ယွိနင်ကို နှိမ်နင်းခြင်း
Vol. 26 Ch. 256
ယောင်ချီမြင့်မြတ်နယ်မြေသည် နှစ်ပေါင်းတစ်သောင်းကျော် တည်ရှိခဲ့သော နေရာ ဖြစ်သည်။
ထိုမြင့်မြတ်နယ်မြေက အစွမ်းထက်လှသော ပုဂ္ဂိုလ်များစွာ မွေးထုတ်ပေးခဲ့ပြီး ကြောက်မက်ဖွယ် နည်းစနစ်များစွာကိုလည်း ချန်ရစ်ခဲ့သည်။
၎င်းတို့အနက် တစ်ခုမှာ ကျွယ်ရှန်းအစီအရင်လူသိများသည့် အစီအရင်တစ်ခုပင်။
နာမည်ကို ကြည့်ရုံနှင့်ပင် ၎င်း၏ အစွမ်းကို ခန့်မှန်းနိုင်သည်။ အင်မော်တယ်များပင် ထိုအထဲတွင် အသက်ပျောက်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ထိုမျှအထိ မကြောက်စရာသော်လည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အတွင်း၌မူ ၎င်းမှာ အထိရောက်ဆုံးနှင့် အဖျက်စွမ်းအားအကောင်းဆုံး အစီအရင်များအထဲမှ တစ်ခုဖြစ်သည်။
“ဓားကျောင်းတော် ဘိုးဘေး။ ဒီတစ်ခါ ရှင် ဘယ်ကို ထွက်ပြေးမလဲ ကြည့်ကြသေးတာပေါ့...”
သူတော်စင် ယွိနင်က တိမ်တိုက်များအထက်မှ ငုံ့ကြည့်ကာ အောက်ဘက်ရှိ ပုံရိပ်ကို ကြည့်ပြီး ပြုံးနေသည်။
ကျွယ်ရှန်းအစီအရင်သည် အလွန်ကျယ်ပြန့်ပြီး ပိတ်ဆို့ခြင်း၊ ဖိနှိပ်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုတည်းတွင် ပေါင်းစပ်ထားသည်။ ၎င်းတွင် လျို့ဝှက်ထားပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ် နေသည့် အစီအရင်ဗဟိုချက် ၁၈ခု ပါဝင်သည်။
သူက ထိုပြင်ဆင်မှုအတွက် အစွမ်းကုန် ပုံအောထားခဲ့သည်။ အရင်းအမြစ်တစ်ခုမှ မချန်ခဲ့ပေ။
ဓားကျောင်းတော် ဘိုးဘေးကဲ့သို့ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့် ပြိုင်ဘက်ကို ကိုင်တွယ်ရန် ထိုအရာက လုံလောက်သည်ထက် ပိုလေသည်။ သူက အချိန်တိုအတွင်း လုံးဝ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ အစီအရင်၏ စွမ်းအားမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ပစ်မှတ်၏ ကိုယ်ရော ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားသည်အထိ တိုက်ခိုက်လိမ့်မည်။
ဓားကျောင်းတော် ဘိုးဘေးက သူ့ရှေ့တွင် ဒူးထောက်ကာ အသက်ချမ်းသာခွင့် တောင်းနေသည့် ပုံရိပ်ကို သူ မြင်ယောင်နေမိလေပြီ။ ထိုမြင်ကွင်းမျိုးက ရှားပါးသည်ဟု မထင်လိုက်ပါနှင့်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ရှိသည့် ထိုမိစ္ဆာအိုကြီးများက အသက်ရှည်ရှည် နေခဲ့သူများ ဖြစ်ရာ ပို၍ အသက်ရှည်လေလေ အသက်ကို ပို၍ တွယ်တာလေလေပင်။ သေခါနီးပြီဟု သိလိုက်ရသည့်ခဏတွင် ကြောက်ရွံ့မှုက အမြဲပင် လိုက်ပါလာတတ်၏။
အစီအရင်အတွင်း၌မူ ချန်ဟွိုက်အန်က ညာလက်ဖြင့် ဓားကို ကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။
သူသည် မူလက အထက်သို့ တည့်တည့်ပျံတက်ပြီး ရန်သူကို ကောင်းကင်ပေါ်ကနေ ဆွဲချရန် ရည်ရွယ်ခဲ့သော်လည်း ထိုအစီအရင်က လေကြောင်းရန် ကာကွယ်ရေးစနစ် ပါနေ၏။
ထို့ပြင် ၎င်းသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပါ ခိုင်မာသော သံပြားတစ်ခုကဲ့သို့ ပေါင်းစပ်၍ ထားသဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ထွက်ပြေးရန်မှာလည်း မဖြစ်နိုင်ပေ။
ထိုအရာကို ပြင်ဆင်ခဲ့သူမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်၏ စွမ်းရည်များကို အတိအကျ ပစ်မှတ်ထားပြီး လာခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ... ရန်သူက အင်အားကြီး မြင့်မြတ်နယ်မြေ သုံးခုထဲမှ တစ်ခုခုမှ ဖြစ်ရမည်။
အခြေအနေက ထိုသို့ဖြစ်နေလျှင် အစီအရင်ကို ဖျက်ဆီးပစ်ရန်သာ လမ်းရှိတော့သည်။
တီဗွီပြင်သလိုပင်... ပထမအဆင့်မှာ အမြဲပင် အင်အားသုံးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အစီအရင်ဆီသို့ ဓားဖြင့် ခပ်ပေါ့ပေါ့ တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဝုန်း...
ဓားအသိများက ဒီရေလှိုင်းလို တိုးထွက်သွားပြီး ပေရာနှင့်ချီကျယ်သော ငွေဖြူရောင် ဓားအကာအရံကြီးက အစီအရင်ကို ရိုက်ခတ်လိုက်သည်။ သို့သော် ၎င်းက လှိုင်းတွန့်လေး အချို့သာ ဖြစ်ပေါ်စေခဲ့ပြီး အစီအရင်မှာ တုန်လှုပ်ခြင်းပင် မရှိပေ။
ချန်ဟွိုက်အန်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ပိုမိုပြင်းထန်သော ဓားကွက်ကို သုံးရန် ပြင်လိုက်စဉ် အထက်မှ စူးရှပြီး ယုတ်မာသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာသည်။
“ဓားကျောင်းတော်ဘိုးဘေး... အားအင်တွေကို အလဟသ မဖြုန်းပါနဲ့ဦး။”
ချန်ဟွိုက်အန် မော့ကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် ယောင်ချီမှ အမျိုးသမီးကျင့်ကြံသူ တစ်ဦး၏ ပုံရိပ်ကို ခပ်ရေးရေး မြင်လိုက်ရသည်။ အစီအရင်ကြောင့် သူ၏ စွမ်းအားကို အတိအကျ မသိနိုင်သော်လည်း ထိုသို့ ထွက်ပြလာဝံ့သည်ဆိုလျှင် သူလည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်မှာ ရှိနေမည်မှာ သေချာပေသည်။
သူက မိမိကို ထိပ်တိုက်ရင်မဆိုင်ဝံ့ဘဲ အစီအရင်ကိုသာ အားကိုးနေရခြင်းမှာ သူသည် မိမိထက် အားနည်းသောကြောင့် ဖြစ်ရမည်။
ဆိုလိုသည်မှာ သူ့ကို သတ်၍ ရပေသည်။
ချန်ဟွိုက်အန်က သူ၏ ခေါင်းပေါ်တွင် “သတ်လို့ရတယ်”ဆိုသော တံဆိပ်ကို ချက်ချင်း ကပ်လိုက်သည်။
“ဒါက ကျွန်မတို့ ယောင်ချီမြင့်မြတ်နယ်မြေရဲ့ ကျွယ်ရှန်းအစီအရင်ပဲ။ ရှင် ဒါကို အတွင်းထဲကနေ ဘယ်တော့မှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ အပြင်ကနေ တိုက်ခိုက်မယ်ဆိုရင်တောင် ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့် ရှိတဲ့ အကြီးအကဲ သုံးယောက်ပေါင်းပြီး အစီအရင်ကို အစီအရင်နဲ့ ပြန်တိုက်မှရမှာ။ ရှင့်မှာ ရှိတဲ့ တစ်ခုတည်းသော အခွင့်အရေးက အစီအရင်ဗဟိုချက် ၁၈ခုလုံးကို ဖျက်ဆီးဖို့ပဲ။ ဒါပေမဲ့ ရှင်က... အဲဒါတွေကို ရှာတောင် ရှာနိုင်ပါ့မလား။”
သူ မောက်မာစွာ ရယ်မောနေစဉ် ချန်ဟွိုက်အန်က မြေပုံအသေးကို တစ်ချက် ကြည့်လိုက်သည်။
အနီရောင်စက်ဝိုင်းကြီး တစ်ခုထဲတွင် အနီရောင် စက်ဝိုင်းလေး ၁၈ခု ရှိနေ၏။
ဒါဆို အဲဒီစက်ဝိုင်းလေးတွေက အစီအရင်ဗဟိုချက်တွေပေါ့ ဟုတ်လား။
“သတင်းပေးလို့ ကျေးဇူးပါပဲဗျ...” ချန်ဟွိုက်အန်က ယွိနင်ဘက်သို့ ယဉ်ကျေးစွာဖြင့် လက်ကို ယှက်လိုက်သည်။
အင်း... ဒီချင်းယွန်ဘုံက တကယ်ကို ရိုးသားဖြောင့်မတ်တဲ့ ကမ္ဘာလေးပဲ။ တကယ်လို့ ဒါက တကယ့်လက်တွေ့ကမ္ဘာမှာသာ ဆိုရင် ပြိုင်ဘက်က မနှိပ်စက်ခင်မှာ စကားတစ်လုံးတောင် ပြောမှာမဟုတ်ဘူး။ အချို့ဆိုရင် ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး။
ချန်ဟွိုက်အန်က ယွိနင်၏တံဆိပ်ကို ထပ်တိုးလိုက်သည်။ “သတ်လို့ရတယ်” + “တကယ် အထောက်အကူပြုတယ်”
ယခုအခါ အစီအရင်သည် အပြည့်အဝ အသက်ဝင်လာပြီး နယ်ပယ်ဖိနှိပ်ခြင်း စတင်လာသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တဖြည်းဖြည်း နိမ့်ကျသွားသည်ကို ခံစားနေရသော်လည်း သူ မထိတ်လန့်ပေ။
သူက မြေပုံပေါ်ရှိ အနီရောင် စက်ဝိုင်းလေးတစ်ခုဆီ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ မျက်လုံးမှိတ်လျက် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
“သူက အစီအရင်ဗဟိုချက်ကို ရှာတွေ့သွားတာလား...”
ယွိနင်၏ဦးနှောက်မှာ ခဏမျှ ရပ်တန့်သွားပြီးမှ ခေါင်းခါလိုက်သည်။ “မဖြစ်နိုင်ဘူး... အဲဒါက တိုက်ဆိုင်မှု သက်သက်ပဲ ဖြစ်ရမယ်...”
ကျွယ်ရှန်းအစီအရင်သည် အလွန်ကျယ်ပြန့်သော်လည်း ဗဟိုချက်များမှာ သေးငယ်ပြီး စနစ်တကျ မဟုတ်ဘဲ ပြန့်ကျဲနေခြင်း ဖြစ်သည်။ သူက ယခု ဗဟိုချက်တစ်ခုပေါ်မှာ ရပ်နေခြင်းမှာ မတော်တဆမှုသာ ဖြစ်လိမ့်မည်ဟု ယွိနင် ထင်လိုက်သည်။
“ဟင်း... ငါ့ဘာသာ လျှောက်ကြောက်နေမိတာပဲ...” ယွိနင်က ရင်ဘတ်ကို ပုတ်ကာ စိတ်လျှော့ရန် ကြိုးစားလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင်...
ရွှမ်း...
ချန်ဟွိုက်အန်က မြေပြင်ဆီသို့ ဓားဖြင့် ခုတ်ချလိုက်၏။
ယွိနင်၏ မဆုံးသေးသောစကားများမှာ ထိတ်လန့်တကြား အော်ဟစ်သံအဖြစ် ပြောင်းသွားသည်။
“ဟမ်... သူက ဗဟိုချက်ကို တကယ် ရှာတွေ့သွားတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ဒါဆို ဓားကျောင်းတော်ဘိုးဘေးက ဓားပါရမီရှင်တင် မကဘဲ အစီအရင်ဆရာသခင်လည်း ဖြစ်နေတာလား...”
“ဘာပဲဖြစ်ဖြစ်လေ။ အရန်အစီအစဉ် လုပ်ထားခဲ့လို့ တော်သေးတယ်။”
ယွိနင်သည် အစီအရင်ကို တည်ဆောက်စဉ်က အလွယ်တကူ မလုပ်ခဲ့မိသည်ကို ယခုမှ ကျေးဇူးတင်မိတော့သည်။ အကယ်၍ သူသာ အပေါစား အစီအရင်မျိုး သုံးခဲ့လျှင် ခုနက ဓားချက်ဖြင့် ဗဟိုချက်တစ်ခု ပျက်စီးသွားလောက်လေပြီ။
ထိုဓားချက်၏ ဖျက်ဆီးနိုင်စွမ်းကို သူ လုံးဝ သံသယ မရှိပေ။
အစီအရင်အတွင်း၌မူ ချန်ဟွိုက်အန် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
သူ၏ ခုနက တိုက်ကွက်မှာ ဗဟိုချက်အစစ်ကို လွဲချော်သွားခဲ့သည်။
သူ တိုက်ခိုက်လိုက်သည့် ခဏမှာပင် ဗဟိုချက် နေရာရွှေ့သွားခြင်း ဖြစ်သည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒါကြောင့်လည်း ကျွယ်ရှန်းအစီအရင်လို့ ခေါ်တာကိုး။ အစီအရင်ကြီးထဲမှာ အစီအရင်လေးတွေ ထပ်ပါနေတာပဲ။ ဗဟိုချက်တွေက ပုန်းနေရုံတင် မဟုတ်ဘဲ အန္တရာယ်ရှိလာရင် အလိုအလျောက် နေရာရွှေ့တတ်တာပဲ...”
ချန်ဟွိုက်အန် ပြုံးလိုက်၏။
အကယ်၍ အခြား ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာဆိုလျှင် ထိုယောင်ချီ စုန်းမ၏ ထောင်ချောက်ထဲတွင် ကျရှုံးသွားလောက်လေပြီ။ သို့သော် သူက အခြားသူများကဲ့သို့ မဟုတ်ပေ။
ယခုအခါ သူ၏ စွမ်းအားမှာ ပဉ္စမအဆင့်မှ တတိယအဆင့်သို့ ဖိနှိပ်ခံထားရသော်လည်း အစီအရင်ဗဟိုချက် ၁၈ခုကို ကိုင်တွယ်ရန် ထိုအရာက လုံလောက်သည်ထက် ပိုသည်။
ကြာစိမ်းဓားသိုင်းကျမ်း တွင် ထူးခြားသော သိုင်းကွက် ၁၂မျိုး ရှိပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်ဟန် ရှိသည်။
အချို့က ထောင်ချောက်ကဲ့သို့ ခိုင်မာသည်။ အချို့က အတင်းအဓမ္မ ဖိနှိပ်သည်။ အချို့က ကာကွယ်ရေးအားလုံးကို ဖျက်ဆီးသည်။ အချို့ကမူ မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လှသည်။
ဒသမမြောက် ဓားကွက်ဖြစ်သော “ထျန်ရှန်းတောင်ထိပ်ကလမင်း”မှာ ဓားအသိကို လရောင် အဖြစ် ပြောင်းလဲစေပြီး နေရာတစ်ခုလုံးကို မနားတမ်း ဓားချက်များဖြင့် လွှမ်းခြုံပစ်ခြင်းပင်။
အခြေတည်ဝိညာဉ်အဆင့် နှောင်းပိုင်းမှာတုန်းကပင် ထိုသိုင်းကွက်က ချင်းယွန်ဂိုဏ်း၏ တံခါးဝကို မြေလှန်ပစ်နိုင်ခဲ့သည်။
ယခု ဟင်းလင်းပြင်ပေါင်းစည်းခြင်း တတိယအဆင့်တွင် ချန်ဟွိုက်အန်သည် လက်ညှိုးနှင့် လက်ခလယ်ကို ဓားကဲ့သို့ လုပ်ကာ ကောင်းကင်သို့ ညွှန်လိုက်သည်။
ရွှမ်း ...
ဓားမြည်သံတစ်ခု လေထုထဲတွင် ဟိန်းထွက်သွား၏။
သူ့နောက်ကွယ်တွင် မြေပြင်မှ လရောင်များ ထွက်ပေါ်လာသည်။
“တိမ်ပင်လယ်ကြား မြူခိုးတွေထဲ... ထျန်ရှန်းတောင်ပေါ်က လမင်းကြီး ထွက်ပေါ်လာစေ...”
ထိုဆန်းပြားသော ရွတ်ဆိုသံ ပဲ့တင်ထပ်လာစဉ် ယွိနင်က သူ၏ ပုံရိပ်ကို တဖြည်းဖြည်း မျက်ခြေပြတ်သွားသည်။
ဖြူဖျော့သော လရောင်အောက်တွင် ထင်ရှားနေသည့် ထိုဝတ်ရုံနက်ကြီးမှာ ယခုအခါ အေးစက်သော အလင်းရောင်ထဲတွင် ပျော်ဝင်သွားပြီဖြစ်သည်။
ထိုရွတ်ဆိုသံမှာ သူ၏ ပါးစပ်မှ ထွက်လာခြင်းလား၊ ကောင်းကင်ယံမှလား၊ သို့မဟုတ် သူ၏ နားစည်ဘေးကလား၊ သို့မဟုတ် သူ၏ စိတ်ထဲကလား ဆိုသည်ကို ယွိနင် မဝေခွဲနိုင်တော့။
သူ မြင်တွေ့နိုင်သမျှမှာ လရောင်အတွင်း ပိုမိုထူထဲပြီး ပြင်းထန်လာသည့် ဓားအလင်းတန်း တစ်ခုတည်းသာ။
တစ်စုံတစ်ယောက်သည် လပေါ်၌ ဓားပညာ ကပြနေသကဲ့သို့ပင်။ ထို့နောက် ရုတ်တရက် ဓားအသိများ ဝုန်းခနဲ ထကြွလာတော့သည်...
“မကောင်းတော့ဘူး......”
ထိုတိုက်ကွက်မှာ ယွိနင်ကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း တစ်ခုခု မှားနေပြီ ဖြစ်ကြောင်းကို သူ သိလိုက်သည်။
အတိုင်းအဆမဲ့သော သတ်ဖြတ်ခြင်းအငွေ့အသက်များက အစီအရင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
အထက်မှ ကျဆင်းလာသည်မှာ လရောင်သက်သက် မဟုတ်တော့ဘဲ ဓားချီများ ဖြစ်နေသည်။
ချန်ဟွိုက်အန်၏ ထိန်းချုပ်မှုအောက်တွင် ဓားစွမ်းအင်များက အစီအရင်ဗဟိုချက် ၁၈ခုလုံးကို ပစ်မှတ်ထားလိုက်သည်။ ဗဟိုချက်တစ်ခု နေရာရွှေ့လိုက်တိုင်း လရောင်ဓားတစ်လက်က ထိုနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်မှာ သုံးစွဲသည့် ထျန်ရှန်းတောင်ထိပ်ကလမင်းသည် မည်မျှ အစွမ်းထက်သနည်း။
လွန်ခဲ့သောအကြိမ်က ၎င်းသည် ချင်းယွန်ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးတွင် ဓားရာပေါင်း များစွာကို ချန်ရစ်ခဲ့သည်။
ယခုမူ ဓားစွမ်းအင်များက ကြွေလွင့်နေသော ဥက္ကာခဲများကဲ့သို့ ကျဆင်းလာသည်။ ကြယ်ကြွေနေ သကဲ့သို့ပင်။
ဝုန်း... ဝုန်း... ဝုန်း...
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ၏။
မြေပြင်တွင် ကျင်းကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး အချင်းချင်း ဆက်နွယ်သွားသည်။ အစီအရင်အောက်ရှိ မြေပြင်မှာလည်း ပြိုကျပျက်စီးလာတော့သည်။
ဗဟိုချက် ၁၈ခု မဆိုထားနှင့်။ ၁၀၈ခု ရှိလျှင်ပင် ထိုဒဏ်ကို ခံနိုင်မည်မဟုတ်ပေ။
ကျွယ်ရှန်း အစီအရင် ပျက်စီးသွားလေပြီ။
ယွိနင်သည် လှည့်ပြေးရန် ပြင်လိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အမြန်ဆုံးနှုန်းဖြင့် ယောင်ချီ မြင့်မြတ်နယ်မြေဆီသို့ ထွက်ပြေးတော့သည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပင် လက်တစ်ဖက်က သူ၏ ဦးခေါင်းခွံကို အပေါ်မှ လှမ်းဆုပ်ကိုင်လိုက်သည်။
အခြားလက်တစ်ဖက်တွင်မူ ထိုသူသည် အစီအရင်မှ ကျန်ရစ်သော ဝိညာဉ်ပုံဆောင်ခဲကို ကိုင်ထားဆဲဖြစ်သည်။ သူက ကျန်ရှိသော အစီအရင်ပစ္စည်းများကို သိမ်းဆည်းရန်ပင် အချိန် ရသေးသည်။
“ပြေးတော့မလို့လား။”
ချန်ဟွိုက်အန်က ယွိနင်၏ ခေါင်းကို ဆုပ်ကိုင်ထားပြီး သူ၏ အပြုံးမှာ ပို၍ အေးစက်လာ၏။
“ငါက... မင်းကို ပြေးဖို့ ခွင့်ပြုချက် ပေးထားလို့လား။”
နောက်ဆုံးစကားလုံးနှင့်အတူ သူ၏ လက်မှ အကြောများမှာ ဖောင်းတက်လာပြီး ယွိနင်ကို ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ တည့်တည့် ဆွဲချပစ်လိုက်သည်။
ဝုန်း ...
သူ၏ ဦးခေါင်းခွံမှာ မြေပြင်နှင့် အရှိန်အဟုန်ဖြင့် ရိုက်မိသွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ် လာခဲ့သည်။
လရောင်အောက်တွင် သွေးမှုန်များ ပွင့်အာသွား၏။
အရိုးစများနှင့် မြေကြီးများ လွင့်စင်ကုန်သည်။ သူ၏ ဝတ်ရုံနက် အစွန်းများမှာ ယခု အနီရောင် အစက်အပြောက်များဖြင့် ပြည့်နှက်သွားလေပြီ။
ဖုန်မှုန့်များကြားမှ ချန်ဟွိုက်အန်သည် အက်ကွဲနေသော မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
သွေးစွန်းနေသော သူ၏ လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ရာ ယွိနင်၏ ဝိညာဉ်မှာ သူ၏ လက်ဝါးအတွင်း၌ ပြာဖြစ်သွားတော့သည်။
“အဟက်။ ငါ့ရှေ့မှာ ဘယ်လို အမှိုက်မျိုးက ဟောင်ရဲတာလဲ။”
သူ၏ လက်ကို တစ်ချက်ခါလိုက်ရာ သွေးစများမှာ အငွေ့ပျံသွား၏။
သူက သူ့ရှေ့မှ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြီးတောင်တန်းတစ်သောင်း၏ နက်ရှိုင်းသော နေရာဆီသို့ လျှပ်တစ်ပြက် အပြေးသွားတော့သည်။
...