တန်ယွင်၏ သမီးလေး
Vol. 26 Ch. 254
“ဪ... မင်းဆီမှာ ဘာသတင်းရှိလဲ ပြောပြပါဦး...” ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူက ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူလေးကို တပည့်မက တောင်းဆိုလွန်း၍သာ ကယ်တင်ခဲ့ခြင်း ဖြစ်ပြီး သူ့အပေါ်တွင် အထင်ကြီးလေးစားမှု သိပ်မရှိခဲ့ပေ။
အခုတော့ မမျှော်လင့်ဘဲ အပိုဆုတစ်ခု ရလိုက်သလိုပင်။ ထိုသို့ဆိုလျှင် လီချင်းရန်က တကယ့်ကို ကံကောင်းစေသည့် လာဘ်ကောင်လေး ဖြစ်ပေလိမ့်မည်။
မိုရှုမိန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ထပ်တစ်ကြိမ် အလေးအနက် ဂါရဝပြုလိုက်သည်။
“ဒီသတင်းကို မပြောခင် စီနီယာနဲ့ သဘောတူညီချက်တစ်ခု လုပ်ချင်ပါတယ်...”
“ရိုင်းလှချည်လား...” အကြီးအကဲလျူက ဒေါသတကြီးဖြင့် မိုရှုမိန်ကို လက်ညှိုးထိုးကာ ဟောက်လိုက်သည်။
“ဓားကျောင်းတော်က မင်းကို လက်ခံထားတာကတင် ကျေးဇူးကြီးနေပြီ။ ဘိုးဘေးက မင်းရဲ့ မိစ္ဆာသရုပ်ကို လျစ်လျူရှုပေးထားတာက သူ့ရဲ့ ရက်ရောမှုပဲ။ အခွင့်အရေးကို အလွဲသုံးစား မလုပ်နဲ့...”
“အကြီးအကဲလျူ၊ ရပါတယ်။ သူပြောပါစေ။ ငါလည်း စိတ်ဝင်စားသွားပြီ...” ချန်ဟွိုက်အန်က လက်ကာပြကာ တားလိုက်သည်။
မိုရှုမိန် မည်သို့ သဘောတူညီချက်မျိုး တောင်းဆိုမည်ကို သူ တကယ်ပင် သိချင်နေမိသည်။
သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေအချို့ကို တွေးကြည့်မိသည်။
သူ့ရဲ့ မိစ္ဆာဓားထဲက ဓားဝိညာဉ်ကို နှိမ်နင်းပေးဖို့ တောင်းဆိုမှာလား။
ဒါမှမဟုတ် ငါ့ဆီမှာ တပည့်အဖြစ် ခံယူချင်တာလား။
ဒါမှမဟုတ် ရှားပါးအရင်းအမြစ်တစ်ခုခုကို မျှော်လင့်နေတာလား။
ချင်းယွန်ဘုံမှ ကျင့်ကြံသူများသည် သူ့ကဲ့သို့ အစွမ်းထက်သူနှင့် ရင်ဆိုင်ရလျှင် ထိုမျှထက် ပို၍ မတောင်းဆိုတတ်ကြပေ။
ထိုစဉ် မိုရှုမိန်၏ ခါးတွင်ချိတ်ထားသော မိစ္ဆာဓားမှာ တုန်ခါလာတော့သည်။
[ မင်း ဘာလုပ်မလို့လဲ။... ငါ သတိပေးလိုက်မယ်နော်... ဝိညာဉ်ချောက်နက်ဓားက ငါရှိလို့ အစွမ်းထက်နေတာ... ငါမရှိရင် ဒါက သာမန် ဝိညာဉ်လက်နက်တစ်ခုပဲ... ]
မိုရှုမိန်က ထိုဓားကို လျစ်လျူရှုလိုက်သည်။
သူက နှုတ်ခမ်းကို ထပ်မံကိုက်လိုက်ပြီး မည်သို့စပြောရမှန်း မသိသလို ဖြစ်နေသည်။ အတော် ကြာအောင် စိတ်ပိုင်းဖြတ်ပြီးမှ အံကိုတင်းတင်းစေ့လျက် စကားလုံးများကို ညှစ်ထုတ်လိုက်ရ၏။
“ကျွန်မ... ကျွန်မရဲ့ဘဝက အရမ်းခက်ခဲခဲ့တယ်။ ချင်းယွန်ဘုံထဲမှာ နှစ်ပေါင်းများစွာ လေလွင့် နေခဲ့ရတယ်။ ကျွန်မက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူဆိုတာ လူတွေသိတာနဲ့ ဘာမှမမေးဘဲ တိုက်ခိုက်ကြတာ။ ကျွန်မနဲ့ ရင်းနှီးပါတယ်ဆိုတဲ့ လူတွေတောင် ရုတ်တရက် ရန်သူတွေ ဖြစ်သွားတတ်ကြတယ်။ သူတို့ကို သတ်ဖို့ကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။”
“ဒါကြောင့် ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ လုံးဝ အထီးကျန်ခဲ့ရတယ်။ စီနီယာ့တပည့် လီချင်းရန် တစ်ယောက်ပဲ ကျွန်မကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဆိုပြီးတော့ ခွဲခြားဆက်ဆံတာ မရှိခဲ့တာပါ။ ဒါက အရမ်း အတင့်ရဲရာကျမှန်း သိပါတယ်... ဒါပေမဲ့ ကျွန်မကို မိတ်ဆွေ ဖြစ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
သူက ခေါင်းကို မြေကြီးနှင့်ထိကာ ဦးချထားရင်း မလှုပ်မယှက် ရှိနေသည်။
မိစ္ဆာဓား၏ တုန်ခါမှုမှာ ရပ်တန့်သွားပြီး လုံးဝတိတ်ဆိတ်သွား၏။ မှင်တက်သွားသည့်အလားပင်။
ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် ပြင်ဆင်ထားသည့် အကြီးအကဲလျူမှာလည်း အံ့အားသင့်သွားပြီး ပြောမည့်စကားများ လည်ချောင်းထဲတွင် တစ်ဆို့သွားတော့သည်။
“အမ်...” ချန်ဟွိုက်အန်က လီချင်းရန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူကိုယ်တိုင်သည်ပင် အံ့သြနေသည်ကို တွေ့လိုက်ရသည်။
တကယ်... သူက မိတ်ဆွေ ဖြစ်ချင်ရုံသက်သက်လား။ ဒါက အကြီးအကျယ် တောင်းဆိုချက်လား။
သို့သော် ချန်ဟွိုက်အန် နားမလည်သည်မှာ ခွဲခြားဆက်ဆံခြင်းနှင့် အစွဲအလမ်းဆိုသည်မှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံခြင်းပင်။
မိုရှုမိန်သည် ထိုတောင်ကြီးအောက်တွင် ၇နှစ်၊ ၈နှစ်ခန့် ဖိနှိပ်ခံထားရခြင်း ဖြစ်သည်။
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများကလည်း သူ့ကို မနှစ်သက်သဖြင့် သူတို့နှင့် မတည့်ပေ။
ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူများကမူ မိစ္ဆာဟု မြင်သည်နှင့် မည်သည့်ရှင်းပြချက်ကိုမျှ နားမထောင်ဘဲ သတ်ရန်သာ ကြိုးစားကြသည်။
သူက သူရဲကောင်းဆန်သော အပြုအမူများ လုပ်ဆောင်လျှင်ပင် လူများက သူ့တွင် မကောင်းသော ရည်ရွယ်ချက်ရှိမည်ဟုသာ ထင်ကြသည်။
နှစ်ပေါင်းများစွာအတွင်း မိုရှုမိန်က လူပေါင်းများစွာကို ကယ်တင်ခဲ့ဖူးသည်။
အချို့မှာ သူငယ်ချင်း ဖြစ်သွားကြသော်လည်း အမှန်တရားကို သိလိုက်ရသည့်ခဏတွင် သူ့ကို ပြန်တိုက်ခိုက်ကြသည်။
အချို့ကမူ သူကို ဖြောင့်မှန်သောလမ်းစဉ် ဂိုဏ်းများထံ သတင်းပေးသဖြင့် သူ့မှာ မနားတမ်း လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည်။ အချို့ကမူ ကျေးဇူးတင်ရာမှ သံသယဖြစ်လာကာ လုံးဝ ဝေးကွာသွားကြသည်။
မှတ်မိနေသော အဖြစ်အပျက်တစ်ခုမှာ...
လွန်ခဲ့သော နှစ်ပေါင်းများစွာက နှင်းမုန်တိုင်းတစ်ခုအတွင်း သူက တောင်ပေါ်မှ မုဆိုးတစ်ဦးကို ကယ်တင်ခဲ့သည်။
ထိုသူသည် သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူမှန်း သိသွားသောအခါ သူရှာပေးထားသည့် ယုန်သားကို လုံးဝမစားဘဲ ငတ်သေရန်သာ ရွေးချယ်ခဲ့သည်။
သူက ထိုယုန်ကင်ကို ဂူအပြင်ဘက်တွင် ထားခဲ့ပြီး ထွက်ခွာသွားခဲ့သည်။ ၎င်းက ထိုမုဆိုးအတွက် တစ်ညတာ အသက်ဆက်ရန် လုံလောက်သည်။
သို့သော် နောက်တစ်နေ့ သူ ပြန်လာသောအခါ ထိုသူမှာ အေးခဲ၍ သေဆုံးနေပြီဖြစ်သည်။
ယုန်သားမှာလည်း တစ်စက်မျှ မထိထားပေ။
ထိုအချိန်မှစ၍ သူက မည်သူနှင့်မျှ မပတ်သက်တော့ပေ။
မှန်သည်ဟု ယုံကြည်ရာကို ဆက်လုပ်နေသော်လည်း သူ ကယ်တင်ခဲ့သူများနှင့် မည်သည့်အခါမျှ စကားမပြောတော့ပေ။
သာမန် လူသားမြို့တော်တစ်ခုတွင် မိသားစုဝင်များအပေါ် ဒုက္ခပေးနေသည့် အကျင့်ပျက် အုပ်ချုပ်သူ မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်သလိုမျိုးပင်။ နောက်ထပ် တက်လာမည့် အုပ်ချုပ်သူကလည်း ထိုအတိုင်း ထပ်လုပ်နိုင်သည်မှာ မှန်သော်လည်း ကိစ္စမရှိပေ။ သူ ပြန်လာပြီး သူတို့ကိုပါ ထပ်သတ်နိုင်သည် မဟုတ်ပါလား။
သူက သတ်ဖြတ်သည်။ ပြီးလျှင် ထွက်ခွာသွားသည်။
ထိုမျှသာ။
ထိုထက်ပို၍ မည်သည့်အရာတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။
ကြည့်ရသည်မှာ မိုက်သလိုရှိသော်လည်း လက်တွေ့တွင်မူ သူ့တွင် မိတ်ဆွေ မရှိပေ။ သူ့ကို စကားပြောဖူးသည့် တစ်ဦးတည်းသောသူမှာ စိတ်ပျက်စရာ ဓားကြီးသာဖြစ်ပြီး ၎င်းပြောသမျှ ၁၀ခွန်းတွင် ၉ခွန်းမှာ အလိမ်အညာများ ဖြစ်သည်။
ယခုအခါ မိုရှုမိန်က ချန်ဟွိုက်အန်၏ အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။
လီချင်းရန်နှင့်အတူ ခရီးသွားပြီးနောက် ထိုမိန်းကလေးတွင် မိသားစု မရှိတော့ကြောင်း သူ သိခဲ့ရသည်။
လီချင်းရန်အတွက် သူ၏ဆရာမှာ မိဘနှင့်တူသည်။
ထို့ကြောင့် လီချင်းရန်က သူနှင့် မိတ်ဆွေဖြစ်ချင်လျှင်ပင် ဆရာ ခွင့်မပြုပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
“ဒါက လီချင်းရန်အပေါ်မှာပဲ မူတည်တယ်။ မိတ်ဆွေ ဖြစ်ချင်တာကို ငါ့ကို ဘာလို့ လာမေးနေတာလဲ။”
ခေတ်သစ်ကမ္ဘာမှ လာသူတစ်ဦးအနေဖြင့် ချန်ဟွိုက်အန်က မိုရှုမိန်၏ စိုးရိမ်ပူပန်မှုများကို နားမလည်နိုင်ပေ။
သို့သော် သူ နားမလည်နိုင်ခြင်းကြောင့်ပင် မိုရှုမိန် အကြားချင်ဆုံး အဖြေကို ပေးလိုက်သလို ဖြစ်သွားသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ။ လီချင်းရန်ရဲ့ မိတ်ဆွေ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့... ကျွန်မ ဘာသာ ကြိုးစားယူပါ့မယ်။”
မိုရှုမိန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လီချင်းရန်ဘက်သို့ လှည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ချင်းရန်၊ ငါ နင့်ရဲ့ မိတ်ဆွေ တကယ်ဖြစ်အောင် လုပ်မှာပါ။ စောင့်နေလိုက်...”
လီချင်းရန်က ရုတ်တရက် ကြေညာချက်ကြောင့် အံ့အားသင့်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိကာ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားသည်။ သူက ချန်ဟွိုက်အန်၏ နောက်ကွယ်တွင် အမြန်ပုန်းလိုက်ပြီး ပြန်ထွက်မလာတော့ပေ။
မူလအကြောင်းအရာသို့ ပြန်သွားရလျှင်...
မိုရှုမိန်၏ မျက်ဝန်းထဲတွင် အတိတ်က အမှတ်ရမှုတစ်ခု ဖြတ်ပြေးသွားသည်။
“ယောင်ချီမြင့်မြတ်နယ်မြေက ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးတွေကို အပြင်းအထန် စုဆောင်းနေတုန်းက တန်ယွင်လို့ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကိုလည်း လိုက်ရှာခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ သူကို ရှာတွေ့သွားပြီလို့ ကြားရပြီး ဆေးလုံးရှာဖွေမှုတွေကလည်း ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
“ဒါပေမဲ့ နောက်ထပ် ခြောက်လအကြာမှာတော့ အဲဒီရှာဖွေမှုတွေက ပြန်စလာပြန်တယ်။ ဒါနဲ့ ကျွန်မလည်း စဉ်းစားမိတယ်။ အဲဒီတန်ယွင်ဆိုတဲ့သူက ဆေးလုံးနဲ့ ပတ်သက်မှု ရှိနေမလားလို့ပေါ့။ သူရဲ့ နာမည်က တန်နဲ့ စတာဆိုတော့ အဂ္ဂိရတ်ဂိုဏ်းက အကြီးအကဲတွေပဲ အဲဒီလို နာမည်ပေးလေ့ရှိတာ။ သူက အဆင့်မြင့် အကြီးအကဲတစ်ယောက် ဖြစ်နိုင်တယ်။ ကျိုးရွှမ်ကျိ ထက်တောင် အဆင့်မြင့်နိုင်ပါတယ်။”
“သူက အဂ္ဂိရတ်ဂိုဏ်းကဆိုရင် ဆေးဖော်စပ်နည်းကို သေချာပေါက် သိမှာပဲ။ ဒါဆို ယောင်ချီက သူကို ရှာတွေ့သွားတဲ့အခါသူကို ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးတွေ ဖော်စပ်ခိုင်းတာမျိုး ဖြစ်နိုင်မလား။”
လူအုပ်ကြီး တိတ်ဆိတ်သွားပြီး အားလုံးက နက်နက်ရှိုင်းရှိုင်း စဉ်းစားနေကြသည်။
ချန်ဟွိုက်အန်ကလည်း သူ၏ တွေးဆချက်မှာ အလွန်ဖြစ်နိုင်ချေရှိသည်ဟု ခံစားရသည်။
တန်ယွင်သည် ထိုဆေးလုံးကို မည်သို့ဖော်စပ်ရမည်ကို သိသူ သို့မဟုတ် ဖော်စပ်နည်း ရှိထားသူ ဖြစ်ပေလိမ့်မည်။
နောက်ထပ် ခြောက်လအကြာ ရှာဖွေမှုများ ပြန်စခြင်းကတော့...
အဖြစ်နိုင်ဆုံးမှာ တန်ယွင် သေဆုံးသွားပြီး ဆေးလုံးဖော်စပ်ပေးမည့်သူ မရှိတော့၍ ဖြစ်ပေမည်။
တန်ယွင် ဘာဖြစ်သွားလဲ သူ ဂရုမစိုက်ပေ။
သူ တကယ် ဂရုစိုက်သည်မှာ... ထိုဖော်စပ်နည်းပင်။
အကယ်၍ ဖော်စပ်နည်းသာ ရှိနေမည်ဆိုလျှင်...
“တန်ယွင်မှာ ပျောက်ဆုံးနေတဲ့ သမီးတစ်ယောက် ရှိသေးတယ်လို့ ကြားဖူးတယ်။ သေချာတာ တစ်ခုကတော့ ယောင်ချီက သူ့ကို ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ သာမန်လူသားနိုင်ငံတွေကို လှည့်လည်နေတုန်း ယောင်ချီက ဝရမ်းထုတ်ထားတာကို မြင်ခဲ့ရတယ်။ အဲဒီစာရင်းထဲမှာ... တန်ယွင်ရဲ့ သမီးလည်း ပါဝင်နေတယ်။”
ချန်ဟွိုက်အန်က ခေါင်းမော့ကြည့်လိုက်ပြီး မိုရှုမိန်ကို စူးစိုက်ကြည့်လိုက်သည်။
“သူ့နာမည်က ဘာလဲ။”
“တန်ပိုင်ပါ...” မိုရှုမိန်က တိုးတိုးလေး ပြောလိုက်သည်။
“သူက တန်ယွင်ရဲ့ တစ်ဦးတည်းသော သမီးလေးပါ။”
“တန်ပိုင်က တန်ယွင်ရဲ့ တစ်ဦးတည်းသောကလေးပေါ့...” ချန်ဟွိုက်အန်က မျက်မှောင်ကြုတ် လိုက်သည်။
“ပြီးတော့ ယောင်ချီက သူ့ကို အခုထိ လိုက်ရှာနေတုန်းပဲ။ ဒါဆိုရင် သူက သူ့အမေရဲ့ ဆေးဖော်စပ်တဲ့ ပညာတွေကို အမွေရထားတာ ဖြစ်နိုင်တယ်။ သူက ဖော်စပ်နည်းကို သိရုံတင် မဟုတ်ဘဲ သူကိုယ်တိုင် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကို ဖော်စပ်နိုင်တာမျိုး ဖြစ်နေမလား။”
“အတိအကျပဲ....” မိုရှုမိန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ပြဿနာက သူ့ကို ဘယ်လို ရှာရမလဲဆိုတာပါပဲ။”
“လူတစ်ယောက်ကို ရှာဖို့လား။ အဲဒါက လွယ်ပါတယ်...”
ချန်ဟွိုက်အန် ပြုံးလိုက်သည်။
ချန်ဟွိုက်အန်က ဓားပါရမီရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း ပစ္စည်းများ ရှာဖွေရာတွင်လည်း ဆရာကြီးတစ်ဦး ဖြစ်ကြောင်း သိသူနည်းလှသည်။
သူ၏ အစွမ်းထက်သော ရှာဖွေမှုနှင့် နက္ခတ်တွက်ချက်ခြင်း စွမ်းရည်များသည် ပါရမီနှင့် ကြိုးစားမှုတို့မှ လာခြင်းပင်။
ချန်ဟွိုက်အန်က ကိုယ်ပိုင်နယ်မြေမှ ထွက်လိုက်ပြီး ဂိမ်းအတွင်းရှိ ဝန်ဆောင်မှုစနစ်ကို ဖွင့်လိုက်သည်။
“ကောင်းကင်နက္ခတ်တွက်ချက်ခြင်း...”
“တန်ပိုင်ရှိတဲ့နေရာကို အခုချက်ချင်း ရှာပေး...”
...