← Chapters

တန်ပိုင်ကို ခေါ်လာခဲ့

Vol. 26 Ch. 257

တန်ပိုင်ကို ခေါ်လာခဲ့

Vol. 26 Ch. 257

“သခင်မ၊ ယွိနင် သေသွားပါပြီ။”

မျက်လုံးမှိတ်ကာ တရားမှတ်နေသော သခင်မ ယွိယောင်သည် ထိုစကားကို ကြားလိုက် ရချိန်တွင်မှ ခံစားချက်များကို အနည်းငယ် ဖော်ပြလာသည်။

သူ မျက်လုံးများကို ဖွင့်လိုက်ရာ အေးစက်လှသော အကြည့်များမှာ ရှေ့တွင်ရှိနေသည့် ယောင်ချီ တပည့်မလေးပေါ်သို့ ကျရောက်သွားတော့သည်။

“သူက ချန်ဟွိုက်အန်အတွက် ကျွယ်ရှန်းအစီအရင်ကို ခင်းကျင်းထားခဲ့တာ မဟုတ်လား။ ဒါတောင် သေသွားသေးတာလား။ သူ ဘယ်လိုသေသွားလဲဆိုတာ သိသလား။ ဟင်းလင်းပြင် ပေါင်းစည်းခြင်း စတုတ္ထအဆင့်ရှိတဲ့သူက ဘာအသံမှမထွက်ဘဲ သေသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ထိုအကြည့်အောက်တွင် တပည့်မလေးမှာ သွေးများပင် အေးခဲသွားသလို ခံစားလိုက်ရသည်။

ယွိနင်သည် သူတော်စင် ယွိယောင်၏ ယုံကြည်ရသော နောက်လိုက်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခု သူ သေဆုံးသွားချိန်တွင် ယွိယောင်၏ တုံ့ပြန်ပုံမှာ ယောင်ချီမှ ခွေးတစ်ကောင် သေသွား သကဲ့သို့ပင်။

သေသွားသော ခွေးအတွက် ဝမ်းနည်းမှုမရှိပေ။ တစ်ခုတည်းသော မေးခွန်းမှာ ခွေးကို မည်သူက မည်သို့ ရိုက်သတ်လိုက်သလဲ ဆိုသည်ပင်။

ထိုတပည့်မလေးက ထိုအချက်ကို ကောင်းကောင်းသိသည်။

ယောင်ချီ၏ ရက်စက်မှုကို သူ နားလည်၏။

ယခု သူကိုယ်တိုင် ယောင်ချီတွင် ရှင်သန်နေထိုင်နေရပြီ ဖြစ်ရာ သူကလည်း ထိုရက်စက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

“ယွိနင်က ချက်ချင်း သေသွားတာပါ။ သူရဲ့ ဝိညာဉ်က မျက်စိတစ်မှိတ် အတွင်းမှာပဲ အပိုင်းပိုင်းကွဲကြေသွားခဲ့တယ်။ ဝိညာဉ်မီးအိမ်ကို ကြည့်ရသလောက်တော့ ဒါက ဓားအသိ တစ်မျှင်တည်းနဲ့ လုပ်သွားတာပါ။ သူ ထွက်ပြေးဖို့ ဒါမှမဟုတ် အကူအညီတောင်းဖို့တောင် အချိန်မရခဲ့ဘူး။”

“အမှိုက်ပဲ....” ယွိယောင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ယခုအချိန်တွင် သူ၏ အရေးကြီးဆုံး ပစ်မှတ်မှာ ခန္ဓာကိုယ်အတွက် မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်ကို ရှာဖွေပြီး အန္တိမခန္ဓာငါးပါးကို အပြီးသတ်ရန်ဖြစ်သည်။

နောက်တစ်ချက်မှာ နတ်ဘုရားအဆင့် သို့မဟုတ် အနည်းဆုံး အဆင့်မြင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကို ရရှိရန်ဖြစ်သည်။

၎င်းမှာ ခန္ဓာကိုယ်၏ ဒန်တျန် အဆင့်ကို တတ်နိုင်သမျှ မြှင့်တင်ပေးရန် ဖြစ်သည်။ အကယ်၍ နတ်ဘုရားအဆင့်ဆေးလုံးကို မရနိုင်ပါက အဆင့်မြင့်နှင့် အန္တိမအဆင့် ဆေးလုံးများကို ပုံအော ပေးရလိမ့်မည်။

နောက်ဆုံးတွင် အရေအတွက် များပြားလာပါက အရည်အသွေးသို့ ကူးပြောင်းသွားပေလိမ့်မည်။

ခန္ဓာကိုယ်ကို ဖန်တီးရန် အစီအစဉ်မှာ မူလက ချောမွေ့နေခဲ့သည်။ သို့သော် လောကတွင် တစ်လုံးတည်းရှိသော နတ်ဘုရားအဆင့် ကမ္ဘာဦးဆေးလုံးမှာ အကြောင်းပြချက် မရှိဘဲ အခိုးခံလိုက်ရသည်။ အခြားတစ်လုံးကို ရှာဖွေရန်မှာလည်း မဖြစ်နိုင်သလောက် ဖြစ်နေသဖြင့် သူ့ကို အရန်အစီအစဉ်သို့ ပြောင်းလဲရန် အတင်းအဓမ္မ တွန်းအားပေးသလို ဖြစ်နေသည်။

ချန်ဟွိုက်အန် ဆိုသည်မှာလား။

ဟိုခုန်ဒီခုန် လုပ်နေသော လူပြက်တစ်ယောက်သာ ဖြစ်သည်။

ဝိညာဉ်ကူးပြောင်းခြင်းကိစ္စ ပြီးစီးသွားပါက သူ့ကို ရှင်းပစ်မည်ဖြစ်သည်။

ယွိယောင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူက ဘေးရှိ ယောင်ချီတပည့်မကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“သွားတော့။ တန်ယွင်ကို ငါ့ဆီ ခေါ်လာခဲ့။”

“ငါ ပြောပြီးသားပဲ။ အစွမ်းကုန် ကြိုးစားပြီးပြီလို့...”

“ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးတွေက အစကတည်းက ဖော်စပ်ဖို့ အရမ်းခက်တာ။ ဆေးဖို ဆယ်ဖိုမှာ တစ်ဖိုအောင်မြင်ရင်တောင် ကံကောင်းတယ်လို့ ပြောရမယ်။ ဆယ်လုံးမှာ နှစ်လုံးက အသုံးဝင်တယ်ဆိုရင် ဒါက နတ်ဘုရားတွေ မစတာပဲ။ နင်တို့က လူသားအဆင့် ဆေးလုံးတွေ လိုချင်တယ်ဆိုရင် ငါ ဖော်ပေးနိုင်တယ်။ ဒါပေမဲ့ နတ်ဘုရားအဆင့်ကို တောင်းဆိုနေတာဆိုရင်တော့ ငါ့ကို အခုပဲ သတ်လိုက်တာက ပိုကောင်းလိမ့်မယ်...”

ယွိယောင်က သူ့ရှေ့တွင် ဆံပင်ဖရိုဖရဲနှင့် ရူးသွပ်နေသော အမျိုးသမီးကို စိုက်ကြည့်နေသည်။ သူ၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

“တန်ယွင်၊ နင် တမင်တကာ ကျရှုံးအောင် လုပ်နေတယ်ဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ အရင်က ဆေးလုံးတွေက အရေးတကြီး မလိုအပ်သေးလို့ ငါ လွှတ်ထားပေးခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီနှစ်တွေအတွင်း နင် ဖြုန်းတီးခဲ့တဲ့ အရင်းအမြစ်တွေအားလုံးအတွက် ငါတို့ စာရင်းရှင်း ရတော့မယ်။”

တန်ယွင်က ခပ်ပါးပါးလေး ပြုံးလိုက်ပြီး ဘာမှပြန်မပြောဘဲ ယွိယောင်၏ မျက်နှာကိုသာ လက်ညှိုးထိုးပြလိုက်သည်။

“အဘွားကြီး၊ ဘာလဲ... ငါ့ကို ဆံပင်ဖြူအောင် လိုက်လုပ်နေတာလား။ နင့်ရဲ့ သက်တမ်းက ကုန်တော့မှာမို့လို့ စိုးရိမ်နေတာလား။”

“နားထောင်။ အိုမင်းလာတာကိုတော့ လက်ခံရလိမ့်မယ်။ အလှအပထိန်းသိမ်းတဲ့ ဆေးလုံးတွေ သောက်နေတာကို ရပ်လိုက်တော့။ အလကားပဲ။ နင် သေသွားရင်လည်း နင့်ရဲ့ ကိုယ်ခန္ဓာက တခြားလူတွေလို ပုပ်စော်နံနေမှာပဲ။”

တန်ယွင် ပြောလိုက်သည့် စကားလုံးတိုင်းမှာ ဓားတစ်စင်းကဲ့သို့ပင်။

သို့သော် ယွိယောင်က ဒေါသမထွက်ပေ။

ထိုဆဲရေးမှုများက နတ်ဘုရားအဆင့်ဆေးလုံး အခိုးခံရသည့် နာကျင်မှု၏ တစ်ထောင်ပုံ တစ်ပုံတောင် သူ့ကို မနာကျင်စေနိုင်ပေ။ သူက သမိုင်းတွင် လူမုန်းအများဆုံး ပုဂ္ဂိုလ် ဖြစ်သွားမှာကို မကြောက်ပေ။ သူ ကြောက်သည်မှာ အင်‌မော်တယ် မဖြစ်နိုင်ဘဲ နောက်ဆုံးတွင် သက်တမ်းကုန်ဆုံးသွားမှာကိုသာ ဖြစ်သည်။

“တန်ယွင်။ ငါ နင့်ရဲ့သမီးကို ရှာတွေ့သွားပြီ။ တန်ပိုင်လေ။”

ထိုစကားတစ်ခွန်းက တန်ယွင်၏ မျက်နှာပေါ်မှ အပြုံးကို ချက်ချင်း ဖျောက်ပစ်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။ သို့သော် သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ယွိယောင်ကို ထပ်မံ လက်ညှိုးထိုးလိုက်ပြန်သည်။

“နင်က ငါ့ရဲ့ ပုံရိပ်ယောင် အစီအရင်ကို ဒီနှစ်တွေတစ်လျှောက်လုံး ရှာမတွေ့ခဲ့ဘဲနဲ့ အခုမှ ရုတ်တရက် ရှာတွေ့တယ် ဟုတ်လား။ ကလေးတွေကိုပဲ သွားပြောလိုက်။”

“အစီအရင်ကို ရှာတွေ့ခဲ့တာ ငါ မဟုတ်ဘူး....”

ယွိယောင်က ပြောလိုက်ရာ တန်ယွင်၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

“နင့်သမီးက သူ့ဘာသာ အပြင်ထွက်လာတာ။ သူက တောင်တန်းတစ်သောင်းရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိနေတာ။ ဘာကြောင့်လဲတော့ မသိဘူး။ သူက ပုန်းနေတဲ့နေရာကနေ ထွက်ပြေးခဲ့တယ်။ တကယ်လို့ သူက အဲဒီနေရာမှာပဲ ငြိမ်ငြိမ်လေး နေနေမယ်ဆိုရင်တော့ နင့်ရဲ့ ပုံရိပ်ယောင်အစီအရင်က ငါ တတိယမြောက် အတိဒုက္ခနယ်ပယ်ကို မရောက်မချင်း ရှာမတွေ့ နိုင်လောက်အောင် ခိုင်မာပါတယ်။ ဒါပေမဲ့ အခုတော့...”

ယွိယောင်က လက်ကို ဝှေ့ယမ်းလိုက်သည်။

ထက်မြက်သော နွယ်ပင်တစ်ခုက တန်ယွင်၏ နဖူးကို ဖြတ်ခြစ်လိုက်ရာ သွေးတစ်စက် ထွက်လာပြီး ဘေးရှိ ယောင်ချီတပည့်မ ကိုင်ထားသော အစီအရင်ချပ်ထဲသို့ ကျသွားသည်။

အစီအရင်ချပ်အတွင်းရှိ ရွှေရောင်သဲများက ဝဲကယက်ထလာပြီး တောင်တန်းတစ်သောင်း၏ မြေမျက်နှာသွင်ပြင်ကို ပုံဖော်လာသည်။ ထိုသွေးစက်မှာ မြေပုံထဲသို့ နစ်ဝင်သွားပြီး တစ်နေရာတွင် တည်ငြိမ်စွာ ဝဲနေတော့သည်။

“ငါ ဒီအချိန်ကို ရဖို့အတွက် ကံကြမ္မာချည်မျှင်တွေကို နေ့နေ့ညည စောင့်ကြည့်နေခဲ့တာ...”

ယွိယောင်က တန်ယွင်၏ မျက်ဝန်းထဲရှိ မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသတို့ကို မြင်လိုက်ရသောအခါ အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။

“နင် ဘာလုပ်ချင်တာလဲ။ ငါ့ဆီပဲ လာခဲ့... ငါ့သမီးကိုတော့ ဒီကိစ္စထဲ ဆွဲမသွင်းပါနဲ့။ သူက ဘာမှမသိဘူး...”

တန်ယွင်က ရူးသွပ်စွာ ရုန်းကန်နေပြီး သူ၏ အက်ကွဲလှသော အသံမှာ သေခါနီး သားရဲမကြီး တစ်ကောင်ကဲ့သို့ သွားကြားထဲမှ ထွက်ပေါ်လာသည်။

“သူက တကယ်ပဲ ဘာမှမသိတာလည်း ဖြစ်နိုင်ပါတယ်။” ယွိယောင်က အစီအရင်ချပ်၏ ထောင့်ကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။ “နင့်သမီးနဲ့ ငါက ပုဂ္ဂိုလ်ရေးအရ ဘာရန်ငြိုးမှ မရှိပါဘူး။ ငါက သူကို ယောင်ချီမြင့်မြတ်နယ်မြေမှာ ခဏလောက် လာနေစေချင်ရုံ သက်သက်ပါ။ နင့်အတွက်တော့ တန်ယွင်... နင် ငါ့အတွက် အနည်းဆုံး အဆင့်မြင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး တစ်လုံးကို ဖော်ပေးရမယ်။”

ယွိယောင်က ရုတ်တရက် အနားသို့ တိုးကပ်လိုက်ရာ သူ၏ မျက်နှာမှာ ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုတို့ကြောင့် တွန့်လိမ်နေသော တန်ယွင်၏ မျက်နှာနှင့် ကပ်လျက် ရှိနေသည်။ သူက စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်၏။

“တစ်လ။ ငါ နင့်ကို တစ်လ အချိန်ပေးမယ်။ ဆေးလုံးကို ဖော်နိုင်ရင် နင့်သမီး အသက်ရှင်မယ်။ ကျရှုံးခဲ့ရင် နင့်သမီး သေမယ်။”

ထိုသို့ပြောပြီးနောက် ယွိယောင်က သူကို နောက်ထပ် လှည့်မကြည့်တော့။ လက်ကို ဝှေ့ယမ်းကာ တန်ယွင်ကို ဆွဲခေါ်သွားပြီး ပြန်လည် ပိတ်လှောင်ထားရန် အမိန့်ပေးလိုက်သည်။

သူတို့က တန်ယွင်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ကတည်းက ဖမ်းဆီးခဲ့ခြင်းမှာ သူ့ကို ကမ္ဘာဦးဆေးလုံးများ ဖော်စပ်ခိုင်းရန် တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

သို့သော် ဖော်စပ်နည်းရှိရုံနှင့် မလုံလောက်ပေ။

အထူးခန္ဓာနှင့် အထူးနည်းစနစ် လိုအပ်သည်။

တန်ယွင်တွင် ထိုအရာ နှစ်မျိုးလုံး ရှိနေ၏။

သို့သော် သူသည် ယောင်ချီ၏ အစီအစဉ်များကို နှောင့်နှေးစေရန် တမင်တကာ အမှားများကို လုပ်ဆောင်ခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း သူက ဆေးလုံး ၃၂လုံးသာ ဖော်စပ်ပေးခဲ့သည်။ တစ်လုံးတည်းသာ အဆင့်မြင့် ဖြစ်ပြီး ကျန်တာအားလုံးမှာ လူသားအဆင့်များသာ ဖြစ်သည်။

တစ်နေ့တွင် ယွိယောင်က စူးစမ်းလိုစိတ်ဖြင့် တန်ယွင်၏ သွေးကို စစ်ဆေးကြည့်လိုက်ချိန်မှသာ ထိုသွေးထဲတွင် အဆင့်မြင့်ဆေးလုံးများ၏ အစွမ်းသတ္တိများ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ထိုမြေခွေးအိုမကြီးက မိမိကို လှည့်စားနေကြောင်း သိလိုက်ရခြင်းဖြစ်သည်။

တန်ယွင်က အဆင့်မြင့်ဆေးလုံးနှင့် ထို့ထက် ပိုကောင်းသော ဆေးလုံးများကိုပါ ဖော်စပ်နိုင်၏။

သူ၏ စွမ်းရည်နှင့် ပါရမီမှာ အစစ်အမှန် ဖြစ်သည်။

ယောင်ချီသည် အကောင်းဆုံး ပါဝင်ပစ္စည်းများကို စုဆောင်းပေးခဲ့သည်။

သူက တမင်တကာ အမှားလုပ်နေလျှင်ပင် တစ်ခါတစ်ရံတွင် အရည်အသွေးမြင့် ဆေးလုံးများ ထွက်ပေါ်လာတတ်သည်။

ထိုသို့ အောင်မြင်သည့် အကြိမ်တိုင်းတွင် တန်ယွင်က သူ့ဘာသာ စားပစ်လိုက်သည်။

အမိခံရသည့်အခါတွင်လည်း သူက ဝန်မခံပေ။

အကယ်၍ ဝိညာဉ်ကူးပြောင်းခြင်းတွင် မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်သာ မရှိပါက ယွိယောင်သည် အကြီးအကဲ တစ်ယောက်ယောက်ကို တန်ယွင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခိုင်းပြီး လျို့ဝှက်ချက်အားလုံးကို နှိုက်ယူခိုင်းပြီးသား ဖြစ်ပေလိမ့်မည်။

“ယွိလင်း၊ ယွိချွမ်။”

“ရှိပါတယ်...” ပန်းခင်းကြားမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး သူ၏ နောက်တွင် ရပ်လိုက်ကြသည်။

“နင်တို့နှစ်ယောက်... တစ်ယောက်က ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့်၊ နောက်ထပ် တစ်ယောက်က ဆဋ္ဌမအဆင့်။ ချင်းယွန်ဘုံမှာ မင်းတို့ကို တားဆီးနိုင်သူ မရှိသလောက်ပဲ။ အခု သွားပြီး အဲဒီကလေးမ တန်ပိုင်ကို ဖမ်းခေါ်လာခဲ့စမ်း။ ဘာမေးစရာ ရှိလဲ။”

ယွိယောင်က တန်ယွင်၏ သွေးပါဝင်သော အစီအရင်ချပ်ကို ယွိလင်းထံသို့ ကမ်းပေးလိုက်သည်။

“မရှိပါဘူး သခင်မ။ အရင်က ကျွန်မတို့ သူကို မဖမ်းနိုင်ခဲ့တာက သူက ပုန်းနေတဲ့နေရာကနေ ဘယ်တော့မှ မထွက်လာလို့ပါ။ အခုတော့ သူက အပြင်မှာ လျှောက်ပြေးနေပြီဆိုမှတော့ သူ့ကို ဖမ်းဖို့က လွယ်လွယ်လေးပါ။”

ပုံမှန်အားဖြင့် ကြင်နာတတ်ပုံပေါ်သော ယွိလင်း၏ မျက်နှာမှာ ယုတ်မာသော အပြုံးတစ်ခုဖြင့် တွန့်လိမ်သွား၏။

“အရမ်း မပေါ့ဆနဲ့ဦး။ တကယ်လို့ နင်တို့ ကျန့်ဝူမြင့်မြတ်နယ်မြေက အဲဒီ မိစ္ဆာအိုကြီးတွေနဲ့ တွေ့ခဲ့ရင် အန္တရာယ်ရှိနိုင်သေးတယ်။”

အကြီးအကဲနှစ်ဦးက ခေါင်းညိတ်ကာ ဝန်ခံလိုက်ကြသည်။

ဖန်ကျင်းနှင့် လုံးဝလမ်းခွဲခြင်း မပြီးမချင်း ကျန့်ဝူမှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ရှိ အကြီးအကဲများက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေဆဲပင်။

“သွားတော့။”

ယွိယောင်က လှည့်ထွက်သွားပြီး သူ၏ပုံရိပ်မှာ အရိပ်များထဲသို့ ပျောက်ကွယ်သွားတော့သည်။ အေးစက်လှသော အသံတစ်သံသာ လေထုထဲတွင် ကျန်ရစ်ခဲ့၏။

“တကယ်လို့ ငါတို့ တန်ယွင်ကို ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ခိုင်းနိုင်မယ်ဆိုရင် အနာဂတ်မှာ နင်တို့ရဲ့ ဒန်တျန်တွေလည်း တိုးတက်လာလိမ့်မယ်။ အဲဒီအချိန် အင်မော်တယ် အဖြစ်ကို တက်လှမ်းနိုင်ဖို့ဆိုတာ အိမ်မက်သက်သက် မဟုတ်တော့ဘူး။”

...

All Chapters