အခန်း (၂၃၆)
Vol. 21 Ch. 236
ယွဲ့ဧကရာဇ်က လက်နှစ်ချောင်း ထောင်ပြလိုက်ပြီး "ငါ အခုလာရတဲ့ အဓိကရည်ရွယ်ချက်က နှစ်ခုရှိတယ်" ဟု ပြောလိုက်သည်။
"ဘာရည်ရွယ်ချက်တွေလဲ" ဟု မဟာရှီနှင့် မဟာကျူး ဧကရာဇ်နှစ်ပါးက တပြိုင်နက်တည်း မေးလိုက်ကြသည်။
"ပထမအချက်ကတော့ ငါတို့ကြားက ပဋိပက္ခတွေကို ဖြေရှင်းဖို့ပဲ"
ဧကရာဇ်နှစ်ပါးမှာ သူတို့နားကိုပင် သူတို့မယုံနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ယွဲ့ဧကရာဇ်က ဤကဲ့သို့သောစကားမျိုးကို ပြောထွက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
‘မင်းရဲ့နိုင်ငံကို ငါတို့က ချေမှုန်းခဲ့တာလေ’
‘မင်းဟာ နိုင်ငံမဲ့ ဧကရာဇ်တစ်ပါးဖြစ်သွားပြီး၊ သူတစ်ပါးရဲ့ သနားကရုဏာအောက်မှာ နေနေရတာလေ၊ ဒါတွေအားလုံးက ငါတို့ နှစ်ယောက်ကြောင့်ဖြစ်ခဲ့တာလေ’
ဤကဲ့သို့သော နိုင်ငံတော်အဆင့် ရန်ငြိုးနှင့် အာဃာတများသည် ဖြေဖျောက်ရန် မဖြစ်နိုင်ပေ။
‘ဒါပေမယ့် အခု မင်းက နှစ်ဖက်စလုံးကြားက ပဋိပက္ခတွေကို ဖြေရှင်းချင်တယ်လို့ ပြောနေတာလား။ မင်း ရူးသွားပြီလား’
ယွဲ့ဧကရာဇ်က သူတို့၏အတွေးများကို ရိပ်မိပုံရပြီး "စကားပုံရှိတယ်မဟုတ်လား၊ ရန်ငြိုးကို ရေရှည်မထားဘဲ ဖြေရှင်းတာက အကောင်းဆုံးပဲ။ အတိတ်မှာ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် အသေအကြေ တိုက်ခဲ့ကြပေမဲ့ အခုတော့ ငါတို့အားလုံး နိုင်ငံကို လက်လွှတ်လိုက်ရပြီး လောကရဲ့ အစွန်အဖျားက လေလွင့်တဲ့ သူတွေလို နိုင်ငံမဲ့ ဧကရာဇ်တွေ ဖြစ်ကုန်ကြပြီ။ ဆက်တိုက်နေတာဟာ အဓိပ္ပာယ်မရှိတော့ဘူး၊ ဒါကြောင့် ငါတို့ကြားက ပဋိပက္ခတွေကို ဒီမှာတင် အဆုံးသတ်လိုက်ပြီး အာဃာတတွေ ပြေငြိမ်းကြစို့" ဟု ရှင်းပြလိုက်သည်။
ရှီဧကရာဇ်မှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း "မင်း တကယ်ပြောတာလား။ အတိတ်ကကိစ္စတွေ အားလုံးကို တကယ်ပဲ ဂရုမစိုက်တော့ဘူးလား" ဟု မေးလိုက်သည်။
"ဒါဟာ နိုင်ငံနဲ့ မိသားစု ရန်ငြိုးလေ၊ ယွဲ့နယ်စား" ဟု ကျူးဧကရာဇ်ကလည်း ဆိုလိုက်သည်။
ယွဲ့ဧကရာဇ်က "ဒါပေါ့၊ ငါ အတည်ပြောနေတာ။ ငါ့စကားက ရွှေပဲ။ ငါ ဒီကိုလာတာ ဒီရည်ရွယ်ချက် အတွက်ပဲ။ ငါက မင်းတို့ကို လိမ်ပါ့မလား" ဟု ပြောလိုက်လေသည်။
ဧကရာဇ်နှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ယခုအခါ သူတို့အားလုံးသည် မဟာရှ နိုင်ငံတွင် နယ်စားများအဖြစ် မြို့တော်ထဲ၌ပင် နေထိုင်ကြရသည်။ တစ်ဦးနှင့်တစ်ဦး မလွဲမသွေ တွေ့ဆုံနေကြရမည်ဖြစ်ရာ ဆက်လက် တိုက်ခိုက်နေခြင်းမှာ အမှန်တကယ်ပင် အကျိုးမရှိပေ။ ရန်သူတစ်ယောက်လျော့ပြီး မိတ်ဆွေတစ်ယောက် ပိုရလာမည်ဆိုလျှင် ထိုအရာက သဘာဝကျကျပင် ကောင်းမွန်လှသည်။
"ကောင်းပြီ၊ သဘောတူတယ်"
"ဒီနေ့ကစပြီး အတိတ်က ရန်ငြိုးတွေအားလုံးကို အကုန်အစင် ဖျောက်ပစ်လိုက်ကြရအောင်"
"အဲဒါမျိုးမှပေါ့" ယွဲ့ဧကရာဇ်မှာ အားရပါးရ ရယ်မောလိုက်သည်။
"ဒါဆို မင်း ဒီကိုလာရတဲ့ ဒုတိယမြောက် ရည်ရွယ်ချက်က ဘာလဲ" ဟု ကျူးဧကရာဇ်က မေးမြန်းလိုက်သည်။
ယွဲ့ဧကရာဇ်က ဧကရာဇ်နှစ်ပါး၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး "ဒုတိယအချက်ကတော့ ငါတို့သုံးယောက် မဟာမိတ်ဖွဲ့ဖို့ပဲ၊ စိတ်တူကိုယ်တူ လက်တွဲပြီး တစ်ယောက်ကိုတစ်ယောက် ကူညီရင်း ဟိုနိုင်ငံငယ်လေးတွေက ဧကရာဇ်အုပ်စုကို အတူတူ ဆန့်ကျင်ကြရအောင်" ဟု ပြောလိုက်သည်။
"မဟာမိတ်ဖွဲ့မယ်။ နိုင်ငံငယ် ဧကရာဇ်တွေကို ဆန့်ကျင်ဖို့?"
"ဘာဖြစ်လို့လဲ"
အသစ်ရောက်လာသော ဧကရာဇ်နှစ်ပါးမှာ လုံးဝပင် ကြောင်အသွားကြသည်။
"ဘာလို့လဲဆိုတော့ ရေတိမ်မှာ နဂါးဟာ ပုစွန်ရဲ့ ကျီစားတာကို ခံရတတ်ပြီး၊ လွင်ပြင်မှာလဲကျတဲ့ ကျားဟာလည်း ခွေးရဲ့ အနိုင်ကျင့်တာကို ခံရတတ်လို့ပဲ"
ယွဲ့ဧကရာဇ်က အားတင်းပြီး မျက်ရည်တစ်ပေါက် ညှစ်ထုတ်လိုက်ကာ မခံမရပ်နိုင်ဖြစ်ဟန်ဖြင့် "ငါဟာ အရင်က နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဧကရာဇ်ဖြစ်ခဲ့ပေမဲ့ အခုတော့ အခြေအနေက နိမ့်ပါးသွားပြီ။ အဲဒီတော့ ဒီလိုလူဖျင်းတွေက အခွင့်အရေးရတာနဲ့ ငါ့ကို နင်းချေဖို့ ကြိုးစားကြပြီး ငါ့ဦးခေါင်းပေါ် တက်ချင်နေကြတာ"
"ငါက နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဧကရာဇ်ပဲ၊ သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ။ ဒါကြောင့် ငါ သူတို့ကို ပြန်တိုက်ခဲ့တယ်"
"ဒါပေမဲ့ အဲဒီနိုင်ငံငယ်က ဧကရာဇ်တွေက တကယ်ကို လူမဆန်ကြဘူး။ ငါ့ကို တစ်ယောက်ချင်း မနိုင်တော့ အုပ်စုဖွဲ့ကြတယ်။ သူတို့က အင်အားတောင့်တင်းပြီး လူများတယ်၊ ငါက တစ်ယောက်တည်းလေ၊ အဲ့တော့ သူတို့အားလုံးကို ဘယ်လိုယှဉ်နိုင်မှာလဲ။ ရှုံးလိုက်တိုင်းမှာ ငါ့မျက်နှာကို ငါကိုယ်တိုင် ပြန်ရိုက်ခိုင်းတယ်။ ငါ့ကိုယ်ငါ ဘယ်နှစ်ကြိမ်တောင် ရိုက်ခဲ့ရလဲတောင် မသိတော့ဘူး၊ ငါ့မျက်နှာတောင် ဖူးရောင်နေပြီ"
ယွဲ့ဧကရာဇ်မှာ သူ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် သူ၏ သွေးရောင်လွှမ်းနေသော ပါးသားများကို ဆွဲပြနေသေးသည်။
ရှီဧကရာဇ်က "ဒါ အမှန်ပဲလား" ဟု သံသယဖြင့် မေးလိုက်သည်။
"အမှန်ပေါ့။ မင်းတို့ အပြင်ထွက်ပြီး စုံစမ်းကြည့်လို့ရတယ်။ ငါ ဘာလို့ လိမ်ရမှာလဲ။ မင်းတို့ မလာခင်က ငါ့ဘဝဟာ ဘယ်လောက်တောင် သနားစရာကောင်းလဲ မင်းတို့မသိပါဘူး။ ငါ အသက်တောင် ဆက်မရှင်ချင်တော့ဘူး" ယွဲ့ဧကရာဇ်က စိတ်ပျက်အားငယ်စွာဖြင့် ငိုလေတော့သည်။
ကျူးနှင့် ရှီ ဧကရာဇ်နှစ်ပါးစလုံး ဒေါသထွက်သွားခဲ့ကြသည်။
"ဘာ…။ ဒီလိုကိစ္စမျိုး တကယ်ဖြစ်ခဲ့တာလား"
"သူတို့တွေ လွန်လွန်းသွားပြီ"
အနာဂတ်တွင် သူတို့ကိုယ်တိုင်လည်း ထိုသို့သော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ကို တွေးမိသောအခါ မခံမရပ်နိုင် ဖြစ်လာကြသည်။
"အရှင်မင်းကြီးက ကြားဝင်မစွက်ဖက်ဘဲ သူတို့ကို အဲဒီလို ထင်တိုင်းကြဲခွင့် ပေးထားတာလား" ဟု ရှီဧကရာဇ်က အနည်းငယ် ဒေါသတကြီးဖြင့် မေးလိုက်သည်။
"အရှင်မင်းကြီးက ကြားဝင်စွက်ဖက်ပါတယ်၊ သူက ငါတို့ကို စာပေယှဉ်ပြိုင်ပွဲ လုပ်ဖို့ အမိန့်ပေးထားတယ်" ဟု ယွဲ့ဧကရာဇ်က ပြောလိုက်သည်။
"ဒါဆို ကောင်းတာပေါ့" ကျူးဧကရာဇ်က ရယ်မောလိုက်သည်။
"ဘာ ကောင်းတာလဲ" ယွဲ့ဧကရာဇ်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။ "မင်းတို့က စာပေယှဉ်ပြိုင်ပွဲဆိုတာ ဘာလဲ သိလို့လား"
ဧကရာဇ်နှစ်ပါးစလုံးက ခေါင်းခါလိုက်ကြပြီး "မသိဘူး" ဟု ဖြေလိုက်ကြသည်။
"ငါ အခုပြောပြမယ်၊ စာပေယှဉ်ပြိုင်ပွဲ ဆိုတာ ငါက သူတို့နဲ့ အတူတူ အေးအေးဆေးဆေး ထိုင်နေပြီး၊ ငါက သူတို့ကို တစ်ချက်ထိုး၊ သူတို့က ငါ့ကို တစ်ချက်ပြန်ထိုး၊ တစ်ယောက်ယောက် လဲကျသွားတဲ့အထိ ထိုးကြတာကို ပြောတာ"
ဧကရာဇ်နှစ်ပါး- "ဟ…. သောက်ကျိုးနည်း"
သူတို့သည် စာပေယှဉ်ပြိုင်ပွဲ၏ ရက်စက်မှုကို ချက်ချင်း နားလည်သွားကြသည်။ ရန်သူကို တစ်ထောင်ဖိုး နာအောင်လုပ်ဖို့ ကိုယ့်ဘက်က ရှစ်ရာဖိုး အနာခံရသည့် နည်းလမ်းပင်။ မည်သည့်ဧကရာဇ်က ထိုဒဏ်ကို တောင့်ခံနိုင်မည်နည်း။
"အကြံက မိုက်တယ်မလား" ဟု ယွဲ့ဧကရာဇ်က မေးလိုက်သည်။
ဧကရာဇ်နှစ်ပါးစလုံးမှာ လက်မထောင်ပြလိုက်ပြီး "မိုက်တယ်။ တကယ်ကို လုံးဝ မိုက်တယ်"
ယွဲ့ဧကရာဇ်က လျှာကိုသပ်ကာ ခေါင်းခါလိုက်ပြီး "ဟုတ်တယ်၊ သိပ်မိုက်လွန်းလို့ အရှင်မင်းကြီးတစ်ယောက်ပဲ ဒီလို အရှက်မရှိတဲ့ အကြံမျိုးကို ထုတ်နိုင်တာ"
ထိုစဉ် ကောင်းကင်မှ အသားမုန့် တစ်ခု ပြုတ်ကျလာပြီး ယွဲ့ဧကရာဇ်၏ ဦးခေါင်းကို ထိမှန်သွားသည်။
ယွဲ့ဧကရာဇ်က အော်ဟစ်လိုက်ကာ "ဘယ်သူ ငါ့ကို ထုတာလဲ။ ဘယ်သူက ငါ့ကို အသားမုန့်နဲ့ ပစ်တာလဲ။ အခုချက်ချင်း ထွက်လာခဲ့။ ငါ မင်းကို မြင်ပြီးပြီ" သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ဘာမှ မတွေ့ရပေ။
ယွဲ့ဧကရာဇ်က ထိုအသားမုန့်ကို ကိုင်ထားရင်း ဒေါသတကြီး မေးလိုက်သည် "မင်းတို့နှစ်ယောက်ရော ဘယ်သူပစ်လိုက်လဲ မြင်လိုက်လား"
ဧကရာဇ်နှစ်ပါးမှာ ခေါင်းခါလိုက်ကြပြီး "မသိဘူး၊ ငါတို့ ဘာမှ မမြင်လိုက်ဘူး"
"ထားလိုက်တော့၊ အဲဒါကို အခု လောလောဆယ် ဂရုမစိုက်နဲ့ဦး"
ယွဲ့ဧကရာဇ်က အသားမုန့်ကို ဘေးဖယ်ထားလိုက်ပြီး ဧကရာဇ်နှစ်ပါး၏ ပခုံးကို ဖက်ကာ ပြတ်သားတဲ့ အမူအရာဖြင့် ကြေညာလိုက်သည် "အဲဒါကြောင့် ငါတို့ စည်းလုံးရမယ်။ သူတို့မှာ လူလေးယောက်ရှိတယ်၊ ငါတို့မှာ သုံးယောက်ပဲ ရှိသေးတာ။ အခု ငါတို့ ပူးပေါင်းမထားရင် ငါတို့ သွားပြီ။ သူတို့က ငါတို့ကို တစ်ယောက်ချင်းစီ အနိုင်ကျင့်ကြလိမ့်မယ်။ ငါ့ရဲ့ အဲ့ဒီနေ့က မင်းတို့ရဲ့ မနက်ဖြန်ပဲ"
"မှန်တယ်" ဧကရာဇ်နှစ်ပါးမှာ ခေါင်းကို အပြင်းအထန် ငြိတ်လိုက်ကြသည်။
ထိုစဉ် ဗိုက်ထဲမှ မြည်သံတစ်ခု ထွက်ပေါ်လာသည်။
ယွဲ့ဧကရာဇ်နှင့် ရှီဧကရာဇ်တို့က ကျူးဧကရာဇ်၏ ဗိုက်ကို လှည့်ကြည့်လိုက်ကြသည်။ ကျူးဧကရာဇ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေါင်းငုံ့ကာ "ငါ ခုနက အရမ်းအလုပ်များနေလို့ စားဖို့မေ့သွားတာ၊ အခုမှ ဗိုက်ဆာလာလို့ပါ"
ယွဲ့ဧကရာဇ်က အားရပါးရ ရယ်မောလိုက်ပြီး "ဒါ ဘာအရေးကြီးလို့လဲ။ အချိန်ကလည်း နောက်ကျနေပြီဆိုတော့ အရင်ဆုံး သွားစားကြရအောင်။ ငါ ကျွေးမယ်"
......
မကြာမီအချိန်အတွင်းမှာပင် သူတို့သည် စည်ကားလှသော စားသောက်ဆိုင်တစ်ခုတွင် ဟော့ပေါ့ စားနေကြသည်။
ဧကရာဇ် ရှီနှင့် ကျူး တို့မှာ ပါးစပ်တွင် ဆီများပေကျံနေကာ ခေါင်းမှ ချွေးများ စီးကျနေရင်း အံ့အားသင့်စွာ ရေရွတ်နေကြသည်။
"အမဲသားနဲ့ ဆိတ်သားကို ဒီလိုနည်းနဲ့ စားလို့ရမယ်လို့ ဘယ်သူ ထင်ထားမှာလဲ"
"အသားတစ်ဖတ်ကို ယူပြီး ဟော့ပေါ့အိုးထဲ ခဏလေး ဝေ့လိုက်ရုံနဲ့ စားလို့ရပြီ။ လတ်ဆတ်တယ်၊ နူးညံ့တယ်၊ မွှေးကြိုင်ပြီး ပူနွေးနေတာပဲ။ ဒီခံစားချက်ကို ဖော်ပြဖို့ စကားတစ်ခွန်းပဲ ရှိတယ် - အရမ်း မိုက်တယ်"
"ဒီ အချဥ်ရည်က ဟော့ပေါ့ရဲ့ အသက်ပဲ။ ဒါမရှိရင် ဟော့ပေါ့က သာမန်ပဲ ဖြစ်မှာ"
"ငါ ဧကရာဇ် လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမဲ့ မဟာရှက သာမန်လူတစ်ယောက်လောက်တောင် ကောင်းကောင်း မစားခဲ့ရပါလား"
"မဟာရှကို လာတာ တကယ် မှန်ကန်တဲ့ ရွေးချယ်မှုပဲလို့ ခံစားရတယ်"
ယွဲ့ဧကရာဇ်က ရယ်မောလိုက်ပြီး "ညီအစ်ကိုတို့၊ မဟာရှမှာ အရသာရှိပြီး ပျော်စရာကောင်းတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ၊ ငါ မင်းတို့ကို အဝကျွေးပြီး အပန်းဖြေဖို့ ခေါ်သွားပေးမယ်၊ ဘယ်လိုလဲ"
"ကောင်းပြီ၊ ကောင်းပြီ" ဧကရာဇ်နှစ်ပါးက ပျော်ရွှင်စွာ လက်ခံလိုက်ကြသည်။
အချိန်အတန်ကြာသောအခါ ဧကရာဇ်သုံးပါးစလုံး ဗိုက်ပြည့်သွားကြပြီး ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီကာ သွားကြားထိုးနေကြသည်။
ယွဲ့ဧကရာဇ်က လေတက်လိုက်ပြီး တက်ကြွစွာ ကြေညာလိုက်သည်။ "ဒီဟော့ပေါ့ကို အတူတူ စားပြီးပြီဆိုတော့ ငါတို့ဟာ အခု ညီအစ်ကိုတွေ ဖြစ်သွားပြီ။ ရှေးခေတ်က လူတွေဟာ မဟာမိတ်ဖွဲ့ရင် သွေးသစ္စာဆိုကြတယ်၊ ဒီနေ့ ငါတို့ကတော့ ဟော့ပေါ့နဲ့ သစ္စာဆိုကြမယ်။ ငါတို့ မွေးရက်၊ လ၊ နှစ် မတူကြပေမဲ့ သေတဲ့ ရက်၊ လ၊ နှစ် တူဖို့ပဲ ဆုတောင်းကြစို့"
ရှီဧကရာဇ်က အဲ့ဒီလူ၏ အနည်းငယ် အိုမင်းနေသော မျက်နှာကို ကြည့်ပြီး "သေတဲ့ရက် တူဖို့ကိုတော့ မရည်ရွယ်ပါနဲ့၊ ဒါပေမဲ့ မဟာမိတ်ဖွဲ့ဖို့ကတော့ ဖြစ်နိုင်ပါတယ်။ ဒီနေ့ကစပြီး ငါတို့ သုံးယောက်ဟာ မဟာမိတ်တွေပဲ၊ အဲဒီ လူယုတ်မာအုပ်စုကို အတူတူ ဆန့်ကျင်ကြမယ်"
ကျူးဧကရာဇ်ကလည်း အသံကျယ်လောင်စွာဖြင့် "မင်း ပြောတာ လုံးဝ မှန်တယ်" ဟု အော်လိုက်သည်။
"ငါက အသက်အကြီးဆုံးဆိုတော့ ငါ့ကို အစ်ကိုကြီးလို့ သတ်မှတ်ကြပေါ့။ ငါ့ရဲ့ ညီငယ်နှစ်ယောက် ဘယ်လိုသဘောရလဲ"
ဧကရာဇ်နှစ်ပါးက ချက်ချင်းပင် "အစ်ကိုကြီး" ဟု နှုတ်ဆက်လိုက်ကြသည်။
ယွဲ့ဧကရာဇ်မှာ အားရပါးရ ရယ်မောကာ "ကောင်းပြီ၊ ကောင်းပြီ၊ ငါ့ရဲ့ ညီငယ်တို့၊ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ အခု ဟိုနိုင်ငံငယ်က လူယုတ်မာတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆွေးနွေးကြရအောင်။ နိုင်ငံကြီးတစ်နိုင်ငံရဲ့ အရှိန်အဝါက ဘယ်လိုရှိလဲဆိုတာ သူတို့ကို ပြလိုက်ကြစို့"
"ဟုတ်တာပေါ့" ဧကရာဇ်နှစ်ပါးစလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ထို့နောက် ခေါင်းသုံးလုံး ပူးပေါင်းကာ သူတို့၏ အစီအစဉ်များကို အလေးအနက် ဆွေးနွေးကြလေတော့သည်။