← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆) - မိတ်ဆွေဟောင်း ညအချိန်မတော် ရောက်လာခြင်း

ယွီချင်းတောင်နှင့် ရွှမ်ကျီတောင်ကြားသည် သိပ်မဝေးလှပေ။

နှစ်ယောက်သား မြင်းဒုန်းစိုင်းကာ နေ့ညမနား ခရီးနှင်ခဲ့ကြသဖြင့် လေးရက်မပြည့်မီမှာပင် ရောက်ရှိခဲ့ကြ၏။ ဤနေရာသို့ မရောက်မီကပင် သူတို့နှစ်ဦး ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ခဲ့ကြ၏။

ချန်မင်းသခင်ကြီး ကိုယ်တိုင် လက်ရေးဖြင့် ရေးသားပေးလိုက်သော ဖိတ်စာကို ကိုင်ဆောင်လျက်၊ သူတို့သည် 'ခရမ်းရောင်ဓားဂိုဏ်း' မှ တပည့်များအဖြစ် ဟန်ဆောင်ထားကြခြင်း ပင်။

တောင်များနှင့် မြစ်များ ထူထပ်ရှုပ်ထွေးလှသော ရှီးလင်းဒေသတွင် ဒေသခံများပင်လျှင် 'ခရမ်းရောင်ဓားဂိုဏ်း' ရှိမရှိကို သေချာပေါက် အတည်မပြုနိုင်ကြပေ။

ရွှမ်ကျီတောင်ကြားအတွင်းရှိ ယူချွမ်ဂိုဏ်းသားများက သံသယဝင်ပြီး စုံစမ်းစစ်ဆေးမည် ဆိုလျှင်တောင်မှ၊ သူတို့ စုံစမ်းလို့ ပြီးသည့်အချိန်တွင် ဤနေရာက ကိစ္စများ အားလုံး ပြီးဆုံးလောက်ပြီ ပင်။

ထို့ကြောင့် သူတို့၏ အယောင်ဆောင်မှု ပေါ်သွားမည်ကို ပူပန်နေစရာ မလိုပေ။

"အခု ရွှမ်ကျီတောင်ကြားထဲမှာ လူစွမ်းကောင်းတွေ တော်တော်များများ ရောက်နေကြပြီပဲ... စောစောက တွေ့ခဲ့တဲ့ ချင်းရှန် လှည့်လည်သွားလာသူ ဆိုရင် တပည့် တစ်ယောက်တည်းကိုပဲ တစ်ဆက်တည်း သင်ပေးလေ့ရှိပေမယ့် လျှော့တွက်လို့မရဘူး..."

"ဒါပေမဲ့... သူ့တပည့်ကတော့ သိုင်းလောက အတွေ့အကြုံ သိပ်မရှိရှာဘူး... ရိုးလွန်းပြီး ရယ်စရာတောင် ကောင်းနေသေးတယ်..."

ယန်ရှောင်ယွင်သည် ရေနွေးအိုးကို စစ်ဆေးကြည့်ပြီး အဆိပ်မရှိကြောင်း သေချာမှ ဆုမိုအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ဆုမိုက ရေနွေးကို တစ်ငုံသောက်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

"ရွှမ်ကျီတောင်ကြားက ကိစ္စကြီး ဖြစ်လာဖို့ နီးကပ်နေပြီ... သုံးရက်လောက်ပဲ လိုတော့မယ်... ဒါပေမဲ့ ကျွန်တော် သိချင်တာက ယူချွမ်ဂိုဏ်းက လူယုတ်မာတွေက သိုင်းလောက လူကြီးသူမတွေ ဘယ်နှစ်ယောက်လောက်ကိုများ အစားထိုး နေရာယူထားပြီးပြီလဲ ဆိုတာပဲ..."

အစောပိုင်းက ရွှမ်ကျီတောင်ကြားမှ တပည့်များက ချင်းရှန် လှည့်လည်သွားလာသူကို ဆက်ဆံပုံအကြောင်း ပြန်တွေးမိပြီး ယန်ရှောင်ယွင်၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဝင်ရောက်လာသည်။

"နင် ဆိုလိုတာက..."

"ပြောရခက်တယ်..."

ဆုမိုက သူ့မျက်ခုံးကို လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

"အရင်တုန်းက ဝေဇီယီ ပြောဖူးတယ်... လော့ရွဲ့နန်းတော်မှာ ယူချွမ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းအသေးစိတ် ရှိတယ်တဲ့... အဲဒီထဲမှာ အပိုင်း (၂) ပိုင်း၊ အလံ (၃) ခုနဲ့ အမိန့် (၆) ခု ဆိုတာ ပါဝင်တယ်... အဲဒီအထဲက 'ကိုယ်ပွားအမိန့်'အရ လူတိုင်းက ရုပ်ဖျက်တာ ကျွမ်းကျင်ကြတယ်... တကယ်လို့ ချင်းရှန် လှည့်လည်သွားလာသူ အဖမ်းခံရပြီး တစ်ယောက်ယောက်က သူ့နေရာ ဝင်ယူလိုက်ရင်..."

"ကြည့်ရတာ ဒီနည်းလမ်းက ရံဖန်ရံခါတော့ ထိရောက်မယ့်ပုံပဲ"

ယန်ရှောင်ယွင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ဒါပေမဲ့ ရေရှည်ဆိုရင်တော့ ပေါ်သွားမှာပါပဲ"

"ဒါကြောင့် သူတို့က ချင်းရှန် လှည့်လည်သွားလာသူလိုမျိုး လူအင်အားနည်းတဲ့ ဂိုဏ်းတွေကို ပစ်မှတ်ထားတာပေါ့... ကျွန်တော် သိချင်တာက သူ့အပြင် တခြား ဘယ်သူတွေများ ဒီလို အခြေအနေမျိုး ကြုံနေရပြီလဲ ဆိုတာပဲ... စောစောသိရတာက နောက်ကျမှ အလစ်အငိုက် မိတာထက်စာရင် ပိုကောင်းတာပေါ့"

"အဓိပ္ပာယ် ရှိတာပဲ"

ယန်ရှောင်ယွင်က သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ အခုလောလောဆယ်တော့ ရန်သူကို သတိပေးသလို မဖြစ်စေနဲ့ဦး... ကျွန်မတို့ အခြေအနေက သံတိုင်ပေါ် လမ်းလျှောက်နေရသလိုပဲ... အစစအရာရာ သတိထားရမယ်... ဒီည ဘယ်သူသွားမလဲ... နင်လား၊ ငါလား"

"စည်းမျဉ်းဟောင်း အတိုင်းပဲလေ... ကျွန်တော်ပဲ သွားမယ်"

ဆုမိုက ပြတ်သားစွာ ပြောလိုက်သည်။

"ခင်ဗျားက ဒီမှာပဲ နေခဲ့... သူတို့ လာချောင်းရင် အဆင်သင့်ဖြစ်အောင် ပြင်ထား"

"ကောင်းပြီလေ"

ထိုသို့ တိုင်ပင်ပြီးနောက် သူတို့ စကားဆက်မပြောကြတော့ပေ။

တစ်လမ်းလုံး ခရီးနှင်လာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြရာ အနားယူရန် လိုအပ်နေသည်။

မကြာမီ တစ်ယောက်က ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး၊ နောက်တစ်ယောက်က ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်လိုက်ကြ၏။

သူတို့ ရောက်လာချိန်တွင် မွန်းတည့်နေပြီ ဖြစ်သဖြင့် နေ့လယ်စာ စားချိန် ကျော်လွန်သွားခဲ့သော်လည်း၊ ညနေစောင်းတွင် 'ရွှမ်ကျီတောင်ကြားမှ တပည့်များ' က အစားအသောက် လာပို့ပေးကြ၏။

စားသောက်ပြီးစီးသည့် အချိန်တွင် ညဉ့်နက်သန်းခေါင်သို့ ရောက်ရှိနေပြီ ပင်။

ရွှမ်ကျီတောင်ကြား အတွင်း၌ အင်းဆက်ပိုးမွှားများနှင့် ငှက်ကလေးများ၏ အသံမှလွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မျက်လုံးဖွင့်လိုက်ကြ၏။ ယန်ရှောင်ယွင်က တိတ်တဆိတ်ပင် ညအိပ်ဝတ်စုံတစ်စုံကို ထုတ်ပေးလိုက်ရာ ဆုမိုက လဲလှယ်ဝတ်ဆင်လိုက်သည်။

"သတိထားနော်... မပေါ့ဆနဲ့"

"စိတ်မပူပါနဲ့... ဒီမှာပဲ စောင့်နေ"

ဆုမိုက ပြောပြောဆိုဆိုနှင့် ပြတင်းပေါက်ကို ဖွင့်ကာ ခုန်ထွက်ရန် ပြင်လိုက်စဉ်၊ ရုတ်တရက် တုံ့ခနဲရပ်လိုက်ပြီး ယန်ရှောင်ယွင်ကို ပြတင်းပေါက်ဘေးမှ ဆွဲယူလိုက်သည်။

ယန်ရှောင်ယွင်၏ ခန္ဓာကိုယ်လေးသည် ဆုမိုနှင့် ပူးကပ်သွားပြီး၊ သူမ၏ ပါးပြင်များ အနည်းငယ် ပူနွေးလာသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆုမိုနှင့် နီးကပ်စွာ ရှိနေရတိုင်း သူမ၏ စိတ်ထဲတွင် ထိန်းချုပ်မရနိုင်သော ခံစားချက်များ ဖြစ်ပေါ်လာတတ်သည်။

ပထမအကြိမ်က ယွီလျိုစံအိမ်၏ ခန်းမဆောင်ကြီးတွင် ဆုမိုက သူမ၏ လက်ကို ဖိကိုင်ထားစဉ်က ပင်။ ထိုစဉ်က သူမ အဆိပ်မိနေသည်ဟု ထင်မှတ်ခဲ့ဖူး၏။

သို့သော် ဤရက်ပိုင်းများ အတွင်းတွင် သူမ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။ အကယ်၍ ဒါသာ အဆိပ်ဆိုလျှင်... ဆုမိုသည် အပြင်းထန်ဆုံးသော အဆိပ်အတောက်ပင် ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး၊ ဆုမို ဘာလုပ်မလို့လဲ ဟု တွေးကာ စိတ်လှုပ်ရှားနေမိသည်။

သို့သော် ခဏအကြာတွင် သူမ စိတ်တည်ငြိမ်သွားပြီး၊ ဆုမို ဘာကြောင့် ရုတ်တရက် နောက်ဆုတ်လိုက်ရသည်ကို သဘောပေါက်သွားသည်။

မှောင်မိုက်နေသော ညဉ့်နက်ထဲတွင် ခြေသံများ အလျင်အမြန် နီးကပ်လာနေပြီး၊ တစ်ယောက်တည်း၏ ခြေသံ မဟုတ်ပေ။

"ရှေ့က ပြေးနေတဲ့လူ ရှိသလို... နောက်က လိုက်နေတဲ့လူလည်း ရှိတယ်..."

မျက်စိတစ်မှိတ် အတွင်းမှာပင် ခြေသံများသည် ပိုမို ကျယ်လောင်လာသည်။

ဆုမို၏ မျက်လုံးများ အရောင်တောက်သွားသည်။ မီးငြိမ်းထားသော ဖယောင်းတိုင်ကို ကြည့်လိုက်ပြီး၊ သူ၏ အတွင်းအားကို အသုံးပြုကာ မီးပြန်ညှိရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ခြေသံများသည် ပြတင်းပေါက်အောက်သို့ ရောက်ရှိလာပြီ ပင်။

အစောပိုင်းက ဆုမိုသည် ပြတင်းပေါက်ကို တစ်ဝက်သာ ဖွင့်ထားခဲ့ခြင်း ပင်။ ယခု ထိုလူသည် တွေဝေခြင်းမရှိဘဲ တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တည့်တည့် ခုန်ဝင်လာလေတော့သည်။

အခန်းထဲတွင် လူမရှိဟု ထင်မှတ်ထားပုံရသော်လည်း၊ မော့ကြည့်လိုက်သောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို တွေ့လိုက်ရလေသည်။

လူသုံးယောက်၊ မျက်လုံးခြောက်လုံး... အကြည့်ချင်း ဆုံသွားကြပြီး တပြိုင်နက်တည်း အာမေဋိတ် သံများ ထွက်ပေါ်လာသည်။

"မင်းတို့ (နှစ်ယောက်) ပါလား..."

ဆုမိုသည် စကားတစ်ခွန်းမျှ ဆက်မပြောတော့ဘဲ ပြတင်းပေါက်ကို အရင် သွားပိတ်လိုက်သည်။

သူ၏ မျက်လုံးများက အခန်းထဲကို ဝေ့ကြည့်လိုက်ရာ မဟော်ဂနီသေတ္တာ တစ်လုံးကို တွေ့လိုက်ရသည်။ အတွင်းအားကို အသုံးပြု၍ သေတ္တာကို ဖွင့်လိုက်ပြီး၊ ဝင်လာသူ၏ သွေးကြောပေါက်ကို ပိတ်ကာ၊ အံ့အားသင့်နေသော ထိုလူကို သေတ္တာထဲသို့ ပစ်ထည့်လိုက်ပြီး အဖုံးကို ခပ်ဖွဖွ ပြန်ပိတ်လိုက်လေသည်။

ထို့နောက် သူသည် ကုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး စောင်ကို ဆွဲယူကာ ကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်သည်။

သူက ယန်ရှောင်ယွင်ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

ယန်ရှောင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရဲတက်သွားတော့သည်။

ဆုမို၏ အပြုအမူကို ကြည့်ရုံဖြင့် သူမ နားလည်လိုက်သည်။

ငယ်စဉ်ကတည်းက ဆုမိုနှင့် လက်ထပ်ရမည်ကို သိထားသဖြင့်၊ စူးစမ်းလိုစိတ်ကြောင့် အခိုင်းအစေများနှင့် အသက်ကြီးသော အမျိုးသမီးများထံမှ ဇနီးမောင်နှံတို့၏ အတွင်းရေး ကိစ္စများကို သူမ မေးမြန်း နားထောင်ဖူးသည်။

လက်တွေ့တွင် မကြုံဖူးသေးသော်လည်း၊ မိန်းမပျို တစ်ဦးအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို ရံဖန်ရံခါ တွေးတောမိသည် မဟုတ်ပါလော။

ယခု ဆုမို၏ ပြောင်ပြောင်တင်းတင်း ဟန်ဆောင်မှုကို မြင်လိုက်ရသောအခါ သူမ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။

အခြေအနေအရ ဤသို့ လုပ်ရမည် ဖြစ်ပြီး အချိန်ကလည်း ကပ်နေသော်လည်း၊ သူမ ရှက်သွေးဖြာနေမိသည်။ သို့သော် သူမ၏ တုံ့ပြန်မှုက လျင်မြန်လှသည်။ သူမသည် အဝတ်အစားများနှင့် ဆံပင်များကို ဖရိုဖရဲဖြစ်အောင် တမင် လုပ်လိုက်ပြီး၊ အလောတကြီး အဝတ်အစား ဝတ်ဆင်ရသကဲ့သို့သော ပုံရိပ်ကို ဖန်တီးလိုက်လေသည်။

ထိုအချိန်တွင် ခြေသံများသည် တံခါးရှေ့သို့ ရောက်ရှိလာပြီး၊ တံခါးကို ခပ်ဖွဖွ ခေါက်သံ ကြားလိုက်ရသည်။

"ဧည့်သည်တော်နှစ်ဦး အိပ်နေကြပြီလား... မအိပ်သေးရင် တံခါးခဏလောက် ဖွင့်ပေးပါဦး... ရွှမ်ကျီတောင်ကြားထဲကို သူခိုးတစ်ယောက် ဝင်လာလို့ လိုက်ဖမ်းနေတာပါ"

"ခဏလောက် စောင့်ပါဦး"

ဆုမိုက ကုတင်ပေါ်မှ လှမ်းအော်လိုက်ပြီး၊ အဝတ်အစားများကို တမင်တကာ တဖျပ်ဖျပ်မြည်အောင် လုပ်လိုက်သည်။

ယန်ရှောင်ယွင်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး၊ စိတ်မရှည်သော လေသံဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်သည်။

"သန်းခေါင်ယံကြီး ဘယ်သူခိုးက ဒီလောက် မိုက်မဲရတာလဲ"

ပြောရင်းဆိုရင်း သူမ တံခါးကို ဆွဲဖွင့်လိုက်သည်။

အပြင်ဘက်တွင် ရပ်နေသော 'ရွှမ်ကျီတောင်ကြားမှ တပည့်များ' သည် ဖရိုဖရဲ ဖြစ်နေသော ယန်ရှောင်ယွင်၏ ပုံစံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ ထို့နောက် ကုတင်ပေါ်တွင် လှဲနေသော ဆုမိုကို လှမ်းကြည့်လိုက်ကြ၏။

အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီးနောက်၊ ဆုမိုက အားနာသလိုလို ပြုံးပြလိုက်သည်။

'ရွှမ်ကျီတောင်ကြားမှ တပည့်' ကလည်း နားလည်မှုရှိစွာဖြင့် ပြုံးလိုက်လေသည်။

သူက ဦးညွှတ် ဂါရဝပြုရင်း ပြောလိုက်သည်။

"ဧည့်သည်တော်တို့ကို အနှောင့်အယှက် ပေးမိသွားပြီ... တောင်းပန်ပါတယ်ခင်ဗျာ... သူခိုးက ဧည့်သည်တော်တွေကို ဒုက္ခပေးမှာ စိုးရိမ်လို့ပါ... ခွင့်လွှတ်ပါ"

ပြောရင်းနှင့် သူက အခန်းထဲကို သေချာ ဝေ့ဝဲကြည့်လိုက်သည်။ သူ စကားဆက်ပြောရန် ပြင်လိုက်စဉ် ယန်ရှောင်ယွင်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရွှမ်ကျီတောင်ကြားလောက် ကြီးကျယ်တဲ့ နေရာက ဧည့်သည်ကို ဆက်ဆံပုံက ရယ်စရာကောင်းလိုက်တာ... တို့အခန်းထဲမှာ တခြားလူ ဘယ်ရှိမလဲ..."

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

ထိုစကားကို ကြားသောအခါ ထိုလူက ချက်ချင်း သဘောပေါက်သွားပြီး၊ ထပ်ခါတလဲလဲ တောင်းပန်ကာ လှည့်ထွက်သွားလေသည်။

သူ့နောက်မှ လူများလည်း လိုက်ပါသွားကြ၏။

ယန်ရှောင်ယွင်က တံခါးကို 'ဝုန်း' ခနဲ ပိတ်လိုက်သည်။ သူမ၏ ပုံစံမှာ ပျော်ရွှင်စရာ အချိန်လေးကို အနှောင့်အယှက် ခံလိုက်ရသော အမျိုးသမီးတစ်ယောက်၏ မကျေနပ်ချက်များ အပြည့်ပါဝင်နေလေသည်။

အပြင်လူများ အဝေးသို့ ရောက်သွားပြီဟု သေချာမှသာ သူမ သက်ပြင်းချလိုက်နိုင်တော့သည်။

သူမက ဆုမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး၊ မဟော်ဂနီ သေတ္တာနားသို့ လျှောက်သွားကာ အဖုံးကို ဖွင့်လိုက်သည်။

အတွင်းထဲတွင် လှဲနေသော လူသည် အံ့အားသင့်နေသော မျက်နှာထားဖြင့် ရှိနေဆဲ။ သို့သော် ထိုမျက်လုံးများထဲတွင် အပြုံးအရိပ်အယောင် မရှိဘဲ၊ ငိုတော့မည့်ဆဲဆဲ ဖြစ်နေရှာသည်။

ထိုသူသည် အသက်မကြီးသေးသော၊ သိပ်လည်း မချောမောလှသော၊ သို့သော် အသက်ဝင် လှုပ်ရှားနေသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

သူမကား... လော့ရှင်းဂိုဏ်းမှ လော့ကျင်းကျင်း မှတစ်ပါး အခြားသူ မဟုတ်ပေ။

အခန်း (၇၇) - လေ့လာစောင့်ကြည့်ခြင်း

~ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဖူနျူတောင်ကို ဖြတ်ကျော်စဉ်က လော့ရှင်းဂိုဏ်းမှ ဆရာတူ ညီအစ်ကိုမောင်နှမ နှစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြလေသည်။

ထိုစဉ်က အနီးအနားတွင် ပုန်းအောင်းနေသော ယင်တောင် သရဲဘုရင်က လော့ကျင်းကျင်းကို ပြန်ပေးဆွဲရန် ကြံစည်နေသည်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

အတန်ကြာ ရုန်းကန်တိုက်ခိုက်ပြီးနောက်၊ ထိုအချိန်တွင်မှ ရွှမ်ကျီတောင်ကြားအတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲတချို့ကို သူတို့ သိရှိခဲ့ရခြင်း ပင်။

ထိုအချိန်က လမ်းခွဲပြီးနောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ယွီလျိုစံအိမ်သို့ ဆက်လက် ခရီးနှင်ခဲ့ကြ၏။

ချန်ဖေးယွီနှင့် လော့ကျင်းကျင်းတို့ကမူ ရုပ်ဖျက်ကာ ရွှမ်ကျီတောင်ကြားထဲသို့ စိတ်ဝင်စားဖွယ် သတင်းအချက်အလက်များ စုံစမ်းရန် ဝင်ရောက်သွားခဲ့ကြ၏။

ထိုနေ့က လမ်းခွဲခဲ့ပြီးနောက် ယခုမှ ပြန်လည်ဆုံတွေ့ရခြင်း ပင်။

ဆုမိုသည် ကုတင်ပေါ်မှ လှိမ့်ဆင်းလိုက်ပြီး၊ ယန်ရှောင်ယွင်၏ အကူအညီဖြင့် လော့ကျင်းကျင်းကို သေတ္တာထဲမှ ထုတ်ပေးလိုက်သည်။

သူက လက်ချောင်းကို တဖျပ်ဖျပ် လှုပ်ရှားကာ သူမ၏ သွေးကြောပေါက်များကို အမြန် ဖွင့်ပေးလိုက်သည်။

ထိုအခါမှသာ လော့ကျင်းကျင်းသည် အသက်ဝဝ ရှူနိုင်တော့သည်။ သူမသည် အလိုအလျောက်ပင် ယန်ရှောင်ယွင်၏ နောက်ကျောတွင် ဝင်ရောက် ပုန်းအောင်းလိုက်ပြီး၊ ဆုမိုကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ဆုမို၏ နှုတ်ခမ်းများ တွန့်ချိုးသွားရသည်။

"မိန်းကလေး လော့... မတွေ့တာ ကြာပြီနော်"

"..."

လော့ကျင်းကျင်းသည် စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီး၊ အနည်းငယ် ရှက်ရွံ့စွာဖြင့် ယန်ရှောင်ယွင်ကို ပြုံးပြလိုက်သည်။ ထို့နောက် ပုံမှန် အနေအထားသို့ ပြန်ရောက်သွားပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ခေါင်းဆောင်ဆုနဲ့ သခင်မလေးယန်ကို နှုတ်ဆက်ပါတယ်"

ယန်ရှောင်ယွင်က ပြန်လည် ဂါရဝပြုရင်း မေးလိုက်သည်။

"မိန်းကလေး လော့... ရှင်... ရှင် ဘာဖြစ်လာတာလဲ"

လော့ကျင်းကျင်းသည် ဆုမိုကဲ့သို့ပင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ 'ရွှမ်ကျီတောင်ကြားမှ တပည့်များ' ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရသည်။ ယေဘုယျ အခြေအနေကို ခန့်မှန်း၍ ရနိုင်သော်လည်း၊ အသေးစိတ်ကိုမူ လော့ကျင်းကျင်း ကိုယ်တိုင် ပြောပြမှ သိရပေလိမ့်မည်။

ယန်ရှောင်ယွင်၏ မေးခွန်းကြောင့် လော့ကျင်းကျင်း သတိပြန်ဝင်လာပြီး အလျင်စလို ပြောလိုက်သည်။

"ရှင်တို့နှစ်ယောက်ကို တွေ့ရတာ တကယ် ဝမ်းသာပါတယ်... ကျွန်မ... ကျွန်မရဲ့ စီနီယာအစ်ကို အဖမ်းခံလိုက်ရပြီ"

"ဟေ..."

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ လော့ကျင်းကျင်း ထိတ်လန့်နေသည်ကို တွေ့ရသဖြင့် ယန်ရှောင်ယွင်က သူမကို ထိုင်ခုံတွင် ထိုင်စေပြီး ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

"စိတ်အေးအေးထားပြီး အသက်ဝဝရှူပါ... ပြီးမှ ဘာဖြစ်ခဲ့လဲဆိုတာ သေချာ ပြောပြပါ"

လော့ကျင်းကျင်းသည် ရေနွေးတစ်ငုံ သောက်လိုက်ပြီးနောက် သက်ပြင်းချလိုက်ရာ စိတ်အနည်းငယ် ငြိမ်သက်သွားလေသည်။

သူမသည် စကားလုံးများကို စီစဉ်လိုက်ပြီးနောက် ပြောပြလေတော့သည်။

"အဲဒီနေ့က တည်းခိုခန်းရှေ့မှာ လမ်းခွဲပြီးတော့... ကျွန်မတို့ မောင်နှမနှစ်ယောက် သေချာ တိုင်ပင်ခဲ့ကြတယ်... အရင်ဆုံး လော့ရှင်းဂိုဏ်းကို စာရေးအကြောင်းကြားပြီး၊ ရုပ်ဖျက်ပြီးတော့ ရွှမ်ကျီတောင်ကြားထဲ ဝင်ဖို့ စီစဉ်ခဲ့ကြတာ"

"လော့ရှင်းဂိုဏ်းနဲ့ ရွှမ်ကျီတောင်ကြားက အရမ်း ဝေးကွာလွန်းတယ်... လမ်းခရီးမှာ စာက ဘေးကင်းပါ့မလား ဆိုတာလည်း မသေချာဘူး... ဒါကြောင့် ကျွန်မတို့က မျှော်လင့်ချက် အားလုံးကို အဲဒီစာပေါ်မှာ ပုံမထားခဲ့ဘူး"

"ရွှမ်ကျီတောင်ကြားထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ ဆိုတာကိုပဲ သိချင်ခဲ့ကြတာ"

"မထင်မှတ်ထားတာက လမ်းခရီးတစ်လျှောက်လုံး အေးဆေးငြိမ်သက်နေခဲ့တာပဲ"

"ရွှမ်ကျီတောင်ကြား ရောက်တော့ ဟင်းသီးဟင်းရွက် လာပို့တဲ့သူတွေအဖြစ် ဟန်ဆောင်ပြီး ဝင်ရောက်ခဲ့ကြတယ်"

"အခက်အခဲတချို့ ရှိခဲ့ပေမယ့် အတိုချုံးပြီး ပြောပြပါ့မယ်..."

သူတို့နှစ်ဦး ရွှမ်ကျီတောင်ကြားထဲ ရောက်သည်နှင့် အလွန် သတိထားကာ လှုပ်ရှားခဲ့ကြ၏။ သူများတွေ ရိပ်မိသွားမှာကို အလွန် ကြောက်ရွံ့ခဲ့ကြ၏။

သူတို့၏ သိုင်းလောက အတွေ့အကြုံ နည်းပါးသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သတိကြီးစွာ ထားခဲ့ကြသဖြင့် ခဏတာ အတွင်း၌ ရွှမ်ကျီတောင်ကြားမှ လူများ သတိမထားမိခဲ့ကြပေ။

သို့သော် ဤအချက်ကပင် အားနည်းချက် တစ်ခု ဖြစ်လာခဲ့သည်။

သတိကြီးလွန်းပြီး စိုးရိမ်လွန်နေသဖြင့် မည်သည့်အရာကိုမျှ ထိရောက်အောင် မစုံစမ်းနိုင်ခဲ့ပေ။

အပေါ်ယံကြည့်လျှင် ရွှမ်ကျီတောင်ကြားသည် အေးချမ်းသာယာပြီး နတ်ဘုံနတ်နန်း တစ်ခုအလား တိတ်ဆိတ်ငြိမ်သက်နေလေသည်။

နောက်ဆုံးတွင် သူတို့ မောင်နှမနှစ်ယောက် စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြ၏။

သူတို့သည် ဒဏ်ရာရထားသဖြင့် ရွှမ်ကျီတောင်ကြားမှ ထွက်ခွာ၍ မရနိုင်ကြောင်း ဟန်ဆောင်ခဲ့ကြ၏။ ထို့ကြောင့် တောင်ကြားမှ လူများက သူတို့ကို ယာယီ နေရာချထားပေးခဲ့ကြ၏။

ထို့နောက် ညတိုင်း သူတို့ ထွက်ပြီး စုံစမ်းခဲ့သော်လည်း ရလဒ်က မပြောပလောက်ပေ။

တစ်ညတွင်မူ ထူးခြားသော မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။ မှောင်မိုက်နေသော ညဉ့်နက်သန်းခေါင်တွင် လူတစ်ယောက်ကို ရွှမ်ကျီတောင်ကြားမှ တပည့်များက အလျင်စလို ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရ၏။

ခဏမျှ စဉ်းစားပြီးနောက် သူတို့နှစ်ဦး နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့ကြ၏။

သို့သော် သူတို့၏ သိုင်းပညာ အားနည်းသဖြင့် အရမ်းကပ်ပြီး မလိုက်ရဲပေ။ ထိုလူနှစ်ဦးသည် နောက်ဆုံးတွင် 'ရွှမ်ကျီတဲအိမ်'သို့ ရောက်သွားကြောင်းကိုသာ သိလိုက်ရသည်။

ထိုနေရာသည်ကား ချန်မင်းသခင်ကြီး၏ နေအိမ် ဖြစ်လေသည်။

အခေါ်ခံရသူမှာ သာမန်လူမဟုတ်ပေ။ 'နတ်ဘုရားလက်ညှိုး ပေချန်' ဟု လူသိများသော သိုင်းလောက၏ ဝါရင့်ပညာရှင်ကြီး တစ်ဦး ပင်။

ချန်ဖေးယွီနှင့် ညီမဖြစ်သူတို့သည် အဝေးမှနေ၍ အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြ၏။

မထင်မှတ်ထားသည်မှာ ခဏအကြာတွင် ပြတင်းပေါက်မှ လူရိပ်တစ်ခု ရုတ်တရက် လွင့်စဉ်ထွက်လာပြီး၊ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားသည်။ ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချလိုက်သည်ကို တွေ့လိုက်ရ၏။

ထိုသူသည်ကား... နတ်ဘုရားလက်ညှိုး ပေချန် မှတစ်ပါး အခြားသူ မဟုတ်ပေ။

ထိုအချိန်က အကွာအဝေး ဝေးကွာလွန်းသဖြင့် ပေချန်၏ မျက်နှာထားကို သူတို့ သေချာ မမြင်ရသော်လည်း၊ ကောင်းမွန်သော အခြေအနေ မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။

ထိုစဉ်မှာပင် ပြတင်းပေါက်မှ လူတစ်ယောက် ထွက်လာပြီး၊ ပေချန်၏ သွေးကြောပေါက်များကို အလျင်အမြန် ပိတ်လိုက်သည်။ ထို့နောက် ရွှမ်ကျီတောင်ကြားမှ လူနှစ်ယောက် ရောက်လာပြီး ပေချန်ကို ခေါ်ဆောင်သွားကြလေသည်။

"အဲဒီလူနှစ်ယောက် ပေချန်ကို ခေါ်သွားပြီးတဲ့ အချိန်ကျမှ ကျွန်မတို့ သေချာ မြင်လိုက်ရတာ... ပေချန်ရဲ့ သွေးကြောပေါက်တွေကို ပိတ်လိုက်တဲ့သူက... တကယ်တော့ ချန်မင်းသခင်ကြီး ကိုယ်တိုင် ဖြစ်နေတာပဲ"

လော့ကျင်းကျင်းက ဖြူလျော်သော မျက်နှာထားဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ ဒါက အံ့သြစရာ အကောင်းဆုံး မဟုတ်သေးဘူး"

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူမ ဆက်ပြောမည့် စကားကို သူတို့ ရိပ်မိနေကြ၏။

ထင်ထားသည့်အတိုင်း လော့ကျင်းကျင်းက ဆက်ပြောသည်။

"ပေချန်ကို ခေါ်သွားပြီး မကြာခင်မှာပဲ... ရွှမ်ကျီတဲအိမ်ထဲကနေ နောက်ထပ် လူတစ်ယောက် ထွက်လာပြီး ချန်မင်းသခင်ကြီးနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တယ်... အဲဒီလူက ပေချန်နဲ့ တစ်ပုံစံတည်းပဲ... သူတို့ ပြုံးနေသလိုပဲ... ဒါပေမဲ့ ဝေးနေတော့ သေချာမမြင်ရဘူး... ဒါပေမဲ့ ကြည့်ရတာ အရမ်း ကြောက်စရာကောင်းတယ်"

ဆုမို သက်ပြင်းချလိုက်သည်။ ချင်းရှန် လှည့်လည်သွားလာသူ အခု ဘာဖြစ်နေမလဲဟု သူ တွေးပူမိသွားသည်။

ယန်ရှောင်ယွင်က မေးလိုက်သည်။

"ပြီးတော့ရော... အဲဒါကြီးကို မြင်ပြီးတာတောင် ရှင်တို့ ချက်ချင်း ထွက်မပြေးကြဘူးလား"

"ကျွန်မလည်း ပြေးချင်တာပေါ့..."

လော့ကျင်းကျင်းက သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ အစ်ကိုက ပြောတယ်... ကျွန်မတို့ နှစ်ယောက်စလုံးက သိုင်းလောကသားတွေပဲ... ပေချန်က သိုင်းလောကရဲ့ ရှေ့ဆောင်လမ်းပြကြီး တစ်ယောက်... ပြီးတော့ သူက သူရဲကောင်းဆန်တဲ့သူ... သူ့ရဲ့ အခက်အခဲကို လျစ်လျူရှုလိုက်မယ်ဆိုရင် မကောင်းမှုက အောင်ပွဲခံပြီး ကောင်းမှုက ပျောက်ကွယ်သွားသလို ဖြစ်မနေဘူးလား တဲ့"

"ဒါကြောင့် နောက်ဆုံးတော့ ကျွန်မတို့ သူတို့နောက်ကို လိုက်သွားခဲ့ကြတယ်... ပေချန်ကို ကယ်လို့ရမယ့် နည်းလမ်းများ ရှိမလားလို့ပါ"

"လူကယ်ဖို့အပြင် နောက်ထပ် အတွေးတစ်ခုလည်း ရှိသေးတယ်... ကျွန်မတို့လို သိုင်းပညာ အားနည်းတဲ့သူတွေက ရွှမ်ကျီတောင်ကြားထဲမှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်နေတယ်လို့ သွားပြောရင် ဘယ်သူက ယုံမှာလဲ"

"တကယ်လို့ ပေချန်သာ ဒီကိစ္စကို ကိုယ်တိုင်ကြုံခဲ့ရပြီး၊ သူ့ရဲ့ ဂုဏ်သတင်းနဲ့ ပြောမယ်ဆိုရင်တော့ လူတွေ ယုံကြည်မှုက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာပေါ့"

"မထင်မှတ်ထားတာက... ကျွန်မတို့ နောက်ယောင်ခံလိုက်တာကို ရွှမ်ကျီတောင်ကြားထဲက လူတွေ သတိထားမိသွားကြတာပဲ"

သူတို့ မောင်နှမနှစ်ယောက်၏ သိုင်းပညာက မပြည့်ဝသေးသလို၊ ရွှမ်ကျီတောင်ကြားမှ တပည့်များမှာလည်း ယူချွမ်ဂိုဏ်းမှ ရုပ်ဖျက်ထားသူများ ဖြစ်ကြရာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို သုံးကြ၏။

တိုက်ကွက် အနည်းငယ် အကြာမှာပင် ချန်ဖေးယွီနှင့် လော့ကျင်းကျင်းတို့ အကြီးအကျယ် အရေးနိမ့်သွားကြ၏။

ထိုအရေးကြီးသော အချိန်တွင် ချန်ဖေးယွီသည် အသက်နှင့်ရင်းကာ ခုခံတိုက်ခိုက်ပြီး လော့ကျင်းကျင်းကို ထွက်ပြေးရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်။

လော့ကျင်းကျင်းသည် အစ်ကိုဖြစ်သူကို ထားခဲ့ရန် ဝန်လေးနေသော်လည်း၊ နှစ်ယောက်စလုံး ရန်သူလက်ထဲ ကျရောက်သွားပါက မျှော်လင့်ချက် ပိုနည်းသွားမည်ကို သိပါသည်။ အစ်ကိုဖြစ်သူကို ကယ်တင်ရန် အခွင့်အရေး ပြန်ရှာမည်ဟု တွေးတောရင်းပင် ထွက်ပြေးခဲ့ရသည်။

ထို့ကြောင့် လော့ကျင်းကျင်းသည် ရွှမ်ကျီတောင်ကြားမှ ချက်ချင်း ထွက်မပြေးခဲ့ပေ။ ထွက်ဖို့လွယ်ပြီး ပြန်ဝင်ဖို့ ခက်မည်ကို စိုးရိမ်သောကြောင့် ပင်။

သူမသည် တောင်ကြားထဲတွင် ပုန်းအောင်းနေခဲ့သည်။ တောင်ကြား၏ မြေပြင် အနေအထားသည် ထူးဆန်းသော ကျောက်ဆောင်များနှင့် ပြည့်နှက်နေသဖြင့် ရက်အနည်းငယ် ကြာအောင် ပုန်းအောင်းနိုင်ခဲ့သည်။

ဒီည မရောက်ခင် အချိန်ထိပေါ့။

ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ဆုမို ခဏမျှ စဉ်းစားလိုက်သည်။

"မိန်းကလေး လော့... ခင်ဗျား ပြောပုံအရ ဆိုရင်... ခင်ဗျားအစ်ကို သေမသေ မသိရသေးဘူးပေါ့... ဟုတ်လား"

ယန်ရှောင်ယွင်က ဆုမိုကို မျက်စောင်းထိုးလိုက်သော်လည်း၊ ဤမေးခွန်းသည် မေးသင့်သော မေးခွန်းမှန်း သူမ သိပါသည်။

လော့ကျင်းကျင်းက ပြောလိုက်သည်။

"အစ်ကို မသေပါဘူး... နောက်ပိုင်းမှာ ကျွန်မ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို တိတ်တဆိတ် သွားကြည့်တော့ အစ်ကို ချန်ထားခဲ့တဲ့ လျှို့ဝှက်အမှတ်အသားတွေကို တွေ့ခဲ့ရတယ်... အဲဒီ အမှတ်အသားတွေအတိုင်း လိုက်သွားတော့ အစ်ကို့ကို ဖမ်းထားလောက်မယ့် နေရာကို တွေ့ခဲ့ရတယ်... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ... ကျွန်မရဲ့ သိုင်းပညာ အားနည်းတော့ အနားမကပ်နိုင်ခင်မှာပဲ လူမိသွားတယ်... အဲဒါနဲ့ ထိတ်လန့်တကြား ပြေးရင်းလွှားရင်း ရှင်တို့အခန်းထဲ မှားဝင်မိသွားတာပါပဲရှင်”

အခန်း (၇၈) - ချန်ဖေးယွီကို ပြန်လည်တွေ့ရှိခြင်း

~ရွှမ်ကျီတောင်ကြား အတွင်း၌ ညအမှောင်ထုသည် နက်ရှိုင်းလာလေသည်။

လေထဲတွင် လူရိပ်တစ်ခု ခုန်လွှားသွားလာနေသည်။ သိပ်မမြန်လှသော်လည်း၊ မြေကြီးပေါ်သို့ ခြေချလိုက်တိုင်း ဖုန်တစ်မှုန့်ပင် မထစေရ။

ထိုသူသည် ဆုမိုမှလွဲ၍ အခြားသူ မဟုတ်ပေ။

လော့ကျင်းကျင်းက အခြေအနေကို ရှင်းပြပြီးနောက်၊ ဆုမိုသည် သူမကို မေးခွန်းအနည်းငယ် မေးမြန်းလိုက်ပြီး သူမကို အခန်းထဲတွင် အနားယူစေခဲ့သည်။ သူကမူ မူလအစီအစဉ်အတိုင်း ရွှမ်ကျီတောင်ကြားကို ညဘက် စုံစမ်းထောက်လှမ်းရန် ထွက်လာခဲ့ခြင်း ပင်။

ချန်မင်းသခင်ကြီးသည် ရွှမ်ကျီတောင်ကြား၏ မြေပြင်အနေအထားကို အသေးစိတ် ရှင်းပြပေးထားသလို၊ လော့ကျင်းကျင်း၏ ပြောစကားများအပေါ် အခြေခံ၍ ဆုမိုသည် သူသွားရမည့် အရပ်မျက်နှာနှင့် တည်နေရာကို လျင်မြန်စွာ အတည်ပြုနိုင်ခဲ့သည်။

ကွဲပြားနေသည်မှာ ဤနေရာလေး တစ်ခုသာ။ ချန်မင်းသခင်ကြီးက သူ့ကို ဒီနေရာအကြောင်း ပြောမပြခဲ့ပေ။

ကျောက်ဆောင်များနှင့် တောင်များကို အကာအကွယ်ယူထားသဖြင့်၊ တစ်ချက်ကြည့်လိုက်လျှင် ထူးခြားမှု မရှိဟု ထင်ရသော်လည်း၊ ဆုမိုသည် အဝေးကပင် လျှို့ဝှက်ကင်းပုန်း အချို့ကို သတိထားမိလိုက်သည်။

လုံရှန်း နတ်ဘုရား ကျင့်စဥ်က ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ရာ၊ သူ၏ အမြင်အာရုံနှင့် အကြားအာရုံသည် သာမန်ထက် ထူးကဲစွာ ထက်မြက်နေသည်။ သူ၏ အတွင်းအားကို အသုံးပြုလိုက်သည်နှင့် ထိုလူများ၏ တည်နေရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

သူသည် ချက်ချင်းပင် ရှေ့သို့ ခုန်ဝင်လိုက်ပြီး မျက်ကွယ်တွင် ပုန်းအောင်းလိုက်သည်။

ထိုနေရာတွင် ထူးဆန်းသော ကျောက်ဆောင်များ ပြည့်နှက်နေပြီး၊ ကင်းပုန်းဝပ်နေသူများက ထိုကျောက်ဆောင်များကို အကာအကွယ်ယူကာ ပုန်းအောင်းနေကြခြင်း ပင်။ ဆုမိုလည်း ထိုနည်းတူ လုပ်ဆောင်လိုက်သည်။

သို့သော် ပို၍ နီးကပ်လာသောအခါ ဆုမို ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်သည်။

မော့ကြည့်လိုက်ရာ ထူးဆန်းသော ကျောက်ဆောင်များသည် အဆုံးအစမရှိ ရှည်လျားသော ကျောက်တောအုပ်ကြီး တစ်ခုအသွင် ဖွဲ့စည်းထားသည်ကို တွေ့လိုက်ရသည်။

အတွင်းပိုင်းတွင် နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်မှုများ လွှမ်းမိုးနေပြီး၊ ခြိမ်းခြောက်နေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဆုမိုသည် အမြဲတမ်း သတိကြီးသူ ဖြစ်ရာ၊ မဆင်မခြင် ဝင်မသွားပေ။ အနီးရှိ ကျောက်တုံးကြီးတစ်ခုမှ အပိုင်းအစလေး တစ်ခုကို ပဲပြားတစ်တုံး ဖဲ့ယူလိုက်သကဲ့သို့ ပေါ့ပါးစွာ ဖဲ့ယူလိုက်သည်။

ထို့နောက် ဒူးထောက်ထိုင်ချလိုက်ပြီး ထိုကျောက်ခဲလေးကို အတွင်းသို့ လှိမ့်ထည့်လိုက်သည်။

သူ၏ အတွင်းအား အကူအညီဖြင့် ကျောက်ခဲလေးသည် အသံမထွက်ဘဲ ကျောက်တောအုပ်ကြီးထဲသို့ လိမ့်ဝင်သွားလေသည်။

သို့သော်... အနက်ပိုင်းသို့ အတိုင်းအတာ တစ်ခုအထိ ရောက်သွားသောအခါ ကျောက်ခဲလေး ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

"အခင်းအကျင်းလား"

ဆုမို၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး စိတ်ပျက်သွားမိသည်။

သိုင်းပညာအကြောင်း ဆွေးနွေးရလျှင် သူ အဆင်ပြေသော်လည်း၊ 'အခင်းအကျင်း' အကြောင်းကိုမူ ဘာမှ နားမလည်ပေ။

'ခြောက်ဆယ့်လေးပါးသော အခင်းအကျင်း နှင့် ဇီယန်ဂိုဏ်း၏ ကိုယ်ဖော့ပညာတွင် ပါဝင်သော သဘောတရားများကို သူ နားလည်သော်လည်း... ထိုအရာများနှင့် အခင်းအကျင်း ဖျက်ဆီးခြင်းသည် ဘာမှ မသက်ဆိုင်ပေ။

သူ၏ ကြီးမားသော အတွင်းအားကို အားကိုး၍ အခင်းအကျင်းကို အတင်း ဖြိုခွင်းဝင်ရောက်မည် ဆိုလျှင်တော့ ရနိုင်သည်။

သို့သော် ထိုသို့ လုပ်လိုက်ပါက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမည်မှာ သေချာသည်။ လျူဆွေဖုန်းကို ရှာမတွေ့ဘဲ ယူချွမ်ဂိုဏ်း တစ်ခုလုံးကို ဆွဲခေါ်မိသလို ဖြစ်သွားလျှင် သူဟာ ဟာသလူပြက် ဖြစ်သွားပေလိမ့်မည်။

ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေစဉ်၊ ရုတ်တရက် ခြေသံများ ကြားလိုက်ရသည်။

ဆုမို၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ကျောက်ဆောင်ကွယ်တွင် ချက်ချင်း ပုန်းအောင်းလိုက်သည်။ ခဏအကြာတွင် လူသုံးယောက် ရောက်လာသည်ကို တွေ့လိုက်ရ၏။

နှစ်ယောက်က လမ်းလျှောက်လာပြီး၊ တတိယမြောက်လူကို ထမ်းလာကြခြင်း ပင်။

ထမ်းပိုးခံထားရသူမှာ အခြားသူမဟုတ်၊ နေ့ခင်းက ဆုမို တွေ့ခဲ့ရသော ချင်းရှန် လှည့်လည်သွားလာသူ ပင် ဖြစ်လေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကြိုတင်ခန့်မှန်းခဲ့ကြသည့်အတိုင်း၊ လော့ကျင်းကျင်း၏ စကားများကလည်း ထပ်မံ အတည်ပြုပေးလိုက်ပြီ ဖြစ်ရာ၊ ယခု ချင်းရှန် လှည့်လည်သွားလာသူကို မြင်လိုက်ရခြင်းက ဆုမိုအတွက် မအံ့သြစရာတော့ပေ။

သိချင်စရာ ကောင်းသည်မှာ... နေ့ခင်းကတည်းက တွေ့ချင်နေခဲ့သော ချန်မင်းသခင်ကြီးသည် ဘာကြောင့် ညရောက်မှ လှုပ်ရှားရသနည်း ဆိုသည့်အချက်ပင်။

သို့သော် ဒါက အရေးမကြီး။ အခင်းအကျင်း ပိတ်ဆို့ခံထားရသော ဆုမိုအတွက်မူ၊ ဤလူများ ရောက်လာခြင်းသည် လမ်းပြမီးတိုင် ရရှိလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ထိုလူနှစ်ဦးသည် ချင်းရှန် လှည့်လည်သွားလာသူကို ထမ်းလျက် ကျောက်တောအုပ်ကြီးထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီး၊ ဆုမိုသည် သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါသွားလိုက်သည်။

ရှေ့ဆုံးမှ လူနှင့် ခြေတစ်လှမ်းသာ ကွာဝေးအောင် ထိန်းထားလိုက်သည်။

ချင်းရှန် လှည့်လည်သွားလာသူသည် ပက်လက်အနေအထားဖြင့် ထမ်းပိုးခံထားရရာ၊ အစပိုင်းတွင် မျက်လုံးထဲ၌ ထိတ်လန့်ခြင်းနှင့် ဒေါသတို့ ရောထွေးနေသည်။

ထို့နောက် သူ့မျက်လုံးများ ရွေ့လျားသွားပြီး ဆုမိုကို မြင်လိုက်ရသည်။

တစ်ခဏမျှ သူ့မျက်လုံးများ ကြောင်အသွားသည်။

သို့သော် ထိုအကြည့်သည် ခဏတာမျှသာ ဖြစ်ပြီး၊ နောက်တစ်ခဏတွင် သူသည် ထိတ်လန့်ခြင်းနှင့် ဒေါသ ရောထွေးနေသော ပုံစံကို ပြန်လည် ဟန်ဆောင်လိုက်သည်။

ဆုမိုသည် အနက်ရောင် ဝတ်စုံဝတ်ထားပြီး မျက်နှာဖုံးအုပ်ထားသဖြင့်၊ ရွှမ်ကျီတောင်ကြားကို မကောင်းသော ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိသာနေသည်။

ချင်းရှန် လှည့်လည်သွားလာသူသည် ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်ရာ သင်ခန်းစာ ရနေပြီ ပင်။

ယခုခေတ်တွင် ရွှမ်ကျီတောင်ကြားကို မကောင်းသော ရည်ရွယ်ချက်ဖြင့် လာသူများသည် သူ့အပေါ်တွင်မူ စေတနာထားတတ်ကြသည်ဟု ယူဆရသည်လော။

အကယ်၍ သူက အံ့အားသင့်သွားသော မျက်နှာထားကြောင့် သူ့နောက်မှ လူ၏ အခြေအနေကို ဖွင့်ချလိုက်သလို ဖြစ်သွားလျှင် မသင့်တော်ပေ။

သိုင်းလောက ဝါရင့်တစ်ဦး ဖြစ်သည့်အားလျော်စွာ၊ ချင်းရှန် လှည့်လည်သွားလာသူ၏ ဉာဏ်ရည်နှင့် တုံ့ပြန်မှုက လျင်မြန်လှသည်။ သူသည် ဘာမှ မမြင်လိုက်သကဲ့သို့ ချက်ချင်း ဟန်ဆောင်လိုက်သည်။

ဆုမိုကမူ စိတ်လက်ပေါ့ပါးစွာဖြင့် သူ့ကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သေးသည်။

ချင်းရှန် လှည့်လည်သွားလာသူ - "..."

ဆုမိုသည် သူ့ကို ဂရုမစိုက်တော့ဘဲ ရှေ့မှ လူ၏ ခြေလှမ်းများကိုသာ အာရုံစိုက်လိုက်သည်။

သူ့စိတ်ထဲတွင် ရေတွက်နေလိုက်သည်။

‘သုံးလှမ်း... လေးလှမ်း၊ ငါးလှမ်း... ဆယ့်သုံးလှမ်း၊ ဘယ်ကွေ့၊ ဆယ့်ခုနစ်လှမ်း၊ ဘယ်ကွေ့၊ နှစ်ဆယ့်တစ်လှမ်း၊ တည့်တည့်သွား၊ ဆယ့်ခြောက်လှမ်း၊ ညာကွေ့…’

ဒီအခင်းအကျင်း၏ လျှို့ဝှက်ချက်များကို သူ သိပ်မရင်းနှီးပေ။

သို့သော် ရှေ့မှ လူနှစ်ဦးနှင့် ခြေတစ်လှမ်း အကွာတွင် နေခြင်းအားဖြင့်၊ သူတို့၏ ခြေလှမ်းများနှင့် ဦးတည်ချက်များကို အသေအချာ မှတ်သားထားလိုက်သည်။

ဤနည်းလမ်းအတိုင်း လိုက်ပါသွားရာ လမ်းပျောက်ခြင်း မရှိခဲ့ပေ။

ရံဖန်ရံခါ ခြေတစ်လှမ်းလောက် ကွာဟသွားသည့်အခါ ရှေ့မှ လူသုံးဦး ရုတ်တရက် ပျောက်ကွယ်သွားတတ်သည်။

သို့သော် နောက်တစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုလူ သုံးဦး ပြန်လည် ပေါ်လာတတ်သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အခင်းအကျင်းသည် တကယ်ပင် ဆန်းကြယ်သော စွမ်းရည်များ ရှိကြောင်း သိသာလှသည်။

လက်ဖက်ရည်တစ်အိုးစာ အချိန်ခန့် လျှောက်လှမ်းပြီးနောက်၊ မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်သွားသည်။

မျက်စိရှေ့တွင် မတ်စောက်သော ချောက်ကမ်းပါးများဖြင့် ဝိုင်းရံထားသည့်.. နိမ့်ဆင်းနေသော တောင်ကြားတစ်ခု ပေါ်လာသည်။

ချောက်ကမ်းပါးအစွန်းတစ်လျှောက်တွင် အောက်သို့ ဆင်းသွားသော လမ်းကလေး တစ်ခု ရှိသည်။ တောင်နံရံများတွင် အဆုံးမမြင်ရအောင် နက်ရှိုင်းစွာ စိုက်ဝင်နေသော သံတိုင်တန်းကြီးများ ရှိပြီး၊ ထိုသံတိုင်များတွင် သံလှောင်အိမ်များ တွဲလောင်းကျနေလေသည်။

လှောင်အိမ်များထဲတွင် လက်များကို သံကြိုးခတ်ခံထားရသော လူများ ရှိနေပြီး၊ ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေကြ၏။

တချို့က မျှော်လင့်ချက် ကင်းမဲ့စွာ သက်ပြင်းချနေကြ၏။ မနက်ဖြန် ဆိုတာ သူတို့အတွက် မရှိတော့သလိုပင်။

တချို့က မိုးမြေကို တိုင်တည်ကာ ကျိန်ဆဲနေကြပြီး၊ ရိုင်းစိုင်းသော စကားလုံးများ တရစပ် ထွက်ပေါ်နေသည်။

အစပိုင်းတွင် ဆုမို သတိမထားမိသော်လည်း၊ သေချာ ကြည့်လိုက်သောအခါ သူ့မျက်နှာထား ပိုမို တင်းမာလာသည်။

ထူးဆန်းသည်မှာ ဤမျှ အရေးကြီးသော နေရာတွင် ယူချွမ်ဂိုဏ်းသား တစ်ယောက်မှ ကင်းလှည့်နေခြင်း မရှိပေ။ ဤအချက်က ဆုမိုကို အနည်းငယ် အံ့အားသင့်စေသည်။

ချင်းရှန် လှည့်လည်သွားလာသူကို ထမ်းထားသော လူနှစ်ဦးသည် လမ်းကလေးအတိုင်း အောက်သို့ ဆင်းသွားကြ၏။ ထို့နောက် ကျွမ်းကျင်စွာဖြင့် ဝန်ချီစက်ကို မောင်းနှင်ကာ လှောင်အိမ်တစ်ခုကို အောက်သို့ လျှော့ချလိုက်သည်။ လှောင်အိမ်တံခါးကို ဖွင့်ပြီး ချင်းရှန် လှည့်လည်သွားလာသူကို ထည့်လိုက်ကာ၊ သံခြေကျင်း ခတ်၊ တံခါးပိတ်ပြီး ပြန်ဆွဲတင်လိုက်ကြ၏။

ထိုကိစ္စ ပြီးသည်နှင့် သူတို့သည် နောက်ပြန်လှည့်ကာ ထွက်ခွာသွားကြတော့သည်။

ဆုမိုသည် ထိုလူနှစ်ဦး ကျောက်တောအုပ် အခင်းအကျင်းထဲသို့ ပြန်လည် ဝင်ရောက်သွားသည်အထိ ဘေးမှ စောင့်ကြည့်နေလိုက်သည်။ ထို့နောက် သူလည်း နောက်မှ လိုက်ဝင်သွားလိုက်သည်။

သူသည် ထိုလူနှစ်ဦး၏ ပုံသဏ္ဍာန်နှင့် ခြေလှမ်းများကို သေချာစွာ မှတ်သားထားလိုက်သည်။ ခြေတစ်လှမ်းချင်းစီကို ဦးနှောက်ထဲတွင် စွဲမြဲအောင် မှတ်ထားလိုက်သည်။

နောက်ဆုံးတွင် သူသည် ကျောက်တောအုပ်၏ အပြင်ဘက်သို့ အောင်မြင်စွာ ထွက်ရောက်လာနိုင်ခဲ့သည်။

ထိုလူနှစ်ဦး ကျောက်တောအုပ် အနီးမှ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ ဆုမို သက်ပြင်းချလိုက်နိုင်တော့သည်။

"ကံကောင်းလို့ ငါ သတိထားပြီး သူတို့နောက် လိုက်ခဲ့တာ... ဝင်တဲ့လမ်းနဲ့ ထွက်တဲ့လမ်းက ခြေလှမ်းတွေ လုံးဝ မတူဘူးပဲ... ဝင်တုန်းက နည်းလမ်းကို ပြောင်းပြန်လှန်ပြီး ထွက်ဖို့ ကြိုးစားခဲ့ရင် ဒီကျောက်တောအုပ်ထဲမှာ ပိတ်မိပြီး သေသွားလောက်တယ်"

ထိုအချိန်တွင် သူ တွေဝေမနေတော့ဘဲ ကိုယ်ကို လှည့်ကာ ကျောက်တောအုပ်ထဲသို့ ပြန်ဝင်လိုက်သည်။

ဝင်တုန်းက လမ်းကြောင်းအတိုင်း ပြန်လျှောက်လိုက်ရာ၊ လက်ဖက်ရည်တစ်အိုးစာ အချိန်အတွင်းမှာပင် ထိုနိမ့်ဆင်းသော တောင်ကြားသို့ ပြန်ရောက်သွားလေသည်။

သို့တိုင်အောင် ဆုမိုသည် သူ့ကိုယ်သူ ချက်ချင်း ဖော်ထုတ်မပြသေးပေ။

ယူချွမ်ဂိုဏ်းသားများ ကင်းလှည့်မနေသော်လည်း၊ လူ့သဘောသဘာဝသည် ခန့်မှန်းရခက်သဖြင့် အမြဲတမ်း သတိထားရမည် ပင်။

ဆုမိုသည် သတိကြီးစွာဖြင့် ပုန်းအောင်းနေဆဲ ဖြစ်သော်လည်း၊ ရုတ်တရက် သူ့မျက်လုံးများ အရောင်တောက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအလား လှုပ်ရှားသွားပြီး လှောင်အိမ်တစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။

သူသည် လက်ချောင်းကို တောက်လိုက်ရာ အတွင်းအား တစ်ခုသည် လေထုကို ဖြတ်သန်းသွားပြီး လှောင်အိမ်ထဲမှ လူကို ထိမှန်သွားသဖြင့် ထိုလူ လန့်နိုးသွားလေသည်။

ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ... ထိုသူမှာ ချန်ဖေးယွီ ပင် ဖြစ်နေလေသည်။

သို့သော် ချန်ဖေးယွီသည် ဆုမိုကို မမှတ်မိဘဲ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။

"ခင်ဗျား... ဘယ်သူလဲ”

All Chapters