← Chapters

အတင်းဖောက်ထွင်းခြင်း

Vol. 26 Ch. 255

အတင်းဖောက်ထွင်းခြင်း

Vol. 26 Ch. 255

[ ဒါက သင့်ရဲ့ ဒီနေ့အတွက် ဒုတိယမြောက် နက္ခတ်တွက်ချက်ခြင်းပါ။ နက္ခတ်တွက်ချက်ခြင်းကို စတင်နေပါပြီ... ]

[ နက္ခတ်တွက်ချက်ခြင်း မအောင်မြင်ပါ။ ပစ်မှတ်ရဲ့ ကံကြမ္မာကို ဖုံးကွယ်ထားပါတယ်... အတင်းထိုးဖောက်ဖို့အတွက်ဆိုရင် ကံတရားဆုံးရှုံးမှု ကို အနည်းဆုံး အထပ် ၅၀၀အထိ လျှော့ချဖို့ လိုအပ်ပါတယ်... ]

ချန်ဟွိုက်အန် - “ဘာလားဟ... ဒါကိုတောင် တားထားတာလား။”

သို့သော် သူ ချက်ချင်းပင် သတိဝင်လာသည်။

၎င်းမှာလည်း အဓိပ္ပာယ်ရှိပေသည်။ တန်ယွင်က သူ၏သမီးကို ကာကွယ်ရန် တစ်စုံတစ်ရာသော နည်းလမ်းကို သုံးထားခဲ့မှာ သေချာသည်။ ယောင်ချီမြင့်မြတ်နယ်မြေက နှစ်ပေါင်းများစွာ ကြာအောင် တန်ပိုင်ကို ရှာမတွေ့ခဲ့ဆိုသည့် အချက်ကိုလည်း ထိုအချက်က ရှင်းပြနေ၏။

“ကောင်းကင်နက္ခတ်။ ငါ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးရဲ့ ဖော်စပ်နည်းကို ဘယ်လို ရနိုင်မလဲ။” ချန်ဟွိုက်အန်က မေးခွန်းကို ပြောင်းလိုက်သည်။

[ နက္ခတ်တွက်ချက်ခြင်းကို စတင်နေပါပြီ။ ဒါက ဒီနေ့အတွက် တတိယမြောက် ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို နုတ်ယူပြီးပါပြီ ]

ချင်းယွန်ဘုံတွင် ကောင်းကင်ယံကြီးမှာ တဖန် ထူးဆန်းစွာ ပြောင်းလဲသွားပြန်သည်။

သို့သော် ယခုအချိန်တွင်မူ ကောင်းကင်ကြီး ခဏခဏ ပြောင်းလဲနေသည်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။ ရွှေရောင် ဒေါင်လိုက်မျက်လုံးကြီး ပေါ်လာသည်ကိုပင် လူအများက ပျင်းရိပျင်းတွဲဖြင့် တစ်ချက်ကြည့်ရုံသာ ကြည့်ကြတော့သည်။ သူတို့က ၎င်းကို နေသားကျနေပြီ မဟုတ်ပါလား။

[ နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ တန်ပိုင် သို့မဟုတ် တန်ယွင်ကို ရှာဖွေခြင်းဖြင့် ဖော်စပ်နည်းကို ရရှိနိုင်ပါတယ် ]

“မင်း ငါ့ကို လာနောက်နေတာလား...”

တကယ့်ကို ပိုက်ဆံအလကား ဖြစ်သွားပြီ။

သူ သိပြီးသားအချက်ကို ပြန်ကြားဖို့ ပိုက်ဆံပေးလိုက်ရသလိုပဲ။

ငါ့ရဲ့ ယွမ်တစ်သောင်းကို ပြန်ပေးစမ်း...

ချန်ဟွိုက်အန် အံကြိတ်လိုက်မိသည်။

၎င်းမှာ ဂိမ်းထဲမှာ လစဉ်ကြေး ဝယ်ပြီး ဆုအကုန် ယူပြီးမှ ဘာမှထူးမလာမည့် အထူးလစဉ်ကြေးကို အပိုဆောင်း ပိုက်ဆံပေးပြီး ထပ်ဝယ်လိုက်သလိုမျိုး၊ အပို ၁၀ဆင့် တက်ရန်အတွက် အဓိပ္ပာယ်မရှိ ပိုက်ဆံဖြုန်းလိုက်ရသလိုပင်။

“ကောင်းပြီလေ။ ကြည့်ရတာ ငါ့ရဲ့ ကံတရားဆုံးရှုံးမှုတွေကို အရင်ရှင်းမှ ရတော့မယ် ထင်တယ်။”

သူက အထပ် ၉၈၇ပင် ရှိနေသည့် ဧရာမ ကံတရားဆုံးရှုံးမှုကို ကြည့်ပြီး ခေါင်းနောက်သွား၏။

အမှန်အတိုင်းပြောရလျှင် နေ့စဉ်ဘဝတွင်တော့ ၎င်းက မဆိုးလှပေ။

ဓာတ်လိုက်ခြင်း၊ လမ်းဘေးက အပေါက်ထဲ ကျခြင်း သို့မဟုတ် ရဟတ်ယာဉ် ပေါက်ကွဲခြင်းမျိုးနှင့် သူ သေမည်တော့ မဟုတ်ပေ။ ပျင်းစရာကောင်းသော ဘဝထဲတွင် အနည်းငယ် စိတ်လှုပ်ရှားစရာ ဖြစ်အောင် အမွှေးအကြိုင် ခတ်ပေးရုံမျှသာ။

သို့သော် သူ လုံးဝ သည်းမခံနိုင်သော အချက်များမှာ...

အကြီးအကျယ် ဝမ်းချုပ်ခြင်း သို့မဟုတ် ထမင်းစားနေရင်း သံချေးတက်နေသော သံဆန်ခါစ သို့မဟုတ် ယင်ကောင်သေကြီးကို ကိုက်မိခြင်းမျိုးပင်။

အစားအသောက်ကိုတော့ သူ လက်မလျှော့နိုင်ပေ။

လူများတွင် ပါးစပ်ပါလာပြီး အစားအစာများကို တီထွင်ခဲ့ကြသည်မှာ အကြောင်း ရှိပေသည်။ ထိုအရာမှာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရန်ပင်။

ယခင် ပိုက်ဆံမရှိချိန်တွင်တော့ သူ အံကြိတ်ပြီး ၎င်းတို့ကို သည်းခံခဲ့ရသော်လည်း ယခု ပိုက်ဆံရှိလာပြီဖြစ်ရာ ထိုသို့ ကျိန်စာသင့်ဘဝကြီးကို အဆုံးသတ်ရမည့်အချိန် ရောက်လာလေပြီ။

ချန်ဟွိုက်အန်က ကစားသူ မီနူးကို ဖွင့်လိုက်ပြီး [ ကံတရားဆုံးရှုံး ၉၈၇ ] ဟူသည့် အခြေအနေဆိုးကို ရွေးချယ်ကာ “အားလုံးရှင်းလင်းမည်”ကို နှိပ်လိုက်သည်။

[ ကံတရားဆုံးရှုံးမှု အထပ်၉၈၇ကို ရှင်းလင်းရန် ကုန်ကျစရိတ်မှာ -

(၁၀၀ × ၁၀၀၀) + (၃၀၀ × ၁၀၀၀၀) + (၃၀၀ × ၁၀၀၀၀၀) + (၂၈၇ × ၁၀၀၀၀၀၀)

= စုစုပေါင်း သိန်း ၃၂၀၀ ကျသင့်ပါမည်။ အတည်ပြုပါမည်လား ]

“သိန်း ၃၂၀၀ပဲလား။ အဲဒါက မုန့်ဖိုးလေးပါ။ လုပ်လိုက်တော့...”

[ ငွေပေးချေမှု အောင်မြင်ပါသည်။ သင့်ရဲ့ ကံတရားဆုံးရှုံးမှုများကို ရှင်းလင်းပြီးပါပြီ... ]

အကြောင်းကြားစာ ပေါ်လာသည့် ခဏမှာပင် ချန်ဟွိုက်အန်က လေပြေအေးလေးတစ်ခုမှာ သူ့မျက်နှာကို ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။

ငှက်ကလေးများ တေးဆိုသံ... ပန်းကလေးများ ပွင့်လန်းလာသံ...

၉၈၇ထပ် ရှိနေသော ကံဆိုးမှုများ၏ အလေးချိန်ကို သူ ယခင်က သတိမထားမိခဲ့ပေ။

သို့သော် ယခုတွင် ထိုအရာများ ပျောက်သွားတော့မှ တကယ့်ကို နေလို့ကောင်းသွား၏။ ကိုယ်အလေးချိန် ၁၀ပေါင်လောက် လျော့သွားသလိုမျိုးပင်...

ထိုခံစားချက်က အောင့်ထားရသည်မှာ ကြာလှပြီဖြစ်ကာ အများသုံးအိမ်သာထဲကို နောက်ဆုံးမှာ ရောက်သွားပြီး ဘောင်းဘီဆွဲချကာ တစ်ဝကြီး စွန့်ထုတ်လိုက်ရသလိုမျိုး အားရပါးရ ရှိလှသည်။

“အရမ်းကို နေလို့ကောင်းတာပဲ...”

ချန်ဟွိုက်အန်က ဓားကျောင်းတော် ကျောက်စာတိုင်ပေါ် ခြေတစ်ဖက်တင်ကာ ခါးထောက်ပြီး ပို့စ်တစ်ခု ပေးလိုက်၏။

“ကဲ.. အခုတော့ အတင်းထိုးဖောက်ပြီး တန်ပိုင် ဘယ်မှာလဲဆိုတာ ငါ့ကို ရှာပေး...”

[ နက္ခတ်တွက်ချက်ခြင်းကို စတင်နေပါပြီ။ ပစ်မှတ်ရဲ့ ကံကြမ္မာကို ဖုံးကွယ်ထားပါတယ်။ အတင်းထိုးဖောက်ခြင်းကို စတင်နေပါပြီ... ]

[ ကစားသူက ကံတရားဆုံးရှုံးမှု အထပ် ၅၀၀ကို ရရှိသွားပါတယ် ]

ချန်ဟွိုက်အန် မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး အသစ်တိုးလာသည့် အထပ်၅၀၀ ကံတရားဆုံးရှုံးမှုကို ၁၃၁ သိန်း အကုန်အကျခံကာ ချက်ချင်း ပြန်ရှင်းလိုက်သည်။ ယနေ့မှစ၍ ကံတရားဆုံးရှုံးမှု လုံးဝ ရှိမနေစေရဟု သူ ကျိန်ဆိုလိုက်သည်

နောက်နောင်တွင် သူ လုံးဝ “ဝမ်းချုပ်သောကောင်လေး” အဖြစ်မခံတော့ပေ။

[ အတင်းထိုးဖောက်ခြင်း ပြီးဆုံးပါပြီ။ တန်ပိုင်ရဲ့ တည်နေရာကို မြေပုံပေါ်တွင် မှတ်သား ပေးလိုက်ပါပြီ... ]

...

ထိုအချိန် တောင်တန်းတစ်သောင်း၏ နက်ရှိုင်းသော နေရာတစ်ခု၌။

တိမ်တိုက်များအောက်တွင် တိတ်ဆိတ်စွာ ပုန်းကွယ်နေသည့် လရောင်အောက် တောင်ကြားလေး တစ်ခု ရှိသည်။

သစ်သားအိမ်တစ်လုံး၏ ဘေးတွင် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးက အင်္ကျီလက်ကို လိပ်တင်ထားပြီး ဝါးဗန်းပေါ်ရှိ နေလှန်းထားသော ဆေးပင်များကို ဂရုတစိုက် ရွေးချယ်နေ၏။

သူ၏ ပတ်လည်တွင် ရှဉ့်ကလေးများ၊ တောင်ပေါ်စာကလေးများ၊ ယုန်ကလေးများ ရှိနေကြပြီး အချို့မှာ မိစ္ဆာသားရဲများပင် ဖြစ်ကြသည်။

၎င်းတို့အားလုံးက သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြ၏။

“ခဏလေး စောင့်ဦးနော်။ ပစ္စည်းတွေက အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ စားဖို့အတွက်တော့ အချိန်နည်းနည်း လိုသေးတယ်”

သူက နူးညံ့စွာ ပြုံးလျက် ပြောပြီး ခပ်ဝဝ စာကလေးတစ်ကောင်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

ထိုစာကလေးမှာ စည်ပိုင်းတစ်လုံးနီးပါးကြီးပြီး အလွန်ဝသဖြင့် လှုပ်ရှားလိုက်တိုင်း အသားများက တုန်ခါနေသည်။ ၎င်းတွင် နှစ်ပေါင်းသုံးရာကျော်သော ကျင့်ကြံခြင်းစွမ်းအား ရှိနေသည်ဖြစ်ရာ စာကလေးများ၏ ဘုရင်ဖြစ်မှာ သေချာသည်။

တန်ပိုင်က ဆေးပင်များကိုယူကာ ရေနွေးအိုးတည်ရန် အိမ်ထဲသို့ ဝင်တော့မည့် အချိန်တွင် ရုတ်တရက် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ကျဆင်းလာသည်။

သူ၏ ပတ်ပတ်လည်ရှိ တိရစ္ဆာန်များနှင့် သားရဲများမှာ ပို၍ပင် အာရုံခံနိုင်စွမ်း ရှိကြသည်။

သူတို့အားလုံး မြေပြင်ပေါ်သို့ ဝပ်ဆင်းသွားကြပြီး တစ်ကိုယ်လုံး တုန်ရီနေကြတော့သည်။

သူက ကမ်းပါးယံများကြားမှ မြင်နေရသည့် ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ အမေသည် ထိုနေရာတွင် အစွမ်းထက်လှသော ပုံရိပ်ယောင် အစီအရင် တစ်ခုကို ထားရှိခဲ့သည်။

၎င်းမှာ အချိန်အတော်ကြာ တည်တံ့နေခဲ့သည့်အရာ ဖြစ်သည်။ ယောင်ချီမြင့်မြတ်နယ်မြေမှ အစစ်အမှန် သူတော်စင် ယွိယောင်ပင်လျှင် ထိုနေရာကို ရှာမတွေ့ခဲ့ပေ။

ပုံမှန်အားဖြင့် ဝိညာဉ်အာရုံ များ ဖြတ်သန်းသွားသည့်အခါ သူ ဘာမှမခံစားရပေ။

သို့သော် ယနေ့... ယနေ့မှာတော့ ထူးခြားနေသည်။

ဝီ... ဝီ...

တန်ပိုင်၏ မျက်ဆံများ ကျဉ်းမြောင်းသွား၏။

တိမ်တိုက်များထဲမှ... ဧရာမ ရွှေရောင်ဒေါင်မျက်လုံးကြီးတစ်လုံး ဖြည်းညှင်းစွာ ပွင့်လာသည်။

၎င်း၏ အကြည့်မှာ ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံထားသော်လည်း မိမိကိုသာ တည့်တည့် စိုက်ကြည့်နေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။

ခဏအကြာတွင်တော့ ...

ဂျိန်း... ဝုန်း...

ရွှေရောင်လျှပ်စီးတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တောင်ကြားဆီသို့ တည့်တည့် ကျဆင်းလာသည်။

တန်ပိုင်၏ မျက်နှာ ဖြူလျော့သွား၏။

သူက မိမိကိုယ်ကိုယ် ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်မိသည်။

သူ ပြန်ကြည့်လိုက်သည့်အခါ တောင်ကြားကို လွှမ်းခြုံထားသည့် ပုံရိပ်ယောင်အစီအရင်ကြီးမှာ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့လေပြီ။

အိမ်အတွင်းရှိ ထောင့်တစ်နေရာမှ အစီအရင်ဗဟိုချက်မှာလည်း အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။

သူ၏အမေက တစ်သက်တာ အသိပညာများနှင့် ရှားပါးပစ္စည်းများစွာကို အသုံးပြုပြီး တည်ဆောက်ခဲ့သည့် အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော အစီအရင်ကြီးမှာ စက္ကူတစ်ချပ်လို ဆုတ်ဖြဲခံလိုက်ရသည်ကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေမိလေသည်။

ကံကောင်းသည်မှာ တစ်ချက်တည်းသာ ပစ်ခတ်ခဲ့ခြင်းပင်။

ရွှေရောင်မျက်လုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အစီအရင်ကို ဖျက်ဆီးရန် ဖြစ်သည်။ ပျက်စီးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ၎င်းက တိမ်တိုက်များထဲသို့ ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားသည်။

မကြာမီ ကောင်းကင်ကြီး ပြန်လည်ကြည်လင်လာသည်။

လမင်းနှင့် ကြယ်စင်များ ပြန်လည်ပေါ်ထွက်လာ၏။

တန်ပိုင်အတွက် တောင်ကြားအပြင်ဘက်က ကြည်လင်သော ညကောင်းကင်ယံကို ပထမဆုံး အကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သော်လည်း သူ့တွင် ခံစားကြည့်ရန် အချိန်မရှိပေ။

“အစီအရင် ပျက်သွားပြီ။ အခုချက်ချင်း ဒီကနေ ထွက်သွားမှ ရမယ်။”

တန်ပိုင်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ဝန်းထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ နှစ်ပေါင်းများစွာ သူ့ကို အဖော်ပြုပေးခဲ့သည့် တိရစ္ဆာန်လေးများကိုပင် နောက်ဆုံးအနေနှင့် လှည့်မကြည့်နိုင်တော့ချေ။

ယောင်ချီမြင့်မြတ်နယ်မြေက အချိန်မရွေး ရောက်လာနိုင်၏။

သူ ပုန်းအောင်းရန် နေရာသစ်တစ်ခုကို ရှာရပေမည်။

ယခုအချိန် သူ့တွင် အမေဖြစ်သူကို ကယ်တင်နိုင်လောက်သည့် စွမ်းအား မရှိသေးပေ။ အကယ်၍ သူပါ ထပ်ပြီး အဖမ်းခံရမည်ဆိုလျှင်တော့ မျှော်လင့်ချက် လုံးဝ ကျန်တော့မည် မဟုတ်ပေ။

ချန်ဟွိုက်အန်မှာမူ အတင်းထိုးဖောက်ခြင်းကြောင့် ပစ်မှတ်ကို အန္တရာယ်ထဲ တွန်းပို့လိုက်မိသလို ဖြစ်သွားသည်ကို လုံးဝ မသိရှာပေ။

သူက ကံကြမ္မာကို ပိုပြီး တိတိကျကျ “တွက်ချက်”ပေးရုံသက်သက်သာဟု ထင်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်လူ၏ ဖုံးကွယ်ထားသော အစီအရင်ကို ဗုံးကြဲပြီး ဖျက်ဆီးပစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။

အကယ်၍ သူသာ သိခဲ့မည်ဆိုလျှင် အရင်ဆုံး အစီအရင်ကို သွားဝိုင်းထားပြီးမှ ဖျက်ဆီးခိုင်းမည်မှာ သေချာပါသည်။

ချန်ဟွိုက်အန်က ချက်ချင်းပင် မြေပုံကို ဖွင့်ကြည့်လိုက်ရာ မှတ်သားထားသည့် နေရာကို တွေ့လိုက်ရသည်။

တောင်တန်းတစ်သောင်းရှိ နက်ရှိုင်းသော နေရာတစ်ခု။

မိစ္ဆာသားရဲများ၏ နယ်မြေနှင့် အလွန်နီးကပ်သော နေရာပင်။

ထိုနေရာမှာ အသက်ရှင်နေထိုင်နိုင်ရန် တန်ယွင်က သူ့ကို အစွမ်းကုန် ကာကွယ်ပေးထားခြင်း ဖြစ်ရမည်။ သို့မဟုတ် တန်ပိုင်ကိုယ်တိုင်က တကယ့် ပုဂ္ဂိုလ်ထူး ဖြစ်နေရပေမည်။

အချိန်ဆွဲနေ၍ မဖြစ်တော့ပေ။

ချန်ဟွိုက်အန် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်စဉ်မှာပင် မြေပုံအသေးပေါ်ရှိ ပတ်ဝန်းကျင်မှာ ရုတ်တရက် ပြောင်းလဲသွား၏။

ဧရာမ အနီရောင် စက်ဝိုင်းကြီးတစ်ခု ပေါ်လာပြီး မြေပုံ၏ ထက်ဝက်နီးပါးကို နေရာယူလိုက်သည်။

ထိုစက်ဝိုင်းကြီးကို ဝန်းရံလျက် သေးငယ်သော စက်ဝိုင်း ၁၈ခု ရှိနေ၏။

ပန်းကန်ပြားပျံများ ချန်ထားခဲ့သော ထူးဆန်းသည့် စက်ဝိုင်းများလိုပင်။

ဒါပေမဲ့ ဒီနေရာက ချင်းယွန်ဘုံလေ။

ချန်ဟွိုက်အန် ချက်ချင်း သိလိုက်သည်။

ဒါက အစီအရင်တစ်ခုပဲ။

ငါ ကိုယ်ပိုင်နယ်မြေထဲမှာ ရှိနေတုန်း တစ်ယောက်ယောက်က ငါ့ကို ဧရာမ အစီအရင်ကြီးနဲ့ ဝိုင်းထားတာလား...

သူ့မျက်လုံးများ စူးရှသွား၏။

မြေပုံလေးပေါ် အနီစက်လေး တစ်ခုက သူ၏ အဖြူရောင် တြိဂံအမှတ်အသားပေါ် တည့်တည့် ကျနေသည်။

အကယ်၍ ရန်သူက မြေပြင်ပေါ်တွင် မရှိနေဘူးဆိုလျှင် ကောင်းကင်ပေါ် ရှိနေခြင်းပင်...

....

All Chapters