← Chapters

အခန်း (၂၂၀၁-၂၂၀၂)

Vol. 161 Ch. 2201-2202

အခန်း (၂၂၀၁-၂၂၀၂)

Vol. 161 Ch. 2201-2202

အခန်း(၂၂၀၁)

”အစ်ကိုကျန်းချန်”

ရင်ပြင်အတွင်းရှိ လူအားလုံး၏ အာရုံစိုက်မှုက ကျန်းချန် ထံသို့ ရောက်ရှိနေသည်ကိုမြင်လျှင် ကူဖုန်းအာ၏ လှပသော မျက်ဝန်းလေး၌ စိုးရိမ်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သူမ၏ အစ်ကို ကျန်းချန်က ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားပြီး နတ်ဘုရင်အဆင့်ကို မတက်လှမ်းရသေးသော်လည်း အလယ်ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များထက် မနိမ့်ကျကြောင်း သူမ သိထားသည်။

သို့သော်လည်း ယနေ့ ကျန်းချန် ရင်ဆိုင်ရမည့်သူများမှာ အလယ်ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင် အားလုံးနီးပါး ဖြစ်၏။

ထိုအထဲတွင် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဦး စာရင်းဝင် ကျင့်ကြံသူ သုံးဦးပင် ပါဝင်နေခဲ့ရာ ကူဖုန်းအာသည် အနည်းငယ် စိုးရိမ်နေမိသည်။

သို့သော်လည်း ကျန်းချန်၏ စိတ်နေစိတ်ထားအရ အလွယ်တကူ နောက်ဆုတ်မည် မဟုတ်ကြောင်း ကူဖုန်းအာ ကောင်းစွာ သိထားခဲ့၏။

သို့ဖြစ်ရာ သူမ အနေဖြင့် အခြေအနေကို စောင့်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။

အကယ်၍သာ အလယ်ပိုင်းဒေသမှ ပါရမီရှင်များ အနေဖြင့် လွန်လွန်ကျူးကျူး လုပ်လာခဲ့လျှင် သူမ အနေဖြင့် လျစ်လျူရှုကာ ထိုင်ကြည့်နေမည် မဟုတ်ပေ။

ကျန်းချန်က ရင်ပြင်ပတ်ပတ်လည်မှ အကြည့်များကို မသိချင်ယောင်ဆောင်ကာ သူ၏ ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

အကယ်၍ သူသာ နတ်ကုန်းမြေတိုက်သို့ ပထမဆုံးအကြိမ် စတင် ရောက်ရှိစဥ်ကသာ ဆိုလျှင် ဤအလယ်ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များနှင့် ယှဥ်ပြိုင်ရန်သည် သူ့အတွက် အလှမ်းဝေးကောင်း ဝေးနိုင်ပေသည်။

သို့သော်လည်း ယခု ကျန်းချန်သည် နတ်ကုန်းမြေတိုက်ကို ရောက်စက ကျန်းချန် မဟုတ်တော့ပေ။

သူ၏ လက်ရှိစွမ်းရည်နှင့် သူပိုင်ဆိုင်ထားသော ဝှက်ဖဲများဖြင့်သာဆိုလျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသူမှာ နတ်ဘုရင် သတ္တမ အဆင့်သာ ရှိတော့သည်။

ထို့ကြောင့် ကျန်းချန်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှ ကျင့်ကြံသူများကို အမှန်တကယ်ပင် ဂရုမစိုက်ခဲ့ပေ။

ရင်ပြင်ပေါ်မှ လူတိုင်း၏ အကြည့်သည် ကျန်းချန်ထံတွင် စုပြုံကျရောက်နေသော်လည်း တစ်ခဏမျှ ကြာသည်အထိ မည်သူကမျှ ကျန်းချန်ကို စိန်ခေါ်ရန် ထွက်မလာခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေကာမူ လဲ့ယန်တောင်ထိပ်တွင် ကျန်းချန်က လော့ဝူကျိကို တိုက်ကွက် နှစ်ကွက်တည်းဖြင့် နောက်ဆုတ်သွားအောင် ဖိအားပေးခဲ့သည့် အဖြစ်အပျက်သည် ပျံ့နှံ့နေခဲ့ပြီ မဟုတ်ပါလော။

လော့ဝူကျိသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၁၉ နေရာ၌ ရှိသော နတ်ဘုရင်ဒုတိယအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အလွန်တရာပင် အားကောင်းသည်။

ယခု ရောက်ရှိနေသော ပါရမီရှင်များထဲတွင် လော့ဝူကျိကို အနိုင်ယူနိုင်သူမှာ အနည်းငယ်ခန့်သာ ရှိ၏။

သို့ရာတွင် ထိုသူများသည် ကျန်းချန်၏ အကြောင်းစုံကို မသိရှိကြသေးသဖြင့် ပထမဆုံး တိုက်ခိုက်သူ မဖြစ်လိုခဲ့ကြပေ။

“ဟားဟား မင်းတို့ပဲ ကျန်းချန်ကို သင်ခန်းစာပေးမယ်လို့ ကြွေးကြော်နေခဲ့ပြီး အခုအချိန်ကျမှ ဘာတွေ သတ္တိကြောင်နေတာလဲ.. မင်းတို့တွေ ကျန်းချန်နဲ့ ရင်ဆိုင်ဖို့ ဒီလောက်တောင် ကြောက်နေမှတော့ ငါပဲ အရင်စမ်းလိုက်တော့မယ်”

ထိုအချိန်တွင် အထူးဧည့်သည်တော် ထိုင်ခုံတွင် ထိုင်နေသော လုံကျိုးဟန်သည် အေးစက်စက်ပြုံးကာ ပြောလိုက်ပြီး ရင်ပြင်အလယ်ရှိ စင်မြင့်ပေါ်သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာခဲ့သည်။

လုံကျိုးဟန်၏ လှုပ်ရှားမှုကို မြင်လျှင် ရင်ပြင်အတွင်းရှိ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

လုံကျိုးဟန်သည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင် စာရင်းတွင် အဆင့် ၇ နေရာ၌ ရှိသော ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။

ယခု လုံကျိုးဟန် ကိုယ်တိုင် လှုပ်ရှားလာပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် သေဖို့တစ်လမ်းသာ ရှိ‌တော့သည်ဟု လူတိုင်းက ထင်မှတ်နေခဲ့ကြသည်။

လုံကျိုးဟန်က စင်မြင့်ပေါ်သို့ တက်လာပြီးနောက်တွင် လူတိုင်းမျှော်လင့်ထားသလို ကျန်းချန်ကို တိုက်ရိုက် စိန်မခေါ်သေးပေ။

သူက ကူဖုန်းအာကို စွဲလန်းသော မျက်ဝန်းများဖြင့် တစ်ချက်စိုက်ကြည့်လိုက်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများကို ဂါဝရပြု၍ ပြောလိုက်သည်။

“ကျွန်တော်ကျိုးဟန်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်ကို လာတက်ရင်းနဲ့ အကြီးအကဲ တို့ကို တောင်းဆိုစရာတစ်ခုရှိပါတယ်.. အကြီးအကဲတို့ ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်”

အခမ်းအနားကို စီစဥ်နေသော အကြီးအကဲက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“တူတော်မောင် ကျိုးဟန်.. ဘာလိုအပ်ချက်တွေရှိလို့လဲ.. အားမနာဘဲ ပြောလို့ရပါတယ်”

“ဒီလိုပါ အကြီးအကဲ.. ကျွန်တော်က ကောင်းကင်ဖီးနစ်နတ်ဘုရားမကို မြတ်နိုးမိလို့ပါ.. ဒီတစ်ခေါက် အခမ်းအနားကို တက်ရောက်လာတာကလည်း ကောင်းကင်ဖီးနစ် နတ်ဘုရားမကို လက်ထပ်ခွင့်တောင်းဖို့ အတွက် အထူးတလှယ် ရောက်လာခဲ့တာပါ.. ကျွန်တော်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့ရဲ့ ကြားမှာ ချစ်ကြည်ရေးကို ထာဝရ တည်ဆောက်သွားချင်ပါတယ်.. ဒါကြောင့် အကြီးအကဲတို့ ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်”

လုံကျိုးဟန်က ဖုံးကွယ်မထားဘဲ သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။

လုံကျိုးဟန်၏ စကားကိုကြားလျှင် ရင်ပြင်တစ်ခုလုံးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

“ဒီလုံကျိုးဟန်က လက်စသတ်တော့ ကောင်းကင်ဖီးနစ်နတ်ဘုရားမကို တောင်းရမ်းဖို့အတွက် ရောက်လာတာကိုး"

"လုံကျိုးဟန်က ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော် ဖြစ်တဲ့အပြင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ အဆင့် ၇ နေရာမှာရှိတယ်.. သူနဲ့ ကောင်းကင်ဖီးနစ်နတ်ဘုရားမ တို့က အရမ်းကို လိုက်ဖက်ညီတဲ့အတွဲပဲ.. လုံကျိုးဟန်နဲ့သာ ဆိုရင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက သဘောတူမလား မသိဘူး”

“..........”

လူတိုင်းက ထိုအကြောင်းကိုသာ ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု တို့သည် နတ်ကုန်းမြေတိုက်ကြီးတွင် ထင်ရှားကျော်ကြား‌သော နတ်မျိုးနွယ်စုကြီးများ ဖြစ်ကြပြီး အင်အားစုနှစ်ခုလုံးသည် အလွန်တရာပင် အင်အားကြီးမားလှသည်။

အကယ်၍ ဤလက်ထပ်မှုသာ ပြီးမြောက်သွားခဲ့လျှင် ရှေးဟောင်းသူ‌တော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု တို့သည် အမှန်တကယ် ပြန်လည်ပေါင်းစည်းသွားကြမည် ဖြစ်၏။

ထိုကဲ့သို့သာ ဖြစ်လာခဲ့လျှင် နတ်ကုန်းမြေတိုက်သည် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။

“လုံ.. ကျိုး.. ဟန်”

ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်မှ လုံကျိုးဟန်ကို ကြည့်နေသော ကျန်းချန်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လုံကျိုးဟန်သည်‌‌ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ ကိုယ်စားလှယ်အဖြစ် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ရောက်လာပြီး ကူဖုန်းအာ အပေါ်တွင် စိတ်ကူးယဥ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဆိုရလျှင် သူနှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတို့ကြားတွင် ဤဘဝ၌ သင့်မြတ်စရာအကြောင်း လုံးဝမရှိပေ။

ကူဖုန်းအာက သူ၏ ညီမလေး ဖြစ်ပြီး သူမ ကြိုက်နှစ်သက်သူနှင့် တွဲနိုင်သော်လည်း ထိုသူသည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ အဖွဲ့ဝင်တော့ ဖြစ်၍မရချေ။

လုံကျိုးဟန်၏ လုပ်ရပ်တွင် မည်သည့် ရည်ရွယ်ချက် ရှိနေစေကာမူ ကျန်းချန်သည် လုံကျိုးဟန်ကို အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။

“တူလေး ကျိုးဟန်.. ဒီကိစ္စက အရမ်း အရေးကြီးတဲ့အတွက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအနေနဲ့ မင်းကို အဖြေမပေးခင် ဆွေးနွေးဖို့ လိုအပ်ပါတယ်”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အကြီးအကဲက ခဏမျှ အံ့အားသင့်သွားခဲ့ပြီးနောက်တွင် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု တို့သည် ယခင်က တစ်စုတစ်စည်းတည်း ဖြစ်ခဲ့ဖူးသဖြင့် အကယ်၍သာ ပေါင်းစည်းနိုင်ခဲ့လျှင် မျိုးနွယ်စုနှစ်စုလုံး အတွက် အလွန်ပင် အကျိုးရှိလိမ့်မည်မှာ သေချာ၏။

သို့သော်လည်း ဤကိစ္စသည် အလွန်တရာ အရေးကြီးသလို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အနာဂတ်နှင့်ပင် သက်ဆိုင်နေသဖြင့် သူတို့သည် အသေအချာ စဥ်းစားရလိမ့်မည် မဟုတ်ပါလော။

“တိုင်ပင်ဆွေးနွေးနေစရာမလိုဘူး.. ဒီမင်္ဂလာကိစ္စကို ကျွန်မသဘောမတူဘူး”

ထိုအချိန်တွင် ကူဖုန်းအာ၏ အေးစက်စက် စကားသံသည် လူတိုင်း၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ကူဖုန်းအာ၏ စကားကိုကြားလျှင် လုံကျိုးဟန်သည် အံ့အားသင့်သွားခဲ့သည်။

မကြာမီမှာပင် လုံကျိုးဟန်က ကူဖုန်းအာကို ယဥ်ကျေးစွာ ပြုံး၍ ပြောလိုက်သည်။

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ အချိန်ယူပြီး..”

“ရှင်ဘာမှ ဆက်မပြောနဲ့တော့.. ရှင့်ကို ကျွန်မ စိတ်မဝင်စားဘူး”

လုံကျိုးဟန် စကားမဆုံးမီမှာပင် ကူဖုန်းအာသည် တိုက်ရိုက်ပင် ဖြတ်ပြောလိုက်သည်။

“ရှင့်မှာ တခြား ပြောစရာစကားမရှိဘူးဆိုရင် ဒီမှာ အချိန်လာမဖြုန်းနဲ့တော့”

ဤကာလအတွင်း ကူဖုန်းအာသည် နတ်ဘုရားနယ်မြေသို့ ကျန်းချန် ရောက်လာပြီးနောက်တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကို မေးမြန်းခဲ့သည်။

ထို့ကြောင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက သူမအစ်ကိုကျန်းချန်၏ ရန်သူဖြစ်မှန်း ကူဖုန်းအာ ကောင်းစွာ သိရှိထားခဲ့၏။

အစ်ကိုကျန်းချန်၏ ရန်သူသည် သူမ ကူဖုန်းအာ၏ ရန်သူပင် ဖြစ်ရာ သူမအနေဖြင့် လုံကျိုးဟန် အပေါ်တွင် အဘယ်ကဲ့သို့ ကောင်းမွန်သော ခံစားချက် ရှိနိုင်ပါအံ့နည်း။

“နတ်ဘုရားမ.. တူလေးကျိုးဟန်က ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်တစ်ပါး ဖြစ်သလို အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့် ၇ နေရာမှာ ရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးပါ.. နတ်ဘုရားမ အနေနဲ့ တူလေးကျိုးဟန်ရဲ့ ကမ်းလှမ်းမှုကို အသေအချာ စဥ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးက ပြုံး၍ ပြောလိုက်သည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုတို့ ကွဲသွားကတည်းကပင် နတ်ကုန်းမြေတိုက်ပေါ်ရှိ မျိုးနွယ်စု နှစ်စုလုံး၏ ဩဇာအာဏာသည် ယခင်ထက် များစွာ လျော့နည်းသွားခဲ့သည်။

အကယ်၍ မျိုးနွယ်စုနှစ်စုသာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့လျှင် နတ်ကုန်းမြေတိုက်ပေါ်ရှိ သူတို့၏ ဂုဏ်သိက္ခာများသည်လည်း သေချာပေါက် မြင့်တက်လာလိမ့်မည် မဟုတ်ပါလား။

ထို့အပြင် နတ်ဘုရားနယ်မြေသည် သိပ်မကြာခင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည် ဖြစ်ရာ မျိုးနွယ်စုနှစ်စု ပေါင်းစည်းမှသာလျှင် နောက်ထပ် ဖြစ်လာမည့် အကျပ်အတည်းကို ပိုမို ကောင်းမွန်စွာ ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများသည် ကျိုးဟန်၏ တောင်းရမ်းမှု အပေါ်တွင် အလွန်တရာ ဝမ်းမြောက်နေခဲ့ကြသည်။

အကြီးအကဲ၏ စကားကိုကြားလျှင် ကူဖုန်းအာက မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သောအချိန်မှာပင် အေးစက်စက် အသံတစ်သံသည် ရင်ပြင်အထက်ရှိ အထက်ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“စိတ်မရှိပါနဲ့.. ကျွန်တော်တို့မိသားစုရဲ့ ဖုန်းအာက ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနဲ့ ခင်မင်ဖို့ မလိုအပ်သလို ပတ်သက်ဖို့လည်း မလိုအပ်ဘူး.. ဒါ့အပြင် ဖုန်းအာရဲ့ အစ်ကိုဖြစ်တဲ့ ကျွန်တော်ရှိနေသရွေ့ ဖုန်းအာရဲ့ မင်္ဂလာကိစ္စကို ခင်ဗျားတို့ စီမံပေးစရာမလိုဘူး”

ထိုစကားကြောင့် ရင်ပြင်အတွင်းရှိ လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။

မကြာမီမှာပင် သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ မည်သည့် အချိန်ကတည်းကပင် ထရပ်မှန်း မသိရသည့် ကျန်းချန်သည် ရင်ပြင်အလယ်ရှိ စင်မြင့် ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

အခန်း(၂၂၀၁)ပြီး၏။

အခန်း(၂၂၀၂)

“ကောင်လေး ဒီမှာ မင်းအတွက် နေရာမရှိဘူး.. အောက်ကိုဆင်းသွားစမ်း”

ကျန်းချန် စင်မြင့်ပေါ်သို့ တက်လာသည်ကိုမြင်လျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲသည် ရုတ်တရက် ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှအကြီးအကဲများသည် ကူဖုန်းအာ၏ အစ်ကို အကြောင်းကို သဘာဝကျစွာပင် ကြားသိထားခဲ့ကြသည်။

သို့သော်လည်း ထိုကောင်လေးသည် အလွန်တရာပင် မောက်မာလွန်းပြီး လဲ့ယန်တောင်ထိပ်ကို နတ်ဘုရားသားတော် တစ်ဦးကို သတ်ဖြတ်ခဲ့ရုံတင် မကဘဲ စကားတစ်ခွန်းတည်းဖြင့် အလယ်ပိုင်းဒေသမှ ပါရမီရှင်အားလုံးကို စော်ကားခဲ့သည်။

ယနေ့တွင် သူတို့သည် နတ်ဘုရားမ ကူဖုန်းအာ၏ မျက်နှာကို ထောက်ထားပြီး ဤပွဲတော်သို့ ကျန်းချန် လာရောက်ခြင်းအား တားဆီးရန် မူလက ရည်ရွယ်ခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကျန်းချန်၏ အသက်ကိုလည်း ကယ်တင်ရာ ရောက်လိမ့်မည်ဟု ယူဆခဲ့ကြ၏။

သို့သော်လည်း မည်သူ သိနိုင်ပါမည်နည်း။

ထိုကောင်လေးသည် သူတို့၏ စေတနာကို လုံးဝ တန်ဖိုးမထားခဲ့ပေ။

ဆိုရလျှင် ကျန်းချန်သည် သေဘေးနှင့် ဤမျှအထိ အလွန်တရာ နီးကပ်နေသော်လည်း သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကိစ္စရပ်များကိုပင် ဝင်ရောက် စွက်ဖက်ရဲလိမ့်မည်ဟု သူတို့ လုံးဝ မထင်မိခဲ့ကြပေ။

“ဖုန်းအာက ကျွန်တော့်ရဲ့ ညီမလေးပါ.. သူမရဲ့ ဘဝတစ်သက်တာကိစ္စတွေကို အစ်ကိုဖြစ်တဲ့ ကျွန်တော်ကပဲ အဆုံးအဖြတ်ပေးမယ်”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။

“ခင်ဗျားတို့က ဖုန်းအာရဲ့ မင်္ဂလာကိစ္စကို ကျွန်တော့်ရှေ့မှာပဲ ပြောနေကြတာဆိုတော့ ကျွန်တော့်ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ သူများ ထင်နေလား”

သူက ကူဖုန်းအာကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်လာစေချင်ခဲ့သည်မှာ ကူဖုန်းအာအတွက် ခိုင်မာသော ကျောထောက်နောက်ခံရှိစေရန် အတွက် ဖြစ်သည်။

အကယ်၍ ဤလူများက ကူဖုန်းအာကို ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု၏ အကျိုးအမြတ် အတွက် လဲလှယ်နိုင်သော ပစ္စည်းတစ်ခု အဖြစ် အသုံးချချင်သည်ဆိုလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက မည်သို့သော အင်အားစု ဖြစ်နေပါစေ သူက ဂရုစိုက်နေမည် မဟုတ်ပေ။

“ကျန်းချန်.. ကောင်းကင်ဖီးနစ် နတ်ဘုရားမက မင်းကို အစ်ကိုလို့ ခေါ်နေတဲ့အတွက် ငါတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက မင်းကို သည်းခံပေးထားတာပဲ.. မင်း ကမ်းတက်မလာနဲ့”

ထိုအချိန်တွင် ယွမ်ဖုန်းနတ်ဘုရင်သည် မတ်တတ် ထရပ်ကာ ပြောလိုက်သည်။

သူမက ကျန်းချန်ကို မကြည်ဖြူသော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ဖုန်းအာက ငါ့ရဲ့တပည့်ဖြစ်သလို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ကောင်းကင်ဖီးနစ် နတ်ဘုရားမလည်း ဖြစ်တယ်.. မင်းလို မလောက်လေးမလောက်စားက ဖုန်းအာရဲ့ကိစ္စတွေကို ဝင်ရောက် ဆုံးဖြတ်ပေးနိုင်မယ်လို့ ထင်နေတာလား”

“သေချာရဲ့လား”

ယွမ်ဖုန်းနတ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ပို၍ပင် အေးစက်လာခဲ့သည်။

“အရင်တုန်းကတော့ ခင်ဗျားတို့က ဖုန်းအာကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့အတွက်က ကျွန်တော်က သူမကို ခင်ဗျားတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ ဖြစ်လာစေခဲ့တာပဲ.. အခု ဖုန်းအာက ဒီမင်္ဂလာကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီ.. ဒါတောင် ခင်ဗျားတို့က ဖုန်းအာသဘောတူအောင် အတင်းအကျပ် ဆက်လုပ်ဦးမှာတဲ့လား.. ဒီအတိုင်းဆိုရင်တော့ ဖုန်းအာက ခင်ဗျားတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့နတ်ဘုရားမ ဖြစ်သင့်၊ မဖြစ်သင့် ဆိုတာ ကျွန်တော်ပဲ ဆုံးဖြတ်လိုက်တော့မယ်.. ဖုန်းအာ.. ဒီရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ ရာထူးကို ယူမနေနဲ့တော့”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ယွမ်ဖုန်းနတ်ဘုရင်ကို လှည့်၍ပင် မကြည့်တော့ဘဲ ကူဖုန်းအာကို ပြောလိုက်သည်။

“အစ်ကို့ဆီလာခဲ့ ညီမလေး.. အစ်ကို မင်းကို ဒီရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကနေ ခေါ်သွားမယ်”

“ဆရာနဲ့ အကြီးအကဲတို့ တောင်းပန်ပါတယ်”

ကူဖုန်းအာက ယွမ်ဖုန်းနတ်ဘုရင်နှင့် အကြီးအကဲများကို တောင်းပန်သော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် တွေဝေနေခြင်းမရှိဘဲ ကျန်းချန်ထံသို့ တိုက်ရိုက်ပင်လျှောက်လှမ်းသွားခဲ့သည်။

“ဖုန်းအာ. မင်းမမေ့နဲ့.. လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မင်းပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ပေးခဲ့တာပဲ.. အဲဒီ ကောင်လေး အတွက်နဲ့ မင်းကရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို သစ္စာဖောက်တော့မှာလား”

ယွမ်ဖုန်းနတ်ဘုရင်သည် ဒေါသကြောင့် ခန္ဓာကိုယ်ပင် တုန်ယင်နေခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ရောက်ကတည်းကပင် ကူဖုန်းအာကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တစ်ခုလုံးသည် ရတနာတစ်ပါး ကဲ့သို့ တန်ဖိုးထားခဲ့ပြီး သူမ အတွက် အကောင်းမွန်ဆုံး ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ကို ပေးအပ်ခဲ့သည်။

သို့သော်လည်း ကူဖုန်းအာ၏ စိတ်ထဲရှိ ကျန်းချန်၏ နေရာသည် သူမ စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ဆယ်စုနှစ်များစွာ ဂရုစိုက်စောင့်ရှောက်မှုများသည် ကျန်းချန်၏ စကားတစ်ခွန်းကိုပင် မယှဥ်နိုင်ခဲ့ပေ။

“အစ်ကိုကျန်းချန်က ကျွန်မအတွက် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ ဆရာတို့ မသိပါဘူး.. ဖုန်းအာက ဆရာနဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ကျေးဇူးတရားကို အများကြီး တန်ဖိုးထားပါတယ်.. တကယ်လို့ ကျွန်မသာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနဲ့ အစ်ကိုကျန်းချန်တို့ ကြားမှာ ရွေးချယ်ရမယ်ဆိုရင် အစ်ကိုကျန်းချန်ကိုပဲ ရွေးချယ်မှာပါ.. ကျွန်မ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ပေးခဲ့တာအမှန်ပါပဲ.. ဒါကြောင့် ဆရာ့အနေနဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ကိုယ်စား အဲဒီ အရာတွေအားလုံး ကျွန်မဆီက ပြန်လည် သိမ်းယူနိုင်ပါတယ်.. ဖုန်းအာ.. ဘာမှငြိုငြင်စရာမရှိပါဘူး”

ကူဖုန်းအာက ခြေလှမ်းကို ခဏရပ်တန့်၍ ပြောလိုက်ပြီးနောက်တွင် နောက်ပြန်လှည့်မကြည့်ဘဲ ကျန်းချန်ထံသို့ တန်းတန်းမတ်မတ်ပင် လျှောက်လှမ်းသွားခဲ့သည်။

သူမက လွန်ခဲ့သော နှစ်များအတွင်း ‌စောင့်ရှောက်ပေးခဲ့သော ယွမ်ဖုန်းနတ်ဘုရင်ကို အလွန်အမင်း ကျေးဇူးတင်သလို သူ့ကို ပျိုးထောင်ပေးခဲ့သည့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကိုလည်း အလွန်တရာ ကျေးဇူးတင်ခဲ့သည်။

“ကောင်းကင်ဖီးနစ် နတ်ဘုရားမ.. စိတ်အေးအေးထားပါ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကလည်း ဒီမင်္ဂလာကိစ္စကို သဘောမတူရသေးပါဘူး”

သို့သော်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသာ သူမကို လုံကျိုးဟန်နှင့် ပေါင်းဖက်ရန် အတင်းအကျပ် ဖိအားပေးပြီး ကျန်းချန်နှင့် ရန်သူ ဖြစ်စေမည်ဆိုလျှင် သူမသည် တွေဝေမှုမရှိဘဲ ကျန်းချန်နှင့်သာ အတူရှိနေမည် ဖြစ်သည်။

“နတ်ဘုရားမ ဆန္ဒမရှိဘူးဆိုရင် ငါတို့အနေနဲ့ အတင်းအကျပ် မလုပ်ပါဘူး”

ထိုအချိန်တွင် ဆံဖြူ အကြီးအကဲတစ်ဦးက ရုတ်တရက် ဝင်‌ပြောလိုက်သည်။

ယနေ့တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ပွဲတော်တစ်ခု ကျင်းပခဲ့ပြီး ကူဖုန်းအာကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ အဖြစ် တရားဝင် ဘွဲ့အပ်နှင်းခဲ့သည်။

အကယ်၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ပွဲအပ်နှင်းပြီးခါစ နတ်ဘုရားမနှင့် လမ်းခွဲခဲ့မည် ဆိုလျှင် ယင်းသည် အလယ်ပိုင်းဒေသရှိ လူအများရှေ့တွင် ရယ်စရာတစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ထို့အပြင် ကူဖုန်းအာသည် ဒဏ္ဍာရီလာ ဖီးနစ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အနာဂတ် ကံကြမ္မာဟုလည်း ဆို၍ရသည်။

ထိုအတွက်ကြောင့် မည်သို့ပင် ဖြစ်စေကာမူ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ကူဖုန်းအာကို ထွက်သွားခွင့်ပေးနိုင်မည်မဟုတ်ပေ။

ယင်းသို့ တွေးမိပြီးနောက်တွင် ဆံဖြူ အကြီးအကဲသည် လုံကျိုးဟန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ‌ ပြောလိုက်သည်။

“တူလေးကျိုးဟန် စိတ်မကောင်းပါဘူး.. နတ်ဘုရားမဆီမှာ တူလေးနဲ့ လက်ဆက်ဖို့ ဆန္ဒမရှိတဲ့ အတွက် ငါတို့ အတင်းအကျပ် ဖိအားမပေးနိုင်ဘူး.. ဒီကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်”

ဆံဖြူအကြီးအကဲ၏ စကားကိုကြားလျှင် လုံကျိုးဟန်၏ မျက်နှာအမူအရာသည် သိပ်မကောင်းတော့ပေ။

သူက ကျန်းချန် ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ ပေါက်ကွဲထွက်သွားခဲ့သည်။

သူ၏ အစီအစဥ် အားလုံးသည် အလွယ်တကူပင် ပျက်ပြားသွားလိမ့်မည်ဟု လုံကျိုးဟန် မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူ၏ မင်္ဂလာကိစ္စကို ဖျက်ဆီးလိုက်သူမှာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ရန်သူ ဖြစ်သော ကျန်းချန် ဖြစ်နေခဲ့၏။

လုံကျိုးဟန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ရောက်ရှိလာပြီးနောက်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီးပြီ ဖြစ်၍ လက်ထပ်ခွင့် တောင်းဆိုမှု အပေါ်တွင် ယုံကြည်မှုအပြည့် ရှိခဲ့သည်။

“ကျန်းချန်.. မင်းက လဲ့ယန်တောင်ထိပ်မှာ ငါတို့အလယ်ပိုင်းဒေသ ပါရမီရှင်တွေကို အထင်သေး စော်ကားခဲ့ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်တွေက ဘာမှမဟုတ်ဘူးလို့ ပြောခဲ့တယ်.. ဒီနေ့ ငါလုံကျိုးဟန် မင်းကို စိန်ခေါ်တယ်.. မင်းငါနဲ့ တိုက်ရဲလား”

လုံကျိုးဟန်က ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

သူက ကျန်းချန်ကို မရှင်းလင်းမီ ကောင်းကင်ဖီးနစ် နတ်ဘုရားမနှင့် မင်္ဂလာကိစ္စကို အရင် လုပ်ဆောင်ရန် စီစဥ်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်က သူ၏ မင်္ဂလာကိစ္စကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်မည်ဟု မထင်ထားခဲ့ပေ။

ထိုကောင်လေးသည် ယခုအခါတွင် သေတွင်းထဲသို့ ကိုယ်တိုင်ခြေလှမ်း လှမ်းလာခဲ့သည် ဖြစ်ရာ လုံကျိုးဟန် အနေဖြင့် လွှတ်ပေးစရာ အကြောင်းမရှိပေ။

လုံကျိုးဟန်၏ စကားကို ကြားသည်နှင့် အားလုံး၏ အကြည့်သည် ကျန်းချန် ထံသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

လူအများအပြား၏ အကြည့်တွင် အထင်သေးသော အမူအရာများ ပြည့်နှက်နေခဲ့၏။

“လုံကျိုးဟန်.. ရှင်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့် ၇ နေရာမှာရှိတဲ့ နတ်ဘုရင်တစ်ပါးပဲ.. ဒါပေမဲ့ အစ်ကိုကျန်းချန်ကတော့ အခုမှ ကောင်းကင်အရှင်အဆင့်ပဲ ရှိသေးတယ်.. ရှင့်အနေနဲ့ အစ်ကိုကျန်းချန်ကို စိန်ခေါ်တာ မရှက်ဘူးလား”

ဖုန်းအာ၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားခဲ့ပြီး လုံကျိုးဟန်ကို အေးစက်စက် အော်ငေါက်လိုက်သည်။

“ကောင်းကင်ဖီးနစ် နတ်ဘုရားမ.. ပုံမှန်ဆိုရင်တော့ ငါ့အနေနဲ့ သူကို စိန်ခေါ်စရာ မရှိဘူး.. ဒါပေမဲ့ သူက ငါတို့ အလယ်ပိုင်းဒေသ ပါရမီရှင်တွေကို အထင်သေးစော်ကားခဲ့တယ်.. ဒီနေ့ သူ့ကို ငါစိန်ခေါ်တာက အလယ်ပိုင်း‌ဒေသ ပါရမီရှင်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ပေးဖို့ပဲ.. ဒါမှ ကောင်းကင်နဲ့မြေကြီးရဲ့အနိမ့်အမြင့် ကွာခြားချက်ကို နားမလည်တဲ့ သူတွေက အလယ်ပိုင်း‌ဒေသ ပါရမီရှင်တွေရဲ့ တကယ့်ခွန်အားကို မြင်တွေ့နိုင်လိမ့်မယ်”

လုံကျိုးဟန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့လည်း သူက ကြောက်နေတယ် ဆိုရင်တော့ ငြင်းပယ်နိုင်ပါတယ်”

ကူဖုန်းအာ၏ မျက်နှာထားက အလွန်ပင် အေးစက်သွားခဲ့သည်။

အကယ်၍ ကျန်းချန်သာ ယနေ့တွင် လုံကျိုးဟန်နှင့် တိုက်ခိုက်ရန် ငြင်းပယ်ခဲ့မည် ဆိုလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်များ၏ အရှက်ခွဲခြင်းကို ခံရမည် ဖြစ်ကြောင်း သူမ အဘယ်ကြောင့် နားမလည်ဘဲ နေပါမည်နည်း။

ကူဖုန်းအာက သူမ၏ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့သည်။

သူမ၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အကယ်၍ သူမသာ ကျန်းချန်ကို လဲ့ယန်တောင်ထိပ်သို့ ခေါ်မသွားခဲ့လျှင် ကျန်းချန်သည် ယခုကဲ့သို့ အလယ်ပိုင်းဒေသ ပါရမီရှင်များ၏ အခက်တွေ့အောင် လုပ်ဆောင်ခြင်းကို ခံရစရာ အ​ကြောင်းမရှိပေ။

အခန်း(၂၂၀၂)ပြီး၏။

All Chapters