အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အပိုင်း ( 481 )
ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု၊ အဝါရောင် အဆင့်ဇယား၏ နံပါတ်၄ ပညာရှင် ၂
“ ဒါပေါ့၊ အဲ့တာက အမှန်ပဲ “ ယန်တိ၏ အကြည့်မှာ အေးစက်သွားခဲ့သည် “ အဲ့အချိန်တုန်းက ငါက အဆင့်၅ အထွတ်အထိပ်ကို ရောက်နေပြီ၊ ပြီးတော့ လူတစ်ထောင်ကျော်ပါတဲ့ တိုက်ပွဲအစီအရင်ကို ဦးဆောင်ခဲ့တာ။ ရန်သူ့အင်အားကတော့ သုံးဆပိုတယ်။ ဒါပင်မဲ့ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင်တော့ အဲ့တာကတင် သူတို့ကို အနိုင်ယူဖို့ လုံလောက်သင့်တယ် “
“ ဒါပင်မဲ့ ရလဒ်ကတော့ ………. ငါဘယ်လိုပဲ ကြိုးစားခဲ့ပါစေ၊ အဲ့ကောင်လေးက ငါ့ကို လွယ်လွယ်ကူကူ အနိုင်ယူနေနိုင်တုန်းပဲ “
“ တိုက်ပွဲအစီအရင်ပေါ်မှာရှိတဲ့ သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက တော်တော်ကြီးကို အားကောင်းတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကွေ့လိုင်၏ အမူအရာသည် ပို၍လေးနက်သွားခဲ့သည်။
“ အဲ့လိုလူမျိုးကို ငါတို့က အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး “
ပြိုင်ဘက်သည် အစောပိုင်း ပဥ္စမအဆင့်တွင်သာ ရှိနေသေးသည်၊ သို့သော် သူသည် တိုက်ခိုက်ရေး အစီအရင်ကို ဩချဖွယ်ကောင်းလောက်သည်အထိ ထိန်းချုပ်နေနိုင်ခဲ့သည်။
အကယ်၍ သူကသာ ဆဌမအဆင့်(သို့) သတ္တမအဆင့်သို့ ရောက်ရှိသွားပြီး လူတစ်သောင်းပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်နိုင်မည်ဆိုပါက မည်ကဲ့သို့ဖြစ်သွားမည်နည်း။ ၎င်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
ထိုအချိန်တွင် သူသည် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ယန်တိမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အထက်ကို မြန်မြန်သတင်းပို့မှ ဖြစ်မယ်၊ ငါတို့က စစ်ကူတွေကို လိုအပ်တယ်။ ပြီးတော့ …. အဲ့ဒီ ‘ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု ‘ လျှို့ဝှက်ရတနာကို သုံးဖို့ပါ လျှောက်ထားလိုက် “
“ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု လျှို့ဝှက်ရတနာလား “ ကွေ့လိုင်သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ယန်တိသည် အေးစက်စက် မျက်လုံးများဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါတို့ဆီမှာ အဲ့ဟာရှိနေသရွေ့ ငါက သူ့ကို တိုက်ခိုက်ရေး အစီအရင်ကနေ ခွဲထုတ်လို့ရတယ်၊ တစ်ယောက်ချင်း ယှဥ်ရတဲ့ တိုက်ပွဲမှာ ငါသူ့ကို ချက်ချင်း အနိုင်ယူနိုင်တယ် “
ကွေ့လိုင်သည် အသက်ကို ပြင်းပြင်ရှရှ ရှူသွင်းကာ ချက်ချက်း ပြန်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ အထက်လူကြီးတွေဆီမှာ ခွင့်တောင်းလိုက်မယ် “
“ အင်း၊ ဆက်လုပ်ပါ “
ကွေ့လိုင်သည် တဲအတွင်းမှ အလောတကြီး ပြေးထွက်သွားတော့သည်။
ယန်တိသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး၊ ရှုကျိုးကို တွေးမိသွားကာ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်သွားခဲ့သည် “ အရင်က အရှက်တရားကို ငါကိုယ်တိုင် ပြန်ယူမယ် …….. အဆ၁၀၀ ပြန်ပြီး ပေးဆပ်စေရမယ် “
…
တောင်တန်းဒေသအတွင်း၌
ကြယ်ပြာဂြိုဟ်၏ တပ်ရင်း ၂၃သည် ချီတက်နေရင်းဖြင့် တောင်ထိပ်နားတွင် ရပ်တန့်သွားခဲ့သည်။
ကျုံးချန်မှ စကားပြောလာခဲ့သည် “ ရှေ့ကို မိုင်တစ်ရာလောက် ထပ်သွားရင် ရှုန်းမာတောင်ကြားကို ရောက်ပြီ “
၎င်းမှာ ရှုကျိုးကို ပြောလိုက်ခြင်း ဖြစ်သည်။
ရှုကျိုးသည် အရှေ့သို့ လှမ်းမျှော်ကြည့်ရှုနေတော့သည်၊ သူ၏အမြင်အာရုံဖြင့် သူသည် မိုင်တစ်ရာအတွင်းမှ အရာအားလုံးကို အလွယ်တကူ မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။
သူသည် မြင်းပျံက ကောင်းကင်ထက်သို့ ပျံတက်နေသကဲ့သို့ ဖြစ်နေသည့် တောင်တန်းကြီးများနှင့်အပြိုင် တည်ဆောက်ထားသည့် မီတာ ရာနှင့်ချီ၍ မြင့်မားသော နံရံတစ်ခုကို မြင်တွေ့သွားခဲ့သည်။
“ ငါတို့က အရမ်းနီးနေပြီ၊ အခုချိန်လောက်ဆိုရင် ရန်သူက ငါတို့ကို မြင်သွားလောက်ပြီ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည်။
သူသည် လက်မြှောက်ကာ အနောက်ဘက်ရှိ စစ်တပ်ကို အမိန့်ပေးလာခဲ့သည် “ ဝိုင်းရံတိုက်ခိုက်ရေး အစီအရင်ဖွဲ့မယ် “
ဝုန်း ဝုန်း ရုန်းးး
အမိန့်သံအောက်တွင် စစ်သည်တော် အယောက် ၄၀၀၀သည် လျင်မြန်စွာ လှုပ်ရှားနေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဝိုင်းရံတိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းလိုက်ကြပြီး၊ သူတို့၏ အရှိန်အဝါသည် ကောင်းကင်ထက်သို့ပင် လှိုက်တက်လာခဲ့သည်။
စစ်တပ်တွင် ခုခံရေးနှင့် တိုက်ခိုက်ရေး အစီအရင်များသာလျှင် ရှိနေခြင်း မဟုတ်ပေ၊ ဝိုင်းရံတိုက်ခိုက်ရေး အစီအရင်မှာလည်း အသုံးများသည့်အရာဖြစ်သည်။
ဝိုင်းရံတိုက်ခိုက်ရေး အစီအရင်သည် တိုက်ခိုက်မှု(သို့) ခုခံကာကွယ်မှု နှစ်ခုစလုံးကို ပြုလုပ်နိုင်သည်။ ဝိုင်းရံနေစဥ်အချိန်တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယခုတွင် တပ်ရင်း ၂၃၏ လူအယောက် ၄၀၀၀သည် ဝိုင်းရံတိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းကာ အရှေ့ဘက်ရှိ ရှုန်းမာတောင်ကြားထံသို့ တခမ်းတနား ချီတက်လာကြသည်။
မိုင်တစ်ရာ
မိုင်ရှစ်ဆယ်
ချက်ချင်းဆိုသလိုပင် တပ်ရင်း ၂၃သည် ရှုန်းမာတောင်ကြားနှင့် မိုင် ၅၀အကွာသို့ ရောက်ရှိလာခဲ့သည်။
“ ဆွစ်ရှ် “
ထိုအချိန်တွင် သွေးနီရောင် အလင်းတန်းတစ်ခုသည် ရှုန်းမာတောင်ကြားအတွင်းမှ ပျံထွက်လာခဲ့ပြီး၊ ဧရာမ သွေးနီရောင် လေးတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လေးသည် ကောင်းကင်ဘုံသို့ တံတားထိုးထားသည့် သက်တံ့ကဲ့သို့ မီတာ တစ်ထောင် ရှည်လျားကာ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
“ ဗွီ “
လေးသည် ကိုယ်ပိုင်စိတ်ဝိညာဥ် ရှိနေပုံရပြီး၊ လေးကြိုးမှာ အလိုအလျောက် ရွေ့လျားခဲ့ကာ၊ ကောင်းကင်နှင့် ကမ္ဘာမြေတို့က စွမ်းအားကို စုစည်းနေသည့်အလား တဝီဝီ အော်မြည်သံများကို ဒေါသတကြီး ထုတ်လွှင့်နေခဲ့သည်။
၎င်းသည် ဆွစ်ရှ်ဟူသော အသံနှင့်အတူ သန့်စင်သော စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည့် မြှားတစ်ချောင်းကို တပ်ရင်း ၂၃၏အစီအရင်ထံသို့ ပစ်ခွင်းလာခဲ့သည်။
မြှားဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုသည် ချက်ချင်းဖိနှိပ်ခံလိုက်ရပြီး၊ ဟင်းလင်းပြင်က အလိုအလျောက် ဆုတ်ပြဲသွားသည့်အလား ပေါက်ကွဲသံများ ဆက်တိုက်ထုတ်လွှင့်လာခဲ့သည်။
၎င်းသည် ဖျက်ဆီးမှု အရှိန်အဝါကို သယ်ဆောင်ကာ ရှုကျိုးထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
“ ဟမ့် “
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူသည် ၎င်းကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်၊ သူမှ လက်မြှောက်လာခဲ့ရာ၊ တပ်ရင်း ၂၃၏ စစ်သည်တော် အယောက် ၄၀၀၀စလုံးသည် တစ်ညီတစ်ညာတည်း အော်ဟစ်ကြုံးဝါးလာခဲ့သည်။
ဧရာမ ဒိုင်းကာတစ်ခုသည် အစီအရင်အထက်ရှိ ကောင်းကင်ယံတွင် လျင်မြန်စွာ ဖွဲ့စည်းလာခဲ့သည်။
“ ဝုန်းးးးး “
မြှားသည် ဒိုင်းကာနှင့် တိုက်မိသွားပြီး၊ ၎င်းကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားစေခဲ့သည်၊ သို့သော် ကျိုးပဲ့ပျက်စီးသွားသည့် အရိပ်အယောင်ကို မမြင်တွေ့ခဲ့ရပေ။
ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည် “ ဒီစွမ်းအားက …….. ကြည့်ရတာတော့ နောက်ဆုံးတစ်ခေါက်ကထပ် ငါးဆလောက် ပိုအားကောင်းလာတာပဲ။ စစ်ကူ ရသွားတာလား “
ယခင်က တိုက်ပွဲတွင် ကမ္ဘာ့ကြယ်ဘက်၌ စစ်အင်အား တစ်ထောင်ကျော်မျှသာ ရှိခဲ့သည်။
ငါးဆပိုမိုအားကောင်းလာခြင်းသည် လူအင်အား ငါးထောင်ရှိနေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
သို့သော် ရှုကျိုးရရှိထားသည့် သတင်းအချက်အလက်များအရ တပ်ရင်း ၂၃နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁တွင် စစ်အင်အား ၂၀၀၀မျှသာ ရှိသည်။
အချိန်တိုအတွင်းမှာပင် လူထောင်နှင့်ချီ၍ စစ်ကူရရန်မှာ မဖြစ်နိုင်လှပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာလျှင် ကျန်ရှိနေတော့သည်။
ရှုကျိုး၏ အတွေးများ ပြေးလွှားလှုပ်ရှားနေခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် လက်သီးကို မြှောက်ကာ အော်ပြောလာခဲ့သည် “ အားကောင်းတဲ့ တိုက်ခိုက်ရေး အစီအရင် ဖွဲ့မယ် “
ဝုန်း ဝရုန်းးးး
အစီအရင်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ တပ်ရင်း ၂၃၏ အရှေ့တွင် ရှိနေခဲ့သည့် ဒိုင်းကာကြီးသည် မီတာ ၈၀၀ရှည်ကာ မီတာ ၂၀၀ကျယ်ဝန်းသည့် အဖြူရောင် ဆေဘာတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရှုကျိုး၏ အားသာချက်မှာ ဆေဘာစွမ်းရည်ဖြစ်သည်၊ ထို့ကြောင့် တိုက်ပွဲမစခင် အချိန်ကတည်းက သူသည် တပ်ရင်းတစ်ခုလုံးကို ဆင့်ခေါ်ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လေ့ကျင့်ခဲ့သည်။
ဤဆေဘာရှည်သည် သူ၏ နဂါးမီးလျှံ ဆေဘာကို အတုယူကာ သူနှင့်ပေါင်းစပ်ထားသောကြောင့် အမြင့်ဆုံး စွမ်းအားကို ထုတ်လွှတ်နေနိုင်ခဲ့သည်။
“ သွား “
ရှုကျိုးမှ လက်ညှိုးထိုး၍ ညွှန်ပြလိုက်ရာ၊ အဖြူရောင် ဆေဘာသည် အနည်းငယ် တုန်ခါသွားကာ ရှုန်းမာတောင်ကြားဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ရှုန်းမာတောင်ကြားအတွင်းရှိ ကမ္ဘာ့ကြယ် စစ်တပ်မှာလည်း လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး၊ ဧရာမ ဒိုင်းကာကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ခွမ်းးးးး
ဆေဘာနှင့် ဒိုင်းကာတို့ ဆုံတွေ့သွားသည့် အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထို့နောက်တွင် မီတာရာပေါင်းများစွာ မြင့်မားသည့် နံရံမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး၊ တိုက်ခိုက်မှုက မည်မျှပြင်းထန်အားကောင်းလဲဆိုသည်ကို သက်သေပြုနေခဲ့သည်။
ရှုကျိုး ဘေးဘက်ရှိ ကျုံးချန်သည် ထိုမြင်ကွင်းကို ကြည့်ရှုကာ အသက်ရှူသံများ မြန်ဆန်သွားခဲ့သည် “ ဒီလို တိုက်ခိုက်မှုမျိုး၊ ညီအစ်ကိုရှုကတော့ ထင်ထားတဲ့အတိုင်းပဲ။ တကယ်လို့ ငါသာဆိုရင်တော့ အဲ့တာရဲ့ စွမ်းအားကို သုံးပုံတစ်ပုံလောက်ပဲ ထုတ်သုံးနိုင်လောက်မှာ “
လေးစားမှုများနှင့်အတူ သူသည် မျက်မှောင်ပါကြုတ်သွားခဲ့သည် “ ဒါပင်မဲ့ ဒီလိုတိုက်ခိုက်မှုမျိုးနဲ့ဆိုရင် ရှုန်းမာတောင်ကြားက ကျိုးပေါက်သွားသင့်နေပြီလေ၊ ဘာလို့ မထိမခိုက်ဖြစ်နေရသေးတာလဲ “
မကြာခင်မှာပင် ကျုံးချန်သည် ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားမိသွားခဲ့သည် “ ကမ္ဘာ့ကြယ်ကောင်တွေက စစ်ကူရသွားတာများလား “
၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်
ဝှီးးး
ရှုန်းမာတောင်ကြားအတွင်းရှိ အထက်ကောင်းကင်ယံတွင် တိုက်ခိုက်ရေး အစီအရင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းက လူအယောက် သုံးထောင်ဖြင့် ဖွဲ့စည်းထားကြောင်းကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။
“ လူသုံးထောင်လား “
၎င်းကို မြင်လိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာ ပြောင်းလဲသွားသည်။
သူ့ဘေးနားရှိ ဒုတပ်မှူးနှင့် ရှားလီယွဲ့တို့၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
ကမ္ဘာ့ကြယ်၏ တပ်ရင်း၃၁တွင် လူအင်အား နှစ်ထောင်သာ ရှိပြီး၊ ယခင်ကတိုက်ပွဲတွင် လူတစ်ထောင် သတ်ဖြတ်ခံလိုက်ရသောကြောင့် လူတစ်ထောင်သာ ကျန်ရှိနေမည် ဖြစ်သည်။
သို့သော် ယခု၌ လူသုံးထောင် ရှိနေခဲ့ပြီး၊ ၎င်းမှာ စစ်ကူများ ရောက်ရှိလာပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ နှမြောစရာပဲ၊ ငါတို့ဘက်က စစ်ကူတွေက ခြေတစ်လှမ်းနောက်ကျနေတုန်းပဲ “
ဒုတိယမြောက် တိုက်ပွဲကို စတင်ရသည့် အကြောင်းပြချက်မှာ ရန်သူ့ဘက်မှ စစ်ကူများ မရောက်လာခင် အချိန်တွင် ရှုန်းမာတောင်ကြားကို သိမ်းပိုက်ချင်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းတို့က မြန်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ချေ။
…
ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်း၌
ယန်တိ၊ ကွေ့လိုင်နှင့် ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အေးစက်စက် ဟန်အမူအရာနှင့် မိန်းမပျိုတစ်ဦးတို့သည် အစီအရင်အထက်တွင် မတ်တပ်ရပ်နေကြသည်။
“ မစ္စမော်၊ အဲ့လူက ကျွန်တော်ပြောခဲ့တဲ့ လူပါပဲ “ ယန်တိသည် ရှုကျိုးရှိရာဘက်သို့ ညွှန်ပြကာ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည်။
ကွေ့လိုင်မှာလည်း ဘေးတစ်ဖက်တွင် ရပ်နေပြီး၊ မစ္စမော်ဆိုသည့် မိန်းမပျိုကို တလေးတစားဖြစ်နေသည့် အကြည့်များဖြင့် ငေးကြည့်နေခဲ့သည်။
မော်တီသည် အဝါရောင်အဆင့်ဇယား၏ စတုတ္ထနေရာတွင် ရပ်တည်နေသည့် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်။
သူမ၏ စွမ်းအားသည် ကမ္ဘာ့ကြယ်၏ ပဥ္စမအဆင့် အထွတ်အထိပ် နယ်ပယ်တစ်ခုလုံးမှာပင် ထိပ်တန်းအဆင့် ဖြစ်နေခဲ့ပြီး၊ ယနေ့ခေတ်၏ ထင်ရှားသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။
ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မော်တီသည် အဝေးရှိ ရှုကျိုးကို ငေးကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ငါကတော့ ထင်ရှားတဲ့ လူတစ်ယောက်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်နေခဲ့တာ၊ သူက အစောပိုင်း အဆင့်၅မှာပဲ ရှိနေသေးတယ်၊ အဲ့တာကို နင်တို့က ဒီလောက်တောင် ကြောက်နေကြတာလား “
ယန်တိ၏ မျက်လုံးများထဲတွင် စိတ်မသက်မသာ ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ သူ့ရဲ့ခွန်အားက နိမ့်နေပင်မဲ့ တိုက်ခိုက်ရေး အစီအရင်ပေါ်မှာရှိတဲ့ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကတော့ တော်တော်လေး ထူးခြားတယ်။ အဲ့တာကို ခုနက တွေ့လိုက်မှာပါ “
မော်တီသည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ခုနကအရှိန်အဟုန်ကတော့ တကယ်ကို ထူးခြားတယ်။ သူက တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်သင့်တယ် “
ယန်တိမှ ထပ်ပြောလာခဲ့သည် “ အပြည့်အဝတင်မဟုတ်ဘူး၊ သူက အဲ့တာရဲ့ စွမ်းအားကို နှစ်ဆဖြစ်အောင် လုပ်နိုင်တယ် “
“ သူက ဒဏ္ဍာရီလာ ဗိုလ်ချုပ်လို့ ပြောချင်နေတာလား “ မော်တီ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
အဝါရောင် အဆင့်ဇယားပေါ်တွင် အဆင့်လေးချိတ်သည့် လူတစ်ဦးအနေဖြင့် သူမမှာလည်း တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပေသည်။
ထို့ကြောင့် ထိုကဲ့သို့ပြုလုပ်ရန် မည်မျှခက်ခဲဆိုသည်ကို သူမ သိနေခဲ့သည်။
ဒဏ္ဍာရီလာ စစ်ဗိုလ်ချုပ်အတွက်ကား သူမသည် ၎င်း၏ တည်ရှိမှုကို အမြဲလိုလို သံသယဝင်နေခဲ့သည်။
ယန်တိမှ လေးလေးနက်နက် စကားထပ်ပြောလာခဲ့သည် “ မစ္စမော်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လျှော့မတွက်သင့်ဘူး။ သူက သူ့ရဲ့တကယ့်စွမ်းအားကို ထုတ်မပြသေးဘူး။ သူက အဲ့စွမ်းအားကို သုံးဖို့ အခွင့်အရေး မပေးတာက အကောင်းဆုံးပဲ “
မော်တီသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
ထို့နောက်တွင် သူမသည် သံလိုက်အိမ်မြှောင်ကဲ့သို့ ဖြစ်နေသည့် အနက်ရောင်တူရိယာတစ်ခုကို ထုတ်ယူလိုက်သည် “ နင်တို့လိုချင်တဲ့ ပစ္စည်းကို ငါယူလာခဲ့တယ် “
၎င်းကို မြင်လိုက်ရသောအခါတွင် ယန်တိ၏ မျက်လုံးများ တောက်ပသွားသည်။
“ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု ….. “
ယန်တိသည် ဝမ်းသာအားရ အော်ပြောမိသွားခဲ့သည် “ ကောင်းတယ်။ ဒါနဲ့ဆိုရင် အရင်ကရခဲ့တဲ့ အရှက်တရားကို ခေသျာပေါက် ဆေးကြောနိုင်တယ် “
သူသည် မိုင်၅၀အကွာရှိ ရှုကျိုးကို လှမ်းကြည့်ကာ မျက်လုံးများ အေးစက်သွားခဲ့သည်။
တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်ရာ၌ သူသည် ရှုကျိုးကို ယှဥ်နိုင်မည် မဟုတ်ပေ။
သို့သော် တစ်ဦးချင်းတိုက်ပွဲတွင်မူ သူသည် ထိုကြယ်ပြာနိုင်ငံသားကို အလွယ်တကူ ဆုတ်ဖြဲနိုင်ပေသည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 482 )
ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း၊ ချက်ချင်း သတ်ဖြတ်မှု
ကြယ်ပြာဂြိုဟ်၏ တပ်ရင်း ၂၃ဘက်တွင်မူ
ကျုံးချန်သည် ရန်သူ့အင်အားစု၏ အခြေအနေကို လျင်မြန်စွာ ရှင်းပြပေးနေခဲ့သည်။
“ ကြက်သွေးရောင် ဝတ်စုံနဲ့ မိန်းမက မော်တီလို့ခေါ်တယ်၊ သူမက အဝါရောင် အဆင့်ဇယားရဲ့ နံပါတ်၄ပဲ၊ တော်တော်လေးကို စွမ်းတယ် “
ကျုံးချန်သည် စိတ်လေးနေသည့် အမူအရာဖြင့် ရှုကျိုးကို ရှင်းပြနေခဲ့သည် “ ယန်တိနဲ့ ကွေ့တိုင်က အဲ့မိန်းမကို တကယ်ကြီး အကူအညီတောင်းလိုက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ပြဿနာ တက်ပြီလို့ထင်တယ် “
ရှုကျိုးမှ မေးမြန်းလာခဲ့သည် “ ကျုပ်တို့ဘက်ကလူတွေက ဘယ်အချိန်ရောက်လာမှာလဲ “
ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ နောက်ထပ် နာရီဝက်လောက်ဆိုရင်တော့ ရောက်လာသင့်ပါပြီ၊ ခုခံရေး အစီအရင် ဖွဲ့လိုက်ရမလား “
“ နာရီဝက် …. “ ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
စစ်တပ်က ဤနေရာသို့ ချီတက်လာခဲ့ပြီးပြီ ဖြစ်သောကြောင့် ပြန်လည်ဆုတ်ခွာခြင်းမှာ ရွေးချယ်စရာတစ်ခု မဖြစ်သင့်ပေ။
ကျုံးချန်၏ အဆိုပြုချက်ကမူ ခုခံရေး အစီအရင်ကို ဖွဲ့စည်းကာ စစ်ကူရောက်လာမည့် အချိန်အထိ စောင့်ဆိုင်းနေရန် ဖြစ်သည်။
ရန်သူ၏ စစ်အားက သုံးထောင်အထိ ရှိသွားပြီဖြစ်သောကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာလည်း ပိုမိုပြင်းထန်နေလိမ့်မည် ဖြစ်သည်။ အကယ်၍ ခုခံရေး အစီအရင် ဖွဲ့စည်းလိုက်မည်ဆိုပါက ရှုကျိုးက ၎င်းကို တောင့်ခံထားနိုင်လိမ့်မည် ဖြစ်သည်၊ သို့သော် စစ်သည်တော် ၄၀၀၀ကမူ ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် တိုက်ခိုက်ခြင်းကသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် ကျန်ရှိနေတော့သည်။
ရှုကျိုးမှ ချက်ချင်း အမိန့်ပေး ညွှန်ကြားလာခဲ့သည် “ ဒီအစီအရင်အတိုင်းပဲ ဆက်လုပ်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သို့သော် သူသည် မည်သည့်စကားမှ မပြောဘဲ သူ့နေရာဆီသို့ ချက်ချင်း ပြန်သွားလိုက်သည်။
ရှုကျိုးက ယာယီတပ်မှူးဖြစ်နေပြီဖြစ်သောကြောင့် သူ၏အမိန့်များကသာလျှင် အရာရာဖြစ်သည်။
အကယ်၍ တစ်ခုခု မှားယွင်းလွဲချော်သွားမည်ဆိုပါက ရှုကျိုးမှာ ကြီးလေးသော တာဝန်/ပြစ်ဒဏ်ကို ယူရမည် ဖြစ်သည်။
ရှုကျိုး၏ အမိန့်နှင့်အတူ တပ်ရင်း ၂၃သည် တိုက်ခိုက်ရေး အစီအရင်ကိုသာ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
“ ဘုမ်းးး “
ထိုအချိန်တွင် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁သည် ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ ကြယ်ပြာဂြိုဟ် စစ်တပ်ဘက်သို့ ချီတက်လာကြသည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အဖြူရောင် ဆေဘာကို ထိန်းချုပ်ကာ အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
ကမ္ဘာ့ကြယ်တပ်ဖွဲ့သည် လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး၊ ဒိုင်းကာကို ဖွဲ့စည်း၍ ပိတ်ဆို့တားဆီးလာခဲ့သည်။
“ ခွမ်းးး “
ဆေဘာနှင့် ဒိုင်းတို့၏ ထိတွေ့မိသွားကာ ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှတ်လာခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ ဒိုင်းကာသည် ချက်ချင်းပေါက်ထွက်သွားခဲ့သည်။
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ ကမ္ဘာ့ကြယ်စစ်တပ်၏ အထက်ကောင်းကင်ယံတွင် နောက်ထပ်ဒိုင်းကာတစ်ခု လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။
“ ဟမ်၊ တစ်ခုခု မှားနေပြီ “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
လူအယောက် သုံးထောင်ဖြင့် ဖွဲ့စည်းထားသော အစီအရင်သည် ထိုမျှလောက် ကျိုးပဲ့မလွယ်သင့်ပေ။
ကမ္ဘာ့ကြယ် စစ်တပ်က လျင်မြန်စွာ ချီတက်လာနေသည်ကို မြင်တွေ့လိုက်ရသောအခါ၌ ရှုကျိုးသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား စိတ်နှလုံးသား လှုပ်ခတ်သွားသည်။
“ ရန်သူက အနီးကပ် တိုက်ပွဲဆင်နွှဲချင်နေတာလား “
စစ်မြေပြင်၌ တာဝေးတိုက်ပွဲအပြင် နောက်ထပ်တိုက်ခိုက်ရေး ပုံစံတစ်ခုဖြစ်သော တာတိုတိုက်ပွဲပါ ရှိနေသေးသည်။
၎င်းမှာ စစ်သည်တော်များက လူတိုင်ကိုယ် ပါဝင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ တိုက်ခိုက်ရေး အစီအရင်များကသာလျှင် အနီးကပ် တိုက်ပွဲဆင်နွှဲရခြင်း ဖြစ်သည်။
များသောဖြင့် တာတိုတိုက်ပွဲတွင် လူအင်အား ပိုကောင်းလေလေ၊ အားသာချက်ပိုရလေလေပင် ဖြစ်သည်။
အစီအရင်၏ အလုံးစုံ စွမ်းအားကမူ တာဝေးတိုက်ပွဲတွင် ပို၍အားကောင်းနေခဲ့သည်။
ယခုလက်ရှိ အချိန်၌ ကမ္ဘာ့ကြယ် စစ်တပ်သည် သူတို့၏ ခံစစ်ကို စွန့်လွှတ်ကာ အနီးကပ် တိုက်ပွဲကို ဆင်နွှဲနေချင်နေသည့် အရိပ်အမြွက်များ ပြသလာခဲ့သည်။
ဒါပင်မဲ့ သူတို့ဘက်မှာက လူအင်အား နည်းနေတယ်၊ ဘာကိစ္စ အားသာချက်ရှိတဲ့ တာဝေးတိုက်ပွဲကို စွန့်လွှတ်လိုက်ရတာလဲဟ
တစ်ခုခုတော့ မဟုတ်သေးဘူး။
ရှုကျိး၏ သံသယများ ပိုမိုကြီးထွားလာခဲ့ပြီး၊ ချက်ချင်း အော်ပြောလာခဲ့သည် “ တပ်ဖွဲ့အားလုံး မိုင်၃၀ နောက်ဆုတ်မယ် “
မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာကြီးပဲဖြစ်နေပါစေ၊ မင်းတို့လိုချင်ခဲ့အရာကို မပေးဘူး။
ရှုကျိုး၏ အမိန့်အောက်တွင် တပ်ရင်း ၂၃တစ်ခုလုံး ချက်ချင်း လှုပ်ရှားလာခဲ့ပြီး၊ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
“ ဝုန်းးးး ဝုန်းးး “
ထောင်နှင့်ချီသော စစ်သည်တော်များက ညီညီညာညာ လှုပ်ရှားချီတက်သွားသောကြောင့် မြေပြင်ပင် အနည်းငယ် လှုပ်ခါနေခဲ့သည်။
တပ်ရင်း ၂၃က ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါတွင် ကမ္ဘာ့ကြယ် စစ်တပ်သည် အရှိန်ကုန်တင်၍ ပြေးတက်လာကြသည်။
တပ်ရင်း ၂၃၏ အလုံးစုံ စွမ်းအားသည် ကမ္ဘာ့ကြယ်စစ်တပ်ထပ် အနည်းငယ် နိမ့်ကျနေစဲဖြစ်သည်၊ ထို့ကြောင့် သူတို့၏ဆုတ်ခွာမှု အမြန်နှုန်းသည် ကမ္ဘာ့ကြယ်မှ တပ်ရင်း ၃၁၏ချီတက်မှု အမြန်နှုန်းထပ် ပိုမိုနှေးကွေးနေခဲ့သည်။
စစ်တပ်နှစ်ခုကြားရှိ အကွာအဝေးသည် လျင်မြန်စွာ ကျဥ်းမြောင်းလာခဲ့သည်။
ဆယ်မိုင်သာ ခြားတော့သည့် အချိန်၌ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်းတွင် ရှိနေသည့် ယန်တိသည် သံလိုက်အိမ်မြှောင်ကဲ့သို့သော အနက်ရောင် ပစ္စည်းကို ရုတ်တရက် ပစ်လွှတ်လာခဲ့သည်။
“ ဇွီ “
၎င်းသည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ မီတာ တစ်ထောင် ကျယ်ဝန်းသည့် မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ တပ်ရင်း ၂၃တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။
“ ဟမ့် “
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ ကောင်းကင်ထက်မှ အဖြူရောင် ဆေဘာသည် ဧရာမ မျက်နှာပြင်ကြီးကို ချက်ချင်း ခုတ်ပိုင်းလာခဲ့သည်။
ဆေဘာနှင့် မျက်နှာပြင်တို့ တိုက်မိသွားသည့် အချိန်၌ ကျောက်တုံးက သမုဒ္ဒရာအတွင်းသို့ ကျဆင်းသွားသည့်အလား မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ။
ထို့နောက်၌ မျက်နှာပြင်သည် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားသည့်အလား ရှုကျိုး၏ ဦးခေါင်းအထက်သို့ ရွေ့လျားလာခဲ့ကာ သူ့အား ချက်ချင်း ဝါးမြိုသွားခဲ့သည်။
၎င်းတို့အားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အလွန်မြန်ဆန်လွန်းသောကြောင့် တပ်ရင်း၂၃သည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ သူတို့၏ တပ်မှူးက လေထဲတွင် ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေကြရသည်။
ကျုံးချန်၏ အမူအရာမှာလည်း ပြောင်းလဲသွားသည် “ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှုလား “
သူသည် ကမ္ဘာ့ကြယ်က လူနှစ်ဦးကို ဆွဲထုတ်ကာ အဆုံးသတ်တိုက်ပွဲအတွင်းသို့ ပို့လွှတ်နိုင်သည့် ထိုကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားကြောင်း သိနေခဲ့သည်။
အစတွင် ၎င်းအား ကမ္ဘာ့ကြယ်သားတို့၏ အဆင့်မြင့် ပြိုင်ပွဲများတွင်သာ အသုံးပြုခဲ့ကြသည်၊ သို့သော် နောက်ပိုင်းတွင် ကွမ်ဟန်စစ်မြေပြင်၌ ၎င်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သည်။
အစီအရင် ထိန်းချုပ်ရာတွင် အားကောင်းသော်လည်း၊ စွမ်းအားပိုင်း အားနည်းသည့် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များသည် အဆိုပါ ပစ္စည်းကြောင့် သေဆုံးသွားခဲ့ရသည်။
ထိုပစ္စည်းကို ထပ်တွေ့လိုက်ရသောအချိန်၌ ကျုံးချန်၏ စိတ်ဓာတ်များ ကျဆင်းသွားတော့သည်။
“ ချီးပဲ၊ မော်တီက အဲ့ပစ္စည်း ယူလာမယ်ဆိုတာကို ငါဘာလို့ မတွေးမိခဲ့ရတာလဲ “ ကျုံးချန်သည် ကိုယ့်ကိုကိုယ် အပြစ်တင်နေတော့လေသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းမှာ သူ၏အမှား မဟုတ်ပေ၊ ကမ္ဘာ့ကြယ်အတွက်တောင်မှ ၎င်းသည် ရှားပါးသော ရတနာတစ်ခုဖြစ်ပြီး၊ အဆင့်မြင့် ပညာရှင်များကပင် ၎င်းကို အလွယ်တကူ မဖျက်စီးနိုင်ကြပေ။
ကွမ်ဟန်စစ်မြေပြင်၌ ၎င်းသည် အကြိမ်အနည်းငယ်မျှသာ ပေါ်ထွက်လာခဲ့ဖူးသည်။
ကျုံးချန်သည် မော်တီက ထိုကဲ့သို့သော ပစ္စည်းမျိုးကို အမှန်တကယ် ထုတ်သုံးလာလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် သူသည် အလွန်တရာ စိုးရိမ်ပူပန်သွားခဲ့သည် “ ညီအစ်ကိုရှုက သူ့ရဲ့ခွန်အားနဲ့ ယန်တိကို ကိုင်တွယ်နိုင်မှာလား “
…
ရတနာ၏ ဟင်းလင်းပြင်အတွင်း၌
ရှုကျိုး၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ဖြစ်တည်လာခဲ့သည်။
သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။
ထိုအချိန်၌ အရှေ့ဘက်သို့ ကြည့်လိုက်ရာ နောက်ထပ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်ကို သူမြင်တွေ့သွားခဲ့သည်။
၎င်းမှာ ယန်တိမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
………………………………………………………………………………………………………………………………………
အပိုင်း ( 483 )
ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း၊ ချက်ချင်း သတ်ဖြတ်မှု ၂
ထိုအချိန်တွင် ယန်တိမှာလည်း ရှုကျိုးကို ကြည့်လာခဲ့ပြီး၊ အကြည့်များ အေးစက်သွားသည် “ အခုတော့ တိုက်ခိုက်ရေး အစီအရင် မရှိတော့ဘူး၊ အရင်က အရှက်တရားကို ပြန်ပြီးတော့ ဆေးကြောမှရမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး ဆွံ့အသွားတော့သည်။
“ ဆိုတော့ မင်းတို့က ဒီဟာတွေ အကုန်လုံးကို လုပ်ခဲ့တာက ငါနဲ့ တစ်ယောက်ချင်း တိုက်ချင်လို့ပေါ့ ”
သူသည် ကမ္ဘာ့ကြယ်စစ်တပ်က မည်သည့်အတွက်ကြောင့် တဟုန်ထိုး ပြေးတက်လာရသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
သံလိုက်အိမ်မြှောင်ကဲ့သို့သော ရတနာထံတွင် အကွာအဝေး ကန့်သန်ချက် ရှိနေပုံရသည်။
ဆယ်မိုင်အတွင်းတွင်သာ ရှိနေသည့် လူနှစ်ဦးကို ဤဟင်းလင်းပြင်အတွင်းသို့ ဆွဲသွင်းနိုင်ပုံရသည်။
အရာအားလုံးကို နားလည်သွားသည့်နောက်တွင် ရှုကျိုးသည် ယန်တိကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ မင်းရဲ့ သတ္တိကတော့ တကယ်ကြီးကို စာတင်လောက်တယ်ဟေ့၊ ဒါပင်မဲ့ မင်းကတော့ တော်တော်လေးကို အားနည်းနေတယ် “
ယန်တိမှာ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ သေမင်းရှေ့ကို ရောက်နေတာတောင်မှ နှုတ်သီးကောင်းနေသေးတာပဲ “
ထို့နောက်တွင် သူ၏ ဝတ်ရုံမှာ လှုပ်ခတ်သွားပြီး၊ အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထိုအဝတ်သည် ရတနာတစ်မျိုးဖြစ်ပြီး၊ သူ၏ အသက်ဝိညာဥ် လက်နက်လည်း ဖြစ်သည်။
ဝရော
ဝတ်ရုံသည် မိုးကြိုး၊ လေ၊ မိုးနှင့် မီးလျှံများ စသည်ဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ သင်္ကေတလေးခု ပါဝင်သည့် စာလိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ ယန်တိ၏ နာမည်ကျော် စွမ်းရည်ဖြစ်သည် …. ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ သင်္ကေတလေးခု ဝတ်ရုံ၊ ၎င်းသည် အဆုံးလျှို့ဝှက်ဆန်းကြယ်မှုများကို ဖြစ်ပေါ်စေပြီး၊ ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို ဖိနှိပ်နိုင်ပေသည်။
“ သွား “
ယန်တိမှ လက်ညှိုးထိုး၍ ညွှန်ပြလာခဲ့ရာ စာလိပ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ ရှုကျိုးကို ဖုံးလွှမ်းလာခဲ့သည်။
“ ဟမ်။ ဒီအကွက်က တော်တော်လေးတော့ ရှားတယ် “
ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ အဝါရောင် အဆင့်ဇယားက ပါရမီရှင်ကတော့ ထင်ထားတဲ့အတိုင်းပဲ၊ ဒီလိုနည်းလမ်းမျိုးက ကြယ်ပြာဂြိုဟ်မှာ မမြင်ရသလောက်နီးပါးပဲ “
သူသည် စကားလုံးများဖြင့် အံ့ဩမှုကို ပြသခဲ့သော်လည်း၊ သူကိုယ်တိုင်က စာလိပ်ကြောင့် မည်သို့မျှ မထိခိုက်သွားဘဲ ဆေဘာကို လက်နောက်ပြန် လွှဲရမ်းလိုက်သည်။
မင်းက ဘယ်လိုနတ်ဆိုးကောင်ကြီးပဲ ဖြစ်နေပါစေ၊ ဓားတစ်ချက်တည်းနဲ့ မင်းကို သတ်မယ်
“ ခရက် “
အဆိုပါ ခုတ်ချက်သည် စာလိပ်ကို ချိန်ရွယ်လိုက်ခြင်းဖြစ်ပြီး၊ အတွင်းရှိ စွမ်းအားကို လျော့ပါးသွားစေခဲ့သည်။
ယန်တိ၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ထူးဆန်းတယ်၊ ဒီကောင်လေးရဲ့ စွမ်းအားက အဆင့်၅ နယ်ပယ်က တစ်ခြားကြယ်ပြာကောင်တွေထပ် ပိုသာနေတဲ့ပုံပဲ၊ ကြည့်ရတာတော့ ငါက ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူးထင်တယ် “
ပညာရှင်တို့၏ တိုက်ပွဲများကြားတွင် တိုက်ကွက်တစ်ခုသည် ပြိုင်ဘက်၏ အတိမ်အနက်ကို စမ်းသပ်ရန် လုံလောက်သည်။
ယခုတိုက်ကွက် ဖလှယ်ခဲ့ပြီးသည့်နောက်တွင် ယန်တိသည် သူ၏အထင်တသေး ဖြစ်နေမှုကို စွန့်လွှတ်ကာ သင်္ကေတလေးခုစာလိပ်ကို ပြန်သိမ်း၍ လက်ဆန့်ထုတ်လာခဲ့ရာ သူ၏လက်ထဲတွင် ငွေရောင် သတ္ထုချောင်းတစ်ချောင်း ပေါ်လာခဲ့သည်။
အဆိုပါ သတ္ထုချောင်း၏ မျက်နှာပြင်ပေါ်တွင် ခေါင်းကိုးလုံး မြွေပုံရိပ်ကို ထွင်းထုထားခဲ့ပြီး၊ ၎င်း၏မျက်လုံးများသည် ဒေါသအရိပ်အငွေ့များဖြင့် ပွင့်ဟနေလျက်ရှိသည်၊ ၎င်းကလည်း အဖိုးတန် ရတနာတစ်ခု ဖြစ်နေမည်မှာ သေချာလှသည်။
ယန်တိမှ ၎င်းထံသို့ ချီ-သွေးစွမ်းအင်များ ပို့လွှတ်လာခဲ့ရာ၊ ခေါင်းကိုးလုံး မြွေမှာ ရုတ်တရက် တွန်မြည်လာခဲ့သည်။
“ ဗွီ “
သတ္ထုချောင်းသည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ ဆယ်မီတာ ထူကာ မီတာရာပေါင်းများစွာ ရှည်လျားသည့် ကြီးမားသော ထောက်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုကျိုးကို ရိုက်ချလာခဲ့သည်။
တိုက်ကွက်တစ်ခုနှင့်အတူ ဤအနက်ရောင် ဟင်းလင်းပြင်က ဆုတ်ပြဲသွားသကဲ့သို့ ရာသီဥတုပါ ပြောင်းလဲသွားခဲ့သည်။
ထိုတိုက်ကွက်ထဲတွင် နတ်စွမ်းရည်ပါ ပါဝင်နေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။ ၎င်း၏ စွမ်းအားကို အကဲဖြတ်ကြည့်ရခြင်းအားဖြင့် ၎င်းသည် ကောင်းကင်ဘုံ နတ်စွမ်းရည်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့သည်။
ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေလျက်ပင်၊ သူ၏ချီ-သွေးစွမ်းအား မြင့်တက်လာခဲ့ပြီး၊ သူ့လက်ထဲတွင်ရှိနေသည့် နဂါးမီးလျှံ ဆေဘာမှာလည်း တက်တက်ကြွကြွ အော်မြည်လှုပ်ခါလာခဲ့သည်။
“ မင်းကိုသုံးပြီးတော့ ငါနားလည်ထားတဲ့ ကောင်းကင်ထိန်းချုပ် ဆေဘာကို စမ်းသပ်ကြည့်ဖို့ အချိန်ကျပြီ “
နတ်စွမ်းရည် ငါးမျိုး ပေါက်ထွက်လာခဲ့ပြီး ဆေဘာထံသို့ တိုးဝင်လာခဲ့သည်။
ထို့နောက်တွင် သူသည် ဆေဘာကို လွှဲရမ်းလာခဲ့သည်။
အဆိုပါ ခုတ်ချက်အား ဖရိုဖရဲအရောင်ဖြင့် ချယ်မှုန်းထားပြီး၊ ၎င်းသည် ဓာတ်ကြီးငါးပါး ပေါင်းစည်းမှုကို သယ်ဆောင်ကာ သတ္ထုထောက်တိုင်ကြီးထံသို့ တိုးဝင်သွားခဲ့သည်။
အဆိုပါ ခုတ်ချက်သည် ခမ်းနားထည်ဝါမနေခဲ့ဘဲ မီတာ အနည်းငယ်မျှသာ မြင့်မားနေခဲ့သည်၊ မီတာ ရာပေါင်းများစွာ မြင့်မားသည့် ထောက်တိုင်ကြီးနှင့် ယှဥ်လိုက်ပါက ၎င်းသည် သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော် ၎င်းတို့နှစ်ခု တိုက်မိသွားသည့် အချိန်တွင် သတ္ထုထောက်တိုင်သည် ချက်ချင်း ကွဲအက်သွားပြီး၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများ လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။
“ ဘမ်း ဘမ်း ဘမ်း “
မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည့်အလား ထောက်တိုင်ကြီးသည် ဆက်တိုက်ကွဲထွက်သွားခဲ့သည်။
ကောင်းကင်ထိန်းချုပ် ဆေဘာ၏ စွမ်းအားသည် ရှုကျိုးကိုပင် အံ့အားသင့်သွားစေခဲ့သည် “ ဒီနည်းစနစ်က …. ငါက စဦးအဆင့်မှာပဲ ရှိနေသေးတာတောင်မှ ဒီလောက်တောင် စွမ်းနေပြီလားဟ “
ကွမ်ဟန်သို့ မလာခင် အချိန်တွင် ရှုကျိုးသည် သိုင်းပညာရပ် ခန်းမမှ ဝယ်ယူခဲ့သည့် နည်းစနစ်သုံးမျိုးလုံးကို လေ့လာနေခဲ့သည်။
ကောင်းကင်ထိန်းချုပ် ဆေဘာ၊ အလင်းအရိပ် နတ်ခြေလှမ်း၊ ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း …..
ကောင်းကင်ထိန်းချုပ် ဆေဘာသည် ပဥ္စမအဆင့်သို့ ရောက်ရှိထားမှ ကျင့်ကြံနိုင်သည့် နည်းစနစ်တစ်ခုဖြစ်သည်၊ ထို့ကြောင့် ၎င်းကို စဦးအဆင့်သို့ ရောက်ရှိသည်အထိသာ လေ့ကျင့်နိုင်ခဲ့ပြီး၊ တစ်ခြားသော နည်းစနစ်နှစ်ခုကမူ သေးငယ်သော အောင်မြင်မှု အဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် ရှုကျိုးသည် အဆိုပါ ကောင်းကင်ထိန်းချုပ် ဆေဘာ၏ စဦးအဆင့် စွမ်းအားက ကောင်းကင်ဖြိုခွင်း ဆေဘာ၏ နဝမအဆင့် အထွတ်အထိပ်ထပ် သာလွန်အားကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာ၌ ၎င်းကို အသုံးပြုခဲ့ပြီးသည့်နောက်တွင် သူ၏ ချီ-သွေးစွမ်းအားသည် သိသိသာသာ လျော့နည်းသွားပြီး၊ စွမ်းအင်ကုန်ဆုံးမှုမှာ အလွန်တရာ ကြီးမားနေခဲ့သည်။
“ဘမ်း ဘမ်း ဘမ်း “
ထိုအချိန်တွင် သတ္ထုထောက်တိုင်သည် ဖရိုဖရဲခုတ်ချက်ကြောင့် လုံးဝပြိုကွဲပျက်စီးသွားသည်။
ယန်တိ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ဒီလူက ကောင်းကင်ဘုံ နတ်စွမ်းရည်ကို တကယ်ကြီး နားလည်ထားတာလား။ ပြီးတော့ ဆေဘာနည်းစနစ်နဲ့ပါ အပြည့်အဝ ပေါင်းစပ်တယ်ပေါ့။ သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
အဆိုပါ မြင်ကွင်းသည် သူမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။
အစပိုင်းတွင် သူသည် ရှုကျိုးကို ဤဟင်းလင်းပြင်အတွင်းသို့ ဆွဲသွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကို အလွယ်တကူ ဖိနှိပ် အနိုင်ယူနိုင်မည်ဟုသာ ထင်နေခဲ့သည်။
သို့သော် ယခုတွင်ကား သူသည် ပြိုင်ဘက်၏ ဖိနှိပ်ခြင်းကိုသာ ခံနေခဲ့ရသည်။
ရှုကျိုးကမူ သူ၏အတွေးများကို ဂရုစိုက်မနေဘဲ အခွင့်အရေး ရလာသည်နှင့်တစ်ပြိုင်နက် အလင်းအရိပ် နတ်ခြေလှမ်းကို အသုံးပြုကာ တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှား၍ ယန်တိထံသို့ ပြေးဝင်လာခဲ့သည်။
သို့သော် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ယန်တိ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီဟာကို အဆုံးသတ်ဖို့ အချိန်ကျပြီ “
ထို့နောက်တွင် သူ၏လက်များဖြင့် စည်းတံဆိပ်များကို လျင်မြန်စွာ ဖွဲ့စည်းလာခဲ့ရာ၊ အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
၎င်းသည် ဤဟင်းလင်းပြင်နှင့် ပဲ့တင်ထပ်နေပုံရပြီး၊ နိယာမစည်းမျဥ်းများ၏ ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ ပတ်ပတ်လည်တွင် မမြင်တွေ့ရသော ချိန်းကြိုးများ ဖြစ်ပေါ်လာခဲ့ပြီး၊ သူ၏လှုပ်ရှားမှုများကို ကန့်သတ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အားကောင်းလွန်းလှသည့် ဖိနှိပ်မှုအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ရှုကျိုး၏ နယ်ပယ်ကို ဖိနှိပ်ကာ သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံး၍ မရအောင် တားဆီးလာခဲ့သည်။
“ အဲ့တာ ….. “ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည်။
“ ဟားဟားဟား ……. ဒါက ငါ့မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာကွ။ ကြယ်ပြာနိုင်ငံသားကို ဒီနေရာမှာ လွတ်လွတ်လပ်လပ် ပြေးခွင့်ပေးထားလို့ ဘယ်ဖြစ်မလဲ “ ယန်တိမှ လှောင်ပြောင်ပြောဆိုလာခဲ့သည်။
တစ်နည်းဆိုရသော် ဤရတနာထံတွင် ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်တို့ကို ဖိနှိပ်နိုင်သည့် စွမ်းရည်ရှိနေခဲ့သည်။
ယန်တိမှ ၎င်းကို ယခင်က အသုံးမပြုခဲ့ရခြင်းမှာ ရှုကျိုးကို မျှမျှတတ အနိုင်ယူ၍ သူ၏အရှက်တရားကို ဆေးကြောချင်သောကြောင့် ဖြစ်သည်။
သို့သော် ယခု၌ ရှုကျိုး၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် သူသည် ဤတိုက်ကွက်ကို အသုံးပြုရန်မှတစ်ပါး တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။
ထိုစကားကို ကြားလိုက်ရသောအချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ဘာဖြစ်တွေ ဖြစ်နေတာလဲ၊ ငါလှုပ်လို့ မရတော့ပါလား “
ယန်တိမှ နှာခေါင်းရှုံ့၍ ရှေ့တက်လာခဲ့ရာ၊ သူ့လက်ထဲတွင် ချွန်ထက်သော ဓားတစ်လက် ပေါ်ထွက်လာခဲ့သည်။
“ ကြယ်ပြာကောင် ငါ့လက်ထဲမှာ သေရတာကို မင်းဂုဏ်ယူသင့်တယ် “
သူသည် ရှုကျိုးဆီသို့ လျှောက်လှမ်းလာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားဖြင့် ထိုးရန် ပြင်လာခဲ့သည်။
သို့သော် ထိုအခိုင်အတန့်တွင် ရှုကျိုးသည် ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ ယန်တိထက် မြန်ဆန်သော အမြန်နှုန်းဖြင့် လက်ညှိုးထိုးလာခဲ့သည်။
“ မင်း ……. “
ယန်တိသည် တအံ့တဩ ဖြစ်သွားခဲ့သည်၊ သူသည် ရှုကျိုးက ဤကဲ့သို့သော အခြေအနေမျိုးတွင် လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ရှုကျိုး၏ လက်ညှိုးသည် သူ၏နဖူးကို ထိသွားခဲ့သည်။
“ ဝုန်းးး “
ကြယ်ကြွေကျလာသကဲ့သို့ ဖြစ်နေသည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုသည် ယန်တိ၏ စိတ်ထဲတွင် ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
အနီရောင်အလင်းတန်းတစ်ခုသည် ယန်တိ၏ ဦးခေါင်းကို ထိုးဖောက်လာခဲ့ပြီး၊ မှောင်မည်းနေသည့် ဟင်းလင်းပြင်ကို ၎င်း၏ တောက်ပမှုဖြင့် လင်းထိန်သွားစေခဲ့သည်။
ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း
“ ဘုမ်းးးး “
ယန်တိ၏ ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ထွက်သွားပြီး၊ ၎င်းနှင့်အတူ သန့်စင်သော ယန်စွမ်းအင်ပါ လိုက်ပါလာခဲ့ပြီး၊ အပူချိန်ကို အဆ ငါးထောင်အထိ မြင့်တက်သွားစေခဲ့သည်။
မမြင်တွေ့ရသော အကာအရံတစ်ခုသည် ရှုကျိုးကို ဖုံးလွှမ်းလာခဲ့ကာ သွေးများလွင့်စင်လာခြင်းမှ ကာကွယ်ပေးထားခဲ့သည်။
ယန်တိ၏ ဦးခေါင်းမဲ့ အလောင်းကို ကြည့်ကာ ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
လျှို့ဝှက်ရတနာနှင့် ပေါင်းစည်းတိုက်ခိုက်သည့် ယန်တိ၏ တိုက်ကွက်သည် သူ့အပေါ်တွင် အမှန်ပင်အကျိုးသက်ရောက်မှု ရှိနေခဲ့သည်၊ သို့သော် ၎င်းသည် သူ့အား ရပ်တန့်သွားအောင် မပြုလုပ်နိုင်ခဲ့ပေ။
ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဓာတ်ကြီးငါးပါး ပေါင်းစည်မှုသည် အရာအားလုံးကို ချေဖျက်နိုင်စွမ်းရှိပြီး၊ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု လျှို့ဝှက်ရတနာက အလွန်တရာ ရှားပါးနေခဲ့သော်လည်း၊ ၎င်းကို အသုံးပြုနေသည့် လူက ပဥ္စမအဆင့်တွင်သာ ရှိနေသေးသောကြောင့် သူသည် ၎င်းကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်။
ထို့ကြောင့် သူသည် ယန်တိကို လှည့်စားရန်နှင့် သူ့ထံတွင် နောက်ထပ်လှည့်ကွက်များ ရှိ၊ မရှိုဆိုသည်ကို သေချာစေရန်အတွက် လှုပ်ရှား၍ မရသည့် ပုံစံမျိုး ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားခဲ့သည့် အတိုင်းပင် ယန်တိသည် အရူးလုပ်ခဲ့ရပြီး၊ ရှုကျိုးနားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းဖြင့် ချက်ချင်း သတ်ဖြတ်ခံလိုက်ရသည်။
“ ဒီကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းရဲ့ စွမ်းအားက တကယ်ကြီး ကြောက်ဖို့ကောင်းတာပဲ “ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည် “ ဒါပင်မဲ့ အဲ့တာကို အသက်သွင်းဖို့ လိုအပ်တဲ့ အချိန်ကတော့ တော်တော်ကြာတယ် “
ယခု၌ သူ၏ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းသည် သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်ရှိနေပြီး ဖြစ်ပြီး၊ တစ်ကြိမ်မျှ အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ယန်တိကဲ့သို့သောပညာရှင်တစ်ဦးကပင် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။
သို့ရာ၌ ဤတိုက်ကွက်ကို မီးတာအို နတ်စွမ်းရည်ဖြင့် ပေါင်းစပ်အသုံးပြုရမည်ဖြစ်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် သန့်စင်သော ယန်စွမ်းအင်ကို လက်ချောင်းထိပ်တွင် စုစည်းရန် လိုအပ်ပေသည်။
ရှုကျိုး၏ ယခုလက်ရှိစွမ်းအားဖြင့်ပင် ၎င်းကို အသက်သွင်းရန်အတွက် ပြင်ဆင်ချိန် ဆယ်စက္ကန့်ကျော်ကျော် လိုအပ်နေခဲ့သည်။
တိုက်ခိုက်နေစဥ်အချိန်တွင် ရန်သူသည် ထိုမျှလောက် အချိန်ပေးမည်မဟုတ်ဘဲ၊ သင့်အား တတ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်မည် ဖြစ်သည်။
ယခုလေးတင် ရှုကျိုးသည် ယန်တိ၏ မောက်မာမှုကို အခွင့်ကောင်းယူကာ ၎င်းကို တိတ်ဆိတ် ပြင်ဆင်အသက်သွင်းနေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည်နှင့်တစ်ပြိုင်နက် လက်ချောင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ပြီး၊ ၎င်းသည် ဆဌမအဆင့် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။