အခန်း (၂၃၉)
Vol. 21 Ch. 239
ဒုတိယအချီ ကြက်တိုက်ပွဲက အမြန်ပဲ ပြန်စလာပြီး လူတိုင်းဟာ တစ်ဖန် ပြန်လည်စိတ်လှုပ်ရှားလာခဲ့ကြသည်။
ရှီဧကရာဇ် တစ်ဦးတည်းသာ တည်ငြိမ်စွာနဲ့ လက်ဖက်ရည်သောက်ရင်း မောက်မာတဲ့ လေသံနဲ့ ပြောလိုက်သည်။ "အစ်ကိုကြီးနဲ့ တတိယညီ... တည်တည်ငြိမ်ငြိမ်နေကြစမ်းပါ။ စိတ်ကို အေးအေးထား၊ ဒီတစ်ချီတော့ ငါတို့ နိုင်မှာ အသေအချာပဲ"
"တကယ်လား ဒုတိယညီ" ယွဲ့ဧကရာဇ်နဲ့ ကျူး ဧကရာဇ်တို့က ခေါင်းလှည့်ကြည့်လာကြသည်။
"ဒါပေါ့"
ရှီဧကရာဇ်က အေးအေးဆေးဆေးပဲ ဆက်ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ချီက ရှုံးသွားတာဟာ မတော်တဆမှုတစ်ခုပဲ၊ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ကိစ္စမျိုးလေ။ ဒါပေမဲ့ ဒီတစ်ချီမှာတော့ ငါတို့တွေ ဧကန်မုချ နိုင်လိမ့်မယ်"
"ဘာလို့လဲဆိုတော့ ငါတို့ ခုလွှတ်လိုက်တဲ့ ကြက်က သက်သတ်လွတ်စားတဲ့ကောင် မဟုတ်ဘူး၊ သူက အသားစားတဲ့ ကောင်ပဲ။ အထူးသဖြင့် သူ့မျိုးနွယ်တူ အသားကို စားရတာ အင်မတန်ကြိုက်ပြီး အရမ်းရက်စက်တယ်။ ကြည့်နေလိုက်စမ်းပါ။ လက်ဖက်ရည်တစ်ဝက်လောက် သောက်ရတဲ့ အချိန်အတွင်းမှာပဲ ရလဒ်က ပေါ်လာလိမ့်မယ်"
"ဒုတိယညီ၊ ငါ မင်းကို ယုံတယ်" ဧကရာဇ်နှစ်ပါးစလုံးက တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
လက်ဖက်ရည်တစ်ဝက်လောက် သောက်ရတဲ့ အချိန်က ကုန်လွန်သွားပြီး ရလဒ်ကလည်း ပေါ်ထွက်လာခဲ့သည်။ အင်အားကြီးနိုင်ငံမဟာမိတ်အဖွဲ့က ကြက်ဟာ တစ်ဖက်ကြက်ကို ဒဏ်ရာဗရပွဖြစ်အောင် ခွတ်ထားနိုင်တဲ့အတွက် အသာစီးရနေခဲ့သည်။
ယောင်ယောင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်ပြီး "ဒီတစ်ချီတော့ ကျွန်မ နိုင်မှာ သေချာသွားပြီ"
"ဒါကတော့ အသေအချာကြီး မဟုတ်သေးပါဘူး" လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး တစ်ဖန် ပြန်လည်၍ လျှို့ဝှက်စွာ လှုပ်ရှားလိုက်လေသည်။
အင်အားကြီးနိုင်ငံတော်မဟာမိတ်အဖွဲ့ရဲ့ ကြက်ဟာ ဘယ်လိုလှည့်ကွက်နဲ့ အတိုက်ခံလိုက်ရမှန်းမသိဘဲ ရုတ်တရက် အားအင်ချည့်နဲ့သွားခဲ့လေသည်။
တစ်ဖက်မှာလည်း နိုင်ငံငယ်များမဟာမိတ်အဖွဲ့ရဲ့ ကြက်ကတော့ ထူးထူးခြားခြားပဲ ပိုပြီးသွက်လက် လန်းဆန်းလာကာ တိုက်ခိုက်လိုစိတ်တွေ ပြင်းထန်လာလေတော့သည်။ သူတို့နှစ်ကောင်ရဲ့ ဝိညာဉ်တွေပဲ အချင်းချင်း လဲလှယ်သွားသလား ထင်မှတ်ရလောက်သည်။
နောက်ထပ် လက်ဖက်ရည်တစ်ဝက်လောက် သောက် ချိန်ကုန်သွားတဲ့အခါမှာတော့ နိုင်ငံငယ်များမဟာမိတ်အဖွဲ့ရဲ့ ကြက်က နောက်တစ်ကြိမ် အောင်ပွဲခံသွားလေသည်။
ယောင်ယောင်ကော အင်အားကြီးနိုင်ငံတော် မဟာမိတ်အဖွဲ့က ဧကရာဇ်သုံးပါးပါ ဆွံ့အသွားခဲ့ကြလေသည်။
လင်းပိုင်ဖန် တစ်ယောက်သာ အောင်နိုင်သူအဖြစ် တဟားဟား ရယ်မောရင်း "ယောင်ယောင်... ငါ ထပ်နိုင်သွားပြန်ပြီ၊ လျော်ကြေးပေးတော့"
ယောင်ယောင်မှာ ပျာပျာသလဲလဲဖြင့် "အဲဒီကြက်က ဘယ်လိုလုပ် ရှုံးသွားတာလဲ။ ခုနကပဲ အားကောင်းနေတာကို၊ အဆုံးသတ်ကျမှ ဘာလို့ အားပျော့သွားရတာလဲ"
"ကြည့်ကောင်းနေရုံနဲ့ ဘာလုပ်မှာလဲ။ အဖိုသတ္တဝါတွေအတွက် အရေးကြီးဆုံးက ကြာဖို့ပဲ" လင်းပိုင်ဖန်က သူ့ရဲ့ အမြင်ကို ပြောလိုက်သည်။ "အဲဒီကြက်ရဲ့ ခန္ဓာကိုယ်ကြီးတာကို ကြည့်ပြီး အထင်မကြီးနဲ့၊ တကယ်တော့ သူက အပြင်ပန်းပဲ ရှိတာ၊ အရည်အချင်းမရှိဘူး။ တကယ့် တိုက်ကြက်ကောင်း တစ်ကောင်နဲ့ တွေ့ရင် ပြိုလဲသွားမှာပဲ"
"အဲဒီလို အယူအဆတွေကို ကျွန်မ မယုံဘူး။ တတိယအချီမှာတော့ ကျွန်မ နိုင်အောင် တိုက်မယ်"
တတိယအချီ ပြိုင်ပွဲက မြန်မြန်ပဲ စတင်လာခဲ့သည်။ လင်းပိုင်ဖန်က ယောင်ယောင်ကို အရင်ဦးဆုံး ရွေးချယ်ခွင့် ပေးလိုက်ပြန်သည်။ ယောင်ယောင်ကလည်း အခွင့်အရေးကို လက်လွတ်မခံခဲ့ချေ။
တကယ်လို့ ဒီတစ်ချီမှာသာ သူမ ထပ်ရှုံးခဲ့ရင် အဲဒီ ငတုံးဧကရာဇ်ကို စုစုပေါင်း ငွေတေး သုံးသန်း ပေးရတော့မည် ဖြစ်သည်။ နောက်ဆုံး နှစ်ချီမှာ သူမ ပြန်နိုင်ခဲ့ရင်တောင်မှ ငွေတေး တစ်သန်းလောက် အရှုံးပေါ်နေဦးမှာပင်။ သူမ အိတ်ထဲက ပိုက်ဆံထွက်ရမှာက သူမ အသားကို လှီးထုတ်ခံရတာထက်တောင် ပိုနာကျင်စေသည်။
အသေအချာ စဉ်းစားပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူမဟာ အင်အားကြီးနိုင်ငံတော်မဟာမိတ်အဖွဲ့ဘက်ကပဲ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ သူမ စိတ်ထဲကနေလည်း "ဒီတစ်ချီတော့ မရှုံးပါရစေနဲ့" လို့ ဆုတောင်းနေလေသည်။
"ဒီတစ်ကြိမ်တော့ ငါတို့ လုံးဝ ရှုံးလို့မဖြစ်ဘူး" ယွဲ့ ဧကရာဇ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
"ညီတော်... ငါတို့ ဒီတစ်ချီသာ ထပ်ရှုံးရင် သွားပြီ။ ငါတို့ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ရတော့မယ်ဆိုတာ မင်းသိလား"
"အဲဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး နာကျင်စရာ ကောင်းလိမ့်မယ်။ ဒုတိယညီ... မင်းလည်း မျက်နှာမပျက်ချင်ဘူး မဟုတ်လား" ကျူး ဧကရာဇ်ကလည်း ထပ်တူ စိုးရိမ်နေလေသည်။
ရှီဧကရာဇ်မှာ သူကိုယ်တိုင် ချွေးပြန်နေပေမဲ့လည်း သူတို့ကို စိတ်အေးအောင် ပြောလိုက်ရသည်။ "မစိုးရိမ်ကြပါနဲ့၊ ဒီတစ်ခါတော့ ငါတို့ 'ကြက်ဘုရင်' ကို လွှတ်ထားတာ။ ကြက်ဘုရင်ဆိုတာ ဘာလဲဆိုတာ မင်းတို့ သိကြလား"
"ငါ သိတယ်၊ ပြည့်တန်ဆာရုံက ထိပ်တန်း ပြည့်တန်ဆာမကို ပြောတာ..." (မှတ်ချက်- တစ်ချို့သော တရုတ်ဒေသိယစကားတွင် 'ကြက်' ဆိုသည်မှာ ပြည့်တန်ဆာကို ခေါ်သော ဘန်းစကား အသုံးအနှုန်း ဖြစ်သည် )
"သွားစမ်းပါ" ရှီဧကရာဇ်က စိတ်တိုတိုနဲ့ "ငါ ပြောနေတာက တကယ့် ကြက်ဘုရင်၊ ကြက်တွေထဲမှာ အမြင့်မြတ်ဆုံး အုပ်ချုပ်သူကို ပြောတာ။ ဒီကြက် ပေါ်လာရင် တခြားကြက်တွေအားလုံးဟာ တိုက်ဖို့တောင် မဝံ့ဘဲ အညံ့ခံကြရတာ။ ဒါကြောင့် ငါတို့ ဒီတစ်ခါတော့ သေချာပေါက် နိုင်မှာ"
"ဒါပေမဲ့ မင်း အရင်ကလည်း ဒီလိုပဲ ပြောတာပဲ၊ ဒါပေမဲ့ ငါတို့ အမြဲရှုံးနေတာလေ" ကျူးဧကရာဇ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲဒါက အရင်တုန်းကလေ၊ အခုက အခြေအနေချင်း လုံးဝမတူဘူး။ ဒီတစ်ချီသာ ရှုံးရင်..." ရှီဧကရာဇ်က စိတ်အခြေအနေ မမှန်သလိုမျိုး ပြောလိုက်သည်။ "ငါ အဲဒီကြက်တစ်ကောင်လုံးကို အရိုးပါမကျန် ဝါးစားပစ်မယ်"
တတိယအချီ ပြိုင်ပွဲက မကြာခင်မှာပဲ စတင်ခဲ့သည်။ လင်းပိုင်ဖန်က နောက်တစ်ကြိမ် လှည့်ကွက်သုံးလိုက်ပြန်ရာ အင်အားကြီးနိုင်ငံတော်မဟာမိတ်အဖွဲ့ဟာ ထပ်မံ၍ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့ပြန်သည်။
ယောင်ယောင်မှာ ဒေါသတကြီး ဆဲဆိုလိုက်ကာ "အသုံးမကျလိုက်တာ။ ငါ သူတို့ဘက်က သုံးခါလုံး လောင်းတာ၊ သုံးခါလုံး ရှုံးတယ်"
"ယောင်ယောင်... ငါတို့ ဆက်ဦးမလား" လင်းပိုင်ဖန်က ပြုံးရင်း မေးလိုက်သည်။
"ဒါပေါ့... ဆက်မှာပေါ့။ နောက်ထပ် နှစ်ချီ ကျန်သေးတယ်၊ ငါ ရှုံးထားတာတွေကို အကုန်ပြန်နိုင်အောင် လုပ်မယ်"
အဲဒီအချိန်မှာ ယောင်ယောင်ဟာ အရှုံးကြောင့် မျက်စိ အမှောင်အတိကျနေတဲ့ လောင်းကစားသမားတစ်ယောက်လို ဖြစ်နေပြီး အင်အားကြီးနိုင်ငံတော်မဟာမိတ်အဖွဲ့ဘက်က မလောင်းတော့ဘဲ နိုင်ငံငယ်များမဟာမိတ်အဖွဲ့ဘက်မှာပဲ လောင်းကြေးတွေ အကုန်ပုံအောလိုက်လေသည်။
လင်းပိုင်ဖန်က ဒီတစ်ခါမှာတော့ ဝင်မနှောက်ယှက်တော့ပေ။ ရလဒ်အနေနဲ့ အင်အားကြီးနိုင်ငံတော်မဟာမိတ်အဖွဲ့က နှစ်ချီစလုံး နိုင်သွားခဲ့သည်။
"နိုင်ပြီ။ ငါတို့ ပြန်နိုင်ပြီဟေ့" ရှီဧကရာဇ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။
ဒါပေမယ့် ယွဲ့ဧကရာဇ်ကတော့ ကျိန်ဆဲလိုက်ကာ "ပြန်နိုင်လို့ ဘာထူးမှာလဲ။ ဒီပြိုင်ပွဲက ငါးချီမှာ သုံးချီနိုင်တဲ့သူက အနိုင်ရတာလေ။ ငါတို့က ပထမ သုံးချီလုံး ရှုံးသွားပြီ။ တစ်ပွဲလုံး ရှုံးသွားတာပဲ"
"ငါ မင်းကို မယုံခဲ့သင့်ဘူး၊ ငါ တကယ် နောင်တရတယ်" ဟု ကျူးဧကရာဇ်ကလည်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
နိုင်ငံငယ်များမဟာမိတ်အဖွဲ့က ဧကရာဇ်လေးပါးကတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လျှောက်လာလေသည်။
"ဒီပြိုင်ပွဲကို မင်းတို့ပဲ အရင် စိန်ခေါ်တာနော်"
"မင်းတို့ကိုယ်တိုင်ပဲ လုပ်မှာလား၊ ဒါမှမဟုတ် ငါတို့ကို လုပ်ခိုင်းမှာလား"
"ကတိဖျက်ဖို့တော့ မစဉ်းစားနဲ့…"
ဧကရာဇ်တွေရဲ့ ကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ရင်၊ လင်းပိုင်ဖန်ကတော့ စိတ်ပျက်နေတဲ့ ယောင်ယောင်ကို ကြည့်ပြီး ပြုံးပြုံးကြီး ပြောလိုက်သည်။ "ယောင်ယောင်... ငါ ငါးချီလုံး နိုင်သွားပြီ။ ငွေတေး ငါးသန်း... ကျေးဇူးပဲနော်"
"ကျွန်မရဲ့ ငတုံး ဧကရာဇ်လေးရယ်... ဒီလို လှပသာယာတဲ့ အချိန်မျိုးမှာ ပိုက်ဆံအကြောင်းတွေ မပြောရအောင်လေ။ ကြည့်စမ်း... ဒီလက်ဖက်ရည်က ဘယ်လောက်တောင် သောက်လို့ကောင်းလိုက်လဲ၊ ကျွန်မတို့ လက်ဖက်ရည် သောက်ရင်း ရှုခင်းတွေ အတူတူ ခံစားကြရအောင်လေ" ယောင်ယောင်က သူမရဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း အင်မတန် ကျော့ရှင်းစွာနဲ့ သောက်ပြနေလေသည်။
"မင်း ပိုက်ဆံမပေးဘဲ လှည့်ထွက်သွားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်" လင်းပိုင်ဖန်က သူမရဲ့ အတွေးကို ဖတ်မိသလိုမျိုး စိုက်ကြည့်လိုက်သည်။
"ဘယ်သူလဲ။ ဘယ်သူက လှည့်ထွက်သွားမယ် ပြောလို့လဲ။ ကျွန်မမှာ အဲ့ဒီလောက် ပိုက်ဆံအများကြီး ပါမလာရုံလေးတင်ကို" ယောင်ယောင်က ဇွတ်ငြင်းလိုက်လေသည်။
"အော်... အဲဒါဆိုရင်လည်း စိတ်မပူပါနဲ့၊ ငါက အလိုက်သိတတ်တဲ့သူပါ"
လင်းပိုင်ဖန်က ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ ရှေးဟောင်း တရုတ်ငွေကြေးတွက်ချက်တဲ့ စက်အသေးတစ်ခုကို ထုတ်လိုက်ပြီး တွက်ချက်လိုက်တယ်။ "ငါးသန်းဆိုတာ တကယ်တော့ နည်းနည်းများတယ်၊ ဒါကြောင့် မင်း ၁၀ နှစ်အတွင်း ခွဲပေးလို့ရတယ်။ တစ်နှစ်ကို ငွေတေး ငါးသိန်းပေါ့။ အတိုးအတွက်ကတော့ ငါတို့ ခင်မင်မှုကို ထောက်ထားပြီး ၂ ရာခိုင်နှုန်းပဲ ယူလိုက်ပါ့မယ်"
ယောင်ယောင်က လင်းပိုင်ဖန်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး သူမရဲ့ ချစ်စရာ မျက်လုံးလေးတွေနဲ့ သနားစဖွယ် အသံနဲ့ ပြောလိုက်သည်။ "ကျွန်မရဲ့ ငတုံး ဧကရာဇ်လေး... နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား။ ကျွန်မမှာ တကယ် ပိုက်ဆံအများကြီး မရှိလို့ပါ"
သူမရဲ့ ချော့တော့တော့ အမူအရာကို မြင်တဲ့အခါ လင်းပိုင်ဖန်ရဲ့ စိတ်မှာ ပျော့ပြောင်းသွားပြီး "ကဲ... ထားပါတော့၊ အတိုးကို ပယ်ဖျက်ပေးလိုက်မယ်"
"နောက်ထပ် နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား"
လင်းပိုင်ဖန်မှာ လန့်သွားကာ "ငါ အတိုးကိုတောင် မယူတော့ဘူးလေ။ ဘာကို ထပ်လျှော့ပေးရဦးမှာလဲ"
"အရင်းကိုပါ မယူနဲ့တော့လေ"
လင်းပိုင်ဖန်- "..."
လင်းပိုင်ဖန်ရဲ့ ပါးစပ်မှာ တွန့်သွားပြီး "မင်း အိပ်မက်မက်နေလိုက်။ တကယ်လို့ မင်း မပေးချင်ဘူးဆိုရင် တခြားနည်းလမ်းတစ်ခုတော့ ရှိတယ်"
"ဘာနည်းလမ်းလဲ" ယောင်ယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားကာ မေးလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ဆပ်လို့ရတယ်"
ယောင်ယောင်- "..."
"မင်းက လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာမို့ ငါပဲ အနစ်နာခံလိုက်ပါ့မယ်။ ကဲ... လာလေ"
လင်းပိုင်ဖန်က သူ့ရဲ့ လက်မောင်းတွေကို ကျယ်ကျယ်ဖြန့်လိုက်ကာ "ဒီအခွင့်အရေးက လက်လွတ်သွားရင် နောက်တစ်ခါ မရှိတော့ဘူးနော်"
"ကောင်းပါပြီ အရှင်မင်းကြီး…" ယောင်ယောင်က ချိုချိုသာသာ ပြုံးလိုက်ပြီး သူမရဲ့ လက်ကလေးကို လှမ်းလိုက်လေသည်။
လင်းပိုင်ဖန်- "အား... အား... အား"
သူ့ကို ဆိတ်ဆွဲပြီးတဲ့နောက် ယောင်ယောင်ဟာ ခုန်ထွက်ကာ သူမရဲ့ ကိုယ်ဖော့ပညာနဲ့ ပျံသန်းထွက်ခွာသွားခဲ့သည်။
"ငတုံး ဧကရာဇ်လေး... ရှင်နဲ့ စကားပြောရတာ အမြဲတမ်း ပျော်ဖို့ကောင်းတယ်။ ကျွန်မ သွားတော့မယ်၊ နောက်နေ့မှ လာတွေ့မယ်နော်။ ဟီးဟီး…"
လင်းပိုင်ဖန်ကတော့ ဒေါသတကြီးနဲ့ "ယောင်ယောင်... မင်း နောက်တစ်ခါ ကတိဖျက်ပြန်ပြီ။ နောက်တစ်ခါ ငါ့ကို ကလေးတစ်ယောက် မပေးရင်တော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့"