အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အပိုင်း ( 484 )
ရန်သူ့တပ်ရင်းကို ရှင်းလင်းခြင်း၊ စစ်ပွဲရမှတ် ပေးအပ်ခြင်း
ရှုန်းမာတောင်ကြား အပြင်ဘက်တွင်မူ
စစ်တပ်နှစ်ခုသည် အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေလျက်ရှိပြီး၊ စစ်မြေပြင်ထဲတွင် အော်ဟစ်ကြုံးဝါးသံနှင့် မီးခိုးငွေ့တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ကျုံးချန်သည် တပ်ရင်း ၂၃၏ တိုက်ခိုက်ရေး အစီအရင်ကို ဦးဆောင်ကာ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်နှင့် ရင်ဆိုင်နေခဲ့သည်။ သို့သော် သူ၏ အစီအရင် ထိန်းချုပ်နိုင်စွမ်းသည် ရှုကျိုးထပ် ပိုမိုအားနည်းနေခဲ့သည်။
ထို့ကြောင့် လူသုံးထောင်ပါဝင်သည့် ရန်သူ့တပ်ဖွဲ့နှင့် ရင်ဆိုင်နေရချိန်တွင် တပ်ရင်း ၂၃သည် ထပ်ခါတလဲလဲ ရှုံးနိမ့်နေခဲ့သည်။
“ တောင့်ထားကြ “
ကျုံးချန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
တပ်ရင်း၂၃တွင် လူအယောက် လေးထောင်ကျော်ရှိသော်လည်း၊ သူတို့သည် ခံစစ်မပေါက်ရန်အတွက် အတော်လေးရုန်းကန်နေခဲ့ရသည်။
ဤအတိုင်းသာ ဆက်သွားနေမည်သာဆိုပါက သူတို့သည် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်သည်။ သို့သော် သူတို့သည် ကျုံးချန်က ရှုကျိုး ပြန်ပေါ်လာမည့် အချိန်အား စောင့်နေသည်ကို သိသောကြောင့် မည်သူကမှ မကန့်ကွက်လာခဲ့ပေ။
သို့ရာတွင် အချိန်ကုန်လာလေလေ တပ်ရင်း ၂၃၏ စိတ်နှလုံးသားများက ပို၍ လေးလံလာလေလေပင် ဖြစ်သည်။
ကျုံးချန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည် “ ညီအစ်ကိုရှုက ယန်တိကို အနိုင်ယူနိုင်ပါ့မလား။ ရန်သူက အဆင့်၅ အထွတ်အထိပ် ပညာရှင်လေ ”
ရှားလီယွဲ့မှာလည်း စိတ်နှလုံးသား တင်းကြပ်နေလျက်ရှိသည်။
သူမသည် ရှုကျိုးက ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်အား အနိုင်ယူခဲ့ဖူးသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ထိုလူမှာ ကြယ်ပြာဂြိုဟ်မှ ပဥ္စမအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ ယခုရင်ဆိုင်နေရသည့် လူကမူ ကမ္ဘာ့ကြယ်၏ ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။ ၎င်းတို့မှာ လုံးဝကို မတူညီသည့် အရာနှစ်ခု ဖြစ်သည်။
…
ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်း၌
မော်တီသည် စစ်သည်တော်များကို အမိန့်ပေးညွှန်ကြားနေရင်းဖြင့် တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ယန်တိက ဘာလို့ မထွက်လာရသေးတာလဲ။ အစောပိုင်း အဆင့်၅နယ်ပယ်က လူတစ်ယောက်ကို ကိုင်တွယ်ရတာက ဒီလောက်တောင် အချိန်ယူရတာလား “
ကွေ့လိုင်မှ စကားဝင်ပြောလာခဲ့သည် “ အဲ့ဒီအကျင့်ပျက်ကောင် ယန်တိက ရန်သူကို နိုင်ခဲ့ပြီးပြီဆိုရင်တောင်မှ သူတို့ကို မသတ်သေးပဲ ကစားနေတတ်ပါတယ်။ အခုချိန်လောက်ဆို အထဲမှာ အဲ့ကလေးကို ကစားနေလောက်ပြီ ထင်တယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် အရှေ့ဘက်ရှိ တပ်ရင်း ၂၃ကို ကြည့်ကာ လှောင်ပြောင်နေတော့သည် “ အဲ့လူတွေက မျှော်လင့်ချက်လေးတွေ ဆုပ်ကိုင်ထားပြီး၊ ဒီနေရာကို ဖက်တွယ်နေသေးတာပဲ။ ဒါပင်မဲ့ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်မှု လျှို့ဝှက်ရတနာထဲမှာ အဲ့ဒီကြယ်ပြာကောင်လေးအတွက် ဘာမျှော်လင့်ချက်မှ ရှိမှာ မဟုတ်ဘူး “
ထိုစကားကို သူပြောခဲ့ပြီးသည့်နောက်တွင် စွမ်းအင်လှိုင်းတစ်ခုသည် အရှေ့ဘက်မှ ပေါ်ထွက်လာခဲ့သည်။
ကွေ့လိုင်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ယန်တိ ထွက်လာပြီ “
မော်တီမှာလည်း စိတ်ဝင်တစား ငေးကြည့်လာခဲ့သည်။
သို့သော် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ နဂါးမီးလျှံဆေဘာကို ကိုင်ထောင်ထားသည့် ပုံရိပ်တစ်ခုသည် ကွင်းပြင်ထဲတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ ညီအစ်ကိုရှု “
ထိုပုံရိပ်ကို မြင်တွေ့သွားသော အခါတွင် ကျုံးချန်သည် ဝမ်းသာအားရ ဖြစ်သွားခဲ့သည် “ မင်းထွက်လာမယ်ဆိုတာကို ငါသိနေတယ် “
တစ်ချိန်တည်းမှာပင် ရှားလီယွဲ့မှာလည်း စိတ်သက်သာရာရသွားပြီး၊ သူမ၏ မျက်လုံးလေးများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
တပ်ရင်း ၂၃တစ်ခုလုံးသည် စိတ်ဓာတ်များ တက်ကြွသွားကာ သူတို့၏ အရှိန်အဝါများပင် မြင့်တက်လာခဲ့သည်။
၎င်းမှာ စိတ်ဓာတ်ရေးရာ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ စည်းလုံးသည့် အချိန်တွင် စိတ်ဓာတ်သည် တပ်ရင်းတစ်ခုလုံး၏ စွမ်းအားကိုပင် မြှင့်တင်ပေးနိုင်လေသည်။
ရှုကျိုးမှာ စိတ်ဓာတ်များကို ညီညွတ်သွားစေသည့် ကြားခံတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
ထိုစဥ် ကမ္ဘာ့ကြယ် စစ်တပ်အတွင်းရှိ ကွေ့လိုင်မှာ အံ့ဩတကြီးဖြစ်နေလျက်ရှိသည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထွက်လာတဲ့လူက ဘယ်လိုလုပ် သူဖြစ်နေရတာလဲ “
မော်တီပင် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့လူက ယန်တိကို လျှို့ဝှက်ရတနာ ဟင်းလင်းပြင်ထဲမှာ တကယ်ကြီး အနိုင်ယူလိုက်တာလား။ သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
ရတနာ၏ ဟင်းလင်းထဲတွင် ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်များကို ဖိနှိပ်နိုင်သည့် နိယာမစည်းမျဥ်းများ ရှိနေသည်ကို သိထားကြရမည် ဖြစ်သည်။
အဲ့လိုအခြေအနေမျိုးမှာတောင် ယန်တိက ရှုံးသွားခဲ့တာလားဟ
သူ့ရဲ့ ပြိုင်ဘက်က အစောပိုင်း ပဥ္စမအဆင့် ပညာရှင်လေးပဲလေ
သို့သော် သူမသည် ထိုအကြောင်းကို ထပ်မတွေးနိုင်တော့ဘဲ အမူအရာ ပြောင်းလဲသွားခဲ့ရသည် “ မဟုတ်ဘူး၊ ရတနာက သူ့လက်ထဲမှာ ရှိနေတယ် “
…
လေထုထဲတွင် ရပ်နေသည့် ရှုကျိုးသည် လျှို့ဝှက်ရတနာ၏ ဟင်းလင်းပြင်အတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သံလိုက်အိမ်မြှောင် ကဲ့သို့သော ပစ္စည်းက သူ့လက်ထဲတွင် ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဆိုတော့ ရတနာက ဒီဟာလား “
ရှုကျိုးသည် သူ့လက်ထဲတွင် ရှိနေသည့် ရတနာကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။
“ ရတနာ ပြန်လာ “
ထိုအချိန်တွင် မော်တီမှ ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။
ဝရုန်းးး
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင်အတွင်းရှိ လူသုံးထောင်ထံတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့ပြီး၊ ဧရာမ သွေးနီရောင်လက်ကြီးကို ဖွဲ့စည်းကာ ရှုကျိုးကို ဖမ်းဆုပ်ရန် ပြင်လာခဲ့သည်။
၎င်းမှာ ကမ္ဘာ့ကြယ်သား အယောက်သုံးထောင်စလုံး၏ စွမ်းအားအပြည့်ဖြင့် ဖွဲ့စည်းထားသည့် ရှေးသူတော်စင် လက်တစ်ဖက်ဖြစ်ပြီး၊ ၎င်းမှာ အရာအားလုံးကို ဖမ်းဆီးနိုင်ပေသည်။
ထိုအချိန်၌ မော်တီ၏ အမိန့်အောက်တွင် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်သည် အပြည့်အဝ အသက်ဝင်လာခဲ့ပြီး၊ ၎င်း၏ စွမ်းအားသည် ယခင်ကထပ် အဆပေါင်းများစွာ ပိုအားကောင်းနေခဲ့သည်။
မော်တီက ရှုကျိုးကို အမိဖမ်းရန် ပြင်ဆင်ထားသည်မှာ သိသာနေခဲ့သည်။
ရှုကျိုးသည် သူက လှုပ်မရတော့ဘူးဟု ထပ်မံ၍ ခံစားသွားခဲ့ရသည်။
“ ဒြပ်စင်ငါးပါး နည်းစနစ် “
သူ၏ကလီစာငါးခု လှုပ်ခါလာခဲ့ပြီး၊ နတ်စွမ်းရည် ငါးခုမှာ အတူတကွ ပွင့်ထွက်လာခဲ့ကာ၊ ဖရိုဖရဲ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး၊ နယ်မြေတစ်ခုကို ဖွဲ့စည်းသယောင် ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ နယ်မြေအတွင်း၌ ဓာတ်ကြီးငါးပါး ပေါင်းစည်းသွားကာ၊ ယင်ယန် ဖြစ်တည်လာခဲ့ပြီး အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
ရှုကျိုးကို ဖမ်းဆုပ်လာခဲ့သည့် သွေးနီရောင် လက်ကြီးသည် အဆိုပါ နယ်မြေ၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။
“ ဘာကြီး “
၎င်းကို မြင်လိုက်ရသောအခါတွင် မော်တီသည် မအံ့ဩဘဲ မနေလောက်သည်အထိ ဖြစ်သွားခဲ့သည်။
ရှုကျိုးက ယန်တိကို အနိုင်ယူခဲ့ခြင်းကပင် သူမကို အတော်လေး အံ့ဩသွားစေခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် သူမသည် ၎င်းက ယန်တိ၏ ပေါ့ဆမှုနှင့် မောက်မာမှုတို့ကြောင့်သာ ဖြစ်သည်ဟု တွေးထားခဲ့သည်။
သို့သော် ယခုတွင်ကား သူမသည် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို အပြည့်အဝ စုစည်းကာ ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်ကို ဖိနှိပ်နိုင်သည့် ရှေးသူတော်စင်၏ လက်ကိုပင် အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။
သူက အဲ့တာကို တကယ်ကြီး ခုခံခဲ့တာလား
ကြယ်ပြာဂြိုဟ်ဘက်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုး ပေါ်လာခဲ့တာလဲ
“ ခရက် ခရက် ခရက် “
ရှုကျိုး၏ ပတ်ပတ်လည်တွင် ရှိနေသည့် နယ်မြေသည် သွေးနီရောင်လက်ကြီးကို ခုခံနေခဲ့ပြီး၊ ပြိုကွဲသွားတော့မည့်အလား ဖြစ်နေသည့် ကွဲအက်သံများကို ထုတ်လွှတ်နေခဲ့သည်။
“ ငါ့ရဲ့ ကျင့်ကြံရေး အဆင့် နိမ့်နေတာက ကံဆိုးတာပဲ။ တကယ်လို့ ငါကသာ အဆင့်၆နယ်ပယ်မှာ ရှိနေတယ်ဆိုရင်၊ ဒီတိုက်ခိုက်ရေး အစီအရင်တစ်ခုလုံးကို ငါတစ်ယောက်တည်း ဖြိုခွဲလို့ရတယ် “
ရှုကျိုးသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် တပ်ရင်း၂၃သည် ဤတစ်ကြိမ်တွင် လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။
ကျုံးချန်သည် ကျယ်လောင်စွာ ကြုံးဝါးလာခဲ့ပြီး၊ တပ်ရင်း၂၃မှာလည်း လှံတစ်ချောင်းကို လျင်မြန်စွာ ဖွဲ့စည်းကာ သွေးနီရောင် လက်ဆီသို့ ပစ်လွှတ်လာခဲ့သည်။
“ ပြိုကွဲ “
သွေးနီရောင်လက်သည် အပိုင်းပိုင်း အစစဖြစ်သွားခဲ့သည်။
ရှုကျိုးသည် ၎င်းကို အခွင့်ကောင်းယူကာ အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲပြီး တပ်ရင်း ၂၃၏ တိုက်ခိုက်ရေး အစီအရင်ထဲသို့ ပြေးဝင်သွားတော့သည်။
“ ညီအစ်ကိုရှု၊ ငါတို့က မင်းကို သေလောက်အောင် စိတ်ပူနေခဲ့တာ “
ရှုကျိုး ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျုံးချန်သည် သူ၏လက်များကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းဆုပ်ကိုင်လာခဲ့သည်။
ရှားလီယွဲ့မှာလည်း အလောတကြီး စကားဝင်ပြောလာခဲ့သည် “ ကံကောင်းထောက်မစွာနဲ့ ငါတို့က တောင့်ခံထားနိုင်ခဲ့တယ် “
ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အခုက အဲ့အကြောင်း ပြောရမဲ့ အချိန်မဟုတ်သေးဘူး။ အဲ့ဒီကမ္ဘာ့ကြယ်ကောင်တွေကို တစ်ကောင်မှ အလွတ်ပေးလို့ မဖြစ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်သည် ချက်ချင်းခေါင်းငြိမ့်ပြလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကျုံးချန်သည် တပ်မှူးနေရာကို ရှုကျိုးထံသို့ မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးအပ်လာခဲ့သည်။
ရှုကျိုး၏ အမိန့်အောက်တွင် တပ်ရင်း၂၃ တစ်ခုလုံးသည် စွမ်းအားကို အင်ပြည့်အားပြည့် ထုတ်လွှတ်လာခဲ့သည်။
“ ဘုမ်းးးး “
မီတာ ၁ထောင်မြင့်မားသည့် ဧရာမ ဘီလူးကြီးတစ်ကောင်သည် မြေပြင်ပေါ်မှ ပေါ်ထွက်လာခဲ့ပြီး၊ အစိမ်းရောင် နဂါးလခြမ်းဆေဘာကို ကိုင်ဆောင်၍ ကမ္ဘာ့ကြယ်စစ်တပ်ရှိရာဘက်သို့ ဓားဦးကို လှည့်ကာ “ သတ် “ ဟုကြုံးဝါးလာခဲ့သည်။
ဗွီ
ထို့နောက်တွင် ဧရာမ ဘီလူးကြီးသည် ဓားကို လွှဲရမ်းကာ ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင်ကို ဒေါသတကြီး ခုတ်ပိုင်းလာခဲ့သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 485 )
ရန်သူ့တပ်ရင်းကို ရှင်းလင်းခြင်း၊ စစ်ပွဲရမှတ် ပေးအပ်ခြင်း ၂
“ ဘုမ်းးးး “
ဧရာမ ဆေဘာသည် ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင် လှိုင်းလုံးကို ထုတ်လွှတ်လာခဲ့သည်။
ကမ္ဘာ့ကြယ် စစ်သည်တော် သုံးထောင်သည် သူတို့၏ ချီ-သွေးစွမ်းအားကို အပြည့်အဝ နှိုးဆွ၍ ထိုတိုက်ကွက်ကို ခက်ခက်ခဲခဲ ခုခံနေခဲ့ရသည်။
“ သေစမ်း၊ အဲ့လူရဲ့ စွမ်းအားက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား “
ထွက်ပြေးလိုစိတ်သည် မော်တီထံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် သူမသည် အကယ်၍ သူမသာ ပြေးသွားမည်ဆိုပါက သူမတို့၏ ကမ္ဘာ့ကြယ် စစ်သည်တော် သုံးထောင်က လုံးဝရှုံးနိမ့်သွားမည်ဖြစ်ပြီး၊ သူမမှာလည်း ကြီးလေးသော အရေးယူမှုများကို ခံယူရမည် ဖြစ်သည်။
“ ဒီလို ပါရမီရှင်မျိုးကို အစောကြီး ရှင်းထုတ်ပစ်မှ ဖြစ်မယ် “
မော်တီသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ရှုကျိုးရှိရာဘက်သို့ ငေးကြည့်နေခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် ကွေ့လိုင်ကို အော်ပြောလာခဲ့သည် “ သတ်ဖြတ်ရေး ကြယ်အစီအရင်ကို ဖွဲ့စည်းလိုက် “
“ သတ်ဖြတ်ရေး ကြယ်အစီအရင် ဖွဲ့ “
ကွေ့လိုင်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကမ္ဘာ့ကြယ် အစီအရင်မှ စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ မီတာ တစ်ထောင် မြင့်မားသည့် သွေးနီရောင် ဘီလူကြီးတစ်ကောင်သည် သတ်ဖြတ်ရေးကြယ် လေးတစ်လက်ကို ကိုင်ဆောင်၍ မြေပြင်ပေါ်မှ ကုပ်ဖက်ထလာခဲ့သည်။
သတ်ဖြတ်ရေး ကြယ်အစီအရင်သည် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်၏ အစွမ်းအထက်ဆုံး အစီအရင်များအနက်မှ တစ်ခုဖြစ်သည်။
လေးဆွဲလိုက်ရုံဖြင့် ကြယ်များကို ဖြိုခွင်းနိုင်ပေသည်။
တစ်ခါက နဝမအဆင့် ပညာရှင်တစ်ဦးသည် လူအယောက်တစ်သောင်းဖြင့် ပေါင်းစည်းထားသည့် အစီအရင်ကို ဦးဆောင်ကာ၊ သတ်ဖြတ်ရေး ကြယ်အစီအရင်ကို ဖွဲ့စည်းကာ မြှားတစ်ချက်တည်းဖြင့် ကြယ်တစ်လုံးကို ဖြိုခွဲခဲ့ပြီး၊ ထိုကြောင့်ပင် အဆိုပါ အစီအရင်အား သတ်ဖြတ်ရေး ကြယ်အစီအရင်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ယခုတွင် မော်တီသည် လူအင်အားတစ်ထောင်ကျော်ဖြင့် အဆိုပါ အစီအရင်ကို ဖွဲ့စည်းထားပြီး၊ ထိုကဲ့သို့သော စွမ်းအားမျိုးကို မထုတ်လွှတ်နိုင်ခဲ့သော်လည်း၊ ၎င်း၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေစဲပင် ဖြစ်သည်။
သွေးနီရောင် ဘီလူးကြီးသည် လေးကြိုးကို ဆွဲကာ မြှားတစ်ချောင်းကို ချက်ချင်းပစ်လွှတ်လာခဲ့သည်။
ဘမ်း
သွေးနီရောင်မြှားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဆုတ်ပြဲသွားစေသည့် အသံကို ထုတ်လွှင့်ကာ ကြယ်ပြာဂြိုဟ် အစီအရင်ထံသို့ တည့်တည့်တိုးဝင်လာခဲ့သည်။
ရှုကျိုးက မကြောက်မလန့် တည်ငြိမ်နေခဲ့ပြီး၊ လက်တစ်ဖက်မြှောက်၍ လက်ညှိုးထိုးလာခဲ့ရာ ရွှေရောင်ဘီလူးကြီးသည် ဓားကို ဆွဲကိုင်၍ ပြေးတက်လာခဲ့သည်။
“ ဘမ်း ဘမ်း ဘမ်း “
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ဘီလူးကြီးနှင့် သွေးနီရောင်ဘီလူးကြီးတို့သည် တိုက်ကွက်များစွာ ဖလှယ်ပြီးသွားခဲ့သည်။
ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် ရွှေရောင်ဘီလူးကြီးနှင့် လုံးဝပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ဘီလူးကြီးက ဓားလွှဲရမ်းလိုက်ချိန်တွင် ၎င်းသည် သူကိုယ်တိုင်က ဓားကို လွှဲရမ်းလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
ရှုကျိုး၏ ဓားကျွမ်းကျင်မှုသည် ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ဓားနှင့်လူတစ်သားတည်း ဖြစ်ခြင်းသည် သူ၏ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်သည်။
သူသည် တပ်ရင်းတစ်ခုလုံး၏ စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် စုစည်းကာ သူ၏ ဓားပညာကို အပိုင်နိုင်ဆုံး အသုံးပြုနေခဲ့သည်။
“ ဘမ်းးး “
သွေးနီရောင် မြှားတစ်လက်သည် တပ်ရင်း ၂၃၏ မီတာတစ်ရာ အကွာသို့ ရောက်ရှိလာသည်နှင့်အမျှ ရှုကျိုး၏ ဓားပညာကြောင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဒုတိယမြောက် မြှားတစ်စင်းလည်း ထပ်မံ၍ ရောက်ရှိလာခဲ့သည်။
ရှုကျိုးသည် သူ၏ဓားပညာရပ်ကို အသုံးပြုကာ အဆိုပါ တိုက်ခိုက်မှုကို ဆက်လက်ဖယ်ရှားလိုက်သည်။
တတိမြောက် မြှားချက်ကမူ ယခင်ကမြှားနှစ်စင်းထပ်ပင် ပိုမိုအားပျော့နေခဲ့သောကြောင့် ရှုကျိုးမှ အလွယ်တကူ ဖယ်ရှားသွားခဲ့သည်။
သတ်ဖြတ်ရေး ကြယ်အစီအရင်က အလွန်တရာ အစွမ်းထက်သော်လည်း၊ ၎င်းကို အသက်သွင်းရန် လိုအပ်သည့် စွမ်းအားမှာလည်း လွန်စွာကြီးမားနေခဲ့သည်။
မော်တီက အဝါရောင် အဆင့်ဇယား၏ နံပါတ်လေးနေရာတွင် ရပ်တည်နေသည့် လူဖြစ်သော်လည်း၊ မြှားနည်းစနစ်ကို သုံးကြိမ်ဆက်တိုက် အသုံးပြုလိုက်ခြင်းသည် သူမနှင့် ကမ္ဘာ့ကြယ် စစ်တပ်တစ်ခုလုံးကိုပါ မောပန်းသွားစေခဲ့သည်။
ရှုကျိုးသည် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ဆေဘာကို ထပ်မံ၍ လွှဲရမ်းလာခဲ့သည်။
ဆေဘာအလင်းတန်းသည် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်ဘုံနှင့် ကမ္ဘာတို့ကို လှုပ်ခါသွားစေခဲ့ပြီး၊ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ကို ခုတ်ပိုင်းလာခဲ့သည်။
အလင်းတန်း တောက်ပလာခဲ့ကာ၊ ရာနှင့်ချီသော ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးချင်းပြီး သေဆုံးသွားကြသည်။
“ ကမ္ဘာတည်သရွေ့ နောက်အနာဂတ်မှာ ငါကိုယ်တိုင် နင့်ကို သတ်မယ် “
မော်တီသည် အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးတို့ဖြင့် ရှုကျိုးကို စိုက်ကြည့်လာခဲ့ပြီး၊ ချက်ချင်းနောက်ဆုတ်ကာ ရှုန်းမာတောင်ကြား အပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
သူမသည် ယနေ့တိုက်ပွဲက သေချာပေါက် ရှုံးနိမ့်သွားပြီဆိုသည်ကို သိနေခဲ့သည်။
အကယ်၍ ယခုလက်ရှိအချိန်တွင် မပြေးဘူးဆိုပါက နောက်ပိုင်းတွင် သူမထံ၌ ထွက်ပြေးနိုင်မည့် အခွင့်အလမ်း ရှိနေတော့မည် မဟုတ်ပေ။
“ အဲ့လူက အစောပိုင်း အဆင့်၅မှာပဲ ရှိနေသေးတာတောင်မှ ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်နေပြီ။ နောင်အနာဂတ်မှာ အမြင့်ပိုင်းအဆင့်တွေဆီ သူရောက်လာတဲ့ အချိန်ကျရင် သူက ငါတို့လူမျိုးတွေအတွက် သေချာပေါက်ကို အန္တရာယ်ကြီးတစ်ခု ဖြစ်လာမှာပဲ “
“ ပြန်ရောက်ရင် ဘုန်းတော်ကြီးတွေဆီကို ချက်ချင်း သတင်းပို့ပြီးတော့ အဲ့လူကို သူတို့ကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ်ပေးဖို့ တောင်းပန်ရမယ် “
မော်တီသည် ဆုံးဖြတ်ချက်ချနေတော့သည်။
ကမ္ဘာ့ကြယ်၏ ဘုန်းတော်ကြီး တစ်ဦးချင်းစီတိုင်းသည် အဆုံးမဲ့ အချိန်မြစ်အတွင်းမှာပင် မတ်တပ်ရပ်နေနိုင်သည့် အစွမ်းထက် တည်ရှိမှုများဖြစ်သည်။
သူတို့ကသာ လှုပ်ရှားလာရန် ဆန္ဒရှိနေသရွေ့ ကြယ်ပြာဂြိုဟ်ပေါ်ရှိ မည်သူကမှ သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် စကြာဝဠာကို ကျော်ဖြတ်ရမည့်အတွက် ပေးဆပ်ရမည့် တန်ဖိုးမှာလည်း လွန်စွာကြီးမားနေမည်ဖြစ်သည်။
မော်တီသည် ရှုကျိုးကို နောက်ဆုံးတစ်ခေါက် ငေးကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ကောင်းကင်ထက်သို့ ပြေးတက်သွားတော့သည်။
“ ထွက်ပြေးချင်နေတာလား “
ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်၊ ဤတစ်ကြိမ်တွင် သူသည် မည်သူ့ကိုမှ လွတ်မြောက်ခွင့်ပြုတော့မည် မဟုတ်ပေ။
“ ဝှစ် “
သူ၏ ပုံရိပ်သည် လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ ပြောင်းလဲသွားကာ အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် မော်တီနောက်သို့ ပြေးလိုက်သွားတော့သည်။
မော်တီမှာလည်း အတော်လေး မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုန်းမာတောင်ကြား အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ရှုကျိုးက ပိုမိုမြန်ဆန်နေခဲ့သည်။
အလင်းအရိပ် နတ်ခြေလှမ်းကို အသုံးပြုထားသည့် ရှုကျိုးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ရွေ့လျားနေခဲ့ပြီး၊ ခြေတစ်လှမ်းဖြင့် မိုင်ပေါင်းများစွာ ကျော်ဖြတ်၍ မော်တီအနားသို့ လျင်မြန်စွာ ချဥ်းကပ်လာနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ကျောရှိ ဆေဘာသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ပြီး၊ ဖရိုဖရဲ အလင်းတန်းကို သယ်ဆောင်ကာ မော်တီထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။
“ ဝရုန်းးး “
ဆေဘာလွှဲရမ်းလာခဲ့သောကြောင့် ဓာတ်ကြီးငါးပါး စွမ်းအားတို့သည် မြစ်ကြီးများကဲ့သို့ တဟုန်ထိုး ပြေးဝင်လာခဲ့ကာ မော်တီကို ဖုံးလွှမ်းလာခဲ့သည်။
“ ကောင်းကင်ထိန်းချုပ် ဆေဘာရဲ့ အနှစ်သာရက ဆေဘာကို ဒြပ်စင်ငါးခုနဲ့ ဖွဲ့စည်းရတာပဲ၊ ဒါက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဓာတ်ကြီးငါးပါးကို စုစည်းနိုင်ပြီးတော့ အဲ့တာတွေကိုလည်း ဖြိုခွဲနိုင်တယ် “
ရှုကျိုးမှ ဆေဘာကို တစ်ချက်ပြီးတစ်ချက် လွှဲရမ်းလာခဲ့ရာ၊ အားကောင်းသော ဆေဘာစွမ်းအင်သည် လေထုထဲတွင် ဆက်တိုက်စုပြုံလာခဲ့ပြီး၊ ဓာတ်ကြီးငါးပါး လှောင်အိမ်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ကာ မော်တီကို ချုပ်နှောင်လိုက်သည်။
“ ဒီဓာတ်ကြီးငါးပါး လှောင်အိမ်က ကောင်းကင်ထိန်းချုပ်ဆေဘာရဲ့ ဓာတ်ကြီးငါးပါး ဖြိုခွဲမှုပုံစံတစ်ခုပဲ …… ဆေဘာစွမ်းအင်ကို သုံးပြီး ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဓာတ်ကြီးငါးပါးကို ဖြိုခွဲပြီး ဓာတ်ကြီးငါးပါး လှောင်အိမ်အဖြစ် ဖွဲ့စည်းတယ်။ အကျဥ်းသားက စွမ်းအင်အလွှာငါးခုရဲ့ ဖိနှိပ်ခြင်းကို ခံရမယ် “
“ ကောင်းကင်ထိန်းချုပ် ဆေဘာကို စဦးအဆင့်အထိပဲ နားလည်ထားသေးတာက နှမြောစရာကြီးကွာ။ တကယ်လို့ ငါကသာ သေးငယ်သော အောင်မြင့်မှုအဆင့်အထိ ရောက်ထားမယ်ဆိုရင်၊ ငါက မော်တီကို ဓာတ်ကြီးငါးပါး လှောင်အိမ်နဲ့ ချက်ချင်းသတ်လိုက်လို့ရတယ် ………. သတ် “
ဝုန်းးးး
မော်တီကို ချုပ်နှောင်အကျဥ်းချခဲ့ပြီးသည့်နောက်တွင် ဓာတ်ကြီးငါးပါး လှောင်အိမ်သည် သတ္ထု၊ မီး၊ ရေ၊ မြေနှင့် သစ်သားတို့၏ စွမ်းအင်များကို ထုတ်လွှတ်ကာ ဖိနှိပ်လာခဲ့သည်။
“ ဖူးး ဖူးး ဖူးး “
စွမ်းအင်ငါးမျိုး၏ ဖိနှိပ်မှုကို ခံခဲ့ရပြီးသည့်နောက်တွင် မော်တီ၏ သွေးကြောများ ဆက်တိုက် ပေါက်ထွက်လာခဲ့ပြီး၊ သူမ၏မျက်နှာပေါ်တွင် လွန်စွာနာကျင်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ယန်တိ(သို့) ကွေ့လိုင်တို့အတွက်ကမူ နေရာမှာတင် ပြီးချင်းပြီး သေဆုံးသွားမည် ဖြစ်သည်။
သို့ရာတွင် အဝါရောင်အဆင့်ဇယား၏ နံပါတ်၄နေရာတွင် ရပ်တည်နေနိုင်သည့် မော်တီသည် ပဥ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး၊ ဆဌမအဆင့်နှင့်ပင် လွန်စွာနီးကပ်နေသောကြောင့် သူမ၏အသက်ဓာတ်မှာ အတော်အတန်အားကောင်းနေခဲ့ပြီး၊ သွေးကြောများ ပေါက်ကွဲပျက်စီးသွားသည့်တိုင်အောင် ရှင်သန်နေစဲဖြစ်သည်။
“ ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း “
ရှုကျိုးသည် မော်တီ့အရှေ့သို့ ပျံသန်းလာခဲ့ကာ လက်ညှိုးထိုးလာခဲ့သည်။
အလွန်လွှမ်းမိုးကြီးစိုးကာ စွမ်းအားကောင်းသည့် ဤတိုက်ကွက်သည် ခေါင်းမာကာ ရှင်သန်ရန် ရုန်းကန်နေသေးသည့် အသက်များကို နှုတ်ယူပစ်သည့် ပွဲသိမ်းတိုက်ကွက်တစ်ခု ဖြစ်သည်။
“ မဟုတ်ဘူး ………. “
မော်တီသည် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများကို ခံစားမိသွားပုံရပြီး၊ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
သူမသည် ဤတိုက်ပွဲတွင် ပါဝင်မိသည်ကိုပင် နောင်တရသွားခဲ့သည်။
သို့သော် အရာအားလုံးမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှုကျိုး၏ လက်ချောင်းသည် မော်တီ၏ နဖူးကို ထိလာခဲ့ပြီး၊ လှံတစ်ချောင်းကဲ့သို့ မော်တီ၏ စိတ်ကို ချက်ချင်းထိုးဖောက်သွားခဲ့သည်။
မော်တီ ကျရှုံးသွားပြီ ဖြစ်သည်။
…
ရှုကျိုးက စစ်မြေပြင်ဆီသို့ ပြန်ရောက်လာသောအခါတွင် သူသည် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်က ပြိုကွဲနေသည်ကို မြင်တွေ့လိုက်ရသည်။
ယခင်က ရှုကျိုးသည် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို မြှင့်တင်ကာ ကမ္ဘာ့ကြယ်သား ရာနှင့်ချီ၍ သုတ်သင်ခဲ့သည့် တိုက်ကွက်ကို ထုတ်လွှတ်ခဲ့သည်။
ထို့အပြင် မော်တီ၏ ထွက်ပြေးမှုသည် ကမ္ဘာ့ကြယ် စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်ကို ပျက်ပြားသွားစေကာ ကြယ်ပြာဂြိုဟ်မှ တပ်ရင်း၂၃၏ အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို ခံသွားရစေခဲ့သည်။
“ သူတို့အားလုံးကို သတ် “ ရှုကျိုးသည် လက်သီးလက်မောင်းတန်း၍ အော်ပြောလာခဲ့သည်။
ရှုကျိုးသည် သူ၏ကမ္ဘာပေါ်သို့ ကျူးကျော်လာသည့် ဤကမ္ဘာ့ကြယ်သားများကို မည်သို့မျှ သနားညှာတာမှု မရှိပေ။
လုံးဝသုတ်သင်ရှင်းလင်းလိုက်မှသာလျှင် အကောင်းဆုံး ဖြစ်သည်။
…
မိနစ်၂၀ ကြာခဲ့ပြီးသည့်နောက်၌
စစ်မြေပြင်တွင် အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
အဆိုပါ အလောင်းများမှာ ကမ္ဘာ့ကြယ်သားများသာ ဖြစ်ပြီး၊ ကြယ်ပြာဂြိုဟ်ဘက်မှ မည်သူ့ကိုမှ မဆုံးရှုံးခဲ့ပေ။
၎င်းမှာ တိုက်ခိုက်ရေး အစီအရင်ပြိုကွဲသွားခြင်း၏ ရလဒ်ဖြစ်ပြီး၊ လုံးဝသုတ်သင် ရှင်းလင်းခံလိုက်ရသည်။ တိုက်ခိုက်ရေး အစီအရင်ကသာ အနိုင်ရခဲ့မည်ဆိုပါက ဆုံးရှုံးမှုများ သေးငယ်သွားမည် ဖြစ်သည်။
သို့သော် တိုက်ခိုက်ရေး အစီအရင် ရှုံးနိမ့်သွားခဲ့မည်ဆိုပါက၊ လုံးဝချေမှုန်းခံရမည်ဖြစ်ကာ ရှင်သန်လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ထွက်ပြေးသွားခဲ့သည် မော်တီကဲ့သို့သော လူတစ်ဦးကမူ ချွင်းချက်ဖြစ်သည်၊ အကယ်၍ တပ်မှူးကသာ ရှုံးနိမ့်မှုကို ကြိုတင်သိမြင်ခဲ့ပြီး၊ စောစောစီးစီး ထွက်ပြေးသွားမည်ဆိုပါက၊ ရှင်သန်ခြေ အနည်းငယ်ရှိသည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် စစ်တပ်တစ်ခုလုံး ပျက်စီးသွားရခြင်းနှင့် ထို့အတွက်ကြောင့် သက်ဆိုင်ရာ စစ်ဌာနဘက်မှ သူ့အား ဖမ်းဝရမ်းထုတ်လာမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သော တိုက်ပွဲမျိုးသည် ရှေးဦးတိုက်ပွဲထပ်ပင် ပို၍ရက်စက်ကြမ်းတမ်းပြီး၊ စစ်တပ်နှစ်ခုစလုံးမှာ တစ်ဦးတစ်ဖက်က သေကြေသည်အထိ တိုက်ခိုက်မှသာလျှင် ရလဒ်ထွက်ပေါ်လာမည် ဖြစ်သည်။
…
“ ညီအစ်ကိုရှု၊ မင်းကို ကျေးဇူးတင်ပါတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲက ဒီလောက် လွယ်နေခဲ့မှာ မဟုတ်ဘူး “
စစ်ပွဲပြီးဆုံးသွားခဲ့သည့်နောက်တွင် ကျုံးချန်သည် တဲအတွင်းသို့ ဝင်ရောက်လာခဲ့ကာ ကျေးဇူးတင်နေသည့် အမူအရာဖြင့် ရှုကျိုး၏လက်ကို ကိုင်လာခဲ့သည်။
သူသည် အတိတ်ကို ပြန်၍ အမှတ်ရသွားခဲ့သည်၊ ယခင်က သူသည် ဤလူငယ်လေးက များစွာအထောက်အကူ ဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။
သို့သော် မထင်မှတ်ထားစွာဖြင့် သူ၏ဦးဆောင်မှုအောက်တွင် စစ်ပွဲကြီးနှစ်ခုကို တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည်။
ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခေါင်းခါပြ၍ စကားပြောလာခဲ့သည် “ အခု ကမ္ဘာ့ကြယ်သားတွေ အကုန်လုံးကို ရှင်းပြီးသွားပြီဆိုတော့ ဒီနယ်မြေ ၂၃က လွတ်မြောက်သွားပြီလား “
ကျုံးချန်မှ ခေါင်းခါပြလာခဲ့သည် “ အဲ့လောက် မရိုးရှင်းဘူး။ ငါတို့က အခု ကမ္ဘာစစ်ကို ဆင်နွှဲနေကြတာ။ ကမ္ဘာ့ကြယ်ဘက်မှာက မတိုက်ခိုက်ရသေးတဲ့ တပ်ရင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့က သိပ်မကြာခင် အချိန်မှာပဲ ပိုစွမ်းတဲ့ လူတွေကို လွှတ်လာနိုင်တယ် “
“ ဒါပင်မဲ့ အခု ငါတို့က ဒီနယ်မြေက ကမ္ဘာကြယ်ကောင်တွေကို အကုန်ရှင်းလိုက်ပြီဆိုတော့ တကယ်လို့ သူတို့က ပိုစွမ်းတဲ့လူတွေကို လွှတ်လာမယ်ဆိုရင်တောင်မှ ငါတို့ဘက်မှာ အားသာချက် အကြီးကြီးရှိတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာ အတွေးနက်သွားတော့သည်။
အစပိုင်းတွင် သူသည် စစ်တပ်တစ်ခုလုံးကို ရှင်းခဲ့ပြီးသည့် အချိန်တွင် ဤစစ်နယ်မြေက လွတ်မြောက်သွားမည်ဟုသာ ထင်နေခဲ့သည်။
မထင်မှတ်ထားစွာဖြင့် အခြေအနေသည် ပို၍ ရှုပ်ထွေးနေခဲ့သည်။
သို့ရာတွင် ၎င်းမှာလည်း အမှန်တရားဖြစ်ပြီး၊ သူရင်ဆိုင်ခဲ့ရသည့် အစွမ်းအထက်ဆုံး လူမှာ အဝါရောင်အဆင့်ဇယား၏ နံပါတ် ၄နေရာမှ မော်တီသာလျှင် ဖြစ်သည်။
အနက်ရောင်အဆင့်ဇယားမှ ပါရမီရှင်များမပေါ်လာသေးပေ။
ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲများက ရှေ့တွင် စောင့်ကြိုနေပုံရသည်။
ထိုအချိန်တွင် ကျုံးချန်သည် ဝမ်းသာအားရဖြင့် ရုတ်တရက် အော်ဟစ်လာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းရဲ့ စစ်တပ်အောင်မြင်မှုကို အသိအမှတ်ပြုလိုက်ပြီ၊ မင်းကတော့ မြင့်တက်လာတော့မယ် “
……………………………………………………………………………………………………………………………………………
အပိုင်း ( 486 )
ဒုံးပျံကဲ့သို့ မြင့်တက်ခြင်း၊ ဆင့်ကဲပြောင်းလဲမှု
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ကိုယ်ပိုင် စစ်ပွဲရမှတ်များကို ကြည့်ရှုစစ်ဆေးလိုက်သည်။
သူမှ လက်ပတ်ကို ဖွင့်လိုက်ရာ အလင်းတန်းမျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
[ ရှုကျိုး
စစ်တပ်အဆင့် : ပထမအဆင့် တပ်သား
စစ်ပွဲရမှတ် : ၅၁၃၀၀ ]
“ အမှတ် ၅သောင်းကျော်က ရုတ်တရက်ကြီး တိုးလာခဲ့တာလား “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ကျုံးချန်မှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဒီတိုက်ပွဲနှစ်ခုမှာ ငါတို့က ရန်သူ့တပ်သား အယောက် ၄၀၀၀ကျော်ကို သတ်နိုင်ခဲ့တာလေ၊ အဲ့တာကြောင့် ဌာနက ပေးတဲ့ စုစုပေါင်း ရမှတ်က ၅သိန်းနီးပါးပဲ။ တပ်မှူးဖြစ်တဲ့မင်းက ဆယ်ပုံတစ်ပုံရတယ်လေ “
ရှုကျိုးမှ မေးမြန်းလာခဲ့သည် “ အစ်ကိုကျုံးက ဘယ်လောက်ရလဲ “
ကျုံးချန်မှ ပြောလာခဲ့သည် “ ငါက ဒုတပ်မှူးအဆင့်နှင့် အတူတူပဲလေ၊ ဆိုတော့ တပ်မှူးရဲ့ တစ်ဝက်ရတယ်၊ ၂သောင်းကျော်ပေါ့ “
“ ကျွန်တော်သိပြီ “ ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
ဤနည်းလမ်းဖြင့် တပ်မှူးသည် စစ်ပွဲရမှတ်များစွာ ရရှိနိုင်ပြီး၊ ဆယ်ပုံတစ်ပုံအထိ ရရှိနေခဲ့သည်။
တပ်မှူးနှင့် ဒုတပ်မှူးတို့၏ ရပိုင်ခွင့်များကို ဖယ်လိုက်ပါက တပ်ရင်း ၂၃ရှိ စစ်သည်တော် အယောက် ၄၀၀၀ကျော်သည် တစ်ဦးလျှင် စစ်ပွဲရမှတ် ၁၀၀နီးပါး ရရှိကြမည် ဖြစ်သည်။
၎င်းမှာ လုံးဝအနိုင်ရသည့် အခြေအနေမျိုးတွင် ရှိရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့သည် ဤမျှ များများစားစား ရရှိမည် မဟုတ်ပေ။
“ ကျောင်းအုပ်ကြီးက တပ်မှူးတစ်ယောက် မြန်မြန်ဖြစ်စေချင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ ရှုကျိုးသည် မနေနိုင်တော့ဘဲ သက်ပြင်းချမိနေခဲ့သည် “ တကယ်လို့ ငါက တပ်သားအဆင့်မှာပဲ ရှိနေဦးမယ်ဆိုရင် စစ်ပွဲအမှတ်တွေ ရမှာမဟုတ်ဘူး “
ကျုံးချန်သည် သူတွေးနေသည့် အရာကို သိနေပုံရပြီး ရှင်းပြလာခဲ့သည် “ စစ်ပွဲပြီးတဲ့ အချိန်မှာ စစ်သည်တော်တွေက စစ်ပွဲအမှတ်တွေ မရဘူးဆိုပင်မဲ့၊ တိုက်ပွဲကို အနိုင်တိုက်နိုင်ခဲ့သရွေ့ စစ်ဌာနက သူတို့တွေကို စစ်ဘက်ဆိုင်ရာ အောင်ပွဲရ စစ်ပွဲအမှတ်တွေ ချီးမြှင့်တတ်တယ် “
“ အခုလိုစစ်ပွဲမျိုးဆိုရင်တော့ သူတို့က တစ်ယောက်ကို အမှတ်တစ်ထောင်နီးပါး ရနိုင်တယ် “
ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်၊ ၎င်းမှာ လွန်စွာကျိုးကြောင်းသင့်နေခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက တိုက်ပွဲများကို အသက်နှင့်ရင်း၍ တိုက်ခိုက်ခဲ့ရသည့် စစ်သည်တော်များ၏ အကျိုးအမြတ်မှာ လွန်စွာ နည်းပါးနေမည်ဖြစ်သည်။
ကျုံးချန်သည် ရယ်ရယ်မောမောဖြင့် ထပ်ပြောလာခဲ့သည် “ အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်၊ ညီအစ်ကိုရှု၊ အခုမင်းက စစ်ဌာနဆီမှာ ရာထူးတိုးပေးဖို့ လျှောက်ထားလို့ရပြီ “
“ အို့ “ ရှုကျိုးသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ကျွန်တော့်ရဲ့ အမှတ် ၅သောင်းက ကျွန်တော့်ကို ဘယ်အဆင့်လောက်အထိ ရောက်သွားစေနိုင်လဲ “
ကျုံးချန်သည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော် ပြောမှာမဟုတ်ဘူး၊ ညီအစ်ကိုရှုက အဲ့တာကို မျှော်လင့်ကြည့်နေလိုက် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း စိတ်ဝင်တစားဖြစ်သွားခဲ့သည်။
သူသည် လက်ပတ်ကို ဖွင့်ကြည့်ကာ စစ်ဌာနဆီသို့ ချက်ချင်းလျှောက်လွှာတင်လိုက်သည်။
စစ်ဌာန၏ လုပ်ဆောင်မှုသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မိနစ်ပိုင်းမျှအကြာတွင် ရှုကျိုးသည် သူ၏ရာထူးအဆင့်အတန်းက ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
တပ်သား 🡪 ဒုဗိုလ် 🡪 ဗိုလ် …….
စစ်ရာထူးတံဆိပ်က အစင်းနှစ်ခုနှင့် ကြယ်သုံးပွင့်အဖြစ် ပြောင်းလဲသွားခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။
“ ဗိုလ်မှူးကြီးလား “
ရှုကျိုးသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ ဒီလောက်တောင် မြန်တာလား “
သူသည် အမှန်ပင် အံ့ဩတုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်၊ တပ်သားမှ ဗိုလ်မှူးကြီးအဖြစ် အဆင့်၆ဆင့်အထိ မြင့်တက်လာခဲ့သည်။
ကျုံးချန်သည် ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည် “ ဘယ်လိုလဲ၊ မိုက်တယ်မလား “
“ နည်းနည်းတော့ အံ့ဩဖို့ကောင်းတယ် “ ရှုကျိုးသည် သတိပြန်ဝင်လာခဲ့ကာ အပြုံးဖြင့် ခေါင်းခါနေတော့သည် “ အစကတော့ အများဆုံးမှ ဗိုလ်ကြီးအဆင့်လောက်ထိပဲ ရောက်မယ်လို့ ထင်နေခဲ့တာ၊ ဒါပင်မဲ့ ဗိုလ်မှူးကြီးအဖြစ် တိုက်ရိုက်အဆင့်တက်သွားခဲ့တယ် “
ဗိုလ်မှူးကြီးဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
ဗိုလ်ကြီးတစ်ဦးသည် စစ်သည်တော် ၁၀၀၀ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်ကို အမိန့်ပေး ထိန်းချုပ်နိုင်ပေသည်။
ဒုဗိုလ်မှူးကြီးတစ်ဦးကမူ တပ်ရင်းမှူးအဆင့်နှင့် ညီမျှပြီး၊ လူသုံးထောင်ကျော်သည့် တပ်ရင်းတစ်ခုကို ထိန်းချုပ်နိုင်ပေသည်။
ဗိုလ်မှူးကြီးကမူ ဒုတပ်မမှူးအဆင့်နှင့် ညီမျှပြီး၊ လူတစ်သောင်းမှ ငါးသောင်းအထိ ရှိသည့် တပ်မဟာတစ်ခုကို ထိန်းချုပ်နိုင်ပေသည်။
ထို့နောက် ဗိုလ်ချုပ်ရှိပြီး၊ ၎င်းမှာ တပ်မမှူးဖြစ်ကာ စစ်ပွဲ၏ ဗျူဟာနှင့် လုပ်ဆောင်မှုများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ကျုံးချန်သည် ရယ်ရယ်မောမောဖြင့် ဆက်ပြောလာခဲ့သည် “ ညီအစ်ကိုရှုက လူ၄၀၀၀ကျော်ရှိတဲ့ ကျုပ်တို့ တပ်ရင်းကို အုပ်ချုပ်ပြီးတော့ ကမ္ဘာ့ကြယ်ရဲ့ တပ်ရင်း ၃၁ကို အနိုင်ယူခဲ့တာလေ၊ အဲ့တာကတင် ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးပေးဖို့ လုံလောက်နေပါပြီ “
၎င်းသည် ရှုကျိုး၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည်၊ တပ်ရင်း ၂၃သည် မဟာအဆင့်ရှိသည့် တပ်ရင်းတစ်ခုဖြစ်ပြီး၊ ၎င်း၏တပ်မှူးဖြစ်သည့် ကျုံးချန်မှာလည်း ဒုဗိုလ်မှူးကြီးအဆင့်ရှိသည်။
ဤတစ်ကြိမ် ရှုကျိုး၏ ရာထူးတိုးခြင်းသည် သူ၏ အဆင့်အတန်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကျုံးချန်မှ နောက်နောက်ပြောင်ပြောင်ဖြင့် ပြောလာခဲ့သည် “ ညီအစ်ကို၊ အခုကစပြီး မင်းကို တွေ့ရတဲ့ အချိန်တိုင်းမှာ ငါက မင်းကို စီနီယာ ဒါမှမဟုတ် ဆရာလို့ ခေါ်ရတော့မှာပဲ “
“ အစ်ကိုကျုံးရာ၊ ကျွန်တော့်ကို မစပါနဲ့ “ ရှုကျိုးမှလည်း ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော် ရာထူးမြန်မြန်တိုးသွားတာက အစ်ကိုကျုံးကျေးဇူးကြောင့်ပါ “
“ ဘယ်ကသာ အကုန်လုံးက မင်းရဲ့စွမ်းရည်တွေကြောင့်ပဲ “ ဟုကျုံးချန်မှ ပြောလာခဲ့သည်၊ သူသည် နှိမ့်နှိမ့်ချချဖြင့် စကားပြောနေခဲ့သော်လည်း၊ သူ၏စိတ်ထဲတွင်မူ ရှုကျိုး၏ စိတ်သဘောထားကြောင့် သူ၏ရွေးချယ်မှုက မမှားယွင်းဘူးဟု ခံစားနေရကာ အလွန်ကျေနပ်အားရနေခဲ့သည်။
…
ထို့နောက်တွင် ရှုကျိုးသည် ရာထူးတိုးမြှင့်ရေး လုပ်ငန်းစဥ်များကို ကြည့်ရှုနေခဲ့သည်။
မကြာခင်မှာပင် သူတိတ်တဆိတ် အံ့အားသင့်သွားခဲ့ရသည်။
ဒုဗိုလ်အဖြစ် ရာထူးတိုးရန်အတွက် စစ်ပွဲရမှတ် တစ်ထောင်လိုအပ်ပြီး၊ ဗိုလ်အတွက် နှစ်ထောင်၊ ဗိုလ်ကြီးအတွက် ငါးထောင်၊ ဗိုလ်မှူးအတွက် တစ်သောင်း၊ ဒုဗိုလ်မှူးကြီးအတွက် နှစ်သောင်း၊ ဗိုလ်မှူးကြီးအတွက် ငါးသောင်း စသည်ဖြင့် သက်ဆိုင်ရာ ရာထူးများအလိုက် အမှတ်များစွာ လိုအပ်လှသည်။
ထိုအထိက ပုံမှန်သာဖြစ်ပြီး၊ ထို့နောက်တွင်မူ အဆင့်တက်ရန် လိုအပ်သည့် စစ်ပွဲရမှတ်မှာ အလွန်တရာ များပြားလာခဲ့သည်။
ဒုဗိုလ်ချုပ်ဖြစ်ရန်အတွက် အမှတ်တစ်သိန်း လိုအပ်ပြီး၊ ဗိုလ်ချုပ် ဖြစ်ရန်အတွက် အမှတ်တစ်သန်း၊ ဗိုလ်ချုပ်ကြီးအတွက် အမှတ်ဆယ်သန်း လိုအပ်နေခဲ့သည်။
“ ဒုဗိုလ်ချုပ်အထိက အဆင်ပြေနေသေးတယ်၊ ဒါပင်မဲ့ ဗိုလ်ချုပ်နဲ့ အဲ့တာရဲ့အထက်ပိုင်းမှာတော့ မိုးထိထောင်တက်သွားပြီ “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
သူ့ဘေးရှိ ကျုံးချန်မှ ရှင်းပြလာခဲ့သည် “ ဗိုလ်ချုပ်ကြီးအဆင့်မှာက စစ်ပွဲအကြီးစားကြီးတစ်ခုကို ကိုင်တွယ်ပြီးတော့ စစ်မြေပြင်ကို သူတို့ကိုယ်တိုင် တိုက်ခိုက် သိမ်းပိုက်ရတာလေ။ ပုံမှန်ကတော့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကပဲ အဲ့ရာထူးကို ယူထားကြတယ်၊ သာမန်လူတွေက အဲ့ရာထူးရဲ့ အနားကိုတောင် မကပ်နိုင်ကြဘူး “
“ အဲ့လိုကိုး “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
ဗိုလ်ချုပ်ကြီးသည် သူ့အတွက် အလွန်အလှမ်းဝေးနေသေးပြီး၊ ယခုလက်ရှိ ဗိုလ်မှူးကြီး ရာထူးကပင် သူ့ကို အတော်လေး အံ့အားသင့်စေခဲ့ပြီးပြီ ဖြစ်သည်။
“ ဟုတ်ပြီ၊ ဒီစစ်ပွဲအမှတ်တွေက ရာထူးတိုးတာအပြင် တစ်ခြား အသုံးဝင်တာကော ရှိသေးလား “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။
ကျုံးချန်မှ ပြောပြလာခဲ့သည် “ ဒါပေါ့ သူတို့က အရမ်းအသုံးဝင်တယ်။ စစ်ပွဲအမှတ်တွေနဲ့ ရှားပါးအရင်းအမြစ်တွေ ဝယ်လို့ရတယ်၊ ဥပမာအနေနဲ့ အဆင့်၇ကို ရောက်သွားစေမဲ့ ရတနာဆေးလုံးတို့လို ဟာမျိုးတွေပေါ့။ စစ်ဌာနမှာပဲ အဲ့တာတွေကို လဲလှယ်လို့ရတယ်၊ အဲ့တာတွေက တော်တော်ကြီးကို တန်ဖိုးကြီးတယ် “
“ ညီအစ်ကိုရှု၊ အခု မင်းက အဆင့်၅ကို ရောက်နေပြီ၊ စစ်ဌာနမှာ အဆင့်၅နယ်ပယ်အတွက်လည်း ကျင့်ကြံရေး အရင်းအမြစ်တွေ ရှိတယ်၊ အဲ့တာတွေက မင်းကို အဆင့်မြန်မြန်တက်သွားအောင် လုပ်ပေးနိုင်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ နားလည်ပြီ “
ဤစစ်ပွဲရမှတ်များကို အရင်းအမြစ် လဲလှယ်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။
သို့သော်လည်း ယခုလက်ရှိ သူ့ထံတွင် အရင်းအမြစ်များ ပြတ်လပ်မနေခဲ့ပေ။
နောက်ဆုံးတစ်ကြိမ်က သူသည် လျူမိသားစုထံမှ ကျင့်ကြံရေး အရင်းအမြစ်များစွာ ထုတ်ယူခဲ့ပြီး၊ သူ့ထံတွင် ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး အလုံး၂၀ ကျန်နေသေးသည်။
ဤရက်များအတွင်း၌ သူသည် သူ၏နယ်ပယ်ကို ခိုင်မာသွားစေရန် ပြုလုပ်ခဲ့ပြီး၊ ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲခဲ့ရပြီးသည့်နောက်တွင် သူ၏နယ်ပယ်သည် လုံလုံလောက်လောက် ခိုင်မာအားကောင်းသွားခဲ့ပြီ ဖြစ်သည်။