အခန်း (၂၂၀၅-၂၂၀၆)
Vol. 161 Ch. 2205-2206
အခန်း(၂၂၀၅)
“ဒါက ဘာဓားသိုင်းလဲ”
သူ၏ တိုက်ကွက်က ကျန်းချန်၏ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သော ဓားကွက်အောက်တွင် ပျက်ပြားသွားသည်အား မြင်လျှင် လုံကျိုးဟန်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ အသုံးပြုခဲ့သော သူတော်စင်နဂါးလှံသိုင်းသည် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု၏ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့သည့် ရှေးအကျဆုံးကိုယ်ခံပညာရပ် ဖြစ်ပြီး နတ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးကိုယ်ခံပညာရပ် ဆယ်ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
သူတော်စင်နဂါးလှံသိုင်းကို တတ်မြောက်ခဲ့ချိန်မှစ၍ လုံကျိုးဟန်သည် သူ၏ လှံသိုင်းကို ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သောသူအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းလည်း ဖြစ်သည်။
ထို့အပြင် သူ၏ သူတော်စင်နဂါးလှံသိုင်းကို ဖျက်ဆီးလိုက်သူသည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိနေသေး၏။
အကယ်၍ ထိုလူသာ နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားခဲ့လျှင် အစောပိုင်းက ဓားချက်၏ စွမ်းရည်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမည်မှာ သူတွေးပင် မတွေးရဲပေ။
“ဒါက မင်းကို သတ်မဲ့ဓားသိုင်းပဲ.. နောက်ထပ်ဓားကွက်ကို မြည်းစမ်းကြည့်လိုက်ပါဦး”
ထိုဓားထွက်ပေါ်လာသည့် တစ်ခဏဝယ် ကောင်းကင်ယံ၏ အချိန်နှင့် နေရာလွတ် တစ်ခုလုံးသည် တစ်ခဏအတွင်း အေးခဲသွားခဲ့ပြီး လုံးဝ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ လေထုက တုန်ခါသွားခဲ့ပြီး အချိန်များ စီးဆင်းသွားခဲ့ကာ ပါးလွှာပြီး ကြည်လင်နေသော ဓားရှည်တစ်စင်းသည် အဆုံးမဲ့ အချိန်နှင့်နေရာလွတ် မြစ်ကြီးအတွင်းကနေ ဆွဲထုတ်လိုက်သကဲ့သို့ ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် လုံကျိုးဟန်၏ ပုံရိပ်သည်ပင်လျှင် အေးခဲသွားသကဲ့သို့ ဖြစ်နေခဲ့၏။
“အချိန်ကဓားတစ်စင်း”
ဤသည်မှာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယမြောက်ဓားကွက် ဖြစ်သည်။
လုံကျိုးဟန်၏ တအံ့တသြ အကြည့်အောက်မှာပင် ထိုဓားရှည်သည် လုံကျိုးဟန်ကို ပိုင်းဖြတ်သွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ယံ၏ အေးခဲနေသော အချိန်နှင့်နေရာလွတ်သည် ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ကြည်လင်သော ဓားရှည်၏ အပိုင်းခံလိုက်ရပြီးနောက်တွင် လုံကျိုးဟန်သည် သူ၏ သက်တမ်းက ကျန်းချန်၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
နတ်ဘုရင်အဆင့်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်နိုင်သော်လည်း ကျန်းချန်၏ အစောပိုင်းက ဓားချက်သည် သူ၏ သက်တမ်း ဆယ်ပုံတစ်ပုံခန့်ကို ဖြတ်တောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် လုံကျိုးဟန်၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် ထုတ်ဖော်လိုက်သော ဓားသိုင်းသည် အလွန်တရာပင် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ထိုဓားကွက်သည် သူ၏ နတ်နဂါးလှံသိုင်းထက် လုံးဝကိုသာလွန်နေခဲ့သည်။
ဤကဲ့သို့ ဓားသိုင်းနှင့် ရင်ဆိုင်ရချိန်တွင် လုံကျိုးဟန်သည် လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ။
အကယ်၍ ကျန်းချန်သာ ထိုဓားကွက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်နေမည်ဆိုလျှင် သူ၏ သက်တမ်းသည် ကျန်းချန်၏ ဖြတ်တောက်မှုဖြင့် ကုန်ဆုံးသွားလိမ့်မည် ဖြစ်၏။
“တကယ်ကို ဆန်းကြယ်တဲ့ ဓားသိုင်းပါလား.. ကျန်းချန်ထုတ်ဖော်လိုက်တဲ့ ဓားသိုင်းက နတ်ကုန်းမြေတိုက်ရဲ့ ထိပ်သီးကိုယ်ခံပညာရပ် ဆယ်မျိုးထက်တောင် ပိုအစွမ်းထက်နေသေးတယ်.. ဒီဓားသိုင်းကို ငါဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ”
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအကြီးအကဲတစ်ဦးက တအံ့တဩရေရွတ်လိုက်သည်။
ယွမ်ဖုန်းနတ်ဘုရင်သည် လေထုထဲရှိ ကျန်းချန်ကို စိတ်ရှုပ်ထွေးသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
မကြာသေးခင်က သူမသည် လဲ့ယန်တောင်ထိပ်တွင် ကျန်းချန်ကို ပွဲတော်အား မတက်ရောက်စေရန် အတွက် တားဆီးခဲ့သည်။
အကယ်၍သာ ကူဖုန်းအာ၏ မျက်နှာကို မထောက်ထားလျှင် သူမသည် ဤမောက်မာသော ကောင်လေးကို လက်ဝါးဖြင့် ရိုက်သတ်မိလိမ့်မည် ဖြစ်၏။
သို့သော် ယခုအခါတွင် ယွမ်ဖုန်းနတ်ဘုရင်သည် ကျန်းချန်ကို အထင်သေးခဲ့မိကြောင်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။
လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် တတိယအဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သူမ ကဲ့သို့ နတ်ဘုရင် ပဉ္စမအဆင့်ထက်ပင် မနိမ့်ကျပေ။
ဆိုရလျှင် ကျန်းချန် ဟုခေါ်သော ကောင်လေးသည် မောက်မာသော်လည်း မောက်မာနိုင်သည့် အရည်အချင်း အမှန်တကယ် ရှိနေခဲ့သည်။
ယခု လုံကျိုးဟန်ပင်လျှင် ကျန်းချန်၏ လက်ထဲတွင် အရေးနိမ့်နေသည်ဖြစ်ရာ သူမသည်လည်း ကျန်းချန်နှင့် ရင်ဆိုင်ရလျှင် အရေးနိမ့်နိုင်ခြေ ရှိနေခဲ့သည် မဟုတ်ပါလော။
“ဒီဓားသိုင်းက အဆင့်အရမ်းမြင့်လွန်းပြီး နက်ရှိုင်းတဲ့ အချိန်လမ်းစဥ်စွမ်းအားတွေ ပါဝင်နေတယ်”
ဆံဖြူအကြီးအကဲက တအံ့တသြ ပြောလိုက်သည်။
“ငါ့စိတ်ထင် ဒီဓားသိုင်းက နတ်ဘုရားနယ်မြေက ဓားသိုင်း မဟုတ်လောက်ဘူး ထင်တယ်.. ထိပ်သီး ကိုယ်ခံပညာရပ်ဆယ်ခုထဲမှာ အဆင့်သုံးနေရာမှာရှိတဲ့ လင်းရှီမျိုးနွယ်စုရဲ့ ဓားသိုင်းတောင် ဒီဓားသိုင်းကို ယှဥ်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ရလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
နတ်ကုန်းမြေတိုက်၏ ရှေးအကျဆုံး အင်အားစုတစ်စု အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် သာမန်လူများသိရှိရန် ခက်ခဲသော လျှို့ဝှက်ချက်များစွာကို သိရှိထားကြသည်။
နတ်ဘုရားနယ်မြေသည် နတ်ကုန်းမြေတိုက် အပါအဝင် မရေမတွက်နိုင်သော နယ်မြေများဖြင့် ဖွဲ့စည်းထားသော စကြဝဠာတစ်ခု ဖြစ်သည်။
သို့သော်လည်း ဤကျယ်ပြောလှသော ကမ္ဘာကြီးတွင် စကြဝဠာသည် တစ်ခုတည်း ရှိနေသည် မဟုတ်ပေ။
ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၏ မှတ်တမ်းမှတ်ရာများ အရ နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် အခြားသော စကြဝဠာများ တည်ရှိနေသေးသည်။
ဖြစ်နိုင်သည်မှာ ကျန်းချန်သည် နတ်ဘုရားနယ်မြေ ပြင်ပရှိ စကြဝဠာတစ်ခု၏ ထိပ်တန်း အမွေအနှစ်ကို ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့ပုံရသည်။
“အချိန်က ဓားတစ်စင်း”
ကျန်းချန်က လုံကျိုးဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အသက်ရှူရန်ပင် အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယမြောက် ဓားကွက်ကို ထပ်မံ အသုံးပြုကာ လုံကျိုးဟန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ထိုဓားကွက်ကို တစ်ကြိမ် အသုံးပြုနိုင်ခြင်းသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်၏။
သို့သော်လည်း ယခု သူက ထိုဓားကွက်ကို ထပ်မံ အသုံးပြုရန် ကြိုးစားနေခဲ့ရာ သူ၏ ခန္ဓာကိုယ်သည် ထိုဓားကွက်၏ တန်ပြန် ရိုက်ခတ်မှုကို အနည်းငယ် ခံစားလိုက်ရသည်။
သူ၏ ပခုံးပေါ်သို့ ဝဲကျနေသော အနက်ရောင် ဆံနွယ်များတွင် ဖြူဖွေးသော ဆံနွယ်အချို့သည် ဆန်းကြယ်စွာ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ဂရုစိုက်မနေခဲ့ပေ။
သူ၏ အမူအရာက အလွန်တရာပင် အေးစက်စက် ဖြစ်နေခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုအပေါ်တွင် ကျန်းချန်သည် ကောင်းမွန်သော အမြင် အနည်းငယ်မျှပင် မရှိပေ။
ယခု လုံကျိုးဟန်က ကူဖုန်းအာကို စိတ်ကူးယဥ်နေသည် ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်ပါအံ့နည်း။
သူ့အနေဖြင့် တစ်စုံတစ်ရာ ပေးဆပ်ရလျှင်ပင် ရှေးဟောင်းသူတော်စင်နတ်ဘုရား မျိုးနွယ်စု၏ နတ်ဘုရားသားတော်ကို သေချာပေါက် သတ်ဖြတ်ပစ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်က ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ယံ တစ်ခုလုံးသည် ထပ်မံ အေးခဲသွားခဲ့သည်။
လုံကျိုးဟန်သည် အနည်းငယ်မျှပင် လှုပ်ရှားရန် အချိန်မရလိုက်ဘဲ မမြင်ရသော စွမ်းအားတစ်ခု၏ ချုပ်နှောင်မှုကို ခံလိုက်ရကာ လက်ချောင်းလေး တစ်ချောင်းပင်လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။
ဤအခိုက်အတန့်တွင် လုံကျိုးဟန်၏ မျက်ဝန်း၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်၏ ပါးလွှာပြီး ကြည်လင်နေသော ဓားရှည်သည် လုံကျိုးဟန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း လုံကျိုးဟန်ကို တစ်စုံတစ်ရာ ထိခိုက်စေသည်ဟု မထင်ရပေ။
သို့သော်လည်း အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးတစ်ဦး ကဲ့သို့ ရှိနေသော လုံကျိုးဟန်သည် ချက်ချင်းဆိုသလိုပင် အသက်လေးဆယ်ကျော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်၏ ဓားချက်သည် သူ၏ သက်တမ်း သုံးပုံတစ်ပုံနီးပါးကို ဖြတ်တောက်သွားခဲ့၏။
“ဒီကောင့်ရဲ့ သက်တမ်းကို ဖြတ်တောက်ဖို့က တကယ်ကို မလွယ်ဘူးပဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် စိတ်ထဲကနေ ခပ်တိုးတိုးညည်းညူလိုက်သည်။
အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် အလွန်တရာပင် အစွမ်းထက်၏။
လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ဖြစ်စေ၊ အချိန် ဓားတစ်စင်း ဓားချက်ဖြစ်စေ၊ ထိုဓားကွက်များသည် နတ်ဘုရားနယ်မြေ၏ ကိုယ်ခံပညာရပ်များထက် သာလွန်နေခဲ့ပြီး ခုခံရန် ခက်ခဲလှ၏။
သို့သော်လည်း ကျန်းချန် အနေဖြင့် ထိုဓားကွက်ကို အမြဲတစေ ထုတ်သုံး၍ မဖြစ်ပေ။
ကျန်းချန်၏ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့် ခွန်အားဖြင့်ပင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယမြောက် ဓားကွက်ကို အသုံးပြုရန် အနည်းငယ်ခက်ခဲမှု ရှိနေခဲ့သည်။
သူက ဒုတိယမြောက်ဓားကွက်ကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့သော်လည်း လုံကျိုးဟန်၏ သက်တမ်း ထက်ဝက်ခန့်ကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။
သို့ရာတွင် သူကိုယ်တိုင်သည်လည်း ထိုဓားကွက်၏တန်ပြန်ရိုက်ခတ်မှုကို ခံခဲ့ရပြီး သက်တမ်းများစွာ ဆုံးရှုံးခဲ့ရသည်။
အကယ်၍ သူသာ ထိုဓားကွက်ကို ဆက်လက် အသုံးပြုနေမည်ဆိုလျှင် လုံကျိုးဟန်၏ သက်တမ်းကို ဖြတ်တောက်နိုင်မည် ဖြစ်သော်လည်း သူကိုယ်တိုင်သည်လည်း ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ရပေလိမ့်မည်။
ယခင်နှစ်များကသာ ထိုဓားကွက်ကို အသုံးပြုမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် ခြားနားမည် မဟုတ်ပေ။
“ကျန်းချန်.. မင်းကို ငါ သတ်ပစ်မယ်”
သူ၏ သက်တမ်းတစ်ဝက်ခန့်က ကျန်းချန်၏ ဓားချက်နှစ်ချက်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်ကို မြင်လျှင် လုံကျိုးဟန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရှေးခေတ်ကာလ အရှိန်အဝါများ ထုတ်လွှတ်နေသော တံဆိပ်ပြားတစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၂၀၅)ပြီး၏။
အခန်း(၂၂၀၆)
ထိုတံဆိပ်ပြားသည် လက်ဖဝါး အရွယ်အစားခန့်ရှိသည့် နဂါးပုံသဏ္ဌာန် တံဆိပ်ပြားတစ်ခု ဖြစ်ပြီး ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
ထိုတံဆိပ်ပြား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြင့်မြတ်သော နဂါးအရှိန်အဝါသည် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့သည်။
အောက်ဘက်ရှိ ပေပေါင်းသောင်းချီ ကွာဝေးသောနေရာမှ ကြည့်ရှုနေသူများပင် ထိုမြင့်မြတ်သော နဂါးအရှိန်အဝါဖိအားအောက်၌ အသက်ရှူရကြပ်သလို ခံစားလိုက်ရသည်။
“ဒါက ဘိုးဘေးနဂါး တံဆိပ်ပြားရဲ့ အရှိန်အဝါပဲ.. လုံကျိုးဟန်ရဲ့လက်ထဲက တံဆိပ်ပြားက ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ ဘိုးဘေးနဂါး တံဆိပ်ပြားများလား”
လုံကျိုးဟန်၏ လက်ထဲမှ ဘိုးဘေးနဂါးတံဆိပ်ပြားကို မြင်လျှင် ဗဟုသုတကြွယ်ဝသော နတ်ဘုရင် အချို့၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဘိုးဘေးနဂါးတံဆိပ်ပြား ဆိုသည်မှာ သန္ဓေတာအိုနတ်လက်နက် အမျိုးအစား ဖြစ်သည်။
ထိုလက်နက်သည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်နှင့်မြေကြီးကနေ မွေးဖွားလာသော အထွတ်အထိပ် လက်နက် ဖြစ်သည်။
ယနေ့ခေတ် နတ်ဘုရားနယ်မြေတွင် သန္ဓေတာအိုနတ်လက်နက် ၁၀ခုသာ ရှိပြီး ထိုလက်နက်များကို ထိပ်တန်းသန္ဓေတာအိုနတ်လက်နက် ၁၀ခုအဖြစ် လူသိများ၏။
ထိုသန္ဓေတာအိုနတ်လက်နက် ၁၀ ခုထဲတွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ဘိုးဘေးနဂါးတံဆိပ်ပြားသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
လုံကျိုးဟန်ထံတွင် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ ဘိုးဘေးနဂါးတံဆိပ်ပြား ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
“ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှာ ဘိုးဘေးနဂါးတံဆိပ်ပြား ရှိနေသေးတယ်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုံကျိုးဟန်၏ လက်ထဲမှ ဘိုးဘေးနဂါးတံဆိပ်ပြားကို စိုက်ကြည့်ရင်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် မဟာကပ်ဘေးကျရောက်ခဲ့သည်။
ထိုအခါ နတ်ဘုရားနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုကပ်ဘေးကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ကြပြီး နတ်ဘုရားနယ်မြေ၏ ထိပ်တန်း သန္ဓေတာအိုနတ်လက်နက်ဆယ်ခုသည်လည်း ထိုမဟာကပ်ဘေး အတွင်းမှာပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည်လည်း တစ်ချိန်က သန္ဓေတာအိုနတ်လက်နက် ဆယ်ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဖုန်းရှီစောင်းကို ပိုင်ဆိုင်ခဲ့ဖူးသည်။
မဟာကပ်ဘေး ကျရောက်လာသောအခါ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှ ဘိုးဘေးတစ်ဦးသည် ဖုန်းရှီစောင်းကို ယူဆောင်၍ ကပ်ဘေးကို ရင်ဆိုင်ရန် ထွက်ခွာသွားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဘိုးဘေးသည် ဖုန်းရှီစောင်းနှင့် အတူ နတ်ဘုရားနယ်မြေကနေ ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် ဘိုးဘေးနဂါးတံဆိပ်ပြားသည်လည်း ဖုန်းရှီစောင်း ကဲ့သို့ ပျောက်ကွယ်သွားသည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါတွင် လုံကျိုးဟန်သည် ဘိုးဘေးနဂါးတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
“သန္ဓေတာအိုနတ်လက်နက် ဖြစ်တဲ့ ဘိုးဘေးနဂါးတံဆိပ်ပြားက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းတို့မေ့နေပြီလား.. ဒီတံဆိပ်ပြားက ဘိုးဘေးနဂါးတံဆိပ်ပြားနဲ့ အတော်လေး ဆင်တူတယ်ဆိုပေမဲ့ ယှဥ်နိုင်ဖို့တော့ အဝေးကြီးလိုပါသေးတယ်.. ဒါက ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုက ဖန်တီးထားတဲ့ ဘိုးဘေးနဂါးတံဆိပ်ပြား အတုပဲ ဖြစ်ရမယ်”
ဆံဖြူအကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။
ဤ ဘိုးဘေးနဂါးတံဆိပ်ပြားသည် အတုအယောင်မျှသာ ဖြစ်သော်လည်း ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုသည် ထိုတံဆိပ်ပြားကို ဘိုးဘေးနဂါးတံဆိပ်ပြား၏ အရှိန်အဝါအနည်းငယ် ရရှိစေရန် အားထုတ်၍ ဖန်တီးထားခဲ့ကြသည်။
ဆိုရလျှင် ဤတံဆိပ်ပြားသည် အတုအယောင်မျှသာ ဖြစ်သော်လည်း အလွန်တရာ အားကောင်းနေသည်မှာ ငြင်း၍ မရပေ။
ဤတစ်ခေါက်တွင် ကျန်းချန် ဆိုသောကောင်လေးသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီ ဖြစ်၏။
“အစ်ကိုကျန်းချန်”
လုံကျိုးဟန်၏ လက်ဖဝါးပေါ်မှ တံဆိပ်ပြားထံကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလျှင် ကူဖုန်းအာ၏ လှပသော မျက်ဝန်းလေးတွင် စိုးရိမ်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူမက ကောင်းကင်ယံကို စူးစိုက်၍ ကြည့်နေခဲ့ပြီး အချိန်မရွေးဝင်ရောက်ကူညီရန် အဆင်သင့် ပြင်ထားခဲ့သည်။
“နတ်ဘုရားမ မစိုးရိမ်ပါနဲ့.. တကယ်လို့ မင်းအစ်ကိုက လုံကျိုးဟန်ကို ရှုံးနိမ့်သွားမယ်ဆိုရင်တောင် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုက ကယ်တင်ပေးမှာပါ”
ကူဖုန်းအာ၏ အမူအရာကိုမြင်လျှင် ဆံဖြူအကြီးအကဲက ပြုံး၍ ပြောလိုက်သည်။
ကူဖုန်းအာနှင့် ကျန်းချန်တို့၏ ဆက်ဆံရေးသည် သူတို့စိတ်ကူးထားသည်ထက်ပင် လုံးဝကျော်လွန်နေခဲ့၏။
အကယ်၍ သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ကူဖုန်းအာကို ဆက်လက် ပိုင်ဆိုင်လိုသည်ဆိုလျှင် ယနေ့တွင် ကျန်းချန် တစ်စုံတစ်ရာ ထိခိုက်မည်အား ခွင့်ပြု၍မဖြစ်ကြောင်း ဆံဖြူအကြီးအကဲ ကောင်းစွာ သိရှိထားကြသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ကူဖုန်းအာက အနည်းငယ် စိတ်သက်သာရာရသွားခဲ့ပြီး ဆံဖြူအဘိုးအိုကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
အကြီးအကဲ၏ အာမခံချက်ရှိသဖြင့် ဤတိုက်ပွဲတွင် နိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ကျန်းချန်၏ အသက်အန္တရာယ်သည် စိုးရိမ်စရာ မရှိတော့ပေ။
ကောင်းကင်ယံထက်တွင် လုံကျိုးဟန်၏ လက်ထဲမှ ဘိုးဘေးနဂါးတံဆိပ်ပြားကို ကြည့်ရင်း ကျန်းချန်သည် ထိုတံဆိပ်ပြားထံမှ အန္တရာယ် အငွေ့အသက်ကို ခံစားမိခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မဟာနဂါးကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
လုံကျိုးဟန်၏လက်ထဲမှ တံဆိပ်ပြားသည် အလွန်တရာပင် အစွမ်းထက်လှသည် ဖြစ်ရာ မဟာနဂါးကျောက်တိုင်ကို အသုံးပြုမှသာလျှင် လုံကျိုးဟန်နှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပါလော။
“ကျန်းချန်.. မင်းက ကောင်းကင်အရှင်အဆင့်နဲ့တောင် ငါ့ကို ဘိုးဘေးနဂါးတံဆိပ်ပြား အသုံးပြုလာစေတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ် ဆိုတော့ ဒါက မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ.. သေဖို့သာပြင်ထားလိုက်တော့”
လုံကျိုးဟန်က ရက်စက်လိုသောအကြည့်ဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို စုစည်းကာ လက်ထဲရှိ ဘိုးဘေးနဂါးတံဆိပ်ပြားကို လှုံ့ဆော်လိုက်၏။
ကြောက်မက်ဖွယ် နဂါးဟိန်းသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး အနက်နှင့်အဖြူ စွမ်းအင်နှစ်မျိုးဖြင့် ပေါင်းစပ်ထားသော နတ်နဂါးတစ်ကောင်သည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုနဂါးကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ တိုးဝင်လာခဲ့သည်။
“မဟာနဂါးကျောက်တိုင် ဖိနှိပ်စမ်း”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်ကာ သူ၏ လက်ထဲမှ မဟာနဂါးကျောက်တိုင်ကို အသက်သွင်းလိုက်သည်။
“ဝုန်း..ဝုန်း..”
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် မဟာနဂါးကျောက်တိုင်ထံကနေ စိမ်းပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားရှိ မြင့်မြတ်သော နတ်ဘုရားကျောက်တိုင်ကြီး တစ်ခုအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ထိုနတ်ဘုရား ကျောက်တိုင်ပေါ်တွင် ဆန်းကြယ်သော သင်္ကေတများစွာ ရှိနေခဲ့ပြီး ထိုသင်္ကေတများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုစည်းထားသကဲ့သို့ပင် အလွန်တရာ တောက်ပနေခဲ့ပြီး မြင်ရသူကို စေ့စေ့ပင် မကြည့်ရဲစေလောက်သည်အထိ ဖြစ်စေခဲ့သည်။
ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်သည် အရာအားလုံးကို ဖိနှိပ်နိုင်သည့် ရှေးဟောင်း နတ်တောင်ကြီး ကဲ့သို့ ကြယ်တာရာများ၏ အထက်တွင် တည်ရှိနေခဲသည်။
ဤအချိန်တွင် နေ၊လနှင့် ကမ္ဘာကြီးတစ်ခုလုံးပင် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေခဲ့၏။
“မဖြစ်နိုင်တာ ဒါက..”
ကျန်းချန်က မဟာနဂါးကျောက်တိုင်အား အသုံးပြုလိုက်သည်ကိုမြင်လျှင် လုံကျိုးဟန်သည် အဆုံးသတ်တွင် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး ရုတ်တရက် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
သို့သော်လည်း အလွန်တရာ နောက်ကျသွားခဲ့ချေပြီ။
ကောင်းကင်ယံတွင် တည်ရှိနေသော နတ်ဘုရားကျောက်တိုင်ထံကနေ စိမ်းပြာရောင် စွမ်းအင်လှိုင်းသည် အရပ်မျက်နှာအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဝုန်း..”
ထိုစိမ်းပြာရောင်စွမ်းအင်လှိုင်းသည် ကျန်းချန်ဆီသို့ တိုးဝင်လာသည့် အဖြူနှင့်အနက် ပေါင်းစပ်ထားသော နတ်နဂါးကို အမှုန့်ဖြစ်သည်အထိ ချေမှုန်းပစ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လုံကျိုးဟန်က ထိတ်လန့်သွားခဲ့ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အလျင်အမြန် လှုံ့ဆော်ကာ စိမ်းပြာရောင်စွမ်းအင်လှိုင်းများကို ခုခံရန်အတွက် အကာအကွယ် အလွှာများ ဖန်တီးလိုက်သည်။
သို့သော်လည်း လုံကျိုးဟန်၏ ထိုက်စုအထွတ်အထွတ်နဂါးအသွင်ပြောင်းနည်းစနစ်ဖြင့် လှုံ့ဆော်လိုက်သော အကာအကွယ် အလွှာသည် မဟာနဂါးကျောက်တိုင်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုံကျိုးဟန်၏ အကာအကွယ်အလွှာများသည် စိမ်းပြာရောင် စွမ်းအင်လှိုင်းများအောက်တွင် လုံးဝ ချေမှုန်းခံလိုက်ရသည်။
ယင်းနောက်တွင် လုံကျိုးဟန် ကိုယ်တိုင်သည်လည်း စိမ်းပြာရောင်စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုအောက်တွင် ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။
လုံကျိုးဟန်က မဟာနဂါးကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် သူ၏ အသက်ကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။
ခန္ဓာကိုယ်ထဲမှ ရွှေရောင်သွေးများသည်လည်း ကောင်းကင်ယံကနေ ကျဆင်းလာခဲ့၏။
လုံကျိုးဟန်က သူ၏ ဒဏ်ရာကို တည်ငြိမ်စေရန်အတွက် ဆေးလုံးတစ်လုံးကို အလျင်အမြန် မျိုချလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်း.. မင်းက အဲဒီသစ္စာဖောက်ရဲ့ မဟာနဂါးကျောက်တိုင်ကို ရရှိထားတယ်လား”
မဟာနဂါးကျောက်တိုင်သည် သန္ဓေတာအိုနတ်လက်နက်ထက်မနိမ့်ကျသည့် လက်နက် ဖြစ်ပြီး သန္ဓေတာအိုနတ်လက်နက်ဖြစ်သည့် ဘိုးဘေးနဂါးတံဆိပ်ပြားနှင့် အဆင့်တူ ဖြစ်သည်။
ဤကဲ့သို့သော လက်နက်မျိုးကို သူ၏ အတုအယောင် ဘိုးဘေးနဂါးတံဆိပ်ပြားသည် မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။
“နှမြောစရာပဲ.. မင်းသိတာ အရမ်းနောက်ကျသွားပြီ”
စကားဆုံးသည်နှင့် ကျန်းချန်က မဟာနဂါးကျောက်တိုင်ကို ထပ်မံ အသုံးပြုကာ လုံကျိုးဟန်ကို ဖိနှိပ်လိုက်သည်။
“မလုပ်ပါနဲ့”
လုံကျိုးဟန်က အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
အစောပိုင်းကပင် ကျန်းချန်၏ မဟာနဂါးကျောက်တိုင်လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။
ထို့ကြောင့် လုံကျိုးဟန်သည် မဟာနဂါးကျောက်တိုင်က သူ့ဆီသို့ ချဥ်းကပ်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
“ဒီကမိတ်ဆွေလေးက ငါ အဘိုးကြီးရဲ့မျက်နှာကို ထောက်ထားပြီး သက်ညှာပေးနိုင်မလား”
ကျန်းချန်က လုံကျိုးဟန်ကို သတ်ပစ်ရန် မဟာနဂါးကျောက်တိုင်ဖြင့် ဖိနှိပ်တော့မည့်ဆဲဆဲမှာပင် လေထုထဲတွင် သက်ပြင်းချ၍ ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုခဏမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်သည် လုံကျိုးဟန်ကို ဖိနှိပ်နေသော မဟာနဂါးကျောက်တိုင်နှင့်အတူ လေထုထဲတွင် အေးခဲသွားခဲ့သည်။
အခန်း(၂၂၀၆)ပြီး၏။