← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅) - တစ်ခဏလေးအတွင်း ခုနစ်ရက် ကုန်ဆုံးခြင်း၊ တပည့်များ၏ အဆင့်ချိုးဖြတ်တက်ရောက်ခြင်း

~"နင့်အတွက် သတင်းကောင်း တစ်ခု ရှိတယ်"

ရှီးရှင်းယွီသည် ဝိညာဉ်အရည်ခွက်ကို ကမ်းပေးလိုက်၏။ "နောက်လလယ်ကျရင် လေဓားဂိုဏ်းက ဓားကလေး ခန့်အပ်ပွဲ အခမ်းအနား ကျင်းပမယ်တဲ့။ တောင်ဘက် မြစ်ဝှမ်းဒေသက အဆင့်မြင့်ဂိုဏ်းတွေနဲ့ ကြယ်အဆင့် အင်အားစု အားလုံးကို ဖိတ်ကြားထားတယ်။ မြူခိုးဂိုဏ်းလည်း ဖိတ်စာရင်းထဲမှာ ပါတယ်"

ရှောင်ဖန်ကူသည် ဝိညာဉ်အရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်ရာ မျက်လုံးများ ချက်ချင်း

အရောင်တောက်သွားသည်။

"ဒါ တကယ် သတင်းကောင်းပဲ"

ရှီးရှင်းယွီ ခေါင်းညိတ်လိုက်၏။ "အဲဒီအချိန်ကျရင် ဟိုယွင်ကျဲ သေချာပေါက် ရောက်လာလိမ့်မယ်။ ဂျူနီယာမောင်လေး အနေနဲ့ အခမ်းအနားမှာ သူ့ကို စိန်ခေါ်ပြီး ဘယ်သူ အသာစီးရမလဲ ဆိုတာ ဆုံးဖြတ်လို့ ရပြီပေါ့။ ဒါပေမဲ့ နိုင်မယ်လို့ ဘယ်လောက်ထိ ယုံကြည်ထားလဲ"

"ငါက အရင်က ငါ မဟုတ်တော့ဘူး။ နောက်လလယ်ကျရင် ချီကျင့်ကြံခြင်း ကိုးဆင့်ကို သေချာပေါက် ရောက်နေမှာ ဖြစ်သလို 'အစိမ်းရောင် တိမ်တိုက် ဓားသိုင်း' ဒုတိယအဆင့်ကိုလည်း ပြီးပြည့်စုံအောင် တတ်မြောက်ထားမှာ။ သူ ငါ့ကို.. နိုင်စရာ အကြောင်း မရှိဘူး"

ရှောင်ဖန်ကူသည် လက်ပိုက်လျက် ယုံကြည်မှု ရှိသော အပြုံးဖြင့် ပြောလိုက်၏။

ရှီးရှင်းယွီသည် ရှောင်ဖန်ကူ၏ မျက်နှာဘေးတိုက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူမ၏ မျက်ဝန်းများထဲတွင် သူသည် သူမ၏ ဖူးစာရှင်အစစ် ဖြစ်နေသကဲ့သို့ သံယောဇဥ်တွယ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

*

သဲစီးကြောင်း ရှေးဟောင်းမြို့၌မူ၊

နတ်ဆိုးပိတ်လှောင်မျှော်စင်ကို ပြန်လည် တည်ဆောက်ပြီးကတည်းက တင်းပိုင်ရွှယ်သည် မျှော်စင်သခင်အဖြစ် မျှော်စင်ထိပ်တွင် ရပ်လျက် ဤနေရာကို စောင့်ကြပ်နေခဲ့သည်။

ဟိုယွင်ကျဲသည် ရေစီးကြောင်းမြစ် ကမ်းပါးသို့ ရောက်ရှိလာ၏။

ကြယ်တာရာမြစ်အလား ကွေ့ကောက်စီးဆင်းနေသော မြစ်ရေပြင်ကို ငေးကြည့်ရင်း ဟိုယွင်ကျဲ အသက်ပြင်းပြင်း ရှူရှိုက်လိုက်၏။ ဝိညာဉ်စွမ်းအင်များကို အေးစက် အလင်းဓားပေါ်တွင် စုစည်းလိုက်ပြီး ဓား ဆွဲထုတ်လိုက်လေ၏။

"ချွင်.."

ဓားသွားသည် ချက်ချင်း တစ်ပေခန့် ထွက်လာသည်။

မျက်စိကျိန်းမတတ် တောက်ပသော ဓားချီ ထွက်ပေါ်လာပြီး ပြင်းထန်သော လေလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ အနီးနားရှိ ရေပြင်ကိုပင် ချိုင့်ဝင်သွားစေသည်။

ဟိုယွင်ကျဲ ဆက်လက် အားစိုက်လိုက်သော်လည်း အေးစက် အလင်းဓားသည် ပိုမိုလေးလံလာသည်ကို တွေ့လိုက်ရသည်။ ဓားတစ်လက်လုံး ထွက်လာရန် ခြေတစ်ဝက် သာ လိုတော့သည့်အချိန်တွင် သူသည် ရုတ်တရက် အားကုန်ခန်းသွားပြီး လက်လျှော့လိုက်ရလေ၏။

"မရသေးဘူး..."

ဟိုယွင်ကျဲသည် ပြင်းထန်စွာ မောဟိုက်နေပြီး တောက်ပနေသော ရေပြင်ကို ကြည့်ကာ ကျောက်စရစ်ခဲများပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် တပင်တပန်း ဆက်လက် ကျင့်ကြံလေတော့သည်။

မြူခိုးတောင်ထိပ်တွင်၊

"အုန်း"

ကျောက်ကျားရှီးသည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ့အပေါ် ဖိထားသော ပေါင်ချိန်တစ်ထောင် လေးလံသည့် ကျောက်တုံးကြီးကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်၏။ ထို့နောက် မြေကြီးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ရာ သူ၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာလေ၏။

"နောက်ဆုံးတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်ကို ရောက်ပြီ"

သူ အလွန် စိတ်လှုပ်ရှားနေသည်။

ရက်ပေါင်းများစွာ ကြိုးစားလေ့ကျင့်ပြီးနောက် သူ အောင်မြင်ခဲ့လေပြီ။ စတုတ္ထအဆင့်သို့ ရောက်ရန် လိုသေးသော်လည်း မျှော်လင့်ချက် ရောင်ခြည်ကို မြင်နေရပြီ ဖြစ်သည်။

"အဆင့်ချိုးဖြတ်တက်ရောက်သွားပြီလား... ကောင်းတယ်"

ယဲ့ဖုန်းသည် ငန်းကင်ပေါင်ကို ကိုက်စားရင်း ကျောက်ကျားရှီး၏ ပခုံးကို ပုတ်လိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော် သေချာပေါက် ဆက်ကြိုးစားပါ့မယ်" ကျောက်ကျားရှီးသည် လက်သီးကို ဆုပ်လိုက်ပြီး 'ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ်ကျင့်စဉ် - ခန္ဓာကိုယ် ကျင့်ကြံခြင်း အခန်းကဏ္ဍ' ၏ ဒုတိယမြောက် လှုပ်ရှားမှုကို စတင် လေ့ကျင့်လေတော့သည်။

ဒုတိယမြောက် လှုပ်ရှားမှုမှာ လက်တစ်ချောင်းတည်းဖြင့် ဇောက်ထိုးရပ်ခြင်း ဖြစ်သည်။

ကျောက်ကျားရှီးသည် ကျောက်တုံးကြီး တစ်ခုပေါ်တွင် ဇောက်ထိုးရပ်လိုက်ပြီး တစ်ကိုယ်လုံး အလေးချိန်ကို လက်ညှိုး တစ်ချောင်းတည်းဖြင့် ထောက်ထားကာ ခြေထောက်များကို ကောင်းကင်သို့ တည့်မတ်စွာ ဆန့်တန်းထားလိုက်၏။ ထင်းရှူးပင် တစ်ပင်အလား တည်ငြိမ်နေလေသည်။

"ထူးဆန်းတဲ့ လေ့ကျင့်နည်းပါလား"

တပည့်များသည် ဘေးတွင် ထိုင်လျက် အစာစားရင်း ကျောက်ကျားရှီးကို ကြည့်နေကြ၏။

"ဂျူနီယာမောင်လေး... ဗိုက်ဆာနေပြီလား။ စားမလား" ကျားယွိလန်သည် ကြက်ပေါင်ကြော်ကို ကျောက်ကျားရှီး၏ နှာခေါင်းရှေ့တွင် ဝှေ့ယမ်းပြကာ စနောက်လိုက်သည်။

"မစားဘူး... ကျွန်တော် ကျင့်ကြံရမယ်" ကျောက်ကျားရှီး တံတွေးကို မြိုချလိုက်၏။

တကယ် စားချင်သော်လည်း ကျင့်စဉ်၏ ဒုတိယမြောက် လှုပ်ရှားမှုတွင် ထူးခြားသော သတ်မှတ်ချက်များ ရှိနေသည်။ အစာစားပြီး တစ်နာရီ အတွင်း (သို့မဟုတ်) အစာမစားမီ တစ်နာရီ အတွင်း လေ့ကျင့်၍ မရပေ။ လေ့ကျင့်ချိန် တစ်ကြိမ်လျှင် တစ်နာရီ ကြာမြင့်ရမည် ဖြစ်သည်။

တတိယအဆင့်သို့ အမြန်ဆုံး ရောက်ရှိနိုင်ရန်အတွက် ကျောက်ကျားရှီးသည် တစ်နေ့လျှင် တစ်နပ်သာ စားရန် ဆုံးဖြတ်ထားပြီး ကျန်အချိန်များတွင် ဝိညာဉ်စမ်းရေကိုသာ သောက်သုံးလေ၏။ ယန်ရူယွီထက်ပင် ပိုမို ပြင်းထန်သော စည်းကမ်း ဖြစ်သည်။

ယဲ့ဖုန်းသည် ကျောက်ကျားရှီးအနားတွင် ဝိုင်းဖွဲ့စားသောက်နေသော တပည့်များကို ကြည့်ပြီး ခေါင်းခဲသွားသည်။

"မင်းတို့ကွာ... ကျားရှီး ကျင့်ကြံနေတာကို အာရုံလာစားနေကြတာပဲ"

ယဲ့ဖုန်း၏ အမြင်တွင် ဤမြင်ကွင်းသည် စစ်သင်တန်းတုန်းက နေပူထဲ ရပ်နေရသော ကျောင်းသားများကို စီနီယာများက ဖရဲသီးထိုင်စားပြပြီး "စားချင်လား" ဟု မေးနေသည်နှင့် တူနေသည်။

အဆိုးဆုံးမှာ သူတို့၏ ပလပ်ပလပ် မြည်အောင် စားသောက်နေသံများပင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ တပည့်များသည် ငါးလှမ်းခန့် နောက်ဆုတ်သွားပြီး ဆက်လက်စားသောက်နေကြ၏။

"ကျွန်မတို့ ဆက်လေ့လာလိုက်ဦးမယ်"

အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့သည် အရင်ဆုံး စားသောက်ပြီးစီးသွားကြ၏။ လီကျောက်ကျောက်၏ ပန်းကန်ခွက်ယောက်များကို ဆေးကြောပေးပြီးနောက် နားနေဆောင်အောက်တွင် ထိုင်ကာ 'သင်္ချာအနုပညာ ကိုးခန်း' ကို ဖတ်ရှုလေ့လာကြ၏။

မောင်နှမ နှစ်ယောက်တွင် တာဝန်နှစ်ခု ရှိသည်။

ပထမတစ်ခုမှာ ချီကျင့်ကြံခြင်း ဆဋ္ဌမအဆင့်သို့ တက်ရောက်ရန်။

ဒုတိယတစ်ခုမှာ 'သင်္ချာအနုပညာ ကိုးခန်း' ကို လေ့လာပြီး အခြေခံ သဘောတရားများကို နားလည်သဘောပေါက်ရန် ဖြစ်သည်။

အိုးယန်ဖုန်းနှင့် အိုးယန်ယွီမှလွဲ၍ အခြားတပည့်များသည်လည်း အလုပ်ကိုယ်စီဖြင့် ရှုပ်နေကြ၏။

အချိန်များ ကုန်ဆုံးသွားသည်။

မျက်တောင်တစ်ခတ်အတွင်း (၇) ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် ကောင်းကင်ယံတွင် ရပ်လျက် တောင်ထိပ်ပေါ်ရှိ သုံးထပ် သစ်သား အဆောက်အအုံသစ်များနှင့် သပ်ရပ်စွာ ပြုပြင်ထားသော ပန်းခင်းများကို ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။

"တီ..တီ... အပြင်စည်းတပည့် ရှီလေ့က ဂိုဏ်းတည်ဆောက်ရေး တာဝန်ကို ပြီးမြောက်ခဲ့လို့ အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

"တီ..တီ... စာရင်းသွင်းတပည့် ကျားယွိလန်ဟာ ရင့်မှည့်တဲ့ ဝိညာဉ်ဆေးမြစ် (၁၀၀) စိုက်ပျိုးခြင်း တာဝန်ကို ပြီးမြောက်ခဲ့လို့ အပြင်စည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

"တီ..တီ... စာရင်းသွင်းတပည့် ရှဟဲနဲ့ ချိုကျူတို့ဟာ ဝိညာဉ်ဆေးမြစ် စိုက်ပျိုးခြင်းနဲ့ ဝိညာဉ်သားရဲတွေ ပြုစုစောင့်ရှောက်ခြင်း တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် အပြင်စည်း တပည့်တွေ အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

"တီ..တီ... စာရင်းသွင်းတပည့် ယန်ရူယွီဟာ ဝိညာဉ်ဆေးမြစ် စိုက်ပျိုးခြင်းနဲ့ ဒဏ်ရာရ တပည့်ကို ကုသခြင်း တာဝန်ကို ပြီးမြောက်ခဲ့သဖြင့် အပြင်စည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

"တီ..တီ... စာရင်းသွင်း တပည့် အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့ဟာ 'သင်္ချာအနုပညာ ကိုးခန်း' ကို လေ့လာခြင်း တာဝန်ပြီးမြောက်ပြီး ကျင့်ကြံခြင်း အဆင့် ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့တဲ့ အတွက် အပြင်စည်း တပည့်တွေ အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

ဤ (၇) ရက်အတွင်း တပည့် (၇) ဦးသည် စမ်းသပ်မှုများကို ဆက်တိုက် အောင်မြင်ခဲ့ကြပြီး ယဲ့ဖုန်း ကိုယ်တိုင် ထုတ်ပေးသော တပည့် အထောက်အထား တံဆိပ်ပြားများကို လက်ခံရရှိခဲ့ကြ၏။

ယခုအခါ ဟိုယွင်ကျဲ၊ လီကျောက်ကျောက်နှင့် ကျောက်ကျားရှီးတို့သာ ကျန်ရစ်တော့သည်။

မီးဖိုချောင်တွင်၊

လီကျောက်ကျောက်သည် စဉ်းနှီတုံးပေါ်မှ ဟင်းချက်စရာများကို ကြည့်ရင်း ပါးကို လက်ထောက်ကာ ဦးနှောက်အား အသေအလဲ အလုပ်ပေးနေသည်။

"ဟာ... ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေတဲ့ ဝိညာဉ်ဟင်းပွဲကို ဘယ်လို ချက်ရမှာပါလိမ့်"

အချိန်အတော်ကြာသည့်တိုင် လီကျောက်ကျောက် အဖြေရှာမရသေးပေ။

ကျောက်ကျားရှီးသည် လက်တစ်ချောင်းတည်းဖြင့် ဇောက်ထိုးရပ်နေဆဲ ဖြစ်ပြီး ခြေထောက်များတွင် ပေါင်ချိန်ငါးရာ လေးလံသော ကျောက်တုံးများကိုပင် ချိတ်ဆွဲထားလေ၏။

"ဟား..."

ရုတ်တရက် ကျောက်ကျားရှီးသည် သူ၏ သွေးမျိုးဆက် အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရပြီး အားကုန်သုံးကာ ပေါက်ကွဲထွက်စေလိုက်၏။ ခြေထောက်တွင် ချိတ်ဆွဲထားသော ကျောက်တုံးများ (အစိတ်စိတ်အမွှာမွှာ) ကွဲကြေသွားပြီး လက်ညှိုး

တစ်ချောင်းတည်းဖြင့် တွန်းကန်ကာ (၁၀) မီတာခန့် အကွာအဝေးသို့ ခုန်ထွက်သွားလေ၏။

"နောက်ဆုံးတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်း တတိယအဆင့်ကို ရောက်ပြီ"

သူ၏ အသံသည် ပဲ့တင်ထပ်သွားပြီး အခြားတပည့်များက ဂုဏ်ပြုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ကျောက်ကျားရှီးသည် ဝိညာဉ်စမ်းရေဖြင့် ရေချိုးလိုက်ပြီး ဗိုက်ဝအောင် စားသောက်ကာ 'ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ်ကျင့်စဉ် - ခန္ဓာကိုယ်ကျင့်ကြံခြင်း အခန်းကဏ္ဍ' ၏ တတိယမြောက် လှုပ်ရှားမှုကို စတင်လေ့ကျင့်လေတော့သည်။

ပေါင်ချိန်တစ်ထောင် လေးလံသော ကျောက်တုံးကြီးကို ကျောပိုးလျက် ဖားတစ်ကောင်ကဲ့သို့ တောင်ထိပ်ပတ်လည်တွင် ခုန်ဆွခုန်ဆွ လုပ်နေလေ၏။

"ဂျူနီယာညီလေးကျောက်က အခု ဘာလုပ်နေတာလဲ"

"ဂိုဏ်းချုပ်က ပြောတယ်။ ဂျူနီယာ မောင်လေးကျောက်က စတုတ္ထအဆင့် ရောက်ချင်ရင် ကျောက်တုံးကြီးကို ပိုးပြီး အကြိမ် (၃၀၀၀) ခုန်ရမယ်တဲ့။ ကြောက်စရာကြီးဟယ်"

"ဒါ လူ လုပ်နိုင်တဲ့ အလုပ်မှ ဟုတ်ရဲ့လား"

"ဂျူနီယာမောင်လေးကျောက်က ရှေးဟောင်း နတ်ဘုရား သွေးမျိုးဆက် ရှိတယ်လေ။ တကယ်တမ်း.. ပြောရရင် သူက... ထားလိုက်ပါတော့။ လောလောဆယ်တော့ လူပါပဲ။ နောက်ပိုင်းတော့ မပြောတတ်ဘူး"

တပည့်များသည် သည်းကြီးမည်းကြီး လေ့ကျင့်နေသော ကျောက်ကျားရှီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ယဲ့ဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ကျောက်ကျားရှီး၏ ကြိုးစားမှုသည် ကောင်းသလား ဆိုးသလား စဉ်းစားနေမိသည်။

"သံလက်သည်း နဂါးလင်းယုန်နဲ့ မြေခွေး တာ့ဟုန်တို့က မနေ့ကမှ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် ရောက်သွားကြပြီ။ ကျားရှီးက ဆက်ပြီး လေ့ကျင့်နေတုန်း။ ကျောက်ကျောက်က မီးဖိုချောင်ထဲမှာ ယောင်လည်လည် ဖြစ်နေတုန်း။ ယွင်ကျဲရဲ့ တိုးတက်မှုက (၉၀) ရာခိုင်နှုန်းမှာ ရပ်နေတာ (၃) ရက် ရှိပြီ။ ဘာ အသေးစိတ် အချက်အလက်မှလည်း မပြဘူး..."

ယဲ့ဖုန်း အဝေးသို့ လှမ်းကြည့်ရင်း အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

သဲစီးကြောင်း ရှေးဟောင်းမြို့တွင်၊

ဟိုယွင်ကျဲသည် ရေစီးကြောင်းမြစ် ကမ်းပါးတွင် ရပ်လျက် ကျောက်စရစ်ခဲများကို နင်းထားသည်။ မလှမ်းမကမ်းတွင် တင်းပိုင်ရွှယ်သည် စိုးရိမ်တကြီး ရပ်ကြည့်နေသည်။

"အချိန်တန်ပြီ..."

ဟိုယွင်ကျဲ မျက်လုံးဖွင့်လိုက်၏။ ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ကာ ညာလက်ဖြင့် ဓားရိုးကို ပြောင်းပြန်အနေအထားဖြင့် ဆုပ်ကိုင်လိုက်၏။ ခန္ဓာကိုယ်တွင်းရှိ အရှိန်အဟုန်များကို စုစည်းလိုက်ပြီး အေးစက် အလင်းဓားထဲသို့ တဖြည်းဖြည်း ထည့်သွင်းလိုက်ရာ ဓားသည် ပေါင်ချိန် တစ်သောင်းခန့် လေးလံသွားသကဲ့သို့ ဖြစ်သွားသည်။

သူသည် ဓားကို ချက်ချင်း ဆွဲမထုတ်ဘဲ စွမ်းအားများကို ဆက်လက် စုစည်းနေလေ၏။

နာရီဝက်ခန့် ကြာပြီးနောက်၊

"အခုပဲ"

ဟိုယွင်ကျဲ ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်၏။

"ချွင်.."

နားးစူရှသော ဓားမြည်သံသည်

မိုင်ပေါင်းများစွာသို့ ရိုက်ခတ်သွားသည်။ ငါးဖမ်းသမား အများအပြားသည် အသံလာရာသို့ လိုက်ကြည့်လိုက်ရာ အေးစက် အလင်းဓားသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဆွဲထုတ်ခံလိုက်ရ၏။ မျက်စိကျိန်းမတတ် အလင်းရောင်များ ထွက်ပေါ်လာကာ ကောင်းကင်မှ နေမင်းကြီးထက်ပင် ပိုမိုတောက်ပနေသည်ကို တွေ့မြင်လိုက်ကြရသည်။

ပြင်းထန်သော အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ဟိုယွင်ကျဲသည် မြစ်ရေပြင်ဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ (၁၀) မီတာကျော် ရှည်လျားသော လခြမ်း ပုံသဏ္ဌာန် ဓားချီသည် လေထုကို ခွင်းသွားတော့၏။ ရေပြင်တွင် မီတာ (၁၀၀) ရှည်လျားကာ မြစ်ကြမ်းပြင် မြင်ရသည် အထိ နက်ရှိုင်းသော တွင်းကြီး တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

“ဝုန်း…”

ရေလှိုင်းများ တဟုန်းဟုန်း ထကြွလာပြီး အသံမှာ နားကွဲလုမတတ်ပင်။

တင်းပိုင်ရွှယ်နှင့် အခြားသူများသည် မျက်လုံး ပြူးသွားကြပြီး မျက်လုံးများထဲတွင် အံ့ဩမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေ၏။

"ငါ လုပ်နိုင်ပြီ"

ဟိုယွင်ကျဲ အလွန် ဝမ်းသာသွားသည်။ သို့သော် ဓားကို ပြန်မသိမ်းနိုင်သေးခင်မှာပင် တစ်ကိုယ်လုံး အားကုန်ခန်းသွားပြီး ယိုင်လဲကာ ပြုတ်ကျမတတ် ဖြစ်သွားသည်။

"သတိထားပါ..." တင်းပိုင်ရွှယ်က ကပျာကယာ ပြေးလာပြီး ဟိုယွင်ကျဲကို တွဲထူလိုက်၏။

မြူခိုးတောင်ထိပ်တွင်၊

"တီ..တီ... အပြင်စည်းတပည့် ဟိုယွင်ကျဲသည် ဓားဆွဲထုတ်ခြင်း သိုင်းကွက် (အစပျိုးအဆင့်) ကို အောင်မြင်စွာ တတ်မြောက်ခဲ့သဖြင့် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ"

ယဲ့ဖုန်း အသိပေးချက်ကို ကြားလိုက်ရသဖြင့် အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

တစ်ချိန်တည်းမှာပင် အံ့ဩဖွယ်ရာ သတင်းအချက်အလက် တစ်ခု သူ၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး ယဲ့ဖုန်းအား ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို ချက်ချင်း တတ်မြောက်သွားစေကာ ပြီးပြည့်စုံသော အဆင့် သို့ တိုက်ရိုက် ရောက်ရှိသွားစေလေ၏။

"ယွင်ကျဲ... မင်း တကယ် မိုက်တာပဲကွာ"

သတင်းအချက်အလက်များကို ပေါင်းစပ်ပြီးနောက် ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် အောင်နိုင်သူ၏ အပြုံး တဖြည်းဖြည်း ပေါ်လာလေတော့သည်။

အခန်း (၁၄၆) - စမ်းချောင်းကို ဖြတ်တောက်လိုက်သော ဓား၊ နတ်ဆိုးသားရဲ ပြန်လည်နိုးထခြင်း

~ဟိုယွင်ကျဲသည် ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို ကိုယ်ပိုင် ဖန်တီးနိုင်ပြီးနောက် သူကိုယ်တိုင်လည်း ချက်ချင်း အောင်မြင်စွာ တတ်မြောက်နိုင်လိမ့်မည်ဟု ယဲ့ဖုန်း အစပထမတွင် မမျှော်လင့်ထားခဲ့ပေ။

"စနစ်... တပည့်တွေ ဖန်တီးလိုက်တဲ့ မန္တန်တွေကို ငါလည်း သုံးလို့ရလား" ယဲ့ဖုန်း စိတ်ထဲမှ နေ၍ မေးလိုက်လေ၏။

"ရပါတယ်" စနစ် က ဖြေကြားလိုက်၏။

"မင်းက တကယ် မိုက်တာပဲ" ယဲ့ဖုန်း စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်လေ၏။

သူသည် သစ်ကိုင်းခြောက် တစ်ချောင်းကို ကောက်ယူလိုက်ပြီး မြူခိုးတောထဲသို့ လျှောက်သွားလိုက်၏။ အဝေးမှ သစ်ပင် တစ်ပင်ကို စိုက်ကြည့်ရင်း ပြီးပြည့်စုံသော ဓားဆွဲထုတ်ခြင်း သိုင်းကွက်၏ အသေးစိတ် အချက်အလက်များကို စိတ်ထဲတွင် ပြန်လည် ပုံဖော်လိုက်လေ၏။

"ဓားဆွဲထုတ်ခြင်း သိုင်းကွက်ဆိုတာ တစ်ကိုယ်လုံးက ချီစွမ်းအင်တွေကို လက်ထဲက ဓားဆီ စုစည်းလိုက်တာပဲ။ သစ်သားဓားလေး ဖြစ်နေရင်တောင် ပေါင်ချိန် တစ်သောင်း လေးလံသလို ဖြစ်သွားပြီး ပတ်ဝန်းကျင် အရပ်ရပ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ဓားချီ ထွက်ပေါ်လာစေတယ်"

ယဲ့ဖုန်း ရေရွတ်ရင်း ဓားဆွဲထုတ်ရန် ဟန်ပြင်လိုက်၏။

"ပြီးတော့ အကြံပြုချက်တွေအရ ဝိညာဉ်စွမ်းအင် မရှိရင်တောင် သူရဲကောင်းဝိညာဉ် စွမ်းအားကို အစားထိုး သုံးလို့ရတယ်။ အာနိသင်က အတူတူပဲ"

ယဲ့ဖုန်း အားယူရန် ပြင်လိုက်သော်လည်း ပြန်လည်စဉ်းစားမိသဖြင့် မြူခိုး တောင်ထိပ်မှ ထွက်ခွာပြီး မြောက်ဘက် မိုင်ဆယ်ချီ ဝေးကွာသော ဖန်ဟွာမြစ်ကမ်းဘေးသို့ သွားရောက်ခဲ့လေ၏။

"ဒီမှာက လူသူပြတ်တယ်။ စွမ်းအားကြီးတဲ့ ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို သုံးရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ လုံခြုံပြီး သီးသန့်ဆန်တယ်"

ထိုသို့ တွေးတောပြီးနောက် ယဲ့ဖုန်းသည် လက်ထဲမှ သစ်ကိုင်းခြောက်ကို ပစ်ချလိုက်ကာ စနစ် နေရာလပ်အတွင်းမှ သာမန် သံဓားတစ်လက်ကို ထုတ်ယူလိုက်လေ၏။

ယဲ့ဖုန်း ခါးကို ကိုင်းလိုက်၏။ ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ကာ ညာလက်ဖြင့် ဓားရိုးကို ပြောင်းပြန်အနေအထားဖြင့် ဆုပ်ကိုင်လိုက်လေ၏။ သူ၏ အကြည့်များမှာ မီတာရာချီ ကျယ်ပြန့်သော ဖန်ဟွာမြစ်ကို စိုက်ကြည့်ရင်း လေးနက်နေပြီး သူရဲကောင်းဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သောအခါ သဘာဝတရားနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေ၏။

အနီးအနားတွင် ကျင့်ကြံသူ တစ်စုံတစ်ယောက် ရှိနေခဲ့ပါက ယဲ့ဖုန်းထံမှ မည်သည့်အသက်ရှူသံမျှ မကြားရဘဲ ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်နေသည်ကို သတိထားမိပေလိမ့်မည်။

“ရွှစ်…”

ယဲ့ဖုန်း၏ ချီစွမ်းအင် အထွတ်အထိပ် ရောက်ရှိသွားသော အခိုက်အတန့်၌ပင် သူ၏ သန်မာသော ခန္ဓာကိုယ်ကို အားပြုပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် ဓားကို ဆွဲထုတ်လိုက်လေ၏။

မမြင်ရသော ဓားချီတစ်ခု ထွက်ပေါ်လာပြီး အသံအရှိန်ထက် မြန်ဆန်သောကြောင့် စူးရှသော အသံကြီး ထွက်ပေါ်လာကာ ရေငွေ့များ ထွက်လာသည်ကိုပင် မြင်တွေ့နိုင်လေ၏။

နောက်တစ်ခဏ၌ ဖန်ဟွာမြစ်ကြီးသည် ဓားချီကြောင့် နှစ်ပိုင်းကွဲအက်သွားပြီး မီတာဆယ်ချီ နက်ရှိုင်းသော မြစ်ကြမ်းပြင်ကြီး ပေါ်ထွက်လာတော့သည်။

မြစ်ရေများ ကွဲထွက်သွားပြီး ယဲ့ဖုန်းရှိရာနေရာမှ တစ်ဖက်ကမ်းရှိ ယွင်ရှောင် တောအုပ်နက်ကြီးအထိ မီတာ (၁၀) ကျယ်ဝန်းကာ မီတာ (၁၀၀၀) ရှည်လျားသော လျှိုမြောင်ကြီး ဖြစ်ပေါ်သွားလေ၏။

"ဟူး..."

ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်မိ၏။

"ဝေါ..ဝေါ..".

ထိုအချိန်ကျမှ ကွဲအက်သွားသော ဖန်ဟွာမြစ်ရေများ ပြန်လည်ပေါင်းစည်းသွားပြီး ရေလှိုင်းများ ရိုက်ခတ်သံ၊ ရေစီးသံများ ဆူညံသွားတော့သည်။

ဖန်ဟွာမြစ် မြောက်ဘက်ကမ်း၊ ဓားချီကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် လျှိုမြောင်ဘေးတွင် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်အဆင့် ပုတ်သင်ညိုကြီး တစ်ကောင်သည် မြေကြီးပေါ်၌ တုန်ရီနေရှာလေသည်။

ယခုလေးတင် ၎င်းကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။ ဓားချီနှင့် မထိရုံတမယ် လွတ်မြောက်သွားခြင်း ဖြစ်ပြီး၊ သို့မဟုတ်ပါက ယခုလောက်ဆိုလျှင် အသားစများ ဖြစ်နေလောက်ပေပြီ။ ၎င်းသည် တောင်ဘက်ကမ်းရှိ လူရိပ်ရှည်ကြီးကို ကြောက်လန့်တကြား လှမ်းကြည့်လိုက်မိသည်။

"ဘုရားရေ... ကြောက်စရာ ကောင်းလိုက်တာ"

ပုတ်သင်ညိုကြီးသည် ယွင်ရှောင် တောအုပ်နက်ကြီးထဲသို့ ဒရောသောပါး လိမ့်ဆင်းပြေးသွားပြီး ဤနေရာတဝိုက်သို့ ဘယ်တော့မှ ပြန်မလာရဲတော့ပေ။

ဖန်ဟွာမြစ် တောင်ဘက်ကမ်းတွင်၊

ယဲ့ဖုန်းသည် ထွက်ပြေးသွားသော ပုတ်သင်ညိုကြီးကို သတိမထားမိဘဲ တစ်ဖက်ကမ်းတွင် ဖြစ်ပေါ်သွားသော လျှိုမြောင်ကြီးကို ကြည့်ကာ ထုံထိုင်းနေမိသည်။

"တကယ်ပဲ အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"

ယဲ့ဖုန်း တံတွေးမြိုချလိုက်မိသည်။ ပြီးပြည့်စုံသော ဓားဆွဲထုတ်ခြင်း သိုင်းကွက်သည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သူ၏ ချီစွမ်းအင်ကို ဖိသိပ်ပြီး ပုံမှန်ထက် (၁၀) ဆကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်လိုက်နိုင်ခြင်း ဖြစ်သည်။

ဤစွမ်းအားသည် ပဉ္စမအဆင့် မန္တန် ထက် မလျော့နည်းပေ။

"ကံကောင်းလို့ ငါ့ခန္ဓာကိုယ်က သန်မာနေတာ။ တခြားလူသာဆိုရင် ဒီစွမ်းအားကို အကုန်ထုတ်သုံးနိုင်မှာ မဟုတ်ဘူး"ဟု ယဲ့ဖုန်း သူ့ဘာသာ မှတ်ချက်ပြုလိုက်လေ၏။

ဤဓားချက်သည် ကြောက်မက်ဖွယ် ကောင်းသော်လည်း သူရဲကောင်းဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားပြီး ဖြည်းညှင်းစွာ ပြန်လည် ပြည့်ဖြိုးနေသည်ကို တွေ့လိုက်ရသည်။ ဤနှုန်းအတိုင်းဆိုပါက အပြည့်ပြန်ဖြစ်ရန် အနည်းဆုံး တစ်နာရီခန့် ကြာမြင့်ပေလိမ့်မည်။

"တစ်နာရီ Cool down ပေါ့လေ"

ယဲ့ဖုန်း ရေရွတ်ရင်း မိုင်ဆယ်ချီ ဝေးကွာသော မြူခိုးတောင်ထိပ်ကို လှမ်းကြည့်ပြီး မည်သို့ ပြန်ရမည်ကို စဉ်းစားလိုက်လေ၏။

"သိပြီ"

ယဲ့ဖုန်းသည် သံဓားကို သိမ်းဆည်းလိုက်၏။ တဆက်တည်း၌၊ ဒူးကွေးပြီး အားကုန်သုံးကာ ခုန်တက်လိုက်ရာ မြေကြီး ချိုင့်ဝင်သွားပြီး အက်ကွဲကြောင်းများ မီတာဆယ်ချီ ပြန့်ကားသွားလေ၏။ သူ၏ ခန္ဓာကိုယ်သည် လှံတံတစ်ချောင်း ပစ်လွှတ်လိုက်သကဲ့သို့ ကောင်းကင်ပေါ် ထိုးတက်သွားပြီး ပါရာဘိုလာ ပုံစံဖြင့် ပြန်ကျလာလေ၏။

[ Cool down -ဂိမ်းအသုံးအနှုန်းပါ။ Skill တစ်ခုကို သုံးပြီးသွားရင် နောက်တစ်ခါ ထပ်သုံးဖို့ စောင့်ရတဲ့ "ကြာချိန်၊ စွမ်းအားပြန်ပြည့်ချိန်" ပေါ့။

ဒီနေရာမှာ ယဲ့ဖုန်းက ဓားပျံစီးလို့ရတဲ့ အထူးစွမ်းရည်တစ်ခုခုကို သုံးလိုက်လို့ နောက်တစ်ခါထပ်သုံးဖို့ ၁ နာရီ စောင့်ရမှာမို့လို့ ဓားနဲ့ မပျံနိုင်ဘဲ Hulk ကြီးလို ခုန်ပြီး ပြန်ရတဲ့သဘောပါ။

Parabola - ပါရာဘိုလာ (ရူပဗေဒ)

ဆိုတာကတော့ ပစ္စည်း တစ်ခုကို လေထဲ မြှောက်လိုက်ရင် တက်သွားပြီး ပြန်ကျလာတဲ့ "သက်တံကွေးပုံစံ လမ်းကြောင်း" ကို ခေါ်တာပါ။ သာမန် တန်ခိုးရှင်တွေလို လေပေါ်မှာ ဝဲပျံသွားတာမျိုး မဟုတ်ဘဲ၊ ကို မြင်သာအောင် ပြောရရင် ကျောက်ခဲ တစ်လုံးကို ပစ်လိုက်သလို အပေါ်တက်သွားလိုက်၊ အကွေးပုံစံနဲ့ အောက်ပြန်ပြုတ်ကျလိုက် ခုန်သွားတာပါ။ ]

ခုန်ပျံမှု အနည်းငယ် ပြုလုပ်ပြီးနောက် ယဲ့ဖုန်း မြူခိုးတောင်ထိပ်အနီးသို့ ရောက်ရှိလာခဲ့သည်။

"သူရဲကောင်းဝိညာဉ်စွမ်းအား မသုံးဘဲ သွားတာက ပိုတောင်မြန်သေးတယ်" ယဲ့ဖုန်းသည် ဖန်ဟွာမြစ်ဘက်ကို ပြန်ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်လေ၏။ ခုန်ချက် တစ်ချက်ဖြင့် မီတာ (၇၀၀) မြင့်သော တောင်ထိပ်သို့ ရောက်ရှိသွားပြီး အနားယူရန် လှဲချလိုက်တော့သည်။

*

ရေပေါ်ဖြူမြို့တော် အနောက်ဘက်၊ မိုင်တစ်ရာကျော် အကွာတွင်၊

ဝတ်ရုံနက် ဝတ်ဆင်ထားသော လူတစ်ယောက် ရောက်ရှိလာပြီး တောင်ကုန်းသဖွယ် မို့မောက်နေသော မြေပုံကြီးကို ကြည့်လိုက်လေ၏။

"နောက်ဆုံးတော့ တွေ့ပြီ"

"ဒီဂူပိုင်ရှင်က သက်ရှိထင်ရှား ရှိစဉ်တုန်းက 'ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်' ရှိတဲ့ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက်လို့ ပြောကြတယ်။ သေဆုံးတာ ကြာပြီ ဆိုပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ ဝါးမြိုစရာ စွမ်းအားတွေ အများကြီး ကျန်နေဦးမှာပဲ"

ဆိုဟွန်းကျန်းရန်သည် စပ်ဖြီးဖြီး ပြုံး လိုက်လေ၏။ တဆက်တည်း၌၊ လက်ညှိုးဖြင့် ထိုးလိုက်ရာ ဂူပွင့်သွားပြီး အတွင်းထဲမှ ယန္တရားများ ပေါ်ထွက်လာ၏။ သူသည် လက်ဝါးတစ်ချက်တည်းဖြင့် အကုန်ဖျက်ဆီးပစ်လိုက်ပြီး (၁၀) မီတာ ရှည်လျားသော ခေါင်းတလားကြီးကို တူးထုတ်လိုက်လေ၏။

"ပွင့်စမ်း"

ဆိုဟွန်းကျန်းရန် သည် ခေါင်းတလားကို ရိုက်ခွဲလိုက်ရာ အတွင်းထဲမှ အဓိက ခေါင်းတလား ပေါ်ထွက်လာသည်။ ဖွင့်ကြည့်လိုက်သော် နှစ်ပေါင်းရာချီ ကြာမြင့်ပြီ ဖြစ်သော်လည်း ပကတိအတိုင်း ရှိနေသေးသည့် အဘိုးအို ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရလေ၏။

"'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ရဲ့ ခန္ဓာကိုယ်က 'စစ်မှန်သော မူလစွမ်းအင်' နဲ့ ပြုပြင်ထားတာလေ။ ပုံမှန်ဆိုရင် နှစ်ထောင်ချီ ထားရင်တောင် ပုပ်သိုးမှာ မဟုတ်ဘူး။ 'နတ်ဆိုးသားရဲ' ကို အစာကျွေးပြီး အဆင့်မြှင့်ဖို့ ကွက်တိပဲ"

ဆိုဟွန်းကျန်းရန် သည် ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ရေရွတ်လိုက်၏။

ထို့နောက်၊ သူ ပါးစပ်ဟလိုက်သည့်

အခိုက်အတန့်ဝယ်၊ လက်မအရွယ်အစား ရှိသော အနက်ရောင် 'ရတနာပုလဲ' တစ်လုံးကို ထွေးထုတ်လိုက်ရာ အဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။ အဘိုးအို၏ ခန္ဓာကိုယ်သည် သိသိသာသာ ခြောက်သွေ့သွားပြီး နောက်ဆုံးတွင် ပြာပုံအဖြစ် ပြောင်းလဲသွားတော့သည်။

ခေါင်းတလား အလယ်တွင်မူ ခေါင်းအရွယ်အစားခန့် ကြီးထွားလာသော အနက်ရောင် အလုံးကြီးတစ်ခု ကျန်ရစ်ပြီး နက်ရှိုင်းကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်ပေါ်နေလေ၏။

ဆိုဟွန်းကျန်းရန် သည် ဘောလုံးကြီးကို မျက်နှာကပ်ပြီး ကြည့်လိုက်ရာ အတွင်းထဲတွင် ထူးဆန်းသော သတ္တဝါတစ်ကောင် ကြီးထွားလာပြီး လူပုံသဏ္ဌာန် ပြောင်းလဲလာသည်ကို တွေ့မြင်လိုက်ရ၏။

“ဂျွတ်…”

အနက်ရောင် အလုံးကြီး အတွင်းမှနေ၍ ကွဲထွက်သွားပြီး တစ်ပေခန့် မြင့်မားသော သတ္တဝါတစ်ကောင် ထွက်ပေါ်လာသည်။ လူပုံစံ ရှိသော်လည်း ခေါင်းမှာ ကိုယ်ခန္ဓာ၏ သုံးပုံနှစ်ပုံခန့် ကြီးမားနေလေ၏။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ၎င်း၏ မျက်လုံးများသည် ပါးစပ်ထဲတွင် ရောက်ရှိနေခြင်းပင် ဖြစ်သည်။

"အဆင့်နိမ့် 'နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်' ပါလား"

ဆိုဟွန်းကျန်းရန် သည် 'နတ်ဆိုးသားရဲ' ၏ အရှိန်အဝါကို အာရုံခံမိပြီး အဘိုးအို၏ အုတ်ဂူပေါ်တွင် ပျော်လွန်း၍ ကခုန်လိုက်လေ၏။ ထို့နောက် ရက်စက်သော မျက်နှာထားဖြင့် ရေပေါ်ဖြူမြို့တော် ဘက်ကို ညွှန်ပြလိုက်၏။

"ရေပေါ်ဖြူမြို့တော်ကို သွား... ဟို အနှောင့်အယှက်ပေးနေတဲ့ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' (၅) ယောက်ကို သတ်ပစ်။ မြို့စားအိုကြီးကို ဂူအောင်းရာကနေ ထွက်လာအောင် လုပ်။ အဲဒီကျရင် ငါက အနောက်ကနေ လုပ်ကြံမယ်။ ဒါဆိုရင် အာဏာလုပွဲက တစ်ပွဲတည်းနဲ့ ပြီးသွားပြီ"

"ဝါး..."

'နတ်ဆိုးသားရဲ' သည် ပါးစပ်ဖွင့်လိုက်လေ၏။ ခြေတိုလေးများဖြင့် ပြေးလွှားလိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် မီတာ (၁၀၀) ရောက်ရှိသွားပြီး ရေပေါ်ဖြူမြို့တော်ဆီ ဦးတည်သွားလေ၏။

"ငတုံး... မင်း ပျံလို့ ရတယ်လေဟ"

ဆိုဟွန်းကျန်းရန် က အော်ဆဲလိုက်လေ၏။

ထိုအခါမှ 'နတ်ဆိုးသားရဲ' သည် လေထဲသို့ ပျံတက်သွားပြီး အနက်ရောင် ဥက္ကာခဲ တစ်လုံးအလား ရေပေါ်ဖြူ မြို့တော်ဆီသို့ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။

ဆိုဟွန်းကျန်းရန်လည်း ကျေနပ်စွာဖြင့် နောက်မှ လိုက်ပါသွားလေ၏။ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားပြီး အရိပ်ထဲတွင် ပုန်းခိုကာ မြို့စားအိုကြီး ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။

—--

ရေပေါ်ဖြူမြို့တော် အနောက်ဘက်။

ဤနေရာသည် နီရှန်နန်းတော်၏ ပိုင်နက် ဖြစ်ပေသည်။

ယခုအချိန်၌ နီရှန်နန်းတော်သခင်မသည် နန်းတော်ခေါင်မိုးပေါ်တွင် ရပ်လျက် အနောက်ဘက် မြို့တံခါးကို စိတ်မသန့်စွာ ကြည့်ရှုနေလေ၏။

"သခင်မ... စိတ်ညစ်စရာ ရှိလို့လား" သစ်သားတုတ်ကောက်ကို ကိုင်ဆောင်ထားသော အဘွားအို တစ်ယောက်က အနောက်မှ နေ၍ မေးလိုက်၏။

"... ဒီနေ့ ကျွန်မ.. စိတ်ထဲ တမျိုးကြီးပဲ။ ကိစ္စကြီး တစ်ခုခု ဖြစ်တော့မလို ခံစားနေရတယ်" နီရှန်နန်းတော် သခင်မသည် ရင်ဘတ်ကို ဖွဖွလေး ပုတ်ရင်း ပြောလိုက်၏။ ရုတ်တရက် အနက်ရောင် အစက်အပြောက်လေး တစ်ခုကို လှမ်းမြင်လိုက်ရလေ၏။

သေချာ မကြည့်ရသေးမီမှာပင် ထိုအစက်အပြောက်လေးသည် လျင်မြန်စွာ ကြီးထွားလာပြီး အနောက်ဘက် မြို့တံခါးကို အဟုန်ပြင်းစွာ ဝင်တိုက်ကာ ရှေးဟောင်းလမ်းမကြီးပေါ် ဆင်းသက်လိုက်လေ၏။

"ဟီး..."

ဟိန်းညံသော အူသံကြီး ပျံ့နှံ့သွားလေ၏။

ချက်ချင်းဆိုသလို (၅) မီတာခန့် မြင့်မားသော အနက်ရောင် 'နတ်ဆိုးသားရဲ' ကြီး ပေါ်ထွက်လာပြီး ပါးစပ်အကြီးကြီးကို ဖွင့်ကာ အနီးနားရှိ လမ်းသွားလမ်းလာများကို တစ်လုပ်တည်း ဝါးစားလိုက်တော့သည်။

ပြင်းထန်သော အရှိန်အဝါသည် လေလှိုင်းတစ်ခုအလား မြို့တစ်မြို့လုံးကို ရိုက်ခတ်သွားပြီး နေရာအနှံ့ လွှမ်းခြုံသွားတော့သည်။

အခန်း (၁၄၇) - ရေပေါ်ဖြူမြို့တော် ကမောက်ကမဖြစ်ခြင်း၊ မြို့စားမင်းကြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာခြင်း

~"နတ်ဆိုးကောင်... ရိုင်းစိုင်းလွန်းတယ်"

နီရှန်နန်းတော် သခင်မသည် ဦးစွာ ပျံသန်း ရောက်ရှိလာပြီး သူမ၏ မျက်နှာထားမှာ လေးနက် တည်ကြည်နေ၏။ အဝေးမှနေ၍ နတ်ဆိုးသားရဲကို လက်ဝါးဖြင့် ရိုက်ပစ်လိုက်လေ၏။

လေပြင်းများ တိုက်ခတ်လာပြီး သဘာဝ ဝိညာဉ်စွမ်းအင်များသည် (၁၀) မီတာကျော် ရှည်လျားသော လက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြန်ဆန်စွာပင် နတ်ဆိုးသားရဲကို အဟုန်ပြင်းစွာ ပစ်လွှင့်လိုက်ရာ မြို့ရိုးကို ဝင်တိုက်မိပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ ထို့နောက် မြို့ပြင်ရှိ မြေကွက်လပ်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေ၏။

အနီးနားရှိ အရပ်သားများသည် နီရှန်နန်းတော်သခင်မကို မြင်လိုက်ရသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ချီးမွမ်းလိုက်ကြ၏။

"နန်းတော်သခင်မက တန်ခိုးကြီးပါပေတယ်"

"အင်မော်တယ်က အရမ်းမိုက်တာပဲ"

"ဘုရားရေ... ကြမ်းလိုက်တာ"

"ဓာတ်ကြီးငါးပါး ချုပ်နှောင်ခြင်း ကြိုးများ"

နီရှန်နန်းတော်သခင်မသည် လူအုပ်ကြီးကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူမ၏ လက်များသည် မရပ်မနား မန္တန် ရေးဆွဲနေပြီး ဤဒုတိယအဆင့် မန္တန်ကို အသက်သွင်းလိုက်ရာ လက်ဝါးမှ ရောင်စုံကြိုးငါးချောင်း ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲကို ရစ်ပတ်ချုပ်နှောင်လိုက်လေ၏။

နတ်ဆိုးသားရဲသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ်ခန္ဓာကို (၁၀) မီတာ အမြင့်ထိ ကြီးထွားလာစေကာ ဓာတ်ကြီးငါးပါး ချုပ်နှောင်ခြင်း ကြိုးများကို ဖြတ်တောက်လိုက်လေ၏။ ပိုမိုပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။

"သူ့ခွန်အားတွေ တိုးလာတာလား" နီရှန်နန်းတော်သခင်မ ကျောချမ်း သွားလေ၏။

"ဓာတ်ကြီးငါးပါး ချုပ်နှောင်ခြင်း ကြိုးများ" သည် သူမ၏ အစွမ်းထက်ဆုံး မန္တန်ဖြစ်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် ရှိသူများပင် လွတ်မြောက်ရန် ခက်ခဲလှသည်။ သို့သော် နတ်ဆိုးသားရဲသည် ကိုယ်ခန္ဓာကို အဆပေါင်းများစွာ ကြီးထွားစေရုံဖြင့် ကြိုးများကို ဖြတ်တောက်နိုင်ခဲ့လေ၏။

*

ထိုအချိန်၊ မြို့စားအိမ်တော်ဝယ်၊

"အနောက်ဘက် မြို့တော်မှာ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် သောင်းကျန်းနေတယ်။ အမြန်သွားကြ"

ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့သည် လက်ဖက်ရည်သောက်ရန် အချိန်မရှိတော့ဘဲ ကောင်းကင်သို့ ကပျာကယာ ပျံတက်သွားကြ၏။ အနောက်ဘက် မြို့တော်ရှိ ကြီးမားပြီး ထူးဆန်းသော ပုံရိပ်ကို မြင်လိုက်ရသဖြင့် သူတို့ ထိတ်လန့်သွားကြ၏။ ယင်း၏ အရှိန်အဝါသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

"ငှက်မွှေးဂိုဏ်းချုပ်၊ ဓားသိုင်းအရှင်ဂိုဏ်းချုပ်... အနောက်ဘက် မြို့တော်ကို အမြန်ဆုံး လာကူညီကြပါ"

ဒုတိယမြို့စားမင်း အော်ဟစ်လိုက်ရာ သူ၏ အသံသည် မြို့တစ်မြို့လုံးသို့ ပဲ့တင်မြည်ဟိန်သွားလေ၏။

အခြားနေရာများတွင် ရောက်ရှိနေသော ငှက်မွှေးဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်းချုပ်တို့သည် ချက်ချင်း ထွက်ခွာလာပြီး အနောက်ဘက် မြို့တော်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာကြ၏။

"ဒုက္ခပဲ..."

"နတ်ဆိုးဗိုလ်ချုပ် ဝင်လာပြီဟေ့... ပြေးကြ"

"ဘာလို့ လန့်နေကြတာလဲ။ ဒုတိယမြို့စားမင်းနဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်တွေ ရောက်နေပြီပဲ... ပြေးစရာ မလိုပါဘူး"

"ဒါဆို မင်းပဲ နေခဲ့ပြီး သေမယ့် အချိန် စောင့်နေလိုက်တော့"

မြို့သူမြို့သားများကြားတွင် ပရမ်းပတာ ဖြစ်ကုန်ကြ၏။ အချို့က တည်ငြိမ်နေပြီး ခေါင်မိုးပေါ်တက်ကာ လက်ဖက်ရည်သောက်ရင်း တိုက်ပွဲကို ကြည့်ရှုနေကြ၏။ သို့သော် လူအများစုမှာ ပစ္စည်းများကို ကောက်ယူပြီး ကြောက်အားလန့်အားဖြင့် ထွက်ပြေးနေကြလေ၏။

မြူခိုးတောင်ထိပ်တွင်၊

ယဲ့ဖုန်းသည် ချောက်ကမ်းပါးစွန်းတွင် ရပ်လျက် မိုယင်နှင့် တပည့်တစ်ဒါဇင်ကျော် ခြံရံထားပြီး အနောက်ဘက် မြို့တော်ကို လှမ်းကြည့်နေလေ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ မသွားဘူးလား" ရှီလေ့ မေးလိုက်၏။

"မင်းတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ သွားလည်း အပိုပဲ" ယဲ့ဖုန်းက ခေါင်းခါလိုက်၏။

"ငါ သွားကြည့်လိုက်မယ်။ မင်းတို့ ဝေးဝေးမှာ နေကြ"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် အနောက်ဘက် မြို့တော်ကို ပစ်မှတ်ထားပြီး အားကုန်သုံးကာ ခုန်လိုက်လေ၏။

"အုန်း"

အသံလှိုင်းကြောင့် တပည့်အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သတိပြန်ဝင်လာချိန်တွင် ယဲ့ဖုန်းသည် အစက်အပြောက်လေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေပေါ်ဖြူမြို့တော်၏ အရှေ့ဘက် မြို့တံခါးပြင်သို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

"ဝါး..."

အစ်ကိုကြီး ခေါင်းပြား သည် မကျေမနပ် အော်ဟစ်လိုက်၏။ "ရန်ပွဲစတာ ငါ့ကို မခေါ်ဘူး... တရားမမျှတဘူး" ဟု ပြောနေသကဲ့သို့ ရှိသည်။ ထို့နောက် အနီရောင် ပန်းထိုး ဝမ်းဗိုက်စည်း အကြီးစားကြီးကို ဝတ်ဆင်ကာ ရေပေါ်ဖြူမြို့တော်ဆီသို့ မှောက်လျက် အနေအထားဖြင့် ပျံသန်းသွားလေ၏။

"အစ်ကိုကြီး ခေါင်းပြား သွားပြီဟေ့"

"ငါတို့လည်း လိုက်သွားမယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေကို ကူညီပေးလို့ ရတာပေါ့"

"သွားကြစို့"

တပည့်အားလုံး လှုပ်ရှားလိုက်ကြ၏။

ထိုအချိန်တွင် ဟိုယွင်ကျဲသည် နန်လု တောင်တန်းအထက်တွင် ဓားစီးလျက် ပျံသန်းနေပြီး ရေရွတ်လိုက်၏။ "ငါ ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို နောက်ဆုံးတော့ တတ်မြောက်ခဲ့ပြီ။ ဂိုဏ်းချုပ်ဦးလေး ပျော်သွားအောင် သတင်းကောင်း သွားပြောရမယ်"

*

ရေပေါ်ဖြူ မြို့တော် အနောက်ဘက် မြို့တော် အပြင်ဘက်ဝယ်၊

နတ်ဆိုးသားရဲသည် (၁၅) မီတာ အမြင့်ထိ ကြီးထွားလာပြီး ပါးစပ်ဖွင့်ကာ သက်ပြင်းများ မှုတ်ထုတ်လိုက်၏။ အေးစက်သော မျက်လုံး တစ်လုံးဖြင့် ရောက်ရှိလာသော ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများကို ကြောက်ရွံ့ခြင်း အလျဉ်း မရှိဘဲ စိုက်ကြည့်နေလေ၏။

မြို့ပြင် တောအုပ်ထဲတွင်၊

ဆိုဟွန်းကျန်းရန် သည် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ထားပြီး ကန့်လန့်ဖြတ် ပေါက်နေသော သစ်ပင် တစ်ပင်ပေါ်တွင် လက်နောက်ပစ်ကာ ရပ်နေလေ၏။

"နတ်ဆိုးသားရဲက ဒေါသထွက်လေ ပိုကြီးထွားပြီး ပိုသန်မာလေပဲ။ မင်းတို့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ငါးယောက် ပေါင်းတိုက်ရင်တောင် အလကားပဲ"

ပြောပြီးသည်နှင့် ဆိုဟွန်းကျန်းရန်က မြူခိုးတောင်ထိပ် ရှိရာဘက်သို့ မျှော်ကြည့်လိုက်၏။

"မြူခိုးဂိုဏ်းရဲ့ ဝင်္ကပါတွေက သန်မာပေမယ့် အပြင်ကို သယ်ထုတ်လာလို့မှ မရတာ။ ယဲ့ဖုန်း ရောက်လာရင်တောင် အသုံးမဝင်ပါဘူး။ မြို့စားအိုကြီး ထွက်လာတာနဲ့ ငါ ချက်ချင်း လုပ်ကြံသတ်ဖြတ်လိုက်မယ်။ အဲဒီကျရင် ရေပေါ်ဖြူမြို့တော် တစ်ခုလုံး ငါ့လက်ထဲ ရောက်ပြီပဲ.."

မူလက ဆိုဟွန်းကျန်းရန် သည် ဆက်လက်ပုန်းအောင်းနေရန် စီစဉ်ထားခဲ့သည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က နတ်ဆိုးသားရဲ၏ အခွံ တစ်ခုကို တွေ့ရှိခဲ့ပြီး အောင်မြင်စွာ ပြုပြင်နိုင်ခဲ့ကာ သွေးအဆီအနှစ် များစွာကို ဝါးမြိုပြီးနောက် အလွန် စွမ်းအားကြီးလာခဲ့သည်။ ထို့ကြောင့်သာ ရေပေါ်ဖြူမြို့တော်ကို တိုက်ခိုက်ရန် ယုံကြည်မှု ရှိလာခြင်း ဖြစ်၏။

ထိုအချိန်တွင် ဒုတိယမြို့စားမင်း၊ လုရှန်ယွဲ့၊ နီရှန်နန်းတော်သခင်မ၊ ငှက်မွှေးဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်းချုပ်တို့သည် လေထဲတွင် ယှဉ်တွဲရပ်နေကြ၏။ မြေပြင်ပေါ်တွင် ဟိန်းဟောက်နေသော နတ်ဆိုးသားရဲကို ကြည့်ကာ သူတို့..မျက်မှောင်ကြုတ်နေကြ၏။

"ဒုတိယမြို့စားမင်း... မြို့စားမင်းကြီးကို သွားပင့်သင့်တယ်။ ဒီနတ်ဆိုးသားရဲကို ကျွန်မတို့ နိုင်မယ် မထင်ဘူး" နီရှန်နန်းတော်သခင်မ လေးနက်စွာ ပြောလိုက်၏။

"မြို့စားမင်းကြီးက တံခါးပိတ်ကျင့်ကြံနေတာလေ။ သူအလိုလို နိုးထမလာမချင်း ကျုပ်တို့ သွားနှောင့်ယှက်လို့ မရဘူး" ဒုတိယမြို့စားမင်း ပြတ်သားစွာ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ အခြားသူများ၏ မျက်နှာ မဲ့သွားကြ၏။

"ဂီး..."

နတ်ဆိုးသားရဲသည် လူအုပ်ကြီး စကားဆက်ပြောရန် မစောင့်တော့ဘဲ လည်ပင်းကို လှည့်ကာ စူးရှစွာ ဟိန်းဟောက်လိုက်ပြီး တိုက်ပွဲထဲသို့ ဝရုန်းသုန်းကား ဝင်ရောက်လာလေ၏။

"ပြိုင်တူ တိုက်ခိုက်ကြစို့"

ဒုတိယမြို့စားမင်းသည် အလယ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သော ဓားပျံတစ်လက်ကို ထုတ်ယူလိုက်၏။ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ အရိုးခိုက်မတတ် အေးစက်သော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။

"ဒေါသတကြီး ခုတ်ပိုင်းခြင်း" ဓားသိုင်းအရှင်ဂိုဏ်းချုပ်သည် (၂) မီတာ ရှည်လျားသော ဓားကြီးကို ဝှေ့လျက် မီတာ (၁၀၀) အရှည်ရှိ ဓားချီ တစ်ခု ဖော်ဆောင်လိုက်၏။

ငှက်မွှေးဂိုဏ်းချုပ်သည် လက်နှစ်ဖက်ဖြင့် မန္တန် ရေးဆွဲလိုက်ရာ သူ့နောက်တွင် တောက်ပသော အမွေးအတောင် များစွာ ပေါ်လာပြီး အမွေးအတောင်ဓားများအလား လေထုကို ဖြတ်သန်းကာ တိုက်ခိုက်လိုက်၏။

လုရှန်ယွဲ့သည် ဓားသိုင်းကွက်ကို အသုံးပြုပြီး ဓားအလင်းတန်းဖြင့် ခုတ်ပိုင်းလိုက်ရာ အရှိန်အဟုန် ပြင်းထန်လှသည်။

နီရှန်နန်းတော်သခင်မလည်း "ဓာတ်ကြီးငါးပါး ချုပ်နှောင်ခြင်း ကြိုးများ" ကို ထပ်မံ ဖန်တီးရင်း နတ်ဆိုးသားရဲကို ရစ်ပတ်ချုပ်နှောင်လိုက်လေ၏။

"အုန်း"

ငါးဦး၏ တိုက်ခိုက်မှုများသည် တပြိုင်နက်တည်း ကျရောက်သွားပြီး နတ်ဆိုးသားရဲကို ထိမှန်သွားသော်လည်း သွေးထွက်ရုံသာ ဖြစ်စေပြီး သိသာထင်ရှားသော ဒဏ်ရာ မရရှိပေ။ သို့သော် အနက်ရောင် မြူခိုးတိမ်တိုက် တစ်ခု လွှမ်းခြုံသွားသည်နှင့် နတ်ဆိုးသားရဲ၏ ဒဏ်ရာများ ပြန်လည် ကောင်းမွန်သွားပြီး (၂၀) မီတာ အမြင့်ထိ ကြီးထွားလာလေ၏။

၎င်း၏ အရှိန်အဝါသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် နီးပါး ရောက်ရှိသွားသည်။

"ဟွန်း၊ ငတုံးအုပ်စု... နတ်ဆိုးသားရဲကို ချက်ချင်း မသတ်နိုင်ရင် ဒေါသထွက်လေ ပိုသန်မာလေ ဖြစ်လာမှာပေါ့ဟ။ ငါတောင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်တော့မှာ" ဆိုဟွန်းကျန်းရန် အရိပ်ထဲမှနေ၍ မထီမဲ့မြင်ကဲ့ရဲ့လိုက်၏။

ဒေါသကြောင့် စွမ်းအားတိုးလာခြင်းတွင် အကန့်အသတ် ရှိကြောင်း သူ သိသော်လည်း ထိုအကန့်အသတ်က ဘယ်လောက်လဲ ဆိုတာကိုမူ သူကိုယ်တိုင်ပင် မသိပေ။ သူ သိသည်မှာ သူ အားကုန်သုံးတိုက်လျှင်ပင် နတ်ဆိုးသားရဲကို သတ်နိုင်မည် မဟုတ်ခြင်းပင်။

"ဝါး..."

အဖွဲ့လိုက် တိုက်ခိုက်မှုကို ချေမှုန်းပြီးနောက် နတ်ဆိုးသားရဲသည် ခြေတိုလေးများဖြင့် အားကုန်တွန်းကန်လိုက်ပြီး ဒုတိယမြို့စားမင်းနှင့် အခြားသူများထံသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကာ သူတို့အား ကိုင်ပေါက်ချလိုက်လေ၏။

သူတို့တစ်ဦးစီသည် အဆောက်အအုံ များစွာကို ဝင်တိုက်မိပြီး အပျက်အစီးပုံများအောက်သို့ ရောက်ရှိသွားကြ၏။

"အဖ..."

ဒုတိယမြို့စားမင်းနှင့် အခြားသူများသည် ပြိုင်တူ သွေးအန်ချလိုက်ရ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ဖြစ်ကြသော်လည်း ဤမျှ ပြင်းထန်သော ရိုက်ခတ်မှုကို ကြာရှည် တောင့်ခံနိုင်စွမ်း မရှိကြပေ။

မီတာရာချီ အကွာအဝေးတွင်၊

ယဲ့ဖုန်းသည် မျှော်စင်တစ်ခုပေါ်တွင် ရပ်လျက် နတ်ဆိုးသားရဲကို စောင့်ကြည့်နေသည်။ သူသည် "ကင်းထောက်ခြင်း" လုပ်ဆောင်ချက်မှ တဆင့် အသေးစိတ် အချက်အလက်များကို ရယူလိုက်၏။

[အမျိုးအစား - နတ်ဆိုးသားရဲ]

[အဆင့် - အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်]

[သခင် - ဆိုဟွန်းကျန်းရန် ]

[မှတ်ချက် - ဒေါသထွက်ခြင်းဖြင့် စွမ်းအားကို ယာယီ မြှင့်တင်နိုင်သည် (မန္တန်များကို ဖြိုခွင်းနိုင်သည်)။ ထိန်းချုပ်မရသော အပြုအမူများကြောင့် သခင်နှင့် (၁၀) မိုင် အချင်းဝက်အတွင်းမှ ထွက်ခွာ၍ မရပါ။]

"မန္တန်များကို ဖြိုခွင်းနိုင်သည်" ဟူသော စာသားကို မြင်လိုက်ရသော်လည်း ယဲ့ဖုန်း ဝမ်းမသာပေ။ မှတ်ချက်၏ နောက်ပိုင်းကို သတိပြုမိလိုက်၏။ သူသည် ဆိုဟွန်းကျန်းရန် ရှိရာ နေရာကို ရှာဖွေရန် ပတ်ဝန်းကျင်ကို လေးနက်စွာ ကြည့်ရှုလိုက်၏။

ဆိုဟွန်းကျန်းရန် ကို သတိထားနေရသောကြောင့် ယဲ့ဖုန်း ချက်ချင်း မလှုပ်ရှားသေးခြင်း ဖြစ်သည်။

"ငါ့ရဲ့ သူရဲကောင်းဝိညာဉ်စွမ်းအားတွေ အပြည့် ပြန်ဖြစ်နေပြီ။ ဒါပေမဲ့ ဓားဆွဲထုတ်ခြင်း သိုင်းကွက်ကို သုံးလိုက်တိုင်း Cool-down

(တစ်နာရီကြာ အနားယူရတာ) ရှိတယ်။ ဒီသိုင်းကွက်ကို နောက်မှ သုံးဖို့ ချန်ထားရမယ်။ လွယ်လွယ် မသုံးသင့်ဘူး" ဟု ယဲ့ဖုန်း တွက်ဆလိုက်၏။

ကောင်းကင်ယံ အမြင့်တွင်၊

ဆိုဟွန်းကျန်းရန် သည် တိမ်တိုက်များပေါ်တွင် ရပ်လျက် အောက်သို့ စီးမိုးကြည့်လိုက်၏။

"ရေပေါ်ဖြူမြို့စားမင်း... မင်းသာ ထွက်မလာရင် မင်းရဲ့ လက်အောက်ငယ်သားတွေ သေကုန်လိမ့်မယ်။ နတ်ဆိုးသားရဲ အဆင့်ချိုးဖြတ်တက်ရောက်ဖို့ အစာတွေ ဖြစ်ကုန်လိမ့်မယ်။ အဲဒီကျရင် မင်း ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်ကို ရောက်သွားရင်တောင် အသုံးဝင်တော့မှာ မဟုတ်ဘူး"

"ဂျိန်း"

ထိုအချိန်တွင် ကောင်းကင်ကြီး ပြောင်းလဲသွားသည်။

ရေပေါ်ဖြူမြို့စားအိမ်တော် နောက်ကျောဘက်ရှိ တောင်တန်းများအထက်တွင် မိုးခြိမ်းသံများ ဆူညံသွားပြီး တိမ်တိုက်များ မိုင်ဆယ်ချီ ဖုံးလွှမ်းသွားကာ မိုးသည်းထန်စွာ ရွာသွန်းတော့မည့်အလား ဖြစ်ပေါ်လာလေ၏။

"မြို့စားမင်းကြီး ထွက်လာပြီ"

"ဒါ အထောက်အကူပြု ကျင့်စဉ် 'မိုးကြိုးအမြန်နှုန်း သိုင်း' တတိယအဆင့် ပြည့်ဝသွားတဲ့ လက္ခဏာပဲ။ ကြည့်ရတာ မြို့စားမင်းကြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်ကို ရောက်တော့မယ် ထင်တယ်"

မြို့လယ်ခေါင်ဘက်သို့ လှမ်းကြည့်ရင်း ဒုတိယမြို့စားမင်းက စိတ်လိုလက်ရ ရယ်မောလိုက်လေတော့သည်။

All Chapters