လေထဲက မီးစာတိုင်
Vol. 26 Ch. 251
“ဒါက... အရိုးသန့်စင်ဆေးလုံးလား။ မယုံနိုင်စရာပဲ...”
လင်းလင်လင်က သူ၏ လက်သီးဖြင့် အပေါက်ဖောက်လိုက်သည့် ကွန်ကရစ်နံရံကို ကြည့်ပြီး မှင်တက်နေမိသည်။
“အမေရိကန်ဘက်မှာ စူပါမင်းမျိုးဗီဇလို့ ခေါ်တဲ့ ရှားပါး အရင်းအမြစ်တစ်ခု ရှိတယ်။ အဲဒါက ထိုးဆေးတစ်မျိုးပဲ။ သာမန်လူတွေကို မျိုးဗီဇနိုးထစေပြီး စူပါအင်အားတွေ ရရှိဖို့ ၁%ပဲ အခွင့်အရေးရှိတာ...” ကျောက်ရင်းက သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အဆစ်နှင့် ကြွက်သားများဆီမှ တဂျောက်ဂျောက်အသံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲတွင် အင်အားများ ပြည့်လျှံနေသည်။
ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားမိပြီးနောက်တွင် သူ သက်ပြင်းချလိုက်မိသည်။ “ဒီအရိုးသန့်စင် ဆေးလုံးက စူပါမင်းမျိုးဗီဇထက်တောင် အများကြီးသာတယ်။ အဲဒီမျိုးဗီဇက အောင်မြင်ဖို့ ၁%ပဲ ရှိတာ။ ပြီးတော့ သာမန်လူတွေဆိုရင် အဲဒီဆေးကြောင့် သေတောင် သေနိုင်တယ်။”
အမေရိကန်ရှိ နိုးထသူများအဖွဲ့အစည်းကို “စူပါအာဏာတည်မြဲရေးအဖွဲ့”ဟု ခေါ်သည်။
ယခင် နယ်မြေအသီးသီး နည်းပညာ ဖလှယ်ကြစဉ်အခါက သူသည် အမေရိကန်၏ မျိုးဗီဇ ဆေးရည်ကို အားကျခဲ့ဖူးသည်။
သူတို့၏ စမ်းသပ်ပြီးသား ရေမန်း၊ မိသရီလ် လက်ဝါးကပ်တိုင်များ၊ နီယွန်နိုင်ငံမှ ယင်ယန် ဆရာသခင်များ၏ ရှိခီဂါမီနှင့် အဆောင်များက မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ရှိသမျှအရာအားလုံးထက် ပိုမို၍ အဆင့်မြင့်နေခဲ့သည်။ ၎င်းတို့နှင့် ယှဉ်လိုက်လျှင် ဗျူရို၏ ကိရိယာတန်ဆာပလာများမှာ ကျောက်ခေတ်လူသားများ ကျောက်တုံးကိုင်ပြီး ရမ်းနေသလိုမျိုးပင်။
ထို့ကြောင့် သူတို့က အဆင့်မြင့်အရင်းအမြစ်များကို တင်သွင်းရန် ဘတ်ဂျက်အမြောက်အမြားကို အသုံးပြုခဲ့ရခြင်းဖြစ်သည်။
ပိုက်ဆံအားလုံးက အရင်းအမြစ်ဝယ်ယူခြင်းထဲ ရောက်သွားသည့်အတွက်ကြောင့်... မစ်ရှင် ဆုကြေးငွေများက လျော့နည်းကုန်၏။
ထို့ကြောင့်လည်း မိစ္ဆာနှိမ်နင်းသူဗျူရို၏ မစ်ရှင်များက အမြဲတမ်း နှမြောတွန့်တိုနေသလို ဖြစ်နေခြင်းပင်။
နှမြော၍ မဟုတ်။ ပိုက်ဆံကို မရှိသည်သာ။
သို့သော် ယခုတော့ အခြေအနေက ပြောင်းလဲသွားလေပြီ။
ယခုဆိုလျှင် သူတို့ဆီတွင် ကမ္ဘာပေါ်မှ မည်သည့်အဖွဲ့အစည်းထက်မဆို ပိုအဆင့်မြင့်သော အရင်းအမြစ်များ ရှိနေပြီ မဟုတ်ပါလား။
“အုပ်ချုပ်ရေးမှူး... ဒီအရိုးသန့်စင်ဆေးလုံးတွေကို ဘယ်ကရတာလဲ။”
ချန်ဟွိုက်အန်က ပစ္စည်းပုံကြီးပေါ်တွင် ခြေထောက်ချိတ်ကာ ပေါ့ပေါ့ပါးပါး မှီထိုင်နေရင်း မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
“အရင်းအမြစ်ရှိရင် သုံးလိုက်ပါ။ အရမ်းကြီး စပ်စုမနေနဲ့။ အများကြီးသိတာ ခင်ဗျားတို့အတွက် ကောင်းကွက်မရှိဘူး။”
ကျောက်ရင်းက ပါးစပ်ကို ပိတ်လိုက်ပြီး ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ရှန့်ရှောင်ယွမ် ရေချိုးခန်းထဲမှ ထွက်လာပြီး သူလက်မောင်းကို နမ်းကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်နေသည့် ထူးဆန်းသော အနံ့ဆိုးများ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှ စိတ်အေးသွားတော့သည်။
အရိုးသန့်စင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ဖယ်ရှားပေးခြင်းပင်။
ထိုသာမန်အဆင့် အရိုးသန့်စင်ဆေးလုံးများက တစ်ကြိမ်တည်းနှင့် အညစ်အကြေးအားလုံးကို မဖယ်ရှားနိုင်ပေ။ အဆင့်မြင့်နှင့်အထက် ဆေးလုံးများသာ တစ်ကြိမ်တည်း လုံးဝစင်ကြယ်အောင် လုပ်ဆောင်ပေးနိုင်သည်။ ၎င်းထက် သာလွန်သော ထိပ်တန်းအဆင့်နှင့် နတ်ဘုရားအဆင့် ဆေးလုံးများမှာမူ စင်ကြယ်စေရုံသာမက စွမ်းအားကိုပါ အဆမတန် တိုးတက်စေသည်။
မှန်ပေသည်။ ချန်ဟွိုက်အန်က ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို လိုချင်ခြင်း ဖြစ်၏။
အညစ်အကြေးအားလုံးကို ဖယ်ရှားပြီး လူသားတို့၏ အစွမ်းကုန်ကန့်သတ်ချက်သို့ ရောက်ရှိရန် သာမန်အဆင့်ဆေးလုံး ၂၀ခန့် သောက်ရန် လိုအပ်လိမ့်မည်။
၎င်းမှာ မြည်းရှေ့မှာ မုန်လာဥနီကို ကြိုးနှင့်ချည်ပြီး ဆွဲဆောင်နေသလိုမျိုးပင်။
“အုပ်ချုပ်ရေးမှူး၊ ဒီအရိုးသန့်စင်ဆေးလုံးက တကယ့်ကို အံ့သြစရာပဲ။” ရှန့်ရှောင်ယွမ်က လက်သီးများကို ဆုပ်လိုက်သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးအနေဖြင့် တစ်နေ့ နံရံကို လက်သီးနှင့်ထိုးပြီး ဖောက်နိုင်သောအစွမ်းမျိုး ရလာလိမ့်မည်လို့ တစ်ခါမှ မတွေးဖူးခဲ့ချေ။
အကောင်းဆုံးအချက်မှာ သူ၏ ကြွက်သားများက အဖုအထစ်များ ဖြစ်မသွားခြင်းပင်...
ယခင်က မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ခန္ဓာကိုယ်အင်အားနှင့် ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်သော ကိရိယာများ ရှိခဲ့ဖူးသော်လည်း ဘေးထွက်ဆိုးကျိုးများက ကြောက်စရာ ကောင်းလှသည်။ ကြွက်သားများ ကြီးထွားလာရုံတင်မကဘဲ မုတ်ဆိတ်မွေးများ ထွက်လာခြင်း၊ ဂျိုင်းမွေးများက တောအုပ်ကြီးလို ထူထပ်လာခြင်းမျိုးပင်။
သန်မာချင်တာတော့ မှန်ပေသည်။
သို့သော် ထိုကဲ့သို့ ပေးဆပ်မှုမျိုးလား။ မလိုပေ။ သူ နောက်တန်းတွင်သာ အေးအေးဆေးဆေး နေပါရစေ။
“ကဲ... အရိုးသန့်စင်ဆေးလုံးတွေကို ခွဲဝေပေးလိုက်တော့...” ချန်ဟွိုက်အန်က ပြောသည်။ “မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ တစ်နှစ်ထက်ပိုပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့သူတိုင်း တစ်လုံးစီ အလကား ရမယ်။ ကျန်တဲ့သူတွေက ကိုယ့်အရည်အချင်းနဲ့ကိုယ် ရယူရမယ်။ မစ်ရှင်တွေ အောင်မြင်အောင် လုပ်။ အမှတ်တွေစုပြီးမှ ဆေးနဲ့ လဲလှယ်ကြ။ အမှတ်ဘယ်လောက် သတ်မှတ်မလဲဆိုတာကိုတော့ ခင်ဗျားတို့ဘာသာပဲ ဆုံးဖြတ်လိုက်ကြ။”
သူက ဂိုဒေါင်ဝင်ခွင့်ကတ်ကို ကျောက်ရင်းဆီ ကမ်းပေးလိုက်သည်။
“ဒီဘိုးဘေးကတော့ အခု တံခါးပိတ်ကျင့်ကြံတော့မယ်။ အရေးကြီးကိစ္စ မရှိရင် လာပြီးတော့ မနှောင့်ယှက်ပါနဲ့...”
“အုပ်ချုပ်ရေးမှူး...” ကျောက်ရင်းက ကတ်ကို ကိုင်ထားရင်း မှင်တက်ကာ မေးလိုက်သည်။ “တချို့အဖွဲ့ဝင်တွေက ဆေးကိုယူပြီး ဗျူရိုကနေ ထွက်သွားမှာကို မစိုးရိမ်ဘူးလား။ ဘာမှ ကန့်သတ်ချက် မထားဘဲ ဒီအတိုင်း ပေးလိုက်မလို့လား။”
ချန်ဟွိုက်အန် လမ်းလျှောက်နေရင်း ခေတ္တရပ်လိုက်ကာ ခပ်ဟဟ ရယ်မောလိုက်သည်။
“လူတွေက အဲဒီလောက်အထိ ဦးနှောက်မပါဘူးလို့ ခင်ဗျား တကယ် ထင်နေတာလား။”
ကျောက်ရင်းက တံခါးအပြင်သို့ ထွက်ခွာသွားသော ချန်ဟွိုက်အန်၏ ကျောပြင်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
ယခုအချိန်တွင် သူ၏ စိတ်ထဲတွင် ကြည်နူးမှုနှင့် အပြစ်မကင်းသည့် ခံစားချက်တို့သာ ပြည့်နှက်နေတော့သည်။
ယခင်က သူသည် ချန်ဟွိုက်အန်ကို ဂိမ်းထဲတွင် ပိုက်ဆံများ အကုန်ဖြုန်းနေပြီး ဗျူရိုအတွက် အရင်းအမြစ်များ ရှာပေးမည်ဟူသော ကတိကို မေ့နေပြီဟု တွေးပြီး ညည်းတွားခဲ့ဖူးသည်။ သူက အုပ်ချုပ်ရေးမှူးဖြစ်နေသဖြင့် အတင်းအကျပ် မတောင်းဆိုခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ယခုမှ သူ သိလိုက်ရသည်မှာ သူ တကယ်ကို အမြင်ကျဉ်းခဲ့ခြင်းပင်။ ချန်ဟွိုက်အန်က နောက်ကွယ်တွင် သူတို့အတွက် အရာအားလုံး ကို တိတ်တဆိတ် ပြင်ဆင်ပေးနေခဲ့၏။
ထို့ပြင် ဝါရင့်အဖွဲ့ဝင်တိုင်းကို အရိုးသန့်စင်ဆေးလုံး တစ်လုံးစီ အလကား ပေးလိုက်သေးသည်...
သူက သူတို့ကို မိစ္ဆာများ၊ ကျိန်စာသင့်ဝိညာဉ်များနှင့် ရင်ဆိုင်ရသောအခါ အသက်ရှင်နိုင်ခြေ ပိုများအောင် တကယ် လိုလားနေခြင်းပင်။
“ရှောင်ယွမ်... ငါ တကယ် မှားသွားတယ်။” ကျောက်ရင်းက သူ၏ မျက်ရည်ဝဲနေသော မျက်လုံးများကို သုတ်လိုက်ကာ နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ “နောက်ဆိုရင် အုပ်ချုပ်ရေးမှူးရဲ့ နောက်ကွယ်မှာ ဘယ်တော့မှ အတင်းမပြောတော့ဘူး။ သူ့မှာလည်း မလွယ်ရှာဘူး။ ဒီအရင်းအမြစ်တွေ ရဖို့အတွက် သူ ဘာတွေ ပေးဆပ်ခဲ့ရမလဲ ဘယ်သူသိမှာလဲ။ ပြီးတော့ သူက အဲဒီလောက်အထိ ချောတာ။ ဒီဆေးလုံးတွေက တကယ့် လျို့ဝှက်အင်အားစုကြီး တွေဆီမှာပဲ ရှိနိုင်တဲ့ အရာမျိုးတွေလေ...”
ရှန့်ရှောင်ယွမ်က အရင်းအမြစ်များ မည်သည့်နေရာက ရကြောင်း မေးစဉ်က ချန်ဟွိုက်အန်၏ အေးဆေးလှသော မျက်နှာပေးကို ပြန်လည် သတိရလိုက်သည်။ ရဲတင်းသော အတွေးတစ်ခု သူခေါင်းထဲသို့ ဝင်လာသည်။ “ဟာ... အစ်မရင်း၊ လျို့ဝှက်အင်အားစုတွေမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့ အဘိုးကြီးတွေ ရှိတတ်တယ်မလား။ တကယ်လို့ အုပ်ချုပ်ရေးမှူးက သူ့ကိုယ်သူ ရောင်းစားပြီးတော့...”
ကျောက်ရင်း ချက်ချင်းပင် ရှန့်ရှောင်ယွမ်၏ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ကာ ပြောလိုက်သည်။
“ရှူး.. ဒါကို ဘယ်သူမှ သိစရာမလိုဘူး။ ငါတို့နှစ်ယောက်ပဲ သိမယ်။ အထူးသဖြင့် လင်းလင်လင်ကို လုံးဝ မသိစေနဲ့...”
“ဟမ်...”
လင်းလင်လင်က သူတို့နောက်တွင် မည်သည့် အချိန်ကတည်းက ရောက်နေသည်မသိဘဲ ခေါင်းလေးစောင်းကာ ကြည့်နေသည်။ “ချန်ဟွိုက်အန်က သူ့ရဲ့ ဖင်ကို ရောင်းစားလိုက်တာလို့ ပြောတာလား။ အဲဒါက ကိစ္စမရှိပါဘူး။ အခုခေတ်မှာ ယောကျ်ားလေး အပျော်မယ်တွေ အများကြီးပဲဟာ။ နားလည်ပေးလို့ ရပါတယ်။ ခဏစောင့်။ ကျွန်မ အခုချက်ချင်း အုပ်ချုပ်ရေးမှူး အတွက် ခြောက်မျိုးစပ် ကျောက်ကပ်အားဖြည့်ဆေး သွားဝယ်ပေးမယ်...”
ပြောပြောဆိုဆိုနှင့် ထိုကောင်မလေးသည် ပြတင်းပေါက်မှ ခုန်ချကာ ဆေးဆိုင်ရှိရာသို့ အပြေးအလွှား ထွက်သွားတော့သည်။
ရှန့်ရှောင်ယွမ် နှင့် ကျောက်ရင်း - “...”
“ငါ တစ်ခုခု ပြောမိလို့လား။” ရှန့်ရှောင်ယွမ်က မေးလိုက်သည်။
“ဟင့်အင်း။ ဘာမှ မပြောပါဘူး။” ကျောက်ရင်းက ခေါင်းကို အပြင်းအထန် ခါလိုက်သည်။
“ဒါဆို ဒီကောက်ချက်က လင်းလင်လင်ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲပေါ့၊ ဟုတ်တယ်မလား။”
ကျောက်ရင်းက ထပ်ပြီး ခေါင်းညိတ်လိုက်သည်။ “အတိအကျပဲ။”
“ဒါဆို အဆင်ပြေတယ်။ ကဲ... ဆေးတွေ သွားဝေကြရအောင်...”
သူတို့နှစ်ဦးသည် အချင်းချင်း ပြုံးပြလိုက်ကြသည်။ အချို့သော အရာများက စကားလုံးဖြင့် ထုတ်ဖော်ပြောနေရန် မလိုပေ။
အကျဉ်းခန်း နံပါတ်(၀)၌...
ချန်ဟွိုက်အန်က ကျင့်ကြံခြင်း မစတင်ခင် ပုစွန်တုပ်ဘုရင်နှင့် စတော်ဘယ်ရီဝက်ဝံတို့ကို နံရံတွင် ကပ်၍ ရပ်ခိုင်းထားခဲ့သည်။
ပြီးခဲ့သည့် မစ်ရှင်တွင် သူတို့ ကောင်းကောင်း စွမ်းဆောင်ခဲ့သည်မှာ မှန်သော်လည်း၊ ခေါင်းဆောင် တစ်ဦးအနေဖြင့် စည်းကမ်းထိန်းသိမ်းခြင်းနှင့် အပြစ်ပေးခြင်းအတွက် အကြောင်းပြချက် မလိုပေ။
သူက ဖုန်းကို ထုတ်လိုက်ပြီး ပုံရိပ်ယောင်ကောင်မလေးဂိမ်းထဲသို့ ဝင်လိုက်သည်။
အခု သူ့တွင် ပိုက်ဆံရှိနေပြီ ဖြစ်ရာ သူ၏ တိုက်ရိုက်တပည့် သုံးယောက်ကို ပါရမီများ ပြန်လည်ရရှိအောင် ကူညီပေးရမည့်အချိန် ရောက်ပြီ ဖြစ်သည်။
ဓားစိတ်ဝိညာဉ်အမြစ်နှင့် ဓားအရိုးများမှာ ဈေးကြီးလှသည်။ သို့သော် ၎င်းမှာ အရင်က ပိုက်ဆံမရှိသော ချန်ဟွိုက်အန်အတွက်သာ ပြဿနာ ဖြစ်၏။
အခု သူ့တွင် ကုဋေတစ်သိန်းခွဲ ရှိနေပြီဖြစ်ရာ သူသာ အလိုရှိပါက ဓားကျောင်းတော်မှ တပည့်တိုင်းကို ထိပ်တန်းပစ္စည်းတွေ ပေးနိုင်ပြီ ဖြစ်သည်။
ချန်ဟွိုက်အန်က ဂိမ်းအတွင်းရှိ စျေးဆိုင်ကို ဖွင့်လိုက်သည်။ ထို့နောက် ခေတ္တ တိတ်ဆိတ်သွား၏။
[ ဓားဝိညာဉ်အမြစ် - ယွမ် သိန်း၅၀၀ (ပထမဆုံးအကြိမ် ဝယ်ယူမှုအတွက်သာ၊ နောက်ထပ် ဝယ်ယူမှုတိုင်းတွင် ဈေးနှုန်း နှစ်ဆ တိုးသွားမည်) ]
[ ဓားအရိုး - ယွမ် သိန်း၁၀၀၀ (ပထမဆုံးအကြိမ် ဝယ်ယူမှုအတွက်သာ၊ နောက်ထပ် ဝယ်ယူမှုတိုင်းတွင် ဈေးနှုန်း နှစ်ဆ တိုးသွားမည်) ]
စာလုံးသေးလေးများက တကယ့်ကို သေးလွန်း လှသည်။
ယခင်ကတည်းက ထိုကဲ့သို့ ရှိနေမနေကို ချန်ဟွိုက်အန် မမှတ်မိတော့ပေ။ အပ်ဒိတ်အသစ်တွင် ထည့်သွင်းလိုက်ခြင်း ဖြစ်နိုင်သည်။
သူလည်း သက်သေမပြနိုင်ပေ။
ထိုကဲ့သို့သော ဈေးနှုန်းသတ်မှတ်ချက်အရဆိုလျှင် ဓားကျောင်းတော်က တပည့် ရာနှင့်ချီကို ပစ္စည်းဆင်ပေးရန် ထိုကုဋေတစ်သိန်းခွဲသည်ပင် ခဏလေးအတွင်း ပြာဖြစ်သွားနိုင်၏။
မည်သို့ပင်ဆိုစေကာမူ သူသာ ပိုက်ဆံ ဆက်ရှာနေမည်ဆိုလျှင် နောက်ပိုင်းတွင် အခွင့်အရေးများ ရှိလာပါလိမ့်မည်။
ဂိမ်း၏ လက်ရှိ မြင်ကွင်းသည် ကမ္ဘာငယ်လေး၏ အတွင်းပိုင်းကို မပြဘဲ ကမ္ဘာငယ်လေး၏ အပြင်ဘက် ဧရိယာကို ပြသနေသည်။
အရင်က ဓားကျောင်းတော် တည်ရှိခဲ့သည့် တောင်ကြားထဲတွင် မိုးများ သည်းကြီးမည်းကြီး ရွာသွန်းနေ၏။ ထိုနေရာ၏ အလယ်ဗဟိုတွင် ကျောက်စာတိုင်တစ်ခုရှေ့၌ ဒူးထောက်နေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို သူ တွေ့လိုက်ရသည်။
“ဒါက... လင်းရှီးတောင်ကြားရဲ့ သခင်မ ယွန်ပိုင်ယွီ မဟုတ်လား။”
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ပုံရိပ်ကို အာရုံစိုက်လိုက်သည်နှင့် သူ၏အခြေအနေ ပေါ်လာ၏။
[ လင်းရှီးတောင်ကြား သခင်မ - ယွန်ပိုင်ယွီ ]
[ အခြေအနေ - လေထဲက မီးစာတိုင် ]
...