အခန်း (၁၆၄)
Vol. 17 Ch. 164
🥝 Chapter 164
ယင်လီကတော့ ငေးငိုင်နေပြီး ရှန့်ဝူချင်းရဲ့ ဘေးမှာကပ်ပြီး သူမဘာသာ တိုးတိုးလေးရေရွတ်နေသည်။
"ကျွန်မ တကယ်ပဲ စင်ပေါ်တက်ချင်တာ! ဒါမှ လူတိုင်းက ကျွန်မရဲ့ တောက်ပတဲ့ အစွမ်းကို မြင်နိုင်မှာ ဒါပေမဲ့လည်း မဟာကျင့်ကြံသူ အကြီးအကဲလိုင်လိုင်က ခုနကမှ ပေါ်လာပြီး အစွမ်းပြသွားတယ် လူတိုင်းက အဲ့ဒါကို အံ့ဩနေကြတုန်း"
"ဒီနေ့ အဲ့ဒီ မဟာကျင့်ကြံသူအကြီးအကဲထက် ပိုတောက်ပအောင် ကျွန်မ ဘယ်လိုလုပ်ရမလဲ"
"မနက်ဖြန်အထိ စောင့်ကြည့်ရင်ကော ? နည်းနည်းတော့ လျှို့ဝှက်ထားကြရအောင်"
ရှန့်ဝူချင်း နှုတ်ခမ်းများ လှုပ်ခတ်သွားသည်။
တော်စမ်း!
မင်းတို့အားလုံးက အရမ်းကိုပေါ့ဆနေကြတာပဲ မဟုတ်လား ဟန်တာယွမ်ဂိုဏ်းကိုတောင် လေးစားမှု မရှိကြဘူးလား?!
နောက်ဆုံးတွင် စုကျိုသည် နည်းဗျူဟာအဖွဲ့ခေါင်းဆောင်အဖြစ် ပျင်းရိနေကြသော လူအုပ်ထဲမှ အမည်များကို ခေါ်လိုက်သည်
"ရှောင်ယင် ဒီတိုက်ပွဲအတွက် မင်း သွားရမယ်"
"စီနီယာကိုကို လိုကျား ပြောသလိုပဲ ဧကတစ်ရာ ပြိုင်ပွဲကွင်းက တကယ်ကို ကျယ်လွန်းတယ်"
စတုရန်းမီတာ တစ်သောင်းနဲ့ ညီမျှသည်။
ပြိုင်ပွဲကွင်း ကျယ်လေလေ လူရှာရခက်လေလေဖြစ်သည်။
ဟန်တာယွမ်ဂိုဏ်းက ပုန်းကွယ်နေပြီး ဒါကို အချိန်ဆွဲတဲ့ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားမှာကို သူမ မလိုချင်ပေ။
ဒီနေ့မှာတော့ သူမအတွက် ယင်လီရဲ့ အရာအားလုံးကို သိမြင်နိုင်တဲ့ အစွမ်းလိုအပ်သည်
"ကောင်းပါပြီ ဒီနေ့က ကျွန်မ တောက်ပရမယ့်နေ့လို့ ကံပါလာတာပဲ"
ယင်လီက ရယ်မောလိုက်ပြီး ကုန်းကာ မြေပြင်ကို ထိလိုက်ကာ စုကျိုကို ခေါင်းညိတ်ပြလိုက်သည်။
"လမ်းပြသူ ရှောင်ယင် လူတိုင်းကို ဝန်ဆောင်မှုပေးပါတော့မယ်"
ရှန့်ဝူချင်းသည် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် ဝိညာဉ်ပိုးဖလံဂေဟာ၏တိုက်ခိုက်လိုစိတ်ကို မြင်လိုက်ရသည်
စုကျို အလေးအနက် ထားလိုက်ပြီဆိုလျှင် ပြိုင်ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာလိမ့်မည်
ရှန်ဝူချင်းသည် ဝိညာဉ်ပိုးဖလံဂေဟာ၏ကျန်ရှိသော အဖွဲ့ဝင်များကို မည်သို့ရွေးချယ်မည်ကို စောင့်မျှော်နေသည်။
သို့သော် နောက်တစ်ခဏမှာပင် စုကျို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။
"စီနီယာအစ်မယို့လု ကျေးဇူးတင်ပါတယ်"
"နေရာ နှစ်နေရာကျန်သေးတယ် မဲနှိုက်ပြီး ဆုံးဖြတ်ကြရအောင်"
ရှန့်ဝူချင်း : "?"
[???]
စုကျို လက်ပိုက်လိုက်သည် "ဒီနေ့ ကံအကောင်းဆုံး လူနှစ်ယောက်ကို စင်ပေါ်တက်ဖို့ရွေးကြရအောင်"
ဒါထက် ပိုပြီး ပေါ့ပေါ့ပါးပါးမရှိနိုင်တော့ဘူး!
ချက်ချင်းပင် ပြိုင်ပွဲကွင်းတစ်ဝက်ခန့်သည် ကံမကောင်းခြင်းကို ကိုယ်စားပြုသော အနက်ရောင်အလင်း၊ ကံကောင်းခြင်းကို ကိုယ်စားပြုသော အနီရောင်အလင်းနှင့် ကံလည်းမကောင်း ကံလည်းမဆိုးခြင်းကို ကိုယ်စားပြုသော အဖြူရောင်အလင်းများဖြင့် လင်းထိန်သွားသည်။
ခဏအတွင်းမှာပင် နောက်ဆုံးနေရာ နှစ်နေရာကို ဒီနေ့အတွက် ကံအကောင်းဆုံးသူများအဖြစ် ကျူးပိုင်ယွီနှင့် စုကျီကျီ တို့က ရရှိသွားကြသည်
ကျန်တဲ့လူတွေကတော့ ပေါ့ပေါ့ပါးပါး ပုခုံးတွန့်လိုက်ကြသည်။
လူငါးယောက်ကို လက်ချင်းရိုက် နှုတ်ဆက်ပြီးနောက် သူတို့သည် ပြိုင်ပွဲကွင်းထဲကနေ ပျော်ပျော်ရွှင်ရွှင်ထွက်သွားကြသည်။
မကြာခင်မှာပင် ပြိုင်ပွဲပင် မစရသေးမီ ဝိညာဉ်ပိုးဖလံဂေဟာကြောင့် တစ်ကွင်းလုံး ဆူညံသွားသည်
"ဘာတွေ ဖြစ်နေတာလဲ"
အခြားတစ်ဖက်မှ ဟန်တာယွမ်ဂိုဏ်းသည် စုကျိုဘက်သို့ သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
"ဝိညာဉ်ပိုးဖလံဂေဟာ ဘာတွေလုပ်နေတာလဲ ဒါက ကံတရားဆိုင်ရာ ဝိညာဉ်လက်နက်ရဲ့ အတက်အကျလား သူတို့ ဒါကို ပြိုင်ပွဲကွင်းထဲ ယူလာပြီး ငါတို့ကို နှိမ်နင်းဖို့ ပြင်နေတာလား"
"ငါတို့ကို ကံမကောင်းအောင်လုပ်ပြီး ငါတို့ရဲ့ အမဲလိုက်လေးတွေရဲ့တိကျမှုကို လျှော့ချဖို့လုပ်နေတာ ထင်တယ်"
"ဒါဆို ငါတို့ ရွေးချယ်မှုကိုထပ်ပြီး ပြင်ကြမယ် လေးသမားတစ်ယောက်ကိုဖယ်ပြီး တခြားတစ်ယောက်နဲ့ လဲမယ်!" "
[…]
[အင်း…မင်းတို့တွေ အရမ်းတွေးနေကြတာပဲ]
[ဟေး ဒါက မင်းတို့ကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး ဝိညာဉ်ပိုးဖလံဂေဟာက မဲနှိုက်ပြီးဆော့နေတာတင်ပါ]
[ဝိညာဉ်ပိုးဖလံဂေဟာက မင်းတို့ ဟန်တာယွမ်ဂိုဏ်းကို လုံးဝ ဂရုမစိုက်ဘူး]
[ဒါနည်းနည်းတော့ ရယ်စရာကောင်းတယ်…]
မကြာခင်မှာပင် ဆယ့်ငါးမိနစ် အချိန်ပြည့်သွားသည်။
အဖွဲ့နှစ်ဖွဲ့မှ လူငါးယောက်စီသည် ပြိုင်ပွဲကွင်း၏အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် အသီးသီးရပ်နေကြသည်။
ခဏအတွင်းမှာပင် အဓိကဒိုင်လူကြီးက ဝိညာဉ်ကျောက်တုံး ရှစ်ဆယ့်တစ်တုံးကို ပစ်ထုတ်လိုက်ပြီး လက်ဟန်တစ်ခု လုပ်လိုက်ရာ စတုရန်းပုံ ပြိုင်ပွဲကွင်းတစ်ခုလုံးသည် အရပ်မျက်နှာအားလုံးသို့ ချက်ချင်းပြန့်ကားသွားသည်။
ဧက တစ်ရာရှိသော ပြိုင်ပွဲကွင်းအတွင်းတွင် ချောက်ကမ်းပါးများ၊ သစ်ပင်များ၊ ကျောက်ဆောင်များ၊ ရေတံခွန်များနှင့် အမျိုးမျိုးသော မြေမျက်နှာသွင်ပြင်များက အဆုံးမရှိ ပြန့်ကျယ်နေသကဲ့သို့ ထင်ရှားပေါ်လွင်လာသည်
သူတို့က ဘယ်လိုမျိုး ငါးပါးဓာတ် ဝိညာဉ်အမြုတေ ဒါမှမဟုတ် ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူပဲဖြစ်ဖြစ် ဒီမှာ နားခိုဖို့နဲ့ တိုက်ခိုက်ဖို့ သင့်တော်တဲ့ နေရာကို ရှာတွေ့နိုင်ကြပါလိမ့်မယ်
"ပြိုင်ပွဲ စတင်ပါပြီ!" အဓိကဒိုင်လူကြီးသည် အလယ်ဗဟိုတွင် သုံးတောင်ခန့်အမြင့်၌ လွင့်ပျံနေပြီး ပြိုင်ပွဲကွင်းတစ်ခုလုံးကို ကြည့်ရှုနေသည်။
ရှန့်ဝူချင်းနှင့် ရှန့်လင်တို့သည် ဝိညာဉ်ပိုးဖလံဂေဟာနှင့် ဟန်တာယွမ်ဂိုဏ်းတို့၏ ဘေးတွင် အသီးသီး လိုက်ပါကာ အချိန်နှင့် တပြေးညီ ဘက်လိုက်မှုမရှိသော ဆုံးဖြတ်ချက်များကို ပေးသွားမည်ဖြစ်သည်။
သူတို့သည် ဆုံးဖြတ်ချက်များပေးရန်အတွက် 'မျှတပြီး တရားမျှတသော' ရွှေရောင်ချိန်ခွင်များကို ကိုင်ဆောင်ထားကြသည်၊ ပြိုင်ပွဲစည်းကမ်းကို ဖောက်ဖျက်သည့် တားမြစ်ပစ္စည်းများကို ထုတ်သုံးသူ၊ လူသတ်မှု ကျူးလွန်သူ သို့မဟုတ် လိမ်လည်သူ မည်သူမဆို မျှတခြင်းချိန်ခွင်၏ဆုံးဖြတ်ချက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ!
'အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်တို့က ဒီပြိုင်ပွဲကိုစောင့်ကြည့်ပြီး ဒီနေရာကနေ တိုက်ရိုက်ဝေဖန်သုံးသပ်ချက်တွေကို ပေးသွားမှာပါ'
ရှန့်ဝူချင်းနှင့် ရှန့်လင် တို့သည် သူတို့၏ဘက်လိုက်မှုမရှိသော သံမဏိမျက်နှာဖုံးများနှင့်အတူ ဝေဖန်သုံးသပ်ရေး အဆောင်များကို သူတို့နှုတ်ခမ်းများတွင် အမြန်ကပ်လိုက်ကြသည်။
ဝေဖန်သုံးသပ်ရေး အဆောင်များသည် ပြိုင်ပွဲအကြောင်းကို အချိန်နှင့်တပြေးညီ ဝေဖန်သုံးသပ်ပေးမည်ဖြစ်ပြီး ပရိသတ်များ တိုက်ရိုက်ကြားနိုင်မည်ဖြစ်သော်လည်း ပြိုင်ပွဲတွင် ပါဝင်နေသူများ ကြားရမည်မဟုတ်ပေ။
ဒါသည် စုကျိုနှင့် အခြားသူများ၏ စိတ်အခြေအနေကို ထိခိုက်စေမည်မဟုတ်ပေ။
ဒါပေမဲ့ စုကျိုက သူ့ကြောင့် ထိခိုက်သွားလိမ့်မယ်လို့ ရှန့်ဝူချင်း မထင်ပါဘူး...
"ပြိုင်ပွဲကွင်းကို ဧက တစ်ရာအထိ ချဲ့လိုက်ပါပြီ"
"အဖွဲ့နှစ်ဖွဲ့က မီတာတစ်သောင်းလောက် ဝေးနေကြပါတယ်"
ရှန့်ဝူချင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထက်အဆင့်မှာပဲဖြစ်ဖြစ်၊ ရွှေအမြုတေအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲဖြစ်ဖြစ် မီတာ တစ်သောင်းကျော်ဝေးနေရင် သာမန်မျက်စိနဲ့ မမြင်နိုင်သလို၊ သူတို့ရဲ့ ဝိညာဉ်အာရုံကို သုံးပြီးတော့လည်း ပြိုင်ပွဲကွင်း တစ်ခုလုံးကို မရှာဖွေနိုင်ကြပါဘူး"
"အဖွဲ့နှစ်ဖွဲ့လုံးဟာ အခုအချိန်မှာ အကွာအဝေးကိုကျဉ်းမြောင်းအောင် လုပ်ရပါလိမ့်မယ်!"
"စီနီယာမမရှန့်လင်ဆီက သတင်းရပါတယ် ဟန်တာယွမ်ဂိုဏ်းက ဝိညာဉ်ပိုးဖလံဂေဟာရှိတဲ့နေရာကို ရှာဖို့အတွက် အနံ့ခံအာရုံ အရမ်းကောင်းတဲ့ ဝိညာဉ်ခွေးငါးကောင်ကို လွှတ်လိုက်ပါပြီ!"
"စုကျိုရဲ့အဖွဲ့ အခု ဘာလုပ်နေလဲဆိုတာ ကြည့်လိုက်ကြရအောင်!"
ရှန့်ဝူချင်း လေသံဖြင့် ပြောလိုက်သည်
သို့သော် သူ ခေါင်းလှည့်လိုက်သည်နှင့် စကားပြောရပ်သွားသည်။
စုကျိုနှင့် သူမ၏ လူငါးယောက်သည်လည်း ကွင်းထဲမှာ 'တိုက်ခိုက်' နေကြသည်ကို သူ မြင်လိုက်ရသည်။
ကျူးပိုင်ယွီက သစ်ပင်များကို အမိန့်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ သစ်ပင်များ အလိုအလျောက်နှစ်ပိုင်းကျိုးသွားပြီး သစ်ရွက်များကို ဓားအဖြစ်သုံးကာ ပျဉ်ပြားများဖြတ်တောက်ပြီး အပေါက်ဖောက်ဆက်သွယ်နည်းများကို သုံးကာ... ခေါင်းတလား ငါးလုံးကို လုပ်နေသည်
စုကျီကျီ လည်း ကူညီပေးနေသည်!
ယင်လီကမူ ဓားတစ်ချောင်းနဲ့ အဲ့ဒီပေါ်မှာ စာတွေ ထွင်းနေတုန်းပါပဲ။
ရှန့်ဝူချင်းက စုကျိုကို ကြည့်လိုက်ရာ စုကျိုကမူ ၎င်းတို့ သုံးယောက် အလုပ်လုပ်နေတာကို ကြည့်နေသည်။
"ဒါက နင် ယောင်ချန်ယွမ်မှာ သင်ခဲ့တာလား" စုကျို သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျူးပိုင်ယွီက တောက်ပစွာ ပြုံးလိုက်သည်။
"ဟန်တာယွမ်ဂိုဏ်းကတော့ ငါတို့ ပြိုင်ပွဲကွင်းထဲကို ဘာတတိယအဆင့် ဝိညာဉ်လက်နက်မှ ယူမလာဘူးလို့ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး ငါ ဒီပြိုင်ပွဲမှာတင် ခေါင်းတလား ငါးလုံးလုပ်နိုင်တယ်!"
"ငါ ဒီအတတ်ပညာကို ခုနစ်ဆယ်ရာခိုင်နှုန်းလောက် တတ်မြောက်သွားပြီ"
ရှန့်ဝူချင်း : "..."
မင်း ငါ့ကို ဝေဖန်သုံးသပ်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ ထည့်စဉ်းစားခဲ့ရဲ့လား ?
ခေါင်းတလားတွေ လုပ်လို့ ဘာထူးမှာလဲ ?
ကယ်ကြပါဦး!
[...ဝိညာဉ်ပိုးဖလံဂေဟာ ဘာတွေ လုပ်နေတာလဲ]
[ဝေဖန်သုံးသပ်သူ ကျေးဇူးပြုပြီး ဆက်ပြောပေးပါ]
"ကျွန်တော်တို့... ဟန်တာယွမ်ဂိုဏ်းရဲ့အမြင်ဘက်ကို ပြောင်းကြည့်ရအောင်နော်~"
ရှန့်ဝူချင်းက ဖန်သားပြင်ကို သူ့ စီနီယာမမရှန့်လင်ထံသို့ ကမ်းပေးလိုက်သည်။
"ရှန့်လင် ကျေးဇူးပြုပြီး ပြောပြပေးပါ ဟန်တာယွမ်ဂိုဏ်းရဲ့ ဝိညာဉ်ခွေးတွေ ဘယ်မှာလဲ"
[...]
"ဟန်တာယွမ်ဂိုဏ်းက သူတို့ရဲ့ အမဲလိုက်ခွေးတွေကို ရပ်ခိုင်းလိုက်ပါပြီ သူတို့ မြေပြင်ပေါ်မှာဝပ်နေကြပြီး သစ်ပင်ပန်းမန်တွေနဲ့ ဆက်သွယ်လို့မရအောင် တားဆီးတဲ့ အစီအရင်တစ်ခုကိုတည်ဆောက်လိုက်ပါပြီ"
ရှန့်လင်၏တည်ငြိမ်သော အသံထွက်ပေါ်လာသည်။
[!]
ပြိုင်ပွဲ ပြကွက်ထဲတွင် ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးသည် ဝေဖန်သုံးသပ်သူ ပြောသကဲ့သို့ပင် တတိယအဆင့် အဝါရောင် အဆောင် စကြဝဠာတစ်ခုကို မြေပြင်ပေါ်တွင် တကယ်ပင်ချထားကြသည်။
ဒါသည် ယင်လီ၏မွေးရာပါ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
"ဝိညာဉ်ပိုးဖလံဂေဟာကတော့ ငါတို့က အစွမ်းထက်တဲ့ အဖွဲ့ သုံးဆယ့်နှစ်ဖွဲ့လုံးရဲ့ သတင်းအချက်အလက်တွေကို ဝယ်ထားတယ်လို့ ဘယ်တော့မှထင်မှာမဟုတ်ဘူး"
ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်က ကောင်းကင်ရှိထုတ်လွှင့်ရေးကျောက်တုံးကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါတို့ အမဲလိုက်တဲ့ အရည်အချင်းတွေကို အကြာကြီးကတည်းက လေ့ကျင့်ထားတာ၊ အဖွဲ့တိုင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ"
"ဝိညာဉ်ပိုးဖလံဂေဟာ၊ ယင်လီက အရာအားလုံးကိုသိတယ် ဒီမှာ သစ်သားဓာတ် ဆက်သွယ်မှုကို တားမြစ်တဲ့ တတိယအဆင့် အဆောင်တွေက မင်းအတွက် အထူးပြင်ဆင်ထားတာ"
မုဆိုးကောင်းတစ်ယောက်ဟာ အမြဲတမ်းအဆင်သင့် ဖြစ်နေတတ်ပါတယ်။
သားကောင်ကို လျှော့တွက်တာက ဖမ်းဆီးနိုင်မယ့် အခွင့်အရေးကို လက်လွတ်သွားစေလိမ့်မယ်။
"ကဲ ဆက်သွားရအောင်!"
ဟန်တာယွမ်ဂိုဏ်းသည် မြေပြင်ရှိ မြက်ပင်များနှင့် သစ်ပင်များတွင် အဆောင်တစ်စုံလုံးကို ကပ်လိုက်ပြီးနောက် အခြားတစ်ဖက်ရှိ ဝိညာဉ်ပိုးဖလံဂေဟာ အဖွဲ့ဝင်ငါးဦးကို ရှာဖွေရန် သူတို့အမဲလိုက်ခွေးများကို လွှတ်လိုက်သည်!
ဤအချိန်တွင် အနောက်တောင်ဘက်ရှိ ထောင့်စွန်းတစ်ခု၌ယင်လီသည် ရှေးဟောင်းထင်းရှူးပင် ပုံစံပါသော ခေါင်းတလားတစ်ခုကို ထွင်းထုပြီးသွားကာ သူမဘေးရှိ စုကျိုကို ဝမ်းနည်းစွာပြောလိုက်သည်။
"ရှောင်ကျို ခုနက ဟန်တာယွမ်ဂိုဏ်းက ငါ့ရဲ့အာရုံခံနိုင်စွမ်းကို တားမြစ်လိုက်တာကို ငါ သိလိုက်ရတယ်"
"သူတို့ ခုနကခွေးငါးကောင်နဲ့ ငါတို့ဆီကို လာနေကြတာ"
"အခုတော့ ကျွန်မရဲ့ အာရုံခံစားမှုတွေ ပျောက်ဆုံးသွားပြီ"
စုကျို မျက်ခုံးပင့်လိုက်သည်။
"အင်း နင် သရုပ်ဆောင်တာကို ဆက်မလုပ်နိုင်တော့ရင် ရယ်လိုက်ရုံပဲလေ"
[?]
ရှန့်ဝူချင်း : "?"
စုကျိုက ယင်လီကို မော့ကြည့်လိုက်သည်။
သေချာပါသည်၊ ယင်လီ၏ တည်ကြည်သော အမူအရာသည် ချက်ချင်း ပျက်စီးသွားသည်။
"ဟား! စကားပုံအတိုင်းပဲ ကြီးကျယ်တဲ့အရာတွေကို လုပ်မယ့်သူဟာ အရင်ဆုံး အခက်အခဲနဲ့ ငတ်မွတ်မှုကို ခံနိုင်ရည်ရှိရမယ်!"
"အရင်ဆုံး နှိမ်ထားပြီးမှ မြှင့်တင်တာ ဒါ ဇာတ်လိုက်ရဲ့ဇာတ်ညွှန်းပဲ!"
"ဟန်တာယွမ်ဂိုဏ်းက အမြင်ရှိသားပဲ၊ငါ ယင်လီ ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိကြတယ်! ဟားဟားဟား! သူတို့ ငါ့ကို အရမ်း တန်ဖိုးထားကြတယ်၊ ငါ့ကို ကြောက်လို့ ချက်ချင်းတိုက်ခိုက်ကြတာ! ဟားဟားဟား!"
"ငါ တကယ်ပဲ အခုလောက် နာမည်ကြီးနေတာလား..."
ယင်လီသည် မထိန်းနိုင်အောင် ရယ်မောနေသဖြင့် ကျူးပိုင်ယွီက သူမကို ဘေးသို့ ရိုက်ထုတ်လိုက်ပြီး ခေါင်းတလားထွင်းရာတွင် ပါဝင်ခွင့် မပေးတော့ပေ။
"ရှောင်ကျို" ယင်လီက သူမ၏ မေးစေ့ကို ပွတ်လိုက်သည်။
"ငါ အဟန့်အတား ခံနေရသလိုမျိုး ဟန်ဆောင်လိုက်ရမလား"
စုကျို အသာအယာ ချောင်းဟန့်လိုက်သည်။
"အဖွဲ့နှစ်ဖွဲ့က မီတာ တစ်သောင်းဝေးနေတာပဲ၊ ဘာမှ မလိုပါဘူး"
သူမက ဘယ်သူ့ကို သရုပ်ပြနေတာလဲ ??
"ဟူး ဟန်တာယွမ်ဂိုဏ်းက တကယ်နှေးတာပဲ အခုထိ ရောက်မလာသေးဘူး"
ယင်လီသည် ကြည့်ရှုမည့် ပရိသတ်မရှိသဖြင့် အားမလိုအားမရ သက်ပြင်းချလိုက်သည်။
သူမသည် မျှော်လင့်ချက်မဲ့သလို ဟန်ဆောင်နေခြင်းကို စွန့်လွှတ်လိုက်ရုံသာ ရှိတော့သည်။
စုကျီကျီ ဘက်သို့ လှည့်ကာ "ဒါဆိုရင်တော့ ရှောင်ကျီရေ အချိန်ကို နောက်ပြန်ဆွဲကြရအောင်"
"လွန်ခဲ့တဲ့... စက္ကန့် ခြောက်ဆယ်ဆီကို"
[!]
[??]
" ဘာ!"
"သူတို့မှာ ဒီလို အရည်အချင်းရှိတာလား"
စုကျီကျီက သဘောတူသည့်အနေဖြင့် အသံပြုလိုက်ပြီး ရှန့်ဝူချင်း ရှင်းပြနေစဉ်မှာပင် မျက်စိမှိတ်ကာ ကုန်း၍မြေပြင်ကို ထိလိုက်သည်
"ဒီမြေပြင်၊ အတိတ်ကို ပြန်သွားပါ"
"ဟန်တာယွမ်ဂိုဏ်းက ယင်လီမမကို မတိုက်ခိုက်ခင် အချိန်ကိုပြန်သွားပါ"
သူမ နဖူးပေါ်ရှိ နေနာရီပုံစံသည် ခဏမျှ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်
ရွှတ်..
ပရိသတ်အားလုံး မြင်လိုက်ရသည်မှာ ဟန်တာယွမ်ဂိုဏ်းက သူတို့ရဲ့ စတင်ရာနေရာမှာ တတိယအဆင့် အဆောင်စကြဝဠာကို တည်ဆောက်ထားတဲ့ မြေပြင်ပြောင်းလဲသွားတာပင်!
လေညင်းတစ်ချက် ဝေ့ဖြတ်သွားသည်။
မြေပြင်ပေါ်တွင် ကပ်ထားသော တတိယအဆင့် အဝါရောင်အဆောင်များသည် မမြင်ရသော လက်တစ်ဖက်က အသာအယာ ဆွဲခွာလိုက်သကဲ့သို့ ခွာ..သွားကြသည်။
အဆောင်များသည် မြေပြင်မှကွာကျသွားပြီး အိတ်ထဲကနေ ထုတ်လိုက်ကာစ အခြေအနေမျိုးကဲ့သို့ ခါးအမြင့်သို့ ထူးဆန်းစွာ ပြန်ရောက်သွားကြသည်။
ရုတ်တရက် ၎င်းတို့သည် ပြိုင်ပွဲကွင်းအတွင်းရှိ လေတိုက်နှုန်းကြောင့် လွင့်ထွက်သွားကြသည်။
တတိယအဆင့်အဆောင်စကြဝဠာ၏အဓိကအစိတ်အပိုင်းဖြစ်သော အရေးကြီးဆုံးအဆောင်သုံးခုသည် စကြဝဠာမှ ကွာထွက်သွား ကြပြီဖြစ်သည်!
အဆောင်များ၊ ဝိညာဉ်ကျောက်တုံးများနှင့် အလံတိုင်များအားလုံး ချက်ချင်းအလင်းမှိန်သွားကြသည်!
"အင်း အလုပ်မဖြစ်တော့ဘူး"