အခန်း (၂၂၀၃-၂၂၀၄)
Vol. 161 Ch. 2203-2204
အခန်း(၂၂၀၃)
“ညီမလေး ဒီမှာပဲ ခဏစောင့်နေ.. အစ်ကို သူနဲ့ ကစားပေးလိုက်ဦးမယ်”
ကျန်းချန်က လုံကျိုးဟန်၏ စိန်ခေါ်မှုကို ဂရုမစိုက်ဘဲ အေးစက်စက် ပြောလိုက်သည်။
အကယ်၍ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်ကသာ ဆိုလျှင် ကျန်းချန် အနေဖြင့် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် ထိပ်ဆုံးဆယ်ဦးနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးရုံသာ တတ်နိုင်လိမ့်မည် ဖြစ်သည်။
ယခင် တစ်ကြိမ်က အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုတွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က သူ့အနေဖြင့် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် လုံးဝနီးပါးမရှိခဲ့ပေ။
သို့သော် ယနေ့တွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေပြီး အင်မော်တယ်ကျင့်စဥ် ဖြစ်သော အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကိုလည်း ကျင့်ကြံထားသည်ဖြစ်ရာ သူ၏ စွမ်းရည်သည် ယခင်ကနှင့် လုံးဝမတူတော့ပေ။
ဆိုရလျှင် လုံကျိုးဟန် ကဲ့သို့ အလယ်ပိုင်းဒေသ ပါရမီရှင်အဆင့်မှ လူများသည် သူ၏ မျက်လုံးထဲတွင် ဘာမှ မဟုတ်တော့ချေ။
“အစ်ကိုကျန်းချန်.. လုံကျိုးဟန်က တကယ်ကို အစွမ်းထက်တယ်.. သတိထားပါ”
ကူဖုန်းအာက လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
သူမက ကျန်းချန်ကို မတားဆီးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ အစ်ကို ကျန်းချန်သည် အလွယ်တကူ နောက်ဆုတ်တတ်သူ မဟုတ်ကြောင်း သိထားသောကြောင့်ပင်။
ထို့အပြင် အစ်ကိုကျန်းချန် အနေဖြင့် လုံကျိုးဟန်ကို ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်ထားခဲ့သည်။
ယနေ့တွင် မည်သို့သော ရလဒ်ပင်ထွက်လာပါစေ၊ သူမသည် အစ်ကိုကျန်းချန်နှင့်အတူ ရင်ဆိုင်သွားမည် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့.. မင်းရဲ့အစ်ကိုက သူ့ထက် အားမနည်းပါဘူး”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ပေပေါင်း သောင်းချီမြင့်မားသော ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး လုံကျိုးဟန်ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်သည်။
“လုံကျိုးဟန် မင်း ငါနဲ့တိုက်ချင်နေတာ မဟုတ်လား.. အပေါ်ကို တက်လာခဲ့”
လုံကျိုးဟန်ကလည်း အပိုစကားများ ပြောမနေတော့ဘဲ ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး ကျန်းချန်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။
“မင်းနဲ့မတွေ့ရတာ နှစ်နှစ်၊သုံးနှစ်လောက်ပဲ ရှိသေးပေမဲ့ မင်းရဲ့ စွမ်းရည်က အများကြီး တိုးတက်လာတာပဲ.. မင်း ငါ့အရှေ့မှာ ဒီလောက်အထိ မောက်မာရဲတာ မထူးဆန်းတော့ဘူး”
“သိပ်ဟုတ်တာပေါ့.. ငါက ဒီနှစ်နှစ်၊ သုံးနှစ် အတွင်းမှာ တိုးတက်လာတယ် ဆိုပေမဲ့ မင်းကတော့ သိပ်တိုးတက်လာပုံ မရဘူး”
ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကနေ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
“သိပ်မကြာခင်က ထာဝရဟင်းလင်းပြင်ထဲမှာ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငါသတ်ဖြတ်ခဲ့သေးတယ်.. မင်းအနေနဲ့ ဒီလောက်တောင် သေချင်နေမှတော့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှာ နတ်ဘုရားသားတော် တစ်ပါး လျော့သွားလည်း ငါဂရုစိုက်နေမှာ မဟုတ်ဘူး”
သူက သူတော်စင်နဂါးဘုရင်၏ ချန်ထားရစ်ခဲ့သော အရာအားလုံးကို ရရှိထားခဲ့ပြီး ထိုအထဲတွင် သန္ဓေတာအိုနတ်လက်နက်နှင့် နှိုင်းယှဥ်နိုင်သော မဟာနဂါးကျောက်တိုင်လည်း ပါဝင်၏။
ထို့ကြောင့် သူနှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသည် မပြေလည်နိုင်သည့် ကံကြမ္မာ ပါလာခဲ့ပြီးသား ဖြစ်သည်။
ယခင်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင်လည်း ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသည် သူ့ကို တိုက်ခိုက်ခဲ့သည်။
ထို့အပြင် အရှေ့ပိုင်းဒေသတွင်လည်း ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် လုံကျိုးဟန်ကို စေလွှတ်ကာ ကိုင်တွယ်ခိုင်းပြန်သည်။
နောက်ပိုင်းတွင် သူက နတ်ကုန်းမြေတိုက်မှ တစ်ဆင့် ထာဝရဟင်းလင်းပြင်သို့ ထွက်သွားသော်လည်း ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ဘုရင်အဆင့် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်ကာ သူ့ကို လိုက်လံသတ်ဖြတ်ခိုင်းခဲ့သေးသည်။
ဆိုရလျှင် သူနှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတို့သည် တစ်ယောက်သေမှ တစ်ယောက် အသက်ရှင်မည့် အခြေအနေ ဖြစ်လာခဲ့ချေပြီ။
ယနေ့တွင် လုံကျိုးဟန်က သူ့ထံသို့ ကိုယ်တိုင် အသေခံရန် လာရောက်ခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် အဘယ့်ကြောင့် လွှတ်ပေးနိုင်ပါမည်နည်း။
“အကြီးအကဲလုံကို တကယ်ပဲ မင်းသတ်လိုက်တာကိုး”
ကျန်းချန်၏ စကားကိုကြားလျှင် လုံကျိုးဟန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသို့ လုံရှင်းယွင် သေဆုံးသွားသော သတင်းရောက်လာပြီးနောက်တွင် လုံကျိုးဟန်သည် ထိုကိစ္စက ကျန်းချန်နှင့် ပတ်သက်နေနိုင်သည်ဟု ခံစားမိခဲ့သည်။
ယခုအခါ ကျန်းချန်ကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရသော်လည်း သူ့အနေဖြင့် အံ့အားသင့်နေရဆဲ ဖြစ်သည်။
သိထားရမည့်အချက်မှာ လုံရှင်းယွင်သည် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် လုံရှင်းယွင်ကို အနိုင်ယူရန် မခက်ခဲသော်လည်း လုံရှင်းယွင်ကို သတ်ပစ်ရန်မှာမူ လွယ်ကူသောကိစ္စ မဟုတ်ပေ။
“ကျန်းချန်.. မင်းရဲ့ပါရမီက တကယ်ကို ပြိုင်ဘက်ကင်းတယ် ဆိုတာ ငါဝန်ခံပါတယ်.. တကယ်လို့ မင်းသာ ထာဝရဟင်းလင်းပြင်မှာပဲ နေပြီး နတ်ဘုရင်အဆင့်ကို တက်လှမ်းပြီးမှ ရောက်လာမယ်ဆိုရင် ငါတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုအနေနဲ့ မင်းကို အနည်းငယ် ကြောက်ရွံ့ကောင်းကြောက်ရွံ့ရလိမ့်မယ်.. ဒါပေမဲ့ မင်းကတော့ နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးဘဲ ကောင်းကင်အရှင်အဆင့်နဲ့ နတ်ကုန်းမြေတိုက်ကို ပြန်ရောက်လာခဲ့တယ်.. အထူးသဖြင့် ဒီလိုအချိန်မှာ အလယ်ပိုင်းဒေသကို မင်းလုံးဝ မလာသင့်ဘူး”
ထိုစကားကို ပြောနေစဥ် လုံကျိုးဟန်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်လာခဲ့၏။
သူ့ရှေ့မှ ကောင်လေး၏ ကိုယ်ခံပညာ ပါရမီသည် အလွန်ပင် ဆန်းကြယ်လွန်းသည်။
ယနေ့တွင် မည်သည့်အဖိုးအခ ပေးဆပ်ပါရစေ၊ သူ့အနေဖြင့် ထိုကောင်လေးကို သေချာပေါက် ရှင်းလင်းပစ်ရပေလိမ့်မည်။
သို့မဟုတ်လျှင် ထိုကောင်လေးသည် အနာဂတ်တွင် သူတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုအတွက် ကြီးမားသောကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
“လုံကျိုးဟန်.. မင်းမှာ ငါ့ကို သတ်ဖို့ အရည်အချင်းမရှိတော့ဘူး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလို အခြေအနေလို့ မင်းထင်နေတာလား”
“ကျန်းချန်.. မင်းက ကောင်းကင်အရှင်အဆင့်ကို တက်လှမ်းသွားနိုင်လည်း ငါဂရုစိုက်နေမှာ မဟုတ်ဘူး.. အဲဒီအချိန်က အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုမှာ ငါမင်းကို အနိုင်ယူနိုင်ခဲ့သလို ဒီနေ့လည်း ငါလုပ်နိုင်မှာပဲ”
လုံကျိုးဟန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် လုံကျိုးဟန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် လေးနက်သွားခဲ့သည်။
သူက လုံကျိုးဟန်ကို ဂရုမစိုက်သော်လည်း အနည်းငယ်မျှပင် မပေါ့ဆဝံ့ပေ။
ခြင်္သေ့သည် ယုန်ကို ဖမ်းရာတွင်ပင် အင်အားအပြည့်အဝအသုံးပြုရသည် မဟုတ်ပါလော။
ထို့အပြင် လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်ရာ အလွယ်တကူသတ်ဖြတ်၍ ရသော ယုန်တစ်ကောင် မဟုတ်ပေ။
ယခင်က အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုတွင် လုံကျိုးဟန်သည် အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စု၏ နတ်ဘုရင် စတုတ္ထအဆင့် ဘိုးဘေးနှင့် ရင်ဆိုင်ရာတွင်ပင် အသာစီးရရှိခဲ့သည်။
သို့ဖြစ်ရာ ယခုအခါတွင် လုံကျိုးဟန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အနည်းဆုံး နတ်ဘုရင် ပဉ္စမအဆင့်နှင့် တန်းတူမျှ ရှိနေလောက်၏။
ဤကဲ့သို့သောသူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ် ပေါ့ဆမိသည်နှင့် အမှန်တကယ်ပင် အခြေအနေမလှ ဖြစ်သွားပေလိမ့်မည်မဟုတ်ပါလော။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဓားလမ်းစဥ် မူလအရင်းအမြစ် စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ထိုစွမ်းအားသည် သူ၏ လက်ချောင်းများကြားတွင် တောက်လောင်နေသော မီးလျှံဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၏ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားရာကနေ ပြန်လည် မြင့်တက်လာခဲ့၏။
“သွားစမ်း”
ကျန်းချန်က လက်ချောင်းများကို လှုပ်ရှားလိုက်ရာ မီးလျှံဓားအလင်းသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသည့် ရောင်စုံသက်တန့်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံရှိ တစ်နေရာ ဆီသို့ သက်ရောက်သွားခဲ့သည်။
ထိုခဏမှာပင် လေထုထဲကနေ ရေခဲလမ်းစဥ် စွမ်းအားများပါဝင်သော ဧရာမလက်ဖဝါး တစ်ဖက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မီးလျှံဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
စွမ်းအားနှစ်ခု ထိပ်တိုက် ဆုံမိသောအခါတွင် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်လှိုင်းလုံးများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
ကျန်းချန်က ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။
ထိုခဏဝယ် ခြေလှမ်း ဆယ်လှမ်းခန့်သာ နောက်ဆုတ်သွားရသော လုံကျိုးဟန်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေပြီး နတ်ဘုရားနယ်မြေ၏ ကျင့်စဥ်များထက် သာလွန်သော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကိုလည်း ပိုင်ဆိုင်ထား၍ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ရှိနေစဥ်က အဆများစွာ ပို၍ အားကောင်းနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယခု လုံကျိုးဟန်နှင့် ပထမအချီ ထိပ်တိုက် ဆုံတွေ့ရာတွင် သူ့အနေဖြင့် မည်သို့မျှ အသာစီး မရရှိခဲ့ပေ။
ဆိုရလျှင် လုံကျိုးဟန်သည် အမှန်တကယ် အရည်အချင်းရှိပြီး အလယ်ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲမှတစ်ဦးဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်၏။
အခြားတစ်ဖက်တွင်လည်း လုံကျိုးဟန်သည် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် ပို၍ လေးနက်လာခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် သူသည် မြေကြီးအရှင်အဆင့်တွင်သာ ရှိသေးသော ကျန်းချန်ကို အလွယ်တကူပင် အနိုင်ယူနိုင်ခဲ့သည်။
ယခုအခါတွင်မူ ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ သူ့ကိုပင် ပြန်လည် ရင်ဆိုင်နိုင်သော အနေအထားအထိ တိုးတက်လာခဲ့ပြီ ဖြစ်၏။
သိထားရမည့်အချက်မှာ အလယ်ပိုင်းဒေသ၏ ပါရမီရှင်စာရင်းတွင် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင် အားလုံးနီးပါး ပါဝင်သည်။
ထိုပါရမီရှင်များသည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် နတ်ဘုရင်များကို တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
သို့သော်လည်း ယင်းမှာ သာမန် နတ်ဘုရင် အဆင့်များကိုသာ ဖြစ်၏။
ဆိုရလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် အားလုံးနီးပါးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။
ကွာဟချက် ရှိလျှင်ပင် သူတို့ကြားရှိ ကွာဟချက်သည် အလွန်တရာ မကြီးမားပေ။
ပါရမီရှင်စာရင်း၏ နောက်ဆုံးအဆင့်၌ ရှိသူပင် နတ်ဘုရင်အဆင့်သို့ တက်လှမ်းသွားခဲ့လျှင် အခြားသော ပါရမီရှင်များအဖို့ ထိုသူကို ရင်ဆိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်တော့ချေ။
လုံကျိုးဟန်သည် ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် သူ၏ ပါရမီကို ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။
အလယ်ပိုင်းဒေသ၏ ပါရမီရှင်စာရင်းတွင် အဆင့်တစ် နေရာ၌ ရှိသော ပြိုင်ဘက်ကင်း ပါရမီရှင်ပင်လျှင် ကောင်းကင်အရှင်အဆင့် ခွန်အားဖြင့် နတ်ဘုရင်အဆင့် ဖြစ်သော သူ့ကို ယှဥ်ပြိုင်နိုင်ရန်မှာ မလွယ်ကူပေ။
အခန်း(၂၂၀၃)ပြီး၏။
အခန်း(၂၂၀၄)
လုံကျိုးဟန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သားတော်ဖြစ်ပြီး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ခဲ့ကာ နတ်ဘုရင်တတိယအဆင့်သို့ တစ်ထိုင်တည်း ရောက်ရှိခဲ့သူ ဖြစ်သည်။
လေထုထဲတွင် လုံကျိုးဟန်ကို အရေးမနိမ့်ဘဲ ရင်ဆိုင်နေသော ကျန်းချန်ကို ကြည့်ကာ ရင်ပြင်ရှိ လူတိုင်း၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ရှိနေကြသည်။
ထို့အပြင် လုံကျိုးဟန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် ပဉ္စမအဆင့်နှင့်ပင် ယှဥ်နိုင်စွမ်းရှိသည်။
သို့ရာတွင် ကျန်းချန်သည် ကောင်းကင်အရှင်အဆင့်သာ ရှိသေးသော်လည်း လုံကျိုးဟန်နှင့် အမှန်တကယ် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့၏။
ယင်းမှာ တကယ်ကို မယုံနိုင်စရာကောင်းလွန်းလှသည် မဟုတ်ပါလော။
“ကောင်းကင်အရှင်အဆင့်က ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်ကို တက်လှမ်းလာတဲ့ ပါရမီရှင်ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်တာလဲ”
ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးသည် တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ အလွန်ပင် တုန်လှုပ်နေခဲ့သည်။
နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းအဆင့်အရ ကြယ်သုံးပွင့်ကောင်းကင်အရှင် အဆင့်သည် နယ်မြေနတ်ဘုရား အဆင့်တွင် အမြင့်ဆုံးအဆင့် ဖြစ်၍ ကျန်းချန်သည် အလွန်ဆုံး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်သာလျှင် ရှိလိမ့်မည် ဖြစ်သည်။
ဆံဖြူ အကြီးအကဲက အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. တကယ်လို့ ဒီကောင်လေးက ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကို ကျော်လွန်နေတယ်ဆိုရင်ပေါ့”
ထိုစကားကိုကြားလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများ၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်တွင် အားကောင်းသူနှင့် အားနည်းသူ ဟူ၍ ရှိတတ်သော်လည်း မည်သည့် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကမျှ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်ကို တက်လှမ်းခဲ့သည့် ပါရမီရှင်ကို ယှဥ်နိုင်မည် မဟုတ်ပေ။
“ဒါတော့မဖြစ်နိုင်ဘူး.. အဲဒီနေရာက မဖွင့်လှစ်တာ အတော်ကြာလှပြီ.. ဒီနေ့ခေတ် နတ်ကုန်းမြေတိုက်မှာ ကြယ်သုံးပွင့်ကောင်းကင်အရှင် အဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
“ဒါတော့ အသေအချာ မသိနိုင်ဘူး”
ဆံဖြူအကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီလူက ထူးခြားတယ်.. ငါတို့ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု အနေနဲ့ သူ့ကို ထပ်ပြီး ရန်မလုပ်သင့်သလို ကောင်းကင်ဖီးနစ် နတ်ဘုရားမနဲ့ သူနဲ့ကြားက ဆက်ဆံရေးကိုလည်း ဝင်မစွက်ဖက်သင့်တော့ဘူး”
လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၇နေရာ၌ ရှိသော နတ်ဘုရင်အဆင့် ပါရမီရှင် တစ်ဦး ဖြစ်သည်။
ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် လုံကျိုးဟန်နှင့် ယှဥ်ပြိုင်နိုင်ခဲ့သည် ဖြစ်ရာ ကျန်းချန်၏ ပါရမီသည် သူတို့စိတ်ကူးထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
အကယ်၍ ကျန်းချန်သာ နတ်ဘုရင်အဆင့်ကို တက်လှမ်းသွားခဲ့လျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ အဆင့် ၁ ပင်လျှင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။
ဆိုရလျှင် ကောင်းကင်ဖီးနစ် နတ်ဘုရားမတွင် ဤကဲ့သို့ အစ်ကိုတစ်ယောက် ရှိနေခြင်းသည် မကောင်းသောအရာမဟုတ်ပေ။
ရင်ပြင်အတွင်းရှိ လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် အံ့ဩ တုန်လှုပ်နေကြချိန်တွင် လေထုထဲ၌ လုံကျိုးဟန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
အစောပိုင်းက အကဲစမ်း တိုက်ခိုက်မှု အပြီးတွင် ကျန်းချန်၏ စွမ်းရည်သည် သူမှန်းဆထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်ကြောင်း လုံကျိုးဟန် အသေအချာ သိရှိသွားခဲ့သည်။
ထို့ကြောင့် ယနေ့တွင် သူ့အနေဖြင့် ကျန်းချန်ကို သတ်ချင်လျှင် အစွမ်းကုန် အားထုတ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
“ဝုန်း..”
လုံကျိုးဟန်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ကြီးကျယ်ခမ်းနားသော ရေခဲလမ်းစဥ် နတ်စွမ်းအားများသည် လုံကျိုးဟန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပျံဝဲနေသော ရေခဲနဂါးများ အဖြစ်သို့ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။
လုံကျိုးဟန်က လက်ထဲတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော လှံတစ်လက်ကို ကိုင်ဆောင်ထား၏။
ထိုလှံသည် နှစ်ပေါင်းသန်းချီ သက်တမ်းရှိသော ရေခဲဖြင့် သွန်းလုပ်ထားခဲ့သကဲ့သို့ပင် အေးစက်စွာ တောက်ပနေခဲ့ပြီး စိတ်ဝိညာဥ်ကိုပင် အေးခဲသွားစေနိုင်လောက်သည့် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။
“ကျန်းချန်.. အဆင့်တူ အတွင်းဆိုရင် မင်းက ပြိုင်ဘက်ကင်းဆိုတာ ငါဝန်ခံတယ်.. ဒါပေမဲ့ ကောင်းကင်အရှင်အဆင့်နဲ့ ငါ့ကို ယှဥ်ချင်နေတာကတော့ ဘယ်လိုမှ မလုံလောက်သေးဘူး”
လုံကျိုးဟန်၏ မျက်ဝန်းများသည် အလွန်တရာပင် စူးရှနေခဲ့သည်။
သူက ခြေဖဝါးကို တစ်ချက် ဆောင့်နင်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားခဲ့ကာ ကျန်းချန်၏ ဦးခေါင်းအထက်တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့၏။
“သူတော်စင်နဂါးလှံသိုင်း”
လုံကျိုးဟန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်ထဲမှ ရေခဲလှံဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
လှံရိပ်များသည် ကောင်းကင်နှင့်နေကိုပင် ဖုံးအုပ်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့သည်။
ကောင်းကင်ယံတွင် လှံရိပ်များနှင့်အတူ နဂါးဟိန်းဟောက်သံများနှင့် လူသတ်ငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။
သူတော်စင်နဂါးလှံသိုင်းသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အထွတ်အထိပ် ကိုယ်ခံပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးနည်းစနစ်လည်း ဖြစ်သည်။
ထိုကိုယ်ခံပညာရပ်ကို တစ်ကြိမ် အသုံးပြုလျှင်ပင် လုံကျိုးဟန်သည် အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဖြစ်၏။
ကျန်းချန်ကို သတ်ဖြတ်နိုင်ရန်အတွက် လုံကျိုးဟန်သည် အနည်းငယ်မျှပင် သူ၏ စွမ်းအားကို ထိန်ချန်မထားဘဲ စတင်တိုက်ိခုက်သည်နှင့် အစွမ်းအထက်ဆုံး ကိုယ်ခံပညာရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
“ဒါက သူတော်စင်နဂါးလှံသိုင်းပဲ.. လုံကျိုးဟန်က သူတော်စင်နဂါးလှံသိုင်းကိုတောင် အသုံးပြုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လုံကျိုးဟန်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ကွက်ကိုမြင်လျှင် လူတိုင်း၏ နှုတ်ဖျားကနေ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
သူတော်စင်နဂါးလှံသိုင်းသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အထွတ်အထိပ် ကိုယ်ခံပညာရပ် ဖြစ်ပြီး နတ်ကုန်းမြေတိုက်တစ်ခုလုံး၏ ထိပ်သီး တိုက်ခိုက်ရေးနည်းစနစ် ဆယ်ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ထိုကိုယ်ခံပညာရပ်သည် အလွန်တရာပင် အစွမ်းထက်ပြီး အရှိန်အဝါလည်း ကြီးမားလှ၏။
လုံကျိုးဟန်၏ စွမ်းရည်ဖြင့် သူတော်စင်နဂါးလှံသိုင်းကို အသုံးပြုမည်ဆိုလျှင် သာမန် နတ်ဘုရင် ပဉ္စမအဆင့်ပင်လျှင် နောက်ဆုတ်ရပေလိမ့်မည်။
သို့ဖြစ်ရာ ကျန်းချန်ကဲ့သို့ ကောင်းကင်အရှင်အဆင့်သာ ဆိုလျှင် သေလမ်းတစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလော။
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”
လုံကျိုးဟန်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ကွက်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
“ဝုန်း..”
သူက လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ ကြယ်စွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ဧရာမ ကြယ်တာရာနတ်ဓား အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံရှိ လှံရိပ်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ယံကို တစ်ခဏအတွင်းမှာပင် ပရမ်းပတာဖြစ်သွားစေခဲ့သည်။
ထိုအဖျက်စွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ကျန်းချန်သည်လည်း ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။
ကောင်းကင်အရှင်အဆင့်သည် နတ်ဘုရင်အဆင့်၏ ကြီးကျယ်ခမ်းနားသော စွမ်းရည်နှင့်နှိုင်းယှဥ်လျှင် ကွာဟချက်ရှိနေဆဲ ဖြစ်၏။
ထို့အပြင် လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်ပြီး နတ်ကုန်းမြေတိုက်၏ လူငယ်မျိုးဆက်ထဲတွင် အစွမ်းအထက်ဆုံးများထဲမှ တစ်ဦး ဖြစ်သည်။
ကျန်းချန်သည် ကြယ်လေးပွင့် ကောင်းကင်အရှင်တစ်ဦး ဖြစ်ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လေ့ကျင့်ထားသဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်များထက် အဆပေါင်းရာချီ သိပ်သည်းလှသည်။
သို့သော်လည်း လုံကျိုးဟန်ကဲ့သို့ ပါရမီရှင်များနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် မည်သို့မှ အသာစီး မရယူနိုင်ခဲ့ပေ။
ကျန်းချန်က သူ၏ တိုက်ကွက်ကို တားဆီးနိုင်သည်အား မြင်လိုက်ရသော်လည်း လုံကျိုးဟန်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိခဲ့ပေ။
ထိုရေခဲနတ်နဂါးက ကျန်းချန်ထံသို့ ဟိန်းဟောက်ကာ ဦးတည်ပျံသန်းလာခဲ့၏။
သူက လက်ထဲမှ ရေခဲလှံကို ကျင်လည်စွာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ လှံရိပ်များသည် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ရေခဲနတ်နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သူတော်စင်နဂါးလှံသိုင်း.. နတ်နဂါးဒေါသ”
ရေခဲနတ်နဂါးတွင် ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ခံစားမိလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်သည်။
သူက ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်အတွင်းမှ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်၏။
“အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်.. လူသားအဖြစ်ပြောင်းလဲစေသော ဓားကွက်”
ကျန်းချန်က လုံရှင်းယွင်ကို သတ်ဖြတ်နိုင်ခဲ့သည့် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။
ဓားအလင်းက ရေခဲနတ်နဂါး၏ ခန္ဓာကိုယ် အတွင်းသို့ နစ်ဝင်သွားခဲ့ပြီးနောက်တွင် ရေခဲနတ်နဂါး၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် သာမန် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အားနည်းသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် နတ်ဘုရင် ပဉ္စမအဆင့်ကိုပင် ယှဥ်နိုင်စွမ်းရှိသော ရေခဲနတ်နဂါးသည် သူ၏ အစွမ်းထက်ဝက်ကျော်ကို ဆုံးရှုံးသွားခဲ့ရ၏။
ကျန်းချန်က နောက်ထပ် ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး ရေခဲနတ်နဂါးကို လုံးဝ ချေမှုန်းပစ်လိုက်သည်။
သို့ရာတွင် ရေခဲနတ်နဂါးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်းချန်၏ မျက်နှာထက်၌ ဝမ်းသာသော အရိပ်အယောင်များ ရှိမနေခဲ့ဘဲ ယခင်ကထက် လေးနက်သော အမူအရာများ ရှိနေခဲ့သည်။
သူက ဤဓားကွက်ဖြင့်ပင် လုံရှင်းယွင်၏ ကျင့်ကြံခြင်းအဆင့်များကို ဖြတ်တောက်ကာ သတ်ဖြတ်နိုင်ခဲ့သည်။
ယခု လုံကျိုးဟန်နှင့် ရင်ဆိုင်ရချိန်တွင်မူ ဤဓားကွက်သည် လုံကျိုးဟန်၏ လှံသိုင်းကိုသာ ချေမှုန်းနိုင်ခဲ့ပြီး လုံကျိုးဟန်ကိုယ်တိုင်ကမူ လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်၏ သက်ရောက်မှုကို လုံးဝ မခံစားခဲ့ရပေ။
ဆိုရလျှင် သူ့ရှေ့ရှိ လုံကျိုးဟန်သည် နတ်ဘုရင် စတုတ္ထအဆင့်ရှိ လုံရှင်းယွင်ထက်ပင် ရင်ဆိုင်ရ ပို၍ ခက်ခဲနေခဲ့၏။
အခန်း(၂၂၀၄)ပြီး၏။