← Chapters

အခန်း (၂၂၀၇-၂၂၀၈)

Vol. 161 Ch. 2207-2208

အခန်း (၂၂၀၇-၂၂၀၈)

Vol. 161 Ch. 2207-2208

အခန်း(၂၂၀၇)

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သူက သူ့တစ်ကိုယ်လုံးရှိ ခွန်အားများကို အသုံးပြုကာ ပတ်ဝန်းကျင်မှ စွမ်းအားများ၏ ချုပ်နှောင်မှုကနေ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း လုံးဝ လှုပ်ရှား၍ မရကြောင်းကို သတိပြုမိလိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ တုန်လှုပ်သွားခဲ့သည်။

စဥ်းစားနေစရာ မလိုလောက်အောင်ပင် ယင်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ တိတ်တဆိတ် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်ရပေမည်။

ကျန်းချန် ထိုသို့တွေးမိသော တစ်ခဏမှာပင် ခါးကုန်းကုန်း အဘိုးအိုတစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအဘိုးအိုသည် ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေခဲ့ပြီး မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

အပေါ်ယံ ကြည့်လျှင် လေတိုက်လျှင်ပင် လဲကျတော့မည့် သာမန်အဘိုးအို တစ်ဦးနှင့် ဆင်တူလှ၏။

သို့သော်လည်း အဘိုးအို၏ နက်ရှိုင်းသော မျက်ဝန်းတစ်စုံသည် အဆုံးမဲ့စုပ်ယူနိုင်စွမ်းရှိသော တွင်းနက်ကြီးတစ်ခု ကဲ့သို့ပင် အလွန်ပင် နက်နဲလှသည်။

ထိုမျက်လုံးကို ကြည့်လိုက်ရုံမျှဖြင့် တွင်းနက်ထဲသို့ အလိုအလျောက် နစ်မြုပ်သွားသလို ခံစားရစေမည် ဖြစ်သည်။

“ဘိုးဘေးချီထျန်း”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အောက်ဘက်ရှိ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲများသည် ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။

ထိုမီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုမှာ တခြားသူမဟုတ်ဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့်ဘိုးဘေး ဖြစ်သော ဖုန်းချီထျန်း ဖြစ်သည်။

ဖုန်းချီထျန်းက အောက်ဘက်သို့ ငုံ့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန်ဆီသို့ ကျရောက်သွားခဲ့၏။

“ဒီနေ့က ရှေး‌ဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်ဆိုတော့ ငါ့ကို မျက်နှာသာပေးပြီး လူမသတ်ဖို့ တောင်းဆိုပါတယ်”

ထို့နေ့က လဲ့ယန်တောင်ထိပ်တွင် ဤကောင်လေးသည် နေနတ်ဂိုဏ်း၏နတ်ဘုရားသားတော် မိုရှင်းကို သတ်ဖြတ်ခဲ့သည်။

သို့သော်လည်း နေနတ်ဂိုဏ်းသည် အလယ်ပိုင်းဒေသရှိ ဒုတိယတန်းစား နတ်ဘုရင် အင်အားစုမျှသာဖြစ်ပြီး အင်အားမကြီးပေ။

နေနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် မိုရှင်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကျန်းချန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည် ဆိုလျှင်ပင် နေနတ်ဂိုဏ်းသည် ထိုစာရင်းကို သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ခေါင်းပေါ်သို့ တင်ရဲမည်မဟုတ်ပေ။

သို့ရာတွင် လုံကျိုးဟန်ကမူ မတူတော့ချေ။

လုံကျိုးဟန်သည် ‌ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ လက်ရှိ နတ်ဘုရားသားတော် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံး ဆယ်ဦးစာရင်း၌ ပါဝင်သူလည်းဖြစ်သည်။

အကယ်၍ လုံကျိုးဟန်သည် ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အမှန်တကယ် ကျဆုံးသွားခဲ့လျှင် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုနှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတို့သည် လုံးဝ ရန်ဘက်များ ဖြစ်သွားပေလိမ့်မည်။

‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုကို မကြောက်ရွံ့သော်လည်း ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုကဲ့သို့ အင်အားကောင်းသော ရန်သူတစ်ယောက် အလကားနေရင်း တိုးလာမည်ကို မလိုလားပေ။

ထို့ကြောင့်လည်း ဖုန်းချီထျန်းသည် လုံကျိုးဟန်ကို ကယ်တင်ရန် ရှေ့ထွက်လာခဲ့ခြင်းဆိုလည်း မမှားပေ။

“စီနီယာက သူ့အသက်ကို ကယ်တင်ချင်မှတော့ ကျွန်တော် ဒီနေ့ သူ့ကို မသတ်တော့ပါဘူး”

ကျန်းချန်က ကျင့်ကြံခြင်း လောက၏ အခြေအနေကို မသိနားမလည်သူ မဟုတ်ပေ။

သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်ရန်မှာ လက်တွေ့မကျပေ။

ထို့အပြင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူသည် တစ်ဦးတည်း ရှိနေသည်မဟုတ်ချေ။

“ကျေးဇူးအများကြီးတင်ပါတယ်”

‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက လုံကျိုးဟန်၏ အသက်ကို ကယ်တင်လိုနေသည် ဖြစ်ရာ သူ့အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအတွင်း၌ လုံကျိုးဟန်၏ အသက်ကို သတ်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလော။

ဖုန်းချီထျန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံကို ချုပ်နှောင်ထားသည့် စွမ်းအားများသည် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်သည်လည်း သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ပေပေါင်း သောင်းချီ မြင့်မားသော မဟာနဂါးကျောက်တိုင်သည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

“လုံကျိုးဟန်.. မင်းဒီပြိုင်ပွဲမှာ ရှုံးနိမ့်သွားပြီ.. ပြန်တော့”

ထိတ်လန့်နေသော လုံကျိုးဟန်ကို ဖုန်းချီထျန်းသည် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် ဖုန်းချီထျန်း၏ အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

လုံကျိုးဟန်သည် လက်သီးများကို တင်းတင်း ဆုပ်ထားခဲ့ပြီး မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သူက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော်ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးဆယ်ဦးထဲမှ တစ်ဦးအပါအဝင် ဖြစ်၍ အလွန်အမင်းမောက်မာခဲ့သည်။

သို့သော်လည်း ဤတိုက်ပွဲတွင် ကျန်းချန်သည် သူ၏ ဂုဏ်သိက္ခာအားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

လွန်ခဲ့သည့် ၂နှစ်ကျော်က သူ၏ရှေ့တွင်ပုရွက်ဆိတ်ကဲ့သို့ တည်ရှိမှုမျိုးသာဖြစ်သည့် ထိုကောင်လေးသည် ယခုအခါတွင် ဤကဲ့သို့သော အဆင့်အထိ တိုးတက်လာလိမ့်မည်ဟု လုံကျိုးဟန် မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုခဏဝယ် လုံကျိုးဟန်သည် လက်ခံ၍ မည်မျှပင် ခက်ခဲနေပါစေ၊ သူ့အနေဖြင့် ကျန်းချန်ကို မယှဥ်နိုင်တော့ကြောင်း လက်ခံလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဖုန်းချီထျန်းသာ ဤကဲ့သို့သေရေးရှင်ရေး အခြေအနေတွင် ဝင်ရောက် မကယ်တင်ခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်၏ လက်ထဲမှ မဟာနဂါး‌ကျောက်တိုင် အောက်တွင် သေဆုံးသွားလောက်ပြီကို ကောင်းစွာ သိရှိထားသောကြောင့်ပင်။

သူက ကောင်းကင်ယံတွင် ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

“လုံကျိုးဟန် ရှုံးနိမ့်သွားခဲ့တယ်လား”

ကောင်းကင်ယံရှိ တိုက်ပွဲကိုကြည့်ရင်း အောက်ဘက်ရှိ ရင်ပြင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဝင် အများအပြား၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော်ဖြစ်ပြီး အလယ်ပိုင်းဒေသ၏ ပါရမီရှင်စာရင်းတွင် အဆင့် ၇ နေရာ၌ရှိ‌သော နတ်ဘုရင် တတိယအဆင့် ပါရမီရှင်တစ်ဦးသည် ဤကဲ့သို့ပင် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်မထားခဲ့ကြပေ။

ထို့အပြင် လုံကျိုးဟန်ကို အနိုင်ယူခဲ့သူမှာ ကောင်းကင်အရှင်အဆင့်သာလျှင် ရှိနေသေးသည်။

ကောင်းကင်အရှင်အဆင့်ဖြင့် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲတွင် ပါဝင်သော နတ်ဘုရင် တစ်ပါးကို အနိုင်ယူလိုက်ခြင်းသည် နတ်ကုန်းမြေတိုက်၏ သမိုင်းတွင် ပထမဆုံးဟုပင် ဆို၍ ရ၏။

လုံကျိုးဟန် ပျောက်ကွယ်သွား၍ ကျန်းချန်သည်လည်း ကောင်းကင်ယံတွင် ဆက်လက်မနေတော့ပေ။

သူ၏ ပုံရိပ်က ဖျတ်ခနဲလက်သွားခဲ့ပြီး ကောင်းကင်ယံကနေ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

ထို့နောက်တွင် ရင်ပြင်ပေါ်ရှိ မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များအောက်မှာပင် ကူဖုန်းအာ၏ နံဘေး၌ ဆင်းသက်လိုက်သည်။

“ညီမလေး.. မင်းရဲ့အစ်ကိုက မင်းကို စိတ်မပျက်စေခဲ့ဘူးမဟုတ်လား”

ကူဖုန်းအာကို ကြည့်ရင်း ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

ကူဖုန်းအာက ချိုသာစွာ ပြုံး၍ ပြောလိုက်၏။

“အစ်ကိုကျန်းချန် နိုင်မယ်ဆိုတာ ညီမလေး သိပြီးသားပဲ”

ရွှယ်လင်တိုက်ကြီးတွင် ကျန်းချန်သည် သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် လူသားမျိုးနွယ်စုကို စိုးမိုးကာ သွေးဝိညာဥ်မျိုးနွယ်စုကို ချေမှုန်းနိုင်ခဲ့သည်။

ယခု နတ်ကုန်းမြေတိုက်သို့ ရောက်ရှိလာသော်လည်း ကျန်းချန်၏ စွမ်းရည်များသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။

အလယ်ပိုင်းဒေသ ထိပ်သီးပါရမီရှင် လုံကျိုးဟန်နှင့် နှိုင်းယှဥ်လျှင်ပင် ကျန်းချန်သည် သာလွန်နေဆဲ ဖြစ်၏။

လုံကျိုးဟန်ပင်လျှင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ မည်သူကမျှ ကျန်းချန်ကို ထပ်မံ စိန်ခေါ်ရန် မဝံ့ရဲကြတော့ပေ။

သိထားရမည့်အချက်မှာ လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင် စာရင်းတွင် အဆင့် ၇နေရာ၌ ရှိသူဖြစ်သည်။

ကျန်းချန်က လုံကျိုးဟန်ကို အနိုင်ယူနိုင်စွမ်း ရှိနေခြင်းသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရှိ ထိပ်ဆုံးငါးဦးနှင့် တန်းတူစွမ်းရည် ရှိကြောင်း သက်သေပြရန် လုံလောက်နေပြီမဟုတ်ပါလော။

ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်လွန်းသည့် ပါရမီရှင်မျိုးကို မည်သူက အလွယ်တကူ စိန်ခေါ်ဝံ့ပါအံ့နည်း။

ယခင်က ကျန်းချန်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသူ တချို့သည် သူတို့ကိုယ် သူတို့ ကံကောင်းသည်ဟု ခံစားမိခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပထမဦးဆုံး ရှေ့မထွက်မိခဲ့ပေ။

လုံကျိုးဟန်ပင်လျှင် ကျန်းချန်၏ ပြိုင်ဘက်မဟုတ်ရာ အကယ်၍ သူတို့သာ ကျန်းချန်နှင့် တိုက်ခိုက်ခဲ့လျှင် ကိုယ့်သေတွင်းကိုယ် တူးလိုက်သည်နှင့် ခြားနားနေမည် မဟုတ်ချေ။

ကျန်းချန်က ပါရမီရှင် လူငယ်များ၏ အတွေးများကို သဘာဝကျစွာပင် လျစ်လျူရှုထားခဲ့သည်။

သူက ကူဖုန်းအာနှင့် ခဏမျှ စကားပြောပြီးနောက်တွင် ရင်ပြင်ကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူက ကူဖုန်းအာကို ခပ်တိုးတိုး မေးလိုက်သည်။

“ညီမလေး ဒီနေ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကလူတွေ မလာကြဘူးလား”

“မြောက်ပိုင်းမင်နတ်ဂိုဏ်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနဲ့ ဆက်ဆံရေးကောင်းတွေရှိတယ် ဆိုတော့ ဒီပွဲကို တက်ရောက်ဖို့ ကိုယ်စားလှယ် စေလွှတ်ခဲ့တယ်.. ဒါပေမဲ့ အစ်မချင်းရွှယ်ကို အခုအထိ မတွေ့မိသေးဘူး”

ကူဖုန်းအာက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏လှပသော မျက်နှာလေးတွင် သံသယ အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ယနေ့ကျင်းပသည့် ပွဲတော်သည် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုက သူမအတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဤကဲ့သို့သော ပွဲတော်ကို အစ်မချင်းရွှယ်သည် မတက်ရောက်စရာ အကြောင်းမရှိပေ။

သို့သော်လည်း ယခုအချိန်အထိ မုန့်ချင်းရွှယ်ပေါ်မလာခြင်းသည် ကူဖုန်းအာကို အနည်းငယ်သံသယ ဖြစ်စေခဲ့သည်။

“မြောက်ပိုင်းမင်နတ်ဂိုဏ်းက ကိုယ်စားလှယ်တွေ ဘယ်မှာလဲ.. ငါ့ကို သူတို့ဆီ ခေါ်သွားပေးပါ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ကူဖုန်းအာ စဥ်းစားမိသလို ကျန်းချန်သည်လည်း စဥ်းစားမိခဲ့သည်။

ယနေ့သည် ကူဖုန်းအာ၏ နတ်ဘုရားမ အဖြစ် ဘွဲ့အပ်နှင်းခံရသည့် အခမ်းအနား ဖြစ်သည်။

တစ်စုံတစ်ရာ မဖြစ်ပျက်သရွေ့ မုန့်ချင်းရွှယ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ကျင်းပသော ပွဲတော်သို့ မတက်ရောက်စရာ အကြောင်း မရှိပေ။

ကျန်းချန်ထံတွင် ခံစားချက်တစ်ခုပင် ရှိနေခဲ့သည်။

ယင်းမှာ မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် တစ်စုံတစ်ရာ မတော်တဆဖြစ်ရပ် တစ်ခုခုနှင့် ကြုံတွေနေနိုင်ခြေ ရှိနေသည်ဟူ၍ပင်။

အခန်း(၂၂၀၇)ပြီး၏။

အခန်း(၂၂၀၈)

“ဟုတ်ကဲ့အစ်ကိုကျန်းချန်”

ကူဖုန်းအာက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းချန်ကို ခေါ်ဆောင်ကာ တစ်နေရာသို့ အလျင်အမြန်ပင် လျှောက်လှမ်းသွားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်တွင် ကူဖုန်းအာသည် နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

ထို့ကြောင့် မုန့်ချင်းရွှယ်ဆီသို့ သွားမလည်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။

ယခုတစ်ခေါက်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ သူမအတွက် ပြုလုပ်ကျင်းပသော ပွဲတော်သို့ မုန့်ချင်းရွှယ်သည် တက်ရောက်ခြင်း မရှိခဲ့ပေ။

ထိုအတွက်ကြောင့် ကူဖုန်းအာသည် မုန့်ချင်းရွှယ် အတွက် စိုးရိမ်လာခဲ့ပြီး မည်သည့်အရာများ ဖြစ်ပျက်နေသလဲဆိုသည်ကို သိချင်နေမိသည်။

ကူဖုန်းအာ၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် ဆံဖြူအဘွားအို တစ်ဦးထံသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“အစ်ကိုကျန်းချန်.. ဒါက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ အကြီးအကဲ ပိုင်မင်ရင်ပါ”

သူမ‌ရှေ့ရှိ ဆံဖြူအဘွားအိုကို ကူဖုန်းအာသည် ကျန်းချန်နှင့် မိတ်ဆက်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ပိုင်မင်ရင်၏ အိုမင်းသော မျက်ဝန်းများ၌ သံသယ အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သို့သော်လည်း သူမက ယဥ်ကျေးစွာပြုံး၍ မေးလိုက်သည်။

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. ဘယ်လိုကိစ္စရှိလို့ ငါအဘွားကြီးနဲ့ လာတွေ့ရတာလဲဆိုတာ သိပါရစေ”

သူမရှေ့ရှိ လူနှစ်ဦးထဲတွင် တစ်ဦးမှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမ ဖြစ်ပြီး အခြားတစ်ဦးကမူ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးဆယ်ဦး စာရင်း၌ ပါဝင်သည့် လုံကျိုးဟန်ကို အနိုင်ယူခဲ့သူဖြစ်သည်။

ထို့ကြောင့် ပိုင်မင်ရင်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ကျန်းချန်ကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။

“အကြီးအကဲ ကျွန်မတို့ အကြီးအကဲနဲ့ လာတွေ့တာက အစ်မ ချင်းရွှယ် အကြောင်းကို စုံစမ်းချင်လို့ပါ.. ကျွန်မအတွက် အရေးကြီးတဲ့ ဒီလိုပွဲမျိုးကို အစ်မချင်းရွှယ် ဘာလို့ တက်ရောက်မလာလဲ ဆိုတာ သိချင်ပါတယ်”

ကူဖုန်းအာက တဲ့တိုးပင် မေးမြန်းလိုက်သည်။

ထိုမေးခွန်းကိုကြားလျှင် ပိုင်မင်ရင်၏ မျက်ဝန်းများတွင် မတည်မငြိမ်ဖြစ်သော အရိပ်အယောင်များ အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

သူမက ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်၏။

“ချင်းရွှယ်က တကယ်ပဲ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံနေတာ သေချာရဲ့လား”

“ကောင်းကင်ဖီးနစ် နတ်ဘုရားမ.. ချင်းရွှယ်က တံခါးပိတ်ကျင့်ကြံနေတဲ့အတွက် ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကို မလာနိုင်ခဲ့တာပါ”

ကျန်းချန်က ပိုင်မင်ရင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

ပိုင်မင်ရင်၏ မျက်ဝန်းထဲတွင် မတည်ငြိမ်သောအရိပ်အယောင် အနည်းငယ် လက်ခနဲ ဖြစ်သွားသည်ကို ကျန်းချန်သည် သတိပြုမိလိုက်၏။

သူ၏ ရှေ့မှ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အကြီးအကဲသည် သူတို့ကို အမှန်အတိုင်း မပြောဘဲ တစ်စုံတစ်ရာကို တမင်တကာ ဖုံးကွယ်ထားသည်ဟု သူ ခပ်ရေးရေး ခံစားမိခဲ့သည်။

“သေချာတာပေါ့.. တကယ်လို့မင်းတို့ နှစ်ယောက်က ငါ့စကားကို မယုံဘူး ဆိုရင် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို အချိန်မရွေး လာခဲ့လို့ ရပါတယ်”

ပိုင်မင်ရင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အခမ်းအနားလည်း ပြီးပြီဆိုတော့ ငါအဘွားကြီးမှာ လုပ်စရာအ‌ရေးကြီးကိစ္စတွေ ရှိသေးလို့ အရင်ဆုံး ပြန်ခွင့်ပြုပါဦး”

ပိုင်မင်ရင်၏ စိတ်နှလုံးထဲတွင် အနည်းငယ် လေးလံနေခဲ့သည်။

ယွမ်ဖုန်းနတ်ဘုရင်က မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ပို့ဆောင်ပေးခဲ့ပြီးနောက်တွင် မုန့်ချင်းရွှယ်၏ ပြိုင်ဘက်ကင်း ပါရမီသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ လက်ရှိ နတ်ဘုရားမကိုပင် မှေးမှိန်စေခဲ့သည်။

မူလက မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တစ်ဦးတည်းသော နတ်ဘုရင် သတ္တမအဆင့်ဘိုးဘေး၏ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် အဆင့်အတန်း အလွန်တရာ မြင့်မားလှ၏။

မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ လူငယ်မျိုးဆက်များထဲတွင် သူမသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ လက်ရှိ နတ်ဘုရားမ ပိုင်မင်ယွဲ့ထက်ပင် မနိမ့်ကျပေ။

သို့သော်လည်း လွန်ခဲ့သည့် သုံးနှစ်ခန့်က မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးသည် ကိစ္စတချို့ကြောင့် ဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီး ပြန်ရောက်မလာတော့ပေ။

နတ်ဘုရင် သတ္တမအဆင့်ဘိုးဘေး၏ ကာကွယ်မှုကို ဆုံးရှုံးသွားပြီးနောက်တွင် မုန့်ချင်းရွှယ်၏ အဆင့်အတန်းသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် သိသိသာသာပင် ထိုးဆင်းသွားခဲ့သည်။

ပထမတွင် နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးကို ကြောက်ရွံ့သဖြင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် မည်သူကမျှ မုန့်ချင်းရွှယ်ကို မည်သည့်အရာမှ မလုပ်ရဲခဲ့ကြပေ။

သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ မြောက်ပိုင်းမင်နတ်ဂိုဏ်းရှိ လူတချို့သည် တဖြည်းဖြည်း ပို၍ သတ္တိကောင်းလာခဲ့ကြသည်။

အထူးသဖြင့် သူမ၏ အဆင့်အတန်းကို မုန့်ချင်းရွှယ်ခြိမ်းခြောက်လာမည်အား စိုးရိမ်နေသည့် နတ်ဘုရားမ ပိုင်မင်ယွဲ့သည် မုန့်ချင်းရွှယ်ကို စတင် ဖိနှိပ်လာခဲ့၏။

မကြာသေးခင်က ပိုင်မင်ယွဲ့သည် မုန့်ချင်းရွှယ်ကို တမင်တကာ အကွက်ဆင်၍ အပြစ်ရှာခဲ့ပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အပြစ်ပေးခြင်း ခံရအောင် လုပ်ဆောင်ခဲ့သည်။

ယခု ဤလူနှစ်ဦးနှင့် မုန့်ချင်းရွှယ်တို့၏ ဆက်ဆံရေးက ထူးခြားလှသည် ဖြစ်ရာ အကယ်၍ ထိုနှစ်ယောက်သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် မုန့်ချင်းရွှယ်၏ အခြေအနေကို သိရှိသွားခဲ့လျှင် သေချာပေါက် ဒေါသပေါက်ကွဲသွားကြလိမ့်မည် ဖြစ်၏။

ထို့ကြောင့် ပိုင်မင်ရင်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ အမြန်ဆုံး ပြန်ချင်ခဲ့ပြီး ယနေ့ ကိစ္စရပ်များကို ဂိုဏ်းမှ အကြီးအကဲများထံ တင်ပြကာ မုန့်ချင်းရွှယ်၏ အခြေအနေကို ယခင်အတိုင်း ထားစေလိုခဲ့သည်။

ထိုသို့မဟုတ်ဘဲ ဤလူနှစ်ယောက်သာ သိရှိသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ်များသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းပင်လျှင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“အစ်ကိုကျန်းချန်.. မြောက်ပိုင်းမင်နတ်ဂိုဏ်းက အစ်မ ချင်းရွှယ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဖုံးကွယ်ထားပုံရတယ်လို့ ကျွန်မခံစားနေရတယ်.. အစ်မချင်းရွှယ်က တံခါးပိတ် ကျင့်ကြံနေရုံတော့ မဟုတ်လောက်ဘူး ထင်တယ်”

လျင်မြန်စွာ ထွက်ခွာသွားသော ပိုင်မင်ရင်၏ နောက်ကျောကိုငေးကြည့်ရင်း ကူဖုန်းအာက ခပ်တိုးတိုး ပြောလိုက်သည်။

“တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို သွားပြီး ကြည့်လိုက်ရင် သိရမှာပဲ မဟုတ်လား”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

အစောပိုင်းတွင် ပိုင်မင်ရင် အနည်းငယ် အမူအရာပျက်နေသည်ကို ကျန်းချန် အကဲခတ်မိခဲ့သည်။

သို့ဖြစ်ရာ ထိုအဘွားအို တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ကို အဘယ်ကြောင့် မသိရှိဘဲ နေပါအံ့နည်း။

မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် မုန့်ချင်းရွှယ် ဘာမှမဖြစ်လျှင် အကောင်းဆုံးပင်။

အကယ်၍ မုန့်ချင်းရွှယ်သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် သူက မြောက်ပိုင်းမင်နတ်ဂိုဏ်းကို သေချာပေါက် အဖိုးအခ ကြီးကြီးမားမား ပေးဆပ်စေမည်ဖြစ်၏။

“ကောင်းတယ်.. အစ်ကိုကျန်းချန်”

ကူဖုန်းအာက ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန်ကျရင် အစ်မချင်းရွှယ်ကို ရှာဖို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ သွားကြတာပေါ့”

လွန်ခဲ့သည့်နှစ်များက ရွှယ်လင်ကုန်းမြေတိုက်ကနေ ကျန်းချန်ထွက်ခွာသွားပြီးနောက်တွင် အစ်မချင်းရွှယ်သည် သူမကို အမြဲတစေဂရုတစိုက် ကြည့်ရှုပေးခဲ့သည်။

သူမတို့ နှစ်ဦးသည်လည်း နတ်ဘုရားနယ်မြေသို့ အတူတူ ရောက်လာခဲ့ကြသူများ ဖြစ်သည်။

ကူဖုန်းအာ၏ စိတ်နှလုံးထဲတွင် မုန့်ချင်းရွှယ်ကို အစ်မအရင်းကဲ့သို့ သတ်မှတ်ထားသည် ဖြစ်ရာ မုန့်ချင်းရွှယ် တစ်စုံတစ်ရာဖြစ်ပျက်မည်ကို မလိုလားခဲ့ပေ။

ကျန်းချန်နှင့် လုံကျိုးဟန်တို့၏ တိုက်ပွဲအပြီးတွင် အခမ်းအနားကို တက်ရောက်လာကြသော ပါရမီရှင်များသည် ဆက်လက် ယှဥ်ပြိုင်ရန် စိတ်မပါကြတော့ဘဲ ပညာချင်းဖလှယ်ပွဲသည်လည်း အလျင်စလိုပင် ပြီးဆုံးသွားခဲ့သည်။

ပွဲတော်သို့ တက်ရောက်လာကြသော အင်အားစုအများအပြားသည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်မှုများဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ ထွက်ခွာသွားခဲ့ကြသည်။

သူတို့၏ စိတ်နှလုံးထဲတွင် အခြေအနေ တစ်ခုသည် အလွန်ပင်ရှင်းလင်းနေခဲ့သည်။

ယင်းမှာ ယနေ့ ပြီးနောက်တွင် ကျန်းချန် ဟူသော နာမည်သည် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို သေချာပေါက် တုန်လှုပ်စေလိမ့်မည် ဟူ၍ပင်။

ပွဲတော်ပြီးသည်နှင့် ကျန်းချန်သည် အချိန်မဖြုန်းဘဲ ကျင့်ကြံရန်အတွက် ဖုန်းမင်တောင်ထိပ်သို့ ပြန်လာခဲ့သည်။

ယနေ့တွင် လုံကျိုးဟန်နှင့် တိုက်ခိုက်ခဲ့ရသဖြင့် ကျန်းချန်၏ စွမ်းရည်များသည် အတော်လေး ကုန်ခမ်းသွားခဲ့သည်။

အထူးသဖြင့် အချိန်ကဓားတစ်စင်း ဓားကွက်ကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည်လည်း အတိုင်းအတာ တစ်ခုအထိ တန်ပြန်ရိုက်ခတ်မှုကို ခံစားခဲ့ရသဖြင့် ထိုတန်ပြန်ရိုက်ခတ်မှုကို အမြန်ဆုံး ဖြေရှင်းရလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ခေါက် အချိန်ကဓားတစ်စင်း ဓားကွက်၏ တန်ပြန်တိုက်ခတ်မှုသည် အလွန်တရာ မပြင်းထန်လှပေ။

ထို့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အသက်သစ်ကိုင်း တစ်ခုရှိနေသဖြင့် ဖြေရှင်းရန် မခက်ခဲချေ။

တစ်ညတာ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ တန်ပြန်ရိုက်ခတ်မှု အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။

“ငါ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် အချိန်ကဓားတစ်စင်း ဓားကွက်နှစ်ကြိမ်ထက် ပိုပြီး အသုံးပြုဖို့ မဖြစ်နိုင်သေးဘူးထင်တယ်”

ကျန်းချန်က ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီးနောက်တွင် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အချိန်ကဓားတစ်စင်း ဓားကွက်၏ ပထမဓားချက်သည် ပြဿနာမရှိသော်လည်း ဒုတိယဓားချက်ကမူ ကျန်းချန်ကို အနည်းငယ် တန်ပြန်ရိုက်ခတ်မှု ရရှိစေမည် ဖြစ်သည်။

အကယ်၍သာ တတိယဓားချက်ကို အသုံးပြုမည်ဆိုလျှင် တန်ပြန်ရိုက်ခတ်မှုသည် အလွန်တရာ ပြင်းထန်ပေလိမ့်မည်။

ထို့ကြောင့် သေရေးရှင်ရေး အခြေအနေမျိုး မဟုတ်သရွေ့ သူက အချိန်ကဓားတစ်စင်း ဓားကွက်ကို သုံးကြိမ်ဆက်တိုက် လုံးဝ အသုံးပြုမည် မဟုတ်ပေ။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်တွင် ဓားကွက်သုံးကွက်ရှိသည်။

ထိုအထဲမှ ဒုတိယဓားကွက်သည်ပင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်ရာ နောက်ဆုံးဓားကွက် ဖြစ်သည့် တတိယဓားကွက်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေမည်မှန်း သူ မသိတော့ပေ။

ကျန်းချန်က အတွေးများကို ရပ်တန့်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။

ကျန်းချန်၏ စိတ်နှလုံးထဲတွင် ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ယင်းမှာ သူ၏ လက်ရှိစွမ်းရည်ဖြင့်သာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ နောက်ဆုံးဓားကွက်ကို အသုံးပြုလျှင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည်နှင့် မခြားနား ဟူသော အချက် ဖြစ်၏။

ဆိုရလျှင် နတ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်သ‌ရွေ့ သူ့အနေဖြင့် ထိုဓားကွက်ကို အသုံးပြုရန် အရည်အချင်းရှိလိမ့်မည် မဟုတ်ပေ။

“အချိန်ကျပြီ.. အခုက ချင်းရွှယ်ကို ရှာဖို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ သွားရမဲ့အချိန်ပဲ”

ကျန်းချန်က သူ၏ အတွေးများကို ရှင်းထုတ်လိုက်ပြီး မတ်တတ်ထရပ်ကာ အခန်းထဲကနေ ထွက်ခွာလာခဲ့သည်။

အခန်း(၂၂၀၈)ပြီး၏။

All Chapters