← Chapters

သူတော်စင်အဆင့်များ ထွက်ပေါ်လာခြင်း

Vol. 18 Ch. 206

သူတော်စင်အဆင့်များ ထွက်ပေါ်လာခြင်း

Vol. 18 Ch. 206

ဝမ်စုန်းနှင့်တကွ ရှေးဟောင်းနတ်ဘုရားများအားလုံးမှာ အံ့သြခြင်းနှင့်အတူ စိုးရိမ်မှုများ ပြည့်နှက်နေကြသော်လည်း ချင်းရွှေရွာသား ရှစ်ယောက်ကတော့ စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်သံများပင် မြန်လာကြသည်။

အထူးသဖြင့် ကျူးရှီကျုံးက အသိသာဆုံးဖြစ်သည်။ မသိလျှင် ပထမဆုံးရလာမည့် နည်းစနစ်ကို သူ့အားသေချာပေါက်ပေးတော့မည့်အလား ပျော်ရွှင်နေပြီး ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေ၏။

“ဟွန်း... လမ်းတစ်လျှောက်လုံး ငါက ကြောက်သလို လန့်သလိုလို ဟန်ဆောင်နေတာကို အထင်မသေးနဲ့။ ဒီနေ့ပြီးရင်တော့ ငါကျူးကြီးက အကုန်လုံးကို ပြန်ပြီး ပညာပြတော့မှာကွ"

အမြုတေအဆင့်မျှသာရှိသော ကျူးရှိကျုံးက မာန်ပါပါကြုံးဝါးလိုက်ရာ အနီးရှိ စစ်မှန်နတ်ဘုရားများမှာ အံ့အားသင့်ရုံသာမက ကြောင်တောင်တောင်ပင် ဖြစ်သွားကြသည်။

“ဒီကောင် ရူးသွားပြီလား။ အမြုတေအဆင့် ကျင့်ကြံသူကများ ပြန်ပြီးပညာပြမယ်တဲ့။ ရယ်တောင် မရယ်ချင်ဘူး”

ဝမ်စုန်းတို့အဖွဲ့သည် အကြောင်းမဲ့ကြီး ဝမ်းသာလုံးများဆို့ကာ ဂဏာမငြိမ်ဖြစ်နေသော ရွာသားရှစ်ယောက်ကို ကြည့်ရင်း စိတ်ပျက်သလိုခေါင်းခါမိကြသည်။

ဒီကောင်တွေကတော်တော်လေး အပိုတွေသရုပ်ဆောင်နေသလိုပဲ ။

နတ်ဘုရားပုံရိပ်ဖော်တာလေးကို ဒီလောက်ကြီး ဝမ်းသာနေစရာလား ။

ရွာသားများ၏ ဝမ်းသာအားရ ဖြစ်နေပုံက အနည်းငယ် အလွန်အကျွံဖြစ်နေသည်ဟု သူတို့ ခံစားနေရသည်။

“ဒီတစ်ခါမှာ နတ်ဘုရားအရှင်က ဘယ်လိုအဆင့်ရှိတဲ့ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်မျိုးကို ဖန်တီးပေးမလဲဆိုတာ တကယ်ကို သိချင်မိတယ်”

“ငါဆိုတဲ့ ကျူးကြီးက ခွေးတစ်ကောင်ရဲ့ အရှိန်အဝါအောက်မှာ တစ်သက်လုံး နေသွားလို့တော့ မဖြစ်ဘူးမှတ်လား ”

"အေးပါ မင်းကခွေးထက်သာရင် ကျေနပ်တယ်ပေါ့ ဟုတ်လား "

ရွာသား ရှစ်ယောက်မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

အထူးသဖြင့် ဒဏ္ဍာရီအဆင့်များဖြစ်သည့်သူတော်စင်ဆယ်ရှစ်ပါးသည် ထိပ်ဆုံးနှစ်ပါးမှလွဲ၍ ကျန်သော ဆယ့်ခြောက်ပါးလုံး စစ်မှန်နတ်ဘုရားများဖြစ်သွားကတည်းက သူတို့မှာ ကြီးမားသော စိတ်ဒဏ်ရာများရခဲ့ကြသည် မဟုတ်ပါလား။

ငါတို့က ဘယ်သူတွေလဲ။

နတ်ဘုရားအရှင်ရဲ့ အစောဆုံးသာဝကတွေလေ ။ဘာမဟုတ်တဲ့ သူစိမ်းတွေက ဒဏ္ဍာရီအဆင့်နတ်ဘုရားတွေဖြစ်ခွင့်ရပြီး ငါတို့ကတော့ ခုချိန်ထိ သာမန်ရွာသားလေးတွေပဲ ရှိသေးတယ် ။

လောကကြီးက မတရားဘူး ။

သူတို့အားလုံး ပြင်းထန်စွာ မနာလိုခဲ့ကြရသည်။

“ချင်းရွှေရွာနတ်ဘုရားက ပုံရိပ်ဖော်တော့မှာဆိုတော့ ငါတို့လည်း ပုံရိပ်ဖော်စကားပြောခန်းထဲကို တစ်ချက်လောက် သွားကြည့်ကြမလား”

အမြွှာညီမငယ်က အခြားသူများကို အကြံပြုလိုက်သည်။

ယခုလိုအချိန်မျိုးတွင် ထိုနတ်ဘုရားက အဘယ့်ကြောင့် ပုံရိပ်ဖော်ရန်ကြိုးစားနေရသနည်းဆိုသည်ကို သူမအလွန်သိချင်နေ၏။

“ဟုတ်တယ်၊ သွားကြည့်ကြတာပေါ့”

မည်သို့ပင်ဖြစ်စေ သူတို့ကလည်း ထိုင်စောင့်နေရမည်ဖြစ်သည် ။ ပျင်းစရာကောင်းနေကြသည်ဖြစ်ရာ ပုံရိပ်ဖော်တောင်ထဲသို့ဝင်ကာ လေ့လာကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

“ပုံရိပ်ဖော်တောင်က ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ ဝင်ရကျိုးနပ်မှာ မဟုတ်ဘူး”

“စိတ်မပူကြပါနဲ့ ...ချင်းရွှေအရှင်မြတ်က အစွမ်းထက်ပြီး ထူးခြားတဲ့သူပဲ။ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာတာလောက်က သူ့အတွက်တော့ သာမန်လောက်ပါပဲ”

ဝမ်စုန်းက သူ၏အသစ်စက်စက် အရှင်သခင် မြှောက်ပင့်ပြောဆိုလိုက်သည်။

"မင်းကတော့ တကယ့်ကောင်ပဲ"

ရှေးဟောင်းနတ်ဘုရားများသည် အချင်းချင်းစနောက်ရင်းမှ တိတ်ဆိတ်သွားပြီး ပုံရိပ်ဖော်နယ်ပယ်သို့ ဝင်ရောက်သွားကြသည်။

တိတ်ဆိတ်သွားသော ရှေးဟောင်းနတ်ဘုရားများကို ကြည့်ကာ ရှန်တုက မဲ့လိုက်၏။

“ရွှေရောင်လောက်ကိုများ စကားထဲထည့်ပြောနေသေးတယ် ၊ ပုံရိပ်ဖော်နယ်ပယ်ထဲ ရောက်တဲ့အခါ အလင်းစူးလို့ မျက်စိမကန်းသွားအောင်သာ ခင်ဗျားတို့ ဆုတောင်းထားကြ”

ယခုလိုအချိန်တွင် ကျိယွမ်သည် သာမန်နည်းစနစ်ကို ဖန်တီးမည်မဟုတ်ဟု သူလုံးဝယုံကြည်နေ၏။

တစ်ဖက်တွင်လည်း ကျိယွမ်သည် ပုံရိပ်ဖော် စကားပြောအုပ်စုထဲသို့ ရောက်နေခဲ့သည်။

“အားလုံးပဲ၊ ငါ စိတ်ကူးပုံဖော်တော့မယ်။ အုပ်စုခေါင်းဆောင်၊ ငါ့ကို အစွမ်းတိုးမြှင့်ပေးတဲ့ ကန့်ကွက်စာသားလေးတစ်ခုလောက် ပေးနိုင်မလား။ ဒီတစ်ခါ စိတ်ကူးပုံဖော်တာ အောင်မြင်ပါ့မလားလို့ နည်းနည်း စိုးရိမ်နေလို့ပါ”

ကျိယွမ်သည် အမှန်တကယ်ပင် မသေချာသလို ခံစားနေရသည်။ အကြောင်းမှာ ဤလောက၏ အမြင့်ဆုံးအဆင့်မှာ သူတော်စင်အဆင့်ဟု သိထားသောကြောင့်ပင်။

အကယ်၍ သူက ထိုအဆင့်ထက် ကျော်လွန်သည့် အရာတစ်ခုခုကို ပုံဖော်လိုက်လျှင် တကယ်ရော ပေါ်ပေါက်လာနိုင်ပါ့မလား..

သို့မဟုတ် အပြင်တွင်မည်မျှအဆင့်မြင့်မြင့် ဤလောကထဲသို့ရောက်လာလျှင် သူတော်စင်အဆင့်များသာ ဖြစ်သွားကြမလားဟု တွေးကာစိတ်ပူမိသည်။

ထို့ကြောင့် သုန်းကျန်းဟဲထံမှ အကူအညီ တောင်းလိုက်ခြင်း ဖြစ်သည်။

“ဟားဟားဟား”

“ဟားဟားဟား”

သုန်းကျန်းဟဲသည် အုပ်စုထဲတွင် ကျယ်လောင်စွာ ရယ်မောလိုက်၏။

“နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီပဲ ၊ ကျိယွမ် ...မင်းရဲ့ အစွမ်းတွေ ကုန်ခန်းသွားပြီပေါ့လေ"

သုန်းကျန်းဟဲမှာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ မကြာသေးမီကဆိုလျှင် သူသည် အုပ်စုထဲတွင် ဆက်တိုက်လိုလိုအရှက်ရခဲ့သည်။ သူသည် ရှားပါးအဆင့် တစ်ခုကို ပုံဖော်နိုင်ခဲ့သော်လည်း အုပ်စုထဲကလူများက သူ့ကို လူငယ်ဧကရာဇ်ဟု မခေါ်ကြတော့ဘဲ သုန်းဝမ်ကုန်းဟုသာ ခေါ်ကြတော့သည်။

“ကျိယွမ်မှာ အစွမ်းတွေ မရှိတော့ဘူးဆိုတာ ငါ အစကတည်းက သိသားပဲ”

“ဒီကောင်က ရှိသမျှအကုန်သုံးပစ်တာကိုး ၊ အခုကစပြီး ကျိယွမ်က ဘာမှ ပုံဖော်နိုင်တော့မှာ မဟုတ်ဘူး။ ငါလို ပါရမီရှင်သုန်းကျန်းဟဲမှာပဲ တောက်ပတဲ့ အနာဂတ် ရှိတော့တာ”

“ဒီတစ်ခါ ငါ့ရဲ့ ခန့်မှန်းချက် မမှားနိုင်ဘူး။ ငါ့ရဲ့ စိတ်အာရုံက ကြိုသိနေတယ်”

ကျိယွမ်သည် ထိုစာများကို ဖတ်ရင်း ပြုံးလိုက်သည်။ ဤသည်မှာ သူဖြစ်စေချင်သည့် အခြေအနေပင် ။

သုန်းကျန်းဟဲက သူ့အားကျရှုံးမည်ဟု အပိုင်ပြောနေလေပြီ။

ဒီနေ့ အရာအားလုံးက အဆင်ပြေချောမွေ့သွားတော့မည်။

ထိုစဥ်မှာပင် အခြားအဖွဲ့ဝင်များကလည်း မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုကြသည်။

“သုန်းန်းကျန်းဟဲ၊ မင်းကတော့ ရှက်ဖို့တောင် ကောင်းသေးတယ်"

“ဒဏ္ဍာရီအဆင့် အခု ၂၀ ကိုဖန်တီးတဲ့သူ က ကျဆင်းနေပြီး ရှားပါးအဆင့် ၂ ခုတည်းလေး ဖန်တီးနိုင်တဲ့ကောင်က အနာဂတ် တောက်ပနေတာလား”

“ကျိယွမ်က ဒီတစ်ခါမှာလည်း ထူးခြားအဆင့်လောက်တော့ ပုံဖော်နိုင်ဦးမှာပဲလို့ ငါ လောင်းကြေးထပ်တယ်”

"မင်း လောင်းရဲလား "

"သုန်းဝမ်ကုန်း ..မင်းပြောလေ ..."

ငြိမ်သက်နေသောစကားပြောအုပ်စုသည် ရုတ်တရက် အငြင်းအခုန်များဖြင့် စည်ကားသွားလေသည်။

ကျိယွမ်သည် ဆူညံနေသော စကားပြောခန်းကို ဂရုမစိုက်တော့ဘဲ ပုံရိပ်ဖော်တောင်ထဲသို့ ဝင်ရောက်လိုက်၏။

“ငါ့မှာ မိစ္ဆာနတ်ဘုရားစွမ်းအင်အများကြီး မကျန်တော့ဘူး။ တတိယအဆင့် နတ်ဘုရားနှစ်ပါးဆီက ရတဲ့ အစွမ်းအထက်ဆုံးစွမ်းအင်ပဲ ရှိတော့တယ်။ ဒါပေမဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ရှစ်ပါးလောက်ကို ပုံဖော်ဖို့တော့ လောက်မယ်ထင်ပါတယ်”

ကျိယွမ်သည် မြင့်မားသောပုံရိပ်ဖော်တောင်ကြီးကို ကြည့်ကာ မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်သည်။

တီးတိုးရေရွတ်သံက သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာ၏။

“ခေါင်းလေးလုံး၊ လက်ရှစ်ဖက်နဲ့ ခန့်ညားထည်ဝါတဲ့ အသွင်သဏ္ဍာန် ပေါ်လာစေ။ ကြယ်ခုနစ်ပွင့်နဲ့ ဝိညာဉ်ရှစ်ပါးရဲ့ ဖန်ဆင်းခြင်းအစွမ်းကို ကိုင်စွဲထားစေ။ အမြင့် ကျန်း၁၅၀ ခန့်ရှိပြီး ဆံပင်နီ၊ ဝတ်ရုံနီနဲ့ ရွှေချပ်ဝတ်တန်ဆာကို ဆင်မြန်းထားစေ။ နတ်စစ်သည် သုံးသိန်းခြောက်သောင်းကို ဦးဆောင်ပြီး လက်နက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ နတ်ဆိုးတွေကို ချေမှုန်းနိုင်ကာ နတ်ဘုရားအလင်းတန်းတွေ ထွန်းလင်းစေသတည်း”

ကျိယွမ်၏ စိတ်ထဲတွင် ပုံဖော်လိုက်သည်နှင့် ခေါင်းလေးလုံး၊ လက်ရှစ်ဖက်ရှိသော ကြောက်မက်ဖွယ် နတ်ဘုရားတစ်ပါး ပေါ်လာခဲ့သည်။ ခေါင်းတစ်ခုချင်းစီကလည်း အလွန်ဒေါသထွက်နေသော အမူအရာများ ရှိနေပြီး လက်များထဲတွင် လှံရှည်၊ လှံတို၊ ခက်ရင်းခွ၊ သံလျက်၊ ခေါင်းလောင်း၊ တံဆိပ်တုံး၊ မီးသေနတ်နှင့် မီးကြိုး စသည့် လက်နက်ရှစ်မျိုးကို ကိုင်ဆောင်ထား၏။

ထိုနတ်ဘုရားသည် ကျိယွမ်၏ နောက်တွင် ကြယ်တာရာတစ်ခုကဲ့သို့ ခန့်ညားထည်ဝါစွာ ရပ်နေသည်။ ယခုအချိန်၌ ကောင်းကင်တစ်ခုလုံးပင် သူ၏ တောက်ပမှုအောက်တွင် မှေးမှိန်သွားရလေသည်။

ကျိယွမ်၏ နားထဲတွင် မရေမတွက်နိုင်သော ကောင်းကင်စစ်သည်များ၏ ကြွေးကြော်သံများကလည်း ပြည့်နှက်သွား၏။

“ထျန်းဖုန် .. ထျန်းဖုန်... နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး”

“စစ်သည် သုံးသိန်း၊ ငါ၏ ကောင်းကင်ကိုးထပ်ကို စောင့်ကြပ်ကြလော့"

ယခုအကြိမ်တွင် ကျိယွမ် ပုံဖော်နေသည့် ပုဂ္ဂိုလ်မှာ မြောက်ဝင်ရိုးစွန်း၏ ကောင်းကင်ဧကရာဇ်၊ အမြင့်ဆုံးတရားမင်း၊ နတ်စစ်တပ်များ၏ တပ်မှူးကြီးထျန်းဖုန်ပင် ဖြစ်သည်။

သူ၏ ဘွဲ့တော်မှာ “မြောက်ဝင်ရိုးစွန်း၏ အမြင့်ဆုံးတရားမင်း၊ ကောင်းကင်စစ်တပ်များ၏တပ်မှူးကြီး” ဖြစ်ပြီး မြောက်ကြယ်ဧကရာဇ်လက်အောက်ရှိ အစောင့်အရှောက်ကြီး လေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ကာ မြောက်ဝင်ရိုးစွန်း၏ သူတော်စင်လေးပါးတွင် ခေါင်းဆောင်လည်း ဖြစ်သည်။

နတ်ဘုရားပေါ်လာသည်နှင့် ကျိယွမ်က ငေးမောမနေပါ ။ သူက ကြယ်တာရာအမြုတေကိုချက်ချင်းအသက်သွင်းလ်ုက်၏။ထိုအချိန်မှာပင် ပုံရိပ်ဖွေတောင်မှ စိတ်ဝိညာည်မေးခွန်းနှစ်ခု ထွက်ပေါ်လာသည်။

ကျိယွမ်၏မျက်လုံးများက လုံးဝ ပြတ်သားနေပြီး သူက မတွန့်မဆုတ် ဖြေလိုက်သည်။

“ဒီနတ်ဘုရားက တကယ် တည်ရှိတယ်”

“ငါ သူ့ကို မြင်ဖူးတယ်။ သူက ကောင်းကင်မြစ်ကို အုပ်ချုပ်ပြီး မိုးကြိုးဌာနက စစ်သည် သုံးသိန်းခြောက်သောင်းကို ဦးဆောင်နေတာ"

ရုတ်တရက် ပုံရိပ်ဖော်နယ်ပယ်တစ်ခုလုံး ငြိမ်သက်သွားပြီး ပုံရိပ်ဖော်တောင်တန်းသည် ကောင်းကင်ဘုံ၏ နိယာမများကဲ့သို့ စတင်အလုပ်လုပ်တော့သည်။

ကျိယွမ်၏ သွင်ပြင်မှာတည်ငြိမ်နေသော်လည်း ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

ထျန်းဖုန်တပ်မှုးသည်ဒဏ္ဍာရီတွင် အဆင့်အတန်း မြင့်မားပြီး အလွန်အစွမ်းထက်သည့် နတ်ဘုရား ဖြစ်၏။ အကယ်၍ ဤနတ်ဘုရားကိုသာ ဖန်တီးနိုင်ခဲ့လျှင် ရလဒ်မှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။

ဘုန်း....

ဘုန်း...

ဘုန်း...

ရုတ်တရက် မရေမတွက်နိုင်သော စည်သံများက ပုံရိပ်ဖော်တောင်ကြီးတစ်ခုလုံးမှ ဟိန်းထွက်လာသည်။ ထိုအသံမှာ ရှေးဟောင်းခေတ်မှ လာသကဲ့သို့ ခန့်ညားထည်ဝါပြီး စွမ်းအားကြီးလှကာ ကောင်းကင်စစ်သည် သောင်းပေါင်းများစွာက စစ်စည်စစ်မောင်းများကို အားကုန်တီးနေသကဲ့သို့ပင်။

စည်သံများနှင့်အတူ ပုံရိပ်ဖော်နယ်ပယ်၏ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများကလည်း ဆက်တိုက်ဆူညံသွားသည်။

နဂါးများနှင့် မြွေနဂါးများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်ထက်တွင် ရစ်ပတ်နေကြ၏။ ဖီးနစ်ငှက်များကလည်း ပျံသန်းလာကာ သူတို့၏ သာယာကြည်လင်သော တွန်ကျူးသံများ ပဲ့တင်ထပ်သွားသည်။

ခေါင်းလေးလုံး၊ လက်ရှစ်ဖက်ရှိသော ကြောက်မက်ဖွယ် နတ်ဘုရားကြီးသည် ပုံရိပ်ဖော်တောင်တန်းထဲမှ လှမ်းထွက်လာခဲ့သည်။

ပုံရိပ်ဖော်နယ်ပယ်ကြီးတစ်ခုလုံးတွင် ကျယ်လောင်သော အသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။

“ငါက မြောက်ဝင်ရိုးစွန်းရဲ့ အမြင့်ဆုံးတရားမင်း၊ ကောင်းကင်စစ်တပ်ရဲ့ တပ်မှူးကြီးပဲ ”

ထိုကြေညာချက်နှင့်အတူ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်တစ်ခုသည် ကျိယွမ်၏ ရှေ့တွင် စုစည်းပေါ်ပေါက်လာ၏။

“အောင်မြင်သွားပြီ”

"ငါ အောင်မြင်သွားပြီ "

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ကြည့်ရင်းမှ ကျိယွမ်ပျော်ရွှင်စွာ ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ဖန်ထုန်တစ်ကမ္ဘာလုံးတွင်ရှိနေသော ပုံရိပ်ဖော်စကားပြောခန်းများထဲမှ ရှေးဟောင်းနတ်ဘုရားများအားလုံး အံ့အားသင့်ကာ ငြိမ်သက်သွားကြသည်။

“စည်တော်သံသောင်းချီ ပဲ့တင်ထပ်တယ်၊ မိုးတွေ ခြိမ်းတယ်၊ နဂါးတွေ ဖီးနစ်တွေ ပေါ်လာတယ်... ဒါဟာ... သူတော်စင်အဆင့်ပဲ”

“သူတော်စင်အဆင့်တဲ့လား.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ”

“ဘယ်သူက သူတော်စင်အဆင့်ကို ပုံရိပ်ဖော်လိုက်တာလဲ”

“မဟုတ်သေးဘူး၊ သူတော်စင်အဆင့် ဆိုရင်တောင် ဒီလောက် လွှမ်းမိုးတဲ့ စွမ်းအားမျိုး မရှိသင့်ဘူးထင်တယ်နော်”

“ဒါ ဘယ်ကံကြမ္မာသားတော် လဲ ”

"သူတော်စင်စီမံကိန်း အောင်မြင်သွားပြီပေါ့"

သူတော်စင်အဆင့်ပေါ်ထွန်းလာသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ရှေးဟောင်းနတ်ဘုရား အားလုံးနီးပါး နိုးထလာကြသည်။

စကားပြောအုပ်စုများကို စောင့်ကြည့်နေသူတိုင်းကလည်း သူတော်စင်အဆင့်တစ်ပါး ပေါ်ထွက်လာသည်ကို သိရှိသွားကြ၏။

“မြောက်ဝင်ရိုးစွန်းရဲ့ အမြင့်ဆုံးတရားမင်း၊ ကောင်းကင်စစ်တပ်တွေရဲ့ တပ်မှူးကြီး... ဒါ ဘယ်သူလဲ။ ဒီလို ဘွဲ့အမည်မျိုး ငါ တစ်ခါမှ မကြားဖူးဘူး"

“သူတော်စင်တွေက ရှားပါးပေမဲ့ ဒီနတ်ဘုရားအကြောင်းကို ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”

မဟာအုပ်စိုးရှင်အများအပြားပင် တုန်လှုပ်သွားကြသည်။

အချို့သော ကံကြမ္မာသားတော်များလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

ရှေးဟောင်းနတ်ဘုရားများ မဟာမိတ်အဖွဲ့တွင်ရှိနေသော ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းသည် ထိုသတင်းကို ကြားရသောအခါ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

“ဒါ ကျိယွမ်များ ဖြစ်နေမလား”

အခြားသူများက ထိုအရာသည် ကံကြမ္မာသားတော်များ၏ စွမ်းဆောင်မှုဟုထင်နေသော်လည်း သူကတော့ ကျိယွမ်ဟုသာထင်နေ၏။

ချုံဟွာနန်းတော်တွင် အနားယူနေသော မဟာအုပ်စိုးရှင်ချုံးဟွာသည် ထိုသတင်းကို ကြားသောအခါ မျက်လုံးများပင်ပြူးသွား၏။

"ဆရာမ ဒါ ဘယ်ကံကြမ္မာသားတော်လို့ ထငိပါသလဲ "

နန်းတော်သခင်မ၏ မေးခွန်းကို ချုံးဟွာအရှင်မြတ်က ခေါင်းခါ၏။

"သူတော်စင်အဆင့်ထက်တောင်ကျော်လွန်နေတဲ့အရှိန်အဝါ ၊ ဒါက အရှင်ကျိယွမ်ပဲ ၊ ကံကြမ္မာသားတော်တွေဆိုတာ မသိတဲ့သူတွေ အထင်ကြီးအောင်ဖွဲ့ထားတဲ့ လူပျက်တစ်အုပ်ထက်မပိုဘူး ၊ သူတို့က အရှင်ကျိယွမ်ရဲ့ဖိနပ်ကိုတောင်သယ်ဖို့ မထိုက်တန်ဘူး"

ဘိုးဘေးနယ်မြေ အဝင်ဝတွင်ရှိနေသော မဟာအုပ်စိုးရှင်လီရှန်း၏မျက်လုံးများ ပွင့်လာပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

“ဘယ်သူလဲ။ ဘယ်သူ ဖြစ်နိုင်မလဲ”

သူသည် သူတော်စင်စီမံကိန်းကို အကောင်အထည်ဖော်သူများအဖွဲ့ထဲမှ တစ်ယောက်ဖြစ်သည် ။ ထို့ကြောင့် သူတော်စင်အဆင့်တစ်ပါး ပေါ်ပေါက်လာချိန်တွင် ဖြစ်ပေါ်တတ်သော ပုံရိပ်ဖော်တောင်၏

တုံ့ပြန်မှုများအကြောင်းကို ကောင်းကောင်းသိသည်။ သို့သော် ယခုတစ်ကြိမ် တုံ့ပြန်မှုမှာ သူခန့်မှန်းထားသည်ထက် များစွာ ပိုမိုပြင်းထန်နေ၏။

“ဘယ်သူလဲ။ ဘယ်ကံကြမ္မာသားတော်လဲဆိုတာ အမြန်စုံစမ်းကြစမ်း”

မဟာအုပ်စိုးရှင်လီရှန်းက နောက်လိုက်များကို စုံစမ်းခိုင်းရုံသာမက သူကိုယ်တိုင်လည်း ပုံရိပ်ဖော်နယ်ပယ်ထဲသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။

ဘယ်သူဖြစ်နိုင်လဲဆိုတာ ဒီထဲမှာ လိုက်မေးရမယ် ။

သူ၏အသိစိတ်က ပုံရိပ်ဖော်နယ်ပယ်၏ စကားပြောခန်းများထဲသို့ ရောက်ရှိသွား၏။

ဘယ်သူကို အရင်မေးရမလဲ ။

သူက မဟာအုပ်စိုးရှင်များစကားပြောခန်းသို့ အရင်ဆုံးဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည် ။

ထိုအချိန်မှာပင် ပုံရိပ်ဖော်နယ်ပယ်ထဲမှ ပြင်းထန်သောစည်သံများ ရုတိတရက်ဟိန်းထွက်လာခဲ့ပြန်၏။

ဘုန်း...

ဘုန်း....

ဂျိမ်း...

မဟာအုပ်စိုးရှင်လီရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"နောက်... နောက်ထပ် တစ်ခုလား”

ကျယ်လောင်သော မိုးခြိမ်းသံများနှင့်အတူ နဂါးနှင့် ဖီးနစ်များလည်း ထပ်မံ ပေါ်လာပြန်ပြီးနောက် ကြောက်မက်ဖွယ် နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ခေါင်းလေးလုံး၊ လက်လေးဖက်ရှိကာ ရွှေချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော ထိုဧရာမ ပုဂ္ဂိုလ်ကြီးမှာ ကြယ်များကိုပင် လက်ဖဝါးဖြင့် ချေမှုန်းနိုင်စွမ်း ရှိပုံရသည်။

“ငါက ကောင်းကင်ဘုံကိုးထပ်ရဲ့ စစ်မှန်သော အရှင်သခင်၊ စစ်သည် သုံးသောင်းရဲ့ တပ်မှူးကြီးပဲ ”

မဟာအုပ်စိုးရှင်လီရှန်းမှာ အံ့အားသင့်လွန်း၍ ဆွံ့အသွားခဲ့သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ နောက်ထပ် သူတော်စင်အဆင့် တစ်ခုလား။ ဒါလည်း ငါတစ်ခါမှ မကြားဖူးတဲ့ နတ်ဘုရားပဲ "

စဥ်းစားရလွန်း၍ မဟာအုပ်စိုးရှင်လီရှန်း၏ မျက်ခုံးများတွန့်ချိုးရာမှ မူလအခြေအနေသို့ပြန်မကျတော့သလိုပင်။

နှိုင်းယှဥ်မရအောင် အရှိန်အဝါပြင်းထန်တယ်။

ပြီးတော့ ဘယ်သူမှ မသိဖူး၊ မကြားဖူးတဲ့နတ်ဘုရားတွေ ..

ဒါ..ဒါက ကျိယွမ် ပဲ။

လီရှန်းသည် သူ၏တပည့်ပိုင်ရှီးက ကျိယွမ်ကို ထောက်ခံပေးခဲ့ဖူးသည်ကိုပါ ချက်ချင်း သတိရသွား၏။

“ပိုင်ရှီး၊ ကျိယွမ် ပုံရိပ်ဖော်နေတာလား”

“ ဟုတ်ပါတယ်ဆရာ..."

ပိုင်ရှီးကလည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။

“သူတော်စင်အဆင့်နှစ်ခု... တစ်ခါမှ မကြားဖူးတဲ့ သူတော်စင်နှစ်ပါး”

လီရှန်းသည် စိတ်လှုပ်ရှားလွန်း၍ လက်များပင် တုန်ယင်နေသည်။

သူ ဘယ်လိုများ လုပ်လိုက်တာလဲ ။

ကံကြမ္မာသားတော်များပင် မလုပ်နိုင်သေးခင် ကျိယွမ်က အောင်မြင်သွားခဲ့လေပြီ။

သို့သော် သူကောင်းကောင်း မတွေးနိုင်သေးခင်မှာပင် ပုံရိပ်ဖော်နယ်ပယ်ထဲတွင် နောက်ထပ် မိုးခြိမ်းသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ငါသည် မြောက်ဝင်ရိုးစွန်းရဲ့ တပ်မှူးကြီး၊ ဂူသုံးလုံးနဲ့ မိုးကြိုးငါးသွယ်၏ တပ်မှူး၊ ကောင်းကင်ရှစ်ထပ်နဲ့ မြေကိုးထပ်ရဲ့ အုပ်ချုပ်သူပဲ "

မဟာအုပ်စိုးရှင်လီရှန်း လုံးဝကိုမှင်တက်သွားတော့သည်။

“သုံးခုတောင်မှလား"

"သူတော်စင်သုံးပါး ...ဘုရား ...ဘုရား .."

ပထမဆုံး သူတော်စင်တစ်ပါးပေါ်ထွန်းလာမှုက မဟာအုပ်စိုးရှင်ရှန်းလီအား အံ့အားသင့်စေ၏။ဒုတ်ယမြောက် သူတော်စင်ပေါ်ထွက်လာသောအခါ အံ့သြရုံသာမက တုန်လှုပ်မှုကိုပါ ခံစားရပြန်သည်။

ယခု တတိယမြောက်သူတော်စင်ပေါ်ထွက်လာသောအခါမှာတော့ ကြောက်ရွံ့မှုက်ုပါ ခံစားလိုက်ရတော့သည်။

ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူသတိမဝင်နိုင်သေးခင်မှာပင် နောက်ထပ် စည်ဟိန်းသံကြီး ထွက်ပေါ်လာပြန်သည်။

“ငါက မြောက်ဝင်ရိုးစွန်းရဲ့ဧကရာဇ်ကြီး၊ ကောင်းကင်ဘုံက်ုးထပ်ရဲ့ နတ်ဆိုးနှိမ်နင်းရေး ဘိုးဘေးဖြစ်တယ်”

“ငါက အရှေ့ဘက် တစ္ဆေဧကရာဇ် ယွီလွီ ၊ တစ္ဆေတစ်သောင်း တပ်မှူးပဲ”

“ငါက အရှေ့ဘက် တစ္ဆေဧကရာဇ် ရှန်ထူ တစ္ဆေတံခါးဝ အစောင့်အရှောက် ဖြစ်တယ်"

“ငါက သစ်သားနတ်ဘုရား၊ အရှေ့ဘက်ကြယ် ချုံဟွာ၊ ဖန်ဆင်းခြင်း အားလုံးကို ကြီးကြပ်တဲ့သူပဲ"

“ငါက မီးနတ်ဘုရား၊ တောင်ဘက်ကြယ်ရင်ဟော်၊ အသက်နဲ့ အလင်းကို ပေးသနားသူ ဖြစ်တယ်"

"ဘာ...ဘာတွေလဲ..."

မဟာအုပ်စိုးရှင်လီရှန်းမှာ ကျောက်ရုပ်တစ်ခုလို တောင့်တင်းသွားတော့သည်။ ထိန့်လန့်လွန်း၍ သူ၏ဦးနှောက်များကပင် ထုံကျင်နေပြီး မတုန့်ပြန်နိုင်တော့သလို ခံစားရ၏။

တဘုန်းဘုန်း တဂျိမ်းဂျိမ်း ဆူညံနေခဲ့သော ပုံရိပ်ဖော်တောင်ကြီး တိတ်ဆိတ်သွားခဲ့သည်။ ထို့အတူ ဖန်ထုန်နယ်မြေတစ်ခုလုံးရှိ စကားပြောခန်းအားလုံးသည်လည်း ဆွံ့အကုန်၏။

အချိန်အတော်ကြာ ငြိမ်သက်သွားပြီးမှ မဟာအုပ်စိုးရှင်လီရှန်း သတိပြန်ဝင်လာသည်။

“ရှစ်ခု... သူတော်စင်အဆင့် ရှစ်ခု”

သူ၏ မျက်လုံးများက စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်မတတ် လှည့်ပတ်နေ၏။

သူတော်စင်ဆင့် နတ်မင်းကြီး ရှစ်ပါး၊ တစ်ပါးချင်းစီမှာ သူတို့လုံးဝ မရင်းနှီးသော မကြားဖူးသော နတ်မင်းကြီးများ။

သူ မည်သို့မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

ယခုဖြစ်ရပ်သည် ပြီးခဲ့သည့်အကြိမ်က ပုံဖော်ခဲ့သည့် ဒဏ္ဍာရီအဆင့် ၂၁ ခုထက် အဆပေါင်း ရာ၊ ထောင်၊ သောင်းမက ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။

ယခု ပေါ်ထွက်လာသည်များမှာ သူတော်စင် အဆင့်များ ဖြစ်ကြသည်။

သူတော်စင်အဆင့် ပုံရိပ်ဖော်နည်းစနစ်များဆိုသည်မှာ တစ်ခါမှ ပုံမဖော်ဖူးသေးသည့် အစွမ်းထက် နတ်မင်းကြီးများအတွက်မဟုတ်ပါလား။

“ကျိယွမ် .."

"ကျိယွမ် ...ဒီကောင်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ”

မဟာအုပ်စိုးရှင်လီရှန်းသည် သူတို့၏ သူတော်စင်စီမံကိန်းမှာ ရယ်စရာကြီး ဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူတော်စင်စီမံကိန်းတွင် ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်သော ကံကြမ္မာသားတော် ငါးဦးကို စုစည်းထားပြီး အရင်းအမြစ်မြောက်များစွာ ထောက်ပံ့ပေးထား၏ ။သ်ူ့သော် ထိုငါးဦးမှာ လေ့ကျင့်နေဆဲဖြစ်ပြီး နောက်ဆုံးမှ သူတော်စင်အဆင့်ငါးခုကို ပုံရိပ်ဖော်နိုင်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။

သို့သော် ယခုအချိန် မည်သည့်ထောက်ပံ့မှုမှ မရှိသော ကျေးရွာအဆင့်နတ်ဘုရားလေးတစ်ပါးက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင်အဆင့် ရှစ်ခုကို တစ်ပြိုက်နက်တည်းဖန်တီးလိုက်၏။

" ရှက်စရာတောင် ကောင်းတယ် ..ဟားဟား ဟားဟား "

သူသည် ဘိုးဘေးနယ်မြေဘက်သို့ မျှော်လင့်တကြီး ငေးကြည့်မိသည်။

“ကျိယွမ် ဘယ်တော့ ထွက်လာမှာလဲ”

“နေဦး..သူ ဘာလို့ အခုလိုအချိန်မျိုးမှ ပုံရိပ်ဖော်ဖို့ လိုအပ်တာလဲ။ သူ မအောင်နိုင်တဲ့ ရန်သူနဲ့ တွေ့နေလို့လား”

ထို့သို့တွေးမိသောအခါ မဟာအုပ်စိုးရှင်လီရှန်း ဂဏာမငြိမ်ဖြစ်သွားသည် ။

ဘယ်လိုလုပ်ရမလဲ ။

ငါဘာလုပ်သင့်လဲ ။

ကျိယွမ်သေလို့ မဖြစ်ဘူး ။

ယခုအချိန်တွင် လီရှန်းသည် မီးရှို့ခံထားရသောအိုးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ စိုးရိမ်တကြီး ဖြစ်နေသည်။ ကျန်ရှိသော မဟာအုပ်စိုးရှင်နှစ်ပါးသည်လည်း ထိုနည်းတူခံစားနေရသည်။

မူလက သူတို့အား မိုကြိုးနတ်ဘုရားရှန်လဲ့၏ တပည့်ကို စောင့်ရှောက်ရန်အတွက် လီရှန်းက အကူအညီတောင်းထားသဖြင့် ဤနေရာသို့ အားနာပါးနာဖြင့် လိုက်လာခဲ့ခြင်း ဖြစ်သည်။

ရှန်လဲ့၏တပည့်ဆိုသူသည် ပါရမီမဆိုးလောက်ရုံသာဟုထင်သော်လည်း သူတို့အတွက် ကံကြမ္မာသားတော်များလောက် အရေးပါသူမဟုတ်ပေ။ ထို့ကြောင့် သဘာဝအတိုင်းအေးရာအေးကြောင်း စကားထိုင်ပြောနေခဲ့ကြ၏။

သို့သော် သူတော်စင်အဆင့်နတ်မင်းကြီးရှစ်ပါးကို ဖန်တီးလိုက်သောအခါမှာတော့ သူတို့ လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

ဒီကောင်လေး သေလို့မရဘူး ၊ မဟုတ်ဘူး ဒဏ်ရာတောင်ရလို့ မဖြစ်ဘူး ။

သူတို့၏အတွေးအခေါ်များက လုံးဝပြောင်းလဲသွားခဲ့လေပြီ။

“တောက်... ဘိုးဘွားနယ်မြေအဝင်ဝသာ ပိတ်မထားရင် ငါ အထဲကို ပြေးဝင်သွားမိမှာ သေချာတယ် "

“ကံကြမ္မာသားတော်တွေကို မေ့လိုက်တော့၊ သူတို့က ကျိယွမ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး”

"ငါတို့က အမှိုက်တွေအတွက် အချိန်ဖြုန်းနေခဲ့မိတာပဲ "

မဟာအုပ်စိုးလီရှန်းမှာလည်း နောင်တများဖြင့် ပြည့်နေသည်။

ကျိယွမ်ကဲ့သို့သော ပါရမီရှင်ကို အဘယ်ကြောင့် အားမကိုးရသော အဘိုးကြီးရှန်လဲ့နှင့် ထားခဲ့မိလေသနည်း။

ဤမျှ ထူးကဲသော ပါရမီရှင်ကို သူတို့ အဘယ်ကြောင့် အစောတည်းက မသိခဲ့ရသနည်း။

သူတို့သုံးယောက်သည် စိုးရိမ်ထိတ်လန့်စွာဖြင့် ဘိုးဘေးနယ်မြေ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။

မည်သူမျှတည်ငြိမ်စွာ ထိုင်မနေနိုင်ကြတော့ပါ ။ တောင်လျှောက် မြောက်လျှောက်နှင့် သက်ပြင်းတချချ ဖြစ်နေကြကုန်၏။

“အဲဒါက အရေးမကြီးဘူး ၊ သူတော်စင်အဆင့်ရှစ်ပါးကို ကျိယွမ် ပုံဖော်လိုက်တဲ့ သတင်းကို ငါတို့ လျှို့ဝှက်ထားရမယ်"

မဟာအုပ်စိုးရှင်လီရှန်းက အရေးကြီးသည့်အချက်ကိုတွေးမိကာ ကျန်နှစ်ယောက်ကို သတိပေးလိုက်သည်။

မဟာအုပ်စိုးရှင်နှစ်ပါးကလည်း ခေါင်းညိတ်၏။

"လုံးဝဖုံးကွယ်ထားရမယ် "

"ဒီကိစ္စပေါ့ဆလို့ မရဘူး "

ပုံထိပ်ဖော်နယ်ပယ်ထဲတွင်ရောက်နေသော ရှေးဟောင်းနတ်ဘုရားများသည် သူတော်စင်အဆင့် နတ်မင်းကြီးရှစ်ပါး ပေါ်ထွန်းလာသည်ကို သိသော်လည်း မည်သူက ဖန်တီးလိုက်သည်ကိုတော့ တိတိကျကျ မသိနိုင်ကြပေ။ အလွန်ရင်းနှီးသူများကသာ ခန့်မှန်းမိနိုင်သော်လည်း အခြားအုပ်စုများမှ လူများအနေဖြင့် မည်သူလုပ်သည်ကို လုံးဝမသိနိုင်ပါ။

ကျိယွမ်ကဲ့သို့သော အတုမရှိသည့်ပါရမီရှင်ကို မည်သို့နည်းလမ်းများကို သုံးရပါစေ မဖြစ်မနေ အကာအကွယ်ပေးရမည်ဟု လီရှန်းက ခိုင်မာစွာဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ဘိုးဘေးနယ်မြေ၏ မျှော်စင်အတွင်း၌ အမြွှာညီမငယ်မှာ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ကျန်ရှိသော ရှေးဟောင်းနတ်ဘုရားများလည်း ထိုနည်းတူပင် ဆွံ့အနေကြကုန်၏။

“ဒါ... ဒါ တကယ်ကြီးလား”

အမြွာညီမက ငြိမ်သက်စွာထိုင်နေသော ကျိယွမ်ကို မယုံနိုင်စွာကြည့်ပြီး သူမဘေးမှလူများကို တိုးတိုးလေး မေးလိုက်မိသည်။

ကျူးရှိကျုံးသည် သူမ၏အမူအယာနှင့် စကားသံကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားလေသည်။

“ဘယ်လိုလဲ ...ကျုပ်တို့ နတ်ဘုရားအရှင်ရဲ့ နည်းစနစ်က ရွှေရောင်အလင်းတွေ ထွက်ရဲ့လား ။ဟားဟား ဟားဟား .. ငါကျူးကြီးကတော့ ခွေးမျက်နှာကြည့်ပြီး အိပ်ရစားရတဲ့ ခွေးပိုင်ရှင်ဘဝက ကျွတ်ပြီကွ"

သူက ဝမ်းသားအားရကြုံးဝါးလိုက်ပြီး ခုန်ပေါက်မိမလိုပင်ဖြစ်သွားသည်။ သို့သော် မျှော်စင်ထဲမှ အန္တရာယ်များကိုသတိပြန်ရလိုက်သဖြင့် ကိုယ်ရှိန်သပ်လိုက်ရသည်။

“သူတို့ မျက်နှာတွေကို ကြည့်ရတာတော့ အလင်းထွက်တာ သေချာတယ်။ ဟားဟား

ဟားဟား ..”

ရှီကျန်ရှန်းကလည်း ရှေးဟောင်းနတ်ဘုရားများ၏ အမူအယာများကိုအကဲခတ်ကာ ဝမ်းသာအားရ ထအော်သည်။

ငါတို့နတ်ဘုရားကို အထင်သေးနေတဲ့သူတွေ အခုဘယ်လိုနေလဲ ။ နင်ပြီး စကားတောင်မပြောနိုင်တော့ဘူး ။

ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရား တစ်ပါးက ဝူးဝူးဝါးဝါးများအော်ဟစ်နေသော ရွာသားများကိုကြည့်ကာ တုန့်ဆိုင်းစွာမေးလိုက်သည်။

“ချင်းရွှေအရှင်အခုဖန်တီးထားတဲ့ နည်းစနစ်တွေက... မင်း...မင်းတို့အတွက်တော့ မဟုတ်လောက်ဘူးမှတ်လား”

“ကျုပ်တို့အတွက် မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရမှာလဲ”

ကျုးရှိကျုံးက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျုပ်က နတ်ဘုရားအရှင်ရဲ့ သစ္စာအရှိဆုံး နောက်လိုက်ပဲလေ။ ကျုပ်ကို ဆုလာဘ်ပေးတာ ဘာမှားလို့လဲ”

"အေးလေ...ကျုပ်တို့ကမှ နတ်ဘုရားအရှင်ရဲ့ စစ်မှန်တဲ့ပထမဆုံးနောက်လိုက်တွေပဲ "

ရှေးဟောင်းနတ်ဘုရားများမှာ ရွာသားများကိုကြည့်ကာ ပြောစရာစကားများပျောက်ဆုံးသွားကြသည်။

လောကမှာအတုမရှိတဲ့ သူတော်စင်အဆင့်နတ်မင်းကြီးတွေရဲ့ နည်းစနစ်တွေကို ဘာမဟူတ်တဲ့ အူကြောင်ကြားရွာသားတွေကို ပေးပစ်မှာလား။

ဤသည်မှာ အလဟဿ ဖြုန်းတီးခြင်းထက်ပင် ပိုနေသေးသည်။ ဖြုန်းတီးလွန်း၍ စကားနှင့်ပင် မဖော်ပြနိုင်တော့ပါ။

ထိုရွာသားများက ခရမ်းရောင်နန်းတော်အဆင့်များပင် မရောက်ကြသေးပေ ။

ဒါကြီးက လူမဆန်ဘူး ၊ ငါ သေတောင် သေပစ်ချင်လာပြီ။

မှဲ့ကြီးကတော့ လုံးဝစိတ်ဓာတ်ကျသွားတော့သည်။

“အရှင်ကျိယွမ်က တကယ်ကို... ကြောက်စရာကောင်းတာပဲ”

အစ်မဖြစ်သူက ကြက်သီးများပင်ထလာပြီးကျောချမ်းစွာ ပြောလိုက်မိသည်။

ထိုအချိန်မှာပင် ငြိမ်သက်နေသော ကျိယွမ်၏မျက်လုံးများက ဖြည်းညင်းစွာပွင့်လာ၏။

ရှေးဟောင်းနတ်ဘုရားများအားလုံးသည် ကျိယွမ်အား မမြင်ဖူးသလို ထိတ်လန့်စွာကြည့်နေမိကြသည်။

ကျိယွမ်၏ အကြည့်က ဝမ်စုန်းအပေါ်သို့ကျရောက်သွားပြီး သက်ပြင်းချလိုက်သည်။

“နှမြောစရာပဲ၊ ငါ့မှာ မိစ္ဆာနတ်ဘုရားစွမ်းအင် အများကြီးမကျန်တော့ဘူး။ မဟုတ်ရင် မင်းအတွက်ပါ တစ်ခုလောက် ပုံရိပ်ဖော်ပေးလို့ ရမှာ "

ဝမ်စုန်းမှာ ကျိယွမ်၏စကားကြောင့် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့သည်။

“နတ်ဘုရားအရှင်က ကျွန်တော့်ကို သတိရပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ"

အခြားရှေးဟောင်းနတ်ဘုရားများမှာ ထပ်မံ၍ တုန်လှုပ်သွားကြသည်။

စွမ်း...စွမ်းအင်မလုံလောက်လို့ ပြန်လာတာတဲ့လား ။

စွမ်းအင်ရှိရင် သူတော်စင်အဆင့်နတ်မင်းကြီးတွေကို ပုံရိပ်ဖော်ဦးမယ်ဆိုတဲ့ သဘောပေါ့ ။

ဘုရား ဘုရား ဘုရား ...ဒါကြီးက လူမှမဟုတ်တော့တာ ။

ရှေးဟောင်းနတ်ဘုရားများသည် တိုင်ပင်မထားဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။

ငါတို့အားလုံး ကိုယ့်ကိုယ်ကိုယ်သတ်သေကြမလား ။

ကျိယွမ်၏အကြည့်က သူ၏ရွာသား ရှစ်ယောက်ပေါ်သို့ ကျရောက်သွား၏။ ယွီလီနှင့်တကွ အားလုံး၏အကြည့်များက အခိုးအငွေ့များထွက်မတတ်တောက်ပနေကြကုန်သည်။

“မင်းတို့အားလုံး အစကတည်းက ငါ့နောက်ကို လိုက်ခဲ့ကြတဲ့သူတွေ ။ အခု ဒီပုံရိပ်ဖော်နည်းစနစ်ရှစ်ခုက မင်းတို့အတွက် ငါ့ရဲ့ လက်ဆောင်ပဲ”

နားကျည်းချက်များရှိနေသောကျူးရှီကျုံးမှာ အသားများပင်တဆတ်ဆတ်တုန်သွားပြီး အလွန်ဝမ်းသာသွားသည်။

“ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင် ...ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်”

သူက ကျေဇူးတင်ရုံဖြင့်မရပ်တန့်ဘဲ ထပ်မံမေးလိုက်မိ၏။

“ဟို...နတ်ဘုရားအရှင် ... ဒီနည်းစနစ်ကိုကျင့်ပြီးရင် ခွေးနက်ကြီးကို နိုင်ပါ့မလား။ အဲဒီခွေးစုတ်ကြီး အနိုင်ကျင့်တာကို မခံနိုင်လွန်းတော့လို့ပါ ဘုရား "

ရှေးဟောင်းနတ်ဘုရားများ၏ အကြည့်က ကျူးရှိကျုံးအပေါ်သို့ ကျရောက်သွားသည်။

ဘာမဟုတ်သော ခွေးတစ်ကောင်ကို အဓိကရန်သူဟု သတ်မှတ်ထားသော ရွာသားတစ်ယောက်က သူတော်စင်အဆင့်နည်းစနစ်ကို ရရှိသွားသည်မှာ မည်မျှ မနာလိုစရာ ကောင်းလိုက်လေသနည်း။

ခွေးကိုက်လို့ သေပါစေကွာ ။

ခွေးကိုက်လို့ မသေရင် ငါကိုယ်တိုင်ကိုက်ပစ်မယ်။

သို့သော် အတုမရှိသည့် သူတော်စင်အဆင့်နည်းစနစ်ကို မည်သည့်ခွေးက အနိုင်ယူနိုင်မည်နည်း ။

“မင်း ကြိုးစားရင်တော့ အနိုင်ကျင့် မခံရတော့ပါဘူး”

ကျိယွမ်ကတော့ သတိထားကာ ပြန်ဖြေလိုက်သည်။ အမှန်စင်စစ် ထိုခွေးနက်ကြီးမှာလည်း ပါရမီထူးခြားပြီး နတ်ဘုရားတစ်ပါး၏ အရိပ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

ကျိယွမ်က လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသော ပုံရိပ်ဖော်နည်းစနစ်ရှစ်ခုက တောက်ပစွာ ပေါ်လာသည်။

တောက်ပနေသော သူတော်စင်နည်းစနစ်များကို မြင်ရသောအခါ ရှေးဟောင်းနတ်ဘုရားများမှာ မနာလိုမှုကြောင့် မျက်ရည်ပင် ကျချင်လာကြသည်။

ငိုးမ ချင်းရွှေရွာသားတွေ ။

မဆိုင်လည်း ဆဲတယ်ကွာ ။

ကျူးရှိကျုံးသည် သူ၏လက်ထဲသို့ကျလာသော နည်းစနစ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်ရည်များဝဲလာ၏။

“နတ်ဘုရားအရှင်၊ ကျွန်တော်က ခင်ဗျားရဲ့ သားအရင်းများလား”

သူက မယုံနိုင်သလိုမေးလိုက်သည်။ ထိုသို့မဟုတ်လျှင် သူကဲ့သို့ သော သာမန်လူတစ်ယောက်က ဤမျှ ကြောက်စရာကောင်းသော နည်းစနစ်ကို မည်သို့ ရနိုင်မည်နည်း။

ကျိယွမ်က ကျူးရှီကျုံး၏ ဝဝဖိုင့်ဖိုင့် ပုံစံကို ကြည့်ကာ နှာခေါင်းရှုံ့၏။

“မင်းလိုသားမျိုးကို ငါက မွေးစရာလား ၊ မင်းအစား ဝက်မွေးတာဆိုရင် ဟုတ်တုတ်တုတ်ရှိဦးမယ်။ စကားများမနေနဲ့တော့၊ ကျင့်ကြံကြတော့။ ငါ အချိန်မရှိဘူး။ စကားများနေရင် အဲဒီနည်းစနစ်ကို ပြန်သိမ်းပြီး ဝမ်စုန်းကို ပေးလိုက်မယ်”

ကျူးရှိကျုံးမှာ အလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ကျင့်ကြံခြင်းကို စတင်အာရုံစိုက်လိုက်သည်။ ကျန်သော ရွာသားခုနစ်ယောက်လည်း ထိုနည်းတူပင်။

နေရာတစ်ခုလုံး ငြိမ်သက်သွားပြီး ရွာသား ရှစ်ယောက်မှာ သူတို့၏ကျင့်ကြံခြင်းများထဲတွင် နစ်မြုပ်သွားကြသည်။

အတန်ကြာသောအခါ ကျိယွမ်က ကျန်သော ရှေးဟောင်းနတ်ဘုရားများကို ကြည့်ကာ

“ငါ့နောက်လိုက်တွေကို ခဏခေါ်သွားဦးမယ်။ ဒီမှာပဲ စောင့်နေကြ”

စစ်မှန်နတ်ဘုရားများ ဇဝေဇဝါ ဖြစ်သွားကြသည်။

သူတို့က ဘယ်ကို သွားမလ်ု့လဲ။

မျှော်စင်တွေလည်းကုန်နေပြီလေ ပြန်ဖို့ပဲရှိတော့တာ ။

သို့သော် သူတို့က ကျိယွမ်ကို ပြန်မမေးခဲ့ကြပါ။

“အမိန့်အတိုင်းပါပဲ”

“ရှိတဲ့နေရာမှာပဲ နေဖို့မမေ့နဲ့နော် ။ ဒီက ရုပ်သေးနတ်ဘုရားတွေကို သွားနှောက်ယှက်ရင် မင်းတို့အားလုံး သေကုန်လိမ့်မယ်”

ထိုသို့သတိပေးလိုက်ပြီးနောက် ကျိယွမ်က သူ၏ နောက်လိုက်များကို ကြည့်လိုက်သည်။

သူ၏လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ ‘ပျောက်ဆုံးနေသောအလင်းချောင်း၏ အလင်းတန်းက သူတို့အားလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုခဏမှာပင် သူတို့ ၁၁ ယောက်လုံးသည် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

ဘာဖြစ်သွားတာလဲ။

ကျန်နေခဲ့သော ရှေးဟောင်းနတ်ဘုရားများမှာ ထိုသူများ မည်သို့ ပျောက်ကွယ်သွားသည်ကို မသိလိုက်သဖြင့် ကြောင်တောင်တောင်ဖြစ်ကာ ကျန်နေခဲ့သည်။

သို့သော် ချက်ချင်းလိုလိုပင် သတိပြန်ဝင်လာကြသည်။ သူတော်စင်အဆင့် ရှစ်ခုကိုဖန်တီးနိုင်သောသူအတွက် ယခုကိစ္စလောက်က သာမန်ပင်မဟုတ်ပါလား။

“ကျိယွမ်အရှင်က သေချာပေါက် သူတော်စင်အဆင့်နတ်ဘုရားတစ်ပါးပဲ။ သူ့နောက်ကို လိုက်မိတာ ငါတို့ တကယ်ကို ကံကောင်းတယ်”

All Chapters