← Chapters

သူရဲကောင်းလေးပါး၏ အစွမ်းပြမှု

Vol. 18 Ch. 210

သူရဲကောင်းလေးပါး၏ အစွမ်းပြမှု

Vol. 18 Ch. 210

ချိုင်တိုင်းပြည်၏ မြို့တော်အတွင်း၌ ဖြစ်သည်။

"အဟွတ်... အဟွတ်..."

ကျန်းဖုန်းသည် သွေးများကိုအန်ထုတ်နေပြီး သူ၏မျက်နှာမှာလည်း သရဲတစ်ကောင်ကဲ့သို့ ဖြူလျော်နေ၏။

သူ၏ဘေးတွင် လူပုံသဏ္ဌာန်မျိုးစုံထွင်းထုထားသည့် သံချပ်ကာက်ု ဝတ်ဆင်ထားသော လူသန်ကြီးတစ်ဦးရှိနေသည်။ ထိုကြွက်သားအပြည့်နှင့် လူသန်ကြီးက ကျန်းဖုန်းကို မျက်မှောင်ကြုတ်ကာ ကြည့်၏။

"မင်းဒဏ်ရာက ဘယ်လောက်အထိ ဆိုးလဲ"

လူသန်ကြီးမှာ မိစ္ဆာနတ်ဘုရားစစ်စခန်းမှ တပ်မှူးတစ်ဦးဖြစ်ပြီး ကောင်းကင်သို့ ခြေသုံးလှမ်းအဆင့်ရှိသူဖြစ်၏။

"နောက်တစ်ကြိမ် ပြန်လှုပ်ရှားနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး အနားယူရဦးမယ် ထင်တယ်"

ကျန်းဖုန်းက ပါးစပ်မှသွေးစများကို သုတ်ရင်း ဝမ်းနည်းပူဆွေးဟန်ဖြင့် ပြန်လည်ဖြေကြားသည်။

"ဒီအတောအတွင်းမှာ ကျွန်တော်မျိုး အရှင့်အတွက် အလုပ်အကျွေးမပြုနိုင်တော့မှာကို စိုးရိမ်မိပါတယ်"

"မင်းက ဘာမဟုတ်တဲ့လုပ်ကြံသတ်ဖြတ်သူရဲ့ လက်ချက်နဲ့ ဒဏ်ရာရရအောင်ကို အရမ်းပေါ့ဆလွန်းတယ်၊ လုပ်ကြံသူကိုတော့ ရှင်းလင်းလိုက်ပြီ ဆိုပေမဲ့ မင်းရဲ့ဒဏ်ရာကတော့..."

လူသန်ကြီးသည် မရေရာသော မျက်နှာထားဖြင့် မျက်မှောင်ကြုတ်နေ၏။

စခန်းခေါင်းဆောင်သည် ကျန်းဖုန်းကို အမြဲတစေ အဖိုးတန်သူတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ခက်ခဲညစ်ပတ်သော အလုပ်မှန်သမျှကို စေခိုင်းလေ့ရှိသည်။ ကျန်းဖုန်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ဦး ဖြစ်သည့်အတွက် မိစ္ဆာနတ်ဘုရားများက သူ့ကို အညှာအတာမဲ့စွာ ခိုင်းစေခြင်းမှာ သဘာဝကျလေသည်။

" အဲဒီလုပ်ကြံသူကလည်း ကောင်းကင်ကိုခြေသုံးလှမ်းအဆင့်ရှိတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေတာကိုး၊ ကျွန်တော်က စခန်းခေါင်းဆောင်အပေါ် သစ္စာရှိလွန်းနေတော့ ရှေးဟောင်းနတ်ဘုရားတွေက အလွန်မုန်းတီးနေကြတာ၊ ဒီတော့ ရန်သူတွေ အရမ်းများနေပြီး အခုလို လုပ်ကြံတာတွေကို ခဏခဏ ရင်ဆိုင်နေရတာပါ"

ကျန်းဖုန်းက ရင်ဘက်ကိုလက်နှင့်ဖိထားရင်းမှ ကူကယ်ရာမဲ့စွာ ပြောဆိုသည်။သူက မိစ္ဆာနတ်ဘုရားများအပေါ် သစ္စရှိကြောင်းပြသလေလေ ရှေးဟောင်းနတ်ဘုရားများက သူ့အားမုန်းလေလေပင် ။ထို့ကြောင့် သူ့၌ရန်သူများရှိနေခြင်းမှာ သဘာဝကျပါသည်။

လူသန်ကြီးသည် ကျန်းဖုန်း၏ ဒဏ်ရာများကို အနည်းငယ် စစ်ဆေးကြည့်ရှုပြီးနောက် မှာကြား၏။

"မင်း အနားယူပြီး ကုသသင့်တယ်၊ ဒီအကြောင်းကို ငါ စခန်းခေါင်းဆောင်ဆီ မှန်မှန်ကန်ကန် အစီရင်ခံပေးမယ်"

"ကျေးဇူးတင်ပါတယ်"

လူသန်ကြီးသည် မိစ္ဆာနတ်ဘုရားသုံးပါးနှင့်အတူ နန်းတော်ထဲမှ ထွက်ခွာသွားတော့သည်။

နန်းတော်မှ ထွက်ခွာလာစဥ် သူကတိတ်ဆိတ်နေပြီး တစ်ခုခုစဉ်းစားနေသည့်ဟန်ရှိသည်။ ထိုအချိန်မှာပင် သူနှင့်ပါလာသော မိစ္ဆာနတ်ဘုရားတစ်ပါးက မကျေမနပ် နှာခေါင်းရှုံ့၏။

"အဲဒီကျန်းဖုန်းက ဒဏ်ရာအတုလုပ်နေတာ ဖြစ်ရမယ်"

"ဟုတ်တယ်၊ သူက စခန်းခေါင်းဆောင်ရဲ့ အမိန့်တွေကို ရှောင်ချင်လို့ လုပ်နေတာပဲ"

"သူ့ယောက်ဖ သေသွားတာကိုတောင် ကလဲ့စားမချေဘဲ ငါတို့ကိုပဲ လုပ်ခိုင်းချင်နေတာ"

မိစ္ဆာနတ်ဘုရားအားလုံးက ကျန်းဖုန်းသည် သူတို့ကို တပတ်ရိုက်ပြီးလှည့်ဖြားနေသည်ဟု သံသယဝင်နေကြ၏။

"ခြေသုံးလှမ်းအဆင့် ရှေးဟောင်းနတ်ဘုရားက သူ့ကိုအလစ်တိုက်ခိုက်တာခံရတယ်လို့ ပြောပြီးတော့ လုပ်ကြံသူရဲ့ အလောင်းကိုတောင် မပြနိုင်ဘူး"

ယမန်နေ့ညက ကျန်းဖုန်း ဒဏ်ရာရသည့် သတင်းကို ကြားရပြီးနောက် သူတို့သည်ချိုင်တိုင်းပြည်သို့ ကူညီရန် အပြေးအလွှား လာခဲ့ကြသော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ နောက်တစ်နေ့ မိုးလင်းသည့်တိုင်အောင် သူတို့သည် ကျန်းဖုန်းကို မတွေ့ခဲ့ကြရပေ။

လူသန်ကြီးသည် သူ၏လက်အောက်ငယ်သားများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"သူ့ဒဏ်ရာတွေက အတုတော့ ဟုတ်ပုံမပေါ်ဘူး၊ သူ အတုလုပ်နေတာပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ် နောက်လာမဲ့ ဆယ်စုနှစ်တွေမှာတော့ သူ့ကို အားကိုးလို့ရမှာ မဟုတ်တော့တာ အမှန်ပဲ"

"ဟွန်း... ဒါ ကျုပ်တို့နယ်မြေလေ၊ စခန်းခေါင်းဆောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ် ရှေးဟောင်းနတ်ဘုရားကများ အတင့်ရဲရဲနဲ့ လာလုပ်ရဲမှာလဲ၊ လုပ်ကြံသူတဲ့လား၊ ဟာသပဲ"

မိစ္ဆာနတ်ဘုရားများက သူတို့ထိန်းချုပ်ထားသောနယ်မြေနှင့် စခန်းခေါင်းဆောင်ကြီးအပေါ်၌ ယုံကြည်မှုများ အပြည့်ရှိနေကြသည်။

ကျဆုံးနယ်မြေအတွင်း၌ ရှေးဟောင်းနတ်ဘုရားများမှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေကြပြီး လုံးဝဥဿုံ ဖျက်ဆီးမခံရခြင်းမှာပင် ထိုသူများအတွကါ ကံကောင်းလှပြီ ဖြစ်သည်။ ယခုခေတ်တွင် ရှေးဟောင်းနတ်ဘုရားများက ကြွက်များလိုပုန်းနေကြ၏။

မည်သူက အရဲ့စွန့်ပြီး ခေတ်သစ်နတ်ဘုရားများကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားမည်နည်း ။

၄င်းတိူ့အရဲစွန့်ပြီး ကြိုးစားကြသည်က ထွက်ပြေးနိုင်ရန်သာဖြစ်သည်။

"တိတ်တိတ်လေးထွက်ပြေးတယ်ဆို ယုံဦးမယ် ၊ အခုတော့ နန်းတော်ထဲအထိလာပြီး လုပ်ကြံတယ်တဲ့လား ..ဟားဟား ဟားဟား "

"ချန်ဖုန်းက ငါတို့ကို ရှေးဟောင်းနတ်ဘုရားတွေလို ဦးနှောက်မရှိတဲ့သူတွေထင်နေပုံရတယ် "

"အေးဆို.. ချိုင်တိုင်းပြည်ထဲကို ဘယ်ရှေးဟောင်းနတ်ဘုရားက လာရဲမှာလဲ "

သို့သော် သူတို့တဟားဟား အော်ရယ်နေစဥ်မှာပင် မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"သစ္စာဖောက် ကျန်းဖုန်းကို ကွပ်မျက်ကြ၊ ငါတို့ကို တားဆီးတဲ့သူမှန်သမျှ တစ်ယောက်မချန် သတ်ပစ်"

"ဟေ...."

နန်းတော်မှထွက်လာသော မိစ္ဆာနတ်ဘုရားလေးပါးစလုံး အံ့အားသင့်သွားကြပြီး မယုံနိုင်သလို ကြည့်မိကြသည်။

တကယ်ပဲ လုပ်ကြံသူ ရှိနေတာလား။

နန်းတော်အတွင်း၌ ကုတင်ပေါ်တွင် စန့်စန့်ကြီးလှဲနေသော ကျန်းဖုန်းလည်း ဆွံ့အသွား၏။

လုပ်ကြံသူတဲ့လား ၊ မဟုတ်သေးဘူးလေ ..။

"ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ"

လူသန်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ့ရှေ့မှာ ဘယ်ကောင်က အခုလို မိုက်မိုက်ကန်းကန်း လုပ်ရဲတာလဲ"

သူကဟိန်းဟောက်လိုက်ရင်းမှ အသံလာရာသို့ ရှာဖွေလိုက်၏။

ကျန်းဖုန်းသည် အမှန်တကယ်ပင် တိုက်ခိုက်ခံခဲ့ရပုံပေါ်သည်။ ယခင်က ချောင်းမြောင်းတိုက်ခိုက်ခံရသည်မှာ တစ်ပိုင်းဖြစ်သော်လည်း ယခုကဲ့သို့ သူတို့စစ်စခန်းကြီးရောက်ရှိနေသည့်အချိန်မျိုး၌ လူသိရှင်ကြား လာရောက်တိုက်ခိုက်ခြင်းမှာ သူ့ကို တိုက်ရိုက်စော်ကားခြင်းပင် ။

သူ မည်သို့ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

လူသန်ကြီးသည် ကောင်းကင်သို့ ဒေါသတကြီး တဟုန်ထိုးပျံတက်လိုက်၏။ မိစ္ဆာနတ်ဘုရားများကလည်း တုန့်နှေးမနေကြပါ ။

သူတို့ကလည်း လေပေါ်သို့ တဝှီးဝှီးပျံတက်သွားကြသည်။

"ဘယ်ကောင်လဲကွ သေချင်နေတာ .."

မိစ္ဆာနတ်ဘုရားစွမ်းအင်များ ပျံ့နှံ့သွားပြီး ချိုင်တိုင်းပြည်၏ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

သာမန်မြို့သူမြို့သားအားလုံးကတော့ ထိုစိန်ခေါ်သံကြီးကို ကြားလိုက်ရကတည်းက ကြောက်ရွံ့တုန်ရင်နေကြသည်။ မြို့တော်၌ တိုက်ပွဲများဖြစ်တော့မည်လား ။

ထိုအချိန်တွင် ကျိယွမ်နှင့် အဖွဲ့သည် ချိုင်တိုင်းပြည်၏ မြို့တော်အထက်တစ်နေရာတွင် ရပ်တန့်လိုက်ကြသည်။အကြောင်းမှာ သူတိူ့ရှေ့တည့်တည့်၌ မိစ္ဆာနတ်ဘုရားများ ပေါ်လာသောကြောင့်ပင်။

ကျိယွမ်သည် ရန်သူခေါင်းဆောင်လူသန်ကြီးကို မျက်လုံးမှေးကြည့်လိုက်ကာ တဲ့တဲ့မေးလိုက်သည်။

"ကတုံးနဲ့ကောင်.. မင်းက ကျန်းဖုန်းလား"

သူ၏ဘေးမှ ဝမ်ဝန်ချီက "အရှင်၊ အဲဒါ ကျန်းဖုန်း မဟုတ်ပါဘူး" ဟု အလျင်အမြန် ဖြေကြားလိုက်၏။

ဒေါသထွက်နေသော လူသန်ကြီးကလည်း ကျိယွမ်ကို စေ့စေ့ကြည့်လိုက်ပြီး အဖတ်မတန်သလို မဲ့သည်။

"ချိုင်တိုင်းပြည်ရဲ့ မြို့တော်ကို ဘယ်သူကများ ဒီလောက် အတင့်ရဲရဲ လာဝံ့တာလဲလို့ ငါ စဉ်းစားနေတာ၊ စစ်မှန်နတ်ဘုရားပေါက်စနှစ်ဆယ်ကျော်ပါလား"

အမှန်တကယ်မှာတော့ ကျိယွမ်တို့အဖွဲ့မှာ အင်အားမဆိုးဟု ဆိုနိုင်၏။

စစ်မှန်နတ်ဘုရား နှစ်ဆယ်ကျော်ရှိပြီး အများစုမှာ ကောင်းကင်သို့ ခြေနှစ်လှမ်းအဆင့်ရှိသူများ ဖြစ်ကြသည်။ယနေ့ခေတ်တွင် ဤပမာဏမှာ အလွန်အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားအင်အားစုတစ်ခုဖြစ်သည်။

သို့သော် လူသန်ကြီးကတော့ လုံးဝမကြောက်ရွံ့သလို ဂရုလည်းမစိုက်ပေ။

ယခုတစ်ခေါက်တွင် သူတို့စခန်းက မြို့တော်သို့ ထိပ်တန်းစစ်သည်များကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ စစ်မှန်နတ်ဘုရား ရှစ်ပါးရှိပြီး လေးပါးမှာ ခြေသုံးလှမ်းအဆင့်ဖြစ်ပြီး ကျန်လေးပါးမှာ နှစ်လှမ်းအဆင့် ဖြစ်သည်။

အရေအတွက်အားဖြင့် နည်းပါးသော်လည်း သူတို့၏ ခွန်အားမှာ ယခုလာသောအဖွဲ့ထက် များစွာ သာလွန်၏။ ထို့အပြင် သူကိုယ်တိုင်မှာ ခြေသုံးလှမ်းအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး နတ်ဘုရားနယ်ပယ်တစ်ခုကို ဖန်တီးနိုင်ရန် လက်တစ်ကမ်းအလို၌ ရှိနေသူ ဖြစ်သည်။

ပြောရလျှင် သူတစ်ဦးတည်းနှင့်ပင် ယခုလာသောရှေးဟောင်းနတ်ဘုရားများကို နှိမ်နင်းနိုင်၏။

"ဘာပဲပြောပြော လူအများကြီးဆိုတော့ အကုန်လုံးက ငါ့အတွက် ဆုလာဘ်တွေ ဖြစ်လာမှာပဲ"

လူသန်ကြီးက ကျိယွမ်တို့အဖွဲ့က်ုကြည့်ကာ စိတ်လှုပ်ရှားလာသည်။ နေရင်းထိုင်ရင်း ဆုလာဘ်များ လာပေးနေကြလေပြီ။

ထိုအချိန်မှာပင် ကျိယွမ်က သူ၏ရှေ့မှ ကတုံးကြီးကို ဟောက်လိုက်သည်။

"မင်းက ကျန်းဖုန်းလည်း မဟုတ်ဘဲ ဘာလာလုပ်တာလဲ ၊ တော်တော်အားယားနေလား ၊ သေချင်လို့ လမ်းလာပိတ်တယ်ပေါ့"

သူ၏အသံမှာ အေးစက်နေပြီး မျက်လုံးများကလည်း ဒေါသကြောင့် လင်းလက်နေသည် ။

ထိုအချိနိမှာပင် နောင်တရနေသော အသံတစ်သံက နန်းတော်ထဲမှ ကြားဖြတ်ထွက်ပေါ်လာ၏။ ဖြူဖျော့အားနည်းနေသော ကျန်းဖုန်းက နန်းတော်ထဲမှ ပျံသန်းလာခြင်းပင်။

"ဝန်ချီ... မင်းရဲ့ ဘိုးဘေးအတွက် ငါ တကယ်ပဲ စိတ်မကောင်းပါဘူး၊ သူက ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ၊ သူသာ ငါနဲ့အတူ ခေတ်သစ်နတ်ဘုရားတွေဆီမှာ အမှုထမ်းခဲ့ရင် သူတို့ကို အခုလို ဒေါသထွက်စေမှာ မဟုတ်ဘူး၊ အခုလို ကြေကွဲစရာတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး၊ သူ့သေဆုံးမှုက ဝမ်းနည်းစရာ ကောင်းပေမဲ့ မြို့သူမြို့သားတွေကို ဘေးမသင့်အောင် ရှောင်ရှားပေးခဲ့တာပါ၊ အများအကျိုးအတွက်၊ ပြည်သူတွေအတွက် ခေတ်သစ်ဘုရားတွေကို မဆန့်ကျင်တာအကောင်းဆုံးပဲ"

ကျန်းဖုန်းက သူ၏ယုတ်မာသောလုပ်ရပ်က အမှန်တရားတစ်ခုအလား ရှင်းပြသည်။

"တော်စမ်း..ရှင့်ပါးစပ်ကိုပိတ်ထား"

ကျန်းဖုန်း၏ ယုတ္တိကင်းမဲ့သော အရှက်မဲ့စကားများကြောင့် ဝမ်ဝန်ချီ၏ မျက်လုံးများက ပို၍နီမြန်းလာသည်။ ကျန်းဖုန်းကို မြင်ကတည်းက သတ်ချင်နေသောသူမ၏ ဒေါသကို ပို၍ဆွနေသည့်အလားရှိသည်။

ကျိယွမ်ကလည်း ကျန်းဖုန်း၏ ဟန်ဆောင်စကားများကို စိတ်ရှည်ပုံမရချေ။

"မင်းက ဘာလို့ ဒဏ်ရာရသလိုမျိုး ဟန်ဆောင်နေတာလဲ၊ မိစ္ဆာနတ်ဘုရားတွေက အရူးတွေမို့လို့ မင်းလိမ်လို့ရမယ် ၊ ငါ့ကိုတော့ မရဘူး ၊ ဘာလဲ အဲဒီလိုလုပ်ရင် ငါက မင်းကို ချမ်းသာပေးမယ်လို့ ထင်နေတာလား"

ကျိယွမ်၏ စူးရှသော အကြည့်များက ကျန်းဖုန်း၏လှည့်ဖြားမှုကို အတိအကျ ထိုးဖောက်မြင်နေရသည်။

သို့သော် ကျန်းဖုန်းက အလွန်ပီပြင်၏။ သူက သွေးများစွာအန်ထုတ်ကာ တဟွတ်ဟွတ်နှင့် ချောင်းဆိုးပြလိုက်ပြန်သည်။

လူသန်ကြီးက အဟုတ်ထင်သွားပြီး ကျိယွမ်အား ဒေါသတကြီးဟိန်းဟောက်လိုက်၏။

"ဒီကောင်က သွေးခွဲနေတာပဲ ၊ မနေ့ညက ကျန်းဖုန်းကို တိုက်ခိုက်တဲ့ လုပ်ကြံသူက မင်းတို့အပေါင်းအပါတွေထဲက တစ်ယောက် ဖြစ်ရမယ်၊ ငါတို့က ကျန်းဖုန်းအပေါ် အထင်လွဲခဲ့တာကိုး"

အခြားမိစ္ဆာနတ်ဘုရားများကလည်း ကျန်းဖုန်းကို သံသယဝင်ခဲ့သည့်အတွက် နောင်တရသလိုပင် ခံစားလိုက်ကြရသည်။

"လုပ်ကြံသူဟုတ်လား...အခု အဲဒီလူ ဘာဖြစ်သွားပြီလဲ"

ကျိယွမ်ကလည်း အဘိုးကြီးရှန်းလဲ့ကို သတိရကာ ချက်ချင်းပြန်မေးလိုက်သည်။

"သူ့ကို ကွပ်မျက်လိုက်ပြီပေါ့"

လူသန်ကြီးက အရေးမပါသလို ကြွားဝါပြီး သူတို့အားကြည့်သည်။

"ပြီးတော့ မင်းတို့လည်း အဲဒီအတိုင်း ဖြစ်လာစေရမယ်"

ကျိယွမ်၏ မျက်လုံးများက စူးရဲသွားသည်။

ကွပ်မျက်လိုက်ပြီတဲ့လား။

သူက ခေတ္တမျှ ဆွံ့အသွား၏။သို့သော် ခဏမျှသာဖြစ်ပြီး ချက်ချင်း ရယ်မောလိုက်သည်။

"ကျန်းဖုန်းလိုကောင်က အဲဒီလို လုပ်နိုင်ပါ့မလား"

အဘိုးကြီးရှန်းလဲ့က ဒဏ်ရာရနေသော်လည်း သူသည် မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်နေဆဲပင်။ ကျန်းဖုန်းကဲ့သို့ လူစားမျိုးက သူ့ကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပေ။

အကယ်၍ ဘာမှမဟုတ်သော ကျန်းဖုန်းလိုကောင်၏လက်၌ အမှန်တကယ် ရှုံးနိမ့်ခဲ့လျှင်လည်း ကျိယွမ်က ထိုအဘိုးကြီးကို သုံးနှစ်တိုင်တိုင် လှောင်ပြောင်နေမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှန်လဲ့မရောက်သေးသည်မှာ သေချာသဖြင့် ကျိယွမ် စိတ်အေးသွား၏။ ရှန်လဲ့သည် ကျန်းဖုန်းကို လိုက်လံရှာဖွေနေသော်လည်း မြို့ကြီးပြကြီးများကို တတ်နိုင်သမျှရှောင်ရှားပြီး သိုသိုသိပ်သိပ်လှုပ်ရှားရမည် ဖြစ်သည်။ထို့ကြောင့် လမ်းခရီးတွင် နှောင့်နှေးမှု ရှိနေခြင်းမှာ သဘာဝကျလေသည်။

အဘိုးကြီးရှန်လဲ့အတွက် စိတ်အေးသွားသည့် ကျိယွမ်သည် ရှေ့တွင်ရှိသော မိစ္ဆာနတ်ဘုရားများကို လောဘတကြီး ကြည့်လိုက်သည်။

"မိစ္ဆာနတ်ဘုရား စွမ်းအင်တွေ အများကြီးပဲ"

ထိုစွမ်းအင်များဖြင့် အစွမ်းထက်သော နတ်ဘုရားများကို ထပ်မံဖန်တီးနိုင်မည်ဟု သူ တွေးမိသောအခါ ပြုံးဖြီးဖြီးကြီးဖြစ်လာ၏။

လူသန်ကြီးသည် ကျိယွမ်၏မူမမှန်သော အကြည့်ကြောင့် နေရထိုင်ရ ခက်ခဲလာပြီး

"မင်း ငါ့ကို ကြည့်နေတဲ့ အကြည့်ကို ငါ မကြိုက်ဘူး"

သူ့ကိုယ်သူ အမဲလိုက်သူဟု သတ်မှတ်ထားပြီး ကျိယွမ်တို့အဖွဲ့မှာ သားကောင်များသာ ဖြစ်သည်ဟု သူ ယူဆထား၏။ယခုတော့ သားကောင်တစ်ကောင်က သူ့အား မစားရဝခမန်းပြန်ကြည့်နေသည်။

"မင်း ကြိုက်တာ မကြိုက်တာ ငါ ဂရုမစိုက်ဘူး"

ကျိယွမ်က အေးစက်စွာ တုံ့ပြန်သည်။

"ကျန်းဖုန်းကလွဲရင် ကျန်တဲ့သူတွေကို အကုန်သတ်ပစ်"

သူ၏အမိန့်ကြောင့် ရှေးဟောင်းနတ်ဘုရားများရော မိစ္ဆာနတ်ဘုရားသစ်များပါ ခေတ္တ မှင်တက်သွားကြသည်။

သို့သော် ကျိယွမ်က အမိန့်ပေးလိုက်ပြီ ဖြစ်သဖြင့် ရှေးဟောင်းနတ်ဘုရားများသည် ဝေခွဲမနေတော့ဘဲ ကျန်းဖုန်း အပါအဝင် မိစ္ဆာနတ်ဘုရား ရှစ်ပါးကို ဝိုင်းရံလိုက်ကြသည်။

လူသန်ကြီး၏ အပြုံးများ ပျောက်ကွယ်သွား၏။

"ငါ အိပ်မက်မက်နေတာလား၊ ခြေနှစ်လှမ်းအဆင့်ပဲရှိတဲ့ ရှေးဟောင်းနတ်ဘုရားတစ်စုက ငါတို့ကို ဝိုင်းရဲတယ်ပေါ့လေ"

သူ အကြီးအကျယ် ဇဝေဇဝါ ဖြစ်သွားသည်။ ယခုရှေးဟောင်းနတ်ဘုရားအဖွဲ့သည် သေချာပေါက် ရူးသွပ်နေကြပုံရ၏။

သို့သော် သူတို့သည် ကျန်းဖုန်းကို လုပ်ကြံရန် မောက်မာစွာ ရောက်ရှိလာခြင်း ဖြစ်သည်ကို သတိရလိုက်သောအခါ အခြေအနေမှာ အနည်းငယ် ပို၍ နားလည်နိုင်စရာ ရှိလာသည်။

"တိုက်ခိုက်ကြ၊ ငါတို့ လူတစ်ယောက် ရှာဖို့လိုတယ်၊ အဘိုးကြီးရှန်းလဲ့ကတော့ အားကိုးလို့ကို မရဘူး"

ကျိယွမ်က စိတ်ပျက်လက်ပျက် ရေရွတ်ရင်း လက်ဝှေ့ယမ်းပြလိုက်သည်။ ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်၏ အမိန့်ကို နာခံကာ သူတို့၏ နတ်ဘုရားနယ်ပယ်မျိုးစေ့များကို ချက်ချင်းထုတ်ဖော်လိုက်ကြပြီး အားကောင်းသော မိစ္ဆာနတ်ဘုရားများကို အုပ်စီးလိုက်ကြ၏။

ချက်ချင်းလိုလိုပင် နန်းမြို့တော်အထက်၌ နတ်ဘုရားနယ်ပယ်နှစ်ဆယ်တိတိ ဘွားခနဲပေါ်ပေါက်လာသည်။

နန်းမြို့တော်အထက်ရှိ ဟင်းလင်းပြင်ကြီးပင် အေးစက်ကာတောင့်တင်းသွားတော့သည်။

ကျန်းဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွား၏။

လူသန်ကြီး၏ မျက်နှာပေါ်ရှိ ယုံကြည်မှုများနေရာတွင် ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာသည်။

"နတ်ဘုရားနယ်ပယ်မျိုးစေ့တွေ..."

"၂၀ တောင်မှလား .."

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ကြောက်ရွံ့မှုနှင့်အတူ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးတစ်လေက အစွမ်းထက်သည်ကို သူတို့လက်ခံပါသည်။ သို့သော် ယခုက အပါး ၂၀ တိတိဖြစ်သည်။

ဒါက ဘယ်လိုတောင် ယုတ္တိမရှိတာကြီးလဲ။

ယခုကဲ့သို့ အစွမ်းထက်သောရှေးဟောင်းနတ်ဘုရားအများအပြား တစ်ပြိုင်နက် ရင်ဆိုင်ရလိမ့်မည်ဟု သူတို့ အိမ်မက်ပင် မမက်ဖူးခဲ့ပါ။

နတ်ဘုရားနယ်ပယ်၏ ရှေ့မှောက်တွင် စစ်မှန်နတ်ဘုရားများသည် နှစ်လှမ်းအဆင့် ဖြစ်စေ၊ သုံးလှမ်းအဆင့်ဖြစ်စေ လုံးဝ မလှုပ်ရှားနိုင်တော့ပါ ။ သူတို့၏ နတ်ဘုရားပေါက်များမှာလည်း အားနည်းသွားပြီး နှေးကွေးသွားတော့သည်။

အုပ်စိုးရှင်နှင့် မဟာအုပ်စိုးရှင်တို့၏ ခြားနားချက်မှာ နတ်ဘုရားနယ်ပယ်ပင် မဟုတ်ပါလား။

နတ်ဘုရားပေါက် အရေအတွက်သည် နတ်ဘုရားစွမ်းအင်၏ပမာဏနှင့် စီးဆင်းမှုကိုသာ ဆုံးဖြတ်နိုင်သည်။

မဟာအုပ်စိုးရှင်တစ်ပါး၏ နတ်ဘုရားနယ်ပယ်ကို ထုတ်ဖော်လိုက်ပါက သာမန်အုပ်စိုးရှင်တစ်ပါး၏ နတ်ဘုရားပေါက်များကို ပိတ်ဆို့နိုင်သည်။ထို့ကြောင့်လည်း စစ်မှန်နတ်ဘုရားများက မဟာအုပ်စိုးရှင်များကို သွေးတိုးမစမ်းဝံ့ကြခြင်းပင်။

မောက်မာနေခဲ့သော ခြေသုံးလှမ်းအဆင့် မိစ္ဆာနတ်ဘုရားများသည် ခွေးများနှင့် ကြက်များကဲ့သို့ အားနည်းသွားကြလေပြီ။

"ခနလေး...သတ်တဲ့အလုပ်ကို ငါပဲ လုပ်မယ်၊ ငါ လူမသတ်ရတာ ကြာပြီဆိုတော့ နည်းနည်းပျင်းနေလို့"

ကျိယွမ်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ဖန်ထုန်နယ်မြေ၏ ကန့်သတ်ချက်များကြောင့် ကျိယွမ်သည် ခရမ်းရောင်နန်းတော် အထွက်အထိပ် အဆင့်တွင် ပိတ်မိနေသည်မှာ အလွန်ကြာမြင့်နေလေပြီ။ ထို့ကြောင့် ယခင်တိုက်ပွဲများတွင် သူ၏နောက်လိုက်များကသာ သတ်ဖြတ်ခြင်းကို ပြုလုပ်ခဲ့ကြပြီး သူက ဘေးမှသာ ကြည့်နေခဲ့ရသဖြင့် တိုက်ခိုက်လိုစိတ်များ ပြင်းပြနေခဲ့သည်။

တစ်ချိန်ကဆိုလျှင် မဟာအုပ်စိုးရှင်ရှန်လဲ့သည် စစ်မှန်နတ်ဘုရားတစ်ပါးကို ကျိယွမ်သတ်နိုင်ရန် ဖမ်းဆီးပေးခဲ့သော်လည်း မသတ်နိုင်ခဲ့သဖြင့် အလွန်စိတ်ပျက်ခဲ့ရသည်။

ယခုအချိန်မှာတော့ သတ်ဖြတ်ရန် အသင့်ဖြစ်နေသော ခေါင်းများရှိနေပြီဖြစ်သလို သူ့လည်းသတ်နိုင်သောခွန်အားများရှိနေဖြစ်သောကြောင့် သူ မစောင့်နိုင်တော့ပေ။

"ဓား၊ လာစမ်း"

ကျိယွမ်၏ အမိန့်ပေးသံအဆုံးတွင် သူ၏လက်စွဲတော် သွေးရောင်ဓားရှည်ကြီးပေါ်ထွက်လာသည်။ ကျိယွမ်၏အေးစက်သော အကြည့်က ကတုံးနှင့်တကွ မိစ္ဆာနတ်ဘုရားများအပေါ် ကျရောက်သွားသည်။

"သတ်..."

သွေးရောင်ဓားက နဂါးတစ်ကောင်အလား လေထဲတွင် ဝဲပျံသွား၏။ နတ်ဘုရားနယ်ပယ်များအတွင်းသို့ ရိပ်ခနဲဝင်ရောက်သွားပြီး အစွမ်းထက်သော မိစ္ဆာနတ်ဘုရား ရှစ်ပါးစလုံးပေါ်၌ ပြင်းထန်စွာ ဖြတ်သန်းသွားခဲ့သည်။

ရလဒ်အနေဖြင့် မိစ္ဆာနတ်ဘုရားများ တစ်ပါးပြီးတစ်ပါး လဲကျကုန်ကြသည်။ သူတို့၏ ဦးခေါင်းများ ပြတ်ထွက်ကုန်ပြီး ခန္ဓာကိုယ်များမှာလည်း ကျိယွမ်၏ ဓားချက်ကြောင့် အလုံးစုံ ကြေမွကုန်တော့သည်။

သူတို့အားလုံး လုံးဝဥဿုံ သေဆုံးသွားကြပြီ ဖြစ်သည်။

"အခုမှပဲ စိတ်အေးလက်အေးနဲ့ စားသောက်ပွဲကြီးကို ခံစားလို့ရတော့မယ်"

မိစ္ဆာနတ်ဘုရားရှစ်ပါးကို သတ်ဖြတ်ပြီးနောက် ကျိယွမ်သည် မိစ္ဆာနတ်ဘုရား စွမ်းအင်အမြောက်အမြားကို စုပ်ယူလိုက်သဖြင့် သူ၏ အတွေ့အကြုံရမှတ်များမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။

ကျိယွမ်က အစားကောင်းစားလိုက်ရသလို လျာသပ်လိုက်ပြီးနောက် သူ၏အကြည့်က သစ္စာဖောက် ကျန်းဖုန်းကို အာရုံစိုက်လိုက်၏။

ထိုအချိန်တွင် ကျန်းဖုန်းသည် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေပြီး နတ်ဘုရားနယ်ပယ်များနှင့် အခြားနတ်ဘုရားများ၏ ဖိအားကြောင့် မလှုပ်နိုင်ဘဲ ဖြစ်နေလေပြီ။

ကျိယွမ်က ကျေနပ်စွာ ခေါင်းညိတ်၏။

"အားနည်းတဲ့သူကို အနိုင်ကျင့်ရတဲ့ ခံစားချက်က တော်တော်ကောင်းသားပဲ ဟားဟားဟားဟား "

ကြာမြင့်စွာ ထိန်းချုပ်ကန့်သတ်ထားရပြီးနောက်မှာတော့ သူ၏ အစွမ်းအစများကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် ပျော်ရွှင်စွာတဟားဟား အော်ရယ်နေသော်လည်း ကျန်းဖုန်းကိုကြည့်သည့် အကြည့်မှာ အေးစက်ပြီး စူးရှနေသည်။

"မင်းကို သတ်ချင်နေတာ ကြာပြီ"

နတ်ဘုရားနယ်ပယ်များစွာ၏ ဖိနှိပ်ခြင်းကို ခံထားရသော ကျန်းဖုန်းသည် ကြောက်ရွံ့ထိတ်လန့်နေပြီး တုန်ယင်စွာမေးလိုက်သည်။

"ကျွန်တော်မျိုး အရှင့်ကို ပြစ်မှားမိတာများ ရှိပါသလား"

သူ အစွမ်းကုန် စဉ်းစားသော်လည်း မည်သည့်အရာကိုမျှ မမှတ်မိပေ။သူသည် ဝမ်ဝမ်ချီမှ အပ အခြားမည်သူ့ကိုမှ မသိပါ။

"ရှိတာပေါ့ ...တော်တော်ကြာပြီ..."

ကျိယွမ်၏အဖြေကိုကြားသောအခါ ထိုကိစ္စများက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကများ ဖြစ်နေမလားဟု ချန်ဖုန်း နာကျင်စွာတွေးနေမိသည်။

"မင်းကို မသတ်ခင်မှာ မင်းရဲ့ ဝိညာဉ်ကို ငါ ဖတ်ကြည့်မယ်"

ကျိယွမ်သည် ဝိညာဉ်ဖတ်ခြင်းကို လုပ်ခဲလှသည်။ အများအားဖြင့် သူသည် ရန်သူများကို ချက်ချင်းသာ သတ်ပစ်လေ့ရှိသည်။

ကျန်းဖုန်း၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားပြီး

"ကျွန်တော် ဘာတွေ ပြစ်မှားခဲ့လို့လဲ၊ ကျွန်တော့်ကို ရှင်းပြပေးပါဦး၊ ဒါမှ ကျွန်တော် ဘာကြောင့် သေရတယ်ဆိုတာ သိပြီး စိတ်ဖြောင့်ဖြောင့်သေနိုင်မှာပါ"

ကျန်းဖုန်းသည် အသက်ရှင်သန်နိုင်မည့် အခွင့်အရေးမှန်သမျှကို အမြဲ ဆုပ်ကိုင်ထားလေ့ရှိသူ ဖြစ်သည်။

"ရတနာနတ်ဘုရားက လေးစားစရာကောင်းတဲ့ လူကြီးတစ်ယောက်ပါ၊ ဒါပေမဲ့ ငါ သူ့ကို တွေ့ခွင့်မရခဲ့ဘူး၊ မင်းက သူ့နဲ့ အနီးကပ်ဆုံး ရှိခဲ့သူဆိုတော့ သူ တကယ် ဘယ်လိုလူမျိုးလဲဆိုတာ ငါ သိချင်လို့ မင်းရဲ့ဝိညာဥ်ကိုဖတ်တာပဲ"

ကျန်းဖုန်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ကျိယွမ်၏ နတ်ဘုရားအာရုံသည် ကျန်းဖုန်း၏ သိစိတ်ပင်လယ်ကို အကြမ်းပတမ်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။

အတောမသတ်နိုင်သော မှတ်ဉာဏ်များက ကျိယွမ်၏ စိတ်ထဲသို့ စီးဝင်လာ၏။

ကျန်းဖုန်း၏ မှတ်ဉာဏ်များထဲတွင် ကျိယွမ်သည် ကြင်နာတတ်သော အဖိုးအိုကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရသည်။

သူသည် ရိုးရှင်းသော အဝတ်အစားများကို အမြဲဝတ်ဆင်ပြီး ရေကန်ဘေးတွင် ငါးမျှားနေတတ်၏။

မှတ်ဉာဏ်များအားလုံးကို ရရှိပြီးနောက် ကျိယွမ်သည် မျက်လုံးများ ဗလာဖြစ်နေသော ကျန်းဖုန်းကို ကြည့်လိုက်သည်။

"ရတနာနတ်ဘုရားအရှင်... ခင်ဗျားကို ကျွန်တော် သတိရနေမှာပါ"

ယခုအချိန်တွင် ကျိယွမ်သည် ရတနာနတ်ဘုရား၏အကြောင်းကို များစွာ သိရှိသွားခဲ့ပြီ ဖြစ်သည် ။ ကျိယွမ်သည် သူ့အပေါ် ကောင်းခဲ့ဖူးသူများကို အမြဲ သတိရနေတတ်၏။

တစ်စုံတစ်ယောက်၏ သတိရခြင်းကို ခံနေရခြင်းမှာ ဤလောကမှ လုံးဝ ပျောက်ကွယ်မသွားခြင်းပင် မဟုတ်ပါလား။

တစ်နေ့နေ့တွင် သူသည် နတ်ဘုရားအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိသောအခါ ကွယ်လွန်သွားသူများအားလုံး ပြန်လည်ရောက်ရှိလာနိုင်ပေသည်။

ကျိယွမ်၏အကြည့်က ဝမ်ဝမ်ချီဆီသို့ ရောက်ရှိသွားခဲ့သည်။

အဓိပ္ပါယ်မှာ နင်သတ်မလား ၊ ငါသတ်လိုက်ရမလား ဟူသည်။

ဝမ်ဝမ်ချီက ထိုအချိန်ကိုစောင့်နေခဲ့ခြင်းပင် ။

သူမက နာကျည်းစွာအံကြိတ်လျက် ကျန်ဖုန်းကို ပြင်းထန်စွာတိုက်ခိုကိလိုက်၏။

"သေပေတော့..."

ကျန်ဖုန်းကို ကိုယ်တိုင်သတ်ဖြတ်ပြီးသောအခါ သူမ၏ ခံစားချက်များကို ထိန်းချုပ်ထားသော ဝမ်ဝမ်ချီ၏နီရဲသော မျက်ဝန်းများမှ မျက်ရည်များကျဆင်းလာတော့သည်။

အဘိုးအတွက် သမီးတာဝန်ကျေခဲ့ပါပြီ ။

ကျိယွမ်က သူမအားနှစ်သိပ်မပေးခဲ့ပါ ။ ယခုအကြိမ်ငိုကြွေးခြင်းက သူမအတွက် နောက်ဆုံးမျက်ရည်များ ဖြစ်ပေလိမ့်မည်။

အတန်ကြာတိတ်ဆိတ်နေပြီးမှ အမြွှာညီအစ်မထဲမှ အစ်မဖြစ်သူက အလောတကြီးသတိပေးလိုက်သည်။

"အရှင်၊ ကျွန်မတို့ အမြန်ထွက်သွားရမယ်၊မိစ္ဆာနတ်ဘုရားစစ်တပ်က မကြာခင် ရောက်လာတော့မှာ၊ နောက်တစ်ခါမှာ သူတို့က မဟာအုပ်စိုးရှင်တစ်ပါးကိုသာ စေလွှတ်လိုက်ရင် ကျွန်မတို့အတွက် အခက်တွေ့လိမ့်မယ်"

ယခုအချိန်က ခံစားချက်များကို ထုတ်ဖော်နေရမည်အခါမဟုတိပါ ။ အားလုံးက ရန်သူ့နယ်မြေထဲတွင် ရှိနေဆဲမဟုတိပါလား ။

ကျိယွမ်ကလည်း သဘောတူကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက နန်းမြို့တော်ထက်မှ ရုတ်တရက် အော်ဟစ်လိုက်၏။

"မင်္ဂလာပါ .. ချိုင်တိူင်းပြည် မြို့သူမြို့သားတို့၊ ဒီတစ်ခေါက်တော့ စားသောက်ပွဲ မလုပ်နိုင်ပေမဲ့ နောက်တစ်ခါ လာရင်တော့ ခင်ဗျားတို့ကို ကျွေးမွေးပြုစုပါဦးမယ်"

သေဆုံးသွားသူများ၏ အိမ်တွင် စားသောက်ပွဲ မကျင်းပနိုင်သည့်အတွက် ကျိယွမ် စိတ်မကောင်း ဖြစ်နေသော်လည်း နောက်တစ်ကြိမ် အခွင့်အရေး ရှိသေးသည်ဟု သူတွေးလိုက်သည်။

သူ၏အသံကိုကြားသော်လည်း မြို့သူမြို့သားများမှာ ဘာဖြစ်နေမှန်း မသိသောကြောင့် ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့ကြသည်။

"သွားကြစို့"

ထွက်ခွာရန် အချိန်တန်ပြီဖြစ်ကြောင်း ကျိယွမ်သိသည်။ သူတို့သည် အစွမ်းထက်သော်လည်း မိစ္ဆာနတ်ဘုရားတပ်စခန်းကြီးတစ်ခုလုံးနှင့် ယှဉ်လျှင်မူ ကွာဟချက်များစွာ ရှိနေသေးသည်။

အကယ်၍ မိစ္ဆာနတ်ဘုရားတပ်ကြီးတစ်ခုလုံးသည် သေဘေးကို မကြောက်ဘဲ စက်ရုပ်များကဲ့သို့ တိုက်ခိုက်လာပါက ကျိယွမ်တို့အဖွဲ့ကို အမှန်တကယ်ပင် ဟန့်တားနိုင်ပေလိမ့်မည်။

ချက်ချင်းလိုလိုပင် သူတို့အဖွဲ့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။

ရန်သူနယ်မြေထဲသို့ဝင်ရောက်ကာ သတ်ဖြတ်ပြီးနောက် ယခုလို ထွက်ပြေးရခြင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ကျိယွမ်မှာ ထိုခံစားချက်ကို ကျင့်သားရနေလေပြီ။

တစ်ခုတည်းသော အားနည်းချက်မှာ ယခုအခေါက်၌ အသတ်ခံရသူ၏ အိမ်တွင် စားသောက်ပွဲ မကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်၏။

ထားတော့ နောက်အခေါက်မှပေါ့ ။

"အရှိန်မြှင့်ကြ.."

အလင်းတန်းများက ပို၍လျှင်မြန်စွာ ပျံသန်းလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် ဟိန်းဟောက်သံကြီးတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာ၏။

"ရောက်မှတော့ ခဏလောက် နေသွားကြပါဦးလား"

ထိုအသံကို ကြားလိုက်ရသောအခါ ရှေးဟောင်းနတ်ဘုရား အားလုံး၏ မျက်နှာများ ပျက်သွားကြကုန်၏။

"မဟာအုပ်စိုးရှင်"

နောက်ဆုံးမှာတော့ မိစ္ဆာနတ်ဘုရားတပ်စခန်းကြီးမှ မဟာအုပ်စိုးရှင်တစ်ပါးက လှုပ်ရှားလာခဲ့ပြီ မဟုတိပါလား။

ဝေးကွာလှသော မြောက်ဘက်အရပ်မှ ကြီးမားသော အလင်းတိုင်ကြီးတစ်ခုသည် သူတို့ဆီသို့ ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်။

ထိုအလင်းတိုင်ကြီးတွင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အရည်ပျော်စေနိုင်သည့် ဖျက်ဆီးအားများ ပြည့်နှက်နေ၏။

ထိုအရာမှာ မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ ပစ်လွှတ်လိုက်သည့် မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကုန် တိုက်ကွက်ဖြစ်သည်မှာ ထင်ရှားလှသည်။

အုပ်စိုးရှင်နှင့် မဟာအုပ်စိုးရှင်တို့၏အကြားမှ ခြားနားချက်မှာ ယင်နတ်ဘုရားနှင့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတို့ကြားရှိ ကွာဟချက်ကဲ့သို့ပင်ဝေးကွာလှ၏။

သူတို့သည် နတ်ဘုရားနယ်ပယ်ဆေးလုံးကို စားသုံးထားသဖြင့် နတ်ဘုရားနယ်ပယ်မျိုးစေ့များကို ထုတ်ဖော်နိုင်သော်လည်း မဟာအုပ်စိုးရှင်တစ်ပါး၏ ပြည့်စုံသော နယ်ပယ်နှင့် ယှဉ်လျှင်မူ ဘာမျှ မဟုတ်တော့ပေ။

မိုင်ပေါင်းထောင်ချီ ဝေးသော်လည်း မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကုန် တိုက်ခိုက်မှုမှာ ဖျက်ဆီး၍မရသော အင်အားတစ်ခုကဲ့သို့ အားလုံးကို ခံစားရစေသည်။

အမြွှာညီအစ်မထဲမှ အစ်မဖြစ်သူ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့၏။

"အရှင့်ကို ကူညီပြီး ဒီတိုက်ကွက်ကို တားဆီးဖို့ ငါတို့အားလုံး ပူးပေါင်းရမယ်"

သူမက အခြားရှေးဟောင်းနတ်ဘုရား ခုနစ်ပါးကို ခေါ်လိုက်သည်။

ထိုခုနစ်ပါးလုံးမှာ ဝါရင့် ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြပြီး အလွန်အစွမ်းထက်သူများဖြစ်သည်။

အကယ်၍ သူတို့ ရှစ်ပါးစလုံး စုပေါင်းလိုက်လျှင် ထိုတိုက်ကွက်ကို တားဆီးနိုင်ကောင်း တားဆီးနိုင်ပေလိမ့်မည်။

သို့သော် ကြီးမားသော ပေးဆပ်မှုများကတော့ ရှိလာမည်မှာ သေချာ၏။

မည်သို့ဆိုစေကာမူ နှစ်ပါးခန့် အသက်ရှင်ကျန်ရစ်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

"မင်းတို့ လုပ်စရာ မလိုဘူး"

ရုတ်တရက် ကျူးရှီကျုံးက သူတို့ရှစ်ယောက်ရှေ့သို့ ထွက်လာသည်။

ချန်ရှီးဖန်၊ ရှီချုံရှန်းနှင့် မုထုံတို့ကလည်း ရှေ့သို့ တက်လာကြကုန်၏။

အစ်မဖြစ်သူက သူတို့ကြောင့် မှင်တက်သွားသည်။ ထိုရွာသားများသည် စစ်မှန်နတ်ဘုရားအဆင့်သို့ ယခုလေးတင်မှ တက်လှမ်းထားသူများ မဟုတ်ပါလား။

သူတို့အတွက် ဤတိုက်ကွက်ကို တားဆီးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်။

သို့သော် ကျိယွမ်က မတားမြစ်ခဲ့ပါ ။ သူက ခေါင်းညိတ်ပြပြီး အမိန့်ထပ်ပေးလ်ုက်၏။

"မြောက်ဝင်ရိုးစွန်း သူရဲကောင်းလေးပါး၊ ငါ့ကို စိတ်မပျက်စေနဲ့"

အမှန်တကယ်ပင် သူတို့လေးဦးမှာ မြောက်ဝင်ရိုးစွန်း သူရဲကောင်းလေးပါး နတ်ဘုရားနည်းစနစ်များကို ကျင့်ကြံထားသူများ ဖြစ်ကြသည်။

ကျူရှီကျုံးသည် စစ်သူကြီး ထျန်းဖုန်း ဖြစ်ပြီး၊ ရှီချုံရှန်းသည် ရွှမ်ထျန်းရှန်းတီ (သို့မဟုတ်) စစ်မှန်သော မဟာဝူဧကရာဇ် ဖြစ်ကာ၊ ချန်ရှီးဖန်မှာ စစ်သူကြီး ထျန်းယို ဖြစ်ပြီး၊ မုထုံမှာမူ စစ်သူကြီး ယိရှန့် ဖြစ်သည်။

"အရှင်..သူတို့ စစ်မှန်နတ်ဘုရားအဆင့်ကို ရောက်နေရင်တောင် ကွာဟချက်က ကြီးမားလွန်းသေးတယ်..."

အစ်မဖြစ်သူသည် စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ် ဖြစ်နေသည်။

သူတို့လေးဦးသည် နတ်ဘုရားနည်းစနစ်များကို ကျင့်ကြံပြီးနောက် အစွမ်းအစများ စတင် တိုးတက်လာသူများ ဖြစ်သည်။ ဤနေရာတွင် သေဆုံးသွားရခြင်းမှာ အလွန် နှမြောစရာ ကောင်းလှပေသည်။

သို့သော် ကျိယွမ်၏ အမိန့်ကို မည်

သူမျှ မေးခွန်းမထုတ်ဝံ့ပေ။

ရှေးဟောင်းနတ်ဘုရားများက သူတို့လေးဦးကို စိုးရိမ်စွာကြည့်နေမိ၏။

ထိုအချိန်မှာပင် ရွာသားလေးဦးသည် လေထဲသို့ လျှင်မြန်စွာပျံတက်သွားပြီး ကြီးမားသော အလင်းတိုင်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရန် ရပ်တန့်လိုက်ကြသည်။

သူတို့သည် မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကုန် တိုက်ကွက်ကို အကြောက်အလန့်မရှိ စိုက်ကြည့်နေကြ၏။

"ဒီနေ့ မင်းတို့ကို တကယ့်ခွန်အားဆိုတာ ဘာလဲဆိုတာ ငါကျူးကြီးက ပြပေးလိုက်မယ်"

မာန်တက်နေသော ကျူးရှီကျုံးက ဝေးကွာသောနေရာကို လှမ်းကာဟိန်းဟောက်လိုက်သည်။

"ငါလည်း ပြမယ်ဟေ့.."

အခြားသုံးဦးကလည်း လိုက်လံ ဟိန်းဟောက်လိုက်ကြသည်။

ရုတ်တရက် အချိန်များပင် ရပ်တန့်သွားသလို ခံစားလိုက်ရပြီး အော်ဟစ်သံနှင့်အတူ ရွာသားလေးဦးမှာ သိသိသာသာ ပြောင်းလဲသွားကာ နတ်ဘုရားအရှိန်အဝါများက ဟင်းလင်းပြင်တွင် ပြည့်နှက်သွားတော့သည်။

သူတို့၏ နောက်ကွယ်တွင် ထိတ်လန့်ဖွယ် ကောင်းသော ပုံရိပ်ကြီးများ တဒုန်းဒုန်းပေါ်ထွက်လာ၏။

ကျူးရှီကျုံး၏ နောက်တွင် ခေါင်းလေးလုံး၊ လက်ရှစ်ဖက်ရှိသော၊ လက်နက် ရှစ်မျိုးကို ကိုင်ဆောင်ထားသည့် ကျန်း ၁၃၀ ကျော် မြင့်သော နတ်မင်းကြီးတစ်ပါး ပေါ်လာသည်။

နဂါးငွေ့တန်း ဂလက်ဆီသည် သူ၏ လက်ဖဝါးများကြားတွင် စီးဆင်းနေပြီး ထိတ်လန့်ဖွယ် လျှပ်စီးများသည် သူ၏ ဆံပင်များကြားတွင် မြွေငယ်များကဲ့သို့ ကခုန်နေကြသည်။

နတ်ဘုရားထျန်းဖုန်း၏ ပုံရိပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အခြား ရွာသားသုံးဦးလည်း အလားတူပင် ပြောင်းလဲသွားကြသည်။

သူတို့ တစ်ဦးချင်းစီ၏ နောက်တွင် ထိတ်လန့်ဖွယ် နတ်ဘုရားအရိပ်ကြီးများ ထင်ဟပ်လာ၏။

ထိုပုံရိပ်များသည် နတ်မင်းကြီးများ ဆင်းသက်လာသကဲ့သို့ ဖြစ်နေပြီး တည့်တည့်ကြည့်ရန်ပင် မဖြစ်နိုင်ပေ။

တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ကြောက်ရွံ့အားနာစိတ်များ ပြည့်နှက်သွားစေသည်။

ထို့နောက် နဂါးငွေ့တန်း စီးဆင်းသံများ ဟင်းလင်းပြင်တွင် ပြည့်နှက်သွားပြီး

ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များ၏ အသံများကလည်း ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

ရှေးဟောင်းနတ်ဘုရားများသည် ထိုအရိပ်များကို မကြည့်ဘဲ မနေနိုင်ကြပေ။

ထိုအရိပ်များ၏ အပြင်ဘက်တွင် တကယ့်စစ်တပ်ကြီးများ ရှိနေသကဲ့သို့ သူတို့ မြင်တွေ့နေရသည်မဟုတ်ပါလား။

"ဒါက... နတ်ဘုရားစွမ်းအင်ရော ဟုတ်ရဲ့လား"

"ဒါက ဘာလို့ ငါတို့ စိတ်ကူးထားတာထက် အဆပေါင်း ထောင်ချီ၊ သောင်းချီပြီး ပိုကြောက်ဖို့ ကောင်းနေရတာလဲ"

ရှေးဟောင်းနတ်ဘုရားများသည် ကြောက်ရွံ့ရိုသေမှုဖြင့် တုန်ရင်နေကြစဥ်မှာပင်

ခရမ်းရောင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး နဂါးငွေ့တန်းကြီးသည်လည်း လှုပ်ခတ်သွားသည်။

သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များ ချီတက်လာသည့် အသံများစွာ ပေါ်ထွက်လာပြီး ထိုအရိပ်များ၏ နောက်ကွယ်တွင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ကာ လှံရှည်များ၊ စစ်ပုဆိန်လက်နက်များကို ကိုင်ဆောင်ထားသည့် အဆုံးမဲ့ နတ်ဘုရားစစ်သည်တော်ကြီးများ ရှိနေ၏။

စစ်သည်တိုင်းမှာလည်း စစ်မှန်နတ်ဘုရားများ ဖြစ်ကြ၏။ ထိုနတ်ဘုရား စစ်သည်များသည် ရေတွက်၍မရနိုင်သော စစ်တပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။

တိုက်ပွဲဝင် အော်ဟစ်သံများကလည်း ဟင်းလင်ပြင်အနှံ့ သောသောညံအောင်ထွက်ပေါ်လာတော့သည်။

"ထျန်းဖုန်း ၊ ထျန်းဖုန်း ..နိုင်းယွမ် ဝိညာဉ်စစ်သည်တော်များ"

"ကောင်းကင်သံချပ်ကာ စစ်သည်တော်များ၊ တောင်ဘက်ကို ကာကွယ်ပြီး ရန်သူကို နှိမ်နင်းကြ"

"ကောင်းကင်စစ်သူကြီးများ၊ မြောက်ဘက်ကို ကာကွယ်ပြီး ရန်သူကို တိုက်ခိုက်ကြ"

"စစ်သည်တော် သုံးသိန်း၊ ကောင်းကင်ဘုံ ကိုးထပ်ကို ကာကွယ်ကြ"

ရှေးဟောင်းနတ်ဘုရားများမှာ ဆွံ့အသွားကြတော့သည်။

ဒါက နတ်ဘုရားစွမ်းအင်လား။

အဓိပ္ပာယ်မရှိလိုက်တာ။

ဖန်ထုန်နယ်မြေမှာ စစ်မှန်နတ်ဘုရား သုံးသိန်းကို အုပ်ချုပ်တဲ့နတ်ဘုရား ဘယ်မှာ ရှိလို့လဲ။

စစ်မှန်နတ်ဘုရားသုံးသိန်းက သာမန်စစ်သည်တော်တွေ ဖြစ်နေတဲ့ စစ်တပ်ကြီးလား ။

ဟုန်ထန်းစစ်ပွဲ၏ ဒဏ္ဍာရီများတွင်ပင် ဤကဲ့သို့ ချဲ့ကားပြောဆိုခြင်း မရှိခဲ့ပေ။

"ငါက မြောက်ဝင်ရိုးစွန်း သူရဲကောင်းလေးပါးရဲ့ စစ်သေနာပတိချုပ် ထျန်းဖုန်းပဲ"

"မင်းက ငါ့ကို ဘယ်လိုများ ရန်ပြုရဲတာလဲ"

ကျူရှီကျုံးက ထပ်မံ ဟိန်းဟောက်လိုက်သည်။

သူ၏နောက်တွင်ရှိနေသော ထိတ်လန့်ဖွယ် အရိပ်ကြီးသည် မျက်လုံးများကို ဖွင့်လိုက်၏။

အခြားသော စစ်သူကြီး သုံးဦးကလည်း မျက်လုံးများကို ဖွင့်လိုက်ကြသည်။

အစွမ်းထက်သော အရှိန်အဝါများသည် အရာအားလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုခဏတွင် ဖြစ်ပျက်သမျှကိုတော့ ရှေးဟောင်းနတ်ဘုရားများခမျာ စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။

မြောက်ဝင်ရိုးစွန်း သူရဲကောင်းလေးပါး၏ အရိပ်များသည် လက်များကို ဆန့်ထုတ်လိုက်ပြီး အရာအားလုံးကို ဖျက်ဆီးမည့် ထိတ်လန့်ဖွယ်ကောင်သော အလင်းတိုင်ကြီးကို ဖမ်းဆုပ်လိုက်ကြသည်။

"ယား..."

ကျူးရှိကျုံးက မာန်သွင်းကာ အော်ဟစ်လိုက်သည်နှင့်တပြိူင်နက် အခြား ရွာသားသုံးဦးကလည်း ပြင်းထန်သောစိတ်ဓာတ်များကို ပြသလိုက်ကြသည်။

သူတို့သည် သူတို့၏ နတ်ဘုရားခန္ဓာကိုယ်များနှင့် နတ်ဘုရားနယ်ပယ်များကို အသုံးပြု၍ မဟာအုပ်စိုးရှင်၏ အစွမ်းကုန် တိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။

ဝုန်း...

ပေါက်ကွဲသံကြီးနှင့်အတူ မိုးနှင့်မြေတို့ပါ တသိမိ့သိမ့်တုန်သွားပြီး အလင်းတိုင်ကြီးမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်ကာ ပျောက်ကွယ်သွားတော့သည်။

All Chapters