← Chapters

အခန်း (၁၆၃)

Vol. 17 Ch. 163

အခန်း (၁၆၃)

Vol. 17 Ch. 163

🥝 Chapter 163

မြို့တော်တိုင်းတွင် စည်းကမ်းသတ်မှတ်ချက်များ ရှိစမြဲပင်။ ကျင့်ကြံသူများအနေဖြင့် မြို့တွင်း၌ လွတ်လပ်စွာ တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး၊ ဖောက်ဖျက်ပါက ကာကွယ်ရေးစကြဝဠာအဖွဲ့အစည်း၏ ချက်ချင်းတိုက်ခိုက်မှုကိုခံရမည်ဖြစ်သည်

ဒါသည် မြို့ထဲဝင်လာသူတိုင်း လိုက်နာရမည့်သံမဏိစည်းကမ်းပင်။

"နေဦး"

"ဒါက မြို့ထဲမှာလေ တိုက်ခိုက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ် ညီမလေးစုကျို"

ရှန့်ဝူချင်းသည် အလွန်အမင်း တုန်လှုပ်သွားကာ စုကျိုကို အမြန်တားဆီးလိုက်သည်။

စုကျိုက သူမလက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး

"ကျွန်မ လက်တစ်ဖက်မှ မလှုပ်ရသေးဘူးနော်"

ရှန့်ဝူချင်း : "...ဒါဆို အဲ့ဒါက ဘာကြီးလဲ"

သူသည် သားရဲငယ်လေးနှင့်တူသော မတ်တပ်ရပ်နေသည့် ခုနစ်ရောင်ခြယ်ခြင်္သေ့ကိုညွှန်ပြကာ အလျင်အမြန် ပြောလိုက်သည်

"ဩော် ရှောင်ပိုင်ကို ပြောတာလား" စုကျိုက ကောင်းကင်ကို ညွှန်ပြလိုက်ပြီး "သူက စကြဝဠာတိုက်ခိုက်မှုကို မနှိုးဆော်မိပါဘူး စိတ်မပူပါနဲ့"

ဘာကို စိတ်ပူနေရမှာလဲ ။

ရှန့်ဝူချင်းသည် သူ့ 'ကိုယ်ကျိုးစွန့်' သံမဏိမျက်နှာဖုံးကို စမ်းကြည့်လိုက်ရာ နေရာတကျ ရှိနေသေးသည် သူက ရက်စက်တတ်သူ ဖြစ်သည်

သူသည် မည်သူ့ကိုမျှ စိတ်ပူမည်မဟုတ်…

"အင်း တိုက်ခိုက်မှုကို အပြစ်ပေးတဲ့ စကြဝဠာကတကယ် မနိုးလာဘူးပဲ"

"ဝေါ့"

ခုနစ်ရောင်ခြယ်ခြင်္သေ့သည် အော့အန်လိုက်ပြီးစေးကပ်ကာ ခုနစ်ရောင်ခြယ်ချည်မျှင် ဒါဇင်ပေါင်းများစွာဖြင့် ပတ်နှောင်ခံထားရ သော ရွှယ်ရွေ့ကျင်ကို ထွေးထုတ်လိုက်သည်

"ကယ်ကြပါဦး"

အစပိုင်းတွင် သူတို့ဆရာအတွက် စိတ်ပူနေသော ဟောင်ယို့လုနှင့် အဖွဲ့၏အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ဝင်များသည် လန့်ဖျန့်သွားကြပြီး စိုစိစိဖြစ်နေသော ရွှယ်ရွေ့ကျင်၏ အစုအပုံကြီးကို ရှောင်ရှားရန်နောက်သို့ အမြန်ဆုတ်လိုက်ကြသည်...

ခုနစ်ရောင်ခြယ်ခြင်္သေ့သည် အလွန်မတရားခံစားရသည့်အလား ဟိန်းဟောက်လိုက်ပြီး မိစ္ဆာကြီးချန်ယွမ်ထံသို့ ပြေးဝင်ကာ သူ့ရင်ခွင်ထဲသို့ ခုန်တက်၍ပြန်မဆင်းတော့ပေ

"!"

သာမန်လူများသာ မမြင်ခဲ့ပါက ဟန်တာယွမ်ဂိုဏ်းက ၎င်းကိုအနိုင်ကျင့်နေသည်ဟု ထင်မှတ်ကြလိမ့်မည်

၎င်းက သူတို့ဆရာကို ဝါးမြိုလိုက်ခြင်း မဟုတ်ပေ။

"ရှောင်ပိုင် ရပါတယ် ရပါတယ်"

စုကျိုက အနားသို့လာပြီး ချော့မြှူလိုက်ကာ စားရန်အတွက် တတိယအဆင့် မျက်နှာဖုံးအစအနတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သည်။

"!!!"

[တကယ်ကို ကြောက်စရာကောင်းလိုက်တာ၊ ဒါက ဝိညာဉ်ပိုးဖလံဂေဟာက ဝိညာဉ်လက်နက်တွေကို သုံးတဲ့ပုံစံလား]

[ဒါက ပိုးကောင်လေးပဲလား???]

[ဒီပိုးကောင်ရဲ့တိုက်စားတဲ့ဖြစ်စဉ်ကို ကျွန်တော် နားမလည်နိုင်တော့ဘူး]

[ပိုးကောင်တိုက်စားခြင်း၊ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ တိုက်ခိုက်ရေးနည်းပညာ၊ ကျွန်တော်တော့ ထပ်ပြီးစိတ်ကူးမယဉ်နိုင်တော့ဘူး...]

[ဒါကို ရှောင်ပိုင်လို့ တကယ် ခေါ်တာလား]

ထိုနေရာရှိ မည်သူမျှ ခုနက ဘာဖြစ်သွားသည်ကို နားမလည်ကြချေ။

ဝိညာဉ်ပိုးဖလံဂေဟာ အဖွဲ့ဝင်များမှလွဲ၍ပေါ့…

လုကျိကျောင်းသည် ဤရယ်စရာကောင်းသော မြင်ကွင်းအလယ်တွင် ထူးဆန်းသောကျေနပ်မှုကို ခံစားလိုက်ရသည်

သူက စုကျိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"စိတ်အေးအေးထားပြီး ယှဉ်ပြိုင်ပါ ငါ ဒီလူကို စောင့်ကြည့်ထားပြီး ပြန်ရောက်ရင် မင်းကို ရှင်းပြချက်တစ်ခုပေးပါ့မယ်"

ဝိညာဉ်ပိုးဖလံဂေဟာမှာ စုကျိုကိုပိုက်ဆံကြွေးတင်နေတဲ့ အမျိုးသားတပည့်တွေ ဘာလို့ ဒီလောက်တောင်များနေရတာလဲ ?

မဟာကျင့်ကြံသူအဆင့်ရှိသော်လည်း လုကျိကျောင်းပင်လျှင် မကျေမနပ်ဖြစ်မိသည်။

ဝိညာဉ်ပိုးဖလံဂေဟာရဲ့ စီမံခန့်ခွဲမှုက အထက်ကနေ အောက်အထိ လုံးဝကိုရှုပ်ထွေးနေတာပဲ။

သို့သော်လည်း အစွမ်းထက်သော ဆရာတစ်စုရှိနေပါသေးသည်... ဘာမှမလုပ်နိုင်ဘဲ ကြည့်ရုံသာ ကြည့်နေနိုင်သည့် အသုံးမကျသော ပုံတူကားချပ်များပင်။

ဟူး

လုကျိကျောင်းသည် အလွန်တရာ အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။

"ဒီပြိုင်ပွဲပြီးလို့ ဂိုဏ်းကို ပြန်ရောက်ရင် ငါ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေကိုခေါ်ပြီး ကောင်းမှုဆိုးမှုခန်းမနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခိုင်းပါ့မယ်"

"အရင်က စီမံခန့်ခွဲမှု အမှားအယွင်းတွေကို ငါတို့ တင်းတင်းကျပ်ကျပ်ပြုပြင်ပြီး အပြစ်ပေးရမယ် ဒီအညစ်အကြေးတွေကို အကုန်ရှင်းထုတ်ရမယ်"

သူပြောလိုက်သည်နှင့် သူ့လက်ထဲတွင် ဝှက်ထားသော အကြီးအကဲများ၏ပုံတူကားချပ်များသည် တိတ်ဆိတ်သွားကြသည်

ဒါက တကယ်ကို အရှက်ရစရာပင်။

လွန်ခဲ့သော ရက်အနည်းငယ်က ပွဲစီစဉ်သူများ ဖမ်းဆီးရမိသော လျောင်ချွမ်း မိစ္ဆာကျင့်ကြံသူသည် ယခင်က ဝိညာဉ်ပိုးဖလံဂေဟာ ထဲသို့ ခိုးဝင်ခဲ့သော်လည်း သူတို့ မသိခဲ့ကြဘဲ သူတို့တပည့် စုကျိုကို အပြစ်ဖို့ခွင့် ပေးလိုက်သလိုဖြစ်ခဲ့သည်။

ယနေ့တွင် ဝိညာဉ်ပိုးဖလံဂေဟာမှ နည်းပြကိုထပ်တွေ့ရပြန်သည်၊ သူသည် ဖောက်ပြန်သောစရိုက်ရှိပြီး စုကျိုကို မည်သို့ လှည့်စားခဲ့သည်ကို လူသိများသူဖြစ်သည်။

ပြီးတော့ ကျင်းချန်အကြောင်း ကြားလိုက်ရတာတွေလည်း ရှိသေးတယ်…

ဘုရားရေ…

ဒါက လုံးဝကို ပရမ်းပတာပဲ

ဒီလူတွေက စုကျိုကိုလှည့်စားခဲ့ကြတာ၊ အရင်က တခြားတပည့်တွေကို ဘယ်လောက်တောင်နစ်နာစေခဲ့လဲ ဘယ်သူသိမှာလဲ ?

ဟူး..

အကြီးအကဲ ပုံတူကားချပ်များသည် အလွန်အမင်းအရှက်ရသဖြင့် စကားပင် မပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားကြသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် အင်္ဂါစုံလင်သော ခန္ဓာကိုယ်ရှိသည့် မဟာကျင့်ကြံသူ လုကျိကျောင်း တစ်ဦးတည်းသာ ဝိညာဉ်ပိုးဖလံဂေဟာ၏ အဆင့်တစ်ရာကို စီမံခန့်ခွဲခဲ့ရသည်။

ဒါကြောင့် သူတို့ဟာ တပည့်တွေကို စီမံခန့်ခွဲရာမှာ အလိုအလျောက်စနစ်တွေအပေါ် အလွန်အမင်း အားကိုးခဲ့ကြရသည်။

ဒါက ဖီးနစ်မြို့ရဲ့ တိုက်ခိုက်မှု တားမြစ်ချက်နဲ့ တူပါတယ်၊ အချိန်အတော်များများမှာ သတ်မှတ်ထားတဲ့ စကြဝဠာအပေါ်မှာပဲ အားကိုးပြီး စီမံရတာပါ၊ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် တိုက်ခိုက်မှုကို တွေ့ရှိမှသာ အပြစ်ပေးမှုကို နှိုးဆော်တာပါ။

ရလဒ်ကတော့... ကြည့်ပါဦး၊ ဒီလောက်ကြီးမားတဲ့ ပိုးကောင်က လူတစ်ယောက်ကို ဝါးမြိုပြီး ပြန်ထွေးထုတ်လိုက်တာတောင် အပြစ်ပေးမှုကနေ လွတ်မြောက်သွားတယ်။

ပုံတူကားချပ် အကြီးအကဲများသည် စုကျိုကို ကြည့်ကာ အားကိုးရာမဲ့စွာဖြင့် သူတို့အင်္ကျီလက်များကို လိပ်တင်လိုက်ကြသည်။

"ညီငယ်လု ငါတို့က အရမ်း စိတ်လိုက်မာန်ပါ ဖြစ်ခဲ့မိတယ် ငါတို့ရဲ့ ရုပ်ခန္ဓာတွေကို ဖျက်ဆီးခဲ့မိလို့ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ တပည့်တွေမှာ အားကိုးစရာ မရှိဖြစ်ခဲ့ရတယ်"

"ဟူး အလိုအလျောက် စီမံခန့်ခွဲမှုအတွက် အစီအရင်အနည်းငယ်အပေါ်မှာပဲ အားကိုးနေတာက ဘယ်လိုမှ မလုံလောက်ဘူး"

လုကျိကျောင်းက ခေါင်းညိတ်လိုက်ပြီး သူတို့ နောက်ဆုံးတွင် နားလည်သွားပြီဟု ခံစားလိုက်ရသည်။

သူတစ်ယောက်တည်း အရာအားလုံးကို မကိုင်တွယ်နိုင်ပေ၊ သူတို့ရဲ့ မာနတွေကို ဘေးဖယ်ထားဖို့ လိုအပ်သည်၊ သူတို့က ပုံတူကားချပ်တွေပဲ ဖြစ်နေပါစေဦးတော့၊ သူတို့ မတ်တပ်ရပ်ပြီး ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ တာဝန်တွေကို ရိုးရိုးသားသား ပုခုံးထမ်းဖို့ လိုအပ်သည်။

တပည့်တွေကို ဆုံးမဖို့၊ သူတို့ကို လေ့ကျင့်မှုတွေ ပိုပေးဖို့ ပြီးတော့ သူတို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့…

"ညီငယ် ပြန်ရောက်ရင် အဖွဲ့ဝင်အသစ်တွေ စုဆောင်းပါဦး"

"အင်း ဖျော်ဖြေရေးဂိုဏ်းက အဘိုးကြီးကျန်းက တော်တော်လေးကောင်းတယ်လို့ ငါထင်တယ် သူ့ကို ငါတို့ဆီဆွဲခေါ်ကြရအောင်"

"ဝိညာဉ်ကုန်သည်အသင်းက ရှန့်လိုင်လိုင်က ညီလေးလုကို သဘောကျတယ် မဟုတ်လား သူ့ကိုပဲ လုလိုက်ပါ သူက အရာအားလုံးကို တွက်ချက်နိုင်တဲ့ အရည်အချင်းရှိတယ်"

"…"

လုကျိကျောင်းသည် သူတို့၏စာလိပ်များကို နှစ်ပိုင်းဖြတ်လိုက်သည်။

"အား အား အား နာတယ်..."

"မလုပ်ပါနဲ့... ငါ့ရဲ့ ဝိညာဉ်တွေ ထွက်ကျတော့မယ်..."

လုကျိကျောင်းသည် အသံမထွက်ဘဲ ခေါင်းလှည့်လိုက်ကာ စုကျိုနှင့် အခြားသူများ ပြိုင်ပွဲကွင်းအတွင်းသို့ တက်သွားသည်ကို ကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။

"ရှောင်ကျို မင်းပြန်လာရင် မင်းရဲ့ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ အစိတ်အပိုင်းအနည်းငယ်လောက် ငါ့ကို ငှားဦး"

"..."

"...!"

စုကျိုက လှည့်ကြည့်ကာ အရှင်သခင်လုကိုပြုံးပြလိုက်သည်။

"ကောင်းပါပြီ ဆရာ နောက်မှ ကျွန်မ ပြိုင်ပွဲကွင်းထဲက ထွက်လာရင် ဆရာ စိတ်ကြိုက် ရွေးချယ်နိုင်အောင်လုပ်ပေးပါ့မယ်"

သူမနှင့် ယင်လီ၊ အခြားသူများသည် အခြားအဖွဲ့များနှင့်အတူ လေးတန်း၊ လေးခုစီဖြင့် ပေါ်ထွက်လာသော ပြိုင်ပွဲကွင်း တစ်ဆယ့်ခြောက်ခုဆီသို့ လွင့်ပျံသွားကြသည်။

ပြိုင်ပွဲကွင်းများကို ပရိသတ်များအတွက် ထိုင်ခုံများဖြင့် ဝန်းရံထားသည်။

ယနေ့တွင် ပရိသတ်များအားလုံးသည် သူတို့မျက်စိအား ကောင်းသရွေ့ ပြိုင်ပွဲ တစ်ဆယ့်ခြောက်ခုလုံးကို တစ်ပြိုင်နက် ကြည့်ရှုနိုင်သည်။

[ဒါက ဘာသားရဲကြီးလဲ၊ ဝိညာဉ်ကုန်သည်အသင်းလား၊ ဒါက ဘယ်လိုမျိုး မြင်ကွင်းကျယ် တန်ဖိုးကြီးလက်မှတ်လဲ]

[တောက် ငါဝယ်ထားတဲ့ ပထမတန်းထိုင်ခုံက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ပြိုင်ပွဲကွင်းနဲ့ အရမ်းဝေးနေတယ်]

စုကျိုသည် တတိယမြောက် ပြိုင်ပွဲကွင်းပေါ်သို့ ဆင်းသက်လိုက်သည်။

ပြိုင်ပွဲကွင်း တည်နေရာများကို မနေ့က စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့များအလိုက် စီစဉ်ထားခြင်း ဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

"ဝိညာဉ်ပိုးဖလံဂေဟာနဲ့ ဟောင်ယို့လုအဖွဲ့ ပြိုင်ပွဲကွင်းမှာ ဆက်နေမယ့် လူငါးယောက်ကို ဆုံးဖြတ်ဖို့ ဆယ့်ငါးမိနစ် အချိန်ရပါမယ်"

"ဒီနေ့ ပြိုင်ပွဲက ငါးယောက်ချင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လူစားလဲခွင့် မရှိပါဘူး"

"အဖွဲ့တစ်ဖွဲ့က လုံးဝလဲကျသွားရင် ဒါမှမဟုတ် ရှုံးနိမ့်ကြောင်း ဝန်ခံရင် အဲ့ဒီအဖွဲ့ ပြုတ်သွားမှာဖြစ်ပြီး ကျန်တဲ့အဖွဲ့က ထိပ်သီး တစ်ဆယ့်ခြောက်သင်းစာရင်းထဲ ဝင်မှာဖြစ်ပါတယ်"

ယနေ့ ဝိညာဉ်ပိုးဖလံဂေဟာ၏ပြိုင်ပွဲကို ကြီးကြပ်သူမှာ စုကျို မနေ့က ပါဆယ်လိုက်ပို့စဉ်က တွေ့ခဲ့သော ဒိုင်လူကြီး စီနီယာမမပင် ဖြစ်သည်။

သူမသည် ပြိုင်ပွဲကွင်းပေါ်တွင် စုကျိုကို မြင်လိုက်ရသည့် ခဏ၌ မျက်ခုံးများလှုပ်ခတ်သွားသည်။

"ဒီပြိုင်ပွဲက ပြိုင်ပွဲကွင်းကို ဧရိယာ ဧကတစ်ရာအထိ ချဲ့ထွင်ပေးသွားမှာပါ"

ဒါကြောင့်မို့လို့ကိုး စည်းကမ်းချက်တွေက မနေ့ကနဲ့ ဆင်တူပါတယ်။

စုကျို ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမ၏ စီနီယာ ဒိုင်လူကြီးက သူမကို အထူးတလည်ကြည့်နေသည်ကိုသတိပြုမိကာ သူမက အမြန်ထပ်ပြောလိုက သည်။

"ထိပ်သီး တစ်ဆယ့်ခြောက်သင်းရဲ့ ဒီအဆင့်ကို ကျွန်မ ရှန့်ရှင်းဟွေးနဲ့အတူ ရှန့်ဝူချင်း၊ ရှန့်လင်တို့ ရွှေအမြုတေအဆင့်ကျင့်ကြံသူ သုံးဦးက ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးသွားမှာပါ"

စုကျိုသည် အုပ်စုထဲမှ ရှန့်ဝူချင်းကို တစ်ချက် ကြည့်လိုက်သည်။

သူသည် တစ်နေ့လုံး သူ့ သံမဏိမျက်နှာဖုံးကို မချွတ်သေးသည်ကို သူမ မြင်လိုက်ရသည်။

"စုကျို၊ လဲ့ကျယ် ဒီအဆင့်မှာ ပါဝင်မယ့်သူတွေကို အမြန်ဆုံးဆုံးဖြတ်ပေးပါ"

ရှန့်ဝူချင်းသည် သူ၏မျက်နှာဖုံးကို ဖိလိုက်ကာ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။

သူသည် ရက်စက်သူတစ်ဦး ဖြစ်လာပြီး သူတို့ကို ဂရုမစိုက်သလို၊ သူတို့ကို မသိသလို ဟန်ဆောင်နေသည်မှာ သိသာလှသည်။

"ငါးယောက်က ပြိုင်ပွဲကွင်းမှာ နေခဲ့ပါ ကျန်တဲ့သူတွေ ပရိသတ်ထိုင်ခုံဆီသွားပါ"

"မှတ်ထားပါ ပြိုင်ပွဲဝင် ငါးယောက်စီဟာ ကိုယ်ပိုင်ဝိညာဉ်ရတနာ ဒါမှမဟုတ် ဆေးလုံး သုံးမျိုးကိုပဲ ရွေးချယ်နိုင်ပါတယ်။ တတိယ အဆင့်ထက် ကျော်လွန်တဲ့ ဘယ်အရာမဆို စည်းကမ်းဖောက်ဖျက်မှုလို့ သတ်မှတ်မှာဖြစ်ပြီး ပြိုင်ပွဲကွင်းထဲကနေ ချက်ချင်း ထုတ်ပယ်ခံရပါလိမ့်မယ်"

"ပြိုင်ပွဲကြားထဲမှာ..."

ရှန့်ဝူချင်းက ရုတ်တရက် ရှင်းပြနေသည်ကို ရပ်လိုက်ပြီး စုကျိုကို ညွှန်ကြားလိုက်သည်။

"မင်း ပါဆယ် တစ်ခါ မှာလို့ရတယ်"

"ဒါပေမဲ့ အဲ့ဒါက သိုလှောင်လက်စွပ်၊ အိတ် ဒါမှမဟုတ် တခြား အာကာသဆိုင်ရာ ပစ္စည်းတွေ မဖြစ်ရဘူး"

"ပြီးတော့ မိစ္ဆာကျွန်လည်း မဖြစ်ရဘူး"

"ကဲ အမြန်လုပ်ကြတော့"

စုကျိုက ချက်ချင်းလက်မြှောက်လိုက်သည်။

"ကျွန်မမှာ ရန်သူရှိတယ် ဒီတိုက်ပွဲမှာ ကျွန်မ ပါဝင်မယ်"

လဲ့ကျယ်က ခေါင်းညိတ်ကာ ရှေ့သို့ တက်လာသည်။

"ဒီပြိုင်ပွဲအတွက် ငါ အကြာကြီးစောင့်ခဲ့ရတာ"

သူ ဝိညာဉ်ပိုးဖလံဂေဟာကနေ ထွက်လာတာ ဆယ့်နှစ်ရက် ရှိပြီ... သူ ပြိုင်ပွဲကွင်းထဲ တစ်ခါမှ မရောက်သေးဘူး! သူ

တော်တော်လေး စိတ်မရှည် ဖြစ်နေပြီး လူတိုင်းကို လျှပ်စစ်နဲ့တိုက်ခိုက်ချင်နေပြီ။

စုကျို ခေါင်းညိတ်လိုက်သည် "ကောင်းပါပြီ"

လဲ့အော်က အလိုအလျောက် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည် "အစ်ကိုကြီး သွားမယ်ဆိုရင် ကျွန်တော် မသွားတော့ဘူး ဟန်တာယွမ်ဂိုဏ်းအဖွဲ့က တိုက်စစ်သက်သက်အဖွဲ့မဟုတ်ဘူး ကျွန်တော်တို့လို တိုက်စစ်အားကောင်းတဲ့သူ နှစ်ယောက် မလိုဘူး"

တောက်ဟယ်ကမူ လက်မြှောက်လိုက်သည်။

"ညီမလေးစုကျို ဒီတိုက်ပွဲမှာ ငါ အနားယူခွင့်တောင်းပါတယ်"

သူက ဝိညာဉ်စွမ်းအင် ဂဏန်းပေါင်းစက်ကနေ အသိဉာဏ်အသစ်ရထားကာ ဒီအခွင့်အရေးကို သုံးပြီး ကျင့်ကြံချင်နေသည် လိုကျားကမူ မျက်စိမှိတ်ထားလျက် ဝေခွဲမရဖြစ်နေသည်။

"ဧကတစ်ရာက အရမ်းကျယ်လွန်းတယ် မျက်စိမဖွင့်ရင် လမ်းပျောက်မှာကို ငါ နည်းနည်းကြောက်တယ် ငါ တက်မယ်ဆိုရင် တစ်ယောက်ယောက် ကူညီပေးဖို့လိုလိမ့်မယ်"

လျန်ဟော့ကျီ နှာခေါင်းရှုံ့လိုက်ပြီး မူချင်းချိုးကမူ မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ ပုရွက်ဆိတ်တွေကိုရေတွက်နေသည်။

【???】

【ဝိညာဉ်ပိုးဖလံဂေဟာ... တကယ်ပဲ ဒီလူတွေပြိုင်ကြမှာလား】

【ဒါဆို စိုက်ပျိုးရေးနဲ့ ရက်ကန်းလုပ်တဲ့သူတွေက တကယ်ပဲ... တိုက်ခိုက်ရတာကို မကြိုက်ကြဘူးပေါ့】

ဟန်တာယွမ်ဂိုဏ်းဘက်က လူတိုင်းက စေတနာ့ဝန်ထမ်းအဖြစ် ရှေ့ထွက်လာကြပြီး အဖွဲ့ဖွဲ့စည်းပုံကို အလေးအနက် ဆွေးနွေးနေကြတာနဲ့ ယှဉ်လိုက်ရင် ဝိညာဉ်ပိုးဖလံဂေဟာဘက်ကတော့ ပေါ့ပေါ့ပါးပါးအေးဆေးဖြစ်နေသည်။

တောက်ဟယ်နဲ့ လိုကျားကတော့ ဟန်တာယွမ်ဂိုဏ်းကို စိတ်မဝင်စားတာ သိသာလှသည်။

လျန်ဟော့ကျီက စုကျိုရဲ့ ပိုးဖြူကောင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူကိုယ်တိုင်လုပ်ဆောင်ဖို့ မလိုဘူးလို့ ခံစားလိုက်ရကာ သူမရဲ့နောက်ကွယ်မှာ မီးနှင့်ဆော့ကစားနေသည်။

အရံအဖွဲ့ဝင်တွေကမူ မြေပြင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေကြတာ ပိုလို့တောင်အေးဆေးနေကြသေးသည်။

ကျူးပိုင်ယွီနဲ့ ဟောင်ယို့လုတို့က အတူတူရပ်ပြီး နောက်မှဈေးထဲသွားပြီး အသစ်ထွက်တဲ့ စိတ်အေးစေတဲ့အဆောင်ကို ဝယ်စမ်းကြည့်ဖို့ တိုးတိုးလေးဆွေးနွေးနေကြသည်။

All Chapters