အခန်း (၂၃၃)
Vol. 21 Ch. 233
ထိုအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသော မဟာရှီဧကရာဇ်သည် သူ၏အဖွဲ့ကို အတင်း နှင်နေတော့သည်။
“မြန်မြန်လုပ်ကြစမ်း။ မဟာရွှယ်တပ်တွေ ငါတို့ဆီ ရောက်တော့မယ်”
“အဲဒီ မဟာရွှယ်ဧကရာဇ်က ရက်စက်တဲ့ လူသတ်သမားပဲ။ သူသာ ငါတို့ကို မိသွားရင် ငါ့အသက်တင်မကဘူး မင်းတို့အားလုံးလည်း သေကြရမှာ”
“မဟာရှဆီ အမြန်ဆုံးရောက်လေ၊ ငါတို့ ပိုစိတ်အေးရလေပဲ”
ရထားလုံးမောင်းသမားက နှင်တံကိုရိုက်ရင်း မတတ်သာပဲ ပြုံးကာ ပြန်ပြောလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တတ်နိုင်သမျှ အမြန်ဆုံး မောင်းနေတာပါ။ ဒီထက်မြန်ရင်တော့ အရှင်မင်းကြီး ခံနိုင်ရင်တောင် မြင်းတွေ ခံနိုင်မှာ မဟုတ်ပါဘူး”
“ငါ ဂရုမစိုက်ဘူး၊ ပိုမြန်အောင်ပဲ မောင်းစမ်း” ဟု မဟာရှီဧကရာဇ်က အတင်းတိုက်တွန်းနေသည်။
ထိုစဉ် ကိုယ်ရံတော်တပ်မှူးက အော်ဟစ် အကြောင်းကြားလာသည်။ “အရှင်မင်းကြီး ရှေ့မှာ အဖွဲ့ကြီးတစ်ခု အမြန် ချဉ်းကပ်လာနေပါတယ်”
မဟာရှီဧကရာဇ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး “မဟာရွှယ်တပ်တွေ လာတိုက်တာလား” ဟု မေးလိုက်သည်။
“မဟုတ်ပါဘူး အရှင်မင်းကြီး၊ စစ်တပ်နဲ့တော့ မတူပါဘူး”
မဟာရှီဧကရာဇ်သည် ရထားလုံးလိုက်ကာကို မကာ ကြည့်လိုက်ရာ အမှန်တကယ်ပင် ကုန်သည်အဖွဲ့ကြီးတစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ဤအဖွဲ့တွင် စစ်သားများမပါသော်လည်း ရထားလုံးများမှာ အလွန်ခမ်းနားထည်ဝါပြီး အနုစိတ်အလှဆင်ထားသည်။
ထိုအလှဆင်မှုများကို သူမှတ်မိသည်။ ၎င်းတို့သည် မဟာကျူးတော်ဝင်မိသားစုဝင်များသာ အသုံးပြုခွင့်ရှိသည့် အမှတ်အသားများ ဖြစ်သည်။ အကယ်၍ အခြားသူများ အသုံးပြုပါက အာဏာစက်ကို ကျော်လွန်မှုဖြင့် ခေါင်းဖြတ်ကာ ကွပ်မျက်ခံရမည် ဖြစ်သည်။
ခမ်းနားသော ရထားတန်းကြီး၏ အလယ်တွင် အခြားထက် ပိုမိုလှပကာ ဆန်းပြားသော ရထားလုံးတစ်စီး ရှိနေသည်။ မဟာရှီဧကရာဇ်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းမှာ မဟာကျူးဧကရာဇ်၏ နဂါးကိုးကောင် တိမ်တိုက် ရထားလုံး ဖြစ်ကြောင်း သိလိုက်သည်။
“ဒါ မဟာကျူး တော်ဝင်မိသားစုရဲ့ ယာဥ်တန်းပဲ။ သူတို့လည်း ထွက်ပြေးလာကြတာလား” ဟု မဟာရှီဧကရာဇ်က တွေးတောနေမိသည်။
ထိုအချိန်တွင် နဂါးကိုးကောင် ရထားလုံးအတွင်းမှ တစ်စုံတစ်ယောက်က လိုက်ကာကို မကာ မဟာရှီဧကရာဇ်၏ အဖွဲ့ကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာလည်း အတွေးနက်နေဟန်ရှိသည်။
ထို့နောက် သူတို့နှစ်ဦးစလုံးသည် အနေရခက်သော အပြုံးတစ်ခုကို အပြန်အလှန်ပေးလိုက်ကြပြီး ဘာစကားမှမဆိုဘဲ ကိုယ့်ရထားလုံးထဲကိုယ် ပြန်ဝင်ကာ ဆက်လက် ထွက်ပြေးကြလေသည်။
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကုန်လွန်ပြီးနောက် ထိုရထားတန်းနှစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားသည်။
မဟာရှီဧကရာဇ်က လိုက်ကာကိုမကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘာလို့ ရပ်လိုက်တာလဲ။ ငါတို့ကို မဟာရွှယ်တပ်တွေ မိသွားရင် မင်းတို့ တာဝန်ယူမှာလား”
“အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ၊ ရှေ့မှာ တစ်ယောက်ယောက်က လမ်းပိတ်ထားလို့ ရပ်လိုက်ရတာပါ”
မဟာရှီဧကရာဇ် ပို၍ဒေါသထွက်သွားကာ “လမ်းပိတ်ထားတယ် ဟုတ်လား။ ဘာလို့ သူ့ကို သတ်မပစ်တာလဲ”
“အရှင်မင်းကြီး သတ်လို့မရပါဘူး။ အဲဒီလူက မဟာရွှယ်နိုင်ငံရဲ့ ဧကရာဇ် ဖြစ်နေပုံရပါတယ်”
“ဘာ….”
မဟာရှီဧကရာဇ် တုန်လှုပ်ချောက်ချားကာ မျက်နှာမှာ ပြာနှမ်းသွားသည်။ “သူ တကယ်ပဲ လိုက်လာတာလား”
သူ အရှေ့သို့ ကြည့်လိုက်ရာ ရထားတန်း၏ အရှေ့တည့်တည့်တွင် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူမှာ အရပ်ရှည်ပြီး ထည်ဝါကာ၊ အေးစက်သော မျက်နှာထားနှင့် စူးရှသော အကြည့်တို့ ရှိနေသည်။ ရုပ်ရည်မှာ သာမန်ပင် ဖြစ်သော်လည်း သူ၏ ခန့်ညားထည်ဝါမှုက သူတစ်ပါးကို မျက်လုံးချင်း မဆိုင်ဝံ့အောင် ပြုလုပ်နေသည်။
မဟာရှီဧကရာဇ်သည် မဟာရွှယ်ဧကရာဇ်ကို မတွေ့ဖူးသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ မဟာရွှယ်ဧကရာဇ် ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။
“သွားပြီ” မဟာရှီဧကရာဇ်သည် အလွန်အမင်း ကြောက်လန့်သွားပြီး စိတ်ပျက်အားငယ်သွားတော့သည်။
အခြားရထားလုံးတစ်စီးတွင်လည်း မဟာကျူးဧကရာဇ်သည် ထပ်တူပင် ထိတ်လန့်နေပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့ကာ “အဲဒီ မိစ္ဆာက ငါတို့ဆီ ရောက်လာပြီ၊ အခု ဘာလုပ်ကြမလဲ။ မြန်မြန် တစ်ခုခု စဉ်းစားကြစမ်း” ဟု ပျာပျာသလဲ ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကလည်း ခါးသီးစွာဖြင့် ရယ်မောလိုက်ကြသည်။ ရန်သူက အိမ်တံခါးဝအထိ ရောက်နေပြီဖြစ်၍ ကံကြမ္မာကိုသာ လက်ခံလိုက်ဖို့ပဲ ရှိတော့သည်။
ထိုစဉ် မဟာရွှယ်ဧကရာဇ်က မဟာရှီဧကရာဇ်ကို တစ်ချက်ကြည့်ပြီးနောက် မဟာကျူးဧကရာဇ်ရှိရာ အဖွဲ့ကို လှမ်းကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“အမြန်ကို ပြေးနေကြတာပဲ၊ ငါ့မှာ ခက်ခက်ခဲခဲ ရှာလိုက်ရတယ်။ ကံကောင်းလို့ ကောင်းကင်က မစလို့ နောက်ဆုံးတော့ မင်းတို့ကို ရှာတွေ့ခဲ့ပြီ”
ပြောပြောဆိုဆိုနှင့် သူသည် တစ်လှမ်းချင်း လျှောက်လာသည်။
“မင်း…. ဘာလုပ်ချင်လို့လဲ” ဟု မဟာရှီဧကရာဇ် တုန်တုန်ရီရီဖြင့် မေးလိုက်သည်။
“မင်းတို့လို ခွေးအသက်တွေကို ယူပြီး အန္တရာယ်မှန်သမျှကို ရှင်းပစ်ဖို့ပဲ”
မဟာရွှယ်ဧကရာဇ်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။ “အသက်ကို နှမြောပြီး သေမှာကြောက်တဲ့ မင်းတို့လို လူကြောက်နှစ်ယောက် ငါ့လက်နဲ့ သေရတာ ဂုဏ်ယူသင့်တယ်”
“ဒီရွှေ၊ ငွေ၊ ရတနာတွေ အားလုံးယူလိုက်ပါ၊ ငါတို့ကိုတော့ အသက်ရှင်ခွင့်လေးပဲ ပေးပါ” ဟု မဟာကျူးဧကရာဇ်က တောင်းပန်လိုက်သည်။
“ဟုတ်တယ်၊ အကုန်ယူလိုက်ပါ” ဟု မဟာရှီဧကရာဇ်ကလည်း အပြင်းအထန် ခေါင်းညိတ်သည်။
“မင်းတို့ကို သတ်လိုက်ရင်လည်း ဒါတွေအကုန်လုံး ငါ့ဟာ ဖြစ်မှာပဲလေ”
မဟာရွှယ်ဧကရာဇ်က ရယ်မောရင်း “ငါတို့အားလုံးက ဧကရာဇ်တွေ ဖြစ်ကြတဲ့အတွက် မင်းတို့ကို သိက္ခာရှိရှိ သေခွင့်ပေးမယ်”
“ဘယ်လို သိက္ခာမျိုးလဲ” ဟု မဟာကျူးဧကရာဇ်က မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။
မဟာရွှယ်ဧကရာဇ်က အေးစက်စွာ ပြန်ဖြေသည်။ “ရုပ်အလောင်း မပျက်စီးစေရဘူး”
မဟာရှီနှင့် မဟာကျူး ဧကရာဇ်နှစ်ပါးလုံး ထိတ်လန့်သွားကြသည်။ ထိုစဉ် မဟာကျူးနိုင်ငံမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းသိုင်းပညာရှင် တစ်ဦးက အော်ဟစ်ကာ ဓားကိုဆွဲထုတ်ပြီး ပြေးထွက်လာသည်။
“အရှင်မင်းကြီးကို အထိခိုက်မခံနိုင်ဘူး”
ဓားအရှိန်အဝါက အေးစက်လှပြီး သတ်ဖြတ်လိုစိတ်က ကောင်းကင်သို့ ထိုးတက်နေသည်။ သို့သော်လည်း မဟာရွှယ်ဧကရာဇ်၏ လက်ဝါးတစ်ချက် ရိုက်ချက်ဖြင့်ပင် ထိုသူ သေဆုံးသွားတော့သည်။
ဤမြင်ကွင်းက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အခြားသိုင်းပညာရှင်များသည်လည်း တစ်စစီ ဖြစ်သွားသော အလောင်းကိုကြည့်ကာ ကြောက်စိတ်ဝင်ပြီး မလှုပ်ဝံ့ကြတော့ပေ။
ထိုအထဲမှ တစ်ယောက်က အခွင့်အရေးယူကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ “အရှင်မင်းကြီး ရန်သူက သိပ်ကို သန်မာလွန်းလို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်”
ပထမတစ်ယောက် ပြေးသည်နှင့် ဒုတိယတစ်ယောက်က ထပ်လိုက်သည်။ “ကျွန်တော်မျိုးလည်း မသေချင်သေးဘူး၊ အရင်သွားပြီ”
ဧကရာဇ်နှစ်ပါးလုံးက ငိုယိုကာ အော်ဟစ်တောင်းပန်နေကြသည်။
“မပြေးကြပါနဲ့၊ အားလုံး ပြန်လာကြစမ်း”
“ငါ မင်းတို့ကို ကောင်းကောင်း ဆက်ဆံခဲ့တာပဲ၊ ပြေးမယ်ဆိုရင်တောင် ငါ့ကိုပါ ခေါ်သွားကြဦးလေ”
သို့သော် မည်သူမျှ နားမထောင်ကြပေ။
“တစ်ယောက်မှ မလွတ်စေရဘူး”
မဟာရွှယ်ဧကရာဇ်က ဟိန်းဟောက်လိုက်ပြီးနောက် ထွက်ပြေးသူများနှင့် ကျန်ရှိနေသော သိုင်းပညာရှင်အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်လိုက်သည်။ အဆုံးတွင် နိုင်ငံနှစ်ခုလုံးမှ တော်ဝင်မိသားစုဝင်များနှင့် အန္တရာယ်မရှိသော အစေခံအချို့သာ ကျန်တော့သည်။
သူတို့ မပြေးချင်ကြတာ မဟုတ်ဘဲ ပြေးဖို့ ကြိုးစားသူတိုင်း သေကုန်ကြ၍ ဖြစ်သည်။ သူတို့သည် နုံချာစွာဖြင့်ပင် အသက်ရှင်လိုကြသေးသည်။ သို့သော် မဟာရွှယ်ဧကရာဇ်က ခွင့်မပြုလိုပေ။
လက်တွင် သွေးများဖြင့် သူတို့ရှေ့၌ ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။ “ငါ့စကားက တည်ပြီးသားပဲ။ မင်းတို့ အလောင်းကို မဖျက်ဆီးဘူးလို့ ကတိပေးထားတဲ့အတိုင်း ငြိမ်းငြိမ်းချမ်းချမ်းသာ သွားကြတော့”
“မလုပ်ပါနဲ့ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မသတ်ပါနဲ့” ဟု ဧကရာဇ်နှစ်ပါး တောင်းပန်လိုက်ကြသည်။
မဟာရွှယ်ဧကရာဇ်က သူ၏လက်ကို မြှောက်လိုက်စဉ် သူ၏မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် မီးလျှံများ တောက်လောင်နေသော ဓားတစ်လက်က သူ၏ထံသို့ ပျံသန်းလာသောကြောင့် ဖြစ်သည်။
ဤဓားက သူ့ကို အမှန်တကယ် အန္တရာယ်ပေးနိုင်သည်ဟု ခံစားရသဖြင့် ရှေ့မှလူကို သတ်ရန် လက်လွှတ်လိုက်ပြီး ဓားကို ခုခံလိုက်ရသည်။ သူသည် ကိုက်များစွာ လွင့်စင်သွားပြီး လက်ပေါ်မှ သွေးစက်များမှာလည်း အပူရှိန်ကြောင့် ချက်ချင်း အငွေ့ပျံသွားသည်။
ထိုဓားသည် အဘိုးအိုတစ်ဦး၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဒီလူတွေကို ငါကာကွယ်မယ်။ မင်း ပြန်လိုက်တော့”
“ခင်ဗျားက မဟာရှ ရဲ့ ဓားအဖိုးပိုလား” ဟု မဟာရွှယ်ဧကရာဇ်က အံ့သြဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
“ဟုတ်တယ်၊ ငါပဲ” ဟု ဓားအဖိုးပိုက ခေါင်းညိတ်ပြလိုက်သည်။
မဟာရွှယ်ဧကရာဇ်က “မင်းတို့ မဟာရှက ငါ့ဆီက ပိုက်ဆံယူပြီး ဒီကိစ္စမှာ ဝင်မပါဘူးလို့ သဘောတူထားတာ မဟုတ်လား။ ဘာလို့ ရောက်လာတာလဲ”
ဓားအဖိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါတို့ မဟာရှက မင်းဆီက ပိုက်ဆံယူထားတာ မှန်တယ်။ ဒါပေမဲ့ မဟာကျူးနဲ့ မဟာရှီ တော်ဝင်မိသားစုတွေဆီကလည်း ပိုက်ဆံယူထားတယ်။ ငါတို့ရဲ့ သဘောတူညီချက်အရ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကို ငါတို့ တာဝန်ယူရမယ်”
မဟာရွှယ်ဧကရာဇ်မှာ ဒေါသကြောင့် တုန်ရင်နေသည်။ “မင်းတို့ တော်တော် အတင့်ရဲတာပဲ။ သုံးဖက်လုံးဆီက အမြတ်ထုတ်နေတာလား”
“မင်း ပြန်လို့ရပြီ။ ငါတို့ မဟာရှအနေနဲ့ မဟာရှီနဲ့ မဟာကျူးတို့ရဲ့ အခြေအနေတွေကို ဝင်မစွက်ဖက်ဘူး၊ ဒါပေမဲ့ သူတို့အသက်ကိုတော့ ချမ်းသာပေးရမယ်။ မဟုတ်ရင်တော့ ငါ မင်းကို ပညာပေးရလိမ့်မယ်” ဟု ဓားအဖိုးအိုက သူ၏ရွှမ်ရှောင်ဓားကို ကိုင်ရင်း ခြိမ်းခြောက်လိုက်သည်။
“မင်းတို့….” မဟာရွှယ်ဧကရာဇ်၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထပ်ပြီး ခြိမ်းခြောက်ခံနေရပြန်ပြီး မဟာရှက သူ့ကို အနိုင်ကျင့်လွန်းနေပြီ ဖြစ်သည်။
မဟာရွှယ်ဧကရာဇ်က ဧကရာဇ်နှစ်ပါးကို တစ်ချက်ကြည့်ကာ၊ ဓားအဖိုးအိုကို တစ်ချက်ကြည့်ပြီး မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ဒီတစ်ခါတော့ သူတို့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီအကြွေးကို ငါမှတ်ထားမယ်”
သူသည် သိုင်းပညာကိုသုံး၍ ထိုနေရာမှ အမြန် ထွက်ခွာသွားတော့သည်။
ဓားအဖိုးအိုက သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဧကရာဇ်နှစ်ပါးသည်လည်း ဘေးဒုက္ခမှ လွတ်မြောက်သွားသည့်အတွက် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်ကြသည်။
“နောက်ဆုံးတော့ ငါတို့ အသက်ရှင်ပြီ…”