← Chapters

အခန်း (၂၂၀၉-၂၂၁၀)

Vol. 161 Ch. 2209-2210

အခန်း (၂၂၀၉-၂၂၁၀)

Vol. 161 Ch. 2209-2210

အခန်း(၂၂၀၉)

နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသရှိ မြောက်ဘက်အရပ်တွင် ရေခဲနှင့်နှင်းများဖြင့် ထုလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပသော နန်းတော်တစ်ခုသည် တိမ်တိုက်များထဲထိ မြင့်မားသော နှင်းဖုံးတောင်ထိပ် တစ်ခုပေါ်တွင် တည်ရှိနေသည်။

အဝေးကနေ ကြည့်လျှင် နန်းတော်တစ်ခုလုံးသည် ရေခဲပြင်ပေါ်ရှိ သရဖူတစ်ခု ကဲ့သို့ အလွန်ပင် တောက်ပနေ၏။

မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် နတ်ကုန်းမြေတိုက်၏ ရှေးဟောင်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။

ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများစွာ ပေါ်ထွက်ခဲ့ဖူးသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ ထိပ်သီး အင်အားစုများနှင့် မယှဥ်နိုင်သော်လည်း နာမည်ကျော်ကြားသည့် ပထမတန်းစား နတ်ဘုရင်အင်အားစု ဖြစ်၏။

ရှေးခေတ်ကာလ ကပ်ဘေးကြီး နောက်ပိုင်းတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် အထွတ်အထိပ်ကာလနှင့် ယှဥ်လျှင် အတော်ပင် ကျဆင်းသွားသော်လည်း ပိန်နေသော ကုလားအုပ်သည် မြင်းထက်ကြီးနေဆဲ ဟူသောစကားအတိုင်းပင်။

ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၌ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ဦး ကျန်ရှိနေသေးပြီး ထိုဘိုးဘေးသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

ယခုအခါတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အစည်းအဝေးခန်းမ၌ အင်အားကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ်ခုနစ်ခု၊ရှစ်ခုသည် စုဝေးနေခဲ့ကြသည်။

ထိုသူများထဲမှ တစ်ဦးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ အလောတကြီး ပြန်လာခဲ့သော ပိုင်မင်ရင် ဖြစ်သည်။

“ပိုင်မင်ရင်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ ပြန်ရောက်တာနဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်တာဆိုတော့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်သွားလို့လား”

အဓိကထိုင်ခုံတွင် ထိုင်နေသော ဆံပင်အဖြူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မေးခွန်းထုတ်လိုက်သည်။

ထိုဆံဖြူလူလတ်ပိုင်းအရွယ် အမျိုးသားသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ပိုင်မင်ဟန် ဖြစ်သည်။

“ဂိုဏ်းချုပ်.. တကယ်ပဲ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်”

ပိုင်မင်ရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ကျန်းချန် ဟုခေါ်သောသူက ကောင်းကင်အရှင် အဆင့်ဖြင့် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်၇နေရာ၌ ရှိသော နတ်ဘုရင်အဆင့် ပါရမီရှင် လုံကျိုးဟန်ကို အနိုင်ယူလိုက်ကြောင်း ကြားသိလိုက်ရလျှင် ခန်းမထဲရှိ လူတိုင်းသည် အံ့အားသင့်ကာ အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

လုံကျိုးဟန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော် ဖြစ်ပြီး ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ကနေ နတ်ဘုရင် တတိယအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့သော ပါရမီရှင်လည်း ဖြစ်သည်။

ကျန်းချန် ဟုခေါ်သော ကောင်လေးက နတ်ဘုရင် တတိယအဆင့်ကိုပင် ကောင်းကင်အရှင်အဆင့်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းသည် အမှန်တကယ်ပင် မယုံနိုင်စရာ‌ ကောင်းလွန်းနေသည် မဟုတ်ပါလော။

“ဂိုဏ်းချုပ်.. ကောင်းကင်ဖီးနစ် နတ်ဘုရားမ ကူဖုန်းအာနဲ့ ကျန်းချန်တို့က မုန့်ချင်းရွှယ်နဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိနေကြတယ်.. ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် သိပ်မကြာခင် သူတို့တွေ မုန့်ချင်းရွှယ်ကို ရှာဖို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ ရောက်လာကြလိမ့်မယ်.. အကယ်၍သာ သူတို့က မုန့်ချင်းရွှယ်ရဲ့ လက်ရှိအခြေအနေကို သိသွားမယ်ဆိုရင် ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း အနေနဲ့ ပြဿနာတက်လာနိုင်တယ်.. ဒါကြောင့် မုန့်ချင်းရွှယ်အပေါ် ပေးထားတဲ့ ပြစ်ဒဏ်တွေကို ရုတ်သိမ်းပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တပည့်ရင်းအဆင့်အတန်းကို ပြန်လည်ပေးအပ်ဖို့ ဂိုဏ်းချုပ်ကို အကြံပြုချင်ပါတယ်”

ပိုင်မင်ရင်က လေးနက်စွာ ပြောဆိုလိုက်သည်။

“ဒါတော့ မဖြစ်နိုင်ဘူး”

ပိုင်မင်ဟန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်၏။

“နိုင်ငံမှာ ဥပဒေရှိသလို မိသားစုမှာလည်း မိသားစုစည်းကမ်းရှိတယ်.. မုန့်ချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့မှတော့ ပြစ်ဒဏ်ခံယူဖို့ ထိုက်တန်တယ်.. တကယ်လို့ မုန့်ချင်းရွှယ်ကို လွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေက ရယ်စရာ ဖြစ်မသွားဘူးလား”

ထိုနှစ်က မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက်တွင် ဘိုးဘေး၏ မျက်စိကျခြင်းကို ခံခဲ့ရကာ တပည့်ရင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် မုန့်ချင်းရွှယ်၏ ကြီးထွားလာမှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် သူမသည် နတ်ဘုရားမ ပိုင်မင်ယွဲ့နှင့် ပခုံးချင်း ယှဥ်နိုင်သည့် အဆင့်အထိ တိုးတက်လာခဲ့သည်။

အကယ်၍ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဘိုးဘေးသာ လွန်ခဲ့သည့် သုံးနှစ်က ပျောက်မသွားခဲ့လျှင် မုန့်ချင်းရွှယ်သည် ပိုင်မင်ယွဲ့၏ နေရာကို အစားထိုးပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရားမပင် ဖြစ်လာနိုင်လောက်၏။

ဆိုရလျှင် လက်ရှိနတ်ဘုရားမ ပိုင်မင်ယွဲ့သည် သူ၏ သမီးအရင်း ဖြစ်သည်။

သို့ဖြစ်ရာ ပိုင်မင်ဟန်သည် သမီးဖြစ်သူ၏ အဆင့်အတန်းကို ခြိမ်းခြောက်နေသော မုန့်ချင်းရွှယ် အပေါ်တွင် ကောင်းမွန်သော အမြင် ရှိမနေခဲ့ပေ။

ဘိုးဘေး ပျောက်ကွယ်သွားချိန်ကစ၍ ပိုင်မင်ဟန်သည် သူ၏ အဆင့်အတန်းနှင့် ဘိုးဘေးအပေါ် ကြောက်ရွံ့မှုတို့ကြောင့် မုန့်ချင်းရွှယ်ကို တစ်စုံတစ်ရာလုပ်ရန် မဝံ့ရဲခဲ့ပေ။

သို့ရာတွင် သမီးဖြစ်သူ ပိုင်မင်ယွဲ့၏ မုန့်ချင်းရွှယ် အပေါ် လုပ်ဆောင်မှုများနှင့် ပတ်သက်၍မူ ပိုင်မင်ဟန်သည် မျက်စိမှိတ်ပေးထားခဲ့သည်။

ဤသုံးနှစ်အတွင်း မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ ဘိုးဘေး၏ ကာကွယ်မှုကို ဆုံးရှုံးသွားသော မုန့်ချင်းရွှယ်သည် ပိုင်မင်ယွဲ့၏ ထပ်ခါတလဲလဲ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

အထူးသဖြင့် သိပ်မကြာခင်က ပိုင်မင်ယွဲ့သည် မုန့်ချင်းရွှယ်ကို တမင်တကာ အကွက်ဆင်၍ အပြစ်ရှာခဲ့ရာ မုန့်ချင်းရွှယ်သည် ဂိုဏ်း၏ စည်းမျဥ်းများကို ချိုးဖောက်ခဲ့သူ ဖြစ်သွားခဲ့သည်။

ပိုင်မင်ဟန်က ထိုအခွင့်အရေးကို အသုံးချကာ မုန့်ချင်းရွှယ်ကို ဂိုဏ်း၏ တပည့်ရင်း အဖြစ်မှ ထုတ်ပယ်လိုက်ပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အန္တရာယ်ရှိသော နေရာတစ်ခုတွင် အပြစ်ခံစေခဲ့သည်။

သို့ဖြစ်ရာ ပိုင်မင်ရင်၏ စကားတစ်ခွန်းကြောင့် သူ့အနေဖြင့် မုန့်ချင်းရွှယ်ကို အဘယ်ကဲ့သို့ အလွယ်တကူ လွှတ်ပေးနိုင်ပါအံ့နည်း။

“ဂိုဏ်းချုပ်.. အခုအချိန်မှာ ဘိုးဘေးကလည်း ပျောက်ကွယ်နေတော့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ အခြေအနေက အတော်လေးဆိုးရွားနေတယ်.. ကောင်းကင်ဖီးနစ် နတ်ဘုရားမရဲ့ နောက်ကွယ်မှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ရှိနေတဲ့အပြင် ကျန်းချန် ဆိုတာကလည်း ထူးခြားတဲ့ပါရမီရှင် တစ်ယောက်ပဲ”

“သူတို့သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ‌ရောက်လာပြီး မုန့်ချင်းရွှယ်ရဲ့အခြေအနေကိုသိသွားရင် ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက သူတို့ရဲ့ဒေါသကို တောင့်ခံနိုင်လောက်မှာမဟုတ်ဘူး”

ပိုင်မင်ရင်က အလွန်အမင်း စိုးရိမ်တကြီးဖြင့် အလျင်အမြန်ပင် ဖျောင်းဖျလိုက်သည်။

လူဆိုသည်မှာ အတ္တရှိကြသည်။

သူမ‌ ရှေ့ရှိ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အတ္တကင်းသူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် ပိုင်မင်ဟန် မည်သည့်အရာများ လုပ်‌ဆောင်ခဲ့သည်ကို ပိုင်မင်ရင်သည် ကောင်းစွာ သိရှိထားခဲ့သည်။

သို့‌သော်လည်း ကောင်းကင်ဖီးနစ် နတ်ဘုရားမ ကူဖုန်းအာ ဖြစ်စေ၊ ကျန်းချန် ဖြစ်စေ ၎င်းတို့သည် အနိုင်ကျင့်ရန် လွယ်ကူသူများ မဟုတ်ကြပေ။

အထူးသဖြင့် ကျန်းချန်ဟု အမည်ရသော ကောင်လေးသည် ‌ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော်ကိုပင် သတ်ဖြတ်ဝံ့သောသူမျိုး ဖြစ်သည်။

အကယ်၍ မြောက်ပိုင်းမင်နတ်ဂိုဏ်းသာ ထိုကောင်လေးကို ဒေါသထွက်အောင် လုပ်ဆောင်မိသည်နှင့် ကြီးမားသော ပေးဆပ်မှုကို မလွဲမသွေ ခံယူရလိမ့်မည် ဖြစ်၏။

“ထပ်မပြောနဲ့တော့.. ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေက ကလေးကစားစရာ မဟုတ်ဘူး.. မုန့်ချင်းရွှယ်က ဂိုဏ်းရဲ့စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့မှတော့ ထိုက်တန်တဲ့ပြစ်ဒဏ်ကို ခံယူရမှာပဲ”

ပိုင်မင်ဟန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဒါက ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ကိစ္စပဲ ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဖြစ်နေရင်တောင် ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိဘူး”

ယခုတစ်ကြိမ် မုန့်ချင်းရွှယ်ကို အပြစ်ပေးခြင်းသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ စည်းမျဥ်းများနှင့် လုံးဝ ကိုက်ညီနေသည်ဖြစ်ရာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက သိရှိသွားလျှင်ပင် အပြစ်တင်မည် မဟုတ်လောက်ပေ။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအနေဖြင့် ဤကိစ္စကြောင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ပစ်မှတ်မထားသရွေ့ ကျန်းချန်နှင့် နတ်ဘုရင်အဆင့်ကို သိပ်မကြာခင်ကမှ တက်လှမ်းထားသော နတ်ဘုရားမ ကူဖုန်းအာသည် သူတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မည်သည့် လှိုင်းတံပိုးမျှ ထန်လာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ပိုင်မင်ဟန်၏ ခေါင်းမာမှုကို မြင်လိုက်ရပြီးနောက်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တခြားသော အကြီးအကဲများသည်လည်း ဝင်ရောက် ပြောဆိုရန် ဆန္ဒမရှိခဲ့ကြပေ။

ဘိုးဘေး ပျောက်ကွယ်သွားပြီးကတည်းကပင် ပိုင်မင်ဟန်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို လုံးဝဥဿုံ ထိန်းချုပ်ထားခဲ့သည်။

ဤမြင်ကွင်းကိုကြည့်ကာ ပိုင်မင်ရင်သည် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

ယနေ့အခါတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ပိုင်မင်ဟန်က လုံးဝ ထိန်းချုပ်ထားသည် ဖြစ်ရာ သူမ၏ စကားများသည်မည်သို့မျှ သက်ရောက်မှု မရှိတော့ပေ။

ပိုင်မင်ရင်၏ စိတ်နှလုံးထဲတွင် စိုးရိမ်စိတ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ဂိုဏ်းချုပ်.. ကျွန်မ ပြောစရာရှိတာတွေကိုတော့ အကုန်ပြောပြီးသွားပြီ.. ကျန်းချန်က ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ပဲ”

“မြောက်ပိုင်းမင်နတ်ဂိုဏ်းက ကျန်းချန်ကို ရန်သူအဖြစ်ရွေးချယ်မယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ် ထွက်လာမှာမဟုတ်ဘူး”

ပိုင်မင်ဟန်၏ ဆုံးဖြတ်ချက်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းအပေါ်တွင် ဘေးဒုက္ခများ သယ်ဆောင်လာလိမ့်မည်ဟု သူမထင်မြင်နေမိသည်။

သူမက ပြောသင့်သည်ကို အကုန်အစင် ပြောခဲ့ပြီးပြီ ဖြစ်သည်။

ပိုင်မင်ရင်က ပိုင်မင်ဟန်ကို စိတ်ပျက်စွာ ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်မင်ဟန်က မုန့်ချင်းရွှယ်ကို ဆက်လက် အပြစ်ပေးရန် ‌ခေါင်းမာနေသည် ဖြစ်ရာ သူမအနေဖြင့် ဘာမှမတတ်နိုင်တော့ပေ။

ယခု သူမ လုပ်ဆောင်နိုင်သည်မှာ မုန့်ချင်းရွှယ်ကို သွားရောက်တွေ့ဆုံပြီး မုန့်ချင်းရွှယ် ခံယူနေရသော ပြစ်ဒဏ်များကို တတ်နိုင်သမျှ‌ လျှော့ချပေးရန်နှင့် အချိန်တန်လျှင် ကျန်းချန်တို့ နှစ်ဦး၏ ဒေါသကို လျှော့ချနိုင်ရန် မျှော်လင့်ရုံသာ ရှိတော့သည်။

“ဒီအဘွားကြီးကတော့ အသက်ကြီးလာလေ ပိုပြီးကြောက်တတ်လာလေပဲ.. မလောက်လေး မလောက်စား ကလေးနှစ်ယောက်ကိုတောင် ဒီလောက်အထိ ကြောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ပိုင်မင်ဟန်က အေးစက်စက် ပြုံးလိုက်သည်။

သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

သူကြောက်ရွံ့သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာ၏ နောက်ကွယ်မှ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသာ ရှိသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသာ ဤကိစ္စတွင် ဝင်မပါလျှင် ထိုနှစ်ယောက် အနေဖြင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ရောက်လာခဲ့လျှင်ပင် သူ့ကို မည်ကဲ့သို့ အရေးယူမလဲ ဆိုသည်အား သူအမှန်တကယ် သိချင်နေမိသည်။

ပိုင်မင်ရင်၏ ဖျောင်းဖျမှု ကျရှုံးသွားသော အချိန်တွင် ကျန်းချန်နှင့် ကူဖုန်းအာ တို့သည် ကြယ်တံခွန်များ ကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းကာ မြောက်ပိုင်းမင်နတ်ဂိုဏ်းရှိရာ ဆီသို့ ဦးတည်၍ လာနေခဲ့ကြသည်။

အခန်း(၂၂၀၉)ပြီး၏။

အခန်း(၂၂၁၀)

“အစ်ကိုကျန်းချန် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ကျွန်မတို့မကြာခင်ရောက်တော့မှာပါ အရမ်းကြီးလည်း စိတ်မပူပါနဲ့.. အစ်မချင်းရွှယ် အဆင်ပြေလောက်မှာပါ”

ကူဖုန်းအာက ကျန်းချန်ကို ပြောလိုက်သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းတို့သည် အလယ်ပိုင်းဒေသ၏ မြောက်ဘက်အရပ်တွင် တည်ရှိကြပြီး တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းကြား အကွာအဝေးသည် သိပ်မဝေးလှပေ။

ထို့ကြောင့် ကျန်းချန်နှင့် ကူဖုန်းအာတို့သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတည်ရှိသည့် မြောက်ပိုင်းရေခဲပြင်သို့ နာရီဝက်မပြည့်ခင် အချိန်အတွင်းမှာပင် ရောက်ရှိလာခဲ့ကြသည်။

“မျှော်လင့်ရတာပဲ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

သို့သော်လည်း သူ၏ အမူအရာသည် သိပ်မကြည်လင်လှပေ။

ကူဖုန်းအာ၏ ပြောပြချက်အရ ယွမ်ဖုန်းနတ်ဘုရင်သည် မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ပို့‌ဆောင်ခဲ့စဥ်တွင် မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင်သတ္တမအဆင့် ဘိုးဘေး၏ မျက်စိကျခြင်းကို ခံခဲ့ရကာ တပည့်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့ကြောင့် မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရားမ မဟုတ်သော်လည်း သူမ၏အဆင့်အတန်းသည် နတ်ဘုရားမထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။

ကျိုးကြောင်းဆီလျော်စွာ ဆိုရလျှင် မုန့်ချင်းရွှယ်၏ နောက်ကွယ်တွင် ထိုကဲ့သို့ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ဦး ရှိနေခဲ့ရာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။

သို့‌သော်လည်း ယခုအခါတွင် မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်မှာ သေချာသလောက် ဖြစ်၏။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် အပြောင်းအလဲတစ်ခုခု ရှိနေပုံရ၏။

ကျန်းချန်က မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ အလျင်အမြန် ရောက်ရှိချင်ခဲ့ပြီး မုန့်ချင်းရွှယ် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိချင်နေမိသည်။

သူတို့ နှစ်ဦးက မြောက်ပိုင်းရေခဲပြင်၏ အထက်ကနေ လျင်မြန်စွာ ပျံသန်းလာခဲ့ကြပြီး တစ်နာရီခန့်အကြာတွင် မြင့်မားသော နှင်းဖုံးတောင်တန်းပေါ်တွင် တည်ရှိနေသည့် နန်းတော်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

“အစ်ကိုကျန်းချန်.. ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ရောက်လာခဲ့ပြီ”

ကူဖုန်းအာက နှင်းဖုံးတောင်ထိပ်‌ပေါ်ရှိ နန်းတော်ကိုကြည့်ရင်း ကျန်းချန်ကို ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး အပိုစကားများကို မပြောတော့ဘဲ အရှိန်ကို တိုက်ရိုက် မြှင့်တင်လိုက်ကာ မြောက်ပိုင်းမင်နတ်ဂိုဏ်း ဆီသို့ ပျံသန်းသွားခဲ့သည်။

“မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းမှာ ပျံသန်းမှုကို ကန့်သတ်ထားတယ် ဘယ်သူက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့စည်းမျဥ်းကို ချိုးဖောက်ဝံ့တာလဲ”

ကျန်းချန်တို့နှစ်ဦး နှင်းဖုံးတောင်တန်းနှင့် ပေတစ်သောင်းခန့် အကွာသို့ ရောက်လာသောအခါတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် လေထဲသို့ ပျံတက်လာခဲ့သည်။

ထိုနှစ်ဦးစလုံးသည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။

သူတို့က ကျန်းချန်တို့နှစ်ဦးကို အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် မြောက်ဘက်အရပ်ရှိ မြောက်ဘက်ရေခဲပြင်၏ အရှင်သခင် ဖြစ်သည်။

မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ပတ်ဝန်းကျင်တွင် ပျံသန်းခြင်းကို တားမြစ်သည့် အစီအရင်များကို မစီမံထားပေ။

သို့သော်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဧရိယာအတွင်း ကောင်းကင်ယံကနေ ပျံသန်းခြင်းသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းအပေါ် မရိုမသေပြုသော လုပ်ရပ်ဖြစ်သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ဤကဲ့သို့ ရိုင်းစိုင်းသောအပြုအမူမျိုးကို မလုပ်ဆောင်ရဲပေ။

ထိုနှစ်ဦးက ကောင်းကင်ယံကနေ တိုက်ရိုက် ပျံသန်းလာခြင်းဖြစ်ရာ သူတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မျက်စိထဲမထည့်ထားသည်မှာ ထင်ရှားနေခဲ့သည်။

ကျန်းချန်က နယ်မြေနတ်ဘုရား နှစ်ပါးကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

“ငါတို့က မုန့်ချင်းရွှယ်ရဲ့သူငယ်ချင်းတွေပါ.. မုန့်ချင်းရွှယ်ဆီကို အထူးတလည် လာရောက်တွေ့ဆုံတာပါ.. ငါတို့ ရောက်လာတာ မုန့်ချင်းရွှယ်ဆီ သတင်းစကားလေး ပါးပေးပါဦး”

“မင်းတို့က မုန့်ချင်းရွှယ်ကိုလာရှာတာလား”

ကျန်းချန်၏ စကားကိုကြားလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တပည့်နှစ်ဦးသည် အနည်းငယ်အံ့အားသင့်သွားကြသည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျန်းချန်တို့ နှစ်ဦးကို တိုက်ရိုက်ပင် အော်ငေါက်လိုက်ကြသည်။

“မုန့်ချင်းရွှယ်က ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် တပည့်ရင်း အဆင့်အတန်းကနေ ထုတ်ပယ်ခံလိုက်ရပြီ.. အခုအချိန်မှာ ဘယ်သူမှ မုန့်ချင်းရွှယ်ကို တွေ့ခွင့်မရှိဘူး.. အခြေအနေကို နားလည်ရင် အမြန်ဆုံးထွက်သွားကြ.. မဟုတ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲ”

“ဝုန်း..”

“မင်းတို့ ဘာပြောလိုက်တာလဲ.. ငါ့ကို နောက်တစ်ခေါက်ထပ်ပြောစမ်း”

မြောက်ပိုင်းမင်နတ်ဂိုဏ်းက တပည့်နှစ်ဦး၏ စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ အရှိန်အဝါများသည် ချက်ချင်းဆိုသလို ပျံ့လွင့်သွားခဲ့ရာ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ရေခဲတိုက်ထဲ ကျ‌ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းချန်၏ အရှိန်အဝါအောက်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် မျက်နှာဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ထံတွင် ဤမျှအထိ‌ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည်ပင် သူတို့နှစ်ဦးကို ဒဏ်ရာ အပြင်းအထန် ရရှိစေရန် လုံလောက်နေခဲ့၏။

“ကောင်လေး ဒါက မြောက်ပိုင်းမင်နတ်ဂိုဏ်းပဲ.. မင်းဒီမှာရမ်းကားရဲရင် မြောက်ပိုင်းမင်နတ်ဂိုဏ်းက မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”

မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ကျန်းချန်ကို ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေရင်းကနေ ခြိမ်းခြောက်လိုက်သည်။

ကျန်းချန်က ထိုနှစ်ယောက်နှင့် အပိုစကားများပြောဆိုရန် စိတ်မပါဘဲ သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်ရာ ဓားစွမ်းအင်နှစ်ခုသည် ထိုနှစ်ဦး၏ မျက်ခုံးကြား ဆီသို့ ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ နယ်မြေနတ်ဘုရားနှစ်ပါးသည် အေးစက်သော အလောင်းနှစ်‌လောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ နှင်းတောင်ဆီသို့ ပြုတ်ကျသွားခဲ့သည်။

မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ တပည့်နှစ်ဦးကို အသာအယာသတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ စူးရှသောအကြည့်သည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ နှင်းဖုံးတောင်တန်းပေါ်ရှိ ရေခဲနန်းတော်ပေါ်သို့ ကျရောက်သွားခဲ့၏။

ယင်းနောက်တွင် သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“မြောက်ပိုင်းမင်နတ်ဂိုဏ်းကလူတွေ ချက်ချင်းငါ့ရှေ့ကို ထွက်လာခဲ့စမ်း”

ကျန်းချန်၏ ကြုံးဝါးသံသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ချက်ချင်းဆိုသလိုပင် တုန်လှုပ်သွားစေခဲ့ပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ ဂိုဏ်းဝင်များသည် ရေခဲနန်းတော်ထဲကနေ တစ်ဦးပြီး တစ်ဦး ထွက်လာခဲ့ကြသည်။

ထိုအခါ သေဆုံးနေသော နယ်မြေနတ်ဘုရားနှစ်ပါး၏ အလောင်းကို မြင်လိုက်ရလျှင် သူတို့၏ အမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ရမ်းကားလိုက်တာ.. မင်းက ဘယ်သူမို့လို့ ငါတို့မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့တပည့်ကိုသတ်ရဲတာလဲ.. မင်းသေချင်နေပြီလား”

မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တပည့်တစ်ဦးသည် နှင်းတောင်အပြင်ဘက်ရှိ ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်တို့နှစ်ဦးကိုကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

ထိုနှစ်ယောက်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မလေးမခန့်ပြုမူကာ ကောင်းကင်ယံကနေ ပျံသန်းလာခဲ့ပြီး ဂိုဏ်းဝင်တပည့်နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

ယင်းကဲ့သို့ လုပ်ရပ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို စိန်ခေါ်လိုက်ခြင်းနှင့် မခြားပေ။

ထိုနှစ်ယောက်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းက သူတို့ကို ဘာမှမတတ်နိုင်ဟု ထင်နေပါသလော။

ဆိုရလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ရေခဲပြင်တွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော်လည်း ဤမျှအထိ ပြောင်ပြောင်တင်းတင်း ရန်စရဲသူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။

“ငါက သေဖို့လာတာမဟုတ်ဘူး လူလာရှာတာပဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေရင်း မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တပည့်များကို အေးစက်စက်ကြည့်လိုက်သည်။

“မင်းတို့ကို အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ပေးမယ်.. အဲဒီအချိန်အတွင်း မုန့်ချင်းရွှယ်ကို ငါ့ဆီခေါ်လာခဲ့ပါ.. ငါ့ကို လူသတ်ချင်လာအောင် ဖိအားမပေးနဲ့”

ကျန်းချန်၏ နံဘေးတွင် ကူဖုန်းအာက တိတ်တဆိတ် ရပ်နေခဲ့သည်။

သူမ၏ လှပသော မျက်လုံးလေးတွင်လည်း လူသတ်ငွေ့များပြည့်နှက်နေခဲ့၏။

ကူဖုန်းအာသည် နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် တံခါးပိတ် မကျင့်ကြံမီက မုန့်ချင်းရွှယ်နှင့် တွေ့ဆုံရန်အတွက် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ လာခဲ့ဖူးသည်။

ထိုအချိန်က မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် အလွန်တရာ အဆင်ပြေနေခဲ့၏။

သို့သော်လည်း သူမ တံခါးပိတ် ကျင့်ကြံနေသည့် နှစ်အနည်းငယ် အတွင်းမှာပင် မုန့်ချင်းရွှယ်သည် တပည့်ရင်းအဆင့်အတန်းကနေ ထုတ်ပယ်ခံရရုံသာမက မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အပြစ်ပေးခြင်းကိုပါ ခံနေရလိမ့်မည်ဟု ကူဖုန်းအာမထင်ထားခဲ့ပေ။

ဆရာဖြစ်သူ ယွမ်ဖုန်းနတ်ဘုရင်က အစ်မချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ ပို့ရန် စီစဥ်ခဲ့ခြင်းသည် အစ်မချင်းရွှယ်၏ သဘောတူညီချက်အရ ဖြစ်သော်လည်း အကယ်၍ အစ်မချင်းရွှယ်သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် အမှန်တကယ် မတော်တဆမှု တစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

“ဘယ်ကသောက်ရူးက ငါတို့မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ လာရမ်းကားနေတာလဲ..အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်.. သူ့ကို သတ်ကြစမ်း”

မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် တပည့်သည် ပတ်ဝန်းကျင်မှ ဒါဇင်ပေါင်း များစွာသော တပည့်များကို ကျန်းချန်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်း စည်းတံဆိပ်ကို ထုတ်‌ဖော်ကာ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ ဒါဇင်ပေါင်းများစွာသော တပည့်များ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်များကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။

“ရမ်းကားလှချည်လား.. ရှင်က ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တပည့်ကို သတ်ရဲမှတော့ ဒီနေ့ ရှင့်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ပစ်မယ်”

“...........”

ထိုခဏဝယ် ရေခဲနန်းတော်အတွင်းမှ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် အားကောင်း‌သော အရှိန်အဝါများ ထုတ်လွှတ်နေသည့်ပုံရိပ်တချို့သည် ရေခဲနန်း‌တော်ထဲကနေ ပျံသန်းကာ ထွက်ပေါ်လာခဲ့ကြသည်။

ဦး‌ဆောင်လာသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိသေးသော်လည်း သူမ၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၇၆ နေရာ၌ ရှိသော နေနတ်ဂိုဏ်းမှ နတ်ဘုရားသား‌တော် မိုရှင်း ထက်ပင် ပိုမို အစွမ်းထက်ပုံရ၏။

အခန်း(၂၂၁၀)ပြီး၏။

All Chapters