလည်း ပြန်၍ ခေါင်းညိတ်ပြလိုက်လေ၏။
ယွမ်ဝူမှာတော့ ထိုအခိုက်အတန့်မှာပဲ ရန်ကိုင် လုပ်နေသည့်ပုံကို သတိထားမိသွားခဲ့ပြီး သူ့စိတ်ထဲ ဒေါသရိပ်တို့ တလိပ်လိပ် တက်လာခဲ့လေသည်။ [ငါကတော့ တစ်လအတွင်း နန်းတော်ဆောက်လို့ မပြီးမှာကို စိတ်ညစ်နေရတယ်၊ ဒါပေမဲ့ ဒီခွေးသားကတော့ လုံးဝကို အေးအေးဆေးဆေးပဲ၊ ဘာလို့လဲ ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ၊ ဘာလို့ အဲဒီခွေးသားက အေးအေးဆေးဆေး ရှိနေရပြီး ငါက စိတ်ညစ်နေရတာလဲ]