← Chapters

စံအိမ်ထဲ၌ တေးဂီတကို ခံစားခြင်း

Vol. 18 Ch. 213

စံအိမ်ထဲ၌ တေးဂီတကို ခံစားခြင်း

Vol. 18 Ch. 213

ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း၌ ဖြစ်၏။

ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းသည် စိတ်ပျက်ခြင်းနှင့်အတူ အားမလိုအားမရခံစားနေရသည်။သို့သော်လည်း သူကတက်နိုင်သမျှကြိုးစားကြည့်ချင်၏။

"အခုအချိန်မှာ မူလနတ်ဘုရားရဲ့ လက်အောက်က ထိပ်တန်းစစ်သူကြီးတွေဟာ ဖုန်းတိုင်းပြည်နဲ့ လင်းတိုင်းပြည်ကို သိမ်းကျုံးတိုက်ခိုက်နေကြပြီ။ ဒါဟာ မိစ္ဆာနတ်ဘုရားတပ်စခန်းတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်။ ငါကတော့ မူလနတ်ဘုရားကို ကူညီဖို့ လင်းတိုင်းပြည်ကို သွားဖို့ အသင့်ပဲ။ ဘယ်သူတွေ ငါနဲ့အတူ လိုက်ချင်လဲ ၊ လိုက်ချင်သူရှိရင် ထွက်ခဲ့ကြပါ"

"ဒီနေ့ ဖြစ်ပျက်နေတဲ့ ပွဲကြီးပွဲကောင်းရဲ့ နောက်ကွယ်မှာ မူလနတ်ဘုရား ရှိနေတာကိုး။ ငါလည်း လိုက်မယ်"

"နေကြစမ်းပါဦး အဲဒီမူလနတ်ဘုရားဆိုတာ ဘယ်သူလဲ။ ဒီလုပ်ရပ်ကတော့ ပညာမဲ့ရာ ကျလွန်းတယ်"

"သူတို့က ခဏပန်းကြွားလုံးထုတ်နေကြတာပါ။ မိစ္ဆာနတ်ဘုရားတွေဘက်က စစ်အင်အားစုရုံးပြီး လှုပ်ရှားလာတာနဲ့ သူတို့အားလုံး သေကြရမှာပဲ။ အခုချိန်မှာ သူတို့ကို သွားကူညီတာဟာ ကိုယ့်အသက်ကို အလဟဿ စတေးတာပဲ "

"မရူးကြစမ်းနဲ့ "

"တော်စမ်း ...သူတို့က မိစ္ဆာနတ်ဘုရားတွေကို နှိမ်နင်းပေးနေတာကို မင်းက ကြွားလုံးထုတ်တယ်လို့ ခေါ်သလား။ ငါတို့ကတော့ လိပ်တွေလို ပုန်းအောင်းနေကြလေ ၊ လိပ်လိုပုန်းနေတာကမှ အမှနိတရားလား "

"ငါတို့ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လင်းနဲ့ ဖုန်းတိုင်းပြည်နှစ်ခုလုံးက မိစ္ဆာနတ်ဘုရားတွေကို ဘယ်လိုလုပ်ပြီး အမြစ်ပြတ်ချေမှုန်းနိုင်မှာလဲ ၊ မနိုင်ဘဲ သွားစရင် သေကုန်တာပဲရှိမှာပေါ့ ၊၊ ငါတို့က အဖွဲ့ကြီးတစ်ခုလုံးအတွက် အားလုံးအတွက်သည်းခံခဲ့ကြတာကွ ။ အဲဒါကရော မှားနေလို့လား"

"အပိုတွေ ...ငါတို့မဟာမိတ်အဖွဲ့ထဲက ရှေးဟောင်းနတ်ဘုရားတွေ အားလုံးသာ မသူတို့ကို သွားကူညီရင် မိစ္ဆာနတ်ဘုရားတပ်စခန်းတွေတောင် ငါတို့ကို ရင်ဆိုင်ဖို့ ခက်ခဲသွားမှာသေချာတယ် ၊ မင်းတို့က ခုချိန်ထိ ပုန်းနေဦးမလို့လား "

"ငါတို့က တိတ်တဆိတ်ပဲ အင်အားချဲ့ထွင်သင့်တာ။ စစ်ပွဲကို အမှတ်မထင် စတင်လိုက်တာဟာ မဟာမိတ်အဖွဲ့နဲ့ ဖန်ထုန်နယ်မြေတစ်ခုလုံးကို ဘေးဒုက္ခထဲ ဆွဲနှစ်လိုက်တာပဲ ဖြစ်တယ် ၊ မမိုက်မဲကြနဲ့ "

"ငါတို့က ဆုတ်ခွာရင်း ဆုတ်ခွာရင်းနဲ့... ဘာလဲ၊ မိစ္ဆာနတ်ဘုရားတွေ ငါတို့အိမ်တံခါးဝ ရောက်လာမှ ခုခံကြတော့မှာလား"

ရှေးဟောင်းနတ်ဘုရားမှာ သဘောထားကွဲလွဲကုန်ကြပြီး အပြန်အလှန် အငြင်းပွားနေသောကြောင့် ဆညိးဆားနတိဘုရားလည်း လက်မှိုင်ချ၍သာ စောင့်နေရတေု့သည်။

နာရီဝက်ခန့်အထိ ပြင်းထန်စွာ ငြင်းခုန်ကြပြီးနောက်မှာတော့ သွားသူကသွား လာသူကလာနှင့် ဆည်းဆာနတ်ဘုရားနှင့် ရှေးဟောင်းနတ်ဘုရား ၂၀ ခန့်သာကျန်ခဲ့၏။

ထိုနတ်ဘုရားများသည် မူလနတ်ဘုရားကို ကူညီရန်အတွက် ချင်းရွှေကျေးရွာသို့ သွားရောက်ကြရန် မဟာမိတ်အဖွဲ့မှ မိမိသဘောဖြင့် ထွက်ခွာလာကြသူများပင်။

"ဆည်းဆာနတ်ဘုရား ကျွန်မတို့ သွားသင့်ပြီ"

မီးကြာပန်းအရှင်မက တောင်ပိုင်းသူလေးတစ်ဦးကဲ့သို့ နူးညံ့သော အသံဖြင့်တိုက်တွန်းလိုကိသည်။

"ကျုပ်တို့ အတော်ကြာအောင် စောင့်ပြီးပြီ။ လာမယ့်သူတွေလည်း ရောက်လာကြပြီ။ ကျန်တဲ့သူတွေကတော့ သူတို့ဘာသာ ရွေးချယ်မှု ပြုခဲ့ကြတာလေ၊ ဆက်စောင့်နေဖို့ မလိုတော့ဘူး"

အခြားနတ်ဘုရားတစ်ပါးကလည်း လက်လျှော့လိုက်သည့် လေသံဖြင့် ဆို၏။

မဟာမိတ်အဖွဲ့တွင် ရှေးဟောင်းနတ်ဘုရား သုံးရာကျော် ရှိသော်လည်း အပါးနှစ်ဆယ်ခန့်သာ ရောက်ရှိလာခဲ့သည်။ ဆယ်ပုံတစ်ပုံပင် မပြည့်သော်လည်း ဤသည်မှာ ခန့်မှန်းထားပြီးသား ရလဒ်ပင်ဖြစ်သည် ။ ချင်းရွှေကျေးရွာကို ကူညီရန် သွားခြင်းမှာ မိစ္ဆာနတ်ဘုရားများ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး သေဆုံးသွားနိုင်သည်။

ဤနေရာတွင် ဆက်လက်နေထိုင်ပါက အန္တရာယ်မရှိဘဲ အေးချမ်းစွာနေနိုင်ပေလိမ့်မည် ။

မည်သူက အမိုက်ခံ၍စွန့်ခွာချင်မည်နည်း။

မီးကြာပန်း အရှင်သခင်မက ဆည်းဆာနတ်ဘုရားအား မေးလာ၏။

"ရှင်က မူလနတ်ဘုရားအရင်းနှီးဆုံးဆိုတော့၊ ဘာလို့ ချင်းရွှေကျေးရွာက ရုတ်တရက်ကြီး အင်အားကြီးလာပြီး ဖုန်းနဲ့ လင်းတိုင်းပြည်က မိစ္ဆာတွေကို တဟုန်ထိုးတိုက်ခိုက်ရတာလဲဆိုတာ သိသလား"

အခြားနတ်ဘုရားများကလည်း ထိုမေးခွန်းကို စိတ်ဝင်တစား ကြည့်ရှုလာကြသည်။

သူတို့သည် တရားမျှတမှုအတွက် စွနိ့လွှတ်ရန်ထွက်ခွာလာကြသော်လည်း မူလနတ်ဘုရားနှင့်ချင်းရွှေရွာအကြောင်းကိုတော့ သိပ်မသိကြပေ။

ဆည်းဆာနတ်ဘုရားသည် ခဏမျှ စဉ်းစားပြီးမှ တညိငြိမ်စွာဖြေသည်။

"မူလနတ်ဘုရားဟာ... တစ်ခါက ဒဏ္ဍာရီအဆင့် ပုံရိပ်ဖော်နည်းစနစ် ၂၁ ခုကို ပုံဖော်ခဲ့သူပဲ"

"ဘာ... အဲဒီ ပြိုင်ဘက်ကင်း ပါရမီရှင်က သူလား"

တည်ငြိမ်လှသော မီးကြာပန်း အရှင်မပင် အလွန်အမင်း တုန်လှုပ်သွားသည်။ ထိုစဉ်က ဒဏ္ဍာရီအဆင့် နည်းစနစ် ၂၁ ခုကို ပုံဖော်နိုင်ခဲ့သည့် ပါရမီရှင်တစ်ယောက်၏သတင်းမှာ ဖန်ထုန်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး သူတို့အားလုံးက ထိုသူသည် တောင်ပိုင်းဒေသမှ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုကဲ့သို့ ပျက်စီးနေသော နယ်မြေမှ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။

"တကယ်လို့ သူက သူတော်စင်အဆင့် ၈ ခုကိုပါ ပုံဖော်ခဲ့တာဆိုရင်တော့... ငါတို့ သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ရမယ်"

ဆည်းဆာနတ်ဘုရားက အဝေးသို့မျှော်ကြည့်ရင်းမှ ခိုင်မာစွာတိုက်တွန်းလိုက်သည်။

အခြားနတ်ဘုရားများကလည်း သူတော်စင်အဆင် ၈ ခုကိုဖန်တီးသူမှာ မူလနတ်ဘုရားသာဖြစ်နိုင်သည်ဟု စတင်တွေးတောလာကြ၏။

" ပြောနေ ကြာတယ် ၊ ဟိုရောက်ရင် သိမှာပဲ "

"ငါတိူ့ထွက်လာတာ အလကားမဖြစ်တော့ဘူးဟေ့ .."

"သွားကြစို့..."

သူတိူ့အားလုံးသည် အလင်းတန်းများအဖြစ်ပြောင်းလဲပြီး မြောက်အရပ်သို့ ပျံသန်းသွားကြသည်။

တစ်ဖက်တွင်လည်း မိုကြိုးနတ်ဘုရားကြီးရှန်လဲ့သည် ဖေးဝူမြို့သို့ ပြန်ရောက်နေပြီ ဖြစ်၏။ သူသည် ဘေးနားရှိ ခွေးနက်ကြီးကို ကြည့်ကာ အံကြိတ်လျက်ဟောက်လိုက်သည်။

"မင်း မူလနတ်ဘုရားကို ဘာလို့မတားလိုက်တာလဲ ၊ သူ့ကို သေစေချင်နေတာလား "

ခွေးနက်ကြီးမှာ အပြစ်မရှိဘဲ အပြစ်တင်ခံရသဖြင့် အလွန်ဝမ်းနည်းနေ၏။ သူသည် ခွေးတစ်ကောင်မျှသာဖြစ်ရာ မူလနတ်ဘုရားအရှင်ကို မည်သို့ တားဆီးနိုင်ပါမည်နည်း။

ဟိုကောင် ကျူးကြီးကအနိုင်ကျင့်တာတစ်မျိုး ၊ သူက အပြစ်ရှာနေတာကတစ်မျိုး ငါဝက်သားတောင် မျိုမကျတော့ဘူး ။

ရှန်လဲ့ကတော့ သူရောက်လာချိန်တွင် ကျိယွမ်ကို ရှာမတွေ့သဖြင့် စိတ်ပူနေသည်။ သူက ကျိယွမ်ကို အခြေအနေစောင့်ကြည့်ဖို့ တိုက်တွန်းရန် အမြန်ပြန်ပြေးလာခဲ့ခြင်း ဖြစ်သော်လည်း ထိုအရူးလေးက "တစ်ရက်အတွင်း နတ်ဘုရားတစ်ရာကို သတ်ဖြတ်ခြင်း အစီအစဉ်" ဟုကြွေးကြော်ကာ ထွက်သွားပြီဟု သိလိုက်ရ၏။

ဒီကောင်က ပါရမီလည်း ပါတယ် သတ္တိလည်း မဆိုးဘူး ။ ဦးနှောက်မပါတာက ခက်နေတာ ။

သူက ချီချီကိုမေးခဲ့သော်လည်း ကျိယွမ်ဘယ်သွားသည်ကို သူမလည်းမသိဖြစ်နေ၏။

ကျူးရှီကျုံးကိုခေါ်ကာ နှစ်ယောက်တည်းထွက်သွားသည်ဟုသာ ပြောနိုင်သည်။

ရှန်လဲ့သည် ကျောက်စိမ်းပြားတစ်ခုရှာပြီး တောင်ပိုင်းဒေသရှိ လီရှန်းထံ ဆက်သွယ်လိုက်သည်။ သူက လီရှန်းကိုလည်း သိပ်မကြည်ပါ ။

ဒီကောင် ဘာမှစိတ်မချရပါလား ။ တားထားပါဆိုမှ ဟိုကစစ်တောင်ထွက်တိုက်နေပြီ။

တစ်ဖက်တွင်ရှိသော လီရှန်းကလည်း ကျိယွမ်က ယန်နတ်ဘုရားကိုပါ သတ်မည်ဟု ကြွေးကြော်ကာ ဇွတ်ထွက်သွားသဖြင့် ပြောမရသောကြောင့် လွှတ်ပေးခဲ့ခြင်းပင်။

သို့သော် ကျိယွမ်သည် တိတ်တဆိတ် နေမည့်အစား ယခုလို ဝုန်းဒိုင်းကြီးထကာ အကြီးအကျယ် စစ်ပွဲဆင်နွှဲနေကြောင်း ကြားသိရသောအခါ သူလည်း ထိတ်လန့်သွား၏။

"သူ ရူးနေတာလား၊ ငါတို့ သူ့ကို ကယ်တင်ဖို့ ချင်းရွှေကျေးရွာကို ချက်ချင်း လာခဲ့မယ်"

လီရှန်းက ဆုံးဖြတ်ပြီးသည်နှင့် အခြားသူများကို အမြန်ဆုံးဆက်သွယ်လိုက်သည်။

...........

ဟွာယဲ့ဟုအမည်ရသော မြို့တစ်ခုတွင်ဖြစ်သည်။

ဤမြို့သည် ကျဆုံးနယ်မြေအတွင်း၌ တည်ရှိပြီး ရှေးဟောင်းနတ်ဘုရားများ မရှိဘဲ မိစ္ဆာနတ်ဘုရားများသာ ရှိ၏။

သို့သော်လည်း မိစ္ဆာနတ်ဘုရားများမှာ တသီးတသန့် အောင်းနေတတ်ပြီး မြို့သူမြို့သားများကို ဝါးမြိုရန်တစ်ခါမျှ မကြိုးစားခဲ့ပေ။ ထို့ကြောင့် ဟွာယဲ့မြို့မှ လူများသည် အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေရသော်လည်း အသက်ဆက်ရှင်သန်နိုင်ခဲ့ကြသည်။

ထိုအချိန်တွင် မြို့တွင်းရှိ တောင်ကုန်းလေးတစ်ခုပေါ်၌ လူရိပ်နှစ်ခု ရပ်နေသည်။ တစ်ဦးမှာ ခန့်ညားထည်ဝါပြီး ဗလကောင်းသူဖြစ်ကာ မည်သူမျှ အလွယ်တကူ မထိရဲသည့်ပုံစံမျိုးပင်။ အခြားတစ်ဦးမှာမူ အရပ်ရှည်ရှည်၊ ချောချောမောမောနှင့် အတွေးထဲ နစ်ဝင်နေသကဲ့သို့ အေးစက်သော အမူအရာရှိသူဖြစ်သည်။ သူကား ကျိယွမ် ပင်။

သူသည် တောင်ကုန်းပေါ်မှ စံအိမ်တစ်ခုကို ကြည့်ကာ သက်ပြင်းချလိုက်၏။

"ရှောင်ကျန်းတောင်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး "

"အရှင်... ဒီကို အရင်က ရောက်ဖူးတာလား"

ကျူးရှီကျုံးက အံ့ဩတကြီး မေးလိုက်သည်။ ကျိယွမ်၏ ဇစ်မြစ်မှာ သူ၏နောက်လိုက်များအတွက် အမြဲတမ်း ပဟေဠိတစ်ခုဖြစ်ခဲ့သည်။ ချင်းရွှေရွာသားများနှင့် အခြားရှေးဟောင်းနတ်ဘုရားများမှာ ကျိယွမ်သည် ရှေးခေတ်ကာလမှ မည်သည့်ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်မည်ကို ခန့်မှန်းနေခဲ့ကြပြီး အဖြေကိုကား မရနိုင်ခဲ့ကြပေ။

"ဟုတ်တယ်၊ တစ်ချိန်က ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ ဖန်ထုန်လောကအနှံ့ ခရီးလှည့်ခဲ့ဖူးတယ်။ ဒါဟာ သူ့ရဲ့ မွေးရပ်မြေလို့ သူပြောဖူးတယ်။ အရင်ကတော့ ဒါဟာ ဝါးတောလေးတစ်ခုပဲ၊ အခုတော့ စံအိမ်ကြီး ဆောက်ထားကြပြီပေါ့"

အချိန်တွေ ကုန်ဆုံးသွားသည်ကို ခံစားရင်း ကျိယွမ် သက်ပြင်းချလိုက်သည်။ အစားရှောင်မယ်တော်ဝူရှီသည် ကျိယွမ်ကို ရှောင်ကျန်းတောင်သို့ ခေါ်လာခဲ့ဖူး၏ ။ ထိုစဥ်က သူမသည် ဝါးတောလေးထဲမှ ဝါးပင်တစ်ပင်ကိုခုတ်ကာ ငါးမျှားတံလုပ်ပြီး ကျိယွမ်နှင့်အတူ ငါးမျှားခဲ့သည်။

ထိုစဉ်က သူမငါးမျှားရင်း တီးတိုးရေရွတ်မိသော စကားကိုသူအမှတိမထင်ကြားခဲ့ရသေးသည်။

'နှစ်ပေါင်းသောင်းချီ နောက်ကျပြီးမှ မွေးဖွားခဲ့ရင် ကောင်းမှာပဲ' တဲ့။

သူမအဘယ်ကြောင့် ထို့သို့တမ်းတခဲ့သည်ကိုတော့ ကျိယွမ်နားမလည်ခဲ့ပါ။

"ဒါက အရှင်ရောက်ဖူးတဲ့နေရာဆိုရင်တော့ ရောက်တုန်းရောက်ခိုက် အလွမ်းပြေတစ်ခေါက်လောက် ပြန်ကြည့်သင့်တာပေါ့"

ကျူးရှိကျုံးက အလိုက်သင့် အကြံပေးလိုက်သည်။ သူသည် ကျိယွမ်နောက်သို့ အလုပ်ကြီးအကိုင်ကြီးများ လုပ်ရန် လိုက်လာခြင်းဖြစ်သော်လည်း လောနေခြင်းတော့ မရှိပေ။

"ဟုတ်တယ်၊ အခုတော့ ဒါက လက်ဖက်ရည်ဆိုင် ဖြစ်နေပြီပဲ။ နည်းနည်းပါးပါ လျှောက်ကြည့်ကြတာပေါ့"

ကျိယွမ်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ပြီးတော့ အထဲမှာ ရတနာတစ်ခု ရှိနေပုံပဲ။ လမ်းကြုံရင် ယူသွားရမှာပေါ့"

သူက လက်ဖက်ရည်ဆိုင်ဟု ခေါ်လိုက်သော်လည်း ရိုးရိုးဆိုင်တော့ မဟုတ်ပေ။ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့် တူရိယာတီးခတ်ခြင်း အနုပညာအားလုံး တစ်နေရာတည်းတွင် ရှိနေသည်။

သူတို့ စံအိမ်ထဲမဝင်ခင်မှာပင် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။

"ဂီတနားထောင်မလား၊ အကကြည့်မလားရှင်။ သီးသန့်ခန်းလေးရော ယူမလား"

ထိုအမျိုးသမီးက မေးရင်းမှ ကျူးရှီကျုံးကို အကဲခတ်သလို တစ်ချက်ကြည့်သည်။

"သီးသန့်ခန်းတစ်ခု"

ကျိယွမ်က စဥ်းစားမနေဘဲ ပြန်ဖြေသည်။သူက မျက်စိနောက်ခြင်းကို သဘောမကျပေ။

"ကောင်းပါပြီရှင်"

အမျိုးသမီးမှာ အားရပါးရ ပြုံးလိုက်ပြီး လှည့်ထွက်သွားရာ သူမ၏ ဖွံ့ထွားသောရင်အစုံပင် လှုပ်ခါသွားသည်။ကျူးရှီကျုံးမှာ ရေဆာသလိုလို ခံစားလိုက်ရ၏။

သူတို့နစ်ဦး စံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့များက လေထုထဲ ပျံ့လွင့်နေသည်ကို ခံစားရသည်။ ခန်းမကြီးအလယ်တွင် နုပျိုလှပသော အမျိုးသမီးငယ် တစ်ဆယ့်ခုနစ်ဦး နွဲ့နှောင်းစွာကခုန်နေကြသလို ပါးလွှာသော ဝတ်စုံများကို ဝတ်ဆင်ထားသောကြောင့် နွဲ့နှောင်းသော ခါးလေးများကို လှုပ်ခါကာကလိုက်တိုင်း လေယူရာယိမ်းသော ကြာပန်းဖူးလေးများကဲ့သို့ ကဗျာဆန်နေတော့သည်။

မြို့ကြီးပြကြီးကို မရောက်ဖူးသော ချင်းရွှေရွာသား ကျူးရှီကျုံးမှာ အကမယ်များကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။

တောက်...ချင်းရွှေရွာသမတွေနဲ့တော့ ကွာပကွာ ။

အခြား ဧည့်သည်များကလည်း သာယာနာပျော်ဖွယ် အကကို လက်ခုပ်တီးကာ အားရပါးရချီးကျူးနေကြ၏။ ကျဆုံးနယ်မြေအတွင်းမှ မြို့ဟုပြောလျှင်ပင် ယုံနိုင်စရာမရှိပေ ။

နောင်ရေးက ရှင်မည် သေမည် မသေချာသောကြောင့်လားမသိပေ ၊ ကျင့်ကြံသူများသည် အပျော်အပါးတွင် အစွမ်းကုန် နစ်မျောနေကြကုန်၏။မသေခင် ပျော်ပျော်နေသွားရန် ဆုံးဖြတ်ထားကြပုံရသည်။

လျူသခင်မသည် ရှေ့မှ ဦးဆောင်လာရင်း မှ မသိမသာ လှည့်ကြည့်နေမိသည် ။ ယခုဧည့်သည်နှစ်ဦး၏ အစွမ်းကို သူမ ခန့်မှန်း၍မရပေ။

သို့သော် မည်မျှပင် ဖုံးကွယ်ထားပါစေ ဗလကောင်းသူမှာ အနည်းဆုံး 'ခရမ်းရောင်နန်းတော် အဆင့် သို့မဟုတ် စစ်မှန်နတ်ဘု ရားအဆင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နိုင်ကြောင်း သူမ အလိုလို အာရုံခံမိပါသည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက အလွန်အန္တရာယ်များတဲ့ဟွာယဲ့မြို့မှာ ဘာလာလုပ်နေကြတာလဲ။

လျူသခင်မသည် တွေးမရသော်လည်း မမေးဝံ့ပေ။ ဖန်ထုန်လောကအတွက် ခုခံနေဆဲဖြစ်သော ရှေးဟောင်းနတ်ဘုရားများ သိပ်မကျန်တော့ပါ ။ အများစုမှာ မိစ္ဆာလက်ပါးစေများ ဖြစ်ကုန်ကြလေပြီ ။

ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားဟု သိရုံဖြင့် လျူသခင်မတို့သည် မိမိတို့၏ဘဝမှန်ကို ထုတ်မပြနိုင်ကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် အစားရှောင်မယ်တော်ကိုကိုးကွယ်သူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။

"မိန်းကလေးတွေကို စောင်းတီးခိုင်းမလား၊ သီချင်းဆိုခိုင်းမလားရှင်"

လျူသခင်က ချိသာစွာပြုံးကာ မေးရင်း သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် လှပသောအမျိုးသမီးငယ် တစ်ဒါဇင်ကျော်၏ ပုံရိပ်များ ပေါ်လာသည်။ တစ်ဦးချင်းစီမှာ အလွန်လှပကြပြီး အရည်အချင်းဖော်ပြချက်လေးများလည်း ပါရှိသည်။

အချို့က စောင်းတီးကျွမ်းကျင်ပြီး အချို့က ပုလွေ၊ အချို့ကတော့ ကခြင်း၊ ဆိုခြင်းတွင် ထူးချွန်ကြသည်။

ကျိယွမ်က ပုံရိပ်များကို ကြည့်လိုက်သော်လည်း သူလိုချင်သော အရည်အချင်းကို ရှာမတွေ့ပေ။ ထို့ကြောင့် သူက မေးလိုက်သည်။

"ဘယ်သူက ဆိုနာတီးမှုတ်တတ်လဲ"

လျူသခင်မ ခဏတာ ကြောင်သွားသည်။

"ဧည့်သည်က ထူးခြားတဲ့ အကြိုက်ရှိတာပဲ"

စံအိမ်သို့လာကြသော ဧည့်သည်များသည်ထူးဆန်းသော ဝါသနာများ ရှိတတ်ကြသော်လည်း 'ဆိုနာ' တီးခိုင်းခြင်းမှာ အလွန်ရှားပါးသည်။ ၎င်းသည် နာရေးတစ်ခုတွင် လူရွှင်တော်နှစ်ယောက် ငှားသကဲ့သို့ပင် မဟုတ်ပါလား ။

"ဆိုနာသံ ကြားရင် ငါလူသတ်ရတာ စိတ်လှုပ်ရှားလာလို့လေ ။ အခုလည်း ငါလူသတ်တော့မှာမို့လို့ ဆိုနာတီးပေးမယ့်သူ လိုချင်တယ်"

ကျိယွမ်က မထူးဆန်းသလို ခပ်အေးအေးရှင်းပြလိုက်သည်။

လျူသခင်မ၏ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားသည်။

လူသတ်မလို့လား။

ကြီးကျယ်သော ကိစ္စတစ်ခုခု ဖြစ်တော့မည်ကို သူမ အလိုလိုသိလိုက်သည်။ ဤဧည့်သည်နှစ်ဦးမှာ သာမန်လူများ မဟုတ်သည်မှာလည်း သေချာသည်။

"ဒီဒေသကို အုပ်ချုပ်နေတဲ့ ခေတ်သစ်နတ်ဘုရား ရှိပါတယ်။ သခင်လေးတို့ တစ်ခုခုမလုပ်ခင် ထပ်ပြီး စဉ်းစားသင့်တယ်ထင်ပါတယ် "

လျူသခင်မက မယုတ်မလွန်သတိပေးလိုက်သည်။

"ဘယ်သူက ဆိုနာတီးတတ်လဲဆိုတာပဲ ပြောပါ"

ကျိယွမ်က သူမသတိပေးချက်ကို လျစ်လျူရှုကာ ထပ်မေးလိုက်သည်။

"ရှောင်ရှင်းဆိုတဲ့ကောင်မလေးက ဆိုနာကို နည်းနည်းပါးပါ သင်ဖူးပါတယ်"

လျူသခင်မက အခြားရွေးချယ်စရာမရှိဘဲ ဖြေလိုက်ရသည်။

"ဒါဆို သူ့ကိုပဲ ခေါ်ခဲ့လိုက်"

ကျိယွမ်သည် ပြတင်းပေါက်နားတွင် ထိုင်လိုက်ပြီး အောက်ထပ်မှ ကချေသည်များကို ကြည့်နေသည်။

"ခဏလောက် စောင့်ပေးပါရှင်"

လျူသခင်မသည် အခန်းထဲမှ ထွက်ပြီး တခြားအခန်းတစ်ခုကို ချက်ချင်းသွားလိုက်သည်။

"ရှောင်ရှင်း၊ အခန်း (၁၇) မှာ ဧည့်သည်နှစ်ယောက် ရောက်နေတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာလည်း ဂရုစိုက်ပြီး စုံစမ်းကြည့်ဦး"

အစားရှောင်ဂိုဏ်းဝင်တစ်ဦးအနေဖြင့် သူမသည် ရှေးဟောင်းနတ်ဘုရားများဖြစ်နိုင်သော ထိုဧည့်သည်နှစ်ဦးလို လျှို့ဝှက်ဆန်းပြားသူများကို အထူးစိတ်ဝင်စားသည်။

"သူတို့ ဘယ်သူ့ကို သတ်ချင်နေတာလဲဆိုတာကိုလည်း စုံစမ်းကြည့်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ နင့်ရဲ့ ဘေးကင်းရေးပဲ"

လျူသခင်မက ထပ်မံမှာကြားလိူက်သည်။

အဝါနုရောင် ဝတ်စုံဝတ်ထားသော ရှောင်ရှင်းက ရိုသေစွာ ခေါင်းညိတ်ပြ၏။

"နားလည်ပါပြီ သခင်မ"

All Chapters