အစီအရင်ကို စလိုက်တော့
Vol. 26 Ch. 258
“ကြားပြီးပြီလား။ ချင်းယွန်ဘုံတစ်ခုလုံးတော့ အရူးအမူး ဖြစ်ကုန်ကြပြီ...”
“ဘာဖြစ်လို့လဲ။”
“မင်း ကျုံးကျိုးလျို့ဝှက်နယ်မြေပွဲကို မပါခဲ့ဘူးလား။ ဟူး... အခုဆို ကျန့်ဝူမြင့်မြတ်နယ်မြေက လူတိုင်းရဲ့ အဓိကရန်သူ ဖြစ်နေပြီ... သူတို့ရဲ့ အမှားတစ်ခုကြောင့် တခြား မြင့်မြတ်နယ်မြေနှစ်ခု အပါအဝင် ဂိုဏ်းပေါင်းစုံက ထိပ်သီးတပည့်တွေ အတုံးအရုံး သေကုန်ကြတာ။ ကျန်းယိပိုင်တောင် စစ်ပွဲထဲမှာ ကျဆုံးသွားတယ်တဲ့။ အခု ကျန့်ဝူက လျော်ကြေးကိစ္စနဲ့ ရင်ဆိုင်နေရလို့ အတော်လေး ပရမ်းပတာ ဖြစ်နေတာ။ နောက်ပြီး ဓားကျောင်းတော်က ဘိုးဘေးကလည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို ကာကွယ်ပေးထားတယ်ဆိုပဲ... တကယ်ကို ရှုပ်ထွေးနေတဲ့ အချိန်ပဲ။”
“လာပါဦး... အသေးစိတ်လေး ပြောပြ။ ငါ အိပ်ပျော်နေလို့ ကျုံးကျိုး အဖြစ်အပျက်ကို လုံးဝ လွတ်သွားတာ။ တောက်ကွာ...”
လူသားလောက အရက်ဆိုင်များတွင် ကျင့်ကြံသူများကို တွေ့ရသည်မှာ မဆန်းတော့ပေ။
အထူးသဖြင့် ကျင့်ကြံရေးဂိုဏ်းများနှင့် နီးသော မြို့များတွင် လေလွင့်ကျင့်ကြံသူများကို ဟိုဟိုဒီဒီ တွေ့နိုင်ပေသည်။
ကျင့်ကြံရေးလောကတွင်တော့ ဘာမှမဟုတ်သော အောက်ခြေလူတန်းစားများ ဖြစ်သော်လည်း ချီသန့်စင်ခြင်းအဆင့် သို့မဟုတ် အခြေခံအုတ်မြစ် အဆင့်လောက်သာ ရှိနေကြသော ထိုကျင့်ကြံသူများက သာမန်လူများ အကြားတွင်တော့ ရှင်ဘုရင်လို နေနိုင်ကြ၏။
အချို့ဆိုလျှင် ရည်မှန်းချက် မရှိတော့ဘဲ ထိုသို့ဘဝမျိုးကိုသာ သဘောကျနေကြသည်။
သူတို့၏ သက်တမ်းကလည်း တိုးတက်လာမည် မဟုတ်တော့သည့်အတွက် ဘဝကို အပြည့်အဝ ခံစားသွားရန်သာ ဆုံးဖြတ်ထားကြသူများပင်။
မိန်းမလှလှ ငါးယောက် ခြောက်ယောက်လောက် ယူထားမယ်။ အလှအပထိန်းဆေးလုံးလေးတွေ မှီဝဲမယ်... ဒါက သူတို့အတွက်တော့ အိမ်မက်ဘဝပဲ မဟုတ်လား။
“ဦးလေးကျန်း ဆုံးသွားပြီလား။”
ယစ်မူးနတ်သက်စားသောက်ဆိုင်၏ တိတ်ဆိတ်သော ထောင့်တစ်နေရာတွင် တန်ပိုင်၏မျက်နှာ ပျက်သွားခဲ့သည်။
သူက အခုတွင် စာသင်သား ဝတ်စုံနဲ့ ဝါးခြင်းတောင်းတစ်လုံးကို ပိုးထားတဲ့ အမျိုးသား တစ်ယောက်လို အသွင်ဆောင်ထားခြင်း ဖြစ်သည်။ ခြင်းတောင်းထဲတွင်တော့ သူ အချစ်ဆုံး ခပ်ဝဝ တောင်ပေါ်စာကလေး ရှိနေသည်။
ကျန့်ဝူမြင့်မြတ်နယ်မြေမှ ကျန်းယိပိုင်ကို သူ၏ ဆရာတစ်ပိုင်းဟု သတ်မှတ်၍ ရပေသည်။ သူ ငယ်ငယ်တုန်းက ကျန်းယိပိုင်သည် သူ့ကို လေ့လာရန်အတွက် ဓားအသိ တစ်မျှင် ပေးခဲ့ဖူး၏။ သို့သော် သူက ဓားပညာကို စိတ်မဝင်စားခဲ့။ နောက်ဆုံးတွင်တော့ အမေဖြစ်သူနောက်လိုက်ပြီး ဆေးဖော်စပ်နည်းကိုသာ သင်ယူခဲ့လေသည်။ ကျန်းယိပိုင်နှင့် ရခဲ့သော အခွင့်အရေးကတော့ ကုန်ဆုံးသွားခဲ့လေပြီ။ သို့သော်လည်း ကျန်းယိပိုင်က လူကောင်းတစ်ယောက် ဖြစ်ကြောင်းကို သူ သိသည်။ ယောင်ချီ သို့မဟုတ် ဖန်ကျင်း မြင့်မြတ်နယ်မြေမှ သိုးရေခြုံထားသော ဝံပုလွေတွေလို မဟုတ်သည်မှာတော့ သေချာပေသည်။
ကံမကောင်းသည်မှာ ယနေ့ခေတ်တွင် ဂိုဏ်းကြီးများသည် လူထု၏ အမြင်ကို လုံးဝ ပုံဖော်ထားနိုင်ကြ၏။ မြင့်မြတ်နယ်မြေများက လုံးဝဥဿုံ တရားမျှတမှု ရှိကြပြီး ချင်းယွန်ဘုံ၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများအဖြစ် သတ်မှတ်ခံထားရလေသည်။
သူတို့ကို ဆန့်ကျင်ပြောဆိုဝံ့သူမှန်သမျှ လူပုံအလယ်တွင် အရှက်ခွဲခံရတတ်သည်။
တစ်ခါတစ်ရံတွင် မြင့်မြတ်နယ်မြေများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးစားသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူအဖြစ်ပင် စွပ်စွဲခံရတတ်သည်။
ထို့ကြောင့်လည်း အမေဖြစ်သူ အဖမ်းခံရပြီးနောက်တွင် တန်ပိုင်သည် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရပြီး တရားမျှတမှုအတွက် မတောင်းဆိုရဲခဲ့ခြင်းပင်။ အကြောင်းမှာ မည်သူမှ သူကို ယုံလိမ့်မည် မဟုတ်လို့၍ပင်။
ကျန့်ဝူမြင့်မြတ်နယ်မြေက လူများပင် ယုံကြမည် မဟုတ်ပေ။
“ဟင်း... အခု အမေထားခဲ့တဲ့ အစီအရင်လည်း ပျက်သွားပြီဆိုတော့ ငါ့နေရာက ဖော်ထုတ် ခံလိုက်ရလောက်ပြီ။ ဘယ်လောက်ကြာကြာ ဆက်ပုန်းနေနိုင်မလဲ မသိတော့ဘူး...”
တန်ပိုင်က မြေပဲဆန်တစ်စေ့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
သို့သော်လည်း ကျန်းချီမြို့၏ နာမည်ကြီး ယစ်မူးမြေပဲက သူ့ပါးစပ်ထဲတွင်တော့ ပြာများလို အရသာ ကင်းမဲ့နေ၏။
“ယောင်ချီမြင့်မြတ်နယ်မြေက အင်မော်တယ်တွေ ကြွလာပြီဟေ့...”
အရက်ဆိုင်အပြင်ဘက် လမ်းမပေါ်ကနေ ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ထွက်လာသည်။
ဝုန်း....
တန်ပိုင် မတုံ့ပြန်နိုင်ခင်မှာပင် အရက်ဆိုင် လူသူကင်းမဲ့သွား၏။ ဆိုင်ထဲမှ တေးသံရှင်များပင် အကုန်ပြေးထွက်သွားကြသည်။
လူတိုင်းက ယောင်ချီနတ်ဘုရားများကို သွားကြည့်ကြခြင်းပင်။
သို့သော် တန်ပိုင်ကတော့ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။
“ယောင်ချီကလူတွေ ငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့တာလား။ ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ်... မဖြစ်ဘူး။ ငါ အခုချက်ချင်း ဒီကနေ ထွက်သွားမှ ရမယ်။”
သူက ကိုယ်ဖျောက်ဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချပြီး ခြင်းတောင်းထဲမှ စာကလေး ခပ်ဝဝကိုလည်း တစ်လုံးကျွေးလိုက်သည်။ သူက ထိုဆေးလုံးကို အရင်ကလည်း သောက်ထားပြီးသား ဖြစ်၏။ ယခု ထပ်သောက်သည်မှာ ပို၍ စိတ်ချရအောင်ပင်။
“ကျစ်ကျစ်...”
“ရှူး... နောက်တစ်ခါ အသံထပ်ထွက်ရင် နင့်ကို ကင်စားပစ်မယ်...”
တန်ပိုင်က မျက်နှာကြီးကို ဒေါသထွက်ဟန် လုပ်ပြလိုက်မှ စာကလေးက ထိတ်လန့်သွားပြီး ခေါင်းကို ခြင်းတောင်းထဲ ပြန်ဝှက်လိုက်၏။
ထို့နောက် သူက ခြင်းတောင်းကိုပိုးပြီး အရက်ဆိုင်ထဲမှ ထွက်ကာ လူအုပ်ထဲ ရောနှောလိုက်သည်။
ယခုမှာ လူအုပ်ကို ဆန့်ကျင်ပြီး လမ်းလျှောက်ရမည့်အချိန် မဟုတ်ပေ။
လူတိုင်းက နတ်ဘုရားများကို သွားကြည့်နေကြလျှင် သူလည်း လိုက်သွားရပေမည်။ မဟုတ်လျှင် ယောင်ချီကျင့်ကြံသူများ၏ စူးရှသော အကြည့်အောက်တွင် သံသယဖြစ်ဖွယ် အပြုအမူမှန်သမျှ မိသွားမည်မှာ သေချာပေသည်။
ဒီတစ်ခါလေးပဲ လွတ်အောင် ရုန်းရမယ်။ ပြီးရင် မြို့ထဲကနေ ထွက်ပြေးဖို့ အခွင့်အရေး ရှာရမယ်။
“ရွံစရာကောင်းတဲ့ ပုရွက်ဆိတ်အုပ်ကြီးပါလား။”
အေးစက်ပြီး အိုမင်းသော အသံတစ်သံက သူတော်စင် ယွိလင်းရဲ့ မျက်နှာဖုံးအောက်မှ ထွက်ပေါ်လာခဲ့သည်။
“အဲဒီကောင်မလေး ဒီမြို့ထဲမှာ ရှိနေတာ သေချာလား။”
ယွိချွမ်က အစီအရင်ချပ်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“သွေးစက်က မလှုပ်ဘူး။ သူ ဒီမှာ ရှိနေတုန်းပဲ။ လူအုပ်ထဲမှာ ရှိနေလောက်တယ်။”
ကျန်းချီမြို့ လမ်းမများပေါ်တွင် လူများနှင့် ပြည့်နှက်နေသည်။
သာမန်လူများ၊ လေလွင့်ကျင့်ကြံသူများနှင့် အကုန်လုံးက ဆေးလုံးများ၊ တပည့်အဖြစ် ခံယူခွင့် သို့မဟုတ် အင်မော်တယ်ဖြစ်ရန် အခွင့်အရေးများကို တောင်းပန်တိုးလျှိုးနေကြ၏။
ရိုးသားသော လယ်သမားများပင် လယ်ကွင်းထဲ နတ်ဆေးလုံးတစ်လုံး တူးမိပြီး တစ်ညတည်းနှင့် နတ်ဘုရားဖြစ်သွားမည့် အိမ်မက်မျိုး မက်နေကြခြင်းပင်။
ဆူညံသံများက အိုးထဲတွင် ဆူပွက်နေသော ရေတွေလိုပဲ ဖြစ်နေသည်။
ယွိလင်းနှင့် ယွိချွမ်တို့၏ နားထင်များ ထိုးကိုက်လာ၏။
ထို“ပုရွက်ဆိတ်”များ၏ မြှောက်ပင့်သံများက သူတို့ကို အရင်လို အထက်တန်းကျသည်ဟူသော ခံစားချက်မျိုး မပေးနိုင်တော့ပါပေ။ အရင်ကတော့ ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။ သို့သော် ယခုတော့... ရွံစရာကြီးပင်။
“တိတ်စမ်း။”
မမြင်နိုင်သော အသံလှိုင်းတစ်ခုက ယွိလင်း၏ ပါးစပ်မှ ထွက်ပေါ်သွား၏။
လူအုပ်ကြီး ချက်ချင်း တိတ်ကျသွားလေသည်။
ဆုတောင်းသံများ၊ တောင်းဆိုသံများနှင့် အော်ဟစ်နေသူများ နေရာမှာတင် တန့်သွားကြသည်။ အနီးဆုံးတွင် ရှိနေသူများဆိုလျှင် ထိုအသံလှိုင်းကြောင့် သတိလစ်သွားကြ၏။
ယွိလင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ရေငွေ့များမှ မိန်းကလေးတစ်ယောက်၏ ပုံတူကို ဖန်တီးလိုက်သည်။
တန်ပိုင်က လူအုပ်ထဲမှ ၎င်းကို မြင်လိုက်ရသော် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းထောင့်မှ ကပ်ထားသော မုတ်ဆိတ်အတုကို အထိတ်တလန့် ပြန်ပြင်လိုက်၏။
“ဒီလူက ယောင်ချီမြင့်မြတ်နယ်မြေက ထွက်ပြေးနေတဲ့ တရားခံပဲ။ သူက ငါတို့ရဲ့ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကို ခိုးသွားခဲ့တယ်။ အဲဒီသူခိုးက အခု ကျန်းချီမြို့ထဲမှာ ရှိနေတယ်။ ဘယ်သူအဆို သူ့ကို ရှာတွေ့ရင် ဒါမှမဟုတ် သတင်းပေးရင် ထိုက်ထိုက်တန်တန် ဆုချမယ်...”
သူက ရေငွေ့တွေထဲကို လက်ဝါးနှင့် ရိုက်ထည့်လိုက်ရာ ပုံတူပုံရိပ်က မြူမှုန်များ အဖြစ်သို့ ပေါက်ကွဲသွားပြီး လူတိုင်း၏ နဖူးပေါ်ကို ကျရောက်သွားခဲ့သည်။
တန်ပိုင်၏ ပုံရိပ်က ထိုနေရာတွင် ရှိနေသော သာမန်လူတိုင်းနှင့် ကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် စွဲထင်သွားတော့သည်။
လူများက ဆုလာဘ်များ ရရှိရန် သူတို့မြင်ဖူးသမျှ မျက်နှာတွေကို စတင် စဉ်းစားကြတော့သည်။
“သူက တကယ်တော့ ချစ်စရာလေးပဲ။ သူခိုးဆိုတာ ယုံတောင် မယုံနိုင်ဘူး။”
“ယောင်ချီဆီကနေ ခိုးနိုင်တယ်ဆိုတော့ တကယ်တော်တဲ့လူ ဖြစ်ရမယ်...”
လေထုထဲ တိုးတိုးတိုးတိုး ပြောသံများ ပြည့်နှက်သွား၏။
တန်ပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒေါသကြောင့် တုန်ရီနေသည်။
ယောင်ချီက အဲဒီမိစ္ဆာတွေက ငါ့ရဲ့အမေကို ဖမ်းသွားရုံတင်မကဘဲ အခု ငါ့ကို ဆေးလုံးသူခိုး ဆိုပြီးတော့ပါ နာမည်ဖျက်နေကြတာလား...
တကယ်တော့ ယောင်ချီက ငါတို့ရဲ့ ဆေးဖော်စပ်နည်းကို ခိုးသွားတာ။ ပြီးတော့ ငါ့ရဲ့အမေကို ဆေးလုံးတွေ ဖော်စပ်ပေးဖို့ အတင်းအဓမ္မ ခိုင်းစေနေတာ... အရှက်မရှိလိုက်တာပဲ...
ပထမဆုံးအကြိမ်အဖြစ် သူက ကျန်းယိပိုင်နောက်သို့ လိုက်ပြီး ဓားပညာ မသင်ခဲ့မိသည်ကို နောင်တရလိုက်သည်။
အကယ်၍ သူ့တွင် ကျန်းယိပိုင်၏ စွမ်းအား တစ်ဝက်လောက်သာ ရှိခဲ့ရင် ယခုပင် ဓားကို ဆွဲထုတ်ပြီး ထိုရွံစရာကောင်းတဲ့ စုန်းမနှစ်ယောက်ကို ပိုင်းဖြတ်ပစ်လိုက်ပေမည်။
“ဒီသူခိုးမလေးကို ဘယ်သူမှ မမြင်ဖူးဘူးလား။” ယွိလင်းက စိတ်မရှည်တော့ပေ။
“အင်မော်တယ်... ကျွန်တော် မြင်ဖူးတယ်...”
မျက်နှာထားမကောင်းသော လူတစ်ယောက် ရှေ့ကို တိုးထွက်၏။
သို့သော် သူ စကားတစ်လုံးပင် မပြောရသေးခင်မှာပင်...
ဖောက်...
မြေကြီးထဲကနေ နွယ်ပင်တစ်ခု ထွက်လာပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်။
သွေးများ စင်ထွက်သွား၏။
လူအုပ်ကြီးက ထိတ်လန့်တကြား အော်ဟစ်ပြီး နောက်ကို ဆုတ်သွားကြလေသည်။
“ငါ့ရှေ့မှာ လာပြီး လှည့်ကွက်တွေ မသုံးနဲ့။ မင်း ပါးစပ်ဟလိုက်တာနဲ့ လိမ်မလိမ် ငါ သိပြီးသား။”
မြေပြင်ပေါ်မှ ကြည့်မကောင်းသော အလောင်းကို ကြည့်ပြီး မည်သူမှ ထပ်မပြောဝံ့ကြတော့ပေ။
“ယောင်ချီက သူတော်စင်ကို ဘယ်သူက လိမ်ရဲမှာလဲ။ သူတို့က ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ မင်းတို့ သိရဲ့လား။”
“ဟား... ဟုတ်တယ်။ ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပဲ။ ဦးနှောက်မရှိဘူး။”
လေလွင့်ကျင့်ကြံသူများက အသိဉာဏ်မရှိသော သာမန်လူများကို လှောင်ပြောင်နေကြသည်။ သူတို့လို ကိုယ့်ကိုယ်ကိုယ်သိသော လူများကတော့ ယောင်ချီနတ်ဘုရားများကို လုံးဝ ရန်မစပေ။ ထို့ကြောင့်လည်း နတ်ဘုရားများက သူတို့ကို အနှောင့်အယှက် မပေးခြင်းပင်။
သို့သော် ထိုကဲ့သို့ မောက်မာနေသော အတွေးက တစ်မိနစ်တောင် မခံလိုက်ပေ။
တန်ပိုင် ထိုနေရာတွင် ရှိနေသည်မှာ သေချာသော်လည်း မည်သူမှ ထွက်မလာသည်ကို ယွိလင်း မြင်လိုက်ရသောအခါ သူ၏မျက်နှာထားက မှောင်ကျသွား၏။
အသုံးမကျတဲ့ အမှိုက်တွေ။
တစ်ယောက်မှ သူ့ကို မြင်ဖူးတယ်ဆိုတဲ့ အရိပ်အယောင်တောင် မရှိဘူးလား...
အစီအရင်ဗဟိုချက်က တည်နေရာ အကြမ်းဖျင်းပဲ ပေးနိုင်တာ။
တကယ်လို့ အချိန်တွေ အကြာကြီး ဆွဲနေရင် ပြဿနာ တက်နိုင်တယ်။
“ယွိချွမ်။ စောင့်မနေတော့ဘူး။”
သူက အေးစက်စွာ ပြောလိုက်သည်။
“အစီအရင်ကို စလိုက်တော့။”