အခန်း (၂၃၅)
Vol. 21 Ch. 235
"ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာမှုကြောင့် သင်၏ ခွန်အားမှာလည်း တစ်ပြိုင်နက်တည်း တိုးမြင့်လာပြီး ‘ပျံသန်းခြင်း မသေမျိုးနယ်ပယ်’ ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်"
"ပျံသန်းခြင်း မသေမျိုးနယ်ပယ်သည် ဓားသိုင်းပညာ နယ်ပယ်၏ အဆင့်အတန်းတစ်ခုဖြစ်ပြီး ကောင်းကင်ဓားနယ်ပယ် သို့မဟုတ် ဓားနတ်ဆိုးနယ်ပယ် တို့ထက် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိပေ။ ကစားသမားသည် ဤနယ်ပယ်သို့ ရောက်ရှိပါက ဓားဖြင့် ပျံသန်းနိုင်ပြီး ကျယ်ပြောလှသော ကမ္ဘာလောကကြီးထဲတွင် စိတ်ကြိုက် လှည့်လည်သွားလာနိုင်မည် ဖြစ်သည်"
"ထို့အပြင် ဤနယ်ပယ်အတွင်း ဓားသိုင်းကို ထုတ်ဖော်ပါက လက်ရှိဓား၏ စွမ်းအားကို ၃၀ ရာခိုင်နှုန်း တိုးမြင့်စေမည် ဖြစ်သည်။ အကယ်၍ ရန်သူသည် ဓားကို ကိုင်ဆောင်ထားပါက ၎င်းတို့သည် ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်ပြီး ခွန်အား ၃၀ ရာခိုင်နှုန်း လျော့နည်းသွားမည် ဖြစ်သည်"
"နောက်ထပ် ကြောက်စရာကောင်းတဲ့ ဓားနယ်ပယ်တစ်ခုပဲ" လင်းပိုင်ဖန်သည် နားလည်သဘောပေါက်ရန် မျက်လုံးများကို မှိတ်လိုက်သည်။
ဤဓားနယ်ပယ်သည် ပျံသန်းနိုင်စွမ်းကို ပေးစွမ်းနိုင်သောကြောင့် အတော်ပင် ထူးခြားလှသည်။
ကောင်းကင်အဆင့် ရှိသူများသည်လည်း ပျံသန်းနိုင်သော်လည်း ၎င်းမှာ သစ်ရွက်များကို နင်းခြင်း သို့မဟုတ် လေကို စီးနင်းခြင်းကဲ့သို့သော အရှိန်အဟုန်ကို အသုံးပြုခြင်းသာ ဖြစ်သည်။ အနှစ်သာရအားဖြင့် ၎င်းမှာ သိုင်းပညာနယ်ပယ်အတွင်းရှိ လှုပ်ရှားမှုစွမ်းရည်တစ်ခုသာ ဖြစ်သေးသည်။
သို့သော် ‘ပျံသန်းခြင်း မသေမျိုးနယ်ပယ်’ မှာမူ မတူညီပေ။
၎င်းသည် လူတစ်ယောက်ကို ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ဓားပေါ်တွင် စီးနင်းကာ မိမိအလိုရှိသလောက် မြင့်မားစွာ ပျံသန်းနိုင်စေပြီး ပတ်ဝန်းကျင်၏ ကန့်သတ်ချက်များမှ လုံးဝကင်းလွတ်စေသည်။
ထို့အပြင် အရှိန်မှာလည်း အလွန်မြန်ဆန်ပြီး တစ်ရက်အတွင်း ခရီးမိုင်ပေါင်း ထောင်ချီကာ သွားနိုင်သဖြင့် ကမ္ဘာကြီး၏ အစွန်းအဖျားသည်ပင် လက်တစ်ကမ်းအကွာသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သည်။
"ဒါကတော့ တကယ့်ကို အမြင့်ဆုံး အသက်ကယ်တဲ့ အတတ်ပညာပဲ၊ ကောင်းကင်အဆင့် တစ်ယောက်တောင် လိုက်နိုင်မှာ မဟုတ်ဘူး" လင်းပိုင်ဖန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
ဤလောကတွင် မည်သူက မပျံသန်းချင်ဘဲ နေမည်နည်း။ နတ်ဘုရားများကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းကာ လမင်းကို ဆုပ်ကိုင်လျက် မြေကမ္ဘာနှင့် ကောင်းကင်ကြား လွတ်လပ်စွာ လှည့်လည်သွားလာရန် မည်သူက မလိုလားဘဲ ရှိမည်နည်း။
ယခုတွင် သူသည် ၎င်းကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ဓားဖြင့် ပျံသန်းခြင်း ဖြစ်သောကြောင့် ပို၍ပင် အထင်ကြီးစရာ ကောင်းလှပေသည်။
သို့သော် ထိုအချိန်တွင် လင်းပိုင်ဖန် တစ်ခုကို စဉ်းစားမိသွားသည်။
"အင်ပါယာ မြေပုံ၊ ငါ့မှာ အခု ဓားနယ်ပယ် သုံးမျိုးရှိနေပြီ။ ကောင်းကင်ဓားနယ်ပယ်၊ ဓားနတ်ဆိုးနယ်ပယ်နဲ့ အခု ပျံသန်းခြင်း မသေမျိုးနယ်ပယ်။ အကယ်၍ ငါက ဒီနယ်ပယ် သုံးခုလုံးကို တစ်ပြိုင်တည်း အသုံးပြုပြီးတော့ ဓားသိုင်းကို ထုတ်ဖော်မယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားရှိမလဲ"
အင်ပါယာ မြေပုံက အဖြေပေးလိုက်သည်။
"ဤနယ်ပယ် သုံးခုသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခမရှိနိုင်ပါ။ အကယ်၍ သင်သည် နယ်ပယ်သုံးခုလုံးကို တစ်ပြိုင်နက် အသုံးပြုပါက သင်၏ ဓားသိုင်းစွမ်းအားသည် ၉၀ ရာခိုင်နှုန်း တိုးလာမည် ဖြစ်သည်။ အကယ်၍ ရန်သူသည် ဓားကို အသုံးပြုပါက ၎င်းတို့၏ စွမ်းအားသည် ၉၀ ရာခိုင်နှုန်း လျော့နည်းသွားမည် ဖြစ်သည်"
လင်းပိုင်ဖန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည် - "F**k… စွမ်းအား ၉၀ ရာခိုင်နှုန်း တိုးလာတာလားဟ၊ ဒါက လူတစ်ယောက်ရဲ့ ခွန်အားကို အလကားနေရင်း နှစ်ဆတိုးလိုက်သလိုပဲ"
သူ၏ လက်ရှိခွန်အားသည် ကောင်းကင်အဆင့်၏ အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသည် ဤနယ်ပယ်သုံးခုထဲမှ တစ်ခုခုကို အသုံးပြုလျှင်ပင် သူ၏ ခွန်အားမှာ နှစ်ဆ တိုးလာမည်ဖြစ်ပြီး မဟာ ကောင်းကင်အဆင့်သို့ ကျိန်းသေ ရောက်ရှိသွားမည် ဖြစ်သည်။
အကယ်၍ သူသာ ရွှမ်ရှောင်ဓားကိုပါ ကိုင်ဆောင်လိုက်လျှင် တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းရန်ပင် ခက်ခဲသွားပေလိမ့်မည်။ အဓိကအချက်မှာ သူ မနိုင်လျှင်တောင် ထွက်ပြေးနိုင်ခြင်းပင် ဖြစ်သည်။
'မင်းတို့လို သိုင်းသမားတွေက ငါ့ရဲ့ ဓားနဲ့ပျံသန်းမှုကို ဘယ်လိုလုပ် လိုက်နိုင်မှာလဲ’
ဒါဟာ အဆင့်အတန်းချင်း လုံးဝကို တူမနေပေ။
"ရန်သူကလည်း ဓားကို သုံးတယ်ဆိုရင်တော့ တိုက်နေဖို့တောင် မလိုတော့ဘူး၊ သူတို့ဘာသာသူတို့ လည်လှီးသေလိုက်တာကမှ ပိုမြန်ဦးမယ်၊ ဟား…."
ဓားဖြင့်ပျံသန်းခြင်းအတတ်ကို တတ်မြောက်ပြီးနောက် လင်းပိုင်ဖန်မှာ မနေနိုင်မထိုင်နိုင် ဖြစ်နေတော့သည်။
ညရောက်သောအခါ လူအားလုံးကို အကြောင်းပြချက် တစ်ခုပေး၍ လွှတ်လိုက်ပြီးနောက် သူသည် အင်ပါယာ မြေပုံမှတစ်ဆင့် ဓားတစ်လက်ကို ထုတ်ယူကာ ၎င်းပေါ်သို့ နင်းလျက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ခဏအကြာတွင် သူသည် ကောင်းကင်အမြင့်ပေ တစ်ထောင်ခန့်သို့ ရောက်ရှိသွားသည်။
သူ၏ အရှိန်မှာ အလွန်မြန်ဆန်သဖြင့် မဟာရှ မြို့တော်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ကျန်ရစ်ခဲ့သည်။ ပြင်းထန်သော လေတိုးသံကြောင့် သူ၏ အဝတ်အစားများမှာ တဖျပ်ဖျပ် လွင့်နေပြီး အရေပြားများပင် အနည်းငယ် တွန့်လိမ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စွမ်းအားကြီးသော သိုင်းသမားတစ်ဦး ဖြစ်နေခြင်း ဖြစ်သည်၊ မဟုတ်လျှင် လေတိုက်နှုန်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည်။
ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်သောအခါ ကမ္ဘာကြီးမှာ ပို၍သေးငယ်သွားသကဲ့သို့ ထင်ရသော်လည်း သူ၏ ရင်ထဲတွင်မူ အတိုင်းအဆမဲ့သော လွတ်လပ်မှုကို ခံစားလိုက်ရသည်။
"ကွန်ဖြူးရှပ်က ဒေါင်ရှန်းတောင်ကို တက်ပြီး လူ ပြည်နယ်ကို သေးငယ်တယ်လို့ မြင်ခဲ့တယ်၊ ထိုက်ရှန်းတောင်ကို တက်ပြီး တစ်ကမ္ဘာလုံးကို သေးငယ်တယ်လို့ မြင်ခဲ့တယ်။ ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တာပဲ။ အခု ငါက နေနဲ့လကို ခြေဖဝါးအောက်မှာ ထားပြီး ကောင်းကင်ယံကို ပျံတက်နေပြီ၊ တစ်ကမ္ဘာလုံးက ငါ့လက်ခုပ်ထဲမှာပဲ၊ ဟားဟား..."
သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများက ပြည့်နှက်နေသဖြင့် သူသည် ဟစ်ကြွေးလိုက်မိသည် - "အားး….."
ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ရွာလေးတစ်ရွာမှ အိမ်တစ်အိမ်၌ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း ပြတင်းပေါက်မှတစ်ဆင့် လမင်းကြီးကို ငေးကြည့်နေမိသည်။
ရုတ်တရက် လမင်း၏ အလယ်တွင် လူရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူသည် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။
"မေမေ၊ ကြည့်ပါဦး၊ ကောင်းကင်မှာ လူတစ်ယောက်ရှိနေတယ်"
သူ၏ ဘေးတွင် ထိုင်ကာ ချည်ငင်နေသော အမျိုးသမီးငယ်မှာ ကလေးငယ်ကို ကြည့်ကာ ရယ်မောလျက် "ရှီးအာ၊ သား မျက်စိမှားတာ ဖြစ်မှာပါ၊ ကောင်းကင်မှာ လူက ဘယ်လိုလုပ် ရှိမှာလဲ"
"ဒါပေမဲ့ မေမေ၊ သား ကောင်းကင်မှာ လူတစ်ယောက် ပျံနေတာကို တကယ် မြင်လိုက်တာပါ" ကလေးငယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"လူတွေက ကောင်းကင်မှာ မပျံနိုင်ဘူးလေ၊ နတ်ဘုရားတွေပဲ ပျံနိုင်တာ"
"သားက နတ်ဘုရားတစ်ပါးကို မြင်လိုက်ရတာလား" ကလေးငယ် ပို၍ စိတ်လှုပ်ရှားသွားသည်။
"ဟုတ်တယ်၊ နတ်ဘုရားတွေက လိမ္မာပြီး ဉာဏ်ကောင်းတဲ့ ကလေးတွေကို သိပ်ချစ်တာ။ သားလည်း နတ်ဘုရားဆီမှာ ဆုတောင်းကြည့်ပါလား" အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်ကဲ့ မေမေ၊ သား အခုပဲ ဆုတောင်းမယ်" ကလေးငယ်သည် ချက်ချင်း မျက်လုံးမှိတ်ကာ လက်အုပ်ချီလျက် စိတ်ရင်းမှန်ဖြင့် ဆုတောင်းလိုက်တော့သည်။
အမျိုးသမီးငယ်သည် ပြတင်းပေါက်ဆီ လျှောက်သွားကာ ကောင်းကင်ကို ကြည့်သော်လည်း ဘာမှ မမြင်ရပေ။
သို့သော် သူမမှာ စိတ်ထဲမထားဘဲ ကလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးကာ ချည်ငင်ရန် ပြန်ထိုင်လိုက်သည်။
ဆုတောင်းပြီးနောက် ကလေးငယ်က မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အံ့သြသွားသည် - "ဟင်။ နတ်ဘုရားက ဘယ်ရောက်သွားတာလဲ"
ထိုအချိန်တွင် မဟာရှ၏ နေရာအနှံ့အပြားတွင် လူအများအပြားသည် ဓားဖြင့်ပျံသန်းနေသော လင်းပိုင်ဖန်ကို မြင်တွေ့ခဲ့ကြသော်လည်း သူတို့အားလုံးက နတ်ဘုရားတစ်ပါးဟုသာ ထင်မှတ်ခဲ့ကြသည်။
သို့နှင့် မဟာရှ နိုင်ငံ တစ်ခွင်တွင် နတ်ဘုရားများအကြောင်း ဒဏ္ဍာရီတစ်ခု တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
လင်းပိုင်ဖန်သည်လည်း ပျော်ရွှင်စွာ ပျံသန်းပြီးနောက် ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ့ရင်ထဲတွင် စကားတစ်ခွန်းသာ ရှိသည် - "စောက်ရမ်း မိုက်တယ်" ဆိုတာပင်….။
"နောက်ရက်တွေကျရင်လည်း ထပ်ပျံရဦးမယ်"
ထိုအချိန်တွင် မဟာရှီ ဧကရာဇ် နှင့် မဟာကျူး ဧကရာဇ်တို့သည် မဟာရှ တွင် အခြေချနေထိုင်နေကြပြီ ဖြစ်သည်။
၎င်းတို့သည် ဧကရာဇ်များ မဟုတ်တော့ဘဲ အာဏာနှင့် စည်းစိမ်များစွာကို ဆုံးရှုံးခဲ့ရသော်လည်း မဟာရွှယ် ဧကရာဇ်၏ လက်ထဲမှ အသက်ရှင် လွတ်မြောက်လာခြင်းမှာပင် ကံကောင်းလှပြီဟု ဆိုရမည် ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် နယ်စားဘွဲ့ကို ရရှိထားသဖြင့် လူနေမှုဘဝမှာ သိပ်ပြီး နိမ့်ကျသွားခြင်း မရှိပေ။
အလားတူ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ခဲ့ရသဖြင့် မဟာရှီ ဧကရာဇ်နှင့် မဟာကျူး ဧကရာဇ်တို့မှာ အလွန် ရင်းနှီးသွားကြသည်။
မဟာရှီ ဧကရာဇ်က ခါးသီးသော အပြုံးဖြင့် "နယ်စားကျူး၊ ငါတို့ကတော့ ဒုက္ခတူညီနောင်တွေပါပဲ။ အခု ငါတို့နှစ်ယောက်လုံး မဟာရှမှာ နေထိုင်နေရပြီဆိုတော့ မဟာရွှယ်ကို အတူတူ တွန်းလှန်ခဲ့သလိုပဲ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတာပေါ့"
"ဒါပေါ့…."
မဟာကျူး ဧကရာဇ်က ချက်ချင်း ပြန်ဖြေသည်။ "ငါတို့ ဒီမှာ ဆုံရတာလည်း ကံတရားကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒီကံတရားအတွက် ငါတို့ ခွက်ချင်းတိုက်ပြီး အောင်ပွဲခံသင့်တယ်"
"သောက်ကြတာပေါ့.."
အနည်းငယ် သောက်စားပြီးနောက် သူတို့၏ ဆက်ဆံရေးမှာ ပို၍ ရင်းနှီးလာသည်။
"နယ်စားကျူး၊ ငါတို့ ဒီမှာ အခြေချပြီးပြီဆိုပေမဲ့ ပတ်ဝန်းကျင်ကို သိပ်မသိသေးဘူး။ မဟာရှ ရဲ့ မြို့တော်ကြီးကို အတူတူ လှည့်ပတ်ကြည့်ကြမလား"
"အကြံကောင်းပဲ၊ ငါ့မှာလည်း အားနေတာနဲ့ အခုပဲ ထွက်ကြမလား"
"ကောင်းပြီ၊ သွားကြစို့"
ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက်သား ထွက်လာခဲ့ကြသည်။
သို့သော် အိမ်မှ ထွက်လာပြီး မကြာမီမှာပင် သူတို့နှင့် ပုံစံချင်း ဆင်တူသော လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။
ဧကရာဇ်နှစ်ပါးကို မြင်လိုက်ရသောအခါ ထိုသူ၏ မျက်လုံးများမှာ တောက်ပသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည် - "ရှီနိုင်ငံရဲ့ ဧကရာဇ် ရှီ၊ ကျူနိုင်ငံရဲ့ ဧကရာဇ် ကျူ၊ မင်းတို့ကို ငါစောင့်နေတာ ကြာပြီ"
ဧကရာဇ်နှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မဟာရှီ ဧကရာဇ်က စူးစမ်းစွာ မေးလိုက်သည် - "ခင်ဗျားက ဘယ်သူလဲ၊ ငါတို့နဲ့ ဘာကိစ္စ ရှိလို့လဲ"
ထိုလူသည် ပြုံးရွှင်စွာဖြင့် အနားသို့ တိုးလာပြီး "ငါက နယ်စားယွဲ့ ပါ၊ မဟာယွဲ့ နိုင်ငံရဲ့ ဧကရာဇ်ဟောင်းပေါ့။ ဟုတ်တာပေါ့၊ မင်းတို့အားလုံး စုပေါင်းပြီး ဖြုတ်ချခဲ့တဲ့ အဲဒီ မဟာယွဲ့ နိုင်ငံရဲ့ ဧကရာဇ်ပဲ။ ငါ့ကို မြင်ရလို့ အံ့သြသွားတာလား။ ဟားဟား..."
ဧကရာဇ်နှစ်ပါး၏ မျက်နှာရိပ်မျက်ကဲမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရန်သူ ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ခုခံရန် ပြင်လိုက်ကြသည်။
"ခင်ဗျား ဘာလာလုပ်တာလဲ။ ငါတို့ကို လာပြီး ကလဲ့စားချေမလို့လား"
"ငါ ပြောလိုက်မယ်၊ ငါက အခု ဧကရာဇ် မဟုတ်တော့ပေမဲ့ မဟာရှ နိုင်ငံရဲ့ နယ်စား တစ်ယောက်ပဲ၊ ငါ့ရဲ့ အဆင့်အတန်းက ခင်ဗျားထက် မနိမ့်ဘူး။ ငါတို့ ခင်ဗျားကို မကြောက်ဘူး"
"ပြီးတော့ ဧကရာဇ်မင်းမြတ်က နယ်စားတွေ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ရဘူးလို့ အမိန့်ထုတ်ထားတယ်၊ ဒါကြောင့် ပြဿနာ လာမရှာနဲ့"
မဟာယွဲ့ ဧကရာဇ်ဟောင်းက လက်ယမ်းပြကာ ရယ်မောလိုက်သည် - "မိတ်ဆွေတို့၊ စိတ်လှုပ်ရှားမနေပါနဲ့၊ ငါက ကလဲ့စားချေဖို့ လာတာ မဟုတ်ပါဘူး"
ဧကရာဇ်နှစ်ပါးမှာ ကြောင်တောင်တောင် ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
"ကလဲ့စားချေဖို့ မဟုတ်ရင် ခင်ဗျားက ဘာလာလုပ်တာလဲ"
"ခင်ဗျား ဘာတွေ ကြံစည်နေတာလဲ…."