← Chapters

အပြင်မှာတွေ့ရမည်ကို ကြောက်လန့်စိတ်

Vol. 26 Ch. 252

အပြင်မှာတွေ့ရမည်ကို ကြောက်လန့်စိတ်

Vol. 26 Ch. 252

ယခင်က သူ လင်းရှီးတောင်ကြားကို ဓားနှင့် အပိုင်းပိုင်းပိုင်းခဲ့စဉ်တုန်းက ယွန်ပိုင်ယွီကိုယ်တိုင် ထွက်လာပြီး ဓားချက်ကို တားဆီးပေးခဲ့ဖူးသည်။

ထိုအချိန်ကတည်းက ယွန်ပိုင်ယွီတွင် အတွင်းဒဏ်ရာများ ရှိနေသည်ကို ချန်ဟွိုက်အန် သတိထား မိခဲ့သည်။

သို့သော် ထိုစဉ်က အခြေအနေမှာ အခုလို “လေထဲကမီးစာတိုင်” အဆင့်အထိ မဆိုးရွားသေးပေ။

ယခု အနေအထားအရဆိုလျှင် ထိုတောင်ကြားသခင်မမှာ အချိန်မရွေး သေသွားနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

ချန်ဟွိုက်အန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူသည် ဓားကျောင်းတော်၏ အပျက်အစီးများအောက်တွင် ဂိမ်းမှထွက်ရန် ရွေးချယ်ခဲ့ခြင်းမှာ “အန္တရာယ်အရှိဆုံး နေရာသည် အလုံခြုံဆုံးနေရာဖြစ်သည်” ဟူသော လူမြင်ကွင်းတွင် ပုန်းကွယ်သည့် နည်းဗျူဟာကြောင့် ဖြစ်သည်။

သို့သော် အင်အားကြီး မြင့်မြတ်နယ်မြေ သုံးခုက ဓားကျောင်းတော်၏ အပျက်အစီးများကိုပါ စောင့်ကြည့်နေနိုင်သည့် အခွင့်အရေး ရှိနေဆဲပင်။

“ခဏလေးပဲ ဂိမ်းထဲဝင်မှာဆိုတော့ အဆင်ပြေမှာပါ။”

ယခုတော့ ပိုက်ဆံရှိလာပြီဖြစ်ရာ ချန်ဟွိုက်အန် သတ္တိများ ပိုကောင်းလာ၏။

သူ ဂိမ်းဦးထုပ်ကို ခေါင်းတွင် တပ်ဆင်လိုက်ပြီး ချက်ချင်းပင် အနားယူ အခြေအနေမှ ဂိမ်းထဲသို့ ဝင်ရောက်သွားတော့သည်။

သူ၏ ပုံရိပ်က ဓားကျောင်းတော်၏ ကျောက်စာတိုင်ဘေးတွင် ပေါ်ထွက်လာသည်။

မိမိ၏ နေ့ရက်များ သိပ်မကျန်တော့ကြောင်း သိနေသည့် ယွန်ပိုင်ယွီက ခံစားချက် ကင်းမဲ့စွာဖြင့် ကျောက်စာတိုင်ရှေ့တွင် ဒူးထောက်နေသည်။ အဖိုးမတန်သည့် အသက်တစ်ချောင်းမို့ သူ ဂရုမစိုက်တော့ပေ။ သူ စိုးရိမ်သည်မှာ ယွန်စုရှင်း၏ ဘေးကင်းလုံခြုံမှုသာ ဖြစ်သည်။ တစ်ညလုံး မိုးစိုထားသဖြင့် သူက လုံးဝကို ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။

ရုတ်တရက် သူ၏ နားစည်ထဲ ဓားသံတစ်ခု တိုးဝင်လာသည်။

ယွန်ပိုင်ယွီ ခေါင်းလှည့်ကြည့်လိုက်ရာ ဝတ်ရုံနက်နှင့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ပို၍ အထက်သို့ ကြည့်လိုက်ရာ မျက်နှာမှာ အရိပ်များအတွင်း ဖုံးကွယ်နေပြီး နောက်ဘက်မှ အလင်းရောင်ကြောင့် ခပ်ဖျော့ဖျော့သာ မြင်ရသည်။

သို့သော် အေးစက်လှသော ကြယ်တာရာကဲ့သို့ မျက်ဝန်းတစ်စုံကို မြင်လိုက်ရုံနှင့် ထိုသူမှာ မည်သူဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။ ဓားကျောင်းတော်ဘိုးဘေး ချန်ဟွိုက်အန်ပင်။

“စီနီယာ... စီနီယာ ပြန်လာကြည့်လိမ့်မယ်လို့ ကျွန်မ သိနေခဲ့တာ...” ယွန်ပိုင်ယွီ အလွန်အမင်း ဝမ်းသာသွားသဖြင့် မျက်ရည်များပင် ကျလာသည်။ သူက ယွန်စုရှင်းအကြောင်းကို ပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ဟွိုက်အန်က လက်ကာပြ၍ တားလိုက်သည်။

“ဒါက စကားပြောဖို့ နေရာမဟုတ်ဘူး။” ချန်ဟွိုက်အန်က သူ့နောက်ကွယ်မှ ဝါးတောဆီသို့ လှည့်ကြည့်လိုက်သည်။ “အဲဒီထဲမှာ ပုန်းနေတဲ့ လင်းရှီးတောင်ကြားက တပည့်တွေ၊ အပြင်ကို ထွက်လာခဲ့ကြ။ ငါ မမြင်ဘူးလို့ တကယ် ထင်နေတာလား။”

သူ့စကား ဆုံးသည်နှင့် ဝါးပင်များ လှုပ်ခတ်သွားသည်။

လင်းရှီးတောင်ကြားမှ အမျိုးသမီးတပည့် အများအပြားမှာ မျက်နှာများနီမြန်းလျက်၊ ခေါင်းများ ငုံ့ကာ ထွက်လာကြပြီး ယွန်ပိုင်ယွီ၏ အနောက်တွင် စီတန်းရပ်လိုက်သည်။ ချန်ဟွိုက်အန်၏ အကြည့်နှင့် ဆုံရန်ပင် သူတို့ မဝံ့ရဲကြချေ။

“တောင်ကြားသခင်မယွန် ပြောစရာရှိရင် ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာပဲ ပြောရအောင်။”

ချန်ဟွိုက်အန်က လက်ကို မြှောက်လိုက်ရာ လေထုထဲတွင် စိမ်းစိုသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ယွန်ပိုင်ယွီနှင့် တပည့်များကို လွှမ်းခြုံလိုက်သည်။

ပြင်းထန်လှသော ဟင်းလင်းပြင် တုန်ခါမှုနှင့်အတူ ဓားကျောင်းတော် ကျောက်စာတိုင်ဘေးရှိ လူအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

...

“ဓားကျောင်းတော် ဘိုးဘေးက တကယ်ပဲ ဒီမှာ ရှိနေခဲ့တာပဲ။”

ချန်ဟွိုက်အန်နှင့် အဖွဲ့သားများ ထွက်ခွာသွားပြီး မကြာခင်မှာပင် တောင်ကြားအထက်ရှိ တိမ်တိုက်များနောက်မှ အစိမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူက ဦးထုပ်ဆောင်းထားပြီး ခါးတွင် ယောင်ချီ မြင့်မြတ်နယ်မြေမှ ကျောက်စိမ်းတံဆိပ်တစ်ခု ချိတ်ဆွဲထားသည်။

“ဓားကျောင်းတော် ဘိုးဘေးကို ရှာတွေ့တာက ကိစ္စကြီးပဲ။ ဒါကို အမြန်ဆုံး သတင်းပို့ရမယ်...”

.....

ကိုယ်ပိုင်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် အကြောင်းကြားစာ အသစ်များ ထပ်မံ ပေါ်ထွက် လာသဖြင့် ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွားသည်။

[ သင်သည် ကျုံးကျိုးလျို့ဝှက်နယ်မြေတွင် ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ ၁၃၇၂ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ ၁၃၇၂ခု ရရှိခဲ့သည်။ မိစ္ဆာလမ်းစဉ် အရောင်းဆိုင်ကို သင့်အတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ... ]

...လီချင်းရန်၏ ကျင့်ကြံခြင်း မှတ်တမ်း...

[၁] ၂၂နာရီ - ရေချိုးနေတုန်း ရင်ဘတ်က အပြည့်အဝ မရှိသလို ခံစားရတယ်။ စီနီယာအစ်မ ယွဲ့ ပြောခဲ့ဖူးတဲ့ နည်းလမ်းကို သုံးဖို့ စဉ်းစားမိတယ်။ ဒါပေမဲ့ သူက ယောင်ချီ မြင့်မြတ်နယ်မြေမှာ ပိတ်မိနေသေးတာကို သတိရသွားတယ်။ အဲဒါနဲ့ သန်းခေါင်ယံအထိပဲ ဆက်ပြီး ကျင့်ကြံ နေလိုက်တယ်။

[၂] ၁နာရီ - မအိပ်ခင်မှာ ဆရာအကြောင်းကို ၄၇ ကြိမ် စဉ်းစားမိတယ်။ ဆရာ့ရဲ့ မိစ္ဆာအဆိပ် အတွက် ဆေးပင်တစ်ရာအဆိပ်ဖြေဆေးလုံးက အလုပ်ဖြစ်ရဲ့လား မသိဘူး။ ဆရာ နေပြန်ကောင်း လာရင် ခဏခဏ လာတွေ့နိုင်လိမ့်မယ်လို့ တွေးမိသွားပြီးတော့ နည်းနည်း စိတ်သက်သာရာ ရသွားတယ်။

[၃] ၄နာရီ - ဗိုက်ဆာလာတယ်။ ဆရာ မရှိတုန်း သစ်သီးတစ်ပန်းကန် ခိုးစားလိုက်တယ်။ အစာရှောင်တာက ကောင်းကွက်တွေ ရှိပေမဲ့ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုတစ်ခုကိုတော့ တကယ် လုယူသွားတာပဲလို့ သိလိုက်ရတယ်။

[၄] ၉နာရီ - ဒီနေ့ ဆရာ ဘာလို့ ရောက်မလာသေးတာလဲ။ ထပြီး‌တော့ ဓားပညာ လေ့ကျင့်နေလိုက်တယ်။ ဆရာ့ကို သတိရတယ်။

[၅] ၁၂နာရီ - ဆရာ့ရဲ့ ကိုယ်ပိုင်နယ်မြေအကြောင်း အရမ်း သိချင်မိတယ်။ မိုရှုမိန်နဲ့အတူ အနီးအနားကို သွားစူးစမ်းကြည့်တယ်။ ဒါပေမဲ့ ဒီနေရာက လုံးဝကို သဲကန္တာရကြီးလို ဖြစ်နေတာ။ နည်းနည်းတော့ စိတ်ပျက်မိတယ်။ ဆရာ့ကို သတိရတယ်။

[၆] ၁၃နာရီ - ကျင့်ကြံခြင်း ဆက်လုပ်ဖို့ အခန်းထဲ ပြန်လာခဲ့တယ်။ ပထမ ဓားကွက် (ကျွမ်းကျင်) နဲ့ ဒုတိယ ဓားကွက် (ကျွမ်းကျင်) ကို ပြန်ပြီး လေ့ကျင့်တယ်။ တတိယ ဓားကွက် “စိမ်းပြာရောင် ချောက်ကမ်းပါးပေါ်ကသမင်ဖြူ”ကို စပြီးတော့ နားလည်လာပြီ။ အစောပိုင်း ကျွမ်းကျင်မှု အဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ အစွမ်းကိုတော့ သိပ်အားမရသေးဘူး။ ဆရာ့ကို သတိရတယ်။

[၇] ၁၆နာရီ ၃၀မိနစ် - တောင်ထိပ်တွေပေါ်က စီနီယာအစ်ကို သုံးယောက်ဆီ သွားလည်ခဲ့တယ်။ မြင့်မြတ်နယ်မြေအပေါ် မုန်းတီးမှုတွေ ပိုနက်ရှိုင်းလာတယ်။ ငါ့ရဲ့ အားနည်းမှုအတွက်လည်း စိုးရိမ်မိတယ်။

မှတ်တမ်းအသစ်များကို ထပ်မံ အပ်ဒိတ်လုပ်ပါမည်...

“အာ... နေပါဦး၊ သူက တတိယ ဓားကွက်ကိုတောင် အစောပိုင်း ကျွမ်းကျင်မှုအဆင့် ရောက်သွားပြီလား။”

ချန်ဟွိုက်အန် သူ့မေးစေ့ကို ပွတ်ရင်း လီချင်းရန်၏ လျို့ဝှက်ချက်လေးတစ်ခုကို သိလိုက်ရသည်။

သူ့ရဲ့ ကြာစိမ်းဓားသိုင်းကျမ်း ပထမ ဓားကွက်နဲ့ ဒုတိယ ဓားကွက်က ကျွမ်းကျင်အဆင့် ရောက်နေပြီ။ ပြီးပြည့်စုံတဲ့အဆင့် ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ။ ဒါပေမဲ့ သူက ငါ့ကို ဓားပညာလာမေးတိုင်း ပထမ ဓားကွက်က အခုမှ ကျွမ်းကျင်ခါစ၊ ဓားကွက် ၂ က အနိုင်နိုင် လေ့ကျင့်နေရဆဲ၊ တတိယဓားကွက်ကိုတော့ လုံးဝ နားမလည်သေးသလို အမြဲတမ်း ဟန်ဆောင် ခဲ့တာ။ အပြင်ပန်းကနေ ကြည့်ရင် ငါက သူကို သင်ပေးနေသလိုမျိုး ဖြစ်နေပေမဲ့ တကယ်တော့ ငါကသာ သူ့ဆီကနေ အများကြီး သင်ယူနေရတာ။

ဒါဆို သူက တစ်ချိန်လုံး အူကြောင်ကြောင် လုပ်ပြနေတာပေါ့။ သူရဲ့ တကယ့်အစွမ်းကို ဖုံးကွယ်ထားတာလား...

ဂိမ်းစနစ်ကို သုံးပြီး ညွှန်ကြားချက်တွေကို ဘာသာပြန်ခိုင်းထားလို့ တော်သေးတာပေါ့။

မဟုတ်လို့သာ အသုံးမဝင်တဲ့ စကားတွေ လျှောက်ပြောမိခဲ့ရင် ချက်ချင်း လူမိသွားတော့မှာ မဟုတ်လား။

ချန်ဟွိုက်အန် တုန်လှုပ်သွား၏။

သူ တကယ်ကိုပင် “အပြင်မှာတွေ့ရမည်ကို ကြောက်လန့်စိတ်” စတင် ဖြစ်ပေါ်လာပြီဖြစ်သည်။

သူက လီချင်းရန်ကို အ‌တော်လေး သဘောကျသည်။ သူ့ကိုယ်သူ ၆ပေ ၁လက်မ အရပ် ရှိပြီး ချမ်းသာချောမောသည့် ထိပ်တန်းလူတန်းစား တစ်ယောက်အဖြစ် ပုံဖော်ထားသော်လည်း လက်တွေ့မှာမူ... ဘာတစ်ခုမှ မကိုက်ညီပေ။

လီချင်းရန်က သူ အားနည်းနေ၍ ဒါမှမဟုတ် သာမန်လူတစ်ယောက် ဖြစ်နေ၍ သူ့ကို ပစ်သွားမည် မဟုတ်ကြောင်းကို သူ ယုံကြည်သော်လည်း လက်ခံရခက်သည့် အချက်တစ်ခု ရှိနေသည်။

သူက လီချင်းရန် အပေါ်တွင် ရှိနေရမည့်သူ ဖြစ်သော်လည်း အနာဂတ်တွင်မူ သူကသာ လီချင်းရန်အောက်တွင် အမြဲတမ်း ရှိနေရလိမ့်မည်။

ဒါကို လက်မခံနိုင်ဘူး...

ယောကျ်ားတစ်ယောက်ဆိုတာ ထိပ်ဆုံးမှာ ရှိနေရမယ်...

အဓိကတာဝန်က လည်ပင်းကို ဓားနှင့် ထောက်မထားလျှင်ပင် ချန်ဟွိုက်အန်၏ ကျင့်ကြံလိုစိတ် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်။

လီချင်းရန် တည်ဆောက်ပေးထားသည့် နူးညံ့ပျော့ပျောင်းသော ပန်းရောင် အိပ်မက်ကမ္ဘာထဲမှာ သူ နစ်မွန်းမခံနိုင်ပေ။ ထို့ပြင် သူ့အပေါ်တွင်သာ တစ်သက်လုံး မှီခိုနေမှာလည်း မဟုတ်ပေ။

လေ့ကျင့်ရမယ်။ လေ့ကျင့်မှဖြစ်မယ်...

မသေမချင်း လေ့ကျင့်ရမှာပဲ...

“စီနီယာ... ဒီနေရာက...”

ယွန်ပိုင်ယွီနှင့် လင်းရှီးတောင်ကြားတပည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုနေရာကို မှတ်မိသလိုရှိသော်လည်း တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိကြသည်။

“ဒါက ဓားကျောင်းတော်ပဲ။” ချန်ဟွိုက်အန်က မိစ္ဆာလမ်းစဉ် အရောင်းဆိုင် အကြောင်းကြားစာကို ဖယ်ထုတ်လိုက်သည်။

မည်သည့်အရာများ ရောင်းကြောင်းကို ကြည့်ရန် မလောသေးပေ။ ယွန်ပိုင်ယွီ၏ အခြေအနေကို ကိုင်တွယ်ရန်က ပထမဦးစားပေးပင်။

“ဒါပေမဲ့ ဒါက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲက ဓားကျောင်းတော်ပဲ။” သူက ထပ်လောင်း ပြောလိုက်သည်။

“ဪ... ဒါက စီနီယာရဲ့ ကိုယ်ပိုင်နယ်မြေပဲ... ဒါကြောင့်ကိုး...”

ယွန်ပိုင်ယွီက “ဒါကြောင့် စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ဒီလောက် နည်းနေတာ” ဟူ၍ ပြောရန် ပြင်လိုက်သော်လည်း အချိန်မီ ပြန်မျိုချလိုက်သည်။

ချန်ဟွိုက်အန်က ယွန်ပိုင်ယွီကို ခိုးကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထိုတောင်ကြားသခင်မမှာ တကယ်ကို ရင်သပ်ရှုမောဖွယ် ချောမောလှသည်။ သူသည် အသက် မငယ်တော့သော်လည်း ချင်းယွန်ဘိုးဘေးလိုမျိုး အဘွားကြီး အငွေ့အသက်မျိုး မရှိပေ။

ရင့်ကျက်တည်ငြိမ်သော ဇနီးသည်တစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေသော်လည်း မျက်နှာမှာမူ ပျိုမျစ်သည့် မိန်းကလေးတစ်ဦးကဲ့သို့ပင်။

ယခုမူ သူ၏ ဖြူလျော့နေသော အသားအရေနှင့် ငွေရောင်ဆံပင်များကြောင့် သူသည် ကာကွယ် ပေးချင်စရာကောင်းသော အားနည်းသည့် အမျိုးသမီးတစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှင့်နေသည်။

အကယ်၍ လီချင်းရန်သာ မရှိခဲ့လျှင် သူ့ကို ထိုနေရာမှာပင် သိမ်းပိုက်လိုက်မိနိုင်ချေ ရှိသည်။

ပူလောင်သော အကြည့်တစ်ခု သူ့အပေါ်သို့ ရုတ်တရက် ကျရောက်လာသည်ကို ခံစားမိသည်နှင့် ချန်ဟွိုက်အန် ချက်ချင်း အကြည့်လွှဲလိုက်ပြီး ချောင်းဟန့်လိုက်သည်။

“တောင်ကြားသခင်မယွန်... ငါ့ရဲ့ ဓားကျောင်းတော်ကို ဘာကိစ္စနဲ့ လာခဲ့တာလဲ။”

ထိုစကားကို ကြားသောအခါ ယွန်ပိုင်ယွီ၏ မျက်ဝန်းအစွန်းများ နီမြန်းလာသည်။ သူ ဒူးထောက်လိုက်ပြီး ဦးချလိုက်ကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး စီနီယာ... ကျွန်မရဲ့ သမီးလေးကို ကယ်တင်ပေးပါ။ ကျွန်မ ဘယ်လို တန်ဖိုးမျိုးမဆို ပေးဆပ်ဖို့ အသင့်ပါပဲ။ကျွန်မကိုယ်တိုင် အပါအဝင် လင်းရှီးတောင်ကြားတစ်ခုလုံးကို စီနီယာရဲ့ လက်ထဲကို အပ်နှံဖို့ ဝန်မလေးပါဘူး။”

“ဟွတ်... အဟွတ်... စကားကို ဆင်ခြင်ပြီး ပြောပါဦး...”

နောက်ဘက်မှ ပူလောင်သော အကြည့်မှာ ပို၍ပင် ပြင်းထန်လာသည်။

ချန်ဟွိုက်အန်မှာ ချွေးစေးများပင် ထွက်လာတော့သည်။

သူက အမြန်ပင် ပြောလိုက်သည်။ “ထပါ။ ငါ့မှာ ယန်ဝိညာဉ်ကြေးမုံဆိုတဲ့ ရတနာတစ်ခု ရှိတယ်။ သမီးဖြစ်သူရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုခု ပေးပါ။ အဲဒါကို ကြားခံအဖြစ် သုံးပြီး သူ့ရဲ့ အခြေအနေကို စစ်ဆေးပေးမယ်။ သူ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကိုလည်း တွက်ကြည့်ပေးပါ့မယ်။”

သူက ထိုသို့ ပြောလိုက်သော်လည်း အမှန်စင်စစ် သူကိုယ်တိုင်လည်း ကောက်ချက်ချပြီးသား ဖြစ်သည်။

ယွန်စုရှင်းက ပါရမီကောင်းသူ ဖြစ်သည်။ ဖြစ်နိုင်ခြေ အများဆုံးမှာ သူ့ကို ယောင်ချီ မြင့်မြတ်နယ်မြေ သို့မဟုတ် ဖန်ကျင်း မြင့်မြတ်နယ်မြေက ဖမ်းဆီးသွားခြင်းပင်။

ကံကောင်းလျှင် သူ့ကို ကျင့်ကြံခြင်း ဖျက်ဆီးပြီး အကျဉ်းချထားလိမ့်မည်။

ကံမကောင်းလျှင်မူ... အသက် ရှိတော့မည် မဟုတ်ပေ။

...

All Chapters