အခန်း (၁၃၅-၁၃၆)
Vol. 7 Ch. 135-136
အပိုင်း (၁၃၅) လေအမြောက်လက်သီး
သူတို့သုံးဦးသည် လှော်တက်များကို ဖွဖွလေးလှော်ခတ်ရင်း ရှေ့သို့တိုးလာခဲ့ရာ ယခုတစ်ကြိမ်တွင်မူ ကံကောင်းထောက်မစွာဖြင့် ပေ ၁၆၀ ကျော် ခရီးကို ဘေးမသီရန်မခဘဲ ဖြတ်သန်းလာနိုင်ခဲ့ပြီ ဖြစ်သည်။
ရှေ့လှမ်းမျှော်ကြည့်လိုက်လျှင် တိုက် (၇၇) မှာ လက်တစ်ကမ်းအကွာ၌ ရှိနေလေပြီ။
ထိုစဉ် လင်းယွမ်၏ မျက်နှာထား ရုတ်ခြည်းပြောင်းလဲသွားပြီး တိုးတိုးနှင့်အောအာသံပြုလိုက်သည်။ "သတိထား"
ဘုန်း... ရေအောက်မှ ကြီးမားသောလှိုင်းလုံးတစ်ခု ရုတ်တရက် ပင့်တက်လာ၏။
ထို့နောက်တွင်တော့ လှံတံကဲ့သို့ ရှည်လျားချွန်ထက်သော နှုတ်သီးပါရှိသည့် ထူးဆန်းသော ငါးတစ်ကောင် ဒုံးပျံပစ်လွှတ်လိုက်သကဲ့သို့ တိုးထွက်လာလေသည်။
လူသုံးဦးမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ထိုလှံသွားနှုတ်သီးကြီးက သူတို့စီးနင်းလာသော လှေဘုတ်ပြားပေါ်သို့ စိုက်ဝင်လာခဲ့ကာ ကျောပေါ်ရှိ ငါးဆူးတောင်များမှာလည်း အလံတိုင်များပမာ ထောင်မတ်နေတော့သည်။
လင်းယွမ်က မျက်နှာထားတင်းမာလျက် ခြေထောက်ကိုစောင့်ချကာ မှောက်လုနီးပါးဖြစ်သွားသော လှေဘုတ်ပြားကို အားကုန်ဖိချလိုက်၏။
ဝုန်း... လှေဘုတ်ပြားသည် ရေပြင်ပေါ်သို့ ပြန်လည်ကျဆင်းသွားသည်။
ထိုခဏ၌ပင် ဘေးနားရှိ တင်းယန်က လျှပ်တစ်ပြက် လှုပ်ရှားလိုက်လေသည်။ သူမ၏လက်များတွင် အလင်းရောင်များ လက်ခနဲဖြစ်သွားပြီး ထိုးစိုက်လာသော ငါးနှုတ်သီးကို ဖမ်းဆုပ်လိုက်၏။
ထို့နောက် သူမက အားကုန်သုံး၍ ချိုးပစ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဂျွတ်... လှံတံသဖွယ် မာကျောသော ငါးနှုတ်သီးကြီးမှာ ချက်ချင်းပင် ကျိုးပဲ့သွားလေတော့သည်။
"ဒါ လှံသွားနှုတ်သီးငါးပဲ... အားလုံး သတိထားကြ"
လင်းယွမ်က အချိန်မီ သတိပေးလိုက်သည်။
လှံသွားနှုတ်သီးငါးသည် နှုတ်သီးကျိုးသွားသဖြင့် နာကျင်စွာ ရုန်းကန်ရင်း ဖောင်ကို တိုက်ခိုက်လေရာ လှေဘုတ်ပြားမှာ တိမ်းမှောက်လုနီးပါး ဖြစ်လာပြန်သည်။
ကျောက်ခိုင်က အော်ဟစ်လိုက်သည်။ "ရပ်လိုက်စမ်း"
သူက လက်ဝါးနှစ်ဖက်ဖြင့် လှေဘုတ်ပြားကို ဖိချလိုက်၏။
ချက်ချင်းပင် သူ၏လက်ဝါးပြင်မှ ရေခဲမြူငွေ့များ အများအပြား ဖြာထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း၌ လှေဘုတ်ပြားမှာ ရေခဲရိုက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ ရေပြင်နှင့် တစ်သားတည်းဖြစ်အောင် ခဲသွားလေတော့သည်။
ထိုအခါ ရေအောက်ရေစီးကြောင်း မည်မျှပင် ကြမ်းတမ်းစေကာမူ လှေဘုတ်ပြားကို တစ်လက်မမျှပင် လှုပ်ရှားအောင် မလုပ်နိုင်တော့ပေ။
လင်းယွမ်က ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်သည်။ "တော်တယ်"
သူက ချီးကျူးစကားဆိုလိုက်၏။
ပြီးခဲ့သည့် အကြိမ်က ဖောင်မှောက်ခဲ့ဖူးသည့် အတွေ့အကြုံကြောင့် ကျောက်ခိုင်သည် ပြန်ရောက်သည့်အခါ အလားတူအခြေအနေမျိုးကြုံလျှင် ဖောင်ကို မည်သို့ထိန်းချုပ်ရမည်ကို သေချာပေါက် စဉ်းစားလေ့ကျင့်ထားခဲ့ပုံရသည်။
ဖောင်နှင့် ရေပြင်ကို တွဲဖက်၍ အေးခဲလိုက်ခြင်းက ဖောင်ကို အငြိမ်သက်ဆုံး ဖြစ်စေခဲ့သည်။
လင်းယွမ်သည် အခွင့်ကောင်းကိုလက်မလွတ်စေဘဲ စိတ်စွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်၏။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
ဘုန်း... ရုန်းကန်နေသော လှံသွားနှုတ်သီးငါး၏ မျက်လုံးများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲသံအစ်အစ်တစ်ခုနှင့်အတူ ငါးကြီးမှာ ငြိမ်ကျသွားကာ ရေအောက်သို့ နစ်မြုပ်သွားလေတော့သည်။
လင်းယွမ်သည် အမှတ်များရရှိကြောင်း အသိပေးချက်ကို ကြားလိုက်ရသဖြင့် အသာပြုံးလိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။ "သွားကြစို့"
ကျောက်ခိုင်က ရေခဲမြူများကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ရေခဲများ လျင်မြန်စွာ အရည်ပျော်သွားပြီး သူတို့သုံးဦး ဆက်လက်၍ လှော်ခတ်လာခဲ့ကြသည်။
ကျန်ရှိသော ရေလမ်းခရီးတွင် လှိုင်းလေအနည်းငယ် ရှိသော်လည်း ထိတ်လန့်စရာ ဘေးအန္တရာယ်ကြီးကြီးမားမား မကြုံရတော့ပေ။
ဤသည်မှာလည်း သူတို့သုံးဦး အားကုန်သုံး၍ လှော်ခတ်ခဲ့သဖြင့် ပေ ၃၀၀ ခန့် အကွာအဝေးကို စက္ကန့်ပိုင်းမျှဖြင့် ဖြတ်ကျော်နိုင်ခဲ့သောကြောင့်လည်း ဖြစ်သည်။
ရေပြင်ပေါ်တွင် ကြာကြာနေလေ သန္ဓေပြောင်းသတ္တဝါများနှင့် တွေ့ဆုံနိုင်ခြေ ပိုများလေဖြစ်သည်။
"ဒုန်း" လှေဘုတ်ပြားသည် တိုက် (၇၇) ၏ ၁၄ ထပ်ရှိ လူသွားစင်္ကြံလမ်းကို ဝင်တိုက်မိလေပြီ။
လင်းယွမ်တို့ သုံးဦးသည် ချက်ချင်းပင် ကိုယ်ကိုပင့်၍ လှေပေါ်မှ ခုန်ဆင်းကာ ရေများတင်ကျန်နေသော စင်္ကြံလမ်းပေါ်သို့ တက်လိုက်ကြသည်။
လင်းယွမ်က လှေဘုတ်ပြားကို ဆွဲယူပြီး ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်ရင်း ပြောလိုက်သည်။ "တံယန် ပေးတဲ့ သတင်းအချက်အလက်အရဆိုရင် သန္ဓေပြောင်းကြောင်အုပ်စုက ရေပြင်နဲ့နီးတဲ့နေရာတွေမှာ စုဝေးရတာ အကြိုက်ဆုံးပဲ"
"ဒီနေရာက ၁၄ ထပ်ဆိုတော့ ရေပြင်နဲ့ အနီးဆုံးပဲ... သေချာပေါက် သတိထားမှဖြစ်မယ်"
"ငါတို့ရဲ့ အဓိကပစ်မှတ်က အိမ်မိုးပေါ် အမြန်ဆုံးရောက်အောင်သွားပြီး ကေဘယ်လိုင်းကြိုး ဆွဲဖို့ပဲ"
"လိုင်းကြိုး ဆွဲပြီးတာနဲ့ ငါတို့အတွက် ဆုတ်လမ်းရပြီလို့ ပြောလို့ရတယ်... ဘယ်လောက်ပဲ အန္တရာယ်များပါစေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်မယ်"
တင်းယန်နှင့် ကျောက်ခိုင်တို့က လေးနက်စွာ ခေါင်းငြိမ့်လိုက်ကြသည်။ ဒါက သူတို့ ကြိုတင်တိုင်ပင်ထားသော အစီအစဉ်ဖြစ်သည်။
ကျောက်ခိုင်က အကြံပြုသည်။ "အစ်ကိုလင်း... တုံယန်ပြောတဲ့ သန္ဓေပြောင်းလူသား ဝမ်ဆုန်ဆိုတဲ့ကောင်က သူမအခန်းရှေ့မှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ တိုက်တွဲ (၁) ဘက်ကို ရှောင်ပြီး တခြားတိုက်တွဲ လှေကားဘက်ကနေ တက်ကြမလား"
တင်းယန်က မေးလိုက်သည်။ "သန္ဓေပြောင်းပိုးဟပ်တွေ ဘယ်နားမှာ စုနေလဲဆိုတာရော သိရလား"
လင်းယွမ်က ခေါင်းခါလိုက်ပြီး "စာထဲမှာတော့ မပါဘူး... ဒါပေမဲ့ ပိုးဟပ်ဆိုတဲ့အမျိုးက မှောင်မဲပြီး စိုစွတ်တဲ့နေရာတွေကို ကြိုက်တတ်တယ်... ရေဆိုးမြောင်းတွေ မီးဖိုချောင်တွေလို နေရာမျိုးမှာ အတွေ့ရများတယ်"
"ဒါပေမဲ့ ပြောရခက်တယ်... အခုက အကောင်တွေအားလုံး သန္ဓေပြောင်းကုန်ကြပြီဆိုတော့ သူတို့ရဲ့ အလေ့အထတွေ ပြောင်းသွားလား မပြောင်းသွားလား ဘယ်သူမှ အာမ,မခံနိုင်ဘူး"
"ငါတို့ သတိထားပြီး သွားကြတာပေါ့... ဒီဘက်က တိုက်တွဲ (၃) မဟုတ်လား... ဒီဘက်ကနေ အရင် တက်ကြည့်ကြမယ်"
"ငါ ရှေ့ကသွားမယ်... ကျောက်ခိုင် မင်းက နောက်ကလိုက်"
တင်းယန်၏ မျက်လုံးများ အရောင်လက်သွားပြီး လင်းယွမ်ကို ကြည့်လိုက်မိသည်။ သူမ နှုတ်ခမ်းကို အသာဖိကိုက်လိုက်သော်လည်း မျက်ဝန်းထဲတွင်မူ နူးညံ့သောအကြည့်တို့ ဖြတ်သန်းသွား၏။
သူမကို အလယ်ကထားပြီး လင်းယွမ်က ဂရုစိုက်ပေးနေခြင်း ဖြစ်သည်။
ထိုစေတနာကို သူမ မငြင်းဆန်တော့ဘဲ သူမ၏ ခါးမတ်အင်္ကျီ ကိုသာ ကျပ်အောင် ပြင်ဝတ်လိုက်သည်။
(ခါးမတ်အင်္ကျီ ဆိုတာက ခါးကိုင်းတဲ့သူတွေ ဝတ်ရတဲ့ အင်္ကျီပါ)
သူမ ပြုပြင်ဖန်တီးထားသော ဤခါးမတ်အင်္ကျီသည် မူလက ရင်ဘတ်ပိုင်းတွင် အကာအကွယ်မပါရှိပေ။
သို့သော် သူမသည် ရန်မေထံမှ ဘရာစီယာနှစ်ထည်ကို ငှားရမ်းကာ သံမဏိပြားနှစ်ခုကို သူမ၏ အတိုင်းအတာအတိုင်း ခွက်ပုံစံရအောင် ထုလုပ်ပြီး ဘရာစီယာထဲသို့ ထည့်ချုပ်ထားလိုက်သည်။
ထို့နောက် ဘရာစီယာနှင့် ခါးမတ်အင်္ကျီကို တွဲချုပ်လိုက်ရာ ရင်ဘက်ကာ ချပ်ဝတ်သဖွယ် ဖြစ်လာခဲ့လေသည်။
ယခုအခါ ဤဝတ်စုံသည် အကာအကွယ်ပစ္စည်းတစ်ခု အပြည့်အဝ ဖြစ်နေပြီဖြစ်ပြီး သူမ၏ ရင်ဘတ်၊ ကျောနှင့် အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်ပေးထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် သူမ၏ 'အစွမ်းသွင်းခြင်း' အစွမ်းက ခန္ဓာကိုယ်၏ မည်သည့်နေရာကိုမဆို အချိန်မရွေး စွမ်းအင်ပို့လွှတ်နိုင်ရာ ခံစစ်ပိုင်းတွင် ကျောက်ခိုင်ထက်ပင် ပို၍ လှုပ်ရှားရလွယ်ကူပြီး မာကျောခိုင်ခံ့သည်ဟု ဆိုနိုင်သည်။
ရန်မေဆီမှ ပစ္စည်းအငှားရခြင်းမှာလည်း ဤအဆောက်အအုံတစ်ခုလုံးတွင် သူမထက်ဆိုဒ်ကြီးသူဟူ၍ ရန်မေတစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည်။
အဓိကအချက်မှာ ရေဘေးမတိုင်ခင်က ရန်မေ၏ မိသားစုအခြေအနေ မဆိုးခဲ့သဖြင့် ဝယ်ဝတ်သော ဘရာစီယာများမှာ တံဆိပ်ကောင်းများ ဖြစ်နေခြင်းပင်။
ကန်ဒီပိုင်း ဒီဇိုင်းမျိုးဖြစ်ပြီး ဥရောပဆိုဒ် အကြီးစားများသာ ထုတ်လုပ်သည့် အမျိုးအစားဖြစ်ရာ ထိုအမျိုးအစားကမှ သူမနှင့် တော်ပေသည်။
ထိုအကြောင်းကို တွေးမိရင်း သူမ လင်းယွမ်ကို မျက်စောင်းထိုးလိုက်မိသည်။
ဒီလူဆိုးကောင်... ရန်မေကို လက်ခံထားတာ ဒီအချက်ကြောင့်များလား မသိဘူး။
လင်းယွမ်က ရှေ့မှ လျှောက်သွားနေရင်း ရုတ်တရက် ကျောချမ်းသွားသဖြင့် ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။
ပေ ၃၀ ပတ်လည်တွင် မည်သည့် သန္ဓေပြောင်းသတ္တဝါကိုမျှ အာရုံခံမိခြင်းမရှိရာ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားရ၏။
"သတိထား... လှေကားထဲ ဝင်တော့မယ်"
လင်းယွမ်က တိုးတိုးသတိပေးလိုက်သည်။
လှေကားခွင်အတွင်း အလင်းရောင် နည်းပါးလွန်းပြီး မြင်ကွင်းကို အကြီးအကျယ် နှောင့်ယှက်နေသဖြင့် သူ သတိပေးလိုက်ခြင်း ဖြစ်သည်။
သူ့တွင် စိတ်စွမ်းအင်ရှိသဖြင့် အနီးတစ်ဝိုက် ပေ ၄၀ အကွာအဝေးအထိ အသေးစိတ် မြင်တွေ့နိုင်ပြီး အလင်းရောင် အားနည်းခြင်းက ပြဿနာမဟုတ်သော်လည်း ကျောက်ခိုင်နှင့် တင်းယန်တို့မှာမူ ထိုသို့မဟုတ်ပေ။
စိတ်စွမ်းအင်ထောက်လှမ်းနိုင်သော ပေ ၄၀ ကျော်လွန်သွားလျှင်တော့ သူလည်း 'မျက်ကန်း' ဖြစ်သွားမည်သာ။
သို့သော် လှေကားအတက်အဆင်း တစ်ထပ်နှင့်တစ်ထပ်မှာ အများဆုံး ပေ ၃၀၊ ၄၀ ခန့်သာ ရှိရာ ဤကျဉ်းမြောင်းသော လှေကားခွင်တွင် သူ့စိတ်စွမ်းအင် လွှမ်းခြုံမှုက လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ကျွီ... စင်္ကြံလမ်း လုံခြုံရေးတံခါးကို တွန်းဖွင့်လိုက်ရာ သံချေးတက်နေသော တံခါးပတ္တာများမှ နားခါးလောက်အောင် ကျွီကနဲ မြည်သံ ထွက်ပေါ်လာသည်။
လင်းယွမ် ခြေလှမ်း ရပ်တန့်သွားသည်။ နောက်တစ်ခဏ၌ သူ လှမ်းအော်လိုက်သည်။ "သတိထား"
မှောင်မည်းနေသော လှေကားခွင်ထဲတွင် စိမ်းဖန့်ဖန့် အရောင်တောက်နေသော မျက်လုံးသုံးစုံသည် လုံခြုံရေးတံခါး ပွင့်လာသည်နှင့်တပြိုင်နက် လျင်မြန်စွာ ခုန်အုပ်လာကြသည်။
ထိုအထဲမှ တစ်ကောင်က လင်းယွမ်ထံသို့ တန်းတန်းမတ်မတ် ခုန်ဝင်လာ၏။
ကျန်နှစ်ကောင်ကမူ ခေါင်းနပန်းကြီးသွားစေလောက်သည့် ကြောင်အော်သံကြီးများ အော်ဟစ်လိုက်ကြသည်။
"ဝှီး" လေကိုခွင်း၍ တိုးဝင်လာသံကို ကြားလိုက်ရသည်၊ ဤကြောင်၏ အလျင်မှာ အလွန်မြန်လှသည်။
ယခင် တိုက် (၇၆) တွင် လင်းယွမ် သတ်ခဲ့သော ကြောင်ထက် အဆပေါင်းများစွာ ပိုမြန်နေသည်။
သိသာထင်ရှားသည်မှာ ၎င်းတို့၏ သန္ဓေပြောင်းလဲမှု အဆင့်သည် ယခင်တွေ့ခဲ့ဖူးသော သန္ဓေပြောင်းကြောင်များထက် များစွာ သာလွန်နေခြင်းပင်။
ဒီအမြန်နှုန်းနှင့်ဆိုလျှင် လင်းယွမ်ဆီ၌ သေနတ်ရှိလျှင်တောင် ချိန်ရွယ်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်သည် ယခင်ကနှင့် မတူတော့ပေ။ လင်းယွမ်သည်လည်း အလျင် ၂ မှတ်သာရှိသော ကြက်ပေါက်စလေး မဟုတ်တော့။
ယခု သူ၏ အလျင်မှာ ၅.၈ အထိ ရှိနေပြီး စိတ်စွမ်းအင်မှာလည်း ၁၂.၁ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တွေးခေါ်မှု တုံ့ပြန်နှုန်းနှင့် ခန္ဓာကိုယ် တုံ့ပြန်နှုန်းတို့မှာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ထိုကြောင် ခုန်အုပ်လိုက်သည့် ခဏ၌ပင် သူက တုံ့ပြန်နိုင်ခဲ့သည်။
ပထမဆုံးအနေနှင့် စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်!
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
ဝုန်း... စိတ်စွမ်းအင်လှိုင်းတစ်ခုသည် အသံမဲ့လှိုင်းဂယက်အဖြစ် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
လေပေါ်သို့ ခုန်တက်လာသော သန္ဓေပြောင်းကြောင်မှာ ချက်ချင်းပင် စူးရှစွာ အော်ဟစ်လိုက်တော့သည်။
"ညှောင်" ၎င်း၏ခန္ဓာကိုယ် လေပေါ်မှ ပြုတ်ကျလာသည်။
ထိုအချိန်၌ပင် လင်းယွမ်၏ ဘေးနားမှ လေခွင်းသံတစ်ခု ကြားလိုက်ရသည်။
တင်းယန်က လက်သီးဖြင့် ပစ်သွင်းလိုက်ခြင်း ဖြစ်သည်။
ဘုန်း... လက်သီးအားက ပေါက်ကွဲထွက်သွားသည်။ သို့သော် လင်းယွမ်ကို အံ့အားသင့်စေသည်မှာ ဤလက်သီးချက်သည် လေထုကို စုတ်ဖြဲသွားသော်လည်း ပြန့်ကျဲမသွားဘဲ အဖြူရောင်စွမ်းအင်အလွှာဖြင့် အုပ်မိုးထားကာ လေအမြောက် ကဲ့သို့ စွမ်းအင်လုံးကြီးဖြစ်တည်လာပြီး ဒုံးပျံသဖွယ် ပစ်လွှတ်လိုက်ခြင်းပင်။
ဝုန်း... ထိုစွမ်းအင်လုံးကြီးသည် ပြုတ်ကျလာသော သန္ဓေပြောင်းကြောင်ကို ချက်ချင်း ထိမှန်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးများ ပေကျံလွင့်စင်သွား၏။
ထိုသန္ဓေပြောင်းကြောင်မှာ လေအမြောက်ဒဏ်ကြောင့် အသားစိုင်များ စုတ်ပြတ်ကာ ဗိုင်းခနဲ မြေကြီးပေါ်သို့ ကျသွားပြီး သွေးများ ပျံ့ကျဲကုန်လေသည်။
ကျန်ရှိသော သန္ဓေပြောင်းကြောင်နှစ်ကောင်မှာ ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား အမွေးများ ထောင်ထသွားပြီး အော်ဟစ်ကာ လှည့်ပြေးကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း၌ လှေကားခွင်ထဲတွင် ပျောက်ကွယ်သွားကြလေသည်။
လင်းယွမ်က အံ့သြစွာဖြင့် တင်းယန်ကို လှည့်ကြည့်လိုက်သည်။ "တင်းယန်... နင့်အစွမ်းက ဘာကြီးလဲ"
နောက်ဘက်မှ ကျောက်ခိုင်မှာလည်း အံ့သြမှင်သက်နေ၏... "အမတင်း... အမရဲ့ အစွမ်းသွင်းတဲ့ အစွမ်းက ဒီလောက်တောင် ကြမ်းတာလား"
တင်းယန်သည် သူတို့၏ အံ့သြနေသော မျက်နှာများကိုကြည့်ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူမက လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ယောက်ျားလေးတွေမှ အစွမ်းထက်တာ မဟုတ်ဘူးနော်... ငါဆိုတဲ့ မိန်းမသားကလည်း ရှေ့ထွက်ပြီး သတ္တဝါတွေကို သတ်နိုင်တယ်"
လင်းယွမ်က ရယ်မောလိုက်မိသည်။ "နင်က ဘာလို့ အတင်းလိုက်ချင်နေတာလဲလို့... ဒီလိုဝှက်ဖဲ ရှိနေတာကိုး... ဒီကွက်က တကယ်မိုက်တယ်... ဘယ်လိုလုပ်လိုက်တာလဲ"
ကျောက်ခိုင်ကလည်း နားစွင့်နေလေသည်။
အစွမ်းများကို အသုံးချရာတွင် အားလုံးက လူသစ်များသာ ဖြစ်ကြပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသပ်ရှာဖွေနေကြရသူများ ဖြစ်သည်။
တခြားသူ၏ အသုံးပြုပုံများက ကိုယ့်အတွက် အတွေးသစ်များ ရစေနိုင်သည်။
တင်းယန်ကလည်း လျှို့ဝှက်မထားဘဲ ပြုံး၍ ရှင်းပြသည်။ "ဒါက ကျွန်မ ဒီရက်ပိုင်း စမ်းသပ်ထားတဲ့ နည်းလမ်းသစ်ပဲ"
"ကျွန်မ အရင်ကတည်းက စဉ်းစားနေတာ... ကျွန်မရဲ့ အစွမ်းသွင်းခြင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပဲ စွမ်းအင်ဖြည့်ပေးနိုင်မယ်ဆိုရင် ကျွန်မက အနီးကပ်ပဲ တိုက်ခိုက်လို့ရမယ့်သဘော ဖြစ်နေတယ်"
"အနီးကပ်တိုက်ခိုက်တာက အဆောက်အအုံထဲမှာ မြေပြင်မှာဆိုရင်တော့ အသုံးဝင်ပါရဲ့... ဒါပေမဲ့ ရေပြင်ပေါ်ရောက်သွားရင် အရမ်း ဒုက္ခရောက်မှာ"
"ရန်သူက ရေခြားမြေခြားကနေ အဝေးကလှမ်းတိုက်ရင် ကျွန်မက ခံစစ်ပဲ နေရတော့မှာ"
"ဒါကြောင့် ကျွန်မရဲ့အစွမ်းကို အဝေးပစ်တိုက်ခိုက်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီရက်ပိုင်း လေ့လာနေခဲ့တာ"
"စစချင်းတုန်းကတော့ မြားတံတွေပေါ်မှာ စွမ်းအင်ဖြည့်ပြီး ပစ်ကြည့်ဖို့ ကြိုးစားသေးတယ်... ဒါပေမဲ့ အဲဒီလေးခွက အရမ်းရိုးရှင်းလွန်းတော့ ကျွန်မစွမ်းအင်ကို မခံနိုင်ဘူး"
"နောက်တော့ လှံတံလို ပစ်ပေါက်လို့ရမယ့် လက်နက်တွေလုပ်ပြီး စွမ်းအင်ဖြည့်ကြည့်တယ်"
"အဲဒါက မဆိုးဘူးဆိုပေမဲ့ ကျွန်မမှာ ရှင့်လို ပစ္စည်းသိုလှောင်ခန်းမှ မရှိတာ... လှံတံတွေ သယ်ရတာ မလွယ်ဘူးလေ"
"အဲဒါနဲ့ ထပ်ပြီး စမ်းသပ်ကြည့်ရင်း တစ်နေ့ အိမ်မှာ လက်ဝှေ့ထိုးကျင့်နေတုန်း သဲအိတ်ကို လက်သီးနဲ့ထိုးလိုက်တာ ပေါက်ကွဲထွက်သွားရော"
"အဲဒီအချိန်မှာ အတွေးတစ်ခု ဝင်လာတာပဲ... ကျွန်မရဲ့ လက်သီးအားက ဒီလောက်ပြင်းတာ... ဒီလက်သီးအားကို ထိန်းထားပြီး အကွာအဝေးတစ်ခုကို ဖြတ်သန်းပြီးမှ ရန်သူ့ကိုယ်ပေါ်ကျရောက်တဲ့အချိန် ပေါက်ကွဲထွက်အောင် လုပ်နိုင်ရင် အဝေးကနေတိုက်ခိုက်လို့ ရပြီပေါ့"
"အဲဒါနဲ့ ကျွန်မရဲ့လက်သီးအားကို သယ်ဆောင်မယ့် ကြားခံနယ်အဖြစ် ကျွန်မရဲ့ စွမ်းအင်ကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်တယ်"
"ကျွန်မရဲ့ စွမ်းအင်က ပေါက်ကွဲအားကို ပိုကောင်းစေသလို ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး အကာအကွယ်လည်း ပေးနိုင်တယ်ဆိုတာ ရှင်သိတယ်မလား"
"အဲဒီ အကာအကွယ်သဘောတရားကို ကျွန်မလက်သီးအားပေါ်မှာ သုံးလိုက်တာ"
"လက်သီးထိုးလိုက်တဲ့အချိန်မှာ လက်သီးအားကို စွမ်းအင်နဲ့ အုပ်ပြီး ထုတ်လိုက်တာ"
"အဟုန်ကြောင့် စွမ်းအင်ထဲက လက်သီးအားက အပြင်ကို ကန်ထွက်လာပေမဲ့ ချက်ချင်း မကွဲထွက်နိုင်ဘဲ စွမ်းအင်က ထိန်းချုပ်ထားတယ်"
"အပြင်က အရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့မှသာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး လေအမြောက် ဖြစ်သွားတာ"
"ဒါနဲ့... ကျွန်မ ဒီတိုက်ခိုက်နည်းကို 'လေအမြောက်လက်သီး' လို့ နာမည်ပေးထားတယ်... ဘယ်လိုလဲ"
သူတို့သုံးဦး လှေကားအတိုင်း တက်လာရင်း တင်းယန်က သူမ၏ တီထွင်မှုကို ရှင်းပြနေသည်။
လင်းယွမ်ရော ကျောက်ခိုင်ပါ သူမ၏ ဆန်းသစ်သော စိတ်ကူးကြောင့် အံ့သြမှင်သက်သွားကြရသည်။
"အရမ်းမိုက်တယ်... ဒါမျိုးကိုတောင် နင်စဉ်းစားမိတယ်နော်"
လင်းယွမ်က စနစ် ကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း တင်းယန်ကို လက်မထောင်၍ ချီးကျူးလိုက်မိသည်။
တင်းယန်က သူမ၏ သန္ဓေပြောင်းစွမ်းရည်ကို အသုံးချရာတွင် လူတိုင်းထက် ခြေတစ်လှမ်းသာနေလေပြီ။
ဒါကိုကြည့်ခြင်းအားဖြင့် တိုက်ခိုက်ရေးစွမ်းရည် ဖန်တီးမှုအပိုင်းတွင် သူမ၌ ပြိုင်ဘက်ကင်းသော ပါရမီရှိကြောင်း ပြသနေသည်။
နောက်မှလိုက်ပါလာသော ကျောက်ခိုင်ကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "အမတင်း... အမက တကယ်ကို တော်လွန်းတယ်ဗျာ... ဘယ်လိုလုပ် တွေးမိတာလဲ"
"ကျွန်တော့်ရဲ့ ရေခဲအစွမ်းနဲ့ရော အဲဒီလို လုပ်လို့ရမလား"
တင်းယန်က ပြောသည်။ "ငါ့လေအမြောက်လက်သီးရဲ့ အဓိကသောချက်က စွမ်းအင်နဲ့ လက်သီးအားကို အုပ်မိုးထားပြီး အချိန်တိုအတွင်းမှာ ဖိသိပ်ထားတာပဲ"
"အပြင်က ခုခံမှုနဲ့တွေ့မှသာ စွမ်းအင်အလွှာက ကွဲထွက်ပြီး အထဲက လက်သီးအားက ပေါက်ကွဲထွက်လာတာ"
"နင့်ရဲ့ ရေခဲစွမ်းအင်သဘောသဘာဝက လက်သီးအားကို အုပ်မိုးထားနိုင်မလားဆိုတာတော့ ငါမသိဘူး... နင်ကိုယ်တိုင် စမ်းကြည့်မှ ရမယ်"
ကျောက်ခိုင်က စိတ်အားထက်သန်သွားသည်။
လင်းယွမ်ကမူ ခေါင်းအသာခါလိုက်သည်။ "ကျောက်ခိုင်... မင်းရဲ့ ရေခဲစွမ်းအင်သဘောသဘာဝက အေးခဲစေတာလေ... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ထက် မှော်စွမ်းအင် တိုက်ခိုက်မှု ဘက်ကို ပိုရောက်တယ်"
"တင်းယန်ရဲ့ လေအမြောက်က လက်သီးအားကို ဖိသိပ်ပြီး အုပ်မိုးထားတာအပြင် နောက်ထပ်အချက်တစ်ချက် ရှိသေးတယ်... အဲဒါက သူ လက်သီးထိုးလိုက်တဲ့အချိန်မှာ သူရဲ့ လက်သီးအားက လုံလောက်အောင် ပြင်းထန်နေဖို့ပဲ"
"လက်သီးအား မပြင်းရင် စွမ်းအင်အလွှာကို ဖောက်ထွက်ပြီး ပေါက်ကွဲနိုင်မှာ မဟုတ်ဘူး"
"တင်းယန်က အစွမ်းနိုးထလာတုန်းက ခွန်အားနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရမ်းတိုးလာခဲ့တယ်... ဒါက သူရဲ့ စွမ်းရည်နဲ့ သက်ဆိုင်တယ်"
"မင်း အစွမ်းနိုးထတုန်းက ခွန်အားနဲ့ ကြံ့ခိုင်မှု တိုးလာတယ်ဆိုပေမဲ့ တင်းယန်လောက်တော့ များမှာ မဟုတ်ဘူး"
"ငါထင်တာတော့ သူလျှောက်တဲ့လမ်းကို မင်း လျှောက်လို့ရမှာ မဟုတ်ဘူး"
ကျောက်ခိုင်က ထိုစကားကြားသောအခါ စိတ်ပျက်သွားပြီး ပြောသည်။ "အစ်ကိုလင်း ပြောတာ ဟုတ်တယ်... ကျွန်တော် ခုနက စမ်းကြည့်တာ ကျွန်တော့်ရဲ့ ရေခဲမြူက လက်သီးအားကို အုပ်လို့မရဘူး"
"အဓိကက အမတင်းလို လေထုကွဲအက်သွားလောက်တဲ့ လက်သီးအားမျိုး ကျွန်တော် မထုတ်နိုင်ဘူး"
တင်းယန်က သူ့ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။ "လူတိုင်းရဲ့ အစွမ်းတွေက မတူကြဘူး... အသုံးပြုပုံတွေလည်း ကွဲပြားတာပေါ့"
"နင့်ရဲ့ ရေခဲအစွမ်းမှာလည်း ငါမလုပ်နိုင်တဲ့အရာတွေ ရှိမှာပါ... စိတ်ဓာတ်ကျမနေဘဲ နင့်ရဲ့အစွမ်းအကြောင်း သေချာလေ့လာပြီး နင့်ကိုယ်ပိုင် လေအမြောက်ကို ဖန်တီးပေါ့"
ကျောက်ခိုင်က ခေါင်းကုတ်ကာ ရယ်လိုက်သည်။ "ဟီး... ကျွန်တော်က ဒီတိုင်း ညည်းကြည့်တာပါ... စိတ်ချပါ အမတင်း... ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
စကားပြောနေကြရင်း သူတို့သုံးဦး အထပ် ၂၀ ကျော်သို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက် မည်သည့်နေရာတွင်မှ မရပ်နားခဲ့ပေ။ အချို့အခန်းများမှ မေးမြန်းသံများ ကြားရသော်လည်း ပြန်မဖြေခဲ့ကြ။
အရှိန်မြှင့်တက်လာကြရာ မကြာမီ အဆောက်အအုံ၏ အိမ်မိုးပေါ်သို့ ရောက်ရှိလာကြသည်။
ထိုအခါမှ သုံးဦးသား သက်ပြင်းချနိုင်ကြတော့သည်။ လင်းယွမ်က အိမ်မိုးပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရာ ပန်းအိုးများနှင့် ပလတ်စတစ်ပုံး အများအပြားကို တွေ့လိုက်ရသည်။
သူ ပြုံးလိုက်မိသည်။ "ဒီမှာ ပန်းအိုးတွေ အများကြီးပဲ... ရှာကြည့်ရအောင်... သန္ဓေပြောင်းအသီးများ တွေ့မလားလို့"
တင်းယန်နှင့် ကျောက်ခိုင်တို့ မျက်လုံးအရောင် တောက်လာသည်။
လင်းယွမ်သည် တိုက် (၇၆) အမိုးပေါ်တွင် သန္ဓေပြောင်းအသီး ရှာတွေ့ခဲ့ဖူးကြောင်း သူတို့သိထားကြသည်။
ကျောက်ခိုင်ဆိုလျှင် ထိုသန္ဓေပြောင်းအသီးကို စားပြီးမှ ရေခဲစွမ်းအင် နိုးထလာခဲ့ခြင်း ဖြစ်သည်။
"ကျောက်ခိုင်... နင် ဟိုဘက်ကိုရှာ... ငါ ဒီဘက်ကိုရှာမယ်" တင်းယန်က အလျင်စလို ပြောလိုက်သည်။
သုံးဦးသား မိုးသည်းထန်နေသည့်ကြားမှ အိမ်မိုးပေါ်တွင် အလျင်အမြန် ရှာဖွေကြတော့သည်။
မကြာမီ သူတို့သုံးဦး ပြန်ဆုံကြရာ မျက်နှာပေါ်တွင် စိတ်ပျက်ရိပ်များ ယှက်သန်းနေကြသည်။
"မရှိဘူး"
"သန္ဓေပြောင်းအသီးက အဲဒီလောက် လွယ်လွယ်နဲ့ ပေါက်လာမယ့်ပုံ မပေါ်ဘူး"
"ဒီအပင်တွေက ရေစိမ်တာ ကြာနေပြီဆိုတော့ အမြစ်တွေပုပ်ကုန်ပြီ... အရှင်တောင် သိပ်မရှိတော့ဘူး... အသီးသီးဖို့ဆိုတာ ဝေးရော"
လင်းယွမ်က ပြောလိုက်သည်။ "ထားလိုက်ပါ... မရှိတာလည်း မျှော်လင့်ထားပြီးသားပဲ... အရင်က ရှိရင်ရှိမယ်... ဒါပေမဲ့ ဒီတိုက်ထဲကလူတွေ စားပစ်လိုက်တာလည်း ဖြစ်နိုင်တာပဲ"
"ဒီပန်းအိုးထဲက မြေကြီးတွေက အသုံးဝင်တယ်... ဟင်းသီးဟင်းရွက်တွေ ပိုစိုက်လို့ရမလားလို့ ငါအကုန်သိမ်းသွားပြီး အဒေါ်ကြီးလီကို မြေသြဇာလုပ်ခိုင်းရမယ်"
ပြောပြောဆိုဆိုနှင့် သူက ပန်းအိုးများကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
ထိုမြင်ကွင်းကို ကျောက်ခိုင်နှင့် တင်းယန်တို့ အားကျစွာ ကြည့်နေမိကြသည်။
ကျောက်ခိုင်က မနေနိုင်ဘဲ ပြောသည်။ "အစ်ကိုလင်းရဲ့ ဟင်းလင်းပြင်အစွမ်းက တကယ် အသုံးဝင်တာပဲ"
တင်းယန်က ခေါင်းငြိမ့်သည်။ "ဟုတ်တယ်... သူ့ရဲ့ ဒီအစွမ်းသာမရှိရင် ငါတို့ ရိက္ခာ ရှာတွေ့ရင်တောင် သိမ်းဆည်းဖို့ ခက်ခဲမှာ"
အိမ်မိုးပေါ်ရှိ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လင်းယွမ်က သိုလှောင်ခန်းထဲမှ ကြိုးခွေကို ထုတ်လိုက်သည်။
"ဦးလေးမာတို့ကို အကြောင်းကြားလိုက်... ကြိုးလိုင်းဆွဲဖို့ ပြင်ဆင်တော့... ငါ ကြိုးပစ်တော့မှာမို့လို့ ရှောင်နေကြလို့ ပြော"
"သိပြီ"
ကျောက်ခိုင်က ခေါင်းငြိမ့်ပြီး အိတ်ထဲမှ ဓာတ်မီးကိုထုတ်ကာ တိုက် (၇၆) ဘက်သို့ မီးထိုးပြလိုက်သည်။
ဒါက သူတို့ ကြိုတင်သတ်မှတ်ထားသော အချက်ပြသင်္ကေတဖြစ်သည်။ သူတို့ ဘေးကင်းစွာ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ကြိုးပစ်တော့မည်ဖြစ်၍ ရှောင်ရှားရန် အသိပေးခြင်း ဖြစ်သည်။
နှစ်မိနစ်ခန့်အကြာတွင် လင်းယွမ်က အလေးတုံး ချည်ထားသော ကြိုးကို လွှဲလိုက်သည်။
ထို့နောက် အရှိန်ယူပြေးနေစရာပင်မလိုဘဲ လက်မောင်းကို လွှဲကာ အားကုန် ပစ်ပေါက်လိုက်တော့သည်!
"ဝှီးးးးး" လေခွင်းသံနှင့်အတူ အလေးတုံးသည် မိုးစက်များကို ဖြတ်သန်းကာ ပေ ၃၀၀ အကွာရှိ တိုက် (၇၆) အိမ်မိုးပေါ်သို့ ပျံသန်းသွားသည်။
ဒုန်း... ပေ ၃၀၀ အကွာအဝေးနှင့် မုန်တိုင်းသံများကြားမှပင် ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။
အလေးတုံးသည် တစ်ဖက်အဆောက်အအုံ အိမ်မိုးပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
မကြာမီ ထိုဘက်မှ လူရိပ်နှစ်ခု ပြေးတက်လာကြပြီး ကြိုးကို ဆွဲယူလိုက်ကြသည်။
နှစ်ဖက်စလုံး ကြိုးကို သေချာချည်နှောင်ပြီးနောက် ပလတ်စတစ်ပုံးဖြင့် လုပ်ထားသော စကားပြောကိရိယာကို အသုံးပြု၍ ဆက်သွယ်လိုက်ကြသည်။
"ဦးလေးမာ... ကြိုးကို သေချာချည်ပြီးပြီလား"
"ချည်ပြီးပြီ... ကြိုးလိုင်းကို ၁၉ ထပ်မှာပဲ တပ်ဆင်လိုက်မယ်... အဲဒီအမြင့်က အနေတော်ပဲ"
လင်းယွမ်က ပြန်ပြောသည်။ "သိပြီ... ကျွန်တော် ကြိုးတွေ ထပ်ပစ်ပေးမယ်... ခဏနေရင် ဒီဘက် ၁၉ ထပ်ကနေ ကြိုးထပ်ပစ်ပေးဦးမယ်"
"ဟုတ်ကဲ့... မောင်လင်းယွမ်တို့ဘက်က အခြေအနေ ဘယ်လိုလဲ... အန္တရာယ် ရှိလား"
"အဆင်ပြေတယ်... အန္တရာယ်ကြီးကြီးမားမား မတွေ့ရဘူး... လူတော့ မတွေ့သေးဘူး... ခဏနေမှ သွားခေါ်ရမယ်... အရင်ဆုံး ကြိုးလိုင်း ဆောက်လိုက်ရအောင်"
"သိပြီ... အရာရာ ဂရုစိုက်ကြပါ"
စကားပြောကိရိယာ ရှိသော်လည်း မုန်တိုင်းသံကြောင့် အသံက သိပ်မကြည်လင်ပေ။ တစ်ဖက်က ကြားရအောင် ပုံးထဲသို့ အော်ပြောနေရသည်။
လင်းယွမ်က ကြိုးနှစ်ချောင်း ထပ်ပစ်ပေးလိုက်ရာ တစ်ဖက်မှ ဦးလေးမာနှင့် ချိုင်ကြည်တို့က ကြိုးများကို ၁၉ ထပ်သို့ ဆွဲယူသွားကြသည်။
ကိစ္စအားလုံး ပြီးစီး၍ တိုင်လုံးတွင် ကြိုးလိုင်းကို သေချာချည်နှောင်ပြီးသောအခါမှ လင်းယွမ်တို့ သုံးဦး သက်ပြင်းချနိုင်ကြတော့သည်။
"ဒီကြိုးလိုင်း ရှိနေတော့ အန္တရာယ်ကြုံရင်တောင် ငါတို့ ဒီကနေ လျှောဆင်းပြီး ပြန်ပြေးလို့ရပြီ"
"သွားကြစို့... တုံယန် မောင်နှမကို သွားရှာကြမယ်"
လင်းယွမ်သည် တင်းယန်၊ ကျောက်ခိုင်တို့နှင့်အတူ ၃၂ ထပ်သို့ လျင်မြန်စွာ ပြန်ဆင်းလာခဲ့ကြသည်။
လူသွားလမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းပြင်ပေါ်တွင် ခြောက်သွေ့နေသော သွေးကွက်များ နေရာအနှံ့ ရှိနေသည်။
အသားပုပ်သိုးနံ့များ ရနေသဖြင့် လင်းယွမ်တို့ သုံးဦး မျက်မှောင်ကြုတ်လိုက်မိကြသည်။
"ဒီနေရာမှာ လူတော်တော်များများ သေထားပုံရတယ်" ကျောက်ခိုင်က တိုးတိုးပြောလိုက်သည်။
လင်းယွမ် ခေါင်းငြိမ့်လိုက်ပြီး တိုက်တွဲ (၁) ဘက်သို့ သွားရန် ပြင်လိုက်သည်။
ထိုစဉ် တင်းယန်က ရုတ်တရက် တားလိုက်သည်။ "ခဏလေး"
"ဘာဖြစ်လို့လဲ"
"ဒီအထပ်က အခန်းတံခါးတွေကို ဖွင့်ထားလိုက်ရအောင်... အန္တရာယ်ကြုံရင် ကျွန်မတို့ ရှောင်လို့ရမယ့် နေရာလွတ် ရှိသွားတာပေါ့" တင်းယန်က ပြောရင်း အခန်းတစ်ခန်း၏ တံခါးကို ဖွင့်လိုက်သည်။
အခန်းထဲမှ အလားတူ အပုပ်နံ့များ ထွက်ပေါ်လာရာ အခန်းပိုင်ရှင် သေဆုံးနေပြီလော မသိရပေ။
လင်းယွမ် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ အမျိုးသမီးတွေက တကယ်ပဲ စေ့စပ်သေချာသည်။ တိုက်ပွဲမစခင် ဒီအချက်ကို ထည့်စဉ်းစားမိသည်။
အကယ်၍ တိုက်တွဲ (၁) တွင် ပိတ်ဆို့နေသော သန္ဓေပြောင်းလူသား ဝမ်ဆုန်သည် တုန်းယန် ပြောသကဲ့သို့ တကယ်စွမ်းအားကြီးနေပါက သူတို့ ကြိုတင်ကာကွယ်ထားရမည် ဖြစ်သည်။
"တုန်းယန် ပြောပုံအရဆိုရင် အဲဒီ သန္ဓေပြောင်းကောင်က အရပ် ၁၀ ပေ လောက်ရှိတယ်ဆိုတော့ ဒီလိုကျဉ်းမြောင်းတဲ့ လမ်းကြားမှာ လှုပ်ရှားရ ခက်ခဲမှာပဲ"
"ငါတို့ ယှဉ်မတိုက်နိုင်ရင်တောင် အခန်းတွေထဲ ဝင်ပုန်းပြီး သူ့ကို အချိန်ဆွဲထားလို့ ရနိုင်တယ်"
တင်းယန်၏ စကားကြောင့် ကျောက်ခိုင်နှင့် လင်းယွမ်တို့ ခေါင်းငြိမ့်လိုက်ကြပြီး အနီးနားရှိ အခန်းတံခါးများကို လိုက်ဖွင့်ကြတော့သည်။
တိုက်တွဲ (၂)၊ အခန်း ၃၂၀၄ ကို ဖွင့်လိုက်သောအခါ အခန်းထဲမှ တုန်ရီနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်... ဘယ်သူလဲ"
ဆက်ရန်...
အပိုင်း (၁၃၆) ကြောက်မက်ဖွယ် အသားတောင် သန္ဓေပြောင်းလူသား
"လူရှိတယ်"
တင်းယန်က ချက်ချင်း ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ပါးစပ်လှုပ်ရုံ စကားပြောကာ လူရှိကြောင်း အချက်ပြလိုက်သည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့လည်း ရပ်တန့်သွားကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် လင်းယွမ်က အခန်းထဲသို့ လှမ်းပြောလိုက်သည်။
"ဆောရီးပါ... ကျွန်တော်တို့ အခုပဲ သွားတော့မှာပါ"
သူက မလိုအပ်ဘဲ ပြဿနာ မဖြစ်ချင်ပေ။ ဒီလိုအချိန်မျိုးမှာ သူစိမ်းတွေနဲ့ ရန်စ မဖြစ်တာ အကောင်းဆုံးပင်။ တော်ကြာ အခန်းထဲကလူက သန္ဓေပြောင်း အစွမ်းတစ်ခုခု ရှိနေပြီး အထင်လွဲသွားကြလျှင် တိုက်ခိုက်ကြရပေလိမ့်မည်။ ထိုအခါ အသံတွေ ဆူညံသွားနိုင်သည်။
ပြောပြောဆိုဆိုနှင့်ပင် သူက တင်းယန်နှင့် ကျောက်ခိုင်ကို ခေါ်ကာ နောက်ဆုတ်လိုက်ပြီး မျက်နှာချင်းဆိုင် အခန်းဘက်သို့ သွားရန် ပြင်လိုက်သည်။
ထိုစဉ် အခန်းထဲမှ အသံထွက်ပေါ်လာသည်။
"နေပါဦး... ခဏလောက်... ခင်ဗျားတို့က တစ်ဖက်က တိုက် ၇၆ ကလား... တုံယန် ပြောပြောနေတဲ့ လင်းယွမ်ဆိုတာလား"
အခန်းထဲမှလူက စိတ်လှုပ်ရှားသွားပုံရပြီး အသံတိုးတိုးဖြင့် အလျင်စလို မေးလိုက်သည်။
လင်းယွမ်တို့ သုံးယောက်သား အံ့သြသွားကြသည်။
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော် လင်းယွမ်ပါ... ခင်ဗျားက ဘယ်သူလဲ"
"ဂျောက်"
တံခါးပွင့်သွားပြီး ပိန်လှီသော လူငယ်တစ်ယောက် ထွက်လာသည်။ သူက အပြင်ဘက်ကို စိတ်လှုပ်ရှားစွာဖြင့် ကြောက်လန့်တကြား ကြည့်နေသည်။
လင်းယွမ်တို့ သုံးယောက်ကို မြင်သောအခါ သူ အနည်းငယ် ကြောင်သွားပြီးနောက် ကပျာကသီ မေးလိုက်သည်။
"ဘယ်သူက လင်းယွမ် ဆိုတဲ့သူလဲဗျ"
"ကျွန်တော်ပါ" လင်းယွမ်က ရှေ့ထွက်လိုက်သည်။
ထိုလူက အလျင်စလို ပြောလိုက်သည်။ "မင်္ဂလာပါဗျာ... ကျွန်တော့်နာမည် ကုဖုန်း ပါ... တုံယန်ရဲ့ ငယ်သူငယ်ချင်းပါ... သူက ခင်ဗျားတို့ လာမယ်လို့ ပြောထားတယ်... ဒီလောက် မြန်မြန်ရောက်လာမယ် မထင်ထားဘူး"
လင်းယွမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"တုံယန်က ပြောတယ်ဟုတ်လား... သူက အိမ်ထဲကနေ အပြင်မထွက်နိုင်ဘဲနဲ့ ခင်ဗျားတို့ ဘယ်လို ဆက်သွယ်ကြတာလဲ"
ကုဖုန်းသည် အရပ် ၅ ပေ ၈ လက်မခန့် ရှိသော်လည်း ရေရှည် အစာငတ်ပြတ်နေသဖြင့် အလွန် ပိန်လှီနေသည်။ သူ့ရုပ်ရည်မှာ သန့်ပြန့်သည်ဟု ဆိုနိုင်သော်လည်း ပစ်စလက်ခတ် နေထားရသဖြင့် ပေတိပေစုတ် ဖြစ်နေသည်။
လင်းယွမ်၏ စကားကို ကြားသောအခါ သူက ချက်ချင်း ပြန်ပြောလိုက်သည်။
"တုံယန်က ခင်ဗျားကို မပြောပြဘူးလား... သူ့မှာ အစွမ်းရှိတယ်လေ... စိတ်ချင်းဆက်သွယ်နိုင်တဲ့ အစွမ်းလေ... အနီးအနားက လူတွေနဲ့ စိတ်ချင်း စကားပြောလို့ရတယ်"
လင်းယွမ် အံ့သြသွားသည်။ "သူ့မှာ အဲဒီလိုအစွမ်း ရှိတယ်လား"
"ဟုတ်တယ်ဗျ... သူ့ရဲ့ စိတ်ဆက်သွယ်မှုက တော်တော်စွမ်းတယ်... အဝေးကြီးကနေ စိတ်ချင်း ဆက်သွယ်နိုင်ရုံသာမကဘူး... သန္ဓေပြောင်း သတ္တဝါတွေရဲ့ စိတ်ကိုလည်း ငြိမ်သက်အောင် လုပ်ပေးနိုင်တယ်"
"ခုတလော ဝမ်ဆုန့်က သန္ဓေပြောင်းသွားပြီး နေရာတကာ လိုက်သတ် စားသောက်နေတာ... တုံယန်သာ သူ့ရဲ့ စိတ်ဆက်သွယ်နိုင်တဲ့ အစွမ်းနဲ့ ဝမ်ဆုန့်ကို အတင်းငြိမ်သက်အောင် မလုပ်ထားရင် ကျွန်တော်တို့ သေကုန်ကြပြီ"
"အရင်တုန်းကဆိုရင် ဒီတိုက်တစ်တိုက်လုံးမှာ သူတစ်ယောက်ပဲ အဲဒီအစွမ်းကို သုံးပြီး ပထမထပ်အထိ ဆင်းပြီး ငါးဖမ်းနိုင်တာ"
"သန္ဓေပြောင်း ကြောင်တွေကလည်း သူ့ကို မတိုက်ခိုက်ဘူး... သူသာ ငါးဖမ်းမကျွေးရင် ကျွန်တော်တို့လို အသက်ရှင် ကျန်ရစ်သူတွေ အကုန်လုံး... အကုန်လုံး"
ကုဖုန်း၏ မျက်ဝန်းအိမ်များ နီရဲလာသည်။ ကြောက်မက်ဖွယ် ကံကြမ္မာဆိုးကို တွေးမိပြီး ဝမ်းနည်းသွားပုံ ရသည်။
လင်းယွမ်လည်း တုံယန် မောင်နှမနှစ်ယောက်စလုံးက သန္ဓေပြောင်း အစွမ်းကိုယ်စီ ရှိကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် တုံယန်က အလွန်စိတ်ထားကောင်းပြီး အိမ်နီးချင်းများကိုပါ ငါးဖမ်းကျွေးခဲ့သည်ဟု ဆိုသည်။
တင်းယန်က ဝင်မေးလိုက်သည်။ "ဒါဆို ဘာလို့ ဝမ်ဆုန့် ဆိုတဲ့ကောင်က သူ့အိမ်ရှေ့မှာ ပိတ်စောင့်နေရတာလဲ"
ကုဖုန်းက ရှင်းပြသည်။ "သူပြောပြတာတော့... သူက ဝမ်ဆုန့်ရဲ့ စိတ်ကို ငြိမ်သက်အောင် ခဏခဏ လုပ်ပေးလွန်းတော့ ဝမ်ဆုန့်က သူ့ကို မှီခိုသလို ဖြစ်သွားတာတဲ့... ဒါကြောင့် ဝမ်ဆုန့်က သူ့နောက်ကို တစ်ကောက်ကောက် လိုက်ပြီး အိမ်ရှေ့မှာ လာပိတ်စောင့်နေတာ"
"ဒါနဲ့... ခင်ဗျားတို့က ဝမ်ဆုန့်ကို သတ်မလို့လား... သူက တိုက်တွဲ ၁၊ အခန်း ၃၂၀၁ မှာ ရှိနေတာ... ကျွန်တော် ကူညီပေးလို့ ရတယ်"
လင်းယွမ်က ကုဖုန်းကို အံ့သြစွာ ကြည့်လိုက်သည်။ "ခင်ဗျားက ဘယ်လို ကူညီမှာလဲ"
တင်းယန်နှင့် ကျောက်ခိုင်တို့လည်း အံ့သြသွားကြသည်။ ဒီလူက ကိုယ်တိုင်တောင် အိမ်ထဲက မထွက်ရဲဘဲ ပိတ်မိနေပြီး သူတို့ကို ကူညီမယ် ပြောနေသည်မှာ မယုံနိုင်စရာပင်။
ကုဖုန်းက အလျင်စလို ပြောလိုက်သည်။ "ကျွန်တော်လည်း အစွမ်းရထားတဲ့သူပါ... ကျွန်တော်က မီးခိုးတွေ မှုတ်ထုတ်ပြီး မြူခိုးတွေ ဖန်တီးနိုင်တယ်... သူ့အမြင်အာရုံကို ကွယ်ထားလို့ရတယ်"
ပြောပြောဆိုဆို သူက မယုံမှာစိုးသဖြင့် ပါးစပ်ဟကာ စင်္ကြံလမ်းတစ်လျှောက် လေတစ်ချက် မှုတ်ထုတ်လိုက်သည်။
"ဟူး"
ခဏအတွင်းမှာပင် သူ့ပါးစပ်ထဲမှ မီးခိုးဖြူများ လှိမ့်ထွက်လာပြီး စင်္ကြံလမ်းတစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားတော့သည်။
မြူခိုးများက ထူပိန်းလွန်းလှသဖြင့် လင်းယွမ်တို့ သုံးယောက်သား တစ်ယောက်နှင့်တစ်ယောက် ဝါးတားတားသာ မြင်ရတော့သည်။
ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျားမှာ ဒီလိုအစွမ်းရှိတာတောင် ဘာလို့ အိမ်ထဲမှာ ပိတ်မိနေရတာလဲ"
တင်းယန်ကလည်း ဝင်ပြောသည်။ "ဒီအစွမ်းနဲ့ဆို ဝမ်ဆုန့်ကို ရှောင်ပြီး အောက်ထပ်ဆင်း ငါးဖမ်းလို့ ရတာပဲကို"
ကုဖုန်းက ပါးစပ်ဖြင့် လေပြန်စုပ်လိုက်ရာ စင်္ကြံလမ်းမှ မီးခိုးများ အားလုံး သူ့ပါးစပ်ထဲသို့ ပြန်ဝင်သွားသည်။
ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်သည်။ "ဝမ်ဆုန့်ကိုတော့ ရှောင်လို့ရပါရဲ့... ဒါပေမဲ့ ပထမထပ်က သန္ဓေပြောင်း ကြောင်တွေကိုတော့ မရှောင်နိုင်ဘူးဗျ"
"အဲဒီကြောင်တွေက မျက်လုံးကောင်းရုံတင် မကဘူး... အနံ့ခံအာရုံလည်း အရမ်းကောင်းတာ... မြူခိုးတွေကြားထဲမှာတောင် ကျွန်တော့်နေရာကို အတိအကျ ရှာတွေ့နိုင်တယ်"
လင်းယွမ်တို့ သဘောပေါက်သွားကြသည်။ ကုဖုန်းဆိုသော လူငယ်က အစွမ်းရထားသည် ဆိုသော်လည်း တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ပုန်းကွယ်ရုံသာ တတ်နိုင်သည့် သဘောရှိသည်။
ဒါကြောင့်လည်း အိမ်ထဲမှာပဲ ပုန်းနေပြီး တုံယန် ထောက်ပံ့တာကို စောင့်နေရခြင်း ဖြစ်မည်။
လင်းယွမ်က မေးလိုက်သည်။ "ဒီတိုက်ထဲမှာ ခင်ဗျားနဲ့ တုံယန်မောင်နှမကလွဲရင် တခြား ဘယ်နှယောက် ကျန်သေးလဲ... သိလား"
"ဟင်... ကျွန်တော်... ကျွန်တော်လည်း မသိဘူးဗျ... ဒီအလွှာမှာတော့ ကျွန်တော်ရယ် တုံယန်တို့ မောင်နှမရယ်ပဲ အသက်ရှင်ကျန်တော့တယ်"
"တခြားလူတွေကတော့ ဝမ်ဆုန့် စားတာ ခံလိုက်ရတာက တစ်မျိုး၊ အောက်ထပ်ကို ထွက်ပြေးသွားကြတာက တစ်မျိုးပေါ့"
"သန္ဓေပြောင်း သတ္တဝါတွေ ပေါ်မလာခင်တုန်းကတော့ ဒီတိုက်ထဲမှာ လူတစ်စုက အုပ်စုဖွဲ့ပြီး တခြားလူတွေကို အနိုင်ကျင့်ကြတယ်လေ"
"သူတို့လက်ချက်နဲ့ လူတွေအများကြီး သေကုန်ကြတယ်... နောက်တော့ တချို့က ရူးသွားပြီး အစွမ်းတွေရလာတော့ လူတွေကို လိုက်သတ်တဲ့ ဘီလူးတွေ ဖြစ်ကုန်ကြတာပဲ"
"အသက်ရှင်တဲ့လူတွေ နည်းသထက် နည်းလာပြီး အိမ်ထဲမှာပဲ ပုန်းနေကြရတော့တယ်"
"အိမ်ထဲမှာလည်း မလုံခြုံပြန်ဘူး... ရေဆိုးပိုက်တွေထဲကနေ သန္ဓေပြောင်း ပိုးဟပ်တွေက အုပ်လိုက်ထွက်လာကြတာ... အခုတော့ ရေဆိုးပိုက်တွေကို ပိတ်ဆို့ထားလိုက်ရပြီ"
ကုဖုန်း ပြောပြမှ လင်းယွမ် သဘောပေါက်သွားသည်။ တိုက် ၇၇ တွင် အသက်ရှင်ကျန်ရစ်သူ သိပ်မရှိတော့ပေ။
ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်နိုင်သူဆိုလို့ သန္ဓေပြောင်း အစွမ်းရထားသူများသာ ရှိတော့သည်။
"ဒါနဲ့ တုံယန်တော့ သိလောက်တယ်... သူက အရင်တုန်းက အစာရှာထွက်ရင်း တခြားလူတွေကို ကူညီပေးဖူးတယ်"
"အစ်ကိုလင်းယွမ်... ခင်ဗျားတို့က ဝမ်ဆုန့်လို လူသားစားတဲ့ ဘီလူးကောင်ကို သတ်နိုင်ပါ့မလား"
ကုဖုန်းက လင်းယွမ်တို့ကို စိတ်ပူစွာ ကြည့်လိုက်သည်။
ကြည့်ရတာ လင်းယွမ်တို့အဖွဲ့က သိပ်အစွမ်းထက်ပုံ မရပေ။
လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "စမ်းကြည့်မှ သိမှာပေါ့"
"အဲ... ဟုတ်... ဟုတ်ကဲ့... ကျွန်တော် ဘာကူညီပေးရမလဲ"
လင်းယွမ်က စဉ်းစားလိုက်ပြီး ပြောသည်။ "ခဏနေ ကျွန်တော်တို့ တိုက်တွဲ ၁ ထဲ ဝင်တာနဲ့ ခင်ဗျားက မီးခိုးတွေ မှုတ်ထုတ်ပြီး ကျွန်တော်တို့ သုံးယောက်ကို ဖုံးကွယ်ပေး"
"ကျွန်တော်တို့ စတိုက်ပြီဆိုတာနဲ့ ခင်ဗျားက ဘာမှ လုပ်မနေနဲ့တော့... အရင်ဆုံးသာ ထွက်ပြေးပေတော့"
"ဟုတ်... ဟုတ်ကဲ့" ကုဖုန်းက ခေါင်းညိတ်လိုက်သည်။ ဒီအလုပ်က မခက်ခဲပေ။
ထို့နောက် သူသည် လင်းယွမ်တို့ သုံးယောက်နောက်မှ လိုက်ပါလာသည်။
သို့သော် သူက အခန်းတံခါးကိုတော့ စေ့ရုံသာ စေ့ခဲ့သည်။ အခြေအနေမဟန်လျှင် ချက်ချင်း ဝင်ပြေးနိုင်ရန် ဖြစ်သည်။
လေးယောက်သား တိုက်တွဲ ၁ စင်္ကြံလမ်းသို့ ဝင်ရောက်လာကြသည်။
စင်္ကြံလမ်း ကြမ်းပြင်တွင် အက်ကွဲရာများ ပြည့်နှက်နေပြီး လေးလံသော အရာဝတ္ထုကြီးတစ်ခု နင်းလျှောက်ထားသည့် ခြေရာများ ထင်ကျန်နေသည်။
မြေပြင်ပေါ်တွင် သွေးကွက်များနှင့် ကိုက်ဝါးထားသော လူအရိုးအကျိုးအပဲ့များ ပြန့်ကျဲနေကာ အပုပ်နံ့က လူကို ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။
ထိုမြင်ကွင်းကြောင့် လင်းယွမ်ရော တင်းယန်နှင့် ကျောက်ခိုင်ပါ မျက်နှာပျက်သွားကြသည်။
ကုဖုန်းက မျက်လုံးအိမ်များ နီရဲလာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒါတွေအကုန်လုံး ဝမ်ဆုန့် ဘီလူးဖြစ်သွားပြီး စားထားတဲ့ လူတွေချည်းပဲ"
သုံးယောက်သား ဘာမှမပြောဘဲ အမှတ် ၁ တိုက်တွဲ၏ အဆုံးသို့ လျှောက်လာကြသည်။
နီးကပ်လာသည်နှင့် လုံခြုံရေးတံခါး၏ နောက်ကွယ်မှ ကြောက်မက်ဖွယ် အသက်ရှူသံကြီးကို ကြားလိုက်ရသည်။
ထိုအသက်ရှူသံကြီးက လေမှုတ်စက်ကြီးတစ်လုံးနှယ် ကျယ်လောင်လှသည်။
"ရှူး... ရှူး"
ဟောက်သံနှင့်ပင် တူနေသေးသည်။
သူတို့အချင်းချင်း ကြည့်လိုက်ကြပြီး လင်းယွမ်က လုံခြုံရေးတံခါးကို လက်ဖြင့် ဖိလိုက်သည်။
"ကျွီ"
သံချေးတက်နေသော တံခါးက ပွတ်တိုက်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။
လေးယောက်သား ရင်ထိတ်သွားကြပြီး လင်းယွမ်လည်း တွန်းနေသော လက်ကို ခဏရပ်လိုက်သည်။
အသက်ရှူသံကို သေချာ နားထောင်ကြည့်သောအခါ ပုံမှန်အတိုင်း ပြင်းထန်နေဆဲဖြစ်ပြီး နိုးသွားပုံ မရပေ။
လင်းယွမ် သက်ပြင်းချလိုက်ပြီး တံခါးကို ဆက်ဆွဲဖွင့်လိုက်သည်။
မိုးသံ လေသံများ၏ ဖုံးလွှမ်းမှုအောက်တွင် သံတံခါးကြီး ပွင့်ဟသွားသည်။
တံခါးပွင့်သွားသည်နှင့် မျက်စိရှေ့တွင် မြင်လိုက်ရသည်က လူပုဂ္ဂိုလ်မဟုတ်... အနီရင့်ရောင် ဘီလူးကြီးတစ်ခု ဖြစ်နေသည်။
ထိုဘီလူးကြီးက ကျောက်တုံးများ စီစီရီရီ တင်ထားသကဲ့သို့ ဖြစ်နေပြီး လူပုံသဏ္ဌာန် ပေါက်နေသည်။
ထိုသတ္တဝါကြီးက စင်္ကြံလမ်းပေါ်တွင် လှဲလျောင်းနေပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးက လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားသည်။
လက်ထဲတွင်လည်း အလောင်းတစ်လောင်း၏ တစ်ဝက်ကို ကိုင်ထားသည်။
အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အောက်ပိုင်း ဖြစ်ပုံရသည်။
သွေးများက စင်္ကြံလမ်းတစ်လျှောက် ယိုစီးကျနေပြီး အသားပုပ်နံ့က ရွံရှာဖွယ် ကောင်းလှသည်။
ဤသတ္တဝါကြီးက လူပုံသဏ္ဌာန် ရှိသည်မှလွဲ၍ လူနှင့်တူသော အချက်အလက် ဘာတစ်ခုမှ မရှိတော့ပေ။
ခန္ဓာကိုယ်ကြီးက ဧရာမ ကျောက်တုံးကြီးသဖွယ် ကြီးမားပြီး ကြွက်သားများက ဖုထစ်နေကာ သွေးကြောကြီးများက ရေပိုက်လေးများသဖွယ် ခန္ဓာကိုယ်အနှံ့ ယှက်သန်းနေသည်။
သူ့ခေါင်းကမူ ကြီးမားလှသော လည်ဂုတ်ပခုံးကြွက်သားကြီးများကြားတွင် မြုပ်နေပြီး သေးကွေးနေသယောင် ထင်ရသည်။
လင်းယွမ်က အသက်ဝဝရှူလိုက်ပြီး ကုဖုန်းကို အချက်ပြလိုက်သည်။
ကုဖုန်းက ခေါင်းညိတ်ကာ ပါးစပ်ဟလိုက်သည်။
"ဟူး"
မီးခိုးဖြူများ အရှိန်ပြင်းပြင်း ထွက်ပေါ်လာပြီး အမှတ် ၁ တိုက်တွဲ၏ စင်္ကြံလမ်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
စင်္ကြံလမ်းတစ်ခုလုံး မြူခိုးများဖြင့် ဝါးတားတား ဖြစ်သွားပြီး အမြင်အာရုံကို ကွယ်သွားစေသည်။
လင်းယွမ်က အသံမထွက်စေဘဲ သူ့စိတ်စွမ်းအင်ကို ဖြည်းဖြည်းချင်း စုစည်းကာ ထိုဘီလူးကြီးဆီသို့ ဦးတည်လိုက်သည်။
သူက 'စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း' ကို သုံးပြီး ထိုဘီလူးကောင်၏ ဦးနှောက်ကို တိုက်ရိုက် ဖောက်ခွဲပစ်ရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။
ခွီး
စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ထိုဘီလူးကြီး၏ ခေါင်းထဲတွင် ဗုံးကွဲသလို ဖြစ်သွားသည်။
"ခွီး"
ဝမ်ဆုန့်ဟု ခေါ်သော ဘီလူးကြီးက စူးရှစွာ အော်ဟစ်လိုက်သည်။
သူက ခေါင်းကိုအုပ်ကာ ဘေးပတ်ဝန်းကျင်ရှိ နံရံများကို ဝင်ဆောင့်သည်။
"ဒုန်း"
ကျယ်လောင်သော အသံနှင့်အတူ နံရံများ တုန်ခါသွားပြီး အင်္ဂတေများ ကွာကျကာ အုတ်ခဲများပင် အက်ကွဲကုန်သည်။
လင်းယွမ်က အော်ဟစ်လိုက်သည်။ "တက်"
သူက သွေးချွန်ထားသော သံချောင်းတစ်ချောင်းကို ဆွဲထုတ်ကာ ရှေ့ဆုံးမှ ပြေးဝင်သွားသည်။
မြူခိုးများကြားမှနေ၍ အားကုန်လွှဲကာ ထိုးစိုက်ချလိုက်သည်။
"ဒုန်း"
သံချောင်းက တစ်ခုခုကို ထိုးစိုက်မိသလို ဖြစ်သွားသော်လည်း ကားတာယာကို ထိုးမိသကဲ့သို့ မာခဲနေသည်။
တစ်လက်မ လောက်သာ ဝင်ပြီး ဆက်မဝင်တော့ပေ။
လင်းယွမ် ထိတ်လန့်သွားပြီးနောက် လက်ထဲမှ သံချောင်းဆီသို့ ကြီးမားသော တွန်းကန်အားကြီး ပြန်ရောက်လာသည်။
"ခွီး"
ဘီလူးကြီး၏ ဟိန်းဟောက်သံနှင့်အတူ လင်းယွမ်သည် သံချောင်းနှင့်အတူ လေပေါ်သို့ လွင့်စင်သွားသည်။
မြူခိုးများ လွင့်စင် ပြန့်ကျဲသွားသည်။
ဘီလူးကြီးက မတ်တပ်ရပ်လိုက်ပြီ ဖြစ်သည်။ လင်းယွမ် ခုနက ထိုးလိုက်သော သံချောင်းမှာ ဘီလူးကြီး၏ ခြေထောက်ကို သွားစိုက်မိခြင်း ဖြစ်သည်။
ဘီလူးကြီးက ခြေထောက် တစ်ချက်မြှောက်လိုက်ရုံဖြင့် လင်းယွမ်တစ်ကိုယ်လုံး လွင့်ထွက်သွားခြင်း ဖြစ်သည်။
လင်းယွမ် မျက်နှာပျက်သွားပြီး ချက်ချင်း လက်လွှတ်လိုက်ကာ လေပေါ်တွင် ကိုယ်ကို တစ်ချက်လှိမ့်ပြီး နောက်ထပ် သံချောင်းတစ်ချောင်းကို ထုတ်လိုက်သည်။
"ဒုန်း"
သံချောင်းကို စင်္ကြံလမ်း အပြင်ဘက် နံရံတွင် ထိုးစိုက်လိုက်ပြီး တွဲလောင်းခိုကာ အောက်သို့ ပြုတ်ကျမည့် ဘေးမှ သီသီလေး လွတ်မြောက်သွားသည်။
သူက တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အော်ပြောလိုက်သည်။ "အတင်း ဝင်မတိုက်နဲ့... သူ့အရေခွံက အရမ်းမာတယ်... ခွန်အားလည်း အရမ်းကြီးတယ်"
ထိုအချိန်တွင် တင်းယန်က တိုက်ခိုက်နေပြီ ဖြစ်သည်။ ပေအနည်းငယ် အကွာမှနေ၍ လက်သီးပေါ်တွင် စွမ်းအင်အလင်းရောင်များ တောက်ပလာသည်။
သူမက အော်ဟစ်လိုက်သည်။ "လေအမြောက်လက်သီး"
"ဝုန်း"
စွမ်းအင်အလင်းတန်းက လက်စွပ်ကွင်းများသဖွယ် ဖြစ်ပေါ်လာပြီး ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။
လမ်းတစ်လျှောက်ရှိ မြူခိုးများကို ခွင်းကာ ဖြာထွက်သွားသည်။
လေအမြောက်လက်သီးက ဘီလူးကြီး၏ ရင်ဘတ်တည့်တည့်ကို ဝင်ဆောင့်သည်။
စွမ်းအင် လက်သီးချက်က အမြောက်ဆံငယ် တစ်ခုအလား ပေါက်ကွဲသွားသည်။
ဘီလူးကြီး၏ ခန္ဓာကိုယ် အနည်းငယ် ယိုင်သွားသော်လည်း ချက်ချင်းပင် ရင်ဘတ်ကို ထုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခွီး"
ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး သူ့ပါးစပ်မှ ကြီးမားသော အသံလှိုင်းများ မှုတ်ထုတ်လိုက်သည်။
အသံလှိုင်းများက ဒြပ်ရှိသောအရာများသဖွယ် မြူခိုးများကို ချက်ချင်း လွင့်စင်သွားစေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် စင်္ကြံလမ်းတစ်ခုလုံး ရှင်းလင်းသွားသည်။
ထိုမြင်ကွင်းကြောင့် ကျောက်ခိုင်ရော တင်းယန်ပါ မျက်နှာပျက်သွားကြသည်။
တင်းယန်က သူမ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သည့် 'လေအမြောက်လက်သီး' ဖြင့် တိုက်ခိုက်လိုက်သော်လည်း ဘီလူးကြီး၏ ရင်ဘတ်တွင် အရေပြား ပွန်းပဲ့ပြီး သွေးပုပ်အနည်းငယ် ထွက်လာရုံသာ ရှိသည်ကို တွေ့လိုက်ရသည်။
"နောက်ဆုတ်"
လင်းယွမ်က အော်ဟစ်လိုက်ပြီး အပြင်ဘက် နံရံမှနေ၍ ခန္ဓာကိုယ်ကို လှဲကာ ဘီလူးကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
သူ့လက်နှစ်ဖက်တွင် ပစ္စည်းသိုလှောင်ခန်းထဲမှ ထုတ်လိုက်သော သံချောင်းနှစ်ချောင်း ရောက်နေပြီ ဖြစ်သည်။
သူက ၅.၉ ရှိသော ခွန်အားကို အကုန်သုံးကာ လက်နှစ်ဖက်ကို မြှောက်၍ ဘီလူးကြီး၏ နားထင်ကို အားကုန် ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
ဘီလူးကြီးက အာရုံခံမိသဖြင့် ခေါင်းကို ငုံ့ရှောင်လိုက်ရာ လင်းယွမ်၏ လက်နှစ်ဖက်က ဘီလူးကြီး၏ နောက်ကျောကိုသာ ရောက်သွားသည်။
"ဒုန်း... ဒုန်း"
သံချောင်းနှစ်ချောင်းက နားထင်ကို မစိုက်မိဘဲ ပခုံးသား ကြွက်သားကြီးများထဲသို့ စိုက်ဝင်သွားသည်။
သို့သော် ကြွက်သားများက သိပ်သည်းလွန်းလှသဖြင့် လင်းယွမ် အားကုန်သုံးထားသည့်တိုင် ၄ လက်မခန့်သာ ဝင်သွားသည်။
ထိုစဉ် ဘီလူးကြီး၏ လက်ဝါးကြီးက နောက်သို့ လှမ်းဖမ်းလာသဖြင့် လင်းယွမ်သည် သံချောင်းများကို ပြန်မနှုတ်နိုင်တော့ဘဲ လက်လွှတ်ကာ မြေပြင်သို့ ခုန်ဆင်းလိုက်ရသည်။
တပြိုင်နက်တည်းမှာပင် 'စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း' ကို ထပ်သုံးလိုက်သည်။
ခွီး
ဘီလူးကြီး၏ လှုပ်ရှားမှု ရပ်တန့်သွားပြီး ခေါင်းကိုအုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"ဝါး"
သူက ပါးစပ်ဖြဲကာ အော်ဟစ်လိုက်ရာ အသံလှိုင်းများကြောင့် ကျန်ရှိနေသော မြူခိုးများ အကုန် လွင့်စင်ကုန်သည်။
ဘီလူးကြီးက နာကျင်လွန်းသဖြင့် ခေါင်းကိုအုပ်ကာ ရမ်းကားနေသည်။
"ဝုန်း... ဝုန်း... ဝုန်း"
စင်္ကြံလမ်းမှ ကြွေပြားများ၊ ကြမ်းခင်းများ ကွဲအက်ကုန်ပြီး အတွင်းမှ သံချောင်းများပင် ပေါ်လာသည်။
လင်းယွမ် စိတ်ပျက်သွားသည်။ ဒီကောင်က သူ့စိတ်စွမ်းအင်နဲ့ နှစ်ခါတောင် အတိုက်ခံရတာတောင် မသေသေးပါလား။
"ခွီး"
ဘီလူးကြီးက ဒေါသတကြီးဖြင့် ကြမ်းပြင်မှ ကွဲထွက်လာသော သံချောင်းများကို ဆွဲကာ ဆောင့်ဆွဲလိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း"
စင်္ကြံလမ်း ကြမ်းခင်းများက အရုပ်ဆက်များသဖွယ် ကွာကျလာပြီး စင်္ကြံလမ်းတစ်ခုလုံး ပြိုကျလုမတတ် ဖြစ်သွားသည်။
ဘီလူးကြီးက သံချောင်းများကို ကိုင်ကာ ပတ်ဝန်းကျင်ကို ရမ်းကား ရိုက်နှက်နေသည်။
သံချောင်းများ ရိုက်ခတ်မိရာ နေရာတိုင်းတွင် ကွန်ကရစ်နံရံများ ကွဲအက်ကုန်သည်။
တင်းယန်နှင့် ကျောက်ခိုင်တို့သည် ပြန်တိုက်ဖို့ စိတ်မကူးရဲတော့ဘဲ ကြမ်းပြင်နှင့် ကပ်ကာ နောက်သို့ အလျင်အမြန် ဆုတ်ပြေးကြသည်။
"ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်းလူသား ရှိရတာလဲ" တင်းယန်၏ မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းနေသည်။
ကျောက်ခိုင်ကလည်း ပြောလိုက်သည်။ "အပြင်က ဘီလူးတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းနေပြီလား"
ကုဖုန်းကမူ မီးခိုးမှုတ်ပြီးသည်နှင့် အမှတ် ၂ တိုက်တွဲရှိ သူ့အိမ်သို့ ဝင်ပြေးနှင့်ပြီး ဖြစ်သည်။
ယခုအချိန်တွင် ကျောက်ခိုင်နှင့် တင်းယန်တို့သည် သောင်းကျန်းနေသော ဘီလူးကြီးကို ကြည့်ကာ နီးစပ်ရာ အခန်းများထဲသို့ ဝင်ပြေးကြသည်။
အပြင်ဘက်မှ ဝုန်းဒိုင်းကြဲနေသော အသံများကြောင့် သူတို့နှစ်ဦး ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။
လင်းယွမ်လည်း နောက်ဆုတ်ကာ တိုက်တွဲ ၁ လှေကားဘက်သို့ ပြေးဝင်လိုက်သည်။
ဘီလူးကြီးက ကျောက်ခိုင်နှင့် တင်းယန်ကို မျက်ခြည်ပြတ်သွားသဖြင့် လင်းယွမ်ဘက်သို့ လှည့်လာသည်။
သွေးကြောများ ယှက်သန်းနေသော မျက်လုံးဖြူကြီးများထဲတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို နှစ်ကြိမ်ဆက်တိုက် သုံးလိုက်သဖြင့် သူ့စိတ်စွမ်းအင်များ အတော်ကုန်ခန်းနေပြီ ဖြစ်သည်။
သို့သော် ဒါတွေကို ဂရုစိုက်နေ၍ မရ။ ဒီဘီလူးကောင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အမြင့်ဆုံးသို့ ရောက်နေသဖြင့် သူ့ခွန်အားနှင့် ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းသာ ဖြစ်သည်။
"နောက်တစ်ခါ"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်စွမ်းအင်များကို စုစည်းကာ 'စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း' ကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
"ဝီ... ဝီ... ဝီ"
ပြင်းထန်သော စိတ်စွမ်းအင် တုန်ခါမှုများက ဘီလူးကြီး၏ ဦးနှောက်ကို ဝင်ဆောင့်သည်။
သုံးကြိမ်ဆက်တိုက် 'စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း' ။
မိုးသက်မုန်တိုင်း ကျရောက်သကဲ့သို့ ဘီလူးကြီး၏ စိတ်အာရုံကို ဝင်ရောက် မွှေနှောက်လိုက်သည်။
ဘီလူးကြီးက နာကျင်စွာ အော်ဟစ်ပြီး ခေါင်းကိုအုပ်ကာ ဘေးနံရံများကို ဝင်ဆောင့်သည်။
"ဝုန်း"
သူ့ခန္ဓာကိုယ်ကြီးနှင့် စင်္ကြံလမ်းကို ဆောင့်မိလိုက်သဖြင့် တိုက်တစ်ခုလုံး တုန်ခါသွားသည်။
ထိုခဏ၌ပင် စင်္ကြံလမ်းတစ်ခုလုံး ဝုန်းခနဲ ပြိုကျသွားတော့သည်။
"အုန်း"
ဘီလူးကြီးသည် အုတ်ခဲများ၊ ကျောက်ပြားများနှင့်အတူ ၃၁ ထပ်ရှိ စင်္ကြံလမ်းပေါ်သို့ ပြုတ်ကျသွားသည်။
၃၁ ထပ်မှ စင်္ကြံလမ်းပါ အက်ကွဲသွားသည်။
ဘီလူးကြီးက လေးလံလွန်းသလား၊ တိုက်ဆောက်တုန်းက ပစ္စည်းခိုးထားလို့လားတော့ မသိ။
၃၁ ထပ် စင်္ကြံလမ်းကြီးပါ ထပ်မံ ပြိုကျကာ ကွဲအက်သွားသည်။
ဘီလူးကြီး၏ ခန္ဓာကိုယ်က လိမ့်ဆင်းသွားပြီး အောက်သို့ ထပ်မံ ပြုတ်ကျသွားသည်။
ဒီတစ်ခါတော့ ဘီလူးကြီး ကံမကောင်းပေ။ ခန္ဓာကိုယ် တိမ်းစောင်းသွားပြီး ရေပြင်ရှိရာသို့ တည့်တည့်ကြီး ပြုတ်ကျသွားတော့သည်။
"ကွပ်တိပဲ"
လင်းယွမ် မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာသွားသည်။
ဒီကောင်ကြီး ရေထဲပြုတ်ကျသွားရင် ပေပေါင်းရာချီ နက်တဲ့ ရေထဲမှာ သန္ဓေပြောင်း ငါးတွေ အစားမခံရရင်တောင် ရေနစ်သေမှာ သေချာသည်။
တင်းယန်၊ ကျောက်ခိုင်နှင့် ကုဖုန်းတို့ သုံးယောက်လည်း ၃၂၀၄ အခန်း ပြတင်းပေါက်မှနေ၍ ထိုမြင်ကွင်းကို လှမ်းကြည့်နေကြသည်။ သူတို့မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ထင်ဟပ်လာသည်။
"နိုင်ပြီ"
တင်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့အားလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
အောက်သို့ ပြုတ်ကျသွားတော့မည့် ဘီလူးကြီးက ကြွက်သားများဖြင့် ပြည့်နှက်နေသော လက်မောင်းကြီးကို ဆန့်ထုတ်ကာ တိုက်နံရံကို လှမ်းကုတ်လိုက်သည်။
"ဒုန်း... ဝုန်း"
တိုက်နံရံများ ကွာကျပြီး အုတ်ခဲများ ပဲ့ထွက်ကုန်သည်။
ဘီလူးကြီးက အော်ဟစ်ကာ နောက်ထပ် လက်တစ်ဖက်ဖြင့် နံရံကို ထပ်မံ ထိုးစိုက်လိုက်သည်။
လမ်းတစ်လျှောက်ရှိ ပြတင်းပေါက်များ၊ မှန်များ၊ နံရံများ ကွဲအက် ပြုတ်ကျကာ ရေပြင်ပေါ်သို့ ကျရောက်ကုန်သည်။
နောက်ဆုံးတွင် ဘီလူးကြီးသည် အရှိန်လျော့သွားပြီး ၁၉ ထပ် ဝန်းကျင်တွင် တွဲလောင်း ချိတ်ပါသွားသည်။
၁၉ ထပ် အခန်းထဲတွင် လူတစ်ယောက် ပုန်းနေပုံရသည်။
ရုတ်တရက် ဆူညံသံများ ကြားလိုက်ရသဖြင့် ၁၉ ထပ်မှ လူက လန့်ဖျပ်ပြီး အော်ဟစ်လိုက်သည်။
ထိုစဉ် ဘီလူးကြီးက ဟိန်းဟောက်လိုက်ပြီး လက်မောင်းကို ပြတင်းပေါက်ထဲသို့ ထိုးထည့်လိုက်သည်။
"ဝုန်း"
အခန်းထဲမှ အမျိုးသမီးတစ်ဦးကို ဆွဲထုတ်လိုက်သည်။
ထိုအမျိုးသမီးက ဘီလူးကြီး၏ လက်ထဲတွင် အသကုန် အော်ဟစ် ရုန်းကန်နေသည်။
ဘီလူးကြီးက ပါးစပ်ကိုဟကာ အမျိုးသမီး၏ ခေါင်းကို ကိုက်ချလိုက်သည်။
"ရွပ်"
အမျိုးသမီး၏ ခန္ဓာကိုယ် အပေါ်ပိုင်း ပြတ်ထွက်သွားပုံ ရသည်။
သွေးများက ဘီလူးကြီး၏ ပါးစပ်ထောင့်မှ ပန်းထွက်လာသည်။ ဘီလူးကြီးက တဂျွတ်ဂျွတ် ဝါးစားလိုက်သည်။
လူသား၏ သွေးသားများကို စားသောက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက မျက်စိရှေ့တွင်ပင် အံ့ဖွယ် လျင်မြန်စွာဖြင့် ပြန်လည် ကောင်းမွန်လာသည်။
လင်းယွမ်သည် ၃၂ ထပ်ရှိ ပြိုကျနေသော စင်္ကြံလမ်း အစွန်းတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်ရင်း မျက်နှာ ပျက်ယွင်းနေသည်။
"ဒီကောင်ကြီးက သွေးသားတွေကို စားပြီး ကြွက်သားတွေ တည်ဆောက်တာပဲ... တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်နေတာ"
"ဒီတိုက်ထဲမှာ လူဘယ်နှယောက်လောက်များ သူ့အစာ ဖြစ်သွားခဲ့ပြီလဲ"
မူလက လူသားတစ်ယောက် ဖြစ်ပါလျက်နှင့် လူသားအချင်းချင်း ပြန်စားသည့် ဘီလူးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေသော သန္ဓေပြောင်း ဖြစ်စဉ်မျိုးကို လင်းယွမ် ယုံနိုင်စရာ မရှိအောင် ဖြစ်နေရသည်။
ဘီလူးကြီးက ခေါင်းမော့ကာ ဝါးစားရင်း အပေါ်သို့ လှမ်းကြည့်လိုက်ရာ ၃၂ ထပ်ရှိ လင်းယွမ်ကို မြင်သွားသည်။
သွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် ပြင်းထန်သော အမုန်းတရားများ တောက်လောင်လာသည်။
သူက လက်ထဲတွင် ကျန်နေသော အလောင်းတစ်ပိုင်းကို ၃၂ ထပ်သို့ လှမ်း၍ ပစ်ပေါက်လိုက်သည်။
"ဝှီး"
လေတိုးသံနှင့်အတူ အလောင်းတစ်ပိုင်းက သွေးများ ဖြန်းပက်ကာ လေပေါ်သို့ ပျံတက်လာသည်။
လင်းယွမ် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"ဘုန်း"
အလောင်းတစ်ပိုင်းက ပြိုကျနေသော စင်္ကြံလမ်း အစွန်းကို လာရိုက်ခတ်သည်။
ပြင်းထန်သော အရှိန်ကြောင့် အလောင်းမှာ သွေးအိုင်အဖြစ် ပြောင်းလဲသွားပြီး သွေးစက်များက လင်းယွမ်ထံသို့ လွင့်စင်လာတော့သည်။
ဆက်ရန်...