← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 7 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 7 Ch. 139-140

အပိုင်း (၁၃၉) အစ်ကိုလင်းတို့အဖွဲ့ထဲ အရမ်းဝင်ချင်တာပဲ

လင်းယွမ်က ကမ္ဘာပျက်ကပ်ဘေး ဆိုက်ရောက်လာချိန်မှာ လူတွေ ငတ်မွတ်ခေါင်းပါးကြမယ်ဆိုတာ ကောင်းကောင်းကြီး သိထား၏။

ကိုယ်ကျင့်တရား စည်းဘောင်တွေကို ကျော်လွန်ဖောက်ဖျက်ပြီး လုယက်တာ... လူသတ်တာ... မုဒိမ်းကျင့်တာ စတဲ့ ယုတ်မာမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာမှာက မလွဲမသွေပင်။

သို့သော် ချန်မင်တို့လူစု ကျူးလွန်ခဲ့သည့် ကိစ္စမျိုးကိုမူ သူ စိတ်ကူးထဲပင် မထည့်ရဲခဲ့ပေ။

ရှေးစာပေတွေထဲမှာတော့ ကပ်ဘေးဆိုက်ချိန်မှာ ပြည်သူတွေက သားသမီးချင်း လဲလှယ် ချက်ပြုတ်စားသောက်ကြသည်ဟု မှတ်တမ်းတင်ထားဖူး၏။

ယခင်က စာပေတွေထဲမှာသာ တွေ့ခဲ့ဖူးသည့် 'သားသမီးချင်း လဲလှယ်စားသောက်ခြင်း' ဆိုသည့် စကားလုံးလေးလုံးက ကပ်ဘေးကာလ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ဖော်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုလူသားစားသည့် အဖြစ်အပျက်ကို သူ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရလေပြီ။

ဤကိစ္စက သူ့စိတ်ကို တော်တော်လေး လှုပ်ခတ်သွားစေ၏။

အကယ်၍သာ သူ့မှာ အစားအသောက်တွေ မဲနှိုက်လို့ရသည့် စနစ်သာ မရှိခဲ့ရင်... အစားအသောက်တွေ သိုလှောင်ထားနိုင်သည့် ပစ္စည်းသိုလှောင်ခန်းသာ မပါလာခဲ့ရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲဆိုတာ သူ တွေးပင် မတွေးရဲတော့ပေ။

ဒီနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စမျိုးက တိုက် (၇၇) မှာပဲ ဖြစ်ပျက်နေတာမျိုး လုံးဝ မဟုတ်နိုင်။

တခြားတိုက်တွေမှာလည်း သန္ဓေပြောင်း သတ္တဝါတွေက အသာစီးရနေပြီး လူတွေ အပြင်ထွက် ငါးမဖမ်းရဲဘဲ စားစရာပြတ်လပ်နေကြမည်ဆိုလျှင်...

ခုနကလို ကိစ္စမျိုးတွေက နေရာတိုင်းမှာ ရှိနေမှာ သေချာသည်။

လင်းယွမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ ဒီလိုကိစ္စမျိုးတွေကို တားဆီးဖို့ စွမ်းရည်မရှိရင်တော့ ထားလိုက်ပါတော့။

ဒါပေမဲ့ ကြုံလာရပြီဆိုမှတော့ သူ လျစ်လျူရှုမထားနိုင်။

"သွားကြစို့... ဒီက သန္ဓေပြောင်းသတ္တဝါတွေနဲ့ လူရေခွံခြုံထားတဲ့ တိရစ္ဆာန်ကောင်တွေကို ရှင်းပစ်ကြတာပေါ့"

"သိပြီ"

တင်းယန်က ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ကျောက်ခိုင်၏ မျက်လုံးများကလည်း စူးရှတောက်ပလာ၏။

သန္ဓေပြောင်း သတ္တဝါတွေက ကြောက်စရာကောင်းသည် ဆိုသော်လည်း လူရေခွံခြုံထားသည့် တိရစ္ဆာန်တွေကမူ သန္ဓေပြောင်း သတ္တဝါတွေထက် ပို၍ ကြောက်စရာကောင်းပေသည်။

ဆက်လက်လှုပ်ရှားကြသည့် လမ်းတစ်လျှောက်တွင် လူတိုင်း တိတ်ဆိတ်နေကြပြီး ရင်ထဲ၌ ဒေါသမီးများ တောက်လောင်နေကြ၏။

လမ်းတစ်လျှောက် သန္ဓေပြောင်း သတ္တဝါအချို့ကို ဟိုတစ်ကောင် ဒီတစ်ကောင် သတ်ဖြတ်ခဲ့ကြသည်။

အားလုံးက သန္ဓေပြောင်း ပိုးဟပ်... သန္ဓေပြောင်း ကြောင် စသည့် သတ္တဝါများသာ ဖြစ်ကြသည်။

ထိုသန္ဓေပြောင်း သတ္တဝါတွေက အုပ်စုလိုက် မဟုတ်သရွေ့ လင်းယွမ်တို့နှင့် တွေ့သည်နှင့် တစ်ခါတည်း အသေရှင်းပစ်နိုင်သည့် အနေအထားပင်။

သို့သော် သာမန်လူတွေအတွက်မူ ဤသတ္တဝါတွေက အသက်အန္တရာယ် ပေးနိုင်သည့် အရာများ ဖြစ်နေလေသည်။

(၂၈) လွှာသို့ ရောက်သည့်အခါ လင်းယွမ်တို့အဖွဲ့ ဒုတိယမြောက် လူအုပ်စုနှင့် တွေ့ဆုံလေသည်။

လူဦးရေ မနည်းလှ... ငါးယောက်ရှိပြီး မိသားစု နှစ်စု ဖြစ်၏။

ထိုအထဲတွင် သန္ဓေပြောင်း အစွမ်းရရှိသူ တစ်ယောက်မှ မပါ... အားလုံးက သာမန်လူများသာ ဖြစ်ကြသည်။

သူတို့အားလုံး ငတ်လွန်းလို့ အရိုးပေါ်အရေတင် ဖြစ်နေကြပြီး စက္ကူများကို ပြုတ်ကာ ဗိုက်ဖြည့်နေကြရသော်လည်း သူတို့အချင်းချင်းကြားတွင် ချန်မင်တို့အဖွဲ့လို ကြောက်မက်ဖွယ်ကိစ္စမျိုး မရှိခဲ့ကြပေ။

(စက္ကူ ဆိုတာ သစ်ပင်ကလာတဲ့အတွက် အဟာရမဖြစ်ပေမယ့် အသီးအရွက်စာရင်းဝင်ပါတယ် XD)

လင်းယွမ်က စိတ်ထဲ အနည်းငယ် သက်သာရာရသွားပြီး ထိုမိသားစုနှစ်စုကို ကယ်တင်လိုက်ကာ အစားအသောက်များကို နှမြောတွန့်တိုမနေဘဲ ပေါင်မုန့်နှင့် ရေများကို ထုတ်ဝေပေးလိုက်၏။

ထိုလူတွေက ငတ်ပြတ်နေတာ ကြာလွန်းပြီဖြစ်၍ ရေနှင့် ပေါင်မုန့်လောက်သာ စားနိုင်ကြသေးသည်။

သူတို့အနေဖြင့် ဖြည်းဖြည်းချင်း အားပြန်မွေးကာ ပြန်လည်ကျန်းမာလာအောင် စောင့်ရဦးမည်။

ထိုမိသားစုနှစ်စုက ကျေးဇူးတင်လွန်းသဖြင့် ထိုင်ရှိခိုးမတတ် ဖြစ်နေကြသည်။ လင်းယွမ်က သူတို့ကို အပြင်သို့ ခေါ်မထုတ်ဘဲ တံခါးလုံခြုံစွာ ပိတ်နေကြဖို့သာ မှာကြားခဲ့၏။

"လင်းယွမ်... ဒီတိုက်ထဲက ကျန်တဲ့လူတွေလည်း ဒီမိသားစုတွေလိုပဲ ဖြစ်နေလောက်တယ်... အကုန်လုံး ငတ်လွန်းလို့ ကျောကပ်နေကြပြီ ထင်ပါရဲ့" တင်းယန်က တိုးတိုးလေး ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ရင်း "ဒီတိုက်ထဲမှာ သန္ဓေပြောင်းကောင်တွေ အရမ်းများနေတာကိုး... ပြီးတော့ အသားတောင်ကြီး 'ဝမ်ဆုန့်' လည်း ရှိနေတော့ သူတို့ အပြင်မထွက်ရဲကြတာ ပုံမှန်ပါပဲ"

"ဒီလောက်အကြာကြီး ငတ်ထားတဲ့ ခန္ဓာကိုယ်တွေနဲ့ဆိုရင် အပြင်ထွက်လာရင်တောင် သန္ဓေပြောင်း ပိုးဟပ်ကိုတောင် နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဘူး"

ကျောက်ခိုင်ကလည်း ဝင်ပြောသည်။ "ကျွန်တော်တို့သာ မလာရင် သူတို့အားလုံး..."

သူ စကားကို ဆုံးအောင်မပြောသော်လည်း လူတိုင်းက ဆိုလိုရင်းကို နားလည်ကြ၏။

တုံယန်က လေးနက်စွာ ပြောလာသည်။ "အစ်ကိုလင်း... အစ်ကိုကျောက်ခိုင်... အမတင်းယန်... အမှန်အတိုင်းပြောရရင် ရှင်တို့သာ တကယ် မလာခဲ့ရင် ဝမ်ဆုန့်က လူတွေအားလုံးကို ဖြည်းဖြည်းချင်း စားပစ်လိုက်မှာ... ကျွန်မတို့ရဲ့ ဒီတိုက်က သေမင်းတိုက် ဖြစ်သွားမှာ သေချာတယ်"

ထိုသို့ပြောရင်း သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး မျက်လုံးများ နီရဲလာကာ "ရှင်တို့က ကျွန်မတို့အားလုံးရဲ့ အသက်သခင် ကျေးဇူးရှင်တွေပါ... တကယ်ပါ... ကျွန်မတို့အားလုံး ရှင်တို့ကို ကျေးဇူးတင်ရမှာ"

လင်းယွမ်က လက်ကာပြလိုက်ပြီး ပြောလိုက်၏။ "တစ်အိမ်ရာထဲသားချင်းတွေပဲ... ဒီလောက်ကြီး ပြောမနေပါနဲ့တော့"

"နောက်ကျရင် သန္ဓေပြောင်း သတ္တဝါတွေ အကုန်ရှင်းပြီးလို့ တိုက်တစ်ခုလုံး စိတ်ချရပြီဆိုရင် မင်းတို့ ငါးဖမ်းလို့ရပြီ"

"နောက်ပြီး ငါတို့ အပေါ်ဆုံးထပ်မှာ ကြိုးတန်းတွေ ဆင်ထားတယ်... မင်းတို့ ငါးဖမ်းမိလို့ မကုန်ရင် ငါတို့ဆီ လာပြီး တခြားအစားအစာတွေနဲ့ လာလဲလို့ရတယ်"

"ဆန်... ဂျုံ... ပေါင်မုန့်... သရေစာတွေ ရှိတယ်"

"နောက်ပြီး ငါတို့ဘက်က အပင်စိုက်ခန်းမှာလည်း တိုးတက်မှုတွေ ရှိနေပြီ... မကြာခင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ထွက်လာတော့မှာ"

"မင်းတို့ဘက်မှာ ဗီတာမင်ချို့တဲ့ပြီး အရေးပေါ်အခြေအနေ ဖြစ်လာရင် ငါတို့ဆီကနေ ဟင်းသီးဟင်းရွက် အကန့်အသတ်နဲ့ လာလဲလို့ရတယ်"

လင်းယွမ် ပြောလိုက်သည်နှင့် တုံယန်၊ တုံကျဲနှင့် ကုဖုန်း သုံးယောက်သား မျက်လုံးပြူးသွားကြသည်။

"ဟင်... ရှင်တို့ဘက်က အခြေအနေ ဒီလောက်တောင် ကောင်းတာလား"

"ဆန်နဲ့ ဂျုံတောင် ရှိသေးတယ် ဟုတ်လား... ဒါ... ဒါတွေက ဘယ်က ရတာလဲ"

"ဟင်းသီးဟင်းရွက် ဟုတ်လား... ရှင်တို့ ဟင်းသီးဟင်းရွက်တောင် စိုက်ထားတယ်ပေါ့... ဘယ်နေရာမှာ စိုက်စရာမြေ ရှိလို့လဲ" တုံယန်က အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

လင်းယွမ်က ပြုံးလိုက်သည်။ တင်းယန်က ဘေးမှနေ၍ ဝင်ရှင်းပြ၏။ "ငါတို့တိုက်ထဲမှာ အရင်က အိမ်ရာစီမံခန့်ခွဲရေး မန်နေဂျာတစ်ယောက် ရှိတယ်... ရေကြီးကာစတုန်းက လူတွေခေါ်ပြီး စီးပွားရေးဇုန်က မီနီမားကတ်ကို ဖောက်ပြီး အစားအသောက်တွေ အများကြီး သိုလှောင်ထားလိုက်တာ"

"နောက်ပိုင်း ရေကြီးတာ ပိုဆိုးလာတော့ အဲဒီလူစုက တိုက်ထဲမှာ ကင်ဆာကောင်တွေ ဖြစ်လာပြီး ယုတ်မာတာတွေ လုပ်ကြရော... အဲဒါနဲ့ နင့်အစ်ကိုလင်းက ငါတို့ကို ဦးဆောင်ပြီး ပြန်တိုက်ခိုက်ရာကနေ အဲဒီတိရစ္ဆာန်ကောင်နဲ့ သူ့အဖွဲ့ကို သတ်ပစ်လိုက်တာလေ"

"အဲဒီပစ္စည်းတွေ အကုန်လုံးကို အစ်ကိုလင်းက သိမ်းလိုက်တာ... သူက ပစ္စည်းတွေ မပျက်စီးအောင် သိုလှောင်ထားနိုင်လို့သာ ငါတို့အားလုံး သူ့ဘုန်းကံကြောင့် စားသောက်နေရတာ... မဟုတ်ရင် အဲဒီပစ္စည်းတွေက လုယူထားရင်တောင် မှိုတက်ပြီး ပျက်စီးကုန်မှာ"

ကျောက်ခိုင်ကလည်း ဝင်ပြောသည်။ "အစ်ကိုလင်းက အိမ်တိုင်းက ပန်းအိုးတွေ... မြေကြီးတွေ လိုက်စုပြီး အပင်စိုက်ခန်း လုပ်ပေးထားတာ... အဒေါ်ကြီးလီတို့ကို ဟင်းသီးဟင်းရွက် စိုက်ဖို့ တာဝန်ပေးထားတယ်"

"ဒါနဲ့ အစ်ကိုလင်း... အဒေါ်ကြီးလီတို့က တကယ်ရော စိုက်လို့အောင်မြင်ရဲ့လား... ကျွန်တော်လည်း အစိမ်းရောင် ဟင်းသီးဟင်းရွက် မစားရတာ ကြာပြီဗျာ"

ဟင်းသီးဟင်းရွက်အကြောင်း ပြောလိုက်သည်နှင့် ကျောက်ခိုင်တစ်ယောက် တံတွေးမြိုချမိသွားသည်။

အရင်တုန်းကဆို သူက ဟင်းသီးဟင်းရွက် သိပ်ကြိုက်တာ မဟုတ်။ သို့သော် ရေလွှမ်းမိုးပြီးသည့်နောက်ပိုင်း အစိမ်းရောင် ဟင်းသီးဟင်းရွက် မစားရသည်မှာ ကြာလွန်းလှပြီ ဖြစ်သည်။

ယခုအချိန်တွင် ဟင်းသီးဟင်းရွက်ဟု ပြောလိုက်လျှင် အသားထက်ပင် ပို၍ စားချင်စဖွယ် ကောင်းနေတော့သည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်၏။ "အင်း... ဆုန့်ဝမ် အဒေါ်ကြီးလီတို့ဆီ ဝင်ကူလိုက်ကတည်းက စိုက်ပျိုးရေး နည်းပညာတွေ တိုးတက်လာတယ်... မကြာခင် ပထမအသုတ် ရိတ်သိမ်းရတော့မယ်"

"ဆုန့်ဝမ်ကြောင့်ကိုး"

ကျောက်ခိုင်နှင့် တင်းယန်တို့ သဘောပေါက်သွားကြသည်။

ဆုန့်ဝမ်၏ အစွမ်းကို သူတို့ သိထားကြသည်။ သူမ၏ အစွမ်းက အပင်များကို ချက်ချင်း ကြီးထွားလာအောင် လှုံ့ဆော်ပေးနိုင်သည် မဟုတ်ပါလား။

သူတို့သုံးယောက် ပြောနေသည်ကို နားထောင်ရင်း တုံယန်တို့သုံးယောက်မှာ အားကျစိတ်များဖြင့် ရင်ခုန်နေကြသည်။

မျက်နှာချင်းဆိုင် တိုက် (၇၆) သို့ တကယ်ကို ပြောင်းရွှေ့နေထိုင်လိုက်ချင်စိတ် ပေါက်သွားကြ၏။

သို့သော် လက်တွေ့မဆန်ကြောင်းလည်း သူတို့ သိနေကြသည်။

လင်းယွမ်တို့ ဒီဘက်ကူးလာတာတောင် လွယ်ကူမှာ မဟုတ်... အပြင်ဘက် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေက အလကားကောင်တွေမှ မဟုတ်တာ။

"သတိထား"

စကားပြောနေရင်း ရုတ်တရက် လင်းယွမ်၏ မျက်နှာထား ပြောင်းသွားပြီး လေးနက်သော အသံဖြင့် သတိပေးလိုက်သည်။

ထို့နောက် လက်ထဲမှ သံချောင်းကို ပစ်လွှတ်လိုက်၏။

"ဝှီး"

သံချောင်းက မှောင်မည်းနေသော လှေကားခွင်ထဲသို့ ပြင်းထန်စွာ ဝင်ဆောင့်သွားသည်။

"ညှောင်"

ရုတ်တရက် လှေကားခွင်ထဲမှ ကြက်သီးထဖွယ် ကြောင်အော်သံ ထွက်ပေါ်လာ၏။

ထို့နောက် မှောင်မည်းနေသည့် လှေကားထစ်များကြားတွင် စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံ ဖြတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရသည်။

လင်းယွမ်က ချက်ချင်းပင် စိတ်စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် တိုက်ခိုက်လိုက်တော့သည်။

ချက်ချင်းပင် အလွန် လျင်မြန်ဖြတ်လတ်သည့် တောကြောင်တစ်ကောင်က ဝုန်းခနဲ အသံနှင့်အတူ လေပေါ်မှ ပြုတ်ကျလာပြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။

ဘေးနားမှ ကျောက်ခိုင်ကလည်း ချက်ချင်း လက်ဦးမှုယူကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

ရေခဲမြူများ ပျံ့နှံ့သွားပြီး ထိုကြောင်ကို ချက်ချင်း အေးခဲသွားစေသည်။

တင်းယန်ကလည်း အပိုထပ်ဆောင်းသည့်အနေဖြင့် လေဖိအား အမြောက်လက်သီးဖြင့် ထိုးနှက်လိုက်၏။

ဝုန်းခနဲ အသံနှင့်အတူ ထိုကြောင်၏ ခန္ဓာကိုယ်မှာ အသားစများ ပေါက်ကွဲထွက်သွားပြီး သွေးများ ဖျန်းပက်ကုန်ကြသည်။

သုံးယောက်သား၏ ပူးပေါင်းမှုက အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်နေပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိ။

ဖြစ်စဉ်တစ်ခုလုံးက ရေတွေ စီးဆင်းနေသကဲ့သို့ သဘာဝကျပြီး မြန်ဆန်လွန်းလှသည်။

ဤတိုက်ခိုက်နည်းဗျူဟာက အဆက်မပြတ် ပူးပေါင်းတိုက်ခိုက်ရင်းဖြင့် ပိုမို သွက်လက်ချောမွေ့လာခဲ့ခြင်း ဖြစ်သည်။

တုံယန်နှင့် ကုဖုန်းတို့က သူတို့၏ ကျွမ်းကျင်ပိုင်နိုင်စွာ ကြောင်သတ်လိုက်ပုံကို ကြည့်ပြီး မျက်လုံးထဲတွင် အားကျမှုများ ပြည့်နှက်နေကြ၏။

"ငါတို့တိုက်ထဲမှာလည်း အစ်ကိုလင်းတို့လို ကြင်နာတတ်ပြီး စွမ်းအားကြီးတဲ့ အဖွဲ့သာ ရှိရင် ဒီလောက် လူတွေအများကြီး သေမှာ မဟုတ်ဘူး"

"ငါသာ သူတို့အဖွဲ့ထဲ ဝင်လို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ" ကုဖုန်းက စိတ်ထဲကနေ အားကျနေမိသည်။

တုံကျဲကတော့ အသက်ငယ်သေးသဖြင့် ဒီလိုအဖွဲ့မျိုးက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ နားမလည်သေး။

ဒါပေမဲ့ သူက အသက်ငယ်ပေမဲ့ ဒီအစ်ကိုကြီး အစ်မကြီးတွေနားမှာ နေရတာ ပြောမပြတတ်အောင် စိတ်လုံခြုံမှု ရနေသည်ကိုတော့ ခံစားမိနေသည်။

လင်းယွမ်တို့ သုံးယောက်ကတော့ သူတို့စိတ်ထဲ ဘာတွေးနေလဲဆိုတာ မသိကြ။

ရုတ်တရက် ပေါ်လာသည့် သန္ဓေပြောင်းကြောင်က လင်းယွမ်ကို သတိပေးလိုက်သလို ဖြစ်သွားသည်။

"ကောင်းကင်က မည်းလာပြီ... ညဘက်ဆို ဒီသန္ဓေပြောင်း ကြောင်တွေရဲ့ အမြင်အာရုံက ထိခိုက်မှု မရှိဘူး... တိုက်ကို ရှင်းလင်းရေးလုပ်တာ ခဏနားကြတာပေါ့... မနက်မိုးလင်းမှ ဆက်လုပ်မယ်... အခု အနားယူဖို့ နေရာရှာကြရအောင်"

တင်းယန်ကလည်း ခေါင်းညိတ်ပြီး ပြောသည်။ "ကြောင်တွေက သဘာဝအရ ညဘက် ကျက်စားတဲ့ သတ္တဝါတွေဆိုတော့ ဒီအချိန်ဆို သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က ပိုမြင့်နေမှာ... ရှောင်နေတာ အကောင်းဆုံးပဲ"

တုံယန်က အလျင်အမြန် ပြောလိုက်၏။ "ကျွန်မတို့ အခန်းကိုလိုက်ခဲ့ပါလား... အခန်းက တော်တော်လေး ကျယ်ပါတယ်"

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါပေမဲ့ မသွားခင် တိုက်တွဲ (၁) ရဲ့ စင်္ကြံလမ်း လုံခြုံရေးတံခါးတွေကို အရင်ပိတ်ရမယ်... ဒါမှ သန္ဓေပြောင်း သတ္တဝါတွေ လျှောက်မသွားနိုင်မှာ... မဟုတ်ရင် မနည်းရှင်းထားရတဲ့ လှေကားခွင်ကို သန္ဓေပြောင်းကောင်တွေ ပြန်နေရာယူသွားလိမ့်မယ်"

ကျောက်ခိုင်က ခေါင်းညိတ်သည်။ "တိုက်တွဲ (၁) က တော်တော်များများ ရှင်းပြီးပြီ... အခု (၁၈) လွှာ ရောက်နေပြီဆိုတော့ လေးလွှာလောက်ဆိုရင် အောက်ဆုံးရောက်ပြီ"

လင်းယွမ်က ချက်ချင်း ပြောလိုက်၏။ "အားစိုက်လိုက်ကြရအောင်... နာရီဝက်အတွင်း အပြီးသတ်မယ်"

"သိပြီ"

လူနည်းစုက ဆက်လက် ရှင်းလင်းရေး လုပ်ကြပြီး နောက်ထပ် အထပ်အနည်းငယ်တွင် အသက်ရှင် ကျန်ရစ်သူ မိသားစု အနည်းငယ်ကို ထပ်တွေ့ရသည်။

အောက်ဘက်ကို နီးကပ်လေလေ အသက်ရှင်ကျန်ရစ်သူ ပိုများလေလေ ဖြစ်ကြောင်း လင်းယွမ် သတိထားမိလိုက်သည်။

သူ ပြန်စဉ်းစားကြည့်လိုက်တော့ အကြောင်းရင်းကို သဘောပေါက်သွား၏။

အောက်ထပ်တွေက ရေမျက်နှာပြင်နဲ့ ပိုနီးတော့ အပြင်ထွက်စရာမလိုဘဲ ပြတင်းပေါက်ကနေ ငါးမျှားစားလို့ ရနေတာကိုး။

စားစရာရှိနေတော့ သန္ဓေပြောင်း သတ္တဝါတွေနဲ့ ရင်ဆိုင်ဖို့ အပြင်ထွက် စွန့်စားစရာ မလိုတော့ဘူးပေါ့။

ထိုလူတွေထဲတွင် အစွမ်းရရှိသူ နိုးထလာတာမျိုးတော့ လင်းယွမ်တို့ မတွေ့ရပေ။

သို့သော် ယုတ်မာကောက်ကျစ်သူတွေလည်း မတွေ့ရ။

အဘယ်ကြောင့်ဆိုသော် ငါးဖမ်းစား၍ ရနေသေးသလို အပြင်မှာလည်း သန္ဓေပြောင်း သတ္တဝါတွေ၏ ခြိမ်းခြောက်မှု ရှိနေတာကြောင့် သူတို့ခမျာ စုစည်းညီညွတ်ပြီး နေနေကြရပုံပင်။

အပြင်ဘက်က ဘုံရန်သူ ရှိနေတာကြောင့် ဤလူတွေက ပိုပြီး စည်းလုံးနေကြသည်။

လင်းယွမ်တို့ လူစုကို မြင်လိုက်ရသည့်အခါ ထိုလူများက ကြောက်ရွံ့နေသော်လည်း မျှော်လင့်ချက် ရောင်ခြည်အချို့လည်း ပါဝင်နေကြ၏။

စောစောက အပြင်မှာ ဆူညံပွက်လောရိုက်နေပြီး အသားတောင်ကြီး ဝမ်ဆုန့်ကို လင်းယွမ်တို့ သတ်ဖြတ်လိုက်သည်ကို ထိုလူတွေအားလုံး မျက်မြင်ကိုယ်တွေ့ မြင်ထားကြသည်လေ။

ဒါကြောင့် သူတို့အနေဖြင့် ပြန်မခုခံနိုင်မှန်းသိသဖြင့် ငြိမ်သက်စွာပင် တံခါးဖွင့်ပေးကြသည်။

လင်းယွမ်က လာရင်းကိစ္စကို ပြောပြပြီး တုံယန်တို့ကပါ သက်သေအဖြစ် ပြောပေးကြသဖြင့် ထိုလူများက ကျေးဇူးအလွန်တင်ကာ အလတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ယောက်ဆိုလျှင် လင်းယွမ်တို့ကို ဦးခိုက်မတတ်ပင် ဖြစ်နေရှာသည်။

ဤသည်မှာ ခရီးသွားဟန်လွှဲ ဖြစ်ရပ်လေးတွေပင်တည်း။ နာရီဝက်လောက် ကြာပြီးနောက် (၁၄) လွှာသို့ ရောက်လာကြသည်။

လင်းယွမ်တို့ ကံကောင်းသည်ဟု ဆိုရမည်။ သန္ဓေပြောင်းကြောင် သုံးလေးကောင်လောက်သာ အခန်း (၁) တွင် စုဝေးနေကြသည်ကို တွေ့ရသည်။

သူတို့အဖွဲ့က ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိုသန္ဓေပြောင်းကြောင်များကို သတ်ဖြတ်လိုက်ပြီး (၁၄) လွှာ လှေကားခွင်ကို ရှင်းလင်းကာ စင်္ကြံလမ်း တံခါးမကြီးကို သော့ခတ်ပိတ်လိုက်ကြသည်။

ဤလောက်ဆိုလျှင် တိုက်တွဲ (၁) တစ်ခုလုံး ရှင်းလင်းရေး ပြီးပြတ်သွားပြီ ဖြစ်သည်။ နောက်ရက်တွေမှာလည်း ဤပုံစံအတိုင်း ဒီနေ့အလုပ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ရုံသာ။

ညဘက်တွင် တုံယန်၏ အိမ်၌ပင် ကပ်အိပ်ကြပြီး ကုဖုန်းလည်း ပြန်မသွားတော့ပေ။

အခန်းထဲ ဝင်လိုက်သည်နှင့် တင်းယန်က 'ခါးမတ်အင်္ကျီ' သံချပ်ကာအင်္ကျီကို ချွတ်လိုက်၏။ ရာသီဥတုက ပူပြင်းလွန်းသဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း အပူရှိန်ကို မတားဆီးနိုင်ပေ။

သူမက နဖူးမှ ချွေးများကို သုတ်လိုက်ရင်း "ဗိုက်ဆာလိုက်တာ..." ဟု ညည်းလိုက်သည်။

ကျောက်ခိုင်ကလည်း "အစွမ်းကို ခဏခဏ သုံးရတာ ခန္ဓာကိုယ် စွမ်းအင်တွေ အများကြီး ကုန်တာပဲဗျ... ကျွန်တော်လည်း ဆာနေပြီ"

လင်းယွမ်က ပြုံးလိုက်ပြီး အားလုံးကို ပြောလိုက်၏။ "စားပွဲကို ရှင်းလိုက်ကြ... ထမင်းစားဖို့ ပြင်မယ်"

တုံယန်က ထိုစကားကို ကြားတော့ မျက်နှာပျက်ကာ အားနာစွာဖြင့် "တောင်းပန်ပါတယ်... အိမ်မှာ ဘာစားစရာမှ မရှိတော့ဘူး"

ကျောက်ခိုင်က "မင်းတို့ဟာကို ဘယ်စားမလဲဟ... ဟုတ်တယ်မလား အစ်ကိုလင်း"

လင်းယွမ်က တုံယန်ကို ပြုံးပြရင်း "ငါ့မှာ ဟင်းလင်းပြင်အစွမ်းရှိတာ နင် မေ့နေတာလား"

ထိုသို့ပြောရင်း သူက စားပွဲပေါ်ကို လက်ဖြင့် ခပ်ဖွဖွလေး တို့ထိလိုက်ရာ ဟင်းလင်းပြင် လှုပ်ခါသွားပြီးနောက် ချက်ချင်းပင် ပင်လယ်ငါးနှပ် တစ်ပွဲ စားပွဲပေါ် ရောက်ရှိလာတော့သည်။

ထိုပင်လယ်ငါးနှပ်က အငွေ့တထောင်းထောင်းပင် ထွက်နေသေး၏။

ဤမြင်ကွင်းကြောင့် တုံယန် မောင်နှမနှင့် ကုဖုန်းတို့ မျက်လုံးပြူးသွားကြရသည်။

ကုဖုန်းက မနေနိုင်ဘဲ အာမေဋိတ် သံဖြင့် "ဘုရားရေ... ဒါ... ဒါ ဘယ်က ရောက်လာတာလဲ... အစ်ကိုလင်း... ခင်ဗျားရဲ့ ဟင်းလင်းပြင်က အပူရော လုံလို့လားဗျ"

လင်းယွမ်က ပြုံးရုံသာ ပြုံးနေပြီး ရန်မေ ချက်ပြုတ်ပေးထားသည့် ဟင်းပွဲအချို့ကို ဆက်တိုက် ထုတ်ယူလိုက်သည်။

ငရုတ်ပွ အသားမျှင်ကျော်... ဝက်နံရိုး ချိုချဉ်... အမဲသားသုပ်...

အားလုံးက အသားဟင်းတွေချည်း ဖြစ်သည်။ ငါး... ဝက်သား... အမဲသား အစုံအလင်ပင်။

ဟင်းသီးဟင်းရွက်ကတော့ နည်းပါးလှသည်။

လင်းယွမ်က ကပ်စေးနည်းလွန်းလို့ မဟုတ်။ လောလောဆယ် ဟင်းသီးဟင်းရွက် အများကြီး ထုတ်ပေးလိုက်ရင် ဘယ်ကရလဲဆိုတာ ရှင်းပြရ ခက်နေဦးမည်။

တိုက်ထဲက ရှာတွေ့ထားသည့် ပစ္စည်းတွေထဲမှာ ဟင်းသီးဟင်းရွက် ပမာဏက အလွန်နည်းပါးသည်လေ။

လင်းယွမ်က အိမ်မှာ ရန်မေနှင့် နှစ်ယောက်တည်း ရှိမှသာ စားလေ့ရှိသည်။

ဦးလေးမာတို့ အလည်လာရင်လည်း ထုတ်ကျွေးတတ်သည်။

တခြားလူတွေကတော့ မမြင်ဖူးကြပေ။

အဒေါ်ကြီးလီတို့ အပင်စိုက်ခန်းကနေ ဟင်းသီးဟင်းရွက်တွေ အောင်အောင်မြင်မြင် စိုက်နိုင်ပြီဆိုမှ သူ့သိုလှောင်ခန်းထဲက လက်ကျန်တွေကို ဖြည်းဖြည်းချင်း ထုတ်ယူဖို့ စိတ်ကူးထားသည်။

ဒါမှလည်း သန္ဓေပြောင်းငါးတွေ ရရှိနိုင်မှာ ဖြစ်သလို လူတိုင်း လိုအပ်နေသည့် ဗီတာမင်ဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည်။

အခမဲ့ ပေးဖို့ကတော့ မဖြစ်နိုင်။

တခြားလူတွေကို အလကား ပေးလိုက်ရင် ဒီလူတွေက ရောင့်တက်လာပြီး မင်းဆီမှာ ဟင်းသီးဟင်းရွက်တွေ အများကြီး ထွက်တယ်ဆိုပြီး ပိုလိုချင်လာလိမ့်မည်။

ဟင်းသီးဟင်းရွက်က ရှားပါးကြောင်း ဖန်တီးထားမှသာ သူတို့ ငါးကို ကြိုးကြိုးစားစား ဖမ်းပြီး ဟင်းသီးဟင်းရွက်နဲ့ လာလဲကြမှာ ဖြစ်သည်။

လင်းယွမ်က လူယုတ်မာ မဟုတ်သော်လည်း သူတော်ကောင်းကြီးလည်း မဟုတ်ပေ။

သေတာမြင်လျက်နဲ့ မကယ်ဘဲ မနေနိုင်သော်လည်း ကိုယ်ကျိုးစွန့် အနစ်နာခံမည့် "သူရဲကောင်း" လည်း အဖြစ်မခံနိုင်။

ရေလွှမ်းမိုးသည့် ကပ်ဘေးအောက်တွင် ဟင်းသီးဟင်းရွက် ဈေးနှုန်းက ပရိုတင်း (အသား) ထက် ပိုဈေးကြီးမှာ မလွဲမသွေပင်။

"စားကြရအောင်"

လင်းယွမ်က ထမင်းပေါင်းအိုး တစ်လုံးကို ထုတ်ယူလိုက်ပြီး အားလုံးကို ထမင်းစားရန် ခေါ်လိုက်သည်။

တင်းယန်နှင့် ကျောက်ခိုင်ကတော့ မြင်နေကျမို့ မထူးဆန်းတော့ဘဲ ချက်ချင်း ဝင်ထိုင်ကာ ထမင်းတစ်ပန်းကန်စီ မောက်နေအောင် ခပ်လိုက်ကြသည်။

တုံယန်တို့ သုံးယောက်ကတော့ တံတွေးတွေ တမြိုမြို ဖြစ်နေသော်လည်း ဝင်စားဖို့ အားနာနေကြသည်။

လင်းယွမ်က သူတို့ မတ်တတ်ရပ်ပြီး မလှုပ်မယှက် ဖြစ်နေသည်ကို မြင်တော့ ရယ်မောကာ "နင်တို့အိမ်မှာ ကပ်အိပ်တာဆိုတော့ ဒီထမင်းတစ်နပ်က တည်းခိုခလို့ သဘောထားလိုက်ပါ... တုံယန်... တုံကျဲ... ကုဖုန်း... လာ ထမင်းစားကြ"

"ဒါ... တကယ် စားလို့ ဖြစ်ပါ့မလား" ကုဖုန်းက အားနာနေသော်လည်း တံတွေးမြိုချနေမိသည်။

တုံယန်လည်း အားနာနေ၏။ သို့သော် တုံကျဲလေးကတော့ တကယ် မနေနိုင်တော့... သူ့ပါးစပ်မှ သွားရည်များပင် ကျလာလေပြီ။

"မမ... သား... သား ဗိုက်ဆာတယ်" သူက သူ့အစ်မ တုံယန်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် မော့ကြည့်ရင်း ပြောရှာသည်။

တုံယန်က မောင်လေးကို သနားသွားသဖြင့် မျက်နှာရဲရဲဖြင့် "အဲဒါဆို... အဲ... အစ်ကိုလင်းကို ကျေးဇူးတင်ပါတယ်ရှင်"

လင်းယွမ်က ရယ်လျက် "ရပါတယ်... အားနာမနေကြပါနဲ့... မြန်မြန် ဝင်ထိုင်စားကြ... ဟင်းတွေ အေးကုန်လိမ့်မယ်"

ကျောက်ခိုင်ကလည်း "အစ်ကိုလင်းက ပြောနေပြီပဲ... စားခိုင်းရင် စားလိုက်ကြပါဗျာ"

တင်းယန်က စကားမပြောသော်လည်း တုံကျဲအတွက် ထမင်းတစ်ပန်းကန် အပြည့် ခပ်ပေးလိုက်သည်။

တုံယန်က အလျင်အမြန်ပင် တားလိုက်၏။ "အမတင်း... သူ အဲဒီလောက် အများကြီး မကုန်ပါဘူး... ကျွန်မတို့ နှစ်ယောက် တစ်ပန်းကန်ဆို ရပါပြီ... ထပ်မခပ်ပါနဲ့တော့..."

ဒီလိုအချိန်မျိုးမှာ ဆန်က ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ သူမ သိတာပေါ့။

ဒါကြောင့် ဗိုက်က ကျောကပ်နေအောင် ဆာလောင်နေသော်လည်း အလျင်အမြန် ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

တင်းယန်က သူမကို ဂရုမစိုက်ဘဲ နောက်ထပ် တစ်ပန်းကန် ထပ်ခပ်လိုက်ပြန်သည်။

ပြီးတော့ ကုဖုန်းကို တစ်ချက်ကြည့်ကာ "ဘာလုပ်နေတာလဲ... ငါ ခပ်ပေးမှာကို စောင့်နေတာလား... ကိုယ့်ဘာသာ ခပ်စားလေ"

ကုဖုန်းက ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း စိတ်ထဲတွင်တော့ ပျော်သွားသည်။

သူလည်း ထမင်းစားရတော့မည် မဟုတ်လား။

သုံးယောက်သား ဝင်ထိုင်လိုက်ကြပြီး ဟင်းကို ချက်ချင်း မယူရဲဘဲ ထမင်းကို အရင် စားလိုက်ကြသည်။

ထမင်းတစ်လုပ်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် မွှေးပျံ့သည့် ဆန်သားအရသာက သူတို့၏ လျှာဖျားအာရုံခံစားမှုထဲတွင် ပျံ့နှံ့သွားတော့သည်။

တုံယန်က ထမင်းစေ့လေးတွေကို ဝါးနေရင်းက ကာဘိုဟိုက်ဒရိတ်၏ ချိုမြိန်သော အရသာကြောင့် မျက်ရည်များ ဝဲတက်လာရ၏။

သူမ ထမင်းဖြူဖြူလေး မစားရတာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် မေ့လုနီးပါး ဖြစ်နေပြီ။

ကုဖုန်းလည်း စိတ်ထိခိုက်သွားပြီး မျက်နှာကိုအုပ်ကာ ငိုချလိုက်တော့သည်။

"ဟင့်... ဟင့်..."

"နင် ဘာလို့ ငိုတာလဲ" တင်းယန်က စိတ်မရှည်စွာ မေးလိုက်သည်။

ကုဖုန်းက ငိုရင်းဖြင့် "အရမ်း စားကောင်းလွန်းလို့ပါ အမတင်းရယ်... အမ မသိပါဘူး... ကျွန်တော် ထမင်းမစားရတာ နှစ်လနီးပါး ရှိနေပြီ"

"ကျွန်တော် ဒီတစ်သက် ထမင်းဖြူဖြူလေး စားရတော့မယ်တောင် မထင်ခဲ့ဘူး... ဟင့် ဟင့်... အရမ်းမွှေးတာပဲ... အရမ်း ချိုတာပဲဗျာ"

"ဟင်းမပါဘဲ ထမင်းချည်းပဲ သုံးပန်းကန်လောက် စားနိုင်တယ်... ဟင့် ဟင့်..."

တုံကျဲက အလယ်မှာ ထိုင်နေရင်း ထိုစကားကို ကြားတော့ မျက်လုံးပြူးကာ မေးလိုက်သည်။ "ကိုကြီးကုဖုန်း... သုံးပန်းကန်ကြီးတော့ မစားပါနဲ့... သားအတွက် နည်းနည်းလောက် ချန်ထားပေးပါနော်"

ကုဖုန်းက ငိုနေရာမှ ရပ်တန့်သွားပြီး ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ရဲသွားတော့သည်။

လူတိုင်းက ဟားတိုက် ရယ်မောလိုက်ကြ၏။

သွေးအေးတတ်သည့် တင်းယန်ပင်လျှင် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားရသည်။

...

မိုးသက်လေပြင်းများ ကျရောက်နေပြီး မိုးချိန်းသံများကလည်း ဆူညံနေ၏။

တုံယန်အိမ်၏ ဖွဲ့စည်းပုံက အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်း ပုံစံဖြစ်သည်။

တုံယန် မောင်နှမက အိပ်ခန်းမကြီးမှာ အတူအိပ်ပြီး တင်းယန်က မိန်းကလေးမို့ အခန်းတစ်ခန်းမှာ သီးသန့်အိပ်သည်။

ကုဖုန်းက သူ့အိမ်ပြန်ပြီး တစ်ယောက်တည်း မနေရဲသဖြင့် မျက်နှာပြောင်တိုက်ကာ ဧည့်ခန်းမှာ အိပ်မည်ဟု ဆိုသည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး သူ့ကို ဧည့်ခန်းမှာ မအိပ်ခိုင်းဘဲ ကုဖုန်းနှင့် ကျောက်ခိုင်ကို တခြားအခန်းတစ်ခန်းမှာ အတူအိပ်ခိုင်းလိုက်ပြီး သူက ဧည့်ခန်းမှာ အိပ်လိုက်သည်။

အားနာလို့တော့ မဟုတ်။ ဒီတိုက်ထဲမှာ မရှင်းရသေးတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ကျန်နေသေးသည်လေ။

အခုမှ စသိသည့် ကုဖုန်းလို လူတစ်ယောက်ကို အပြင်ဘက်ကင်းစောင့်ဖို့ သူ ဘယ်လိုလုပ် စိတ်ချနိုင်ပါ့မလဲ။

ဧည့်ခန်းထဲတွင် မှောင်မည်းနေ၏။

အပြင်ဘက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်နေပြီး လေတိုးသံများ ဆူညံနေသည်။

ဘိလပ်မြေအစအနတွေ လေတိုက်လို့ ပြုတ်ကျသံတွေလည်း ရံဖန်ရံခါ ကြားနေရသည်။

နေ့လယ်က တိုက်ခိုက်မှုကြောင့် စင်္ကြံလမ်း ကျိုးပဲ့သွားရာက ဘိလပ်မြေတွေ ကွာကျကုန်ခြင်း ဖြစ်သည်။

"တိုက်ရဲ့ ဖွဲ့စည်းပုံကိုတော့ ထိခိုက်မှာ မဟုတ်လောက်ပါဘူး... ပြိုတော့ မပြိုလောက်ပါဘူးလေ"

လင်းယွမ် စိတ်ထဲ တွေးလိုက်မိသည်။

ပြတင်းပေါက်ဘက် တစ်ချက်သွားကြည့်ပြီး သော့ခတ်ထားမထား စစ်ဆေးကာ လုံခြုံသည်ဟု ယူဆရမှ ဆိုဖာပေါ် လှဲလိုက်သည်။

ဒီညတော့ အမမေ တစ်ယောက် အိပ်ပျော်မှာ မဟုတ်ဘူး... ငါမရှိလို့... အဲဒီ "မမ" က လုံခြုံမှုမရှိဘူး ခံစားရပြီး တလူးလူးတလိမ့်လိမ့် ဖြစ်နေတော့မှာ။

လင်းယွမ် ခေါင်းခါလိုက်မိသည်။ သူ့မှာလည်း ရွေးချယ်စရာ မရှိ။

ဖြစ်နိုင်ရင် သူလည်း အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အမရန်မေကို ဖက်ပြီး သက်တောင့်သက်သာ နေချင်တာပေါ့။

သို့သော် ပြင်ပက အန္တရာယ်တွေနှင့် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့် သတ္တဝါဆိုးတွေကြောင့် သူ့စိတ်ကို အမြဲတမ်း တင်းထားရသည်။

သူ အချိန်တိုင်းကို အလုအယက် အသုံးချပြီး အမှတ်တွေ ရအောင်ယူကာ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်ဖို့ မဲနှိုက်ရမည်။

မဟုတ်ရင် လက်ရှိ ပိုင်ဆိုင်ထားသမျှ အရာအားလုံးက ခဏလေးအတွင်း ပျက်စီးသွားလိမ့်မည်။

ဒီကမ္ဘာပျက် ရေလွှမ်းမိုးသည့် ကပ်ဘေးကြီးရှေ့မှာ သက်ရှိအားလုံးက အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေကြသည်။

ကိုယ့်ဘက်က ရပ်တန့်နေလိုက်သည်နှင့် ချက်ချင်းပင် ဘေးဖယ်ထုတ်ခံလိုက်ရမည်သာ။

"စနစ်... အမှတ်တွေ ပြ"

အတွေးပေါင်းစုံ ခေါင်းထဲ ဝင်ရောက်လာပြီးနောက် သူ စနစ်ကို လှမ်းခေါ်လိုက်သည်။

[လက်ရှိအမှတ် - ၈၂၈၉]

လင်းယွမ် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပျော်ရွှင်သွား၏။

အမှတ် မှတ်တမ်းကို ဝင်ကြည့်လိုက်သည်။

ဟို အသားတောင်ကြီး တစ်ကောင်တည်းကတင် သူ့ကို အမှတ် တစ်ထောင်နီးပါး ပေးထားသည်ပဲ။

တခြား သန္ဓေပြောင်းကြောင်တွေ... ချန်မင်တို့လို လူတွေဆီက ရတာတွေပါ ပေါင်းလိုက်ရင် စုစုပေါင်း အမှတ် ငါးရာကျော်လောက် ထပ်ရထားသည်။

"ကြည့်ရတာ အဲဒီ အသားတောင်ကြီးရဲ့ သန္ဓေပြောင်းလဲနှုန်းက တော်တော် မြင့်ပုံရတယ်... မဟုတ်ရင် အမှတ် တစ်ထောင် တန်မှာ မဟုတ်ဘူး"

"ငါ့ရဲ့ စိတ်စွမ်းအင် အရည်အသွေးကို အမြဲတမ်း တိုးမြှင့်ထားလို့သာပေါ့... မဟုတ်ရင် အဲဒီကောင်ကြီးကို သတ်နိုင်မှာ မဟုတ်ဘူး"

လင်းယွမ် စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။ စောစောက တိုက်ခိုက်ခဲ့သည့် အခြေအနေကို ပြန်ကြည့်လျှင်...

အဲဒီကောင်ကြီးရဲ့ အသားသိပ်သည်းဆက အရမ်းမြင့်ပြီး ခံနိုင်ရည်လည်း အရမ်းကောင်းသည်။

(၅.၉) အထိ ရှိသည့် သူ့ရဲ့ ခွန်အားဖြင့်ပင် သံချောင်းကို အဲဒီကောင်ကြီး ကိုယ်ထဲ စိုက်ဝင်အောင် မထိုးနိုင်ခဲ့။

တင်းယန်၏ စွမ်းအင်ဖြည့် လေဖိအားအမြောက်လက်သီးကလည်း သူ့ကို အရေပြား ပွန်းပဲ့ရုံလောက်သာ လုပ်နိုင်ခဲ့သည်။

ဒါတင်မကသေး ထိုကောင်ကြီးက ရေခဲဒဏ်ကိုလည်း တော်တော်လေး ခံနိုင်ရည်ရှိသည်။

ကျောက်ခိုင်က သူ့ခြေလက်တွေကို အကြိမ်ကြိမ် အေးခဲအောင် လုပ်သော်လည်း တောင့်တင်းသွားအောင် မလုပ်နိုင်ခဲ့ပေ။

ခြုံပြောရရင် ထိုအသားတောင်ကြီးရဲ့ တစ်ခုတည်းသော အားနည်းချက်က စိတ်စွမ်းအင်ပဲ ရှိသည်။

"ဒါပေမဲ့ ဒီအားနည်းချက် ဆိုတာကလည်း သူ့ရဲ့ တခြားစွမ်းရည်တွေနဲ့ နှိုင်းယှဉ်ပြီး ပြောမှသာ အားနည်းချက် ဖြစ်တာ"

"တကယ်တမ်းကျတော့ ဒီကောင်ကြီးက ငါ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း တိုက်ခိုက်တာကို ငါးကြိမ် ခြောက်ကြိမ်လောက် ခံနိုင်ရည်ရှိတယ်ဆိုကတည်းက သူ့ရဲ့ စိတ်စွမ်းအင် အရည်အသွေးက နည်းနည်းလေးမှ မနိမ့်ဘူးဆိုတာ သေချာနေပြီ"

"သာမန် သန္ဓေပြောင်းကြောင်တွေ ခွေးတွေဆိုရင် လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း တစ်ချက်လွှတ်လိုက်တာနဲ့ ချက်ချင်း လဲကျပြီး မလှုပ်နိုင်တော့ဘူး"

"ဒါပေမဲ့ ဟိုကောင်ကြီးက ငါးကြိမ် ခြောက်ကြိမ်လောက် ထိတာတောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးတယ်"

"ဒါကိုကြည့်ရင် အသားတောင်ကြီးရဲ့ စိတ်စွမ်းအင်က ဘယ်လောက်မြင့်လဲဆိုတာ တွေးကြည့်လို့ ရတယ်"

လင်းယွမ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရတယ် ဆိုတာကလည်း လင်းယွမ်ရဲ့ စိတ်စွမ်းအင် အရည်အသွေးက အရမ်း မြင့်မားနေလို့သာ ဖြစ်သည်။

လင်းယွမ်၏ စိတ်စွမ်းအင် အရည်အသွေးတန်ဖိုးက တခြား အရည်အသွေးတန်ဖိုးတွေထက် နှစ်ဆလောက် ပိုများနေသည် မဟုတ်ပါလား။

ဒါကြောင့်လည်း သူ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းက ဤမျှထိ ထိရောက်မှု ရှိနေခြင်း ဖြစ်သည်။

"အမှတ် ရှစ်ထောင်ကျော်နေပြီ... ဆယ်ကြိမ်ဆက်တိုက် မဲနှိုက်ဖို့ မစောင့်တော့ဘူး... တန်းပြီး နှိုက်လိုက်တော့မယ်"

လင်းယွမ် ဆုံးဖြတ်လိုက်သည်။ မူလကတော့ အမှတ် တစ်သောင်းပြည့်မှ ဆယ်ကြိမ်ဆက်တိုက် မဲနှိုက်မလို့ စဉ်းစားထားခဲ့သည်။

ဒါပေမဲ့ မနက်ဖြန်ကျရင် တခြားတိုက်တွေကို ရှင်းလင်းရေး လုပ်ရဦးမှာဆိုတော့ အမှတ်တွေကို စွမ်းအားအဖြစ် အရင် ပြောင်းလဲလိုက်တာက ပိုကောင်းသည်။

"စနစ်... သီးသန့် အရည်အသွေး ဆုမဲ... ရှစ်ကြိမ်ဆက်တိုက် မဲနှိုက်မယ်"

[ဒင်... မဲနှိုက်ခြင်း စတင်ပါပြီ]

ဆက်ရန်...

အပိုင်း (၁၄၀) ရှစ်ကြိမ်ဆက် မဲနှိုက်ခြင်းနှင့် သံသယဖြစ်ဖွယ် ညချမ်း

လင်းယွမ်၏ စိတ်အာရုံထဲတွင် အရည်အသွေးမှတ် ကံစမ်းမဲဘီး ပေါ်လာသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်၊ စိတ်စွမ်းအင်နှင့် ဘုံအရည်အသွေးမှတ်များဟူသည့် ကဏ္ဍကြီးငါးရပ် ထင်ရှားစွာ ပေါ်ပေါက်လာ၏။

ကံစမ်းမဲဘီးကြီး ဖြည်းညှင်းစွာ လည်ပတ်သွားသည်နှင့်အမျှ သူ၏ အမှတ်များလည်း တရိပ်ရိပ် လျော့နည်းသွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သာယာနာပျော်ဖွယ်ကောင်းလှသော စနစ်အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

[ဒင်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]

......

စနစ်မှ အသိပေးသံများ ရှစ်ကြိမ်တိတိ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

လင်းယွမ်က ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အားရပါးရ ရယ်မောမိလုနီးပါး ဖြစ်သွားသည်။

"ပေါက်ပြီဟေ့... ဒီတစ်ခေါက် ဘုံအရည်အသွေးမှတ် ၅ မှတ်၊ ခွန်အား ၁ မှတ်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်တောင် ပါတယ်"

လင်းယွမ်၏ စိတ်အခြေအနေက အလွန်တရာ ကြည်နူးနေတော့သည်။

ခွန်အား ၁ မှတ်က သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စီးဝင်သွားပြီး ကြွက်သားများ အနည်းငယ် ဖောင်းကြွလာကာ ထိုစွမ်းအားသစ်ကို စုပ်ယူလိုက်ကြ၏။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်ကလည်း ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားရာ နွေးထွေးသော စီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး လူကို သက်တောင့်သက်သာ ဖြစ်သွားစေသဖြင့် အကြောအခြင် ဆန့်ထုတ်ချင်စိတ်ပင် ပေါက်လာစေသည်။

ထို့နောက် လင်းယွမ်က ဘုံအရည်အသွေးမှတ်များကို ခွဲဝေထည့်သွင်းရန် ပြင်လိုက်၏။

သို့သော် ရုတ်တရက် အကြံတစ်ခု ဝင်လာကာ သူ ရပ်တန့်လိုက်သည်။

"နေဦး... ဘုံအရည်အသွေးမှတ်တွေကို အခုချက်ချင်း ခွဲဝေထည့်သွင်းဖို့ မလိုသေးပါဘူး"

"ဒီ ဘုံအရည်အသွေးမှတ်တွေက ငါ့စိတ်ဆန္ဒအတိုင်း ကြိုက်သလို ထည့်လို့ရတဲ့ အမှတ်တွေပဲ... ရဖို့လည်း မလွယ်ဘူး"

"အရေးပေါ် အခြေအနေ ကြုံလာတဲ့အခါကျမှ လိုအပ်နေတဲ့ အရည်အသွေးတစ်ခုခုကို ချက်ချင်း မြှင့်တင်ပြီး အကျပ်အတည်းကို ဖြေရှင်းလိုက်တာက ပိုကောင်းမယ်"

သူ့မျက်လုံးများ အရောင်လက်သွားပြီး ထိုသို့ လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို တွေးမိသွားသည်။

ပထမအချက်အနေဖြင့် ဘုံအရည်အသွေးမှတ်များကို စုဆောင်းထားခြင်းဖြင့် မိမိလိုချင်သည့်အချိန်တွင် စိတ်ကြိုက် သုံးစွဲနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့တွေ့ကြုံခဲ့ရသော အသားတောင်ပုံ သတ္တဝါကြီးကို တိုက်ခိုက်စဉ်က ထိုသတ္တဝါ၏ အားနည်းချက်မှာ စိတ်စွမ်းအင်ဖြစ်ကြောင်း စမ်းသပ်သိရှိခဲ့ရသည်။ ထိုအချိန်မျိုးတွင် မိမိက ဘုံအရည်အသွေးမှတ်များ အားလုံးကို စိတ်စွမ်းအင်၌ ပုံအောထည့်လိုက်ပါက အခြေအနေကို ချက်ချင်း ပြောင်းလဲနိုင်မည် ဖြစ်သည်။

စိတ်စွမ်းအင်၏ အကန့်အသတ်ကို ချက်ချင်း မြှင့်တင်လိုက်ခြင်းဖြင့် ရန်သူကို မမျှော်လင့်ထားသော တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်ပေလိမ့်မည်။

ဒုတိယအချက်မှာ အရည်အသွေးမှတ်များ ထည့်ပေါင်းလိုက်သည့်အခါ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာသည့် ဖြစ်စဉ်ကို တွေ့ကြုံရတတ်သည်။

စောစောက ခွန်အားမှတ် ပေါင်းထည့်လိုက်စဉ်က ကြွက်သားသိပ်သည်းဆနှင့် ကြံ့ခိုင်မှု ပြောင်းလဲသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ် တိုးသွားစဉ်ကလည်း ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားပြီး ပင်ပန်းနွမ်းနယ်နေသော ဆဲလ်များနှင့် အတွင်းဒဏ်ရာများကို ကုစားပေးခဲ့သည်။

အကယ်၍ မိမိ ဒဏ်ရာရနေချိန်တွင် အမှတ်ထပ်ပေါင်းလိုက်ပါက ဒဏ်ရာကို ကုစားပေးနိုင်သည့် အာနိသင် ရှိနိုင်မည်လော။

သေချာပေါက် ရှိနိုင်ပေသည်။

လင်းယွမ်က ချက်ချင်းပင် ကောက်ချက်ချလိုက်၏။

ထိုသို့ဆိုလျှင် ဘုံအရည်အသွေးမှတ်များက ပို၍ပင် တန်ဖိုးရှိလာပြီ ဖြစ်သည်။

၎င်းတို့ကို အားဖြည့်ရန် သို့မဟုတ် ဒဏ်ရာကုစားရန် ကုထုံးတစ်ခုအနေဖြင့် အချိန်မရွေး အသုံးပြုနိုင်ရန် သိမ်းဆည်းထားသင့်ပေသည်။

"ဒီ ဘုံအရည်အသွေးမှတ် ၅ မှတ်ကို အရေးပေါ်အတွက် ချန်ထားလိုက်မယ်"

လင်းယွမ်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ထိုအမှတ်များကို ခေတ္တ သိမ်းဆည်းထားလိုက်သည်။

အခြားသော အရည်အသွေးမှတ်များမှာမူ သူ့ထိန်းချုပ်မှုအောက်တွင် မရှိဘဲ မဲပေါက်သည်နှင့် ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် ပေါင်းစပ်သွားလေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် "ဘုံ" ဟူသော စကားလုံးပါသည့် အမှတ်များ၏ တန်ဖိုးကြီးမားပုံကို သိသာစေသည်။

လွတ်လပ်ခြင်းဟူသော သဘောတရားကို ပေါ်လွင်စေ၏။

သို့သော်လည်း ဤသို့လုပ်ဆောင်ခြင်း၏ တစ်ခုတည်းသော အားနည်းချက်မှာ အရည်အသွေးတစ်ခုခုကို ရုတ်တရက် တိုးမြှင့်လိုက်ပါက ခန္ဓာကိုယ်အနေဖြင့် ကာလတိုအတွင်း လိုက်လျောညီထွေ မဖြစ်သည့် အခြေအနေမျိုး ကြုံတွေ့ရနိုင်ခြင်း ဖြစ်သည်။

ကိစ္စမရှိ၊ ဤသည်က အရေးပေါ်အတွက်သာ ဖြစ်သည်။

အထူးသဖြင့် စိတ်စွမ်းအင် အရည်အသွေးပင်။ နေသားမကျတော့ရော ဘာဖြစ်သနည်း။ လမ်းမလျှောက်၊ မလှုပ်ရှားဘဲ တစ်နေရာတည်းတွင် ရပ်ကာ စိတ်စွမ်းအင် တိုက်ခိုက်မှုများကို အရူးအမူး ထုတ်လွှတ်နေလိုက်ရုံပင်။ နေသားကျခြင်း၊ မကျခြင်းက ပြဿနာ မဟုတ်ပေ။

သူက ဆိုဖာပေါ်တွင် လဲလျောင်းရင်း စိတ်ထဲ၌ တက်ကြွလှုပ်ရှားနေမိသည်။

သူ၏ လက်ရှိ အချက်အလက် မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်၏။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၀.၈

ခွန်အား - ၆.၉

အလျင် - ၅.၈

စိတ်စွမ်းအင် - ၁၂.၁

သိုင်းပညာများ - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း

သန္ဓေပြောင်းလဲနှုန်း - ၃၁%

အမှတ် - ၂၈၉ မှတ် ……

[ဒင်... သင်၏ သန္ဓေပြောင်းလဲနှုန်းသည် ၃၀% ကျော်လွန်သွားသဖြင့် သန္ဓေပြောင်း အစွမ်းနိုးထမှု အန္တရာယ် လျော့နည်းသွားပါသည်]

[ဒင်... သင်၏ သန္ဓေပြောင်းလဲနှုန်းသည် ၃၀% ကျော်လွန်သွားသဖြင့် သဘာဝအလျောက် အစွမ်းနိုးထနိုင်ခြေ မြင့်တက်လာပါသည်]

......

စနစ်က ရုတ်တရက် သတိပေးချက်များ ဆက်တိုက် ထုတ်ပြန်လာပြန်သည်။

လင်းယွမ် အနည်းငယ် အံ့အားသင့်သွားပြီး ထထိုင်လိုက်မိ၏။

သူက စနစ်၏ အသိပေးချက်များကို သေချာစွာ လေ့လာကြည့်ပြီးနောက် သဘောပေါက် နားလည်သွားသည်။

"သန္ဓေပြောင်းလဲနှုန်း ၃၀% ဆိုတာက အဆင့်သတ်မှတ်ချက် တစ်ခုပေါ့"

"၃၀% ကျော်သွားရင် သဘာဝအလျောက် အစွမ်းနိုးထနိုင်ခြေ များလာပြီး နိုးထတဲ့အခါ ဖြစ်လာမယ့် အန္တရာယ်လည်း လျော့နည်းသွားမယ်"

"ဆိုလိုတာက နောက်ကျမှ နိုးထလေ အန္တရာယ် ပိုကင်းလေပေါ့"

"ဒါဆို လူတိုင်းက သန္ဓေပြောင်းငါးတွေကို ဆက်တိုက် စားသုံးပြီး သန္ဓေပြောင်းလဲနှုန်းကို စုဆောင်းနေရင် တစ်နေ့ကျရင် ကိုယ့်ဘာသာ အစွမ်းနိုးထလာနိုင်တယ် ဆိုတဲ့ သဘောလား"

လင်းယွမ် တွေးတောဆင်ခြင်နေမိသည်။ ဤအချက်က ဆင့်ကဲပြောင်းလဲခြင်း သဘောတရားနှင့်လည်း ကိုက်ညီမှု ရှိပေသည်။

ကမ္ဘာပျက်ကပ် ဘေးဒုက္ခ ရောက်လာချိန်တွင် လူတိုင်း ဆင့်ကဲပြောင်းလဲနိုင်ခွင့် ရှိသည်။ ဝတ္ထုတွေထဲကလို သိုင်းဝိညာဉ်အမြစ် မရှိလို့ ကျင့်ကြံမရဘူး ဆိုတာမျိုး မရှိပေ။

ဤသို့ဆိုလျှင် တိုက်ခန်းပိုင်ရှင်များ အားလုံးသည် အနာဂတ်တွင် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များ ဖြစ်လာနိုင်ခြေ ရှိပေသည်။

"ဟုတ်သားပဲ... သဘာဝတရားကြီးက မျှတပါတယ်... သက်ရှိတိုင်းက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ တန်းတူညီမျှ အခွင့်အရေး ရှိကြတာပဲ"

လင်းယွမ် စိတ်ထဲမှ ရေရွတ်လိုက်ပြီး သန္ဓေပြောင်းအသီး မဲနှိုက်ရန် ကိစ္စကို မလောတော့ပေ။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သဘာဝအလျောက် အစွမ်းနိုးထလာမည် ဖြစ်ရာ အမှတ်များကို အလဟဿ အကုန်ခံပြီး သန္ဓေပြောင်းအသီး သီးသန့် မဲနှိုက်နေရန် မလိုအပ်တော့ချေ။

သာမန်လူများအတွက်မူ သန္ဓေပြောင်းအစွမ်း စောစောနိုးထလေ ကောင်းလေ ဖြစ်သည်။

ဤခေတ်ပျက်ကြီးထဲတွင် အစွမ်းစောစောရမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း စောစောရှိမည် ဖြစ်သည်။

သို့သော် မိမိတွင် အရည်အသွေးများကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည့် စနစ် ရှိနေသဖြင့် သန္ဓေပြောင်းအစွမ်း နိုးထရန် အလောတကြီး မလိုအပ်လှပေ။

အစွမ်းနိုးထခါစ ရရှိလာမည့် တိုက်ခိုက်စွမ်းရည်က မိမိ၏ မြင့်မားနေသော အရည်အသွေး အမှတ်များမှ ရရှိသည့် တိုက်ခိုက်စွမ်းရည်လောက် အားကောင်းချင်မှ ကောင်းပေလိမ့်မည်။

"ဒါပေမဲ့ သန္ဓေပြောင်းအသီး မဲပေါက်မယ့် အခွင့်အရေး ရှိရင်တော့ အမမေ အတွက် တစ်လုံးလောက်တော့ ယူပေးရမယ်... သူ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားရင် စိတ်လုံခြုံမှု ရသွားမှာ"

ရန်မေနှင့် ပတ်သက်လာလျှင် လင်းယွမ်က ဘယ်တော့မှ တွန့်တိုမည် မဟုတ်ပေ။

ဤ အိမ်နီးချင်း အမကို သူ အလွန် နှစ်သက်သဘောကျသည်။

သူ့အမျိုးသမီး ဖြစ်နေပြီဖြစ်ရာ သူက ကပ်စေးနည်းနေမည် မဟုတ်ပါ။

ယခင်က တွေ့ရှိခဲ့သော သန္ဓေပြောင်းအသီးကိုမူ အာနိသင် မသိရသေးသဖြင့် ရန်မေကို ပေးမစားရဲဘဲ ကျောက်ခိုင်ကို ပေးလိုက်ခြင်း ဖြစ်သည်။

ယခုအခါ သန္ဓေပြောင်းအသီးသည် အန္တရာယ်ကင်းစွာဖြင့် အစွမ်းနိုးထစေနိုင်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သဖြင့် နောက်ထပ် ရရှိလာမည့် အသီးကို မိမိ၏ လက်တွဲဖော်အား ဦးစားပေး ပေးကမ်းရမည်မှာ အသေအချာပင်။

"ဂျောက်"

စဉ်းစားခန်း ဝင်နေစဉ် အိပ်ခန်းကျဉ်းတံခါး ပွင့်သွားသည့်အသံကို ရုတ်တရက် ကြားလိုက်ရသည်။

လင်းယွမ် လှည့်ကြည့်လိုက်ရာ အမှောင်ထုထဲတွင် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော တင်းယန်က တံခါးဝ၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူမက နံရံကို စမ်းသပ်ကိုင်တွယ်ရင်း ခြေသံလုံလုံဖြင့် အိမ်သာရှိရာဘက်သို့ လျှောက်လာနေသည်။

မီးမရှိဘဲ မှောင်မဲနေခြင်းက သူမ၏ အမြင်အာရုံကို ဆိုးရွားစွာ ထိခိုက်စေပုံ ရသည်။

လင်းယွမ် နိုးနေပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်ကို သူမ လုံးဝ သတိမထားမိပေ။

သို့သော် လင်းယွမ်မှာမူ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ် ၁၀ ကျော်နေပြီ ဖြစ်သဖြင့် အာရုံခံနိုင်စွမ်းများက အလွန် ထက်မြက်နေပြီ ဖြစ်သည်။

မှောင်မဲနေသော ညအချိန် ဖြစ်သော်လည်း သူ၏ မျက်လုံးများက တင်းယန်၏ ကိုယ်ခန္ဓာပုံစံကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

တင်းယန်သည် ပွပွချောင်ချောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အတွင်း၌ ဘာမှ ခံဝတ်မထားသဖြင့် လမ်းလျှောက်လိုက်တိုင်း ရင်ဘတ်ဆီမှ လေးပင်သော တုန်ခါမှုများကိုပင် လင်းယွမ် မြင်နေရ၏။

လင်းယွမ်မှာ အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားပြီး တင်းယန်၏ ကိုယ်လုံးကိုယ်ပေါက်မှာ ရန်မေနှင့် ယှဉ်နိုင်သည့် တစ်ဦးတည်းသော သူ ဖြစ်ကြောင်း စိတ်ထဲမှ ချီးကျူးမိလိုက်သည်။

သူမ၏ ခါးက ရန်မေလောက် မသေးသော်လည်း ထွားကြိုင်းသော ရွှေရင်အစုံကမူ ရန်မေနှင့်အပြိုင်ပင် ဖြစ်တော့သည်။

"အမ်"

တင်းယန်၏ ခြေလှမ်းများ ရုတ်တရက် တန့်သွားပြီး ဧည့်ခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"လင်းယွမ်လား"

လင်းယွမ်က ချက်ချင်း မျက်လုံးမှိတ်ပြီး အသက်ရှူနှုန်းကို လျှော့ချလိုက်သည်။

စောစောက သူ အသက်ရှူ ရပ်သွားသည်ကို တင်းယန် သတိထားမိသွားပုံ ရသည်။

တင်းယန်က သန္ဓေပြောင်း အစွမ်းရှိသူ ဖြစ်ရာ အာရုံခံနိုင်စွမ်းများက သာမန်လူထက် ပိုကောင်းပေလိမ့်မည်။

အမှောင်ထုကြောင့် အမြင်အာရုံ ကွယ်နေနိုင်သော်လည်း အကြားအာရုံကိုမူ တားဆီး၍ မရနိုင်ပေ။ တစ်အိမ်တည်း အတူနေကြသဖြင့် အသက်ရှူသံကို သူမ ခွဲခြားနိုင်မည် ဖြစ်သည်။

"ဒီလောက် ညဉ့်နက်နေပြီ မအိပ်သေးဘူးလား"

တင်းယန်က မေးလိုက်သည်။

လင်းယွမ်က ဘာမှ ပြန်မပြောဘဲ ဆက်၍ ဟန်ဆောင် အိပ်နေလိုက်၏။

တင်းယန်က လျှောက်လာခဲ့ပြီး လင်းယွမ် လှဲနေသည်ကို မြင်သောအခါ ခပ်ဟဟ ရယ်မောလိုက်ပြီး သူ့ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

လင်းယွမ်မှာ မတတ်သာတော့သဖြင့် အခုမှ နိုးလာဟန်ဆောင်ကာ အံ့သြသည့် လေသံဖြင့် မေးလိုက်ရသည်။

"သြော်... တင်းယန်ပဲ... နင် မအိပ်သေးဘူးလား"

တင်းယန်က အေးစက်စက် ပြုံးရင်း လက်ပိုက်ကာ သူ့ကို စိုက်ကြည့်နေသည်။

အမှောင်ထဲတွင် သူမက လင်းယွမ်၏ ပုံရိပ်ကို ဝိုးတဝါးသာ မြင်ရသည်။

သို့သော် လင်းယွမ်မှာမူ မတူပေ။ သူက တင်းယန်၏ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရခြင်း ဖြစ်သည်။

ထိုသို့ လက်ပိုက်ထားသည့် ဟန်ပန်က သွေးသားဆန္ဒများကို ဆူပွက်စေသည်။

အထူးသဖြင့် အတွင်းခံ ဝတ်မထားသဖြင့် တီရှပ်ပါးပါးလေး အောက်မှ အဖုအထစ်လေးများကို လင်းယွမ် မြင်နေရ၏။

တင်းယန်မှာမူ လင်းယွမ်၏ အမြင်အာရုံ ဤမျှ ကောင်းမွန်နေသည်ကို မသိသဖြင့် လင်းယွမ်လည်း သူမကဲ့သို့ပင် ဝါးတားတား အရိပ်လောက်သာ မြင်ရမည် ထင်ကာ ဤသို့ ရဲရဲတင်းတင်း နေနေခြင်း ဖြစ်သည်။

သူမ ဘာမှမပြောသဖြင့် လင်းယွမ်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"မအိပ်ဘဲနဲ့ ငါ့ကို ဘာလာလုပ်တာလဲ"

"ဟွန်း... ဆက်မဟန်ဆောင်တော့ဘူးလား... နိုးနေတာတောင် အိပ်ချင်ယောင် ဆောင်နေရအောင်... ကျွန်မက ရှင့်အတွက် အဲ့လောက် ကြောက်ဖို့ကောင်းနေလို့လား "

တင်းယန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သော်လည်း သူမ၏ လေသံထဲတွင် မသိမသာ စိတ်ကောက်သည့် အရိပ်အယောင် ပါနေသည်။

တင်းယန်က သူ တမင် ရှောင်ဖယ်နေသည်ဟု ထင်နေကြောင်း လင်းယွမ် သဘောပေါက်လိုက်သည်။

သူမကို ခိုးကြည့်မိမှာ စိုး၍ ရှက်နေရကြောင်းကို သူမ ဘယ်သိပါ့မလဲ။

သို့သော် ဤကိစ္စကို ရှင်းပြ၍ မရသဖြင့် လင်းယွမ်က ဝေ့လည်ကြောင်ပတ် လုပ်လိုက်ရသည်။

"သန်းခေါင်ကျော်နေပြီဆိုတော့ တခြားသူတွေ နိုးသွားမှာ စိုးလို့ပါ"

တင်းယန်က ထိုစကားကို ကြားသောအခါ အသံကို အနည်းငယ် နှိမ့်လိုက်ပြီး ပြောသည်။

"ဒါဆို စောစောက ဘာလို့ အိပ်ချင်ယောင်ဆောင်ပြီး ကျွန်မကို လှည့်မကြည့်တာလဲ"

"ပြောပြီးပြီလေ... တခြားသူတွေကို အားနာလို့ပါဆို"

"ဟွန်း... ကြည့်ရတာ ရှင် ကျွန်မကို ရှောင်နေပုံပဲ... ဘာလဲ... ကျွန်မက ရှင့်ကို ကိုက်စားမှာမို့လို့လား... ဘာလို့ ဒီလောက် ကြောက်နေရတာလဲ"

"မဟုတ်တာ... ရှောင်စရာ ဘာအကြောင်းမှ မရှိပါဘူး... ငါတို့နှစ်ယောက်ကြားမှာ ဘာမှမရှိတာ ဘာကြောက်စရာ လိုလို့လဲ"

လင်းယွမ် ပြောပြီးသွားသောအခါ တင်းယန် ခဏတာ တိတ်ဆိတ်သွားသည်။

သူမက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ဟိုဘက် တိုး"

လင်းယွမ်မှာ ဆိုဖာအတွင်းဘက်သို့ မရွေ့ဘဲ မနေနိုင်တော့ချေ။ တင်းယန်က ဆိုဖာအစွန်းတွင် ဝင်ထိုင်လိုက်သည်။

သူမသည် တင်ပါးဆုံ အလွန်ကော့ပြီး ပြည့်ဖြိုးသည့် အမျိုးအစား ဖြစ်သည်။

သူမ ထိုင်ချလိုက်သည်နှင့် ဆိုဖာမှာ အကွေးလိုက် ချိုင့်ဝင်သွားတော့သည်။

ဆွဲငင်အားကြောင့် လင်းယွမ်၏ ခန္ဓာကိုယ်မှာ သူမ၏ တင်ပါးဆုံ ရှိရာဘက်သို့ လျှောကျသွားလေ၏။

သူ၏ ခြေသလုံးနှင့် သူမ၏ တီရှပ်တို့ ထိမိသွားကြသည်။

တီရှပ်ပါးပါးလေးကို ခြား၍ပင် သူမ၏ ကိုယ်ငွေ့ကို ခံစားလိုက်ရ၏။

နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။

တင်းယန်၏ တင်ပါးကြွက်သားများ ကျုံ့သွားသည်ကို လင်းယွမ် သိသိသာသာ ခံစားလိုက်ရသည်။

သူက ချက်ချင်းပင် ဘေးသို့ စောင်းကာ အနောက်ဘက်သို့ ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"နင်... နင်ထိုင်လေ... ထိုင်ပါ"

အမှောင်ထဲတွင် တင်းယန်၏ ပါးပြင်များ ပူနွေးလာပြီး သူမ ပြောလိုက်သည်။

"ကျွန်မက ဒီတိုက်က ပိုင်ရှင်တွေ အကြောင်း ရှင်နဲ့ ဆွေးနွေးချင်လို့... ရှင် တခြား တလွဲတွေ မတွေးနဲ့နော်"

လင်းယွမ်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"ဟဟ... ပြောပါ... ငါ နားထောင်နေပါတယ်"

"ဒီတိုက်မှာက မိသားစု ဘယ်နှစုမှ မကျန်တော့ဘူး... ဒီလူတွေကို ရှင် ဘယ်လို စီစဉ်ပေးမလဲ... ဒီအတိုင်းပဲ ထားခဲ့မှာလား"

လင်းယွမ် ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။

"နင့်မှာ ဘာအကြံ ရှိလို့လဲ"

"သူတို့ကို တိုက် (၇၆) ဘက် ပြောင်းခိုင်းလိုက်ရင် မကောင်းဘူးလား... ဟိုဘက်မှာလည်း လူတွေ အများကြီး သေကုန်တော့ အခန်းလွတ်တွေ အများကြီး ကျန်နေတာပဲ"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"အခု အခန်းလွတ်တွေ များနေတယ် ဆိုပေမယ့် ရေကြီးတာက မရပ်သေးဘူး... မိုးကလည်း ရွာတုန်း... ရေမျက်နှာပြင်ကလည်း ဆက်မြင့်တက်နေတုန်းပဲဆိုတာ နင် မမေ့နဲ့"

"နောက်ထပ် နှစ်ရက်လောက်ဆိုရင် ၁၄ လွှာအထိ သေချာပေါက် ရေမြုပ်တော့မယ်... ဒီအတိုင်း ဆက်သွားရင် တခြား အထပ်တွေကရော ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ"

"ရေကြီးမှုက လူတိုင်းရဲ့ ရှင်သန်ရပ်တည်ရေး နေရာတွေကို ဆက်တိုက် ဝါးမျိုးနေတာ... တိုက် (၇၆) ဘက်မှာ လူတွေ အပေါ်ဆုံးထပ်ကို အလုအယက် ပြောင်းနေကြတာ နင် မမြင်ဘူးလား"

တင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါဆို ရှင့်သဘောက ဘယ်လိုလဲ"

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီမိုး ဘယ်တော့ တိတ်မလဲ... ရေကြီးတာ ဘယ်တော့ ပြန်ကျမလဲ ဆိုတာ ငါ မသိဘူး"

"၃၂ လွှာအထိ ရေမြုပ်သွားရင်တောင် ရေက ပြန်ကျချင်မှ ကျမှာ"

"ငါ စဉ်းစားမိသလောက်တော့ နင်တို့အားလုံးကို ခေါ်ပြီး တောင်ကုန်းမြင့်မြင့် တစ်နေရာဆီ အမြန်ဆုံး သွားဖို့ပဲ ရှိတယ်"

"တခြားလူတွေအတွက်ကတော့... သစ်ဖောင်က သိပ်သေးတာဆိုတော့ လူအများကြီး တင်လို့မရဘူးလေ... ငါပြောတာ နင် သဘောပေါက်တယ်မလား"

တင်းယန် ငြိမ်သက်သွားသည်။ သူမ သေချာပေါက် နားလည်ပါသည်။

"ဟူး... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား... မိုးနတ်မင်းကြီးရဲ့ သွေးကြောမကြီး ပြတ်သွားတာများလား... ရွာလိုက်တာလည်း ပြီးကို မပြီးနိုင်တော့ဘူး"

တင်းယန်က သက်ပြင်းချရင်း မခံမရပ်နိုင်စွာ ညည်းတွားလိုက်သည်။

"ဟားဟား"

တင်းယန်၏ ထိုကဲ့သို့သော ပုံစံမျိုးကို မြင်ရခဲသဖြင့် လင်းယွမ် ရယ်မောလိုက်မိသည်။

တင်းယန်သည် ပုံမှန်အားဖြင့် လူတိုင်းအပေါ် အေးစက်စက် ဆက်ဆံတတ်ပြီး ချဉ်းကပ်ရ ခက်သူဖြစ်သည်။ ထိုသို့သော အမူအရာမျိုး ထုတ်ပြခဲလှသည်။

လင်းယွမ်၏ ရှေ့မှောက်တွင်သာ ထိုကဲ့သို့ ပုံစံမျိုး ပြသခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

"ဘာရယ်တာလဲ... ရှင်က စိတ်မပူဘူးလား"

တင်းယန်က သူ့ကို မျက်စောင်းထိုးရင်း လက်သီးဖြင့် လှမ်းထုလိုက်သည်။

သို့သော် မီးမရှိ အမှောင်ကျနေသည့် အချိန်ဖြစ်ရာ ထိုလက်သီး ကျရောက်သွားသည့် နေရာက အတော်လေး ကွက်တိ ဖြစ်သွားသည်။

"အ"

လင်းယွမ် ဆီမှ အာမေဋိတ်သံ ထွက်လာပြီး လေအေးတစ်ချက် ရှိုက်လိုက်မိသည်။

တင်းယန်လည်း ကြောင်အမ်းသွားပြီး သူမ၏ လက်ဖဝါးက မာကျောသော အရာဝတ္ထုတစ်ခုကို ရိုက်မိလိုက်ကြောင်း ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူမ မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားပြီး လက်ကို အမြန် ပြန်ရုတ်လိုက်သည်။

ထိတ်လန့်တကြားဖြင့် မတ်တတ်ပင် ထရပ်လိုက်မိ၏။

"ရှင်... ရှင် ဘာမှမဖြစ်ပါဘူးနော်"

သူမ ချက်ချင်း ထွက်ပြေးချင်နေသော်လည်း လင်းယွမ်က ပေါင်ကြားကို အုပ်ကိုင်ထားသည်ကို မြင်ရသည်မှာ ရယ်ချင်စရာ ကောင်းနေသဖြင့် စိုးရိမ်တကြီး မေးလိုက်မိသည်။

လင်းယွမ်က မဲ့ရွဲ့နေသော မျက်နှာဖြင့် လက်ကာပြကာ ပြောလိုက်သည်။

"ရ... ရပါတယ်... ခံနိုင်ပါတယ်"

တင်းယန်က "ခွိ" ခနဲ ရယ်လိုက်ပြီး ပြောသည်။

"ရန်မေ ပြောတော့ ရှင်က တော်တော် စွမ်းတယ်ဆို... ဘာမှလည်း မဟုတ်ပါလား"

ထိုစကား ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားတော့သည်။

လင်းယွမ်မှာ ဆိုဖာပေါ်တွင် ကြောင်တောင်တောင် ကျန်ရစ်ခဲ့လေသည်။

"သေစမ်း... အမမေ က ဘာလို့ အကုန် လျှောက်ပြောနေရတာလဲ"

"ပြီးတော့ တင်းယန်ကို သွားပြောပြတယ်တဲ့လား"

"အမမေ ရေ... ဒီမိန်းမက အမရဲ့ မောင်လေးကို ပြစ်မှားနေတာ ကြာပြီဆိုတာ မသိဘူးလားဗျ"

တင်းယန်က အခန်းထဲ ပြန်ရောက်ပြီး ကုတင်ပေါ် လှဲလိုက်သောအခါ သူမ မျက်နှာတွင် အနီရောင် သန်းနေဆဲပင်။

စောစောက အရှက်ရစရာ အဖြစ်အပျက်ကို ပြန်စဉ်းစားရင်း နောက်ဆုံးတွင် လှောင်ပြောင်သည့် စကားဖြင့် အခြေအနေကို ထိန်းလိုက်ရသည်ကို တွေးမိသည်။

သို့သော် ယခု ပြန်စဉ်းစားကြည့်မှ သူမ ဘယ်လိုများ အဲဒီလို ပြောလိုက်မိပါလိမ့်။

တကယ့်ကို အရှက်မရှိလိုက်တာ။

သူမ ကိုယ့်ကိုယ်ကိုယ်ပင် မယုံနိုင်အောင် ဖြစ်နေမိသည်။

"သူ အထင်လွဲသွားမလား မသိဘူး"

တင်းယန် စိတ်ပူသွားပြီး ပြန်ထွက်ကာ ရှင်းပြချင်သော်လည်း ရှက်နေမိပြန်သည်။

အမြဲတမ်း အေးစက်စက် နေတတ်သည့် ပုံစံကို ထိန်းသိမ်းထားရာမှ စောစောက အရေးနိမ့်သလို မဖြစ်ချင်၍ နှုတ်က သတိလက်လွတ်ဖြင့် ညစ်ညမ်းသည့် စကားမျိုး ပြောမိလိုက်ခြင်း ဖြစ်သည်။

သူမ ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မပျော်နိုင် ဖြစ်နေသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ထထိုင်လိုက်သည်။

"နေဦး... သူ့ဟာက... ဘာလို့ မာနေတာလဲ"

တင်းယန်က ထိုအထိအတွေ့ကို ပြန်လည် မြင်ယောင်ကြည့်လိုက်ရာ သေချာနေပြီ ဖြစ်သည်။

သူမ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။

"ဟွန်း... ဟန်ဆောင်တာ တော်တော် ပီပြင်သားပဲ"

သူမ နှာခေါင်းရှုံ့လိုက်သော်လည်း အပြုံးများနှင့်အတူ ပြန်လည် လှဲချလိုက်သည်။

ဤတစ်ညတွင် သူမ အိပ်ပျော်သွားသည်မှာ အလွန် နှစ်ခြိုက်လှပေသည်။

လင်းယွမ်မှာမူ ဆိုဖာပေါ်တွင် ရင်ထဲ၌ ဆူပွက်နေသော မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။

ဒီအချိန်မျိုးတွင် အမမေ ကို သူ အလွန် သတိရနေမိတော့သည်။

......

နောက်တစ်နေ့ မနက်ခင်းတွင် လင်းယွမ်သည် မျက်ကွင်းညိုကြီးများဖြင့် အိပ်ရာထလာခဲ့သည်။

တော်သေးသည်မှာ သူ၏ စိတ်စွမ်းအင် အရည်အသွေး မြင့်မားနေသဖြင့် တစ်ညလုံး မအိပ်ရသော်လည်း အားအင်ကုန်ခမ်းခြင်း မရှိပေ။

ပစ္စည်းသိုလှောင်ခန်းထဲမှ အစားအစာများကို ထုတ်ယူကာ အားလုံးကို မနက်စာ စားရန် ခေါ်လိုက်သည်။

တုံယန် က လင်းယွမ်ကို ထူးဆန်းသလို ကြည့်လိုက်ပြီး မေးသည်။

"အစ်ကိုလင်းယွမ်... မနေ့ညက မအိပ်ပျော်ဘူးလား"

လင်းယွမ် အစာစားနေရင်း ရပ်တန့်သွားပြီး တင်းယန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

တင်းယန်က မျက်နှာသေဖြင့် ပေါင်မုန့်ကိုသာ အားရပါးရ စားနေပြီး ဘာမှ မဖြစ်ခဲ့သလိုပင်။

တက္ကသိုလ် ဆရာမ ပီသပါပေတယ်၊ မျက်နှာ အမူအရာ ထိန်းသိမ်းတာ အတော်လေး ပိုင်နိုင်တာပဲ ဟု လင်းယွမ် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

ထို့နောက် သူက ရယ်မောလိုက်ပြီး ပြောသည်။

"တိုက် (၇၆) ဘက်ကို နည်းနည်း စိတ်ပူနေလို့ပါ... ဘာမှ မဖြစ်ပါဘူး"

"ကဲ... အားလုံး စားပြီးရင် ခဏနားပြီး ဆက်လုပ်ကြမယ်"

"တုံယန်... တိုက်တွဲ (၁) က အခြေခံအားဖြင့် စိတ်ချရပြီဆိုတော့ နင်တို့ သုံးယောက် ငါတို့နောက် လိုက်စရာ မလိုတော့ဘူး"

တုံယန်က အလျင်အမြန် ပြောလိုက်သည်။

"ကျွန်မရဲ့ စိတ်ချင်းဆက်သွယ်တဲ့ အစွမ်းက အကူညီပေးနိုင်ပါတယ်"

လင်းယွမ်က ပြုံးရင်း ခေါင်းခါလိုက်သည်။

"မလိုတော့ပါဘူး... တိုက်ထဲက သန္ဓေပြောင်း သတ္တဝါတွေရဲ့ အင်အားကို ငါတို့ ခန့်မှန်းလို့ ရပြီ... ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

အမှန်တကယ်တွင်လည်း သူ့၌ စိတ်စွမ်းအင် ရှိပြီး ပတ်ဝန်းကျင် ပေ ၄၀ အကွာအဝေးအတွင်းရှိ သတ္တဝါများကို အာရုံခံနိုင်သဖြင့် တုံယန်၏ အကူအညီ မလိုပေ။

တုံယန်၏ စိတ်အာရုံ ချိတ်ဆက်ခြင်း အစွမ်းသည် စိတ်ချင်း ဆက်သွယ်ခြင်း၊ နှစ်သိမ့်ခြင်း စသည်တို့၌ သာလွန်ပြီး အားနည်းသော သက်ရှိများ၏ စိတ်အာရုံကို လမ်းကြောင်းပြခြင်း၊ ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်သည်။

လင်းယွမ်၏ စိတ်စွမ်းအင်မှာမူ ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းထောက်လှမ်းနိုင်သော်လည်း စိတ်ချင်း ဆက်သွယ်ခြင်း၊ အခြား သက်ရှိများ၏ စိတ်အာရုံကို လမ်းကြောင်းပြခြင်းများ မလုပ်ဆောင်နိုင်ပေ။

သူက အခြား သက်ရှိများ၏ စိတ်အာရုံပင်လယ်ကို ဖျက်ဆီးပစ်ရုံသာ တတ်နိုင်ခြင်း ဖြစ်သည်။

"အစ်ကိုလင်း... ကျွန်တော်ရော... ကျွန်တော်က မီးခိုးမှုတ်ထုတ်နိုင်တယ်... လူတွေ ဆုတ်ခွာတဲ့အခါ ကာကွယ်ပေးလို့ ရတယ်လေ" ကုဖုန်းက သူ ဝန်ထုပ်ဝန်ပိုး မဖြစ်လိုသဖြင့် အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ် ပြုံးလိုက်ပြီး ပြောသည်။

"ဒီလိုလုပ်... မင်းက ငါတို့နဲ့ လိုက်ခဲ့... တုံယန် က အိမ်မှာ မောင်လေးကို စောင့်ရှောက်ပေးလိုက်"

"ငါ နင့်အတွက် အစားအသောက် ချန်ပေးခဲ့မယ်... နေ့လယ်စာ စားချိန်ကျရင် ငါတို့ ပြန်လာခဲ့မယ်"

တုံယန်က ဆက်ပြောချင်နေသေးသော်လည်း လင်းယွမ်က ထမင်းချက်ရန် တာဝန်ပေးလိုက်သဖြင့် စိတ်သက်သာရာ ရသွားပြီး ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်တော့သည်။

မနက်စာ စားပြီးနောက် လင်းယွမ်က တင်းယန်၊ ကျောက်ခိုင်နှင့် ကုဖုန်း သုံးယောက်ကို ခေါ်၍ အထပ်များကို ဆက်လက် ရှင်းလင်းလေသည်။

လမ်းတစ်လျှောက်တွင် တွေ့ရသော သန္ဓေပြောင်း သတ္တဝါများကို လွယ်ကူစွာပင် ရှင်းလင်းနိုင်ခဲ့သည်။

အသက်ရှင် ကျန်ရစ်သူများကို တွေ့ပါကလည်း လင်းယွမ်က ရှင်းပြလေသည်။ တစ်ဖက်လူ ယုံသည် မယုံသည်ကိုမူ ဂရုမစိုက်ပေ။

အပြင်ဘက်တွင် ဘေးကင်းသွားပြီ ဖြစ်ကြောင်းနှင့် ငါးဖမ်း၍ အစာရေစာ ဖြည့်တင်းနိုင်ကြောင်းသာ ပြောပြလိုက်သည်။

သူတို့ ထွက်လာချင်၊ မလာချင်သည်မှာမူ သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

သို့သော် လူအများစုမှာ ငတ်မွတ်ခေါင်းပါးလွန်းနေပြီ ဖြစ်ရာ လင်းယွမ်တို့အဖွဲ့သည် သူတို့ ဆက်လက် ရှင်သန်နိုင်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသဖြင့် အများစုက ယုံကြည်ကြသည်။

ထိုသို့ဖြင့် ဒုတိယနေ့တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထ တိုက်တွဲများကို ရှင်းလင်းနိုင်ခဲ့သည်။

ထိုကာလအတွင်း ကြောင် ၃ ကောင်နှင့် သန္ဓေပြောင်း အိမ်မွေးခွေး ၂ ကောင်ကို သတ်ဖြတ်ခဲ့ရသည်။

တုံယန် ပြောခဲ့သည့် သန္ဓေပြောင်း ပိုးဟပ်များနှင့် ပတ်သက်၍မူ လင်းယွမ် ယခုထိ မတွေ့ရသေးပေ။

ဒုတိယနေ့ ကုန်ဆုံးသွားခဲ့ပြီး လင်းယွမ် ဆိုဖာပေါ်တွင်သာ အိပ်ခဲ့ရသည်။ ယနေ့ညတွင် တင်းယန် ထွက်မလာခဲ့ပေ။

ဆိုဖာပေါ်တွင် လဲလျောင်းနေသော လင်းယွမ်၏ စိတ်ထဲတွင် ဖော်ပြမရသော ဆုံးရှုံးလိုက်ရသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေမိသည်။

တတိယနေ့တွင် ကျန်ရှိနေသည့် နောက်ဆုံး တိုက်တွဲနှစ်ခုကို ရှင်းလင်းခဲ့ကြသည်။

စာရင်းချုပ်လိုက်သောအခါ အသက်ရှင် ကျန်ရစ်သူ စုစုပေါင်း ၃၁ ဦး ရှိလေသည်။

ဤကိန်းဂဏန်းသည် ကြောက်စရာကောင်းလောက်အောင် နည်းပါးလွန်းနေသည်။

ဤတိုက်ကြီးထဲတွင် အခန်းပေါင်းမြောက်မြားစွာ ရှိရာ အနည်းဆုံး လူတစ်ရာကျော်ခန့် ရှိသင့်ပေသည်။

ယခု ၃၁ ဦးသာ ကျန်ရှိတော့သည်ကို ကြည့်ခြင်းအားဖြင့် ယခင်က ဤနေရာတွင် မည်မျှ ကြမ်းတမ်းခက်ထန်သော သွေးစွန်းသည့် ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည်ကို မှန်းဆနိုင်ပေသည်။

လူအားလုံးကို တိုက်ချင်းဆက် စင်္ကြံလမ်းတွင် စုစည်းလိုက်ပြီးနောက် လင်းယွမ်က ပြောမည့်စကားများကို စီစဉ်လိုက်ကာ စတင် ပြောကြားလိုက်သည်။

"အားလုံးပဲ... ကျွန်တော်တို့က တိုက် (၇၆) က ပိုင်ရှင်တွေပါ... ဒီတစ်ခေါက် တုံယန် ဆီက အကူအညီတောင်းတာ လက်ခံရရှိလို့ အန္တရာယ်ကြားကနေ လာရောက် ကူညီပေးတာ ဖြစ်ပါတယ်"

"အခု တိုက်ထဲက သန္ဓေပြောင်း သတ္တဝါတွေကို ရှင်းလင်းပြီးပါပြီ... ရှေ့ဆက် ဘယ်လို နေထိုင်ကြမလဲ ဆိုတာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်"

"ရေထဲမှာ သန္ဓေပြောင်းငါးတွေ ရှိပါတယ်... အချိန်မရွေး ငါးမျှားပြီး စားသောက်နိုင်ပါတယ်"

"အကယ်၍ သန္ဓေပြောင်းငါးတွေကို ငြီးငွေ့နေပြီ ဆိုရင်လည်း ငါးတွေနဲ့ ကျွန်တော့်ဆီမှာ ဆန်၊ ဂျုံ၊ ဆီ၊ ဆား လာလဲလှယ်လို့ ရပါတယ်"

"ဘယ်လို လဲလှယ်ရမလဲ ဆိုတာကို တုံယန်ကို ပြောပြထားပါတယ်... သူက ဒီတိုက်အတွက် ကုန်ပစ္စည်း လဲလှယ်တာကို တာဝန်ယူပေးပါလိမ့်မယ်"

"ဒါ့အပြင် တိုက်တွဲတွေကြားက စင်္ကြံလမ်းတွေကို ကျွန်တော် ပြန်ပိတ်ထားလိုက်ပါပြီ"

"၂၈ လွှာအထက် စင်္ကြံလမ်းတွေကိုပဲ ဖြတ်သန်းသွားလာခွင့် ချန်ထားခဲ့ပါတယ်"

"အဲဒီလို လုပ်ရတာကလည်း ကျန်ရှိနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ထွက်လာမှာ ဒါမှမဟုတ် ရေထဲက သန္ဓေပြောင်း ဘီလူးကောင်တွေ တက်လာမှာ စိုးရိမ်လို့ပါ"

"ရှေ့ဆက် ဘယ်လို အသက်ရှင်အောင် နေမလဲ ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ကြိုးစားကြပါတော့... ကျွန်တော် လုပ်ပေးနိုင်တာ ဒီလောက်ပါပဲ"

လင်းယွမ် ပြောပြီးသည်နှင့် ရှိနေသူများထဲမှ တစ်စုံတစ်ယောက်က အော်ဟစ် ငိုကြွေးလိုက်တော့သည်။

အသက်ရှင် ရပ်တည်နိုင်ရေး မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရ၍လား၊ သို့မဟုတ် လင်းယွမ်တို့ ရောက်မလာမီ သေဆုံးသွားခဲ့ကြသော ဆွေမျိုးသားချင်းများအတွက် ဝမ်းနည်း၍လား မသိရပေ။

တစ်ယောက် ငိုလိုက်သည်နှင့် ကျန်လူများလည်း လိုက်လံ မျက်ရည်ကျကြတော့သည်။

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း သူတတ်နိုင်သည့်အရာ ဘာမျှ မရှိတော့ပေ။

ဆက်ရန်...

All Chapters