အခန်း (၁၂၁-၁၂၂)
Vol. 7 Ch. 121-122
အပိုင်း (၁၂၁) လျန်မင်ရှု၏ ဉာဏ်နီဉာဏ်နက်နှင့် ငါးကြိမ်ဆက်တိုက် မဲနှိုက်ခြင်း
အကယ်၍ ရုပ်ရည်ရူပကာ ထူးချွန်လှပတဲ့ အမျိုးသမီးသုံးယောက်က သင့်ရှေ့မှာ ဒူးထောက်ပြီး သခင် လို့ တဖွဖွ ခေါ်နေမယ်ဆိုရင်...
ဤလောကကြီးထဲမှာ ဘယ်ယောက်ျားသားကမှ ဒီလိုအခြေအနေမျိုးကို ငြင်းပယ်နိုင်လိမ့်မယ် မထင်ချေ။
သို့သော် လင်းယွမ်က မည်သို့မျှ မခံစားရပေ။
သူက စိတ်ထားမြင့်မြတ်တဲ့ သူတော်စင်မို့လို့၊ မိန်းမလှလေးတွေကို မကြိုက်လို့တော့ မဟုတ်။
ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကြီးအောက်မှာ ဘယ်သူ့ကိုမှ အထင်သေးလို့ မရတာကြောင့် ဖြစ်သည်။
ဤအမျိုးသမီးသုံးယောက်က ကြည့်ရတာ အားနွဲ့ပြီး သနားစရာ ကောင်းပုံပေါက်ပေမယ့် သူတို့ထဲမှာ သန္ဓေပြောင်း အစွမ်းအစရှိသူများ ပုန်းအောင်းနေမလားဆိုတာ မည်သူက ပြောနိုင်မည်နည်း။
မြောင်းထဲရောက်မှ လှေမှောက်ရတဲ့ ဖြစ်ရပ်မျိုးတွေက သမိုင်းမှာ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။
ဝမ်ကျဲ ကဲ့သို့ အစွမ်းထက်သည့်လူပင်လျှင် ထူးဆန်းသော စိတ်အာရုံထွေပြားစေနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားရက်နှင့်...
ကျန်းယွမ်ယွမ် လို သာမန်မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ကစားစရာ အရုပ်တစ်ခုလို ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
ဒါကြောင့် လင်းယွမ်က ဘယ်သူ့ကိုမှ လျှော့တွက်မည် မဟုတ်ပေ။
အထူးသဖြင့် သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေရဲ့ ဘေးနားမှာ အသက်ရှင်ရပ်တည်နိုင်တဲ့ ဤလိုအမျိုးသမီးမျိုးတွေဖြစ်သည်။
ဤလူတွေ အသက်ရှင်ကျန်ရစ်နိုင်တာက သူတို့ဟာ အလှပြပန်းအိုး သက်သက် မဟုတ်ကြောင်း သက်သေပြနေသည်။
လင်းယွမ်က သူ့ရှေ့မှ အမျိုးသမီးသုံးယောက်ကို စေ့စေ့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက တည်ငြိမ်နေပြီး လှိုင်းဂယက်ထခြင်း မရှိပေ။
"တိန့်ဟူ မှာ တခြားနေစရာ ရှိသေးလား... သူ လုယက်ထားတဲ့ အစားအသောက်တွေကို ဘယ်မှာ ထားလဲ"
လျန်မင်ရှုက မနေနိုင်ဘဲ ခေါင်းမော့ကာ ဤအေးစက်နေသော အမျိုးသားကို ကြည့်လိုက်မိသည်။ သူမ၏ စိတ်ထဲတွင် အံ့သြမှင်သက်သွားရ၏။
သူမ တွက်ဆထားချက်အရ သူမတို့ အမျိုးသမီးသုံးယောက်ရဲ့ အခုလို အနေအထားကို မြင်ရင် ဘယ်ယောက်ျားမဆို စိတ်ထိန်းနိုင်မှာ မဟုတ်ဘဲ သူမတို့သုံးယောက်လုံးကို သိမ်းပိုက်ကြမှာ ဖြစ်သည်။
ဒါပေမဲ့ သူမရှေ့က ဒီလူကတော့ အဲဒီလို မလုပ်တဲ့အပြင် အလွန်တည်ငြိမ်စွာဖြင့် တိန့်ဟူ ရဲ့ ပိုင်ဆိုင်မှုတွေကို မေးမြန်းနေသည်။
သူမ စိတ်ထဲတွင် ထိတ်လန့်သွားပြီး သူမရှေ့ကလူဟာ တိန့်ဟူ လိုမျိုး လွယ်လွယ်ကူကူ ထိန်းချုပ်လို့ရမယ့်သူ မဟုတ်မှန်း နားလည်လိုက်သည်။
ထို့ကြောင့် သူမ မျက်လုံးအိမ်ကို အသာကစားလိုက်ပြီး ခေါင်းငုံ့ကာ ရှိုက်ငိုသံဖြင့် ပြောလိုက်လေသည်။
"ကျွန်မ သိပါတယ်... တိန့်ဟူ မှာ ၃၂၁၁ အခန်း ပိုင်ပါတယ်... အဲဒီမှာ သူ သီးသန့်သိမ်းထားတဲ့ ပစ္စည်းတွေ ရှိတယ်"
"ကျွန်မတို့နေတဲ့ ဒီနေရာက သူ ပုံမှန်နေထိုင်တဲ့ နေရာဆိုတော့ စားစရာ သိပ်မရှိပါဘူး"
သူမက အမှန်တစ်ဝက် အမှားတစ်ဝက် ပြောလိုက်ခြင်း ဖြစ်သည်။ ၃၂၁၁ အခန်းမှာ စားစရာရှိကြောင်း ပြောပြလိုက်ပေမယ့် ၃၂၀၈ နှင့် ၃၂၀၉ အခန်းတွေအကြောင်းကိုတော့ ထိန်ချန်ထားလိုက်သည်။
လင်းယွမ်က စိတ်ထဲမှ ကြိတ်ပြီး ရယ်မောလိုက်သည်။
ဒီမိန်းမက တကယ် မရိုးသားပါလား။ ဒီလိုအချိန်ရောက်နေတာတောင် သူ့ကို ဉာဏ်နီဉာဏ်နက် ကစားချင်နေသေးတယ်။
သူက စကားအပို ပြောမနေတော့ဘဲ မီးဖိုချောင်ထဲသို့ ဝင်ကာ ပစ္စည်းအားလုံးကို သိမ်းကျုံးယူလိုက်လေသည်။
ထို့နောက် လျန်မင်ရှုတို့ အမျိုးသမီးသုံးယောက်ကို လုံးဝ ဂရုမစိုက်တော့ဘဲ တန်းပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ လျန်မင်ရှု၏ မျက်နှာပျက်သွားပြီး အလျင်စလို လှမ်းအော်လိုက်လေ၏။
"သခင်... ရှင်... ရှင် ဘယ်သွားမလို့လဲ"
လင်းယွမ်က လှည့်ပင် မကြည့်ဘဲ ပြန်ပြောလိုက်သည်။
"ငါက မင်းတို့သခင် မဟုတ်ဘူး... တိန့်ဟူ လည်း သေပြီဆိုတော့ မင်းတို့ဘာသာ ကောင်းကောင်းမွန်မွန် ဆက်ပြီး ရှင်သန်ကြတော့"
လျန်မင်ရှုက အလျင်စလို မတ်တတ်ရပ်လိုက်ရာ သူမ၏ ရင်အစုံမှာ လှုပ်ခါသွားသည်။ သူမက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"သခင်... ကျွန်မတို့ကို ပစ်မထားခဲ့ပါနဲ့... တိန့်ဟူ လည်း သေသွားပြီ... ရှင်သာ ကျွန်မတို့ကို ဂရုမစိုက်ရင် အပြင်က လူတွေက ကျွန်မတို့ကို အစိမ်းလိုက် ဝါးစားကြလိမ့်မယ်"
"ဒီလိုခေတ်ကြီးထဲမှာ ကျွန်မတို့ မိန်းမသားသုံးယောက် အသက်မရှင်နိုင်ပါဘူး... တောင်းပန်ပါတယ်... ကျွန်မတို့ကို ပစ်မထားခဲ့ပါနဲ့"
သူမက ခြေလှမ်းအနည်းငယ် လိုက်ပါလာသော်လည်း လင်းယွမ်၏ ခြေလှမ်းများက အလွန်မြန်ဆန်လွန်းလှသဖြင့် အခွင့်အရေးပင် မရလိုက်ဘဲ တံခါးကို ပြန်ပိတ်လိုက်လေသည်။
လျန်မင်ရှု၏ တောင်းပန်သံများကို သူ ဂရုမစိုက်သလို တိုက် (၇၅) ကို သိမ်းပိုက်ဖို့လည်း စိတ်မဝင်စားပေ။
သူ လိုအပ်တာက တာအိုဆရာလင်းတို့ ငါးဖမ်းပြီး သူ့ကို အချိန်မှန် လာအပ်ဖို့သာ ဖြစ်သည်။
သူ အခုလိုအပ်နေတာက အမှတ် ဖြစ်သည်။
လူအင်အားအနေနဲ့ ပြောရရင် ၇၆တိုက် () မှာ အလုံအလောက် ရှိပြီးသားမို့ တိုက် (၇၅) ဘက်က လူတွေကို ခေါ်ပြီး ဝန်ထုပ်ဝန်ပိုး အဖြစ်မခံနိုင်ပေ။
သူက စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း ကျောက်ခိုင် နဲ့ ရန်ဆန်းမင် တို့ ရောက်လာကြသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က အစားအသောက် တော်တော်များများကို လွယ်ပိုးထားသည်ကို မြင်သောအခါ ရန်ဆန်းမင် တို့အဖွဲ့က အပြေးအလွှား ရောက်လာကြပြီး မေးလေသည်။
"ဆရာလင်း... တိန့်ဟူ အခန်းထဲမှာ စားစရာ ဘယ်လောက်တောင် ရှိလဲ"
လင်းယွမ်က သူသယ်လာသော ဆန်နှင့် ခေါက်ဆွဲများကို ချပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါအကုန်ပဲ"
ရန်ဆန်းမင်က အံ့အားသင့်သွားပြီး မျက်လုံးပြူးကာ ပြောလိုက်မိ၏။
"မဖြစ်နိုင်တာ... သူ ကျွန်တော်တို့ဆီက လုသွားတဲ့ စားနပ်ရိက္ခာတွေ အများကြီးလေ... ဘယ်လိုလုပ် ဒီလောက်ပဲ ရှိမှာလဲ"
"လျန်မင်ရှု ရော... အဲဒီမိန်းမက တိန့်ဟူ အသည်းစွဲလေ... တိန့်ဟူ အစားအသောက်တွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ သူ သေချာပေါက် သိမှာ"
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အခန်းထဲမှာ အမျိုးသမီးသုံးယောက် ရှိတယ်... ခင်ဗျားပြောတဲ့ လျန်မင်ရှု ဆိုတာ ပါချင်ပါလိမ့်မယ်"
"ဒါပေမဲ့ အဲဒီကိစ္စတွေကို ကျွန်တော် ဝင်မပါတော့ဘူး... ဒီ တိုက် (၇၅) က ကိစ္စတွေကို ခင်ဗျားတို့ဘာသာပဲ ဖြေရှင်းကြတော့... ကျွန်တော်က ငါးလာသိမ်းရုံ သက်သက်ပဲ"
"အခု တိန့်ဟူ ကိုလည်း ကျွန်တော် ရှင်းပေးပြီးပြီဆိုတော့ တာအိုဆရာလင်း ကို သူ့ကတိအတိုင်း ကျန်တဲ့ ငါးတွေ ကျွန်တော့်ဆီ အမြန်ဆုံး လာအပ်ခိုင်းလိုက်"
"ဒီနှစ်ရက်အတွင်း ကျွန်တော်နဲ့ ကျောက်ခိုင် က ၃၂၀၈ အခန်းမှာ ခေတ္တ နေကြမယ်... အပေါ်ထပ်က ကြိုးတံတားကို ကျွန်တော် ပြန်ပြင်လိုက်မယ်"
"ဒီပစ္စည်းတွေ ကျွန်တော် ယူသွားလို့ ဖြစ်တယ်မလား"
လင်းယွမ်က တိန့်ဟူ အခန်းထဲမှ ရှာတွေ့ခဲ့သော ဆီ၊ ဆား၊ ဆန် အစရှိသည်တို့ ပါဝင်သော အိတ်ကို မြှောက်ပြလိုက်သည်။
ပစ္စည်းအများစုကို သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်း ထဲမှာ သိမ်းဆည်းခဲ့ပြီးဖြစ်ကာ ၃၂၁၂ အခန်းထဲမှ ရရှိသော ပစ္စည်းအနည်းငယ်ကိုသာ အများမြင်အောင် ထုတ်ပြထားခြင်း ဖြစ်သည်။
ရန်ဆန်းမင် က ငြင်းစရာအကြောင်း မရှိပေ။ တိန့်ဟူ လုယက်ထားတဲ့ အစားအသောက်တွေက ဒီလောက်ပဲ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်း သိသည်။
လင်းယွမ် ယူသွားတာက အနည်းစုသာ ဖြစ်သည်။
အစားအသောက် အများစုကို တိန့်ဟူ က ဝှက်ထားမှာ သေချာသည်။
ဒါကြောင့် လင်းယွမ် ဒီလောက်ယူသွားတာကို သူ သဘောမကျစရာ မရှိပေ။
သဘောမကျလည်း ဘာမှ မတတ်နိုင်ပေ။ ကိုယ့်အစွမ်းက သူများလောက် မထက်မြက်မှတော့ ဘာပြောပြော အပိုသာ ဖြစ်လိမ့်မည်။
သို့သော် လင်းယွမ်က တိန့်ဟူကို ကူညီရှင်းလင်းပေးခဲ့တာ အလကားသက်သက် မဟုတ်မှန်း သူ နားလည်သည်။
နှစ်ဖက် ကုန်သွယ်မှုကို ထိန်းသိမ်းဖို့အပြင် ပိုပြီးအရေးကြီးတဲ့ အကြောင်းပြချက်က တိန့်ဟူ ဆီက အစားအသောက်တွေ ဖြစ်သည်။
အခု လင်းယွမ်က တိန့်ဟူ ကို သတ်ပြီးတာတောင် ဒီလောက်ပဲ ယူသွားတယ်ဆိုတော့ ရန်ဆန်းမင် ရဲ့ စိတ်ထဲမှာ လင်းယွမ် ကို ပစ္စည်းယူပြီး မြန်မြန်ပြန်စေချင်နေသည်။ ကျန်ရစ်ခဲ့တဲ့ တိန့်ဟူ ရဲ့ တပည့်တွေက သိပ်ပြီး ခြိမ်းခြောက်မှု မရှိတော့ပေ။
သူနဲ့ တာအိုဆရာလင်း တို့မှာ အချိန်အလုံအလောက် ရှိသည့်အတွက် တိန့်ဟူ ဝှက်ထားသော အစားအသောက်များကို သေချာပေါက် ရှာတွေ့နိုင်မှာ ဖြစ်သည်။
"ဖြစ်တာပေါ့... လုံးဝ ဖြစ်တယ်... တိန့်ဟူ လို တိရစ္ဆာန်ကောင်ကို ဆရာလင်း သတ်ပေးခဲ့တာလေ... ဒါတွေက ဆရာလင်း ရဲ့ စစ်နိုင်ပစ္စည်းတွေပဲ... ယူသွားပါ... ကျွန်တော်တို့ဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"
ရန်ဆန်းမင်က အလျင်အမြန် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘေးနားမှ ရှီဟိုင်ကျူး ကို လှမ်းပြောလိုက်၏။
"ဟိုင်ကျူး... ဆရာလင်း တို့ အနားယူလို့ရအောင်လို့ မင်း လူလွှတ်ပြီး ၃၂၀၈ အခန်းကို ချက်ချင်း ရှင်းလင်းခိုင်းလိုက်"
လင်းယွမ်က လက်ကာပြလိုက်ပြီး ပြောသည်။
"အဲလောက် ဒုက္ခခံမနေပါနဲ့... ကျွန်တော် ဒီမှာ အလွန်ဆုံး တစ်ရက်ပဲ နေမှာပါ... အပေါ်ထပ်က ကြိုးတံတား ပြင်ပြီးတာနဲ့ တိုက် (၇၅) ကနေ ပြန်မှာ"
"ဟင်... အဲလောက်တောင် အလျင်လိုနေတာလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။ တကယ်တမ်းကျတော့ ဖြစ်နိုင်ရင် သူ အခုချက်ချင်းတောင် ပြန်ချင်နေပြီ ဖြစ်သည်။
သို့သော် အပြင်ဘက် ရေအောက်ထဲတွင် ရန်ငြိုးကြီးသော ဖားလူသား တစ်ကောင် ရှိနေသဖြင့် စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေသည်။ ထို့ကြောင့် ကြိုးတံတား ပြန်လည် တည်ဆောက်ပြီးမှ ကြိုးတံတားမှတစ်ဆင့် ပြန်ကူးရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဒါက လောလောဆယ် သူ စဉ်းစားမိသမျှထဲတွင် စိတ်အချရဆုံးနှင့် အန္တရာယ်ကင်းဆုံး နည်းလမ်း ဖြစ်သည်။
"ငါ့အစွမ်းအစက မလုံလောက်သေးပါလား"
လင်းယွမ် စိတ်ထဲတွင် စိုးရိမ်လာမိသည်။ ဖားလူသား တစ်ကောင်တည်းနှင့်တင် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်နေပြီ။ ဒီရေအောက်ထဲမှာ နောက်ထပ် ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ။
သစ်ဖောင်လုပ်ပြီးရင်တောင်မှ မိန်တုဥယျာဉ် ထဲကနေ တကယ်ပဲ ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်ပါ့မလား။
ထိုအခိုက်အတန့်တွင် လင်းယွမ်၏ စိတ်အခြေအနေက လေးလံသွားပြီး မိမိ၏ စွမ်းအားကို မြှင့်တင်လိုစိတ်က ပိုမို ပြင်းပြလာသည်။
"အမှတ်တွေ ပိုရအောင် အမြန်ဆုံး ရှာရမယ်... တိုက် (၇၅) ဘက် ငြိမ်သွားရင် နောက်ကျောဘက်က တိုက် (၇၇) ကိုလည်း ဆက်သွယ်ဖို့ နည်းလမ်းရှာရမယ်"
မိန်တုဥယျာဉ် တွင် စုစုပေါင်း အဆောက်အအုံ ၁၅၀ ခန့်ရှိပြီး အရှေ့ပိုင်းဇုန်နှင့် အနောက်ပိုင်းဇုန်ဟူ၍ ခွဲခြားထားသည်။
အနောက်ပိုင်းဇုန်တွင် တိုက် (၁) မှ (၇၀) အထိ ရှိပြီး အရှေ့ပိုင်းဇုန်တွင်မူ တိုက် (၇၁) မှ (၁၅၀) အထိ ရှိသည်။
ထိုရပ်ကွက်နှစ်ခုကြားတွင် စီးပွားရေးဈေးတန်းနှင့် ကားလမ်းမကြီး ခြားထားသဖြင့် အနောက်ပိုင်းဇုန်ကို ထည့်သွင်းစဉ်းစားစရာ မလိုတော့ပေ။ တန်းပြီး စွန့်လွှတ်လိုက်ရုံသာ ရှိသည်။
အရှေ့ပိုင်းဇုန်ဘက်ရှိ အဆောက်အအုံများအနက် တိုက် (၇၆) နှင့် နီးကပ်သော အဆောက်အအုံများမှာ ရှေ့ဘက်ရှိ တိုက် (၇၅) ၊ နောက်ဘက်ရှိ တိုက် (၇၇) နှင့် ညာဘက်ရှိ တိုက် (၈၆) တို့ ဖြစ်ကြသည်။
သူက လူတိုင်းကို အသုံးပြုပြီး သူ့အတွက် ငါးဖမ်းခိုင်းကာ အမှတ်များများ စုဆောင်းပြီး မဲနှိုက်၍ စွမ်းအားမြှင့်တင်ချင်နေသည်။
ဘယ်ဘက်တွင်မူ ရပ်ကွက်ဈေးတန်း ဖြစ်သဖြင့် တိုက်မြင့်အဆောက်အအုံများ မရှိပေ။
လင်းယွမ်တို့ ရှိနေသော တိုက် (၇၅) မှာ လမ်းမကြီးဘေးကပ်လျက် အဆောက်အအုံဖြစ်ပြီး အနီးဆုံး ဆက်စပ်နေသည်မှာ ဤသုံးဆောင်သာ ရှိသည်။
ဤသုံးဆောင်က ဆက်သွယ်ရ အလွယ်ကူဆုံးဖြစ်ပြီး ရေကြီးနေတဲ့ကြားက သူ ဖြတ်ကူးသွားနိုင်မည့် အဆောက်အအုံများလည်း ဖြစ်သည်။
ကျန်သော အဆောက်အအုံများအတွက်မူ လင်းယွမ်တွင် လောလောဆယ် အစီအစဉ် မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် အရှေ့ပိုင်းဇုန်ရှိ တိုက် (၁၃၀) ၏ နောက်ပိုင်း အဆောက်အအုံများမှာ ၁၁ ထပ်သာရှိသော တိုက်များနှင့် လုံးချင်းအိမ်ရာဇုန်များ ဖြစ်သောကြောင့်တည်း။
ယခုအခါ ထိုလုံးချင်းအိမ်များနှင့် တိုက်များမှာ ရေအောက်သို့ လုံးဝ ရောက်ရှိသွားပြီဖြစ်ကာ တိုက် (၇၀) မှ တိုက် (၁၂၉) အထိသာ တိုက်မြင့်အဆောက်အအုံများအဖြစ် ကျန်ရှိနေသည်။
"တိုက် (၇၅) ကိစ္စ ပြီးတာနဲ့ ပတ်ဝန်းကျင်က တိုက် (၇၇) နဲ့ တိုက် (၈၆) ကို ဆက်သွယ်ဖို့ ချက်ချင်း စီစဉ်ရမယ်"
"အဲဒီတိုက်တွေမှာ သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေ ပေါ်ထွက်လာခြင်း ရှိမရှိ မသိရသေးဘူး"
လင်းယွမ်က တွေးတောရင်း ကျောက်ခိုင် ကို ခေါ်ကာ ခေါင်မိုးထပ်သို့ တက်လာခဲ့သည်။
ခေါင်မိုးထပ်သို့ ရောက်သောအခါ သူက ယခင်နည်းလမ်းဟောင်းအတိုင်း ပလတ်စတစ်ပုံးတစ်ပုံးနှင့် ကြိုးတစ်ချောင်းကို ရှာဖွေလိုက်သည်။ ထို့နောက် အလေးတုံးများကို ချည်နှောင်ပြီး သူ၏ သာမန်ထက်ထူးကဲသော ခွန်အားကြီးဖြင့် မျက်နှာချင်းဆိုင်ရှိ တိုက် (၇၆) သို့ အားကုန်လွှဲပစ်လိုက်လေသည်။
"ဝုန်း" ခနဲ မြည်သံနှင့်အတူ အလေးတုံးမှာ မျက်နှာချင်းဆိုင်တိုက်ပေါ်သို့ အောင်မြင်စွာ ကျရောက်သွားသည်။
တစ်ဖက်တိုက်ပေါ်တွင် မာကောချိုင် နှင့် ချိုင်ကြည် တို့က စောင့်ဆိုင်းနေကြပြီး အသံကြားသည်နှင့် ချက်ချင်း ပြေးတက်လာကြသည်။
သူတို့နှစ်ဦးက ကြိုးကို အမြန်ဖြည်လိုက်ပြီး ပလတ်စတစ်ပုံးတွင် ချိတ်လိုက်ကြသည်။
"ဟလို... လင်းယွမ်... ကြားရလား" ချိုင်ကြည် က ပလတ်စတစ်ပုံးကို ကြည့်ပြီး လှမ်းအော်လိုက်သည်။
ပလတ်စတစ်ပုံးထဲမှ လင်းယွမ်၏ အသံ ပြန်ထွက်လာသည်။
"ကြားရတယ် အစ်ကိုချိုင်... တိုက် (၇၆) မှာ ဘာထူးခြားသေးလဲ"
"ဘာမှမဖြစ်ဘူး... ကင်းလှည့်အဖွဲ့တွေ စည်းကမ်းထိန်းသိမ်းနေတော့ ဘယ်သူမှ ပြဿနာမလုပ်ရဲကြဘူး... စိတ်ချပါ"
"လင်းယွမ်... မင်းဘက်က အခြေအနေ ဘယ်လိုလဲ... အဆင်ပြေရဲ့လား... ကြိုးတံတား ဖျက်ဆီးတဲ့ကောင်ကို မိပြီလား" ဦးလေးမာ ကလည်း မေးလိုက်သည်။
"အင်း... ရှင်းပြီးသွားပြီ... ခဏနေရင် ကျွန်တော် ကြိုးတစ်ချောင်း ထပ်ပစ်ပေးမယ်... ကြိုးတံတား ပြန်လုပ်ကြတာပေါ့"
ဤကိစ္စနဲ့ပတ်သက်လျှင် ဦးလေးမာ နှင့် ချိုင်ကြည် တို့က အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း သူတို့ပဲ ဝိုင်းကူလုပ်ပေးခဲ့ကြသည် မဟုတ်လား။
နှစ်ဖက်စလုံး အခြေအနေ အနည်းငယ် မေးမြန်းကြပြီး အားလုံး ဘေးကင်းကြောင်း သိရတော့မှ သက်ပြင်းချနိုင်ကြတော့သည်။
လင်းယွမ်ဘက်က ကြိုးကို ဆက်လက် ပစ်ပေးလိုက်ပြီး ဦးလေးမာ တို့ဘက်က ကြိုးကို ဆွဲယူကာ ၂၅ ထပ်ရှိ စင်္ကြံလမ်းသို့ ယူဆောင်သွားကြပြီး အမြင့်ပေ ကွာခြားမှုရှိသော ကြိုးတံတားကို ဖန်တီးလိုက်ကြသည်။
လျှောလမ်းကြောင်း တပ်ဆင်လိုက်သည်နှင့် တိုက် (၇၅) ခေါင်မိုးထပ်မှ ပစ္စည်းများကို မျက်နှာချင်းဆိုင် တိုက် (၇၆) သို့ ပို့ဆောင်နိုင်ပြီ ဖြစ်သည်။
လင်းယွမ် ပြန်ရောက်သွားသောအခါ အလားတူ နည်းလမ်းဖြင့် ကြိုးတံတားကို ထပ်မံပြုလုပ်မည်ဖြစ်ပြီး တိုက် (၇၆) မှ ပစ္စည်းများကို တိုက် (၇၅) သို့ လျှောချပေးပို့နိုင်မည် ဖြစ်သည်။ သို့မှသာ ရေကြီးနေမှုကို ကျော်ဖြတ်ပြီး ကုန်ပစ္စည်း ဖလှယ်နိုင်မည် ဖြစ်သည်။
အလုပ်များနေရင်းဖြင့် ညအချိန်သို့ ရောက်ရှိလာခဲ့သည်။
မိုးတိမ်များ ထူထပ်နေပြီး အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ နေ့ဘက်၌ ကောင်းကင်မှာ မှောင်မိုက်နေခဲ့ပြီး ညရောက်သောအခါ ကိုယ့်လက်ကိုယ် ပြန်မမြင်ရလောက်အောင် အမှောင်ထုက ကြီးစိုးနေတော့သည်။
လင်းယွမ် နှင့် ကျောက်ခိုင် တို့ အခန်း ၃၂၀၈ သို့ ပြန်ရောက်လာကြသည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်း ထဲမှ ထုတ်ပေးလိုက်သော ပူပူနွေးနွေး ထမင်းဟင်းများကို စားသောက်ရင်း ကျောက်ခိုင် က မေးလိုက်သည်။
"အစ်ကိုလင်း... ဟို ဖားကောင်ကြီး အောက်ထပ်မှာ ရှိနေသေးလား မသိဘူးနော်... ကျွန်တော်တို့ ပြန်မယ်ဆိုရင် သစ်ဖောင် နောက်တစ်စင်း ထပ်လုပ်ရမယ် ထင်တယ်"
လင်းယွမ်က ခေါင်းခါလိုက်သည်။
"ငါတို့ ရေထဲကနေ မပြန်ဘူး... ကြိုးတံတား လုပ်ပြီးပြီပဲ... မနက်ဖြန် တာအိုဆရာလင်း ဆီက နောက်ဆုံး ငါးအသုတ်ကို လက်ခံပြီးတာနဲ့ ကြိုးတံတားပေါ်ကနေ တွဲခိုပြီး ပြန်ကြမယ်"
"ဗျာ... ဖြစ်ပါ့မလား" ကျောက်ခိုင် က မျက်နှာချင်းဆိုင် တိုက် (၇၆) ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
တိုက်နှစ်လုံးကြား အကွာအဝေးက ပေ ၃၀၀ ကျော် တောင် ရှိတာလေ... ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပြန်ကူးလို့ ရပါ့မလဲ။
လင်းယွမ်က ပြောလိုက်သည်။
"မပူပါနဲ့... ကြိုးတံတားက အနိမ့်အမြင့် ကွာခြားချက် ရှိတယ်... မင်းရော ငါရောက သန္ဓေပြောင်း အစွမ်းတွေ နိုးထပြီးသားလေ... လက်မောင်းအားက လုံးဝ ပြဿနာ မရှိနိုင်ဘူး"
"အဲဒီကျရင် အမြင့်ကွာခြားချက်ကို အရှိန်ယူပြီး တန်းလျှောသွားလိုက်ရင် ဘာအားမှ သိပ်စိုက်စရာ မလိုတော့ဘူး"
လင်းယွမ်၏ လက်ရှိ ခွန်အား ၅.၉ နှင့်ဆိုလျှင် ကြိုးတံတားမှာ အနိမ့်အမြင့် ကွာခြားချက် ရှိနေ၍ လျှောချသွားနိုင်သည်ကို ထားလိုက်ဦး၊ ကွာခြားချက် မရှိလျှင်ပင် သူ့လက်ရှိ လက်မောင်းအားဖြင့် မိုင်အနည်းငယ်လောက် တွဲခိုသွားရရင်တောင် ပြဿနာ မရှိပေ။
ကျောက်ခိုင် မှာ ရေခဲစွမ်းအား နိုးထလာသူ ဖြစ်သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားအပိုင်းမှာ သေချာပေါက် တိုးတက်လာခဲ့သည်။
ခွန်အားအသားပေး သန္ဓေပြောင်းသူတွေလောက် မသိသာပေမယ့် သာမန်လူတွေထက်တော့ အများကြီး သာလွန်နေမှာ အသေအချာပင်။
နှစ်ယောက်သား ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ခေါင်းစဉ်က သန္ဓေပြောင်း အစွမ်းပိုင်ရှင် တာအိုဆရာလင်း ဘက်သို့ ရောက်သွားသည်။
"အစ်ကိုလင်း... အဲဒီ တာအိုဆရာလင်းရဲ့ အစွမ်းက ဘာလဲ... တချို့လူတွေ ပြောတာတော့ အဲဒီအဘိုးကြီးက သိုင်းတွေ ကျင့်တယ်ဆို... ဘာတဲ့... ချီစွမ်းအင်တွေ ပြန်လည်နိုးထလာတာဆိုလား... အဲ့တာ တကယ်ပဲလား"
လင်းယွမ်က ပြုံးလိုက်သည်။
"မင်းရော ဖြစ်နိုင်တယ် ထင်လို့လား... ချီစွမ်းအင် နိုးတာဆိုရင် ကျင့်စဉ်တွေ မရှိဘဲ ငါတို့ ဘယ်လိုလုပ် သန္ဓေပြောင်း အစွမ်းတွေ ရလာနိုင်မှာလဲ"
"ဒီတာအိုဆရာလင်းက ကြည့်ရတာ လူလည်ကြီးပဲ... ဖောရှောလုပ်ပြီး ခြောက်လှန့်နေတာ... ဂရုစိုက်စရာ မလိုပါဘူး"
"ဒါဆို ကျွန်တော်တို့က ဒီလိုလူမျိုးနဲ့ လက်တွဲရမှာလား" ကျောက်ခိုင် က မနေနိုင်ဘဲ မေးလိုက်သည်။
"ဒီအဘိုးကြီးက ဖောရှော လုပ်ပြီး သာမန်လူတွေကို လိမ်စားနေတာလေ... တိန့်ဟူ တောင် သူ့ကို ကြောက်ပြီး တိုက်ရိုက် ရန်မရှာရဲဘူး ဆိုကတည်းက သူ့ရဲ့ ရွှေရောင်အလင်းတန်း အစွမ်းက တကယ် တစ်ခုခု ရှိလို့ပဲ နေမှာ"
"ငါ သေချာ အကဲခတ်ကြည့်ပြီးပြီ... ဒီအဘိုးကြီးက လူတွေကို လိမ်ညာနေတယ် ဆိုပေမယ့် သူ့အစွမ်းကို သုံးပြီး တခြားသူတွေကို အနိုင်ကျင့် ဗိုလ်ကျတာမျိုး မရှိဘူး... ရန်ဆန်းမင် တို့နဲ့ပေါင်းပြီး တိုက်ထဲမှာ စည်းကမ်း ထိန်းသိမ်းဖို့ ကြိုးစားနေတာ တွေ့ရတယ်"
"ဒီလိုလူမျိုးက သိပ်ပြီး ဆိုးတယ်လို့ မဆိုနိုင်ဘူး... ဒီတိုက်ကို သူတို့ အုပ်ချုပ်တာက တိန့်ဟူ တို့လက်ထဲ ရောက်တာထက်စာရင် သေချာပေါက် ပိုကောင်းမှာပါ"
ကျောက်ခိုင် က ဝင်ပြောလိုက်သည်။
"အစ်ကိုလင်း... ဘာလို့ ကျွန်တော်တို့ ကိုယ်တိုင် မအုပ်ချုပ်တာလဲ... တာအိုဆရာလင်း ကို ဘာလို့ အုပ်ချုပ်ခိုင်းရတာလဲ"
လင်းယွမ်က ပြုံးကာ မေးလိုက်သည်။
"ငါတို့အဖွဲ့မှာ လူအင်အား မနည်းတော့ဘူးနော်... ဒီဘက်ကလူတွေကိုပါ ထပ်လက်ခံလိုက်ရင် နောက်ပိုင်း သစ်ဖောင်လုပ်ပြီး ထွက်တဲ့အခါ လူဘယ်နှစ်ယောက်လောက် ခေါ်သွားနိုင်မှာလဲ"
"အဲဒီအချိန်ကျရင် ဒီလူတွေက မင်းနောက်လိုက်တွေ ဖြစ်နေပြီ... မင်းထွက်သွားတော့မယ်ဆိုရင် သူတို့ကိုပါ ခေါ်သွားဖို့ တောင်းပန်ကြလိမ့်မယ်... မင်း ခေါ်မလား"
ကျောက်ခိုင် တစ်ယောက် နှုတ်ဆိတ်သွားတော့သည်။
လင်းယွမ်က ဆက်ပြောသည်။
"ငါတို့က လူတိုင်းကို မကယ်နိုင်ဘူး... ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘေးနားက လူတွေကိုပဲ အရင် ကယ်နိုင်မှာ"
ကျောက်ခိုင် လည်း သက်ပြင်းချလိုက်ပြီး ပြောသည်။
"အစ်ကိုလင်း... တိုက်ထဲကနေ ထွက်ဖို့ တကယ် လိုလို့လား... အပြင်က အခြေအနေကို အစ်ကိုလည်း မြင်သားပဲ... ဟို ဖားကောင်ကြီး တစ်ကောင်တည်းနဲ့တင် တော်တော် အန္တရာယ်များနေပြီ"
"ရေလွှမ်းမိုးနေတော့ အပြင်မှာ ကြောက်စရာကောင်းတဲ့ ဘီလူးကောင်တွေ ဘယ်လောက်တောင် ရှိနေမလဲ မသိနိုင်ဘူး... ကျွန်တော်တို့က သစ်ဖောင်လေး တစ်စင်းတည်းနဲ့ ထွက်သွားတာ အရမ်း အန္တရာယ်မများလွန်းဘူးလား"
လင်းယွမ်က မီးပုံကို တုတ်ချောင်းဖြင့် ထိုးမွှေလိုက်ရင်း ပြောလိုက်သည်။
"ဒီကိစ္စကို ငါတို့ အရင်က ဆွေးနွေးပြီးသားလေ... ဒီမိုးကြီးက ဘယ်တော့မှ ရပ်မယ် မသိဘူး... ဘယ်အချိန်ထိ ရွာနေဦးမလဲ ဘယ်သူမှ မပြောနိုင်ဘူး"
"တကယ်လို့များ ၃၂ ထပ်အထိ ရေမြုပ်သွားပြီ ဆိုပါစို့... အဲဒီအချိန်ကျရင် ရေထဲက သတ္တဝါတွေက ပိုပိုများလာပြီး ပိုပြီး သန်မာလာကြလိမ့်မယ်... အဲဒီကျမှ သွားချင်ရင်တောင် သွားလို့မရတော့ဘူး"
"အခုသွားရင် အန္တရာယ် ရှိတယ်ဆိုပေမယ့် အသက်ရှင်ဖို့ လမ်းစ ရှိသေးတယ်"
"ဆက်စောင့်နေရင် ရေက ပိုနက်လာမယ်... ပင်လယ်နက်ထဲက အကောင်ကြီးတွေလည်း ဖြည်းဖြည်းချင်း ပေါ်လာလိမ့်မယ်... အဲဒီအချိန်ကျမှ တကယ့် အန္တရာယ်အစစ်ပဲ"
လင်းယွမ်က ပြောရင်းဖြင့် တိုက် (၇၆) တိုက်တွဲ ၁ တွင် ဝမ်ကျဲ အဖွဲ့မှ ချန်ဟုန် တို့လူစုကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာမိသည်။
ထိုစဉ်က ချန်ဟုန် တို့အဖွဲ့မှ ၇ ယောက်၊ ၈ ယောက်ခန့်ကို သတ်ဖြတ်ခဲ့ရာ အလောင်းများနှင့် သွေးများက ရေကြီးထဲသို့ စီးဝင်သွားပြီး ဧရာမ ရေဘဝဲကြီး တစ်ကောင်ကို ဆွဲဆောင်မိခဲ့သည်။
ထို ရေဘဝဲကြီးကို ယခုထိတိုင် သူ မှတ်မိနေသေးသည်။
လက်တံတစ်ချောင်းတည်းနှင့်ပင် ပေ ၃၀ ကျော် ရှည်လျားပြီး အားကုန် ရိုက်ချလိုက်ရာ ၁၂ ထပ်က စင်္ကြံလမ်းပင် ပြတ်ကျသွားခဲ့ရသည်။
ဒီလို သတ္တဝါဆိုးကြီးတွေတောင် မိန်တုဥယျာဉ် အနီးအနားကို ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်ဆွဲနေရင် ပိုကြီးမားတဲ့ ဘီလူးကောင်တွေ ပိုများလာဖို့ပဲ ရှိတော့သည်။
ဒါကြောင့် သူ အမြန်ဆုံး ထွက်ခွာမှ ရမည်။ မဟုတ်လျှင် နောက်ပိုင်း၌ တကယ် သွားလို့မရတော့သည့် အခြေအနေ ဖြစ်သွားလိမ့်မည်။
"ကျွန်တော်တို့က အရမ်း အားနည်းနေသေးတာပဲ" ကျောက်ခိုင် က ခါးသီးစွာ ပြောလိုက်သည်။
သန္ဓေပြောင်း အစွမ်း ရရှိထားသဖြင့် တိုက် (၇၆) က လူတွေကြားထဲတွင် သူက တော်တော်လေး အစွမ်းထက်သည်ဟု ဆိုနိုင်သည်။
သို့သော် အပြင်ဘက် ရေထဲမှ သတ္တဝါဆိုးကြီးများနှင့် ယှဉ်လိုက်လျှင် အလွန် သေးနုပ်နေသေးသည်။
နည်းပညာမြင့် လက်နက်များ မရှိတော့သည့်နောက် လူသားများသည် အစာကွင်းဆက်၏ ထိပ်ဆုံးနေရာမှ အရှင်သခင်များ မဟုတ်ကြတော့ပေ။
ဉာဏ်ပညာသည်လည်း အင်အားကွာခြားချက်ကို ဖြည့်ဆည်းမပေးနိုင်တော့ချေ။
"မင်းရဲ့ ရေခဲအစွမ်းက ဒီလိုပတ်ဝန်းကျင်မျိုးမှာ အရမ်း အသုံးဝင်တယ်... ညည်းမနေနဲ့... ဒီအတောအတွင်းမှာ မင်းရဲ့ သန္ဓေပြောင်း အစွမ်းအကြောင်း ကောင်းကောင်း လေ့လာပြီး အဆင့်မြှင့်တင်ဖို့ ကြိုးစား"
"ရေထဲက သတ္တဝါတွေ အဲဒီလောက် အစွမ်းထက်လာတာ ချက်ချင်း ဖြစ်လာတာ မဟုတ်ဘူး... သူတို့လည်း ငါးကြီးက ငါးငယ်ကို စားပြီး တိုက်ခိုက်သတ်ဖြတ်ရင်းကနေ ဆင့်ကဲပြောင်းလဲလာကြတာ"
"ငါတို့ လူသားတွေလည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဆင့်ကဲပြောင်းလဲလာခဲ့ပြီး သက်ရှိတွေရဲ့ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပဲ... ဒီတစ်ကြိမ်လည်း ထိပ်ဆုံးနေရာကို သေချာပေါက် ပြန်ရောက်နိုင်ရမယ်"
လင်းယွမ်၏ မျက်ဝန်းများက တောက်ပနေပြီး မီးရောင်အောက်တွင် စူးရှသော အရောင်များ လက်ခနဲ ဖြစ်သွားသည်။
ဤဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်မှာ လူသားတွေ အနည်းငယ် နောက်ကျကျန်နေခဲ့ပေမယ့် လုံးဝ ပြတ်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူးလို့ သူ ယုံကြည်သည်။
တစ်နေ့ကျလျှင် လူသားတွေက ဤခက်ခဲကြမ်းတမ်းသည့် ကာလကို ကျော်ဖြတ်ပြီး ကမ္ဘာ့မြေ၏အရှင်သခင် နေရာကို ပြန်လည် ရယူနိုင်မှာ အသေအချာပင်။
လင်းယွမ်၏ စကားကြောင့် ကျောက်ခိုင် လည်း စိတ်အားတက်ကြွလာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အစ်ကိုလင်း ပြောတာ မှန်တယ်... တစ်နေ့ကျရင် ကျွန်တော်တို့ ဒီရေဘေးကြီးကို ကျော်ဖြတ်နိုင်ရမယ်"
နှစ်ဦးသား စကားအနည်းငယ် ထပ်ပြောကြပြီး ညစာ စားသောက်ကာ အသီးသီး အခန်းပြန်ပြီး အနားယူကြတော့သည်။
အိပ်ခန်းထဲသို့ ရောက်သောအခါ လင်းယွမ်က တိုက် (၇၆) တိုက်တွဲ ၁ ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့အိမ်တွင် မီးလင်းနေသည်ကို တွေ့ရသည်။
ညဘက်ကျရင် သူ့အိမ်မှာသွားပြီး ရန်မေ ကို အဖော်လုပ်ပေးဖို့ တင်းယန် ကို သူ မှာထားပြီးသား ဖြစ်သည်။
တင်းယန်၏ လက်ရှိ သန္ဓေပြောင်းလဲနှုန်း အနေအထားအရ တိုက်တွဲ ၁ တစ်ခုလုံးတွင် သူမကို ယှဉ်နိုင်သူ မရှိလောက်ပေ။
ထို့ကြောင့် အိမ်ဘက်ခြမ်းအတွက် သူ သိပ်စိတ်မပူပေ။
အကြည့်ကို ပြန်ရုတ်သိမ်းပြီး မှောင်မည်းနေသော ရေပြင်ကို ကြည့်ကာ မျက်နှာ အနည်းငယ် တည်သွားသည်။
"ဟို ဖားကောင်ကြီး ဒီနားတစ်ဝိုက်က ရေထဲမှာ ရှိနေမှာ သေချာတယ်"
သူ မျက်မှောင်ကြုတ်လိုက်သည်။ ဒီဖားကောင်ကြီးကို တစ်ချိန်ကျရင် သူ သတ်ရမည်။
နောင်တစ်ချိန် သစ်ဖောင်လုပ်ပြီး ထွက်ခွာမည့်အခါ ဒီဖားကောင်ကြီးနဲ့ သေချာပေါက် ရင်ဆိုင်ရဦးမှာ ဖြစ်သည်။
"လောလောဆယ် ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က စိတ်စွမ်းအင်ပဲ... တခြား အရည်အသွေးမှတ်တွေကတော့ မျှနေတယ်လို့ ပြောရမယ်"
"မျှနေတာက အားနည်းချက် မရှိစေဘူး ဆိုပေမယ့် ငါ့ရဲ့ တိုးတက်နှုန်းကိုတော့ တော်တော်လေး နှေးကွေးစေတယ်"
လင်းယွမ် စဉ်းစားခန်း ဝင်လိုက်သည်။ မကြာသေးမီက အစားအသောက်နှင့် ငါးလဲလှယ်သည့် အစီအစဉ်ကြောင့် အမှတ်တွေ မနည်းမနော ရရှိခဲ့သည်။
ဟိုစုဒီစုနှင့် သူ အနည်းဆုံး အရည်အသွေးမှတ် အမှတ် ၂၀ လောက် မဲနှိုက်ပြီးခဲ့ပြီ။
၎င်းတို့က များသည်ဟု ထင်ရသော်လည်း အရည်အသွေးမှတ် အားလုံးကို ခွဲထည့်လိုက်သောအခါ သိပ်မသိသာတော့ပေ။
လောလောဆယ် သူ့ရဲ့ အရည်အသွေးမှတ် တစ်ခုချင်းစီက တခြား သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေကို အပြတ်အသတ် သာလွန်နေသည်။
သို့သော် ရေထဲက သတ္တဝါဆိုးကြီးတွေနဲ့ ယှဉ်ရင်တော့ နည်းနေသေးသည်။
"ငါ့မှာ အားကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း တစ်ခု လိုအပ်နေသေးတယ်"
"လက်ရှိ အရည်အသွေးမှတ် အားလုံးထဲမှာ စိတ်စွမ်းအင်က အမြင့်ဆုံးပဲ... နောက်ထပ် မဲနှိုက်ရင် စိတ်စွမ်းအင်ကို တတ်နိုင်သလောက် မြှင့်တင်ပြီး ၁၀ မှတ် ကျော်အောင် လုပ်ရမယ်"
ထိုသို့ တွေးလိုက်ပြီးနောက် လင်းယွမ်က အရည်အသွေး ဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။
မနက်က သန္ဓေပြောင်းငါးတွေကို သိမ်းဆည်းထားသဖြင့် လက်ရှိ အမှတ်မှာ ၅၁၆၂ မှတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
"စနစ်... မဲနှိုက်မယ်... သီးသန့် အရည်အသွေးမှတ်"
လင်းယွမ်က တွန့်ဆုတ်မနေဘဲ ချက်ချင်း မဲနှိုက်လိုက်သည်။
ရင်းနှီးနေသော အရည်အသွေးမှတ် ၅ မျိုးပါသည့် ကံစမ်းမဲဘီးကြီးက လင်းယွမ်၏ မျက်စိရှေ့တွင် ပေါ်လာသည်။
"မဲနှိုက်မယ်"
[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် အလျင် အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် စိတ်စွမ်းအင် အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
စနစ်၏ အသိပေးသံ ၅ ချက် ဆက်တိုက် ထွက်ပေါ်လာသည်။
ထို့နောက် လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ပူနွေးသော စီးကြောင်းများ စီးဆင်းလာပြီး ဦးနှောက်ထဲတွင် အေးမြသော ခံစားမှု လည်ပတ်သွားသည်ကို ခံစားလိုက်ရသည်။
အရည်အသွေးမှတ် အသီးသီးက ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ပေါင်းစပ်သွားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးလိုက်သည်။
ဘုံအရည်အသွေးမှတ် ၁ မှတ်သာလျှင် သူ ကိုယ်တိုင် ခွဲဝေပေးရန် စောင့်ဆိုင်းနေသည်။
လင်းယွမ်က တုံ့ဆိုင်းမနေဘဲ ထို ၁ မှတ်ကို စိတ်စွမ်းအင် ကဏ္ဍသို့ တိုက်ရိုက် ပေါင်းထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့စိတ်စွမ်းအားများ ထပ်မံ ကျယ်ပြန့်သွားသည်။
အေးမြသော အရှိန်အဝါများ လည်ပတ်သွားပြီးနောက် စိတ်အာရုံပင်လယ်ထဲတွင် အေးစိမ့်သွားကာ စိတ်စွမ်းအင်များက အလိုအလျောက် လျှံထွက်လာသည်။
သူ မျက်လုံးမှိတ်ထားသော်လည်း အခန်းတွင်း အခြေအနေအားလုံးကို မြင်တွေ့နေရဆဲ ဖြစ်သည်။
သူ့စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အကွာအဝေးမှာ ၆ ပေခန့် ထပ်မံ တိုးလာပြီး စုစုပေါင်း ပေ ၃၀ ကျော် အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၁၂၂) ဖားမိစ္ဆာကြီးများ ဝင်ရောက်တိုက်ခိုက်ခြင်း
လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားလိုက်သည်။ ပုံမှန်မဟုတ်သော ခံစားချက်အားလုံး လျော့ပါးပျောက်ကွယ်သွားသည့် အချိန်ရောက်မှသာ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး စနစ် ကို တိတ်တဆိတ် ခေါ်ယူကာ သူ၏ အရည်အသွေးမှတ် တန်ဖိုးများကို စစ်ဆေးကြည့်လိုက်၏။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၈.၈
ခွန်အား - ၅.၉
အလျင် - ၅.၈
စိတ်စွမ်းအင် - ၁၀.၇
သိုင်းပညာများ - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း
သန္ဓေပြောင်းလဲနှုန်း - ၂၇%
အမှတ် - ၁၆၂ မှတ်
ကံစမ်းမဲမှ ရရှိသောပစ္စည်းများ
ဂျုံမှုန့် - (၁) တန်
ဝက်သား - (၁) တန်
မုန့်မျိုးစုံ လက်ဆောင်ထုပ် - (၁) တန်
ကျောက်မီးသွေး - (၁) တန်
ဂလော့ခ် သေနတ်
ဓာတ်ဆီ - (၁) ပုံး
"အုန်းးးးး"
လင်းယွမ်၏ ဦးနှောက်အတွင်း တုန်ခါသွားပြီး စိတ်စွမ်းအင် (၁၀) မှတ်ကို ကျော်လွန်သွားသည့် ခဏ၌ပင် သူ၏ စိတ်စွမ်းအင်များ ပုံမှန်မဟုတ်တော့ကြောင်း ချက်ချင်း သတိထားမိလိုက်သည်။
ယခုအချိန်တွင် သူ၏ စိတ်စွမ်းအင်သည် လက်ဆုပ်လက်ကိုင်ပြ၍ ရနိုင်သော အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်လာပြီး ပြင်ပကမ္ဘာမှ အရာများကို အလွယ်တကူ ဝင်ရောက်စွက်ဖက် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး လေထဲတွင် ကြက်သွန်လှီးဓားတစ်ချောင်း ရုတ်တရက် ပေါ်လာသည်။ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်လိုက်သည့်အခါ ထိုဓားသည် လေထဲတွင် ပေါ့ပါးစွာ ဝဲပျံသွားလေတော့၏။
"စိတ်စွမ်းအင်နဲ့ ပစ္စည်းတွေကို ထိန်းချုပ်နိုင်သွားပြီပဲ"
လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"စိတ်စွမ်းအင် ၁၀ မှတ် ကျော်သွားတာနဲ့ ကြက်သွန်လှီးဓားလောက် အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ"
ယခင်က သံမှိုကဲ့သို့ ပေါ့ပါးသော အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ ကြက်သွန်လှီးဓားတစ်ချောင်း၏ အလေးချိန်သည် သံမှိုတစ်ချောင်းထက် များစွာ ပိုလေးလံလေသည်။
ဆိုလိုသည်မှာ သူ၏ စိတ်စွမ်းအင် စွမ်းအားသည် ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
"ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ ငါ့ကိုယ်ငါ ဘယ်တော့လောက်များ မနိုင်မလဲ မသိဘူး"
အကယ်၍ ထိုအဆင့်ထိ လုပ်ဆောင်နိုင်ခဲ့လျှင် စိတ်စွမ်းအင်ကို အသုံးပြုပြီး မိုးပေါ်သို့ ပျံသန်းနိုင်မည် မဟုတ်ပါလောဟု သူ တွေးတော ကြံဆလိုက်မိသည်။
စဉ်းစားကြည့်လျှင်... အပြင်ဘက်တွင် ရေကြီးနေပြီး သွားစရာလမ်းမရှိ ဖြစ်နေချိန်၌ မိမိဘာသာ စိတ်စွမ်းအင်ဖြင့် ပျံသန်းနိုင်ပါက မည်မျှ အဆင်ပြေလိုက်မည်နည်း။
သို့သော် ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ယခင်က သူ မြင်တွေ့ခဲ့ရသော စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး၏ အဖြစ်ဆိုးကို ရုတ်တရက် ပြန်လည် သတိရသွားသည်။
ရုပ်ရှင်ထဲမှ ရှူးပျံနှင့် တူသော ငှက်နဂါးကြီးက သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်သည့် မြင်ကွင်းသည် ယနေ့ထက်တိုင် သူ့စိတ်ထဲတွင် စွဲထင်နေဆဲပင်။
လင်းယွမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပြီး...
"ကြည့်ရတာ ပျံနိုင်ရင်တောင် မြေပြင်နဲ့နီးနီးလေးပဲ ပျံတာ အကောင်းဆုံး ဖြစ်မယ်... တိမ်တွေအထက်မှာ ငှက်ဘီလူးကောင်တွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
ယခုအချိန်အထိ နိုင်ငံတော်မှ ကယ်ဆယ်ရေးအဖွဲ့များ ဘာကြောင့် ရောက်မလာနိုင်သေးသလဲ ဆိုသည်ကို သူ ကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။
ရေ၊ လေ၊ ကုန်းလမ်းဟူသော သွားလာရေးလမ်းကြောင်း သုံးခုတွင် ကုန်းလမ်းမှာ ရေလွှမ်းမိုးခံထားရပြီး၊ ရေထဲတွင်လည်း သန္ဓေပြောင်း သတ္တဝါဆိုးကြီးများ ပြည့်နှက်နေသဖြင့် လှေသင်္ဘောများဖြင့် သွားလာခြင်းသည် အလွန် အန္တရာယ်များလှသည်။
ထို့ပြင် ဝေဟင်၌လည်း ထိုကဲ့သို့သော ငှက်နဂါးကြီးများ ပျံဝဲနေသည့်အတွက် လေယာဉ်ဖြင့် ခရီးသွားခြင်းသည်လည်း အန္တရာယ် ထူပြောလွန်းလှပေသည်။
"နိုင်ငံတော်က ပြည်သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ကြဖို့ ကြေညာတာ အလကားတော့ မဟုတ်ဘူး... တကယ်ကို နည်းလမ်းမရှိတော့လို့ပဲ"
"ဒါပေမဲ့ နိုင်ငံတော် အစိုးရစက်ယန္တရားကြီးရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင်တော့ စနစ်တကျ ပြန်လည်စုဖွဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိဦးမှာပါ... ဘယ်နေရာမှာ ရောက်နေလဲ ဆိုတာကိုပဲ မသိရတာ"
လင်ကျောင်းမြို့တွင် ကြီးမားသော စစ်စခန်းရှိသည်ဟု မကြားဖူးသလို လင်းယွမ်တို့ နေထိုင်ရာ ဒေသတစ်ဝိုက်တွင် ပို၍ပင် မရှိနိုင်ပေ။ ထို့ကြောင့် သူတို့ဘက်တွင် နိုင်ငံတော်၏ အကူအညီကို မျှော်လင့်၍ ရနိုင်မည် မဟုတ်တော့ပါ။
သူသည် စွမ်းရည်မြင့်တက်လာသော ခန္ဓာကိုယ်ကို အသားကျစေရန် အနည်းငယ် လှုပ်ရှားကြည့်လိုက်သည်။
၈.၈ အထိ မြင့်တက်လာသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် သူ၏ အားအင်များမှာ အလွန် ပြည့်ဝနေပြီး အစွမ်းကုန် ထုတ်သုံးလိုက်လျှင်ပင် ကြာရှည်ခံနိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့သည်။
လက်ရှိ ခန္ဓာကိုယ် ခံနိုင်ရည်နှင့်ဆိုလျှင် သူသည် အားကုန်သုံး၍ လက်သီးချက်ပေါင်း ရာချီ ထိုးနှက်လိုက်လျှင်ပင် မောပန်းနွမ်းနယ်ခြင်း မရှိပေ။
ထို့အပြင် စိတ်စွမ်းအင် အရည်အသွေး မြင့်တက်လာမှုကြောင့် ယခင်က (၅) မိနစ်ခန့်သာ အသုံးပြုနိုင်သော စိတ်စွမ်းအင်ကို ယခုအခါ (၁၀) မိနစ်ခန့် အသုံးပြုပြီးမှသာ စိတ်ပင်ပန်းနွမ်းနယ်မှုကို စတင် ခံစားရတော့မည် ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ စိတ်စွမ်းအင် ကုန်ဆုံးသွားပြီးနောက် ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာလည်း မြန်ဆန်လာသည်။ ယခင်က ပြန်လည် ကောင်းမွန်ရန် တစ်နာရီခန့် အနားယူရသော်လည်း ယခုအခါ မိနစ် (၄၀) ခန့် အနားယူလိုက်ရုံဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်း ပြည့်ဝသွားနိုင်ပြီ ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်းသည် သူ၏ ခံနိုင်ရည်နှင့် ပြန်လည်သက်သာလာမှု စွမ်းရည်တို့ကို ဘက်ပေါင်းစုံမှ သိသိသာသာ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်မှာ ယုံမှားသံသယ ဝင်စရာ မလိုပေ။
"ဒီတစ်ည နားလိုက်မယ်... မနက်ဖြန်ကျရင် တာအိုဆရာလင်းတို့ ငါးဘယ်လောက်များများ ဖမ်းမိမလဲ မသိဘူး"
တာအိုဆရာလင်းတို့ အဖွဲ့က သူ့အကြွေးကို ဆပ်ရန် ညလုံးပေါက် ငါးဖမ်းနေကြမည့် အကြောင်း တွေးမိသောအခါ လင်းယွမ်က ပြုံးလိုက်မိသည်။
မနက်ဖြန် မိုးလင်းသည်နှင့် အမှတ်ပေါင်း မြောက်မြားစွာ ဝင်လာဦးမည် ဖြစ်သည်။
ထိုကိစ္စထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ ဘာရှိဦးမည်နည်း။
သူသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်လုံးများကို မှိတ်ကာ အနားယူလိုက်သည်။ သို့သော် အမှန်တကယ် အိပ်ပျော်သွားခြင်းတော့ မဟုတ်ပေ။ ဤကဲ့သို့ စိမ်းသက်သော နေရာတွင် သတိဝီရိယကို အမြဲ လက်ကိုင်ထားခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့ အနားယူနေကြချိန်တွင် တိုက် (၇၅) တစ်ခုလုံးရှိ တိုက်တွဲအသီးသီးမှ လူများသည် တိန့်ဟူ သေဆုံးသွားခြင်းအတွက် ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။
တာအိုဆရာလင်းသည် ရန်ဆန်းမင်၊ ရှီဟိုင်ကျူးး နှင့် အခြားသူများကို ဦးဆောင်ကာ တိန့်ဟူ အဖွဲ့၏ နှိပ်စက်မှုကို ခံခဲ့ရဖူးသော အိမ်ပိုင်ရှင်များနှင့်အတူ တိန့်ဟူ၏ နောက်လိုက် လက်ကျန်များကို လိုက်လံ ဖမ်းဆီးနေကြသည်။
(၁၄) လွှာတွင် တာအိုဆရာလင်းနှင့် လူအုပ်ကြီး စုဝေးနေကြ၏။
ရှီဟိုင်ကျူးးက လူအုပ်ကြီးကို ဦးဆောင်လျက် ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"တာအိုဆရာလင်း... ဒေါက်တာရန်... တိန့်ဟူရဲ့ တပည့်ကျော်တွေကို ကျွန်တော်တို့ ဖမ်းမိထားပြီ... ယွိရုံချောင်နဲ့ ကျိုးတခိုင် နှစ်ယောက်က ပြန်ခုခံဖို့ ကြိုးစားသေးတယ်... အဲ့ဒါနဲ့ပဲ လူအုပ်ကြီးရဲ့ ဝိုင်းရိုက်တာခံရပြီး ပွဲချင်းပြီး သေသွားကြတယ်"
တာအိုဆရာလင်းက လက်ရန်းကို ပုတ်လိုက်ပြီး ပြောလိုက်၏။
"အဲဒီ ခွေးမသားနှစ်ကောင်က သေသင့်တာ ကြာပြီ... သေတာတောင် နည်းသေးတယ်"
သူ သန္ဓေပြောင်းအစွမ်း နိုးထမလာခင် အချိန်တုန်းက ထိုလူနှစ်ယောက်သည် မျက်နှာချင်းဆိုင် အခန်းမှ မိန်းကလေးတစ်ဦးကို အခန်းထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး စော်ကားခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထိုအချိန်က တာအိုဆရာလင်းသည် ကြောက်လန့်တုန်လှုပ်နေခဲ့သော်လည်း ထိုလူနှစ်ယောက်ကို အလွန်အမင်း ရွံရှာမုန်းတီးခဲ့သည်။ ယခု ထိုသူနှစ်ဦး သေဆုံးသွားပြီဟု ကြားလိုက်ရသောအခါ သူ အလွန် စိတ်လှုပ်ရှား ကျေနပ်သွားမိသည်။
ရန်ဆန်းမင်က အလျင်အမြန် မေးလိုက်သည်။
"တိန့်ဟူ ဖွက်ထားတဲ့ အစားအသောက်တွေရော တွေ့ပြီလား"
ရှီဟိုင်ကျူးက ခေါင်းခါလိုက်ပြီး...
"အခန်း ၃၂၁၂ ကို ကျွန်တော်တို့ ဝိုင်းထားပြီးပြီ... လျန်မင်ရှုတို့ မိန်းမသုံးယောက်စလုံးကတော့ အစားအသောက်တွေက ၃၂၁၁... ၃၂၀၇ နဲ့ ၃၂၀၈ အခန်းတွေထဲမှာ ရှိတယ်လို့ ပြောနေကြတာပဲ"
တာအိုဆရာလင်းက ချက်ချင်း ဝင်မေးလိုက်သည်။
"အဲဒီအခန်းတွေကိုရော ရှာပြီးပြီလား"
ရန်ဆန်းမင်က ဝင်ပြောသည်။
"ရှာပြီးတာ ကြာပြီ... ဟို ကျောက်ခိုင်ဆိုတဲ့လူ တိုက်တွဲ (၄) ဘက်ကို ဝင်တိုက်တုန်းက ကျွန်တော်တို့လည်း နောက်ကနေ လိုက်သွားကြတာပဲ"
"ဒါဆို တစ်ယောက်ယောက် ယူသွားတာများလား" တာအိုဆရာလင်းက အံ့သြဒေါသထွက်စွာ မေးလိုက်သည်။
"မဖြစ်နိုင်ဘူး... ဆရာလင်းယွမ် ကလွဲရင် အဲဒီအခန်းနှစ်ခုထဲကို ဘယ်သူမှ ဝင်မသွားဘူး" ရန်ဆန်းမင်က ချက်ချင်း ပြန်ဖြေသည်။
"ဒါဆို သူပဲ ယူသွားတာလား" တာအိုဆရာလင်းက မေးလိုက်ပြန်သည်။
ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
"တာအိုဆရာလင်း... ဆရာလင်း ပြန်ထွက်လာတုန်းက ကျွန်တော်တို့ ကြည့်နေတာပဲ... သူ့လက်ထဲမှာ ဘာပစ္စည်းမှ ပါမလာဘူး... သူ ယူသွားတာ မဖြစ်နိုင်ပါဘူး"
"သူများ ဖွက်ထားခဲ့တာလား... မင်းတို့ သေချာ မတွေ့လိုက်တာများလား... သူက သန္ဓေပြောင်းလူသား တစ်ယောက်လေ" တာအိုဆရာလင်းက သံသယဖြင့် မေးလိုက်သည်။
ရန်ဆန်းမင်က ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်လောက်ဘူး... အဲဒီအခန်းနှစ်ခုလုံးကို ကျွန်တော်တို့ မွှေနှောက်ရှာဖွေပြီးပြီ... ပစ္စည်းဝှက်စရာ နေရာဆိုလို့ ဘာမှမရှိဘူး"
"ပြီးတော့ ဆရာလင်း အထဲဝင်သွားတာကလည်း သိပ်မှ မကြာတာ... ကျောက်ခိုင်က တိုက်တွဲ (၄) ဘက်ကို ပြေးတုန်းက ကျွန်တော်တို့လည်း ကပ်ပါသွားတာပဲ... ရှေ့ဆင့်နောက်ဆင့် အချိန်လေးအတွင်းမှာ ပစ္စည်းတွေ သယ်ထုတ်ဖို့ဆိုတာ အချိန်လိုဦးမှာလေ"
တာအိုဆရာလင်း မျက်မှောင်ကြုတ်သွားသည်။
"သရဲခြောက်နေသလား အောက်မေ့ရတယ်... တိန့်ဟူက အစားအသောက်တွေ အများကြီး လုယက်ထားတာကို... ဘယ်လိုလုပ်ပြီး တစ်ခုမှ ရှာမတွေ့ရတာလဲ... လင်း ဆိုတဲ့လူက မျက်လှည့်အတတ်များ တတ်နေတာလား"
ရှီဟိုင်ကျူးးက မနေနိုင်ဘဲ ဝင်ပြောပြန်သည်။
"ဒီ ဆရာလင်းမှာ ထူးခြားတဲ့ သန္ဓေပြောင်းအစွမ်းများ ရှိနေတာလား"
တာအိုဆရာလင်းက ခေါင်းခါလိုက်ပြီး...
"ဟို လင်း ဆိုတဲ့လူက ခွန်အားအမျိုးအစား သန္ဓေပြောင်းသူဆိုတာ သိသာပါတယ်... တိန့်ဟူတောင် သူ့ကို ခွန်အားချင်း ယှဉ်တော့ ရှုံးသွားတာလေ... သူ့ရဲ့ အစွမ်းက တစ်ချက်ကြည့်လိုက်တာနဲ့ သိသာတယ်... သန္ဓေပြောင်းအစွမ်းကို သုံးပြီး ပစ္စည်းဖွက်နိုင်စွမ်း မရှိလောက်ဘူး"
"အနီးအနားက တခြားအခန်းတွေကိုရော ရှာပြီးပြီလား"
ရှီဟိုင်ကျူးးက "အကုန် ရှာပြီးပြီ... အပေါ်ထပ် အောက်ထပ် အကုန်လုံးကို တစ်ခန်းဝင် တစ်ခန်းထွက် ရှာခဲ့တာ... တိုက်တွဲ (၄၊ ၅၊ ၆) သုံးခုလုံးကို မြေလှန်ရှာဖို့ပဲ ကျန်တော့တယ်" ဟု ပြောလိုက်သည်။
တာအိုဆရာလင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ တိန့်ဟူရဲ့ မယားငယ်တွေ ပါးစပ်ကနေ အဖြေထွက်အောင် စစ်မေးမှ ရတော့မယ်... အဲဒီ မိန်းမတွေကို သေချာ စောင့်ကြည့်ထား"
"အခန်း ၃၂၁၂ ထဲမှာ ပိတ်လှောင်ထားတယ်... ဆရာ မှာထားတဲ့အတိုင်း ဘယ်သူ့ကိုမှ ပေးမဝင်ဘူး... တံခါးဝမှာ ညီအစ်ကိုတွေကို စောင့်ခိုင်းထားတယ်" ရှီဟိုင်ကျူးက ဆိုသည်။
တာအိုဆရာလင်းက ခေါင်းညိတ်လိုက်ပြီး မိုးလေဝသ အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ... မိုးလည်း ချုပ်နေပြီ... ညဘက်ဆိုရင် ငါးတွေက ပိုပြီး ငြိမ်တယ်... ငါးဖမ်းလို့ အကောင်းဆုံးအချိန်ပဲ... ငါတို့က ဟို လင်း ဆိုတဲ့လူကို ငါးအကောင် ရာချီ ပေးဖို့ ကျန်နေသေးတာ... လူတွေကို အားစိုက်ခိုင်းလိုက်... ဒီည အကုန်လုံး အောက်ထပ်ဆင်းပြီး ငါးဖမ်းကြမယ်"
"အကြွေးအမြန်ကြေမှ ဒီလူ့ကို အမြန် ပြန်လွှတ်လို့ ရမှာ"
ရန်ဆန်းမင်က တာအိုဆရာလင်းကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ခင်ဗျားက ဒီ ဆရာလင်းလည်း ဒုတိယမြောက် တိန့်ဟူ ဖြစ်လာမှာကို စိုးရိမ်နေတာလား"
တာအိုဆရာလင်းက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"သတိတော့ ထားရမှာပေါ့ဗျာ... အခု သူက ငါးကြွေး လက်ကျန်မရသေးလို့ဆိုပြီး မပြန်ဘဲ နေနေတာ... ဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး... ငါတို့ သူ့ကို ပေးစရာရှိတဲ့ ငါးတွေ အမြန်ဆုံး ပေးလိုက်မှ ဒီမှာ ဆက်နေဖို့ အကြောင်းပြချက် မရှိတော့မှာ"
ရန်ဆန်းမင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ခင်ဗျားပြောတာ ဟုတ်တယ်... တိုက်တွဲ (၆) ခုလုံးမှာ လူတွေ အများကြီးရှိတာပဲ... အားလုံး ဝိုင်းပြီး ငါးဖမ်းကြရင် တစ်ညတည်းနဲ့ ငါး (၅၀၀) လောက်က မခဲယဉ်းပါဘူး... မနက်လင်းတာနဲ့ သူ့ကို ငါးအပြည့်အဝ ပေးနိုင်မှာပါ"
"ကဲ... အားလုံးကို ငါးဖမ်းဖို့ လှုံ့ဆော်လိုက်ကြ"
"သိပြီ"
တာအိုဆရာလင်း၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့သည် လူအုပ်ကြီးကို ဦးဆောင်ကာ လှေကားထစ်များတွင် မီးတုတ်များ ထွန်းညှိလိုက်ကြသဖြင့် (၁၄) လွှာ တစ်ခုလုံး လင်းထိန်သွားလေသည်။
စင်္ကြံလမ်းတစ်လျှောက်တွင်လည်း မီးတုတ်များ ထွန်းညှိထားသဖြင့် မည်းမှောင်နေသော ရေပြင်ကြီးမှာ အလင်းရောင် ရရှိသွားသည်။
မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေမျက်နှာပြင်မှာ ထပ်မံ မြင့်တက်လာပြီး (၁၃) လွှာ၏ နေရာအတော်များများကို ရေလွှမ်းမိုးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် (၁၄) လွှာမှသာ နေ၍ ငါးဖမ်းနိုင်ကြသည်။
အချို့က ငါးမျှားကြသလို၊ အချို့က ခြင်ထောင်များကို ရိုးရှင်းသော ငါးဖမ်းပိုက်များအဖြစ် ပြုလုပ်ကာ ငါးဖမ်းကြသည်။
သတ္တိကောင်းသူ အချို့ကမူ (၁၃) လွှာ စင်္ကြံလမ်းသို့ ဆင်းသွားပြီး ထူထဲသော ရော်ဘာဖိနပ်ရှည်များကို စီးကာ ခါးလည်လောက် နက်သော ရေထဲတွင် လက်ဗလာဖြင့် ငါးစမ်းကြသည်။
အတိုချုပ် ပြောရလျှင် ငါးဖမ်းရန်အတွက် လူတိုင်း နည်းလမ်းမျိုးစုံ သုံးနေကြခြင်း ဖြစ်သည်။
တိုက် (၇၅) တစ်ခုလုံးတွင် လူများ၏ ပျော်ရွှင်စွာ အော်ဟစ်သံများဖြင့် ဆူညံနေသည်။
တစ်စုံတစ်ယောက်က ငါးဖမ်းမိလျှင် အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။
သို့သော် တခါတရံတွင် ငါးစမ်းသူများ၏ နာကျင်စွာ အော်ဟစ်သံများကိုလည်း ကြားရတတ်သည်။
ထိုအသံမှာ သန္ဓေပြောင်း ငါးများ၏ ကိုက်ခဲခြင်းကို ခံရ၍ ဖြစ်သည်။
ထိုအချိန်၌ မှောင်မည်းနေသော ရေပြင်ထဲတွင် လူပုံစံပေါက်နေသော သတ္တဝါအချို့ ရေပေါ်သို့ ပေါ်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ထိုသတ္တဝါများသည် ခြေလက်လေးဖက် ပါရှိပြီး ခန္ဓာကိုယ်ပေါ်တွင် မှိုစိမ်းရောင် အစင်းကြား ရှည်ကြီးများ ပါရှိသည်။ ခေါင်းတစ်ခုလုံး ပြားချပ်နေပြီး ပါးစပ်ပေါက်ကမူ ခေါင်းတစ်ဝက်လောက်အထိ နေရာယူထားလေသည်။
၎င်းတို့သည် မီးရောင်များ လင်းလက်နေသော လူအုပ်ကြီးကို လှမ်းမျှော်ကြည့်နေကြ၏။
"ပလုံ"
ထိုအထဲမှ ဖားမိစ္ဆာကြီး တစ်ကောင်က ရေထဲသို့ ရုတ်တရက် ခုန်ဆင်းလိုက်သဖြင့် ရေပွက်များ ထသွားသည်။
ဘေးနားရှိ အခြား ဖားမိစ္ဆာများကလည်း ရေထဲသို့ အသီးသီး ခုန်ဆင်းလိုက်ကြသည်။
ထို ဖားမိစ္ဆာကြီးများသည် သန်မာသော ကြွက်သားများဖြင့် ရေကို ယက်ကန်လိုက်ရာ ရေစီးကြောင်းများ ဖြစ်ပေါ်လာသည်။
၎င်းတို့၏ ခန္ဓာကိုယ်များသည် မြှားတံများအလား အဆောက်အအုံရှိရာသို့ တရှိန်ထိုး ကူးခတ်သွားကြလေသည်။
(၁၃) လွှာ၊ တိုက်တွဲ (၃) ရှိ အခန်း (၁၃၀၅) ၏ အိပ်ခန်းထဲတွင် လူငယ်အချို့သည် ရော်ဘာဖိနပ်ရှည်များ စီးထားပြီး ခြေထောက်တွင် သစ်သားပြားများ စည်းနှောင်ကာ ငါးဖမ်းနေကြသည်။
"ရှောင်ဟီ... ရှောင်ကျိုး... မင်းတို့နှစ်ယောက် တံခါးဝကို ပိတ်ထား... ငါနဲ့ ဦးလေးချင်းက ဟိုဘက်ကနေ မင်းတို့ဆီကို ငါးတွေ မောင်းလာခဲ့မယ်"
"ဦးလေးလီ... တံခါးပိတ်ထားပြီးပါပြီ... ဒီအိပ်ခန်းထဲမှာ ငါးတွေ အများကြီး ရှိမယ်လို့ ခံစားနေရတယ်... ကျွန်တော့်ခြေထောက်မှာ စည်းထားတဲ့ သစ်သားပြားကို ငါးတွေ လာကိုက်နေတာ ခဏခဏပဲ"
ရှောင်ကျိုးက ငါးသုံးလေးကောင် ရထားပြီဖြစ်သော ပိုက်ကွန်ကို ကိုင်ရင်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ဘေးနားရှိ ရှောင်ဟီကလည်း "ဟုတ်တယ်... ငါတို့ ဒီနည်းနဲ့ ဖမ်းတာက အပေါ်က ငါးမျှားနေတဲ့လူတွေထက် ပိုမြန်တယ်မလား" ဟု ဝင်ပြောသည်။
"ဒါကို စွန့်စားမှ လာဘ်ရတယ်လို့ ခေါ်တယ်ကွ... ငါတို့က ငါးအကိုက်ခံရမယ့် အန္တရာယ်ကို စွန့်စားထားမှတော့ ရလာဒ်ကလည်း ပိုကောင်းရမှာပေါ့" ဦးလေးချင်းက ဟားတိုက် ရယ်မောလိုက်သည်။
ရှောင်ကျိုးနှင့် ရှောင်ဟီတို့က အိပ်ခန်းတံခါးကို ပိတ်ဆို့ကာ စောင်အစွပ်ကို ပိုက်ကွန်သဖွယ် ဖြန့်ထားကြပြီး ဦးလေးချင်းနှင့် ဦးလေးလီတို့က အခန်းထောင့်မှနေ၍ ရေကို ပုတ်ခတ်ကာ ငါးများကို တံခါးဝဘက်သို့ မောင်းနှင်ပေးကြသည်။
လေးယောက်သား ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာမီ ငါးမောင်းခြင်း တစ်ကျော့ ပြီးဆုံးသွားသည်။ ရှောင်ဟီနှင့် ရှောင်ကျိုးတို့က စောင်အစွပ်ကို ဆွဲမလိုက်ရာ ရေများ စီးကျလာသည်။
အထဲတွင် ငါးများ ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို ခံစားလိုက်ရသဖြင့် သူတို့အားလုံး ဝမ်းသာသွားကြသည်။
"အကောင်ကြီးတွေကွ"
"ဟာ... မိပြီဟေ့... ဦးလေးလီ၊ ဦးလေးချင်း... လာဝိုင်းကူကြပါဦး"
ဦးလေးလီနှင့် ဦးလေးချင်းတို့ အမြန် ပြေးလာကြသည်။ စောင်အစွပ်မှာ ရေစစ်ရ ခက်ခဲသဖြင့် နှစ်ယောက်တည်းဖြင့် မနိုင်ပေ။
လေးယောက်သား ဝိုင်းဆွဲလိုက်မှသာ စောင်အစွပ်ကို ရေပေါ်သို့ ဆွဲတင်နိုင်တော့သည်။
ထိုသို့ ပြောဆိုနေကြစဉ် အိပ်ခန်းတံခါးဝဆီမှ "ဒုန်း... ဒုန်း" ဟူသော အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဦးလေးလီ မျက်မှောင်ကြုတ်လိုက်ပြီး အော်ပြောလိုက်သည်။
"ဘယ်သူလဲကွ... ဒီအိပ်ခန်းကို ငါတို့အရင် ဦးထားတာ... မင်းတို့ ငါးဖမ်းချင်ရင် တခြားအခန်း သွားကြ"
ဦးလေးချင်းကလည်း "ငါတို့ အရင်နေရာယူထားတာ... တခြားနေရာ သွားကြကွာ" ဟု ဝင်ပြောသည်။
သို့သော် အပြင်ဘက်မှ တံခါးတိုက်ခိုက်သံမှာ ရပ်မသွားဘဲ ဆက်လက် မြည်ဟည်းနေသည်။
လူငယ်ဖြစ်သူ ရှောင်ဟီက ဒေါသထွက်လာပြီး...
"တောက်... ဘာလို့ လာခေါက်နေတာလဲ... ငါးဖမ်းတာတောင် ဦးသူယူစနစ် မသိကြဘူးလား"
သူက အိပ်ခန်းတံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်ပြီး အပြင်သို့ ကြည့်လိုက်သည်။
အပြင်ဘက် ဧည့်ခန်းထဲတွင် ဆိုဖာများ၊ စားပွဲကုလားထိုင်များ ရေထဲတွင် ပေါလောပေါ်နေပြီး ရေလှိုင်းများသာ ရှိနေသည်။
သို့သော် လူအရိပ်အယောင် တစ်ခုမျှ မတွေ့ရပေ။
သူ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "ဘာဖြစ်တာလဲဟ"
ရှောင်ကျိုးကလည်း ခေါင်းပြူကြည့်ပြီး "လူမှမရှိတာ... ငါးတွေများ တံခါးကို လာတိုက်နေတာလား" ဟု ပြောလိုက်သည်။
"ဟားဟား... ငါတို့တွေကလည်း ကြောက်တတ်လွန်းနေတယ်" ဦးလေးလီက ရယ်မောလိုက်သည်။
ဦးလေးချင်းကလည်း ရယ်မောလျက် "တိန့်ဟူက အခုမှ သေထားတာ... တာအိုဆရာလင်းတို့ကလည်း စည်းကမ်းထိန်းသိမ်းနေတော့ ဒီအချိန်မှာ ဘယ်သူမှ ပြဿနာလာရှာရဲမှာ မဟုတ်ပါဘူး"
"ကဲပါ... ငါတို့ စောင်အစွပ်ကို (၁၄) လွှာဆီ ဆွဲတင်သွားပြီး ရေစစ်ကြည့်ရအောင်... ငါးဘယ်လောက်ရလဲ သိချင်လှပြီ"
"သိပြီ" လေးယောက်သား ပြန်ထူးလိုက်ပြီး စောင်အစွပ်ထောင့်များကို တစ်ယောက်တစ်ဖက်စီ ကိုင်ကာ ဧည့်ခန်းဘက်သို့ ထွက်လာခဲ့ကြသည်။
ရုတ်တရက်... ရှောင်ဟီက သူ့ခြေမျက်စိကို တစ်စုံတစ်ခုက ရစ်ပတ်လိုက်သလို ခံစားလိုက်ရသည်။
သူ လန့်ဖျပ်ပြီး အော်လိုက်၏။ "ဘာကောင်လဲဟ"
ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူ့ကို ရစ်ပတ်ထားသော အရာက အားကုန် ဆွဲချလိုက်လေသည်။
ခဏချင်းမှာပင် ရှောင်ဟီတစ်ယောက် ရေထဲသို့ ခေါင်းစိုက်ကျသွားတော့သည်။
"ဖူး... ဖူး... ကယ်... ကယ်ကြပါဦး"
သူ ကြောက်လန့်တကြား ရေမွန်းကာ အသက်ရှုကျပ်လာပြီး လက်ကို ဝှေ့ယမ်း၍ အသည်းအသန် ရုန်းကန်နေသည်။
ဧည့်ခန်းထဲရှိ ရေပြင်တစ်ခုလုံး လှုပ်ရှားသွားပြီး လှိုင်းတံပိုးများ ထန်လာသည်။
ကျန်သုံးယောက်မှာ မျက်နှာပျက်သွားကြ၏။
"ရှောင်ဟီ"
ဦးလေးချင်းက ကျောဘက်မှ တုတ်တစ်ချောင်းကို အမြန်ဆွဲထုတ်ပြီး ရေထဲသို့ လိုက်လံ ရိုက်နှက်လိုက်သည်။
"ရွှပ်"
ထူးဆန်းသော အသံတစ်သံနှင့်အတူ ရေအောက်ထဲတွင် အနီရောင် အရိပ်တစ်ခု လှုပ်ရှားသွားသည်။
အားလုံး အခြေအနေကို နားမလည်နိုင်ခင်မှာပင် ရှောင်ကျိုးက တုန်လှုပ်စွာဖြင့် "ဘာကောင်ကြီးလဲ" ဟု မေးလိုက်သည်။
ဦးလေးချင်းနှင့် ဦးလေးလီတို့ လှည့်ကြည့်လိုက်ရာ ရှောင်ကျိုးကို မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်သွားကြသည်။
ရှောင်ကျိုးလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အသက်ရှု၍ မရတော့သလို ရင်ဘတ်ထဲမှလည်း နာကျင်မှုများ ခံစားလိုက်ရသည်။
သူ ငုံ့ကြည့်လိုက်သောအခါ... မည်သည့်အချိန်က ဖောက်ဝင်လာမှန်း မသိသော အချွဲများဖြင့် ပြည့်နှက်နေသည့် ပန်းရောင် လျှာရှည်ကြီး တစ်ခုက သူ့ရင်ဘတ်ကို ထိုးဖောက်ထားသည်ကို တွေ့လိုက်ရသည်။
"အ... အစ်"
ရှောင်ကျိုး ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာတော့ပေ။ နောက်တစ်ခဏတွင် ထို ပန်းရောင်လျှာရှည်ကြီးက အောက်သို့ ကွေးညွှတ်သွားပြီး သူ့ကို ရစ်ပတ်လိုက်သည်။
ရှောင်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရတော့ဘဲ ရေအောက်သို့ ချက်ချင်း ဆွဲချခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေပြင်အောက်သို့ ပျောက်ကွယ်သွားလေတော့သည်။
ဦးလေးချင်းနှင့် ဦးလေးလီတို့ ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီးနောက် သူတို့၏ မျက်နှာကြီးများ ဖြူဖျော့သွားကြသည်။
"မိစ္ဆာကောင်တွေ"
"ကယ်ကြပါဦးဗျ"
နှစ်ယောက်သား စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး အသက်လု၍ ထွက်ပြေးကြလေသည်။
ဦးလေးချင်းက ဧည့်ခန်းတံခါးပေါက်ဆီသို့ ပြေးပြီး (၁၄) လွှာသို့ တက်ရန် ကြိုးစားသည်။
ဦးလေးလီကမူ ပါးနပ်စွာဖြင့် အိပ်ခန်းဘက်သို့ ပြန်ပြေးပြီး တံခါးပိတ် ပုန်းအောင်းရန် ကြိုးစားသည်။ ထို့နောက် အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးရန် စဉ်းစားလိုက်သည်။
သို့သော် သူတို့နှစ်ဦး ရေထဲတွင် လှုပ်ရှားလိုက်သည်နှင့် ရေအောက်မှ ပန်းရောင်လျှာ နှစ်ချောင်း ပစ်လွှတ်လိုက်ပြန်သည်။
"ဖောက်... ဖောက်"
ပြင်းထန်သော လျှာဖြင့် ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ ဖောက်ထွင်းခံလိုက်ရသည်။
သူတို့ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ရေအောက်သို့ တရွတ်တိုက် ဆွဲချခံလိုက်ရလေသည်။
ခဏကြာသော် ရေပြင်က ဆူပွက်လာပြီး သွေးများ များပြားစွာ ထွက်ပေါ်လာကာ အခန်းထဲရှိ ရေပြင်တစ်ခုလုံး ရဲရဲနီသွားတော့သည်။
"ဘာသံကြီးလဲ"
"မင်း ကြားလိုက်လား"
" (၁၃) လွှာဘက်က လာတဲ့အသံနဲ့ တူတယ်"
(၁၄) လွှာတွင် ငါးမျှားနေသူအချို့ ထိုဆူညံသံကို ကြားလိုက်ရသဖြင့် (၁၃) လွှာဘက်သို့ သံသယဖြင့် လှမ်းကြည့်လိုက်ကြသည်။
(၁၃) လွှာ စင်္ကြံလမ်းတွင် ငါးဖမ်းနေသူများလည်း ထိတ်လန့်တကြားဖြင့် ထိုအခန်းဘက်သို့ လှည့်ကြည့်ပြီး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
ရုတ်တရက် စင်္ကြံလမ်းပေါ်ရှိ မျက်စိလျင်သူ တစ်ယောက်က မီးတုတ်အလင်းရောင်ဖြင့် အခန်းထဲမှ သွေးများ စီးထွက်လာသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာပျက်သွားသည်။
"မကောင်းတော့ဘူး... တစ်ခုခု ဖြစ်နေပြီ"
တစ်ယောက်က အော်ဟစ်လိုက်ပြီး အခြားလူများကို ထိုနေရာသို့ ကြည့်ရန် လှမ်းခေါ်လိုက်သည်။
လူအုပ်ကြီး သံသယဖြစ်နေစဉ် အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်ကြသော အခါ...
ရုတ်တရက် ရေထဲမှ "ဝုန်း" ခနဲ အသံမြည်လာပြီး အရိပ်မည်းတစ်ခု ခုန်ထွက်လာသည်။
စင်္ကြံလမ်းပေါ်ရှိ လူတစ်ယောက် ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း ချက်ချင်းပင် ရေအောက်သို့ ဆွဲချခြင်း ခံလိုက်ရသည်။
ထိုအချိန်မှာပင် ပန်းရောင် အရိပ်သုံးခု လျှပ်စီးလက်သလို ဖြတ်သန်းသွားသည်။
"ဖောက်... ဖောက်... ဖောက်"
ငါးဖမ်းနေသော အိမ်ပိုင်ရှင် အများအပြား၏ ခန္ဓာကိုယ်များ ထိုးဖောက်ခံလိုက်ရပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ရစ်ပတ်ခံရကာ ရေအောက်သို့ တရွတ်တိုက် ဆွဲချခြင်း ခံလိုက်ရပြန်သည်။
ဖားမိစ္ဆာကြီး လေးကောင် ရေပေါ်သို့ ပေါ်လာပြီး "အွမ်... အွမ်" ဟူသော တိုးညင်းသည့် အသံများကို ပြုလုပ်လိုက်ကြသည်။
ဤနေရာမှ ဆူညံသံများက (၁၄) လွှာရှိ ငါးမျှားသမားများကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။
အပေါ်ထပ်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။
မကြာမီ လှေကားထစ်များပေါ်တွင် လူများ ပြည့်နှက်သွားသည်။
လူအုပ်ကြီးက မီးတုတ်များကို မြှောက်ကိုင်ထားပြီး ရေပြင်ကို ကြည့်လိုက်ကြသည်။
အလောင်းအချို့ ရေထဲတွင် ပေါလောပေါ်နေပြီး သွေးများ ရေပြင်အနှံ့ ပျံ့နှံ့နေသည်ကို မြင်လိုက်ရသောအခါ အားလုံး အသက်ရှု မှားသွားကြလေသည်။
"ရေအောက်မှာ သတ္တဝါဆိုးကြီးတွေ ရှိတယ်"
တစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
နောက်တစ်ယောက်ကလည်း အသိဝင်လာပြီး "မြန်မြန်... တာအိုဆရာလင်းကို သွားခေါ်ကြ" ဟု အော်ပြောလိုက်သည်။
ကျန်လူများကလည်း နောက်သို့ အမြန်ဆုတ်ကာ (၁၃) လွှာနှင့် ဝေးရာသို့ အပြေးအလွှား တက်သွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လှေကားထစ်များပေါ်တွင် လူသူကင်းမဲ့သွားလေသည်။
ထိုလူများ ထွက်ခွာသွားပြီးနောက် ဖားမိစ္ဆာကြီး တစ်ကောင် ရေအောက်မှ ထွက်ပေါ်လာပြီး မှောင်မည်းနေသော လှေကားထစ်များကို မော့ကြည့်လိုက်သည်။ ၎င်းက "အွမ်" ဟု တစ်ချက် အော်မြည်လိုက်ပြီး နောက်ခြေဖြင့် မြေပြင်ကို ကန်လိုက်ရာ တစ်ထပ်လုံးစာ အကွာအဝေးကို ကျော်လွန်၍ (၁၃) လွှာနှင့် (၁၄) လွှာကြားရှိ လှေကားကွေ့သို့ ခုန်တက်လိုက်သည်။
၎င်းသည် လေးဖက်ထောက်၍ ဝပ်နေပြီး ခြေလက်များမှ ကြွက်သားများမှာ အလွန် ကျစ်လစ်ကာ ပေါက်ကွဲထွက်မတတ် အားအင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။
အထူးသဖြင့် ၎င်း၏ နောက်ခြေထောက်တစ်စုံမှာ အလွန် တုတ်ခိုင်သန်မာပြီး လူကြီးတစ်ယောက်၏ ခြေထောက်နှစ်ချောင်းစာထက် ပို၍ပင် တုတ်ခိုင်နေသေးသည်။
ထို့နောက် ၎င်းက ကိုယ်ကိုလှည့်၍ ထပ်မံ ခုန်တက်လိုက်ပြန်သည်။ "ဝုန်း" ခနဲ အသံနှင့်အတူ ဘိလပ်မြေ လှေကားထစ်များမှ ဖုန်မှုန့်များ ထသွားပြီး ၎င်း၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခုသဖွယ် လှုပ်ရှားကာ (၁၄) လွှာသို့ ရောက်ရှိသွားလေသည်။
ယပ်တောင်အလား ကြီးမားသော ခြေလက်ချောင်းများကြားတွင် ရေယက်များ ပါရှိပြီး ထိုခြေထောက်ကြီးများ ကြမ်းပြင်ပေါ် ကျရောက်လိုက်သောအခါ ဖုန်မှုန့်များနှင့် မှိုနံ့များ ထောင်းခနဲ ထသွားသည်။
မှောင်မည်းနေသော လှေကားထစ်များကြားတွင် ပြူးကျယ်နေသော မျက်လုံးကြီးများက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေသည်။
"အွမ်"
တုတ်ခိုင်သော လည်ပင်းကြီး ဖောင်းကားလာပြီး နက်ရှိုင်းသော ဖားအော်သံကြီး ထွက်ပေါ်လာသည်။
ထို့နောက် တဖန် ခုန်ပျံလိုက်ပြီး အပေါ်ထပ်သို့ ဆက်လက် တက်သွားပြန်သည်။
ထိုအချိန်မှာပင် အခြား ဖားမိစ္ဆာကြီး သုံးကောင်ကလည်း (၁၃) လွှာ စင်္ကြံလမ်းတစ်လျှောက် အခြားနေရာများသို့ ခုန်ပျံသွားကြသည်။
(၁၄) လွှာတွင် ရှိနေသော တာအိုဆရာလင်းသည် သတင်းကြားကြားချင်း တိုက်တွဲ (၃) ဘက်သို့ အမြန် ပြေးလာခဲ့သည်။
"လူတွေကို ဘာကောင် တိုက်ခိုက်တာလဲဆိုတာ မင်းတို့ သေချာ မြင်လိုက်လား" တာအိုဆရာလင်းက လမ်းလျှောက်ရင်း အလျင်စလို မေးလိုက်သည်။
ရှီဟိုင်ကျူးကလည်း သတင်းလာပို့သူများကို ကြည့်လိုက်သည်။
"မမြင်ရပါဘူး တာအိုဆရာလင်းရယ်... ကျွန်တော်တို့က အဲ့မှာ ဘယ်နေရဲမလဲ... ဟိုလူတွေလည်း သေကုန်ပြီ... သွေးတွေလည်း အများကြီးပဲ အပေါ်ကို တက်လာနေတာ"
"ဆရာ... အမြန် သွားကြည့်ပါဦး"
"ဦးလေးချင်းတို့ အဖွဲ့ သေကုန်ပြီဗျ"
ရန်ဆန်းမင်က တာအိုဆရာလင်းဘေးမှ လိုက်ပါလာရင်း မနေနိုင်ဘဲ ပြောလိုက်သည်။
"ခင်ဗျားတို့ကို ပြောထားသားပဲ... ရေထဲ မဆင်းနဲ့၊ ရေထဲ မဆင်းနဲ့လို့... ဘာလို့ စကားနားမထောင်ကြတာလဲ"
"ဒေါက်တာရန်ရယ်... လူတွေကို အပြစ်မတင်ပါနဲ့... ကျွန်တော်တို့မှာ ငါးမျှားတံ မရှိဘူးလေ... ငါးမျှားနည်းလည်း မတတ်ဘူး... တနေကုန်နေလို့ တစ်ကောင်မှ မရတာနဲ့စာရင် ရေထဲဆင်းပြီး တိုက်ရိုက်ဖမ်းတာက ပိုမြန်တယ်မလား"
"ဟုတ်တယ်လေ... ဆရာလင်းတို့က မနက်ဖြန် ပြန်တော့မှာ... သူ ဒီမှာရှိတုန်း အစားအသောက်လေး ဘာလေး လဲလို့ရအောင် ငါးများများရဖို့ လောသွားကြတာပါ"
တာအိုဆရာလင်းက ပြောစရာစကား ပျောက်သွားပြီးနောက်...
"ခေါင်မိုးထပ်က ကေဘယ်ကြိုးလိုင်း တပ်ဆင်ပြီးသွားပြီ... ဆရာလင်းတို့နဲ့ အရောင်းအဝယ်က ဆက်လုပ်လို့ ရနေတာပဲ... သူပြန်သွားရင်တောင် ငါတို့ အရောင်းအဝယ်ကို ထိခိုက်မှာ မဟုတ်ဘူး... မင်းတို့ ဘာတွေ လောနေကြတာလဲ"
"အခုတော့ ကြည့်... အသက်တွေ ပါကုန်ပြီ"
သူ ခေါင်းခါလိုက်သည်။ သူတို့အဖွဲ့ မလှမ်းမကမ်းသို့ ရောက်သည်နှင့် တိုက်တွဲ (၃) ဘက်မှ ကြောက်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရသည်။
လူအားလုံး လန့်သွားကြသည်။ တာအိုဆရာလင်းလည်း မျက်နှာပျက်သွားပြီး အလျင်အမြန် အမိန့်ပေးလိုက်သည်။
"မြန်မြန်... အားလုံး အပေါ်ထပ်ကို အရင်ပြေးကြ... အစ်ကိုကျူး... ဒေါက်တာရန်... ငါတို့လည်း ဆုတ်မယ်... အခြေအနေ အရင်ကြည့်ရအောင်"
သူ အခြေအနေကို လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး (၁၅) လွှာသို့ တက်ရန် ချက်ချင်း လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများက (၁၄) လွှာ စင်္ကြံလမ်းဘက်သို့ မပြတ် ကြည့်နေမိသည်။
ထို့နောက် လူတစ်ယောက် သူတို့ရှိရာသို့ အပြေးအလွှား ပြေးလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ပြေးရင်းလွှားရင်း အော်ဟစ် အကူအညီတောင်းနေသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦးဗျ... ဖားကြီးတွေ... တာအိုဆရာလင်း... ကယ်ပါဦး"
ထိုသူက ကြောက်လန့်တကြား အော်ဟစ်နေသဖြင့် တာအိုဆရာလင်း ကြောင်သွားသည်။ "ဖား ဟုတ်လား... အဲ့ဒါ ဘာကြောက်စရာ ရှိ... ဟိုက်... သေစမ်း"
သူ့စကား မဆုံးခင်မှာပင် လှေကားထစ်များကြားမှ "ဝှစ်" ခနဲ အသံနှင့်အတူ လူတစ်ရပ်နီးပါးရှိသော မှိုစိမ်းရောင် ဖားမိစ္ဆာကြီးတစ်ကောင် ခုန်ထွက်လာသည်။
"ဝုန်း"
ဧရာမ ခန္ဓာကိုယ်ကြီးက ထွက်ပြေးနေသော အမျိုးသားအပေါ်သို့ ခုန်အုပ်လိုက်သည်။ မှိုစိမ်းရောင် လက်ကြီးများက ထိုလူ၏ ခေါင်းကို ရိုက်ချလိုက်ရာ "ဖောင်း" ခနဲ အသံနှင့်အတူ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။
သွေးများ ပေကျံသွားပြီး ဦးနှောက်စများ လွင့်စဉ်ထွက်ကုန်သည်။
တာအိုဆရာလင်း တစ်ကိုယ်လုံး တုန်တက်သွားပြီး... နောက်တစ်ခဏတွင် တုံဆိုင်းမနေတော့ဘဲ လှည့်ပြေးကာ အော်ဟစ်လိုက်တော့သည်။
"ပြေးကြဟေ့"
ဆက်ရန်...