အခန်း (၃၀၃၆-၃၀၄၀)
Vol. 131 Ch. 3036-3040
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၆)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ခုခု မှားယွင်းနေပြီမှန်း ခံစားမိလိုက်သော် ရန်ကိုင်သည် ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ့ဆီသို့ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ သူ့ဆီသို့ ပျံသန်းလာနေသည့် အမျိုးသားမှာတော့ ယွမ်ဝူမှလွဲ၍ အခြားမဟုတ်ပေ။ လက်ရှိအချိန်တွင် ယွမ်ဝူသည် အမျိုးသမီးများအား ဖားဖားယားယား အမူအရာများဖြင့် ခေါင်းညိတ်ကာ ပြုံးပြနေလေ၏။
အမျိုးသမီးသုံးဦးစလုံးမှာ လှပကြပေသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာနေသော အသက် ၂၅ နှစ်အရွယ်လောက် ရှိမည့် အမျိုးသမီးပင်။ ရန်ကိုင်ဆီသို့ ပျံသန်းလာနေရင်း သူမ ဝတ်ဆင်ထားသည့် တော်ဝင်အစိမ်းရောင်ဝတ်စုံနှင့် အနက်ရောင် ဆံပင်တို့မှာ လေနှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ ပြဿနာတစ်ခုခု ဖြစ်ထားသည့်အလား ထိုအမျိုးသမီးမှာ ဒေါသူပုန်ထနေခဲ့လေသည်။ သူမ၏ မျက်နှာကြီးမှာ သုန်မှုန်နေခဲ့ပြီး သူမ၏ အကြည့်မှာ အေးစက်နေခဲ့လေသည်။
သူ့ဆီသို့ ပျံသန်းလာနေသည့် ထိုလူများကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိုလူများ ဘာကြောင့် သူတို့ဆီသို့ လာနေသလဲ ဆိုသည့်အပေါ် အတွေးများမိသွားရပေသည်။ လျုစန်းနျန်မှာတော့ ထိုလူများကို မြင်လိုက်သည့်အခိုက် သူမ၏ မျက်နှာတစ်ပြင်လုံး ဖြူလျော့သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာ စတင်၍ တုန်ယင်လာရလေ၏။
ထိုအချင်းအရာကို မြင်သော် လျူယုချင်းသည် လျုစန်းနျန်ဆီသို့ အလျင်အမြန် ပြေးကပ်သွားခဲ့ပြီး လေသံတိုးတိုးလေးဖြင့် မေးလိုက်လေသည်။ "အမေ ဘာဖြစ်လို့လဲ"
လျုစန်းနျန်သည် ခေါင်းခါပြလိုက်ပြီး ပါးစပ်ပိတ်နေခဲ့သည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူမ၏ အမူအရာမှာ ပိုပို၍ သိသာလာရလေ၏။
လျုစန်းနျန်၏ ထူးဆန်းသည့် ပုံစံကို သတိထားမိလိုက်သော် ရန်ကိုင်သည် လျုစန်းနျန်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူတို့ဆီသို့ လာနေသော အမျိုးသမီးသုံးဦးဆီသို့ ပြန်ကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။"အစ်မလျု သူတို့ကို သိတာလား"
လျုစန်းနျန် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှသာလျှင် လျုစန်းနျန် ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားတော့လေသည်။
လျုစန်းနျန် ပြောပုံအရ လက်ရှိအချိန်တွင် သူတို့သည် နဂါးကလန်မှ ဖုချီဟု ခေါ်သော နဂါးပိုင်ဆိုင်သည့် ကျွန်းပေါ်သို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က ဖုချီသည် လျုစန်းနျန်အား ဖမ်းဆီးသွားခဲ့ပြီး ဤကျွန်းပေါ်တွင် အကျဉ်းချထားခဲ့လေသည်။ ရှင်းရှင်းပြောရသော် လျုစန်းနျန် တစ်ဦးတည်းသည်သာ ဤကျွန်းပေါ်၌ အကျဉ်းချထားခံရခြင်း မဟုတ်။ သူမနှင့်အတူ အခြားသော မိန်းကလေးပေါင်းများစွာသည်လည်း ဤကျွန်းပေါ်၌ အကျဉ်းချထားခံခဲ့ရလေသည်။
ထိုအမျိုးသမီးသုံးဦးသည် ဤကဲ့သို့သော လူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုလူများကို လျုစန်းနျန် သိနေရခြင်းပင်။ အားလုံးသည် ဤနေရာ၌ နှစ်ရာပေါင်းများစွာ ကြာအောင် အတူတကွ နေခဲ့လေရာ လျုစန်းနျန်မှာ ထိုလူများကို ကျိန်းသေ သိနေရပေလိမ့်မည်။ သို့သော်ငြား လက်ရှိ သူမပုံစံကို ကြည့်ရသလောက် လျုစန်းနျန်မှာ ထိုလူများကို ကြောက်နေသည့်ပုံပင်။ မသိလျှင် သူတို့အကြား စိုးရိမ်ဖွယ် ရန်ငြိုးရန်စများ ရှိထားသည့်အလား။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အကြမ်းဖျင်းလောက်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရှေ့တက်၍ လျုစန်းနျန်အား အမျိုးသမီးသုံးဦး၏ မြင်ကွင်းမှ ကာပေးထားလိုက်သည်။ အမျိုးသမီးသုံးဦး သူ့ဆီသို့ ဘာကြောင့် လာနေသလဲ ဆိုသည်ကို ရန်ကိုင် မသိရပါသော်ငြား ရှေ့ဆုံးမှ ဦးဆောင်လာနေသည့် အမျိုးသမီး၏ မျက်နှာကို ကြည့်ရသလောက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် သူတို့ဆီသို့ လာနေသည့်ပုံတော့ မပေါ်။
မျက်တောင်တစ်ခတ်အတွင်း ယွမ်ဝူနှင့် အမျိုးသမီးသုံးဦးတို့သည် ရန်ကိုင်ဆီသို့ ရောက်လာကြလေသည်။ သို့သော်ငြား အောက်သို့ ဆင်းမလာဘဲ လေထဲတွင် ဝဲရစ်၍သာ ရန်ကိုင်တို့အား အပေါ်စီးမှ ငုံ့ကြည့်နေလေ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသည့် အမျိုးသမီးသည် အေးစက်စက် အမူအရာဖြင့် ရန်ကိုင်ကို အထက်အောက် အစုံအဆန် စိုက်ကြည့်လိုက်ရင်းမှ ပြောလိုက်လေသည်။ "ဘယ်သူလုပ်တာလဲ"
ယွမ်ဝူသည် ရန်ကိုင်နှင့် အခြားလူများကို အလျင်စလို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ "သခင်မ သူတို့တွေ လုပ်တာပါ"
ဦးဆောင်လာသည့် အမျိုးသမီးသည် ရန်ကိုင်တို့အား စိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်လေ၏။ "မင်းတို့ ဘယ်လိုတောင် ရှောင်ဟုန်ကို ထိခိုက်အောင် လုပ်ရဲတာလဲ"
ရန်ကိုင်ကမူ ယွမ်ဝူကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။ ရန်ကိုင်၏ အကြည့်ကြောင့် ယွမ်ဝူမှာ စိတ်မသက်မသာ ဖြစ်လာရလေ၏။ လွန်ခဲ့သော ရက်ပိုင်းခန့်က ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သော် ယွမ်ဝူ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် ယွမ်ဝူမှာ ရန်ကိုင်ကို အမှန်တကယ် ကြောက်လန့်နေမိလေ၏။ ယနေ့ထိတိုင် ဧကရာဇ် ပထမအဆင့်သာ ရှိနေသော လူသားတစ်ဦးသည် မည်ကဲ့သို့များ သူ့ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေရလေသလဲ။ သူ၏ နဂါးသွေးမျိုးဆက်ကို မည်သို့များ ဖိနှိပ်နိုင်ရသလဲ ဆိုသည်ကို ယွမ်ဝူ နားမလည်နိုင်သေးချေ။
သို့ပင်ဖြစ်လင့်ကစား ယခုအချိန်တွင် ယွမ်ဝူသည် တစ်ဦးတည်း ရောက်လာခြင်း မဟုတ်ပေ။ ဤအမျိုးသမီး သူ့ဘေးနားတွင် ရှိနေသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်ကို ကြောက်မနေတော့ဘဲ ခေါင်းကိုမော့ ရင်ကိုကော့လျက် ပြောလိုက်လေ၏။ "ဒါက ဒီကျွန်းသခင်ရဲ့ အမျိုးသမီး၊ သခင်မဟွာပဲ၊ မင်းတို့ အားလုံး နားပင်းနေကြတာလား၊ အခုချက်ချင်း သခင်မဟွာကို ဦးညွှတ်လိုက်ကြလေ"
ယွမ်ဝူ၏ စကားကို ကြားသော် သခင်မဟွာ ဆိုသည့်လူသည် ခေါင်းမော့ ရင်ကော့ပြလိုက်လေသည်။ သခင်ဆိုလျှင်တော့ ဤကျွန်းပေါ်တွင် ကျွန်းသခင်၏ အမျိုးသမီး ဟူသော အသုံးအနှုန်းမှာ လုံးဝကို မရှိချေ။ ဖုချီသည် သူတို့အားလုံးကို ဤနေရာသို့ ခေါ်လာပြီး ကစားစရာများသဖွယ်သာ သဘောထားကြလေသည်။ မည်သူ့ကိုမျှ တလေးတစားဖြင့် ဆက်ဆံလေ့မရှိ။
သို့ရာတွင် သခင်မဟွာ ဆိုသည့်လူမှာ ယောက်ျားများအား မည်သို့ ပျော်အောင်ထားရမလဲ ဆိုသည်ကို ကောင်းကောင်းသိသည့် လူတစ်ယောက် ဖြစ်သည့်အလျောက် ဖုချီ၏ အနှစ်သက်ရဆုံးသော ကစားစရာတစ်ခု ဖြစ်လာခဲ့ရလေသည်။ ထို့အတွက်ကြောင့် ကျွန်းပေါ်ရှိ အခြားသော အမျိုးသမီးများနှင့် ယှဉ်လိုက်သော် သူမ၏ အဆင့်အတန်းမှာ ပိုမြင့်နေရခြင်းပင်။ ယွမ်ဝူ၏ စကားသည် သူမအား အမှန်တကယ်ကို ကျေနပ်သွားစေခဲ့လေသည်။ ထို့အတွက်ကြောင့် အထက်အရာရှိတစ်ဦး၏ ပုံစံမျိုးဖြင့် မျက်လုံးမှေးစင်းကာ ရန်ကိုင်တို့အား အထက်စီးမှ ငုံ့ကြည့်နေလေ၏။
ရန်ကိုင်ကမူ သခင်မဟွာ ဆိုသည့်လူအား ဂရုကို မစိုက်ဘဲ ယွမ်ဝူကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်မှ သူ့အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်နေသည်ကို မြင်ပြီးနောက် ယွမ်ဝူမှာ ဒေါသူပုန်ထသွားလေ၏။ [သခင်မဟွာကို တောင် ခေါ်လာပြီးတာကို ဒီကောင်က ခေါင်းမာနေရသေးတာလား၊ ဒီကောင် သခင်မဟွာ ဒီကျွန်းပေါ်မှာ ဘယ်လောက် အာဏာကြီးလဲ ဆိုတာကို မသိဘူးနဲ့တူတယ်]
သို့ပင် ဖြစ်လင့်ကစား ရန်ကိုင်၏ လုပ်ရပ်နှင့် ပတ်သက်၍ သူ့ရင်ထဲ ဝမ်းသာနေမိလေသည်။ သူကိုယ်တိုင်သည် ရန်ကိုင်၏ ပြိုင်ဘက်မဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင်အား သင်ခန်းစာ ပေးလိုပါက သခင်မဟွာဆီမှ အကူအညီ တောင်းရုံသာ ရှိပေတော့မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှ သခင်မဟွာအား ဆန့်ကျင်ဘက် လုပ်နေသည်ကို မြင်သော် သူ့ရင်ထဲ ဝမ်းပန်းတသာ ဖြစ်နေရခြင်းပင်။ ထိုအကြောင်းကြောင့်ပင်လျှင် လက်ရှိ အခြေအနေအား မီးလောင်ရာလေပင့် လုပ်ပေးလိုက်လေသည်။ "သခင်မဟွာ၊ ဒီကောင်က သခင်မဟွာကို လုံးဝ ဂရုမစိုက်ဘူး"
လက်ရှိအချိန်တွင် သခင်မဟွာ ဆိုသည်မှာလည်း အတော်လေးကိုမှ ဒေါသထွက်နေခဲ့လေသည်။ သူမ ပေါ်လာပြီးနောက် ဤလူများ ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်သွားကြလိမ့်မည်ဟု ထင်ထားပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုသို့ ဖြစ်မလာခဲ့ပေ။ သူမသည် နဂါးနွယ်ဖွား မဟုတ်သလို နဂါးကလန်မှလည်း မဟုတ်ပါသော်ငြား ဖုချီ၏ အနှစ်သက်ရဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ ထိုအတွက်ကြောင့် သူမကိုယ်သူမ ဤကျွန်းပေါ်ရှိ မည်သူ့ထက်မဆို ပို၍ အဆင့်အတန်းမြင့်သည်ဟု မှတ်ယူထားလေသည်။ ယွမ်ဝူ၏ သွေးထိုးလှုံ့ဆော်စကားကို ကြားသော် သခင်မဟွာသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် "နင်တို့က တကယ်ကို ရဲတင်းကြတာပဲ၊ ဒါကြောင့်ပဲ ရှောင်ဟုန်ကို ထိခိုက်အောင် လုပ်ရဲတာကိုး"
ထိုအခါမှသာလျှင် ရန်ကိုင်သည် သခင်မဟွာဘက်သို့ လှည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "ရှောင်ဟုန်က ဘယ်သူလဲ"
သခင်မဟွာတို့ ပြောနေသည့် ရှောင်ဟုန် ဆိုသည်မှာ မည်သူမှန်း ရန်ကိုင် မသိပေ။ ထို့အတွက်ကြောင့် ယွမ်ဝူ သူ့အပေါ် တမင်သက်သက် အကွက်ချ ကြံစည်ထားသည်ဟုသာ ရန်ကိုင် တွေးလိုက်လေသည်။
သခင်မဟွာက ပြန်ပြောလိုက်သည်။ "နင် ဘာလုပ်လိုက်လဲ ဆိုတာကို နင် မသိတာလား"
"ခင်ဗျား ဘာတွေ ပြောနေလဲ ကျုပ် နားမလည်ဘူး"
"ရိုင်းလိုက်တာ" ယွမ်ဝူက ရန်ကိုင်အား ထအော်လေသည်။ "ဒီနေ့ သခင်မဟွာရဲ့ ရွှေကျောပြင်ငါးပါးနီ ထိခိုက်သွားတယ်၊ ဒီကျွန်းပေါ်မှာ ရှောင်ဟုန်ကို ထိခိုက်အောင် လုပ်ရဲတာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်"
ရန်ကိုင်က ခေါင်းတစ်ခါခါဖြင့်... "ဘာ ရွှေကျောပြင်ငါးပါးနီလဲ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး"
ရန်ကိုင်သည် ယခုလေးတင် အပြင်မှ ပြန်ရောက်လာခြင်း ဖြစ်လေရာ လမ်းတစ်လျှောက်တွင် ရွှေကျောပြင်ငါးပါးနီကို လုံးဝ မြင်တွေ့ခဲ့ရဖူးခြင်း မရှိပေ။ သို့သော်ငြား ယွမ်ဝူ ပြောနေသည့် ပုံကို ကြည့်ရသလောက် ထိုအရာမှာ ငါးတစ်ကောင် ဖြစ်သည့်ပုံပင်။ ထိုငါးသည် ဤသခင်မဟွာ၏ အိမ်မွေးသားရဲလေး တစ်ကောင် ဖြစ်ရပေလိမ့်မည်။ ဖုချီ၏ ဖမ်းဆီးခြင်း ခံရပြီးသည့်နောက်တွင် အမျိုးသမီးများသည် ဖုချီ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရုံမှအပ သူတို့တွင် အခြားဘာမျှ လုပ်စရာ ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် အပျင်ဖြေနိုင်ရန်အတွက် ယခုကဲ့သို့သော အိမ်မွေးတိရစ္ဆာန်လေးများကို မွေးမြူထားကြခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်မှာ တကယ်ကို တရားခံ မဟုတ်ပေ။ ထို့အတွက်ကြောင့် လှောင်ပြုံးပြုံး၍သာ တွေးလိုက်လေ၏။ [ယွမ်ဝူ ယွမ်ဝူ၊ အစကတော့ မင်းကို လွှတ်ပေးဦးမလို့ပဲ၊ ဒါပေမဲ့ မင်းက ဒီလိုလှည့်ကွက်နဲ့ ငါ့ကိုလာ ပြဿနာရှာတယ်ပေါ့၊ ကြည့်ရတာ မင်း သင်ခန်းစာ မရသေးဘူးနဲ့တူတယ်]
ရန်ကိုင်၏ စိတ်ထဲ သတ်ဖြတ်လိုစိတ်တို့ တရိပ်ရိပ် လှိုက်တက်လာခဲ့လေသည်။
ရုတ်တရက် ဆိုသလို သခင်မဟွာသည် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "သူ့ကို ပြလိုက်"
ထိုအခါ သူမနှင့်အတူ ပါလာသော အမျိုးသမီးနှစ်ဦးအနက်မှ တစ်ဦးသည် ရေတိုင်ကီတစ်လုံးကို ကိုင်ရင်း ရှေ့သို့ တက်လာခဲ့လေသည်။ ရေတိုင်ကီထဲတွင်တော့ လက်တစ်ဝါးစာလောက် အရွယ်ရှိသည့် အနီရောင် ငါးတစ်ကောင် ရှိနေခဲ့သည်။ ထိုငါး၏ ကျောပြင်မှာ ရွှေရောင်ဖြစ်ပြီး လက်ကျန် ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ အနီရောင် ဖြစ်လေသည်။
ထိုအရာမှာ ယွမ်ဝူ ပြောသည့် ရွှေကျောပြင်ငါးပါးနီသာ ဖြစ်လေသည်။ လက်ရှိ ထိုငါးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုငါးသည် အဆင့်ငါး မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်လေသည်။ ၎င်း၏ ပုံစံမှာ အတော်လေးကိုမှ လှပါသော်ငြား အားကောင်းခြင်းတော့ မရှိ။ ထို့အပြင် ၎င်း၏ မူလအရွယ်အစားမှာ ဤထက် ပိုကြီးလောက်ပေသည်။ ထိုငါးကို ထည့်ထားသော ရေတိုင်ကီကြောင့်သာလျှင် ၎င်း၏ အရွယ်အစားမှာ ဤမျှ သေးငယ်နေရခြင်း ဖြစ်လောက်၏။
လက်ရှိအချိန်တွင် သေချာ ကြည့်ကြည့်မည် ဆိုပါက ထိုရွှေကျောပြင်ငါးပါးနီ၏ ကျောကုန်းပေါ်ရှိ အကြေးခွံအချို့မှာ ကွာကျနေကြောင်း တွေ့ရပေလိမ့်မည်။ သို့သော်ငြား ငါးပါးနီ ကိုယ်တိုင်မှာတော့ အဆင်ပြေပြေနှင့်သာ ရှိနေဆဲ။ အချိန်သာ ခဏလောက် ပေးလိုက်မည် ဆိုလျှင် ကြွေကျသွားသော ၎င်း၏ အကြေးခွံများမှာ သူ့အလိုလို အသစ် ပြန်တက်လာပေလိမ့်မည်။ သို့သော်ငြား သခင်မဟွာမှာတော့ ဤကိစ္စကို လုံးဝ အခဲမကျေနိုင်ဘဲ သူမ၏ငါး သေသွားသည်နှယ် ပြုမူနေခဲ့လေသည်။
ရေတိုင်ကီကို ကိုင်ထားသည့် အမျိုးသမီး၏ မျက်နှာမှာလည်း ရေခဲတမျှ အေးစက်နေခဲ့လေသည်။ ရေတိုင်ကီကို ကိုင်ထားရင်းမှ ရန်ကိုင်အား ငုံ့ကြည့်၍ အော်ပြောလိုက်သည်။ "ဒါ ရှောင်ဟုန်ပဲ၊ ရှင် အခု မှတ်မိသွားပြီလား"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဒီငါးပါးနီကို တစ်ခါမှ မတွေ့ဖူးဘူး၊ ထိခိုက်အောင် လုပ်ဖို့ဆိုရင်တော့ ဝေလာဝေး၊ ခင်ဗျား လူမှားပြီး လာအပြစ်တင်နေပြီ"
"သက်သေ နင့်အရှေ့မှာ ရှိနေတာတောင်မှ ငြင်းရဲသေးတယ်ပေါ့ ဟုတ်လား" သခင်မဟွာ အလွန်ကိုမှ ဒေါသသူပုန်ထသွားလေသည်။
ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ် အဲဒီငါးကို ထိခိုက်အောင် လုပ်တယ်လို့ ခင်ဗျားမှာ သက်သေရှိလို့လား၊ ပြီးတော့ ကျုပ်သာ တကယ်ကြီး အဲဒီငါးကို ထိခိုက်အောင် လုပ်မယ်ဆိုရင် အဲဒီငါး အခုချိန် အသက်ရှိတော့မှာ မဟုတ်ဘူး"
ထိုစကားကို ကြားသော် သခင်မဟွာမှာ ကြောင်သွားခဲ့လေသည်။ ထို့နောက် ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်လာခဲ့ပြီး ပြန်အော်ပြောလေ၏။ "နင် ငါ့ကို ဘယ်လို ပြောရဲတာလဲ"
"ကျုပ် ဘာသာကျုပ် ပြောချင်သလို ပြောမှာပေါ့၊ ခင်ဗျားကိုယ် ခင်ဗျား ဘာမှတ်နေလဲ" ရန်ကိုင်က ပြန်ပြောလိုက်သည်။
သခင်မဟွာမှာ ဤကျွန်း၏ ဒုတိယခေါင်းဆောင် ဟူသော ရာထူးနှင့် အသားကျနေသည့် လူတစ်ဦး ဖြစ်လေသည်။ ဖုချီ တစ်ယောက်မှလွဲ၍ ကျွန်းပေါ်ရှိ အခြားသူများ အားလုံး သူမအပေါ် လေးစားကြလေသည်။ ယွမ်ဝူ ကိုယ်တိုင်ပင်လျှင် သူမအား လေးစားပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှ သူမအား မတူမတန် ဆက်ဆံလာသည်ကို မြင်သည့်အခါ သခင်မဟွာမှာ လုံးဝကို သည်းမခံနိုင်တော့ခြင်း ဖြစ်လေ၏။
ရန်ကိုင်ကမူ သခင်မဟွာ ဒေါသထွက်နေသည်ကို ဂရုမစိုက်ခဲ့ဘဲ အေးစက်စက် အမူအရာဖြင့်သာ ပြန်ပြောလိုက်သည်။ "အဲဒီငါးပါးနီရဲ့ ဒဏ်ရာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး၊ အခု ခင်ဗျား လာတဲ့နေရာဆီ ပြန်သွားလိုက်ပေတော့၊ ကျုပ်ကို လာပြဿနာရှာမနေနဲ့"
ထိုစကားကို ကြားလိုက်သည့်အခါ သခင်မဟွာ၏ အမူအရာ ဒယ်အိုးဖင်နှယ် မဲမှောင်သွားခဲ့လေသည်။ ငါးပါးနီသည် တန်ဖိုးမကြီးပါသော်ငြား ထိုငါးပါးနီသည် သူမအား ဆယ်နှစ်ကျော်မက အဖော်ပြုပေးခဲ့သည့် အိမ်မွေးတိရစ္ဆာန်လည်း ဖြစ်ပေသည်။ သူမအနေဖြင့် အထီးကျန်တိုင်း ထိုငါးပါးနီလေးကသာ သူမ၏ အထီးကျန်မှုကို ဖြေဖျောက်ပေးခြင်း ဖြစ်လေ၏။ ယခု ငါးပါးနီလေး ထိခိုက်သွားရခြင်း ဖြစ်လေရာ သူမအနေဖြင့် တရားခံကို ကျိန်းသေ အပြစ်ပေးရပေလိမ့်မည်။
သို့သော်ငြား တရားခံမှာ သူ၏လုပ်ရပ်ကို ဝန်မခံဘဲ သူမကိုပင် ပြန်၍ စော်ကားမော်ကား ပြောဆိုနေခဲ့သည်။ ထိုကိစ္စသည် ငါးပါးနီ၏ ဒဏ်ရာတစ်ခုတည်းနှင့် မသက်ဆိုင်တော့ချေ။ သူမ၏ ရာထူးအာဏာနှင့်လည်း သက်ဆိုင်လာခဲ့လေသည်။ သူမသည်သာ ဤလူငယ်လေးကို သင်ခန်းစာ မပေးလိုက်မည် ဆိုပါက သူမ၏ ဂုဏ်သတင်းမှာ ထိခိုက်သွားရပေလိမ့်မည်။ [လူသားတစ်ဦးက ငါ့ကို ရန်စရဲတယ်ပေါ့ ဟုတ်လား]
သခင်မဟွာသည် ရန်ကိုင်အား ရနိုင်သမျှ နည်းလမ်းကို သုံး၍ သင်ခန်းစာ ပေးတော့မည်အပြု ယွမ်ဝူသည် ရန်ကိုင်အနောက်သို့ ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။ "သူ တရားခံ မဟုတ်ဘူးဆိုရင်၊ အဲဒီနှစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်၊ ဟုတ်တယ် သူတို့ပဲ သခင်မ၊ ဒီနေ့ည နှင်းပုလဲတွေကို အဲဒီသားအမိနှစ်ယောက် ဒီမှာ လိုက်ကောက်နေကြတာ၊ အဲဒီမှာ ပင်လယ်ထဲ လျှောက်သွားတုန်း သခင်မဟွာရဲ့ ရှောင်ဟုန်နဲ့ တွေ့ပြီးတော့ ရှောင်ဟုန်ကို ထိခိုက်အောင် လုပ်လိုက်မိတာပဲ ဖြစ်ရလိမ့်မယ်"
"ဘယ်လို" သခင်မဟွာ မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်အနောက်သို့ လှမ်းကြည့်လိုက်လေသည်။ မူလက ရှောင်ဟုန်၏ ဒဏ်ရာအပေါ်တွင်သာ အာရုံရောက်နေပြီး ယွမ်ဝူ ကိုယ်တိုင်ကလည်း ရန်ကိုင်သည် တရားခံ ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။ သူမ၏ စိတ်အလုံးစုံမှာ ရန်ကိုင်အပေါ်တွင်သာ ရောက်ရှိနေခဲ့လေသည်။ အခြားသော လူများအပေါ်သို့ အာရုံမရောက်နိုင်။
ယခု ယွမ်ဝူ ထပ်သတိပေးလာသည့်အခါမှသာလျှင် ရန်ကိုင်အနောက်တွင် လူနှစ်ဦး ပုန်းနေကြောင်း တွေ့လိုက်ရလေသည်။ တစ်ဦးသည် ရန်ကိုင်၏ အနောက်တွင် ပုန်းနေပြီး ကလေးမလေးတစ်ဦးမှာတော့ သူမအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေလိုက်လေ၏။
"ဟမ်" သခင်မဟွာ ထိုကလေးမလေးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုကောင်မလေးကို သူမ စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၇)
ဘာသာပြန်သူ_တိမ်တိုက်
ထိုကြောက်တတ်သည့် ကောင်မလေးကို ရင်းနှီးနေသလို ခံစားနေရပါသော်ငြား ထိုကောင်မလေးအား မည်သည့်နေရာတွင် တွေ့ဖူးမှန်း သခင်မဟွာ မမှတ်မိချေ။ သူမ ဤကျွန်းပေါ်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ရာမက ရှိသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် သူမအနေဖြင့် ထိုကောင်မလေးကို တွေ့ခဲ့ဖူးလျှင်ပင် လွန်ခဲ့သော နှစ်နှစ်ရာကျော်ခန့်က ဖြစ်ခဲ့ရပေလိမ့်မည်။
သို့သော်ငြား ဤကောင်မလေး၏ ကျင့်ကြံခြင်းနှင့် ရုပ်ရည်အရ ဤကောင်မလေးမှာ အပျိုအရွယ်လေးသာ ရှိပေသေးသည်။ တစ်နည်းဆိုရသော် ထိုကလေးမလေး၏ အသက်သည် နှစ်နှစ်ရာ မကျော်နိုင်သေးပေ။ ထိုအကြောင်းကြောင့် သခင်မဟွာအနေဖြင့် သူမအား ယခင်က တွေ့ဖူးခြင်းမှာ မဖြစ်နိုင်ပေ။ ထို့အပြင် ဤကောင်မလေး၏ မျက်နှာနှင့် မျက်လုံးများသည် သူမ သိသည့်လူတစ်ဦးနှင့် သွားဆင်နေပေသည်။
ထို့နောက်တွင် သခင်မဟွာသည် ရန်ကိုင်အနောက်တွင် ပုန်းနေသည့်လူဆီသို့ လှမ်းကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလျက်..."ယောက်ျားတစ်ယောက်နောက်မှာ ဘာလို့ ပုန်းနေရတာလဲ၊ အခုချက်ချင်း ထွက်လာခဲ့တော့"
ထိုစကားကို ကြားသော် လျုစန်းနျန်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့လေသည်။ သို့သော်ငြား လူလုံးတော့ ထွက်မပြခဲ့ပေ။
ထိုအချင်းအရာကို မြင်လိုက်သော် သူမ၏ ခန့်မှန်းချက် မှန်ကန်နေပြီမှန်း သခင်မဟွာ သိလိုက်ပြီး ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ "စန်းနျန်၊ ငါတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကနော်၊ ၁၀ နှစ်ကျော်လောက်ပဲ ရှိသေးတာကို နင် ငါ့ကိုတောင် မမှတ်မိတော့ဘူးလား"
[စန်းနျန်] ယွမ်ဝူ ကြောင်သွားခဲ့ပြီး သခင်မဟွာအား အထိတ်တလန့် ကြည့်လိုက်လေသည်။ ယခုမှသာလျှင် သခင်မဟွာနှင့် လျုစန်းနျန်တို့မှာ တစ်ဦးနှင့်တစ်ဦး သိနေကြမှန်း ယွမ်ဝူ နားလည်သွားရတော့လေသည်။ [သခင်မဟွာနှင့် လျုစန်းနျန်တို့သာ ရင်းနှီးကြတယ်ဆိုရင်တော့ ငါတော့ ပြဿနာတက်ပြီ]
သို့သော်ငြား အခြေအနေကို သေချာ အကဲခတ်ကြည့်ပြီးသည့်နောက် ယွမ်ဝူ စိတ်သက်သာရာ ရသွားတော့လေ၏။ [ဘာမှမဖြစ်ဘူး ကြည့်ရတာ သူတို့နှစ်ယောက်က မရင်းနှီးတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် သိပ်အမြင်မကြည်ကြတဲ့ပုံပဲ]
ယွမ်ဝူသည် မသိချင်ယောင်ဆောင်ရင်း သခင်မဟွာကို ကြည့်ရင်းမှ မေးလိုက်လေသည်။ "သခင်မ သူ့ကို သိတာလား"
သခင်မဟွာက ပြန်ပြောလိုက်သည်။ "သိတာပေါ့၊ ငါတို့ နှစ်နှစ်ရာလောက်တောင် အတူတူ နေခဲ့တာ၊ အဲဒီအချိန်အတောအတွင်း သူငါ့ကို အမြဲ ဂရုစိုက်ပေးခဲ့တာလေ၊ ဒီတော့ တစ်ယောက်အကြောင်း တစ်ယောက် မသိစရာလား"
ယွမ်ဝူက ဖားဖားယားယား ပြုံးလျက်..."တိုက်ဆိုင်လိုက်တာ"
သခင်မဟွာနှင့် လျုစန်းနျန်တို့သည် ဤကျွန်းပိုင်ရှင် ဖမ်းဆီးခေါ်လာခဲ့သည့် အမျိုးသမီးများဖြစ်မှန်း ယွမ်ဝူ နားလည်သွားခဲ့လေပြီ။ သခင်မဟွာ၏ ဒေါသထွက်နေသည့် ပုံစံကို ကြည့်ရသလောက် သခင်မဟွာနှင့် လျုစန်းနျန်တို့မှာ ဖုချီ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် အပြင်းအထန် ပြိုင်ဆိုင်ခဲ့ကြပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင်လျှင် သူတို့နှစ်ဦးမှာ တစ်ဦးပေါ်တစ်ဦး အမြင်မကြည် ဖြစ်နေရခြင်း ဖြစ်လေသည်။ ဖုချီမှ လျုစန်းနျန်အား နဂါးနန်းတော်ထဲမှ မောင်းထုတ်လိုက်ပြီးသည့်နောက်တွင် လျုစန်းနျန်မှာ နဂါးတစ်ပိုင်းမြို့တော်သို့ ရောက်လာခဲ့ရလေသည်။ သခင်မဟွာမှာတော့ မူလနေနေသည့် ဤကျွန်းပေါ်တွင်သာ ကျန်ရစ်နေခဲ့ရသည်။ ယခုဆိုလျှင် သခင်မဟွာမှာ သူ၏ ပြိုင်ဘက်ဟောင်းကို လာတွေ့ခဲ့ရပြီ ဖြစ်လေရာ သူမအနေဖြင့် မည်ကဲ့သို့များ တစ်ဖက်လူအပေါ် ဖော်ရွေပြနိုင်ပါမည်နည်း။
"စန်းနျန် နင် ဘာလို့ ငါ့ကို မတွေ့ချင်တာလဲ၊ ဘာလို့ ယောက်ျားတစ်ယောက်နောက်မှာ ပုန်းနေရတာလဲ၊ ငါ နင့်ကို မြင်တယ်နော်၊ နင် ပုန်းနေလည်း အလကားပဲ"
ရွေးစရာမရှိတော့သည့်အဆုံး လျုစန်းနျန်သည် ခေါင်းလေးငုံ့လျက် ရန်ကိုင်အနောက်မှ ထွက်လာခဲ့လေသည်။
လျုစန်းနျန်ကို မြင်လိုက်သည့်အခိုက် သခင်မဟွာ၏ နောက်တွင် ရှိနေသော အမျိုးသမီးနှစ်ဦးက အော်ပြောလိုက်လေသည်။ "တကယ်ကြီး နင်ပါလား" သူတို့သည်လည်း လျုစန်းနျန်ကို သိကြသည့်ပုံပင်။ သခင်မဟွာ ကိုယ်တိုင်က လျုစန်းနျန်အပေါ် အမြင်မကြည်သည့်အတွက်ကြောင့် သူမနှင့်အတူ ပါလာသော ကောင်မလေးနှစ်ဦးမှာလည်း လျုစန်းနျန်အပေါ် အမြင်မကြည်ကြတော့ပေ။
ယခင်ကဆိုလျှင် လျုစန်းနျန်သည် ဖုချီ၏ အမြတ်နိုးရဆုံး အမျိုးသမီး ဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် ဤကျွန်းပေါ်ရှိ သူမ၏ အဆင့်အတန်းမှာ လက်ရှိ သခင်မဟွာ၏ အဆင့်အတန်းနှင့် တူညီပေသည်။ ယခင် နှစ်နှစ်ရာ အတောအတွင်း သခင်မဟွာမှာ လျုစန်းနျန်အား အမြဲတစေ ရှုံးနိမ့်ခဲ့ရသည်။ ယခု လျုစန်းနျန်ကို နဂါးနန်းတော်ထဲမှ မောင်းထုတ်ပြီးချိန်တွင် သခင်မဟွာအနေဖြင့် သူမနှင့် ပြိုင်ဆိုင်မည့်လူ ရှိနေမည်ကို စိုးရိမ်စရာ မလိုတော့ချေ။ လျုစန်းနျန်ကိုလည်း သခင်မဟွာအနေဖြင့် ဆက်၍ စိတ်ပူနေစရာ မလိုတော့ပေ။
"အစ်မဟွာ၊ ညီမတို့" လျုစန်းနျန်သည် ခေါင်းငုံ့ရင်းမှ ထိုအမျိုးသမီးများကို နှုတ်ဆက်လိုက်လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် သူမအနေဖြင့် ထိုလူများ အရှေ့၌ လူလုံးထွက်မပြချင်ပေ။ သို့သော်ငြား သခင်မဟွာသည် သူ မည်သူမည်ဝါမှန်း သိသွားသည် ဖြစ်သည့်အတွက်ကြောင့် ဆက်ပုန်းနေလျှင်လည်း အပိုပင်။ ထို့အပြင် ဤပြဿနာကို ယနေ့အတွင်း တစ်ခါတည်း ဖြေရှင်းသွားရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက ပြဿနာ ပိုကြီးသွားနိုင်ပေသည်။ ရင်းနှီးနေသည့် မျက်နှာများကို ကြည့်ရင်း လျုစန်းနျန်၏ စိတ်ထဲ မနှစ်မြို့ဖွယ်ရာ အမှတ်တရများ ထွက်ပေါ်လာရတော့၏။
ရေတိုင်ကီကို ကိုင်ထားသော အမျိုးသမီးသည် လျုစန်းနျန်ကို စိုက်ကြည့်ရင်းမှ... "ဘာညီမလေးလဲ၊ နင့်ကို နန်းတော်က နှင်ထုတ်လိုက်ပြီ။ ငါတို့ကို အခု အဲဒီလိုမျိုး လာခေါ်နေစရာ မလိုဘူး၊ အရှက်မရှိတဲ့ ကောင်မကများ"
ကျန်အမျိုးသမီးတစ်ဦးသည် မည်သည့်စကားမျှ မပြောခဲ့ပါသော်ငြား သူမ၏ မျက်နှာထားအရ သူမသည်လည်း ထိုကဲ့သို့ ပြောချင်နေသည့်ပုံပင်။ သူတို့အနေဖြင့် လျုစန်းနျန်အပေါ် ယခုကဲ့သို့ လုပ်နေရခြင်းမှာ ယခင်က ဖုချီသည် လျုစန်းနျန်အား အခြားသူများထက် ပို၍ မျက်နှာသာ ပေးခဲ့သည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ယခု လျုစန်းနျန် နိမ့်ကျသွားရချိန် အခွင့်အရေးကို လက်မလွတ်တမ်း ဆုပ်ကိုင်၍ တစ်ဖက်လူအပေါ် ဖိနှိပ်လာခဲ့ခြင်းသာ ဖြစ်လေသည်။
သခင်မဟွာသည် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ "ထားလိုက်တော့၊ ငါတို့နဲ့ အတူတူ အကြာကြီး နေခဲ့တာပဲဟာကို၊ သူ့ကို ဒီလောက် မရိုင်းပြစမ်းပါနဲ့"
ထိုစကားကို ကြားသော် သခင်မဟွာ အနားတွင် ရှိနေသော အမျိုးသမီးက စကားပြောနေခြင်းကို ရပ်တန့်လိုက်လေသည်။ သခင်မဟွာသည် အောင်နိုင်သူ အပြုံးကို ဆင်မြန်းရင်းမှ လျုစန်းနျန်ကို ကြည့်၍ မေးလိုက်လေသည်။ "ငါတို့ မတွေ့ရတာ ဆယ်နှစ်ကျော်တောင် ကြာသွားပြီနော်၊ ဟုတ်တယ်မလား၊ နင် အဆင်ပြေရဲ့လား"
လျုစန်းနျန်သည် နှုတ်ခမ်းလေး ကိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ "အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဆင်ပြေပါတယ်"
သခင်မဟွာက ခေါင်းငြိမ့်၍..."ကောင်းတယ်၊ နင် ဒီကျွန်းကနေ ထွက်သွားရတုန်းက ငါ ဘယ်လောက် ဝမ်းနည်းလဲ နင် မသိလို့၊ စီနီယာဖုချီကို ငါကိုယ်တိုင်တောင် သွားတောင်းဆိုလိုက်သေးတယ်၊ ဒါပေမဲ့ သူက ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နင် ငါ့ကို အပြစ်တင်လို့ မရဘူး"
လျုစန်းနျန်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ကျွန်မ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး"
သခင်မဟွာက ပြုံးလျက်..."နင် သဘောထားကြီးတဲ့လူမှန်း ငါ သိပြီးသား၊ ဒါကြောင့်ပဲ ဆရာ မျက်နှာသာပေးတာကို ခံခဲ့ရတာ"
ထိုသို့ ပြောနေရင်းမှ လျုစန်းနျန်အား မသိမသာလေး လှမ်းကြည့်လိုက်လေသည်။ လျုစန်းနျန် စိတ်ဓာတ်ကျကျဖြင့် ခေါင်းငုံ့ထားသည်ကို မြင်သော် ဝမ်းသာအားရဖြင့် ထပ်ပြောလိုက်လေ၏။ "အရင်တုန်းကဆိုရင် နင့်ရဲ့ အဆင့်အတန်းက စီနီယာဖုချီ ပြီးတာနဲ့ အမြင့်ဆုံးပဲ၊ အဲဒီတုန်းက ငါတောင် နင့်ကို လေးစားရတယ်၊ ဒါပေမဲ့ ဘဝကြီးဆိုတာ သေချာတာမှ မဟုတ်တာ၊ အခုဆိုရင် ကြည့်စမ်း အခြေအနေတွေက ဘယ်လောက်တောင် ကွာသွားပြီလဲလို့"
သခင်မဟွာ သူမအား လှောင်ပြောင်နေမှန်း သိပါသော်ငြား လျုစန်းနျန်မှာတော့ တိတ်သာ တိတ်နေလေသည်။ လက်ရှိအချိန်တွင် သူမမှာ အားနည်းနေလေရာ တစ်ဖက်လူ ပြောသည်ကို ငြိမ်ခံနေရုံသာ တတ်နိုင်လေသည်။ ထို့အပြင် သူမသည် စီနီယာဖုချီ၏ နှလုံးသားကို ရရှိရန်အတွက် အခြားသူများနှင့် ဘယ်သောအခါမှ ပြိုင်ဆိုင်လိုစိတ် မရှိခဲ့သည့် လူတစ်ဦးလည်း ဖြစ်လေသည်။
"ဒါနဲ့ နင် ဒီကျွန်းကို ဘာလို့ ပြန်လာတာလဲ၊ ဆရာ့ဆီက ခွင့်ပြုချက် ရပြီးသွားပြီလား" သခင်မဟွာက ရုတ်တရက် ခေါင်းစဉ် ပြောင်းလိုက်သည်။
"မရသေးဘူး" လျုစန်းနျန်က ခေါင်းခါလိုက်သည်။
သခင်မဟွာက အံ့အားသင့်သွားချင်ယောင်ဆောင်လျက် "ဒါဆို သူ့ခွင့်ပြုချက် မပါဘဲ နင် ဒီကို ဘယ်လိုလုပ်ပြီး ပြန်လာရဲတာလဲ၊ ဆရာ နင့်ကို အပြစ်ပေးမှာကို နင် မကြောက်ဘူးလား"
ယွမ်ဝူက ပြုံးဖြီးဖြီးဖြင့် ဝင်ပြောလိုက်သည်။ "သခင်မ၊ ကျုပ်တို့ ဒီကို နန်းတော်ဆောက်ဖို့ လာခဲ့တာပါ၊ သူတို့တွေ အကုန်လုံးက နန်းတော်ဆောက်ဖို့အတွက် ကူညီပေးဖို့ လာခဲ့ကြတာပါ၊ ဒါကြောင့်ပဲ ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကိုမှ မလိုတာပါ"
အကြောင်းအရင်းကို သိသွားသော် သခင်မဟွာက ပြန်ပြောလိုက်လေသည်။ "အိုး ငါသိပြီ၊ ဒါဆိုရင်တော့ နင်တို့ သေသေချာချာ ဆောက်ကြနော်၊ အဲဒီနန်းတော်က ဆရာ့ရဲ့ မင်္ဂလာပွဲအတွက် ဆောက်နေတာပဲ၊ ဒီတော့ အကုန်လုံးက ပြီးပြည့်စုံနေမှ ရမှာ၊ အမှားတစ်ခုခု ရှိသွားရင်တော့ နင်တို့အားလုံး အပြစ်ပေးခံရလိမ့်မယ်"
"မင်္ဂလာပွဲ" ယွမ်ဝူ အံ့အာသင့်သွားလေသည်။ သူတို့ ဆောက်နေသည့် နန်းတော်သည် မင်္ဂလာပွဲအတွက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဖုချီသည် လူငါးရာကို ဤကျွန်းဆီသို့ ခေါ်လာပြီး သူတို့အား နန်းတော်တစ်လုံး ဆောက်ရန် မှာကြားခဲ့သည်။ သို့သော်ငြား ဘာကြောင့် ထိုနန်းတော် ဆောက်ရသလဲ ဆိုသည်ကိုတော့ ပြောပြမသွားခဲ့ပေ။ ယခု သခင်မဟွာ ပြောသည့်အကြောင်းကို ကြားမှသာလျှင် ထိုနန်းတော်သည် ဖုချီ၏ မင်္ဂလာပွဲအတွက် ဖြစ်နေမှန်း နားလည်သွားရတော့သည်။
မင်္ဂလာပွဲဆိုလျှင်တော့ ထိုမင်္ဂလာပွဲသည် အခမ်းအနားကြီးတစ်ခု ဖြစ်သွားခဲ့လေပြီ။ နဂါးတစ်ကောင် အရွယ်ရောက်လာရန်အတွက် နှစ်ပေါင်းများစွာ ကြာပေသည်။ ထို့အပြင် နဂါးထီးများနှင့် နဂါးမများ၏ အချိုးအစားမှာ ညီမျှခြင်း မရှိကြပေ။ ထို့အတွက်ကြောင့် နဂါးတစ်ကောင်နှင့်တစ်ကောင် ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖို့ရာ ခက်ခဲလှပေသည်။ ယွမ်ဝူ သိသလောက် နဂါးကလန်မှ မင်္ဂလာပွဲကို နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်မှာ လွန်ခဲ့သော နှစ်သောင်းနှင့်ချီခန့်က ဖြစ်ပေသည်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် ယခုတစ်ကြိမ် မင်္ဂလာပွဲ မည်မျှ အရေးကြီးကြောင်းကို တွေ့နိုင်လေ၏။
ထိုအချက်ကို နားလည်လိုက်သော် ယွမ်ဝူက အလျင်စလို ပြောလိုက်လေသည်။ "သခင်မ စိတ်မပူပါနဲ့၊ ကျုပ် ဒီနန်းတော်ကို ဆောက်တဲ့နေရာမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးပါမယ်"
"အင်း" သခင်မဟွာ ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက် "ဆရာက မကြာခင် လက်ထပ်တော့မှာ၊ အဲဒီအချိန်ကျရင် ငါတို့ ဘာတွေ ဖြစ်မယ်မှန်း ဘယ်သူမှ မသိကြဘူး၊ စန်းနျန် ငါ နင့်ကို တကယ် အားကျတယ်သိလား၊ နင်က ဒီနေရာကနေ ၁၀နှစ်စောပြီး ထွက်သွားနိုင်ပေမဲ့ ငါတို့မှာတော့ ထွက်သွားလို့ မရဘူး၊ ငါတို့ရဲ့ အနာဂတ် သခင်မက ဘယ်သူလဲဆိုတာလည်း မသိရသေးဘူး"
ရုတ်တရက် ဆိုသလို လျူယုချင်းက ပြောလိုက်လေသည်။ "ရှင်တို့ ထွက်သွားလို့ ရတယ်လေ၊ ဘယ်သူမှ ရှင်တို့ကို အတင်းနေခိုင်းတာမှ မဟုတ်တာ"
သူမသည် အသက်အရွယ်ငယ်ကာ အတွေ့အကြုံ မရှိပါသော်ငြား သခင်မဟွာနှင့် အခြားသော အမျိုးသမီးများသည် စိတ်ထားမကောင်းသည့် အမျိုးသမီးများမှန်း ပြောနိုင်ပေသည်။ ထိုအမျိုးသမီးများသည် သူမအမေကို ထပ်တလဲလဲ ရန်စစော်ကားနေရာ လျူယုချင်းမှာလည်း သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်မိလေ၏။
လျုစန်းနျန်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး လျူယုချင်းကို ချက်ချင်း ဆွဲခေါ်လျက် အပြစ်တင်လိုက်လေသည်။"အဲဒီလို မပြောနဲ့လေ"
သခင်မဟွာသည် မျက်လုံးမှေးစင်းလျက် လျူယုချင်းကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "စန်းနျန် ဒါက ဟိုကလေးလား"
လျူယုချင်းသည် လျုစန်းနျန်မှ မွေးခဲ့သည့် သမီးဖြစ်ရပေလိမ့်မည်။ လျူယုချင်းတွင် နဂါးသွေးကြော ပါမလာသည့်အတွက်ကြောင့်သာ သူမနှင့် သူမအမေသည် နဂါးကျွန်းဆီမှ နှင်ထုတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
လျူယုချင်း၏ အသက်အရွယ်နှင့် ပုံပန်းအသွင်အပြင်ကို ကြည့်ရသလောက် သူမသည် လျုစန်းနျန်၏ သမီးဖြစ်သည် ဟူသော အချက်အပေါ် သခင်မဟွာ အပြည့်အဝ ယုံကြည်ပေသည်။ လျူယုချင်း၏ ရန်စခြင်းခံလိုက်ရသော သခင်မဟွာမှာ အမှန်တကယ် စတင်၍ ဒေါသထွက်လာတော့လေ၏။ တစ်ဖက်လူအပေါ်လည်း ယဉ်ကျေးနေခြင်း မရှိတော့ချေ။
လျုစန်းနျန်က ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ပြန်ပြောလိုက်လေသည်။ "အစ်မဟွာ၊ သူ ဘာမှမသိလို့၊ ကျေးဇူးပြုပြီး အခုလိုမျိုး ပြောလိုက်မိတာပါ၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါနော်"
ရေတိုင်ကီကို ကိုင်ထားသည့် အမျိုးသမီးက အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "သူ့အမေ ဖြစ်ပြီးတော့ နင်က ဘာလို့ ဘာမှမသိတာလဲ"
လျုစန်းနျန်က နှုတ်ခမ်းလေးကို ကိုက်၍ ပြန်ပြောလိုက်သည်။ "အစ်မ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါနော်၊ ကျွန်မ သူ့ကိုယ်စား တောင်းပန်ပါတယ်"
သခင်မဟွာက လှောင်ပြုံးပြုံးလျက်..."ငါက သွေးအေးတဲ့ မိန်းမတစ်ယောက်လို့ နင် စောင်းပြောနေတာလား၊ ငါက အဲဒီလောက်တောင် ကြောက်ဖို့ ကောင်းနေလို့လား"
"ကျွန်မ အဲဒီလို ပြောတာ မဟုတ်ပါဘူး အစ်မ"
သခင်မဟွာက လက်ဝှေ့ယမ်းလျက်..."ကောင်းပြီ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
လျုစန်းနျန်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေသည်။"ကျေးဇူးအများကြီး တင်ပါတယ် အစ်မ"
ထို့နောက်တွင် သခင်မဟွာက ပြောလိုက်လေ၏။ "ဒါပေမဲ့ ရှောင်ဟုန်ကို ထိခိုက်သွားအောင် လုပ်တဲ့ တရားခံကိုတော့ ခွင့်လွှတ်ပေးလို့ မရဘူး၊ စန်းနျန် နင် ထွက်သွားပြီးတဲ့ နောက်ပိုင်း ငါ နင့်ကို နေ့တိုင်း လွမ်းနေရတယ်ဆိုတာ နင် သိလား"
သခင်မဟွာ ပြောသည့်စကားကို လျုစန်းနျန် ယုံလိမ့်မည် မဟုတ်ချေ။ ယခင်ကဆိုလျှင် သူမနှင့် သခင်မဟွာသည် ကမ္ဘာမကြေ ပြိုင်ဘက်များ ဖြစ်ကြပေသည်။ သခင်မဟွာဆိုလျှင် သူမအား အမြဲတစေကို ရန်စနေတတ်သည်။ သူမအနေဖြင့် သခင်မဟွာအား လစ်လျူရှုခဲ့သည့်တိုင် တစ်ဖက်လူမှာတော့ သူမနှင့် တောက်လျှောက်ကို ပြိုင်ဆိုင်နေခဲ့ပေသေးသည်။ ထို့အတွက်ကြောင့် သူမ ထွက်သွားပြီးသည့်နောက် သူမအား လွမ်းနေသည်ဟု သခင်မဟွာ ပြောလာခြင်းသည် အပိုစကားများ လျှောက်ပြောနေခြင်းသာ ဖြစ်ပေသည်။ သူမကဲ့သို့သော လူတစ်ဦးသည် ထိုကဲ့သို့ လွမ်းဆွတ်နေမည့် လူစားမျိုးပေလော။
"ဒါပေမဲ့ ရှောင်ဟုန်နဲ့ ငါ သွားတွေ့တယ်" သခင်မဟွာသည် ရေတိုင်ကီထဲတွင် ရှိနေသော ငါးပါးနီဘက်သို့ လှည့်၍..."လွန်ခဲ့တဲ့ ဆယ်စုနှစ်လုံးလုံး ရှောင်ဟုန်နဲ့ပဲ ငါ့ခမျာ အပန်းဖြေခဲ့ရတာ၊ ရှင်းရှင်းပြောရရင် ရှောင်ဟုန်က ငါ့ရဲ့ မိသားစုဝင်လိုပဲ၊ အခု သူ ထိခိုက်သွားတယ်ဆိုမှတော့ တရားခံကို လုံးဝ လွှတ်ပေးလို့ မရဘူး၊ နင် ငါ့ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်" ထိုသို့ ပြောပြီးသည့်နောက်တွင် သခင်မဟွာသည် လျုစန်းနျန်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ မေးခွန်းထုတ်လိုက်လေသည်။ "ရှောင်ဟုန်ကို ဒဏ်ရာရသွားအောင် လုပ်တာ ဘယ်သူလဲ”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၈)
ဘာသာပြန်သူ_တိမ်တိုက်
သခင်မဟွာ၏အမေးကိုကြားသော် လျူယုချင်း၏ခန္ဓာကိုယ်လေး တုန်တက်သွားခဲ့ပြီး ချက်ချင်း အကြည့်လွှဲလိုက်လေသည်။
သခင်မဟွာက နှာခေါင်းရှုံ့လျက် “တိတ်နေလိုက်လို့ ဒီကိစ္စကနေ လွတ်မယ်လို့ ထင်နေတာလား… ဒီကျွန်းမှာ လူတွေအများကြီးရှိတာမဟုတ်ဘူး… ဒီတော့ တရားခံဘယ်သူလဲဆိုတာ ရှာဖို့ခက်တာမဟုတ်ဘူး… အခုချိန် ကိုယ့်အမှားကိုယ် ဝန်ခံလိုက်မယ်ဆိုရင် အပြစ်က ပေါ့ဦးမှာနော်… မဟုတ်ရင်တော့…”
ယွမ်ဝူက ချက်ချင်းပြောလိုက်လေသည်။ “သခင်မ… ရှောင်ဟုန်ကို ထိခိုက်အောင်လုပ်သွားတာ အဲ့သားအမိနှစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်…”
သခင်မဟွာက ပြန်မေးလိုက်သည်။ “နင်ဘယ်လိုသိတာလဲ…”
ယွမ်ဝူက ရှင်းပြလိုက်သည်။ “ကျုပ်ပြောသလိုပဲလေ… သူတို့နှစ်ယောက်က ညလင်းပုလဲတွေကို ရှာဖို့ တာဝန်ယူထားတာ… သူတို့ ပင်လယ်ထဲမှာ ညလင်းပုလဲတွေ လိုက်ရှာနေတုန်း သခင်မရဲ့ငါးပါးနီ ထိခိုက်သွားတာ ဖြစ်ရလိမ့်မယ်… ကျုပ်သိသလောက်ဆိုရင်တော့ ပင်လယ်ထဲကို သူတို့နှစ်ယောက်ကလွဲပြီးတော့ ဘယ်သူမှ မသွားခဲ့ဖူးလားလို့…”
ထိုစကားကိုကြားသည့်အခါ သခင်မဟွာ၏အကြည့် စူးရဲသွားခဲ့ပြီး ချက်ချင်းပဲ လျူစန်းနျန်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “စန်းနျန်… နင် ဒီကိစ္စကို ဘယ်လိုရှင်းမှာလဲ…”
လျူစန်းနျန်က ခေါင်းလေးငုံ့လျက် “အစ်မ… ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါနော်… အဲ့ငါးပါးနီက အစ်မရဲ့ငါးမှန်း မသိခဲ့လိုပါ… သိသာသိခဲ့မယ်ဆိုရင် အခုလိုမျိုး ထိခိုက်အောင် လုပ်ခဲ့မိမှာမဟုတ်ပါဘူး…”
သခင်မဟွာက ဒေါမာန်တကြီးအမူအယာဖြင့် အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ဒီတော့ ရှောင်ဟုန်ကို ထိခိုက်အောင်လုပ်တာ နင်ပေါ့… စန်းနျန် နင် ငါ့ကို တကယ်စိတ်ပျက်အောင် လုပ်တာပဲ… ”
ထိုစဉ် လျူယုချင်းက ရှေ့သို့တက်၍ ဝင်ပြောလိုက်လေသည်။ “ကျွန်မအမေလုပ်တာမဟုတ်ဘူး… ကျွန်မလုပ်တာ… အဲ့ငါးက သူ့ဘာသာသူ ကျွန်မရှေ့မှာ ဗြုန်းစားကြီးပေါ်လာလို့ ကျွန်မလည်း ဒီတိုင်းပဲ ရိုက်လိုက်မိတာ… ဒီလောက်ကြီး ထိခိုက်သွားတာလည်း ဟုတ်တာမှမဟုတ်တာ…”
သူမသမီး၏လုပ်ရပ်ကြောင့် လျူစန်းနျန်မှာ အထိတ်ထိတ်အပျာပျာ ဖြစ်သွားခဲ့ပြီး သူမသမီးကို ချက်ချင်း နောက်သို့ တွန်းပို့လျက် ပြောလိုက်လေသည်။ “စကားမပြောနဲ့… တိတ်တိတ်နေ…”
သခင်မဟွာသည် လျူစန်းနျန်ကိုကြည့်ရင်း အေးစက်စက်အမူအယာဖြင့် “အိုး… ချစ်တတ်လိုက်ကြတဲ့ သားအမိတွေပါလား…” ထိုသို့သာပြောနေပါသော်ငြား သူမ၏မျက်နှာမှာမူ တစ်စုံတစ်ဦးကို သတ်ပစ်ရန် မစောင့်နိုင်တော့သည့်အလား ရေခဲတမျှ အေးစက်နေခဲ့လေသည်။
ရေတိုင်ကီကိုကိုင်ထားသော အမျိုးသမီးက အော်ပြောလိုက်သည်။ “ရှောင်ဟုန်က ဘာမှမထိခိုက်သွားဘူး ဟုတ်လား… နင့်မျက်လုံးကိုဖွင့်ပြီး သေသေချာချာ ကြည့်ကြည့်လိုက်… ရှောင်ဟုန်ကျောဘက်က အကြေးခွံတွေ ကွာကျနေပြီ… သခင်မ ရှောင်ဟုန်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင်မသိတာလား… အခု သခင်မခံစားနေရတာကို နင်တို့ ဘယ်လိုပြန်အလျော်ပေးမှာလဲ… ”
သခင်မဟွာ၏ စရိုက်အကြောင်းကို သိထားသူပီပီ ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်မှန်း လျူစန်းနျန်သိထားလေသည်။ သခင်မဟွာသည် သူမအပေါ် အမြင်မကြည်သူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အခွင့်အရေးသာရလျှင် သူမအား ကောင်းကောင်း သင်ခန်းစာ ပေးပေလိမ့်မည်။ ထိုအကြောင်းကြောင့် လျူစန်းနျန်သည် အလျင်စလို တောင်းဆိုလိုက်လေသည်။ “အစ်မ… ငါးပါးနီကို ထိခိုက်အောင်လုပ်တာ ကျွန်မပါ… ကျေးဇူးပြုပြီး ကျွန်မကိုပဲ အပြစ်ပေးပါနော်…”
“စန်းနျန်… နင် ငါ့ကို အရူးလို့ ထင်နေတာလား…” သခင်မဟွာသည် လျူစန်းနျန်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “နင်က ဧကရာဇ်အဆင့်မှာလေ… ရှောင်ဟုန်က အဆင့်ငါးမွန်းစတားသားရဲတစ်ကောင်ပဲ… နင်သာ တိုက်ခိုက်ခဲ့မယ်ဆိုရင် ရှောင်ဟုန် အခုချိန် အသက်ရှိတော့မှာမဟုတ်ဘူး…”
“တကယ်ကြီး ကျွန်မပါ…”
“အပိုတွေပြောမနေနဲ့… ငါ့ရဲ့ အဖိုးတန်ရှောင်ဟုန်လေးကို ဘယ်သူ ထိခိုက်အောင်လုပ်သွားလဲ ငါသိသွားပြီ…” သခင်မဟွာသည် လျူယုချင်းဘက်သို့ လှည့်၍ “နင်က ကိုယ့်သမီးကိုယ် ကောင်းကောင်းမသင်ပေးနိုင်မှတော့ ငါကပဲ နင့်ကိုယ်စား သင်ပေးရသေးတာပေါ့… စီနီယာအစ်မတစ်ယောက်အနေနဲ့လည်း ဒါ ငါလုပ်သင့်တဲ့တာဝန်ပဲ… ဒီတော့ နင် ငါ့ကို လာကျေးဇူးတင်နေစရာမလိုဘူး…”
“အစ်မ…” လျူစန်းနျန်မှာ ပျာယာခတ်သွားခဲ့ပြီး သူမသမီးရှေ့တွင် အလျင်စလို ပိတ်ရပ်လိုက်လေသည်။
လျူယုချင်းမှာတော့ သူမ အမှားကြီးတစ်ခုကို လုပ်လိုက်မိပြီမှန်း သိလိုက်သည့်အလျောက် သူမ၏မျက်နှာလေးမှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့သည်။ သို့သော်ငြား သူမ ထိုငါးကို တမင်သက်သက် ထိခိုက်အောင် လုပ်ခဲ့ခြင်း မဟုတ်ချေ။ ညလင်းပုလဲများကို သွားကောက်နေစဉ် ဧရာမငါးကြီးတစ်ကောင် သူမရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ လျူယုချင်းမှာလည်း အထိတ်ထိတ် အလန့်လန့်ဖြင့် ထိုငါးတည့်တည့်သို့ လက်ဝါးဖြင့် ရိုက်လိုက်မိသည်။ သို့သော်ငြား သူမ၏လုပ်ရပ်သည် ယခုကဲ့သို့ပြဿနာမျိုးကို ဖြစ်စေလိမ့်မည်ဟု ထင်ထားခြင်းမရှိခဲ့ပေ။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ထိုငါးပါးနီကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ထိခိုက်အောင် လုပ်ခဲ့မည်မဟုတ်ချေ။ သူမစိတ်ထဲ ကြောက်ရွံ့နေပါသော်ငြား ပြန်၍တော့ အော်ပြောလိုက်လေသေး၏။ “ကျွန်မအမေကို အနိုင်မကျင့်နဲ့…”
“နင့်အမေကို အနိုင်ကျင့်တယ်… နင် ဘာပြောချင်နေတာလဲ…” သခင်မဟွာက နှာခေါင်းရှုံ့လျက် “နင့်လိုကလေးမလေးတစ်ယောက်ဆိုတာ ဒီလောက်မရိုင်းသင့်ဘူး… သူ့ကို သွားရိုက်ပစ်လိုက်စမ်း…”
“ဟုတ်ကဲ့သခင်မ…” တစ်ချိန်လုံးတိတ်နေသော အမျိုးသမီးသည် ချက်ချင်း ရှေ့သို့တက်၍ လျူစန်းနျန်ကို စိုက်ကြည့်ရင်းမှ “ဘေးဖယ်နေ…”
လျူစန်းနျန်ကမူ သူမသမီးရှေ့တွင် ပိတ်ရပ်နေရင်းဖြင့်သာ ခေါင်းကို အဆက်မပြတ်ခါယမ်းလျက် သခင်မဟွာကို တောင်းပန်နေခဲ့လေသည်။
သခင်မဟွာက ဆက်ပြောလိုက်သည်။ “စန်းနျန်… နင် ငါ့အကြောင်းသိတယ်နော်… နင် အခုနေ ဘေးဖယ်လိုက်မယ်ဆိုရင် အပြစ်က ပေါ့ပေါ့လေးပဲ ရှိဦးမှာ… ဒါပေမယ့် နင် ငါ့ကို ဆက်ပြီးတော့ ကလန်ကဆန် လုပ်နေဦးမယ်ဆိုလို့ရှိရင်တော့ အခုကိစ္စက ပိုဆိုးသွားမှာနော်…”
ထိုစကားကိုကြားသည့်အခါ လျူစန်းနျန်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
“ဘေးဖယ်နေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ထိုအမျိုးသမီးသည် လျူစန်းနျန်ကို တွန်းဖယ်လိုက်လေသည်။ သူမ၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် လျူစန်းနျန်ထက် အများကြီး ပိုအားနည်းပါသော်ငြား လက်ရှိအချိန်တွင်တော့ လျူစန်းနျန်မှာ သူမအား မဆန့်ကျင်ရဲခဲ့ဘဲ သူမ၏တွန်းဖယ်မှုကြောင့် ဒယီးဒယိုင်ဖြင့် ဘေးသို့ လဲကျသွားခဲ့ရလေသည်။ သို့သော်ငြား သူမကိုယ်တိုင်သည်လည်း လက်ရှိအခြေအနေအပေါ် မည်သို့မှ ဝင်မကူညီနိုင်သည့်အတွက်ကြောင့် သူမသမီးကိုသာ မျက်ရည်ရွဲလဲအကြည့်ဖြင့် လှမ်းကြည့်နေရလေသည်။
“အမေ…” လျူယုချင်းက သူမအမေကို လှမ်းခေါ်လိုက်လေသည်။
ထိုအမျိုးသမီးသည် ရက်စက်ကြမ်းကြုတ်စွာပြုံးရင်း လျူယုချင်း၏မျက်နှာကို အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။ လျူယုချင်းမှာ ကလေးမလေးတစ်ဦးသာ ဖြစ်ပါသော်ငြား ဤအမျိုးသမီးမှာတော့ ညှာတာမည့်ပုံမပေါ်။ ရိုက်ရာတွင်ပင် သာမန်ရိုးရိုးရုပ်ခွန်အားကို သုံး၍ မရိုက်ဘဲ အရင်းအမြစ်ချီကို ထည့်သွင်း၍ပါ ရိုက်ခဲ့လေသည်။ လျူယုချင်း၏ကျင့်ကြံခြင်းမှာ အလွန်ကိုမှ နိမ့်ကျနေသေးသည့်အတွက်ကြောင့် ထိုကဲ့သို့သာ ရိုက်ခံလိုက်ရမည်ဆိုပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားရပေလိမ့်မည်။
လျူစန်းနျန်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိလေရာ သူမ၏လက်သည်းများသည်ပင်လျှင် အသားထဲသို့ နစ်ဝင်နေခဲ့ရလေသည်။ သို့တိုင် မည်သည့်နာကျင်မှုကိုမှ ခံစားရခြင်းမရှိ။ သူမသမီးကိုသာ မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေမိလေသည်။ ယခုနေ သူမသမီးကိုသွားကယ်လျှင် နှစ်ဦးစလုံး ပို၍ပြဿနာတက်သွားနိုင်မှန်း သိနေခဲ့သည်။ သခင်မဟွာသည် သူမတို့အား လုံးဝ အလွယ်တကူ အလွတ်ပေးလိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် တစ်ဖက်လူအား သူမတို့အပေါ် အနိုင်ကျင့်လို့ကောင်းမည့်အခွင့်အရေး ပေး၍မဖြစ်။ သို့သော်ငြား သူမသည်သာ ဤအတိုင် ရပ်ကြည့်နေမည်ဆိုလျှင်တော့ သူမသမီး အသက်ရှင်နိုင်ချေ ရှိပေသေးသည်။ ထို့အတွက်ကြောင့် သူမသမီး ဒုက္ခရောက်မည်မှန်း သိနေသည့်တိုင် ဝင်မကူညီရဲခြင်း ဖြစ်ပေသည်။
“ဖြန်း…”
ပါးရိုက်သံကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အမျိုးသမီးတစ်ဦး၏ စူးရှစွာအော်ဟစ်သံ ထွက်ပေါ်လာခဲ့လေ၏။ ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ကျသွားခဲ့လေသည်။
လျူစန်းနျန်မှာတော့ အလွန်ကိုမှ ရင်နာနေခဲ့ရသည်။ သူမ၏ဘဝမှာ အခက်အခဲပေါင်းများစွာနှင့် ပြည့်နေခဲ့ရလေသည်။ သူမအနေဖြင့် ယခုကဲ့သို့ မားမားမတ်မတ် ဆက်လက်အသက်ရှင်နေနိုင်ရခြင်းမှာ သူမ၏ အချစ်ရဆုံးသော သမီးလေးကြောင့်သာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမသမီးအပေါ် တစ်ခါမှ လက်မပါဖူးသလို မာမာထန်ထန်လည်း ဆူပူဖူးခြင်းမရှိပေ။ သို့သော်ငြား ယနေ့တွင်တော့ အခြားလူတစ်ဦးမှ သူမရှေ့တည့်တည့်တွင်ပင် သူမသမီးအား ပါးရိုက်နေခဲ့လေသည်။ သူမသမီး ယခုကဲ့သို့ ပါးရိုက်ခံနေရသည့်အပေါ် ဘာမှဝင်မကူညီနိုင်ဘဲ ရပ်ကြည့်နေရသည့် အားနည်းလွန်းလှသော သူမကိုယ်သူမလည်း အပြစ်တင်မိသလို သခင်မဟွာ၏ ရက်စက်ကြမ်းကြုတ်မှုအပေါ်လည်း အပြစ်တင်နေမိပေသည်။ နောက်ဆုံး မထိန်းနိုင်တော့သည့်အဆုံး မျက်ရည်များ သူမ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာရတော့လေသည်။
ပါးရိုက်သံထွက်ပေါ်လာပြီးသည့်နောက်တွင် လျူစန်းနျန်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် သူမသမီးဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လျူစန်းနျန် ကြောင်သွားခဲ့လေသည်။
လက်ရှိအချိန်တွင် လျူယုချင်းမှာ အလွန်ကိုမှ ကြောက်ရွံ့နေပါသော်ငြား သူမမျက်နှာထက် ဒဏ်ရာရထားသည့် မည်သည့်အရိပ်အယောင်မှ ရှိမနေခဲ့။ သို့သော်ငြား သူမသမီးကို ပါးရိုက်ရန် ကြံနေသော အမျိုးသမီး၏ မျက်နှာထက်တွင်မူ လက်ဝါးရာကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုမျှသာလျှင်မဟုတ်သေး သွေးများသည်လည်း သူမ၏ပါးစပ်ထောင့်မှ စီးကျနေခဲ့ပြီး ပါးရိုက်ခံထားရသည့် သူမ၏ပါးပြင်တစ်ခုလုံးမှာလည်း ယောင်ကိုင်းနေခဲ့လေ၏။
(ငါ့သမီး အဆင်ပြေနေသေးတယ်… ဒါဆို ပါးရိုက်ခံလိုက်ရတာ ငါ့သမီးမဟုတ်ဘူးပေါ့…) လျူစန်းနျန်မှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း နားမလည်နိုင်ခဲ့ပေ။
လျူယုချင်းကို ပါးရိုက်ရန်ကြံနေသည့် အမျိုးသမီးမှာမူ သူမ မည်ကဲ့သို့ ပါးရိုက်ခံရလို့ ခံရမှန်း မသိသည့်အတွက်ကြောင့် ငေးကြောင်ကြောင်ဖြင့် ရပ်နေမိလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ယွမ်ဝူ၊ သခင်မဟွာနှင့် ရေတိုင်ကီကိုကိုင်ထားသည့် အမျိုးသမီးမှာလည်း ကြောင်နေခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် သခင်မဟွာ၏အမူအယာ သုန်မှုန်သွားခဲ့ပြီး လျူယုချင်းရှေ့တွင် ရပ်နေသည့်လူငယ်လေးအား စူးရဲစွာစိုက်ကြည့်ရင်းမှ မေးခွန်းထုတ်လိုက်လေ၏။ “နင်လုပ်လိုက်တာမလား…”
ဤနေရာတွင် ရန်ကိုင်၊ လျူစန်းနျန်နှင့် လျူယုချင်းတို့သာ သူမအား ဆန့်ကျင်ရဲကြပေသည်။ သားအမိနှစ်ယောက်မှာ သခင်မဟွာကို တိုက်ခိုက်ရဲသည့်သတ္တိ မရှိပေ။ ထို့အတွက်ကြောင့် ယခုကဲ့သို့ သူမလက်အောက်ငယ်သားကို ပါးရိုက်လိုက်သည့်လူမှာ ရန်ကိုင်သာ ဖြစ်ရပေလိမ့်မည်။
သခင်မဟွာသည် ဤနေရာသို့ ရောက်လာပြီးချိန်မှစ၍ ရန်ကိုင်အား ဂရုကို မစိုက်ခဲ့ချေ။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသည်မဟုတ်ပေလော။ သူမ၏ကျင့်ကြံခြင်းသည်လည်း ထိုလူငယ်လေးနှင့် အဆင့်တူတွင်သာ ဖြစ်ပါသော်ငြား နဂါးကျွန်းပေါ်တွင် အရေးကြီးဆုံးမှာ ကျင့်ကြံခြင်းမဟုတ်ချေ။
သူမ၏ကျောထောက်နောက်ခံမှာ အဆင့်ရှစ်မိုးကြိုးနဂါးတစ်ကောင်ဖြစ်လေရာ ဤကျွန်းပေါ်တွင် မည်သူကများ သူမအား ဆန့်ကျင်ရဲပါမည်နည်း။ သို့သော်ငြား ဤဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးသည် သူမ၏လက်အောက်ငယ်သားကို သူမရှေ့တည့်တည့်တွင်ပင် ပါးရိုက်ရဲလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ ထိုလူငယ်လေး၏လုပ်ရပ်သည် သူမ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာ ဖြစ်ပေသည်။
ထို့အတွက်ကြောင့် သခင်မဟွာမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေတော့လေ၏။
“ဟုတ်တယ်… ကျုပ်လုပ်လိုက်တာ…” ရန်ကိုင်သည် အမှန်အတိုင်း ဝန်ခံလိုက်လေသည်။
ထိုစကားကိုကြားသော် လျူစန်းနျန်မှာ ရန်ကိုင်အပေါ် ကျေးဇူးတင်မိသွားပါသော်ငြား စိတ်လည်း ပူမိသွားပေသည်။ ရန်ကိုင်သည် ယွမ်ဝူကိုပင်လျှင် သင်ခန်စာပေးနိုင်သည့် အားကောင်းသောလူတစ်ဦးဖြစ်မှန်း သိပါသော်ငြား ယွမ်ဝူသည် သခင်မဟွာနှင့် ယှဉ်နိုင်သည့်လူမျိုးမဟုတ်။
ယွမ်ဝူကို ထိခိုက်အောင်လုပ်လိုက်၍ ဘာမှပြဿနာသိပ်မရှိ။ သို့သော်ငြား သခင်မဟွာကို သွားရန်စခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် လျူစန်းနျန်မှာ သူမ၏မျက်ရည်များကိုသုတ်ရင်း ရန်ကိုင်အား အဆက်မပြတ်ကို မျက်စပစ်ပြနေခဲ့လေ၏။
ရန်ကိုင်ကမူ လျူစန်းနျန်ကို မသိချင်ယောင်ဆောင်လျက် သူ့လက်ကိုဝှေ့ယမ်းလျက် အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။ “ရှင်းရှင်းပြောရရင် ကျုပ် မိန်းမတွေအပေါ် လက်မပါချင်ဘူး… ဒါပေမယ့် ခင်ဗျားတို့တွေအားလုံးက ဒီလောက်တောင် သောက်မြင်ကပ်စရာကောင်းနေတော့ ကျုပ်လည်း မနေနိုင်တော့ဘဲ လက်ပါမိလိုက်တာ…”
“နင်ဘာပြောလိုက်တာ…” သခင်မဟွာ၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။
ရန်ကိုင်က ခါးကိုမတ်လျက် ပြန်မေးလိုက်လေသည်။ “ခင်ဗျား နားပင်းနေတာလား… ကျုပ်ပြောလိုက်တာကို မကြားဘူးလား…”
သခင်မဟွာမှာ သူမကြားလိုက်သည့်စကားကို မယုံကြည်နိုင် ဖြစ်နေလေ၏။ (သူ ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပြောရဲတာလဲ… သူ ငါ့ကို ရန်စရဲတယ်လား… နဂါးကလန်သားတွေကလွဲပြီး ဘယ်သူမှ ငါ့ကို ဒီလိုမျိုးလာမပြောရဲဘူး…)
သခင်မဟွာ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသကြောင့် တဆတ်ဆတ်ကို တုန်ရီနေလေသည်။ “ကောင်လေး… နင် အသက်ရှင်ရတာ ငြီးငွေ့နေတယ်ပေါ့ ဟုတ်လား…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘာလဲ… ခင်ဗျားက ကျုပ်ကို သတ်ချင်နေတယ်ပေါ့ ဟုတ်လား… သခင်မဟွာ… ခင်ဗျားဆိုတာ နဂါးတစ်ကောင်ရဲ့ရမ္မက်ကျွန်ပဲ… အဲ့ထက် ဘာမှမပိုဘူး… အဲ့ဒါကို ခင်ဗျား ဘာတွေ ဒီလောက်တောင် မာန်ကြွနေရတာလဲ… ပြီးတော့ ဒီ ဘာမဟုတ်တဲ့ကိစ္စလေးအတွက် သည်းသည်းလှုပ်ကို ဖြစ်နေတယ်… အခြားသူတွေရဲ့အမြင်မှာ ခင်ဗျားက တကယ်ကို သောက်မြင်ကပ်စရာကောင်းတယ်ဆိုတာကို မသိတာလား… ခင်ဗျား ကျုပ်ကို နောက်တစ်ကြိမ် လာပြဿနာရှာလို့ရှိရင် ကျုပ် ခင်ဗျားကိုပါ ရိုက်မှာနော်… ကျုပ်အနေနဲ့ မိန်းမတွေအပေါ် သိပ်ပြီး လက်မပါချင်ဘူးဆိုပေမယ့် လုံးဝလက်မပါမှာတော့ မဟုတ်ဘူး…”
(ရမ္မက်ကျွန်… ကိစ္စလေး…) သခင်မဟွာ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားခဲ့ပြီး ဒေါသထွက်ထွက်နှင့် အရူးတစ်ပိုင်းနှယ် ကောက်ရယ်မောတော့လေသည်။ “ရှောင်ဟုန်ဒဏ်ရာရသွားလို့ ငါက သူ့အတွက် လက်စားလာပြန်ချေပေးတာ… အခု နင်က ငါကို လာရန်စပြီးတော့ ငါ့လက်အောက်ငယ်သားကိုပါ ဒဏ်ရာရအောင် လုပ်လိုက်တယ်… နင်စိတ်လွတ်နေတာလား…”
“ကျုပ် ခင်ဗျားလက်အောက်ငယ်သားကို ဒဏ်ရာရအောင်လုပ်တော့ရော ဘာဖြစ်လဲ… အစ်မလျူက ခင်ဗျားကို တောင်းပန်ပြီးသွားပြီ.. ခင်ဗျား ဘာလို့ မကျေနပ်သေးဘဲ သူ့သမီးကို ဆက်ပြီးတော့ ပြဿနာရှာနေတာလဲ…”
“တောင်းပန်တာက အဲ့လောက်တောင်အသုံးဝင်တာလား…” သခင်မဟွာ၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “တောင်းပန်လိုက်ရုံနဲ့ ရှောင်ဟုန်ရဲ့ဒဏ်ရာက ပြန်ပျောက်ကင်းသွားမှာလား… ရှောင်ဟုန်ရလိုက်တဲ့နာကျင်မှုကရော ဒီတိုင်းပျောက်သွားမှာလား… မရဘူး… ငါ အဲ့ကလေးကို ရှောင်ဟုန်ခံစားခဲ့ရတဲ့အတိုင်း ပြန်ခံစားရအောင် လုပ်ပြမှာ…”
ထိုစကားကိုကြားသော် လျူယုချင်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ငါးပါးနီမှာ အကြေးခွံလေးအချို့ ကျွတ်သွားရုံပင်။ သို့သော်ငြား ငါးပါးနီခံစားခဲ့ရသည့်အတိုင်း သူမသည်သာ ပြန်ခံစားရမည်ဆိုပါက သူမ၏အရေခွံကို ခွာမှသာ ရပေလိမ့်မည်။ သူမသည် ကလေးမတစ်ဦးသာ ရှိသေးလေရာ ထိုကဲ့သို့သောနာကျင်မှုကို မည်ကဲ့သို့များ ခံစားနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် သူမ၏မျက်နှာမှာ တမုဟုတ်ချည်းကို ဖြူလျော်သွားတော့လေသည်။
“ဒီတော့ ဒီကိစ္စကို ခင်ဗျားက ဒီအတိုင်းဖြေရှင်းချင်နေတာပေါ့…” ရန်ကိုင်က ပြန်မေးလိုက်သည်။
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ…” သခင်မဟွာက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်၏။ “ဟုတ်တယ်နော်… မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတာ အမှန်ပဲ…”
ထိုစကားကိုကြားသည့်အခါ လျူစန်းနျန်၏မျက်နှာလေး ပို၍ပင် ဖြူလျော်သွားခဲ့လေသည်။ ရန်ကိုင်သည် သခင်မဟွာပေးသည့်ဖိအားကို မခံနိုင်တော့ဘဲ လက်လျှော့လိုက်တော့မည်ဟု ထင်သွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်အနေဖြင့် ထိုကဲ့သို့လုပ်လိုက်မည်ဆိုလျှင်ပင် လျူစန်းနျန်အနေဖြင့် ရန်ကိုင်အား သွားအပြစ်မတင်နိုင်ပေ။ တကယ်တော့ ရန်ကိုင်သည် သူမတို့အား တတ်စွမ်းသလောက် ကာကွယ်ပေးခဲ့သည်မဟုတ်ပေလော။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၃၉)
ဘာသာပြန်သူ_တိမ်တိုက်
“နင်လည်း အဲ့ဒါကို မှန်တယ်လို့ထင်တယ်ပေါ့…” သခင်မဟွာသည် ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်သည်။
“ဟုတ်တယ်… ထင်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုဘေးဖယ်နေ… ငါ ပြီးမှ နင်နဲ့စာရင်းရှင်းမယ်…” သခင်မဟွာသည် သူမလက်ကို ဝှေ့ယမ်း၍ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်သည် ပြုံးဖြီးရင်းမှ သူ့လက်ကိုဆန့်ထုတ်၍ တစ်ခုခုအား ဖျစ်ညှစ်ချသည့်ပုံစံမျိုး လုပ်လိုက်လေသည်။
ရန်ကိုင်၏ ပါးရိုက်ခြင်း ခံလိုက်ရသည့်အမျိုးသမီးမှာတော့ အထိတ်ထိတ်အလန့်လန့်ဖြင့် ချက်ချင်း နောက်သို့ ဆုတ်သွားခဲ့လေသည်။ ရန်ကိုင် သူမအား နောက်တစ်ကြိမ်တိုက်ခိုက်လာသည်ဟု ထင်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမအား တိုက်ခိုက်လိုသည့်ပုံမပေါ်။ ထို့အတွက်ကြောင့် အမျိုးသမီးမှာ ရှက်သွားခဲ့ရလေ၏။
ထိုစဉ် ရေပွက်သံနှင့်အတူ ရန်ကိုင်မှ သူ့လက်ကို ပြန်ဆွဲယူလိုက်သည့်အခါ ရွှေကြောနီငါးပါးနီသည် သူ့လက်ထဲ မှော်ဆန်ဆန်ပေါ်လာခဲ့လေသည်။ သေသေချာချာ အနီးကပ်ကြည့်မည်ဆိုပါက ထိုငါးမှာ သခင်မဟွာ၏ အချစ်တော်လေးဖြစ်သော ရှောင်ဟုန်မှလွဲ၍ အခြားမဟုတ်မှန်း သိနိုင်ပေလိမ့်မည်။
ရန်ကိုင် ထိုငါးပါးနီကို မည်ကဲ့သို့ လှမ်းယူလိုက်လို့ယူလိုက်မှန်း မည်သူမှ မသိကြ။ ရန်ကိုင်လုပ်သွားသည်မှာ သူ့လက်ကိုဆန့်ထုတ်၍ လက်ချောင်းများကို ဆုပ်လိုက်ရုံပင်။ ထိုသို့လုပ်ပြီးသွားသည်နှင့် ငါးပါးနီသည် သူ့လက်ထဲ မှော်ဆန်ဆန်ပေါ်လာခဲ့လေသည်။
ရေတိုင်ကီကိုကိုင်ထားသည့်အမျိုးသမီးမှာတော့ ကြောင်နေခဲ့လေသည်။ ရန်ကိုင်၏လက်ထဲရှိငါးပါးနီကို ကြောင်ကြည့်နေပြီးသည့်နောက် သူမရေတိုင်ကီထဲသို့ ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အလန့်တကြားထအော်လေ၏။ “အား…”
ထိုအခါမှသာလျှင် သခင်မဟွာသည်လည်း အသိပြန်ဝင်လာခဲ့ပြီး ဒေါမာန်တကြီးဖြင့် “နင်ဘာလုပ်နေတာလဲ… အခုချက်ချင်း ရှောင်ဟုန်ကို လွှတ်လိုက်စမ်း…”
“ငါးပါးနီလေးပဲကို ခင်ဗျားက ဒါကို ဘာလို့ ဒီလောက်တောင် တန်ဖိုးထားနေရတာလဲ… ကျုပ်အမြင်အရဆိုရင် ဒါက အမှိုက်တစ်စနဲ့တောင်မခြားဘူး…” ရန်ကိုင်သည် ငါးပါးနီကို သူ့ရှေ့တွင်ထားကာ ကြည့်နေရင်းမှ လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။
ထိုအခိုက်အတန့်၌ သခင်မဟွာသည် မကောင်းသည့်ခံစားချက်တို့ကို ရလိုက်ကာ အလျင်စလိုပြောလိုက်လေသည်။ “ငါ တစ်ကနေ သုံးထိရေမယ်… အဲ့အချိန်အတွင်းမှာ ရှောင်ဟုန်ကိုပြန်မလွှတ်သေးရင် ငါနင့်ကိုသတ်မှာနော်…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် သခင်မဟွာသည် စတင်ရေတွက်တော့လေ၏။ “သုံး…”
“ဘုန်း…”
ထိုအခိုက်အတန့်မှာပင် သခင်မဟွာ၏မျက်လုံးများ မှေးစင်းသွားခဲ့ရလေသည်။ ရန်ကိုင်သည် သူ့လက်အား တင်းတင်းဆုပ်ချလိုက်ရာ သူ့လက်ထဲတွင်ရှိနေသော ငါးပါးနီမှာ အသက်ထွက်သွားခဲ့ရလေ၏။ ရှောင်ဟုန်သည် အဆင့်ငါးမွန်းစတားသားရဲတစ်ကောင်သာဖြစ်လေရာ ရန်ကိုင်၏တိုက်ခိုက်မှုကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
ရန်ကိုင်မှ သူ့လက်အား တင်းတင်းဖျစ်ညှစ်ချလိုက်သည့်အတွက်ကြောင့် ငါးပါးနီမှာ နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ခေါင်းတခြားကိုယ်တခြား မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။ သေဆုံးသွားပြီးသည့်နောက်တွင် ငါးပါးနီသည် ၎င်း၏မူလအရွယ်အစားဖြစ်သော ဆယ်မီတာခန့်အရှည်ရှိသည့် ငါးကြီးတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။ ယွမ်ဝူသည်လည်း ထိုမြင်ကွင်းကိုစိုက်ကြည့်ရင်း မယုံကြည်နိုင်ဟန်အထင်းသား ဖြစ်နေခဲ့လေသည်။ ဤလူငယ်လေးသည် ဤမျှရမ်းကားရဲလိမ့်မည်ဟု သူလုံးဝ ထင်ထားခြင်း မရှိသည့်ပုံပင်။
ငါးပါးနီမှာ အဖိုးမတန်ပါသော်ငြား ထိုငါးပါးနီသည် သခင်မဟွာအတွက်တော့ အလွန်ကိုမှ အဖိုးတန်ပေသည်။ ငါးပါးနီ၏အကြေးခွံလေး ကွာကျသွားသည့်အတွက်ကြောင့် သခင်မဟွာမှာ အလွန်ကိုမှ ဒေါသူပုန်ထခဲ့ရလေရာ ယခု ငါးပါးနီသေသွားသည့်အဖြစ်ကို မြင်ပြီးသည့်နောက် သခင်မဟွာ မည်မျှဒေါသထွက်နေသလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
(ဒီခွေးကောင်လေးကတော့ သေပြီပဲ…) ယွမ်ဝူမှာ ရန်ကိုင်၏လုပ်ရပ်အပေါ် ကြိတ်၍ ဝမ်းသာနေမိလေသည်။ ရန်ကိုင် သူ့အား မည်ကဲ့သို့ အရှက်ခွဲခဲ့သလဲဆိုသည်ကို သူ သေသေချာချာ မှတ်မိနေပေသေးသည်။ သူကိုယ်တိုင်သည် ရန်ကိုင်အပေါ် ပြန်လက်စားချေနိုင်ခြင်းမရှိ။ သို့သော်ငြား သခင်မဟွာသည်သာ ရန်ကိုင်အား သတ်ပစ်နိုင်မည်ဆိုလျှင်တော့ ယွမ်ဝူ အမှန်တကယ်ကို ဝမ်းသာမိပေလိမ့်မည်။
လျူစန်းနျန်နှင့် သူမသမီးမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေခဲ့လေသည်။ သူမတို့ ရန်ကိုင်အား တွေ့ခဲ့သည်မှာ မကြာသေးပေ။ ရန်ကိုင်သည် လီကျောက်၏မိတ်ဆွေဖြစ်သည်ဟုသာ သိထားခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်သည် ဤမျှ ပရမ်းပတာနိုင်လွန်းသည့်လူတစ်ဦး ဖြစ်လိမ့်မည်ဟုတော့ ထင်ထားခြင်း မရှိခဲ့ပေ။
(အခု ငါတို့တော့ သွားပြီ… ခုနတုန်းက အကြေးခွံလေး ကွာကျသွားတာကိုတောင် ဒီလောက်ဖြစ်နေရင် အခု ငါးပါးနီသေသွားတာဆိုတော့ သခင်မဟွာ ငါတို့ကို လုံးဝ အလွတ်ပေးတော့မှာမဟုတ်ဘူး…) လျူစန်းနျန် အလွန်ကိုမှ စိတ်ပူနေခဲ့လေသည်။ ဤမျှ တဇွတ်ထိုးနိုင်ရလေသလားဟု ရန်ကိုင်အပေါ် ကြိတ်၍ အပြစ်တင်နေမိပါသော်ငြား ရန်ကိုင်ကို သူမပြဿနာထဲ ဆွဲသွင်းမိသည့် သူမကိုယ်သူမလည်း ပြန်၍ အပြစ်တင်နေမိလေသည်။ (ငါ ဒီကိစ္စကို လီကျောက်ကို ဘယ်လိုသွားရှင်းပြရတော့မှာလဲ…)
“နင်… နင်… နင် ဘယ်လိုတောင် ရှောင်ဟုန်ကို သတ်ရဲတာလဲ…” ရေတိုင်ကီကိုကိုင်ထားသည့် အမျိုးသမီးသည် ရန်ကိုင်အား ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ (ဒီအရူးကောင် ဘယ်ကနေရောက်လာတာလဲ… သူ့လုပ်ရပ်က ပြဿနာကို လက်ယက်ခေါ်လိုက်တယ်ဆိုတာကို သူမသိတာလား…)
ထိုအမျိုးသမီးမှာ အလွန်ကိုမှ မင်သက်နေခဲ့လေရာ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေခဲ့ရလေသည်။
ရန်ကိုင်ကမူ သခင်မဟွာအား လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး… ကဲ… အခု ကျုပ် ခင်ဗျားရဲ့ရှောင်ဟုန်လေးကိုသတ်လိုက်ပြီ… ခင်ဗျား ကျုပ်ကို ဘာပြန်လုပ်မှာလဲ…”
သခင်မဟွာ၏ရင်အစုံမှာ ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။ “သူ့ကိုသတ်… အခုချက်ချင်း သူ့ကိုသတ်စမ်း…”
သခင်မဟွာမှာ ဆက်၍ သည်းမခံနိုင်တော့ချေ။ မူလကမူ ရှောင်ဟုန်ကို ဒဏ်ရာရသွားအောင်လုပ်သည့်လူအား အပြစ်ပေးရုံလောက်သာ လုပ်လိုခြင်းဖြစ်ပေသည်။ သို့သော်ငြား တရားခံမှာ လျူစန်းနျန်တို့မှန်း သိသွားပြီးသည့်နောက် အစီအစဉ်ပြုံးကာ လျူစန်းနျန်ကိုအရှက်ခွဲရန် ကြိုးစားခဲ့လေသည်။ သို့သော်ငြား လက်တွေ့မှာ သူမ ထင်ထားသလို ဖြစ်မလာခဲ့ဘဲ သူမ၏အချစ်တော်ရှောင်ဟုန်လေးသာ အသတ်ခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် သခင်မဟွာ၏စိတ်ထဲ ရန်ကိုင်အား သတ်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်လာရတော့လေ၏။ ရန်ကိုင်သေသွားမှသာလျှင် သူမရင်ထဲ လောင်မြိုက်နေသည့် ဒေါသမီးတောက်တို့ ငြိမ်းသွားရနိုင်ပေလိမ့်မည်။
သခင်မဟွာ၏အမိန့်ပေးသံမှာ ကျယ်လောင်ပြီး ပြတ်သားပါသော်ငြား မည်သူမျှ လှုပ်ရှားခြင်းမရှိပေ။ သခင်မဟွာနှင့်အတူ ပေါ်လာသည့် အမျိုးသမီးနှစ်ဦးမှာ တာအိုသခင်အဆင့်သာ ရှိကြပေသေးသည်။ ဧကရာဇ်ပထမအဆင့်သို့ရောက်နေသော ရန်ကိုင်ကို သူမတို့အနေဖြင့် မည်ကဲ့သို့များ သွားတိုက်ခိုက်ရဲပါမည်နည်း။
ထို့အပြင် ရန်ကိုင်လုပ်သွားသည့်ပုံကို ကြည့်ရသလောက် ဤလူသည် အတိုင်းအဆမသိဘဲ လုပ်ချင်ရာလုပ်သည့် အရူးတစ်ယောက်မှန်း သိသာလှသည်။ သူတို့သည်သာ ထိုလူအား သွားရန်စလိုက်မည်ဆိုပါက အခန့်မသင်လျှင် နေရာတွင်ပင် တန်းအသက်ပျောက်သွားရနိုင်ပေသည်။
ထိုလူများ တုံ့ဆိုင်းနေကြသည်ကိုမြင်သော် သခင်မဟွာက ထအော်လေသည်။ “နင်တို့ ဘာတွေရပ်စောင့်နေကြတာလဲ… ငါကိုယ်တိုင်လှုပ်ရှားမှာကို စောင့်နေကြတာလား…”
သခင်မဟွာကိုယ်တိုင်လှုပ်ရှားရမည်ဆိုလျှင် ထိုအမျိုးသမီးနှစ်ဦး ဒုက္ခရောက်ကြရပေဦးမည်။ ထို့အတွက်ကြောင့် ရွေးစရာမရှိတော့သည့်အဆုံး၌ အမျိုးသမီးနှစ်ဦးသည် အကြည့်ချင်းဖလှယ်၍ ရန်ကိုင်ဆီသို့ ခုန်ဝင်သွားလေသည်။ သူမတို့နှစ်ဦးမှာ ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ကြပါသော်ငြား အနည်းဆုံးတော့ လှုပ်ရှားပြရပေလိမ့်ဦးမည်။ ထိုသို့သာမဟုတ်ပါက ဆိုးဆိုးရွားရွား အပြစ်ပေးခံရနိုင်ပေသည်။ ထို့အတွက်ကြောင့် အမျိုးသမီးနှစ်ဦးမှာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ဆီသို့ ခုန်ဝင်သွားကြလေ၏။
တာအိုသခင်တတိယအဆင့် ကျင့်ကြံသူများပင်ဖြစ်လင့်ကစား ဤအမျိုးသမီးများသည် ဤကျွန်းပေါ်တွင်သာ ဖုချီ၏စိတ်အလိုဆန္ဒများကို ဖြည့်ဆည်းပေးရန်အတွက် အချိန်ကုန်နေခဲ့ရခြင်း ဖြစ်သည့်အတွက်ကြောင့် သူမတို့၏တိုက်ပွဲစွမ်းရည်မှာ ထိုမျှမြင့်မားခြင်း မရှိတော့ချေ။ သို့တိုင် အမျိုးသမီးနှစ်ဦးမှာ အပြစ်ပြောစရာမရှိရလေအောင် သူမတို့၏ ခွန်အားအကုန်အစင်ကို ထုတ်သုံး၍ တိုက်ခိုက်ခဲ့လေသည်။
သို့တိုင် ရန်ကိုင်သည် တစ်ချက်ကလေးမျှပင် မလှုပ်ရှားခဲ့ဘဲ မတ်တပ်သာရပ်နေခဲ့သည်။ ထိုသို့သာဖြစ်လင့်ကစား အမျိုးသမီးနှစ်ဦးမှာတော့ ရန်ကိုင်အား တိုက်ခိုက်လိုက်ပြီးသည်နောက် သူတို့သည်သာ ပြန်လည်လွင့်စင်ထွက်သွားကြရလေသည်။ လေထဲ သွေးအပွက်ပွက် အန်ထွက်သွားပြီးသည့်နောက် မြေပြင်ပေါ်သို ပြုတ်ကျသွားသည့်အခါ နှစ်ဦးစလုံး အရုပ်ကြိုးပြတ်ပမာ လဲကျသွားရလေသည်။
“နင်… ဘယ်လိုတောင်…” ထိုမြင်ကွင်းကိုကြည့်ရင်း သခင်မဟွာသည် အသံကုန်ထအော်တော့လေသည်။
ရန်ကိုင်သည် ရှောင်ဟုန်ကို သတ်ပစ်ခဲ့ရုံမက သူမ၏လက်အောက်ငယ်သားနှစ်ဦးကိုလည်း ထိခိုက်အောင်လုပ်ရဲခဲ့သည်။ ရန်ကိုင်၏လုပ်ရပ်သည် သခင်မဟွာစဉ်းစားနိုင်သည့်ဘောင်အလွန်ကို လုံးဝ ကျော်လွန်နေခဲ့လေသည်။ သူမ၏အချစ်တော်လေးကို သတ်သွားသည့်လူသည် သူမရှေ့တွင် ရှိနေပါသော်ငြား ဘာမျှလုပ်မရသည်ကိုကြည့်ရင်း သခင်မဟွာ၏ခန္ဓာကိုယ်သည် ပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးနှယ် အဆက်မပြတ် တုန်ရီလာခဲ့လေသည်။
သူမရင်ထဲ အလွန်တရာကိုမှ ဒေါသထွက်နေသည့်တိုင် သခင်မဟွာမှာ ကိုယ်တိုင်လှုပ်ရှားလိုစိတ်မရှိ။ ထို့အတွက်ကြောင့် ယွမ်ဝူဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “နင် ဘာတွေရပ်စောင့်နေတာလဲ… သူ့ကိုသွားသတ်…”
ယွမ်ဝူမှာ မီးခဲပေါ် ဖင်ခုထိုင်လိုက်ရသည့်အလား ဖြစ်သွားတော့လေ၏။ သူသာ ရန်ကိုင်အား အနိုင်ယူနိုင်လျှင် သခင်မဟွာပင် အမိန့်ပေးနေစရာမလို။ အစောကြီးတည်းက ပြေးထွက်သွားပြီး ရန်ကိုင်အား ကောင်းကောင်း သင်ခန်းစာပေးပစ်လိုက်ပေပြီ။ ထိုသို့သာလုပ်လိုက်မည်ဆိုပါက ရန်ကိုင်အပေါ် ခံစားနေရသည့် သူ၏မကျေနပ်ချက်တို့ကို ဖွင့်ထုတ်နိုင်မည်ဖြစ်သလို သခင်မဟွာနှင့်လည်း ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်ပေလိမ့်မည်။ သို့သော်ငြား ယွမ်ဝူအနေဖြင့် ရှေ့သို့ ပြေးထွက်သွား၍မရပေ။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူကိုယ်တိုင်သည် ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့ပြီးသွားလေပြီ။ ထိုစဉ်က ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူ့ထက် တစ်ဆင့်နိမ့်နေသည့်တိုင် ယွမ်ဝူမှာ လူရှေ့သူရှေ့၌ မရှုမလှ ရှုံးနိမ့်ခဲ့ရသလို အရှက်တကွဲအကျိုးနည်းလည်း ဖြစ်ခဲ့ရသည်။ ထိုစဉ်က ရန်ကိုင် သူ့အပေါ် ညှာတာခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ယွမ်ဝူအနေဖြင့် ယနေ့ ဤနေရာတွင် ဆက်၍ ရပ်နေနိုင်တော့လိမ့်မည်မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် သခင်မဟွာ၏အကူအညီကို ယူ၍ ရန်ကိုင်အား သင်ခန်းစာပေးရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်သည် သခင်မဟွာ၏ အချစ်တော်သားရဲပေါက်လေးကို သတ်ပစ်ခဲ့ရုံမက သခင်မဟွာ၏ လက်အောက်ငယ်သားများကိုပင် ဒဏ်ရာရသွားအောင် လုပ်ရဲလိမ့်မည်ဟု ထင်ထားခဲ့ခြင်းမရှိပေ။
(ဒီကောင် တကယ်ကို စိတ်လွတ်နေတာပဲ…)
“ကျုပ်…” ယွမ်ဝူမှာ ရန်ကိုင်အား သွားမတိုက်ခိုက်ရဲသည့်အတွက်ကြောင့် တုံ့ဆိုင်းနေခဲ့လေသည်။
သခင်မဟွာက အေးစက်စက်အမူအယာဖြင့် “နင် ငါ့အမိန့်ကို လွန်ဆန်ရဲတာလား… ကောင်းပြီလေ… ဒီကိစ္စကို စီနီယာဖုချီဆီ သွားပြန်ပြောမယ်… နင် အဲ့ကောင်နဲ့ပေါင်းပြီး ငါ့ကို အရှက်ခွဲတယ်လို့…”
“နေပါဦး သခင်မ…” ယွမ်ဝူမှာ ပျာယာခတ်သွားခဲ့ပြီး သခင်မဟွာကို စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲတော့လေသည်။ ပွဲကြီးပွဲကောင်းကြည့်ရန်အတွက် ရောက်လာခြင်း ဖြစ်ပါသော်ငြား သူကိုယ်တိုင်သည် ထိုပွဲထဲသို့ ဆွဲထည့်ခံရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ (တကယ်ကို စိတ်ပျက်စရာကောင်းလိုက်တာပါလားကွာ…)
လက်ရှိအချိန်တွင် ယွမ်ဝူမှာ အမှန်တကယ်ကို ပျာယာခတ်နေခြင်း ဖြစ်လေသည်။ သခင်မဟွာသည်သာ ဖြစ်ကြောင်းကုန်စင်ကို ဖုချီအား သွားပြောမည်ဆိုလျှင် ယွမ်ဝူ၏ဘဝ အဆုံးသတ်သွားရပေလိမ့်မည်။ နဂါးတစ်ကောင်သည် သူ့ကဲ့သို့သောလူတစ်ဦး၏အသက်ကို ဂရုစိုက်နေလိမ့်မည်ဟု ယွမ်ဝူမထင်ချေ။ သူသည် နဂါးနွယ်ဖွားတစ်ဦး ဖြစ်ပါသော်ငြား နဂါးများ၏အမြင်တွင် သူသည် မသန့်စင်သော ယုတ်ညစ်သည့်သွေးကို ပိုင်ဆိုင်ထားသော သွေးနှောသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သခင်မဟွာသည်သာ တကယ်ကြီး သွားတောင်းဆိုမည်ဆိုပါက ဖုချီသည် သူ့အား အမှန်တကယ် သတ်ပစ်နိုင်ပေသည်။
(တကယ်ကို ကံဆိုးလိုက်တာပါလားကွာ… အခုလိုဖြစ်မယ်မှန်းသိခဲ့ရင် အစောကြီးတည်းက လိုက်မလာခဲ့ပါဘူး… အခုတော့ ကျားပေါ် ခွစီးမိလျက်သား ဖြစ်သွားပြီ…) သူ့အနေဖြင့် သခင်မဟွာကို ရန်စ၍ မဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ဘက်သို့သာ လှည့်ရတော့လေသည်။ ရန်ကိုင်မှ သူ့အား အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်သည့်နောက် ယွမ်ဝူ၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး လွန်ခဲ့သောရက်အနည်းငယ်ခန့်ကအဖြစ်အပျက်ကို ပြန်သတိရသွားခဲ့သည်။ ထိုစဉ်က သူ၏သွေးမျိုးဆက်မှာ ဆိုးဆိုးရွားရွားကို ဖိနှိပ်ခံခဲ့ရလေသည်။ ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ယွမ်ဝူသည် ရက်စက်ကြမ်းကြုတ်သည့်အမူအယာ “သခင်မဟွာစိတ်မပူနဲ့… ကျုပ် ဒီကောင်ကို သခင်မဟွာကိုယ်စား ကောင်းကောင်း သင်ခန်းစာပေးပစ်မယ်…”
တစ်ချိန်တည်းတွင်လည်း ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးတိတ်တိတ်လှမ်းပြောလိုက်လေ၏။ “ရွေးချယ်စရာမရှိလို့ပါကွာ… ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ချီကိုလှည့်ပတ်၍ ရန်ကိုင်ဆီသို့ ခုန်ဝင်သွားခဲ့လေသည်။
သခင်မဟွာသည် မိန့်မိန့်ကြီးပြုံးလျက် ပွဲကြီးပွဲကောင်းကို ရပ်ကြည့်နေလေသည်။ ယနေ့တွင် သူမအနေဖြင့် အရှက်ကွဲခဲ့ရပါသော်ငြား ရန်ကိုင်ကိုသာ ဖမ်းဆီးနိုင်သရွေ့ အရှက်တကွဲ အကျိုးနည်းကိစ္စရပ်အားလုံးကို ချေဖျက်ပစ်နိုင်ပေလိမ့်မည်။ သခင်မဟွာထင်နေသည်မှာ ရန်ကိုင်သည် သူမကဲ့သို့ သာမန်ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟူ၍သာ။ ယွမ်ဝူသည် နဂါးနွယ်ဖွားတစ်ဦးဖြစ်သလို ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် မည်မျှပင်အားကောင်းနေစေကာမူ ယွမ်ဝူကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ပေ။ ထို့အတွက်ကြောင့် ယွမ်ဝူကိုယ်တိုင် လှုပ်ရှားနေပြီဖြစ်လေရာ ရန်ကိုင်အား ကျိန်းသေဖမ်းဆီးနိုင်ပေလိမ့်မည်။
သခင်မဟွာသည် ရန်ကိုင်အား မည်ကဲ့သို့ နှိပ်စက်လျှင်ကောင်းမလဲ ဆိုသည်နှင့်ပတ်သက်၍ အတွေးများနေစဉ် စူးစူးရှရှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည်။ ထိုအော်သံကို ကြားလိုက်သည့်အခိုက် သခင်မဟွာလည်း ရှေ့တည့်တည့်သို့ လှမ်း၍ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူမတစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အစောပိုင်းက ခက်ထန်ကြမ်းကြုတ်လှသည့် ကျားတစ်ကောင်နှယ် ရန်ကိုင်ဆီသို့ ခုန်ဝင်သွားခဲ့သောယွမ်ဝူသည် ရန်ကိုင်၏လက်ဝါးချက်စာမိပြီးသည့်နောက် ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ သွေးအပွက်ပွက်အန်ထွက်ရင်း လွင့်စင်ထွက်လာခဲ့လေ၏။
(ဘာဖြစ်သွားတာလဲ… ဘာတွေဖြစ်နေတာလဲ…) သခင်မဟွာမှာ သူမ မြင်နေရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေလေသည်။ (ယွမ်ဝူက အဲ့ကောင်ကို အနိုင်ယူရမှာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး လက်ဝါးတစ်ချက်နဲ့ ပြန်ပြီး လွင့်ထွက်ရတာလဲ…)
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက် ယွမ်ဝူမှာ ဆန့်တငင်ငင် ဖြစ်နေပြီးသည့်နောက် သတိလစ်သွားတော့လေ၏။ ချက်ချင်းဆိုသလို သခင်မဟွာသည်လည်း မျက်နှာပျက်သွားရတော့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၄၀)
ဘာသာပြန်သူ_တိမ်တိုက်
သတိလစ်နေသည့် ယွမ်ဝူကို ကြည့်ရင်း သခင်မဟွာ၏ မျက်နှာကြီး ပုပ်သိုးနေခဲ့လေသည်။ လက်ရှိအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းအောင်ကို တိတ်ဆိတ်နေခဲ့သည်။ တစ်ခဏအကြာ၌ သခင်မဟွာသည် ယွမ်ဝူအား ထအော်လေသည်။ "ဟန်ဆောင်မနေနဲ့ ချက်ချင်း ထလိုက်တော့"
နဂါးနွယ်ဖွားလည်းဖြစ် ဧကရာဇ် ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်းဖြစ်သည့် ယွမ်ဝူအနေဖြင့် ဧကရာဇ် ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးဖြစ်သည့် ရန်ကိုင်၏ လက်ဝါးချက်ကြောင့် သတိလစ်မေ့မြောသွားဖို့ရာမှာ မဖြစ်နိုင်ပေ။ ထိုအကြောင်းကြောင့် ယွမ်ဝူ သတိလစ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်ဟုသာ သခင်မဟွာ ထင်နေခဲ့လေသည်။ ယွမ်ဝူ ဘာကြောင့် ထိုကဲ့သို့ လုပ်နေရသလဲ ဆိုသည်ကိုတော့ သခင်မဟွာ နားမလည်နိုင်ပေ။ သို့ရာတွင် လက်ရှိအချိန်၌ သူမ အမိန့်ပေးလို့ရသည့်လူဆို၍ ယွမ်ဝူတစ်ဦးသာ ရှိသည့်အတွက်ကြောင့် ယွမ်ဝူကိုသာ အားကိုးနေရလေ၏။
သို့ရာတွင် ယွမ်ဝူမှာ မလှုပ်မယှက်သာ လဲနေခဲ့လေသည်။ ကြည့်ရသလောက် သူ တကယ်ကြီး သတိလစ်သွားသည့်ပုံပင်။ ထိုအချင်းအရာကို မြင်သော် သခင်မဟွာသည် ယွမ်ဝူအနားသို့ လျှောက်သွားလိုက်ပြီး ယွမ်ဝူအား ခြေထောက်ဖြင့် ကန်ကျောက်လေသည်။ သို့သော်ငြား ယွမ်ဝူမှာ မလှုပ်မယှက်သာ ရှိနေလေ၏။
"နင် သတိလစ်ချင်ယောင်ဆောင်ရဲတယ်ပေါ့" သခင်မဟွာ ထအော်လေသည်။ ယွမ်ဝူအား နောက်တစ်ကြိမ် ထပ်ကန်တော့မည့်အပြု သူမ၏ မြင်ကွင်းမှာ အနည်းငယ် မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ သူမအရှေ့သို့ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။
သခင်မဟွာသည် အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်သို့ အလိုလို ဆုတ်သွားရင်းမှ ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်၍ မေးလိုက်လေသည်။ "နင် ဘာလုပ်ချင်နေတာလဲ"
ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပဲ သခင်မဟွာသည် သူမ၏ ဧကရာဇ်ချီကို လှည့်ပတ်၍ ရန်ကိုင်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။ သခင်မဟွာသည် ယခုကဲ့သို့ အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အလစ်ချောင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူမပုံစံအရ မည်သူမျှ သူမကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။
လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီးသည့်နောက် သခင်မဟွာ၏ မျက်နှာထက် လှောင်ပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ သူမ ယခုကဲ့သို့ အလစ်ချောင်း တိုက်ခိုက်လိမ့်မည်ကို ရန်ကိုင် မျှော်လင့်ထားခြင်း ရှိလိမ့်မည် မဟုတ်ဟု ထင်နေသည့်ပုံပင်။ သူမတို့ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းသည် အတူတူသာ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် ယခုကဲ့သို့သာ အလစ်ချောင်း တိုက်ခိုက်မည် ဆိုပါက ရန်ကိုင်အား လက်ဝါးချက် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေမိလေသည်။
"တကယ်ကို ရက်စက်တဲ့မိန်းမပါလား" ရန်ကိုင်က နှာခေါင်းရှုံ့လျက် သူ၏ လက်ဝါးချက်ကို ပြန်လည် ရိုက်ထုတ်လိုက်သည်။ နောက်ကျမှ တိုက်ခိုက်လိုက်သည့်တိုင် ရန်ကိုင်၏ လက်ဝါးချက်သည် သခင်မဟွာ၏ ပခုံးကို ထိမှန်သွားခဲ့လေသည်။
"အား" သခင်မဟွာသည် သွေးအပွက်ပွက် အန်ထုတ်ရင်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ ပခုံးတစ်ခုလုံး ကျွတ်ထွက်တော့မည့်အလား ခံစားလာရသည်။ ကြည့်ရသလောက် ရန်ကိုင်၏ လက်ဝါးချက်ကြောင့် သူမ၏ အရိုးများ ကျိုးသွားသည့်ပုံပင်။ ထိုကဲ့သို့ ခံစားမိနေစဉ်မှာပင် အလွန်ကိုမှ ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် သူမ၏ သွေးကြောတစ်လျှောက် စီးဝင်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့ရာ သူမ၏ ဧကရာဇ်ချီ စီးကြောင်းမှာ ပရမ်းပတာ ဖြစ်ကုန်ရလေ၏။
[သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ]သခင်မဟွာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပါသော်ငြား ရန်ကိုင်သည် သူမထက် အများကြီး ပိုအားကောင်းနေခဲ့သည်။ ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် သူမတို့အကြား ကွာခြားချက် မည်မျှ ကြီးမားကြောင်းကို သခင်မဟွာ နားလည်သွားခဲ့ရသည်။
တစ်ခဏအကြာတွင် ဖုတ်ခနဲ မြည်သံနှင့်အတူ သခင်မဟွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ကုန်းရုန်းပြန်ထလာပြီးပြီးချင်းမှာပင် သူမ၏ မြင်ကွင်းတစ်ခုလုံး မှောင်မဲနေကြောင်း တွေ့လိုက်ရသည့်အတွက်ကြောင့် ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် သူမအား ငုံ့ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
"နင် ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ" သခင်မဟွာမှာ သူမ၏ ပခုံးနာကျင်နေသည်ကိုပင် သတိမရတော့ဘဲ ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။
"ကျုပ် ဘာလို့ ခင်ဗျားကို မတိုက်ခိုက်ရဲရမှာလဲ" ရန်ကိုင်သည် သူ၏ ခြေထောက်ကို မြှောက်၍ သခင်မဟွာ၏ ရင်ဘတ်အား ဖိချလိုက်လေသည်။
နာကျင်မှုကို ခံစားမိလိုက်ပြီးနောက် သခင်မဟွာ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား သူမ ခေါင်းထဲတွင်တော့ အကြောင်းအရာတစ်ခုကို တွေးရင်း ထိတ်လန့်နေလေ၏။ [သူ ဘယ်လိုတောင် ငါ့ကို တိုက်ခိုက်ရဲရတာလဲ၊ ငါက ဖုချီရဲ့ အချစ်ရဆုံး အမျိုးသမီးပဲ၊ အရင်က ဘယ်သူမှ ငါ့ကို မတိုက်ခိုက်ရဲဘူး]
"နင် သေချင်နေတာလား" သခင်မဟွာသည် ဧကရာဇ်ချီကို လှည့်ပတ်ရင်းမှ ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ရန်ကိုင်၏ ခြေထောက်မှာ သူမ၏ ရင်ဘတ်အပေါ်သို့ ဖိချထားသည့်အတွက်ကြောင့် သခင်မဟွာမှာ ပြန်ထရန် မဆိုထားနှင့် မတ်တတ်ပင် မရပ်နိုင်တော့ပေ။
"အခုရော မောက်မာနိုင်သေးလား" ရန်ကိုင်မှာ နှာခေါင်းရှုံ့လျက် သူ၏ ခြေထောက်သို့ အားနည်းနည်း ထပ်ထည့်လိုက်ရာ သခင်မဟွာ၏ မျက်နှာကြီး နာကျင်မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။
ထိုအခါမှသာလျှင် လျုစန်းနျန် သတိပြန်ဝင်လာခဲ့လေသည်။ ရန်ကိုင်မှ ရွှေကျောပြင် ငါးပါနီအား သတ်ပစ်လိုက်သည်ကို မြင်ပြီးသည့်နောက် လျုစန်းနျန်မှာ လုံးဝကို ကြောင်သွားခဲ့ရလေသည်။ နောက်ဆုံး ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည့်အခါမှသာ အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်ဆီသို့ ပျာယီးပျာယာဖြင့် ပြေးလာရင်းမှ ရန်ကိုင်၏ လက်ကို လှမ်းဆွဲလျက် အော်ပြောလိုက်လေသည်။ "မောင်လေးရန် သူ့ကို သတ်လို့မရဘူးနော်"
"ဒီလောကကြီးမှာ ကျုပ် မသတ်နိုင်တဲ့လူ ဘယ်သူမှ မရှိဘူး" ရန်ကိုင်သည် ခက်ထန်သည့် အမူအရာဖြင့် လျုစန်းနျန်ဘက်သို့ လှည့်၍ ပြန်ပြောလိုက်သည်။
ယခုအခါမှသာလျှင် ရန်ကိုင်၏ မျက်နှာ ဤမျှ ခက်ထန်နေသည်ကို လျုစန်းနျန် ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်ပေသည်။ ရန်ကိုင်သည် အတော်လေးကိုမှ မောက်မာလှပါသော်ငြား အကျိုးသင့်အကြောင်းသင့် ပြော၍ရသည့် လူတစ်ဦးဖြစ်သည်ဟု လျုစန်းနျန် ထင်ခဲ့သည်။ သို့သော်ငြား လက်ရှိ အခြေအနေအရမူ ရန်ကိုင်သည် လုံးဝကို လူသစ်တစ်ယောက်သို့ ပြောင်းလဲသွားသည့် ပုံစံမျိုး ပေါက်နေသည်။
မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့ ပြဿနာကို ဖြစ်အောင်လုပ်ခဲ့သူမှာ သူမနှင့် သူမသမီးဖြစ်သည်။ ရန်ကိုင်သည်သာ သခင်မဟွာကို တကယ်ကြီး သတ်လိုက်မည်ဆိုလျှင် မည်သူမျှ ဤကျွန်းမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုသို့ ဖြစ်လာသည့်အခါ ဤပြဿနာကြီးသည် ဖြေရှင်း၍မရသည့် ပြဿနာအဖြစ်သို့ ဆင့်ကဲကြီးထွားသွားရပေလိမ့်မည်။
သခင်မဟွာ၏ စိတ်နေစိတ်ထားအရ သူမ ယခုကဲ့သို့ အရှက်ကွဲခံရပြီးသည့်နောက် သူမတို့အားလုံးအား လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့အနေဖြင့် သခင်မဟွာ စိတ်ပြေသွားအောင် တန်ကြေးကြီးကြီးမားမား ပြန်လည်ပေးဆပ်ရပေလိမ့်မည်။
"သူ့ကို သတ်လို့မရဘူး မောင်လေးရန်၊ သူ့ကို အရင်ဆုံး လွှတ်ပေးလိုက်" လျုစန်းနျန်မှာ ရန်ကိုင်အား အတတ်နိုင်ဆုံး ဖျောင်းဖျလေသည်။ ရန်ကိုင် သူမဘက်မှ ကူညီပေးနေသည့်အပေါ် ကျေးဇူးတင်မိပါသော်ငြား လက်ရှိအခြေအနေသည် လျူစန်းနျန်အား ဆုံးဖြတ်ရ ခက်နေစေခဲ့လေသည်။ သို့ရာတွင်၊ မည်သို့သော အကြောင်းများ ရှိနေစေကာမူ၊ ရန်ကိုင်အနေဖြင့် သခင်မဟွာကို သတ်၍ မဖြစ်ချေ။
လျုစန်းနျန် သူမဘက်မှ ဝင်ပြောပေးနေသည်ကို မြင်သော် သခင်မဟွာ မောက်မာလာခဲ့ပြီး ပြန်၍ အော်ပြောလိုက်လေ၏။"ခွေးမ၊နင် လုပ်ခဲ့တာတွေ အားလုံးကို ငါ ဆရာ့ကို ကျိန်းသေ ပြန်ပြောမယ်၊ နင် စောင့်နေ"
ထိုစကားကို ကြားသော် လျုစန်းနျန်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး ချက်ချင်းပဲ တောင်းဆိုလိုက်လေ၏။ "အစ်မ၊ ကျွန်မ အပြစ်ပါနော်၊ လျူယုချင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါနော်"
သခင်မဟွာက လှောင်ပြုံးပြုံးလျက်..."အခုမှ ငါ့ကို လာတောင်းပန်နေလည်း အပိုပဲ၊ နောက်ကျသွားပြီ နင်တို့အားလုံး သေရမယ်"
ထိုသို့ ပြောပြီးသည့်နောက်တွင် သခင်မဟွာသည် သားအမိနှစ်ယောက်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သားအမိနှစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေသည်ကို ကြည့်ရင်း သူမ စိတ်ထဲ ဝမ်းသာအားရ ဖြစ်သွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်ဆီသို့ ပြန်၍ လှည့်ကြည့်လိုက်ပေသည်။ သို့သော်ငြား ရန်ကိုင်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့သည့် အရိပ်အယောင်မပြဘဲ သူမအား မျက်နှာသေ အမူအရာဖြင့်သာ ကြည့်နေသည်ကို မြင်သော် သခင်မဟွာ ကြောင်သွားလေသည်။
[သူ ဘာလို့ မကြောက်တာလဲ]
"အစ်မလျု၊ ခင်ဗျား တွေ့တယ်နော်၊ ခင်ဗျားဘက်က သဘောထားကြီးကြီးနဲ့ သူ့ကို လွှတ်ပေးဖို့ လုပ်ချင်ပေမဲ့ သူက ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး၊ ဒီတော့ ပြဿနာအားလုံး ရှင်းသွားအောင် ဘာလို့ သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်တာလဲ" ရန်ကိုင်သည် သခင်မဟွာကို မမှိတ်မသုန် စိုက်ကြည့်နေရင်း လျုစန်းနျန်အား လှမ်း၍ ပြောလိုက်လေသည်။
ထိုစကားကို ကြားသော် လျုစန်းနျန် တိတ်သွားလေ၏။ သူမလည်း ဘာလုပ်လို့ လုပ်ရမှန်း မသေချာတော့ချေ။ သခင်မဟွာကို လွှတ်ပေးလိုက်လျှင် သခင်မဟွာသည် ယနေ့ဖြစ်ကြောင်း အကုန်အစင်ကို ဖုချီအား သွားပြန်ပြောပေလိမ့်မည်။ ထိုသို့ ဖြစ်သွားလျှင် သူတို့အနေဖြင့် သခင်မဟွာကို သတ်သတ်မသတ်သတ် ဖုချီသည် သူတို့အား လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
မည်သို့ပင် ဆုံးဖြတ်နေစေကာမူ နောက်ဆုံးရလဒ်သည် အတူတူသာ ဖြစ်ပေသည်။ သူမ၏ ရှောင်ဟုန် အကြေးခွံလေး နည်းနည်းပါးပါး ကျွတ်သွားသည့်အတွက်ကြောင့်ပင်လျှင် သခင်မဟွာသည် သူ့လူများကို ခေါ်လာပြီး သူမတို့အား အပြစ်ရှာခဲ့လေသည်။ သူမတို့ဘက်မှ အတတ်နိုင်ဆုံး တောင်းပန်နေသည့်တိုင် လုံးဝကို အလွတ်မပေးခဲ့ချေ။ ထိုအကြောင်းကြောင့် သူမ ယခုကဲ့သို့ အရှက်ကွဲခံရသည့် ကိစ္စရပ်ကိုတော့ လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်။
"နင် ငါ့ကို သတ်ချင်နေတာလား" ရန်ကိုင်၏ အကြည့်စူးစူးကို သတိထားမိလိုက်သော် သခင်မဟွာ၏ ရင်ထဲ ကြောက်ရွံ့စိတ်တို့ ကိန်းအောင်းလာခဲ့ရသည်။ ချက်ချင်းဆိုသလို မောက်မာဝင့်ကြွားသည့် သူမ၏ အမူအရာမှာ တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ကြောက်ရွံ့မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။ သူမ၏ ခြေဖျားလက်ဖျားများသည်ပင် အေးစက်လာခဲ့ရကာ တစ်ကိုယ်လုံးမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်လာခဲ့ရလေသည်။ တစ်နေ့၌ ဤကျွန်းပေါ်တွင် သူမအား သတ်ရဲသည့် လူတစ်ဦး ပေါ်လာလိမ့်မည်ဟု သခင်မဟွာ မျှော်လင့်ထားခြင်း မရှိပေ။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက်..."ကျုပ် နောက်နေတယ် ထင်နေတာလား"
အခြားတစ်နေရာတွင်သာ ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် သခင်မဟွာအား သတ်သတ်မသတ်သတ် ကိစ္စမရှိပေ။ သခင်မဟွာကို မသတ်လျှင်ပင် သူ့အား ဘာမှ ပြန်လုပ်နိုင်လိမ့်မည်။ သို့သော် လက်ရှိ သူရောက်နေသည်မှာ နဂါးကျွန်း ဖြစ်ပေသည်။ သခင်မဟွာကိုသာ လွှတ်ပေးလိုက်ပါက ချက်ချင်း သူမ၏ ဆရာနဂါးကို ပြေးတိုင်ကာ သူတို့အား ပြဿနာ လာရှာနိုင်ပေသည်။ ထိုသို့သာ ဖြစ်သွားလျှင် ရန်ကိုင် ပြဿနာ အကြီးကြီး တက်သွားရနိုင်ပေ၏။ သခင်မဟွာကို သတ်လိုက်၍ ပြဿနာ တက်နိုင်ပါသော်ငြား နောက်လာမည့် ပြဿနာများကို နောင်မှသာ ရှင်းရန် ဆုံးဖြတ်ထားခဲ့လေသည်။
ရန်ကိုင်၏ သတ်ဖြတ်လိုစိတ် သူမ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံလာသည်ကို ခံစားမိလိုက်သော် သခင်မဟွာမှာ ပျာယာခတ်လာခဲ့ပြီး သူမ မျက်နှာတစ်ပြင်လုံးမှာလည်း အလောင်းကောင်မျက်နှာနှယ် ဖြူလျော်လာတော့လေသည်။ အခြေအနေသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သခင်မဟွာ လုံးဝ မျှော်လင့်ထားခြင်း မရှိပေ။ ရန်ကိုင်သည် ယခုကဲ့သို့ လက်ရဲဇက်ရဲသည့် လူတစ်ဦး ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ရန်ကိုင်အား ယခုကဲ့သို့ ပြဿနာရှာခဲ့လိမ့်မည် မဟုတ်။ ရန်ကိုင်သည် အကြောက်အရွံ့ကင်းသည့် လူတစ်ဦး ဖြစ်နေရုံမက သူမ၏ အားကိုးရာဖြစ်သော ယွမ်ဝူသည်လည်း ရန်ကိုင်၏ လက်ဝါးတစ်ချက်ကြောင့် သတိလစ်နေခဲ့သည်။ ယွမ်ဝူ ထိုမျှ အသုံးမကျမှန်း ကြိုသိခဲ့ပါလျှင် ယခုကိစ္စကို ရပ်ချိန်တန် ရပ်ခဲ့ပေသည်။ သို့သော်ငြား ယခုမှာ ခြေလွန်လက်လွန် ဖြစ်ကုန်ရလေပြီ။
"ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ ငါ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်၊ ငါ ကျိန်ဆိုတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါနော်" သခင်မဟွာသည် တုန်တုန်ယင်ယင်ဖြင့် ရန်ကိုင်အား အသနားခံတော့လေသည်။ ရန်ကိုင် သူမအား တကယ်ကြီး သတ်ချင်နေမှန်း သိလိုက်ရပြီးသည့်နောက် သခင်မဟွာမှာ အသက်ရှင်ရန်သာ ကြိုးစားတော့လေသည်။ ထိုအတွက်ကြောင့် သူမ၏ ဂုဏ်သိက္ခာကိုပင် ထောက်ထားမနေတော့ဘဲ အဆက်မပြတ်ကို ငိုယိုတောင်းပန်တော့လေ၏။
ရန်ကိုင်က မျက်နှာသေဖြင့်သာ ရှိနေသည်ကို မြင်သော် သခင်မဟွာသည် လျုစန်းနျန်ဘက်သို့ လှည့်၍ အလျင်စလို အော်ပြောလိုက်လေသည်။ "စန်းနျန်၊ ငါတို့ ညီအစ်မတွေ ဖြစ်တာ နှစ်ပေါင်းနည်းတာ မဟုတ်ဘူးလေ၊ အရင်တုန်းကလည်း ငါ နင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ် မဟုတ်ဘူးလား၊ ဒီတစ်ကြိမ် ငါ မှားသွားပါတယ်ဟယ်၊ ဒါကြောင့် တစ်ကြိမ်လေးပဲ ခွင့်လွှတ်ပေးပါနော်"
ထိုအချင်းအရာကို မြင်သော် လျုစန်းနျန်မှာ သခင်မဟွာကို မသတ်ရက်တော့ချေ။
"စန်းနျန်" သခင်မဟွာသည် ဆက်၍ တောင်းဆိုနေလိုက်လေသည်။
လျုစန်းနျန်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေခဲ့သည်။ သူမသည် စိတ်သဘောထား ကြင်နာသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သခင်မဟွာသည် သူမအား ထပ်တလဲလဲ ဆန့်ကျင်ပြဿနာရှာခဲ့ပါသော်ငြား သခင်မဟွာ ဤကဲ့သို့သော ကိစ္စရပ်လေးတစ်ခုကြောင့် အသတ်ခံရမည်ကို သူ မမြင်လိုပေ။နောက်ဆုံးတွင်တော့ သူမ၏ သဘောကောင်းသည့် စိတ်ထားမှာ အနိုင်ရသွားခဲ့ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ တောင်းပန်တော့မည့်အပြု ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပင်လယ်ပြင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထို့နောက် သူမ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ဆိုလိုက်လေ၏။ "နဂါးတစ်ကောင်"
သွေးသန့်နဂါးတစ်ကောင် သူမတို့ဆီသို့ ချဉ်းကပ်လာနေသည်ကို လျုစန်းနျန် ခံစားမိလိုက်လေသည်။ ထိုနဂါးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ ထိုနဂါးသည် ဖုချီကဲ့သို့သော နဂါးတစ်ကောင် ဖြစ်သည့်ပုံပင်။ သူမ ဤကျွန်းပေါ်တွင် နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်အတွက်ကြောင့် နဂါးများနှင့် ပတ်သက်လာသော် လျုစန်းနျန်မှာ အလွန်ကိုမှ အာရုံခံနိုင်စွမ်း မြင့်မားပေသည်။
ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ စိုးရိမ်တကြီး ပြောလိုက်လေ၏။ "မောင်လေးရန် သူ့ကို လွှတ်ပေးလိုက်တော့" မည်သည့် နဂါးကလန်သား လာနေပါစေ လက်ရှိမြင်ကွင်းကို မြင်သွား၍ မဖြစ်ချေ။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ရန်ကိုင် ပြဿနာတက်သွားရနိုင်ပေသည်။
ရန်ကိုင်သည်လည်း ရောက်လာသည့်လူကို သတိထားမိပေသည်။ သို့သော်ငြား လျုစန်းနျန်ကဲ့သို့ ပျာယာခတ်နေခြင်း မရှိဘဲ သူ့မျက်နှာထက် ထူးဆန်းသည့် အရိပ်အယောင်တချို့ပင် ရှိနေခဲ့လေသည်။
"ဟားဟားဟား" ရန်ကိုင်၏ ခြေထောက်အောက်တွင် ရှိနေသော သခင်မဟွာမှာ ရုတ်တရက် ဆိုသလို ဝါးလုံးကွဲ ထရယ်မောလေသည်။
ထို့နောက်တွင် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ "ငါ့ကို သတ်ချင်တာလား လုပ်ကြည့်လိုက်လေ၊ နင် ငါ့ကို တိုက်ခိုက်ရဲမှတော့ ငါလည်း နင့်ကို ကောင်းကောင်း နှိပ်စက်ပေးရသေးတာပေါ့၊ ဒီလောကကြီးမှာ အရက်စက်ဆုံး နှိပ်စက်မှုဆိုတာ ဘာလဲ သိသွားအောင် ငါ လုပ်ပေးမယ်"
နဂါးတစ်ကောင် လာနေပြီ ဖြစ်သည့်အတွက်ကြောင့် သခင်မဟွာမှာ ရန်ကိုင်အား ကြောက်ရွံ့နေခြင်း မရှိတော့ချေ။ ရန်ကိုင်၏ မျက်နှာကို သူမ စိတ်ထဲ မှတ်ကျောက်တင်ထားသည့်နှယ် မှတ်မိနေချင်သည့်အလား ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် လျုစန်းနျန်နှင့် သူမသမီးဆီသို့ လှမ်းကြည့်လိုက်လေ၏။
လျုစန်းနျန်မှာ ချက်ချင်းပဲ စိုးရိမ်တကြီးဖြင့် ထပ်ပြောလေ၏
"မောင်လေးရန် သူ့ကို လွှတ်ပေးလိုက်ပါတော့၊ နဂါးတစ်ကောင် လာနေတယ်"
သခင်မဟွာသည် ဖုချီ၏ ကစားစရာသာသာသာ ဖြစ်ပါသော်ငြား သူမသည် ဖုချီ၏ အမျိုးသမီး ဖြစ်နေဆဲပင်။ မည်သည့် နဂါးလာနေပါစေမူ ထိုလူသည် ဖုချီ၏ အမျိုးသမီး အသတ်ခံရမည်ကို ဤအတိုင်း ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။ ဖုချီ၏ အမျိုးသမီးကို သတ်ရန် ကြံနေသည့် ရန်ကိုင်ကိုပင်လျှင် ပြန်သတ်သွားနိုင်သည်။
ထိုအတွက်ကြောင့် လျုစန်းနျန်မှာ ရန်ကိုင်အား အစောတလျင် တိုက်တွန်းနေရခြင်း ဖြစ်လေ၏။