← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 7 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 7 Ch. 125-126

အပိုင်း (၁၂၅) နောက်ထပ် နှစ်ယောက် အစွမ်းနိုးထလာခြင်း

"ဒီသန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ လူ့ခန္ဓာကိုယ် အရည်အသွေး လေးရပ်ကို တိုးမြှင့်ပေးနိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအင်ကျောက်တချို့ ဖြစ်တည်နေနိုင်တာပဲ"

"ဒါဆိုရင် စနစ်ဇယားကွက် မရှိတဲ့ တခြား သန္ဓေပြောင်းအစွမ်းပိုင်ရှင်တွေကလည်း ဒီသတ္တဝါတွေဆီက စွမ်းအင်ကျောက်တွေကို စုပ်ယူပြီး စွမ်းအားမြှင့်တင်လို့ ရနိုင်တာပေါ့"

လင်းယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ ဒါက သူ ကံစမ်းမဲနှိုက်ပြီး အရည်အသွေးမှတ်တွေ တိုးတာနဲ့ အတူတူပဲ မဟုတ်ပါလား။

ဒါဆိုရင် သူ အမှတ်တွေရှာပြီး အရည်အသွေးမှတ်တွေ မဲနှိုက်နေတဲ့ အားသာချက်က အလကားဖြစ်သွားပြီပေါ့။

"မဟုတ်သေးဘူး... ဒီလိုတွေးလို့မဖြစ်ဘူး... စွမ်းအင်ကျောက်ပါတဲ့ သန္ဓေပြောင်းသတ္တဝါတွေက နေရာတိုင်းမှာ ရှိနေမှာ မဟုတ်ဘူး"

"ပြီးတော့ စွမ်းအင်ကျောက် ဖြစ်တည်နေတဲ့ သန္ဓေပြောင်းသတ္တဝါတွေက သာမန်ကောင်တွေထက် သိသိသာသာ ပိုပြီး အစွမ်းထက်မှာ သေချာတယ်... သူတို့ကို သတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ"

"ဒါပေမဲ့ ငါ့ရဲ့ ကံစမ်းမဲစနစ်က မတူဘူး... ငါက သာမန် သန္ဓေပြောင်းသတ္တဝါတွေကို သတ်ရင်တောင် အမှတ်တွေ အမြန်စုဆောင်းနိုင်တယ်... ပြီးတာနဲ့ အရည်အသွေးမှတ်တွေ မဲနှိုက်ပြီး အစွမ်းမြှင့်တင်လို့ ရနေတာပဲ"

"အခက်အခဲချင်း ယှဉ်ကြည့်ရင် လုံးဝမတူဘူး... ငါက တခြားလူတွေထက် စွမ်းအားမြှင့်တင်ဖို့ အများကြီး ပိုလွယ်တယ်"

လင်းယွမ်က အဓိကအချက်ကို တွေးမိသွားပြီးနောက် သက်ပြင်းချလိုက်နိုင်သည်။

သူ့စနစ်၏ အားသာချက်က ရှိနေဆဲဖြစ်၍ ထိုကိစ္စအတွက် ပူပန်နေစရာ မလိုတော့ပေ။

လောလောဆယ် မိန်တုဥယျာဉ် ဝန်းကျင်တစ်ဝိုက်တွင် သူက လူသား သန္ဓေပြောင်းအစွမ်းပိုင်ရှင်များကြား၌ ထိပ်သီးအဖြစ် ရှိနေဆဲ ဖြစ်သည်။

လင်းယွမ်က စနစ်ဇယားကွက်ကို ကြည့်လိုက်ပြီး အမှတ်စာရင်းကို သတိထားမိသွားသည်။

"ဟမ်... စောစောက စနစ်ရဲ့ အသိပေးချက်ကို သတိမထားမိလိုက်ဘူး... ဒီဖားမိစ္ဆာတွေက အမှတ် တော်တော်များတာပဲ"

သူ ရရှိထားသည့် အမှတ်စာရင်းမှတ်တမ်းကို တစ်ချက်ကြည့်လိုက်သည်။

ရှေ့က ဖားမိစ္ဆာ သုံးကောင်က တစ်ကောင်လျှင် အမှတ် ၁၀၀ စီ ရပြီး စွမ်းအင်ကျောက်ပါသည့် ဖားမိစ္ဆာကမူ ၁၅၀ တောင် ရထားသည်။

ဆိုလိုသည်မှာ ထိုဖားမိစ္ဆာ လေးကောင်က လင်းယွမ်အတွက် စုစုပေါင်း အမှတ် ၄၅၀ တောင် ရှာပေးလိုက်ခြင်း ဖြစ်သည်။

ထိုမျှများပြားသော အမှတ်ပမာဏကြောင့် လင်းယွမ်၏ စိတ်အစဉ်က လှုပ်ရှားသွားရသည်။

"ဒီလို ဖားမိစ္ဆာမျိုးတွေကိုသာ များများသတ်နိုင်ရင် အမှတ်တွေ အမြန်စုဆောင်းနိုင်ပြီပေါ့"

လင်းယွမ်က စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း ထိုအတွေးကို ချက်ချင်း ပြန်ဖျောက်လိုက်သည်။

ဤဖားမိစ္ဆာတွေ တိုက်ပေါ်တက်မလာဘဲ ရေထဲမှာသာ သူ့ကို တိုက်ခိုက်မည်ဆိုပါက အနိုင်ယူသတ်ဖြတ်နိုင်ရန် ယုံကြည်ချက် သိပ်မရှိလှပေ။

ရေပြင်က သူ့အတွက် အားသာသည့် နယ်မြေမဟုတ်သလို မတော်တဆ ရေထဲပြုတ်ကျသွားပါက ရေအောက်သတ္တဝါများ၏ အစာအဖြစ် အချိန်မရွေး အစားခံလိုက်ရနိုင်သည်။

လင်းယွမ်က ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး တိုက်တွဲ (၂) နှင့် တိုက်တွဲ (၁) ဘက်ကို အမြန်လှမ်းကြည့်လိုက်သည်။

နောက်ထပ် ဘာသတ္တဝါမှ မရှိတော့ကြောင်း သေချာသွားမှသာ သူ စိတ်အေးသွားရသည်။

ထို့နောက် လင်းယွမ်က တိုက်တွဲ (၄) အပေါ်ဆုံးထပ်သို့ ပြန်ရောက်သောအခါ တာအိုဆရာလင်းနှင့် လူများ အခန်း ၃၂၀၈ တွင် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

"လင်းယွမ် ပြန်ရောက်လာပြီ"

တစ်ယောက်ယောက်က လှမ်းအော်လိုက်သဖြင့် လူအများက လှည့်ကြည့်လာကြပြီး လင်းယွမ်ကို နှုတ်ဆက်ကြသည်။

တာအိုဆရာလင်းကလည်း အနားသို့ အမြန်လျှောက်လာပြီး မေးလိုက်သည်။ "လင်းယွမ်... အခြေအနေ ဘယ်လိုလဲ... ဟိုသတ္တဝါတွေ ထွက်ပြေးသွားကြပြီလား"

လင်းယွမ်က "အဲ့ကိစ္စရှင်းသွားပြီ... ခင်ဗျားတို့က ဘာလို့ ဒီမှာ စုနေကြတာလဲ"

ကျောက်ခိုင်က လျှောက်လာပြီး ပြောသည်။ "အစ်ကိုလင်း... ဟိုဖားမိစ္ဆာတွေလက်ချက်နဲ့ လူတွေတော်တော် ဒဏ်ရာရကုန်တယ်လေ... သူတို့က လူနာတွေကို ဒီအခန်းထဲ သယ်လာကြပြီး တာအိုဆရာလင်းကို ကုပေးစေချင်နေကြတာ"

"တာအိုဆရာလင်း... ခင်ဗျားဘာသာပဲ ရှင်းပြလိုက်"

သူက ပြောစရာစကားမဲ့နေသည့် ပုံစံဖြင့် တာအိုဆရာလင်းကို လှမ်းကြည့်လိုက်သည်။

တာအိုဆရာလင်းက မျက်နှာပျက်နေပြီး လင်းယွမ်ကို ပြောသည်။ "လင်းယွမ်ရယ်... ကျုပ်ကို ကူညီပါဦးဗျာ"

လင်းယွမ်က အခန်းထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ ရှိရာသို့ အကြည့်ရောက်သွားသည်။

ထိုနှစ်ယောက်အနက် ရှီဟိုင်ကျူးက ဒဏ်ရာ သိပ်မပြင်းထန်သော်လည်း ရန်ဆန်းမင်ကမူ ကျောရိုးကျိုးသွားပုံရပြီး ဒဏ်ရာ မည်မျှပြင်းထန်သည်ကို မသိရသေးပေ။

"ခင်ဗျားက တာအိုပညာတတ်တယ် မဟုတ်လား... ဘာလို့ လူမကယ်တာလဲ"

တာအိုဆရာလင်းက အသံကို နှိမ့်ကာ "လင်းယွမ်... တခြားသူတွေ မသိရင်တောင် ခင်ဗျားက မသိဘဲ နေပါ့မလား... ကျုပ်က ဘာမှ တတ်တာ မဟုတ်ပါဘူးဗျာ... လျှောက်ပြောထားတာပါ"

"အရင်က တိန့်ဟူကို ခြိမ်းခြောက်ချင်တာနဲ့ ကျုပ်က မောင်ဆန်းမင် နဲ့ ပေါင်းပြီး တာအိုပညာတတ်သယောင် လျှောက်ပြောခဲ့တာပါ... တကယ်တမ်းကျတော့ မောင်ဆန်းမင်ကပဲ လူကယ်တာ... ကျုပ်က ဟန်ပြသက်သက်ပါပဲဗျာ... တကယ် ဘယ်တတ်မလဲ"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "ဟမ်... ဒါဆို ခင်ဗျားရဲ့ ရွှေရောင်ကိုယ်ရောင်ကိုယ်ဝါ အစွမ်းကရော... တကယ် ဘာမှ သုံးမရဘူးလား"

တာအိုဆရာလင်းက လက်လျော့လိုက်သည့်ပုံဖြင့် "အဲဒါက ရုပ်ရှင်တွေထဲကလို အထူးပြုလုပ်ချက် သက်သက်ပါပဲဗျာ... ကျုပ်လည်း ဘာဖြစ်လို့ ဒီလိုအစွမ်းမျိုး နိုးထလာမှန်း မသိပါဘူး"

လင်းယွမ်က ထင်တဲ့အတိုင်းပဲ တွေးလိုက်မိသည်။ ဒီတာအိုဆရာလင်းက ရုပ်ရည်ကသာ တည်ကြည်ခန့်ညားပြီး ပါးစပ်က အစွမ်းပြန်လည်နိုးထခြင်းတို့၊ တန်ခိုးအစွမ်းတို့ ပြောနေသော်လည်း...

ထိုရွှေရောင်ကိုယ်ရောင်ကိုယ်ဝါ အစွမ်းက အပြင်ပန်းကြည့်ကောင်းရုံသာရှိပြီး ဘာမှ တိုက်ခိုက်နိုင်စွမ်း မရှိသော အတုအယောင်သာ ဖြစ်နေသည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး တာအိုဆရာလင်းကို ပြောလိုက်သည်။ "တာအိုဆရာလင်း... အမှန်အတိုင်း ပြောရရင် ကျွန်တော်က လူသတ်တာပဲ ကျွမ်းကျင်တာ... လူကယ်တဲ့နေရာမှာတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး"

"ရန်ဆန်းမင်က တိုင်းရင်းဆေးဆရာဝန်လို့ ကြားဖူးတယ်... သူကမှ လူကယ်တဲ့နေရာမှာ ကျွမ်းကျင်သူပဲ"

"အခု အရေးအကြီးဆုံးက ရန်ဆန်းမင်ကို အမြန်ကုပေးပြီး သတိရအောင် လုပ်ဖို့ပဲ... ဒါမှ တခြားလူတွေကို ကယ်နိုင်မှာ"

တာအိုဆရာလင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ကျုပ်လည်း အဲဒီလိုပဲ တွေးမိပါတယ်... ဒါပေမဲ့ ပြဿနာက ရန်ဆန်းမင်ကို ဘယ်လို နှိုးရမှန်း မသိတာပဲ... သူက ဖျားနေသလိုမျိုး နဖူးတွေ ပူခြစ်နေပြီး ဘယ်လိုနှိုးနှိုး မနိုးဘူး ဖြစ်နေတယ်"

လင်းယွမ်က ကျောက်ခိုင် အစွမ်းစတင်နိုးထစဉ်က ချက်ချင်း ပြီးမြောက်သွားခြင်း မဟုတ်ဘဲ ဖျားနာသည့် လက္ခဏာများ ပြခဲ့သည်ကို သတိရသွားသည်။

သူက ရှီဟိုင်ကျူးအနားသို့ လျှောက်သွားပြီး နဖူးကို စမ်းသပ်ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် ရှီဟိုင်ကျူး၏ နဖူးမှာ ပူခြစ်နေပြီး အကြောများ ထောင်ထနေကာ အဝါရောင် အလင်းတန်းများ စီးဆင်းနေသည်။

လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "သူတို့နှစ်ယောက်ရဲ့ အခြေအနေက သန္ဓေပြောင်းအစွမ်း နိုးထတာရဲ့ နောက်ဆက်တွဲ လက္ခဏာတွေနဲ့ တူတယ်... ပြဿနာ သိပ်မရှိပါဘူး"

"သိပ်မကြာခင် သတိရလာကြလိမ့်မယ်"

တာအိုဆရာလင်းက ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး "ဘာ... ရှီဟိုင်ကျူးနဲ့ မောင်ဆန်းမင်ကလည်း သန္ဓေပြောင်းအစွမ်းတွေ နိုးထလာကြတာလား"

လင်းယွမ်က ခေါင်းငြိမ့်ပြပြီး "ဒီလိုလုပ်... အပေါ်ရံဒဏ်ရာ ပြင်းတဲ့လူတွေ၊ သွေးထွက်လွန်နေတဲ့ လူတွေကို ကျောက်ခိုင်ကို အရင် ကူညီခိုင်းလိုက်"

ကျောက်ခိုင်က ကြောင်သွားပြီး "ဗျာ... ကျွန်တော်လား... အစ်ကိုလင်း... ကျွန်တော်လည်း လူမကယ်တတ်ဘူးလေ"

လင်းယွမ်က လက်ကာပြပြီး "လူကယ်ခိုင်းတာ မဟုတ်ဘူး... မင်းရဲ့ ရေခဲအစွမ်းနဲ့ သူတို့ဒဏ်ရာတွေကို ခဲသွားအောင် လုပ်ခိုင်းတာ... သွေးတိတ်အောင် လုပ်လို့ရရင်လုပ်... မရရင်လည်း ဒဏ်ရာ ကြီးမသွားအောင် ထိန်းထားပေး"

ထိုအခါမှ ကျောက်ခိုင် သဘောပေါက်သွားသည်။ သူ့အနေဖြင့် ကိုယ့်ရေခဲအစွမ်းကို ဒီလိုနေရာမျိုးမှာ သုံးလို့ရမှန်း မစဉ်းစားမိခဲ့ပေ။

လင်းယွမ်၏ စီစဉ်မှုအောက်တွင် လူအများက လှုပ်ရှားလာကြပြီး လူနာများကို ဝိုင်းဝန်းကူညီကြသည်။

လင်းယွမ်ကမူ ရှီဟိုင်ကျူးနှင့် ရန်ဆန်းမင်တို့၏ အခြေအနေကို စောင့်ကြည့်နေသည်။

အကယ်၍ သူတို့နှစ်ယောက်သာ သန္ဓေပြောင်းအစွမ်း နိုးထမှု၏ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို မခံနိုင်ပါက သူ ဝင်ရောက်စွက်ဖက်ပြီး နိုးထမှု လုပ်ငန်းစဉ်ကို အတင်းအကျပ် ရပ်တန့်ပစ်ရမည် ဖြစ်သည်။

အရင်က တင်းယန် အစွမ်းနိုးထလာစဉ်ကလိုပင် အကြမ်းနည်းသုံးပြီး သူတို့နှစ်ယောက်ကို နှိုးရပေမည်...

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူတို့နှစ်ယောက်၏ ကိုယ်ပေါ်မှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားကာ မျက်နှာထားများလည်း တည်ငြိမ်သွားကြသည်။

ကြည့်ရသည်မှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပုံ ရသည်။

အခန်းထဲရှိ ဒဏ်ရာရထားသော တခြားသူများမှာလည်း ကျောက်ခိုင်၏ ရေခဲအစွမ်းကြောင့် ဒဏ်ရာများ ခဲသွားပြီး ထုံကျဉ်နေသဖြင့် နာကျင်မှု သက်သာနေကြသည်။

ခဏအတွင်း အခန်းထဲ၌ ညည်းညူသံများ၊ အော်ဟစ်သံများ ဆူညံသွားသည်။

လင်းယွမ်က တခြားသူများကို ဂရုမစိုက်ဘဲ ရှီဟိုင်ကျူးနှင့် ရန်ဆန်းမင်တို့၏ အခြေအနေ တည်ငြိမ်သွားသည်ကို ကြည့်ပြီး စဉ်းစားခန်း ဝင်နေသည်။

"ဒီနှစ်ယောက် စားလိုက်တဲ့ သန္ဓေပြောင်းငါး ပမာဏက တင်းယန် စားတာထက် အများကြီး ပိုများလောက်တယ်... ဘယ်လိုဖြစ်လို့ သူတို့က ဒီလို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ခံနိုင်ရည် ရှိသွားကြတာလဲ"

"သူတို့ အစွမ်းနိုးထနေတဲ့အချိန်မှာ ဖားမိစ္ဆာတွေ ဝင်ရှုပ်လိုက်လို့များ ဖြစ်မလား"

သူ့စိတ်ထဲတွင် ထင်ကြေးပေးနေမိသည်။ ထို့ပြင် သူတို့နှစ်ယောက် အစွမ်းနိုးထသည့် ပုံစံက တင်းယန်နှင့် လုံးဝ မတူကွဲပြားနေသည်။

ရှီဟိုင်ကျူး နိုးထလာသည့် အစွမ်းက ခံစစ်ပိုင်းဆိုင်ရာ ဖြစ်ပုံရသည်။

သူ့ကိုယ်ပေါ်တွင် အဝါရောင် အလင်းများ ဖုံးလွှမ်းသွားချိန်၌ ဖားမိစ္ဆာ၏ လျှာဖြင့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိခဲ့ပြီး အရိုးပင် မကျိုးခဲ့ပေ။

ရန်ဆန်းမင်ကမူ တိုက်ခိုက်ရေးပိုင်းဆိုင်ရာ အစွမ်းမျိုး နိုးထလာပုံရသည်။

ထိုအချိန်က ရန်ဆန်းမင်၏ ဓားမြောင်မှာ ရွှေရောင်အလင်းတန်းများ စီးဝင်သွားပြီး ပုံစံပြောင်းလဲသွားကာ သာမန်အားဖြင့် မဖြစ်နိုင်သော ဖားမိစ္ဆာ၏ လျှာကိုပင် ဖြတ်တောက်နိုင်ခဲ့ပြီး ဒဏ်ရာရစေခဲ့သည်။

"ဒီနှစ်ယောက်သာ ဘေးကင်းကင်းနဲ့ အစွမ်းနိုးထနိုင်ရင် ရှားပါးတဲ့ လူတော်တွေ ဖြစ်လာမှာပဲ"

လင်းယွမ်က သစ်ဖောင်လုပ်ပြီးပါက သူတို့ကိုပါ ခေါ်ဆောင်သွားပြီး အဖွဲ့၏ အင်အားကို ဖြည့်တင်းရန် စိတ်ကူးလိုက်သည်။

"လင်းယွမ်... ဟိုဖားမိစ္ဆာတွေ သေကုန်ပြီလား... သူတို့က ဘယ်က ရောက်လာကြတာလဲ"

ထိုစဉ် တာအိုဆရာလင်းက လင်းယွမ်အနားသို့ ရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

လင်းယွမ်က လေးနက်သော အသံဖြင့် "ရေထဲက လာတာပေါ့... အခု သတ္တဝါအမျိုးမျိုးက သန္ဓေပြောင်းပြီး ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်နေကြပြီ... ရေထဲမှာ သန္ဓေပြောင်းငါးတွေ၊ ကဏန်းတွေတင်မကဘဲ ဖားတွေပါ သန္ဓေပြောင်းကုန်ပြီ"

"အခု ကုန်းနေရေနေ သတ္တဝါတွေပါ ဆင့်ကဲပြောင်းလဲလာကြပြီဆိုတော့ နောက်ပိုင်းကျရင် ပိုများတဲ့ သန္ဓေပြောင်းသတ္တဝါတွေ ပေါ်လာဦးမှာပဲ"

ထိုအကြောင်း ပြောရင်း လင်းယွမ်၏ မျက်နှာထားက တည်ကြည်လေးနက်သွားသည်။ "ငါးတွေက ရေထဲကနေ မခွာနိုင်ပေမယ့် ကုန်းနေရေနေ သတ္တဝါတွေကျတော့ ပြောရခက်တယ်... သူတို့က ရေထဲမှာရော ကုန်းပေါ်မှာပါ နေနိုင်ကြတော့ ရေထဲက ထွက်ပြီး ကုန်းပေါ် တက်လာနိုင်တယ်"

"လောလောဆယ် ကုန်းမြေတွေ ရေမြုပ်နေတော့ သူတို့ တက်လာနိုင်တဲ့နေရာ သိပ်မရှိဘူး... ကျွန်တော်တို့ နေနေတဲ့ ဒီတိုက်မြင့်ကြီးတွေက သူတို့ရဲ့ အနားယူစရာနေရာတွေ၊ ဥ ဥစရာ နေရာတွေ ဖြစ်လာနိုင်တယ်"

တာအိုဆရာလင်းက ထိုစကားကို ကြားသောအခါ မျက်နှာဖြူဖပ်ဖြူရောဖြင့် "ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ... ကုန်းမြေတွေ ရေမြုပ်ကုန်တော့ ကျန်တာဆိုလို့ ဒီတိုက်တွေပဲ ရှိတော့တာ... ဒီသတ္တဝါတွေနဲ့ နေရာလုကြရတော့မှာလား"

သူ့ခေါင်းပေါ်တွင် ချွေးစေးများ ပြန်လာပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် သတ္တဝါများ ကုန်းပေါ်တက်လာမည့် ကြောက်မက်ဖွယ် မြင်ကွင်းကို တွေးမိသွားပုံရသည်။

ကုန်းနေရေနေ သတ္တဝါတွေက နည်းတာမှ မဟုတ်ဘဲ... ဖားတွေ၊ လိပ်တွေ၊ ပုတ်သင်တွေ၊ မိကျောင်းတွေ၊ ရေပုတ်သင်တွေ။

ဒါ့အပြင် ရေထဲမှာ ခေတ္တရှင်သန်နိုင်တဲ့ တွားသွားသတ္တဝါတချို့နဲ့ အင်းဆက်တွေလည်း ရှိသေးသည်။

သူတို့ကရော သန္ဓေပြောင်း ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်မလာနိုင်ဘူးလား။

ဆင့်ကဲပြောင်းလဲပြီးရင်ရော ကုန်းပေါ်တက်ဖို့ လိုဦးမှာလား။

တာအိုဆရာလင်းက တွေးလေလေ ကြောက်လေလေဖြစ်ပြီး မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။

လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး "ကိုယ့်ဘာသာကိုယ် ခြောက်မနေစမ်းပါနဲ့... ဒါက ကျွန်တော် ထင်ကြေးပေးရုံ သက်သက်ပါ"

"ဒါပေမဲ့... ဒီနေ့ ဖားမိစ္ဆာတွေ ပေါ်လာပြီလေ... နောက်ဆို... တခြားသတ္တဝါတွေလည်း ပေါ်လာတော့မှာပေါ့" တာအိုဆရာလင်းက ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောသည်။

လင်းယွမ်က ခေါင်းခါလိုက်ပြီး "လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို အထင်မသေးနဲ့... နောက်ကျရင် လူတွေလည်း ရေထဲမှာ ရှင်သန်နိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ထွက်လာနိုင်တာပဲ"

တာအိုဆရာလင်းက စကားမပြောနိုင်တော့ဘဲ "ကျုပ် အဲဒီနေ့ကို မြင်ရပါဦးမလား" ဟု ညည်းတွားလိုက်သည်။

လင်းယွမ်လည်း ဘာမှ မပြောနိုင်တော့... သူတို့အနေဖြင့် ထိုမြင်ကွင်းကို မြင်တွေ့ရဖို့ မလွယ်ကူလှပေ။

ဆင့်ကဲပြောင်းလဲမှု ဆိုသည်မှာ မျိုးဆက် တစ်ဆက်၊ နှစ်ဆက်ဖြင့် ပြောင်းလဲနိုင်သည့် အရာ မဟုတ်ပေ။

လောလောဆယ် သန္ဓေပြောင်း ဖြစ်ရပ်များ မကြာခဏ ပေါ်ပေါက်နေသော်လည်း ကုန်းနေရေနေ သတ္တဝါများက မူလကတည်းက ရေထဲတွင် ရှင်သန်နိုင်သည့် အခြေအနေ ရှိပြီးသားဖြစ်ရာ ရေထဲတွင် နေထိုင်နိုင်မည့် အင်္ဂါအစိတ်အပိုင်းများ ပေါ်ပေါက်လာရန် လူသားများထက် ပိုမို လွယ်ကူမြန်ဆန်ပေလိမ့်မည်။

သူတို့ ဆွေးနွေးနေကြစဉ် တခြားလူများကလည်း ယနေ့တွေ့လိုက်ရသည့် ဖားမိစ္ဆာများအကြောင်း ငြင်းခုံနေကြသည်။

လူတိုင်းက အနာဂတ်အတွက် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေကြသည်။

ဒီကမ္ဘာကြီးကတော့ တကယ်ပဲ ပျက်စီးသွားပြီ ထင်ပါရဲ့။

နာရီဝက်ခန့် အကြာတွင် ကျောက်ခိုင်က ရုတ်တရက် အော်ပြောလိုက်သည်။ "သတိရလာပြီ... အစ်ကိုလင်း... ရှီဟိုင်ကျူး သတိရလာပြီ"

လင်းယွမ်က အမြန်လျှောက်သွားရာ ရှီဟိုင်ကျူးက မျက်လုံးကို ဖွင့်ကြည့်ပြီး ဘေးဘီဝဲယာကို ကြောင်တောင်တောင် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ငါ... ငါ ဘယ်ရောက်နေတာလဲ"

လင်းယွမ်က "စိတ်မပူပါနဲ့... အားလုံး အဆင်ပြေသွားပါပြီ... ခင်ဗျား ဘယ်လိုနေသေးလဲ... နေလို့မကောင်းတာ ရှိသေးလား"

"ရှီဟိုင်ကျူး... မင်း သတိရလာပြီပေါ့"

တာအိုဆရာလင်းကလည်း လူအုပ်ကြားမှ တိုးဝင်လာပြီး ဝမ်းသာအားရ ပြောသည်။

ရှီဟိုင်ကျူးက ရုန်းကန်ပြီး ထထိုင်လိုက်သည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဘေးတွင် လဲလျောင်းနေသော ရန်ဆန်းမင်ကို တွေ့သွားပြီး မျက်နှာပျက်သွားသည်။ သူ တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

"ဒေါက်တာရန်... တာအိုဆရာလင်း... လင်းယွမ်... ဒေါက်တာရန် ဘာဖြစ်သွားတာလဲ"

သူ သတိရသွားပြီ ဖြစ်သည်။ သူနှင့် ရန်ဆန်းမင်၊ တာအိုဆရာလင်းတို့ သုံးယောက် ဖားမိစ္ဆာ တစ်ကောင်၏ လိုက်လံတိုက်ခိုက်မှုကို ခံခဲ့ရပြီး အထပ် (၂၀) ကျော်အထိ အနိုင်နိုင် ထွက်ပြေးခဲ့ရသော်လည်း နောက်ဆုံးတွင် အမီလိုက်ခံခဲ့ရသည်။

သူက ထိုသတ္တဝါကြီး၏ လျှာဖြင့် ရိုက်ချက်ကို ခံလိုက်ရပြီး သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။

သူ မသေဘဲ ရှင်ကျန်ရစ်ခဲ့သည်ကို အံ့သြနေမိသည်။

တာအိုဆရာလင်းက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ရှင်းပြလိုက်ပြီးနောက် မေးလိုက်သည်။ "မင်း ဘယ်လိုနေသေးလဲ... လင်းယွမ်က မင်း သန္ဓေပြောင်းအစွမ်း နိုးထလာတယ် ပြောတယ်... အဲ့တာ တကယ်ပဲလား"

ရှီဟိုင်ကျူးက ကြောင်သွားပြီး သူ့လက်နှစ်ဖက်ကို မြှောက်ကြည့်လိုက်သည်။

"ငါ့ရဲ့ အစွမ်း"

ရှီဟိုင်ကျူး၏ လက်နှစ်ဖက်တွင် အဝါရောင် အလင်းများ လင်းလက်လာသည်။

မကြာမီ လက်အကာအကွယ် အရေပြားများက မျက်စိရှေ့မှာပင် လျင်မြန်စွာ ကျောက်သားအဖြစ် ပြောင်းလဲသွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း ထိုလက်နှစ်ဖက်သည် အစိမ်းရောင်သမ်းသော အဝါရောင် ကျောက်တုံးများကဲ့သို့ မာကျောသော အသွင်သို့ ပြောင်းလဲသွားလေသည်။

သွေးကြောရာများကို မြင်နေရသေးသော်လည်း ကျောက်သားကဲ့သို့ မာကျောနေသည့် ပုံစံ ပေါက်နေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြစွာဖြင့် "ဒါ ကျောက်သားအဖြစ် ပြောင်းလဲနိုင်တဲ့ အစွမ်းလား"

တာအိုဆရာလင်းကလည်း ပါးစပ်အဟောင်းသားဖြင့် "ရှီဟိုင်ကျူး... မင်းနာမည်က ရှီ (ကျောက်တုံး) ပါလို့ ကျောက်သားအစွမ်း ရတာလားကွ... တိုက်ဆိုင်လိုက်တာ"

ရှီဟိုင်ကျူးလည်း အံ့သြနေမိသည်။ သူကိုယ်တိုင်လည်း ဒီလို ထူးဆန်းသည့် အစွမ်းမျိုး ရလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ လက်ကို ဖြန့်ကြည့်လိုက်ရာ သူ့လက်ဝါးများ တောင့်တင်းနေခြင်း မရှိဘဲ ယခင်ကလိုပင် လှုပ်ရှားရ လွယ်ကူနေသည်။

ဘေးမှ ကျောက်ခိုင်က "ကာကွယ်နိုင်စွမ်း ဘယ်လောက်ရှိလဲ စမ်းကြည့်ပါလား" ဟု ဝင်ပြောသည်။

ရှီဟိုင်ကျူးက ခေါင်းငြိမ့်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ကုတင်ခေါင်းရင်းရှိ ခွက်ကို လှမ်းယူလိုက်သည်။

သူက ခွက်ကို လက်နှစ်ဖက်ကြားတွင် ထားပြီး အားဖြင့် ဖိချလိုက်သည်။

"ဂလွမ်"

စတီးခွက်မှာ ချက်ချင်းပင် ပြားကပ်သွားပြီး အက်ကွဲသွားသည်။

အက်ကွဲသွားသည့် နေရာမှာ ဓားသွားလို ထက်ရှနေသည်။

လင်းယွမ်က ခေါင်းငြိမ့်ပြီး "ခွန်အားက သိသိသာသာ တိုးလာတာပဲ... အဲဒီ အက်ကွဲကြောင်းနဲ့ လက်ဝါးကို လှီးကြည့်ပါလား"

ရှီဟိုင်ကျူးက စိတ်လှုပ်ရှားစွာဖြင့် "စမ်းကြည့်မယ်"

သူက ပြားကပ်သွားသော စတီးခွက်၏ ထက်ရှနေသည့် အက်ကွဲကြောင်းဖြင့် သူ့လက်ချောင်းထိပ်ကို အားဖြင့် ဖိချလိုက်သည်။

"ဂလွမ်"

ချက်ချင်းပင် ထိုစတီးခွက်မှာ ထပ်မံ တွန့်လိမ်သွားပြီး သူ့ကို ခြစ်ရာလေးတစ်ခုပင် မပေးနိုင်ခဲ့ပေ။

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ကာကွယ်နိုင်စွမ်းက သိသိသာသာ ကောင်းလာတာပဲ"

"ဓားနဲ့ စမ်းကြည့်"

ပြောရင်းဆိုရင်း သူ့လက်ထဲတွင် သစ်သီးလှီးဓားတစ်ချောင်း ရောက်နေပြီး ရှီဟိုင်ကျူးကို ကမ်းပေးလိုက်သည်။

ရှီဟိုင်ကျူးကလည်း ဝမ်းသာအားရဖြင့် "ကြည့်ရအောင်"

သူလည်း သူ့ရဲ့ သန္ဓေပြောင်းအစွမ်းက ဘယ်လောက် အစွမ်းထက်လဲ သိချင်နေမိသည်။

သူက ဓားဖျားဖြင့် ကျောက်သားဖြစ်နေသော သူ့လက်သည်းခွံကို အားကုန် ဖိချပြီး လှီးကြည့်လိုက်သည်။

"ကျွီ..."

သွားကျဉ်စရာ ကောင်းသော သတ္တုနှင့် ကျောက်သား ပွတ်တိုက်သံ ထွက်ပေါ်လာပြီး ရှီဟိုင်ကျူး၏ လက်သည်းခွံပေါ်တွင် မီးပွားများ လွင့်စင်လာကာ သစ်သီးလှီးဓားက အဖြူရောင် အရာလေးတစ်ခုသာ ထင်ကျန်ရစ်စေခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်း အံ့အားသင့်သွားကြကာ အသီးသီး ရေရွတ်ကုန်ကြသည်။

"ဟာ... ကာကွယ်နိုင်စွမ်းက တော်တော်မိုက်တာပဲ"

"ရှီဟိုင်ကျူးလည်း သန္ဓေပြောင်းအစွမ်း ရသွားပြီ... ကျောက်သားအရေပြားရဲ့ ကာကွယ်နိုင်စွမ်းက တော်တော်မြင့်တာပဲ"

"သူ့ကို ဓားတွေ၊ သေနတ်တွေနဲ့ ပစ်ရင်တောင် တိုးမှာ မဟုတ်တော့ဘူး"

"ဒီအစွမ်းနဲ့ဆို အရင်တုန်းက တိန့်ဟူကိုတောင် ကြောက်စရာ မလိုတော့ဘူးပေါ့"

......

ရှီဟိုင်ကျူးက ဝမ်းသာအားရ ဖြစ်နေပြီး "တော်တော်မိုက်တယ်... ငါ့လက်သီးက တော်တော်မာတယ်လို့ ခံစားရတယ်... ဘာနဲ့ရိုက်ရိုက် ကွဲမယ့်ပုံ မပေါ်ဘူး"

သူက လက်သီးကို ဝှေ့ယမ်းပြီး ထူးခြားသော အစွမ်းကို ခံစားကြည့်နေသည်။

တာအိုဆရာလင်းကလည်း အလွန် စိတ်လှုပ်ရှားနေသည်။ "ကောင်းလိုက်တာကွာ... ရှီဟိုင်ကျူး... မင်း ဒီအစွမ်း နိုးထလာတော့ ငါတို့ တိုက် (၇၅) မှာ ဒုတိယ တိန့်ဟူ ပေါ်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

ရှီဟိုင်ကျူးကလည်း မျက်နှာရဲတက်လာပြီး စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်သည်။ "တာအိုဆရာလင်း... ကျွန်တော်တို့ နောက်ဆို တိန့်ဟူကို ကြောက်စရာ မလိုတော့ဘူး"

"တိန့်ဟူက သေတောင် သေသွားပြီ... သူ့ကို ကြောက်နေစရာ ဘာလိုလဲ... နောက်ဆို ငါတို့ စိုးရိမ်ရမှာက ဟိုဖားမိစ္ဆာတွေနဲ့ ရေထဲက တခြားသတ္တဝါဆိုးတွေပဲ" တာအိုဆရာလင်းက အလျင်အမြန် ပြောလိုက်သည်။

ဖားမိစ္ဆာတွေ အကြောင်း ပြောလိုက်မှ အားလုံး သတိပြန်ဝင်လာကြပြီး ရှီဟိုင်ကျူးလည်း ရန်ဆန်းမင်ကို သတိရသွားကာ "ဒေါက်တာရန် ဘယ်လိုနေသေးလဲ" ဟု မေးလိုက်သည်။

တာအိုဆရာလင်းက စိတ်လှုပ်ရှားစွာဖြင့် "လင်းယွမ်က ပြောတယ်... မောင်ဆန်းမင်လည်း သန္ဓေပြောင်းအစွမ်း နိုးထလာတယ်တဲ့... ဒါပေမဲ့ ဘာလို့ အခုထိ သတိမရသေးလဲ မသိဘူး"

လင်းယွမ်က "သူ အစွမ်းနိုးထနေတုန်း ဖားမိစ္ဆာရဲ့ တိုက်ခိုက်တာ ခံလိုက်ရလို့ ကျောရိုးကျိုးသွားတယ်... သူ့ရဲ့ အာရုံကြောတွေ ထိသွားမလားတော့ မသိဘူး"

"ဘာ"

"ဘယ်လို ဖြစ်ရတာလဲ"

တာအိုဆရာလင်းနှင့် ရှီဟိုင်ကျူးတို့ မျက်နှာပျက်သွားပြီး ရန်ဆန်းမင်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

"မထိခိုက်ပါဘူး"

ရုတ်တရက် မျက်လုံးမှိတ်ထားသော ရန်ဆန်းမင်က မျက်လုံးပွင့်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

လူတိုင်း ဝမ်းသာသွားကြသည်။

ရှီဟိုင်ကျူးက ကုတင်ပေါ်မှ အမြန်ဆင်းပြီး "ဒေါက်တာရန်... ခင်ဗျား သတိရလာပြီ"

"မောင်ဆန်းမင်... မင်း သတိရလာပြီပေါ့... ဘယ်လိုနေသေးလဲ" တာအိုဆရာလင်းကလည်း အလျင်အမြန် မေးမြန်းသည်။

ရန်ဆန်းမင်က မထသေးဘဲ လဲလျောင်းနေရင်း ခါးသက်သက် ပြုံးလိုက်သည်။ "ကျွန်တော့် ဘယ်ဘက် ပခုံးရိုး ကျိုးသွားတာပါ... ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး... အရိုးအက်ပြီး နေရာလွဲသွားရုံပါ... တစ်ယောက်ယောက်က အရိုးဆက်ပေးလိုက်ရင် ပြန်ကောင်းသွားမှာပါ"

"ဟေ... အရိုးဆက်ရမယ်"

တာအိုဆရာလင်းက ခေါင်းခါလိုက်ပြီး လင်းယွမ်နှင့် ကျောက်ခိုင်ကို လှမ်းကြည့်သည်။ "လင်းယွမ်... ကျောက်ခိုင်... ခင်ဗျားတို့ တတ်လား"

လင်းယွမ်နှင့် ကျောက်ခိုင်တို့က ထိုပညာမျိုး ဘယ်တတ်မလဲ... ခေါင်းခါပြလိုက်ကြသည်။

ရှီဟိုင်ကျူးလည်း မတတ်နိုင်ကြောင်း ခေါင်းခါပြသည်။

ရှိနေကြသော လူအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အကြံအိုက်နေကြသည်။

ရန်ဆန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ အရိုးဆက်ခြင်းက ခက်သည်ဟု ဆိုနိုင်သလို လွယ်သည်ဟုလည်း ဆိုနိုင်သည်။

ဒါက တိုင်းရင်းဆေးပညာရပ်တစ်ခု ဖြစ်ပြီး အတွေ့အကြုံရှိမှ ရနိုင်သည်။

သူ့တိုင်းရင်းဆေးပညာက မဆိုးသော်လည်း ပြဿနာက ဒဏ်ရာရနေသူမှာ သူကိုယ်တိုင် ဖြစ်နေခြင်းပင်။

ကိုယ့်ဘာသာကိုယ် အရိုးဆက်၍ မရနိုင်ပေ။

လူအားလုံး အကျပ်ရိုက်နေစဉ် ထောင့်တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျွန်မ... ကျွန်မ နည်းနည်း တတ်ပါတယ်"

အားလုံးက လှည့်ကြည့်လိုက်ရာ ထောင့်နံရံကပ်ရပ်နေသော မြင်းမြီးပုံစံ ဆံပင်စည်းထားသည့် ကောင်မလေးတစ်ယောက် မျက်ရည်ဝဲလျက် တိုးတိုးလေး ပြောလိုက်သည်ကို တွေ့လိုက်ရသည်။

ကျောက်ခိုင်က ထိုကောင်မလေးကို မြင်လိုက်သောအခါ စိတ်လှုပ်ရှားသွားသည်။

ဒါ သူ ကယ်လာခဲ့သည့် ကောင်မလေး ဖြစ်သည်။

အရင်က တခြားလူတွေ ခေါ်သံအရ သူမနာမည်က ထန်ယင်းဟု သိရသည်။

"ထန်ယင်း... နင်က အရိုးဆက်တတ်တယ်လား"

ကျောက်ခိုင်က သူမအနားသို့ ချက်ချင်း လျှောက်သွားပြီး မေးလိုက်သည်။

ထန်ယင်းက ကျောက်ခိုင်ကို တစ်ချက်ကြည့်ပြီး "အင်း" ဟု ဖြေလိုက်ကာ မျက်ရည်ဝဲလျက် ပြောသည်။ "အစ်ကိုကျောက်... ကျွန်မကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်"

ကျောက်ခိုင်က သက်ပြင်းချလိုက်ပြီး "စိတ်မကောင်းပါဘူးဟာ... နင့်ညီမလေးကိုတော့ မကယ်နိုင်ခဲ့ဘူး"

ထန်ယင်း၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာရာ ကျောက်ခိုင်က ကိုယ့်ဘာသာကိုယ် 'ငါ တော်တော်အသုံးမကျပါလား... မပြောသင့်တာ သွားပြောမိတယ်' ဟု ကျိန်ဆဲလိုက်မိသည်။

သူက အလျင်အမြန်ပင် "နင် တကယ်ပဲ အရိုးဆက်တတ်တာလား... ဒေါက်တာရန်ဘက်မှာ အကူအညီ လိုနေလို့"

"ကျွန်မ သင်ဖူးပါတယ်... ကျွန်မက သူနာပြုသင်တန်း တက်ဖူးလို့ပါ"

ထန်ယင်းက ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ပြီး တိုးတိုးလေး ပြောသည်။

ကျောက်ခိုင်က သူမကို လူအုပ်ကြားမှ ခေါ်ထုတ်လာပြီး လင်းယွမ်ကို ပြောသည်။ "အစ်ကိုလင်း... သူ့နာမည်က ထန်ယင်း... သူနာပြုသင်တန်း တက်ဖူးတယ်တဲ့... အရိုးဆက်တာ နည်းနည်းတတ်တယ် ပြောတယ်"

လင်းယွမ်က ထိုကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး "ညီမထန်ယင်း... ကူညီပေးပါဦး"

ထန်ယင်းက ခေါင်းငြိမ့်ပြီး ရန်ဆန်းမင်အနားသို့ လျှောက်သွားကာ "ဒေါက်တာရန်... ကျွန်မ အရိုးဆက်ပေးပါမယ်"

ရန်ဆန်းမင်က သူမကို ပြုံးပြလိုက်ပြီး "စိတ်မလှုပ်ရှားနဲ့... နင် သင်ထားတဲ့အတိုင်းသာ လုပ်ပါ"

ထန်ယင်းက ခေါင်းငြိမ့်လိုက်ပြီး "အစ်ကိုလင်းယွမ်... အစ်ကိုကျောက်... ဒေါက်တာရန်ကို တခြားဘက် လှည့်ပေးလို့ ရမလား"

"ငါလုပ်လိုက်မယ်"

ရှီဟိုင်ကျူးက ချက်ချင်း ထရပ်လိုက်ပြီး ကျောက်ခိုင်ကလည်း ဝင်ကူညီသည်။

သူတို့နှစ်ယောက် ပေါင်းပြီး ရန်ဆန်းမင်ကို ကုတင်ပေါ်တွင် ကိုယ်ကို လှည့်ပေးလိုက်ကြသည်။

ထန်ယင်းက ရှီဟိုင်ကျူးကို အကူအညီတောင်းပြီး ရန်ဆန်းမင်၏ အင်္ကျီကို ချွတ်ခိုင်းလိုက်ကာ ဒဏ်ရာအခြေအနေကို အကဲခတ်လိုက်သည်။

ထို့နောက် ရန်ဆန်းမင်နှင့် တိုင်ပင်ကာ အရိုးဆက်ခြင်းကို စတင်လိုက်သည်။ အတော်ကြာ လုပ်ဆောင်ပြီးနောက် ရန်ဆန်းမင်၏ အရိုးကို နေရာတကျ ပြန်ဆက်ပေးနိုင်ခဲ့သည်။

ရန်ဆန်းမင်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်နေသော်လည်း နာကျင်မှုကို ကြိတ်မှိတ်ခံနိုင်ခဲ့ပြီး သက်ပြင်းချလိုက်နိုင်သည်။

"အရိုး ပြန်ဆက်သွားပြီ... အနားယူလိုက်ရင် ရပြီ"

လင်းယွမ်က "ခင်ဗျားက သန္ဓေပြောင်းအစွမ်း နိုးထပြီးပြီဆိုတော့ ဒဏ်ရာက သာမန်လူထက် ပိုမြန်မြန် သက်သာလာမှာပါ... အခု ဘယ်လိုနေသေးလဲ... ကျွန်တော် မေးစရာတချို့ ရှိလို့"

လူတိုင်း အံ့အားသင့်သွားကြပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

ယခုလိုအချိန်မှာ လင်းယွမ်က ရန်ဆန်းမင်ကို ဘာမေးခွန်းတွေ မေးစရာ ရှိနေသေးတာလဲ။

ဆက်ရန်...

အပိုင်း (၁၂၆) ရန်ဆန်းမင်၏ အစွမ်း

ရန်ဆန်းမင်က ကျောပြင်မှ နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း မေးလိုက်သည်။

"ဆရာလင်း... မေးပါ"

လင်းယွမ်က ဘေးနားရှိ တာအိုဆရာလင်းနှင့် အခြားသူများကို ဝေ့ဝဲကြည့်လိုက်သည်။

တာအိုဆရာလင်းကဲ့သို့ လူအကဲအခတ် နပ်သော အဖိုးကြီးက လင်းယွမ်၏အကြည့်ကို ချက်ချင်း သဘောပေါက်သွားပြီး အလောတကြီး ဝင်ပြောလေသည်။

"မင်းတို့ ပြောစရာရှိတာ ပြောကြ"

ထို့နောက် သူက နောက်လှည့်ကာ ရှီဟိုင်ကျူးကို ဆွဲထူလိုက်ပြီး နောက်ဆုတ်သွားသည်။ ကျန်လူများကိုလည်း ဟိန်းဟောက်လိုက်၏။

"ဘာကြည့်နေကြတာလဲ... မိုးချုပ်နေပြီ... မနားကြသေးဘူးလား"

"အိမ်ပြန်ကြတော့... မင်းတို့ မိန်းမနဲ့ ကလေးတွေ အိမ်မှာ စိတ်ပူပြီး သေတော့မယ်"

ထိုအခါမှ လူအများလည်း အသိဝင်လာကြပြီး ဒဏ်ရာမပြင်းထန်သူများက အိပ်ခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။ ဒဏ်ရာပြင်းထန်လွန်းသူများကတော့ ဧည့်ခန်းထဲတွင် လှဲလျောင်းရင်း ရန်ဆန်းမင်၏ ကုသမှုကို စောင့်ဆိုင်းနေကြရသည်။

မကြာမီ အခန်းထဲတွင် လင်းယွမ်၊ ရန်ဆန်းမင်နှင့် အရိုးဆက်ပေးရန် တာဝန်ယူထားသည့် ထန်ယင်းတို့သာ ကျန်ရစ်တော့သည်။

လင်းယွမ်က လိုရင်းကိုသာ တဲ့တိုးမေးလိုက်သည်။

"ဒေါက်တာရန်... ကျွန်တော် ခင်ဗျားကို မေးစရာ နှစ်ခု ရှိတယ်"

"ခင်ဗျား နိုးလာတဲ့ အစွမ်းက ဘာလဲ"

ရန်ဆန်းမင်က ညာဘက်လက်ကို အားယူဆန့်ထုတ်လိုက်ရာ လက်ပေါ်တွင် ရွှေရောင်အလင်းတန်း တစ်လွှာ စီးဆင်းသွားသော်လည်း ဘာအစွမ်းမှန်း သေချာမမြင်ရသေးပေ။

ရုတ်တရက်ကြည့်လျှင် တာအိုဆရာလင်း၏ ရွှေရောင်အလင်းတန်း မန္တန်နှင့် ဆင်တူသယောင် ရှိသော်လည်း တာအိုဆရာလင်း၏ အလင်းလောက် မျက်စိမကျိန်းပေ။

လင်းယွမ်က ထိုရွှေရောင်အလင်းကို စူးစိုက်ကြည့်နေရင်း ထိုအလင်းတန်း၌ ထက်ရှသော အရှိန်အဝါမျိုး ပါဝင်နေသည်ကို ခံစားလိုက်ရသည်။

ထန်ယင်းသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်ကာ ရွှေရောင်အလင်းတန်းကို ငေးမောနေမိသည်။

ရန်ဆန်းမင်က ရွှေရောင်အလင်းကို အာရုံခံရင်း ပြောလိုက်သည်။

"ကျွန်တော့်ကို ဓားတစ်ချောင်းဖြစ်ဖြစ် သတ္တုတစ်ခုခုဖြစ်ဖြစ် ပေးလို့ရမလား"

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် သံတူရွင်းကို ရန်ဆန်းမင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရန်ဆန်းမင်က သံတူရွင်းကို ဆုပ်ကိုင်ပြီး မျက်လုံးမှိတ်လိုက်သည်။ နောက်တစ်ခဏ၌ သူ၏လက်မှ ရွှေရောင်အလင်းတန်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး သံတူရွင်းတစ်ချောင်းလုံးကို လွှမ်းခြုံသွားလေသည်။

မျက်စိတစ်မှိတ်အတွင်း၌ သံတူရွင်းသည် ရွှေရောင်အလင်းဖြင့် အရည်ပျော်သွားသကဲ့သို့ ပုံသဏ္ဍာန် ပြောင်းလဲသွား၏။

ခဏအတွင်းမှာပင် တုတ်ချောင်းပုံစံမှ ထက်မြက်သော သံဓားရှည်တစ်ချောင်း အသွင်သို့ ပြောင်းလဲသွားသည်။

ဓားသွားပေါ်တွင် သတ္တုရောင် အေးစက်စက် အလင်းတန်းများ ဖြာထွက်နေပြီး ရွှေရောင်အလင်း လွှမ်းခြုံထားမှုအောက်တွင် ထက်ရှသော အရှိန်အဝါကို ခံစားနေရသည်။

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။

"ခင်ဗျားရဲ့အစွမ်းက... သတ္တုပုံစံကို ပြောင်းလဲနိုင်တာလား"

ရန်ဆန်းမင်က ခေါင်းအနည်းငယ် ညိတ်ပြသည်။

"ပုံစံပြောင်းတာ တစ်ခုတည်းတော့ မဟုတ်ဘူး ထင်တယ်... သတ္တုပုံစံပြောင်းတာက တစ်စိတ်တစ်ပိုင်းပဲ... ကျွန်တော့်ရဲ့ ရွှေရောင်အလင်း စီးဝင်ပြီးတဲ့နောက် ဒီဓားက ပိုပြီး ထက်မြက်လာတယ်"

ပြောရင်းဆိုရင်း သူက လက်ကိုမြှောက်ကာ ဘေးနားရှိ အံဆွဲဗီရိုကို ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။

"ရွှပ်"

သူ အားအများကြီး သုံးလိုက်ပုံ မရသော်လည်း ဓားရှည်က ကုတင်ခေါင်းရင်း အံဆွဲဗီရို၏ ထောင့်စွန်းတစ်ခုကို တို့ဖူးလှီးဖြတ်လိုက်သကဲ့သို့ လွယ်ကူစွာ ပိုင်းဖြတ်ချလိုက်လေသည်။

လုပ်ဆောင်မှု တစ်ခုလုံးက အလွန်ပေါ့ပါး လွယ်ကူနေပုံရသည်။

လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။

"သတ္တုပုံစံပြောင်းနိုင်တယ်... ပိုထက်သွားအောင် တိုးမြှင့်ပေးနိုင်တယ်... ဒီအစွမ်းက တော်တော် အသုံးဝင်တာပဲ"

"ဒါကြောင့် ခုနက ခင်ဗျား ဖားမိစ္ဆာရဲ့ လျှာကို အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့တာကိုး"

ရန်ဆန်းမင်က ချောင်းဆိုးလိုက်ရာ ဒဏ်ရာကို ထိခိုက်သွားပုံရသည်။ သူက ဓားကို ချလိုက်ရာ သံမဏိဓားရှည်အပေါ် လွှမ်းခြုံထားသည့် ရွှေရောင်အလင်းများ ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားပြီး သာမန် သံမဏိဓားရှည်တစ်ချောင်း အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

သူက ခါးသက်စွာ ပြုံးလိုက်ပြီး ပြောသည်။

"ဆရာလင်းတို့သာ ကျွန်တော့်ကို မကယ်ခဲ့ရင် အဲဒီသတ္တဝါကြီးရဲ့ ပါးစပ်ထဲမှာတင် ကျွန်တော် သေနေလောက်ပြီ"

ထိုသို့ပြောရင်း သူက လင်းယွမ်ကို မော့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာလင်း... ခင်ဗျား ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ကယ်လိုက်ပြန်ပြီ"

"နောက်တစ်ကြိမ်"

လင်းယွမ်က နားမလည်စွာ မေးလိုက်သည်။

ရန်ဆန်းမင်က ဆက်ပြောသည်။

"ခင်ဗျားသာ ရောက်မလာခဲ့ရင် တိန့်ဟူက တာအိုဆရာလင်းနဲ့ ကျွန်တော်တို့ကို မကြာခင် သတ်တော့မှာ သေချာတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောလေသည်။

"အခု ခင်ဗျားမှာ ဒီလိုအစွမ်းမျိုး ရှိလာပြီဆိုတော့ တိန့်ဟူ ပြန်ရှင်လာရင်တောင် ခင်ဗျားကို လွယ်လွယ်နဲ့ ရန်စရဲမှာ မဟုတ်တော့ပါဘူး"

"ဒါပေမဲ့ သူ ရန်မပြုခင် ကျွန်တော် အစွမ်းနိုးထလာမယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ" ရန်ဆန်းမင်က သက်ပြင်းချရင်း ပြောသည်။

ရေလွှမ်းမိုးသည့် အချိန်မှစ၍ ယခုအထိ သူ အစွမ်းနိုးထမလာခဲ့ပေ။

ထိုဖားမိစ္ဆာက ရှီဟိုင်ကျူးကို ရန်ပြုမည့်အချိန်တွင် သူ၏ စိတ်ခံစားချက်များ လှုပ်ရှားသွားပြီး စိတ်လှုပ်ရှားမှု ပြင်းထန်သွားသည့်အတွက်ကြောင့်သာ ယခုလို အစွမ်းမျိုး နိုးထလာခြင်း ဖြစ်သည်။

သို့မဟုတ်ပါက သူ မည်သည့်အချိန်ကျမှ နိုးထမည်ကို မည်သူမျှ မသိနိုင်ပေ။

လင်းယွမ်က ပြောလိုက်သည်။

"ကျွန်တော် ထင်တာတော့ ဖားမိစ္ဆာ မရှိရင်တောင် ခင်ဗျားအနေနဲ့ ပြင်ပက လှုံ့ဆော်မှု တစ်ခုခု ခံလိုက်ရတာနဲ့ အစွမ်းနိုးထမယ့် အခြေအနေကို ရောက်နိုင်လောက်ပါတယ်"

"ဟင်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ရန်ဆန်းမင်က အံ့အားသင့်ကာ သံသယဖြင့် မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်ပြီး မေးသည်။

"ခင်ဗျားဆီမှာ တာအိုဆရာလင်း ပြောတဲ့ စွမ်းအင်ကျောက်တုံး ပါတယ် မဟုတ်လား"

ရန်ဆန်းမင်က အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... တကယ်တော့ ဒီကျောက်တုံးကို အောက်ထပ်က လူတွေနဲ့ ကျွန်တော် အရင်ဆုံး တွေ့ခဲ့တာ... ပြီးမှ တာအိုဆရာလင်းကို ပြောပြခဲ့တာ"

"ဒီပစ္စည်းက ကျွန်တော်တို့လို သာမန်လူတွေအတွက် အသုံးမဝင်ဘူး... တာအိုဆရာလင်းလို အစွမ်းရှိသူတွေမှပဲ အထဲက စွမ်းအင်ကို စုပ်ယူနိုင်တာ"

"ကျွန်တော် တစ်တုံး ချန်ထားပြီး ဆွဲကြိုးလုပ်ထားတယ်... နောက်ကျရင် အစွမ်းရှိသူတွေနဲ့ တွေ့ရင် ပစ္စည်းချင်း ဖလှယ်လို့ ရမလားဆိုပြီး တွေးထားတာ"

ထိုသို့ပြောရင်း သူက ရင်ဘတ်မှ ကျောက်တုံးကို အလေ့အကျင့်အတိုင်း စမ်းလိုက်မိသည်။

သို့သော် စမ်းမိလိုက်သည့်အခါ သူ၏လည်ပင်းတွင် ကြိုးတစ်ချောင်းသာ ကျန်ရှိတော့ပြီး စွမ်းအင်ကျောက်တုံးမှာ ပျောက်ချင်းမလှ ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ အံ့ဩသွားပြီး ရေရွတ်လိုက်မိသည်။

"ဟင်... ငါ့ကျောက်တုံး ဘယ်ရောက်သွားပါလိမ့်"

လင်းယွမ်က ပြောလိုက်သည်။

"ကြည့်ရတာ ခင်ဗျား ကံကောင်းသွားပုံပဲ"

"ဘာ"

"ခင်ဗျား အစွမ်းနိုးထလာတဲ့အချိန်မှာ အဲဒီကျောက်တုံးက စွမ်းအင်တွေ ပွင့်ထွက်လာပြီး ခင်ဗျားခန္ဓာကိုယ်က တိုက်ရိုက် စုပ်ယူလိုက်တာ ဖြစ်မယ်"

လင်းယွမ်က ထိုအချိန်က အဖြစ်အပျက်ကို ပြန်ပြောင်းစဉ်းစားရင်း ပြောလိုက်သည်။

"အဲဒီတုန်းက ခင်ဗျား သေလုမြောပါး ဖြစ်နေတာ... ကျွန်တော် ခင်ဗျားကို ကယ်ဖို့ အရှိန်လျှော့ချပေးဖို့ ကြိုးစားခဲ့ပေမယ့် ဖားမိစ္ဆာရဲ့ လျှာက အားအရမ်းကြီးလွန်းတော့ ကျွန်တော် မတားနိုင်ခဲ့ဘူး... အရှိန် နည်းနည်းလောက်ပဲ လျှော့ပေးနိုင်ခဲ့တာ"

"ခင်ဗျား သေဘေးနဲ့ ကြုံလိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ထဲက သန္ဓေပြောင်း မျိုးရိုးဗီဇတွေ ပွင့်လာပြီး အစွမ်းနိုးထလာတာပဲ"

"ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာ ရှီဟိုင်ကျူးလို ခံစစ်အစွမ်းမျိုး မဟုတ်ဘဲနဲ့တော့ ဖားမိစ္ဆာရဲ့ လျှာနဲ့ ရိုက်ချက်ကို ခင်ဗျား ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"

"အဲဒီ စွမ်းအင်ကျောက်တုံးက လှုံ့ဆော်ခံလိုက်ရပြီး ခင်ဗျား ဒဏ်ရာရသွားချိန်မှာ ကျောက်တုံးရဲ့ စွမ်းအင်တွေကို ခင်ဗျား စုပ်ယူလိုက်နိုင်လို့ သန္ဓေပြောင်း စွမ်းအင်တွေ ချက်ချင်း ဖြည့်ဆည်းပေးလိုက်ပြီး ခင်ဗျားရဲ့ အသက်စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးလိုက်တာ ဖြစ်မယ်"

"နောက်တစ်ချက်... ကျွန်တော် သံသယရှိတာက ဒီကျောက်တုံးက ခင်ဗျား အစွမ်းနိုးထလာအောင် လှုံ့ဆော်ပေးတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်"

ရန်ဆန်းမင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့ဩတကြီး ပြောလိုက်သည်။

"ဒါ... ဒီ စွမ်းအင်ကျောက်တုံးက... အဲဒီလို အသုံးဝင်တာလား"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"ဒါက ကျွန်တော့် ထင်ကြေးသက်သက်ပါ... ဘာအထောက်အထားမှတော့ မရှိဘူး"

သူက မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။

"ကျွန်တော် မေးစရာရှိတာ မေးပြီးပြီ... ခင်ဗျား ကောင်းကောင်း အနားယူတော့"

"ဆရာလင်း နေပါဦး"

ရန်ဆန်းမင်က လင်းယွမ်ကို အလျင်အမြန် လှမ်းတားလိုက်သည်။

"ကျွန်တော်လည်း ခင်ဗျားကို မေးစရာ ရှိလို့ပါ"

လင်းယွမ်က ခြေလှမ်းတန့်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

"ဘာများလဲ"

ရန်ဆန်းမင်က စကားလုံး ရွေးချယ်နေသကဲ့သို့ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပါးစပ်ဟလိုက်သည်။

"ဆရာလင်း... နောက်ပိုင်း ခင်ဗျားမှာ ဘာအစီအစဉ် ရှိလဲဆိုတာ သိလို့ရမလား"

လင်းယွမ်က သူ့ကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

"ဘာကိုမေးချင်တာလဲ"

ရန်ဆန်းမင်က အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ကျွန်တော်က တာအိုဆရာလင်း မဟုတ်ဘူး... နိုင်ငံတော်က လာကယ်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတော့ဘူး"

"ဒီလို မိုးကြီးတာမျိုး... ရေကြီးတာမျိုးက တစ်ခါမှ မကြုံဖူးဘူး... ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ကြားဖူးတာ"

"အဲဒီ သန္ဓေပြောင်း သတ္တဝါတွေကလည်း ကျွန်တော်တို့ရဲ့ အသိဉာဏ် ဗဟုသုတတွေအပြင်ကို ရောက်နေပြီ"

"ကယ်ဆယ်ရေးအဖွဲ့ ရောက်မလာနိုင်တော့ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိတယ်"

"ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာကလွဲပြီး တခြား ထွက်ပေါက် မရှိတော့ဘူး"

"ဒီတိုက်က ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဆိုတာလည်း ကျွန်တော် မသိဘူး"

"အရင်တုန်းကတော့ နောက်ထပ် လနည်းနည်းလောက်ကြာရင် မိုးတိတ်သွားမှာပါ... ရေတွေ အပေါ်ထိ တက်မလာလောက်ပါဘူးလို့ စိတ်ကူးယဉ်ခဲ့သေးတယ်"

"ဒါပေမဲ့ အခုတော့ မတွေးရဲတော့ဘူး... ရေက တိုက်ကို မမြှုပ်သွားရင်တောင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေက ရေမျက်နှာပြင်အထက် အဆောက်အအုံတွေကို ကျူးကျော်လာကြလိမ့်မယ်"

"ဒီနေရာက ဆက်နေလို့ မဖြစ်တော့ဘူး... ခင်ဗျားလည်း ရိပ်မိမှာပါ... ဟုတ်တယ်မလား"

လင်းယွမ် ပြုံးလိုက်မိသည်။ ဒေါက်တာရန်က ပညာတတ်ပီပီ အတွေးအခေါ် အမြော်အမြင် ရှိပေသည်။

လက်ရှိတွင် လူအများစုက တိုက်ထဲတွင် ပုန်းအောင်းရင်း မိုးတိတ်မည့်အချိန်ကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။ ကံတရားကို ပုံအပ်ထားကြသည်။

ယခု သန္ဓေပြောင်း ဖားမိစ္ဆာ ပေါ်လာမှသာ လူအချို့ ကြောက်လန့်သွားကြခြင်း ဖြစ်သည်။

တိုက်အမြင့်ပေါ်တွင် နေထိုင်ရုံမျှဖြင့် မလုံခြုံတော့ကြောင်း သူတို့ နားလည်လာကြသည်။

လင်းယွမ်က စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်ကတော့ တိုက်ထဲမှာ အမြဲနေဖို့ အစီအစဉ် မရှိဘူး"

ရန်ဆန်းမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ခင်ဗျား... ခင်ဗျားမှာ ထွက်သွားဖို့ နည်းလမ်း ရှိလို့လား"

ထိုခဏ၌ ရန်ဆန်းမင်သာမက သူ့ကို ပတ်တီးစည်းပေးနေသော ထန်ယင်းကပါ ခေါင်းမော့လာပြီး လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

လူတိုင်း ပိတ်မိနေပြီး အကူအညီမဲ့နေချိန်တွင် ဤဆရာလင်းက တိုက်ထဲမှ ထွက်ခွာရန် နည်းလမ်းရှိနေသည်တဲ့လား။

လင်းယွမ်က ရန်ဆန်းမင်ကို ကြည့်လိုက်၊ ထန်ယင်းကို ကြည့်လိုက် လုပ်နေသည်။

ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က တိုက် (၇၆) မှာ အတော်အတန် ဩဇာရှိတယ်လို့ ပြောလို့ရတယ်... လောလောဆယ် ကျွန်တော့်နောက်လိုက် ညီအစ်ကိုတွေလည်း မနည်းဘူး... ကျွန်တော်တို့ သစ်သားဖောင်လုပ်ပြီး ဒီကနေ အမြန်ဆုံး ထွက်ခွာဖို့ စီစဉ်ထားတယ်"

ရန်ဆန်းမင် ကြောင်သွားသည်။

"ဖောင်လုပ်မယ်"

သူ့မျက်လုံးများ အရောင်လက်သွားပြီး တစ်စုံတစ်ခုကို တွေးမိကာ အလျင်အမြန် မေးလိုက်သည်။

"ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ"

လင်းယွမ် ပြန်မဖြေရသေးခင် သူက ချက်ချင်းပင် ကိုယ်တိုင် သဘောပေါက်သွားသည်။

"ကျွန်တော်တို့ ဒီအနီးတစ်ဝိုက်မှာ ကုန်းမြင့်တာဆိုလို့... ထိုက်ယန်တောင်... မိန်တောင်... ချန်ချုံးတောင်... ဒီတောင်ကုန်း အနည်းငယ်ပဲ ရှိတာ... အနောက်တောင်ဘက်က တောင်မြင့်တွေနဲ့ ယှဉ်လို့မရပေမယ့် ဒီတောင်ကုန်းတွေက ဒီဒေသမှာတော့ အမြင့်ဆုံး နေရာတွေပဲ"

"ခင်ဗျားတို့ ဘယ်နေရာကို သွားမှာလဲ"

သူ၏ တုံ့ပြန်မှုက မြန်ဆန်လှပြီး လင်းယွမ်တို့၏ ဦးတည်ရာကို ချက်ချင်း ခန့်မှန်းမိလေသည်။

တကယ်တမ်းတွင်လည်း ခန့်မှန်းရမခက်လှပေ။ အနီးတစ်ဝိုက်တွင် ကုန်းမြင့်သော နေရာဟူ၍ ထိုနေရာအနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"အင်း... ကျွန်တော်တို့ အနီးဆုံးဖြစ်တဲ့ မိန်တောင်ကို သွားကြည့်မလို့"

"မိန်တောင်... ဆရာလင်း... ကျွန်တော်တို့... ကျွန်တော်တို့ကိုရော ခေါ်သွားလို့ ရမလား" ရန်ဆန်းမင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဖောင်ပေါ်မှာ နေရာက အကန့်အသတ် ရှိတယ်"

ရန်ဆန်းမင်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားပြီး မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်ရိပ်များ ယှက်သန်းသွားသည်။

သို့သော် လင်းယွမ်က ရုတ်တရက် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားတို့ဖာသာ ဖောင်လုပ်ပြီး ကျွန်တော်တို့နဲ့အတူ လိုက်မယ်ဆိုရင်တော့ ခေါ်သွားဖို့ ဝန်မလေးဘူး"

ရန်ဆန်းမင်က ဝမ်းသာအားရ ခေါင်းမော့လာပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

"ဆရာလင်း... ခင်ဗျား တကယ်ပြောတာနော်"

လင်းယွမ်က ပြုံးလိုက်သည်။

"တကယ်ပေါ့... ဒါပေမဲ့ ကျွန်တော် သတိပေးချင်တာ တစ်ခုရှိတယ်... ဖောင်လုပ်ဖို့အတွက် သစ်သားပြားတွေ... ပလတ်စတစ်ပုံးတွေ အများကြီး လိုလိမ့်မယ်"

"လူတော်တော်များများက ပရိဘောဂတွေ... ကြမ်းခင်းတွေကို ဖြုတ်ပြီး ထင်းစိုက် ချက်ပြုတ်နေကြတာ ကျွန်တော် တွေ့တယ်"

"ခင်ဗျား ဖောင်လုပ်ချင်ရင် စောစောစီးစီး လုပ်ထားတာ ကောင်းမယ်"

"နောက်ပြီး ရက်စက်တဲ့ စကားတစ်ခွန်းတော့ ပြောရလိမ့်မယ်... ဒီတိုက်ပေါ်မှာ လူတွေ အများကြီး ရှိပေမယ့် လူတိုင်းကို ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ ခင်ဗျား ဆုံးဖြတ်ရလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူက စကားဆက်မပြောတော့ဘဲ အိပ်ခန်းထဲမှ လှည့်ထွက်သွားလေသည်။

အိပ်ခန်းထဲတွင် ရန်ဆန်းမင်နှင့် သူနာပြု ထန်ယင်းတို့သာ ကျန်ရစ်ခဲ့ပြီး ထိုစကား၏ အနက်အဓိပ္ပာယ်ကို ကြောင်ငေးကာ စဉ်းစားနေမိကြသည်။

လင်းယွမ် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူ ရန်ဆန်းမင်ကို ဒီသတင်း ပြောပြရခြင်းမှာ ရည်ရွယ်ချက် ရှိသည်။

"ရန်ဆန်းမင်က တိုင်းရင်းဆေးဆရာ... ပညာရှင်တစ်ယောက်လို့ ပြောလို့ရတယ်... အခု သန္ဓေပြောင်းအစွမ်းပါ နိုးထလာပြီဆိုတော့ ဒီလိုလူမျိုးက ဘယ်ရောက်ရောက် လိုချင်တဲ့သူချည်းပဲ... ခေါ်သွားနိုင်ရင် ခေါ်သွားတာ အကောင်းဆုံးပဲ"

သူ မိန်တောင်ကို သွားမည်ဆိုလျှင် ထိုနေရာ၌ အခြေချနိုင်သည်ထားဦး လူအင်အား လိုအပ်မည် ဖြစ်သည်။

ရန်ဆန်းမင်က ဆရာဝန်ဖြစ်သည့်အပြင် သန္ဓေပြောင်းအစွမ်းပါ ရထားသူ ဖြစ်ရာ ရှားပါးသော လူတော်တစ်ယောက် ဖြစ်သည်။ သူ့ကို ခေါ်သွားနိုင်လျှင် ပိုကောင်းမည်မှာ အမှန်ပင်။

ထန်ယင်း ဆိုသည့် ကောင်မလေးကလည်း ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်သူ ဖြစ်ပြီး ဆေးပညာ ဗဟုသုတ ရှိသူ ဖြစ်သည်။ အဆင်ပြေလျှင် လင်းယွမ် သူမကိုပါ ခေါ်သွားချင်သည်။

တခြားလူများကို သူ မကယ်ချင်၍ မဟုတ်။ ရေလွှမ်းမိုးသည့် ကပ်ဘေးအောက်တွင် လူတစ်ယောက်က ဘာမှ အသုံးမဝင်လျှင် ခေါ်သွားလည်း ဆန်ကုန်သက်သက်သာ ဖြစ်နေမည်။ ဘာအကျိုးရှိမည်နည်း။

ထို့ပြင် ဖောင်ကလည်း အကျယ်အဝန်း အကန့်အသတ် ရှိရာ တစ်ခါတင်လျှင် လူအရေအတွက် ကန့်သတ်ချက် ရှိသည်။ လူတိုင်းကို ခေါ်သွားရန် နည်းလမ်း မရှိပေ။

ရန်ဆန်းမင် ရွေးချယ်မှု ပြုလုပ်ရမည် ဖြစ်သကဲ့သို့ လင်းယွမ်လည်း ရွေးချယ်မှု ပြုလုပ်ရမည်သာ။

သူ သက်ပြင်းတစ်ချက်ချရင်း အိပ်ခန်းထဲမှ ထွက်လာကာ ဧည့်ခန်းသို့ ရောက်လာသည်။

ကျောက်ခိုင်က အလျင်အမြန် လျှောက်လာပြီး မေးသည်။

"အစ်ကိုလင်း... ဒေါက်တာရန် အဆင်ပြေရဲ့လား"

"ပြေပါတယ်... သူက သန္ဓေပြောင်းအစွမ်း နိုးလာပြီဆိုတော့ သန္ဓေပြောင်းလူတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရဆို သူ ပြန်ကောင်းလာတာ မြန်လိမ့်မယ်... စိတ်မပူပါနဲ့... တာအိုဆရာလင်း ဘယ်မှာလဲ"

"တာအိုဆရာလင်းက တခြားလူတွေကို ခေါ်ပြီး ပြန်သွားပြီ"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ငါ သူ့ကို သွားရှာလိုက်ဦးမယ်... မိုးလင်းတော့မယ်... ငါးတွေ ပြန်သိမ်းပြီး ငါတို့ အမြန် ပြန်ကြရအောင်... အိမ်မှာ ဘယ်လို အခြေအနေ ရှိလဲ မသိဘူး... ရေထဲက သန္ဓေပြောင်းကောင်တွေ တိုက်ခိုက်တာ ခံနေရမလား မသိဘူး"

ထိုစကား ကြားသောအခါ ကျောက်ခိုင်၏ မျက်နှာထား တင်းမာသွားပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။

"ဟုတ်တယ်... အမြန်ပြန်ကြည့်မှ ဖြစ်မယ်"

နှစ်ယောက်သား အခန်းထဲမှ အမြန်ထွက်လာပြီး တာအိုဆရာလင်းကို ရှာပုံတော် ဖွင့်ကြသည်။

တာအိုဆရာလင်းက မနေ့က ရထားသည့် ငါးများကို စစ်ဆေးနေသည်။ အချိန်ကပ်နေသည့်အပြင် ဖားမိစ္ဆာ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မနေ့ညက ငါးရရှိမှု နည်းပါးခဲ့ပြီး စုစုပေါင်း အကောင် ၁၀၀ ကျော်သာ ရရှိခဲ့သည်။

လင်းယွမ်က နေရာမှာတင် စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ချက် ထုတ်လွှတ်လိုက်ပြီး ငါး အကောင် ၁၀၀ ကျော်လုံးကို ချက်ချင်း သတ်ဖြတ်လိုက်သည်။

ထို့နောက် သူက မှာကြားလိုက်သည်။

"ဒီငါးတွေကို ကြိုးတန်းကနေတစ်ဆင့် လှမ်းပို့ပေးလိုက်ပါ... နောက်ပြီး ခင်ဗျား ကျွန်တော့်ကို ပေးစရာရှိတဲ့ ငါးတွေကိုလည်း အဲဒီကနေပဲ ပို့ပေး... ကျွန်တော်နဲ့ ကျောက်ခိုင် အခုချက်ချင်း ပြန်တော့မယ်"

တာအိုဆရာလင်း လန့်သွားပြီး အလျင်အမြန် တားဆီးလေသည်။

"ဟင်... မြန်လှချည်လား... ခင်ဗျားတို့ မနားကြတော့ဘူးလား... မိုးတောင် မလင်းသေးဘူးလေ"

ဖားမိစ္ဆာ တိုက်ခိုက်မှု ပြီးခါစ ဖြစ်သဖြင့် တာအိုဆရာလင်းမှာ ကြောက်လန့်နေဆဲ ဖြစ်သည်။ လင်းယွမ်နှင့် ကျောက်ခိုင်ကို ဆက်နေစေချင်သည်မှာ အမှန်ပင်။

နောက်ထပ် ဘီလူးကောင်တွေ တက်လာပြီး တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။

ဤလူစွမ်းကောင်း နှစ်ယောက် မရှိတော့ရင် သူ တကယ် အားကိုးရာမဲ့သွားမှာ ဖြစ်သည်။

လင်းယွမ်က သူ၏ အတွေးကို ရိပ်မိသဖြင့် ပြောလိုက်သည်။

"တာအိုဆရာလင်း... ဖားမိစ္ဆာ ကိစ္စက တိုက်ဆိုင်မှု သက်သက် မဟုတ်လောက်ဘူး"

"သူတို့က ကုန်းနေရေနေ သတ္တဝါတွေလေ... ရေထဲမှာ ကြာကြာနေရင် ကုန်းပေါ် တက်ချင်လာမှာ သဘာဝပဲ"

"အခု ကုန်းမြေတွေ ရေမြုပ်ကုန်တော့ ကျွန်တော်တို့လို မိုးမျှော်တိုက်တွေပဲ ရေပေါ်မှာ ကျန်တော့တာ... သူတို့ အပေါ်တက်လာဖို့ နည်းလမ်း ရှာကြမှာ သေချာတယ်"

"ဖားတင်မကဘူး... တခြား ကုန်းနေရေနေ သတ္တဝါတွေလည်း ဒီလို အကျင့်မျိုး ရှိကြမှာပဲ"

"ခင်ဗျား သတိထားပြီး ကာကွယ်မှ ဖြစ်မယ်"

တာအိုဆရာလင်း၏ မျက်နှာ ရှုံ့မဲ့သွားပြီး ပြောသည်။

"ကျွန်တော် ကာကွယ်လို့ ဘာထူးမှာလဲ ဆရာလင်းရာ... အဲဒီ ဖားမိစ္ဆာတွေကို ခင်ဗျားလည်း မြင်သားပဲ... ကြောက်စရာ ကောင်းလွန်းပါတယ်... ကျွန်တော့် ရွှေရောင်အလင်း မန္တန်က လူတွေကို ခြောက်လို့ရရင် ရမယ်... အဲဒီ ဘီလူးကောင်တွေကိုတော့ ခြောက်လို့ရမှာ မဟုတ်ဘူး"

"ခင်ဗျား ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ထပ် နှစ်ရက်လောက်တော့ ဆက်နေပေးပါဦးဗျာ... ကျွန်တော်တို့ကို စိတ်အေးအောင် လုပ်ပေးပါဦး"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"ကျွန်တော်နဲ့ ကျောက်ခိုင်ရဲ့ အိမ်က တိုက် (၇၆) မှာ... အဲဒီမှာလည်း ကျွန်တော်တို့ကို လိုအပ်တယ်"

"တာအိုဆရာလင်း... ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် အခုချက်ချင်း လူအင်အား စုစည်းပြီး အောက်ထပ်က စင်္ကြံလမ်းတံခါးတွေကို သွားပိတ်ခိုင်းလိုက်မယ်... အောက်ဘက် စင်္ကြံလမ်းတွေကို လုံးဝ အဆက်အသွယ် ဖြတ်ထားတာ အကောင်းဆုံးပဲ"

"ဒါဆိုရင် သန္ဓေပြောင်းကောင်တွေ တက်လာရင်တောင် သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာပဲ ထိန်းချုပ်ထားလို့ ရနိုင်တယ်"

"နောက်ပြီး ရှီဟိုင်ကျူးနဲ့ ဒေါက်တာရန်ကလည်း သန္ဓေပြောင်းအစွမ်းတွေ နိုးထလာကြပြီ... သူတို့က အားမရှိတာ မဟုတ်ဘူး... သူတို့ရဲ့ အစွမ်းတွေကို ကောင်းကောင်း အသုံးချတတ်အောင် သင်ပေးလိုက်ရင် တိုက် (၇၅) ကို ခင်ဗျားတို့ ကာကွယ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

တာအိုဆရာလင်း စကားမပြောနိုင်တော့ပေ။

"ဒါ... ဒါက"

လင်းယွမ် ဆက်မပြောတော့ဘဲ ကျောက်ခိုင်ကို လှမ်းခေါ်လိုက်သည်။

"သွားစို့... ပြန်ကြမယ်"

ကျောက်ခိုင် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ခေါင်မိုးထပ်သို့ ပြေးတက်သွားကြသည်။

တာအိုဆရာလင်း ထပ်မံ တားဆီးခွင့် မရလိုက်ပေ။ နှစ်ယောက်သား ကြိုးတန်းပေါ်သို့ တက်လိုက်ပြီး လျှောတိုက်ကာ တစ်ဖက်တိုက်သို့ ကူးသွားကြလေသည်။

မကြာမီ သူတို့နှစ်ဦး၏ ပုံရိပ်များသည် မိုးသည်းထန်နေသော ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြသည်။

တာအိုဆရာလင်းက မိုးရွာထဲတွင် ရပ်လျက် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။

သူ ခြေဆောင့်လိုက်မိသည်။

"ဟူး... ငါတို့ တိုက် (၇၅) မှာကျတော့ ဘာလို့ ဒီလို လူတော်မျိုး မထွက်လာရတာလဲ"

မည်းမှောင်နေသော ရေပြင်ကြီးကို လှမ်းကြည့်လိုက်မိရာ ရင်ထဲ ထိတ်လန့်သွားပြန်သည်။

"မောင်ဆန်းမင်နဲ့ ဟိုင်ကျူးတို့ မြန်မြန် သက်သာလာမှ ဖြစ်မယ်... ဒီတာအိုဆရာအိုကြီး တစ်ယောက်တည်းနဲ့ကတော့ မလွယ်ဘူးဟေ့"

တာအိုဆရာလင်း မျက်နှာမသာမယာဖြင့် အခန်းထဲသို့ အမြန် ပြေးဝင်သွားလေတော့သည်။

...

"ရွှီး"

ကြိုးနှင့် ပွတ်တိုက်သံ ကြားလိုက်ရပြီး လင်းယွမ်နှင့် ကျောက်ခိုင်တို့ အရှိန်ဖြင့် ရောက်ရှိလာကြသည်။

အမြင့် ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသည့် အရှိန်ဖြင့် သူတို့နှစ်ဦး တိုက် (၇၆) ၏ ၁၉ ထပ် ဝန်းကျင်သို့ လျှောဆင်းရောက်ရှိလာသည်။

ဒီဘက်ခြမ်းတွင် ကြိုးကို တိုင်လုံးကြီးတစ်တိုင်၌ ချည်နှောင်ထားသဖြင့် အလွန် ခိုင်ခံ့သည်။

နှစ်ယောက်သား ဝရံတာကို ဖြတ်ကျော်ပြီး အခန်းထဲသို့ ခုန်ဝင်လိုက်ကြသည်။

အခန်းထဲတွင် စောင့်ကြပ်နေသော အိမ်ပိုင်ရှင် နှစ်ဦး လန့်သွားကြသည်။

"ဘယ်သူလဲ"

"ဟာ... လူတွေပါလား"

အိမ်ပိုင်ရှင် နှစ်ဦး အော်ဟစ်လိုက်ကြသည်။

တစ်ယောက်က မီးခြစ်ကို ထုတ်ပြီး မီးတုတ်တစ်ခုကို အမြန် မီးညှိလိုက်သည်။

မီးရောင်က ဧည့်ခန်းကို လင်းထိန်သွားစေပြီး လင်းယွမ်နှင့် ကျောက်ခိုင်တို့ကို မြင်လိုက်ရသည်။

"ဆရာလင်း... ခေါင်းဆောင်ကျောက်"

နှစ်ယောက်သား ဝမ်းသာအားရ နှုတ်ဆက်ကြသည်။

လင်းယွမ်ကလည်း သူတို့နှစ်ဦးကို မှတ်မိသဖြင့် ပြုံးလိုက်သည်။

"ဝမ်အန်း... ဝူယင်... မင်းတို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ထိုနှစ်ယောက်ကတော့ အရင်ကတည်းက လင်းယွမ်ထံ လာရောက် ခိုလှုံခဲ့သည့် ဝူယင်နှင့် သမီးဖြစ်သူ သွေးအဆိပ်သင့်ရောဂါ ခံစားနေရသည့် ဝမ်အန်းတို့ ဖြစ်ကြသည်။

ဝူယင်သည် ချန်ဟုန်ပိုင်ဆိုင်ခဲ့သော ပစ္စည်းများကို ကောက်ယူရရှိခဲ့ပြီး လင်းယွမ်အား လာရောက် ဆက်သကာ သစ္စာခံခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကင်းလှည့်ခေါင်းဆောင် တာဝန်ကို ရရှိခဲ့သည်။

နောက်ပိုင်းတွင် ဝမ်အန်းနှင့် စပါးအုံးမြွေမွေးထားသော ဟွမ်ဟန်တို့ကို စည်းရုံးပြီး ကင်းလှည့်အဖွဲ့ ဖွဲ့စည်းခဲ့သည်။

လင်းယွမ်တို့ ကျောထောက်နောက်ခံ ရှိသဖြင့် သူတို့သုံးဦး ကင်းလှည့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့ကြသည်။

သို့သော် သူတို့က နေ့ဘက် ကင်းလှည့်ရုံသာမက ညဘက်ပါ ဒီနေရာမှာ လာစောင့်နေကြလိမ့်မည်ဟု လင်းယွမ် မထင်ထားခဲ့ပေ။

ဝူယင်က အလျင်အမြန် ပြောလိုက်သည်။

"ဆရာလင်း... ဒါက အခန်း ၅ လေ... ကျွန်တော်တို့ စောင့်ကြည့်ရမယ့် တာဝန်ပဲဟာ"

"ဒါပေမဲ့ မင်းတို့ကိုယ်တိုင် စောင့်စရာ မလိုပါဘူး... တခြား အိမ်ပိုင်ရှင် နှစ်ယောက်လောက် ရှာပြီး အခကြေးငွေ ပေးခိုင်းလိုက်ရင် ရတာပဲကို"

ဝူယင်က အားနာသလို ဖြစ်သွားပြီး စကားမပြောတော့ပေ။

ဝမ်အန်းက ဝင်ပြောလိုက်သည်။

"ဆရာလင်း... ကျွန်တော် ကိုယ်တိုင် လုပ်ချင်လို့ လာလုပ်တာပါ"

"ဟေ... ဘာဖြစ်လို့လဲ"

ဝမ်အန်းက ခါးသက်သက် ပြုံးလိုက်သည်။

"ကျွန်တော့်သမီးက ဟင်းသီးဟင်းရွက် မစားရလို့ သွေးအဆိပ်သင့်ရောဂါ ဖြစ်သွားတယ်လေ... အခု ဗီတာမင်တွေ ဖြည့်စွက်ပေးထားလို့ နည်းနည်း သက်သာလာပေမယ့် အားနည်းနေတုန်းပဲ"

"ရောဂါလာရင် အလုံးအရင်းနဲ့ လာပြီး... ပြန်ထွက်ရင် ပိုးချည်မျှင် ဆွဲထုတ်သလို ကြာတယ် ဆိုတဲ့ စကားအတိုင်းပဲ... သူ့ရဲ့ ကိုယ်ခံအားက ပြန်မကောင်းသေးဘူး... ဒါကြောင့် ကျွန်တော် အလုပ်ပိုလုပ်ပြီး အစားအသောက် ပိုရှာချင်လို့ပါ... သမီးလေးကို အားရှိအောင် ကျွေးချင်လို့"

လင်းယွမ် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဝူယင်ကို ကြည့်ကာ မေးလိုက်သည်။

"ကြိုးတန်းစောင့်ရင် အခကြေးငွေ ဘယ်လောက်ရလဲ"

"တစ်ညကို ပေါက်စီ နှစ်လုံး ရတယ်... လူတွေ အလုအယက် လုပ်ချင်နေကြတာ" ဝူယင်က ရယ်မောရင်း ပြောသည်။

ယခု တိုက်ပေါ်တွင် ငါးကို ငွေကြေးသဖွယ် အသုံးပြုနေကြသော်လည်း ပေါက်စီကဲ့သို့ ပစ္စည်းများကတော့ တန်ဖိုးအကြီးဆုံး ပစ္စည်းများ ဖြစ်သည်။

ပူပူနွေးနွေး ပေါက်စီကို ဘယ်သူက မစားချင်ဘဲ နေမည်နည်း။

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

"အခက်အခဲ ရှိရင် ငါ့ကို ပြောလို့ရတယ်... မင်းသမီး ဗီတာမင် လိုနေသေးရင် ငါ့ဆီမှာ ဗီတာမင်ဆေးပြားတွေ ရှိသေးတယ်"

"ကျေးဇူးပါ... ကျေးဇူးတင်ပါတယ် ဆရာလင်း" ဝမ်အန်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။

လင်းယွမ်က ဆက်မေးလိုက်သည်။

"ငါမရှိတဲ့ အချိန်အတောအတွင်း တိုက်ပေါ်မှာ ဘာပြဿနာမှ မရှိဘူးမလား"

ဝမ်အန်းက ပါးစပ်ဟလိုက်သော်လည်း စကားဆက်မပြောဘဲ ရပ်သွားသည်။

ဝူယင်လည်း မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားပြီး ဘာမှ မပြောပေ။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"မင်းတို့ကပါ ငါ့ကို ဖုံးကွယ်ထားချင်တာလား... ဘာဖြစ်ခဲ့တာလဲ"

ဝူယင်က အလျင်အမြန် ပြောလိုက်သည်။

"ဆရာလင်း... ကျွန်တော်တို့က ခင်ဗျားကို ဘယ်ဖုံးထားရဲပါ့မလဲ... ဒါပေမဲ့... ဒါပေမဲ့ ဒီကိစ္စကို ဘယ်လိုပြောရမှန်း မသိလို့ပါ"

ဆက်ရန်...

All Chapters