အခန်း (၂၃၂)
Vol. 21 Ch. 232
နန်းတွင်းစာကြည့်ဆောင်သို့ ပြန်ရောက်ပြီးနောက် မဟာရွှယ် ဧကရာဇ်သည် ချက်ချင်းပင် ဒေါသတကြီး ပေါက်ကွဲလေတော့သည်။
"တောက်။ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
"နန်းတက်ကတည်းက ငါ ဒီလိုမျိုး ခြိမ်းခြောက်တာ တစ်ခါမှ မခံခဲ့ရဖူးဘူး…"
"မဟာရှ… မင်းတို့နဲ့ ဒီစာရင်းကို အနှေးနဲ့အမြန် ငါ ရှင်းမှရမယ်"
"ငါသာ ဒါကို လက်စားမချေနိုင်ရင် လူ မဟုတ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်"
စာကြည့်ဆောင်အတွင်းရှိ ပန်းအိုးများနှင့် စာအုပ်စင် များစွာမှာလည်း ရိုက်ခွဲဖျက်ဆီးခံထားရသဖြင့် ပရမ်းပတာ ဖြစ်နေသော်လည်း ဧကရာဇ်၏ ဒေါသမှာမူ လျော့ပါးမသွားခဲ့ပေ။ အနီးအနားရှိ အရာရှိများမှာလည်း ကြောက်ရွံ့ကာ တုန်ရင်နေကြသည်။
ခဏအကြာတွင် မဟာရွှယ် ဧကရာဇ်၏ ဒေါသ အနည်းငယ် ပြေလျော့သွားချိန်၌ အရာရှိတစ်ဦးက သတ္တိမွေး၍ မေးမြန်းလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ တကယ်ပဲ မဟာရှနိုင်ငံရဲ့ စကားကို နားထောင်ပြီး ငွေတေး ဆယ်သန်း ပေးရမှာလား "
မဟာရွှယ်ဧကရာဇ်၏ အနိုင်နိုင် ထိန်းထားရသော ဒေါသမီးမှာ ပြန်လည် တောက်လောင်လာပြီး အော်ဟစ်ငေါက်ငမ်းလေတော့သည်။ "ဒါဆို တခြား ဘာလုပ်လို့ရဦးမှာလဲ။ ပြောစမ်း၊ တခြား ဘာလုပ်လို့ရဦးမှာလဲ။ ငါတို့သာ မပေးရင် သူတို့က အဲ့ဒီ နတ်ဓားနဲ့ ဓားအဘိုးအိုကို လွှတ်ပြီး ငါ့ကို လာသတ်မှာပေါ့။ မင်းက ငါ့အစား အသေခံပေးမှာလား။ အေး... မင်း လုပ်နိုင်လား"
ထိုအရာရှိမှာ အပြင်းအထန် ငေါက်ငမ်းခံလိုက်ရသဖြင့် အရှက်တကွဲနှင့် ဆုတ်ခွာသွားရလေသည်။ အခြားအရာရှိများမှာမူ စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။
နောက်ထပ်တစ်ကြိမ် ရိုက်ခွဲဖျက်ဆီးပြီးနောက် မဟာရွှယ် ဧကရာဇ်သည် စိတ်အေးသွားဟန်ဖြင့် တုန်ရင်နေသော အရာရှိများကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။
"အမတ်မင်းတို့။ အင်အားမမျှတသေးတဲ့အခါ ဒီရှုံးနိမ့်မှုကို ခဏတာ မျိုသိပ်ထားရမယ်။ စိတ်မရှည်ခြင်းက ပိုကြီးမားတဲ့ အစီအစဉ်တွေကို ပျက်စီးစေနိုင်တယ်"
"ဒါပေမဲ့ ငါကိုယ်တော် ပြောတာကို မှတ်ထားကြ။ တစ်နေ့ကျရင် ငါတို့ မဟာရှ ကို နင်းခြေပြီး ငါတို့ ဆုံးရှုံးခဲ့တာတွေကို အဆပေါင်း ရာချီ၊ ထောင်ချီ ပြန်သိမ်းပိုက်မယ်။ ငါကိုယ်တော် မဟာရှ ဧကရာဇ်ကို အရေခွံခွာပြီး သစ္စာဖောက်အားလုံးကို ခေါင်းဖြတ်မယ်။ အဲ့ဒီနေ့က သိပ်မဝေးတော့ဘူး"
"အရှင်မင်းကြီး မိန့်ကြားတာ မှန်ကန်လှပါတယ်" အရာရှိများက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"အခု ငါတို့ရဲ့ ငွေတေး ၁၀ သန်း ဆုံးရှုံးသွားပြီ၊ နိုင်ငံတော်ဘဏ္ဍာလည်း ပြတ်လပ်နေပြီ။ အဲ့ဒီတော့ မဟာရှီ နဲ့ မဟာကျူး နိုင်ငံတွေ ဆီကနေ အရင်ဆုံး ပြန်ပြီး အစားထိုးရမယ်"
မဟာရွှယ်ဧကရာဇ်က အမိန့်ထုတ်ပြန်လိုက်သည်။ "ဗိုလ်ချုပ် နန်းကုန်းကို အမြန်ဆုံး စစ်ချီဖို့ ပြောလိုက်။ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ဂရုမစိုက်နဲ့။ လိုအပ်ရင် ငါကိုယ်တော်ကိုယ်တိုင် ဝင်ပါမယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
အမိန့်များ ထုတ်ပြန်ပြီးနောက် မဟာရွှယ် တပ်မတော်သည် မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေများကို သိမ်းယူကာ ရှေ့သို့ ချီတက်လေတော့သည်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အများအပြားလည်း စစ်မျက်နှာပြင်သို့ လိုက်ပါသွားကြသည်။ မဟာရှီ နှင့် မဟာကျူး နိုင်ငံတို့မှာမူ အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထိုအရေးကြီးသော အချိန်တွင် ယွမ်ထျန်းကန်းသည် ရွှေ၊ ငွေ၊ ရတနာတန်ဖိုး သန်းသုံးဆယ်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။ လင်းပိုင်ဖန်သည် ရတနာများ ပြည့်နှက်နေသော လှည်း ဒါဇင်ပေါင်းများစွာကို ကြည့်ပြီး အလွန်အမင်း ဝမ်းသာသွားသည်။
ဤရွှေ၊ ငွေ၊ ရတနာ သန်းသုံးဆယ်ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာတိုက်မှာ ချက်ချင်းပင် ပြည့်လျှံသွားတော့သည်။ အခွန်မကောက်ဘဲ နှစ်အတော်ကြာ နေလျှင်ပင် တောင့်ခံနိုင်သည့် အခြေအနေပင် ဖြစ်သည်။
လင်းပိုင်ဖန်က ကျေနပ်အားရစွာြဖင့် “ ဝန်ကြီး၊ မောင်မင်း ဒီကိစ္စကို ကောင်းကောင်း ဆောင်ရွက်နိုင်ခဲ့တယ်။ ငါကိုယ်တော် ကျေနပ်မိတယ်။ အခုကစပြီး မောင်မင်းကို ရာထူး နှစ်ဆင့် တိုးပေးလိုက်မယ်။ ဆုလာဘ်အနေနဲ့တော့ အိမ်ကို လှည်းတစ်စီး တိုက်ရိုက်တွန်းသွားလိုက်တော့။ မောင်မင်းကြိုက်တဲ့ လှည်းကိုယူလိုက်၊ နည်းနည်း ပိုပါသွားလည်း ပြဿနာမရှိဘူး၊ ဟားဟား…." ဟု ဆိုလိုက်သည်။
"ရက်ရောလှတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ငြင်းပယ်ဖို့ မဝံ့ရဲပါဘူး" ဟု ယွမ်ထျန်းကန်းက ဦးညွှတ်ပြီး ပြုံးကာ ပြောလိုက်သည်။ သူသည် စည်းစိမ်ဥစ္စာကို မမက်မောသော်လည်း ဧကရာဇ်၏ ဆုလာဘ်ဖြစ်သဖြင့် လက်ခံရမည်ဖြစ်သည်။
လင်းပိုင်ဖန်သည် စစ်သူကြီး ဟန်နှင့်ဟာကိုလည်း ရက်ရက်ရောရော ဆုချသော်လည်း သူတို့သည်လည်း စည်းစိမ်ကို စိတ်မဝင်စားကြချေ။ ထို့ကြောင့် လင်းပိုင်ဖန် က ဆုလာဘ်များကို တောတောင်ပင်လယ်ထွက် စားကောင်းသောက်ဖွယ်များနှင့် အရက်ကောင်းများအဖြစ် ပြောင်းလဲကာ သူတို့၏ အိမ်များသို့ ပို့ဆောင်ပေးလိုက်သည်။
"ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" စစ်သူကြီး ဟန်နှင့်ဟာမှာ အလွန်ပျော်ရွှင်သွားကြသည်။
ထိုစဉ် ယွမ်ထျန်းကန်းက ဦးညွှတ်၍ လျှောက်တင်သည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး မဟာရွှယ် ကို သွားခဲ့တာက ဥစ္စာပစ္စည်း တောင်းဖို့တင် မဟုတ်ပါဘူး၊ မဟာရွှယ် ဧကရာဇ်က ဘယ်လိုလူစားလဲဆိုတာ သိချင်လို့ပါ"
"ကျွန်တော်မျိုးရဲ့ နိမိတ်ဖတ်ချက်အရ မဟာရွှယ် ဧကရာဇ်ဟာ ကြီးမားတဲ့ ကံကြမ္မာပါလာသူ ဖြစ်ပါတယ်။ မကြာခင်မှာ သူဟာ ကောင်းကင်အဆင့်ကို တက်လှမ်းပြီး ကိုယ်ပိုင်အင်ပါယာ တည်ထောင်မယ့်သူပါ။ သူဟာ ကျွန်တော်မျိုးတို့ မဟာရှ နိုင်ငံအတွက် အင်မတန် ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်လာမှာမို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် အရှင်မင်းကြီး"
လင်းပိုင်ဖန်က ပြုံးကာ "သူ တက်လှမ်းနိုင်ရင် တက်လှမ်းပါစေ၊ အရေးမကြီးပါဘူး။ သူသာ လာရဲရင် ပြန်လမ်းမရှိစေရဘူးလို့ ငါကိုယ်တော် အာမခံတယ်"
ယွမ်ထျန်းကန်းသည် ခေါင်းမော့၍ လင်းပိုင်ဖန်၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ကြည့်ကာ ရယ်မောလိုက်သည်။ "အရှင်မင်းကြီးဟာ အင်ပါယာကြယ်၏ အရှင်သခင်ဖြစ်ပြီး အရာရာကို ကြိုတင်တွက်ချက်ထားပြီးသားပဲ ဖြစ်မှာပါ။ အဆိုးကို အကောင်း ပြောင်းလဲနိုင်မှာ သေချာပါတယ်။ ကျွန်တော်မျိုး အပိုတွေ စိုးရိမ်မိသွားပုံရပါတယ်"
......
ထိုညတွင် လင်းပိုင်ဖန်သည် အရာရှိအားလုံးအတွက် ဂုဏ်ပြုစားပွဲ ကျင်းပပေးခဲ့သည်။ တစ်ဖက်တွင်မူ မဟာရှီ နှင့် မဟာကျူး နိုင်ငံတို့သည် စစ်မီးများ ဝိုင်းနေလေပြီ။ မဟာရွှယ် တပ်မတော်သည် အင်အားတောင့်တင်းပြီး မြို့ရွာများကို တားဆီး၍မရအောင် တိုက်ခိုက်သိမ်းပိုက်နေခဲ့သည်။
မဟာရှီ နိုင်ငံ၏ တစ်ဝက်ကျော်မှာ ကျရှုံးသွားပြီဖြစ်ပြီး မဟာကျူး နိုင်ငံ၏ အခြေအနေမှာလည်း မသာယာပေ။ မဟာရှီ ဧကရာဇ်သည် ထိတ်လန့်တုန်လှုပ်နေပြီး ထွက်ပြေးရန် ပြင်ဆင်နေလေသည်။ နန်းတွင်း အရာရှိများလည်း ထို့အတူပင်။
"မြန်မြန်... မြန်မြန်လုပ်။ ဒါ ငါ အမြတ်နိုးဆုံး ဖန်ခွက်ပဲ၊ သေချာကိုင်နော် သိလား။ ကွဲသွားရင် မင်းခေါင်းကို ဖြတ်ပစ်မယ်"
"ဒီ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကိုလည်း သတိထား၊ အက်မသွားစေနဲ့"
"မင်းတို့က ဘယ်လိုတောင် အသုံးမကျတာလဲ။ ဒါလေးတောင် မလုပ်တတ်ဘူးလား"
"ကဲ... တော်ပြီ။ နောက်ကျနေပြီ၊ မြို့တံခါးကို အခုချက်ချင်းဖွင့်၊ ငါတို့ ထွက်ကြမယ်"
ထိုအချိန်တွင် မဟာရှီ ဧကရာဇ်သည် ရထားလုံးပေါ်သို့ တက်ကာ မြို့တော်မှ ထွက်ပြေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူ၏ နောက်တွင် ရွှေ၊ ငွေ၊ ရတနာများ တင်ဆောင်ထားသော ရထားလုံး ဒါဇင်ပေါင်းများစွာ ပါရှိနေသည်။
ထိုစဉ် စစ်သည်တစ်ဦးသည် အမောတကော ပြေးဝင်လာခဲ့သည်။
"အစီရင်ခံစာပါ၊ အရေးကြီးသတင်းပါ"
မဟာရှီ ဧကရာဇ်က ရထားလုံးလိုက်ကာကို ဆွဲဖွင့်ကာ "ဘာကိစ္စလဲ" ဟု စိတ်မရှည်စွာ မေးလိုက်သည်။
"အရှင်မင်းကြီး၊ ပေါ်လော မြို့နဲ့ တိုင်ဟွာ မြို့တွေ ကျဆုံးသွားပါပြီ။ မဟာရွှယ် စစ်တပ်ဟာ ခံစစ်ကို ဖောက်ထွက်ပြီး အရှိန်အဟုန်နဲ့ ချီတက်လာနေပါတယ်။ သုံးရက်မပြည့်ခင်မှာ မြို့တော်ကို ရောက်လာပါလိမ့်မယ်"
မဟာရှီ ဧကရာဇ်မှာ အလွန်တုန်လှုပ်သွားပြီး "ဗိုလ်ချုပ် ဟွမ်တို့ကို ပေါ်လော နဲ့ တိုင်ဟွာမြို့တွေကို အသက်ပေး ကာကွယ်ဖို့ ငါကိုယ်တော် အမိန့်ပေးထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် ကျသွားရတာလဲ။ သူတို့ ဘာတွေလုပ်နေကြတာလဲ"
"အရှင်မင်းကြီး၊ အဲ့ဒါ မဟာရွှယ် ဧကရာဇ်ကိုယ်တိုင် ဝင်တိုက်လို့ပါ။ သူက အရမ်းအစွမ်းထက်ပြီး ဗိုလ်ချုပ် ဟွမ်တို့အားလုံးကို တစ်ယောက်တည်း သတ်ပစ်လိုက်တာပါ။ ဗိုလ်ချုပ်မရှိတော့ ကျွန်တော်မျိုးတို့ တပ်တွေ မခံနိုင်တော့ပါဘူး"
"ဘာ။ မဟာရွှယ် ဧကရာဇ်ကိုယ်တိုင် လာတာလား။" မဟာရှီ ဧကရာဇ်၏ မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။
မဟာရွှယ် ဧကရာဇ်၏ ခွန်အားကို တစ်လောကလုံး သိကြသည်။ ကောင်းကင်အဆင့် တစ်ဦးမှလွဲ၍ မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ ဧကရာဇ်သည် မိမိအသက်ကိုသာ စိုးရိမ်နေတော့သည်။
"အကုန် အဆင်သင့်ဖြစ်ပြီလား။ အခုချက်ချင်း ထွက်မယ်။ မြန်မြန်။"
"အရှင်မင်းကြီး၊ မြို့တံခါးတွေ ပွင့်နေပါပြီ၊ အခုပဲ ထွက်လို့ရပါတယ်"
"ဒါဆို သွားမယ်" မဟာရှီ ဧကရာဇ်က အမိန့်ပေးပြီးနောက် "ငါတို့ မဟာရှ နိုင်ငံကို သွားမယ်" ဟု ထပ်လောင်း ပြောကြားလိုက်သည်။
တစ်ဖက်တွင်လည်း မဟာကျူး ဧကရာဇ်သည် မဟာရွှယ် ဧကရာဇ် လာနေသည်ကို သိရသောအခါ ထပ်တူပင် ထိတ်လန့်နေသည်။
"အဲ့ဒီ မိစ္ဆာကြီး လာနေပြီ၊ အချိန်မဆွဲနဲ့၊ အခုချက်ချင်း သွားကြမယ်"
သူသည်လည်း ရွှေ၊ ငွေ၊ ရတနာများ တင်ဆောင်ထားသော ရထားလုံးပေါ်သို့ တက်ကာ ထွက်ပြေးရန် ပြင်နေသည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဘယ်ကို သွားကြမလဲ"
မဟာကျူး ဧကရာဇ်၏ မျက်နှာမှာ ပျက်ယွင်းနေလေသည်။ ဤနယ်မြေတစ်ဝိုက်တွင် မဟာရှ နိုင်ငံမှ ဓားအဖိုးအို တစ်ဦးတည်းသာ မဟာရွှယ် ဧကရာဇ်ကို ယှဉ်နိုင်ပေလိမ့်မည်။
"မဟာရှ က ငါတို့ဆီက ပိုက်ဆံတွေ ယူထားတာပဲ၊ မဟာရှ ကိုပဲ သွားကြမယ်"
ထို့ကြောင့် နိုင်ငံနှစ်ခုလုံး၏ ဧကရာဇ်များသည် ကြိုတင် တိုင်ပင်ထားခြင်း မရှိဘဲ အသက်ရှင်သန်နိုင်ရေးအတွက် မဟာရှ နိုင်ငံသို့ ဦးတည်ခဲ့ကြလေသည်။
သုံးရက်အကြာတွင် မဟာရွှယ် တပ်မတော်သည် မဟာရှီ မြို့တော်သို့ ရောက်ရှိလာခဲ့သော်လည်း မြို့တံခါးများမှာ ဟင်းလင်းပွင့်နေသည်ကိုသာ တွေ့ရသည်။
"အစီရင်ခံစာပါ အရှင်မင်းကြီး၊ မဟာရှီ ဧကရာဇ်ဟာ တော်ဝင်မိသားစုဝင်တွေနဲ့အတူ ထွက်ပြေးသွားပါပြီ"
မဟာရွှယ် ဧကရာဇ်က တည်ငြိမ်စွာပင် "အဲ့ဒီ သေမှာကို ကြောက်တဲ့ကောင် ထွက်ပြေးတာ မဆန်းပါဘူး။ သူ ဘယ်ကို ပြေးသွားလဲ သိလား"
"အရှင်မင်းကြီး၊ သူတို့ မဟာရှဘက်ကို ဦးတည်သွားပါတယ်"
"ကောင်းပြီ၊ မောင်မင်းတို့ မြို့တော်ကို စောင့်ကြပ်ပြီး ရိက္ခာနဲ့ ရတနာတွေကို စာရင်းလုပ်ထား။ ငါကိုယ်တော် သွားပြီး အဲ့ဒီကောင်ရဲ့ ခေါင်းကို ဖြတ်ယူခဲ့မယ်"
ပြောပြီးသည်နှင့် သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။