အခန်း (၁၄၈)
Vol. 15 Ch. 148
မထင်မရှားနှင့် ရိုးရှင်းလှသော ဤလက်ဖက်ရည်ဆိုင်ငယ်ကို အသေအချာ အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်ပါက ပုံမှန်မဟုတ်သောအချက် အချို့ကိုတွေ့ရှိရမည်ဖြစ်သည်။
စုကျို၏ မျက်ခုံးပေါ်ရှိ တက်တူးမှာ ဘေးနားရှိ တရားဝင်ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်ကြီး၏အမည်ဖြစ်သော "ရွှေတစ်ချောင်း" ဟူ၍ ဖြစ်နေသည်။
လက်ဖက်ရည်ဆိုင်၏နံရံဘက်တွင်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အထွတ်အထိပ်ရောက်ရှိနေသူအချို့မှာ ၎င်းတို့လက်များကို နောက်ပြန်ပူးလျက်၊ အချုပ်ခံထားရသကဲ့သို့ မလှုပ်မယှက် တည်ငြိမ်စွာဖြင့် တုန့်ပြန်သံတစ်ချက်မျှပင် မထွက်ရဲဘဲ ရပ်နေကြသည်။
ဤအသေးစိတ်အချက်အလက်များအားလုံးသည် လက်ဖက်ရည်ဆိုင်၏ထူးခြားဆန်းပြားသော သဘာဝကို မီးမောင်းထိုးပြနေကြသည်။
လက်နက်ပစ္စည်းများ သန့်စင်မွမ်းမံခြင်းကို အထူးပြုသည့် ဝိညာဉ်လက်မှုပညာရှင်များ စုဝေးရာ "ကျင်းယွီထန်ဂိုဏ်း"၏ ခေါင်းဆောင်ဖြစ်သူ ကျင်းယောင်ကျုံးသည် ချက်ချင်းပင်ရှေ့သို့တိုးလာကာ စားပွဲတွင်ထိုင်နေသော စုကျိုကို ရိုသေစွာဖြင့်အရိုအသေပေးလိုက်သည်။
"သူဌေး၊ ကျွန်တော်တို့မှာ တခြားလိုအပ်တာလေးတွေရှိလို့ပါ”
"ကျွန်တော်တို့ ဖမ်းမိထားတဲ့လူကို လာအပ်တာပါ”
ကျင်းယွီထန်ဂိုဏ်းသည် တစ်ချိန်ကရွှေရောင်ပုံတူပန်းချီကားကို ပြသရောင်းချခဲ့သည့် ဝိညာဉ်လက်နက်ဆိုင် "ကျင်းယွီထန်ခန်းမ" နောက်ကွယ်မှ အင်အားကြီးဂိုဏ်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် စုကျိုနှင့် ၎င်းတို့အကြားတွင် ရန်ငြိုးဟောင်းရှိခဲ့သည်။
စုကျိုသည် "ရွှေတစ်ချောင်း" ဟု တက်တူးထိုးထားသော သူ့ ညာဘက်မျက်ခုံးကိုပင့်လိုက်ကာ ကျင်းယောင်ကျုံးကို ကြည့်လိုက်သည်။ သူ၏ ကျင့်စဉ်လှိုင်းအငွေ့အသက်များသည် လဲ့ကျယ်နှင့်ဆင်တူနေသည်ကို သတိပြုမိပြီး၊ သူသည် ပြိုင်ပွဲအတွက် မိမိကျင့်စဉ်အဆင့်ကို နှိမ့်ထားသော "အမြုတေ" အဆင့်သို့ တက်ရောက်ရန် တစ်လှမ်းအလိုရှိနေသူ ဖြစ်နိုင်ချေများသည်။
"ကျင်းယွီဂိုဏ်းလား”
စုကျိုသည် ထိုအဖွဲ့၏အလွန်အမင်းတန်ဆာဆင်ထားသော ရွှေနှင့် ကျောက်စိမ်းတပည့်ခါးစည်းတံဆိပ်များကို အမှတ်မထင်ကြည့်လိုက်သည်။
"ဟုတ်ပါတယ်” ကျင်းယောင်ကျုံးသည် ၎င်းတို့အကြားတွင် လျှို့ဝှက်ကုဒ်တစ်ခု ဖလှယ်လိုက်သကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။
သာမန်လက်ဖက်ရည်ဆိုင်ရှင်တစ်ယောက်က သူတို့ဂိုဏ်းဆက်နွှယ်မှုကို အဘယ်ကြောင့်မေးမြန်းရသနည်း။
သူသည် သူ့နောက်မှလူနှစ်ဦးအား ချက်ချင်းအချက်ပြလိုက်သည်။
"သူဌေး ဒါကတော့ ကျွန်တော်တို့ဖမ်းမိလာတဲ့ မိစ္ဆာကျင့်ကြံသူပါ”
စုကျိုသည် သူ့ ပိုးဖဲလက်အင်္ကျီအရှည်ကြီးထဲတွင် ထည့်ထားသော ညာဘက်လက်ကို အသာအယာထုတ်လိုက်ကာ၊
တစ်ဖက်လူထံသို့ ဆန့်တန်းလိုက်သည်။
[ကျင်းယွီဂိုဏ်း အပြင်စည်းတပည့်ကျားစန်း (ယွမ်သန့်စင်ခြင်းအဆင့်) ကို စစ်ဆေးတွေ့ရှိရသည်...]
"ဟမ်” စုကျိုက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ ကျင်းယောင်ကျုံးသည် ချက်ချင်းဒေါသထွက်ဟန်ဆောင်ကာ ထိုလူ ဦးခေါင်းကို ရိုက်နှက်လိုက်သည်။
"ငါ မင်းကိုပြောတာက ငါတို့ဖမ်းမိထားတဲ့ မိစ္ဆာကျင့်ကြံသူကို ဒီဆိုင်ရှင်ဆီ အပ်ဖို့လေ”
ကျင်းယောင်ကျုံးသည် လက်ဖက်ရည်ဆိုင်ရှင်၏စွမ်းရည်ကို ချက်ချင်းစမ်းသပ်လိုက်ခြင်းဖြစ်သည်။
ဤဆိုင်ရှင်သည် အစစ်နှင့်အတုဖြစ်သော မိစ္ဆာကျင့်ကြံသူကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်စွမ်းရှိသည်။
ဤနေရာသည် မိစ္ဆာကျင့်ကြံသူများကို လေ့ကျင့်ပေးရန်နေရာဖြစ်သည်မှာ လုံးဝသံသယဖြစ်ဖွယ်မရှိပေ။
"တောင်းပန်ပါတယ် ဆိုင်ရှင်၊ ကျွန်တော့်လူတွေက အရမ်းအတာပဲ”
ကောက်ကျစ်လှသော ကျင်းယောင်ကျုံး…
သူက သူမကိုတမင်တကာ စမ်းသပ်နေခြင်းလား ?
ဤနေရာတွင် ကျင်းချန်ကိုမွေးမြူထားသည်မှာ အံ့သြစရာမဟုတ်ပေ။
စုကျိုသည် မူလက သူတို့အပေါ်ရန်ငြိုးထားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ကျင်းချန်နှင့် သူ့ ရန်ငြိုးမှာလည်း ပြီးပြတ်သွားပြီဖြစ်သည်။
သို့သော် ယခုမူ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး၊ ၎င်းတို့ ယူဆောင်လာသော မိစ္ဆာကျင့်ကြံသူနှစ်ဦးကို စစ်ဆေးကာ စုရှင်းချန် ကိုယ်တိုင်ပြု လုပ်ထားသော ခရမ်းရွှေရောင်သစ်သားဖြင့် ပြုလုပ်ထားသည့် တြိဂံပုံစံအမှတ်အသားနှစ်ခုကို စိတ်မရှည်စွာဖြင့် ပစ်ပေးလိုက်သည်။
"ငါ မင်းကို မှတ်ထားမယ်” စုကျို တိုးတိုးလေးပြောလိုက်သည်။
ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏အမှတ်အသားကိုဆောင်ထားပြီး၊ ညိုဝါရောင်သန်းနေသော လက်ဖက်ရည်ဆိုင်ရှင်မျက်နှာထားဖြင့် သူမ မျက်ခုံးကိုပင့်လိုက်ကာ၊ သူ့ မကျေနပ်မှုကိုဖော်ပြနေသော အမူအရာမှာအထက်စီးဆန်လှသည်။
၎င်းက ကျင်းယောင်ကျုံးကို ချက်ချင်းထိတ်လန့်သွားစေသည်။
"စိတ်မဆိုးပါနဲ့ဗျာ၊ ဒါက ဆိုင်ရှင်အတွက် ကျွန်တော်တို့ရဲ့ ဂါရဝပြုလက်ဆောင်ပါ”
စုကျိုသည် သူ့လက်ဖဝါးထဲရှိ ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
"ဟမ် ? မင်းက ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား”
ကျင်းယောင်ကျုံးသည် အံ့အားသင့်သွားပြီး နောက်ထပ်တစ်ထောင်ကို ချက်ချင်းထပ်ပေးလိုက်သည်။
စုကျို မျက်စိမှိတ်လိုက်သည်။
"သူတို့ကို အပြင်ထုတ်လိုက်တော့”
အနီးအနားတွင် ရပ်နေသောဝူချင်းချန်းသည် လန့်သွားပြီးမှ သူ့ ဆိုင်ဝန်ထမ်း အခန်းကဏ္ဍကိုသတိရသွားသည်။ သူမသည် ချက်ချင်းရှေ့သို့ တိုးလာကာ တင်းမာစွာဖြင့်
"နောက်တစ်ခါ ထပ်လုပ်ရင် ဝိညာဉ်ကျောက်တုံးနှစ်ထောင်နဲ့ မပြီးဘူးနော်—" ဟု ပြောလိုက်သည်။
သူမ စကားမဆုံးခင်မှာပင် ဆိုင်ဝန်ထမ်းအဖြစ်အသွင်ယူထားသောသူမထံ ကျင်းယောင်ကျုံးကပြုံးလျက် ဝိညာဉ်ကျောက်တုံးငါးရာကို သူမ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ဗျာ”
ကျင်းယောင်ကျုံးသည် ဝိညာဉ်ပစ္စည်းများကိုသန့်စင်မွမ်းမံပြီး၊ ဝိညာဉ်အသုံးအဆောင်ပစ္စည်းများရောင်းချသည့် ကိုယ်ပိုင်ဆိုင် "ကျင်းယွီထန်" ကို ဖွင့်လှစ်ထားသူ ဖြစ်သောကြောင့် ဝိညာဉ်ကျောက်တုံးများအတွက်မပူပန်ရသူဖြစ်သည်။
ကျင်းယောင်ကျုံးသည် စီစဉ်သူများ၏ "စာစစ်သူများ" ကိုလာဘ်ထိုးခွင့်ရသည့် အခွင့်အရေးအတွက်ပျော်ရွှင်နေမိသည်။
"နောက်လည်း ကျွန်တော်တို့တခြားမိစ္ဆာကျင့်ကြံသူတွေ ထပ်ဖမ်းမိရင် လာအပ်ပါဦးမယ်”
ကျင်းယောင်ကျုံးသည် ဝူချင်းချန်းအပေါ်တွင်ပင် ယဉ်ကျေးပျူငှာစွာဆက်ဆံခဲ့သည်။ သူသည် ဦးညွှတ်အရိုအသေပေးကာ၊ စားပွဲတွင် ထိုင်နေသော နက်နဲလှသည့် စုကျိုကို နှုတ်ဆက်ကာထွက်ခွာသွားသည်။ ဝူချင်းချန်းသည် အံ့သြတုန်လှုပ်သွားသည်။ ဆရာမစုကတော့ ထင်သည့်အတိုင်းပင်။
သူမသည် မိမိအရည်အချင်းဖြင့် မိစ္ဆာကျင့်ကြံသူများကို ဖမ်းဆီးနိုင်ရုံသာမက၊ သူမနှင့်အတူ ဝိညာဉ်ကျောက်တုံးများကိုပါရှာဖွေနိုင်ခဲ့သည်။ အလွန်အထင်ကြီးစရာကောင်းလှသည်။ ဝူချင်းချန်းသည် သူမကိုပိုလေးစားသွားမိသည်။ ထောင့်တစ်နေရာတွင် ဆိုင်ဝန်ထမ်းအဖြစ် သွင်ယူရန် အတင်းအကျပ် ခိုင်းစေခံထားရသော ရှန်းဝူချင်းမှာမူ စကားပင်မပြောနိုင်တော့ပေ။ သူသည် တိတ်ဆိတ်စွာဖြင့်ခေါင်းငုံ့ကာ ရွှေရောင်ချိန်ခွင် ကိုသာ အာရုံစိုက်ပြင်ဆင်နေတော့သည်။
မွန်းတည့်ချိန်တွင် စုကျိုသည် ခဏတာအိပ်စက်အနားယူရန် ဘေးချင်းကပ်လျက်ရှိသော လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး၊ ဝူချင်းချန်းမှာမူ အရာရာကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကာ အခြားအဖွဲ့များထံမှ မိစ္ဆာကျင့်ကြံသူများကို အောင်မြင်စွာလက်ခံနိုင်ခဲ့သည်။
"ကံကောင်းလို့ ဆိုင်ရှင်အစစ်နဲ့ ဝန်ထမ်းတွေက လက်ဖက်ရည်ဆိုင်ထဲကထွက်မလာကြလို့၊ ငါတို့ကိုလည်း သတိမထားမိကြဘူး ဟဲဟဲ” ဟု ဝူချင်းချန်းက ကျေးဇူးတင်စွာဖြင့် မှတ်ချက်ပြုသည်။
"ဆရာမစုကတော့ ထင်တဲ့အတိုင်းပဲ၊ တကယ်အမြော်အမြင်ရှိတယ်”
ရှန်းဝူချင်း: "..."
စာစစ်သူများသည် ပြိုင်ပွဲရလဒ်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိခြင်းများဖြစ်နိုင်ပါသလား ? စုကျို၏ လုပ်ရပ်များသည် ပြိုင်ပွဲ၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ သက်ပြင်းချလိုက်မိသည်။ ရှန်းဝူချင်းသည် သူ့လက်ထဲရှိ တတိယအဆင့်ရှိသော ရွှေရောင်ချိန်ခွင်ကို ငုံ့ကြည့်လိုက်သည်—တရားမျှတမှု။ သူသည်လည်း သူမကို တားဆီး၍မရနိုင်ပေ။ လက်ဖက်ရည်ဆိုင်ငယ်လေးသည် နေဝင်ချိန်နီးသည်အထိဖွင့်လှစ်ထားသည်။ စုကျိုသည် မိစ္ဆာကျင့်ကြံသူများကိုလာရောက်အပ်နှံသော အဖွဲ့အချို့နှင့်ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
"သူဌေးလည်း ပင်ပန်းနေပြီ”
ကျင်းယွီထန်ဂိုဏ်းမှ ဖားယားတတ်သူကျင်းယောင်ကျုံးသည် တပည့်များကိုလာရောက်အပ်နှံတိုင်း သူမကိုမြှောက်ပင့်ပြောဆိုလေ့ရှိသည်။
"ကျင်းယောင်ကျုံး၊ ငါတော့ အရမ်းပင်ပန်းနေပြီ၊ သွားခါနီး လက်ဖက်ရည်လေး ဘာလေးသောက်ပြီးမှ သွားကြစို့”
အဖွဲ့ဝင်နောက်တစ်ဦးက ခေါင်းဆောင်၏အမည်ကိုခေါ်ကာ စိတ်မရှည်စွာဖြင့် ထိုင်ချလိုက်သည်။
"ဝန်ထမ်း၊ အဈေးအကြီးဆုံး လက်ဖက်ရည်ယူခဲ့စမ်း”
"ကျွန်မတို့ဆီမှာ မရှိဘူး” စုကျိုတည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားသည်။
"???"
"ဟိုဘက်ကဆိုင်မှာ သွားသောက်လိုက်ကြ”
"!!!"
ရှန်းဝူချင်းနှင့် ဝူချင်းချန်းနှစ်ဦးစလုံးသည် စုကျိုစကားကြောင့် ထိတ်လန့်သွားကြသည်။ ရှေ့လူမှာမူ သူမ ဤမျှထိရဲတင်းပြီး အရှက်မဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ဘဲ၊ နောက်လူမှာမူ ပိုအထင်ကြီးသွားခဲ့သည်။ ထင်သည့်အတိုင်းပင် ဤစကားများ ပြောပြီးနောက် ကျင်းယောင်ကျုံးအဖွဲ့သည် စုကျိုကို ပိုယုံကြည်သွားကြသည်။
"ချွမ်းလျောင်၊ မင်း ဘယ်လို မရိုမသေစကားတွေ ပြောနေတာလဲ ? ဒါက ငါတို့ မိစ္ဆာကျင့်ကြံသူတွေကိုအပ်နှံထားတဲ့ စာစစ်သူလေ၊ စာစစ်သူက မင်းကို လက်ဖက်ရည် ငှဲ့ပေးရမှာလား ? မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ”
ကျင်းယောင်ကျုံးက ထိုလူကို ဆူပူကြိမ်းမောင်းလိုက်ပြီး တောင်းပန်သည့်အနေဖြင့် စုကျိုနှင့် ဝူချင်းချန်းတို့လက်ထဲသို့ ဝိညာဉ်ကျောက်တုံး အချို့ကို ထိုးထည့်ပေးလိုက်သည်။ စုကျိုသည် မလိုလားဟန်ဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် ချွမ်းလျောင်မှာမူ ကျေနပ်ပုံမရပေ။
"ကျင်းယောင်ကျုံး၊ မင်း ငါ့ကို အမိန့်ပေးနိုင်တယ်လို့မထင်နဲ့ ငါ ပင်ပန်းနေလို့ ဒီမှာထိုင်နေမယ်၊ မင်း သွားပြီး ငါ့အတွက် လက်ဖက်ရည် သွားဝယ်ပေး”
သို့ဆိုလျှင် အဖွဲ့အတွင်းတွင် သဘောထားကွဲလွဲမှုများရှိနေသလော။ ဤသည်မှာ သတင်းအချက်အလက်များပင်။ ဝူချင်းချန်းသည် ချက်ချင်းပင် ခိုးနားထောင်တော့သည်။ စုကျိုသည် မျက်ခုံးပင့်ကာ၊ ထိုဒေါသထွက်နေသောအမျိုးသား သူ့ညာဘက်လက်ဖျားများကိုဝှေ့ယမ်းကာဖြတ်သွား သည်ကို ကြည့်နေလိုက်သည်။
[ကျင်းယွီထန်ဂိုဏ်းတပည့်ဝတ်စုံအား စစ်ဆေးတွေ့ရှိရသည် – မူရင်း- ဝိညာဉ်ပိုးဖလံဂေဟာ…]
[မိစ္ဆာကျင့်ကြံသူ လျောင်ချွမ်းကိုစစ်ဆေးတွေ့ရှိရသည် (ရွှေအမြုတေ ကျင့်စဉ်အဆင့် အလယ်အလတ်)…]
ဟမ် ? စုကျိုသည် ဤစိမ်းနေသော မျက်နှာကို အသေအချာကြည့်လိုက်မိသည်။
လျောင်ချွမ်း ??
သူမ၏ နံပါတ် (၄) ငါးနှင့် အမည်တူနေသူမှာ မည်သူနည်း။
သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦးလော
စုကျိုသည် သူ့အကြွေးစာရင်းကို ချက်ချင်းစစ်ဆေးလိုက်သည်။
[၄။ လျောင်ချွမ်း၊ လွန်ခဲ့သော နှစ်နှစ်ကတာဝန်ထမ်းဆောင်ရင်းကွယ်လွန်ခဲ့သည်။ ၆၄ လွှာ၏အသင်းခေါင်းဆောင်... ဝိညာဉ်ကျောက်တုံး ၄၀,၀၀၀ လှူဒါန်းခဲ့သည်...]
စုကျိုသည် ပြုံးမတတ်ဖြစ်သွားကာ၊ သူ့ ရှေ့တွင်ရှိနေသော လူကိုကြည့်လိုက်ပြီး 'အစ်ကိုကြီး၊ ကျွန်တော်တို့ တစ်နေရာရာမှာ ဆုံဖူးသလိုပဲနော်' ဟု ပြောလိုက်သည်။
သို့သော် သူမ ထိန်းထားလိုက်သည်။
လက်ဖက်ရည်ဆိုင်ရှင်၏မျက်နှာထားဖြင့် သူ ထောင့်တွင် ပျင်းရိစွာထိုင်နေသော ရှန်းဝူချင်းကို လက်ဖျစ်တီးကာအချက်ပြလိုက်သည်။
"ဝန်ထမ်း၊ ဟိုဘက်ဆိုင်ကနေ သူသောက်ချင်တဲ့ လက်ဖက်ရည်သွားဝယ်ပေးလိုက်”
ရှန်းဝူချင်း: "??"
သူသည် စုကျိုကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီးမှ၊ ချွမ်းအမည်ရှိသော ဤလူကိုကြည့်လိုက်သည်။
ဒါက ဘယ်သူလဲ ??
သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ ??
သူက ပြိုင်ပွဲ၏ တရားမျှတမှုကို စောင့်ကြည့်နေသော ရွှေအမြုတေအဆင့်ရှိသည့် စီနီယာအစ်ကိုကြီးဖြစ်သည်ကို ထိုလူ မသိလေသလော
ရှန်းဝူချင်းသည် မကျေမနပ်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ထိုလူကိုလှောင်ပြောင်လိုက်သည်။
"ကိုယ်တိုင် သွားဝယ်လိုက်”
ချက်ချင်းပင် သူ့ ရွှေအမြုတေ ကျင့်စဉ်အဆင့် အငွေ့အသက်များပေါက်ကွဲထွက်လာသည်။
၎င်းက ကျင်းယောင်ကျုံးကိုထိတ်လန့်သွားစေကာ၊ သူသည် တောင်းပန်စကားဆိုပြီး ဝိညာဉ်ကျောက်တုံးငါးရာဖြင့် လျော်ကြေးပေးခဲ့သည်။ ထိုအခါမှသာ သူသည် ဂုဏ်ယူစွာဖြင့်ပြန်ထိုင်လိုက်ကာ၊ သူ့ လက်ဖက်ရည်အိုးကို ထုတ်ပြီး အေးအေးဆေးဆေး လက်ဖက်ရည်ဖျော်သောက် နေတော့သည်။
"အစ်ကိုဝူချင်း၊ ဒီလူရဲ့မျက်နှာနဲ့ နာမည်ကိုမှတ်မိပြီလား”
စုကျို ရှန်းဝူချင်းထံသို့ အသံလှိုင်းဖြင့်ပေးပို့လိုက်သည်။
ရှန်းဝူချင်း: "? ဒါက ကျင်းယောင်ကျုံးရဲ့အဖွဲ့လေ၊ ငါ ဘာလို့ သူ့ကိုမှတ်ထားရမှာလဲ”
"ဒီလူက မိစ္ဆာကျင့်ကြံသူပဲ”
"ဖူး—"
သူသည် လက်ဖက်ရည်တစ်ငုံကို ပြန်ထွေးထုတ်လိုက်သည်။
"ဘာဖြစ်တာလဲ”
"အစ်ကို့ဘာသာ အထက်လူကြီးတွေကိုတင်ပြပြီး စုံစမ်းစစ်ဆေးလိုက်ပါ၊ ကျွန်မကတော့ အလုပ်များနေသေးလို့၊ နောက်မှ အသေးစိတ် ပြောကြတာပေါ့”
"!"
...
မကြာမီ မှောင်လာခဲ့သည်။
စုကျိုသည် လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ရှင်အဖြစ် အသွင်ယူထားသည်ကို နောက်ဆုံးတွင်ဖယ်ရှားလိုက်သည်။
ဝိညာဉ်ပိုးဖလံဂေဟာနှင့် အကခန်းမမှအခြားအဖွဲ့ဝင်များသည်လည်း တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြကာ မူလပုံစံများသို့ ပြန်ပြောင်းလိုက်ကြသည်။
"ထူးဆန်းလိုက်တာ၊ မိစ္ဆာကျင့်ကြံသူ အများကြီးကို အကခန်းမနဲ့ဝိညာဉ်ပိုးဖလံဂေဟာက ဘယ်လိုလုပ်ပြီး အကုန်ဖမ်းသွားတာလဲ”
လက်ဖက်ရည်ဆိုင်ဝန်ထမ်းများသည် ဖမ်းဆီးရမိသော မိစ္ဆာကျင့်ကြံသူများ၏စာရင်းကို တွက်ချက်ရင်းအလွန်အမင်းဝေခွဲမရ ဖြစ်နေကြသည်။
မိစ္ဆာကျင့်ကြံသူများကို လာရောက်အပ်နှံသော အခြားအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသည့် အဖွဲ့များကိုရှာမတွေ့ကြပေ။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ??