အခန်း (၃၄၇)
Vol. 24 Ch. 347
နောက်ထပ် ညအနည်းငယ် ကုန်သွားပြီးနောက် ထိုမြင်ကွင်းက တစ်ခါတစ်လေ သူမရဲ့ အာရုံထဲ ပေါ်လာခဲ့ပြီး အချိန်အတော်ကြာ သူမစိတ်ထဲ ရှိနေခဲ့သည်။
ကြီးမားပြီး လင်းထိန်နေတဲ့ အခန်းကြီးကို အနီရောင် တောက်နေသည့် ပိတ်စကြီးဖြင့် အပြည့် ကာထားခဲ့သည်။ လိုက်ကာက လေထဲမှာ အသာလေး လွင့်နေခဲ့သည်။ အဲ့ဒါတွေကို ကောင်းကောင်း မသိသည့် ထိုလူတွေက ဒီနေရာကို ကြောက်စရာ ရုပ်ရှင်ဇာတ်ကား တစ်ခုအဖြစ် အထင်မှားကောင်း မှားကြလိမ့်မည်။
ရှောင်းကောသည် သူမရဲ့ အရှေ့က အနီရောင် လိုက်ကာကို ဖယ်ပြီး အထဲကို ဝင်မသွားခင် သူမကိုယ် သူမ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အကောင်းဆုံး ပြုမူဖို့ ကြိုးစားခဲ့သည်။ ကလေးတွေက ငယ်သေးပြီး နှုတ်ဖြင့် သတိပေးသင့်သည်။ သူမက သူတို့ကို ရိုက်နှက် အပြစ်ပေးတာမျိုး ရှောင်ရမည် ဖြစ်သည်။
ရှောင်းကောက အခန်းထဲကို ပတ်လည် ကြည့်လိုက်သည်။ အဆင်ပြေပုံ ရသည်။ နေရာတွေ အကုန်လုံးမှာ အနီရောင် ပိတ်စတွေကိုသာ ချိတ်ထားခဲ့သည်။ ဒါက သိပ်ပြီး မဆိုးနေခဲ့ပါ။ သူမက ပိတ်စတွေကို ဖယ်လိုက်တာနှင့် အရာအားလုံး အဆင်ပြေလာလိမ့်မည် ဖြစ်သည်။ “ဒါက အဆင်ပြေပါတယ်။ အဆင်ပြေတယ်…..”
!!!
ဒီအခန်းထဲမှာ ကလေးနှစ်ယောက်ရဲ့ ဘာအရိပ်ယောင်မှ မတွေ့ခဲ့ပါ။ ထို့နောက် ရှောင်းကောက အခြားခန်းထဲသို့ လမ်းလျှောက်သွားခဲ့သည်။
သူမသည် အခန်းထဲရှိ မြင်ကွင်းကို မြင်သည့်အခါ ရှောင်းကောက သူမရဲ့ ခြေလှမ်းတွေကို ရပ်ပြီး သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်သည်။ သူမက အသက်ကို လေးလံစွာ ရှူထုတ်လိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်ခဲ့သည်။ သူတို့က အခန်းထဲမှာ အဖြူရောင် ပိတ်စကိုသာ ချိတ်ဆွဲထားကြသည်။ “ဒါကလည်း အဲ့လောက် မဆိုးပါဘူး။ သိပ်မဆိုးသေးပါဘူး။”
“အာ ဝူး….”
“အားးး….”
ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ အခန်းဖြစ်သည့် ဟိုးအတွင်းခန်းထဲကနေ မတူညီသည့် ဝံပုလွေအော်သံ နှစ်သံ ထွက်လာခဲ့သည်။
သိချင်စိတ်ဖြင့် ရှောင်းကောက အဖြူရောင် လိုက်ကာကို ဖယ်ပြီး အရှေ့ကို လျှောက်သွားခဲ့သည်။ သူမက သူမရဲ့ လက်ကို မြှောက်ပြီး တံခါးကို ဖွင့်လိုက်သည်။ တံခါးက ကလေး တစ်ယောက်ကို ထိပြီး ပြန်ကန်ထွက်လာခဲ့သည်။
“အာ့…”
ရှောက်ယိက သူ့တင်ပါးလေးကို ထိပြီး မကျေမနပ်ဖြင့် အနောက်ကို လှည့်ကြည့်ခဲ့သည်။ သူ့ရဲ့ အစွမ်းတွေ တိုးလာတာကနေ ဘယ်သူက သူ့ကို တားလိုက်လဲဆိုတာ သူက သိချင်နေခဲ့သည်။
“….” သူက ဒေါသတကြီး လှည့်လိုက်သည်။ ဒါက ဘယ်သူလဲဆိုတာကို သိသည့်အခါ သူက ချက်ချင်း မှင်သက်သွားခဲ့သည်။ သူ့မျက်နှာလေးပေါ်ရှိ ခက်ထန်တဲ့ ပုံစံက တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။
ရှောင်းကောက မရယ်မိအောင် သူမရဲ့ နှုတ်ခမ်းကို အတော်လေး ကိုက်ထားရသည်။
“အာဝူး…. အာဝူး! အာဝူးးးး”
အိပ်ရာရှိ လိုက်ကာရဲ့ အနောက်ကနေ နောက်ထပ် အသံ တစ်သံက ရုတ်တရက် ထွက်လာခဲ့သည်။ ဒါဟာ ဘယ်သူ့ အသံလဲဆိုတာ သိသာသည်။ အသံပိုင်ရှင်က တဖြည်းဖြည်းနဲ့ ကသိကအောက် ဖြစ်လာခဲ့သည်။ အကြောင်းမှာ သူသည် တစ်ဖက်လူဆီကနေ ဘာတုံ့ပြန်သံမှ မကြားရသောကြောင့် ဖြစ်သည်။ နောက်ဆုံးမှာတော့ သူမက ပုလင်းလေးတွေ တိုက်မိတဲ့အသံကို ကြားရပြီး အခြေလှမ်းလေးက နီးလာခဲ့သည်။
“ ရှောက်ယိ ဘာဖြစ်လို့လဲ။”
ကျွမ်းကျွမ်းက မကျေနပ်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။ သူ့ကို အဲ့လိုဝတ်ဖို့ ပြောထားတဲ့သူက ရှောက်ယိဖြစ်သည်။ သူ့ကို “အာဝူး” ဆိုသည့် အသံဖြင့်သာ ဆက်သွယ်ဖို့တောင် ပြောထားခဲ့သည်။ အဲ့ဒါကို သူက ဘာကြောင့် ရုတ်တရက် ရပ်သွားရတာလဲ။
ထိုအချိန်မှာပဲ အခြေအနေတွေက အေးစက်သွားပုံ ရသည်။ သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။ ကလေး နှစ်ယောက်ရဲ့ မျက်ဝန်းတွေက ရှက်ပြီး အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ ကျန်တစ်ယောက်ကတော့ သူတို့ကို မယုံကြည်သလိုနှင့် ကျွမ်းကျွမ်းနှင့် သူ့လက်ထဲရှိ အိုးကို စိုက်ကြည့်နေခဲ့သည်။
“ဟုတ်တိပတ်တိနဲ့ ငါမှတ်မိသလောက်ဆို မင်းတို့ နှစ်ယောက်က စာလုပ်နေသင့်တာပါ။”
“…..”
“….”
“ငါမှတ်မိတာ သေချာတယ်ဆိုရင် မင်းတို့ရဲ့ အဝတ်တွေ ပျောက်နေတယ်။”
“…..”
“….ဟီးဟီး”
“ပြီးတော့ အဲ့အိုးကလည်း မကုန်နေသေးပါဘူး” ရှောင်းကောက ကျွမ်းကျွမ်းရဲ့ လက်ထဲရှိ အိုးကို လက်ညှိုး ထိုးပြခဲ့သည်။
“….” ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မျက်နှာချိုသွေးကာ ပြုံးပြခဲ့သည်။ “မေမေက မှတ်ဉာဏ်ကောင်းလိုက်တာ။”
“ အဲ့ဒါ ဟုတ်တယ်။”
ရှောက်ယိက ချက်ချင်းဆိုသလို တစ်ခုခုကို သတိရသွားခဲ့သည်။
ကြွက်စုတ်လေး နှစ်ကောင်ရဲ့ ထူးဆန်းတဲ့ ပုံစံတွေကို ကြည့်နေရင်း ရှောင်းကောရဲ့ ပါးစပ်က အနည်းငယ် ပြုံးချင်သလို ဖြစ်နေခဲ့သည်။ သူမက သူတို့ မျက်နှာကို သေချာ ကြည့်လိုက်သည်။ သူတို့ရဲ့ မျက်နှာပေါ်မှာ အဖြူ၊ အနီနှင့် အမဲရောင် မှင်တွေက ဖုံးနေလဲ့သည်။ ဒါဟာ သူမရဲ့ အလှပြင် ပစ္စည်းတွေ ပျက်စီးသွားတာ ဖြစ်ကို ဖြစ်ရမည်။ သူမရဲ့ အလှပြင် ပစ္စည်း အများစုက ကျွမ်းကျွမ်းရဲ့ လက်တွေပေါ်ရှိ နှုတ်ခမ်းနီလိုပဲ တူညီတဲ့ ကံကြမ္အာအတိုင်း အဆုံးသတ်သွားတာပဲ ဖြစ်ရမည်။
“မေမေ မင်းတို့ကို မေးခွန်းတွေ မေးရမလား၊ ဒါမှမဟုတ် မင်းတို့ဘာသာပဲ ပြောမလား။”
“ သားတို့ မေမေ့ကို ပြောပါမယ်။”
တစ်ချိန်တည်းမှာပဲ ကလေးနှစ်ယောက်က တစ်ခုကို ရွေးခဲ့ကြသည်။
သို့သော် ဘယ်သူက အရင် ပြောမှာလဲ။ ကြွက်စုတ်လေး နှစ်ကောင်က ရွေးချယ်ရ ခက်နေခဲ့သည်။ သူတို့က တစ်ယောက်ပေါ် တစ်ယောက် တာဝန်တွေ လွှဲချခဲ့သည်။ နောက်ဆုံးမှာတော့ ရှောက်ယိက အပြစ်ရှိစိတ်နှင့် ထရပ်ခဲ့သည်။ ထို့အပြင် သူက ကျွမ်းကျွမ်းကို ဒီလိုတွေ ဝတ်ခိုင်းပြီး သူနှင့်အတူတူ ဆော့ဖို့ ပြောခဲ့တဲ့သူ ဖြစ်သည်။
ရှောက်ယိသည် သူ့လုပ်ရပ်အတွက် သူကိုယ်တိုင်ပဲ တာဝန်ယူသင့်တယ်ဟု တွေးခဲ့သည်။ သူက ရှောင်းကောဆီ ရောက်လာပြီး ရင်ကို ကော့ထားကာ သူမရဲ့ မျက်နှာကို တိုက်ရိူက် ကြည့်နေခဲ့သည်။ သို့သော် ခနကြာပြီးနောက် သူက သူမရဲ့ အကြည့်တွေကြောင့် ခေါင်းကို ငုံ့လိုက်သည်။ သူက သူ့ကိုယ်သူ ပွစိပွစိ ပြောနေရင်း ခါးကို ကိုင်းကာ သူရဲ့ လက်လေးတွေကို လွှဲနေခဲ့သည်။
ကံကောင်းစွာဖြင့် ရှောင်းကောက နားမပင်းသည့်အတွက် သူမက အကြောင်းပြချက်ကို သေချာ ကြားရသည်။
“မေမေ၊ မေမေ၊ မေမေ၊ ရှောက်ယိကို အပြစ် မတင်ပါနဲ့။ စာအုပ်ထဲက သရဲတွေ စစ်ရေးပြတာက ဘာနဲ့တူလဲဆိုတာ သားလည်း သိချင်လို့ပါ။”
“အဲဲဒါ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမှာက သားတို့ နှစ်ယောက်ပဲ ရှိနေတာလေ။ အဲ့တော့ သားတို့က သရဲတွေ အများကြီး စစ်ရေးပြတဲ့ပုံစံမျိုး လုပ်လို့ မရဘူး။”
“ပြီးတော့ သားတို့ ဘာအမဲရောင် ပိတ်စကိုမှလည်း ရှာမတွေ့တော့ အနီနဲ့ အဖြူရောင်တွေကို ရှာပြီး လုပ်လို့ ရခဲ့လို့ပါ”
“ဟုတ်တယ်။ ပြီးတော့လေ ဦးဦးရှို့ကျီကလည်း သားတို့နဲ့ အတူတူ ဆော့ဖို့ ဆက်တိုက် တောင်းဆိုတာကို ငြင်းသေးတယ်။ သားတို့ သူနဲ့ ဘယ်တော့မှ ထပ်ပြီး မဆော့တော့ဘူး။”
ကောင်လေး နှစ်ယောက်က ရှောင်းကောရဲ့ အရှေ့မှာ သူတို့ရဲ့ အကြောင်းကိုတောင် စပြီး ဆွေးနွေးခဲ့သည်။ သူမက ဒေါသထွက်သော်လည်း သူမရဲ့ ဒေါသတွေကို ဘယ်နေရာမှာမှ ပုံချလို့ မရပါ။ သူမက တိတ်တဆိတ်ဖြင့် ခေါင်းကို ခါပြလိုက်သည်။ “ဒီပေါ့တီးပေါ့တန် ကလေး နှစ်ယောက်ကတော့လေ…..”
“အို့…. မင်းတို့ နှစ်ယောက်က ဒီရလဒ်ကို တော်တော်လေး စိတ်ပျက်သွားကြတာလား။”
“ဟုတ်တယ်။ ဒါကတော့ အဆင်ပြေသေးတယ်လို့ သားထင်ပါတယ်။ နောက်တစ်ခေါက်ကျရင်တော့….”
ကျွမ်းကျွမ်းက တစ်ဖက်လူကို မျက်စပစ်ပြပြီး သူ့ကို တားဖို့ အချက်ပြခဲ့သည်။ သို့သော် ဒါက အတော်လေး ဘာကိုမှ မသိတဲ့ ရူးမိုက်တဲ့ကောင်လေး ရှောက်ယိသာ ဖြစ်သည်။
ရှောက်ယိက ပြောလေလေ၊ သူ့ရဲ့ အသံလေးက ပိုပြီး ညှင်သာလာလေ ဖြစ်သည်။ ဘာကိုမှ မမှုဘူး ဆိုသော်လည်း တစ်ခုခု လွဲနေပြီဆိုတာကို သူက ခံစားမိနိုင်ခဲ့သည်။ အခြေအနေတွေက အတော်လေးကို ပြင်းထန်သည်။ သူက ဘေးပတ်လည်က သူနှင့်အတူ ဝင်ပြောဖို့ ငြင်းနေသည့် ကျွမ်းကျွမ်းကို ကြည့်ခဲ့သည်။ ထို့နောက် သူက ခံစားချက်မဲ့နေသည့် ရှောင်းကောကို လှည့်ကြည့်ခဲ့သည်။
“….” နောက်ဆုံးမှာတော့ ရှောက်ယိက သူ့ရဲ့ ချစ်စရာ ပုံစံလေးဖြင့် ရှောင်းကောကို ရူးသလိုလို ပြုံးပြခဲ့သည်။ “ဟီးဟီး….”
သို့သော် ထိုပုံစံကို ကျွမ်းကျွမ်းက အခေါက်ပေါင်းများစွာ အသုံးချခဲ့ပြီး ဖြစ်သည်။ ရှောင်းကောက ဒီနည်းကို ခံနိုင်ထားပြီး ဖြစ်ကာ သူမက ထိုအမူအရာလေးကြောင့် လုံးဝကို မလှုပ်မယှက် ဖြစ်နေခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ဘာသာ တစ်ခုခု လုပ်မှာလား၊ ဒါမှမဟုတ် ဒါနဲ့ ပတ်သက်ပြီး ငါ့ဘာသာ လုပ်ရမှာလား။”
ရှောင်းကောက သူမရဲ့ ဘေးပတ်လည်ကို ကြည့်ခဲ့သည်။ သူမက အရမ်းတည်ငြိမ်နေပုံ ရသည်။ သူမရဲ့ အတော် တည်ငြိမ်နေပုံက ကြွက်စုတ်လေး နှစ်ကောင်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
သူတို့ နှစ်ယောက်က သူတို့ရဲ့ တံတွေးကို မျိုချကာ ညီညီညာညာပဲ ပြောခဲ့ကြသည်။ “ဒါကို ငါတို့ဘာသာပဲ လုပ်ကြရအောင်။”
ရှောင်းကောက ပြုံးပြီး ခေါင်းငြိမ့်ပြခဲ့သည်။ သူမက သူတို့ကို တစ်ချက် ကြည့်ပြီး စလုပ်ဖို့ အချက်ပြခဲ့သည်။
ကလေးနှစ်ယောက်က တောက်လျှောက် အတော်ကြာ အချိန်တွေ ဖြုန်းခဲ့ကြပြီး နံရံနားကို လမ်းလျှောက်သွားခဲ့ကြသည်။ တကယ်လို့ သူတို့ အပြင် ထွက်ချင်တယ်ဆိုရင် အရင်ဆုံး ရှောင်းကောကို ဖြတ်ရမည် ဖြစ်သည်။
ရှောင်းကောက တံခါးနားမှာ ရပ်ပြီး နံရံကို မှီနေခဲ့သည်။ သူမရဲ့ မျက်ဝန်းတွေက သူတို့ကို တောက်လျှောက် ကြည့်နေခဲ့သည်။ ထို့နောက်မှာတော့ သူမက လက်ပိုက်ကာ ခြေထောက် တစ်ချောင်းထဲအပေါ် မှီပြီး ရပ်နေခဲ့ကာ သူမရဲ့ ပုံစံက ရပ်ရတာ ညောင်းလာပုံ ရသည်။
ကောင်လေး နှစ်ယောက်က အခုချိန်မှာ အရမ်းကို စိတ်ညစ်နေခဲ့ရသည်။ ရှောင်းကောလုပ်သမျှ လှုပ်ရှားမှုတိုင်းက သူတို့ကို စိတ်ဖိစီးစေခဲ့သည်။ သူတို့ နှစ်ယောက်လုံးက ငှက်မွှေးရဲ့ အစွန်းနားမှာ ရပ်နေတဲ့ ကြောင်ကလေး နှစ်ကောင်နှင့် တူနေခဲ့သည်။ စိတ်ကို လျှော့ပြီးနောက် သူတို့က တံခါးနားကို ထပ်သွားဖို့ ကြိုးစားခဲ့သည်။
တံခါးနားကို ပိုနီးလာလေလေ၊ ကလေးနှစ်ယောက်က ပိုပြီး လန့်လာလေလေ ဖြစ်နေခဲ့သည်။ သူတို့ရဲ့ မျက်လုံးတွေက ရှောင်းကောကို သေချာ ကြည့်နေသည်။ နောက်ဆုံးမှာတော့ ရှောက်ယိက ကြောက်ရတာကို ငြီးငွေ့လာပြီး အရင်ဆုံး ပြေးထွက်သွားခဲ့သည်။
သူ့အနောက်ရှိ ကျွမ်းကျွမ်းက သူ့ကို လိုက်မှီအောင် မလုပ်နိုင်ခဲ့ပါ။ သူသည် မပြုံးတပြုံး ဖြစ်နေသည့် ရှောင်းကောကို ကြည့်ရင်း သူ့ရဲ့ တင်ပါးလေးကို ကိုင်ထားခဲ့သည်။ ကောင်လေးက ကြောက်ကြောင်နှင့် ပြုံးပြလိုက်သည်။ “မေမေ၊ သား ဖင်ကို မကန်ပါနဲ့နော်။ သားလက်ထဲမှာ မေမေ့နှုတ်ခမ်းနီကို ကိုင်ထားတုန်းပါ။ ဒါက အရမ်း စျေးကြီးတယ်လို့ သားကြားထားတာ။ သား ဒါလေး မေမေ့ကို ပြန်ပေးမယ်နော်….”
ကျွမ်းကျွမ်းက စကားပြောရင်း တံခါးနားကို တရွေ့ရွေ့ သွားနေခဲ့သည်။ သူမထွက်သွားခင်မှာ နှုတ်ခမ်းနီဗူးကို ရှောင်းကောရဲ့ လက်ထဲသို့ ထိုးပေးပြီး ပြေးသွားခဲ့သည်။
အပြင်ဘက်ကနေ ဆက်တိုက် ကြည့်နေသည့် ရှောက်ယိက ကျွမ်းကျွမ်း အခန်းထဲကနေ ထွက်လာတာနဲ့ ချက်ချင်းပဲ ပြေးသွားခဲ့ကြသည်။ အချို့အချို့သော မသိလိုက်သည့် အကြောင်းအရင်းများနှင့် သူကလည်း သူနှင့်အတူ ပြေးလိုက်သွားခဲ့သည်။
သူတို့ အိမ်အပြင်ဘက် ရောက်သည့်အခါ သူတို့က တံခါးမှာ စောင့်နေသည့် ကျန်းတန်းဟယ်နှင့် လီရှို့ကျီကို တိုက်မိခဲ့ကြသည်။
အကြည့်ချင်း ဆုံသွားကြသည့်အခါ ကလေး နှစ်ယောက်က ကြောက်ပြီး ငိုခဲ့ကြသည်။ အထူးသဖြင့် ရှောင်းကောက လူကြီးတွေကို ခေါ်ပြီး သူတို့ကို ဖမ်းဖို့ ပြောထားတယ်ဟု တွေးမိခဲ့ကြသည်။ သူတို့က ထိုလူကြီး နှစ်ယောက်ကို တွန်းပြီး မြန်မြန်ပဲ ထွက်ပြေးခဲ့ကြသည်။
ကျန်းတန်းဟယ်နှင့် လီရှို့ကျစ်က မှင်သက်သွားပြီး သူတို့ရဲ့ အံ့ဩမှုကို မထိန်းနိုင်ခဲ့ကြပါ။
ထွက်ပြေးနေသည့် ရှောက်ယိက နောက်ဆုံးမှာတော့ ကျွမ်းကျွမ်းကို မေးဖို့ သတိရသွားခဲ့သည်။ “ငါတို့က ဘာလို့ ထွက်ပြေးနေကြတာလဲ။ ငါတို့ အိမ်ကို သန့်ရှင်းရေး လုပ်သင့်တာ မဟုတ်ဘူးလား။”
မမျှော်လင့်ထားစွာဖြင့် ကျွမ်းကျွမ်းက သူ့ကို တစ်ချက် ကြည့်ပြီး ကြောက်ကြောက်နှင့် ပြောလိုက်သည်။ “ငါတို့ အခုချိန်မှာမှ မပြေးဘူးဆိုရင် ငါတို့ လွတ်နိုင်တော့မှာ မဟုတ်ဘူးကွ။”
“ဘာလို့လဲ” ရှောက်ယိက နားမလည် ဖြစ်သွားခဲ့သည်။ သူသည် ရည်ရွယ်ချက်မရှိဘဲ ပြေးနေသည့် ကျွမ်းကျွမ်းကို တားပြီး ပြောလိုက်သည်။ “ငါတို့က အိမ်ကို ငါတို့ဘာသာ သန့်ရှင်းရေး လုပ်ပြီး အခန်းထဲက ပိတ်စတွေကို ဖယ်ပစ်ရမှာလေ။”
“…..” ကျွမ်းကျွမ်းရဲ့ မျက်နှာက အပြစ်ရှိစိတ်အပြည့် ဖြစ်သွားခဲ့သည်။ သူက ရှောက်ယိကို ကြည့်ပြီး ပြောခဲ့သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ်ပါ… အဲ့အတွက်တော့ မပူပါနဲ့။ ငါတို့တွေ ခနလောက်တော့ မပြန်ကြရအောင်။ ဒီအကြောင်းတော့ ငါတို့ နောက်မှပဲ ပြောကြမယ်။”
“ဒါပေမယ့် ငါ ဗိုက်ဆာနေပြီ…” ရှောက်ယိက သူ့ရဲ့ ဗိုက်ကလေးကို ပွတ်ပြခဲ့သည်။ အချိန်အတော်ကြာ “အာဝူးး” ဆိုပြီး အော်ခဲ့ပြီးနောက် အခုဆိုရင် သူက ဗိုက်ဆာနေပြီ ဖြစ်သည်။
“အဲ့တော့…. မင်းဖင်က စားဖို့ထက် ပိုအရေးကြီးတာလား”
ရှောက်ယိက ကျွမ်းကျွမ်းကို မောပန်းစွာ ကြည့်ပြီး ချိနဲ့စွာ ပြောလိုက်သည်။ “အရေးအကြီးဆုံး အရာဆိုတာ စားဖို့နဲ့ သောက်ဖို့ပဲလေကွာ။”
“…”
ကျွမ်းကျွမ်းသည် အရင်က အခုလောက်အထိ တစ်ခါမှ ပြောစရာ စကားမရှိ မဖြစ်ခဲ့ဖူးပါ။ ဒါက တကယ်ကို မျက်လုံးတွေ ပြူးသွားစေခဲ့သည်။ “တုံးလိုက်တဲ့ အရူး” ဟု သူ့အမေ ပြောပြောနေတဲ့သူက အခုတော့ သူ့အရှေ့မှာ ရှိနေခဲ့သည်။ အရမ်းကို အသိဉာဏ် မရှိတဲ့ သူ့ကိုတော့ ခွင့်လွှတ်ခဲ့ရသည်။ “မင်း ပြန်သွားတာကပဲ ပိုကောင်းပါတယ်ကွာ။”
“မင်းရော ဗိုက်ဆာနေမပြီလား။ မင်းလည်း ပြန်သွားသင့်ပါတယ်ကွာ”
“…..” ရှောက်ယိက မျိုသိပ်ပြီး သူ့ရဲ့ ခေါင်းကို ချိနဲ့စွာ ခါပြခဲ့သည်။ “နောက်မှပဲ….”