← Chapters

မင်းနဲ့ငါ ရေစက်ပါတယ်

Vol. 26 Ch. 260

မင်းနဲ့ငါ ရေစက်ပါတယ်

Vol. 26 Ch. 260

ဓားကျောင်းတော် ဘိုးဘေး ချန်ဟွိုက်အန်...

သူ့နာမည်ကို ကြားလိုက်ရသည့်ခဏတွင် ယွိလင်းနှင့် ယွိချွမ်တို့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

သူသည် ထိုထောင်ချောက်အစီအရင်အတွင်းသို့ ဘာမှမဟုတ်သလို အေးအေးလူလူ လမ်းလျှောက် ဝင်လာနိုင်သည်မှာ မဆန်းတော့ပေ။

ကျန့်ဝူမြင့်မြတ်နယ်မြမှ အကြီးအကဲများအပြင် သူတို့ မတွေ့ချင်ဆုံးနှင့် လုံးဝတွေ့ဆုံလိမ့်မည် မဟုတ်ဟု ယုံကြည်ထားသည့်သူမှာ ချန်ဟွိုက်အန်ပင်။

ဒါပေမဲ့ ဓားကျောင်းတော် ဘိုးဘေးက ဘာလို့ ဒီကို ရောက်နေရတာလဲ။

သူတို့ ကျန့်ဝူ၏ တုံ့ပြန်မှုကိုသာ သတိထားခဲ့ခြင်းမှာ တန်ပိုင်နှင့် ကွယ်လွန်သူ ကျန်းယိပိုင်တို့၏ မရေမရာ ပတ်သက်မှုကြောင့်သာ ဖြစ်သည်။

သို့သော် ချန်ဟွိုက်အန်မှာမူ သူတို့ ကြိုတင်စုံစမ်းထားသလောက် တန်ပိုင်နှင့် မပတ်သက်ခဲ့ပေ။

တန်ပိုင်၏ အကြည့်မှာ သူ့ရှေ့တွင် ရပ်နေသည့် ပုံရိပ်ပေါ်သို့ ကျရောက်သွားပြီး သူ၏လက်ထဲရှိ ကြေးခွံနက်ဓားဆီသို့ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ ဓားအရှိန်အဝါမှာ ယင်နှင့်ယန် စွမ်းအင်များ ဝဲကယက်ထနေပြီး ၎င်းမှာ ကျန်းယိပိုင် သူ့ကို လက်ဆောင်ပေးခဲ့ဖူးသည့် ဓားအသိနှင့် အလွန် ဆင်တူသော်လည်း ပို၍နက်ရှိုင်းကာ ပို၍ပင် ခန့်ညားလှသည်။ သူ ထိုဓားကျင့်ကြံသူကို မသိပေ။ သို့သော် သူသည် သူ၏အရှေ့တွင် ရပ်ကာ ကာကွယ်ပေးထားခြင်းနှင့်... ထိုရင်းနှီးနေသော ဓားအရှိန်အဝါတို့ကြောင့်... သူ၏ စိတ်ထဲတွင် သူ့အပေါ် ကြည်ညိုလေးစားမှုများ ချက်ချင်း ဖြစ်ပေါ်လာတော့သည်။

သူစိမ်းများအပေါ် ထားရှိလေ့ရှိသော သူ၏ သတိဝီရိယမှာလည်း ခဏချင်းမှာပင် တစ်ဝက်ခန့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“ဓားကျောင်းတော် ဘိုးဘေး ချန်ဟွိုက်အန်။ ရှင်က ယောင်ချီမြင့်မြတ်နယ်မြေက အကြီးအကဲ အတော်များများကို သတ်ခဲ့ပြီးပြီ။ ရှင်ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့မရဘူး...” သူတော်စင် ယွိလင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

“အခုလည်း ယောင်ချီက အလိုရှိနေတဲ့ တရားခံကို ဖမ်းမယ့်လမ်းမှာ လာပိတ်နေတာလား။ ရှင်က ကျွန်မတို့ကို တကယ်ပဲ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။”

ယွိလင်းက ချန်ဟွိုက်အန်နှင့် မတိုက်ချင်ပေ။

သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုဓားကျောင်းတော် ဘိုးဘေး၏ စွမ်းအားမှာ မည်သည့်အဆင့်အထိ ရှိနေသနည်း ဆိုသည်ကို မည်သူမှ အသေအချာ မသိကြပေ။

ချန်ဟွိုက်အန်က ပြန်မဖြေခဲ့ပေ။ သူ၏ ဝတ်ရုံနက်မှာ လရောင်အောက်တွင် လွင့်ပျံ့နေပြီး ကဗျာစာရွက်ပေါ်မှ လွင့်စင်လာသည့် မင်စက်များကဲ့သို့ပင်။

သူ၏ အကြည့်မှာ ပို၍ နက်ရှိုင်းလာ၏။ လက်ချောင်းထိပ်များက ဓားလက်ကိုင်ကို အသာအယာ ထိတွေ့လိုက်ပြီးနောက် လျှပ်တပြက် အတွင်းမှာပင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

တစ်လောကလုံး အသက်ရှူရပ်သွားသလို ခံစားလိုက်ရ၏။ ပိုးမွှားများ၏ မြည်သံများ ရပ်တန့်သွားသည်။ လေတိုက်ခတ်မှုများ အေးခဲသွား၏။ လရောင်သည်ပင်လျှင် လေထဲတွင် ရပ်တန့်သွားသယောင် ရှိနေသည်။

ထိုတိတ်ဆိတ်မှုအတွင်း မမြင်နိုင်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ဝုန်းခနဲ ထကြွလာ၏။

စကား တစ်လုံးမှ မပြော၊ လှုပ်ရှားမှုလည်း မရှိခဲ့ပေ။ သို့သော်လည်း ယွိလင်းနှင့် ယွိချွမ် တို့နှစ်ယောက်လုံးမှာ ကျောချမ်းသွားကြသည်။

“သူ ဓားဆွဲထုတ်တော့မယ်...”

ယွိချွမ်၏ သတိပေးသံမှာ ပါးစပ်မှ ထွက်ရုံသာ ရှိသေးသည်။

ချွမ်း ...

ဓားက ဓားအိမ်မှ ထွက်လာလေပြီ။

မည်သည့် ဓားအသိ အသံမျှ မရှိ။

မည်သည့် ဟန်ပြင်မှုမျှ မမြင်ရပေ။

ဖြူဖွေးသော အလင်းတန်းတစ်ခုသာ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။

ဓားချီသည် ရေခဲတောင်ကြီး တစ်ခု ပြိုကွဲသွားသကဲ့သို့ အမှောင်ထုကို ခွင်းလိုက်ရာ မျက်စိ ကျိန်းမတတ် တောက်ပနေပြီး မည်သူမျှ တားဆီး၍မရနိုင်ပေ။

ယွိချွမ်၏ နောက်ကျောတွင် ချန်ဟွိုက်အန်၏ ပုံရိပ်ယောင် ထင်ကျန်ရစ်သည်။ ကြေးခွံနက်ဓားမှာ အောက်သို့ စောင်းလျက်ရှိပြီး ဓားဖျားမှ သွေးတစ်စက် အောက်သို့ ကျဆင်းသွား၏။

“ခြေလှမ်း ဆယ်လှမ်းတိုင်း တစ်ယောက်သတ်မယ်။”

အေးစက်လှသောအသံမှာ ယွိချွမ်၏ နားနားတွင် ကပ်လျက် ထွက်ပေါ်လာသည်။

“မိုင်တစ်ထောင်အထိ ဝိညာဉ်တစ်စတောင် မကျန်စေရဘူး။”

သူ၏ကိုယ်ခန္ဓာ မြေပြင်ပေါ်မကျခင်မှာပင် သွေးစက်များက မြေပေါ်သို့ အရင်ရောက်သွား၏။

လေက မည်သည့်အစအနမျှ ချန်မထားခဲ့သော်လည်း ဓားကမူ အရာရာကို ချန်ထားခဲ့ပြီဖြစ်သည်။

ယွိချွမ်၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့ရန်ပင် အချိန်မရခဲ့။ သူ၏ ဝိညာဉ်မှာ ဓားအသိကြောင့် အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားခဲ့လေပြီ။

သူ၏ ခန္ဓာကိုယ်မှာ လရောင်အောက်မှ ရုပ်ထုတစ်ခုကဲ့သို့ နေရာတွင်ပင် အေးခဲသွားပြီး ...

ထို့နောက် ကောင်းကင်ယံမှ ပြုတ်ကျကာ စုတ်ပြတ်နေသော အိတ်တစ်လုံးကဲ့သို့ မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားတော့သည်။

လူအုပ်ကြီးမှာ လွင့်စင်ကုန်ကြပြီး အဝေးမှသာ ရဲရဲဝံ့ဝံ့ ကြည့်ဝံ့ကြတော့သည်။

ထိုအခါမှသာ သူတို့ မြင်လိုက်ရသည်မှာ ယွိချွမ်၏ လည်ပင်း၌ နီရဲသော မျဉ်းကြောင်းလေးတစ်ခု ထင်ကျန်နေခြင်းပင်။ သူက ဓားချက်တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရခြင်းပင်။

ပုံမှန်အားဖြင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက ခန္ဓာကိုယ် ပျက်စီး သွားလျှင်ပင် မသေကြပေ။ သူတို့၏ အားကောင်းသော ဝိညာဉ်များမှာ သီးခြား တိုက်ခိုက်နိုင်ပြီး ခန္ဓာကိုယ်အသစ်များကိုပင် သိမ်းပိုက်နိုင်ကြသည်။

သို့သော် ယွိချွမ်၏ အခြေအနေအရမူ အမှန်တကယ်ပင် အပြီးတိုင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“တကယ်ကို ကြောက်စရာကောင်းလောက်အောင်မြန်ဆန်တဲ့ ဓားချက်ပဲ...”

ယွိလင်းက ဝမ်းနည်းရန်ပင် အချိန်မရခဲ့ပေ။ အမှန်တကယ်တွင်မူ သူ၏ မျက်ဝန်းထဲတွင် ယုတ်မာသော စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်လာသည်။

“ရှင်ရဲ့ အနှိုင်းမဲ့ဓားပညာအကြောင်း ကျွန်မ ကြားဖူးပါတယ်။ ချန်ကျန့်ကျွန်း။ ဒီညတော့ ကျွန်မ ကိုယ်တိုင် မြင်တွေ့ရတော့မှာပေါ့...”

ချန်ဟွိုက်အန် ဖော်ပြထားခဲ့သည့် ကျင့်ကြံခြင်းအဆင့်မှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့်သာ ရှိသည်။ သူက အဆင့်တစ်ခု ပိုမြင့်သည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်တွင် အဆင့်တစ်ခုကွာခြားခြင်းမှာ တစ်ကမ္ဘာလုံးစာ ကွာခြားခြင်းနှင့် တူညီလှသည်။

သူက ချန်ဟွိုက်အန်ကို သတ်နိုင်သည်ဟု တွေးလိုက်သည်။

ချန်ဟွိုက်အန်က ပြန်ဖြေရန်ပင် စိတ်မဝင်စားပေ။ သူ၏ မျက်ဝန်းများမှာ တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ မရှိပေ။ လုံးဝဥဿုံ တည်ငြိမ်နေသည့် ပညာရှိ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

သူ၏ ဓားမှာ ဓားအိမ်ထဲသို့ ပြန်ဝင်သွားပြီ ဖြစ်သော်လည်း လရောင်အောက်မှ ဓားရိပ်မှာ နှင်းများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်နေပြီ ဖြစ်သည်။

သတ္တမမြောက် ဓားကွက် - လေလွင့်ဓားသမား

ထိုသိုင်းကွက်ကို အသက်သွင်းလိုက်ချိန် ဓားသမားက လုံးဝတည်ငြိမ်သော စိတ်အခြေအနေသို့ ရောက်ရှိသွားသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များက ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ထိုနယ်ပယ်အတွင်းရှိ ရန်သူအားလုံးမှာ အချိန်သည် နှေးကွေးသွားသကဲ့သို့ ခံစားရမည်ဖြစ်ပြီး ဓားသမားမှာမူ အမြင့်ဆုံး အလျင်နှင့် အနှိုင်းမဲ့သော ရှောင်တိမ်းမှုစွမ်းရည်များ ရရှိမည်ဖြစ်သည်။ အနည်းဆုံးတော့ ချန်ဟွိုက်အန်က ထိုကဲ့သို့ နားလည်ထားသည်။

ယွိလင်းက အရင် စတိုက်သည်။ သူ၏ လက်ချောင်းကို တောက်လိုက်ရာ နွယ်ပင်များ ရစ်ပတ်ထားသော ခေါင်းလောင်းတစ်ခုသည် ခါးမှ ပျံထွက်သွားပြီး သူ၏ နောက်ကျောတွင် စိမ်းလန်းစိုပြည်သော ကမ္ဘာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ဒုန်း ဒုန်း ဒုန်း...

မြေပြင်မှာ သိမ့်သိမ့်တုန်သွားတော့သည်။

ဧရာမ မြွေကြီးများကဲ့သို့ ကြီးမားသော နွယ်ပင်များမှာ မြေအောက်မှ ထိုးထွက်လာပြီး ၎င်းတို့တွင် ဆူးများပါရှိကာ စိမ်းဖန့်ဖန့်အလင်းများ တောက်ပနေသည်။ နွယ်ပင် တစ်ခုချင်းစီမှာ ကျင့်ကြံသူ တစ်ဦး၏ အကာအကွယ်အရှိန်အဝါကို ထိုးဖောက်နိုင်အောင် အားကောင်းပြီး သေစေနိုင်သော အဆိပ်များဖြင့် ပြည့်နှက်နေ၏။

စက္ကန့်ပိုင်းအတွင်းမှာပင် နွယ်ပင်ပိုက်ကွန်တစ်ခုက ချန်ဟွိုက်အန်ကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။

“သူ ပိတ်မိသွားပြီ...”

လူအုပ်ကြီးမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြ၏။

“ငါတို့က ဘာလို့ ဓားကျောင်းတော် ဘိုးဘေးအတွက် စိုးရိမ်နေရတာလဲ။ သူက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို ကာကွယ်ပေးထားတဲ့သူ မဟုတ်လား။”

“အဲဒီတော့ ဘာဖြစ်လဲ...” လေလွင့်ကျင့်ကြံသူတစ်ဦးက ပြန်အော်လိုက်သည်။

“အနည်းဆုံးတော့ သူက ယောင်ချီလို ငါတို့ကို သတ်ဖို့ မကြိုးစားဘူးလေ...”

“သေစမ်း...” ယွိလင်းက အော်ဟစ်လိုက်သည်။

နွယ်ပင်ပိုက်ကွန်မှာ ညှစ်စက်တစ်ခုကဲ့သို့ ပိုမို တင်းကျပ်လာ၏။

ချွန်း ...

ဓားက ဓားအိမ်မှ ထွက်လာပြန်သည်။

ငွေရောင်အလင်းတန်းတစ်ခု ညအမှောင်ထုကို ဖြတ်သန်းသွား၏။ နွယ်ပင်များမှာ ချက်ချင်းပင် အစအနမကျန် ပျက်စီးသွားတော့သည်။ ဓားချက်တိုင်းမှာ မှန်မျက်နှာပြင်ကဲ့သို့ ချောမွေ့လှသည်။

ယွိလင်း၏ မျက်ဝန်းများ အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားသော်လည်း သူက ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။

ဓားကျောင်းတော် ဘိုးဘေးကို သတ်ရသည်မှာ ထိုမျှ မလွယ်ကူကြောင်း သူ သိပြီးသားပင်။

သူက လက်ကွက်ဖော်ကာ ဂါထာများကို မြန်မြန်ဆန်ဆန် ရွတ်ဆိုလိုက်သည်။ ပတ်ဝန်းကျင်မှ လေထုမှာ တဖျတ်ဖျတ် တုန်ခါလာပြီး လရောင်ပင် ဝေဝါးလာတော့သည်။

“ပုံရိပ်ယောင်လား။” ချန်ဟွိုက်အန်၏ အသံမှာ တည်ငြိမ်နေ၏။

သူ၏ အေးစက်သော မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မြို့တော်၏ မြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး အဆုံးမရှိသော နွယ်ပင်ပင်လယ်ကြီးဖြင့် အစားထိုး ဝင်ရောက်လာသည်။

ဧရာမ အပင်မြွေကြီးများက သူ့ထံသို့ တရှူးရှူးမြည်ကာ လှည့်ပတ်လာကြသည်။ ဆူးပါသော နွယ်ပင် ထောင်ပေါင်းများစွာမှာ ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်မှလည်း ထိုးထွက်၍ လာကြသည်။

ယွိလင်းက သူတို့အပေါ်တွင် လွင့်ပျံနေပြီ သူ၏ခန္ဓာမှာ မရေမတွက်နိုင်သော ပုံတူများအဖြစ် ကွဲထွက်သွားသည်။ ပုံတူတိုင်းမှာ ကြာပွတ် တစ်ချောင်းစီကို ကိုင်ထားကြပြီး သူ၏ မျက်ဝန်းများမှာ အေးစက်ကာ ရက်စက်လှသည်။

“ဒီနွယ်ပင်တစ်သောင်းပုံရိပ်ယောင်နယ်ပယ်က ကျွန်မရဲ့ ကမ္ဘာငယ်လေးရဲ့ အစိတ်အပိုင်း တစ်ခုပဲ...” သူက တဟားဟား ရယ်မောလိုက်သည်။ “အနှစ်ငါးထောင် သက်တမ်းရှိတဲ့ မိစ္ဆာသူတော်စင်တောင် ဒီထဲမှာ ပိတ်မိခဲ့တာ။ ရှင် ဘယ်လောက်ကြာကြာ ခံနိုင်ရည် ရှိမလဲ ကြည့်ကြသေးတာပေါ့။ ချန်ကျန့်ကျွန်း...”

သို့သော် သူ၏စကား မဆုံးခင်မှာပင် ချန်ဟွိုက်အန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အလင်းများ ဝင်းလက်သွားသည်။

“ပြကွက်များတဲ့ အမှိုက်တွေ...”

သူက ပုံမှန်အားဖြင့် ဆဋ္ဌမအဆင့်ရှိသည့် ပုံရိပ်ယောင်ကို မချိုးဖျက်နိုင်လောက်ပေ။ သို့သော် ထိုအချက်က အရေးမကြီးပါ။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်က သူ့ဘာသာသူ ကမ္ဘာတစ်ခုဖြစ်နေရင်ရော ဘာဖြစ်လဲ။

သူ၏ ယင်ယန်ဓားအသိနှင့် ကြာစိမ်းဓားသိုင်းကျမ်းမှ ဓားပညာတို့ကို ပေါင်းစပ်လိုက်ပါက ထိုပုံရိပ်ယောင်ကို ရိုက်ခွဲပစ်ရန် လုံလောက်သည်ထက် ပိုပေသည်။

ဓားပုံရိပ်များမှာ သူ၏ ပုံရိပ်နှင့် ပေါင်းစပ်သွားပြီးနောက် သူ ဓားဆွဲရန် ပြင်ဆင်လိုက်စဉ်မှာပင် လှုပ်ရှားမှုများမှာ ရပ်တန့်သွားသယောင် ရှိသည်။

“ရှင်းလင်မင်းသားနဲ့အတူ သောက်စားရင်း ဒူးပေါ်မှာ ဓားကို ဆွဲထုတ်လိုက်တယ်...”

ဓားက ထွက်လာလေပြီ။ ယွိလင်းက သူ၏ လှုပ်ရှားမှုကိုပင် မမြင်လိုက်ရ။ ကောင်းကင်ကြီး ရုတ်တရက် မှောင်ကျသွားသလိုသာ ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင်တော့...

ဝတ်ရုံနက်ဝတ်ဆင်ထားသည့် ပုံရိပ်ထံမှ တောက်ပလှသော ဓားအလင်းများ ပေါက်ကွဲ၍ ထွက်လာသည်။

ဖြူဖျော့သော ဓားစွမ်းအင်မှာ ကောင်းကင်ယံကို ခွဲထွက်သွား၏။ မင်နက်ရောင်များ ကြားတွင် ဖြူဖွေးသော အက်ကြောင်းတစ်ခု ထင်ကျန်ရစ်သကဲ့သို့ပင်။

ပုံရိပ်ယောင်မှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။

ယွိလင်း၏ ပုံတူများအားလုံး ဓားချက်တစ်ချက်တည်းဖြင့် အကုန်အစင် ပျောက်ကွယ်သွား၏။

သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ် အစစ်အမှန်သာ ကျန်ရစ်ပြီး မှင်သက်လျက် ရပ်နေတော့သည်။

“ဘယ်... ဘယ်လိုလုပ်ပြီး... ဓားချက်တစ်ချက်တည်းနဲ့....”

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓားကျင့်ကြံသူက သူ့ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယွိလင်းသည် သူ၏အခြေခံ ထိခိုက်မည့် အန္တရာယ်ကို ဂရုမစိုက်တော့ဘဲ ချန်ဟွိုက်အန်ကို သူ၏ ကမ္ဘာငယ်လေးအတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှာ ရွှံ့နွံထဲတွင် ရုန်းကန်နေရသကဲ့သို့ နှေးကွေးနေသည်။ သူ၏ ဂုဏ်ယူရသော ဝိညာဉ်စွမ်းအင်များမှာလည်း အတွေးများကို မမီနိုင်တော့ပေ။

သူ၏ အသက်ကယ် မှော်ရတနာများပင်လျှင် အသက်မဝင်လာတော့ပေ။ သူ လုပ်နိုင်သည်မှာ တိုးကပ်လာသည့် ဓားအလင်းကို ကြည့်နေရုံသာဖြစ်သည်။

မဖြစ်ဘူး...

သူ နှေးကွေးနေခြင်း မဟုတ်လောက်ပေ။

ထိုသူက အရမ်းမြန်နေခြင်းသာ။

အမြန်ဆုံးအလျင်ဖြင့် ချန်ဟွိုက်အန်က သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ဓားသွားမှာ လရောင်ကဲ့သို့ ယွိလင်း၏ နဖူးဆီသို့ ကွေးညွတ်ကာ ပျံသန်းသွား၏။

“မင်းက... သေနှင့်ပြီးသားပဲ။”

ဓားဖျားမှာ အေးစက်စွာ ဝင်းလက်သွား၏။ အလင်းစက်ကလေး တစ်ခုက သူ၏ နဖူးကို ထိလိုက်သည်။

သူ၏ အသက်ကယ် ဆွဲကြိုးမှာ ကွဲအက်သွား၏။ ဝိညာဉ်အကာအကွယ် ဒိုင်းကာတစ်ခု ပေါ်လာသော်လည်း ဓားအသိကြောင့် ချက်ချင်းပင် ကြေမွသွားတော့သည်။

သူ၏ နောက်တွင် ယစ်မူးနတ်သက် စားသောက်ဆိုင်မှာ ပြင်းထန်လှသော ဓားစွမ်းအင်အောက် အပိုင်းပိုင်းပြတ်ကာ ပျက်စီးသွားတော့သည်။

သူ၏ ခြေဖနောင့်မှ မြို့တံခါးအထိ ရှင်းလင်းလှသော ဓားရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

ချန်ဟွိုက်အန်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ယွိလင်းက မျက်လုံးပြူးလျက် သေဆုံးကာ လဲကျသွားတော့သည်။

လရောင်မှာ ရေကဲ့သို့ စီးဆင်းလျက် ရှိနေပြီး တိတ်ဆိတ်နေသော မြို့တော်ကို ညင်သာစွာ လွှမ်းခြုံထားသည်။

လူတိုင်းမှာ လရောင်အောက်မှ ဝတ်ရုံနက်ဝတ် အမျိုးသားကို ကြည့်ရင်း မှင်သက်နေကြ၏။

“စီနီယာ၊ ကျွန်မ တန်ပိုင်ရဲ့ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။”

တန်ပိုင်က ဒူးထောက်ကာ ရိုသေစွာ ဦးတိုက်လိုက်သည်။

အကယ်၍ ထိုသူသာ ယနေ့ ပေါ်မလာခဲ့ပါက သူသည် ယောင်ချီ၏ လက်ထဲသို့ ကျရောက် သွားပေလိမ့်မည်။

သူ၏ အမေမှာ ဆေးလုံးဖော်စပ်ရန် ကိရိယာတစ်ခု ဖြစ်သွားမည်။ သူကိုယ်တိုင်လည်း သေဆုံး ရနိုင်သလို ထို့ထက်ဆိုးသည်မှာ အသုံးချခံရခြင်း၊ နှိပ်စက်ခံရခြင်း သို့မဟုတ် ထိန်းချုပ် ခံရခြင်းများ ခံစားရပေလိမ့်မည်။ သူ၏အမေကို ကယ်တင်နိုင်မည့် မည်သည့် အခွင့်အရေးမှ ရှိတော့မည် မဟုတ်ပေ။

“မင်းက တန်ပိုင်လား။”

“ဟုတ်ပါတယ် စီနီယာ...” သူက ခေါင်းငုံ့လျက်ပင် ဖြေလိုက်သည်။

ချန်ဟွိုက်အန်က သူ့ဘက်သို့ လှည့်လိုက်သည်။ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည့် မိန်းကလေးကို ကြည့်ကာ သူက နွေးထွေးစွာ ပြုံးလိုက်သည်။

“မင်းနဲ့ ငါက... ရေစက်ပါတယ်။”

...

All Chapters